
နွေ၏အေးရိပ်(စ/ဆုံး)
ကားပေါ်ကဆင်းဆင်းခြင်း လမ်းထိပ်ကအုတ်ခုံလေးဆီကျွန်မလှမ်းကြည့်လိုက်မိတယ်။ နေ့တိုင်းတွေ့နေကြနေရာလေးမှာ သမီးနှစ်ယောက်ကိုမတွေ့ရတော့ ကျွန်မရင်ထဲ ထိတ်ခနဲဖြစ်သွားလေရဲ့။ ခါတိုင်းဆိုကျွန်မပြန်ချိန်တိုင်းဒီအုတ်ခုံလေးမှာ သမီးနှစ်ယောက်ထိုင်စောင့်ပြီး ကျွန်မပြန်အလာကိုမျှော်နေကြပါ။ဒီနေ့မှ ကလေးနှစ်ယောက် ဘာလို့လာမကြိုလဲမသိပါဘူး။ အခုဆိုကလေးတွေ ကျောင်းပိတ်တာ ၃ လကျော်ပြီ။ ၃လ ကျော်လုံး တစ်နေ့မှ ကျွန်မသမီးလေးနှစ်ယောက် ကျွန်မကို လာကြိုမပျက်ခဲ့ဘူး။
ရပ်ကွက်ထဲက ကလေးတွေနှင့် အဆော့လွန်နေတာဖြစ်မှာပါလေလို့ စိတ်ကိုခပ်ပေါ့ပေါ့တွေးလိုက်ပေမဲ့ တကယ်တမ်းရင်ထဲက ပေါ့မသွားပါဘူး။ ကျွန်မ သမီးလေးနှစ်ယောက်က ရပ်ကွက်က ကလေးတွေနဲ့ သိပ်ဆော့လေ့ဆော့ထရှိတာမှမဟုတ်တာ။ ညီအစ်မနှစ်ယောက် အဖော်ရနေတာ့ သူတို့နှစ်ယောက်တည်းပဲ အတူတူဆော့နေကြ။ “ဒီမှာ … ဒီမှာ ခင်ဗျားဆွဲခြင်းကို မယူတော့ဘူးလား။ တကတည်းငေးနေလိုက်တာ။ ခရီးသည်က ခင်ဗျားတစ်ယောက်တည်းမဟုတ်ဘူး။
မြန်မြန်လုပ်။” “အော်… ဆောရီးပါရှင် ။ ကျွန်မအတွေးလွန်သွားလို့ပါ။” သမီးနှစ်ယောက်ထိုင်စောင့်နေကြ အုတ်ခုံလေးဆီငေးကြည့်ရင်း အတွေးလွန်နေတာနဲ့ ကားစပါယ်ရာ လှမ်းချပေးနေတဲ့ စျေးခြင်းတောင်းကိုလှမ်းယူဖို့ မေ့သွားတယ်။ ကားစပါယ်ရာ ကိုတောင်းတောင်းပန်ပန် ပြောပြီးလှမ်းယူတော့ ကျွန်မကိုကြည့်လိုက်တဲ့အကြည့်ကများ သူ့ကားအလကားလိုက်စီးလာသလိုပဲ။ကားပေါ်က လူတချို့လည်း မျက်စောင်းမသိမသာထိုးသွားတာကို ကျွန်မ လှမ်းမြင်ဖြစ်အောင်မြင်လိုက်သေးလေရဲ့။
ခါတိုင်းလိုဆို စောင်းမြောင်းဆဲဆိုလိုက်မှာသေချာပေမဲ့ ဒီတစ်ခါတော့ ကျွန်မ မသိချင်ယောင်ပဲ ဆောင်လိုက်တယ်။ ကျွန်မ စိတ်ထဲက အပူတွေများနေလို့ သင်းတို့အတွက်အချိန်မပေးနိုင်သေးပါဘူး။ ဒီနေ့ကျွန်မစျေးရောင်းသွားတဲ့ရွာမှာတွေ့လာရတဲ့မြင်ကွင်းက ခုချိန်ထိကျွန်မ အမြင်အာရုံထဲမှာ ကြီးစိုးနေတုန်းပဲ။ ရထားလမ်းဘေးမှာ လူတွေစုရုံးနေကြလို့ ဘာဖြစ်တာလဲသွားကြည့်တော့ ၉ နှစ်အရွယ်ဖြူဖြူ တုတ်တုတ်ကလေးမလေးကို သားမယားပြုကျင့်ပြီး သတ်သွားတာတဲ့။
ကလေးမလေးက မျက်နှာတစ်ခုလုံးဖူးယောင်ပြီး ပေါင်အစပ်မှာ သွေးတွေဆိုတာ မြင်မကောင်းဘူး။ ကျွန်မမြင်မြင်ချင်း အမလေး တ ပြီးကြောက်သွားတယ်။ ဘယ်လူစိတ်မရှိတဲ့ တဏှာဘီလူးကောင်တွေလက်ချက်လဲမသိဘူး။ ငါ့သမီးလေးအရွယ်ပဲ ဆိုတဲ့အတွေးက ကျွန်မတစ်ကိုယ်လုံးကို ကိုင်လှုပ်လိုက်သလိုပဲ။ သမီးရဲ့အလောင်းဘေးမှာ ရင်ဘတ်ကိုထုပြီးအရူးတပိုင်းထိုင်ငိုနေတဲ့ အမေဖြစ်သူကိုတွေ့ရတော့ ကျွန်မလေ ဓါတ်လိုက်ခံရသလိုပဲ။ တကိုယ်လုံးထူပူကျင်တက်သွားတာ။ ဘုရား…ဘုရား ။ငါ့သမီးလေးတွေရော အခုချိန်ဆို ဘယ်ရောက်နေမလဲမသိဘူး။ ဒီလိုနဲ့ တစ်နေ့လုံးစျေးရောင်းရတာ ကျွန်မသိပ်စိတ်မပါတော့ဘူး။ ဒါကြောင့် စျေးကိုတောင်း ခါတိုင်းနေ့တွေလို တစ်ရွာလုံးလှည့်ပတ်ရောင်းမနေတော့ပဲ ရောင်းရငွေ အရင်းကျော်ကျော်ရတာနဲ့ကျွန်မပြန်ခဲ့တာ။
နားထဲမှာလည်း သမီးကြီးရဲ့ မေမေရေလို့ခေါ်လိုက်တဲ့အသံ ကြားလိုက်သလိုလိုနဲ့။ အဲဒီလိုအသံကြားတိုင်းကျွန်မမှာ မဆီမဆိုင် စျေးခြင်းတောင်းရွက်လျက်သား ပတ်၀န်းကျင်ကိုဝေ့ကြည့်မိသေးတာ။ နောက်မှ သတိထားမိတယ်။ ကျွန်မ စျေးလာရောင်းတာ ကျွန်မတို့ ရပ်ကွက်နဲ့ ၁၀ မိုင်လောက်ဝေးတဲ့ရွာကိုလေ။ ဒီလိုနေရာမျိုးမှာ ကျွန်မသမီးတွေဘယ်လိုလုပ်ရောက်နေမလဲ။ ကျွန်မက အဲလိုပဲ တစ်ခုခုဆို တွေးပစ်တာအဆုံးထိ။ ဒီလိုနဲ့ ကားစပါယ်ယာချပေးတဲ့ စျေးခြင်းတောင်းကြီးကို ရွက်ပြီးကျွန်မ အိမ်ရှိရာရပ်ကွက်ထဲ ခပ်သွက်သွက်လျှောက်ခဲ့တယ်။ အုတ်ခုံပတ်၀န်းကျင်မှာ မြင်ကွင်းက ရှင်းနေပေမဲ့ စိတ်က အလိုလိုကျွန်မသမီးနှစ်ယောက်ကို ရှာချင်နေမိတုန်း။ ဖြစ်နိုင်ရင် သမီးရွှေအေး နှင့် မိပုံ့လေး လို့အော်ခေါ်ချင်တာ။ ဘယ်သူမှမရှိတဲ့နေရာကြီးမှာအော်ခေါ်ရင် ရူးရာများကျသွားမလားလို့။ ဒီနေ့ ကျွန်မ စျေးခြင်းတောင်းကလည်းရောင်းမကုန်ခဲ့တော့ ခါတိုင်းနေ့တွေလို ပေ့ါမနေဘူး။
မတတ်နိုင်ဘူးလေ။ ပိုတာတွေညနေမှ ရပ်ကွက်ထဲလှည့်ရောင်းရုံပဲပေါ့။ အရေးကြီးတာက ကျွန်မသမီးနှစ်ယောက်ကို အမြန်တွေ့ရဖို့ပါ။ စိတ်ပူလို့အပြေးပြန်ခဲ့ပါတယ်ဆိုမှ သမီးနှစ်ယောက်ကလည်း ခါတိုင်းလို အမေ့ကိုလာစောင့်မနေကြဘူး။စိတ်ပူတယ်ဆိုတာ ကျွန်မ အပိုစကားတွေပြောတာမဟုတ်ဘူး။ ခုတလော ရပ်ကွက်ထဲမှာ လူစိမ်းတွေကလည်း၀င်လိုက်ထွက်လိုက်နဲ့ ။ လမ်းခင်းလာကြတဲ့ လမ်းလုပ်သားတွေဆိုလား။ ဘာလားမသိပါဘူး။ လူစိမ်းတွေတော့ တော်တော်များတယ်။လူစိမ်းတွေမြင်ရရင်ကျွန်မဖြင့်အလိုလိုကြက်သီးထတာပဲ။ ခုခေတ်က လူဆိုးလူကောင်းဆိုတာ ခွဲလို့မှ မရတတ်တာ။ကြောင်သူတော် ကြွက်သူခိုးတွေက များများရယ်။ ကိုယ့်ရပ်ကွက်သူ ရပ်ကွက်သားတွေဆိုရင် တစ်ယောက်အကြောင်း တစ်ယောက်သိပြီးသားမို့ကိစ္စမရှိဘူး။
ကျွန်မသမီးနှစ်ယောက်မှာ အကြီးမလေးက ၅တန်းရောက်ပြီ။ ဆယ်နှစ်ထဲမှာ ။ အငယ်မလေးကတော့ သူငယ်တန်း ပဲရှိသေးတယ်။ နိုင်ငံရေးအခြေနေတွေကြောင့် ကျောင်းနားထားရတော့ ကျွန်မ မယ် အလုပ်ကိုဖြောင့်ဖြောင့်မလုပ်နိုင်ဘူး။ အိမ်မှာကျန်ခဲ့တဲ့ သမီးနှစ်ယောက်ကိုစိတ်ပူရတာ ရူးမတတ်ပဲ ။ အရင်လို ကျောင်းဖွင့်ချိန်ဆိုရင်တော့ ကလေးနှစ်ယောက်ကို ကျောင်းပို့ထားရင် ပြီးပြီ။စိတ်ချလို့လည်းရသလို သူတို့လေးတွေလည်းပညာတတ်တာဘယ်လောက်တောင်ကောင်းလိုက်လဲ။ ဒီနိုင်ငံရေးတွေဘယ်တော့မှ အပြီးသတ်ပြီး အေးချမ်းရမလဲမသိပါဘူး။ ဒီအကြောင်းတွေ တွေးရင် ကျွန်မရင်မောလှပါတယ်။
ကျွန်မသာစိတ်တွေပူနေတာပါလေ။ သင်းတို့အဖေကတော့ ခုချိန်လောက်ဆိုမူးပြီးဘယ်ချောင်ထဲမှာခွေအိပ်နေပြီလဲ မသိဘူး။ တစ်နေ့တစ်နေ့ သောက်လိုက်၊စားလိုက်၊ အိပ်လိုက်နဲ့ လူ့စည်းစိမ်ခံတတ်တဲ့ ဆန်ကုန်မြေလေးကြီးလေ။ သင်းကိုယူထားတာ ကျွန်မတော့ ဒုက္ခလှလှတွေ့တာပဲ။မိဘစကားကိုနားမထောင်ပဲ သင်းနောက် ခိုးရာလိုက်ခဲ့လို့ ကျွန်မ တစ်ဘ၀လုံး ငါးပါးမှောက်ခဲ့တာ။ ကျွန်မအဖေက အလယ်တန်းပြကျောင်းဆရာ။အဖေက ကျွန်မကိုလည်း ၁၀ တန်းအောင်အောင်ဖြေပြီး ကျောင်းဆရာမ လေးဖြစ်စေချင်ခဲ့တာ။ ဒါပေမဲ့ အဖေ့ဆန္ဒကိုကျွန်မ မဖြည့်ဆည်းပေးနိုင်ခဲ့ဘူး။
ဆယ်တန်းကိုသုံးနှစ်၊ သုံးမိုးဖြေပြီး မအောင်တဲ့အဆုံး ခိုးရာလိုက်ခဲ့တဲ့ ကျွန်မသမီးမိုက်ကြီးပါ။ခုတော့ ကိုယ့်မိုက်ပစ်နဲ့ကိုယ် ခံစားရလို့ကိုမပြီးနိုင်တော့ဘူး။ အဲဒီတုန်းကတော့ ရုပ်လေး သနားကမားရှိတဲ့ သမီးလေးအဖေကို ကျွန်မရင်ခုန်ခဲ့တာပေါ့။ ကိုယ်တော်ချောကလည်းအပြောကောင်းကောင်းနဲ့ ဆိုတော့ ကျွန်မမယ် ခိုးရာလိုက်ဖို့နှစ်ခါမခေါ်ရဘူး။ ကောက်ကောက်ပါအောင်လိုက်ခဲ့တာ။ အလုပ်အကိုင် ရေရေရာရာမရှိတဲ့ ဒီ ကလေကဝအုတ်ကြားမြက်ပေါက်ကောင်ကို အဲဒီတုန်းက ကျွန်မဘယ်လိုစိတ်နဲ့များ ယူခဲ့မိပါလိမ့်ဆိုတာ စဉ်းစားလို့တောင်မရဘူး။ တစ်ခါတလေ အရက်လေးများပြတ်သွားရင် ကျွန်မကို ရိုက်နှက်သေးတာ။
အားချင်းယှဉ်လာတော့ အားနွဲ့တဲ့ ကျွန်မက ခံရတာပါပဲ။ ယောကျာ်းတွေအားလုံးကို မကောင်းဘူးလို့ မဆိုလိုချင်ပေမဲ့ ကျွန်မ ယောကျာ်းကတော့ လုံး၀မကောင်းတဲ့ယောကျာ်းပါ။ အဖေ့ကို ခင်တွယ်လွန်းတဲ့သမီးနှစ်ယောက်ကို ချစ်လွန်းလို့သာ ကျွန်မ ကျိတ်မှိတ်ပြီး ဆက်ပေါင်းနေတာ။ ကျွန်မလိုစိတ်မျိုးနဲ့ဆိုရင်တော့ ဒီလိုယောကျာ်းမျိုး ဆယ်ခါပြန်ကွဲလိုက်ပြီးပြီ။ ဒီအချိန်မှ ယောကျာ်းနဲ့ကွဲပြီးကျွန်မ အမေတို့အိမ်လည်းမပြန်ချင်ဘူး။ ဘယ်နေရာမှာမှ ကျေဇူးမဆပ်နိုင်သေးတဲ့ ကျွန်မ အမေတို့ကို ဒုက္ခတွေ၊ အပူတွေမပေးချင်ပါဘူး။ ကိုယ့်မိုက်ပစ်နဲ့ကိုယ်ကျိတ်ခံပေါ့။ တစ်နေ့ ၀ဋ်ကြွေးကျေသွားရင် ပြီးသွားမှာပါလို့ပဲတွေးပြီး ကျိတ်မိတ်ပေါင်းလာတာ ခုဆို အိမ်ထောင်သက်တမ်း ၁၀ နှစ်ကျော်ပြီ။ ဆယ်နှစ်ကျော်အတွင်း ကျွန်မ မယ်လင်ယောကျာ်းပြန်အပ်တဲ့ငွေလို့ တစ်ကျပ်မှ ကိုင်မသုံးဖူးသေးဘူး။
သမီးနှစ်ယောက်အတွက် ခဲတံတစ်ချောင်း၊ စာအုပ်တစ်အုပ်တောင် မ၀ယ်ဖူးပေးတဲ့ အဖေမျိုးကို ကျွန်မ လင်တော် ထားရတာ ကြာတာ့လည်း ကိုယ့်အဖြစ်ကိုယ် အော့နှလုံးနာလွန်းလို့။ သမီးလေးနှစ်ယောက်ကို မိစုံ၊ဖစုံ ရှိစေချင်လှတဲ့ ဆန္ဒတစ်ခုတည်းနဲ့ ကျွန်မ သူ့ကိုဒီအချိန်ထိ သည်းခံနေလာတာပါ။ မိသားစု စား၀တ်နေရေး၊ကျန်းမာရေး၊ ရပ်ရေး၊ရွာရေးပါမကျန် ကျွန်မပဲဦးဆောင်ရတာ။ သင်းကတော့ တစ်နေ့တစ်နေ့ အရက်နာကျနေတာနဲ့ပြီးတာ။ အိမ်ထောင်ကျပြီး နှစ်နှစ်လောက်ထိတော့ မြို့ထဲမှာရှိတဲ့ယောက္ခမအိမ်ဘေးမှာ အမှီလေးဆွဲပြီး ကျွန်မတို့နေတယ်။ ယောက္ခမခိုင်းတာလုပ်၊ ကျွေးတာစားပေါ့။
ယောက္ခမတွေများမကောင်းချက်။ သူ့သားအသုံးမကျလို့ ကျွန်မ ဒီလိုနေရတာကို အရသာခံပြီးကျွန်မကို ဆဲဆို သေးတာ။ သမီးလေးမွေးပြီး သမီးမျက်နှာမြင်တော့ ကျွန်မ ယောက္ခမဒဏ်သည်းမခံနိုင်တော့ဘူး။ လင်ယောကျာ်းကိုလည်းအားကိုးမရတာနဲ့ ကျွန်မဘ၀ကို စတင်ဖို့ ကျွန်မကြိုးစားရတော့တယ်။ ငယ်ငယ်ကတည်းက အမေတို့ဆင်ထားပေးတဲ့ နားကပ်လေးနှင့် လက်စွပ်လေးကို ထုခွဲရောင်းချပြီး မြို့စွန်က တန်ဖိုးနည်း အိမ်ယာလေးမှာ အိမ်ခန်းငှားတယ်။ ကျန်တဲ့ငွေနည်းနည်းကို အရင်းနှီးပြုပြီး ကျွန်မ စျေးရောင်းတယ်။ တစ်ခါမှ မလုပ်ဖူးပေမဲ့ ကျွန်မက ကျောင်းဆရာရဲ့သမီးဆိုတော့ စိတ်ကူးကောင်းတယ်လို့ ပြောရမယ်။ သူများလို အရင်းနှီးပြုပြီး မြို့ထဲမှာ စျေးထိုင်ရောင်းတာ မဟုတ်ဘူး။ ဒီလိုမျိုးက လူတိုင်းလုပ်နေကြအလုပ်လေ။
စျေးသည်တွေ သည်လောက်များတဲ့ စျေးထဲမှာ စျေးရောင်းလို့ကတော့ ကျွန်မတို့မိသားစုစားလောက်မှာမဟုတ်ဘူးဆိုတာကျွန်မသိတယ်။ ဒီလိုနဲ့ မြို့နဲ့ဝေးပြီး ငါးရက်တစ်စျေးပဲ ရှိတဲ့ ရွာကြီးကို ကျွန်မနေ့တိုင်းစျေးသွားရောင်းတယ်။ မနက်ငါးနာရီမထိုးခင်လောက်ကတည်းက စျေးခြင်းတောင်းကြီးနှင့် ကျွန်မ မြို့စျေးကိုသွားတယ်။အသားတွေ၊ငါးတွေ ၊ အသီးနှံ ဟင်းသီးဟင်းရွက်တွေကို တစ်ခါချက်လေးတွေစီထုပ်ပိုးပြီး ကြုံရာကားနဲ့တက်လိုက်လို့ အဲဒီရွာကိုစျေးသွားရောင်းတယ်။ ဧရာမ စျေးခြင်းတောင်းကြီးကို ခေါင်းပြားအောင်ရွက်ပြီး သမီးကြီးကို တစ်ဖက်ပိုးလို့လိုက်ရောင်းတာ။ ကျွန်မ မရှက်ပါဘူး။ ကျွန်မ သူများပစ္စည်းခိုးတာလည်းမဟုတ်သလို၊ လိုက်တောင်းစားတာလည်းမဟုတ်ဘူးလေ။ကျွန်မကို တချို့ကလည်း သနားလို့အားပေးကြတယ်။
တချို့ကလည်း တကယ်လိုအပ်လို့ ၀ယ်ကြရင်း အဲဒီရွာတစ်ရွာလုံး ကျွန်မအသိဖြစ်သွားတယ်။ခုဆို ကျွန်မမလာရင်တောင် ကျွန်မကိုမျှော်နေကြတာ။ ဒီအလုပ်နဲ့အဆင်ပြေတော့ ကျွန်မတို့မိသားစုလည်း အသက်ရှုချောင်လာတယ်။ ပင်ပန်းပေမဲ့ ကျွန်မ ယောက္ခမ အိမ်မှာ ကပ်နေရတာ ထက်စာရင်ပျော်ပါတယ်။ သူ့များကိုမှီခိုရပ်တည်ရတာထက်၊ ကိုယ့်ဘာသာရှင်သန်ရတာ ဘယ်လောက်ထိ အသက်ရှုရတာလွတ်လပ်လဲဆိုတာ ကျွန်မကောင်းကောင်းသိခဲ့တယ်။ ကျွန်မအလုပ်လေးအဆင်ပြေတော့ ကျွန်မယောကျာ်းက ပိုလို့ရေပေါ်စီဖြစ်လာတယ်။ ဘာမှ မလုပ်ချင်မကိုင်ချင်ပဲ အရက်လေးတမြမြနဲ့ပေါ့။
အလုပ်မလုပ်ပဲ စားရတဲ့ အရသာကို သင်းကောင်းကောင်းတွေ့နေပြီလေ။ တစ်စ တစ်စ အရက်စွဲလာတော့ ကျွန်မ အရက်သမားမိန်းမ လုံးလုံးကြီးဖြစ်တော့တာပါပဲ။ ညညဆို သန်းခေါင်ကျော်ထိ အရက်သောက် ။ မနက်လင်းရင် အရက်နာကျပြီး ဘာမှမလုပ်ချင်မကိုင်ချင်ဖြစ်ရော။ နောက်ဆုံးတော့ ကျွန်မကို ကူဖော်မရတဲ့အပြင် ကျွန်မကပါသူ့အတွက် အရက်အ၀ယ်တော်တာ၀န်ကို ယူပေးလိုက်ရတယ်။ အရက်ဆိုင်တွေမှာ သွားသောက်ပြီး မူးရူးရန်ဖြစ်မှာထက်စာရင် အိမ်မှာသောက်ပါစေလေဆိုပြီး ကျွန်မ ကြည်ကြည်ဖြူဖြူပဲ၀ယ်ပေးပါတယ်။ ဒါတောင်အလိုမကျရင် ကျွန်မကို ရိုက်နှက်သေးတာ။ တစ်ခါတလေများ သူရိုက်နှက်ဒဏ်ခံရလို့ ဖူးယောင်နေတဲ့ မျက်နှာကို စျေးရောင်းသွားခါနီးကျွန်မ မယ် သနပ်ခါးတွေ ထူနေအောင်ဖို့ရသေးတာ။
အခုလည်း တကယ်ဆိုရင် ကျွန်မက အဖေရှိနေတဲ့ အိမ်မှာ ထားခဲ့ရတဲ့ သမီးနှစ်ယောက်ကိုစိတ်ချနေရမှာ။ ခုတော့ အရက်နာကျနေတာနဲ့ အိမ်ကိုသူခိုး၀င်မွှေသွားတောင်သိမှာမဟုတ်တဲ့သင်းကြောင့် ကျွန်မစိတ်ပူနေရတာ။ ကျွန်မ ကိုယ့်အတွေးနဲ့ကိုယ်လျှောက်လာရင်း ရပ်ကွက်ကလူတွေရေချိုးနေကြချောင်းလေးကို ရောက်လာခဲ့တယ်။ ချောင်းထဲက ရေချိုးနေတဲ့ ကလေးတွေကြား ကျွန်မသမီးများပါလေမလားလှမ်းကြည့်မိတယ်။ ကျွန်မ သမီးတွေကိုမတွေ့ပေမဲ့ အတွင်းခံနှင့်ရေချိုးနေတဲ့ လူစိမ်းယောကျာ်းတစ်ယောက်ကိုတွေ့တော့ ကျွန်မ မျက်နှာလွဲပြီး သက်ပြင်းတစ်ချက်ကို ဟင်းခနဲချမိတယ်။ ဒီလိုအများတကာသုံးတဲ့ရေချိုးဆိပ်မှာ အတွင်းခံ နှင့်ရေချိုးစရာလား။ ပုဆိုးလေးဘာလေး၀တ်ချိုးတော့ သူကသေသွားမှာမို့လို့လား။
နောက်တစ်ခါကျ ကျွန်မသမီးတွေကို ဒီချောင်းမှာ ရေလာမချိုးဖို့ပြောရဦးမယ်။ ရေချိုးနေတဲ့သူက လူကောင်းဖြစ်နေစေဦးတော့ သမီးလေးတွေမွေးထားတဲ့ကျွန်မကပူရတာပါပဲ။ ခေတ်ကြီးက ကောင်းလှတာမှဟုတ်တာ။ အိမ်ရှေ့ရောက်တော့ အသာစေ့ထားတဲ့တံခါးကိုကြည့်ပြီး ကျွန်မရင်ထဲမောဟိုက်သွားတယ်။ လှေကားထစ်လေးမှာလည်း သမီးလေးနှစ်ယောက်ရဲ့ဖိနပ်ကိုမတွေ့ဘူး။ သူ့အဖေ ဖိနပ်တစ်ရံပဲတွေ့တယ်။ သူ့အဖေကလည်း ကျွန်မကိုသွားကြိုနေတာလို့များထင်နေလားမသိဘူး။ သမီးလေး ကျွန်မကို လာကြိုတဲ့လမ်းမှာများ တစ်ခုခုဖြစ်သွားလားမသိဘူးလို့တွေ့မိတော့ ကျွန်မ ခေါင်းထဲမူးမိုက်သွားတယ်။
ဒါပေမဲ့ လာကြိုတဲ့လမ်းက လူမပြတ်တဲ့ ရပ်ကွက်လမ်းပါ။ဘယ်လိုဖြစ်ဖြစ် ကျွန်မအတွေးထဲမှာ သမီးလေးနှစ်ယောက်အတွက် တကယ်ကိုခံစားချက်တွေမကောင်းပါဘူး။ ရင်တလှပ်လှပ်နဲ့အိမ်ပေါ်အပြေးတက်ခဲ့တော့ ကျွန်မဒူးတွေ တုန်ယင်နေတယ်။ ခေါင်းခုကြားကချွေးတွေ ဒလဟောစီးကျနေပေမဲ့ ကျွန်မသုပ်ဖို့သတိမရဘူး။ တံခါးကို အသာတွန်းဖွင့်ပြီး အိမ်ထဲ၀င်လိုက်တော့ အိမ်ရှေ့ခန်းမှာ အရက်နာကျပြီးအိပ်နေတဲ့ ယောကျာ်းကို တွေ့လိုက်ရတယ်။ ကျွန်မဒေါသတွေထွက်လိုက်တာ အသားတွေတောင်တုန်တယ်။ ကျွန်မမှာတော့ သမီးလေးတွေကို စိတ်ပူလိုက်ရတာ။ သင်းကတော့ ဇိမ်နဲ့အိပ်နေနိုင်တာကြည့်စမ်းပါဦး။ ကျွန်မခေါင်းပေါ်က စျေးခြင်းတောင်းကို ပစ်ချပြီး ခေါင်းခုခွေကိုဖြေလို့သူ့ကိုလှမ်းရိုက်လိုက်တယ်။ “ဒီမှာ …။ ထ ဦးဟဲ့။ထဦး သေနာကောင်ရဲ့။ နင့်သမီးတွေ မတွေ့ဘူး ဘယ်သွားတာလဲ။’’ ကျွန်မအတင်းလှုပ်နိုးတော့ သူ ငူငူငိုင်ငိုင်ထလာတယ်။
ကျွန်မကို မျက်ထောင့်နီနဲ့ မကျေနပ်သလိုလှမ်းကြည့်တော့ ကျွန်မ ဒေါသဒီဂရီပိုမြင့်သွားတယ်။ “နင့်သမီးတွေ ဘယ်သွားတာလဲ။ ငါမေးနေတယ်လေ။ သေနာကောင်ရဲ့။တစ်နေကုန်တစ်နေ့ခန်း အဲဒီအရေတွေပဲသောက်ပြီးမူးပြဲမနေနဲ့ ။’’ “မသိဘူး။ ငါ့ကိုလာမမေးနဲ့။ မင်းဘာသာလိုက်ရှာကြည့်ပေါ့’’ ကြည့်စမ်းပြောပုံက အချိုးမပြေချက်။ သူနဲ့ရထားတဲ့ ကလေးတွေမဟုတ်တဲ့အတိုင်းပဲ။ ဒါပေမဲ့ ကျွန်မ စိတ်လျော့လိုက်ပါတယ်။ “`အော်…။ အေ။ တွေ့မယ်။နင်နဲ့လောလောဆယ်ရန်မဖြစ်အားသေးဘူး။ ငါ့သမီးတွေလိုက်ရှာပြီး ပြန်လာရင် နင်နဲ့တွေ့မယ်။’’ ကျွန်မ လက်ထဲကခေါင်းခုပုဆိုးကို လုံးချေပြီး သူ့မျက်နှာတည့်တည့်ကို ပစ်ပေါက်လိုက်တယ်။ ပြီးထဘီကို တိုအောင် ပြင်၀တ်ပြီး အိမ်ပေါ်ကခပ်သုတ်သုတ်ဆင်းခဲ့တယ်။ လမ်းပြင်ရောက်တော့ကျွန်မ ဘယ်အရပ်ကိုသွားရမယ်မှန်းမသိဘူး။ ကျွန်မတို့နေတဲ့ရပ်ကွက်စွန်လေးမှာ လူသိပ်မရှိသေးဘူး။ အိမ်တိုင်းလိုလိုက လူမနေသေးလို့ပိတ်ထားတဲ့အိမ်တွေ ခပ်များများရယ်။ ကျွန်မအိမ်ခေါင်းရင်းမှာတော့ ဒုက္ခိတ အဘိုးကြီးတစ်ဦးနေတယ်။ ကျွန်မ ခြေလှမ်းတွေ အဲဒီအဖိုးကြီးအိမ်ထဲလှမ်းခဲ့တယ်။
အဖိုးကြီးက အိမ်ရှေ့ခန်းမှာ စာအုပ်တစ်အုပ်ကိုသည်းကြီးမည်းကြီးဖတ်နေလေရဲ့။ “အဖိုးရေ…။ ကျွန်မသမီးနှစ်ယောက်ကို တွေ့သေးလား။’’ ကျွန်မအသံကြားတော့ အဖိုးကြီးက မျက်မှန်ကကျော်ကြည့်ပြီးလှမ်းပြောတယ်။ “သတိမထားမိဘူးပဲတူမကြီးရေ…။ ကလေးတွေ ဒီနေ့အသံလည်းမကြားဘူး။ တိတ်နေသလိုပဲ။’’ အဖိုးကြီးစကားကြားမှ ကျွန်မရင်ထဲ ထိတ်ခနဲဖြစ်သွားတယ်။ ဒီအတိုင်းဆို သမီးတွေ အိမ်မှာမရှိတာကြာပြီဆိုတဲ့ သဘောပေါ့။ တွေးရင်းရထားလမ်းမှာ သေနေတဲ့ကလေးမလေး အလောင်း မျက်စိထဲမြင်လာတော့ ကျွန်မခေါင်းထဲ မူးဝေနောက်ကျိ သွားတယ်။ အို မဟုတ်တာပဲ။
သမီးလေးတွေတစ်နေရာရာမှာရှိနေမှာပါ။ “သမီးရေ…။ ရွှေအေး။ မိပုံ့လေး…’’ ကျွန်မ အသံတစာစာအော်ရင်း ရပ်ကွက်ထဲကို အပြေးတပိုင်း၀င်ခဲ့တယ်။တွေ့ရာလူတိုင်းကို သမီးလေးနှစ်ယောက် ကိုတွေ့မိသေးလားမေးရတာလည်း မမောနိုင်အောင်ပဲ။ လူတိုင်းက ကိုယ့်အလုပ်နဲ့ ကိုယ်ရှုပ်နေကြတော့ သမီးလေးကို မတွေ့ခဲ့ကြဘူး။ ကျွန်မရင်တွေ ပွင့်ထွက်မတတ်ပူလှပြီ။သမီးလေးတွေသွားတတ်တဲ့နေရာစုံကို လိုက်ရှာပေမဲ့ ဘယ်နေရာမှာ မှ သမီးလေးနှစ်ယောက်ကိုမတွေ့ဘူး။
ကျွန်မတွေးရင်း စိတ်ပူလွန်းလို့မျက်ရည်တွေ ဒလဟောစီးကျလာတယ်။ နုတ်ခမ်းအစုံက တုန်ယင်နေပြီး သမီးလေးနှစ်ယောက်ရဲ့နာမည်ကို တစာစောအော်ခေါ်နေမိတယ်။ ရပ်ကွက်တစ်ခုလုံးနှံ့ခဲ့ပြီ။ ဘယ်သူမှ သမီးလေးကိုမတွေ့ကြဘူးတဲ့။ အို သမီးလေးတို့ရယ်။ မေမေ့ အပြစ်တွေပါကွယ်။ သမီးလေးတွေကို လုံခြုံတဲ့အရိပ်အောက်မှာ မထားနိုင်တာ မေမေ့အပြစ်တွေပါ။ ဘုရား မ လို့ မေမေ့သမီးလေးတွဘာမှမဖြစ်ပါစေနဲ့။ မေမေ တွေးထင်ထားသလို မဖြစ်ပါစေနဲ့ သမီးလေးတို့ရယ်။ ကျွန်မရင်အစုံက ပူလောင်ပြီး လှိုက်ခနဲလှိုက်ခနဲဖြစ်နေတယ်။ချစ်ချစ်တောက်ပူနေတဲ့နေရောင်အောက်မှာ ရပ်ရင်း ကျွန်မ ခြေထောက်တွေမခိုင်တော့ဘူး။နေရာမှာ ပစ်လှဲချင်စိတ်တွေပေါက်နေတယ်။ တစ်ရပ်ကွက်လုံးနှံ့အောင်ရှာခဲ့ပြီးပြီမို့ ကျွန်မ ဘယ်နေရာမှာ သမီးလေးကို ရှာလို့ရှာရမှန်းမသိတော့ပါဘူး။
ကျွန်မခေါင်းထဲမှာ မူးဝေနှောက်ကျိနေပြီ။ ပူလောင်နေတဲ့ ရင်အစုံကို လက်နှင့်တဘုတ်ဘုတ်မြည်အောင်ထုရင်း နေမှာတင် ကျွန်မ ထိုင်ချလိုက်မိတယ်။ ခဏနေရင် သမီးလေး ပြန်လာမှာပါလေ လို့စိတ်က ခပ်ပေါ့ပေါ့တွေးလိုက်ပေမဲ့ တကယ်တန်းတော့ ကျွန်မ စိတ်တွေ မပေါ့ပါးနိုင်ပါဘူး။ မျက်စိကို မှိတ်လိုက်တိုင်း ရထားလမ်း ကလေးမလေး အလောင်းကို ပြေးမြင်သလို၊ ဖွင့်လိုက်တော့လည်း ဒီမြင်ကွင်းက မျက်လုံးထဲထွက်မသွားပါဘူး။ ငါ့သမီးလေးသာဆိုရင်ဆိုတဲ့စိတ်က ကျွန်မကို ခုထိနှိပ်စက်နေတုန်းပဲ။ ဘယ်မှလိုက်ရှာလို့မရတော့တဲ့အဆုံးမှာ ကျွန်မ အိမ်ကိုပြန်ရောက်နေကြမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ အိမ်ကို အပြေးပြန်လျှောက်ခဲ့တယ်။ အိမ်ကိုမမြင်ရသေးခင် သမီးတို့များ ပြေးလာမလာဆိုတဲ့စိတ်နဲ့ အိမ်ကို လှမ်းမျှော်ကြည့်ရတာ လည်းမမောနိုင်အောင်ပါပဲ။
ကျွန်မ ရူးများသွားပြီလားကိုယ့်ကိုယ်ကို ပြန်မေးမိခဲ့တယ်။ အိမ်ကိုမြင်နေရပေမဲ့ ကျွန်မ မျှော်လင့်ထားသလို ကျွန်မသမီးလေးတွေပြေးထွက်မလာဘူး။ ကျွန်မ ရင်ခုန်သံတွေ တဒိန်းဒိန်းဖြစ်နေတယ်။ ခြေလှမ်းတွေက မပြေးရုံသမယ်လှမ်းနေပေမဲ့ ရှေ့ကို မရောက်သလိုပဲ။ ဒီလိုနဲ့ အိမ်ရောက်ခါနီးတော့ ကျွန်မ သမီလေးတွေရဲ့ နာမည်ကို လှမ်းခေါ်လိုက်မိတယ်။ တစ်မိနစ်တောင်မကြာတဲ့ အချိန်မှာ အိမ်ပြန်ရောက်တော့မယ်ဆိုပေမဲ့ ကျွန်မစိတ်တွေလောကြီးနေမိတယ်။
“သမီးရေ…။ ရွှေအေး။ မိပုံ့လေး…’’ ကျွန်မအသံတွေတုန်ယင်တိုးဖွလို့နေတယ်။ ခြောက်ကပ်နေတဲ့ လည်ချောင်းက အက်ကွဲနေသလိုပါပဲ။ ရှိသမျှ တံတွေးကို စုကာမျိုချပြီး အသံကျယ်ကျယ်ထပ်အော်ခေါ်လိုက်တယ်။ “သမီးရေ…။ ရွှေအေး။ မိပုံ့လေး…’’ “ဟေး… မေမေပြန်လာပြီ။’’ ရုတ်တရက်ကြားလိုက်ရတဲ့အသံက ကျွန်မတစ်ကိုယ်လုံး အရိုးအကျောတို့ဆန့်ထုတ်လိုက်သလိုပါပဲ။ ကျွန်မ သမီလေးတွေ။ အို … သမီးလေးတွေရဲ့အသံ။ ကျွန်မ ၀မ်းသာလွန်းပြီးပါးပြင်ပေါ်မျက်ရည်တွေစီးကျလာတယ်။ ဒါပေမဲ့ ကျွန်မ ခြေလှမ်းတွေ ဆက်မလှမ်းနိုင်တော့ဘူး။ ကျွန်မစိတ်တွေပင်ပန်းလွန်းပြီး နေရာမှာ ဒူးတုတ်ထိုင်ချလိုက်တဲ့အချိန်မှာ သမီးလေးနှစ်ယောက် အိမ်ထဲကနေပြေးထွက်လာကြတယ်။ သူ့ထက်ငါဦးအောင်ပြေးလာကြတဲ့သမီးလေးနှစ်ယောက်ကို ကျွန်မ အားပါးတရသိမ်းဖက်လိုက်မိတယ်။
ပြီးမှ စိတ်တိုတိုနှင့် သမီးကြီးကို တွန်းထုတ်ပြီးမေးမိတယ်။ “နင်တို့က ငါ့ လာကြိုပဲ ဘယ်သွားနေကြတာလဲ။’’ သမီးကြီးက အခုပဲ တယုတယဖက်၊ အခုပဲ တွန်းထုတ်ဆူငေါက်နေတဲ့ အမေဖြစ်သူ ကျွန်မကို ပြူးကြည့်ပြီး ပြောတယ်။ “မေမေလာရင် ရေအေးအေးလေးသောက်ရအောင်လို့ သမီးဘုန်းကြီးကျောင်းဆီ သောက်ရေသွားခပ်နေတာ။ ခါတိုင်းနေ့တွေ ခုချိန်မေမေပြန်မရောက်သေးတော့ လာမကြိုသေးတာလေ။’’ ဟုတ်သားပဲ။ ခုမှကျွန်မသတိထားမိတယ်။ ခါတိုင်းနေ့တွေက ကျွန်မ ဒီထက်နောက်ကျမှ ပြန်ရောက်တတ်တာကိုး။ ကျွန်မစောစောက သမီးတွေကိုစိတ်ပူပြီး စိတ်တစ်ချက်လွှတ်သွားတာထင်ရဲ့။
“နောက်ခါကျ ဘာမှ မလုပ်ထားနဲ့။ ဘယ်မှလည်းမသွားနဲ့။ အမေ့ပြန်လာချိန်ကို အိမ်မှာပဲစောင့်နေ ကြားလား။’’ “ဟုတ်’’ ဇက်ကလေးပုပြီးပြောတဲ့ သမီးကြီးပုခုံးကို ဖြည့်ညစ်ပြီး သမီးငယ်လေးလက်ကို ကျွန်မတင်းနေအောင် ဆုပ်ကိုင်ထားတယ်။၀မ်းနည်းစိတ်၊ ၀မ်းသာစိတ်တွေစုပေါင်းပြီး မျက်ရည်တွေကျနေတဲ့ ကျွန်မမျက်နှာကို သမီးနှစ်ယောက်က တစ်ခါမှ မမြင်ဖူးတဲ့လူလိုပြူးပြူးကြီးကြည့်လို့။ သမီးလေးနှစ်ယောက်ကိုလက်ကဆွဲပြီး အိမ်ထဲ၀င်လာတော့ အိမ်ပေါ်မှာ ယောကျာ်းဖြစ်သူက မျက်ထောင့်နီကြီးနဲ့ အရက်ထိုင်သောက်နေလေရဲ့။
ကျွန်မ ဆဲဆိုရိုက်နက်လိုက်ချင်ပေမဲ့ ကျွန်မမလုပ်ခဲ့ဘူး။ မျက်စောင်းကို သွင်သွင်ထိုးပြီးသာ အနိုင်နဲ့ပိုင်းပစ်လိုက်တယ်။ ရန်ဖြစ်နေလို့လည်း သမီးလေးနှစ်ယောက်ကိုစိတ်ဆင်းရဲစေရုံကလွဲပြီး အကျိုးမှမရှိတာလေ။ ကျွန်မက သမီးလေးတွေကို အေးအေးချမ်းချမ်းနေစေချင်တဲ့ အမေပါ။ ကျွန်မဘ၀က နွေလယ်ခေါင်လိုပူလောင်လှပေမဲ့ အပူခံရင် ကျွန်မပဲ ခါးစည်းခံပြီး ကျွန်မသမီးလေးနှစ်ယောက်ကိုတော့ ကျွန်မအရိပ်အောက်မှာ အေးအေးချမ်းချမ်းနေစေချင်လှပါတယ်။ ဒါက မိခင်တစ်ယောက်ရဲ့ မေတ္တာပဲထင်ပါရဲ့လေ။ (ကျွန်တော်တို့နိုင်ငံကြီးမှာ သက်ငယ်မုဒိန်းမူတွေ ပ ပျောက်ပါစေ။ မိခင်တစ်ယောက်ရဲ့ စိုးရိမ်ပူပန်မူတွေကို ခံစားသိမြင်၊ ကိုယ်ချင်းစာနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။ အချိန်ပေးဖတ်ရှုပေးသူများအားလုံး သာယာချမ်းမြေ့ကြပါစေ…။)
ညီလေးငယ် (နောက်ထပ်တင်ပေးဦးမယ့် ဝတ္ထုများကိုဖတ်ရှုဖို့ Page ကို follow လုပ်ထားခဲ့ပါနော် )
Leave a Reply