****စောင့်နေသူ**** စ/ဆုံး

****စောင့်နေသူ**** စ/ဆုံး

အချိန်ကာလအားဖြင့် ၁၉၉၀ခုနှစ်၀န်းကျင်ခန့်ကဖြစ်၏။ ဒေါ်အိစိုးသည် မူလတန်းပြကျောင်းဆရာမလေးတစ်ဦးဖြစ်ပြီး မူလတန်းကျောင်းအုပ်အဖြစ်ရာထူးတိုးလျှောက်ထား၏။ ယခုချိန်၌ သူ၏ ရာထူးတိုးအမိန့်စာသည် လက်ထဲသို့ရောက်ရှိနေပြီဖြစ်သော်လည်း အိစိုးတစ်ယောက် မပျော်နိုင်ချေ။ စေလိုရာစေလျှောက်ထားခဲ့မိသော‌သူ၏ ယခု တာ၀န်ကျရာနေရာသည်ကား ရှမ်းပြည်နယ်တောင်ပိုင်း၊ မြို့နယ်လေးတစ်မြို့နယ်အတွင်းရှိ ကျေးရွာလေးတစ်ရွာ၌ ဖြစ်၏။ ထိုကျေးရွာလေးသည် စုန်းပညာသည်များအလွန်ပေါများသည်ဟု နာမည်ကြီးလှကာ ထိုနယ်မှ သူများကို အားလုံးကလည်း ရှောင်ကြလေသည်။ ထို့ကြောင့်လည်း ထိုရွာလေး၌တာ၀န်ထမ်းဆောင် ရတော့မည်ဟု သိလိုက်ရသောအခါ သူလည်းနာမည်ကြီး အထက်လမ်းဆရာကြီးများထံသွားကာ အဆောင်လက်ဖွဲ့ ရယူခြင်း၊ ဆရာတော်ကြီးများထံမှ ပရိတ်ရေများ ပရိတ်ကြိုးများအား ဆောင်ယူပြီးမှ ထိုအရပ်ဒေသသို့ သွားရောက်တာ၀န်ထမ်းဆောင်ခဲ့၏။ ထိုအရပ်ဒေသသည် ယခင်က အမဲရောင်နယ်မြေဖြစ်ကာ မကြာခဏလည်း တိုက်ပွဲဖြစ်တတ်၏။ အိစိုးတာ၀န်ထမ်းဆောင်သည့် အချိန်ကပင် အညိုရောင်နယ်မြေဟု သတ်မှတ်ဆဲ ဖြစ်ကာ၊ အလုံးစုံ မအေးချမ်းသေးပေ။

ဤ ဒေသမျိုးသို့ တာ၀န်ကျသော ၀န်ထမ်းအတော်များများက အလုပ်ထွက်သွားကြလေသည်။ သူက ထိုရွာလေးသို့ မူလတန်းကျောင်းအုပ်ရာထူးတိုးဖြင့် တာ၀န်ထမ်းဆောင်ခဲ့ရခြင်းဖြစ်သည့်အလျောက် ထိုကျောင်းလေးတိုးတက်ရေးအတွက် ရောက်လျှင်ရောက်ချင်း ရပ်ရွာလူကြီးများဖြင့်တွေ့ဆုံကာ အလုပ်ရှုပ်လျှက်ရှိ၏။ ထိုဒေသရှိသူများက တိုင်းရင်းသားများဖြစ်ကာ မြန်မာစကား သိပ်မတတ်ကြပေ။ သူတို့သုံးသောမြန်မာစကားများသည် ကြမ်းသည်ဟု ခေါ်ရမည်လား ရိုင်းသည်ဟု ဆိုရမည်လား မပြောတတ်ပေ။ အိစိုးရောက်ပြီး နောက်တစ်ပတ်ခန့်၌ ” ဆရာမကြီး၊ ဝေ့ ဆရာမကြီးဆိုတဲ့ ကောင်မ မရှိဘူးလား ” အိစိုးလည်း မျက်လုံးပင် ပြူးသွား၏။ ” ဟင် ငါ့ကိုဘယ်သူများ လာရန်တွေ့ပါလိမ့် စောစောစီးစီး ” ဟု တွေးကာ အိမ်ရှေ့ထွက်ကြည့်လိုက်ရာ ” ဆရာမကြီးဆိုတဲ့ ကောင်မက နင်လား ” ” ဟုတ်ကဲ့ ” သူတိုးတိုးလျလျပြန်ဖြေရင်း ဘာများဆက်ပြောမလဲဟု တွေးရင်း ကြောင်ကြည့်နေမိလေသည်။ ” နင်စားဖို့ ဟင်းလာပို့တာ ကောင်မရေ ” ” အွန် …ဟုတ်ကဲ့ ကျေးဇူးပါ ” ” ရော့ ချိုင့်ယူထား ငါညနေမှ ကလေးနဲ့ ချိုင့်ပြန်လာတောင်းခိုင်းလိုက်မယ် ကြားလား ” ” ဟုတ်ကဲ့ ” သူလည်း ကြောက်ကြောက်ရွံရွံဖြင့် ချိုင့်လေးအားယူလိုက်မိ၏။ ထိုကျောင်းသည် တာ၀န်ကျ၀န်ထမ်းသုံးဦးသာရှိသော မူလတန်းကျောင်းလေးဖြစ်၏။ ကျန်၀န်ထမ်းနှစ်ဦးမှာ ရွာခံနှင့်အိမ်ထောင်ကျသူ ဒေါ်ကေသီ (မူလတန်းပြ)နှင့် ဒေါ်ကိုမာ (အထွေထွေ) တို့ဖြစ်၏။ ကေသီက အိစိုးထက်အသက်ငယ်ကာ ရွာထဲ၌သာ နေထိုင်သည်။ ဒေါ်ကိုမာကား အိစိုးနှင့်ရွယ်တူဖြစ်ကာကျောင်းဝိုင်းအတွင်းရှိ ၀န်ထမ်းအိမ်ရာ၌ နေထိုင်သူဖြစ်၏။

” ဆရာမကြီး၊ ဆရာမကြီး ” ” အင်း ပြောလေ မကိုမာ ဘာများလဲ” ” ဒီရွာက လူတွေကျွေးတာ အရမ်းမစားနဲ့နော် ဒီက ပညာသည်တွေများတယ်၊ ကလေးတွေဆိုပြီး အထင်သွားမသေးလေနဲ့၊ နောက်ကျတော့ ဆရာမကြီးကိုယ်တိုင်သိလာမှာပါ ၊ ‌ဖြစ်နိုင်ရင် ရေတောင်မှ ကိုယ့်ရေ နဲ့ကိုယ်သောက်တာ အန္တရာယ်အကင်းဆုံးပဲ ” ” ဟုတ်ကဲ့ ကျေးဇူးပါ မကိုမာ ကျွန်မသတိထားပါ့မယ်ရှင်” လာပို့ထားသော ဟင်းများအား ချိုင့်ထဲမှ ခွက်တစ်လုံးထဲလှယ်ကာ ချိုင့်အားလာယူလျှင် အသင့်ဖြစ်ရန်ဆေးကြောပြီး ခုံပေါ်တွင်မှောက်ထားလိုက်၏။ “ဆရာမကြီးက ခုမှရောက်စဆိုတော့ ဘာမှသိဦးမှာမဟုတ်ဘူး၊ နောက်ဆိုရင်တော့ သိလာမှာပါ ၊ညဘက် အပေါ့တွေဘာတွေ လဲ စောစောသွားထားပေါ့ဆရာမကြီး၊ တစ်ကယ်လို့ ညနက်မှ အိမ်သာသွားချင်ရင် ကျွန်မကိုလှမ်းနိုး၊ တစ်ယောက်ထဲတော့ မသွားနဲ့ပေါ့ ၊ အိမ်သာကဝေးတယ်မို့လား ၊ တစ်ကယ်လို့ အပေါ့လေးဘာလေးပဲ သွားမယ်ဆိုရင် ရေချိုးတဲ့နေရာလေးနားသာသွားလိုက်၊ ပြီးရင် ရေလောင်းလိုက်ပေါ့ ” ” ဟုတ်ကဲ့ပါ မကိုမာ ” ” ဒါဆိုကျွန်မလုပ်စရာရှိတာ သွားလုပ်လိုက်အုံးမယ်နော် ဆရာမကြီး” ” ဟုတ်ကဲ့ လုပ်ပါ မကိုမာ ” “ဒေါ်ကိုမာသည် တိုင်းရင်းသူတစ်ဦးဖြစ်ကာ ခရစ်ယာန်ဘာသာကိုးကွယ်၏။

မကြာမီ ဟင်းလာပို့သောအမျိုးသမီး၏ သားဖြစ်သူက ချိုင့်အားပြန်လာယူသွားလေသည်။ အိစိုးက သူတို့ပေးသောဟင်းအား ၀က်စာအိုးလေးထဲထည့်ကာ သူကိုယ်တိုင်ချက်ထားသော ဟင်းဖြင့်သာစားသောက်ပြီး အိပ်ယာ၀င်လိုက်၏။ ” ကျွိ..ကျ လိ” သူအိပ်ပျော်ခါနီး ကြားရသောအသံကြောင့် အိပ်မရတော့။ “ဘာသံပါလိမ့် ..ကြွက်တွေနေမှာ ” တကျွိကျွိနှင့် ဆူညံနေသည်မို့ အိပ်မရမည့်အတူတူ အသံကြားရာနေရာသို့လိုက်ရှာရာ ” ဟင် ကြွက်ပေါက်လေးသုံးကောင် ၀က်စာအိုးထဲရောက်နေပါလား ၊ ကြွက်မကြီးကလည်း သူ့ကလေးတွေကို ၀က်စာအိုးထဲတော့ ချီလာမယ်မထင်ဘူး ၊ ဟင် မဟုတ်မှလွဲရော ငါ၀က်စာအိုးထဲပစ်လိုက်တဲ့ အသားဟင်းသုံးတုံးက ကြွက်ပေါက်လေးတွေများဖြစ်သွားတာလား ” သူလည်း နဝေတိမ်တောင်ဖြစ်သွား၏။ မကြာမီ ကြွက်ပေါက်လေးများက ၀က်စာအိုးထဲ၌ ငြိမ်သက်သွားကြ၏။ ” အင်း သေရှာကြပြီနေမှာ ” သူလည်းစိတ်မကောင်းဖြစ်ကာ အိပ်ယာထဲသွားကာ လဲလျောင်းရင်း အိပ်ပျော်သွားလေသည်။ ” အူ ဝူ ဝူး ” ရှည်လျားစွာ အူလိုက်သော ခွေးအူသံကြီးကြောင့် သူအိပ်နေရာမှ လန့်နိုးလာလေသည်။ ” အား ကျွတ် ကျွတ် အရေးထဲ ဗိုက်ကနာလာပြန်ပြီ ဒုက္ခ ” သူ့ဗိုက်အား လက်ဖြင့်ဖိကာ ဓာတ်ခဲ ဓာတ်မီးလေးအားထွန်းလိုက်၏။ ( ထိုရွာ၌ ထိုစဉ်အချိန်က လျှပ်စစ်မီးမရှိသေးပေ) သူလည်း ကိစ္စက အရေးကြီးလာပြီမို့ အိပ်ယာမှ အလျှင်စလိုထကာ မကိုမာအား မခေါ်တော့ဘဲ အိမ်သာရှိရာဘက်သို့ ခပ်သွက်သွက် ထွက်လာသည်။ သူနေထိုင်ရာ သစ်သားအိမ်လေး၏ ခပ်လှမ်းလှမ်းတွင် မကိုမာနေထိုင်ရာ သစ်သားအိမ်လေးရှိ၏။

မကိုမာ အိမ်၏ ဘေး အနည်းငယ် အကွာတွင် တစ်ထပ်ပျဉ်ကာ ကျောင်းဆောင်ရှည်ကြီးရှိသည်။ ထိုကျောင်းဆောင်ဘေးတွင် တစ်ထပ်စာကြည့်တိုက်အုတ်တိုက်အခန်းလေး ရှိကာ ထိုအခန်း၏ ဘေး မနီးမဝေး၌ ဆရာ/ဆရာမသုံးအိမ်သာရှိ၏။ သူလည်း အသွားတုန်းက ဇောနှင့်မို့ ကြောက်ရကောင်းမှန်းမသိပေ။ အိမ်သာတက်၍ ကိစ္စပြီးမှ အခန်းသို့ ပြန်ရမည့်အဖြစ်ကိုတွေးကာ ချွေးပင်ပျံလာသည်။ ကျောင်းရှေ့၌ ခွေးတစ်အုပ်ကလည်း ဆွဲဆွဲငင်ငင် အူနေကြသည်မဟုတ်လား။ သူလည်း ရေအိမ်ထဲမှထွက်ကာ စာကြည့်တိုက်ရှေ့ဖြတ်လျှောက်လာသောအခါ ” ဂလောက် ဂလောက် ဂလောက်” တံခါးအားတွန်းဖွင့်သံလို ကြားလိုက်ရသဖြင့် သူအတော်ပင်လန့်သွားကာ စာကြည့်တိုက်တံခါးအား ဓာတ်မီးဖြင့်ထိုးကြည့်လိုက်ရာ တံခါးမှာ အတွင်းမှ တစ်ယောက်ယောက် တွန်းဖွင့်သကဲ့သို့ လှုပ်ခတ်နေသည်အားတွေ့လိုက်ရ၏။ ” ဘုရားရေ .စာကြည့်တိုက်ထဲက ဘယ်သူပါလိမ့် ” သူလည်း အလန့်တကြားဖြင့်မပြေးရုံတမယ် ခပ်သွက်သွက်လျှောက်လိုက်၏။ ” ဒုန်း ကလုံး ” သူထိုသို့လျှောက်စဉ်မှာပင် စာကြည့်တိုက်တံခါး ပွင့်သွားသံကကိုကြားလိုက်ရ၏။ သူလည်း အသံကြားရာနေရာကို ဓာတ်မီးဖြင့်လှမ်းထိုးကြည့်လိုက်ရာ စာကြည့်တိုက်ထဲမှ ကချင်ပုဆိုးကွက်၊ အင်္ကျီအဖြူ၀တ်ထားသော လူတစ်ဦးပြေးထွက်လာပြီးမကြာမီ လဲကျသွားလေသည်။ သူလည်း ဓာတ်မီးဖြင့်ထိုးကာ ထိုသူအားကြောင်ကြည့်နေမိ၏။

ထိုသူမှာ လဲနေရာမှ ခေါင်းထောင်လာကာ ထိုင်လိုက်၏။ ထိုအခါမှ ထိုသူ၏ ဦးခေါင်းတစ်ခြမ်းနှင့် မျက်လုံးတစ်ဖက်မှာ ဟောင်းလောင်းပေါက်ကြီး ဖြစ်နေသည်အားတွေ့လိုက်ရလျှင် ” အမယ်လေး၊ သရဲ သရဲ… မကိုမာရေ ကယ်ပါအုံး ” အော်လည်းအော် ပြေးလဲပြေးရင်း မကိုမာအိမ်ရှေ့အရောက် မကိုမာလည်းပြေးထွက်လာကာ ” ဆရာမကြီး ဘာဖြစ်တာလဲ ” သူ စာကြည့်တိုက်ဖက်လက်ညှိုးထိုးပြီးနောက် အရာအားလုံး အမှောင်တိဖုံးလွှမ်းသွားလေသည် Xxx Xxxxxxxxxxxxxxxxxxxxxxxxxxxxx အခန်း(၂) ” အင်း ဟင်း ဟင်း ” သူ့နှုတ်မှ ညည်းညူရင်းမျက်စိနှစ်လုံးကို အားယူကာဖွင့်ကြည့်လိုက်၏။ ” ဆရာမကြီး သတိရပြီလား ” ” မကိုမာ ကျွန်မ ဘာဖြစ်သွားတာလဲ ” ” ဆရာမကြီး ညက သရဲလို့အော်ပြီး ကျွန်မအိမ်ရှေ့မှာ မေ့လဲသွားလို့” ထိုအခါမှ ညကအဖြစ်အား သတိပြန်ရကာ ” ဟင် ဟုတ်တယ်၊ ဟုတ်တယ် ညက ခေါင်းတစ်ခြမ်းမပါတဲ့ လူတစ်ယောက် စာကြည့်တိုက်ထဲက ထွက်လာတာ ” ” အင်း ဆရာမကြီးကို ကျွန်မပြောသားပဲ၊ ညဘက် အိမ်သာကို တစ်ယောက်တည်း မသွားပါနဲ့လို့ ၊ ခုတော့ ကိုတင်မိုးနဲ့ တွေ့သွားရပြီပေါ့ ” ” ဟင် ဘယ်သူ၊ ကိုတင်မိုးဟုတ်လား ၊ သူက ဘယ်သူလဲ ” ” ဆရာမကြီးသိသွားပြီဆိုတော့ ကိုတင်မိုးအကြောင်းကို ကျွန်မပြောပြပါ့မယ်၊ တစ်ကယ်တော့ သူက သနားစရာကောင်းပါတယ် ဆရာမကြီးရယ်”ဟု ဆိုကာ အောက်ပါအဖြစ်အပျက်များအား ပြောပြလေတော့သည်။

” လာဟေ့ ဆရာလေးရေ၊ အကြမ်းရေလေးသောက်မယ်” ” သောက်ရမှာပေါ့ ဦးဖေထူးရေ၊ ကျုပ်လည်း ကျောင်းဆင်းပြီးရင် ရွာထဲလာလည်နေရမှ နေသာထိုင်သာရှိတာ” ” ဆရာလေး၊ ဒီရက်ပိုင်း စစ်တပ်ကလူတွေ ဒီဘက်ပိုင်းခြေရှုပ်နေတယ်၊ ဆရာလေး ဘယ်သူနဲ့မှ မပက်သက်ပါနဲ့၊ ကျုပ်ထင်တာ တိုက်ပွဲဖြစ်တော့မယ်ထင်တယ် ၊ တိုက်ပွဲစရင် ဆရာလေးတို့၀န်ထမ်းတွေကို ကြိုသတိပေးမယ်၊ ရှောင်လို့ရအောင် ” ” ဟာဗျာ ရှောင်စရာမလိုပါဘူး ၊ ကျုပ်က စာသင်တဲ့ကျောင်းဆရာလေ ကိုယ်စာသင်နေရရင်ပြီးတာပဲ ၊ ကျုပ်က ဘယ်ဘက်ကမှမဟုတ်ဘူး၊ စစ်ဖြစ်လဲ ကျုပ်ကျောင်းလေးထဲမှာ လုံခြုံနေတာပဲ၊ ပြီးတော့ ကျုပ်နေတာက အုတ်တိုက်ဆောင်ပါ ၊ လုံခြုံတယ်၊ အရင်တစ်ခါ တိုက်ပွဲတုန်းကလဲ ကျုပ်မပြေးဘူး အန္တရာယ်ကင်းခဲ့တာပဲ၊ ဘယ်သူတွေ စစ်ဖြစ်ဖြစ် ကျုပ်နဲ့မဆိုင်ဘူး ၊ ကျုပ်ကဆရာတစ်ယောက် ၊ စာသင်ရရင် ကျုပ်တာ၀န်ကျေပြီ” ခပ်ဆတ်ဆတ် ပြန်ပြောလာသော စကားကြောင့် ဦးဖေထူးက ဆရာတင်မိုးအား စကားဆက်မဆိုပဲ သက်မရှည်ကြီးအား ချလိုက်မိ၏။ နောက်နှစ်ရက်ခန့်အကြာ ” ဆရာမ ဒေါ်ကိုမာ နဲ့ ဆရာတင်မိုးတို့ တောထဲစစ်ရှောင်ကြပါ ၊ တိုက်ပွဲစတော့မယ် ၊ဆရာမကေသီတို့က သွားကြပြီတောထဲ ” ရွာသားတစ်ဦး အရေးတကြီးပြေးကာ အကြောင်းကြားလာသည်မို့ ” ဆရာတင်မိုးရေ မြန်မြန်ယူစရာရှိတာယူပါ၊ ကျွန်မတို့ တောထဲပြေးရအောင် ” ” အိုကျုပ်မလိုက်တော့ဘူး မကိုမာ ၊ ကျုပ်က ဒီကျောင်းက တာ၀န်ခံကျောင်းအုပ်ပဲ ၊ ကျုပ်ကျောင်းထဲမှာပဲ ကျုပ်နေမယ်၊ ကျုပ်က ဘယ်ဘက်ကလူမှမဟုတ်တာ ဗျာ ၊ ဘယ်ဘက်က လာတွေ့တွေ့ ကျုပ်လိပ်ပြာလုံတယ် ” ” ကဲမလိုက်လဲနေတော့ဆရာရေ ၊ ကျွန်မတော့ ပြေးပြီ ” မကိုမာလဲ ပြင်ထားသော အထုပ်လေးအား ဆွဲကာ တောထဲသို့ ပြေးလေသည်။ သူ့နည်းတူ ရွာထဲမှ မိန်းမ အများစုလည်း အထုတ်ကိုယ်စီနှင့်။

ဆရာမကေသီတို့မိသားစုကလည်း မကိုမာအားခေါ်ကာ တောထဲ၌ အတူပုန်းအောင်းနေကြ၏။ထိုနေ့ည၌ ” ဒိုင်း၊ ဒက် ၊ ဒက် ” ” ဖောက်၊ ဖောက် ” ” အုန်း ” တိတ်ဆိတ်နေသော ည၌ သေနတ်သံများက ကျယ်လောင်စွာထွက်ပေါ်လာသည်။ ကျယ်လောင်သောပေါက်ကွဲသံကြောင့် ဆရာတင်မိုးအိပ်နေရာမှ လန့်နိုးလာသည်။ ” ဖောက် ၊ ဖောက် ” ” ဒိုင်း ဒိုင်း ” အသံက ကျောင်းဝိုင်းအနီးမှအသံများ။တစ်ဖက်နှင့်တစ်ဖက်အပြန်အလှန်ပစ်ခတ်နေကြသည့် သေနတ်သံများ။ “ဘုတ် ဘုတ် ဘုတ် ” လူအများပြေးလွှားနေသောအသံများက ဆရာတင်မိုးနေထိုင်ရာ အဆောင်နှင့် နီးသထက်နီးလာလေသည်။ သူထိတ်လန့်ခြောက်ခြားလာ၏။ ” ဒိုင်း ” သေနတ်သံက နီးသောကြောင့် သူ့လက်နှစ်ဖက်ဖြင့် နားအားယောင်၍ပင် ပိတ်လိုက်မိ၏။ သူလည်း အိပ်နေရာမှထက ပြတင်းပေါက်အောက်ခြေမှန်မှ အပြင်ဘက်သို့ ချောင်းအကြည့် ” ဒိုင်း” ” အား ” သူ၏ ဘယ်ဘက်မျက်လုံးနှင့် ခေါင်းတစ်ခြမ်းထူပူသွားသည်မို့ အလန့်တကြား ထကာပြေးလိုက်၏။ ညနက်သန်းခေါင်အမှောင်ယံထဲ ထအပြေး သူ ထပ်မံလဲကျသွားလေတော့သည်။

” ဟင်ဒါဆို ဆရာတင်မိုးက တိုက်ပွဲတွေဖြစ်တုန်း သေနတ်မှန်ပြီးသေသွားတာပေါ့ဟုတ်လားမကိုမာ ” ” ဟုတ်တယ်ဆရာမ ၊ အဲ့ဒီအချိန်ကတည်း ကသန်းခေါင်ကျော် …သူသေခဲ့တဲ့အချိန်ရောက်တိုင်း… သူနေတဲ့အခန်းထဲကနေ အလန့်တကြားပြေးလာတဲ့ သူ့ကိုတွေ့ကြရတာ ခုချိန်ထိပဲ ၊ အစက ကျွန်မတို့လည်း ကြောက်ပေမဲ့ ခုတော့ နေသားကျနေပါပြီ” ” သူ့အတွက်ကုသိုလ်ပြု အမျှဝေမပေးကြဘူးလား ” “ဝေပေးတာပေါ့ဆရာမကြီး၊ သူက ဗုဒ္ဓဘာသာမို့ ဗုဒ္ဓဘာသာနည်းအတိုင်း အမျှဝေတာတွေဘာတွေလုပ်တယ် ၊ ဒါပေမဲ့ မကျွတ်ဘူးပဲ၊ သူ့အခန်းထဲဘယ်သူလာလာ မကြိုက်ဘူးလေ ၊အခန်းထဲ၀င်ရင် သူက အသံတွေ ပေးပြီးခြောက်တာ၊ သူထကြည့်လို့ သေနတ်မှန်ခဲ့တဲ့ ပြတင်းပေါက်လဲ ခုထိမပြင်ရသေးဘူး၊ ဒီအတိုင်းရှိနေတုန်းပဲ၊ ဒါကြောင့် ဆရာမကြီးကို ညဘက် အိမ်သာမသွားဖို့တားတာပါ ” ” အင်း ကြောက်စရာလဲကောင်း၊ သနားစရာလဲကောင်းပ ” ” ကိုတင်မိုးက ဘယ်သူ့ကိုမှ ဒုက္ခမပေးရှာပါဘူးဆရာမကြီး ၊ အရမ်းကြီးတော့ မကြောက်ပါနဲ့” မကိုမာက မကြောက်နှင့်ဟု ဆိုပင်ညား မိမိကိုယ်တိုင်အခြောက်အလှန့်ခံခဲ့ရသည်မို့ ကြောက်မိ၏။ ပရလောကသား ရှိနေသော အဆောက်အဦးရှိရာ ဝိုင်းကြီးထဲ၌ နေရသည်မှာ လိပ်ပြာတော့ မလုံပါချေ။ Xxxxxxxxxxxxxxxxxxxxxxxxxxxxx အခန်း (၃) တစ်ရက်သောညနေခင်းတစ်ခု၌ အိစိုးနှင့်ကိုမာတို့နှစ်ဦးက မကိုမာ၏ အမျိုးအိမ်သို့အလည်သွားရန်ထွက်လာခဲ့၏။ ရွာလည်ဇရပ်ကြီးသည် သက်ကယ်မိုးဖြင့် ခပ်နိမ့်နိမ့်မိုးထားသော ဝါးတဲကြီးသာဖြစ်၏။

အကာကိုတော့ ကာမထားပါချေ။ ထိုဇရပ်၌ ရာ၀င်စဉ့်အိုးကြီးရှိကာ အများသူငှာ သွားလာရင်း ခရီးတစ်ထောက်နားချိန်၌ ခြေလက်သန့်စင်ရန် ရေအပြည့်ထည့်ထားလေသည်။ အိစိုးတို့ ထိုဇရပ်သို့ရောက်ချိန်၌ နွားတစ်အုပ်လာနေသည်မို့ ဇရပ်၏ ဝါးအခင်းလေးတွင်ထိုင်ကာ နွားအုပ်အား စောင့်နေ၏။ ထိုအချိန်တွင် ဇရပ်ပေါ်၌ အိစိုးတို့ကျောင်းမှ လေးတန်းအရွက် ကလေးသုံးယောက်က ဆော့ကစားနေကြ၏။ ” ဆရာမကြီးတို့ ဘယ်သွားမှာလဲ ” ကလေးမ‌တစ်ယောက်က မေးလာသည်မို့ ” အင်း ရွာထဲလည်မို့လေ၊ ပျင်းနေတာနဲ့” ” ပျင်းရင် ဆရာမကြီးကိုမျက်လှည့်ပြမယ်” ကလေးများက သူတို့ထံပြေးလာကြကာ တစ်ဦးက ရာ၀င်အိုးထဲမှ လက်ကိုင်တပ် အုတ်မှုတ်ခွက်ဖြင့် ရေအားခပ်ကာ ယူလာပြီး ” ဆရာမကြီးဒီမှာကြည့် ” ဟုဆိုကာ ဇရပ်အမိုးမှ သက်ကယ်ရိုးလေးအား ချိုးကာ ရေထဲထည့်လိုက်ရာ ငါးပေါက်လေးတစ်ကောင်အဖြစ်ပြောင်းသွားသည်ကို ထူးဆန်းစွာတွေ့လိုက်ရ၏။ ” ဟင် သက်ကယ်ရိုးက ငါးကလေးဖြစ်သွားပါလား ” ထိုအခါတစ်ဦးက အားကျမခံ သက်ကယ်ရိုးအား ချိုးကာ သူ့လက်ဖြင့်အုပ်ကာ ” ဆရာမကြီး လက်ဖြန့်လိုက် ” သူလည်းယောင်ယမ်းကာ လက်ဝါးဖြန့်လိုက်ရာ သူ့လက်ထဲသို့ ဖားသေးသေးလေးတစ်ကောင်တင်လိုက်သောကြောင့် ” အမယ်လေး ဖား ဖား ၊ အေးစက်စက် ပျော့စိစိနဲ့ ” သူအလန့်တကြားအော်နေသည်အားကြည့်ကာ ကလေးမလေးများက သဘောကျစွာ ရယ်မောနေကြသည်။ ” ကဲ ကလေးတို့ ဆရာမတို့ရွာထဲသွားတော့မယ်နော် ” မကိုမာက ထိုသို့ဆိုကာ အိစိုးလက်အားစွဲလျက် ဇရပ်မှထွက်လာခဲ့၏။

လမြး၌ ” မကိုမာရယ်၊ ဘယ်လိုပညာတွေများလဲ၊ ကလေးအရွယ်လေးနဲ့တောင် ဒီလောက်တတ်နေတာ ” ” အဲ့ဒါကြောင့်ကျွန်မပြောတယ်လေ၊ ရေတောင်မှ ကိုယ့်အိမ်က ရေပဲသောက်ပါလို့ ၊ ဒီနယ်က လူတွေကို ဘာကြောင့် အခြားသူတွေ ဝေးဝေးရှောင်ကြလဲ ဆရာမကြီးသိလောက်ရောပေါ့ ” ” အင်း ကြောက်စရာကောင်းလိုက်ပါဘိ မကိုမာရယ်၊ ကျွန်မတော့ ဒီတစ်ခါ အပြောင်းအရွှေ့ခေါ်ရင် ပြောင်းတော့မယ် ၊ မကိုမာရော မပြောင်းသေးဘူးလား ” ” မပြောင်းချင်ပဲနေပါ့မလား ဆရာမကြီးရယ်၊ကျွန်မရာထူးက အထွေထွေမို့ ငြိမ်နေရတာပေါ့၊ အပြောင်းအရွှေ့ကလဲ သင်ကြားရေး၀န်ထမ်းတွေပဲ လွယ်တာပါ၊ ကျွန်မတို့လို အောက်ခြေ၀န်ထမ်းတွေအတွက် အခွင့်အရေး နည်းလွန်းပါတယ် ဆရာမကြီးရယ် ” မကို‌မာ ပြောနေသည်မှာလဲ အမှန်‌တွေချည်းမို့ အိစိုးတစ်ယောက် စကားပင်ဆက်မပြောမိတော့ပါချေ။ ညီညာပြန့်ပြူးသောမြေနီလမ်းလေး၏ ဘေးတစ်ဘက်တစ်ချက်တွင် အပင်ကြီးငယ်များက အတန်းလိုက် ပေါက်ရောက်နေကြ၏။ လေ‌ပြေ၏ အသော့တွင် အိစိုး၏ ဦးခေါင်းနောက်တွင်စုကာစည်းနှောင်ထားသော ဆံနွယ်ရှည်များက ယိမ်းနွဲ့နေကြ၏။

မကိုမာနှင့် အိစိုးတို့လက်ထဲ၌မူ မကိုမာ၏အမျိုးများ ခူးပေးလိုက်သော အသီးအရွက်များအား ပွေ့ပိုက်ထားကြလေသည်။ နှစ်ဦးသား အတွေးကိုယ်စီဖြင့် စကားများပင်မဆိုမိကြ။ အတန်ကြာမှ မကိုမာက ” ဆရာမကြီး ” ” ပြောလေ မကိုမာ” ” ဆရာမကြီးမပြောင်းခင် ဆရာတင်မိုးကျွတ်အောင် ကူညီပေးလို့မရဘူးလားဟင် ” ” ဩမကိုမာရယ်၊ ကျွန်မလဲ ဆရာတင်မိုးအကြောင်းကြားရတာ စိတ်မကောင်းဖြစ်နေရတယ်၊ ကိုယ်က ကျွတ်စေချင်ပေမဲ့လည်း သူက သာဓုခေါ်အုံးမှလေ ” ” ဆရာမကြီး ကျွန်မလေ မနေ့ညက ကျွန်မအဆောင်ရှေ့မှာ ညဘက်ကြီးခြေသံကြားလို့ ဘယ်သူလဲဆိုပြီး ပျဉ်ကြားထဲက ချောင်းကြည့်တာ၊ လကလဲသာနေတော့လေ” ” ဟင် ဟုတ်လား ၊ဘယ်သူလဲ တွေ့လိုက်လား ” ” တွေ့တယ်ဆရာမ၊ ဆရာတင်မိုးပါ၊ သူက ကျွန်မအခန်းဘက်က ဖြတ်လျှောက်ပြီး ဆရာမကြီးအိမ်ရှေ့ခပ်လှမ်းလှမ်းကနေ ဆရာမကြီးအိမ်ကိုရပ်ကြည့်နေတယ်၊ ပြီးတော့ ထိုင်ချလိုက်ပြီး ဒူးထောင်ထိုင်ရင်း ဒူးကြီးပေါ် သူ့ခေါင်းကိုမှောက်ပြီး ထိုင်ငိုနေတယ်ထင်တာပဲ ၊ သူက ဆရာမကြီးဆီ အကူအညီတောင်းချင်ပုံရတယ် ” ” ဟင်ဟုတ်လား သနားပါတယ် ၊ ကျွန်မဘယ်လိုကူညီပေးရပါ့ ” ” ဪ ဆရာမကြီးရယ် ဆရာမကြီး ညဘက် ဘုရားရှိခိုးပြီးရင် အိပ်မက်ပေးဖို့ ပြောကြည့်ပေါ့ ၊ ဆရာမကြီး ကြောက်ရင် ကျွန်မဒီည ဆရာမကြီးအခန်းကို လာအိပ်ပေးမယ်လေ ” ” အင်း ကြိုးစားကြည့်မယ်လေ ” ထိုနေ့ည၌ မကိုမာသည် အိစိုးအခန်း၌ လာအိပ်ပေး၏။ သူလည်းဘုရားရှိခိုးအမျှဝေပြီးနောက် ကိုတင်မိုးအကူအညီလိုလျှင် အိပ်မက်ထဲ၌ အကူအညီပေးပါဟုဆုတောင်းကာ အိပ်ရာ၀င်ပြီးမကြာမီ အိပ်ပျော်သွားလေသည်။ ” အူး ဝူး ဝူ” ဆွဲဆွဲငင်ငင်ခွေးအူသံများက ပတ်၀န်းကျင်တစ်ခုလုံးလွှမ်းမိုးသွား၏။ “ရှပ် ရှပ် ရှပ် ” ခြေသံတစ်ခုက အိစိုးအခန်း၏ အနီး၌ ထွက်ပေါ်လာလေသည်။

” ဆရာမ၊ ဆရာမ ” ” အင် ရှင် …ဘယ်သူလဲခေါ်နေတာ ” ” ကျွန်တော် တင်မိုးပါ ၊ ဆရာတင်မိုးပါ ” ” ဟင် ကိုတင်မိုး ရှင် ရှင်က သေသွားပြီမဟုတ်လား ” ” အီး ဟီး ဟီး ဟုတ်ပါတယ်ဗျာ၊ ကျုပ်သေတော့ ကျုပ်ကို အမိန့်မပြန်ပေးကြလို့ ခုထိ ကျုပ်ကျောင်းမှာပဲနေနေရတယ်၊ နေ့လည်ဘက်ဆို ကျုပ်မှာ စာတွေသင်နေရတာမောလို့ ၊ အချို့ကလေးတွေက ကျုပ်ကို တွေ့ပါလျက်နဲ့ မလေးမစား စကြနောက်ကြ၊ ဟိုဟာလုပ်ခိုင်း ဒါလုပ်ခိုင်းနဲ့ ကျုပ်ပင်ပန်းလှပါပြီ၊ ကျောင်းအုပ်ကြီး စစ်စစ်ဖြစ်တဲ့ ဆရာမကြီးဆီ အမိန့်ပြန်တမ်းကိုစောင့်နေတာပါ၊ ဟိုရက်ညကလည်း ကျွန်တော်က ဆရာမကြီးကို အမိန့်ပြန်ပေးစေချင်လို့ ထွက်ပြောတာ ဆရာမကြီးက ကျွန်တော့ မူရင်းရုပ်ကိုတွေ့ပြီး မေ့လဲသွားရတာ ၊ တောင်းပန်ပါတယ်ဗျာ ” ” စိတ်ချပါကိုတင်မိုး နက်ဖြန်ရှင့်အတွက် အမိန့်ပြန်တမ်းကို ရေးပြီး ရှင်သေသွားတဲ့အခန်းမှာ ကျွန်မကိုယ်တိုင်လာဖတ်ပေးပါ့မယ်၊ ပြီးရင်အမိန့်စာကို ရှင့်မြေပုံမှာတင်ထားပေးမယ်၊ ကုသိုလ်ပြုပြီး အမျှဝေပေးပါဦးမယ် ” ” ကျေးဇူးတင်လိုက်တာဆရာမကြီးရယ် ၊ ကျုပ်ဆက်ဆက်စောင့်နေပါမယ် ” လရောင်အောက်၌ ခေါင်းငိုက်စိုက်ဖြင့်ထွက်သွားသော တင်မိုးအားကြည့်ကာ သူစိတ်မကောင်းဖြစ်ရ၏။

” အောက် အီး အီး အွတ် ” ” ဆရာမကြီးနိုးပြီလား ၊ ညက ခွေးတွေအရမ်းအူတာပဲနော် ” ” မကိုမာ ကျွန်မညတုန်းက ကိုတင်မိုးကို အိမ်မက်မက်တယ်၊ သူ့ကိုအမိန့်မပြန်လို့ မကျွတ်ဘူးပြောတယ်” ” ဟင်ဟုတ်လား ၊ သူသေသွားတော့ ကေသီကတာ၀န်ခံကျောင်းအုပ်လုပ်ရတာ ဆရာမကြီး ဒီကိုမရောက်မီ အချိန်ထိပဲ၊ ကေသီက ပြန်တမ်းတော့ရေးပြီးဖတ်ပေးခဲ့တာပဲ၊ ကေသီက ကိုတင်မိုးလက်အောက်မှာတာ၀န်ထမ်းဆောင်ဖူးလို့ သူက ကေသီရဲ့ပြန်တမ်းကို အသိအမှတ်မပြုတာပဲလားမသိဘူး၊ သူကလဲ အသက်ရှင်စဉ်ကတည်းက လူ့ကန့်လန့်ဆိုတော့ ” ” အင်းပါ ဘာဖြစ်ဖြစ် ကျွန်မတို့ဒီနေ့ ကျောင်းတက်ပြီးရင် သူ့အတွက် ပြန်တမ်းအမိန့်စာရေးပြီး သူနေခဲ့တဲ့ အခန်းမှာ ကျွန်မတို့သုံးယောက်သွားဖတ်ပေးရအောင်” ” ဟုတ်ကဲ့ပါဆရာမကြီး ၊ သိပ်ကောင်းတာပေါ့ရှင်” ထိုနေ့မနက်၌ ကိုတင်မိုး နေထိုင်ခဲ့သောအခန်း၌ အိစိုးကဦးဆောင်ကာ သွားရောက်ပြီး အမိန့်ပြန်တမ်းဖတ်စဉ် ညီဟောက်နေသော သွေးနံ့ကြီးက အခန်းတွင်း၌ လှိုင်ထနေလေသည်။ ထို့နောက်ပြန်တမ်းအား ကိုတင်မိုးကို မြှုပ်နှံရာ မြေပုံပေါ်သို့ ရွာသားတစ်ဦးအား သွားရောက် ကာ တင်ထားစေလိုက်၏။ ကျောင်းပိတ်ရက် တစ်ရက်၏ မနက်ခင်း၌မူ ထိုကျောင်းလေး၏ စာကြည့်တိုက်အခန်းလေး၌ သံဃာတော်များ၏ တရားဟောကြားသံအား ကြားနေရ၏။ ကုသိုလ်ပြု အမျှဝေသံများအပြီး၌ သေနတ်မှန်ထားသော ပြတင်းပေါက်မှ မှန်ကွဲများအားလုံး က ခွမ်းကနဲ့ ပြုတ်ကျသွားသည်မို့ တရားနာပရိတ်သတ်ပင် လန့်သွားကြ၏။

ဦးဖေထူးတစ်ဖြစ်လဲ ကျောင်းထိုင်ဆရာတော် ဦးဇောတိက က ” အင်း လူ့ဘ၀တုန်းက ကိုယ့်ယူဆမှန်ကန်တယ်ထင်ပြီးရပ်တည်ခဲ့တဲ့ ဆရာဦးတင်မိုးတစ်ယောက် ကံမကောင်းစွာပဲ အသေဆိုးနဲ့သေခဲ့ရတယ်၊ အဲ့ဒီနေ့ကသာ ကျုပ်ပြောတာလေးလက်ခံလိုက်ရင် ကံဆိုးမှုက လွတ်ချင်လွတ်မှာပေါ့၊ အသက်ကိုဉာဏ်စောင့် ဥစ္စာကိုကံစောင့်တယ်တဲ့၊ ဒကာကြီးတင်မိုးကွယ်လွန်သွားတာ ၀န်ထမ်းဆိုတဲ့စိတ်အစွဲကြောင့် အမိန့်ပြန်တမ်းကို စောင့်နေရရှာတယ်၊ ကျုပ်တို့အရင်ကလည်း ဒီလိုပဲ ကုသိုလ်ပြု အမျှဝေပေးပေမဲ့ သူမကျွတ်ခဲ့ဘူး ဒကာမကြီး ဒေါ်အိစိုး‌၊ ခုတော့ ဆရာမကြီအမိန့်ပြန်တမ်းနဲ့ ကိုယ်တော်ရဲ့ တရားသံကြောင့် ကျွတ်လွတ်တဲ့ဘ၀ကို ရောက်သွားပြီထင်ပါတယ်” ” တင်ပါ့ အရှင်ဘုရား ” ” အင်း အမိန့်ပြန်တမ်းကိုစောင့်နေခဲ့ရရှာတဲ့ ဒကာကြီး တင်မိုး ကောင်းရာသုဂတိလားပါစေ” ဆရာတော်ကြီးက ထိုသို့မိန့်ဆိုကာ စာကြည့်တိုက်အဆောင်တွင်းမှ တည်ငြိမ်စွာ ပြန်ကြွသွား၏။ ဒေါ်ကိုမာတစ်ယောက်လည်း အမိန့်ပြန်တမ်းကို စောင့်နေခဲ့သော လုပ်ဖော်ကိုင်ဖက်၀န်ထမ်းဖြစ်သူ ကိုတင်မိုးတစ်ယောက် ကျွတ်လွတ်သွားပြီဟု ယုံကြည်ရင်း

လေးစားလျက် စာရေးသူ နန်းကြာညို

Leave a Reply

Your email address will not be published. Required fields are marked *