*အယောင်ဆောင်ဧည့်ဆိုး*📖📖📖(စ/ဆုံး)

*အယောင်ဆောင်ဧည့်ဆိုး*📖📖📖(စ/ဆုံး)

ရန်ကင်းဘက်ရှိသူငယ်ချင်းတစ်ဦး ထံသို့ သွားရန် ဆူးလေဘုရားလမ်းရှိ ကားမှတ်တိုင်တွင် ဘတ်စ်ကားစောင့် နေချိန်ဖြစ်သည်။ကားမှတ်တိုင်ရှိထိုင်ခုံ တန်းတွင် ကျွန်တော်ထိုင်နေစဉ် ကျွန် တော့်နံဘေးလွတ်နေသောထိုင်ခုံသို့ လူကြီးတစ်ဦးဝင်၍ ထိုင်သည်။ ထိုင်ခုံ ချင်းကပ်နေ၍ ထိုလူကြီးမျက်နှာကို အမှတ်မထင် ကြည့်လိုက်မိသည်။ ထို လူကြီးကလည်းကျွန်တော့်ကိုပြန်ကြည့် သည်။ အကြည့်ချင်းဆုံသွား၍ ပြုံးမိ လျက်သားဖြစ်သွားသည်။

နှစ်ဦးစလုံး ပြုံး၍ နှုတ်ဆက်မိသည်။ တစ်ဖက်သို့ မျက်နှာလွှဲသွားပြီးမှ ထိုလူကြီး ကျွန် တော့်မျက်နှာကို သေသေချာချာ စူးစူး စိုက်စိုက် ပြန်၍ကြည့်သည်။ ကျွန်တော် မနေတတ်တော့၍ထိုလူကြီးမျက်နှာကို ကြည့်လိုက်မိသည်။ ထိုလူကြီးက- “မင်း – မင်း ရုက္ခစိုးမဟုတ်လား၊ မော်လမြိုင်ကအပါရဲ့သားရုက္ခစိုးမဟုတ် လား” ရုက္ခစိုးဟူသောအမည်မှာ ကျွန် တော့်နာမည်ပြောင်ဖြစ်သည်။ ဤနာ မည်ကို ရန်ကုန်တွင် ခေါ်သူမရှိပါ။ ကျွန် တော် အံ့ဩလွန်း၍ ထိုလူကြီးမျက်နှာ ကို အသေအချာကြည့်လိုက်သည်။ အသက်ရှစ်ဆယ်နီးပါးရှိမည်ဟု ခန့်မှန်း မိသည်။ အဖော်မပါ တစ်ဦးတည်း ခရီး သွားနိုင်အောင်ကျန်းမာရေးကောင်းနေ သည်ကို တွေ့လိုက်ရသည်။ “ဟုတ်ပါတယ် – ကျွန်တော့်ငယ်နာ မည် ရုက္ခစိုးလို့ ခေါ်ပါတယ်။

ဒါနဲ့ ဘကြီး က ဘကြီးပန်းတင်ထင်တယ်” “အေး- သိပ်ဟုတ်တာပေါ့၊ မင်းက မှတ်မိသားပဲ၊ မင်း ငယ်ငယ်တုန်းက ဘကြီး မင်းကို ချီပိုးထိန်းကျောင်းခဲ့ရ တာ၊ မင်းက ငယ်ရုပ်မပြောင်းသေးဘူး၊ မင်းရဲ့မျက်ခုံးတွေက ကကြီးပုံမျက်ခုံးမို့ ဘကြီးကမှတ်မိတာ၊ မင်းကရော ဘကြီး ကို ပန်းတင်ရယ်လို့ နာမည်ကို ဘယ်လို ကြောင့် မှတ်မိတာလဲ” “ကျွန်တော့်ကို ရုက္ခစိုးလို့ ခေါ်တာ ရယ်၊ ပြီးတော့ ဘကြီးနှာခေါင်းကမှဲ့ကြီး ကိုတွေ့ပြီးမှတ်မိခဲ့တာပါ” “ဒါနဲ့ မင်းအဖေ အပါရော နေ ကောင်းရဲ့လား” “အမေဆုံးပြီး ငါးနှစ်လောက်မှာ အဖေဆုံးသွားခဲ့တာ မော်လမြိုင်မှာပဲ ဆုံးခဲ့တာ၊ ခုဆို အဖေဆုံးတာ လေးနှစ် လောက်ရှိသွားပြီ” “ဟာ- ငါ့သူငယ်ချင်း ဆုံးရှာပြီကိုး၊ လာကွာ။ တို့တူဝရီးတွေ အမှတ်မထင် ဆုံကြတုန်းအေးအေးဆေးဆေးစကား ပြောရအောင်။ ဒီကားမှတ်တိုင်မှာလူရှုပ် တယ်၊ အသံတွေလည်း ဆူညံနေတာပဲ၊ လက်ဖက်ရည်ဆိုင်ထဲ သွားကြရ အောင်” ကျွန်တော်တို့နှစ်ဦး နီးစပ်ရာလက် ဖက်ရည်ဆိုင်ထဲဝင်ခဲ့ကြသည်။

“ရုက္ခစိုး၊ အခု မင်း ဘယ်မှာနေလဲ၊ ဘယ်သွားမလို့လဲ” ၊ “သာကေတဘက်မှာနေတာ၊ ရန် ကင်းသွားမလို့ ကားစောင့်နေတာ၊ ဘကြီးရော ဘယ်မှာနေလဲ၊ ဘယ်သွား မလို့လဲ” “ဘကြီးက မြောက်ဥက္ကလာပမှာ နေတာ၊ သမီးနဲ့ လိုက်နေတာ၊ သားမက် အိမ်မှာပေါ့၊ ခုမြောက်ဥက္ကလာပပြန်ဖို့ ကားစောင့်နေတုန်း မင်းနဲ့ဆုံခဲ့တာ၊ တို့ တွေကွဲသွားတာ အနှစ်နှစ်ဆယ်ကျော် လောက်ရှိပြီထင်တယ်” “ဖြစ်နိုင်ပါတယ် – ကျွန်တော် အလုပ်စဝင်ကတည်းကရန်ကုန်ရောက် နေခဲ့တာ” “မင်းကို ဘာကြောင့် ရုက္ခစိုးလို့ခေါ် တာသိရဲ့လား” “ဟာ- ဘကြီးကလည်းသိတာပေါ့၊ ကျွန်တော့်အဖေနဲ့ အမေ၊ ကလေးမရ သေးလို့ ကလေးလိုချင်လွန်းလို့ လက်ပံ ပင်ကြီးမှာ သားဆုပန်ကြတယ်။

အဲဒီ လက်ပံပင်ကြီးကိုစောင့်နေတဲ့ရုက္ခစိုးက ကျွန်တော့်အမေဆီ ဝင်စားတယ်လို့ ပြောကြတာပဲ” “အေး- ဟုတ်တယ်၊ မင်းမိဘတွေ အိမ်ထောင်ကျပြီး ငါးနှစ်လောက်အထိ သားသမီးမရလို့ ရွာက လက်ပံပင်ကြီး မှာ သားဆု သွားပန်ကြတယ်။ နောက် တော့ လက်ပံပင်စောင့် ရုက္ခစိုးက သူ လာခဲ့မယ်လို့ မင်းအမေ မအုန်းကြူကို အိပ်မက်ပေးခဲ့တယ်။ယောက်ျားလေးဆို ဘယ်သူပဲဖြစ်ဖြစ်၊ လာခဲ့လို့ အိပ်မက် ထဲမှာမင်းအမေကပြန်ပြောလိုက်တယ်။ နောက် မကြာခင် မင်းကို ကိုယ်ဝန်ရ တယ်လို့ပြောတယ်” “ဒါကြောင့် ကျွန်တော့်ကို ရုက္ခစိုး လို့ နောက်ပြောင်ခေါ်ကြတာပေါ့၊ ကျွန် တော်ကတော့ တိုက်ဆိုင်မှုလို့ပဲ ထင် တယ်ဘကြီးရယ်” “တိုက်ဆိုင်မှုဆိုပေမယ့် တော် တော်ဆန်းတယ်၊ ဒီ့ထက်ဆန်းတာတွေ မင်းမိဘတွေကြုံခဲ့သေးတယ်။

အေးလေ မင်းမိဘတွေလည်း မရှိကြတော့ဘူးဆို တော့ အဲဒီအဖြစ်ဆန်းတွေ မင်းကို ကြုံ တုန်းပြောပြမယ်” “ဘယ်လို အဆန်းတွေ ကြုံခဲ့တာ လဲ၊ အဖေအမေတို့နဲ့ ပတ်သက်နေ လား” “မင်းရဲ့မိဘတွေကြုံခဲ့ကြတာ၊ အဲဒီ အကြောင်းတွေက ထူးဆန်းပြီး အံ့ဩဖို့ ကောင်း၊ ကြောက်ဖို့ကောင်းတဲ့ မယုံနိုင် စရာအဖြစ်တွေပေါ့ကွယ်။ ဘကြီးကိုယ် တိုင် ကြုံပြီး သိခဲ့ရတာ။ အဲဒီအကြောင်း တွေ ဘယ်သူ့မှမပြောဖို့ မင်းမိဘတွေ မှာထားခဲ့တာ၊အဲဒီအချိန်တုန်းကမင်းကို တောင်မမွေးသေးဘူး၊ခု-မင်းမိဘတွေ လည်းမရှိကြတော့ဘူး။မင်းက သားကြီး ဆိုတော့ မင်းသိထားသင့်တယ်ထင် တယ်” “ထူးဆန်းပြီးကြောက်ဖို့ကောင်းတဲ့ အဖြစ်ဆိုတော့ စိတ်ဝင်စားပါတယ်။ ဘကြီးပြောမှာသာပြောပါ” “အဲဒီအဖြစ်တွေက ကြာခဲ့ပါပြီ၊ တို့ နိုင်ငံလွတ်လပ်ရေးရပြီးလေးနှစ်၊ ငါးနှစ် လောက်ကထင်တယ်။တိုင်းပြည်မငြိမ် မသက်နဲ့ သောင်းကျန်းသူတွေ ဆူပူနေ တဲ့ ကာလပေါ့။

သံဖြူဇရပ်မြို့နယ်ထဲက ဝဲကလိကျေးရွာလေးမှာ ဖြစ်ခဲ့တဲ့အဖြစ် ပါ။ မင်းကိုမွေးခဲ့တဲ့ရွာလေးပေါ့။ မင်း အဖေက ဘကြီးရဲ့သူငယ်ချင်း ဘကြီးနဲ့ သိပ်ချစ်ကြတာ။ မင်းအဖေက ဘကြီး ထက်အသက်ငယ်တယ်။ ဒါပေမဲ့ သူက ခြောက်တန်းအထိ ပညာသင်ခဲ့ဖူးတော့ သူကစာအတတ်ဆုံးပေါ့။ တစ်နေ့ တပ် မတော်သားတွေ ဝဲကလိရွာကိုရောက် လာကြတယ်။ သောင်းကျန်းသူတွေကို နှိမ်နင်းဖို့ ရောက်လာတာ။ ရွာကလမ်းမ ကြီးအဝင်အတွက်လမ်းတွေပိတ်လိုက် တယ်။ ရွာသားတွေကို ရွာပြင် ထွက်ခွင့် မပြုတော့ဘူး။ ရွာသားတွေ ထိခိုက်မှာ စိုးလို့ထင်ပါတယ်။ တို့လယ်ယာတွေက ရွာပြင်မှာရှိတာ။ စပါးရိတ်ပြီးစကာလဆိုတော့ စပါးတွေ လယ်ထဲ ကျန်ရစ်ခဲ့တယ်။ ရွာ ပြင်မထွက်ရဆိုတော့ စပါးတွေ ရွာထဲ သယ်ဖို့ အခက်တွေ့တော့တာပေါ့။ ဝမ်း စာအတွက် စပါးက လိုလာပြီလေ။ အဲဒီ မှာ မင်းအဖေက ဦးဆောင်ပြီး လှည်း ဆယ့်ငါးစီးလောက်နဲ့ စပါးအသယ်သွား ခဲ့ကြတယ်။

သွားနေကျရွာလမ်းမကြီးက ပိတ်ထားတော့ဖြတ်လမ်းဖြစ်တဲ့သင်္ချိုင်း ဟောင်းကုန်းကိုဖြတ်ပြီးသွားကြတယ်။ ညနေဘက်မှောင်စပြုတဲ့အချိန်မှာ သွား ကြတာ၊အဲဒီသင်္ချိုင်းဟောင်းကအပြန်မှာ ကြောက်လန့်ဖွယ်အဖြစ်နဲ့ ကြုံခဲ့ရတာ မယုံနိုင်စရာပဲ” “ဆက်ပြောပါ ဘကြီး၊ ကျွန်တော် စိတ်ဝင်စားလာပြီ” ဘကြီးပန်းတင်ကလွန်ခဲ့သောနှစ် ပေါင်းငါးဆယ်ကျော်က အဖြစ်အပျက် ကို စီကာပတ်ကုံး စိတ်ဝင်စားဖွယ် ကျွန် တော့်ကိုပြောပြသည်။ လှည်းဆယ်စီးကျော် ရှေ့နောက် တန်း၍ ဝဲကလိရွာမှ ထွက်ခဲ့ကြသည်။ တောလမ်းအတိုင်း တအိအိ မောင်းနှင် လာသည်။နေမွန်းတိမ်းစအချိန်သာဖြစ် သော်လည်းတောရိပ်တောင်ရိပ်ကြောင့် မှောင်စပြုလာသည်။ “ရဲဘော်တွေကရွာပြင်မထွက်ရလို့ ပြောထားတယ်။ ခု တို့က ဆန့်ကျင်ပြီး ထွက်လာတယ်။

တွေ့သွားရင် ဘယ်လို လုပ်ကြမလဲ” “မပူပါနဲ့ အစ်ကိုပန်းတင်၊ ရဲဘော် တွေကို ကျွန်တော် ကြည့်ပြောပါ့မယ်၊ ကျွန်တော်တို့က သူပုန်သူကန်တွေမှ မဟုတ်တာ” “အပါရေ၊ မင်းပြောတာတော့ဟုတ် နေတာပဲ၊ ဒါပေမဲ့ကြောက်နေသလိုပဲ” “အစ်ကိုက လူကြီးဖြစ်ပြီး ဘာကို ကြောက်နေတာလဲ” “တို့ကို သောင်းကျန်းသူတွေထင် ပြီး ပစ်လားခတ်လားလုပ်မှာစိုးတာ ရယ်၊ ပြီးတော့ သင်္ချိုင်းဟောင်းကို ဖြတ် သွားရမှာ၊ ဒီသင်္ချိုင်းဟောင်းက သရဲ ခြောက်တဲ့သင်္ချိုင်းဆိုတာ မင်းတို့အသိ ပဲ၊ ညနေစောင်းတာနဲ့ ဘယ်သူမှ ဖြတ် သွားဖြတ်လာ မလုပ်ဝံ့ကြတော့ဘူး” “ကျွန်တော်တို့က လူစုနဲ့သွားကြ တာပါ။

အစ်ကိုလိုလူက ကြောက်တယ် ပြောနေတော့ ကျန်တဲ့သူတွေကို ဘယ် လိုပြောရမလဲ၊ အပြန်ကျတော့ ကျွန် တော့်လှည်းနောက်ဆုံးကလိုက်ခဲ့မယ်၊ ကျွန်တော်ဒါတွေမယုံပါဘူး” “မင်းက အခြောက်မခံရဘူးသေး တာ၊ အေးပါ -ကဲကဲ – သွားကြ၊ ဟော- ပြောရင်းဆိုရင်း သင်္ချိုင်းဟောင်းတက် မယ့် ကုန်းထိပ်တောင် ရောက်လာပြီ” သင်္ချိုင်းဟောင်းကုန်းကိုလှည်းတွေ က တအိအိ တက်ခဲ့ကြသည်။ မကြာမီ သင်္ချိုင်းဟောင်းထဲ ရောက်လာသည်။ အားလုံး ရင်တထိတ်ထိတ် ဖြစ်နေ ကြသည်။ မည်သည့်ခြောက်လှန့်မှုမှ မတွေ့ရဘဲလယ်ကွင်းများရှိရာရောက်ခဲ့ ကြသည်။ စပါးများကို လှည်းပေါ်အမြန် တင်ကြသည်။

ပတ်ဝန်းကျင်မှာ မှောင် မည်းတိတ်ဆိတ်နေသည်။ကျွန်တော်တို့ အုပ်စု စကားပြောသည့်အသံသာ ခပ် တိုးတိုးကြားနေရသည်။ အမှောင်ထုက ရောက်ရှိလာပြီဖြစ်သည်။ လှည်းများ စုစည်းပြီး ပြန်ထွက်မည့်အချိန်တွင် လက်နှိပ်ဓာတ်မီးအရောင်များ ဟိုမှ သည်မှ ပေါ်လာပြီး ရဲဘော်များ ရောက် လာသည်။ “ခင်ဗျားတို့ဘာလာလုပ်ကြတာလဲ၊ ရွာပြင်မထွက်ရဘူးဆိုတာ မသိကြဘူး လား၊ ဒီကအစ်ကိုကြီးနာမည် ဘယ်လို ခေါ်လဲ၊ ခေါင်းဆောင်ဘယ်သူလဲ” ရောက်ရှိလာသည့်ရဲဘော်များက အနီးဆုံးတွေ့ရသည့် အစ်ကိုပန်းတင်ကို မေးလိုက်သည်။ လက်နှိပ်ဓာတ်မီးဖြင့် မေးမြန်းလာသူကို ကြည့်လိုက်သည်။ သူ့လက်မောင်းတွင် အရစ်သုံးရစ် တွေ့ ရသည်။ “ကျွန်တော့်နာမည် ပန်းတင်ပါ။ ဝဲကလိရွာသားတွေပါ။ စပါးပြတ်ပြီး စား စရာမရှိတော့လို့ အရဲစွန့်ပြီး လာသယ် တာပါ၊ အပါပြောပြလိုက်လေ” ကိုပန်းတင်ကအပါ့ဘက်သို့လှည့် ပြီးပြာလိုက်သည်။ “ကျွန်တော် ဦးဆောင်ပြီး ခေါ်လာ တာပါ၊

ကျွန်တော့်နာမည် အပါလို့ ခေါ်ပါ တယ်။ ဝဲကလိရွာသားစစ်စစ်တွေပါ။ လူစိမ်းမပါပါဘူး။ စပါးလာသယ်ရုံ သက် သက်ပါ။ဆန်ပြတ်နေလို့ပါ။ရဲဘော်တို့ကို အကြောင်းမကြားမိတာ တောင်းပန်ပါ တယ်” “ခက်တယ်ဗျာ၊ သောင်းကျန်းသူ တွေလို့ ထင်ပြီး ပစ်ခတ်မိရင် မခက်ဘူး လား၊ အခုစပါးတွေတင်ပြီးပြီလား” “ပြီးသလောက် ဖြစ်နေပါပြီ၊ သောင်းကျန်းသူတွေ မီးရှို့လိုက်မှာစိုး လို့၊ ခုလို အသက်စွန့်ပြီး စပါးလာသယ် ကြတာပါ” “ကျွန်တော်တို့ရဲဘော်တွေ ရှိနေ သရွေ့ ဒီကောင်တွေ မလာရဲပါဘူး။ နောက်ဆို ကြိုတင်အသိပေးပြီးမှ ည ဘက် ရွာပြင်ထွက်ကြပါ၊ ကဲ-ကဲမှောင် နေပြီ၊ သွားကြတော့” အပြန်ခရီးတွင် အပါ့လှည်းက နောက်ဆုံးမှထွက်ရသည်။အခြားလှည်း များသရဲကြောက်၍နောက်နားမှမလိုက် ဝံ့ကြပါ။ အပါ့လှည်းရှေ့တွင် အစ်ကိုပန်း တင်လှည်းရှိသည်။ ညမှောင်မှောင်တွင် သွားနေကျလမ်း မဟုတ်သဖြင့် ခရီး မတွင်ကျယ်လှပါ။ ဝန်ပါသဖြင့် သင်္ချိုင်း ဟောင်းကုန်းအတက်တွင် နွားများ ရုန်းနေရသည်။

ရှေ့မှ လှည်းများပင် သင်္ချိုင်းဟောင်းကို ကျော်လွန်စပြုနေပြီ ဖြစ်သည်။ နောက်ဆုံးမှ အပါ့လှည်းနှင့် အစ်ကိုပန်းတင်တို့လှည်းပင် သင်္ချိုင်း ဟောင်းကိုကျော်လွန်စပြုလာသည်။ “အစ်ကိုပန်းတင်ကသာ ကြောက် နေတာ၊အသွားအပြန်ဘာမှခြောက်လှန့် တာမခံခဲ့ရဘူးလေ” “အင် – မင်းပြောတာလည်း ဟုတ် နေတာပဲ၊ ဒါပေမဲ့ – ဒီသင်္ချိုင်းဟောင်း ဖြတ်သွားဖူးသူတိုင်း အခြောက်ခံရတာ များတယ်ကွ” “ခု ဘာမှ ခြောက်တာ မကြုံရဘူး အပါနှင့် ကိုပန်းတင်တို့ လှည်း သချိုင်းဟောင်းအလွန်တွင် လှည်း လမ်းဘေးမှ ကလေးငိုသံသဲ့သဲ့ ကြား လိုက်ရသည်။ ကလေးငိုသံ ကြားရာသို့ အပါက သေသေချာချာကြည့်လိုက် သည်။ လမ်းဘေးတွင် အနှီးဖြင့် ထုပ်ပိုး ထားသော လသားအရွယ်ကလေးတစ် ဦးငိုနေသည်ကို လှည်းပေါ်မှ လှမ်းတွေ့ လိုက်ရသည်။ ကလေးက တအားငိုနေ ဆဲဖြစ်သည်။ ကိုပန်းတင်ကရှေ့မှလှည်း များ ခေတ္တရပ်ရန် အဆင့်ဆင့် အချက် ပေးလိုက်သည်။

“ရှေ့ကလှည်းတွေ ခဏရပ်ကြ ပါဦး၊ ဒီမှာကလေးငိုသံကြားနေရလို့” ကိုပန်းတင်အသံကြောင့် ရှေ့မှ လှည်းများ ရပ်တန့် သွားသည်။ ကိုပန်း တင်က သူ့နောက်လှည်းပေါ်မှ အပါ့ကို လှမ်းပြောလိုက်သည်။ “အပါရေ သင်္ချိုင်းလွန်ရုံရှိသေး တယ်၊ ခု ငိုသံကြားတဲ့ကလေးကို နင် ဘယ်လိုသဘောရသလဲ၊ ငါတော့ သိပ် ပြီး မသင်္ကာဘူး” “ဒါတွေ ကျွန်တော်မယုံဘူး၊ ကျွန် တော် ဆင်းကြည့်လိုက်ဦးမယ်” ပြောပြောဆိုဆိုအပါကလှည်းပေါ်မှ ခုန်ဆင်းလိုက်သည်။ ငိုနေသောကလေး အား အနီးပါမကျန် ကောက်ယူထွေးပွေ့ လိုက်သည်။ ကလေးမှာ အပါ့လက်ပေါ် တွင် ချက်ချင်း အငိုတိတ်သွားသည်။

“တစ် ယောက် ယောက် က အကြောင်းတစ်ခုခုကြောင့် မမွေးချင်လို့ လာစွန့်ပစ်သွားတာ ဖြစ်မယ်” “ငါကတော့ မထင်ဘူး၊ မင်းက ဒီ သင်္ချိုင်း သရဲခြောက်တာမယုံတော့ အခက်သားပဲ၊ ကဲ-ဒီကလေးမင်းဘယ် လိုလုပ်မှာလဲ” “နောက်မှ ကြည့်ရှင်းမယ်၊ လော လောဆယ် ဒီကလေး ကျွန်တော်ခေါ် သွားမယ်၊ပိုင်ရှင်တွေ့တော့ပြန်ပေးလိုက် မှာပေါ့၊ ပိုင်ရှင်မပေါ်တော့ ကျွန်တော်တို့ လင်မယား မွေးစားမယ်” “မင်းတို့လင်မယားက ကလေးမှ မရသေးတာ၊ မင်းမိန်းမ မအုန်းကြူ ကလေးရူး ရူးနေတာနဲ့ အတော်ပဲပေါ့၊ ဒါပေမဲ့အပါ” “ကဲပါ – အစ်ကိုပန်းတင်ရယ်၊ ဒါပေ မဲ့တွေ လုပ်မနေပါနဲ့တော့၊ အစ်ကို ဘာ ပြောမယ်ဆိုတာကျွန်တော်သိနေတယ်၊ ကျွန်တော်ဒါတွေမယုံဘူး။ သရဲခြောက် ရင် ဒီလို ဘယ်ဟုတ်ပါ့မလဲ၊ ကြောက် စရာ အကောင်ပလောင်တွေ တွေ့ရမှာ ပေါ့၊ သွားကြစို့ အစ်ကို” မည်သို့မျှ ပြော၍မရသည့်အဆုံး အစ်ကိုပန်းတင်က လှည်းများဆက် လက်ထွက်ခွာရန် အော်ပြောလိုက် သည်။

အပါကကလေးကိုထွေးပွေ့ထား ရင်းလှည်းမောင်းလာသည်။ အပါတို့ လှည်းတန်းကြီး ရွာပြန် ရောက်ချိန်သည် သန်းခေါင်ချိန်နီးနေပြီ ဖြစ်သည်။ စပါးများ ချသူချ၊ သယ်သူ သယ်နှင့် အလုပ်ရှုပ်နေကြသည်။ အားလုံးကိစ္စပြီးစီး၍ အပါ့အိမ်သို့ရောက် ရှိလာကြသည်။ ကလေးနှင့်ပတ်သက်၍ တစ်ယောက်တစ်ပေါက် ထင်ရာမြင်ရာ ပြောဆိုနေကြသည်။ သင်္ချိုင်းဟောင်း အနီးမှအချိန်မတော်ကောက်ယူခဲ့သော ကလေးမို့ အချို့က မွေးသင့်၊ မသင့် ဝေဖန်ပြောဆိုနေကြသည်။ “ကဲ – ကဲ တော်ကြပါတော့၊ ဒီ ကလေး မနက်ဖြန် ပိုင်ရှင်မပေါ်ရင် ကျွန် တော်တို့ လင်မယား တရားဝင်မွေးစား မယ့်ကလေးက ချစ်စရာ ဖြူဖြူဖွေးဖွေး ယောက်ျားလေးပါ” ထိုညကအပါတို့လင်မယားအလုပ် ရှုပ်နေတော့သည်။ အိမ်ထောင်သည် ကလေးငယ်ရှိသော မိန်းမများ နို့လာ တိုက်ကြသည်။

အပါတို့အိမ်မှာကလေး ကြောင့် လူစည်နေတော့သည်။ “အပါတို့အိမ်က ခုမှ အိမ်နဲ့တူသွား တော့တယ်” “သူတို့လင်မယားက ခုမှ မွေးစား ဖို့ကလေးရတာ” “ငါးနှစ်လောက်ရှိပြီ ကလေးမရ တော့ဘူးထင်ပါရဲ့” “ဘယ်သူမြုံနေတာလဲမှ မသိ တာ” “မအုန်းကြူ မြုံနေတာလားမှ မသိ တာ” မိန်းမများ အမျိုးမျိုး ပြောနေကြပြီး ကလေးကိုနို့တိုက်နေကြသည်။ကလေး မှာနို့စို့နေစဉ်အချိန်သာအငိုတိတ်သည်။ ကျန်သည့်အချိန်တွင် တစ်ချိန်လုံး ငိုနေ တော့သည်။ တစ်ဦးစီ ချော့သိပ်သော် လည်း အငိုမတိတ်ပါ။ ပုခက်ဆင်၍သိပ် လည်းမအိပ်ဘဲရုန်းကန်နေသည်။ လင် မယားနှစ်ဦးကြားတွင်ထား၍သိပ်သော် လည်းမအိပ်ဘဲငိုနေပြန်သည်။

နောက် ဆုံး အိမ်နောက်ဖေးဘက် အခန်းတွင် တစ်ဦးတည်းသိပ်ထားလိုက်တော့မှ အငိုတိတ်သွားတော့သည်။ အပါတို့ လင်မယားလည်း အပျော်ကြီးပျော်နေ ကြသည်။ မနက်ဖြန်မှ ပိုင်ရှင်မပေါ်လျှင် သူတို့လင်မယား တရားဝင်မွေးစားမည် ဟုတွေးကာပျော်နေကြသည်။ သို့သော် သူတို့လင်မယားအပျော်များကနောက် တစ်နေ့မကူးခဲ့ပါ။ သန်းခေါင်ကျော်တွင် ပြဿနာစလာပါတော့သည်။နို့ဝအောင် စို့ထားပြီးနောက်ဖေးခန်းတွင် အိပ်ပျော် နေပြီဖြစ်သည်။ အပါတို့လင်မယားလည်း ပင်ပန်း ထားသဖြင့် အိပ်ခန်းထဲတွင်နှစ်နှစ်ခြိုက် ခြိုက် အိပ်ပျော်နေကြသည်။ သန်းခေါင် ကျော်အချိန်ခန့်တွင် အပါတို့မွေးထား သော အိမ်အောက်မှ ခွေးသုံးကောင်၏ စူးစူးဝါးဝါးဟောင်သံကြောင့် အပါတို့ လင်မယား အိပ်ရာမှ နိုးခဲ့ရသည်။

ခွေး များ ဆက်လက်ဟောင်နေဆဲဖြစ် သည်။ “အစ်ကိုထပါဦး၊ ခွေးတွေ ဘာတွေ့ လို့ ဒီလောက်ဟောင်နေတာလဲ” “အေး- ဟုတ်တယ်၊ ခွေးတွေ ဟောင်ပုံက တော်တော်ထူးနေတယ်၊ တို့အိမ်ကခွေးတွေပဲ ဟောင်နေတာ၊ ခေါင်းရင်းခြေရင်းအိမ်ကခွေးတွေတော့ မဟောင်ဘဲငြိမ်နေပါလား၊ငါဆင်းကြည့် လိုက်ဦးမယ်၊ လက်နှိပ်ဓာတ်မီး ပေး ပါဦး” ကိုပါက လက်နှိပ်ဓာတ်မီးကိုင်ပြီး အိမ်အောက်ဆင်းလိုက်သည်။ ခွေးများ ကအိမ်နောက်ဖေးခန်းကိုကြည့်ပြီး ထိုး ထိုးဟောင်နေသည်။အသေအချာကြည့် လိုက်မှကလေးသိပ်ထားရာနောက်ဖေး ခန်းကိုဦးတည်ကာ ဟောင်နေသည်ကို တွေ့ရသည်။

ထိုစဉ်ခေါင်းရင်းခြံမှအစ်ကို ပန်းတင်လည်း ဓားရှည်တစ်ချောင်း ကိုင်ကာအိမ်ပေါ်မှ ဆင်းလာသည်။ “မင်းရဲ့ခွေးတွေက ဘာတွေ့လို့ ဒီလောက်ဟောင်နေတာလဲ၊ငါ့ခြံကခွေး တွေတော့ ငြိမ်နေတယ်၊ ထူးဆန်းတယ် ထင်ပြီး ငါ ဆင်းလာခဲ့တာ” “ဟုတ်တယ် – အစ်ကိုပန်းတင်၊ ခွေးတွေက ကျွန်တော့်အိမ်နောက်ဖေး အခန်းဘက် မော့မော့ပြီး ထိုးဟောင် နေကြတာ” ထိုအခိုက်မှာပင် အနီးအနားအိမ် များမှလူများလည်းအပါတို့အိမ်ခြံတွင်း သို့ရောက်လာကြသည်။ “ဘာတွေတွေ့လို့ အပါ့အိမ်က ခွေး တွေ မရပ်မနား ဒီလောက်ဟောင်နေ တာလဲ” အစ်ကိုပန်းတင်ကို မေးလိုက်ခြင်း ဖြစ်သည်။

အစ်ကိုပန်းတင်က- “အေး – ငါလည်း သိချင်လို့ ဆင်း လာတာပဲ၊အပါ့အိမ်ပေါ်ကြည့်ပြီးဟောင် နေကြတာတော်တော်ထူးနေတယ်” “ဟုတ်တယ်၊ ဒီခြံက ခွေးတွေပဲ ဟောင်နေတာ၊ ကျွန်တော်တို့အိမ်က ခွေးတွေတော့ ငြိမ်နေတာပဲ၊ ခါတိုင်း တစ်ခုခုတွေ့ရင် အုပ်စုလိုက် ဟောင်ကြ တာ၊ ခုတော့ အပါ့အိမ်ကခွေးတွေပဲ ယောက်ယက်ခတ်ပြီး ဟောင်နေတာ တော်တော်ထူးနေတယ်” ထိုစဉ်အစ်ကိုပန်းတင်က တစ်ခုခု သတိရဟန်ဖြင့် အပါ့ကို မေးလိုက် သည်။ “ဒါနဲ့အပါ၊ ညနေက မင်းကောက် ရခဲ့တဲ့ကလေးကော ဘယ်မှာလဲ” “ရှိပါတယ်အစ်ကို အိပ်နေပြီ၊ ဘာ ဖြစ်လို့ကလေးကို မေးရတာလဲ” “ငါ့စိတ်ထဲ တစ်မျိုးဖြစ်နေလို့ပါ၊ ကလေးကိုဘယ်မှာသိပ်ထားလဲ၊ မင်းတို့ အိပ်ခန်းထဲမှာပဲလား” “ရှေ့ခန်းမှာသိပ်လို့မရလို့ နောက် ဖေးခန်းမှာ တစ်ယောက်တည်း သိပ် ထားတာ၊ ကလေးအိပ်ပျော်သွားမှ ကျွန် တော်တို့အိပ်ခဲ့တာ၊ အိပ်ပျော်နေတုန်း ခွေးတွေဟောင်လို့ နိုးလာရတာ” “မင်းက အယုံအကြည်မရှိတော့ ငါမပြောချင်ဘူး၊ ခု ခွေးတွေဟောင်နေ တာ မင်းကလေးသိပ်ထားတဲ့နောက် ဖေးခန်းကိုမဟုတ်လား” “ဟာ – ဟုတ်တယ် အစ်ကို ပန်းတင်” “ဒါဆို ကလေး ခု အခြေအနေ ဘယ်လို ရှိနေလဲ၊ မင်းမိန်းမ မအုန်းကြူ ကို မေးလိုက်စမ်း၊ ကလေးကို သွား ကြည့်ပါဦးလို့” အစ်ကိုပန်းတင်စကားအဆုံးတွင် အပါကအိမ်ပေါ်ရှိသူ့မိန်းမမအုန်းကြူကို လှမ်းအော်ပြောလိုက်သည်။

“အုန်းကြူရေ၊ ခွေးတွေ ဒီလောက် ယောက်ယက်ခက်ပြီး ဟိုပြေးဒီပြေးနဲ့ ဒီလောက်ဟောင်နေတာ ကလေးမနိုး ဘူးလား၊ ငိုသံလည်း မကြားဘူး၊ ကြည့် လိုက်ပါဦး” “ဟုတ်ကဲ့အစ်ကို၊ ကျွန်မ သွား ကြည့်လိုက်မယ်” ထိုသို့ ပြောပြီး မအုန်းကြူက ကလေးသိပ်ထားရာ နောက်ဖေးခန်းသို့ ဝင်သွားသည်။ ခဏအကြာ မအုန်းကြူ အလန့်တကြားအော်သံကြားလိုက်ရပြီး အိမ်ပေါ်မှ ထိတ်လန့်စွာ ပြေးဆင်းလာ သည်ကိုတွေ့လိုက်ရသည်။ “လာကြပါဦး၊ ကလေးမရှိတော့ ဘူး၊ ပျောက်သွားပြီ၊ ကလေးက..” မအုန်းကြူစကားမဆက်နိုင်တော့ ပါ။ “ဘာတွေ့ခဲ့လို့လဲပြောပါဦး” အတန်ကြာမှ မအုန်းကြူ စကား ပြောနိုင်တော့သည်။

“ကျွန်မရောက်သွားတော့ ဖျာပေါ် မှာသိပ်ထားတဲ့ကလေး မရှိတော့ဘူး၊ နောက်ဖေးဘက်လှမ်းကြည့်လိုက်တော့ ဝိညာဉ်လိုလို၊ လူရိပ်လိုလို ဖြူဖြူအရိပ် ကြီးတစ်ခုတံခါးဘက်ရွေ့လျားသွားတာ ရိပ်ခနဲတွေ့လိုက်ရတယ်” “ဒါဆို ကလေးက ဘယ်ရောက် သွားတာလဲ” “ကျွန်မတွေ့လိုက်ရတဲ့ဖြူဖြူအရိပ် ကြီးဟာကလေးသိပ်ထားတဲ့ဖျာပေါ်က ထသွားတာများလား၊ အို – မပြောတတ် တော့ပါဘူး” “ဟာ – ကလေးက ဘာလို့မရှိရ – တော့တာလဲ၊ ကဲ – အိမ်ပေါ်သွားကြည့် ကြမယ်” အစ်ကိုပန်းတင်ဦးဆောင်ပြီး ကျွန် တော်တို့ လေးငါးဦး အိမ်ပေါ်တက်ခဲ့ကြ သည်။ “ကျန်တဲ့သူတွေ နောက်ဖေးခြံစပ် ဘက်သွားကြည့်စမ်းပါ၊ ခွေးတွေထိုးထိုး ဟောင်နေတာတော်တော်ထူးနေတယ်။ သင်္ချိုင်းဟောင်းကအယောင်ဆောင်ပြီး လိုက်လာတဲ့အကောင် ဖြစ်မယ်ထင် တယ်” ကျွန်တော်တို့အိမ်ပေါ်တက်လာစဉ် နောက်ဖေးခြံစပ်ဘက်သွားသူများသွား နေကြသည်။

မီးဖိုချောင်အခန်း အရောက်တွင် ကလေးသိပ်ထားသည့် ဖျာပေါ်သို့လက်နှိပ်ဓာတ်မီးဖြင့်ထိုးကြည့် လိုက်သည်။ ကလေးကို မတွေ့ရတော့ ပါ။ ကလေးမတွေ့ရတော့သလို မည် သည့်အရာမှလည်းမတွေ့ပါ။ ထိုအခိုက် အိမ်ပေါ်သို့ ထိုးထိုးပြီးဟောင်နေသည့် ခွေးများ အိမ်နောက်ဖေးခြံစပ်ဘက်သို့ ပြေးလွှားထွက်သွားကြသည်ကို တွေ့ လိုက်ရသည်။ ထို့နောက် ခြံစည်းရိုး အစပ်ကိုထိုးထိုးပြီးဟောင်နေကြသည်။ ထိုစဉ်မှာပင် အနီးအနားအိမ်များမှ ခွေး များပါ ရောက်ရှိလာပြီး နောက်ဖေးခြံ စည်းကိုထိုးထိုးဟောင်နေတော့သည်။ ခွေးများ ပြုမူပုံက ထူးဆန်းနေသည်။ ဟောင်သည့်ခွေးက ဟောင်၊ အူသည့် ခွေးက အူဖြင့် ဆူညံနေတော့သည်။ အရုဏ်မတိုင်မီ အချိန်က ခွေးအူသံများ ဖြင့် ချောက်ချားဖွယ်ရာ မတွေ့ရတော့ သည့်နည်းတူ မအုန်းကြူ တွေ့လိုက်ရ သည်ဆိုသောဖြူဖြူအရိပ်ကြီးကိုလည်း မတွေ့ရတော့ပေ။ ထူးဆန်းလွန်းသောအဖြစ်ကြောင့် အားလုံး မှင်တက်နေမိကြသည်။

ရုတ် တရက် မည်သူမျှ စကားမပြောနိုင်ကြ ဘဲ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိလျက်သားဖြစ်နေကြသည်။ “ဘကြီးပြောပြခဲ့တာတွေကအဖြစ် မှန်တွေနော်၊ ကြောက်စရာကြီးနော်” “ဘကြီးကိုယ်တိုင် ကြုံခဲ့တဲ့အဖြစ် ပါကွယ်။ ဒီနေ့အထိ မမေ့သေးပါဘူး။ ဒီအကြောင်းတွေပြန်မပြောပါနဲ့လို့ကတိ တောင်းထားတဲ့ မင်းရဲ့မိဘနှစ်ပါး လော ကကြီးမှာ မရှိတော့လို့ ပြောပြရတာပါ။ အဲဒီတုန်းက မင်းရဲ့အဖေက မယုံကြည် ဘူးဆိုတော့ သူ့ကိုမှ ရွေးပြီး ချောက်ပြ ခဲ့တာထင်ပါရဲ့။ ပြီးတော့မင်းနဲ့ပတ်သက် တာတွေရှိသေးတယ်” “ကျွန်တော်နဲ့ပတ်သက်တာဟုတ် လား ဘကြီး၊ ဘယ်လိုပတ်သက်တဲ့ အကြောင်းလဲ” “အေး မင်းနဲ့ပတ်သက်တာ ဒီလို ကျွဲ၊ ကလေးအယောင်ဆောင်ပြီး လိုက် လာတဲ့သရဲအခြောက်ခံခဲ့ရပေမယ့်မင်း အမေမအုန်းကြူကမကြောက်တဲ့အပြင် ဖြူဖြူဖွေးဖွေး သတိရနေခဲ့တယ်။

ကလေးလိုချင်တဲ့ဆန္ဒတွေ ပိုပြီး ပြင်းပြ လာခဲ့တယ်။ နောက်ဆုံး မျှော်လင့်ချက် အနေနဲ့လူကြီးသူမတွေပြောတဲ့အတိုင်း လုပ်တော့တာပဲ” “ကျွန်တော် အဖေအမေတို့က ကလေးရဖို့ ဘာတွေလုပ်ခဲ့ကြတာလဲ” “သစ်ပင်ကြီးမှာ သားဆုသွားပန် တာလေ၊ လူခြေတိတ်ချိန်မှာ ရွာထိပ်က လက်ပံပင်ကြီးဆီသွားပြီး သားဆုသွား ပန်ကြတယ်လေ” “သားဆု ဘယ်လိုသွားပန်တာ လဲ” “လက် ပံ ပင် ကြီးအရင်းမှာ ဖယောင်းတိုင်ငါးတိုင်ထွန်းပြီး လင် မယားနှစ်ယောက်စလုံး ဆုတောင်းကြ တာ၊ဖယောင်းတိုင်မီးငြိမ်းတဲ့အထိထိုင် နေကြရတာ။ မင်းပြောခဲ့သလို တိုက် ဆိုင်မှုပဲထားပါတော့၊ သားဆုသွားပန်ပြီး လေးငါးလအကြာမှာ မင်းအမေ မင်းကို ကိုယ်ဝန်ရခဲ့တာ၊ လက်ပံပင်စောင့်ရုက္ခ စိုးက မင်းအမေဗိုက်ထဲ ဝင်စားမယ်လို့ မင်းအမေကို အိပ်မက်ပေးခဲ့တာ၊ မင်း အမေကလည်း ယောက်ျားလေးလိုချင် နေတော့ လာခဲ့လို့ ပြန်ပြောလိုက်တယ် တဲ့။

ဒါကြောင့် မင်းကိုမွေးတော့ ရုက္ခစိုး လို့ခေါ်ကြတာပေါ့” “လူတွေက ကျွန်တော့်ကို ရုက္ခစိုး ဝင်စားတယ်လို့ ဘယ်လိုသိသွားကြ တာလဲ” “ကလေးရူး ရူးနေတဲ့ မင်းအမေက မင်းကို ကိုယ်ဝန်ရတော့ ရုက္ခစိုးဝင်စား တဲ့ကိုယ်ဝန်၊ ကျွန်မ အမြုံမ မဟုတ်ဘူး ဆိုပြီး တစ်ရွာလုံးကို လိုက်ပြီး ကြေညာ တော့တာပဲ။ ဒါကြောင့်မင်းကိုမွေးတော့ ရုက္ခစိုးလို့ နောက်ပြောင်ခေါ်ကြရင်း ရုက္ခစိုးနာမည် တွင်ခဲ့တာပေါ့။ မင်းရဲ့ မျက်ခုံးကလည်း ထူထဲမည်းနက်နေပြီး ကကြီးပုံမျက်ခုံး ဖြစ်နေတယ်လေ” “အဖြစ်တွေကကြာခဲ့ပြီဖြစ်ပေမယ့် ဘကြီးက အားလုံးကို မှတ်မိနေတာပဲ နော်” “ဘကြီးကိုယ်တိုင်ကြုံခဲ့ရတဲ့အဖြစ် တွေမို့ပါ။

မင်းကိုမွေးပြီးတော့ ဘကြီးတို့ ကပဲ ချီပိုးစောင့်ရှောက်ခဲ့ကြတာ” “ဘကြီးပြောပြလို့ ခုမှသိခဲ့ရတယ်၊ အဖြစ်တွေကတော်တော်ကြောက်စရာ ကောင်းတယ်၊ အဖေတို့အမေတို့ တစ် ခါမှမပြောပြခဲ့ဘူး၊ဘကြီးလိုရှေ့မီနောက် မီလူကြီးတွေနဲ့ကြုံလို့ဒီအကြောင်းတွေ သိရတာ ဘကြီးကို ကျေးဇူးတင်ပါ တယ်” “ဘကြီးကို ရုတ်တရက် မမှတ်မိ တာကိုလည်း တောင်းပန်ပါတယ်” “မင်းနဲ့ မမျှော်လင့်ဘဲ ပြန်ဆုံရတာ ဘကြီးလည်း ဝမ်းသာပါတယ်။ မင်းကို တွေ့တော့ မင်းအဖေနဲ့အမေကို ပြန်ပြီး သတိရမိတယ်၊ မင်းက လူငယ်ပဲ၊ ဘကြီး ဆီလာလည်ပေါ့၊ ဘကြီးလိပ်စာရေးပေး ခဲ့မယ်၊ အချိန်ရရင် လာခဲ့ပါ ရုက္ခစိုးရယ်၊ မင်းနဲ့ စကားတွေ ပြောချင်သေးတယ်” ကျွန်တော်ပေးသောစာရွက်ပေါ် တွင် ဘကြီးက သူနေသည့်လိပ်စာ ရေးပေးသည်။

“ကျွန်တော်လည်း ဘကြီးနဲ့ တွေ့ ချင်ပါသေးတယ်။ ကျွန်တော် ဘကြီးဆီ လာခဲ့ပါ့မယ်” ထိုစဉ် မြောက်ဥက္ကလာဘက်သို့ သွားသည့် ဘတ်စ်ကားတစ်စီးမှတ်တိုင် သို့ဝင်လာသည်။ “ဟိုမှာ- ဘကြီးစီးမယ့်ဘတ်စ်ကား လာပြီ သွားကြစို့” ဘကြီးပန်းတင် ဘတ်စ်ကားပေါ် တက်ပြီးသည်နှင့် ဘတ်စ်ကား ထွက် သွားသည်။ ဘကြီးပေးခဲ့သောလိပ်စာပါ စာရွက်လေးကိုကိုင်ရင်းအတွေးများဖြင့် ကျန်ရစ်ခဲ့ပါသည်။ အဖေတို့အမေတို့ သားဆုပန်ခဲ့ကြသည့် လက်ပံပင်ကြီးရှိ ရာ မွေးရပ်မြေသို့ တစ်ခေါက်ပြန်သွား လိုစိတ်များ ဖြစ်လာခဲ့မိသည်။

မောင်မောင်မိုးအောင်

Be the first to comment

Leave a Reply

Your email address will not be published.


*