သရဲနောက်ပိုး ”(စ/ဆုံး)

သရဲနောက်ပိုး ”(စ/ဆုံး)

“သမီးရေ …စိုးစိုးမာ မပြီးသေးဘူးလား” “ပြီးပြီ…အဖေရေ၊ အားလုံးထည့်ပြီးမှ အမေမလိုက်ဖြစ်ဘူးဆိုလို့ အမေ့အတွက် ပြန်နှုတ်နေရလို့ပါ “ညည်းအမေက…ဘာကြောင့် မလိုက် ဖြစ်ရတာလဲ” “ဒီနေ့ …တော့်ရဲ့သား အငယ်ကောင် ကျောင်းအပ်ရမယ်။ မနေ့က လှတင်နဲ့ တွေ့လို့ သူနဲ့အတူ သွားမယ်လို့ မှာလိုက် တာ စောစောကမှ သတိရလို့ “ “ဖြစ်မှဖြစ်ရလေ…အေးဘုံရယ်၊ အခုမှ အသက်လေးဆယ်ကျော်ရုံ၊ ရှိသေးတယ် မေ့တတ်လိုက်တာလည်း လွန်ရော ကဲ …ဒါဆို တို့သားအဖပဲ သွားရတော့မှာပေါ့” “သမီးတစ်ယောက်တည်းနဲ့ ပြီးပါတယ် အဖေရဲ့၊ ဒီနေ့ တစ်ယောက်စာပဲ ကျန်တာ မဟုတ်လား” “ဟုတ်တော့ ဟုတ်တာပေါ့၊ သမီးအမေလိုက်တော့ သမီးသက်သာတာပေါ့၊ တစ်နေ့လုံး လုပ်ရမယ့်အလုပ် နှစ်ယောက် လုပ်လိုက်တော့ မနက်ပိုင်းနဲ့ ပြီးရော မဟုတ်လား ကဲ…ကဲ …တက်…တက် သွားမယ်၊ နေမထွက်ခင် ကိုင်းကွက်ထဲရောက်မှ သက်သာမှာ” စိုးစိုးမာလည်း ဖခင်ဖြစ်သူကို ထမင်းထုတ်ထည့် သော တောင်းကို လှမ်းပေးလိုက်ပြီး လှည်းဘီးမှ ကုတ်ဖက်၍ တက်လိုက်သည်။

https://tuckerclassesjackal.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

အင်္ကျီလက်ရှည် သနပ်ခါးပါးကွက်ကြီးနှင့် မျက်နှာတစ်ခုလုံး ဖွေးအောင် လိမ်းထားသေးသည်။ လယ်ကွင်းထဲ မှာ ဆေးရွက်ကြီးအတက်များ ဖဲ့ရမည်ဖြစ်သည်။ သူတို့ လယ်ကွင်းမှာ ဆေးရွက်ကြီးများ စိုက်ထား သည်။ ဆေးပင်မှ အရွက်ရှစ်ရွက်၊ ကိုးရွက်ခန့် ထွက်လာလျှင် ခေါင်းညွန့်ကို ချိုးလိုက်သည်။ သို့မှသာ ကြီးမားပြန့်ကားသော အရွက်များ ရရှိပေမည်။ ထိုအရွက်မျိုးရရန် ခေါင်ညွန့်နှိမ် လိုက်ရုံနှင့်လည်း မပြီးသေး။ ပင်စည်နှင့် အရွက်ရိုးတံရင်းမှာ အတက်လေးများ ထွက် လာသည်။ ထိုအတက်လေးများ သုံးလက်မ၊ လေးလက်မထက် ပိုရှည်မလာခင် ချိုးဖဲ့လာသည်။ အတက်ကို အကြီးခံ၍မဖြစ်၊ အတက်ကိုနိုင်နိုင် ဖဲ့ပစ်နိုင်မှ အရွက်ကောင်း အရွက်လှများ ရရှိပေမည်။ အရင်းပိုင်းမှ အရွက်ကြီးများကို ရိုးတံမှ သိပြီး အခြောက်လှမ်းကာ ဆေးပြင်းလိပ်လုပ်ရန်အတွက် ရောင်းရသည်။ အရွက်မလှသော အပေါ်ပိုင်း အရွက်များကို ဓါးလှီး ဆေးရွက်အဖြစ် အသုံးပြုသည်။ လှီးထားသော ဆေးရွက်များကို အခြောက်လှန်းကာ ဓါးလှီးဆေးအဖြစ်ဆေးလိပ်နှင့် ဆေးတံအတွက် အဓိကထား ရောင်းဝယ်ကြသည်။

ဗဂျီးနီးယားခေါ် သည့် ဆေးရွက်ကြီးများကို သက်သက် စိုက်ကာ ကွမ်းစားဆေးအတွက် စိုက်ကြသည်။ ထိုဆေးရွက် မျိုးက အကွက်အကွက်နှင့် အလွန်လှသည်။ ပင်စည်အရိုးကို ဓါးနှင့်စဉ်းပြီး ဆေးပေါ့လိပ်မှာ ဆေးရိုးအဖြစ် အသုံးပြုသည်။ ဆေးအလုပ်က ရှုပ်သည်။ ဆေးရွက်သီသူများ ငှားရသည်။ သိ၍ပြီးသော ဆေးရွက်ကြီးများကို အခြောက်ခံရန် ရှစ်ပေခန့်ရှိသော ဝါးများပေါ် ခွပြီး လှမ်းရသည်။ မနက်လှမ်းပြီး ညနေဆေးရုံ ဂိုထောင်အတွင်း သယ်သွင်းရသည် ။ မနက်လှန်း ညနေရုတ်ဖြင့် မခြောက်မချင်း လှန်းရသည်။ ဆေးလှန်းသည့် ငါးတန်းစင်များက သစ်ပင်ရိပ် မရှိသော ခြံကျယ်ကျယ် တစ်မျှော်တစ်ခေါ်ရှိနေ သည်။မနက်လှမ်းသည့်အခါ သက်သာသည်။ ဝါးတန်းသုံးလေးတန်း တစ်ခါတည်း လက်လျှို သွင်းပြီး သယ်၍ရသည်။ တစ်ညလုံး အအေးခံထားသည့်အတွက် ဆေးရွက် များ ပျော့ပျောင်းနေသည် မဟုတ်ပါလား။ ညနေ ဂိုထောင်ထဲ ပြန်သွင်းလျှင်တော့ တစ်ခါသယ်လျှင် ဝါးတစ်လုံးသာ သယ်၍ရသည်။ ဝါးမှ လျှိုလှန်း ထားသော ဆေးရွက်များက နေပူပူမှာ ကြွပ်ရွ နေသည်။ ထိမိခိုက်မိလျှင် အရွက်ခြောက်များ ကျိုးပဲ့ကုန်သည်။

အရွက်ရင်း ရိုးတံခြောက်သည် အထိ လှန်းရသည်။ ထို့ကြောင့် ဝါးတန်း(၁၀၀)ရှိလျှင် အခေါက်(၁၀၀)မျှ အကြိမ်ကြိမ် ရုတ်သိမ်းရသည်။ နေပူပူမှာ တစ်ပတ်ခန့် လှမ်းရသည်။ အလုပ်ရှုပ်သလို အရင်းက ဝင်ပေမဲ့ ရရှိသော ရောင်းရငွေက မြိုးမြိုးမြက်မြက်လေးရသဖြင့် အပင်ပန်းခံ လုပ်နေကြခြင်းဖြစ်သည်။ ဆေးရွက် ခူးသည့်အခါလည်း ဆေးဂျီးကြောင့် ခြေတွေ လက်တွေ ညစ်ပတ်နေသည်။ အလုပ်သိမ်းလျှင် ဆပ်ပြာနိုင်နိုင်ဆေးပေမဲ့ လက်ဝါးပြင်မှာဝါပြီး ကျန်ရစ်သည်။ ဆပ်ပြာအပြင် ဖရဲသီးအခွံနှင့် ပွတ်တိုက်ဆေးလျှင်လည်း ဆေးဂျီးပြောင်သည်။ ယခု ဦးခင်စိုးက လှည်းကို မောင်းနေသည်။စိုးစိုးမာက ထမင်းတောင်းကို ထိန်းရင်းလိုက်ပါလာသည်။ ဆေး ရွက်ခူးရန် တစ်လခန့်လိုသေးသည်။ အချိန်မှန် အတက်ဖဲ့ သောအလုပ်သာ တစ်ပတ်တစ်ခါခန့် စိုက်ခင်းထဲ ဝင်ရသည် စိုးစိုးမာတို့က လယ်ခြောက်ဧက ရှိသည့်အနက် လေးဧက ကို ဆေးရွက်ကြီးများစိုက်၍ ကျန်နှစ်ဧကကို ပြောင်းစိုက် ထားသည်။ ပြောင်းကတော့ ချိုးရောင်းနေရပြီ။ ဆေးရွက်ကြီးလေးဧကကို သားအဖသုံးယောက်နှင့် နေ့စားနှစ်ယောက်ငှားပြီး အတက်ချိုးရသည်။

အေးအေး ဆေးဆေးချိုး၍ မရ၊ သို့ကြောင့် နေ့စားသွင်းသည်။ နေ့စားခေါ်သည့်အခါ မိန်းခလေးကို ငှားပါမှ၊ မိန်းခလေးငှားလျှင် အလုပ်ပြီးသည်အထိ လူမြဲသည်။ မိန်းကလေးများ မအား၍ ယောက်ျားလေးများ ငှားလျင် တစ်ရက်ထက်ပိုငှား၍ မရ၊ နောက်နေ့ အကြောင်းတစ်ခုခုပြပြီး မလာတော့။ စိုးစိုးမာကလည်း အသက်ဆယ့်ခုနှစ်နှစ် အပျိုကြီးဖားဖားဖြစ်နေပေသည်။ ရွာရှိလူပျိုလူရွယ်များကို နေ့စားခေါ်လျှင် ဝမ်းပန်းတသာနဲ့ လက်ခံပြီး အလုပ်ခွင်သို့ ရောက်လာသည်။ အလုပ် လက်စမပြတ်သေးသဖြင့် နောက်နေ့ဆက်ဆင်းရန် မှာလိုက်သည်။ ဒါပေမဲ့ ထိုယောက်ျားလေးတွေ နောက်နေ့ဆင်းရန် ခါးခါးသီးသီး ငြင်းဆန်လေတော့ သည်။ ထို့ပြင် ရွာကာလသား တချို့ကလည်း စိုးစိုးမာကို တွေ့လျှင် လူပျိုစကားမျိုး မထိတထိ ပြောကြသည်။ရိသဲ့သဲ့ လုပ်ကြသည်။ နောက်က စကားလိုက်ပြောသည့် လူပျိုများပင်ရှိခဲ့သည်။ တစ်ခု ထူးခြားသည်၊ ထို့သို့စခြင်း၊ ပြောင်းခြင်း၊ ရိသဲ့သဲ့ လုပ်ကြသော လူငယ်လူရွယ်များသည် တစ်ကြိမ်က နှစ် ကြိမ်ထက် ပိုပြီး မလုပ်ကြ။ စိုးစိုးမာကိုတွေ့လျှင် သူတို့နှင့် မသိသလို မဆိုင်သလိုမျိုး ဖြစ်သွားသည်။

စိုးစိုးမာကို တွေ့လျှင် နောက်ကြောင်း ပြန်လှည့်သူ လှည့်ကြသည်။ အချို့က သူကိုတွေ့သည်နှင့် ဝေးဝေးက ရှောင်ထွက်သွားကြသည်။ စိုးစိုးမာ၏စိတ်ထဲမှာ ထူးဆန်းသလို ဖြစ်မိသည်မှာ ကြာပြီ။ သူမကိုယ်တိုင်က စိတ်ဝင်စားမှု မရှိသည့် အတွက် ထိုကိစ္စကို လေးလေးနက်နက် မထားမိခဲ့ ခြင်းဖြစ်သည်။ လွန်ခဲ့သော ခြောက်လခန့်က မိုးဦးကျ စပါးစိုက်ချိန်က ဖြစ်သည်။ စိုးစိုးမာကို ပိုးပန်သူများထဲမှ အောင်ကျော်ဆိုသော လူရွယ်ကဦးခင်စိုးထံ ရောက်လာပြီးနေ့စားအလုပ်လာ လုပ်သည်။ “ဟ…မောင်အောင်ကျော် သည်အချိန် ဦးလယ်ထဲမှာ လူမှ မလိုဘဲ …စောစောရက်ကဆို ထွန်ဆွဲ၊ ကြမ်းတုံး ရိုက်၊ စက်တုံးဆွဲ အလုပ်ရှိသေးတယ်။ အခု အားလုံး ပြီးလို့ မနက်ဖြန် ပျိုးနှုတ်ပြီး ကောက်စိုက်ရက်တောင် ချိတ်ထားပြီးပြီ” “ပျိုးနှုတ်တာ လူမလိုဘူးလား” “တစ်ရက်ကြိုပြီး နှုတ်ထားမှာဆိုတော့ အလျင် မီတယ်လေကွာ” “ကောက်စိုက်မယ့်ရက် ဘယ်နှစ်ရက် ခေါ်ထားလဲ ဦးလေး” “လေးရက်ဆက်တိုက် စိုက်မှာပဲ၊ သုတ်သူကြီးက လူကုန်ခေါ်လာမယ်ဆို လေးရက်အပြတ်ပဲ၊ လူစုံ မပါရင် ငါးရက် ခြောက်ရက်ထိ ရောက်သွားမှာပေါ့ “ကျနော် ပျိုးလာနှုတ်မယ် စိုက်ကွက်တွေထဲ ပျိုးစည်း ထမ်းချမယ်…ဦးလေးရာ၊ ကျနော် ပိုက်ဆံအသုံးလိုနေလို့ နှစ်ရက်သုံးရက်တော့ ဝင်လုပ်ပါရစေ” “ကဲ …ကဲ…မနက်ဖြန် ပျိုးလာနှုတ်၊ ဆက်ဆင်း…ဟုတ်လား” “ဟုတ်ကဲ့ …ဦးလေး၊ ကျနော် မနက်မိုးလင်းတာနဲ့ ပျိုးလာနှုတ်ပါ့မယ်” “အေး …အေး၊ လာခဲ့ …ငါလည်း အကွက်ထဲမှာ ရှိနေမယ်” နောက်နေ့ အောင်ကျော် အလုပ်ဆင်းလာသည်။ အောင်ကျော်မိဘတွေက ရွာထဲမှာ စားနိုင်သောက် နိုင်သော အဆင့်ထဲမှ ဖြစ်သည်။ ကုန်စုံဆိုင်ကြီး ဖွင့်ထားသည်။

အောင်ကျော်က အသုံးလို၍ နေ့စားလာဆင်းသည်ကို ဦးခင်စိုးက ရိုးရိုးတွေးသည်။ လူငယ်လည်းဖြစ် သုံးချင်ဖြုန်းချင်ပါလျက် …မိဘက ပိုက်ဆံကို စည်းစနစ်နှင့် ပေးသုံးသည့်အတွက် ငွေအလုံးလို၍ အလုပ်လာတောင်းသည်ဟု အထင် ရှိသည်။ အောင်ကျော်က စိုးစိုးမာကို ပိုးပန်းချင်သည့် အတွက် အလုပ်လာတောင်းခြင်းဖြစ်သည်။ ထိုနေ့က ကောက်စိုက်အဖွဲ့တွင် စိုးစိုးမာလည်း ပါသည်။ အောင်ကျော်တစ်ယောက် နှုတ်ပြီးပျိုးပင် များကို ထမ်းပြီး လာချပေးရင်း သီချင်းတကျော်ကျော် ဆိုသည်။ သုတ်သူကြီး ဒေါ်ခင်မေက မျက်စိနောက်၊ နားပူလာသဖြင့် အော်ထုတ်ရသည်အထိ ဖြစ်သည်။ စိုးစိုးမာအနီး ရစ်သီရစ်သီနှင့် အကြောင်းမရှိ အကြောင်းရှာပြီးရောက်ရောက်လာသဖြင့် ကောက်စိုက်သမများကလည်း စိုးစိုးမာနှင့် အောင်ကျော်ကို စကြ ပြောင်ကြ နောက်ကြ သည်။ ကောက်စိုက်သမတွေ အလုပ်သိမ်းပြီး ပြန်တော့ ဦးခင်စိုးနှင့် အတူ အောင်ကျော်လည်း နောက်နေ့ ကောက်စိုက်ရန် ပျိုးနှုတ်၍ ကျန်ခဲ့သည်။ ပျိုးစည်းသုံးဆယ်ခန့်နှုတ်ပြီးတော့ လက်စသိမ်းပြီး ပြန်လာကြသည်။ “နောက်နေ့ ကျနော်လာခဲ့မယ်၊ သုံးရက်ပြည့်မှ လုပ်ခ ပေါင်းနှုတ်ရှင်းပေးပေတော့ သွားပြီး ဦးလေး” “အေး…မနက်ရှစ်နာရီ မထိုးခင်သာ ရောက်လာ ခဲ့ပေတော့” “ကျနော် စောစောလာခဲ့ပါမယ်” အောင်ကျော်က ဦးခင်စိုးအား နှုတ်ဆက်ပြီး ပျိုးခင်းထဲမှ တက်လာခဲ့သည်။ ကောက်စိုက်သမများ ထမင်းချိုင့်ထားသော ယာယီထိုးထားသော အဖီတဲ လေးမှာ ရေသောက်ရန်စိတ်ကူးပြီး လှည့်ဝင်လိုက်သည်။

ရေကို အဝခပ်သောက်ပြီး ထွက်ခဲ့သည်။ သည်သုံးရက် အတွင်း စိုးစိုးမာနှင့် နီးစပ်အောင် ကြံဆောင်ရမည်ဟု စိတ်ကူးထားသည်။ တဲလေးထဲမှ ထွက်ပြီး နောက် ဘက်ရှိ ပျဉ်းမပင်အောက်က ဖြတ်ထွက်ခဲ့သည်။ စွပ်…စွပ်…စွပ်…စွပ်” “ဟင် …ခြေသံပါလား” မိုးရွာထား၍ ဗွက်ပေါက်နေသော လယ်ကန်သင်းရိုးပေါ်မှ နင်းပြီး ပြန်အလာ၊ သူနောက်ဘက်မှခြေသံလိုလို ကြားလိုက်၍ နောက်သို့ လှည့်ကြည့်မိသည်။ ဘာမှမတွေ့၊ သို့ကြောင့် ခြေလှမ်းသွက်သွက် လျှောက်လိုက်သည်။ ဒါပေမဲ့ ခြေသံက ပျောက်မသွား သူလျှောက်ရင် အသံကြားရသည်။ သူရပ်လျှင် အသံရပ်သွားသည်။ “ဟေ့ကောင်…အောင်ကျော်၊ မင်း ငါ့စော် စိုးစိုးမာကို နောက်ပိုးတဲ့စိတ်နဲ့ ထပ်လာလို့ကတော့ အသေပဲ” “ဟင် …စကားသံပါလား” သူထိတ်လန့်သွားပြီး နောက်သို့ လှည့်ကြည့်သည်။ ဘာမှ မတွေ့ပေမဲ့ အနီးကပ်ပြောသော ယောင်္ကျား အသံကို ပီပီသသ ကြားလိုက်သည်။ “စိုးစိုးမာကို …မကြိုက်ရ၊ နောက်မပိုးရဘူးဆိုပါလား” “မင်း ကြပ်ကြပ် မှတ်ထား၊ နောက်တစ်ခါ စိုးစိုးမာ အနားမှာ မင်းကို မမြင်ချင်ဘူး” အသံက နောက်က ကပ်ပါလာသည်။ လူကို မမြင်ရ။ အောင်ကျော်တစ်ယောက် ကြောက်သည့်စိတ်ကို ထိန်းမရတော့၊ ခြေကုန်သုတ်ပြီး အိမ်သို့ အရောက် ပြန်ခဲ့သည်။ ထိုညမှာလည်း အိပ်မက်ထဲထိတိုင် လာရောက် ခြောက်လှန့်ခြိမ်းခြောက်နေပြန်သည်။ သို့အတွက် နောက်နေ့ ပျိုးနှုတ်ရန် မသွားတော့။ နေ့စား တစ်ရက်ခပင် သွားမယူတော့။

ဦးခင်စိုးက လူကြုံနှင့် ပေးခိုင်းလိုက်သည်။ နောက်ပိုင်း အောင်ကျော်တစ်ယောက် စိုးစိုးမာဆီ ခြေလှမ်းမလှည့်တော့။ အဝေးကတွေ့လျှင်ပင် လှည့်ရှောင်သွားတော့သည်။ ထိုကဲ့သို့ အောင်ကျော် ၏ အပြုအမူကြောင့် စိုးစိုးမာ စိတ်မဝင်စားသော်လည်း ရုတ်တရက် ပြောင်းလဲသွားသော အပြုအမူအတွက် စိတ်ဝင်တစားတော့ ဖြစ်မိသည်။ ဘာကြောင့်လဲ …သူ့အနီး လျှောက်ပြန်သံပေး တရစ်ဝဲဝဲလုပ်လာသော လူပျိုတစ်ယောက် ငြိမ်ချက်သားကောင်းသွားခြင်း၊ သူ့ကိုတွေ့သည် နှင့် ရှောင်ဖယ်သွားခြင်းသည် အနည်းငယ် ထူးဆန်း နေသည်။ သူနှင့်လည်း ထိပ်တိုက်မတွေ့သေး၊ သူကလည်း အော်ဟစ်ပြောဆို နှင်ထုတ်ခြင်းလည်း မပြုပါဘဲ အနီးကပ်လာသူများ ချက်ချင်းလှည့်ထွက်ပြီး သွားနေကြသည်၊ ဘယ်လိုမှ စဉ်းစားမရ။ အောင် ကျော် ခြေငြိမ်သွားပြီးနောက်ပိုင်း၊ စပါးရိတ်ချိန်သို့ ရောက်ခဲ့သည်။ အညာမှ စပါးလာရိတ်ကြသူများရှိသလို အခြား ရွာများမှလည်း လက်ခစား လာရိတ်သူများရှိသည်။ ထိုလူစုမှ ထွေးနိုင်ဆိုသော အသက်နှစ်ဆယ်အရွယ်ရှိ လူငယ်တစ်ယောက်ပါသည်။ ထိုအဖွဲ့ကို ဦးခင်စိုးက ပုတ်ပြတ်ငှားလိုက်သည်။ သူတို့ရိတ်သော ရက်များမှာ မနက်စာ အစာပြေ လယ်ရှင်က တာဝန်ယူရသည်။ စိုးစိုးမာက မိုးလင်းသည်နှင့် စပါးရိတ်သမားများ အစာပြေစားရန် ကောက်ညှင်းပေါင်း လာပို့သည်။ ပထမရက်မှာ ကောက်ညှင်းပေါင်း၊ ဒုတိယရက်မှာ ကောက်ညှင်းထုပ် ယူလာပြီး ကျွေးသည်။

ထွေးနိုင်က စိုးစိုးမာကို ပထမရက် စတွေ့တွေ့ချင်း စိတ်ဝင်စားခဲ့သည်။ သဘောကျသွားသည်။ ဒုတိယ နေ့ နေ့ခင်းရောက်တော့ ကောက်ရိတ်အဖွဲ့မှ အဒေါ်ကြီးက စိုးစိုးမာကို နာမည်မေးပြီး ပွင့်ပွင့် လင်းလင်း ပြောလာသည်။ “သမီးနာမည် ဘယ်လိုခေါ်လဲ …သမီး” “စိုးစိုးမာပါ အဒေါ်” “ဟေ့ …သူငယ် ကြားလိုက်လား” “ကြားတယ် ဒေါ်လေး” “အို…ဘာတွေလဲ” “ဟို …မောင်ထွေးနိုင်က သမီးကိုစိတ်ဝင်စားလို့ သမီးနာမည်ကို မေးခိုင်းလို့ အဒေါ်မေးပေးတာ” “အို…မဟုတ်တာ…ဘာတွေလဲ” စိုးစိုးမာ ထိုမျှသာပြောပြီး သူတို့နားက ထွက်လာခဲ့သည်။ အခုမှ နှစ်ရက်ပဲ ရှိသေးသည်။ သူ့အကြောင်း ကိုယ်မသိ၊ ကိုယ့်အကြောင်း သူမသိ၊ ဘယ်လိုဖြစ်နိုင်မှာလဲ …မိမိအလုပ်လည်း လယ်ကွင်း ထဲမှာ မရှိတော့သည့်အတွက် ကောက်ညှင်းထုပ် ထည့်ခဲ့သော တောင်းကိုယူကာ ရွာသို့ ပြန်လာခဲ့သည်။ ရင့်မှည့်နေပြီဖြစ်သော စပါး(၆)ဧကကို ပုတ်ပြတ်ချ လိုက်ရာ (၄)ဧက ပြတ်သွားပြီး (၂)ဧကသာ ကျန် တော့သည်။ မနက်ပိုင်း ထုံးစံအတိုင်း ထမင်းနှင့် ပဲပြုတ်ဆီဆမ်း အစာပြေစားရန် ကောက်ရိတ် အဖွဲ့ ရှိရာသို့ စိုးစိုးမာ တောင်းရွက်၍ ရောက် လာသည်။

ပန်းကန်များနှင့် ထည့်ပြီး ကန်သင်းရိုးပေါ် ဝိုင်းဖွဲ့ထိုင်စားကြသည်။ ထိုလူအုပ်ထဲတွင် ထွေး နိုင်ကို မတွေ့တော့ … “စိုးစိုးမာရေ …သမီးကြောင့် ထွေးနိုင် စပါးရိတ် မဆင်းတော့ဘူး” “ဟင် …ဘာဆိုင်လို့လဲ အဒေါ်” ” အေး …သူက မြင်မြင်ချင်း သဘောကျသွားတာ၊ ထွေးနိုင်က ငါ့ကို မှာသွားတယ်၊ နောက်ကို စိုးစိုးမာနဲ့ ဘယ်လိုမှ မဖြစ်နိုင်တော့လို့ သူနဲ့စခြင်း၊ ပြောင်လှောင် ခြင်း၊ မလုပ်ကြပါနဲ့လို့ မှာလိုက်တယ် သူ…အခု ရွာပြန်သွားပြီ၊ ဘယ်လိုမှ မေးလို့ မရဘူး။ သူတစ်ခုခုကို ကြောက်လန့်နေတဲ့ပုံပဲ။ အဲဒီစကား လာပြောတာတောင် ရှေ့နောက် ဝဲယာ ခေါင်းကိုလည်နေတာပဲ” “ကိစ္စပြတ်သွားတော့လည်း ကောင်းပါတယ်၊ ကျမကလည်း ခုမြင် ခုကြိုက်ဆိုတဲ့ကိစ္စ ဘယ် လိုမှ လက်မခံနိုင်ပါဘူး “ “သားသမီးချင်း ကိုယ်ချင်းစာပါတယ်၊ အခုပုံစံက လက်တည့်စမ်းသလို ဖြစ်နေတာ မဟုတ်လား သူပြန်သွားတာတော့ စိတ်မကောင်းပါဘူး ကဲ…သမီး စားလို့လည်း ပြီပြီး အလုပ်သွားလုပ် တော့မယ်” “ဒီလောက် အသည်းအသန်ပြောခိုင်းပြီး ဘယ်လို ဖြစ်ပြီး ကောက်ကာငင်ကာ ပြန်သွားရတာလဲ” အနီးက မိန်းကလေးတစ်ယောက် … “အချစ်နာ ကျသွားတာ ဖြစ်မှာပေါ့ “ “မဟုတ်နိုင်ဘူး …ဒီမိန်းခလေးရဲ့ ရည်းစာက သိသွားလို့ ဓါးကြိမ်းသွားကြိမ်းတာနဲ့ ပြန်ပြေး တာလားမှ မသိတာ” “ကျမမှာ ဘယ်ရည်းစာမှ မရှိပါဘူး” “အင်း…ဘာကြောင့်တော့ အဒေါ်လည်း မသိဘူး၊ မနက်စောစောရောက်လာပြီး သူ့လုပ်ခရှင်းရန် ပြောဆိုတောင်းပန်လို့ ကားဂိတ်ကို သွားတာပဲ” “သူ့နောက်ပိုင်းကိစ္စ ပေါ်လာလို့ ဖြစ်မှာပေ့ါ” စိုးစိုးမာက ထိုမျှသာ ပြောပြီး ကောက်ရိတ်သမား များ စားထားသော ပန်းကန်များကို သိမ်း၍ တောင်းထဲ သို့ ထည့်ကာ တဲသို့ ထွက်လာခဲ့ပါသည်။ ပိုသော ထမင်းကျန်များကို တဲနောက်ဘက်သို့ ထွက်ပြီး ကြဲပက်လိုက်သည်။

ပျဉ်းမပင်ကြီးအောက်ကို ကြည့်လိုက်မိသည်၊ စာလေးသုံးကောင် အစာ ရှာနေသည်ကို တွေ့သဖြင့် အိုးထဲမှ ကျန်နေသည့် ထမင်းများကို လက်နှင့်ခြစ်ယူပြီး သစ်ပင်အောက် သွားကာ ပုံပေးပြီး ပြန်လှည့်ထွက်လိုက်သည်။ “ဘုတ်” “ဟင်…ဘာခုန်ချလိုက်တာလဲ” ဘေးဘီဝဲယာ ကြည့်တော့ ဘာမှမမြင်၊ သို့ကြောင့် တဲသို့ ပြန်လာခဲ့သည်။ သစ်ပင်နှင့် တဲက ပေသုံး ဆယ်ခန့် ကွာသည်။ တဲက ယာယီနားခိုရန် အဖြစ် ထိုးထားသော ကနားဖျဉ်းကို တစ်ဖက်ရပ် အဖီ ချထားသော တဲလေးဖြစ်သည်။ တောင်းထဲသို့ အိုးကို ထည့်နေစဉ် ရိပ်ခနဲလိုလို အနီးမှာ တွေ့လိုက်မိသည်။ လူတစ်ယောက် အနီးသို့ ရောက်လာသည်အထင်နှင့် လှည့်ကြည့်လိုက်သည်။ ဘာမှ မရှိ၊ ရှေ့နောက် ဝဲယာ ကြည့်သည်၊ ဘာမှမတွေ့၊ သို့ကြောင့် တစ်ယောက် တည်း မနေဝံ့တော့သဖြင့် အပြင်သို့ ထွက်လာခဲ့သည်။ XXXXX ဦးခင်စိုးတစ်ယောက် သမီးစိုးစိုးမာ အရွယ်ရောက်လာ သော်လည်း အခြေအနေက ထူးခြားသလိုဖြစ်နေ သည့်အတွက် ဇနီးဖြစ်သူဒေါ်အေးဘုံကိုခေါ်ပြီး နားလည်သလောက် ရှင်းပြသည်။သမီးကို ယော င်္ကျားလေးတွေ အခေါ်အပြော မရှိဘဲ ရှောင်ဖယ် နေသည့်ကိစ္စကို လေ့လာစုံစမ်းခိုင်းသည်။

“တော်က ဘာကြောင့် ပူပင်နေရတာလဲ …ကိုယ့်သမီး ရည်းစာမထား၊ အိမ်ထောင်ပြုချင်စိတ် မရှိတာ ဘယ် လောက်စိတ်ချမ်းသာဖို့ ကောင်းလဲ” “ဟဲ့ …ငါလည်း သူ့အဖေပါ၊ ရိုးရိုးတန်းတန်း ချစ်သူ ရည်းသား မထားချင်တာ အကြောင်းမဟုတ်ဘူး၊ အခု…မင်းရဲ့သမီးအနားကို ယောက်ျားလေး သုံး လေးယောက် ချည်းကပ်တာ ငါသိတယ်၊ တစ် ယောက်မှ ဇွဲမရှိဘဲ မင်းသမီးရဲ့အနားက ပျောက် ကုန်လို့ ငါစိတ်ထဲ ထူးဆန်းနေတာ” “တော်က ဘယ်လို သိတာလဲ” “ငါ…စသိတာ မိုးဦးကျ အောင်ကျော်ဆိုတဲ့ကောင်လေး သူ့အိမ်စီးပွားရေးက ကောင်းပါရက် …ငါ့လယ်မှာ ပျိုး နှုတ်ချင်လို့ ဆိုပြီး အလုပ်လာတောင်းတယ်။ သူသုံး ရက်လုပ်တယ်၊ ငွေလိုလို့ ပေးလုပ်ပါလို့ တောင်းပန်းတာ နဲ့ ငါပေးလုပ်လိုက်တယ်။ စလုပ်တဲ့နေ့က ဒီကောင် ငါ့သမီးအနား တရစ်ဝဲဝဲ သွားလုပ်နေလို့ ကောက်စိုက် သမတွေက စကြ ပြောင်ကြနဲ့၊ ပွဲဆူနေတာ။ ငါက ပြဿနာမရှိတာနဲ့ မသိချင်ယောင် ဆောင်နေလိုက်တယ်၊ အဲ…နောက်နေ့လည်း ရောက်ရော အလုပ်မဆင်းတော့ ဘူး၊ ဒီကောင် သုံးရက် ဆက်လုပ်ရင် ငါ့သမီးနဲ့ ကျိန်းသေ သမီးရည်းစားဖြစ်သွားမှာ၊ ဟိုရွာအလယ် ပိုင်းက ဒေါ်သန်းခင်သား၊ အေးဝင်းဆို တဲနားလာလာပြီး သီချင်းလာ ဟဲနေတာ၊ နှစ်ရက်လောက်ကြာတော့ မလာတော့ဘူး၊ ငါနဲ့ ဆုံလို့ ငါပြုံးပြတာတောင် ငါ့ကိုမော့မကြည့်ဘူး၊ ပြီးတော့ စပါးလာရိတ်တဲ့အဖွဲ့ထဲ က ကောင်လေးတစ်ယောက်က သမီးကို ကြိုက်လို့ ဆိုပြီး သူအဖွဲ့က အသက်ကြီးကြီး အဒေါ်ကြီးကို ပြောခိုင်းသတဲ့၊ နောက်နေ့လည်း ရောက်ရော အထုပ်ထမ်းပြီး သူ့ရွာကိုပြန်သွားရောတဲ့” “ရှင်က ဘာကြောင့် ရှင့်သမီးကိစ္စ ခရေစေ့တွင်းကျ သိနေတာလဲ” “သိဆို အဲဒီနေ့က စပါးရိတ်တဲ့လူ လျော့သွားလို့ မေးတော့၊ သူတို့အဖွဲ့ထဲက အဒေါ်ကြီးက ပြုံးပြုံး ရယ်ရယ်နဲ့ ငါ့ကို ပြောပြတာ” “ရှင်သမီးကလည်း ရှင်မသိတဲ့အချိန် အော်ဟစ် မောင်းထုတ်နေလားမှ မသိတာ” “အဲဒီအဆင့် မရောက်ခင်ကို ယောင်္ကျားလေးတွေ သမီးအနားက အဝေးကို ရောက်သွားကြတာကွ” “ရှင်က သမီးထက်ပိုပြီး စိတ်ကူးယဉ်နေတာ၊ သမီးအတွက် စိတ်ပူပြီး ယုံထင်ကြောင်ထင် ဖြစ်နေတာ၊ ကျုပ်သတိထား နေပါ့မယ်၊ ရှင့်သမီးကို ရှင်လည်း ဂရုစိုက်ပြီးနေ၊ သူကြောင့် ယောင်္ကျားလေးတွေ အရှက်ရသွားတယ်၊ နောက် ဆုတ်သွားရတယ်ဆိုရင် အငြိုးထားမှာလည်း စိုးရတယ်” မိခင်နှင့် ဖခင်တို့က စိုးစိုးမာအတွက် စိုးရိမ်နေပေမဲ့ စိုးစိုးမာကတော့ ထိုကိစ္စကို စိတ်ဝင်စားမှု မရှိသလို အရေးတယူ မရှိလှပါ။

XXXXX ကိုင်းအသီးအနှံများသိမ်းပြီး အချို့က ရောင်းချ၍ ငွေများပင် ရွှင်နေကြပြီ၊ စိုးစိုးမာတို့ဘကြီး ၊ ဦးခင်စိုး၏ အစ်ကိုကြီးမိသားစုဦးစီး၍ ရဟန်းခံရှင်ပြု လုပ်သည်။ စိုးစိုးမာ၏ မောင်နှစ်ယောက်လည်း ရှင်ပြုပွဲမှာ ပါသဖြင့် အလှူမိသားစုအဖြစ် အလုပ်မအားမလပ် ရှိနေရသည်။ ထိုအတူ ရှင်လောင်းလှည့်ပွဲမှာလည်း စိုးစိုးမာ တို့က ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင်များ အဖြစ် တာဝန်ယူရသေးသည်။ ထိုအဖွဲ့ထဲမှ စိုးစိုးမာနှင့် မိန်းခလေးသုံးယောက်ခန့်က ရွာ၏ ကျက်သရေဆောင်အဖြစ် အလှဆုံး များ ဖြစ်နေသည်။ သားရှင်များကလည်း ထိုအချိန်မှာ မိမိတို့သားများအတွက် ချွေးမ လောင်း များကို အကဲခတ် ရွေးချယ်ကြသည်။ အိုးဘိုစုရွာမှ လယ်ပိုင်ရှင် ဦးထွန်းဇံနှင့် ဒေါ်ထွေးရီတို့က သူတို့သားနှင့် စိုးစိုးမာကို လက်ဆက်ပေးချင်သည်ဆိုကာ… သူ့မိတ်ဆွေများ အကူအညီတောင်း၍ ဦးခင်စိုးတို့အား အလှူအိမ်မှာပင် နားသွင်းခိုင်းသည်။ ကန့်ကွက်မည်မဟုတ်လျှင် နေ့ကောင်းရက်သာ ရွေးပြီး နားလာဖောက်ချင်သည်ဟု ဆိုသည်။ စိုးစိုးမာ၏ မိသားစု သဘောကျအောင် တင် တောင်းပါမည်ဟုလည်း ဆိုလာသည်။

ဦးခင်စိုးတို့လင်မယားကလည်း သမီးကညာ အခါမလင့်စေချင်သည့်အတွက်သမီးကို နားချပြီး အကြောင်းပြန်ပါမည်ဟု မယုတ်မလွန်ပြောလိုက်သည်။ အလှူပွဲ အကျွေးအမွေးနေ့မှာ ဦးထွန်းဇံ၏သားပါ ရောက်လာသည်။ သူ့နာမည်က အောင်မျိုးနိုင်ဟု ဆိုသည်။ အောင်မျိုးနိုင်ကလည်း စိုးစိုးမာကို မြင်မြင်ချင်း သဘောကျသွားသည်။ ထိုနေ့မှာ လူငယ်နှစ်ယောက်ကို လူကြီးများက မိတ်ဆက်ဆုံတွေ့ပေးကြသဖြင့် တစ်ဦးနှင့်တစ်ဦး အခေါ်အပြော ရှိခဲ့သည်။ တစ်ဦးနှင့်တစ်ဦး စိတ် ဝင်စားဟန်လည်း ရှိသည်။ အကဲခတ်နေကြသော လူကြီးများကလည်း လူငယ်နှစ်ယောက်အခြေ အနေကို ကြည့်ပြီး ပျော်ရွှင်နေကြသည်။ မကြာခင် သော ရက်တစ်ရက်မှာ လူငယ်နှစ်ယောက်အား ခမ်းနားသော မင်္ဂလာပွဲ ဆင်နွှဲပေးမည်ဟူသော စိတ်ကူးများဖြင့် ဝမ်းသာနေကြသည်။ XXXXX ဝုန်း…ဒုန်း…ဝုန်း… “ဟဲ့…အေးဘုံ၊ ဘာလဲ” “မသိဘူးလေ၊ မီးဖိုထဲမှာ ကြောင်ခုန်ချလား မသိဘူး၊ တော် ထကြည့်ပါဦး” ဒုန်း…ဒုန်း…ဒုန်း “ဟင်…အိမ်ခေါင်ပေါ် ခဲတွေနဲ့ ပစ်နေတယ်” ဒုန်း…ဒုန်း…ဗျမ်း “ဟေ့ …ဘယ်ကောင်တွေ လက်ကမြင်းနေတာလဲ” ဦးခင်စိုး ငေါက်ခနဲ ထထိုင်ပြီး အိမ်ရှေ့ကို ဓါတ်မီးဆွဲပြီး ထွက်လာသည်။

ခြေရင်းခန်းမှာ အိပ်သော စိုးစိုးမာလည်း နိုးနေပြီ။ ” အဖေ…ဘာသံလဲ” “အိမ်ကို ခဲနဲ့ ထုနေလို့ …ထွက်ကြည့်မလို့ “ “အပြင်မထွက်နဲ့ …အဖေ တော်ကြာ ခဲမှန်နေဦးမယ်” “တောက်…ဘယ်ကောင် ခဲနဲ့ပစ်နေတာလဲကွ” ဗျန်း …ဗျန်း…ဗျန်း… “အဖေ …အဖေ…သရဲ …သရဲ …သမီး အိပ်ခန်းနောက်ကို ပုတ်နေတယ်” “ကိုခင်စိုး…အပြင် မထွက်နဲ့ “ ညဦးပိုင်းက သမီးနှင့် အိမ်ထောင်ချပေးမည့် ဦးထွန်းဇံမိသားစုအကြောင်း၊ အောင်မျိုးနိုင်အ ကြောင်း စကားဝိုင်းဖွဲ့ ထိုင်ပြောနေကြရာ ညဆယ့်တစ်နာရီခန့်မှ အိပ်ရာထဲ ဝင်ဖြစ်ကြသည်။ ယခု အိပ်ပျော်ရုံပဲ ရှိသေးသည်။ဘယ်ကမှန်း မသိသော အရာက အိမ်ကိုသဲသဲမဲမဲ ခဲနှင့် ပေါက်နေသည်။ သန်းခေါင်နီးမှ ခဲနှင့်ပေါက်ခြင်း၊ အိမ်ကို ထုရိုက်ခြင်းတို့ ရပ်သွားသည်။ မနက်လင်းတော့ ဦးခင်စိုးက ဒေါ်အေးဘုံ ကိုခေါ်ပြီး တိုးတိုးတိတ်တိတ် ပြောသည်။ “ညကကိစ္စ မရိုးဘူးထင်တယ် မအေးဘုံ” “ဘာကို မရိုးရတာလဲ” “မင်းရဲ့ သမီးကို အိမ်ထောင်ချပေးမလို့ စီစဉ်ကာမှ အခုလို ဖြစ်တာ မဟုတ်လား” “မဆိုင်ပါဘူးရှင်” “ဟုတ်တစ်ရက်တုန်းက ငါ မင်းရဲ့ သမီးအကြောင်း ပြောသေးတယ် မဟုတ်လား” “ယောက်ျားလေးတွေ နောက်ဆုတ်သွားတဲ့ကိစ္စ မဟုတ်လား” ” ဟုတ်တယ်လေ …ညက အိမ်ထောင်ရေးကိစ္စ မဟုတ်လား” “ကျုပ်တော့ မစဉ်းစားတတ်တော့ဘူး။ ဟိုကလာ နားဖောက်ရင် ကျုပ်ကတော့ ခေါင်းညိတ်ရမှာပဲ” သူတို့မျှော်လင့်နေသော ရက်သို့ရောက်လာသည်။

အိုးဘိုစုရွာမှ လူတစ်ယောက် ရောက်လာသည်။ ဦးသိန်းဇံအိမ်က လွှတ်လိုက်၍ လာသည်ဟု ပြောသည်။ သူတို့သားက လက်မထပ်ချင်တော့ဟု အတင်း ငြင်းသည့်အတွက် အားနာစွာနှင့် လာရောက် တောင်းပန်ခြင်းဖြစ်ကြောင်း ပြောပြသည်။ “ကျနော်တို့လည်း ကောင်လေးပါးစပ်က ပြောလို့၊ အံ့သြနေကြတာ၊ သူ့မိဘတွေဆိုရင် သူ့သားကို တော်တော် စိတ်ဆိုးနေကြတယ်။ သူ့သားက ကျနော် ကြိုက်ပေမဲ့ မယူရဲဘူး၊ ည…ည ရောက်ပြီ ဆိုရင် သရဲလိုလို အကောင်ကြီးက စိုးစိုးမာကို ယူရင် သတ်ပစ်မယ်လို့ ညအိပ်တာနဲ့ လာပြော နေတယ်။ ဒါကြောင့် မယူရဲတော့လို့ သွားပြန်ပြော ခိုင်းတာတဲ့” “သရဲက ကောင်လေးကို လာခြိမ်းခြောက်နေတယ် ဟုတ်လား” ” ဟုတ်တယ် …ဦး၊ အောင်မျိုးနိုင်က သူ့အမေတွေကို ကျနော် သေမှာ ကြောက်တယ်လို့ပြောတယ် ကဲ ကျနော် ပြန်ဦးမယ် ဦးလေး” “အေး…အေး” အကြောင်းလာကြားသောသူ ပြန်သွားသည်နှင့် ဦးခင်စိုးနှင့် ဒေါ်အေးဘုံတို့ခေါင်းချင်းဆိုင်ကြတော့သည်။

“ကဲ …တို့စိတ်ထဲ မသင်္ကာတဲ့အတိုင်း ဖြစ်လာတာပဲ” “ဘယ်က သရဲတစ္ဆေလဲ” “အဲဒါတော့ မသိဘူး၊ သမီးကို ချည်းကပ်မယ့် ကောင်လေးတွေကို သူခြောက်လှန့်ထုတ်နေတာ လား မသိဘူး” “အင်း ရှင်ပြောတာ ဖြစ်နိုင်တယ်၊ ဒါပေမဲ့ သရဲက ဘယ်ကသရဲလဲ တစ်ခါမှ မမြင်ဘူး မကြုံဘူးပါဘူး၊ အခု ကျုပ်တို့သမီးက အသက် ၁၇ နှစ်ကျော်ကျော်ပဲ ရှိသေးတယ်၊ နောက်ပိုင်း အခုလိုသာ အနှောင့်အယှက် ပေးနေမယ်ဆို ဘယ်လိုလုပ်တော့မလဲ” “ဒီသရဲ …တို့ခြံထဲက သစ်ပင်တစ်ပင်,ပင်မှာ နေတာနဲ့ တူတယ်၊ မင်းသမီးကိုခေါ်ပြီး မေးကြည့် စမ်း၊ ဘာထူးခြားချက်ရှိလဲ ဆိုတာ” “မထူးခြားပါဘူး၊ အမေတို့ အဖေတို့ ပြောနေတာ ကြားပါတယ်၊ ဦးသိန်းဇံအိမ်က အကြောင်းလာကြား တာကိုပါ ကြားပြီးပါပြီ” “သမီးအတွက် အဖေတို့ အမေတို့ စိတ်မကောင်းပါဘူး” “စိတ်မကောင်း မဖြစ်ပါနဲ့၊ သမီးတို့ချင်းက ချစ်သူ တွေလည်း မဟုတ်ဘူး၊ တစ်ဦးအကြောင်းတစ်ဦး သိသေးတာလည်း မဟုတ်ဘူး၊ အခုလို ဖြစ်သွားတာ လည်း ကောင်းပါတယ်” ဦးခင်စိုးနှင့် ဒေါ်အေးဘုံတို့လည်း သမီးအတွက် ခေါင်းခဲနေကြသည်။ တစ်ရက် လင်မယားနှစ်ယောက် လယ်ကွင်းထဲမှ အပြန် လမ်းမှာ တိုးတိုးတိတ်တိတ် တိုင်ပင်လာခဲ့ကြသည်။

“မင်းညီမတို့ရွာမှာ သမီးကို ပို့ထားပြီး ပျော်သ လောက် နေခိုင်းရင် ကောင်းမလား” “ဟုတ်တယ်…ကျမလည်း စဉ်းစားမိတယ်။ ပြီးတော့ မတင်လှကို ပြောရမယ်၊ သင့်တော်တဲ့ တစ်ယောက်ယောက် တွေ့ရင် ပေးစားလိုက်လို့” “အေး…ကောင်းတယ်၊ ဒါမှ ဒီသရဲရန်က လွတ်မှာ” “ရှင်ပဲ…ရှင့်သမီးကို သွားပို့လိုက်” “မင်း …မလိုက်ဘူးလား” “မလိုက်တော့ပါဘူး၊ နှစ်ယောက်လုံးသွားရင် နွားစာကိစ္စရော၊ ကိုရင်တွေ ဆွမ်းလောင်းဖို့ ကိစ္စရော…ကျုပ်အိမ်မှာ ရှိမှ ဖြစ်မှာ” လင်မယားနှစ်ယောက် ကြိုတင်တိုင်ပင်ထားသည့် အတိုင်း မကြာသောရက်မှာပင်ဦးခင်စိုး ထိုကိစ္စကို အကောင်အထည် ဖော်ပါတော့သည်။ XXXXX ပေငါးဆယ်ခန့်ကျယ်သော ချောင်းအတွင်း လှေလေး တစ်စီးကို ဦးခင်စိုးက လှော်လာသည်။ စိုးစိုးမာက လှေဦးတွင် ထိုင်လာသည်။ စိုးစိုးမာတို့ ဒေါ်လေးနေသော ထင်းကုန်ရွာက လှေနှင့် သုံးနာရီနီးပါး လှော်သွားရသည်။ ရွာက ချောင်းတစ်ဖက်ကမ်းကို တက်ပြီး နာရီဝက်နီးပါး လမ်းလျှောက်ရသေးသည်။ ထိုချောင်းက နွေရော မိုးပါ ရေမခမ်းသော ချောင်းဖြစ်သည်။ ဦးခင်စိုးတို့က ရွာအလယ်မှာ နေထိုင်ပြီး လယ်ကလည်း ချောင်းကို ဖြတ်သွားစရာ မလိုသည့်အတွက် လှေမရှိ။ သို့ကြောင့် ဇနီးသည်၏ ညီမနေထိုင်သော ရွာသို့ သမီး လာပို့ရန် အသိတစ်ယောက်၏လှေကို ငှားပြီး ထွက်လာခြင်းဖြစ်သည်။ မနက်ပိုင်း ထမင်း စားပြီး သားအဖနှစ်ယောက် ထွက်လာခြင်းဖြစ်သည်။

လှေကို လှော်နေရင်း ခရီးတစ်ဝက်သာသာခန့် အရောက် ရေငတ်သလို ဖြစ်ပြီး ဆေးလိပ်သောက်ရန် စိတ်ကူးရလိုက်သည်။ အိတ်ကပ်ထဲ ထည့်ထားသော ဆေးပေါ့လိပ်ကို ထုတ်လိုက်သည်။ ဆေးလိပ်သာ တွေ့ပြီး မီးခြစ်က အိတ်ကပ်ထဲ မရှိ။ “သမီး…တောင်းထဲမှာ မီးခြစ်…ပါလား၊ ရှာကြည့်စမ်း၊ အဖေခံတွင်း ချဉ်လို့ “ “အဖေကလည်း လေကတိုက်နဲ့ မီးခြစ်ရှိလည်း မီးခြစ်လို့ ရပါ့မလား…ဟိုရောက်မှပဲသောက်ပါလား” “ကဲပါ …ရှာစမ်းပါ” ထိုအချိန် ဦးခင်စိုးနောက်ဘက်မှ ပခုံးပေါ်ကိုကျော်၍ လက်ကြီးတစ်ဖက် ထွက်လာသည်။ ထိုလက်ထဲမှာ မီးခြစ်တစ်လုံး ပါလာသည်။ “အမယ်လေး…သရဲ” “အဖေ …ဘယ်လိုဖြစ်တာလဲ” “သူပခုံးပေါ်မှ ထွက်လာသော လက်ကြီးမှာ အမွေး အမှင်များကလည်း ရှည်လျားစွာ ပေါက်နေသည်။ ထိုလက်ကြီးက မီးခြစ်ကိုင်၍ ပေးနေသည်။ စိုးစိုးမာ က လှည့်ကြည့်ပေမဲ့ မြင်ပုံမပေါ်။ ဦးခင်စိုးလည်း ထိတ်လန့်စွာ အော်လိုက်သည့် အတွက် လက်ကြီးပျောက်သွားသည်။ ဦးခင်စိုးလည်း ဆုံးဖြတ်ချက်ချလိုက်ပြီး လှေကို ပြန်လှည့်လိုက်သည်။ “အဖေ…ဒေါ်လေးတို့ရွာကို မသွားတော့ဘူးလား” “မသွားတော့ဘူး …သမီး၊ နောက်မှပဲ သွားတော့မယ်” “လုပ်ပြီ…လမ်းတစ်ဝက်ရောက်မှ ပြန်လှည့်ရတယ်လို့” ဦးခင်စိုးလည်း ဘာမှ ပြန်မပြောတော့ဘဲ ရွာသို့သာ ပြန်လှော်လာခဲ့သည်။ သရဲက သမီးသွားသည့်နောက် လိုက်လာပုံရသည်။ သမီးသွားလေရာ သရဲလျှောက် လိုက်နေမည်ထင်၍ သမီးကို မျက်ကွယ်ရာ မထား နိုင်ဟု ဆုံးဖြတ်ကာ လှေကို ပြန်လှော်လာခြင်းဖြစ်သည်။ အိမ်ပေါ်သို့ သားအဖနှစ်ယောက် တက်လာသည်ကို ဒေါ်အေးဘုံ မြင်သည့်အတွက် အံ့သြနေသည်။

“အံ့သြမနေနဲ့ မိန်းမရေ …မင်းညီမရွာမှာ မင်းရဲ့ သမီးကို ထားခဲ့ဖို့ ဘယ်လိုမှ မဖြစ်နိုင်လို့ ပြန်လာခဲ့တာ” “ကိုယ့်သမီး ကိုယ်သံယောဇဉ်ပြတ်ဘဲ သွားပို့ရတယ် လို့တော်” “ဟဲ…ဟဲ သမီးကို မခွဲနိုင်တာကလည်း မခွဲနိုင်တာပေါ့ ဒါပေမဲ့ မိဘထက်ပိုဆိုးတဲ့ အဖြစ်ကြောင့် ပြန်ခေါ်ခဲ့တာ” “ဘယ်လိုလည်း ရှင်းရှင်းပြောစမ်းပါ” “ငါတို့ လှေပေါ်မှာ ဟိုကောင်သရဲ လိုက်လာလို့ “ “ဟင်” “အေး …ဟုတ်တယ်၊ ဒါကြောင့် ပြန်လှည့်လာခဲ့တာ” ဦးခင်စိုးက လမ်းမှာ ကြုံရပုံကို ရှင်းပြလိုက်သည်။ “ကဲ…ဒါဆို၊ ဒီအတိုင်း ကြည့်နေလို့တော့ မဖြစ်ဘူး၊ ဆရာကောင်း သမားကောင်းရှာမှ ဖြစ်တော့မယ်” ဦးခင်စိုးတို့ လင်မယားလည်း အသိမိတ်ဆွေများ အားကိုး အားထားပြုပြီး ဆရာသမားကောင်းကို တွေ့ရန် ကြိတ်၍ ရှာဖွေနေကြသည်။ XXXXXX ဟီး …ဟီး …ဟီး “ဟဲ့ …သမီး စိုးစိုး ဘာဖြစ်လို့လဲ” “ဘာသမီးလဲ” “စိုးစိုး …သမီး…သတိထား” ဝုန်း…ဒုန်း…ဒုန်း… “ငါ …စိုးစိုးမာ မဟုတ်ဘူးကွ…တောက်ထိန်” “ဘယ်က…တောက်ထိန်လဲ” “မင်းတို့တဲနောက်ဘက်က ပျဉ်းမပင်မှာနေတဲ့ သရဲတောက်ထိန်” “ငါ…မင်းတို့လင်မယားကို သတိပေးချင်လို့ ရောက်လာတာ” “စိုးစိုးမာကို ဘာဖြစ်လို့ အနှောင့်အယှက်ပေးနေတာလဲ” “ငါ…စိုးစိုးမာကို အနှောင့်အယှက် မပေးဘူး။

သူ့နားရောက်လာမယ့် အကောင်မှန်သမျှကို အနှောင့်အယှက်ပေးနေတာ၊ ဘယ်သူမှ စိုးစိုးမာနဲ့ အိမ်ထောင်မပြုရဘူး” “ဒါဖြင့် စိုးစိုးမာ အိမ်ထောင် မပြုရတော့ဘူးပေါ့” “ငါနဲ့ ပြုမှာ “ “သရဲနှင့်လူ အတူတူနေလို့ ဘယ်ဖြစ်မှာလဲ” ” ငါက သူနဲ့ အတူလာနေလို့ မရပေမဲ့ သူက ငါနဲ့ အတူလာနေလို့ရတယ်၊ သူ …အသက်နှစ်ဆယ်ပြည့်ရင် …ငါနေတဲ့ နေရာကို အသက်နှုတ်ပြီး ခေါ်မှာ ဒါကြောင့် အသက်နှစ်ဆယ် မပြည့်မချင်း ငါ သူအနားကို ဘယ်ယောက်ျားလေးမှ အကပ်မခံတာ” “သမီး…အသက်နှစ်ဆယ်ကျရင် ခေါ်မယ်ဟုတ်လား” ဦးခင်စိုးတို့ လင်မယား ထိတ်လန့်သွားသည်။ “အေး …အနှောင့်အယှက်ပေးမယ့် ဘယ်သူကိုမှ ခွင့်မလွှတ်ဘူးကွ” ဟီး…ဟီး…ဟီး… ထိုသို့ မကျေနပ်ချက်များ ပြောဆိုပြီး စိုးစိုးမာ ခန္ဓာကိုယ်မှာ ဝင်ရောက်ပူးကပ်နေသော သရဲ ထွက်သွားသဖြင့် စိုးစိုးမာ ထိုင်နေရာမှ ပျော့ ခွေကျသွားသည်။ “ဟဲ့ …သမီး…စိုးစိုးမာ…သမီး” “ဟင်…အင့် …အင့် …” ခဏနေတော့ စိုးစိုးမာ သတိရလာသည်။ “ဘယ်လို လုပ်ကြမလဲ၊ အခုမှ ဒုက္ခလှလှ ကြီး တွေ့ပြီ” “နေစမ်းပါဦးကွာ …စဉ်းစားပါရစေဦး သရဲတစ္ဆေတွေကို ကောင်းကောင်းနိုင်တဲ့ ဆရာတွေ ရှိပါတယ်…သိပ်လည်း စိတ်မပူပါနဲ့” “သရဲနိုင်မှ ဖြစ်မှာ …မနိုင်ကတော့ သူက ပြန်ပြီး ဒဏ်ခတ်မှာ စိုးရတယ်” မနက်စောစော ဦးခင်စိုး ရွာထဲသို့ ထွက်သွားသည်။ တစ်နေ့လုံး ဦးခင်စိုး ပျောက်နေသည်။

ညနေ လေးနာရီခန့် ရောက်မှ အိမ်ပြန်လာသည်။ ဦးခင်စိုးနှင့်အတူ အသက်ခြောက်ဆယ့်ခန့် လူကြီးတစ်ယောက်လည်း ပါလာသည်။ လွယ်အိတ်တစ်လုံး လွယ်ထားသလို အညာ စောင် ဘသက်တစ်ထည်လည်း ခေါင်းပေါင်း ထားသည်။ အထက်လမ်းပညာ လိုက်စားနေသော ဆရာတစ်ယောက် ကျခတ်တောရွာမှာ ရှိသည်ဆို သဖြင့် တစ်လက်စတည်း လိုက်ပို့ သူနှင့်အတူ သွားပြီး အိမ်သို့ ပင့်လာခဲ့ခြင်းဖြစ်သည်။ ဆရာကြီးနာမည်က ဦးပန်းအောင် ဟုခေါ်သည်။ “ကြွပါ ဆရာ” “မအေးဘုံရေ…ဖျာခင်းပါဦးကွာ၊ သည်မှာ ဆရာပါလာလို့ “ ဒေါ်အေးဘုံလည်း ဦးခင်စိုးအသံကြားသည်အတွက် မီးဖိုခန်းအတွင်းမှ အပြင်ထွက်လာကာ အိမ်ခေါင်းရင်း ဘက်မှာ သင်ဖြူးဖျာကို ချခင်းပေးလိုက်သည်။ ဆရာဦးပန်းအောင်က ထိုင်ပြီး ခဏမျှအကြာ ရှေ့နောက် ဝဲယာ စောင်းငဲ့ကြည့်ရင်း … “မောင်ခင်စိုးရဲ့သမီး ရှိလား…ခေါ်လိုက်လေ” “ဟုတ်ကဲ့ …ဆရာ၊ မအေးဘုံ …စိုးစိုးရော” “မီးဖိုထဲမှာ ထမင်းဟင်း ဝိုင်းကူချက်နေတယ်” “သမီးစိုးစိုး…လက်ဆေးပြီး ထွက်ခဲ့ဦး” ခဏအတွင်း စိုးစိုးမာ အပြင်ထွက်လာသည်။ “လာ…သမီး၊ ဆရာရှေ့မှာ လာထိုင်၊ သမီးကို သရဲက ဘယ်လို အနှောင့်အယှက်ပေးသလဲ” “သမီးကို ဒီနေ့အချိန်ထိ အိပ်မက်ပေးတာတို့ အနှောင့်အယှက်ပြုတာတို့ တစ်ခါမှ မလုပ်ပါဘူး မနေ့က ညနေပိုင်း သမီးကို ဝင်ပူးကပ်ပြီး ပြောသွားတယ်လို့ အမေတို့က ပြောပါတယ်” “အင်း …ဒီအတိုင်းဆိုရင် မိန်းကလေးကို အရိပ်တကြည့်ကြည့်နဲ့ ယောက်ျားလေးတွေ အနားမကပ်နိုင်အောင် စောင့်နေပုံပဲ၊ မိန်းကလေး အသက်နှစ်ဆယ် မပြည့်မချင်း ကိုယ့်ဘက်က အခွင့်အရေး ရှိနေသေးတာပဲ ဘာမှ မစိုးရိမ်ကြနဲ့” ဆရာကြီးက ဒေါ်အေးဘုံအား… “ကဲ…မိန်းကလေး အမေက မီးဖိုချောင်အခန်းတံခါး ရှိရင် သွားဖွင့်ထား၊ ရေကပြင်အထိ အားလုံးပွင့်နေပါစေ ထမင်းအိုး ဟင်းအိုးအားလုံး လုံအောင်ဖုံးပြီး ပြန်လာခဲ့” ဒေါ်အေးဘုံလည်း မီးဖိုအတွင်း ဝင်သွားသည်။

တံခါးအားလုံးဖွင့်လိုက်သည်။ ချက်ပြုတ်ထားသည့် အိုးများအားလုံး လုံခြုံအောင် ဖုံးဖိလိုက်ပြီး အပြင်သို့ ပြန်ထွက်လာခဲ့သည်။ ဆရာကြီးက ဘုရားစင်မှာ ဖယောင်းတိုင်များ၊ အမွှေးတိုင်များ ထွန်းညှိပူဇော်နေသည်။ ထိုအချိ်န် ဘယ်လို သတင်းကြားသည် မသိ၊ တစ်ယောက်စ၊ နှစ်ယောက်စ အိမ်နီးနားချင်း လူတစ်ချို့ အိမ်ပေါ်တက်လာကြသည်။ ဆရာက ဘုရားစာများ ရွတ်ဆိုပူဇော်နေသည်။ ဘုရားကို ဦးသုံးကြိမ်ချပြီး နောက်ဘက်သို့ လှည့် ထိုင်လိုက်သည်။ ဆရာ၏ ရှေ့မှာ ကျုံ့ကျုံ့လေး ထိုင်နေသော စိုးစိုးမာအား … “ကဲ…မိန်းခလေးကို နှောင့်ယှက်နေတဲ့ ဝိညာဉ် ကောင်ကို ခေါ်မယ်၊ မိန်းကလေးနောက်ဘက် တည့်တည့်မှာ ဘယ်သူမှ မထိုင်ကြနဲ့၊ ဒီဘေး ဘက်မှာ လာ ထိုင်ကြ” အိမ်ပေါ်မှာ လေးငါးခြောက်မျှ ရောက်နေသည်။ “ကဲ…မိန်းကလေးနောက်မှာ တကောက်ကောက် လိုက်တဲ့ ဝိညာဉ်ကောင်၊ ယခု …အထက်ဆရာကြီး များ အမိန်နှင့် ငါဆရာ ခေါ်တယ်၊ အခုရှိတဲ့ နေရာက အမြန်လာခဲ့၊ ကဲ…အထက်ပုဂ္ဂိုလ်များနဲ့ အထက်ဆရာကြီးများ၏ အမိန့်အရ ငါဆရာ ခေါ်နေတယ် …အမြန်လာခဲ့” ဆရာကြီး၏စကားအဆုံး စိုးစိုးမာတစ်ယောက် ရှေ့နောက်ကိုယ်ကို ယိမ်းထိုးလာပြီး ကျုံ့ကျုံ့လေးထိုင်နေရာက ယောက်ျားထိုင် ခြေချိတ်ပြီး ထိုင်လိုက်သည်။

“ဟီး …ဟီး…ဟီး…ဟား …ဟား …ဆရာစုပ် ငါ့ကို ဘာလို့ ခေါ်တာလဲကွ” “ဟေ့ကောင် …မလေးမစား မပြောနဲ့ ငါအောက်လမ်း ဆရာ မဟုတ်ဘူး…မင်းကိုမေတ္တာနဲ့ ခေါ်နေတာ” ” ဘာသိချင်လို့ ခေါ်တာလဲ” “ကျုပ် ယူမလို့ “ “မင်းက သရဲ…သူက လူ၊ မဖြစ်နိုင်ဘူး’” “သူရဲ့ ဝိညာဉ်ကို ခေါ်ပြီး အတူနေမှာ၊ အချိန်မရောက်သေးလို့” “မင်းခေါ်ချင်တိုင်း ခေါ်လို့ဖြစ်မလား” “ဟား…ဟား…ဟား…ငါ အခုမှပဲ ရအောင် ခေါ်နိုင်တယ်” ဒုန်း…ဒုန်း…ဒုန်း… လက်သီးနဲ့ ကြမ်းပြင်ကို ထုနေသည်။ ဆရာကြီးလည်း စောစောက ဘုရားရှိခိုးရင်း ဘုရားစင်ရှေ့မှာ ဆက် ကပ်ထားသော ရေမန်းကို ထယူကာ၊ ရေဖြင့် တောက်လိုက်သည်။ “အား…အား…မလုပ်နဲ့ “ ပြီး…လွယ်အိတ်ထဲမှ အင်းချပ်တစ်ချပ်ကို ဆွဲထုတ်ကာ ရေခွက်ထဲ ထည့်လိုက်သည်။ ထိုအင်းချပ်ကို ရေခွက်ထဲ ထည့်သည်ကို သရဲပူးကပ်နေသောစိုးစိုးမာက စိုက်ကြည့်နေပြီး နောက်သို့ အနည်းငယ် ဆုတ်သွားသည်။ “ပြေးဖို့ စိတ်မကူးနဲ့၊ မင်းကို ငါမေးစရာတွေ ရှိတယ်၊ ရေမန်းနဲ့တင် မင်းခံစားလိုက်ရတယ် မဟုတ်လား၊ ဒီအင်းတော်ကြီး အစွမ်းနည်းနည်း ခံစားကြည့်ချင်လား” “မ…မလုပ်ပါနဲ့ “ “ကဲ…ဆရာရှင်းရှင်းပဲ မေးမယ်၊ မင်း…အခုဘယ်မှာနေလဲ” “သူတို့တဲနားက ပျဉ်းမပင်မှာ နေတယ်” “အေး…အဲဒီအပင်မှာလည်း မနေနဲ့တော့။

မင်းနေတဲ့ အပင်ခြေရင်းမှာ ဟောဒီဆေးဖယောင်းတိုင် သွားထွန်းခိုင်းမယ်၊ မင်း…အန္တရာယ်မဖြစ်ချင်ရင် ပျဉ်းမပင်ကြီးမှာလည်း မနေနဲ့တော့ ဒီမိန်းခလေး ကိုလည်း မင်းနဲ့အတူ နေဖို့ မကြိုးစားနဲ့တော့ မင်း…ကတိပေးမလား” “မပေးဘူး…ပျဉ်းမပင်မှာ မနေနဲ့ဆို မနေဘူး၊ ဒါပေမဲ့ ဒီမိန်းခလေးနဲ့ ကျုပ်က အရင်ဘဝတုန်းက အိမ်ထောင်ဘက်ဖြစ်ခဲ့တယ်၊ ရေနစ်ပြီး ကျုပ်တို့ နှစ်ယောက် သေခဲ့တယ်။ သူက လူဖြစ်သွားပြီး ကျုပ်က သရဲဖြစ်ခဲ့တယ်၊ ဒါကြောင့် သူ့ကို ပြန်ခေါ်လို့ ရမယ့် အချိန်ကို စောင့်နေတာ” “မင်းတို့ ရေစက်က အရင်ဘဝကပဲပါတာ၊ ဒီဘဝမှာ မပါလို့ တစ်ယောက်က လူဖြစ်၊ တစ်ယောက်က သရဲဖြစ်တာ၊ နောက်ဘဝ တစ်ခုခုမှာ ပြန်ဆုံကောင်း ဆုံနိုင်ပေမဲ့ နောက်ဘဝမှာတော့ ပြန်ဆုံဖို့ ဘယ်သူမှ အာမ မခံနိုင်ဘူး၊ ဒီမိန်းခလေး သက်တမ်း ကုန်လို့ သေလွန်ခဲ့ရင် ဘယ်ဘဝရောက်မယ် ဘယ်သူမှ မသိဘူး၊ မင်းလည်း သရဲဘဝနဲ့ အနှစ်ဘယ်လောက်အထိ နေရဦးမယ် မသိဘူး၊ သရဲဘဝက သေရင် ငရဲရောက်မလား၊ ဒီထက်မြင့်တဲ့ ဘုံစံရမလား၊ ဘယ်သူမသိဘူး။ ခံရမယ်ဝဋ်ကြွေးတွေ ကုန်လို့ ပဋ္ဌာန်းဆက် ကျန်သေးရင် ဘဝတစ်ခုမှာပြန်ဆုံတွေ့ပါလိမ့်မယ်၊ မင်းက သူ့ကို သတ်ပြီး မင်းအနားမှာ ထားမယ် စိတ်ကူးပေမဲ့ မိန်းကလေး က ဘုရားတရားအားထုတ်ပွားများပြီး သေဆုံးခဲ့ရင် သူဝိညာဉ်က မင်းလို သရဲတစ္ဆေ ဖြစ်မယ်ထင်လား၊ နတ်ပြည်ရောက်သွားနိုင်သလို လူ့ပြည်လည်း ပြန်ရောက်နိုင်တယ်၊ သရဲဖြစ်တယ်ဆိုတာ အရင်ဘဝက အကုသိုလ်မကင်းလို့ ဖြစ်တာ၊ မင်းက သူ့ကို စွဲလို့ သရဲဖြစ်တာ၊ သေခြင်းရဲ့ ဝိညာဉ်လားရာကို ဘယ်သူမှ သတ်မှတ်လို့ မရဘူး၊ ငရဲကျမလား၊ တိရစ္ဆာန်ဖြစ်မလား၊ လူဖြစ်မလား၊ နတ်ဖြစ်မလား၊ တစ္ဆေ သရဲ ဖြစ်မလား၊ သူ့ရဲ့ကုသိုလ် အကုသိုလ်အ ကြောင်းတရားအတိုင်း ဖြစ်မှာ မင်း…နား လည်ပြီလား” “ဟုတ်ပါပြီ နားလည်ပါပြီ” “အတိတ်က ကံမကောင်းခဲ့လို့ သရဲဘဝရောက်နေတာ၊ ကိုယ့်အတွက် ကုသိုလ်ကောင်းမှု ပြုပေးနိုင်တဲ့လူကိုသာ စောင့်မျှော်နေပါ၊ ကုသိုလ်ပြုပေးတဲ့ လူရှိရင် ဒီထက် မြင့်တဲ့ ဘုံဘဝကို ရောက်အောင် စိတ်က အာရုံပြု ထားပေါ့၊

ကဲ…ဆရာပြောတာ၊ မင်း …သဘောပေါက် တယ် မဟုတ်လား” “ပေါက်ပါတယ် “ “စိုးစိုးမာကို အသက်နှုတ်မယ်လို့ စိတ်ထဲထားဦးမလား” ” မထားတော့ပါဘူး” “မင်းကို ဘယ်ကနေ ဘဝကူးပြောင်းလာတာလဲ” “တာဆုံရွာမှာ လှေမှောက်ပြီး ရေနစ်သေခဲ့ကြတာပါ၊ ကျုပ်က သရဲဖြစ်ပြီး သူက လူဖြစ်သွားလို့ သူ့အနီးမှာ လာစောင့်ရှောက်နေတာပါ” “အေး…တာဆုံရွာကို အကြောင်းကြားပြီး မင်းအတွက် ကုသိုလ်လုပ်ပေးဖို့ ပြောမယ်၊ အလှူလုပ်လို့ အမျှ ဝေရင် သာဓု ခေါ်မှာလား” “ခေါ်ပါ့မယ်” “ဘယ်မှာလုပ်ပေးရမလဲ” “ဘယ်မှာနေရမယ်…မသိသေးပါဘူး” “ကဲ…ကဲ…မင်းအတွက် အလှူလုပ်ပေးတဲ့ အချိန်ထိ ပျဉ်းမပင်ကြီးမှာ နေခွင့်ပြုတယ်၊ ကိုခင်စိုးတို့တဲမှာ မင်းအတွက် အလှူလုပ်ပေးမယ်၊ မင်းဆွေမျိုးတွေကို သွားအကြောင်းကြားပေးမယ်၊ အလှူပြီးတဲ့အထိ ပျဉ်းမပင်မှာနေ၊ နောက်ပိုင်းရက် အပင်ရင်းမှာ ဖယောင်းတိုင် ထွန်းမယ်” “သရဲဘဝက အမျှခေါ်ရလို့ ဘဝတစ်ခုကို ကူးပြောင်း တယ် ဆိုရင် အိပ်မက်လာပေးပါမယ်” “ကဲ…ကဲ၊ မင်း …အခုပြန်တော့၊ ဒီရွာထဲကိုလည်း မလာနဲ့တော့ စိုးစိုးမာရဲ့ မိသားစုကိုလည်း မနှောင့်ယှက်နဲ့တော့၊ မင်း ဒီအိမ်ပေါ်က ဆင်းသွား တာကို သိသာအောင် လုပ်ပြသွား၊ နောက်ဖေးပေါက် က ဆင်းပြီး ပြန်ရမယ်” “ဟုတ်ကဲ့ …ကျုပ် သွားပါတော့မယ်” ဆရာကြီးက နှုတ်မိန့်ဖြင့် ချုပ်ထားသည်များကို ဖြေပေးလိုက်သည်။ အိမ်ပေါ်မှာ မီးရောင်တို့ဖြင့် လင်းနေသည်။ အပြင်မှာ မှောင်စပြုနေသည်။ “ကဲ…သွားတော့ “ စိုးစိုးမာခန္ဓာကိုယ် ရှေ့နောက်ယိမ်းထိုးပြီး လဲကျသွားသည်။

ဒုန်း …ဒုန်း…ဒုန်း…ဒုန်း …ဝုန်း ခြေသံပြင်းပြင်းနင်း၍ မီးဖိုခန်းမ ထွက်ပြီး ရေကပြင်မှ မြေပေါ်ခုန်ချသံတို့ကိုပါ ဆက်တိုက်ကြားလိုက်ရသည်။ အိမ်ပေါ်ကလူများ ဆရာ၏ရှေ့သို့ တိုးလာကြသည်။ စိုးစိုးမာလည်း မျက်လုံးလေး ပေကပ်ပေကပ်နှင့် သတိပြန်ရလာသဖြင့် မိခင်ဖြစ်သူက ထူမပေးလိုက်သည်။ “ကဲ…ဆရာ၊ ချည်မန်းကြိုး ချည်ပေးထားမယ်၊ အသက် နှစ်ဆယ်ပြည့်ပြီးတဲ့အထိ လည်ပင်းမှာ ချည်ထား” “စိုးရိမ်ရသေးလား ဆရာကြီး” “မစိုးရိမ်ရတော့ပါဘူး၊ သူ့အတွက် အလှူလေး တစ်ခု လုပ်ပေးလိုက်ပေါ့ “ ဒေါ်အေးဘုံက ဦးခင်စိုးအား… “ဟို …တာဆုံရွာသွားပြီး ဘယ်သူ့မေးရမှာလဲ” ဆရာကြီးက ဦးခင်စိုးကို လှမ်းမေးလိုက်သည်။ “မောင်ခင်စိုးသမီး အခု အသက်ဘယ်လောက်လဲ” “ဆယ့်ရှစ်နှစ်ထဲ ဝင်တော့မှာပါ၊ တစ်လခွဲလောက်ပဲ လိုပါတော့တယ်…ဆရာကြီး” “အင်း…ဒါဆို၊ လွန်ခဲ့တဲ့ ဆယ့်ကိုးနှစ်ဝန်းကျင်လောက် က တာဆုံရွာမှာ လှေမှောက်ပြီးဆုံးသွားတဲ့ မိသားစု ရှိ/မရှိ၊ သွား စုံစမ်းပေါ့” “အဲဒီလို သွားမေးရင် သမီးရဲ့ဆွေမျိုးတွေ ရှုပ်လာမှာ စိုးတယ် ဆရာကြီး၊ ကျနော်တို့ပဲ ငွေစိုက်ပြီး အလှူ လုပ်ပေးလိုက်ပါတော့မယ်” “သရဲနာမည် တောက်ထိန်ဆိုတော့ ဟိုရွာမှာ သေသွားတဲ့တောက်ထိန်ကို စုံစမ်းလည်း ရတာပဲ၊ သူမကျွတ်မလွတ်သေးလို့ သရဲဖြစ်နေတယ်၊ သူကျွတ်လွတ်အောင် လာလုပ်ပေးဖို့ ပြောရင် ဖြစ်တာပဲ မဟုတ်လား” “ဟုတ်ကဲ့ …သဘောပေါက်ပါပြီ” “ကဲ…ကဲ၊ ဆရာကြီးကို ရွာဦးဘုန်းကြီးကျောင်းကို လိုက်ပို့ပေးကြဦးကွယ့်၊ ဆရာတော်ကို ဖူးရင်း ဒီည ဆရာတော် ကျောင်းမှာပဲ အိပ်လိုက်တော့မယ်” ဦးခင်စိုးလည်း ဆရာကြီးအား ဘုန်းကြီးကျောင်းသို့ သွားပို့ပေးလိုက်သည်။ XXXXX မကြာခင်မှာပင် ဦးခင်စိုး၏ကြိုးစားမှုနှင့် တာဆုံရွာမှ ကိုတောက်ထိန်၏ မိသားစုများ လိုက်လာကာ အလှူ လုပ်ပေးပြီး အမျှဝေလိုက်ကြပါသည်။ ဦးခင်စိုးကလည်း အလှူငွေတစ်ဝက်ထည့်၍ လှူပေးခဲ့သည်။ သရဲ တောက်ထိန် ကတိပေးထားသည့်အတိုင်း ဘယ်သူမှ အနှောင့်အယှက် မပေးတော့ဘူး၊ သရဲအဆင့်ထက် မြင့်တဲ့ ဘုံကို ကူးပြောင်းရောက်ရှိသွားပြီဟု အိပ်မက် လာပေးခဲ့ပါသည်။ မူရင်းရေးသူ ဆရာ ဧကန်မင်း

Leave a Reply

Your email address will not be published. Required fields are marked *