ကျိန်စာသင့်သင်္ချိုင်းမြေ(စ/ဆုံး)
ချင်းလူမျိုးများတွင်စကားပုံတစ်ခုရှိ၏ ။ တောင်တန်းရှိလျင်ချင်းလူမျိုးရှိသည်ဟူသောစကားပင်ဖြစ်၏။ မြန်မာပြည်တိုင်းရင်းသားလူမျိုးများတွင်ချင်းလူမျိုးများမှာချင်းလူမျိုးပေါင်းငါးဆယ်ကျော်ခန့်ဖြင့်တခြားတိုင်း ရင်းသားလူမျိုးများထက်ပို၍အများဆုံးဖြစ်၏ ။ မြန်မာပြည်၏တောင်တန်းရှိရာအရပ်ဒေသအစုံတွင် နေထိုင်ကြပြီး ဘာသာစကားများကလည်းကွဲပြားကြပြန်၏ ။ တောင်ယာစိုက်၊အမဲလိုက်ခြင်းကိုအထူးကျွမ်းကျင်ကြပြီး ကျားလိုတောမုဆိုးကိုပင် တစ်ယောက်တည်းအမဲလိုက်ကြသူများပင်ဖြစ်၏ ။ ကိုးကွယ်မူမှာရှေးယခင်ကာလများက ရိုးရာနတ်ကိုးကွယ်သူများ၏။ (ယခုအချိန်တွင်ခရစ်ယန်ဘာသာများအဖြစ်ပြောင်းလဲရောက်ရှိကုန်ကြပြီဖြစ်သည်။) ယခုဖော်ပြမည့်ဇတ်လမ်းမှာ၁၉၈၈ကာလ တွင်ဖြစ်ပွားခဲ့သောဇတ်လမ်းတပုဒ်ဖြစ်ပါ၏ ။ သရက်တစ်ပင်ရွာ..။ ပဲခူးရိုးမနဲ့ နီးကပ်သောအရပ်တွင်တည်ရှိသောကျေးရွာငယ်တစ်ရွာဖြစ်၏ ။ တချို့သောတောင်ပေါ်နေချင်းလူမျိုးအချို့မှာလည်း ပဲခူးရိုးမတောကိုစွန့်၍သရက်တစ်ပင်ရွာတွင်လာရောက် နေထိုင်ကြရာမှ တစ. တစဖြင့်ရွာလူဦးရေသုံးပုံတစ်ပုံနီးပါးမှာချင်းလူမျိုးများဖြစ်လာကြတော့၏ ။
နိူင်လင်းမှာ ဥပဓိရုပ်ဖြောင့်ဖြောင့် အပြောချိုချိုဖြင့် အကြောင်းမသိသူများအတွက်နှစ်လိုဖွယ်ရာရှိသော်လည်း အကြောင်းသိသူများက အဆင်းလှဆန်းလူ့ပေါက်ပန်း ဟုနိူင်လင်းကွယ်ရာတွင် ခေါ်ဆိုကြသည်။ မိဘများမှာ မိုးရာသီလယ်စိုက်၊ဆောင်းရာသီမြေပဲ၊ခရမ်း၊ငရုတ် ရာသီးပေါ်သီးနှံများစိုက်ပျိုး၍မအားလပ်နိူင်ကြသော်လည်း နိူင်လင်းမှာ မိဘများအလုပ်ကိုကူညီရန်ဝေးစွ။ သူ့လိုပေါ့ပေါ့နေပေါ့ပေါ့စားလူများနဲ့ပေါင်း၍အရက် သောက်၏။ ဖဲကြိတ်ဝိုင်းများတွင်ပါသမျမကုန်မချင်း မထတမ်းဖဲရိုက်တတ်၏ ။ ဖဲကြိတ်ဝိုင်းများမရှိလျင်ကြက်သမားများနဲ့လိုက်၍ရွာစဉ် တကာလှည့်ကြက်တိုက်တတ်၏ ။ အိမ်မှ စပါး၊ မြေပဲ ၊များကို အလစ်တွင်ခိုးရောင်း၍ အရက်စရိတ်ဖဲစရိတ်အတွက် သုံးသူဖြစ်သည်။ မိဘများမှာနိူင်လင်းကြောင့်စိတ်ဆင်းရဲကြရသည်မှာ အချိန်နဲ့အမျပင်ဖြစ်၏ ။ ထိုသို့ဖြင့်နိူင်လင်းတစ်ယောက်တဖက်ရွာသို့ကြက်တိုက်လိုက်သွားရာမှ ထိုရွာတွင်သောင်တင်နေတော့၏ ။
မေရှား ဟူသောလှပပျိုမြစ်၍ချစ်စဖွယ် ချင်းမပျိုလေးတစ်ယောက် နိူင်လင်းနှလုံးသားကိုဖမ်းစားလိုက်သောကြောင့်နိူင်လင်းတစ်ယောက် မောင်ကြီးမခွာနိူင် ဖြစ်နေတော့၏ ။ နောက်ဆုံးတွင် နိူင်လင်းအကြောင်းသိ၍ဝိုင်းဝန်းတားမြစ်နေသည့်ကြားမှပင်လူငယ်သဘာဝအချစ်ကိုဘဝထင်၍ မောင်ကြီးခေါ်ရာလိုက်ခဲ့ရှာတော့သည်။ နိူင်လင်းတစ်ယောက်ခလေးတစ်ယောက်ရသည့်အချိန်အထိဆိုးသွမ်းမြဲဆိုးသွမ်းနေရာ မေရှားမှာသည်းခံစိတ် မိုင်ကုန်သွားပြီမို့ သားငယ်လေးကို ရင်ခွင်ပိုက်၍မိဘအရိပ်သို့ ပြေးဝင်ရှာတော့၏ ။ တစ်လခန့်ကြာသော် နိူင်လင်းမှာယောက်ခမ များရွာသို့လိုက်လာ၍ သူလိမ်မ္မာတော့မည်ဖြစ်ကြောင်း နောက်နောင် မကောင်းမူများမပြုတော့ကြောင်းယောက်က္ခမ များနဲ့ဇနီးဖြစ်သူကိုကတိပြု၏ ။ ယောက်က္ခထီးဖြစ်သူမှာနိူင်လင်းကြောင့်သူ့သမီး စိတ်ဆင်းရဲ၊ကိုယ်ဆင်းရဲဖြစ်နေရသည်ကိုမကြည့်ရက်နိူင်။ သမီးဖြစ်သူကလည်းနိူင်လင်းကိုသံယောဇဉ်မပြတ်နိူင်သောကြောင့် နိူင်လင်းသာ သူ့သမီးကိုအမှန်တကယ်ချစ်ပါကသူတို့နဲ့အတူနေရမည်၊သူတို့အလုပ်ကိုဝိုင်းကူလုပ်ရမည်ဖြစ်ကြောင်း ပြောလာရာ နိူင်လင်းတစ်ယောက်မတတ်သာပဲ ခေါင်းငြိမ့်လိုက်ရတော့၏ ။ ထိုသို့ဖြင့် နိူင်လင်းတစ်ယောက် ယောက်က္ခမအိမ်သို့ရောက်ရှိလာခဲ့ပါတော့သည်။ တောင်ယာခုတ်ထွင်ခြင်း၊စိုက်ပျိုးခြင်းရိတ်သိမ်းခြင်းများမှာ တသက်လုံးအလုပ်ကိုလက်ကြောတင်းစွာမလုပ်ခဲ့ဖူးသောနိူင်လင်းအတွက်ပင်ပန်းလွန်းလှ၏ ။
တောင်ယာစိုက်ပျိုးရန်ပထမဦးစွာ သစ်မာပင်ကြီးများနည်းပါးသောတောင်ကို ုရှောင်၍ ဝါးများထူပိန်းစွာပေါက်နေသောတောင်ကိုရွေးချယ်ရ၏ ။ ဝါးတောင်ဆိုပါကခုတ်ရလွယ်သည့်အပြင် မီးရိူ့ပါကလည်း အားလုံးပြာကျကုန်သည့်အတွက် အဆင်ပြေသောကြောင့်ဖြစ်၏ ။ မိုးမကျမှီအပြီးခုတ်၍မီးရိူ့ထားရပြီး မိုးစတင်ရွာသွန်းချိန်ရောက်လာပါက သစ်သားချွန်ဖြင့်မြေပြင်ကိုထိုး၍ ထိုကျင်းများထဲသို့စပါးစေ့များထည့်ကာမြေဖို့ရ၏ ။ သခွားမျို့စေ့များကိုလည်း စပါးခင်းတွင်ရောနှောစိုက်ပျိုးတတ်ကြ၏။ တောင်ယာစပါးမှာလယ်ယာမြေများတွင်စိုက်ပျိုးသော စပါးမျိုးမဟုတ်ပဲသီးသန့်မျိုးရှိကာ တောင်ယာဆန်မှာလည်း အထူးတလည်အနံ့အသက်မွေးပြန့်၍စီးပိုင်ကာစားကောင်းလှ၏ ။ သခွားမှာလည်း တောင်ယာသခွားမှာ ရှည်မျောမျောပုံမဟုတ်ပဲ တထွာခန့်သာအရှည်ရှိ၍ အလုံးထွားလှ၏ ။ အရသာမှာမြေပြန့်တွင်စိုက်ပျိုးသောသခွားနဲ့မတူ တမျိုးတဖုံအရသာထူးကဲနေပြန်သည်။ စပါးပင်များကြီးထွားလာချိန်မိုးနှောင်းပိုင်းတွင် နွယ်ပင်တချို့နဲ့အတူ မီးလောင်ရာမှပြန်ထွက်လာသော ဝါးပင်များကိုခုတ်ထစ်ရှင်းလင်းပေးရ၏ ။ သီတင်းကျွတ်ကာလချိန်များတွင်စပါးများရင့်မှည့်တတ်ရာတောင်ယာတဲတွင် ညစောင့်အိပ်၍ တောင်ကောင် များကိုနေ့ညမပြတ်စောင့်ကြပ်ရပြန်သည်။ နေ့လည်နေ့ခင်းအချိန်များတွင်ကျေးငှက်များရန် ရှိနေသလို ၊ညပိုင်းအချိန်များတွင်တောဝက်များကလည်းလူစောင့်မရှိပါက တင်းရှစ်ဆယ်တစ်ရာထွက်စပါးခင်းကိုတစ်ညတည်းနဲ့ ဖျက်ဆီးနိူင်ခြင်းကြောင့်ဖြစ်၏ ။ နိူင်လင်းမှာဇနီးနဲ့သားဖြစ်သူမျက်နှာကြောင့်သူတခါမှမလုပ်ဖူးသော တောင်ယာခုတ်ခြင်းလုပ်ငန်းကိုယောက်က္ခထီးနဲ့အတူ ကြိုးစားလုပ်ကိုင်နေသည်။ ကြက်တိုက်၊ဖဲရိုက်ခြင်းများမလုပ်တော့သော်လည်း ပင်ပန်းသည်ဟုအကြောင်းပြချက်ဖြင့် ကောက်ညှင်းဆန်ဖြင့်ချက်ထားသောတောအရက်ကို ညစဉ်မပျက်မှီဝဲဆဲဖြစ်၏ ။
တောင်ယာစပါးရင့်မှည့်စပြုလာသောအခါ နိူင်လင်းမှာယောက်က္ခထီးနဲ့အတူတောင်ယာစောင့်လိုက်ရပြန်၏ ။ နိူင်လင်း ယောက်က္ခထီးချင်းအမျိုးသားကြီးနာမည်ဗမာလိုခေါ်ပါကစောဖေဟုအမည်ရ၏ ။ ဦးစောဖေမှာ တသက်လုံးတောင်ယာလုပ်ငန်းလုပ်ကိုင်လာသူဖြစ်ခြင်းနဲ့အတူ သားကောင်ထောင်ချောက်ဆင်ခြင်းများ ကျွမ်းကျင်၏ ။ ဝက်သုတ်ကိုင်းများ၊တောကြောင်သုတ်ကိုင်းများ တောကြက်သုတ်ကိုင်းများကို စပါးခင်းပတ်လည်တစ်လျောက်ထောင်ထားရာ တောဝက်၊တောကြက်များမကြာခနမိ၍ အခြောက်လှမ်း၊ကြပ်တိုက်၍အိမ်အတွက်စားသောက်၍ ပိုသည့်အပြင်ရွာတွင်ပင်ရောင်းချနိူင်၏ ။ ယခုနေ့တွင်လည်းတောဝက်ကြီးတစ်ကောင်သုတ်ကိုင်းမိရာ ခုတ်ထစ်ကြပ်တိုက်ခြင်းကို ဦးစောဖေက ပြုလုပ်လျက်ရှိနေ၏ ။ ဦးစောဖေမှာသားကောင်သုတ်ကိုင်းထောင်သည်မှအစ ခုတ်ထစ်ကြပ်တိုက်ခြင်းအထိသူတစ်ယောက်တည်းသာ ကျွမ်းကျင်စွာလုပ်ဆောင်သွား၏ ။ နိူင်လင်းမှာအသားကြပ်တိုက်ရန်ထင်းရှာခြင်း။ ကြပ်စင်ဆောက်ရန်ဝါးရှာပေးခြင်းတို့ကိုကူညီလုပ်ကိုင်ပေးရ၏ ။ တောဝက်ရချိန်မှာနေ့လည်ပိုင်းအချိန်မို့ ကြပ်တိုက်ပြီးချိန်တွင်ရွာပြန်ရန်အချိန်မှီသေးသောကြောင့်ကြပ်တိုက်ထားသောအသားများကိုနိူင်လင်းကို ရွာပြန်ပို့စေ၏ ။ ရွာနဲ့တောင်ယာမှာခြေကျင်ခရီးသွားပါကသုံးနာ ရီခန့်မျသွားရသောကြောင့်မှောင်ရီဖျိုးဖျအချိန်တွင်ရွာသို့ ရောက်လာခဲ့တော့၏ ။
အသားများကိုမိန်းမလက်အပ်၍ ရေမိူးချိုးအဝတ်အစားလှဲဝတ်၍ တောဝက်သားတစ်ပိသာခန့်တစ်တွဲဆွဲပြီးအရက်နဲ့တောဝက်သားဖလှယ်သောက်ရန် ယစ်ရွေရည်ဆိုင်သို့ချီတက်ခဲ့တော့၏ ။ အောက်လင်းမီးထွန်းညှိရောင်းချသော ရွာထိပ်မှစံကုလားအရက်ဆိုင်မှာ ယခုလိုညပိုင်းအချိန်မျိုးတွင်သောက်သုံးသူများဖြင့်စည်ကားလျက်ရှိနေသည်။ ဖြစ်သလိုခင်းကျင်းထားသော စားပွဲခုံသုံးလေးလုံးတွင်သောက်စားနေသူများဖြင့်ပြည့်နေသည့်အပြင် အိမ်အပြင်ဖက်တွင် ဖျာကြမ်းများခင်း၍ သောက်သုံးနေသူများဖြင့် စံကုလားအရက်ဆိုင်က ခါတိုင်းနေ့များထက်လူပိုစည်ကားလျက်ရှိနေ၏ ။ ”….ဟေ့ကောင်…နိူင်လင်း…ဒီကိုလာလေကွာ….” နိူင်လင်းမှာအရက်တစ်လုံးကိုင်၍မည်သည့်နေရာ ထိုင်ရနိူးနိူးရှိနေစဉ် အပြင်ဖက်ဝိုင်းဆီမှလှမ်းခေါ်သံကြောင့်လှမ်းကြည့်လိုက်ရာဟိုယခင်ကသူနဲ့တွဲဖော်တွဲဖက်စံဘကိုတစ်ခြား သောမျက်နှာစိမ်းဧည့်သည်နှစ်ယောက်နဲ့အတူတွေ့ လိုက်ရတော့၏ ။ ”….စံဘ…သူငယ်ချင်း….” ” ဒါကျွန်တော်အခင်ဆုံး သူငယ်ချင်း နိူင်လင်းတဲ့…ကျွန်တော်တို့ရွာကပဲ ဒီရွာမှာအိမ်ထောင်ကျနေတာ…” ”..ဒါ ပြည်မြို့က လာကြတာ ဒီအစ်ကိုနာမည် ကိုသန်းထိုက် ဒီဖက်အစ်ကိုနာမည်က ကိုအောင်ကြီးတဲ့ …” နိူင်လင်းမှာသူ့အရက်ပုလင်းကိုင်၍ စံဘသို့ဝိုင်းတွင်ဝင်ထိုင်လိုက်ချိန်တွင် စံဘမှ ဦးဆောင်၍မိတ်ဆက်ပေးနေခြင်းဖြစ်၏ ။ အသားညိူညိူ ကိုယ်လုံးကိုယ်ထည်တောင့်တောင့်လူနာမည်မှာသန်းထိုက်ဟုသိရပြီး အသားလတ်လတ်လူပုံနွဲ့နွဲ့မှာအောင်ကြီးဟုနိူင်လင်း သိရတော့၏ ။ နှစ်ယောက်လုံးမှာသန့်ပြန့်စွာဝတ်စားဆင်ယင်မူနဲ့အတူ ဘေးလွယ်အိတ်ကြီးကိုယ်စီလွယ်၍ ဖော်ရွေသောအမူ အယာရှိသောကြောင့် ကုန်သည်ပွဲစားများလားဟုနိူင်လင်းစိတ်တွင်းကောက်ချက်ချလိုက်မိ၏ ။
”…မင်းသတင်းတွေကြားရပါတယ် မိန်းမရပြီး လိမ္မာနေပြီဆို စီးပွားရေးကောအဆင်ပြေရဲ့လား…” ”…ဒီလိုပါပဲကွာယောက်ခမနဲ့တောင်ယာလိုက်နေရ တယ်ပြေတယ်တော့ ဘယ်ဟုတ်မလဲ.။.… ကိုစံကုလားရေ ကျုပ်ကိုတောဝက်သားတစ်ပွဲချပေးလေ…” ”…အော်..ညီလေး…ရော့ရော့.. မှာစရာမလိုပါဘူး စံဘသူငယ်ချင်း အစ်ကိုတို့သူငယ်ချင်းပေါ့…အားမနာပါနဲ့…” နိူင်လင်းမှာစံဘအမေးကိုမဖြေမှီရေနွေးပန်းကန်အတွင်းဆန်အရက်တစ်ခွက်ငှဲ့သောက်ပြီးမှစံဘအမေးကို ဖြေလိုက်သလို၊အမြည်းပါတဆက်တည်းလှမ်းမှာနေရာ သန်းထိုက်မှာ ဖော်ရွေစွာဖြင့်ကြက်သွန်စိမ်းလှီးထည့်၍ ဆီရွဲရွဲဆမ်းထားသော ဆတ်သားခြောက်ဖုတ်ပန်းကန် ကိုအတင်းထိုးပေးနေ၏ ။ နိူင်လင်းမှာလည်းအစပထမအားနားကြောင်းငြင်း သေးသော်လည်း နောက်ပိုင်းအရက်တစ်ခွက်ပြီးတစ်ခွက်ဝင်သွားသောအခါစကားပြောကြွယ်၍ရယ်မောစရာများစကားတွင်ညှပ်ပြောတတ်သောသန်းထိုက်နဲ့အောင်ကြီးတို့နှစ်ယောက်နဲ့ ငယ်ပေါင်းကြီးဖော်များကဲ့သို့ခင်မင်သွားကြတော့သည်။ တောဝက်သားကိုအရက်သုံးလုံးကြိုက်ရာအမြည်းတပွဲစားဖြင့်လှယ်ထားရာ ပထမတစ်လုံးကုန်၍နောက်ထပ် နှစ်လုံးချခိုင်းရာ အောင်ကြီးနဲ့သန်းထိုက်မှ သူတို့တိုက် မည့်အကြောင်း ရစရာရှိသောအရက်များကိုနောက် သောက်ရန်ဆိုင်တွင်သိမ်းထားရန်ပြောဆိုလာ၏ ။ အောင်လင်းမီးထွန်း၍သောက်နေကြသောသူတို့အရက်ဝိုင်းမှာတခြားလူများပြန်ကုန်ကြပြီဖြစ်သော်လည်းညနက်လာသည်အထိဝိုင်းကောင်းနေဆဲဖြစ်၏ ။ နိူင်လင်းမှာလည်းအစပထမ စားကောင်းသောက်ကောင်းသောက်ရန်သာစိတ်ကူးထားသော်လည်းမိတ်ဆွေအသစ်များရနေသောကြောင့် ဆက်သောက်နေရာလူလည်းယိုင်ထိုးနေပြီဖြစ်၏ ။ သန်းထိုက်နဲ့အောင်ကြီးမှာတနယ်သားမို့တစ်ခြားနယ်တွင်မူးအောင်မသောက်ခြင်းလား တစ်ခြားအကြောင်း ရှိ၍လားမဆိုနိူင်မှေး၍သာသောက်နေ၏ ။
သန်းထိုက်မှာစံဘနဲ့နိူင်လင်းမူးနေပြီမှန်းသေချာ သောအခါအောင်ကြီးကိုမျက်စပစ်ပြလိုက်၏ ။ အောင်ကြီးမှနိူင်လင်းကိုအရက်တစ်ခွက်ငှဲ့ပေး ရင်းမှ…. ” ဒါနဲ့ ကိုစံဘပြောပုံအရ ကိုနိူင်လင်းအိမ်ရှင်မက အတော်ချောတဲ့ ချင်းမလေးဆို….” ”..အဟေး…ဒီကောင်စံဘ..မြှောက်ပြောတာပါ အဲလောက်မချောပါဘူး…” မိန်းမချောကြောင်းပြော၍သဘောကျစွာရှိနေသော စံလင်းကိုကြည့်၍ သန်းထိုက်နဲ့ အောင်ကြီးတို့အဓိပ္ပါယ်ပါပါပြုံးလိုက်ကြ၏ ။ သန်းထိုက်မှ… ”…ကိုနိူင်လင်း တောင်ယာလုပ်တာအဆင်ပြေလား.. ငွေကောအတော်အသင့်စုမိပြီလား…” ” ..အာ… ထမင်းတော့နပ်မှန်အောင်စားရတာပေါ့ တစ်ခြားအပိုဝင်ငွေတော့ဘယ်ရှိပါ့မလဲ….” ”..ကိုနိူင်လင်း သူဌေးမဖြစ်ချင်ဘူးလား တချီတည်း ဝုန်းခနဲ….ငွေအစုလိုက် အပုံလိုက်မလိုချင်ဘူးလား…..” ”…ဟာ….အရူးကိုသွားမေးရင်တောင်.. ချမ်းသာချင်တယ်ပဲဖြေမှာ…မချမ်းသာချင်သူဘယ်ရှိပါ့မလဲ…ဒါပေမယ့်.. လူသတ်၊ဓားမြတိုက်၊ခိုးဝှက်ရတာမျိုး ကျုပ်မလုပ်ဘူး….မချမ်းသာချင်နေ အဲတာမျိုးတော့ ကျုပ်မလုပ်ဘူး…” နိူင်လင်းမှာသူကိုသူဖျက်သံချေးတက်နေသူဖြစ်သော်လည်းစိတ်ယုတ်မာရှိသူတစ်ယောက်မဟုတ်ကြောင်း သူ့စကားကသက်သေခံနေ၏ ။
သန်းထိုက်စကားပြောခနနားနေချိန်အောင်ကြီးမှ နိူင်လင်းအား…. ”…အဲလိုတရားဥပဒေနဲ့မလွတ်တဲ့အလုပ်မျိုးမဟုတ်ပဲ ဒီအတိုင်းတခြားအလုပ် လုပ်လို့လည်းချမ်းသာနိူင်တာပါပဲ…အခြေအနေအခွင့် ကောင်းကြုံရင်တစ်ချက်တည်းပါပဲ…” ”…အဲလိုအလုပ်မျိုးကြုံရင်ကျုပ်ကိုလည်းခေါ်ကြစမ်းပါဗျာ… ကျုပ်လည်းလူပဲချမ်းသာချင်တာပေါ့….” ”…စံဘ…စံဘ….မူးနေပြီလား..ခင်ဗျားသူငယ်ချင်းကိုအလုပ်အကြောင်းခနပြောပြလိုက်လေ… မပေါက်ကြားစေဖို့လည်း သတိပေးလိုက်အုံး…..” အောင်ကြီးမှာတစ်ချိန်လုံးငြိမ်သက်စွာဖြင့်ဆေးပေါ့လိပ်လေးခဲ၍ရီဝေဝေမျက်လုံးများဖြင့်သူတို့ပြောစကားများ နားထောင်နေသော စံဘကို သူတို့အလုပ်ကိစ္စအကြောင်းပြောပြခိုင်းခြင်းနဲ့အတူ နူတ်လူံစေရန်လည်းသတိပေး စံဘမှာလည်းသတိထား၍သောက်နေသူမို့ မူးယစ်ခြင်း သိပ်မရှိပေ။ နိူင်လင်းအနီးသို့လူချင်းနီးစေရန်တိုးကပ်ထိုင်ရင်း ပတ်ဝန်းကျင်အခြေအနေကိုတချက်အကဲခတ်ကြည့် ပြီးသူတို့ဝိုင်းဘေးမည်သူမှမရှိမှန်းသေချာတော့မှ… ”…နိူင်လင်း….ငါပြောတာ..သေချာနားထောင်… ငါပြောတဲ့စကားကိုတခြားဘယ်သူ့ကိုမှ လျောက်မပြောမိစေနဲ့ ကုန်ကုန်ပြောရရင်မင်းပါးစပ်ကတောင်တစ်ယောက်တည်းယောင်ပြီးမပြောမိပါစေနဲ့….” ”…စံဘ.. မင်းစကားကလည်းအဆန်းပါလား….. အင်းပါ ငါနူတ်မဖွာတတ်တာမင်းသိပါတယ်..ဘာလဲဆိုတာသာ ပြောကွာ…” ”…ဒီလိုကွာ မင်းမိန်းမအမျိုးအနွယ်တွေက ချင်းလူမျိုးတွေဆိုတော့ မင်းချင်းသင်းချိုင်းဆိုတာ ကြားဖူးလား….” ”…ဟာ…မင်းဟာကဘာများလဲလို့ …သူတို့မှာသီးသန့်သင်ချိုင်းကုန်းရေလို့ မကြားမိပါဘူး.. .” ”..မဟုတ်ဘူးနိူင်လင်းငါလည်းအစက မင်းလိုပဲ ထင်တယ် ဒါပေမယ့် အဲလိုမဟုတ်ပြန်ဘူး….” ”…ဟာ..မင်းစကားက ငါပိုမူးချင်သွားပြီ…စံဘရာ…” ”…ကိုသန်းထိုက်တို့ကိုအောင်ကြီးတို့ပဲပြောပြလိုက်ကြပါ ဒီကောင်ယုံရပါတယ်….” စံဘမှာရှေ့ဆက်ပြောလာမည့်စကားကိုမဆက်တတ်ဟန်သန်းထိုက်နဲ့အောင်ကြီးကိုအကူအညီတောင်းလိုက်တော့၏ ။
စံဘမှာစကားလုံးချာပတ်လည်လိုက်နေခြင်းကြောင့် သန်းထိုက်မှပင် စံဘစကားကိုရှေ့ဆက်လိုက်တော့၏ ။ ”…ဒီလို ကိုနိူင်လင်း ချင်းသချိုင်းဆိုတာ ကျွန်တော်တို့ ခင်ဗျားတို့သာ မသိတာ သူတို့ချင်းလူမျိုးတွေ ခလေးလူကြီးမကျန်နေရာမသိရင်တောင်ကြားဖူးနေကြတဲ့ ရှေးဟောင်းသင်ချိုင်းတစ်ခုပဲ….” ”…ဘယ်လို.. ကျုပ်နားမလည်လို့ အဲဒီ ချင်းသင်းချိုင်းနဲ့ ကျုပ်တို့ချမ်းသားမယ့်ကိစ္စဘယ်လို များသက်ဆိုင်နေလို့လဲ….” ”…ဆိုင်ပါကောဗျာ….ခင်ဗျားသာအဲနေရာကို တွေ့ရင်ချမ်းသာပြီလို့ ပြောလို့ရတယ်ဗျ….” ”..ဟင်…ချင်းသင်ချိုင်းကိုတွေ့ရင်ချမ်းသာပြီဟုတ်လား…” ”…ဟုတ်တယ် ကိုနိူင်လင်း ပဲခူးရိုးမထဲမှာ ချင်းနားပေါက်ကျယ်(နားပေါက်ကိုယခုခေတ်လူငယ်များအကျယ်ကြီးချဲ့ထားသလိုနားပေါက်အကျယ်ချဲ့ထားသောချင်းမျိုးနွယ်စု )လူမျိုးတစ်စုဟာတောထဲက မမျော်လင့်ပဲ ရတနာတွေတွေ့ခဲ့ကြတယ် သူတို့ဟာ ရွေတွေကိုတန်ဖိုးရှိမှန်းလည်းမသိကြပါဘူး…. ဒီအတိုင်းအရောင်ထွက်နေတဲ့ကျောက်တုံးလေးတွေ အဖြစ်သိမ်းဆည်းထားကြတယ် ခလေးတွေကလည်း အဲတာတွေနဲ့ဆော့ကစားကြတာပေါ့ ဒါပေမယ့် ဖြစ်ချင်တော့ အဲဒီတစ်ရွာလုံးကပ်ဘေးသင့်သလိုရော ဂါဆိုးကြီးကြုံပြီးတစ်ယောက်ပြီးတစ်ယောက်သေကုန် ကြတယ်။
သူတို့လူမျိုးထုံးစံအရ ပိုင်ဆိုင်မူမှန်သမျ အိုးတစ်လုံးထဲထည့်ပြီးသူတို့နဲ့အတူမြုတ်နှံရပေးရတယ်။ နောက်ဆုံးလူတွေတစ်ယောက်ပြီးတစ်ယောက်သေကုန်ရင်းရွာပျက်သွားတယ်ပေါ့ဗျာ…။ တစ်ခြားမသေမပျောက်ကျန်နေသူတွေကလည်း သူတို့ရွာသားတွေခုလိုသေကုန်တာ အရောင်ထွက်နေတဲ့ကျောက်တုံးတွေနဲ့သက်ဆိုင် တယ်လို့စိတ်ထင်မှတ်သွားပြီး အဲဒီသင်ချိုင်းထဲ မှာပဲ သူတို့ရသမျ ရွေတွေကိုမြုတ်လိုက်ကြတာပါပဲ။ ပြောရရင် ကျုပ်တို့ဟာအစောကပြောတဲ့ ချင်းသင်ချိုင်းကိုလိုက်ရှာနေတဲ့သူတွေပဲ ကိုနိူင်လင်း…” သန်းထိုက်စကားအဆုံးတွင်နိူင်လင်းမှာအရက်မူးပြေသလိုပင်ဖြစ်သွားရတော့၏ ။ အကယ်၍ထိုသင်ချိုင်းကိုသာသူသာတွေ့ပါကရတနာများကိုရမည်ဆိုသော အတွေးလောဘဖြင့်အမူးပြေသ လိုဖြစ်သွားခြင်းပင်။ အောင်ကြီးမှာလည်းချောင်းတစ်ချက်ဟန့်လိုက်ရင်း…. ”..ကျွန်တော်တို့ ခင်ဗျားကိုခုလိုပြောပြရတာက ဒီကိစ္စတွေများ ခင်ဗျားသိမလားလို့ပါ…” ” ကြံကြီးစည်ရာဗျာ.. ကျုပ်..ခင်ဗျားတို့ပြောမှပဲ ဒီအကြောင်းကြားဖူးတာ…” ” ခင်ဗျား..မကြားဖူးပေမယ့် ခင်ဗျားယောက်ခမကြီးတော့ ကြားဖူးရုံတင်မကဘူး ကံကောင်းရင်နေရာကိုပါ သိချင်သိနေမှာ ဘာလို့လဲဆိုရင် သူကနားပေါက်ကျယ်ချင်းတစ်ယောက်လေ….” ”..ဟင်…ကျုပ် ယောက်က္ခမကြီးနားပေါက်ကျယ်ချင်းမှန်းခင်ဗျားတို့သိတာပေါ့… ” ”…သိတာပေါ့ဗျာ.. ကျုပ်တို့က ပဲခူးရိုးမတစ်ဝိုက်ဒီအကြောင်းလိုက်စုံစမ်းနေတာကြာပြီ ခက်တာက သူတို့အကြောင်းလည်းခင်ဗျားသိသားပဲ သူတို့မပြောချင်တဲ့ကိစ္စဆိုရင် အသက်သာအသေခံသွားမယ် ဘာနဲ့စည်းရုံးရုံးမရလို့ သူတို့နဲ့ပတ်သက်ရင် ”.ဓားကိုတောင် တစ်ဖက်တည်းသွေးတယ်”စကားပုံရှိနေတာပဲ… ခင်ဗျားက သမက်ဆိုတော့တစ်မျိုးလေ ခင်ဗျားမေးရင် ပြောချင်ပြောလောက်ပါတယ်…. ” ”..အရင်ကတော့ ပြောသံမကြားဖူးပေမယ့် ကျုပ်နည်း ကျုပ်ဟန်နဲ့.. စုံစမ်းကြည့်မယ်ဗျာ…အခြေအနေထူးရင် ခင်ဗျားတို့ကို ဘယ်လိုဆက်သွယ်ရမလဲ…” ”…ကျုပ်တို့လည်းဒီမှာရှိနေအုံးမှာပါ တကယ်လို့ ကျုပ်တို့မရှိရင်လည်း ခင်ဗျားသူငယ်ချင်းစံဘကိုပြောထား သူဆက်သွယ် လာလိမ့်မယ်…..” ညနက်သောအခါအားလုံးကိုနူတ်ဆက်၍သူရစရာကျန်သေးသောအရက်နှစ်လုံးကိုဆွဲကာ နိူင်လင်းပြန်လာခဲ့၏ ။
ခါတိုင်းထိုမျလောက်သောက်လျင်ဂျွမ်းထိုးမှောက်ခုံယိမ်းထိုးမူးယစ်နေပြီဖြစ်သော်လည်း ယခုကားပုံမှန်အတိုင်း ရှိနေ၏ ။ အရက်လည်းဆက်သောက်လိုစိတ်မရှိသောကြောင့် အိမ်ပြန်ရောက်ချိန်တွင် ဇနီးဖြစ်သူခူးခပ်ကျွေးမွေးသော ထမင်းကိုစားသောက်၍အိပ်ယာဝင်လိုက်တော့၏ ။ သူ့အိပ်မက်ထဲတွင်ရတနာများရရှိ၍ချမ်းသာကြွယ်ဝသော သူဌေးကြီးနိူင်လင်းအဖြစ် အိပ်မက်ပင်မက်နေသေးတော့၏ ။ နောက်တစ်နေ့မနက်စောစောမှာပင် ဇနီးဖြစ်သူထုတ်ပိုးထားသော ဆန်၊ဆီ၊ဆားရိက္ခာထုတ်ကိုထမ်းရင်းလက်ကျန်အရက်နှစ်ပုလင်းကိုယူကာ နိူင်လင်းတောင်ယာတဲသို့ရောက်လာ ခဲ့တော့၏ ။ စပါးခင်းမှာနောက်တပတ်ခန့်ဆိုလျင်ရိတ်သိမ်း၍ ရပြီဖြစ်ကြောင်းသူ့ယောက်က္ခထီးဦးစောဖေကဆိုလာ၏ ။ ဦးစောဖေက နေ့လည်ပိုင်းတွင် သီးမွေးငှက်ပျောဖြင့်ထောင်ထားသောအစာသုတ်ကိုင်းတွင် တောကြောင်တစ်ကောင်ရလာသောကြောင့် နိူင်လင်းမှာတောကြောင်သားကို စပါးလင်နိူင်နိူင်ဖြင့် ချက်၍ကျက်သောအခါ ပန်းကန်လုံးတွင်ဟင်းတစ်ခွက် ခူး၍ သူယူလာသောအရက်ပုလင်းများထုတ်လာ၏ ။
”…ဦးလေး…တောကြောင်သားနဲ့ တစ်ခွက်လောက် လာသောက်ပါလား အမြည်းကောင်းတော့ အရက်ကသောက်ရတာ ဘယ်လိုကောင်းမှန်းမသိဘူး….” ”..မင်းပဲသောက်ပါကွာ…မသောက်တော့ပါဘူး.. ” ”…လာပါဦးလေးရ..ဦးလေးသောက်ဖို့အတွက်ပိုဝယ် လာခဲ့တာပါ တစ်ခွက်လောက်တော့သောက်ပါ…” ဦးစောဖေအကြိုက်ကိုသိနေသောနိူင်လင်းမှာ အရက်ကိုအကြောင်းပြု၍စကားနိူက်ထုတ်ရန် ဦးစောဖေကိုခေါ်နေခြင်းဖြစ်၏ ။ ဦးစောဖေမှာလည်း ယစ်ရွေရည်လေးမှီဝဲတတ်သူမို့ မသောက်ရတာကြာနေပြီဖြစ်သည့်အပြင် နိူင်လင်းမှ အရက်တစ်ခွက်သောက်၍ကြောင်သားတဖဲ့မြည်းပြနေရာတတိယအကြိမ်ငြင်းဆန်မနေတော့ပဲ နိူင်လင်းကမ်း ပေးလာသောအရက်ခွက်ကိုယူ၍ တဂွတ်ဂွတ်မော့သောက်လျက်ရှိရာနိူင်လင်းကအလိုက်တသိတောကြောင်းသားဟင်းပန်းကန်ကိုရှေ့တိုးပေး၍ကုန်သွားသောအရက်ခွက်ကိုထပ်ဖြည့်ပေးလိုက်၏ ။ တစ်ယောက်နဲ့တစ်ယောက်ကြားသားမက်နဲ့ယောက်က္ခမမို့စကားမဆိုပဲခပ်တန်းတန်းသောက်နေရာမှနိူင်လင်းမှာသူသိလိုသည်များစကားစရန်အခက်ကြုံနေ၏။ အရက်တစ်လုံးကုန်၍နောက်တစ်လုံးစသောက် ကြချိန်တွင်လူကြီးဖြစ်သော ဦးစောဖေမှာ မူးယစ်စပြု နေပြီဖြစ်သောကြောင့် သူ့စကားကိုစရန်ဆုံးဖြတ်လိုက်၏ ။
” ..ဦးလေး.. ဦးလေးတို့ကတောင်ပေါ် နားပေါက်ကျယ်ချင်းလူမျိုးလို့ပြောသံကြားတယ်.. ဟုတ်လား ဦးလေး…” ”..ဟေ..အေး…ဟုတ်တာပေါ့ကွာ … ဘာဖြစ်လို့လဲ…” ”…ဘာမှမဟုတ်ပါဘူး..ဦးလေးတို့လူမျိုးတွေက အမဲလိုက်တာတွေအတော်ကျွမ်းကျင်တယ်လို့ ဦးလေးသမီးကပြောပြလို့…” ဦးစောဖေတစ်ယောက်အရက်အရှိန်တက်နေပြီ ဖြစ်၍နူတ်သွက်လျာသွက်ဖြစ်ကာ သူတို့လူမျိုးစုများမှာ ကျားကိုပင် ဝါးချွန်ဖြင့်အမဲလိုက်ကြောင်း၊ဆင်များကို ထောင်ချောက်ဆင်ဖမ်းဆီးမူများအကြောင်းများစီကာပတ်ကုံးပြောပြနေ၏ ။ နိူင်လင်းမှာထိုအကြောင်းအရာများစိတ်မဝင်စားသော်လည်း သူသိလိုသောအကြောင်းအရာများမေးလို၍ စိတ်ဝင်စားချင်ယောင်ဆောင်နားထောင်လျက်ဦးစော ဖေအရက်ခွက်ကိုမပြတ်ငှဲ့ထည့်ပေးလျက်ရှိနေ၏ ။ ”…ဦးလေး…ကျွန်တော်အဖေပြောပြလို့ကြားဖူးတာ အရင်ကပဲခူးရိုးမထဲမှာ ရွေတွေရပြီး တစ်ရွာလုံးသေသွားကြတယ်ဆိုလားရွာတစ်ရွာရှိတယ်ဆို….” ”…ဟေ…အေး…ရှိတယ်လေကွာ.. ငါတို့အမျိုးတွေတောင်ပါသွားသေးတယ်….” ”…ဟုတ်လား…ဦးလေးရောရောက်ဖူးလား…” ”..မင်းကဒီအကြောင်းဘာလို့သိချင်နေရတာလဲ…” ” ..ထူးထူးဆန်းဆန်း..အကြောင်းအရာမို့စိတ်ဝင်စားမိတာပါဦးလေးရာ ….” ”…ဒီအကြောင်းတွေကိုတစ်ခြားလူတွေကိုပြောပြလို့မရဘူးကွ…” ”….ဦးလေးကလည်း..ကျွန်တော်က တစ်ခြားလူမှမဟုတ်တာ ဦးလေးသမက်မိသားစုဝင်ပဲဟာ…” ”…မင်းဒီအကြောင်းတွေကိုတခြားလူတွေကိုတော့ ပြန်မပြောရဘူးနော်…. ” ”…စိတ်ချပါဦးလေးရ မပြောပါဘူး…” ဦးစောဖေမှာမူးယစ်နေပြီမို့နိူင်လင်းအကွက်ဆင်ထားသောဂွင်ထဲရောက်လာခဲ့ပြီဖြစ်၏ ။
”…ရှေးကဦးလေးတို့လူမျိုးစုတွေထဲက လူတယောက်ဟာကျောက်ဂူကြီးတစ်ခုပွင့်နေတာ နဲ့အထဲဝင်ကြည့်မိရင်းက အထဲမှာ အရောင်လက်နေတဲ့ ကျောက်တုံးလေးတွေအများကြီးတွေ့တယ်တဲ့့ ဝါ၊စိမ်း၊နီ၊ပြာ၊အရောင်မျိုးစုံကျောက် မျိုးစုံပေါ့ တကယ်ကအဲတာတွေက ရွေ၊ပတ္တမြား၊နီလာ မြကျောက်တွေဖြစ်လောက်တယ်။ သူတို့ကတော့ တန်ကြေးရှိမှန်းဘယ်သိပါ့မလဲ။ အဲတာနဲ့အဲဒီရွာသားလည်း အိမ်က ခလေးတွေဆော့ဖို့အဲကျောက်တွေနိူင်သလောက် သယ်လာခဲ့တယ်။ တချို့ကိုတော့ နားတောင်းပန်ဖို့လုပ်တာပေါ့…။ ဒီလိုနဲ့ တခြားရွာသားတွေလည်းအဲဒီကျောက်ဂူက ရွေတွေကိုသွားယူကြတာ တစ်ရွာလုံးနီးပါးယူကြတာ ပေါ့။ ဒီလိုယူပြီးမကြာပါဘူး အိပ်မက်ဆိုးတွေ တရွာလုံးနီး ပါးစမက်ကြတော့တာပါပဲ… ” ” ဘယ်လိုအိပ်မက်ဆိုးများလဲ ဦးလေး…” ဦးစောဖေမှာ စကားရပ်လိုက်၍အရက်တငုံငုံ၍သောက်ကာအမြည်းစားနေသောကြောင့် နိူင်လင်းမှာ သိချင်စိတ်ကိုမမြိုသိပ်နိူင်စွာမေးလိုက်မိတော့၏ ။ ” …ညအိပ်ချိန်ရောက်တိုင်း သူတို့အိပ်မက်ထဲကို ကြောက်လန့်စရာကောင်းတဲ့ လူမဲကြီးတစ်ယောက်ရောက်လာပြီး သူတို့ယူသွားတဲ့ ဟာတွေပြန်လာထားဖို့လာပြောတယ်တဲ့… တကယ်လို့အချိန်မှီပြန်လာမထားရင် တန်ရာတန်ကြေး ပြန်ပေးရလိမ့်မယ်လို့ ကြိမ်းဝါးသွားတယ်တဲ့..။ တချို့က ကြောက်လို့ပြန်သွားထားကြတယ် တချို့ကတော့ ဘာမှအရေးမပါတဲ့ကျောက်တွေအတွက်အလုပ်ရူပ်ခံ ပြီးသွားမပို့ကြတော့ဘူး ဒီလိုနဲ့ ရွာမှာကပ်ဆိုးစဆိုက် ပါလေရောတဲ့…” ” ဘယ်လိုမျိုးကပ်ဆိုးဆိုက်တာလဲ ဦးလေး…” ” …အကောင်းကြီးကနေရုတ်တရက်ကောက်ခါငင်ကာဖျားပြီးတော့ လူတွေတစ်ယောက်ပြီးတစ်ယောက် သေပါလေရောတဲ့ သေခါနီးလည်း ဝူးဝူးဝါးဝါး တွေကြောက်လန့်တကြားအော်ပြီးသေကြတာတဲ့..။ ဒီလိုတစ်ယောက်ပြီးတစ်ယောက်သေနေတော့ရွာသားတွေစိတ်ထဲသံသယစဝင်လာကြတော့တယ် ဒီလိုဖြစ်တာဟာ သူတို့ယူလာတဲ့အရောင်တောက်တောက်ကျောက်တွေ နဲ့များသက်ဆိုင်သလားဆိုတဲ့အတွေးမျိုးစဝင်လာကြတာပေါ့…. ။
ဒါနဲ့ ကျန်တဲ့သူတွေက အဲဒီကျောက်တွေကိုယူလာတဲ့နေရာပြန်သွားထားတဲ့အချိန်ထူးဆန်းတာတစ်ခုတွေ့လိုက်ကြရတော့တယ်။ အဲဒါကတော့ အစပထမပွင့်နေတဲ့ဂူတခါးကြီး နေရာမှာကျောက်ပြားကြီးတစ်ချပ်ပိတ်လျက်သားတွေ့ လိုက်ရတော့တာပါပဲ….။ နောက်ဆုံး အဲဒီဂူထဲကရောင်စုံကျောက်တွေယူမိတဲ့သူမှန်သမျအား လုံးသေကုန်ကြတာပါပဲ။ ထူးခြားချက်ကတော့ ရောင်စုံကျောက်တုံးတွေအချိန်မှီပြန်သွားထားလိုက်တဲ့ လူတွေတော့ဘာမှမဖြစ်ကြဘူးလေ…” ”…ဒါဆို ရွေတွေ.. …သေသွားသူတွေရဲ့.ရောင်စုံကျောက်တုံးတွေက ဘယ်ရောက်သွားလဲ ဦးလေး…” နိူင်လင်းမှာ သူသိလိုသောရွေငွေရတနာများအကြောင်းသိလိုသောကြောင့်အလောတကြီးမေးမြန်းနေမိ၏ ။ ”….မသေပဲကျန်သူတွေက သူတို့စိတ်ထဲရောင်စုံကျောက်တုံးတွေကြောင့်သူတို့ရွာသားတွေသေရတယ်ဆိုတဲ့ စွဲလမ်းစိတ်ဝင်သွားတယ်…သူ့မူလနေရာကလည်း ကျောက်တခါးပိတ်နေပြီဆိုတော့ ကျောက်တွေဟာ သေသူတွေနဲ့သက်ဆိုင်တယ်ဆိုပြီး အိုးတွေထဲထည့်ပြီး သူတို့သေရာနောက်ထည့်ပေးလိုက်ကြတာပါပဲကွာ…” ”…ဟာ..ဒီလိုဆိုရင်.. သူတို့မြုတ်တဲ့နေရာမှာ အဲဒီကျောက်တွေရှိနေတာသေချာသွားပြီပေါ့….” ”…အေး…ငါတစ်ခုတော့မှာထားမယ်နော်.. ငါ့သမီးမုဆိုးမဖြစ်မှာစိုးလို့မင်းကို ကြိုမှာထားတာ ဟိုးက တောင်ကုန်းတွေ့လား……….” ဦးစောဖေတစ်ယောက် မသောက်တာကြာပြီဖြစ်သည့်အပြင် နိူင်လင်းခွက်ကျော်တိုက်မူကြောင့်အတော်ကြီးမူးယစ်နေကာ စကားကိုပင်လေးလုံးမကွဲတော့သလို သူလျို့ဝှက်ချက်များကိုလည်း တစ်လုံးမကျန်ပြောပြနေရာနိူင်လင်းအကြိုက်ဖြစ်နေပါ၏။ လူကလည်းနတ်ဝင်သည်အလားယိမ်းယိုင်နေရာ မှသူတို့တောင်ယာတဲမှလှမ်းမြင်နေရသော တောင်ကြီးကို လက်ညိူးညွန်ပြရင်းပြောလာ ခြင်းကြောင့် နိူင်လင်းတစ်ယောက်ခေါင်းထောင်ကြည့်နေမိတော့၏။
”… အဲတာ အရင်က ရွာပျက် သချိုင်းဟောင်းတောင်ပဲ ဘယ်သူမှ အဲတောင်ပေါ်ကို မင်းဘယ်တော့မှ မသွားမိစေနဲ့ ….” ”…မသွားပါဘူး ဦးလေးရာ ဘာလို့သွားရမှာလဲ…” ”မသွားဘူးဆိုပြီးတာပါပဲ မင်းကိုကြိုပြောထားရမှာက ငါတာဝန်မို့ပဲ .”. ဦးစောဖေတစ်ယောက် မူးမူးဖြင့်တခေါခေါဟောက်၍ အိပ်ပျော်နေချိန်တွင် နိူင်လင်းတစ်ယောက် ဦးစောဖေ ညွန်ပြသောတောင်ကြီးကိုလှမ်းကြည့်၍အတွေးများ ဖြင့်ရှိနေပါတော့၏ ။ အောင်ကြီးသန်းထိုက်တို့ပြောပြချက်နဲ့အနည်းငယ် သာကွဲလွဲသော သင်းချိုင်းဟောင်းအကြောင်းသိရချိန် တွင်သူ့တစ်ယောက်တည်းပင် သင်းချိုင်းဟောင်းအတွင်းမှရတနာများကိုတူးယူ၍ တစ်ခြားလူများကိုခွဲမပေးလိုတော့ပေ။ သို့ရာတွင် ရတနာများကိုရရှိလာပါကထိုမျ များပြားသောရတနာများကိုထုခွဲရောင်းချရန်သူတစ်ယောက်တည်းလုပ်၍မဖြစ်နိူင်ပေ။ ကျွမ်းကျင်၍လူရည်လည်သော အောင်ကြီးနဲ့သန်းထိုက်လိုမြို့သားအကူအညီလိုအပ်နေပြန်၏ ။ ထို့အပြင်သင်းချိုင်းဟောင်းတောင်ကိုသိရပြီဖြစ်သော်လည်းလူသေမြုတ်နှံရာနေရာကိုတစ်ယောက်တည်း စမ်းတဝါးဝါးရှာသည်ထက်လူအုပ်စုနဲ့ရှာသည်ကပို၍ တွေ့နိူင်ချေများသောကြောင့် တစ်ယောက်တည်းလက်ဝါးကြီးအုပ်မည့်အစီအစဉ်ကို လက်လျော့၍သူ့ဝေစုကိုပိုတောင်းရန်စိတ်ကူးထားလိုက်၏ ။ နောက်တစ်နေ့ရောက်သောအခါအကြံသမား နိူင်လင်းမှာကောက်ခါငင်ကာနေမကောင်းဖြစ်ပါတော့၏ ။ ဦးစောဖေတစ်ယောက်နိူင်လင်းအကြံကိုမရိပ်မိ သောကြောင့် ရွာပြန်၍ဆေးကုရန် နေကောင်းမှပြန်လာ ရန်ပြောကြားရင်းနိူင်လင်းကိုရွာသို့ပြန်လွတ်နေရှာ၏။
နိူင်လင်းလည်းသူ့ယောက်က္ခထီးအခြေအနေကို အကဲခတ်ကြည့်ရာ မူးမူးဖြင့်သူပြောခဲ့သောအကြောင်းများကိုလည်းသတိရဟန်ပင်မရှိကြောင်းတွေ့လိုက်ရတော့၏။ ရွာရောက်သောအခါလိုအပ်သောပစ္စည်းတချို့ မေ့ကျန်ရစ်၍လာယူကြောင်း၊နောက်တစ်နေ့တောင်ယာပြန်မည့်အကြောင်းဇနီးဖြစ်သူကိုမုသားသုံးလိမ်ညာ၍ စံဘတို့အားလိုက်ရှာရာစံဘတို့သုံးယောက်ကို စံကုလားဆိုင်တွင်အလွယ်တကူတွေ့လိုက်ရသော ကြောင့် နိူင်လင်းမှာ သူယောက်က္ခထီးထံမှ သူကြားလာရသောအကြောင်းများနဲ့ သင်းချိုင်းဟောင်းနေရာကိုသိလာကြောင်းပြောလိုက်ရာတစ်ခြားသူများမှာနေမထိထိုင်မသာလူပ်လူပ်ရွရွဖြစ်ကုန်ကြရင်း နိူင်လင်းအား အရေးကြီးပဂ္ဂိုလ်သဖွယ် ချက်ခြင်းအမူအယာများပြောင်းလဲကုန်ကြတော့၏ ။ အားလုံးအရက်ဆိုင်၏ လူရှင်းသော အပြင်ဖက်ဝိုင်းတွင်ထိုင်ရင်း ရှေ့ဆက်လုပ်ရမည့်အလုပ်များတိုင်ပင်နေကြတော့၏။ နောက်ဆုံးအားလုံးသဘောတူညီချက်အရ လိုအပ်သောအသုံးအဆောင်ရိက္ခာများကိုယနေ့တွင်အကုန်စုဆောင်း၍နောက်တစ်နေ့နံနက်စောစောရွာမှမည်သူမှသူတို့ကိုမမြင်အောင်လျို့ဝှက်ထွက်၍သင်ချိုင်းဟောင်းသို့သွားကြမည့်အကြောင်းစီစဉ်ထားရင်းအကြို အောင်ပွဲအနေဖြင့်တနေကုန်တနေခမ်းသောက်စားနေကြတော့၏ ။
သန်းထိုက်နဲ့အောင်ကြီးမှာ ရိက္ခာအတွက်ဆန်အပြင် ဟင်းချက်ရန်ရိက္ခာခြောက်များ။မြေကိုတူးဆွရန် ပေါက်တူး၊ တူးရွင်းများ ၊တောခုတ်ဓားများလက်နှိပ်ဓတ်မီး၊ဓတ်ခဲဖယောင်းတိုင် အစရှိသောအသေးအမွားလေးမှအစလိုလေးသေးမရှိ ဝယ်ထားရန်စံဘကိုငွေတစ်ထပ်ကြီးထုတ်ပေးလိုက်ရာ တခြားသူများသောက်စားကျန်နေရစ်စဉ်စံဘမှာထိုပစ္စည်းများဝယ်ယူ၍သူ့တည်းခိုရာအသိအိမ်တွင်ထားလိုက်၏ ။ ညမှောင်ရီပျိုးစအချိန်တွင်နောက်နေ့မနက်စောစောရွာပြင်တွင်တွေ့ရန်အချိန်းအချက်လုပ်၍ လူစုခွဲလိုက်ကြတော့၏ ။ နောက်တစ်နေ့မနက်စောစောအချိန်မှာပင် လေးယောက်သားရွာပြင်စုရပ်တွင်ဆုံ၍ အထုတ်ကိုယ်စီလွယ်ပြီးသကာလ နိူင်လင်းဦးဆောင်ရာနောက် လိုက်ခဲ့ကြတော့၏ ။ လမ်းတွင်နိူင်လင်းမှ… ” ဒါနဲ့ ကိုသန်းထိုက်နဲ့ကိုအောင်ကြီးက ဒီသင်းချိုင်းဟောင်းအကြောင်းဘယ်လိုသိတာလဲဗျ…” ”…ကျွန်တော့်အဖိုးဟာလည်း နားပေါက်ကျယ်ချင်းလူမျိုးတစ်ယောက်ပါပဲ ကျွန်တော်ငယ်ငယ်က အဲအကြောင်းပုံပြင်လိုခနခနပြောပြဖူးပါတယ်။ တကယ်လို့တော့မထင်မိဘူးဗျ… ကျွန်တော်လည်းစီးပွားကပျက်ကြံရာမရဖြစ်နေချိန် ဘဝတူသန်းထိုက်နဲ့ဆုံပြီးအဲဒီအကြောင်းစကားစပ်မိရာက ကျွန်တော်တို့ဘဝကိုနောက်တကြိမ်အစကပြန် စနိူင်ဖို့ဖြတ်လမ်းနည်းသုံးပြီး စွန့်စားကြည့်ကြတာပေါ့ဗျာ…ကိုနိူင်လင်းနဲ့တွေ့တော့ခုလိုအဆင်ပြေသွားတာပေါ့….” နိူင်းလင်းအမေးစကားကိုအောင်ကြီးမှပြန်ဖြေလာခြင်းဖြစ်၏။ ”..ကျုပ်တို့က အားလုံးကမိသားစုနဲ့ဆိုတော့ တကယ်လို့ရတနာတွေရလာချိန် တစ်ယောက်နဲ့တစ်ယောက်ကလိမ်မကျစေချင်ဘူးဗျာ…” ”…ဟာ..အဲတာတော့စိတ်ချပါကိုနိူင်လင်း ဒီကစံဘလည်းစိတ်ချပါ ကျွန်တော်တို့ကခုတလှေတည်းစီးခရီးအတူ သွားနေကြပြီလေ အဲလိုမဖြစ်စေရပါဘူး ကျွန်တော်တာဝန်ယူတယ်ဗျာ…” ”…အဲစကားကြားရတာကျေနပ်တယ်ဗျာ…” နိူင်လင်းမှာပစ္စည်းများရလာချိန်လောဘတက်၍ မလိုအပ်သည်များဖြစ်လာမည်စိုး၍ကြိုပြောသော စကားကိုသန်းထိုက်မှတာဝန်ယူကြောင်းဆိုလာသောကြောင့်စိတ်ကျေနပ်မူရသွား၏ ။
တောလမ်းခရီးအတိုင်းမနားမနေလျောက်လာကြရင်း တစ်နာရီခန့်မျအကြာတွင်နိူင်လင်းမှာ သူ့တောင်ယာတဲကိုသွားရာလမ်းမှဆန့်ကျင်ဖက်နောက်တနေရာမှသွားနေတော့၏ ။ တောင်ယာတဲမှရွာသို့ပြန်လာစဉ်ကပင် ဦးစောဖေညွန်ပြရာတောင်ကိုရောက်နိူင်မည့်နေရာကိုကြိုတင်တွက်ဆလာသောကြောင့် ခြုံနွယ်၊သစ်ပင်ငယ်များကိုဓားတစ်လက်ဖြင့်လမ်းရှင်း၍ နိူင်လင်းကရှေ့မှဦးဆောင်၍သွားနေ၏ ။ သစ်ပင်ကြီးများမှာထူထပ်စွာပေါက်နေသော နေရာများတွင်အောက်ခြေတွင်ခြုံနွယ်များမရှိသော်လည်းသစ်ပင်ကြီးများပါးလျားသောနေရာများတွင် ဆူးခြုံပင်များ၊တစ်ခြားသောနွယ်ပင်များဖြင့်ရှိနေရာ ဖြတ်သန်းသွားလာရာတွင်ခရီးမတွင်လှချေ။ တောင်ယာတဲကိုသုံးနာရီခရီးမျသာသွား ရသော်လည်းထိုနေရာသို့လေးနာရီခွဲခန့်မျသွားပြီး သောအခါမှရောက်ခဲ့ကြတော့၏ ။ သင်းချိုင်းဟောင်းတောင်ဟုဦးစောဖေညွန်ပြသော တောင်ထိပ်ပေါ်သို့နိူင်လင်းတို့ရောက်ချိန်တွင် မနက်ကိုးနာရီ ခန့်မျရှိနေပြီဖြစ်၏။ နိူင်လင်းမှာတောင်ကုန်းထိပ်မှသူတို့တောင်ယာ ရှိရာအရပ်သို့မျော်ကြည့်ရာ မီးခိုးတလူလူထွက်နေသောယာတဲကိုခပ်ရေးရေးလှမ်း မြင်နေရ၏ ။ တောင်ပေါ်ရောက်ချိန်တွင် ပါလာသောရိက္ခာပစ္စည်းများ တူးရွင်း၊ပေါက်တူးများကို တစ်နေရာတွင်စုပုံချထားကြပြီးလျင် သင်ချိုင်းဟောင်း ရှာဖွေသောလုပ်ငန်းစတင်ကြပါတော့၏ ။ နှစ်ကာလအချိန်အတန်ကြာပြီဖြစ်သည့်အပြင် နေရာအတိအကျမသိရှိခြင်းသောကြောင့် သူတို့အလုပ်က ခက်ခဲသည်ကားမှန်၏ ။ သို့ရာတွင် သူတို့အတွေးစိတ်ကူးများတွင်ရွေငွေကျောက်သံပတ္တမြားတို့ကဖုံးလွမ်းနေရာ မျော်လင့်ချက်တပွေ့တပိုက်ဖြင့် ခြုံနွယ်များဖုံးလွမ်းနေသောမြေပြင်ကိုခုတ်ထွင်၍လိုက်ရှာနေကြတော့၏ ။ ပါးစပ်အပြောစကားတစ်ခုတည်းဖြင့်သင်းချိုင်းမြေရှာဖွေနေသောသူတို့အလုပ်ကအနည်းငယ်ရူးမိုက်ရာကျသော်လည်း မရလျင်ဆုတ်ယုတ်စရာဘာမှမရှိပဲ အကယ်၍ကံကောင်းထောက်မ၍သင်းချိုင်းဟောင်းရှာတွေ့၍ ရတနာများရပါက သူတို့ဘဝတစ်ခုလုံးပြောင်းလဲသွားနိူင်သောအရေးမို့စိတ်အားထက်သန်နေကြခြင်းဖြစ်၏ ။ နေ့လည်စာစားချိန်ရောက်သောအခါ စံဘအားထမင်းဟင်းချက်ပြုတ်စေ၍ တခြားသူများမှာအနားမယူနိူင်ပဲ မြေမို့မို့နေရာများကိုတူးဆွကြည့်လိုက် မဟုတ်မှန်းသိပါကတခြားနေရာကိုပြောင်းလဲရှာလိုက်ဖြင့်ရှိနေကြပါတော့၏ ။
နေ့လည်တစ်နာရီခန့်တွင်ထမင်းဟင်းများစားသောက်၍ခနတဖြုတ်နားကြချိန်စိတ်ပျက်စပြုနေသောစံဘမှ ”…နိူင်လင်းရာ ငါတို့နေရာမှားရှာနေမိတာလားမသိပါဘူး..ခုထိဘာဆိုဘာမှအစအနမတွေ့ရသေးပါလား…” ”…ဟ…ငါလည်း ငါ့ယောက်က္ခထီးပြောစကားနဲ့လာတာလေကွာ အတိအကျဘယ်သိပါ့မလဲကွ…” ”…နေရာအတိအကျမှန်နေရင်တောင် မြေစာပုံတွေက နှစ်ကြာလို့မရှိနိူင်တော့ဘူးလေ ဒီတော့ ကျွန်တော်တို့စိတ်တော့ရှည်ရမှာပေါ့….စိတ်မပူပါနဲ့ဒီတောင်မှာသာသေချာရင်ကျိန်းသေတွေ့မှာပါ… ” စံဘစကားကိုမောပန်းနေချိန်မို့ဘုတောလိုက်သောနိူင်လင်းကြောင့် အောင်ကြီးမှာစကားဝိုင်းဝင်ထိန်းလိုက်ခြင်းဖြစ်၏ ။ တစ်နေရာပြီးတစ်နေရာပြောင်းလဲရှာကြရင်းမှ သစ်ပင်ကြီးဟူ၍တစ်ပင်မှမရှိပဲ လူတရပ်အမြင့်ဆူးပင်များ ကြိမ်ပင်များအပြင်ထိုအပင်များကိုယှက်လိမ်နေသောနွယ်များဖြင့် စိတ်ပျက်ဖွယ်ရာ ဖုန်းဆိုးမြေကြီးတစ်ခုကိုတွေ့လိုက်ရ၏ ။ ”….ဒီနေရာကိုပိုပြီးသတိထားရှာကြည့်ကြရမယ်…” ”…ဟာ..ကိုသန်းထိုက်..ဒီနေရာကြီးက အဲလောက်ခြုံတွေဆူးပင်တွေတောထနေတာ တစ်လလောက်ရှင်းရင်တောင်ပြီးပါ့မလားပဲ.. တခြားနေရာပြောင်းရှာကြည့်ရအောင်ဗျာ…” ”…မဟုတ်ဘူး ကိုနိူင်လင်း ဒီနေရာကအပင်ကြီးတွေက တခြားနေရာထက်ပါးပြီးခြုံပင်တွေပိုများနေတာတွေ့လား ၊ ဒီလိုနေရာမျိုးက ရွာဟောင်းနေရာဒါမှမဟုတ် သချိုင်းမြေနေရာဖြစ်နိူင်ချေအတော်များတဲ့နေရာပဲ….” ”…စမ်းကြည့်ကြတာပေါ့..သန်းထိုက်ပြောတာ သဘာဝကျတယ်…” သန်းထိုက်စကားကို အောင်ကြီးကပါထောက်ခံချက်ပြုလိုက်သောကြောင့်ကျန်နှစ်ယောက်မှာလည်းလက်ခံလိုက်ရတော့၏ ။ တစ်ယောက်ဓားတချောင်းဖြင့် ဆူးပင်၊ကြိမ်ပင်များကို ဂရုတစိုက်ခုတ်ထစ်နေရသည်မို့ လက်ဝင်၍ ကြိမ်ဆူးများ အပင်ဆူးများ ကိုယ်လက်များ ကိုမကြာခနလာစူးနေရာအားလုံးမှာ စူးရှရာဖြင့်သွေးများစို့လျက်ရှိနေကြပါတော့၏ ။
..ဒီမှာ ခန.. လာကြည့်ကြပါအုံး….. …ဟေ..ဘာဖြစ်လို့လဲ စံဘ…. ..ဘာတွေ့လို့လဲ… စံဘအလန့်တကြားအော်သံကြောင့်နေရာခွဲ၍ ရှာနေကြသော သူများမှာ စံဘထံ အလျင်အမြန်ရောက်လာကြတော့၏ ။ အပေါ်မှခြုံနွယ်များကိုရှင်းလင်း၍အောက်တွင်ပေါ်ထွက်လာသောစံဘတွေ့သောအရာမှာ ကျောက်တုံးကျောက်ခဲများကို အလျားလိုက်ခပ်ရှည်ရှည်တွေ့စုပုံထားသည်ကိုတွေ့ရခြင်းဖြစ်ပြီး အသေအချာကြည့်ပါကအလောင်းမြေစာပုံကိုကျောက်တုံးများဖြင့်ဖြင့်ထပ်၍ဖုံးအုပ်ထားဟန်ရှိနေသောကြောင့် အားလုံးစိတ်တွင်း ရင်တဒိတ်ဒိတ်ခုန်သွားမိကြတော့၏ ။ အောင်ကြီးမှထိုကျောက်ပုံကိုကြည့်ရင်း ”….ဒါ…အလောင်းမြေစာပုံတစ်ခုဖြစ်နိူင်တယ် ပြောနေကြာပါတယ် တူးကြည့်ရအောင်…” အောင်ကြီးမှာပြောလည်းပြော အနီးအပါးမှခြုံနွယ်များကို ဓားဖြင့်ယမ်း၍ နေရာခပ်ကျယ်ကျယ်ချဲ့ထွင်၍ ကျောက်တုံးများကိုယက်ထုတ်နေရာ တခြားသူများမှာလည်းတူးရွင်းပြားများကိုသုံး၍ မြေကြီးအတွင်းအသားကျနေသောကျောက်တုံးများကို ကလော်ထုတ်နေကြတော့၏ ။ ကျောက်တုံးများကုန်သွားသောအခါအောက်မှမြေကြီးကိုပေါက်တူးဖြင့်ဆက်လက်တူးဖော်၍အတော်အတန် အနက်ရောက်သောအခါ. …ဒုတ်…ဒုတ်… သစ်သားအမာတစ်ခုကို ပေါက်တူးဖြင့် ခုတ်မိသောကြောင့် ဘေးမှမြေသားများကိုပတ်တူးသောအခါ ပျဉ်များဖြင့်စပ်ထားခြင်းမဟုတ်ပဲ သစ်လုံးကိုထွင်း၍ပြု လုပ်ထားသောခေါင်းတစ်လုံးပီပြင်စွာပေါ်ထွက်လာတော့သည်။ လောဘဇောကပ်နေကြပြီမို့အခေါင်းကိုမြင်ရချိန် ကြောက်လန့်ရမည့်အစား ပျော်ပင်ပျော်ရွင်နေကြတော့သည်။
အခေါင်းကိုဖုံးအုပ်ထားသောသစ်သားပြားကို ဖယ်ထုတ်ရန်ကြိုးစားကြည့်ကြသောအခါ မြေသားများ နဲ့မို့မလွတ်မလပ်ရှိနေသည့်အပြင် ခေါင်းအဖုံးကလည်း ကျပ်နေသည်မို့ အပေါ်သို့တင်၍ လွတ်လွပ်လပ်လပ် ဖွင့်ကြရန်ပြောရင်း အခေါင်း၏အဖျားစွန်းတစ်ပိုင်းကိုကြိုးလျိုသွင်း၍ချည်ကာကြိုးစရှည်ရှည်ကိုသိုင်းကြိုးပြုလုပ်၍ အပေါ်နှစ် ယောက်က ခေါင်းဖြင့်တွဲချည်ထားသောသိုင်းကြိုး အလယ်တွင်းသစ်သားချောင်းလျိုသွင်း၍ဘယ်တစ် ယောက်ညာတစ်ယောက်မှာ ကိုယ်ကိုကိုင်း၍သစ်သား ချောင်းကို ပခုံးပေါ်တင်ထမ်း၍ခေါင်းကိုမနေကြချိန်။ အောက်မှနှစ်ယောက်ကလည်း သစ်သားချောင်းများ အခေါင်းအောက်ခုလျက် နောက်မှဝိုင်းတွန်းနေကြတော့၏ ။ ထိုသို့ဖြင့် ခက်ခက်ခဲခဲ မိနစ်လေးဆယ်မျ ကြိုးစား၍ အခေါင်းကို အပေါ်တင်ကြရာနောက်ဆုံးတွင် အခေါင်းကြီးမှ ကျင်းနူတ်ခမ်းပေါ်သို့ရောက်ရှိသွားတော့၏ ။ အားလုံးမှာလည်းရေချိုးထားသည်အလားတစ်ကိုယ်လုံးချွေးများဖြင့်ရှိနေကာမြေပြင်ပေါ်ခြေပစ်လက်ပစ်ထိုင်၍ အသက်ပြင်းပြင်းရူနေကြလျက်ရှိ၏ ။ နိူင်လင်းတစ်ယောက်နဖူးမှစီးကျချွေးများကိုလက်ဖျံဖြင့် ပင့်သုတ်၍ လူလေးယောက်မနည်းမရသော အခေါင်းကြီးကိုကြည့်ရင်း …ဟူး….လေးလိုက်တဲ့.. အခေါင်းကြီးကွာ အထဲကလူကသေတာဖြင့်အရိုးဆွေးနေလောက်ပြီ… နိူင်လင်းစကားကိုဘေးမှစံဘက …သစ်သားက ပျဉ်းကတိုးသားအနှစ်ကြီးလေကွာ ဒါကြောင့်မြေကြီးထဲနှစ်အကြာကြီးရောက်နေပေမယ့် မဆွေးပဲ နဂိုအတိုင်းလေးနေတာပေါ့ နောက်အထဲမှ ရတနာတွေရှိနေလို့လေးတာနေမယ်… ….မိုးမချုပ်ခင်အထဲမှာ ဘာရှိလည်းဖွင့်ကြည့်ရအောင်… အောင်ကြီးစကားကြောင့်အားလုံးမတ်တတ်ရပ်ကာ ခေါင်းကိုဖွင့်ရန်ကြိုးစားနေကြတော့၏ ။ အချိန်မှာလည်းညနေစောင်းအချိန်သို့ပင် ရောက်မှန်းမသိရောက်ခဲ့ပြီဖြစ်၏ ။ ….တစ်…နှစ်…သုံး…. ….ဝရော….ဝုန်း…… …ဝေါ့…ဝေါ့….ဖွီ….ဖွီ…အော့….. …နံလိုက်တဲ့အပုတ်နံ့…ဘာတွေအထဲမှာပုတ်နေ တာလဲမသိပါဘူး…. ….ဟင်…… …ဟာ…… …အမလေးဗျ…. …လူသေအလောင်းတစ်လောင်းရှိနေပါလား… ဘေးတစ်ဖက်ဟသွားသောအခေါင်းအဖုံးကြား သစ်သားချောင်းများဖြင့်ထောက်၍လေးယောက်အားဖြင့်တိုင်ပင်ခေါ်၍တွန်းချလိုက်ကြရာ ခေါင်းအဖုံးမှာ တစ်ဖက်သို့ပြုတ်ကျသွားချိန်တွင်ဆိုးရွားပုတ်အက်သော အပုတ်နံ့ကြီးက ထောင်းခနဲ ထွက်လာ၏။
အားလုံးနှာခေါင်းကိုလက်ဖြင့်ပိတ်၍ပွင့်သွားသော ခေါင်းအတွင်းကြည့်လိုက်ကြရာမြင်လိုက်ရသော မြင်ကွင်းကြောင့်အံ့သြသင့်ကုန်ရတော့၏ ။ သစ်လုံးထွင်းအခေါင်းအတွင်း အလောင်းတလောင်းရှိနေခြင်းကအားလုံးအတွက်အံ့ သြသင့်စရာပင်ဖြစ်၏ ။ အဝတ်အစားများမှာနှစ်ကာလကြငြောင်းမူကြောင့် ဆွေ့မြေ့လျက်ရှိနေသော်လည်း မနေ့တစ်နေ့ကမှ သေဆုံးဟန်ဖြင့်ပုံစံမပျက်ယောက်ကျားအလောင်း တစ်လောင်းရှိနေသည်။ ”….ဟာ….ဒီမှာ အိုးတစ်လုံး….ဒါကိုပြောတာထင်တယ်…” ”…ဖွင့်…ဖွင့်လေ..သန်းထိုက်…အထဲမှာဘာရှိနေလဲ ဖွင့်ကြည့်ရအောင်…” …..ဟာ……ရွေ…..ရွေ……ရွေတွေ…. ….နောက်ဆုံးတော့ ရွေတွေ တွေ့ပြီပေါ့… ဟားဟား… …စံဘရေ..ငါတို့ချမ်းသာပြီကွ…. သန်းထိုက်မှာအခေါင်းအတွင်းခြေရင်းဖက်တွင်ညောင်ရေအိုးအရွယ်အိုးတစ်လုံးကိုစတွေ့လိုက်သောကြောင့် လှမ်းယူလိုက်ရာ အိုးအဝကို ရွံစေးများဖြင့်ပိတ်ထားသောကြောင့်တစ်ခြားလူများမှာ အိုးအတွင်းပစ္စည်းကိုသိလို၍အလောတကြီးဖွင့်ခိုင်းနေကြရာ သန်းထိုက်မှ အိုးနူတ်ခမ်းဝကို တုတ်ချောင်းဖြင့် ရိုက်ချလိုက်ရာအိုးနူတ်ခမ်းကွဲသွားခြင်းနဲ့အတူ ဝင်းခနဲ အရောင်များမြင်ရပြီး ရွေတုံးများထွက်ကျလာရာ အားလုံးရွေများကိုကြည့်၍တဒင်္ဂရူးသွပ်ကုန်ကြတော့၏ ။
နိူင်လင်းမှာမျက်နှာကြီးကပြုံးဖြီးလျက် ”… ဒီနေရာမှာတစ်ခြား ရွေတွေအများကြီးရှိနေအုံးမှာပဲ…” ”…ဟုတ်တယ် ဒါသင်ချိုင်းဟောင်းနေရာသေ ချာနေပြီ ရှေ့ဆက်ရွေတွေ တူးရုံပဲရှိတော့တယ်…” စံဘမှနိူင်လင်းစကားကိုထောက်ခံဖြည့်စွက်ပြောလိုက်ခြင်းနဲ့အတူ သန်းထိုက်မှလည်း…. ”..ကျုပ်တို့ တူးရင်တူးသလောက် ရွေတွေရနိူင်ပြီဗျ အားလုံးရှေ့ဆက်ချမ်းသာပြီလို့ မှတ်ကြပေတော့ ခုနေ့ကတော့ မှောင်တော့မယ် နောက်တနေ့မှဆက် တူးကြတာပေါ့ …” ” ရွေ…ရွေတွေ.. တွေ့တာတော့ဟုတ်ပါပြီ ဒီအလောင်းကြီးက ခုထိမပျက်စီးပဲဘာလို့ရှိနေရတာလဲ….” အားလုံးကရွေတွေ့၍လောဘတက်နေချိန် အောင်ကြီးမှာ ခုချိန်ထိမပျက်မယွင်းအပုတ်နံ့ထွက်နေသောအလောင်းကြီးကိုကြည့်၍ သူများလိုအပြည့်အဝမပျော်နိူင်ပဲရှိနေ၏ ။ ”…လူသေကမင်းကိုဘာမှဒုက္ခမပေးနိူင်ဘူးအောင်ကြီး ဘာတွေဒီလောက်တွေးနေတာလဲ…” ” ဟုတ်တယ် ကိုအောင်ကြီးခုချိန်ကပျော်ရမယ့်အချိန်ဗျ အလကားစိတ်ပူစရာမရှိရှာကြံပူမနေနဲ့… ” ”..အဲတာတော့ဟုတ်ပါပြီကွာ ဒီအလောင်းနဲ့ ခေါင်းကြီးက ဘယ်လိုလုပ်ကြမလဲ…” အောင်ကြီးစိတ်ပူနေခြင်းကိုအားလုံးကရယ်မောလျက်ဖြင့်ရှိနေကြ၏ ။ စံဘမှာထိုင်ရာမှထလိုက်ရင်း… ”…လာ..နိူင်လင်းကိုအောင်ကြီးမျက်နှာကြီးက ဖြစ်ပျက်နေလိုက်တာ အခေါင်းကိုကျင်းထဲပြန် တွန်းချကြမယ်…” စံဘနဲ့နိူင်လင်းမှာ သစ်သားပြားအခေါင်းအဖုံးကိုပြန်ပိတ်ကြရင်းအခေါင်းကိုကျင်းထဲပြန်တွန်းချနေကြရာတစ်ခြားသူများမှာလည်းမနေသာတော့ပဲ အခေါင်းကိုကျင်းထဲပြန်တွန်းချလိုက်ကြတော့၏ ။
”…မြေမဖို့ကြတော့ဘူးလား ဒီအတိုင်းထားကြတော့မလား…” ” ထားလိုက်ပါ ကိုအောင်ကြီးရာ.. အလုပ်ပိုတယ် မှောင်တော့မယ်… ” တွန်းချလိုက်ချိန်တွင်အခေါင်းမှာဘေးတစောင်းကျသွားခြင်းနဲ့အတူ ၊ အားလုံးမှာအခေါင်းထဲမှရွေရသွားပြီဖြစ် သောကြောင့် မြေဖို့ရန်စိတ်ကူးပင်မရှိကြသောကြောင့် အောင်ကြီးလည်း အများဆန္ဒမို့လက်လျော့လိုက်ရတော့၏ ။ မှောင်လာပြီမို့ဖုန်းဆိုးမြေမနီးမဝေးညောင်ပင်ကြီး တစ်ပင်အောက်တွင် စခန်းချနားခိုရန်ရွေးချယ်လိုက်ကြ၏ ။ မှက်၊ခြင် ရန်နဲ့အတူ တောကောင်ရန်မှကာကွယ်ရန် ထင်းခြောက်များရှာဖွေ၍မီးပုံကြီးတစ်ပုံမွေးထားလိုက်ကြတော့၏ ။ အချိန်လင့်နေပြီမို့ ထမင်းချက်မနေတော့ပဲ အသားခြောက်များတံစို့ထိုးကင်၍ သူတို့အားလုံးအကြိုက်မို့ ဆယ့်နှစ်ပုလင်းဝင်ပုံးဖြင့် ထည့်ယူလာသော အရက်ပုံးကြီးကိုချ၍ အသား ခြောက်ကင်နဲ့မြည်းကာ အပျော်ကြီးပျော်နေကြပါတော့၏။ သူတို့လူစုရှေ့အလယ်တွင် ပုဆိုးတထည်ဖြန့်ခင်းထားပြီး ထိုပုဆိုးပေါ်တွင်အိုးထဲမှရသောရွေများကိုဖြန့်ခင်းထားရာမီးရောင်အောက်တွင် ရွေတုံးများကအရောင်တဝင်းဝင်းထွက်လျက်ရှိနေတော့၏ ။ ယခုအိုးတစ်လုံးမှပင်ရွေများမနည်းမနောရရှိထားရာ နောက်ထပ်မည်ရွေ့မည်မျရနိူင်ကြောင်း ပြော၍ လောဘဇောကပ်လျက်ရှိနေကြတော့၏ ။ မီးဖိုအတွင်းမှအသားကင်နံများမှာပတ်ဝန်းကျင်တဝိုက် ပျံ့လွင့်လျက်ရှိနေပါတော့၏ ။ ညမှာတဖြည်းဖြည်းနက်လာသလို အားလုံးမှာအနည်းငယ်မူးယစ်လာကြသော်လည်းရွေငွေများလက်ဝယ်ရချိန်တစ်ယောက်ကိုတစ်ယောက်မယုံကြည်စိတ်ဝင်နေကြ၍မအိပ်နိူင်ကြပဲရှိနေတော့၏ ။
လဆန်းရက်ဖြစ်သောကြောင့် တဝက်ကျော်ကျော်လမင်းအလင်းရောင်ပါးပါးက ပဲခူးရိုးမတောကိုဖြန့်ကျက်အလင်းဖျာနေလျက်ရှိနေ၏ ။ ”…ငါ..အပေါ့သွားအုံးမယ် နိူင်လင်း မင်းရောလိုက်ခဲ့အုံးမှာလား…” ”…ဘာလဲစံဘ မင်းကကြောက်နေတာလား.. ငါအပေါ့မသွားချင်ပေမယ့် မင်းကြောက်ရင်အဖော်လိုက်ခဲ့ပေးပါ့မယ်…” ”…ဟေ့ကောင် ငါက ဘာကိုကြောက်ရမှာလဲကွ.. ဘာမှမကြောက်ဘူး…” ”..မပြောတတ်ဘူးလေကွာ ညနေကတူးထားတဲ့အလောင်းကြီးမြင်ပြီးမင်းများ ကြောက်နေတာလားလို့…” ” ..ဟေ့ကောင်..နိူင်လင်းမင်းလည်းငါ့အကြောင်းသိပါတယ်..စံဘ ရာဇဝင်မှာကြောက်တယ်ဆိုတာမရှိခဲ့ဖူးဘူး မင်းပြောတဲ့အလောင်းကောင်ကြီးကိုသေးတောင်ပန်းပြမယ်….” ”…စံဘ.. ထင်ရာတွေလျောက်မလုပ်ပါနဲ့ဗျာ…” ”..ဟာ.. စံဘ…အချင်းချင်းတွေနောက်ကြတာပဲဟာ ကိုနိူင်လင်းလည်း မနောက်ပါနဲ့တော့ စံဘတကယ် စိတ်ဆိုးနေပြီ…” ”..လွတ်သာ ထားလိုက်ပါဗျာ.ဒီကောင်အကြောင်း ကျုပ်သိတယ် ဒီကောင်မလုပ်ရဲပါဘူး…” ပြသာနာက စံဘက နိူင်လင်းကိုအပေါ့သွားခေါ်ရာမှ နိူင်လင်းကစနောက်လိုက်ရာတစိမ်းများရှေ့တွင်သူ့အား ကြောက်တတ်သည်အထင်မခံလိုသော စံဘတစ်ယောက်အောင်ကြီးနဲ့သန်းထိုက်တားနေသည့် ကြားမှ သူတို့နဲ့ခပ်လှမ်းလှမ်းတွင်ရှိသော ညနေကတူးထားသောမြေစာပုံရှိရာ လျောက်သွားတော့၏ ။ အရက်ရှိန်တက်နေချိန် ရှက်ဒေါသဖြင့်သာ ပြောလိုက်ရသော်လည်း တကယ်တမ်းကြောက်စိတ်က ရှိနေ၏ ။ မြေကျင်းနူတ်ခမ်းပေါ်ရပ်၍ကျင်းထဲမရဲတရဲ လှမ်းကြည့်မိရာ ဘေးတစောင်းကျနေသောအခေါင်းကြီးကိုတွေ့လိုက်ရ ခြင်းနဲ့အတူ နေ့လည်ကမြင်လိုက်ရသော အလောင်းကောင်ကြီးကိုပြန်မြင်လာ၍ကြက်သီးမွေးညှင်းများထလာမိတော့၏ ။
သို့ရာတွင်သူ့ကိုတခြားသူများလှမ်းကြည့်နေကြခြင်းကြောင့် အပေါ့မသွားပဲပြန်သွားပါက ပြောစကားနဲ့မညီပဲ ငကြောက်ကြီးထင်သွားမည်စိုး၍ပုဆိုးကိုမကာကျင်းထဲမကြည့်ပဲ ဘေးသို့မျက်နှာလွဲလျက်အပေါ့သွားနေ တော့၏ ။ ထိုအချိန်မှာပင် အောက်မှအခေါင်းကြီးမှာ လူပ်ရှားလာလျက် ခေါင်းအဖုံးကိုတွန်းလျက် ညနေစောင်းကမြင်ခဲ့ရသော မသာအလောင်းကောင်ကြီးမှာထွက်လာနေခြင်းကို စံဘတစ်ယောက်မျက်နှာလွဲထား၍မသိလိုက်ပေ။ အပေါ့အပါးကိစ္စရှင်းပြီး၍ စိတ်တစ်ခုလုံးရှင်းလင်း သွားသလိုခံစားလိုက်ရသောစံဘတစ်ယောက်လှည့်ထွက်မသွားမှီ မြေကျင်းထဲသို့ကြည့်မိရာသူ့မျက်လုံးကို သူမယုံနိူင်အောင်ဖြစ်သွားရတော့၏ ။. မြေကျင်းထဲတွင် မတ်တတ်အနေအထားဖြင့်လူတယောက်ရပ်နေခြင်းကို.လရောင်အောက်တွင်သေချာတွေ့လိုက်ရခြင်းဖြစ်၏ ။ …..ဖတ်…. ….ဟာ….. ….ဖျော….ဖျော…..ဖျော….. ….ဝုန်း…… …အား…အောင်မလေးဗျ…..အား… စံဘသူမျက်လုံးကိုမယုံကြည်နိူင်စွာပွတ်သပ်ကြည့်နေစဉ် သူခြေကျင်းဝတ်ကိုအေးစက်စက်လက်တစ်ဖက် လာရောက်ဆုတ်ကိုင်ခြင်းနဲ့အတူ လျပ်တပျက်မြေကျင်းသို့ဆွဲချခြင်းခံလိုက်ရသောကြောင့်စံဘတစ်ယောက်ခြေကားယားလက်ကားယား ပြုတ်ကျလျက် မြေကျစ်စာခဲများနဲ့ရောလျက်ကျင်းထဲပြုတ်ကျသွား တော့၏ ။ အောက်သို့ခြေလွတ်လက်လွတ်ပြုတ်ကျခြင်းနဲ့အတူ ခေါင်းပေါ်ခေါင်းရိုက်မိသောကြောင့်မူးဝေ၍နာကျင်စွာ ခွေခွေလေးရှိနေချိန် ဝမ်းဗိုက်အတွင်းစူးခနဲအသည်း ခိုက်မတတ်နာကျင်မူကြောင့်အာခေါင်ခြစ်၍အော်လိုက် ပါတော့၏ ။
……စံဘ ကတော့ မူးပြီး..ကျင်းထဲပြုတ်ကျသွားပြီ…တကယ့်အကောင်… ..တစ်ခုခုဖြစ်သွားပြီလားမသိဘူး… …လာ..လာ…သွားကြည့်ရအောင်… အရက်သောက်နေကြသောသုံးယောက်မှာ စံဘအော်သံကြားရချိန် အားလုံးစိတ်အတွင်းစံဘမူး ပြီးခြေချော်ကာပြုတ်ကျသွားခြင်းဟုထင်မှတ်ကာ စံဘရှိရာသို့အပြေးအလွားရောက်လာခဲ့ကြရင်း ကျင်းနူတ်ခမ်းမှအောက်သို့ငုံကြည့်လိုက်မိကြရာ …ဟာ…. ….ဘာ…ဘာ…ကြီး..လဲ…. ….သ..သ..သရဲ…… စံဘမှာအခေါင်းပေါ်တွင်ပက်လက်လှန်လျက်ရှိနေ၏။ သို့ရာတွင် အကောင်းအတိုင်းရှိနေခြင်းမျိုးမဟုတ်ပဲ စံဘဝမ်းဗိုက်မှာဟောင်းလောင်းပွင့်လျက်သွေးသံတရဲရဲ ဖြင့်ရှိနေကာ အူအခွေများကိုဗိုက်မှဖောက်၍စားသောက်နေသော ကိုယ်လုံးတီးသရဲတစ်ကောင်မှာ အူခွေကိုကိုက်၍ သူတို့ကိုမော့ကြည့်လာသည်ကို မြင်တွေ့လိုက်ကြရသောကြောင့် အံ့သြ၊ကြောက်လန့်စိတ်ဖြင့်ခနမျ ဆွံအကြောင်ငေးကုန်ချိန်ခနတွင် ဖုန်းဆိုးမြေ ခြုံပုတ်များကြားမှမြေကြီးများမှာ လူပ်ရှားလာကြ လျက် မြေကြီးကိုလက်ဖြင့်ထိုးခွဲ၍မြေကျင်းထဲမှ ထွက်လာသူများကိုတွေ့လိုက်ရသောကြောင့် အားလုံးကြောက်လန့်တကြားဖြစ်ကုန်ကြတော့၏ ။ ….ဝုန်း…ဝုန်း………ဝုန်း……. …ဖျောင်း…ဝေါ…ဝေါ….. ….ဟို…ဟိုမှာ.. မြေကြီးထဲက မကောင်းဆိုး ဝါးတွေတက်လာကြပြီ…. ….ပြေး…ပြေး…ပြေးကြ…… ပထမဆုံးစ၍သတိဝင်လာသူမှာအောင်ကြီးဖြစ်၏ ။ ဖုန်းဆိုးတောအနှံ့မြေကြီးပေါ်မှတက်လာသော မကောင်းဆိုးဝါးများမှာ နှာခေါင်းတရူံရူံပြု၍သူတို့အနီးတိုးကပ်လာကြရာ အောင်ကြီးမှာအားလုံးပြေးကြရန်သတိပေးလိုက်ခြင်းဖြစ်၏ ။ အားလုံးထိုနေရာမှ အူယားဖားယား ပြေးလာကြစဉ် သန်းထိုက်မှာ အပင်အောက်မှပုဆိုးဖြင့် ထုတ်ထားသောရတနာထုတ်ကိုမရရအောင်ယူလာခဲ့သေး၏ ။ မြေကျင်းထဲမှထွက်လာသောမကောင်းဆိုးဝါးများမှာ သွေးနံရနေသော စံဘအလောင်းရှိနေရာအလုအယက် ခုန်ဆင်း၍ ပေါင်၊ခြေလက်များကို တစစီဆွဲဖြုတ်လျက် သွေးသံတရဲရဲဖြင့် အလုအယက်စားသောက်လျက်ရှိနေကြပါတော့၏ ။
စံဘအလောင်းမှာ ခနအတွင်းခေါင်းခြေလက်များ တစစီဖြစ်ကုန်တော့သည်။ စံဘအလောင်းအရိုးကျသွားသောအခါ မကောင်းဆိုးဝါးအုပ်စုကြီးမှအသက်လုပြေးနေကြသော နိူင်လင်းတို့သုံးယောက်နောက်သို့ လိုက်လာကြတော့၏ ။ နိူင်လင်းမှာအစပထမမည်သည့်နေရာပြေး၍ပြေးရမှန်းမသိထူပူသွားသော်လည်း အနီးဆုံးတွင်ရှိနေသော သူ့ေ။က်က္ခထီးယာတဲဖက်သို့ဦးတည်ပြေးရာ ကျန်နှစ်ယောက်မှာလည်းနောက်မှထပ်ကြပ်မကွာလိုက်ပါလာကြတော့၏ ။ သူတို့နောက်မှလည်း သူတို့နားမလည်သော ဘာသာစကားဖြင့်အော်ဟစ်၍ထပ်ကြပ်မကွာလိုက်လာသော ခြုံနွယ်၊သစ်ပင်ငယ်များကိုတိုးဝှေ့သံ၊သစ်ရွက်ခြောက်များကိုနင်းမရာမှထွက်လာသော ခြေသံများကိုကြားနေကြရပါတော့၏ ။ …ဘုတ်…အ….. …ငါ့…ငါ့…ကိုစောင့်ကြပါအုံး….ဟေ့ကောင်တွေ…. တောထဲမမြင်မစမ်းပြေးလွားရင်းအားလုံးအလဲလဲအပြိုပြိုဖြင့် ပွန်းရှရာများတစ်ကိုယ်လုံးပြည့်နှက်နေသော်လည်း နာကျင်မူကိုဂရုမပြုအားရှေ့သို့သာပြေးလွားလျက်ရှိနေကြတော့၏ ။ တကြိမ်တွင်အောင်ကြီးမှာသစ်မြစ်တစ်ခုကိုပြေးရင်းအရှိန်ဖြင့်ခလုပ်တိုက်မိရာလူက မြေပေါ်ဝမ်းလျားမှောက် ကျသွားတော့၏ ။ တစ်ကိုယ်လုံးနာကျင်မူနဲ့အတူခြေသပွတ်တိုင်လည်သွားတော့၏ ။ အောင်ကြီးမှာသူ့လူနှစ်ယောက်ကိုနောက်သို့ခြေထော့နင်းထော့နင်းဖြင့်လိုက်နေစဉ် ကျန်နှစ်ယောက်မှအသက်လုပြေးနေကြသောကြောင့် အောင်ကြီးသူတို့နဲ့ပါလာမလာကိုပင်မသိသောကြောင့် အောင်ကြီးမှာတစ်ယောက်တည်းပြတ်ကျန်နေရစ်ခဲ့တော့၏ ။ ထိုအချိန်မှာပင်နောက်မှလိုက်လာသော မကောင်းဆိုးဝါးများမှာအောင်ကြီးအနီးသို့ပတ်ချာလည်ဝိုင်း၍တိုးကပ်လာကြတော့၏ ။ ……အား……. တိတ်ဆိတ်သောညဉ့်ယံတွင်နာကျင်မူကြောင့်ငယ်သံပါအောင်အော်လိုက်သံကြီးကဟိန်းထွက်လာတော့၏
။ …ဒါ…ဒါ…ကိုအောင်ကြီးအသံ မဟုတ်လား… …ဟုတ်တယ်နိူင်လင်း အောင်ကြီးအော်သံပဲ… သူတို့နောက်နားဆီမှအောင်ကြီးအော်သံကြားသော အခါမှ အောင်ကြီးမပါလာမှန်းသိရသောကြောင့် နိူင်လင်းတစ်ယောက် သန်းထိုက်ကိုမေးလိုက်ရာ သန်းထိုက်ကဟုတ်မှန်ကြောင်းပြောလာရာ နှစ်ယောက်လုံးစိတ်မကောင်းကြသော်လည်း ကိုယ်တိုင်ပင် အသက်လုနေရချိန်မို့ ဘာမှမတတ်နိူင်ပဲ ရှေ့သို့သာပြေးနေတော့၏ ။ တောင်ယာစပါးခင်းအနီးသို့ရောက်လာချိန်တွင် နောက်မှလိုက်လာသောအသံများမှာအဝေးတွင်ကျန်နေရစ်ခဲ့သော်လည်းမကျေနပ်ဟန်တောက်ခေါက်သံများ ကိုကြက်သီးထဖွယ်ကြားလိုက်ကြရ၏ ။ ”…ဟေ့…ဘယ်သူတွေလဲ… ဟင်…နိူင်လင်း ဘယ်လိုဖြစ်လာတာလဲ….” ”…တဲပေါ်ရောက်မှအားလုံးပြောပြပါ့မယ် ဦးလေးရာ ….” လက်နှိပ်ဓတ်မီးရောက်ကနိူင်လင်းနဲ့သောင်းထိုက်ကိုယ်ပေါ်ဖျာကျလာပြီး ဒူးလေးကိုမောင်းတင်၍ ခပ်ဆတ်ဆတ်လှမ်းမေးချိန်တွင် သူ့သားမက်နိူင်လင်း ကိုမမျော်လင့်ပဲ တွေ့လိုက်ရသောကြောင့် ဦးစောဖေ မှာဒူးလေးကိုချ၍အကျိုးအကြောင်းမေးလာခြင်းဖြစ်၏။ တဲပေါ်ရောက်ချိန်တွင်နိူင်လင်းတစ်ယောက်သူ့အား စိတ်မဆိုးရန်ခွင့်လွတ်ရန်ပြောရင်း သူတို့ကြုံလာရ သမျမချွင်းမချန်ပြောပြလာတော့၏ ။ ဦးစောဖေတစ်ယောက်နိူင်လင်းစကားဆုံးချိန် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုတ်လျက် မျက်နှာက တင်းမာခက်ထန်လျက်ရှိနေ၏ ။ နိူင်လင်းတို့နှစ်ယောက်မှာ မောပန်းနွမ်းနယ်မူနဲ့အတူ ရင်ပူနေမူကြောင့် မြေရေအိုးတွင်းမှရေကိုမကြာခနသောက်လျက်ဖြင့်ရှိနေ ပါတော့၏ ။ အတန်ကြာမှ ဦးစောဖေမှာဒေါသကိုဖြေလျော့လိုက်ဟန်ဖြင့် နိူင်လင်းကိုနှစ်ယောက်တည်းစကားပြောရန်တဲအပြင်ခေါ်လိုက်တော့၏ ။
” မင်းငါ့ကိုတပတ်ရိုက်ပြီး သင်ချိုင်းကိုသွားတာငါ အပြစ်မဆိုပါဘူး..တစ်ခုတော့ရှိတယ်.. မင်းပြောပုံအရ ဟိုရွေတွေကိုမင်းတို့ယူလာခဲ့ကြတာနော်…” ”…ဟုတ်တယ် ဦးလေး…ဘာပဲဖြစ်ဖြစ် ကျုပ်တို့ အဲရွေတွေနဲ့စီးပွားရေးတစ်ခုတော့လုပ်လို့ရပါပြီ.. ကျွန်တော်တို့အဆင်ပြေပြေနေသွားလို့ရပြီ ဦးလေး…” ”…လူမိုက်…မင်းက…လူမိုက်ပဲ….အဲရွေတွေယူမိသူတွေ တစ်ရွာလုံးကျိန်စာသင့်သေကုန်ပြီး မကျွတ်မလွတ်အဖြစ်ရှိနေကြတာမင်းမျက်လုံးနဲ့တပ်အပ်မြင်ခဲ့ပြီမဟုတ်လား….” ”ဒါတွေကကြာပါပြီ ဦးလေးရာ ကျွန်တော်တို့အလှည့်ကျ ဖြစ်ချင်မှဖြစ်မှာပါ…” ”…ဒီမှာနိူင်လင်းမင်းကိုခုလိုစကားအရှည်ကြီးပြောနေရတာငါ့သမီးငါ့မြေးမျက်နှာကြောင့်ပဲ။ ဒီလိုကိစ္စမျိုးတွေကြား ငါ့သမီးငါ့သား ကြားညှပ်မပါစေချင်ဘူး….။ ဒီတော့ငါရှင်းရှင်းတစ်ခုပြောမယ်နော် အဲဒီရတနာတွေကကျိန်စာသင့်ရတနာတွေ ဒီတော့မင်းတို့သွားထားဖို့ဆန္ဒရှိရင်နဂိုနေရာမှာ တောင်းပန်ပြီးငါသွားထားပေးမယ်။ တကယ်လို့သွားထားဖို့ဆန္ဒမရှိရင်တောင် ဒီရတနာတွေကိုမင်းဘာမှမယူရဘူး ဟိုတစ်ယောက်ကို အားလုံးပေးလိုက်ရမယ်….။.” ”..ဟာ..ဦလေး…” ”…ငါ့စကားမဆုံးသေးဘူး မင်းတို့အဖွဲ့မှာတစ်ခြား တစ်ယောက်သေတာ ဟိုလူကသူမိသားစုကိုဘယ်လို ရှင်းပြမလဲမသိပေမယ့် စံဘသေတာကျတော့ ငါက ကျားဆွဲသွားတာပါလို့မင်းဖက်က ကာကွယ်ပြီးပြောပေးရင် မင်းဘာအပြစ်မှမရှိနိူင်ဘူး ဒီလိုမှမဟုတ်ပဲ ရတနာတွေတစ်ဝက်ခွဲယူပြီး ငါ့သမီးနဲ့ ငါမြေးကိုခေါ်သွားဖို့ကြံလို့ကတော့ စံဘကိုမင်းသတ်တာပါလို့ ငါကိုယ်တိုင်ပြောရလိမ့်မယ်….” ”…ဟာ….ရတနာတွေက အသက်တွေပေးပြီးယူလာရတာ နှမြောစရာကြီးဗျာ…” ”…နောက်ထပ်ပေးရမယ့်အသက်တွေထဲ ငါ့သမီးနဲ့ ငါ့မြေးပါမှာစိုးလို့ပြောနေရတာကွ… ငါကပြောတဲ့အတိုင်းလုပ်မှာနော်မယုံမရှိနဲ့ မင်းကြိုက်တဲ့လမ်းကိုသာရွေးတော့….” ဦးစောဖေတစ်ယောက်သမက်ဖြစ်သူနိူင်လင်းကို ပြောလိုရာပြောပြီးနေရာမှထွက်ခွာသွားတော့၏ ။ နိူင်လင်းမှာဦးစောဖေစကားကြောင့်အကြပ်ရိုက်နေရတော့၏ ။
ရွေငွေများကိုလူသားပီပီလောဘတက်ကာ လိုချင်သည်မှမဆန်းပေ။ သို့ရာတွင်သူသာရွေများကိုယူပါက ဦးစေဖေမှာလူသတ်မူဖြင့်ထောင်ထဲပို့မည်မှာကျိန်းသေနေ၏ ။ ဇနီးနဲ့သားကိုလည်းမခွဲနိူင်သောနိူင်လင်းတစ်ယောက် နောက်ဆုံးတွင် လောဘစိတ်ကိုဇွတ်အတင်းချိုးနှိမ်လိုက်ရတော့၏ ။ ထင်သည့်အတိုင်းပင် သန်းထိုက်မှာရတနာများကိုပြန်မထားကြောင်းပြောလာ၏။ နိူင်လင်းကမထားလျင်လည်းမတားလိုကြောင်း ရွေများအားလုံး သန်းထိုက်တစ်ယောက်တည်းသာယူ ရန်ပြောရာ သန်းထိုက်မှာ အစပထမနိူင်လင်းစနောက်နေသည်ဟုပင်ထင်နေသေး၏ ။ တကယ်မယူကြောင်းပြောချိန်တွင်အံ့သြကြီးစွာဖြင့် နိူင်လင်းအားလူထူးလူဆန်းသဖွယ်ကြည့်နေပါတော့၏ ။ ====================== ထိုကိစ္စများဖြစ်ပွားပြီးတစ်လခန့်အကြာတွင်၊ နိူင်လင်းအိမ်ကိုမေးမြန်း၍ ပြည်မြို့မှလူတစ်ယောက်ရောက်ချလာ၏ ။ စံဘနာမည်နဲ့ ငွေအိတ်တစ်အိတ်အပြင်၊နိူင်လင်းအမည်နဲ့ ငွေအိတ်တစ်အိတ်ကိုပေးပြီးစာတစ်စောင်သီးသန့်ထုတ်ပေးလာ၏ ။ ထိုလူပြောပြချက်အရ ကိုသန်းထိုက်မှာကုန်လွန်ခဲ့သောတစ်ပတ်က ပြင်းထန်သောအဖျားရောဂါဝေဒနာကိုခံစား၍ကွယ်လွန် သွားပြီဖြစ်ကြောင်းစိတ်မကောင်းစွာဖြင့်နိူင်လင်းကြားသိ လိုက်ရတော့၏ ။ သူမသေမှီသုံးလေးရက်ခန့်ကယခုစာလာပို့သူအားခေါ်၍ နိူင်လင်းတို့နေထိုင်ရာအရပ်ကိုပြောပြ၍ငွေများပို့ပေးခိုင်းကြောင်းပြောပြ၍ပြန်သွား၏ ။ နိူင်လင်းစာကိုဖွင့်ဖတ်လိုက်ရာစာမှာလိုရင်းတိုရှင်းသာဖြစ်၏ ။
တစ်ခြားသူများနားမလည်နိူင်သော်လည်းထိုစာ အဓိပ္ပာယ်ကိုနိူင်လင်းတစ်ယောက်ကောင်းကောင်း နားလည်နေပါ၏ ။ သို့/ နိူင်လင်းရတနာတွေကိုဘာလို့တဝက်ခွဲမယူလဲလို့ အစကကျုပ်အံ့သြမိတယ် ။ ရူးနေတာလားလို့တောင်ခင်ဗျားအပေါ်ရိုင်းရိုင်းတွေးမိတယ်။ ဒါပေမယ့် ရတနာတွေကျွန်တော့်လက်ထဲရောက် လာတဲ့နေ့ကစပြီးတစ်နေ့မှကောင်းကောင်းအိပ်မပျော်ရ ပါဘူးဗျာ။ ကျွန်တော်အိပ်မက်ထဲတစ္ဆေသရဲတွေရောက်လာပြီး ရတနာတွေပြန်ပေးဖို့ပြောကြတယ်။ ကျွန်တော် လည်းအစကအယုံအကြည်မရှိပေမယ့် အခုလက်တွေ့ကြုံရတော့ မယုံလို့မရတော့ပါဘူး…။ ကျွန်တော် အခြေအနေဟာလည်း အကောင်းကြီးကနေ ရောဂါတစ်ခုစွဲကပ်ပြီး ဘယ်ဆေးဆရာကုကုမပျောက်နိူင်ဘဲရှိနေပါတယ်။ ဒါတွေအားလုံးဟာ ကျိန်စာသင့်ရတနာတွေနဲ့ဆက်စပ်နေမှန်းကျွန်တော် လိုက်ပါပြီ။ ကျွန်တော်အခြေအနေဟာနေ့လားညလား အခြေအနေမှန်းကိုယ့်အခြေအနေကိုယ်သိနေတာမို့ရတနာတွေအားလုံးကိုလည်းလူကြီးစုံရာရှေ့အပ်ပြီးကျွန်တော်ရုတ်တရက်သေသွားရင်ဘုရားတဆူဆူမှာဒီရတနာတွေလှူဖို့အပ်ပြီးပါပြီ။
ပိုင်ဆိုင်မူတချို့ကိုရောင်းချပြီး အောင်ကြီးတို့မိသားစု တွေကိုလည်းပေးပြီးပါပြီ။ ခုက သေသွားတဲ့ စံဘတို့မိသားစုနဲ့ ခင်များအတွက် ကျွန်တော် ကိုယ်ပိုင်ငွေကြေးနဲ့ကူညီပေးတာပါ။ အဲဒီငွေတွေကိုစိတ်ဖြောင့်ဖြောင့်နဲ့သုံးပါ ။ နောက်ဆုံးအနေနဲ့ တစ်ခုမှာချင်တာက အဲဒီကျိန်စာသင့်ရတနာတွေကြောင့်နောက်နောင်တခြားသူတွေဒုက္ခမရောက်ဖို့အဲဒီနေရာကိုဘယ်သူ့ကိုမှမပြောမိစေဖို့. အထူးလျို့ဝှက်ထားဖို့မှာချင်ပါတယ်။ သန်းထိုက် စာသည်ထိုမျခန့်သာဖြစ်သော်လည်းစာ၏နောက်ကွယ်မှပုန်းကွယ်ငုတ်လျိုးနေသော အကြောင်းအရာများ ဖြင့်ပြည့်နှက်လျက်ရှိနေပါတော့သတည်း။ ==========×××××=====
ပြီးပါပြီ မြူခိုးအလင်္ကာ





