
လှောင်အိမ်လေး (ဝတ္ထုတို)
သမီးနှင့်ဖေဖေ ဈေးထဲမှာ ပျော်ရွှင်နေသည်။ “သမီးလေး မွေးနေ့လက်ဆောင် ဘာဝယ်ပေးရမလဲ” ထိုအချိန်တွင် သူတို့ တိရစ္ဆာန်များရောင်းသည့် အတန်းကို ရောက်လာသည်။ သမီးလေးက ခုန်ပေါက်ပြီး ပျော်နေသည်။ “ဖေဖေ ငှက်လေးတွေလှလိုက်တာ” “အေးလှတယ်” “ဟို အဝါရောင်ငှက်လေး လိုချင်လိုက်တာ” “သမီးလေး တိရစ္ဆာန်မွေးတယ်ဆိုတာ သူတို့ကို ပြုစုယုယနိုင်ရတယ်။ သူတို့ကို ချစ်ဖို့ အချိန်တွေ အများကြီး ပေးရတယ်။ ပြီးတော့ ငှက်ကလေးတွေဆိုတာ လှောင်အိမ်ထဲမှာ နေချင်ကြတာ မဟုတ်ဘူး။ လာပါ သမီးလေးရယ် ဟိုဘက်မှာ လက်ပတ်နာရီတွေရှိတယ်။
လက်ပတ်နာရီ ဝယ်ပေးမယ်” “ဟင့်အင်း ငှက်ဝါလေးပဲယူမယ်” “သမီးရယ် ငှက်လေးတစ်ခုခုဖြစ်ရင် သမီးခံစားရလိမ့်မယ်” “ရဘူး … ငှက်ပဲယူမယ်” နောက်ဆုံး ဖေဖေက သမီးကို အလျှော့ပေးလိုက်ရသည်။ ငှက်ကလေးကို လှောင်အိမ်လေးနှင့်အတူ ဝယ်ပေးလိုက်ရသည်။ သမီးလေးက လှောင်အိမ်လေးကို ကိုင်ပြီး ပျော်ရွှင်နေသည်။ သမီးကိုကြည့်ပြီး ဖေဖေလည်း ပျော်သည်။ အိမ်ပြန်ရောက်ကတည်းက လှောင်အိမ်နားကမခွာ။ ငှက်ကလေးကို အစာကျွေးသည် မစား။ ရေတိုက်သည် မသောက်။ “ဖေဖေ ငှက်လေးက အစာလည်းမစား၊ ရေလည်း မသောက်ဘူး” “သမီးရယ် ဖေဖေပြောသားပဲ။ ငှက်ကလေးတွေက လှောင်အိမ်ထဲနေရတာ မပျော်ဘူး” နောက်နှစ်ရက်လောက် အကြာတွင် ငှက်ကလေး သေသွားသည်။
သမီးလေး ငိုသည်။ သမီး ငိုသည်ကို မြင်ရသည့်အခါ ဖေဖေ စိတ်မကောင်းဖြစ်ရသည်။ သို့သော် နောက် သုံးရက်လောက်အကြာတွင် မေ့သွား သည်။ ဖေဖေက သမီးလေးကို လက်ပတ်နာရီလှလှလေးတစ်လုံး ဝယ်ပေးခဲ့သည်။ နှစ်တွေကြာခဲ့ပါပြီ။ “သမီး … ဖေဖေ သမီးကို အဲဒီကောင်လေးနဲ့ လုံးဝသဘောမတူဘူး” “ဖေဖေ သမီးတို့သိပ်ချစ်ကြတာပါ” “လောကမှာ ချစ်နေရုံနဲ့ မပြီးဘူးသမီး။ လုပ်စရာတွေအများကြီးရှိသေးတယ်။ သမီး လုပ်ရမှာတွေ အများကြီး ရှိသေးတယ်။ သမီး ပညာတွေ သင်ရဦးမယ်။ အလုပ်အကိုင်တစ်ခုခု အခြေချရဦးမယ်။ သမီးဘက်မှာ ဘာမှ အဆင်သင့်မဖြစ်သေးမီ အိမ်ထောင်ပြုလိုက်ရင် ဒုက္ခရောက်မယ်” “ဖေဖေ … သမီးတို့ လက်ထပ်ကြမယ်လို့ ဆုံးဖြတ်ပြီးပြီ” “ဖေဖေ ပြောတာကို သမီး နားမထောင်ရင် သဘောပဲ” သမီးလေးက အိမ်ပေါ်မှ ခြေဆောင့်ပြီး ဆင်းသွားသည်။ ဖေဖေက စာကြည့်ခန်းထဲဝင်သွားပြီး ငြိမ်သက်စွာ ထိုင်နေသည်။
သူက စာအုပ်စင်အပေါ်ဆုံးကို လှမ်းကြည့် လိုက်မိသည်။ လှောင်အိမ်လေးတစ်လုံး။ သူက လှောင်အိမ်လေးကို လှမ်းယူလိုက်သည်။ သမီးကို ငယ်ငယ်က ဝယ်ပေးခဲ့ဖူးသည့် လှောင်အိမ်ကလေး။ သူ့မျက်လုံးထဲတွင် မျက်ရည်တွေ လိမ့်ဆင်းလာသည်။ လှောင်အိမ်လေးကို ပြန်တင်ထားလိုက်သည်။ “ကောင်းပါတယ် … လွှတ်ပေးလိုက်တာပဲ ကောင်းပါတယ်” တစ်နေ့ သူက ပြတင်းပေါက်အနီးတွင် စာထိုင်ဖတ်နေသည်။ စာပေါက်လေးတစ်ကောင် သူ့ရှေ့ကို ပြုတ်ကျလာသည်။ “အို မပျံနိုင်တဲ့ ကောင်လေးပါလား” သူက စာပေါက်လေးကို ယူလိုက်ပြီး လက်ပေါ်တင်ထားသည်။ “ကျစ် … ကျစ် … ကျစ်” စာကလေးက သူ့ကိုမော့ကြည့်ပြီး အော်နေသည်။ ချမ်းနေသလားမသိ။ သူက အဝတ်လေးကြားထဲတွင် စာပေါက်လေးကို ထည့်ပေးထားသည်။
နွေးသွား၍ထင်သည် ငြိမ်နေသည်။ “ဒေါက် … ဒေါက်” အိမ်ရှေ့မှ တံခါးခေါက်သံကြားလိုက်ရသည်။ “ဘယ်သူလဲ” သူက တုန်ချိချိဖြင့် တံခါးဆီ လျှောက်လာသည် “ဘယ်သူလဲ” တစ်ဖက်က ပြန်ဖြေသံမကြားရ “ဘယ်သူလဲ … သတင်းစာလာပို့တာလား” တစ်ဖက်ကပြန်မဖြေ သူက တံခါးကို ဖြည်းဖြည်းလေး ဆွဲဖွင့်လိုက်သည် “သမီးလေး” တံခါးဝတွင် ရပ်နေသည်က သမီးလေး “လာလေ သမီး … ဝင်လေ … အိမ်ထဲကို။ အပြင်မှာ အေးတယ်” သမီးက ဗိုက်ပေါ်တွင် လက်ကလေးကိုတင်ပြီး အိမ်ထဲကို ဝင်လာသည်။ လက်ထဲတွင် အိတ်တစ်လုံးလည်း ပါလာသည်။ “ပေး … ပေး … ဖေဖေ့ကို အိတ်ပေး” “ရပါတယ် ဖေဖေ … အိတ်ထဲမှာ ထဘီတွေပါလို့” “လာ … လာ … ထိုင် … သမီးလေး … ထိုင်” သမီးက မျက်ရည်တွေနှင့်ဖြစ်သည် “ဖေဖေ” “ဘာမှ မပြောနဲ့ သမီး … ဘာမှ မပြောနဲ့နော်” ဖေဖေက စာကြည့်ခန်းထဲ ပြေးဝင်သွားသည်။
ပြတင်းပေါက် ဘောင်ပေါ်တွင် တင်ထားသည့် စာပေါက်လေးကို သတိရလိုက်သောကြောင့်ဖြစ်သည်။ စာပေါက်လေးမရှိတော့။ ပျံထွက်သွားပြီ။ ဖေဖေက စာအုပ်စင်ပေါ်က လှောင်အိမ်လေးကို ယူပြီး အပြင်ဘက်ကို လွှင့်ပစ်လိုက်သည်။ သူက ပျော်ရွှင်စွာဖြင့် ဧည့်ခန်းထဲကို ပြန်ထွက်လာသည်။ “ဖေဖေ … နေကောင်းတယ်နော်” “သမီး … ဘာလေးလဲ … ယောက်ျားလေးလား … မိန်းကလေးလား … ဘယ်တော့မွေးမလဲဟင်” “ဖေဖေ” “ဘာမှ မပြောပါနဲ့ကွယ် … သမီးပြန်ရောက်လာပြီပဲ။ အားလုံး ပြည့်စုံသွားပါပြီ” ▪️▪️▪️
တင်ညွန့် ၂၉.၈.၂၀၁၈





