အပုပ်နံ့
ကျွန်တော့် အလုပ်တိုက်ကို အမျိုးသမီးတစ်ယောက်ရောက်လာသည်။ သူက မျက်မှန်ကို ချွတ်လိုက်မှ “ဟာ … ခင်အေးမူ” သူမက ပြုံးလိုက်ပြီး ကျွန်တော့် စားပွဲနားကို လာရပ်သည်။ “ဆရာကြီး … မှတ်မိပါတယ်နော်” “မေ့စရာလား ခင်အေးမူရယ် … ဒါနဲ့ ကျော်ကျော်ရော” “အဲဒီကိစ္စလာတာ” “ကျော်ကျော့်ကိစ္စ ဟုတ်လား … ကျော်ကျော်ဘာဖြစ်လို့လဲ” “ရှင့်သူငယ်ချင်းက ကျွန်မနဲ့ ကွာရှင်းမလို့လေ” “ဟာ ဘယ်လိုဖြစ်ရတာလဲ” ကျော်ကျော်နိုင်နှင့် ခင်အေးမူတို့ လက်ထပ်သွားကြသည်မှာ ကျောင်းပြီးကတည်းကဖြစ်သည်။ ကျော်ကျော်က သူ့ဖခင်အရှိန်အဝါဖြင့် ဌာနကြီးတစ်ခုတွင် နေရာရသည်။ နောက်ပိုင်း ထိုဌာနတွင် ညွှန်မှူးအဆင့်လောက်အထိ ဖြစ်နေပြီဟု သိရသည်။ ကျွန်တော် ပြန်တွက်ကြည့်မိသည်။ သူတို့ အိမ်ထောင်သက် နှစ်ပေါင်း ၂၀ ခန့်ရှိမည်။ “မထိုင်ခိုင်းတော့ဘူးလား” “ထိုင်ပါ” “ကျွန်မတို့ လက်ထပ်တုန်းက အသိသက်သေအဖြစ် လက်မှတ်ထိုးတဲ့အထဲမှာ ရှင်ပါတယ်နော်” “ဟုတ်တယ်လေ” “ခု ကျွန်မတို့ ကွာရှင်းတော့မလို့ … အဲဒါ ကွာရှင်းကြောင်း အသိသက်သေနေရာမှာလည်း လက်ထပ်တုန်းက အသိသက်သေတွေ အားလုံးကို ပြန်ခေါ်ထားတယ်။ ကျွန်မတို့ လာမယ့် တနင်္ဂနွေနေ့မှာ ကွာရှင်းကြမလို့။
ရှေ့နေတွေလည်း ခေါ်ထားတယ်။ အဲဒီနေ့မှာပဲ ပိုင်ဆိုင်မှုတွေကိုလည်း ခွဲဝေကြမလို့။ လာနိုင်မယ်မဟုတ်လား” “လာရမှာပေါ့လေ … စိတ်တော့မကောင်းမိဘူး” “ဆန်ဆုံစား … ကံကုန်တော့သွားပေါ့ရှင် ဘယ်တတ်နိုင်မလဲ” “ဘာကြောင့် ကွဲတာလဲ မသိရဘူးလား” “သူ့အတွင်းရေးမှူးမနဲ့ ဇာတ်လမ်းလေ။ ခု အဲဒီကောင်မနဲ့ ယူတော့မလို့တဲ့။ ကျွန်မကို ကွာရှင်းခွင့်တောင်း တယ်” “ဟာ ကျော်ကျော် … ကျောင်းတုန်းကအတိုင်း အကျင့်တွေ မဖျောက်ပါလား” “သူရှုပ်တာတွေ မပြောတော့ပါဘူး။ ခုတစ်ယောက်ကတော့ သူလည်း ဖြုတ်ထုတ်လို့ မရအောင် ထောက်ချောက်မိသွားပုံရပါတယ်။ ကျွန်မကလည်း အလျှော့ပေးလိုက်တယ်” “အေး … ငါ ဘယ်ကိုလာရမှာလဲ” ခင်အေးမူက ကျွန်တော့်ကို လိပ်စာကတ်ပေးသည်။ ထို့နောက် နှုတ်ဆက်ပြီး ပြန်သွားသည်။ ကျွန်တော် တနင်္ဂနွေနေ့တွင် သူပေးခဲ့သည့် လိပ်စာအတိုင်း မရမ်းကုန်းရှိ ခြံကြီးတစ်ခြံကို ရောက်လာခဲ့သည်။
သူတို့အိမ်ကြီးကား အလွန်ကြီးကျယ်ခမ်းနားလှပေတော့သည်။ ထိုနေ့တွင် လူကြီးစုံရာ၊ ရှေ့နေရှေ့ရပ်စုံစွာ၊ သက်သေစုံစွာ ကွာရှင်းမှုကိုပြောဆိုပြီး လက်မှတ်ထိုးကြသလို ပိုင်ဆိုင်မှုတွေကိုလည်း ခွဲဝေကြသည်။ သူတို့မှာ သားသမီးတစ်ယောက်မျှ မရှိကြသဖြင့် သားရေးသမီးကိစ္စ ပြောစရာ မလိုတော့။ ခင်အေးမူက ဗိုလ်ချုပ်ဈေးရှိဆိုင်ခန်း၊ မာစီဒီးကားနှင့် စမ်းချောင်းရှိ ကွန်ဒိုခန်းတစ်ခန်းကို ယူသည်။ ယခု အိမ်ကြီးကို ကျော်ကျော်ကယူသည်။ ဤအိမ်နေရာကလည်း ကျော်ကျော်၏ ဘိုးဘွားပိုင်နေရာဖြစ်သည်။ ခင်အေးမူက ကျေနပ်စွာနှင့် ပိုင်ဆိုင်မှုခွဲဝေခြင်းကို လက်မှတ်ထိုးပေးသည်။ သို့သော် တစ်ခုပဲ တောင်းဆိုသည်။ “ကျွန်မ ဒီအိမ်ကြီးမှာ နောက်ဆုံး အနေနဲ့ သုံးရက်နေခွင့် ပေးရမယ်” “ပေးတယ် … အိမ်ထဲက ပစ္စည်းတွေလည်း မင်းကြိုက်တာ ယူသွားနိုင်တယ်” “ကောင်းပြီလေ … နောက်သုံးရက်နေရင် နင့်ကို ဒီမှာ မတွေ့ချင်ဘူး” “တွေ့စရာလည်း အကြောင်းမရှိပါဘူး” သူတို့ကိစ္စ ဤမှာတင် နိဂုံးချုပ်လိုက်ကြသည်။ ကျွန်တော်တို့လည်း စိတ်မကောင်းစွာနှင့် သူတို့တိုက်သော ကော်ဖီကိုသောက် ကိတ်မုန့်တွေကိုစားပြီး ပြန်ခဲ့ကြသည်။ နောက်တစ်လခန့်အကြာတွင် ကျော်ကျော် ကျွန်တော့်ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသည်။
“ဟေ့ကောင် ဘာတွေဖြစ်လာပြန်ပြီလဲ” “မင်း ငါတို့အိမ်ကို လိုက်ခဲ့ကွာ” “ငါတို့ဆိုတာက” “ငါ့နောက်မိန်းမနဲ့ငါပေါ့” “ဘာဖြစ်လို့ မင်းတို့အိမ်ကို လိုက်ခဲ့ရမှာလဲ” “လာပါကွာ … လိုက်ခဲ့စမ်းပါ” ကျွန်တော့်မှာ သူငယ်ချင်း ငယ်နိုင်တွေဖြစ်နေသဖြင့် သူခေါ်ရာကို လိုက်ခဲ့သည်။ မရမ်းကုန်းရှိ သူရလိုက်သော တိုက်အိမ်ကြီးကို ရောက်လာသည်။ ခြံဝင်းတံခါးတွေကို ပိတ်ထားသည်။ ကားကို ခြံဝင်းထဲဝင်လိုက်သည်နှင့် ကျွန်တော့် နှာခေါင်းတွင် တစ်ခုခုကို သတိထားလိုက်မိသည်။ “မင်းတို့ ဒီမှာ မနေဘူးလား” “လာပါကွာ … အထဲဝင်ပါဦး” သူက အိမ်တံခါးကို ဖွင့်လိုက်သည်။ ကျွန်တော့် နှာခေါင်းထဲကို အပုပ်နံ့ကြီးက လုံးခနဲ ဝင်လာသည်။ ကျွန်တော်က နောက်ဆုတ်လိုက်ပြီး အိမ်ထဲမဝင်တော့” “ပုပ်စော် နံလိုက်တာကွာ” “မင်းကို အဲဒါပြချင်လို့” “ငါတော့ ဒီအနံ့ကြီးနဲ့ အထဲမှာ မနေနိုင်ဘူးကွာ” “လာ ခြံထဲသွားမယ်” ကျွန်တော်တို့ ခြံထဲရှိ ထိုင်ခုံတွင် ထိုင်လိုက်ကြသည်။ “မင်းတို့ ဒီအိမ်မှာ နေပုံမရဘူး” “အေး နေလို့ကိုမရတာ” “ဘာဖြစ်လို့လဲ” “ငါနဲ့ ငါ့ကောင်မလေး ဒီကိုရောက်လာကတည်းက နံလိုက်တဲ့ ပုပ်စော်ကွာ … နေလို့ကို မရတာ” “မင်းတို့ တစ်သက်လုံး ဒီမှာပဲ နေလာတာ မဟုတ်လား အဲဒီတုန်းကရော” “မနံဘူးကွ” “နေဦး … ဒီမှာ ခင်အေးမူ နောက်ဆုံးနေမယ်လို့ ပြောသွားတယ်နော်” “သူ လာနေသွားတယ် … သူ့ပစ္စည်းတွေလည်း ယူသွားတယ်” “သူလာနေတုန်းက မနံသေးဘူးပေါ့” “ထင်တာပဲ … သူသုံးရက်တောင် နေသွားတာ” “မင်းတို့ပြောင်းလာမှ ဒီအနံ့ရတာလား” “ရောက်ရောက်ချင်းတုန်းကတော့ မသိသာဘူး။
ကြွက်သေတယ်ထင်လို့ တစ်အိမ်လုံး လိုက်ရှာတာ။ ဘယ်မှာ မှလည်း မတွေ့ဘူး” “နေဦး မင်းတို့ ပြောင်းလာပြီး ဒီမှာ ဘယ်လောက်နေသွားသလဲ” “၁၀ ရက်လောက် သည်းခံနေသေးတယ်။ နောက်ပိုင်း ဘယ်လိုမှ နေလို့မဖြစ်လို့ ပြောင်းပြေးရတာ” “ကျော်ကျော် ငါမေးမယ် … မှန်မှန်ပြောစမ်း … ခင်အေးမူ အသက်ရှင်လျက် ရှိသေးရဲ့လား” “သူဆိုင်ထွက်နေတာ မယုံရင် မင်းကိုယ်တိုင် သွားကြည့်ပေါ့” “ငါ့ကို လာခေါ်ရတာက” “မင်း … ခင့်ဆီကိုသွားပေးစမ်းပါကွာ … မင်းနဲ့က ပြောမနာဆိုမနာတွေပါ။ ဒီမှာ ပုပ်စော်တွေနံနေတာ ဘာတွေ လုပ်ခဲ့သလဲလို့” “ပုပ်စော်နံအောင် လုပ်လို့ရမှာလားကွာ … ပုပ်စရာရှိတာကြောင့် ပုပ်စော်နံတာပေါ့။ ငါ့စိတ်ထင် သရဲတွေ ဘာတွေများ ချောက်သလား” “အိမ်မှာ ပရိတ်တွေခေါ်ရွတ် နည်းမျိုးစုံ လုပ်ပြီးပြီ … တစ်နည်းပဲ ရှိတော့တယ် … သူ့ကို မေးကြည့်ဖို့။ ငါနဲ့လည်း မျက်နှာချင်း မဆိုင်ချင်လို့ မင်းပဲသွားမေးပေးပါ” “မင်းက ဘာဖြစ်လို့ သွားမေးခိုင်းရတာလဲ” “ဒီမှာ နေလို့ မဖြစ်မယ့်အတူတူ အိမ်ကြီးကို ရောင်းလိုက်မလို့။ ဒါပေမဲ့ ပွဲစားတွေနဲ့ လာဝယ်တဲ့ သူတွေကလည်း ပုပ်စော်နံတာကို မသင်္ကာဘူးဆိုပြီး မဝယ်ကြဘူး” “အေးလေ ငါက ခင်အေးမူဆီကို ဘာသွားမေးရမှာလဲ” “အိမ်မှာ ပုပ်စော်တွေ နံနေတယ်လို့ … သူများ တစ်ခုခု သိမလားလို့” “မင်း မေးခိုင်းတာကလည်း အတော်ကြောင်တာပဲကွာ” “သူငယ်ချင်းရာ ကူညီပါကွာ။
ငါ ဒီအိမ်မှာလည်း မနေချင်တော့ပါဘူး။ ရောင်းချင်လို့ပါ။ ဒီနေရာက ပုပ်စော်သာ မနံဘူးဆိုရင် ဝယ်သူက ရှိပြီးသား” “ကောင်းပြီလေ … ငါသွားမေး ပေးပါ့မယ်” ကျွန်တော် နောက်တစ်နေ့တွင် ခင်အေးမူဆိုင်ကို ရောက်လာသည်။ “ဆရာကြီး ဘာကိစ္စလဲ … ရွှေတွေ … ပလက်တီနမ်တွေ ဝယ်ဖို့တော့ မဟုတ်ပါဘူးနော်” “ဝယ်နိုင်ပါ့မလားဟာ … ငါ နင့်ကို တစ်ခုမေးချင်လို့” “ဘာများလဲ” “ကျော်ကျော်က မေးခိုင်းတာပါဟာ … နင်တို့ နေခဲ့တဲ့ အိမ်ကြီးက ပုပ်စော်တွေနံလို့တဲ့” “အဲတာ ကျွန်မဘာလုပ်ရမှာလဲ” “သူတို့ လာပြောင်းနေကတည်းက ခုထိ ပုပ်စော်တွေ နံနေတာတဲ့။ နောက်ဆုံးဟာ အိမ်နဲ့ ခြံကြီးကို ရောင်းချင်တာ အဲဒီအပုပ်နံ့ကြီးကြောင့် ရောင်းမရဘူး ဖြစ်နေတာတဲ့။ အဲဒါ နင်များ တစ်ခုခု သိမလားလို့ ငါ့ကို မေးခိုင်းလို့ပါ” “သိဘူးလေ” ခင်အေးမူက မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ်နှင့် ဖြေရှာသည်။ ကျွန်တော်လည်း ပြန်ခဲ့ရသည်။ တစ်နေ့ ကျွန်တော့်ထံ ခင်အေးမူရောက်လာပြန်သည်။
“ကိုင်း ဘာဖြစ်လာပြန်ပြီလဲ” “အိမ်တက် မင်္ဂလာပွဲ ဖိတ်ချင်လို့” “ဘယ်အိမ်တက်လဲ” “မရမ်းကုန်းအိမ်လေ” “နင်နဲ့ ကျော်ကျော် ပြန်ပေါင်းနေပြီပေါ့” “ဘယ်ကသာ … ထွေးပြီးသားတံတွေး ပြန်မျိုတာ ခင်အေးမူဝါဒမဟုတ်ဘူးရှင့်” “ဒါဆို” “အဲဒီ ခြံနဲ့အိမ်ကြီးကို ကျွန်မ ပြန်ဝယ်လိုက်တာလေ” “ဟုတ်လား” “ဟုတ်တယ် … သူတို့ခေါ်ထားတဲ့ဈေးထက် ထက်ဝက်လောက်လျှော့လျှော့ပေါ့ပေါ့ဈေးနဲ့ကို ရခဲ့တာ” “နင်ဝယ်တာကို ကျော်ကျော်သိလား” “သိတာပေါ့ … ကျွန်မကလည်း ဒီအိမ်ကြီးကို သံယောဇဉ်ရှိလို့ပါ ဘာညာနဲ့ဆိုပြီး ဝယ်လိုက်တာ” “ဝယ်ပြီးပြီလား” “ဝယ်ပြီးပြီ … ဒီမှာ အိမ်တက်ဖိတ်စာ” “ခုတော့ ပုပ်စော်မနံတော့ဘူးလား” “သိချင်ရင်လာကြည့်လေ” ကျွန်တော် အိမ်တက်နေ့က ရောက်ခဲ့ပါသည်။
အိမ်ကြီးမှာ ပြန်ပြီး သစ်လွင်တောက်ပကာ စည်ကားနေသည်။ ဘာပုပ်စော်မှလည်း မနံတော့။ ကျွန်တော်က ပြန်ခါနီးတွင် ခင်အေးမူကို နှုတ်ဆက်သည်၊ “ခင်အေးမူ .. ဒီအိမ်ကြီးမှာ ပုပ်စော်မနံအောင် နင်ဘယ်လိုများ လုပ်လိုက်တာလဲဟင်” “ဟင်း … ဟင်း … ဟင်း … ပုပ်နေတဲ့ ပစ္စည်းတွေမှာ မရှိတော့တာပဲရှင်။ ကျွန်မက အိမ်ထဲမှာ ရှိတဲ့ ပစ္စည်းတွေ အားလုံးကို သူ့ကို ယူခိုင်းသွားတာ။ သူတို့ယူသွားပြီလေ။ ပုပ်နိုင်တာတွေမရှိမှတော့ ဘယ်လိုလုပ်ပြီး ပုပ်စော် နံတော့မှာလဲနော့” ကျွန်တော် နားမလည်စွာဖြင့် ပြန်ခဲ့သည်။ ကျော်ကျော် နောက်ရောက်သည့်အိမ်တွင် ပုပ်စော် နံသေးလား တွေ့မှမေးကြည့်ရဦးမည်။
တင်ညွန့် ၉.၁၂.၂၀၂၄





