ဘဝမမေ့သူ

ဘဝမမေ့သူ

ထိုစဉ်ကတည်းက မီးသည် မကြာခဏပြတ်သည်။ လျှပ်စစ်ဒယ်အိုးလေးကို အားကိုးနေရသောကြောင့် မီးသွေး မီးဖိုလည်း မရှိ။ ထမင်းချက်တော့လည်း လျှပ်စစ်ပေါင်းအိုးသာ။ ထို့ကြောင့် အရာရာကို လျှပ်စစ်မီးအပေါ် ယုံကြည် အားကိုးလွန်းသူ ကျွန်တော့်မှာ မီးမလာလျှင် သောကပွေရတော့သည်။ ကြက်ဥကြော်မည်ဟုပြင်စဉ် ဒယ်နီအိုးက မပူတော့။ ပျက်ပြန်ပြီ။ ဒယ်နီအိုးကို အိတ်ထဲတွင်ထည့်ကာ ပြင်နိုင်သည့် အာလူးအိမ်ကို သွားရတော့သည်။ အာလူး၏ တဲရှေ့တွင် ချိတ်ထားသည်ဆိုင်းဘုတ်က “မောင်မောင်ရွှေ လျှပ်စစ်ပစ္စည်းများပြင်သည်” သို့သော် သူ့ကို တစ်ရပ်ကွက်လုံးက သူ့ကို အာလူးဟုသာခေါ်ကြသည်။ သူ့နာမည်က ချန်ဒရာလား၊ စန်တရာလားမသိ။ အိန္ဒိယတိုင်းသား ပိန်ပိန်ပါးပါး မည်းချိပ်ချိပ်လေးဖြစ်သည်။

https://tuckerclassesjackal.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

သို့သော် မြန်မာနာမည်က မောင်မောင်ရွှေ။ “အာလူးရေ” “ဟာ ဆရာ လာ” သူတို့ထမင်းစားနေကြသည်။ သူတို့ဆိုသည်ကား သူ့ဇနီး ပုလဲ၊ သူ့သား အာပူဒီး၊ သူ့သမီးလေးသီတာ တို့ဖြစ်သည်။ သူတို့ထမင်းစားနေသည့်နေရာကား သူ့အလုပ်နေရာကို ရှင်းထားပြီး ဝိုင်းထိုင်ကာ စားနေကြခြင်းဖြစ်သည်။ တဲရှေ့တွင် ကုလားထိုင်လေးတစ်လုံး ချထားသည်။ ကျွန်တော်က ထိုင်လိုက်ပြီး “အာပူဒီး … ဘာဟင်းနဲ့ စားနေသလဲကွ” “ပဲဟင်း” မိသားစု လေးယောက်စားနေသည့် ထမင်းဝိုင်းကို ကဲကြည့်လိုက်သည်။ အလယ်တွင် ပဲဟင်းဇလုံ၊ ပြီးတော့ ဆား၊ ကြက်သွန်နီလုံးခွဲ၊ ငရုတ်သီးကြော်ပန်းကန် ဒါပဲဖြစ်သည်။ သူတို့စားနေသည့် ပန်းကန်လေးတွေကတော့ စတီးလ်ဇလုံတွေ။ အသုံးအဆောင် အိုးခွက်တွေအားလုံးကတော့ ပြောင်လက်နေသည်။ ပုလဲက “ဆရာကြီး စားပါဦးရှင့်” ဟုဆိုသည် “စားပေါင်အေ … ငါဝင်စားလိုက်ရင် ကုန်သွားမှာပေါ့” “အဲဒါတော့မှန်တယ် ဆရာ … ကျွန်တော်တို့ ဇလုံတွေထဲ ထည့်ထားတဲ့ ထမင်းတွေက ကွက်တိပဲ” “တစ်ယောက် တစ်ဇလုံပဲလားကွ” “ဟုတ်ကဲ့ … တစ်ယောက်ကို တစ်ဇလုံပဲဆရာ” “ဟင်းလဲ မပါပါလားကွ” “ဒါဟင်းပေါ့ဆရာ” အာလူးက ပဲဟင်းဇလုံကို လက်ညှိုးထိုးကာ ပြောခြင်းဖြစ်သည်။

ကျွန်တော်တို့ မြန်မာတွေ ထမင်းစားလျှင် ငါးပိရည်၊ တို့စရာ၊ ဟင်းချို၊ ဟင်းတစ်မျိုးမျိုးတော့ အနည်းဆုံးပါ တတ်သည်နှင့် နှိုင်းယှဉ်ကြည့်နေမိသည်။ ထမင်းတွေကိုလည်း အပိုအဖြစ် တစ်ဇလုံခူးကာ ဘေးတွင်ထားမည်။ ထမင်းတွေ စိတ်ကြိုက်ထည့်မည်။ မကုန်လျှင် သွန်ပစ်ကြမည်။ ယခု အာလူးတို့မိသားစုထမင်းဝိုင်းကား ဟင်းကတစ်မျိုးတည်း ပဲဟင်း။ အပိုအဖြစ် ကြက်သွန်နီ၊ ဆား၊ ငရုတ်သီးချောက်ကြော်။ သူတို့အားရပါးရ စားနေသည်ကိုကြည့်ပြီး ထမင်းပင်ဆာလာသည်။ ကျွန်တော် ကြည့်နေသည်။ ထမင်းလုံး မဖိတ်မစင်။ ဟင်းရည်လည်း ဘေးမကျ။ စားပြီးနောက် မိမိဇလုံထဲရှိ ပဲဟင်း အရည်ကိုပင် မော့သောက်သည်။ ပြီးတော့ ကိုယ့်ပန်းကန် ကိုယ်ယူသွားကာ ဆေးကြသည်။ သူတို့သည် လူမချမ်းသာသော်လည်း စည်းကမ်းချမ်းသာကြသည်။ ခြိုးခြံချွေတာသည့်စိတ် ချမ်းသာကြသည်။ ကြီးပွားမည့် သူများပင်။ “ဆရာ ဘာဖြစ်လာသလဲပြော” “ဒီမှာလေကွာ ဒယ်နီအိုးက ဒုက္ခပေးပြန်ပြီ” ကျွန်တော်က အိတ်ကို သူ့ထံ ကမ်းပေးလိုက်သည်။ သူက ထမင်းဝိုင်းနေရာတွင် ပြန်ထိုင်သည်။

ပစ္စည်း ကိရိယာ တွေကို ပြန်ဖြန့်သည်။ ကျွန်တော့် ဒယ်ကိုပြင်သည်။ မိနစ် ၂၀ လောက်အကြာတွင် “ရပြီဆရာ … နေဦး ဖွင့်ကြည့်ဦးမယ် … ဟာ မေ့နေတာ မီးမှမလာတာ။ ဆရာ မီးလာရင် စမ်းကြည့်ပါ။ မရရင် ပြန်ယူလာပါဆရာ” “အာလူးရေ ဘယ်လောက်ပေးရမလဲကွယ်” “၁၀၀၀ ပဲပေးဆရာ” ကျွန်တော်က သူ့ပညာကို ပူဇော်ရပါသည်။ မီးကလည်းမလာ ပြန်လည်း မပြန်ချင်သေးသဖြင့် “အာလူး … မင်းဒီပညာတွေကို ဘယ်ကျောင်းက သင်ခဲ့သလဲကွယ်” “အဟီး … ဆရာရေ ကျွန်တော် ကျောင်းမနေဖူးဘူးဗျ” “ဟုတ်လား … စာမဖတ်တတ်ဘူးလား” “စာတော့ ဖတ်တတ်ပါတယ် … ကျွန်တော့်ဆရာက သင်ပေးတာ” “မင်းဆရာက ဘယ်သူလဲကွ” “ကျွန်တော့်ဆရာက ၂၈ လမ်းက ကာစင်ဘိုင်ဆရာ … ကျွန်တော် သူ့ဆီမှာ ၇ နှစ်လောက် ပညာသင်ခဲ့တာ” “ဟို မုတ်ဆိတ်ကြီးလားကွ” “ဆရာသိလား” “သိတာပေါ့ကွာ … မြို့ထဲမှာ နေတုန်းက ရေစက်မော်တာတွေ ပျက်ရင် သူ့ကိုပဲခေါ်ရတာ” “ဟုတ်တယ်ဆရာ … ကျွန်တော် သူ့ဆီမှာ ၇ နှစ်လောက်ကို ထမင်းစား ကျွန်ခံဘဝနဲ့နေပြီးတော့ ဒီပညာတွေကို သင်ခဲ့တာ” “ဘာလဲကွ ထမင်းစား ကျွန်ခံဆိုတာ” “ဆရာ့ဆီမှာ ခိုကပ်နေရတယ်ဆရာ … နေစရာမရှိဘူး … ကျွန်တော်က ကျောက်တံခါးကနေ ရန်ကုန်ကို ရောက်လာတာ။

သူ့ဆီမှာပဲ အလုပ်သင်ရင်း ပေးတာယူ၊ ကျွေးတာစားဘဝနဲ့ နေခဲ့တာကို ပြောတာ” “ခုတော့ မင်းက ပညာစုံပြီပေါ့” “ပညာကတော့ မစုံပါဘူးဆရာရယ် … ဆရာက ကျွန်တော့်ကို ရေခဲသေတ္တာလိုင်းနဲ့ အဲကွန်းလိုင်းကို ကိုင်ခိုင်းမယ် အလုပ်မှာ အိမ်ထောင်ကျလိုက်တော့ သူ့ဆီက ထွက်ပြီးတော့ ပုလဲနဲ့ လိုက်ခဲ့ရတော့ တာပဲ” “သွားပြန်သင်ပေါ့ကွာ” “မရဘူးဆရာ … ဆရာက ကျွန်တော်တို့ကို အိမ်ထောင်ကျသွားရင် လက်မခံတော့ဘူး။ သူ့ဆီမှာနေမှ သူ့တပည့် အဖြစ် သင်ပေးတာ။ အပြင်ကလူတွေကို ခိုင်းလည်း မခိုင်းဘူး၊ ပညာလည်း သင်ပေးတာမဟုတ်ဘူး” “ဒါဆိုရင် မင်းရေစုပ်စက်တို့ မော်တာတို့လည်း ပြင်တတ်တာပေါ့” “ပြင်တတ်တယ်ဆရာ … ပန်ကာ၊ မီးအားမြှင့်စက် အားလုံးရတယ်။ မော်တာလည်း တစ်ခုချင်းဖြုတ် အသစ်ပြန် ထိုင်ပေးတတ်တယ်” “ဒါနဲ့ မင်းဆရာ့ဆီမှာ နေတာနဲ့ ခုလို အိမ်ထောင်ကျပြီး ခွဲနေလိုက်တာနဲ့ ဘာကွာသလဲကွယ်” “ကွာတာပေါ့ဆရာ … ကိုယ့်ငွေ ကိုယ်ကိုင်သုံးရတယ်လေ။ ကိုယ်လုပ်နိုင်သလောက် ကိုယ်ရတယ်။ ဟိုမှာက ဆရာသွားပြင်ခိုင်းရင် ရလာသမျှ ဆရာ့ကို ပြန်အပ်ရတာ။

ပြီးတော့ သူပေးသလောက်ပဲ သုံးရတာ” “ဒီခေတ်က ရေခဲသေတ္တာတို့ အဲကွန်းတို့ ပြင်နိုင်ရင် မင်းပိုပြီးတော့ စားသာမှာ သိလား” “စိမ်းတော့ မစိမ်းဘူးဆရာ … ပြင်မယ်ဆိုရင် ရတယ် … ခုလည်း ကျွန်တော် တစ်နေရာမှာ သွားပြီးလေ့လာ နေတာ” “အေးကွယ် ပညာဆိုတာ ဘာပဲဖြစ်ဖြစ် တတ်ထားရင် မမှားဘူးပေါ့ … ကိုင်း ငါပြန်ဦးမယ်” “အဆင်မပြေရင် ပြန်လာခဲ့ပါဆရာ” “အေးပါကွယ်” ကျွန်တော်က ဈေးမှ ထမင်းထုပ်ကို ဝင်ဝယ်ရသည်။ မီးက အိမ်ရောက်လည်း လာချင်မှ လာမည်။ ညနေ မှောင်လုလု အချိန်မှ မီးပြန်လာသည်။ ဒယ်အိုးကို ဦးစွာစမ်းရသည်။ ကောင်းသဖြင့် တော်သေးသည်။ မီးလာစဉ် ထမင်းလေးတည်၊ ကြက်ဥလေးကြော်။ “ဒေါက် … ဒေါက် … ဒေါက်” ထိုစဉ်တံခါးခေါက်သံကားလိုက်ရသောကြောင့် ကျွန်တော်က တံခါးသွားဖွင့်ပေးလိုက်သည် “ဟေ့ … အာလူးပါလား ဘာကိစ္စလဲကွ” “ဒီမှာလေ ဆရာ” သူကဖုန်းကို ထောင်ပြသည်။ ထိုအချိန်မှ သတိရသည်။ ကျွန်တော့်ဖုန်း “ဟာ … ငါမေ့ခဲ့တာပဲ … ကျေးဇူးတင်တယ်” “ဆရာထွက်သွားပြီး နောက်လူတစ်ယောက် ပန်ကာ လာပြင်မှ အဲဒီဖုန်းကိုတွေ့တာဆရာ။ အဲဒါ လာပေးမလို့ဟာ အပ်ထည်တွေက ပုံနေလို့ ခုမှပဲ လာပေးနိုင်တာ” “ကျေးဇူးတင်တယ်ကွာ … ကဲ … ရောက်တုန်းလေး ဘာသောက်မလဲ ကော်ဖီလား … အအေးလား” “မသောက်တော့ဘူးဆရာ … ကျွန်တော် ထမင်းမစားရသေးဘူး” “အအေးလောက်သောက်ပါကွာ … ထမင်းစားမပျက်လောက်ပါဘူး” “ပါးစပ်ကို အကျင့်မလုပ်ချင်ဘူးဆရာ … ကျွန်တော် ကာဆင်ဘိုင်ဆီမှာ နေကတည်းက ထမင်းကိုလည်း ဝေပုံကျ … ရေတောင် ခပ်ပြီးရင် ကုန်အောင် သောက်ရတယ်။ လက်ဖက်ရည်၊ ကော်ဖီ မသောက်ရဘူးဆရာ။

အဲဒါ မွဲဆေးတဲ့။ လောကမှာ ထမင်းကလွဲပြီး ဘာမှ အရေးမကြီးဘူးတဲ့။ ထမင်းကိုလည်း ဆာမှစားရတယ်။ ကျွန်တော်တို့ နေ့လယ် ၂ နာရီလောက်မှ နေ့လယ်စာ ထမင်းစားရတာ။ အဲဒါ အကျင့်ကို ပါနေပြီ” “ဒါပေမဲ့ကွယ် ကိုယ်ရှာထားတာ ဘာလုပ်ဖို့လဲ … စားသင့်တာလေးတော့ စားမှပေါ့ … မင်း နေ့တိုင်း ပဲဟင်းချည်း စားသလား” “ကျွန်တော်တို့မိသားစုက နေ့တိုင်းပဲဟင်းပဲစားတယ်ဆရာ။ တစ်လကို တစ်ကြိမ် ကြက်သားဟင်းချက်တယ်။ တစ်ကြိမ်ပဲ” “မင်းက လက်ဖက်ရည်တွေ … အရက်တွေ မသောက်ဘူးလား” “လုံးဝပဲဆရာ” “မင်းရတာတွေကိုစုပြီးတော့ ဘာလုပ်မလဲ” “ကျွန်တော် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်လေးဖွင့်ချင်တယ်ဆရာ … အိမ်ကသားနဲ့ သမီးအတွက်ပါ။ ကျွန်တော်က ပစ္စည်းပျက်ရင်ပြင်တော့ လိုတဲ့ ပစ္စည်းတွေကို တခြားမှာ သွားဝယ်ရတာ ဈေးကြီးတယ်။ ဒါကြောင့် ပိုက်ဆံရှိရင်တော့ လျှပ်စစ်ပစ္စည်းရောင်းတဲ့ဆိုင်လေးဖွင့်မယ်” “ကောင်းလိုက်တာကွယ် … မင်းရည်မှန်းချက် အောင်မြင်ပါစေ” ကျွန်တော်သည် အိုးပိုင်အိမ်ပိုင်အခြေတကျမရှိစဉ်က ၂ နှစ် တစ်ခါလောက် ပြောင်းရသည်။ အားလူးနှင့် တွေ့ဆုံပြီးနောက် အကြောင်းမလှသဖြင့် သာကေတကို ပြောင်းရပြန်သည်။ သာကေတနှင့် မြောက်ဒဂုံကား ဝေးလွန်းသဖြင့် ခြေဦးပြန်မလှည့်မိတော့။ အာလူးကို မေ့သလောက် ဖြစ်နေမိသော်လည်း ပဲကုလားဟင်း ဝယ်စားတိုင်း သူတို့မိသားစုကို သတိရမိသည်။

ကျွန်တော်က မြောက်ဒဂုံရှိ မိတ်ဆွေတစ်ဦးထံကို သွားစရာ ကိစ္စပေါ်လာသည်။ သူ့အိမ်တက်ကို မဖြစ်မနေ လာရောက်ပါရန် အကြိမ်ကြိမ်ခေါ်သောကြောင့်ဖြစ်သည်။ အိမ်တက်ကိုရောက်သည့်အခါတွင် ဒံပေါက်ကို စားရင်းက အာလူးကို သတိရမိသွားပြန်သည်။ “ကိုလှမောင်” “ဘာလဲဆရာ” “အာလူးတစ်ယောက် ရှိသေးရဲ့လား” “ဘယ်အာလူးလဲဆရာ” “ဟိုကွာ လျှပ်စစ်ပစ္စည်းတွေပြင်တဲ့ အာလူးလေ” “ဪ … ရွှေလျှပ်စစ်က ဦးမောင်မောင်ရွှေလား” “ငါကတော့ အာလူးပဲသိပါတယ်” “ဆရာရေ … ဆရာပြောတဲ့ အာလူးဆိုတာ ခုတော့ သူဌေးပဲ … သွားကြည့်လိုက်ပါဦး” “ဟုတ်လား … ပြန်မှ ဝင်သွားဦးမယ် … သူ့အရင်နေရာမှပဲလား” “အရင်နေရာမှာပဲ … ဒါပေမဲ့ ဆရာ မျက်စိလည်သွားမယ် … အဲဒီနေရာမှာ တဲတွေ မရှိတော့ဘူး … တိုက်ကြီးတွေ ဖြစ်နေပြီ” “ဘယ်လိုချမ်းသာသွားတာလဲကွ” “မသိဘူးဆရာ” ကျွန်တော်က အလှူအိမ်မှပြန်သည့် အခါတွင် အာလူးတို့ အိမ်တန်းဖက်ကို သွားဖြစ်အောင် သွားခဲ့သည်။ ယခင်က တဲတန်းမှ ယခုတော့ တိုက်တန်းဖြစ်နေပြီ။ တိုက်တန်းတွေ၏ အလယ်တွင် “ရွှေလျှပ်စစ်” ဆိုသည့် ဆိုင်းဘုတ်အကြီးကြီးကိုတွေ့ရသည်။

ဆိုင်ထဲတွင် ရေခဲသေတ္တာ၊ ပန်ကာ၊ အဲကွန်း၊ ပေါင်းအိုး၊ မီးပူအသစ် တွေကို ပြခန်းသဖွယ်ပြထားကာ အခြားလျှပ်စစ်ပစ္စည်းတွေပါရောင်းသည်။ ကျွန်တော်က ကောင်တာတွင် ထိုင်နေသော ကောင်မလေးကို သွားမေးသည် “အားလူးရှိလား” သူက ကျွန်တော့်ကို မော့ကြည်သည် “ဟဲ့ … နင် … သီတာ မဟုတ်လား” “ဟုတ်ကဲ့ … အန်ကယ်က ဘယ်သူလဲ မသိဘူး” “အန်ကယ်က သမီးအဖေ မိတ်ဆွေပါကွယ် … သမီးအဖေ အာလူးရော” “ပါပါးလား … ဟိုဘက်အခန်းထဲမှာ ရှိတယ် … လာလေ သမီးလိုက်ပို့မယ်” သူက ကျွန်တော့်ကို ဆိုင်ကြီး၏ ဘေးဘက်ရှိ အခန်းကို ခေါ်သွားသည်။ အခန်းထဲတွင် တိုလီမိုလီ ပစ္စည်းတွေနှင့် ရှုပ်နေသည်။ “ပါပါးရေ … ဒီမှာ ပါပါး ဧည့်သည်” “ဘယ်သူလဲ” သူက လျှပ်စစ်ထမင်းပေါင်းအိုးကို ပြင်နေရာက မော့ကြည့်ပြီး” “ဟာ ဆရာ … ဝမ်းသာလိုက်တာဆရာ … မတွေ့တာကြာပေါ့” “၁၀ နှစ်လောက်ရှိပြီကွ … နေဦး … မင်းအခြေအနေက တယ်ဟုတ်ပါလား … ဘာလဲကွ ထီပေါက်သွား တာလား” “ဆရာ … အချိန်ရသလား … ခဏလေး … ကျွန်တော် လက်စသတ်ပေးလိုက်မယ် … တော်ကြာ လာယူမှာ မို့လို့” သူက ပေါင်းအိုးကို ဆက်ပြင်သည်။

၁၅ မိနစ်လောက်ကြာပြီးနောက် “လာဆရာ … အိမ်ပေါ်ကိုသွားမယ်” သူက အခန်းထဲမှထွက်ပြီးနောက် ကောင်လေးတစ်ယောက်ကို မှာသည်။ ထမင်းပေါင်းအိုးလာယူလျှင် ငွေ ၂၀၀၀ တောင်းထားလိုက်ရန်ဖြစ်သည်။ ထို့နောက် ကျွန်တော့်ကို သူ့အရောင်းပြခန်း၏ အပေါ်ထပ်သို့ ခေါ်ဆောင်သဖြင့် တက်လိုက်လာရသည်။ အပေါ်ထပ်အရောက်တွင် “ပုလဲရေ … ဒီမှာ တို့ဖောက်သည် ဆရာကြီးဟေ့” ဟုအော်သည်။ မီးဖိုခန်းထဲမှ ပုလဲက ထွက်လာသည် “ဟေ့ ငါ့ကို မှတ်မိရဲ့လား” ဟု ကျွန်တော်ကမေးရာ “မှတ်မိပါတယ်ဆရာကြီး … ကြုံတုန်း ထမင်းစားသွားပါဦး” “နေပါကွယ် … ငါ ခုပဲ အလှူအိမ်က ဒံပေါက်စားလာတာ” “ဆရာလည်း ပျောက်သွားလိုက်တာနော်” “အေးကွာ … မင်းကို မေးရမှာ ဒီလောက်အနေအထားဖြစ်သွားတာ ထီပေါက်လို့လား” “မဟုတ်ဘူးဆရာ … ပုလဲ အဖေဆုံးသွားတော့ သူ့ခြံကြီးကို သမီးဖြစ်သူက ရတာပေါ့။ ဒီလမ်းတည့်တည့် ထွက်သွားရင် ခု မားကက်ကြီးဆောက်ထားတဲ့နေရာမှာ သူ့အဖေ နွားမွေးတဲ့ခြံရှိတယ်လေ။ အဲဒီတစ်ဝိုက်မှာ မားကက်ဆောက်မယ်ဆိုပြီး မြေလိုက်ဝယ်တော့ ကျွန်တော်တို့လည်း ရောင်းလိုက်တယ်ဆရာ။ အဲဒီက ရတဲ့ငွေနဲ့ ဒီနေရာလေးမှာ ခုလိုအခြေတည်လိုက်တာပဲ။ စတည်တုန်းက ဆိုင်ရိုးရိုးပါ။

ခုမှ နှစ်ထပ်တိုက်ဆောက် ထားတာ သုံးနှစ်လောက်ပဲရှိသေးတယ်” “မင်းကွယ် ချမ်းသာလာတာတောင် ပေါင်းအိုးတွေပြင်တုန်းလား” “ဆရာ ကျွန်တော်တို့ဆိုင်က ဝယ်သွားတဲ့ပစ္စည်းဆိုရင် ဆားဗစ်ဖရီးဆိုပြီး ဆိုင်ကို ပရိုမိုးရှင်း လုပ်တာဆရာ။ ဒါကြောင့် ကျွန်တော့်ဆိုင်က ပစ္စည်းဆိုရင် စိတ်ချလက်ချ လာဝယ်ကြတယ်။ ပြီးတော့ အပြင်အပ်ထည် တွေလည်း ကျွန်တော်က အလကားနေတာပဲ ပြင်တာပေါ့ဆရာ … ပိုက်ဆံရတာပဲ” “မင်းသမီးက အတော် အားကိုးနေရပြီပဲ … ဒါနဲ့ မင်းသား အာပူဒီးရော” “သားက စင်ကာပူမှာဆရာ … အင်ဂျင်နီယာကျောင်းတက်နေတယ် …” “ဟာ အဲဒီလိုလား” “ကျွန်တော် မတတ်ခဲ့သမျှ သူ့ကိုဖြစ်စေချင်တယ်ဆရာ … အဲဒါကြောင့် သူ့ကို စင်ကာပူ လွှတ်လိုက်တာ” “အားလူးရေ … အားကျသကွယ် … တို့မြန်မာတွေကတော့ ရှိတာလေးရောင်းပြီး ဘဝက အဆိုးဘက်ကို ပြောင်း ပြောင်းသွားကြတယ်။ ငါနေခဲ့တဲ့ ရပ်ကွက်မှာ အိမ်တွေ ခြံတွေရောင်းပြီး ဘဝပျက်နေတဲ့သူတွေကို အများကြီး တွေ့ခဲ့ရတယ် … မင်းကတော့ တော်ပါပေတယ်ကွယ်” ထိုစဉ် ပုလဲက ဇလုံလေးတစ်လုံးကို ကိုင်လာပြီး “ထမင်းစားမယ်” ဟုဆိုသည် “ဆရာကြီး စားသွားပါဦးလား” “စားလာပြီးလို့ပါကွယ်” အာလူး တိုက်အပေါ်ထပ်တွင် ခမ်းနားသော အဆင်တန်ဆာ အဆောင်အယောင်တွေမရှိ။

ဘုရားစင်ကတော့ ကြည်ညိုဖွယ် လုပ်ထားသည်။ ဆိုဖာတွေ ကုလားထိုင်တွေမရှိ။ တီဗီတစ်လုံးတော့တွေ့သည်။ ကျွန်တော်တို့ ထိုင်နေသည်မှာလည်း ဆက်တီတွေ ဆိုဖာတွေပေါ်မဟုတ်။ ဖယောင်းပုဆိုးပေါ်တွင်သာဖြစ်သည်။ အာလူးရှေ့ကို သူ့မိန်းမ စတီးလ်ဇလုံကို ချလိုက်သည်။ ထမင်းထည့်ထားသည်။ ထို့နောက် နောက်ဇလုံ တစ်လုံးနှင့် ပန်းကန်တစ်ချပ်လာချပြန်သည်။ ပဲဟင်းနှင့် ငရုတ်သီးကြော်၊ ဆား၊ ကြက်သွန်နီပန်းကန်။ ကြက်သွန်နီက လေးစိတ် စိတ်ထားသည်။ အားလူးက ထသွားပြီး လက်ဆေးကာ ပြန်လာသည်။ ထို့နောက် ထမင်းကို အားရပါးရ ထိုင်စားသည်။ “အာလူးရေ” “ခင်ဗျာ” “ဟင်းက ဒါပဲပေါ့” “ဒါပဲဆရာ … ဒီနေ့ အသားဟင်းချက်တဲ့နေ့ မဟုတ်ဘူး” ကျွန်တော်က ပြုံးလိုက်မိသည်။ သူက တစ်ဇလုံသောထမင်းကို အားရပါးရစားပြီးနောက် ကျန်နေသည့် ပဲဟင်းကို မော့သောက်သည်။ ပြီးတော့ ကိုယ့်ဇလုံကို ယူကာ နောက်ဖေးကို ဝင်သွားသည်။ ပုလဲက ကျန်ပန်းကန်တွေကို လာသိမ်းသည်။ ပြီးနောက် ထိုနေရာကို ပုဆိုးအစုတ်တစ်ထည်ဖြင့် လာသုတ်သည်။ အာလူးက ပြန်ထွက်လာသည်။ လက်ထဲတွင် ကုတ်ဘူးလေးတစ်ဘူး ကိုင်ထွက်လာသည်။ ဖန်ခွက်လည်း ပါသည်။ “အလို မင်းက အအေးတွေဘာတွေ သောက်နေပြီလား” “မသောက်ဘူးဆရာ … ဧည့်သည်လာရင်တိုက်ဖို့ဆောင်ထားတာ”

#တင်ညွန့်

Leave a Reply

Your email address will not be published. Required fields are marked *