
ဘွားမယ်စိန်နှင့် အရူးတင်မောင် စ…ဆုံး ”
အရီးရေ…ဘွားရှိလားဗျ………” “ရှိတယ်လေ မောင်တိုးရဲ့ နင့်ရဲ့ဘွားက အိမ်နောက်ဖေးမှာ လမ်းလျောက်နေလေရဲ့” “ဟုတ်…ဟုတ်…..။ရော့ အရီး…တောမှိုရလို့လာပေးတာ…” “ဟဲ့…မှိုတွေများလှပါလား…နင်တို့ရော စားဖို့ရှိသေးရဲ့လား မောင်တိုးရဲ” “ရှိပါ့ဗျာ…ကျုပ် သွားနှုတ်တာလေ အများကြီးရလာလို့ ဘွားတို့အရီးတို့စားဖို့လာပေးတာ” “သြော်…ကိုကြီးတိုးက ကျုပ်အတွက်မပါဘူးလား” ကွပ်ပျစ်၌ထိုင်နေသော ဒေါ်ဝင်းနှင့်မောင်တိုးတို့စကားပြောနေကြသည်။
ထိုချိန် နန်းကြိုင် အိမ်ထဲမှထွက်လာခဲ့ပြီး မောင်တိုးကိုပြောလေရာ… “ဟာ…ငါ့နှမက အတော်နောက်တာပဲ…ကိုကြီးတိုးက ဒီတစ်အိမ်လုံးစာအတွက်ပေးတာဆိုတော့ ငါ့နှမအတွက်လည်းပါတာပေါ့……..” “ဟီး…နန်းကြိုင်က စတာပါတော်…သိပါတယ်……” “သြော်…ဘယ်သူများလဲလို့…မောင်တိုးရောက်နေတာကိုး” “ဟုတ်တယ်ဘွား…ကျုပ်တောထဲက ရလာတဲ့မှိုလေးလာပေးတာပါ” “အေးကွယ်…တောထဲသွားရင် သတိလေးထားသွားနော်….” “ဟုတ်ကဲ့ဘွား….” ဘွားမယ်စိန်သည် အိိမ်နောက်ဖေးမှ မောင်တိုးတို့ရှိရာကွပ်ပျစ်ဆီသို့ရောက်လာခဲ့၏။ “မောင်တိုး…ထမင်းစားပြီးပြီလားဟဲ့” “ကျုပ်လား ဒီကပြန်မှစားမှာအရီး… တောကအစောကမှပြန်ရောက်တာလေ…။
ဒါမို့အရီးတို့ဆီ အရင် မှိုလာပေးတာ” “ဒါဖြင့်စားသွားလေ…အရီး ငါးပိရည်ဖျော်အတို့အမြုပ် ချက်ထားတာ…တော်နေဆို နေဝင်ပြီပဲကို………” “အရီး ငါးပိရည်ဆိုကျုပ်ကကြိုက်ပြီးသားဗျ….။ ဒါပေမယ့် အိမ်မှာလည်းအမေတစ်ယောက်ထဲဆိုတော့ ကျုပ်အိမ်ပဲယူသွားလို့ရမလား အရီး” “ရတာပေါ့ကွယ်…..။ကဲ…မိဝင်း ညည်းတူကို ငါးပိရည်နဲ့တို့စရာထည့်သာပေးလိုက်တော့….” “ဟုတ်…ကျုပ်ထည့်ပေးလိုက်ပါ့မယ်….” ထိုသို့ဖြင့် မောင်တိုးတစ်ယောက် ဒေါ်ဝင်းပေးမည့် ငါးပိရည်တို့စရာ များကို စောင့်ဆိုင်းယူနေလေ၏။
ထိုစဥျ…. “အိမ်ထဲဝင်နေကြဟေ့…တင်မောင် ရူးပြီးလူတွေလိုက်သတ်နေတယ်…….” “ဟင်……” “ဘွားကြားလား…ကိုတင်မောင်ရူးပြီးလူတွေလိုက်သတ်နေတယ်တဲ့ဗျ…….” “အေး…ကြားတယ်…ကြားတယ်…” “အမေ…ဘာဖြစ်တာတုန်း” အပြင်မှအသံများကြောင့် ဒေါ်ဝင်းထိတ်လန့်တကြား မီးဖိုထဲမှ ထွက်လာခဲ့၏။ “ရွာမြောက်ပိုင်းက ကိုတင်မောင်ရူးပြီး လူတွေလိုက်သတ်နေတယ်တဲ့အရီး……” “ဟယ်…..” ရွာထဲလည်း မည်သည့်အသံမှမကြားရတော့။ တိတ်ဆိတ်လို့နေ၏။ ဘွားမယ်စိန်တို့လည်း ခြံတံခါးပိတ်ထားပြီး အိမ်ထဲ၌သာထိုင်နေကြရသည်။ “အရီး…ကျုပ်အမေဘေးကင်းမှာပါနော်…..” “သူလည်းအသံတွေကြားရင်အိမ်ထဲနေမှာပါမောင်တိုးရယ်… စိတ်မပူပါနဲ့” “အင်းဗျာ…ဒီလူလည်း ဘယ့်နဲ့ဖြစ်သွားတယ်မသိဘူး” အချိန်သည် ညပိုင်းသို့ပင်ရောက်နေလေပြီ။ ရွာထဲ၌ မောင်အုန်းဦးဆောင်၍ ရွာကာလသားများစုဝေးနေကြသည်။ ထိုအထဲ မောင်တိုးလည်းလိုက်ပါသွား၏။
ရွာရှိအိမ်များကိုတော့ ခြံတံခါးသေချာစွာခတ်နေကြဖို့သတိပေးထားရလေသည်။ “ဘယ်လိုဖြစ်ရတာလဲကိုကြီးအုန်း” မောင်တိုးကမေးလေတော့… “အေး…ထန်းတောမှာ တင်မောင်နဲ့ အပေါင်းအသင်းတွေ စကားများကြတယ်ဆိုပဲ…အဲ့မှာ တင်မောင်မူးမူးရူးရူးနဲ့ ဓားနဲ့ ခုတ်သတ်ပစ်တယ်တဲ့… သေတဲ့သူတွေဆို ဦးနှောက်တွေပါ စိစိကြေလို့ဆိုပဲဟေ့… ဓားနဲ့ဘယ်နချက်လောက်ခုတ်နေလဲမှမသိတာကွာ” “ဒါဆို ဒီလူအခုဘယ်ရောက်သွားတာလဲ” “မသိပါဘူးကွာ…ဓားကြီးတဝင်းဝင့်နဲ့ ထွက်ပြေးသွားတယ်ဆိုပဲ…ရွာမြောက်ပိုင်းက ဘိုးဟန်ကြီးကိုလည်း ဒီကောင်ဓားနဲ့ပိုင်းသွားသေးတယ်…တော်သေးတာဟေ့…လက်မောင်းရှက်ထိပြီး ဘိုးဟန်အပြေးမြန်ပေလို့…မဟုတ်ရင်ဘိုးဟန်ပါသေမှာ” “ဟာ…ဘယ်လိုဖြစ်ကုန်တာလဲဗျာ” “အေး…ဒီကောင်အရက်ကြောင် ကြောင်ပြီး လူတွေလိုက်သတ်နေလို့သူကြီးက ရွာထဲမှာတို့တွေကိုစောင့်ခိုင်းတာ… ဒီကောင့်ကို မမိသရွေ့တော့…ရွာအတွက်ဘေးမကင်းဘူးဟ” “ဒါပေါ့ဗျာ…..” မောင်တိုးတို့ရွာကာလသားများသည်လည်း မောင်အုန်းရှင်းပြလေမှ ဇာတ်ရည်လည်ကြတော့၏။ ထိုသို့ဖြင့် ရွာထဲတွင် ကင်းစောင့်နေသောရွာသားများမှလွှဲ၍ ကျန်သူများ အိမ်ပြင်၌မနေဝံကြ။ မိမိတို့အိမ်အတွင်း၌နေကြပါသော်လည်း အထိတ်တလန့်ဖြစ်နေကြရှာ၏။
“ဟိုမှာဟေ့…တင်မောင် ဓားကြီးနဲ့ လာနေတယ်…..” “ဟာ…သတိနဲ့နေကြနော်…” ဓားကြီးတဝင့်ဝင့်အပေါ်ပိုင်း၌ အဝတ်မပါသော တင်မောင်ဆိုသောလူထွားကြီးသည် ခြောက်ခြားဖွယ်ရာကောင်းလှ၏။ သူ၏ကိုယ်၌ သူကိုယ်တိုင်သတ်ခဲ့သော သူများ၏ သွေးများက ပေကျံ၍နေသည်။ ရွာလမ်းမထက်ဓားကြီးတဝင့်ဝင့်ကိုင်ကာလျောက်လာရင်း ရွာသားများ၏အသံကြောင့် နောက်ကြောင်းသို့ပြန်ကာလှည့်ပြေးတော့၏။ “လိုက်ကြဟ…ဒီကောင့်ကိုအမိဖမ်းကြ” “လိုက်…လိုက်…လိုက်ကြ” တင်မောင်၏နောက်သို့ရွာသားများအော်ဟစ်ကာလိုက်ကြတော့သည်။ တစ်ရွာလုံးလည်းဆူညံ၍နေ၏။
“မိပြီလားဟ…..” “မမိဘူးဗျို့…ရွာပြင်ကိုထွက်ပြေးသွားပြီ…..” “တောက်…ကွာ…။မင်းတို့လူအုပ်ကြီးနဲ့… ဒီကောင့်ကိုမမိကြဘူးလား” ရွာသူကြီးဦးနောင်ချိုဒေါသတကြီးအော်ဟစ်တော့သည်။ တင်မောင်တစ်ယောက် လွှတ်မြောက်သွားသည်မို့ ရွာအတွက် အန္တာရာယ်မကင်းသေးပေ။ စိတ်ရူးပေါက်ကာ လူကိုရက်ရက်စက်စက်သတ်နေသော တင်မောင်ကြောင့် သောင်ထွန်းရွာရှိလူများ ယခင်က ကဲ့သို့စိတ်အေးအေးချမ်းချမ်းမနေကြရရှာ။ နောက်တစ်နေ့နံနက်၌… “အားလုံးကိုအစည်းအဝေးပွဲခေါ်တာက… သတိနဲ့နေကြဖို့ပါပဲ…ကျုပ်တို့ရွာကာလသားတွေကလည်း ဒီကောင်တင်မောင်ကိုဖမ်းဖို့ကြိုးစားနေပါတယ်” အစည်းအဝေးပွဲလာသော တင်မောင်၏မိဘများ၊ဆွေမျိုးများသည် မျက်နှာမကောင်းကြပေ။ ဒါကိုသိသောသူကြီးက… “တင်မောင်ကအရက်အရမ်းသောက်တာ… ဒီကောင်အရက်ကြောင်ကြောင်ပြီး လူတွေကိုသတ်ခဲ့တာဆိုတော့…ကျုပ်ဘက်ကတော့ ဒီကောင့်ကိုအရအမိဖမ်းထားမှအဆင်ပြေလိမ့်မယ်…။
မဟုတ်ရင်တော့ အခြားလူတွေကို အန္တရာယ်ပေးနိုင်တယ်ဗျ” အားလုံးသည်သူကြီးဦးနောင်ချို၏စကားကို ခေါင်းလေးတညိတ်ညိတ်ဖြင့်ထောက်ခံကြ၏။ ထိုသို့ဖြင့် နေ့ပိုင်းတွင် ရွာပြင်သို့မည်သူမျှမထွက်ဝံ့ကြ။ မိမိတို့အိမ်များ၌သာနေထိုင်ကြ၏။ သူကြီးနှင့်ရွာကာလသားများကလည်း ဓားများ၊တုတ်များ ကိုင်ဆောင်ကာ အလှည့်ကျ ကင်းစောင့်ကြလေသည်။ “သူကြီး…သူကြီး…တင်မောင် .ရွာနောက်ပိုင်းစည်းရိုးနားကပ်လာလို့ဗျ…..” “ဟေ…ဒါဆို သွားကြဟ…” လာခေါ်သောရွာသားများနောက်သို့မောင်တိုးတို့အပြေးတပိုင်းလိုက်ကြရသည်။ ရွာအနောက်ဘက်စည်းရိုး၌ကင်းစောင့်သောရွာသားများကိုတွေ့လေတော့… “တင်မောင်ကော ဘယ်မှာလဲ” ဟု…သူကြီးကမေး၏။
ထိုရွာနောက်ပိုင်းအစောင့်ကြသောရွာသားများထဲရှိတစ်ဦးမှ… “တင်မောင်က ရွာစည်းရိုးအပြင်ကနေ ဓားကြီးတကိုင်ကိုင်လျောက်နေတာဗျ…။ကျုပ်တို့အော်ကြတော့…တဟီးဟီးအော်ရယ်ပြီး တောခြေဘက်ကိုပြေးဝင်သွားတာပဲ” “ဟာ…မလိုက်ကြဘူးလားဗျ….” “မောင်တိုးကလည်း တို့လိုက်သွားရင် ဒီကောင်တစ်ဖက်လှည့်နဲ့ရွာထဲဝင်နေရင်ဘယ်လိုလုပ်မလဲ… ဒါမို့ဒီကနေပဲတို့စောင့်ကြည့်နေတာ” ရွာသားသည်မောင်တိုးအမေးက်ိုဖြေလေသည်။ သူကြီးဦးနောင်ချိုကလည်း… “အေး…ကောင်းတယ်ကွာ…ဒီလိုသာနေ…ဒီကောင့်ကို လိုက်ရှာနေရင် တို့ရွာထဲဝင်လာပြီး ဒုက္ခပေးလိမ့်မယ်…ဒီတော့ ရွာစည်းရိုးကနေသာဒီကောင့်ကိုစောင့်ကြည့်… ဒီကောင်ရွာထဲလာကိုလာမှာပါကွာ………..” ဟု…ပြောလေသည်။ ရွာသားများကလည်း သူကြီးစကားကိုထောက်ခံကြသည်။
ထိုသို့ဖြင့် တပတ်ကြာသော်လည်း တင်မောင်ကိုမမိကြသေးပေ။ တင်မောင်ကလည်း ရွာစည်းရိုးအနီးကပ်လိုက် တောခြေသို့ ပြန်ထွက်ပြေးလိုက်ဖြင့် ရှိ၏။ “ဘွားရေ…ကျုပ်တော့မစဥ်းစားတတ်တော့ဘူးဗျာ….” သူကြီးဦးနောင်ချိုတစ်ယောက် ဘွားမယ်စိန်၏အိမ်သို့ရောက်နေခဲ့သည်။ မောင်တိုးနဲ့မောင်အုန်းကတော့ ရွာစည်းရိုး၌အစောင့်ကျ၏။ “အင်း………..မောင်နောင်ချို စိတ်ညစ်လည်း ညစ်စရာပေပဲလေ…တင်မောင်ကလည်း မမိသေးဘူးကိုး” “ဘွားရဲ့…ဒီခွေးသတောင်းစားက ကျုပ်ကို စနောက်နေသလိုပဲ…နေဝင်ရီတရောဆို ရွာနောက်ဘက်စည်းရိုးကို ကပ်တယ်… တဟီးဟီးရယ်သံပေးပြီး တောခြေဘက်ကိုပြေးပြေးထွက်သွားတယ်။ ကျုပ်တို့လည်း ဒီကောင့်နောက်ကိုမလိုက်သာဘူး… ရွာထဲကို တဖက်လှည့်နဲ့ဝင်လာမှာဆိုးတယ်ဗျာ…….” “သြော်…တင်မောင်…တင်မောင်…ဒီကောင်လေးဘဝအကျိုးပေးအတော်ဆိုးရှာတာပဲ………” “ဘာလို့ လဲဘွား…ဒီကောင့်ကိုဘာလို့သနားနေရတာလဲ” “အင်း…ဒီကောင်လေးက တပတ်ကြာတာတောင်မစားမသောက်ရဘဲ ဘယ်လိုများနေသလဲမောင်နောင်ချိုရယ်… ရွာဘက်ကိုအချိန်မှန်လာလိုက် တောခြေဘက်ကိုပြေးလိုက်နဲ့လေ” “ဒါလည်း ကျုပ်စဥ်းစားနေတာ…ဒီကောင်က တောခြေဘက်မှာဘာတွေများစားသောက်နေသလဲမသိဘူး…။
ထွက်ပြေးမယ်ဆိုလည်း ဝေးဝေးထွက်ပြေးမှပေါ့… ခုတော့…ရွာပြင်ကနေ ဟန်ပြကောင်းနေတုန်းလေ” “သူကြီးရေ…သူကြီး….မောင်အုန်းတို့ တင်မောင့်ကို ထွက်ချနေကြပြီဗျ…….” “ဟေ…” “ကဲ…လာပါသူကြီးရာ…..” လာခေါ်သောရွာသားနှင့်အတူ သူကြီးကော ဘွားမယ်စိန်ပါလိုက်သွားကြ၏။ ရွာနောက်ပိုင်းစည်းရိုးအနီးသို့ရောက်တော့စိတ်ပျက်လက်ပျက်ထိုင်နေကြသော မောင်တိုး…မောင်အုန်းတို့ကာလသားအဖွဲ့ကိုတွေ့လိုက်ကြလေသည်။ “ဟ…မင်းပြောတော့ တင်မောင်နဲ့ မောင်အုန်းတို့သတ်နေကြပြီဆို… အခုဘယ်မှာလဲတင်မောင်…….” “ဟုတ်တယ်လေသူကြီး…ဒါမို့ ကျုပ်လာခေါ်တာပေါ့” လာခေါ်သောရွာသားကပြန်ပြောလေသည်။
ထိုအခါ မောင်တိုးက… “ဘွားလည်းပါလာတာပဲ…သူကြီး ကျုပ်ပြောပြပါ့မယ်…. ဒီလိုဗျ…ကိုတင်မောင်ရွာစည်းရိုးနားကပ်တာမှန်တယ်… ကျုပ်တို့စည်းရိုးအပြင်ထွက်ဖမ်းတာလည်း မှန်တယ်ဗျ… ဒါပေမယ့် မမိလိုက်ဘူး……..” “ဟေ…မမိလိုက်ဘူး…မင်းတို့က လူအုပ်များတာကို မမိလိုက်ဘူး…ဟုတ်လား…” သူကြီးဒေါသထွက်နေသည်။ “ကဲပါမောင်နောင်ချိုရယ်စိတ်ကိုလျော့စမ်းပါ… မောင်တိုးကဆက်ပြောလေကွယ်” ဘွားမယ်စိန်သည်သူကြီးဦးနောင်ချိုကိုတားဆီးလိုက်ပြီး မောင်တိုးကိုဆက်ပြောစေ၏။ မောင်တိုးသည်… “ဟုတ်ကဲဘွား…သူကြီးကို ကျုပ်ပြောချင်တာက ကိုတင်မောင်ကလူမဟုတ်ဘူးဗျ… ကျုပ်တို့ ဝိုင်းဖမ်းနေတုန်းမှာပဲ ဒီလူ တဟီးဟီးရယ်ပြီး ယဖျောက်ခနဲဆိုပျောက်သွားတာ… အဲ့တာကြောင့် ကျုပ်တို့မမိကြတာပေါ့” “ဟုတ်တယ်သူကြီး…တင်မောင်ကလူမဖြစ်နိုင်ဘူးဗျ…” “ဟုတ်တယ်ဗျ……..” ရွာနောက်ပိုင်းစည်းရိုးအစောင့်ကျသောရွာသားများအားလုံးထောက်ခံကြသည်။ “တောက်…တင်မောင်ကလူမဟုတ်တော့ဘာများလဲကွာ…….” သူကြီးဦးနောင်ချိုလည်းစဥ်းစားရခက်တော့၏။
ပြီးလေမှ လိုက်ပါလာသော ဘွားမယ်စိန်ကို… “ဘွား…ဘယ်လိုထင်မြင်မိတုန်းဗျာ…ကျုပ်တော့ မစဥ်းစားတတ်တော့ဘူး…….” ဟု…ပြောလေတော့သည်။ ဘွားမယ်စိန်ကလည်း စဥ်းစားနေ၏။ ပြီးလေမှ… “မောင်တိုး…မောင်ရင်တို့လူစုက တောခြေဘက်ကိုသွားကြ… မောင်တင်မောင့်ကိုတွေ့လို့တွေ့ငြား ရှာကြည့်ခဲ့ကွယ်” “သူတို့သွားရင်ဟိုကောင်ရွာထဲဝင်လာရင်ကော… အဲ့တာမှခက်မယ်နော်ဘွား” ဘွားမယ်စိန်ကိုသူကြီးဦးနောင်ချိုကပြောလေသည်။ ထိုအခါဘွားမယ်စိန်သည် သူကြီးဦးနောင်ချိုအားကြည့်၍… “ဘွားတစ်ယောက်လုံးဒီမှာစောင့်နေမှာပါ… မောင်နောင်ချိုက ကာလသားအဖွဲ့နဲ့လိုက်သွား… ရွာအတွက်မပူလေနဲ့ကွဲ့…ကြားသလား” “သြော်…ဟုတ်…ဟုတ်…ဘွား….။ဒါဖြင့်လည်း ကျုပ်စိတ်ချပါ့မယ်…။
ကဲ…မောင်တိုး တို့လာကြကွာ…” သူကြီးဦးနောင်ချို ဘွားမယ်စိန်စကားအတိုင်းပင် ရွာသားများကိုခေါ်၍ ရွာပြင်သို့ထွက်သွားတော့၏။ ရွာသားများကလည်း မီးတုတ်များ…ဝါးရင်းတုတ်များ… ဓားများကိုယ်စီကိုင်ဆောင်ထားကြလေသည်။ ဘွားမယ်စိန်ကတော့ တောင်ဝှေးကြီးထောက်၍ ရွာစည်းရိုးအနီးတွင်ထိုင်နေတော့၏။ နှုတ်မှလည်း ဘုရားစာအချို့အား ရွတ်ဆိုနေခဲ့သည်။ သူကြီးဦးနောင်ချိုတို့အဖွဲ့မှာကား တောခြေဘက်သို့တဖြေးဖြေးရောက်လာခဲ့ကြသော်လည်း တင်မောင်၏အရိပ်အယောင်ကို မတွေ့ကြရသေးပေ။ ဘွားမယ်စိန်စကားအတိုင်းတွေ့အောင်ရှာရမည်မို့ တောခြေအတွင်းဝင်လာခဲ့ကြတော့၏။
“သေချာရှာကြ…သတိလည်းထားကြနော့…” “ဟုတ်ကဲ့သူကြီး” ထိုသို့ဝင်လာရင်း အားလုံးသည် ဟိုသည်ရှာဖွေကြရှာသည်။ ခဏမျှကြာလေတော့… “သူကြီး…သူကြီး….သူကြီး” “ပုကွ…ဘာတုန်း” “ဟိုမှာ…ဟိုမှာ….လူသေအလောင်းကြီး” “ဟေ ဘယ်မှာတုန်း” ပုကွဆိုသောရွာသားသည် သူရှာတွေ့သောနေရာသို့အားလုံးက်ိုခေါ်သွားလေသည်။ ပုကွ ခေါ်သွားသောနေရာသို့ရောက်တော့ ရင်ညွှန့်၌ ဓားကြီးတန်းလန်းဖြင့်သေဆုံးနေသောလူသေအလောင်းကြီးကိုတွေ့ကြရလေသည်။ အလောင်းမှာ အပုပ်နံ့များပင်လှိုင်နေခဲ့သည်။ “ကဲ…ဘယ်သူဘယ်ဝါလဲ သိအောင် လှည့်ကြစမ်းဟေ့” ခါးကြီးကုန်း ဓားကြီးကစိုက်ဖြင့် သေဆုံးနေသော အလောင်း သည် မည်သူမည်ဝါဆိုတာ မသိကြသေး။ သူကြီးကခိုင်းစေ၍ ရွာသားများလည်း ရွံရှာနေကြသည့်ကြားမှ အလောင်းကို တုတ်ဖြင့်ထောက်၍ ဆွဲလှန်ကြတော့သည်။ ထိုအခါ… “ဟာ…တင်မောင်ပါလား…….” “တင်မောင်….” “အလို….ဘုရား…ဘုရား…ဘုရား…….” အလောင်းမှာတင်မောင်၏အလောင်းဖြစ်၏။
မျက်လုံးကြီးအပြူးသားနှင့်….ပုပ်ပွနေသော အလောင်းကောင်ကြီးသည် တင်မောင်ဖြစ်နေလေရာ…အားလုံးထိတ်လန့်အံ့သြ သွားကြရသည်။ “ကဲ…ရွာထဲကိုမောင်တိုးသွား…သူ့မိဘများခေါ်ခဲ့… သြော် ဒါနဲ့ ဘွားကိုပါခေါ်ခဲ့ကွာ…ဒီအလောင်းကိုဒီနေရာမှာပဲ မီးရှို့ရမယ်…..” “ဟုတ်ကဲ့သူကြီး” မောင်တိုးနှင့်အဖော်နှစ်ယောက်တို့သည် ရွာဆီသို့ပြန်လာခဲ့ကြ၏။ ဘွားမယ်စိန်ကိုလည်း အကျိုးအကြောင်းရှင်းပြကြသည်။ ပြီးနောက် တင်မောင်၏မိဘဆွေမျိုးများကိုခေါ်၍ တောခြေသို့ပြန်လာခဲ့ကြ၏။
ဘွားမယ်စိန်တို့ လူစုရောက်လာသောအခါ.သူကြီးတို့က ထင်းများပင်စုဆောင်းပြီးကြလေပြီ။ “ဘွားရေ…ဒီကောင်က ဒီမှာသေနေတာဗျ…” “အင်းပေါ့လေ….။လူကသာ သေသွားရှာတာ… သူ့ဝိညာဥ်ကတော့ သူသေတာကိုမသိရှာလေဘူး” “ဒါဆိုဘယ်လိုလုပ်ကြမလဲဗျာ…သူသေတာသူမသိရင် ကျုပ်တို့ရွာထဲဝင်လာခဲ့ရင်ကော…ဘယ့်နဲ့လုပ်ကြမလဲ” “ဟဲ့…မောင်နောင်ချိုရဲ့…တင်မောင်က အရက်ကြောင်ကြောင်ပြီးလူတွေသတ်တယ်…အခုလည်းကြည့် သူ့ကိုယ်သူလည်း အဆုံးစီရင်သွားတယ်…သေခါနီး ဒီကလေး စိတ်ပြန်လည်ပြီး ကိုယ့်က်ိုယ်သတ်သေတာပဲ…။ဒီတော့…သူ့အတွက် ရည်စူးပြီးအမျှအတန်းပေးဝေကြမယ်…ဒါဆိုရင်ရပါပြီ… ကျန်တာမပူပါနဲ့ဘွားလုပ်ပေးပါ့မယ်……” “ဟုတ်ကဲ့ဘွား…ဒါဆို ကျုပ်စိတ်အေးပါပြီဗျာ….” သူကြီးဦးနောင်ချိုစကားကို ဘွားမယ်စိန်ကခေါင်းညိတ်သည်။ ပြီးလေတော့ တင်မောင်၏အလောင်းကို မီးရှို့ဖို့ပြင်ဆင်ကြ၏။
တင်မောင်၏မိဘဆွေမျိုးများကတော့ ငိုယိုနေကြသည်။ မည်မျှဆိုးသွမ်းပါစေ…မည်မျှရမ်းကားပါစေ မိမိတို့သွေးသားဆိုသည့် စိတ်ကြောင့်ဝမ်းနည်းကြခြင်းဖြစ်၏။ တင်မောင်အလောင်းအားမီးရှို့ချိန်၌… “ကဲ…မောင်တင်မောင်…မောင်ရင့်ရဲ့ ခန္ဓာကြီးကို ဘွားတို့ သဂြိုလ်ပေးနေတယ်…မောင်ရင့်ရဲ့ ဝိညာဥ်ကိုတော့ မောင်ရင့်မိဘများက အမျှအတန်းဝေပြီး အလှူအတန်းလုပ်ပေးကြလိမ့်မယ်….။ဒီတော့ မောင်ရင်ရောက်ရာအရပ်ကနေ သာဓုခေါ်ပေတော့…။ ဒီလိုအထုံမျိုးဒီဘဝနောက်ဆုံးဖြစ်ပါစေလို့လည်း ဘွားဆုတောင်းပေးလိုက်ပါတယ်ကွယ်….” ဘွားမယ်စိန်ပြောလိုက်ခြင်းဖြစ်၏။ တင်မောင်၏ဝိညာဥ်သည်လည်းကြားလိမ့်မည်ဟုထင်ပါသည်။ ထိုသို့ဖြင့် သောင်ထွန်းရွာရှိလူများကြောက်လန့်ကြရသော တင်မောင်တစ်ယောက် ထပ်မံ၍ပေါ်မလာတော့ပေ။ ပြီးပါပြီ။
ယဥ်မင်း(ကန့်ဘလူ)
Leave a Reply