ခေါင်းပေါ်မှာ ဓားမိုးထားသော်လည်း

ခေါင်းပေါ်မှာ ဓားမိုးထားသော်လည်း

လျှပ်စစ်မီးက မနက် ၈ နာရီထိုးကတည်းက ပြတ်သွားသည်။ ညနေ ၅ နာရီထိုးသည်အထိ မလာသေး။ အိုက်လွန်း သဖြင့် ခြံထဲဆင်းကာထိုင်နေစဉ် မောင်ကျော်စွာတစ်ယောက် ရောက်ချလာသည်။ “ဆရာ မီတာ သွားဆောင်တာ အဆင်မပြေခဲ့လို့ဆို” “အေးကွာ ငါ့ဘဝတစ်သက် အစိုးရဌာနတွေနဲ့ ဆက်ဆံရသမျှ အဆင်ပြေတာကနည်းနည်းရယ်ပါ။ ထားလိုက်ပါတော့။ ဒီအကြောင်းတွေ ထပ်ပြောလည်း ထူးလာမှာမှ မဟုတ်တာ” “ကျွန်တော် သတိမေ့သွားးလို့ပါဆရာ … နောက်ဆိုရင် မီတာကို သတိထားပြီး လာဆောင်ပေးပါ့မယ်။ ဆရာ သူများတွေ ပြောသလို ဘဏ်နဲ့ချိတ်ပြီး မီတာဆောင်တဲ့စနစ်ကို စမ်းကြည့်ပါလားဆရာ” “အင်း … အပြောလွယ်သလောက် အလုပ်ခက်သကွယ်။ ငါ ဘဏ်နဲ့ အဆက်ဖြတ်လိုက်ပြီကွ။

https://tuckerclassesjackal.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

ဘဏ်နဲ့ ဆက်ဆံရတာကလည်း အရင်လို မဟုတ်တော့ဘူး။ အရင်ကဆိုရင် ဘဏ်ထဲဝင်လိုက်တာနဲ့ ပျာပျာသလဲ ဖြစ်နေတဲ့ သူတွေဟာ အစိုးရဘဏ်ပုံစံစနစ်အတိုင်း ပြန်ဖြစ်ကုန်ကြပြီ။ ဘဏ်မှာ ငွေသွားထည့်ဖို့ဆိုတာ စိတ်တောင် မကူးရဲတဲ့ အနေအထားမျိုးကို ရောက်သွားပြီကွယ်” “ဆရာ တစ်ခုလောက်မေးချင်တယ်” “ဘာများလဲကွာ” “လူတွေဟာ အာဏာကို ဘာကြောင့်များ ဒီလောက်တောင် မက်ကြတာလဲဟင်” “မင်းဟာက မဆီမဆိုင် နိုင်ငံရေးတွေပါလာပြီ” “သိချင်လို့ပါဆရာရယ်” “အာဏာဆိုတာ တိုင်းပြည်နဲ့ လူမျိုးအတွက် အကျိုးရှိအောင် အသုံးချရတဲ့ လုပ်ပိုင်ခွင့်တစ်ခုလို့ မှတ်ယူတဲ့ နိုင်ငံနဲ့ လူမျိုးတွေမှာဆိုရင် အာဏာကို ပေးတာတောင် တာဝန်ကြီးလွန်းလို့ဆိုပြီး မယူချင်ကြပါဘူးကွာ။ အာဏာကို ငါ့အတွက် ငါ့အုပ်စုအတွက် ငါ့သားအတွက် ငါ့မယားအတွက် ငါ့ဆွေမျိုးတွေအတွက်ဆိုပြီး ယူချင်တဲ့ သူမျိုးတွေကတော့ အာဏာဆိုတာ ငမ်းငမ်းတက် မက်စရာ ဖြစ်နေတော့တာပဲပေါ့” “လူပဲဆရာရယ် အာဏာကို မမက်တဲ့သူ ရှိပါ့မလား” “အင်း … မင်းကို တစ်ခုလောက် မေးကြည့်ရဦးမယ် … မင်း တစ်ရက်လောက် ဘုရင်စည်းစိမ်နဲ့ အာဏာကို ရမယ်ဆိုရင် လုပ်မလား” “ဟာ ဆရာရယ် ဘယ့်နှယ်ပြောလိုက်ပါလိမ့် လုပ်မှာပေါ့” “အေး … ငါမင်းကို ဟိုးရှေးခေတ်က အကြောင်းလေးတစ်ခု ပြောပြမယ် … နားထောင်ကြည့်လိုက်” “ပြောပါဆရာ” ဟိုးရှေးရှေးတုန်းက ဒိုင်အိုနီးဆီးရပ်စ်ဆိုသည့် ဘုရင်တစ်ပါးရှိသည်။

ထိုဘုရင်သည် အာဏာရှင်တစ်ယောက် ဖြစ်ပြီး တိုင်းသူပြည်သားများကို ရက်စက်စွာ ဖိနှိပ်အုပ်ချုပ်သူလည်း ဖြစ်သည်။ ထိုဘုရင်သည် တိုင်းသူပြည်သားများက သူ့ကို မနှစ်သက်၊ သဘောမကျမှန်းသိသည်။ ထိုသို့ သိသော ကြောင့်လည်း သူ့နေရာနှင့် သူရာထူးကို လုယူမည် ကြောက်သောကြောင့် ရက်စက်စွာ ဖိနှိပ် အုပ်ချုပ်နေရခြင်းဖြစ်သည်။ တိုင်းသူပြည်သားများထံက မတရားကောက်ခံထားသည့် အခွန်ငွေတွေနှင့် ဒိုင်အိုနီးဆီးရပ်စ်သည် အလွန်ချမ်းသာ ကြွယ်ဝနေသူဖြစ်သည်။ သူ့နန်းတော်ကြီးကိုလည်း ကောင်းမွန်ခိုင်ခန့်အောင် ဆောက်ထားပြီး ရဲမက်တွေကို အချိန်ပြည့် စောင့်စေသည်။ သူ့အခိုင်းအစေတွေကလည်း ဘေးနားတွင် အသင့်အနေအထားဖြင့် နေကြရပြီး သူဘာလုပ်ချင်သည်၊ ဘာစားချင်သည်၊ ဘာလိုချင်သည်ဟု နှုတ်က ပြောလိုက်သည်နှင့် ရအောင် ဖန်တီးပေးနေကြရသည်။ ဒိုင်အိုနီးဆီးရပ်စ်တွင် ဒမိုကလိစ်ဆိုသည့် သူငယ်ချင်းတစ်ယောက်ရှိသည်။ တစ်နေ့တွင် ဒမိုကလိစ်သည် နန်းတော်ကိုလာလည်ရင်း သူငယ်ချင်းနှစ်ယောက် ပျော်ရွှင်စွာ သောက်စားကြသည်။ “သူငယ်ချင်းရယ် … မင်းဘဝကြီးက ပျော်စရာ ကောင်းလိုက်တာကွာ။ ဘာမဆို အားလုံးအသင့်။ ရွှေငွေစည်းစိမ် ဥစ္စာတွေကလည်း တောင်လိုပုံ။

ဘာမှ လိုလေသေးမရှိ။ မင်းဘဝကြီးကို အားကျလိုက်တာကွာ” ဟု ဒမိုကလိစ်က ပြောလိုက်လေသည်။ ဘုရင် ဒိုင်အိုနီးဆီးရပ်စ်က ရယ်လိုက်ပြီး “ငါက ဘုရင်ပဲကွ … ဒီလောက်တော့ ရှိရမှာပေါ့” “အေးကွာ ဘုရင်ဖြစ်ရတာ ကောင်းလိုက်တာ … ငါတစ်ရက်လောက် ဘုရင် လုပ်ကြည့်ရရင် သေပျော်ပါပြီကွာ” “တကယ်လားကွ” “တကယ်ပြောတာ” “ကဲ ဒါဆိုလည်း မင်း တစ်ရက် ငါ့ ပလ္လင်မှာထိုင်ကြည့်ကွာ” “တကယ်လား” “တကယ်ပေါ့” “ဘယ်တော့လဲ” “မနက်ဖြန်ကစပြီး မင်း ဘုရင်ဖြစ်ပြီလို့ မှတ်လိုက်တော့” နောက်တစ်နေ့တွင် ဒမိုကလိစ်သည် ဘုရင်ကဲ့သို့ ဝတ်ဆင်ကာ နန်းတော်ထဲရောက်လာသည်။ အမိန့်ထုတ်ထား သောကြောင့်လည်း နန်းတွင်းသူ နန်းတွင်းသား အားလုံးက သူ့ကို ဘုရင်တစ်ပါးကဲ့သို့ ပြုစု စောင့်ရှောက်ကြရလေသည်။ ဒမိုကလိစ်သည် ပလ္လင်ထက်တွင်ထိုင်ပြီး ပီတိဖြစ်နေသည်။ သူ့ကို ခစားနေသော သူတွေကလည်း ပြားပြားမှောက်တစ်မျိုး၊ ဒူးထောက်လျက်တစ်ဖုံ ခစားနေကြသည်ကို ကြည့်ပြီး ပီတိဖြစ်နေမိသည်။ သူသဘော အကျဆုံး အချက်မှာ “မင်းကြီးများ” ဟု ခေါ်လိုက်တိုင်း “ဘုရား” ဟု ပြန်ထူးကြခြင်းအပေါ် သာယာမိနေခြင်းဖြစ်သည်။ သူသည် ထိုင်နေရာမှ အမှတ်မထင် အပေါ်ကို မော့ကြည့်လိုက်မိသည်။ အဘယ်ကြောင့် ဆိုသော် နန်းတွင်းသူ တစ်ယောက်က သူ့အပေါ်ကို မော့ကြည့်နေသောကြောင့် ဖြစ်သည်။

သူထိုင်နေသည့် ပလ္လင်အပေါ်တည့်တည့်တွင် ရှည်လျား ချွန်ထက်သည့် ဓားရှည်ကြီးတစ်ချောင်းကို ဦးချွန်က အောက်စိုက်လျက်သား ချိတ်ဆွဲထားသည်ကို တွေ့လိုက်ရသည်။ ထိုဓားကို ချည်ထားသည်ကလည်း မြင်းမြီးကြိုး တစ်ချောင်းသာဖြစ်သည်။ သူက ကြိုးသာပြတ်သွားလိုက်ရင်တော့ဟု တွေးကာ ပလ္လင်ပေါ်က ခုန်ချလိုက်လေသည်။ တစ်ရက်ဘုရင် ဒမိုကလိစ် မျက်နှာတွင် အပြုံးတွေ ပျောက်သွားသည်။ ကြောက်လွန်းသဖြင့် ခန်းမထဲက ထွက်ကာ သူ့သူငယ်ချင်း ဘုရင်ရှိရာကို အပြေးအလွှား ရောက်သွားလေသည်။ “ဘယ်လိုဖြစ်လာတာလဲကွ” “ဟာကွာ မင်းထိုင်တဲ့ ပလ္လင်ပေါ်မှာ ဓားကြီးတစ်ချောင်းကို တန်းလန်းကြီး ချိတ်ထားတာပဲကွ” “အေးလေ မင်းအဆက်ဆက် ဒီလိုပဲ ဓားသွားအောက်မှာထိုင်ပြီးတော့ တိုင်းပြည်ကို အုပ်ချုပ်ခဲ့တာပဲ” “မကြောက်ဘူးလားကွာ” “မကြောက်ပါဘူး … ဒီလိုပဲ အုပ်ချုပ်ခဲ့ကြတာပဲ” “ငါတော့ ကြောက်ပါရဲ့ကွယ် … ငါ့အလှည့်ကျမှ ပြုတ်ကျလိုက်လို့ကတော့ … တော်ပြီကွယ်။ ဘုရင်လည်း မလုပ်ချင်တော့ပါဘူး။ မချမ်းသာချင်လည်း နေပါ။ ငါ့လယ်တဲကို ပြန်ပြီးတော့ ငါ့ကို ဖိစီး ချောက်လှန့် နေတာကြီး မရှိဘဲနဲ့ လွတ်လပ်စွာပဲ နေပါရစေတော့” ကျွန်တော်က ပုံပြင်ကို အဆုံးသတ်လိုက်သည်။

မောင်ကျော်စွာက “ကောင်းလိုက်တဲ့ ပုံပြင်ဆရာရယ် … ကျွန်တော်ပါ ဘုရင်လုပ်ချင်စိတ် ပျောက်သွားတယ်” “ဟုတ်ပါ့မလား … ဘုရင်ဖြစ်ရင်ပြီးရော ဆိုတဲ့ကောင်တွေကတော့ ဓားပြုတ်ကျမှာ မကြောက်ဘူးကွ။ မင်းကို ငါ တော်စတွိုင်းရဲ့ ပုံပြင်လေးတစ်ပုဒ်ပြောတာ မှတ်မိသေးလား” “ဘယ်ပုံပြင်လဲဆရာ” “လူတစ်ယောက်ကို သားရဲတိရစ္ဆာန်ကြီးတစ်ကောင်က လိုက်နေတယ်။ ရေတွင်းထဲ လွတ်မလားလို့ ခုန်ချပြီး နွယ်ကိုင်းကို ခိုထားတယ်။ အောက်ကို ငုံ့ကြည့် လိုက်တော့လည်း အောက်မှာ နဂါးကြီးတစ်ကောင်။ ပြုတ်ကျရင် အသေပဲ။ အထက်လည်း တက်မရ။

အထက်မှာလည်း သားရဲကြီးက စောင့်နေတယ်၊ အောက်မှာလည်း နဂါးကြီးက အသင့်။ ဒီကြားထဲ သူခိုထားတဲ့ နွယ်ကိုင်းကို ကြွက်ဖြူ ကြွက်မည်းနှစ်ကောင်က ကိုက်ဖြတ် နေသေးတယ်။ အဲဒီ အချိန်မှာ နွယ်ပင်က စီးကျလာတဲ့ ပျားရည်ကို တွဲလောင်းခိုထားတဲ့ လူသားက လျာနဲ့ အရသာခံပြီး ကောင်းလိုက်တာလို့ ပြောတဲ့ ပုံပြင်လေ” “မှတ်မိပြီဆရာ … သိပ်သဘောကျခဲ့ရတဲ့ ပုံပြင်ပေါ့” “အေး ခုလည်း လူသားဆိုတော့ ဘယ်လောက်ပဲ ဒုက္ခရောက်တော့မယ်ဆိုစေ ပျားရည်လေးတစ်စက်ကို မျှော်ကိုးပြီးတော့ အရသာခံချင်နေတဲ့ သူတွေကများပါတယ်ကွယ်” “သဘောပေါက်ပါပြီဆရာ … လူတွေ ဘာကြောင့် အာဏာကို ဒီလောက် မက်မောနေကြတယ်ဆိုတာ” “သတိထားကွယ့် ဒမိုကလိစ်လို သံဝေဂ မြန်မြန်ရပြီး တောပြန်နိုင်ကြရင်ကောင်းမယ်” “မထင်ပါဘူးဆရာရယ် … မြှောက်ပေးရင် ဟိုဟာတက်အောင် ကချင်တဲ့သူတွေက အများသားပါ” “ဘယ်ဟာ တက်အောင်လဲကွာ” “ဆရာကလည်း သိသားနဲ့ ဟီး … ဟီး”

တင်ညွန့် ၁၀.၁၂.၂၀၂၂

Leave a Reply

Your email address will not be published. Required fields are marked *