
*ပီယဆေး၏နောက်ကွယ်*📖📖📖(စ/ဆုံး)
ကျွန်တော်က တောင်ကြီးသားတစ်ယောက် ။ နာမည်က တော့ ‘ လွမ်းဝေ ’ ပါ ၊ ကျွန်တော့်နာမည်ကြားရင် တစ်ချို့က ကဗျာဆရာများလား ၊ ဒါမှမဟုတ် ကလောင်နာမည်ပဲလားဆိုပြီး ထင်မြင်ကြလိမ့်မယ် ၊ အဲ့ဒီလိုတွေ မဟုတ်ပါဘူးဗျ တကယ်တော့ ဒီနာမည်လေးက ကျွန်တော့် မေမေ ကြောင့် ဖြစ်လာခဲ့တာပေါ့ ၊ ကျွန်တော့် ဖေဖေက အစိုးရ၀န်ထမ်းဆိုတော့ အိမ်နဲ့လူနဲ့ ကပ်ရတယ်ကိုမရှိဘူး တာ၀န်ကျတဲ့နေရာဒေသအလိုက် ကျရာတာ၀န်ကို ထမ်းဆောင်နေရတော့ အိမ်မှာ ကျွန်တော့်မေမေက အချိန်တိုင်း ဖေဖေ့ကို လွမ်းနေတာပေါ့ဗျာ ၊ အဲ့လိုနဲ့ အချိန်တွေကြာလာတော့ မေမေ့မှာ ကျွန်တော့်ကိုယ်၀န်ကို လွယ်ထားနေရပြီးလေ မေမေ ကိုယ်လေးလက်၀န်ဖြစ်လို့ ဖေဖေ အိမ်မှာခွင့်ရက်ရှည်ရတယ်လို့မထင်နဲ့ ရတဲ့ခွင့်က လေးငါးရက်သာသာပဲ ၊ နောက်ပြီး ပုံမှန်အတိုင်း တာ၀န်ကျရာဒေသကို ထွက်သွားရတယ် ၊ အဖိုးတို့ အဖွားတို့ကလည်း မေမေ့ကို စိတ်မချတာနဲ့ ဖေဖေ့အနောက်ကို ထည့်မပေးလိုက်ပဲ အိမ်မှာပဲ အေးအေးဆေးဆေး နေစေခဲ့တယ်လေ ၊ ဖေဖေ့ကိုအချိန်တိုင်း လွမ်းနေတဲ့မေမေ့အနားမှာ အလွမ်းတွေမျှဝေပေးဖို့က ကျွန်တော်ပဲရှိခဲ့တယ်လေ ၊ ဒါကြောင့် ကျွန်တော့်နာမည်ကို ‘ လွမ်းဝေ ’ လို့ မှည့်ခဲ့တာပေါ့ဗျာ ။
ကျွန်တော့် နာမည်အကြောင်းပြောရတာနဲ့တင် အချိန်တော်တော်ကုန်သွားပြီ ၊ ထားပါတော့လေ တကယ့်လိုရင်းက အခုမှစမှာဗျ ။ ဒီလိုဗျ ကျွန်တော့် တို့မိသားစုက မိရိုးဖလာ ဗုဒ္ဓဘာသာဆိုတော့ သားယောကျာ်းလေး အရွယ်ရောက်လာရင် သာသနာ့ ဘောင်ကို သွတ်သွင်းပေးပြီးတော့ ဘုရားသားတော်ဖြစ်စေပြီး မိဘဆွေမျိုးတွေက ကုသိုလ်ယူတက်ကြတဲ့ ထုံးတမ်းအစဉ်အလာ ရှိသကို ၊ ဒါကြောင့် ငယ်စဉ်အခါက ကိုရင်၀တ်ဖူးပြီးသားဖြစ်တဲ့ ကျွန်တော်က အခု အသက် နှစ်ဆယ့်တစ်နှစ် အရွယ် ရောက်နေခဲ့ပြီဆိုတော့ ကျွန်တော့်မိဘတွေ ကိုးကွယ်ကြတဲ့ ဆရာတော်တစ်ပါးရဲ့ ကျောင်းတိုက်မှာပဲ ကျွန်တော့်ကို သာသနာ့ဘောင်၀င်စေတယ် ။ “ ရဟန်း ” ၀တ်ဖြစ်ခဲ့တယ်ပေါ့ဗျာ ။ တက္ကသိုလ် စာမေးပွဲတွေကလည်း ဖြေပြီးကာစဆိုတော့ ကျောင်းပိတ်ရက်ရှည်အတွင်း ဆယ်ရက်လောက် ကျွန်တော် ဘုန်းကြီး၀တ်ဖြစ်ခဲ့တယ် ။ အမြဲတမ်းမဟုတ်ပဲ အခိုက်အတန့်လေး …. အချိန်အားဖြင့် ဆယ်ရက်လောက်ပဲ ရဟန်း၀တ်မှာဆိုတော့ “ ဒုလ္လဘ ” လို့ပဲ ခေါ်ရမှာပေါ့လေ ။ အဲ့လိုနဲ့ ဦးဇင်းဖြစ်လာတယ်ဆိုပါတော့ ။
တိုက်တိုက်ဆိုင်ဆိုင်ပဲဗျ ကျွန်တော် ဦးဇင်း၀တ်တဲ့အချိန်မှာပဲ အခြား ကျွန်တော့်ထက်ကြီးတဲ့ အစ်ကိုကြီးတွေ လေးငါးယောက်လောက်ကလည်း ကျွန်တော်နဲ့အတူ ဘုန်းကြီး၀တ်ကြတယ်ဗျ ၊ ကျွန်တော်ကြားတာတော့ သူတို့တွေကလည်း တောင်ကြီးသားတွေဆိုပဲ…. သူတို့ထဲက ရန်ကုန်သွားပြီး အလုပ်လုပ်နေတဲ့သူတွေက အလုပ်ပိတ်ရက်ရှည် ရလာကြလို့ ဇာတိကို ပြန်လာကြပြီးတော့ ဘုန်းကြီး၀တ်ကြတယ် ၊ အဲ့ဒီအစ်ကိုကြီးတွေထဲကပဲ တချို့ဆိုရင် သင်္ဘောသားလုပ်နေကြတဲ့သူတွေလေ… သဘောင်္တက်နေရာကနေ ပြန်ရောက်လာပြီး နားရက်ရလို့ ဇာတိဖြစ်တဲ့ တောင်ကြီးမြို့မှာ ဘုန်းကြီးပြန်၀တ်ကြတာလို့သိရတယ် ၊ သူတို့တစ်စုလုံးက သူငယ်ချင်းတွေပေါ့ ။ အစက ကျွန်တော် တစ်ယောက်တည်း ဘုန်းကြီး၀တ်ရမယ်ထင်ပြီး နည်းနည်းတော့ စိတ်ပျက်မိတာအမှန်ပဲဗျ ၊ အခုတော့လည်း ကံတရားလား ရေစက်ရယ်လား မသိ ၊ အဖော်တွေအလိုလို တိုက်တိုက်ဆိုင်ဆိုင် ပေါ်လာခဲ့တယ် ။
ဦးဇင်းဖြစ်သွားကြတော့လည်း ကျွန်တော်တစ်ယောက်တည်း သူငယ်ချင်းမရှိတာကို အဲ့ဒီ ဦးဇင်းတွေ (အစ်ကိုကြီးတွေ) က သိသွားကြပြီး ကျွန်တော့်ကိုလည်း မပျင်းအောင် စကားတွေရှာကြံပြီး လာပြောပေးကြတယ် ဗျ ၊ သူတို့ အားလုံးက အတော်လေးခင်ဖို့ကောင်းတဲ့လူတွေ ပြီးတော့ စိတ်သဘောထားလဲ ဖြူစင်ကြတယ် ၊ ‘ လူအကြောင်းပေါင်းကြည့်မှ သိ ’ ဆိုတာ အမှန်ပဲ ။ ဆွမ်းဘုန်းတဲ့အချိန်ဘုန်း ၊ တရားမှတ်တဲ့အချိန်မှတ် ၊ တရားနာတဲ့အချိန်နာကြတယ် ။ နောက်ပြီး ကျွန်တော် အရောက်ချင်ဆုံးအချိန် ည ကိုရောက်လာခဲ့တယ် …… ။ ဘုန်းကြီး၀တ်ကြီးနဲ့ ည အချိန်ကို ဘာလို့ မျှော်မိလည်းဆိုတော့ ကျွန်တော် အပျင်းတက်ပြီး အိပ်ချင်လို့ မဟုတ်ပါဘူး ၊ ကျွန်တော်နဲ့ အဲ့ဒီ (အစ်ကိုကြီးတွေ) ဦးဇင်းတွေက တစ်ခန်းတည်း၊ တစ်ဆောင်တည်း အတူ နေကြရတာ လေ ၊ သူတို့တစ်တွေကလည်း အလုပ်ကိုယ်စီ ၊ မိသားစုကိုယ်စီနဲ့ အားလပ်ကြတာမဟုတ်ဘူး အခုလို ဘုန်းကြီး၀တ်နေတဲ့ ဒီရက်ပိုင်းလေးပဲ သူတို့ အချင်းချင်း တစ်စုတည်း စုံမိကြတာထင်ပါရဲ့ ။
အဲ့ဒီတော့ ညအချိန်ရောက်ရင် မအိပ်ခင် တစ်နာရီ နှစ်နာရီလောက် သူတို့က ဝိုင်းဖွဲ့ပြီ ရောက်တက်ရာရာ စကားတွေပြောတက်တယ်ဗျ ၊ ၀န်ထမ်းလုပ်နေတဲ့သူကလည်း သူ့ဘ၀ သူ့အခက်အခဲတွေကို ပြောပြတယ် ၊ သဘောင်္သားလုပ်တဲ့သူတွေကလည်း သူတို့ဘယ်လို ပိုက်ဆံရှာဖွေရတယ် ဘယ်နိုင်ငံကဖြင့် ဘယ်လို ၊ စသဖြင့် ပြောနေကြတာပေါ့ ၊ ကျွန်တော်ကတော့ သူတို့ တွေပြောနေတဲ့ ဘ၀ဆိုတဲ့ တောနက်ကြီးထဲတောင် တစ်ခါမှာတောင် မရောက်ဘူးသေးသူမို့ သူတို့တွေ ပြောသမျှအားလုံးကို အထူးအဆန်းအဖြစ်နဲ့ပဲ နားထောင်နေမိတယ် ၊ ဒါ့ကြောင့်ကျွန်တော် ဘုန်းကြီး၀တ်တုန်းက ညအချိန်လေးကို ပိုနှစ်သက်မိတယ်လို့ပြောတာပေါ့ ၊ သြော် …. မေ့နေလိုက်တာ အရေးကြီးဆုံးတစ်ချက်ရှိသေးတယ် အဲ့ဒီလို စကားတွေ ညတိုင်း ဖောင်ဖွဲ့နေတက်တဲ့ (အစ်ကိုကြီးတွေ)ဦးဇင်းတွေ က တစ်ညကြတော့ ထူးထူးခြားခြား သူတို့ထဲက တစ်ယောက်ကနေ “ ကိုယ်တော်တို့ သရဲ ခြောက်တာ ခံရဘူးကြလား ” ဆိုပြီး ရုတ်တရက်ကြီး အစဆွဲထုတ်လိုက်တယ် ၊ ဘ၀အကြောင်းတွေ ၊ တရားအကြောင်းတွေ ပြောနေရာကနေ အဲ့လိုကြီးထမေးတော့ ကျန်တဲ့ လူတွေကြည့်ရတာ ခြောက်ခြားသွားကြသလိုပုံမျိုးပဲ ကျွန်တော်ကြတော့ အဲ့ဒီစကားကြားရတာ မျက်လုံးတွေက အရောင်တွေတောက်ပြီး ကျွန်တော့် မျက်လုံးတွေက ပုံမှန်ထက် အစွန်းကုန် ပိုကျယ်လာသလိုခံစားလိုက်ရတယ် ၊ ကျွန်တော်က ပရလောကမုဆိုး မဟုတ်လား…….. ။
သရဲလား .. သရဲ ကျွန်တော် မကြောက်တက်ဘူး ပြောရင်ယုံမှာတောင်မဟုတ်ဘူး ၊ ကျွန်တော့် အသက် ဆယ့်ရှစ်နှစ်လောက်က သူငယ်ချင်းတစ်ယောက်နဲ့ အလောင်းအစားလုပ်ပြီး အိမ်ကမသိအောင် သင်္ချ ိုင်းကုန်းထဲက အုတ်ဂူတစ်လုံးပေါ်မှာ သွား အိပ်ဖူးတယ်ဗျ ၊ မယုံကြည်လို့တော့မဟုတ်ဘူး ပေတလောကဆိုတာ ဘုရားဟောထဲမှာတောင်ပါသေးတာပဲလေ ၊ ပရလောကကို မယုံနိုင်စရာ လက်မခံနိုင်စရာမရှိပါဘူး ၊ ဘယ်လိုပြောရမလဲ ကျွန်တော်ကိုယ်တိုင်ကိုက အကြောက်အလန့်သိပ်မရှိတာ … ။ ဒါပေမယ့် ကိစ္စတစ်ခုကို ကိုယ်တိုင် နဖူးတွေ့ဒူးတွေ့ကြုံခဲ့ရပြီးနောက်ပိုင်းမှာ သရဲကို သေလောက်အောင် ကြောက်မိသွားခဲ့တယ် … ။
ပျံ့သွားတဲ့ ကျွန်တော့် အတွေးစတွေကို ရသလောက်ပြန်စုစည်းလိုက်ပြီး ၊ ကျွန်တော့်ရှေ့က (အစ်ကိုကြီးတွေ)ဦးဇင်းတွေရဲ့ သရဲစကားဝိုင်းလေးကို ပြန်ပြီးတော့ ဦးတည်လိုက်တယ် ၊ သူတို့တွေ တစ်ယောက်တစ်လှည့်ကြားဖူးနားဝတွေပြောနေတာကို ပြီးအောင်နားထောင်ပေးလိုက်တယ် ပြီးတော့မှ ကျွန်တော်က “ ဦးဇင်းတို့ တပည့်တော် ပရလောကနဲ့ပတ်သတ်ပြီး ကိုယ်တွေ့တစ်ကြိမ်ကြုံဖူးတယ် ဘုရား ” ဆိုပြီး ပြောလိုက်သည်နှင့် သူတို့ အားလုံးရဲ့ အကြည့်တွေက ကျွန်တော့် ဆီေ၇ာက်လာခဲ့တယ် ၊ အားလုံးထဲမှာ အငယ်ဆုံးဖြစ်ပြီး တစ်ညမှ သူတို့စကားဝိုင်းထဲ စကား၀င်မပြောဖူးတဲ့သူမို့ ထူးဆန်းအံ့သြတဲ့ ပုံတွေနဲ့ ကြည့်နေကြတယ် အဲ့ဒီအချိန်မှာပဲ ကျွန်တော့် ကိုယ်တွေ့ ဖြစ်ရပ်မှန် ပရလောက ဇာတ်လမ်းလေးကို စတင်ပြီး ခင်းပြလိုက်တယ် …… ( ဦးဇင်း တစ်ပါး အနေဖြင့် ရေးသားရန် အဆင်မပြသည့်အတွက် သာမာန် လူတစ်ဦးမှ ပြန်ပြာပြသည့် ဟန်ဖြင့် ရေးသားလိုက်ရပါတယ် ) ဇာတ်လမ်းလေးက …….. “ ကျွန်တော် ငယ်ငယ်တုန်းက ‘ ရှမ်းပြည်နယ် ’ ရဲ့ မြို့တော် ‘ တောင်ကြီးမြို့ ’ မှာရှိတဲ့ ‘ အေးသာယာမြို့သစ် ’ က အစ်မဖြစ်သူ အိမ်မှာ သုံးလေးလလောက် သွားနေတုန်းကဖြစ်ခဲ့တာတွေပေါ့ ၊ ကျွန်တော်တကယ်နေတာက အဲ့မှာမဟုတ်ဘူး ‘ လွိုင်လင် ’ မှာနေတာဗျ ၊ အခုလည်း အိမ်ကမိဘတွေ ကိုးကွယ်တဲ့ဆရာတော်ဘုရားကျောင်း မှာ ဦးဇင်းလာ၀တ်နေတာပါ ၊ ကျွန်တော့် အဖေက အစိုးရ ၀န်ထမ်းဆိုတော့ သူတာ၀န်ကျတဲ့နေရာတွေကို လိုက်နေရတာပေါ့ ၊ ‘ တောင်ကြီး ’ မှာက အတော်လေးကိုကြာကြာနေခဲ့ဖူးတော့ သူငယ်ချင်း အပေါင်းအသင်းလဲ များတယ် ၊ များတယ်ထက်စုံတယ်လို့ပြောရင် ပိုမှန်မလားပဲ … ကျွန်တော်က လူစုံအောင်လိုက်ပေါင်းတတ်တယ်လေ ၊ အဲ့ဒီတုန်းက တွဲမိတဲ့ သူငယ်ချင်းတွေကလည်း ညီအစ်ကိုတွေလိုမျိုးခင်ကြတာ အခုထိပဲ ၊ ပြီးတော့ သူတို့တွေကလည်း ကျွန်တော်နဲ့ စရိုက်ချင်းတူတူပဲ တကယ့် ပေါက်တတ်ကရဆိုတာကိုမှ ရွေးပြီး လုပ်ကြတဲ့ ကောင်တွေ ။
ကျွန်တော်တို့ သူငယ်ချင်းတွေ စုံရင် များသောအားဖြင့် ပရလောကနဲ့ ဆက်သွယ်ဖို့ ကြိုးစားဖြစ်ခဲ့ ကြတယ် ၊ အလွယ်ပြောရရင် သရဲခေါ်တာပေါ့ ၊ တစ်ခါလည်း ‘ အေးသာယာ BM ’ ဂိတ်နားမှာ သစ်ကိုင်းတစ်ခုကိုယူပြီး သရဲခေါ်တယ် ၊ ခေါ်တော့ သရဲကတကယ်လာတယ် ၊ သူရှိကြောင်းပြဆိုတော့ လေမတိုက်ပဲ ကျွန်တော်တို့ ကိုင်းချိုးထားတဲ့ သစ်ပင်ကြီး တစ်ပင်တည်း လှုပ်ရမ်းနေတယ်လေ ၊ နောက်တော့ အက္ခရာစုံပါတဲ့ စက္ကူလေးမှာ ဘောပင်နဲ့ထောက်ပြီး Yes , No သိချင်တာတွေမေးတယ် ကိုယ်က ဘောပင်ကို ကိုင်ရံုံလေးတင်ကိုင်ထားတာ သရဲက ဆွဲရွှေ့ပေးသွားတယ် အဲ့တာကိုယ်တွေ့နော် မယုံမရှိနဲ့ နောက်ပြီး သူ့ကို အစာတွေဘာတွေကျွေးလိုက်တယ် ပြောရရင် အမဲသားတို့ ငါးတို့ အစိမ်းတွေကို စားဆိုပြီး တစ်နေရာမှာ ထားခဲ့လိုက်တာဗျ ၊ ခဏနေသွားကြည့် အဲ့ဒီ အသားစိမ်း ငါးစိမ်း မရှိတော့ဘူး ၊ ပြီးတော့ အဲ့သရဲကို တမင်သက်သက် ပြန်မလွှတ်ပေးလိုက်ပဲ ဘာများထူးထူးခြားခြားဖြစ်မလဲ သိချင်တာနဲ့ သူ့ကိုခေါ်လာတဲ့သစ်ကိုင်းလေးကို ‘ အေးသာယာ BM ဂိတ် ’ မှာ ချထားခဲ့ပြီး တစ်နာရီနီးပါးလောက် စောင့်ကြည့်သေးတယ် ၊ ဘာမှမထူးခြားတာနဲ့ ကျွန်တော်တို့တွေ အိမ်ပြန်ခဲ့တယ် ၊
မနက်ကြတော့ သတင်းဆိုးတစ်ခုက ဆီးကြိုနေတယ်လေ ဘာလဲဆိုတော့ … အဲ့ဒီကားဂိတ်မှာ ဂိတ်မှုးက မနက်စောစော ဂိတ်ကိုသွားပြီး သူလုပ်စရာရှိတဲ့အလုပ်တွေ လုပ်နေတုန်း သူ့နောက်က တစ်ယောက်ယောက် ကြည့်နေသလားဆိုတဲ့ စိတ်နဲ့ လှည့်အကြည့် … မနက် ဝေလီဝေလင်း အလင်းရောင် မရှိသေးတဲ့အချိန်ကြီး သူ့အနောက်က သစ်ပင်ပေါ်မှာတဲ့ လူတစ်ယောက် အပင်ပေါ်က သစ်ကိုင်းတစ်ခုမှာ ဆောင့်ကြောင့်ကြီး ထိုင်ပြီး သူ့ကို ကြည့်နေတာတဲ့ သူလည်း ဘယ်သူလည်းဆိုပြီး ဓါတ်မီးနဲ့ ထိုးကြည့်လိုက်ရော သူမြင်လိုက်ရတာက အဲ့ဒီလူမျက်နာက လူမျက်နာမဟုတ်ဘူးတဲ့ လူတစ်ယောက်လို ပုံစံပေမယ့် မျက်နာက ပျက်စီးနေပြီးတော့ မျက်လုံးလည်း မရှိဘူးတဲ့ မျက်တွင်းဟောက်ပက်ကြီးနဲ့ သူ့ကို အပင်ပေါ်ကနေ ငုတ်တုတ်ကြီးထိုင်ကြည့်နေတာတဲ့ ဗျာ … စဉ်းစားကြည့်ပေတော့ ဟုတ်တယ်လေ ပတ်၀န်းကျင်မှာလည်း လူသူမရှိ တိတ်ဆိတ်နေတဲ့အချိန် သူကို အပင်ပေါ်က နာနာဘာ၀ ကောင်က ထိုင်ကြည့်နေတော့ BM ဂိတ်မှုးလည်း ဘယ်နေနိုင်မလဲ တစ်ခါတည်း “ သရဲ သရဲ .. ကယ်ကြပါဦး ” လို့ အော်ပြီး ထွက်ပြေးတာ အနားက ဘုန်းကြီးကျောင်းတစ်ခုထဲကိုလေ ။
ကံကောင်းချင်တော့ အရုဏ်ဆွမ်း ကြွမယ့် သံဃာတော်တွေနဲ့တွေ့သွားရော အဲ့ကျမှာ ဂိတ်မှူ း ှုလည်း တစ်ခါတည်း ခွေလဲကျသွားတာ အကြောက်လွန်ပြီး ပါးစပ်ကလည်း ကယ်ပါယူပါနဲ့ ဘုန်းကြီးကျောင်းထဲရောက်တော့မှ သံဃာတော် အရှင်မြတ်တွေ ဘာလုပ်ပေးလိုက်တယ်မသိဘူး အကြောက်ပြန်ပြေသွားတယ် ၊ ပထမ အူကြောင်ကြောင်ဖြစ်နေရာကနေ ပြန်ကောင်းသွားတယ်တဲ့ .. ၊ ဒီသတင်းတွေကို အဲ့ဒီဘုန်းကြီးကျောင်းက ကပ္ပိယတစ်ယောက်ဆီကနေ တစ်မြို့လုံးနီးနီး ပျံ့သွားခဲ့တာဗျ ။ ခါတိုင်း ဘာမှမဖြစ်ဖူးတဲ့ BM ဂိတ်က သရဲဆိုတာ ကျွန်တော်တို့ သစ်ကိုင်းလေးနဲ့ ခေါ်လာတဲ့ သရဲဆိုတာကို ရိပ်စားမိကြမယ်ထင်ပါတယ် … ။ BM ဂိတ်မှူ း ကတော့ တစ်ပတ်လောက် ဖျားသွားတယ်ဗျ ၊ နောက် ကျွန်တော်တို့ သူငယ်ချင်း တစ်ယောက်ဆီကနေ အဲ့ဒီသရဲက ကျွန်တော်တို့တွေ ခေါ်ထားတဲ့သရဲဆိုတဲ့ သတင်းက ပျံ့သွားခဲ့ရော .. ။ သေပြီလေ ၊ ဟိုကောင်က အလကားသက်သက် ကြွားချင်တာနဲ့ ကိုယ်တွေလုပ်မှန်း လူသိသွားရော ၊ ကျွန်တော့်ကိုဆို အိမ်က အကျယ်ချုပ်ပါချထားလိုက်ရောလေ ။ အဲ့ဒီကိစ္စကြောင့် အိမ်ကလူတွေ.. အဓိက က ကျွန်တော့် အစ်မပေါ့ သူတို့က ကျွန်တော့်ကို လပိုင်းလောက် အိမ်ထဲက အိမ်ပြင် ပေးမထွက်ခဲ့ဘူး ။
ကျွန်တော်ကလည်း ညမင်းသားဆိုတော့ ညနေစောင်းဆို အပြင်ကို ဘယ်လို ခိုးထွက်ရမယ်ဆိုတာပဲ ချောင်းနေတတ်တယ် ၊ ဟဲဟဲ တစ်နေ့ ကျွန်တော် ကံကောင်းတယ်ပဲပြောရမလား ၊ ကျွန်တော့် အစ်မရဲ့ယောက်ျား (ကျွန်တော့်ယောက်ဖတော်သူ ) က ရုတ်တရက် အကောင်းကြီးကနေ အသည်းအသန် ထဖြစ်ပါလေရော ၊ အိမ်ကလူတွေလည်း ဆေးရုံသွားရလာရ လူနာ စောင့်ရ ၊ အလုပ်လည်းလုပ်ရနဲ့ ဗျာများနေကြတဲ့အချိန် အစ်မက ကျွန်တော့်ကို အားကိုးတကြီးနဲ့ အကူအညီလာတောင်းတယ် “ မောင်လေး နင် မနက်ဖြန် တစ်ရက် နင့်အစ်ကိုကြီးကို ဆေးရုံသွားစောင့်ပေးပါလား ” တဲ့ .. ။ ကျွန်တော်လည်း အပြင်မထွက်ရတာ ကြာနေပြီမဟုတ်လား ၊ ဒီစကားက ထောင်ကျနေတဲ့သူတစ်ယောက် လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သလိုပဲ ကျွန်တော် ပျော်လိုက်တာမှ လွန်ရော ။
ဘယ်လောက်တောင်လည်းဆိုရင် တစ်ညလုံးအိပ်တောင်မပျော်ဘူး မနက်ဖြန် အပြင်မှာ ဘာတွေလုပ်မယ်ဆိုတာ စဉ်းစားရင်းနဲ့လေ ။ နောက်တစ်နေ့မိုးလင်းတော့ ကျွန်တော်က သွားဖို့ အဆင်သင့်တောင်ဖြစ်နေပြီ အဲ့အချိန်မှာပဲ အိမ်ကို ဖုန်းက၀င်လာတယ် “ ကလင် ကလင် …. ကလင် ကလင် ” “ ဟဲလို … လူနာ(..) တို့အိမ်ကပါလား ခင်ဗျာ ” “ ဟုတ်ပါတယ်ဗျ .. အစ်မရေ ဆေးရုံက ဖုန်းလာနေတယ် ” ကျွန်တော်လည်း ယောက်ဖ အခြေအနေကို နည်းနည်း စိတ်ပူသွားတာ အမှန်ပဲ အစ်မ ဖုန်းပြောနေတာကိုပဲ အကဲခတ်နေရတယ် ၊ အစ်မလည်း ဖုန်းပြောပြီးရော ကျွန်တော့်ကို… “ မောင်လေး နင် အိမ်ကိုသေချာစောင့်ထား နင့်အစ်ကို ပြန်ကောင်းလာပြီတဲ့ ဆေးရုံက ဖုန်းဆက်လာတယ် ဒါပေမယ့် လိုအပ်တဲ့ စမ်းသပ်မှုတွေ လုပ်ဖို့အတွက် လူနာရှင်လာခဲ့ပါဆိုလို့ ငါသွားလိုက်ဦးမယ် နင်မသွားနဲ့တော့ ဟိုမှာ ဘယ်လောက်ကြာမယ်မသိဘူး နင်အပြင်လျှောက်မသွားပဲ အိမ်မှာ ဖင်ငြိမ်ငြိမ်နေ ကြားလား… ” အစ်မစကားသံတွေက ကျွန်တော့်အတွက် ထီဆုကြီးပေါက်လိုက်သလိုပဲ အရမ်း ပျော်သွားမိပေမယ့် အတက်နိုင်ဆုံး မျက်နာကို ညှိုးနေအောင် သရုပ်ဆောင်ပြီးတော့ “ ဟုတ်ကဲ့ပါ မမရယ် ကျွန်တော့်ကို စိတ်ချ ဘာမှ စိတ်မပူနဲ့ ကိုကြီး ကိစ္စကိုသာ သေချာ ဂရုစိုက်ပါ .. မမသတိထားသွားနော် .. ” ခဏလောက်ကြာတော့ ကျွန်တော့် အချိန်ရောက်လာပြီလေ .. နာရီကိုကြည့်တော့ မနက် ရှစ်နာရီ ှိခွဲ ကွက်တိ အိုကေလေ .. ဒီချိန်ဆို ဆုံနေကျ ထိုင်နေကျ လက်ဖက်ရည်ဆိုင်မှာ ကျွန်တော့် သူငယ်ချင်းတွေ ဆုံနေလောက်ပြီ.. ကျွန်တော်လည်း အိမ်ကိုသော့ပိတ်ပြီး လ္ဘက်ရည်ဆိုင်လေးဆီ အမြန်ပြေးသွားခဲမိတယ် ။ “ ဟာ..ဟေ့ယောင်(ကောင်) ‘ ဝြေကီး ’ မျက်စိလည်လာတာလားကွ ” ဟိုရောက်တော့ ကျွန်တော့်သူငယ်ချင်းတွေက ဖော်ဖော်ရွေရွေနဲ့ တစ်ယောက်တစ်ပေါက် ကြိုဆို နှုတ်ဆက်ကြတယ် ။
ဒီကောင်တွေ မျှော်နေတာလည်းမပြောနဲ့လေ သူ့တို့မှာလည်း ပေါက်ကရ အစီအစဉ်တစ်ခု ရှိသကို… ၊ ကျွန်တော်ကလည်း မြှောက်ပေးရင် ရှေ့ဆုံးက ဆရာကြီးလုပ်နေကြလေ … ။ သူငယ်ချင်းတွေထဲက ပိန်ပိန်ပါးပါးနဲ့ ‘ ရှည်ကြီး ’ ဆိုတဲ့ သူငယ်ချင်းက ၀မ်းသာအားရနဲ့ “ သားကြီး (သူငယ်ချင်း) မင်းလာတာအတော်ပဲ .. ငါတို့ ဒီနေ့ ကိစ္စတစ်ခုလုပ်ဖို့ ဆွေးနွေးခန်းဖွင့်နေတာကွာ ” ကျွန်တော်က ပေါက်ကရကိစ္စမှန်းသိနေပေမယ့် မသိချင်ယောင်ဆောင်ပြီး “ နေစမ်းပါဦးကွ …. ဘာကိစ္စတုန်း ” ကျွန်တော့်စကားကြောင့် အဖွဲ့ထဲက အရပ်အပုဆုံး သူငယ်ချင်း ‘ ဂျပု ’ က “ ဟေ့ကောင်(ယောင်) မင်းကလည်းကွာ ငါတို့လုပ်မယ်ဆိုကတည်းက ဘာလုပ်မယ်ဆိုတာ မင်းသိသားနဲ့ ” ဒါကို နောက်တစ်ဦးက “ အေးလေကွာ… ဒီလိုကွဖြစ်ပုံက မင်းဒီဆိုင်က စားပွဲထိုး ချုတိတ်လေး ‘ လိပ်ကလေး ’ ကိုသိတယ်မဟုတ်လား ” “ အေးသိတာပေါ့ဟ ” ကျွန်တော်လည်း ပြောရင်းဆိုရင်း လက်ဖက်ရည်ခွက်တွေ မနိုင်တနိုင် ဖြည်းဖြည်းချင်း သယ်နေတဲ့ မလှမ်းမကမ်းက ‘ လိပ်ကလေး ’ ဆိုတဲ့ စားပွဲထိုးချာတိတ်လေးကို လှမ်းကြည့်လိုက်မိတယ် သူကလည်း ကျွန်တော့်ကိုမြင်တော့ မျက်နာ ပြန်ဖြဲပြတယ်ဗျ ပြီးတော့ ချက်ချင်း ခေါင်းပြန်ငုံ့သွားပြီး သူ့လက်ထဲက လက်ဖက်ရည်ခွက်တွေ မဖိတ်အောင် သတိထားနေပြန်တယ် ။
“ ‘ လိပ်ကလေး ’ ဘာဖြစ်လဲ ” ကျွန်တော့ အမေးကို ‘ ရှည်ကြီး ’ က “ ဒီလိုကွ .. မင်းမလာတဲ့ညတွေက ငါတို့တွေ ညနက်တဲ့အထိ သရဲအကြောင်းတွေ ပြောရင်းကနေ ပီိယ ဆေးအကြောင်းရောက်သွားတယ် ဒါကို ဘေးက အကုန်ထိုင်နားထောင်နေတဲ့ ‘ လိပ်ကလေး ’ က ၀င်ပြောရော .. သူ့အစ်ကိုမှာ ပိယဆေးရှိတယ် တဲ့လေ ၊ ငါတို့လည်း စိတ်၀င်စားသွားပြီး အဲ့တာဆို ငါတို့အတွက် မင်းအစ်ကိုဆီက နည်းနည်းတောင်းပေးစမ်ပါကွာဆိုတော့ သူက ပြန်ပြောတယ်ကွ တောင်းမနေနဲ့တဲ့ လိုချင်ရင် အစ်ကိုတို့ ကိုယ့်ဘာသာကိုယ် လုပ်ကြတဲ့ လွယ်လွယ်လေးလို့ပြန်ပြောတယ်ကွ ငါတို့လည်း ပိုပြီး စိတ်၀င်စားတာနဲ့ မေးတာပေါ့ သူက စီရင်နည်းပြောပြတယ် သူကအစ်ကိုတုန်းကလည်း သူကူညီပေးဘူးတော့ အကုန်သိနေတဲ့ပုံပဲ ‘ ဂျပု ’ မင်းဆက်ပြောပြလိုက် ” ‘ ရှည်ကြီး ’ စကားအဆုံးမှာ ‘ ဂ်ပု ’ က “ အမှန်ပဲ ကွ ငါတောင် မယုံလို့ သူ့ အစ်ကိုဆီက ခဏတောင်းပြီး စမ်းပြီးပြီ အဲ့ဒီရေမွှေးနဲ့ ဟိုတစ်ခါ ငါ့ကို ငြင်းသွားတဲ့ မချစ်ပါဘူးဆိုတဲ့ ကောင်မလေးကို ဖြန်းပြီး ချက်ချင်း အဖြေတောင်းတာ ချက်ချင်းရတယ်ကွ ၊ မယုံသေးလို့ သုံးလေးယောက် စမ်းပြီးပြီ ချက်ချင်းကို ပြန်ကြိုက်တာ စွမ်းသလားမမေးနဲ့ ပြီးရင့် ကိုယ့်စကားတစ်ခွန်းပဲ ငါ့ကောင်ရေ စီရင်ပုံ အသေးစိတ်ကိုလည်း မေးလာတယ် ”
“ ည သန်းခေါင်အချိန် ၊ အသက် နှစ်ဆယ်ကျော် အပျိုစင်တစ်ယောက်ရဲ့ အလောင်းအုတ်ဂူနားကိုသွား ပြီးရင် ဟိုချာတိတ်ပြောထားတဲ့ အစီအရင်နဲ့ ဂါထာကိုရွတ်ပြီး တစ်ယောက်က စည်းဝိုင်းဝိုင်း နောက်တစ်ယောက်က ဂူပေါ်ကို သယ်လာတဲ့ ကျောက်ပျဉ် နဲ့ သနပ်ခါးတုံးကိုတင်ပြီး သနပ်ခါးသွေးရင်း ဂါထာ(…)ခေါက်ရွတ် ပြီးရင် ရလာတဲ့ သနပ်ခါးတွေကို ဂူပေါ်က ကွယ်လွန်သူကောင်မလေးဓါတ်ပုံက ကောင်မလေး မျက်နာမှာ လိမ်းပေး ခြောက်သွားအောင်ခဏစောင့် သနပ်ခါးတွေ ခြောက်ရင် ခွာချပြီးတော့ သယ်လာတဲ့ ရေမွှေးပုလင်းထဲကို ထည့်လိုက် .. ပြီးရင် ပြန်လို့ရပြီ ပီယကတော့ မင်းကြိုက်တဲ့ ကောင်မလေးကို အဲ့ရေမွှေးနဲ့ ဖြန်းရံုံပဲ .. ကိစ္စပြတ်တယ် ဒီလောက်ဆို မင်း သဘောပေါက်ပါတယ် .. ” ‘ ဂျပု ’ စကားဆုံးတော့ နောက်သူငယ်ချင်း ‘ ထူးသစ် ’ က “ ငါပထမထင်တာ ဖတ်ဖူးတဲ့ ၀တ္တုတွေကလို အပျို စင်အလောင်းကို ဂါထာရွတ်ပြီး အလောင်းဖုတ်သွင်းရင်း အလောင်းကြီးကို သနပ်ခါးသွေးခိုင်းတာရယ် ..၊ အလောင်းကောင်က ခြေသည်းလက်သည်း ညှပ်၊ ဆံပင်တွေကို ဆောင်တာရယ်ပဲ ကြားဖူးတယ်ကွ ၊ ဒါအောက်လမ်းနည်းတွေပဲ ၊ ငါတ်ို့ အခုလုပ်မှာက ဘာမှ တော့ သိပ်မပင်ပန်းဘူး အန္တရာယ်လည်းရှိမယ်မထင်ဘူး သနပါခါးကတော့ မင်းသွေးမှရမယ် .. မင်းက ဂူပေါ်တောင် အိပ်လာတဲ့ကောင်လေ ” ‘ ထူးသစ် ’ က ဒီလိုပြောလာတော့ ကျွန်တော်လည်း အားရပါးရကို ရယ်လိုက်မိတယ် “ ဟားးးး အေးပါ စိတ်ချ ငါတို့ ဒီ ကိစ္စကို ဒီညပဲ အကောင်အထည်ဖော်ကြရအောင် ည (…) အချိန်ကြရင် (…) မှာ ဆုံကြမယ် အိုကေနော် လေးယောက်ပေါင်း လောင်းကျော်မယ့်ညပဲဟေ့ … ပီယဆေးရပြီးရင် ကောင်မလေးတွေ ၀ိုင်းပြီဟေ့ ……….” ကျွန်တော်အိမ်ပြန်ရောက်တော့ အိမ်မှာ အစ်မတို့ လင်မယား ပြန်မရောက်ကြသေးဘူး အဲ့ဒါနဲ့ ဖုန်းဆက်ကြည့်တော့ သူတို့ ဆေးရုံကိစ္စတွေ မပျက်သေးတဲ့အတွက် ညနက်မယ်ဆိုတာ သိလိုက်တယ် ကျွန်တော့် အတွက်တော့ မဟာ အခွင့်အရေးကြီးပဲ ။
ညက သာမာန်ထက် ပိုမှောင်နေသလိုခံစားရတယ် ၊ တောင်ကြီးဆောင်းကလည်း လေလေးများ တစ်ချက်တိုက်လိုက်ရင် အူတွေအသည်းတွေပါ အေးစက်သွားသလား အောက်မေ့ရတယ် … ၊ ဒီလိုညမျိုးမှာ ပိုအေးနေတာ ပြသနာပဲ ။ လမ်းတစ်ယောက် လူသွားလူလာ မရှိသလောက် ပျက်သွားပြီ ၊ ဆိုင်ကယ်တစ်ချို့ပဲ တစ်ခါတစ်ခါ မြင်ရတတ်တယ် ၊ အချိန်က ၁၁ နာရီ ၄၅ မိနစ် ၊ တောင်ကြီးမြို့က အေးသာယာ မြို့နယ် ၊ ကျီးဖြူကန် သုသာန်ကို ဆိုင်ကယ်နှစ်စီးနဲ့ ကျွန်တော်တို့ လေးယောက် ဆိုင်ကယ်ကို မီးမှောင်ချပြီး စက်သံမထွက်အောင် ဘီးလှိမ့်ရုံလှိမ်မောင်းရင်း ဦးတည်လာခဲ့ကြတယ် ။ ပတ်၀န်းကျင်အခြေအနေကို တစ်ချက် အကဲခတ်လိုက်ပြီး အသင့်ပါလာတဲ့ ပစ္စည်းတွေနဲ့အတူတူ လက်နှိပ်ဓါတ်မီးကိုယူပြီး လေးယောက်သား ညသန်းခေါင်အချိန်ကြီးမှာ မကြောက်မလန့် သချိ င်္ုင်းနယ်မြေထဲ ရောက်နေကြတယ် ၊ အုတ်ဂူ ဖြူဖြူလေးတွေထဲက တစ်လောက ဆုံးပါးသွားတဲ့ အသက်နှစ်ဆယ်ကျော် အပျိုစင်ကောင်မလေး တစ်ယောက်ရဲ့ အုတ်ဂူဆီကို ရောက်တော့ ကျွန်တော်တို့လေးယောက် ကိုယ့်တာ၀န်ကိုယ်ယူလိုက်ကြတယ် ။
ကျွန်တော်က ဂါထာရွတ် သနပ်ခါးသွေး ‘ ဂျပု ’ က ဂါထာရွတ်ရင်း စည်းဝိုင်းတား ၊ ‘ ထူးသစ် ’ က ကျောက်ပြင်ထဲကို ရေထဲ့ပေးရင်း မီးထိုးပြနေတယ် ၊ ‘ ရှည်ကြီး ’ ကတော့ ပတ်၀န်းကျင်ကို ကြည့်ပေးနေတယ်ဗျ ။ ကြောက်တတ်တဲ့သူတွေအတွက်ကတော့ အိမ်မှာနေ၇င်းလည်း ကြောက်နေကြမှာပဲလေ ၊ ကျွန်တော်တို့လို အကြောက်အလန့်မရှိတဲ့သူတွေကြပြန်တော့ စိတ်လှုပ်ရှားယုံပဲရှိတယ် ၊ …. အုတ်ဂူလေးက အသစ်လေး ၊ ဆုံးထားတာ မကြာသေးမှန်း သိသာတယ် ၊ အုတ်ဂူမှာ ကပ်ထားတဲ့ ဓါတ်ပုံလေးကို ကြည့်ရရင် တော်တော်ချောတဲ့ ရှမ်းမလေးပဲဗျ ၊ ‘ မနန်းကြာဖြူ ’ ‘ အသက် (၂၅) နှစ် ’ လို့လည်း ရေးထားတယ် ။ ဒီကိုလမ်းညွှန်တဲ့သူက ဆုံးသွားတဲ့ ဒီကောင်မလေးနဲ့ တစ်လမ်းတည်းနေကြတဲ့ ‘ ဂျပု ’ ပေါ့ ။ သချိ င်္ုင်းတစ်ခုလုံးက တိတ်ဆိတ်နေတာပဲ .. အပ်ကျသံတောင်မကြားရသလိုပဲ ကျွန်တော့် လက်ထဲက သနပ်ခါးတုံးနဲ့ ကျောက်ပြင် မျက်နှာပြင် ပွတ်ဆွဲသံ တကျွိ ကျွိ ပဲကြားနေရတယ် … ဒါနဲ့ ကျွန်တော် ကျွန်တော်လည်း သနပ်ခါးအလုံအလောက်ရလောက်တဲ့အချိန်မှာ သနပ်ခါးကို လက်နဲ့တို့ရင်း အုတ်ဂူမှာကပ်ထားတဲ့ ကောင်မလေး ပုံက ကောင်မလေးမျက်နာမှာ လိမ်းပေးဖို့ လက်လှမ်းမိတုန်း တစ်ချက်တုံ့သွားမိတယ် … ထူးခြားချက်က ဓါတ်ပုံထဲက ကောင်မလေးပုံစံက ပထမကြည့်တုန်းကနဲ့မတူတာပဲ ၊ အထင်ရှားဆုံးက သူ့မျက်လုံးတွေ ကျွန်တော်တို့တွေကို မကျေနပ်သလိုနဲ့ စူးစူးရဲရဲကြီးကို စိုက်ကြည့်နေသလိုမျိုး … ဒါကို ကျွန်တော်တို့လေးယောက်လုံး သတိထားမိလိုက်ကြတယ် ဗျ ၊ အဲ့ဒီအချိန်မှာ တစ်ချက်ဝှေ့လိုက်တဲ့ ဆောင်းလေက ကျွန်တော်တို့အားလုံးကို ကြက်သီးတွေ ထစေခဲ့တယ် …. ။
ကျွန်တော်လည်း အကြောက်တရားကို အ၀င်မခံပဲ လက်ထဲက သနပ်ခါးတွေနဲ့ ကောင်မလေးဓါတ်ပုံက ကောင်မလေး မျက်နာ အနှံ့ကို လိုက်ပွတ်နေမိတယ် ၊ ကျွန်တော် ဒီလိုတွေလုပ်ပြီးတော့ ဘေးက သူငယ်ချင်း ‘ ထူးသစ် ’ က အသင့်ပါလာတဲ့ ယပ်တောင်နဲ့ သနပ်ခါးတွေ အမြန်ခြောက်အောင် ယက်ခပ် နေတယ်လေ ၊ ဆောင်းတွင်းဆိုတော့ အုတ်ဂူက စိုစွတ်နေတယ်ဗျ ။ အတော်လေး ကြာတော့ သနပ်ခါးတွေ အကုန်ခြောက်သလောက်ရှိသွားတဲ့ အဲ့ဒီအချိန် ကျမှ ကျွန်တော်လည်း သနပ်ခါးခြောက်တွေကို ခြစ်ထုတ်ပြီး ပါလာတဲ့ ရေမွှေးပုလင်းထဲကို ဂါထာရွတ်ရင်း တစ်ခါတည်း ထည့်နေလိုက်တယ် ။ ကိစ္စဝိစ္စတွေ အကုန်ပြီးတော့ အတူပါလာတဲ့ သူငယ်ချင်းတွေကို ဖြန်းပေးလိုက်တယ် ၊ ကျွန်တော်ကတော့ မဖြန်းသေးပဲ ပုလင်းလိုက် ယူလာခဲ့လိုက်တယ် ၊ သချိ င်္ုင်းထဲက ကောင်မလေးကရော … ကျွန်တော်တို့ လုပ်ရက်ကို ကျေနပ်ပါ့မလား… ။ ကျွန်တော် အိမ်ရောက်တော့ ည (၂)နာရီထိုးနေပြီ ၊ အစ်မတို့ လင်မယားက ပြန်မလာကြသေးဘူးဗျ ၊ အိမ်တစ်အိမ်လုံး ကျွန်တော် တစ်ယောက်တည်းပဲ ဒါပေမယ့် ကိုယ်က အရင်ကတည်းက အကြောက်အလန့်မရှိတဲ့သူဆိုတော့ သိပ်တော့ ပြသနာမရှိပါဘူး ။ ထုံးစံအတိုင်း ကျွန်တော့် အခန်းထဲက အိပ်ယာလေးမှာ ပစ်လှဲလိုက်မိတယ် ၊ ဘာရယ်မဟုတ်ဘူး မျက်လုံးမှိတ်ထားတုန်း ပင်ပန်းလာတဲ့ ဒဏ်ကြောင့်ထင်တယ် ချက်ချင်း နှစ်နှစ်ချိုက်ချိုက် အိပ်မောကျသွားခဲ့တယ် ။
ခဏလောက်အကြာမှာ ကျွန်တော် အိမ်မက်လိုလို တကယ်လိုလို နဲ့ ကျွန်တော်နားထဲမှာ တော်တော်ကို ဆူညံတဲ့ ခွေးအူသံတွေကြာလိုက်ရတယ် ပြောရရင် တစ်မြို့လုံးက ခွေးတွေများ တစ်ပြိုင်တည်း သံပြိုင် အူနေကြသလားမှတ်ရတယ် ။ “ အူ……….. အူ……… ” မနှစ်မြို့စရာကောင်းတဲ့ ခွေးအူသံတွေကြောင့် ကျွန်တော်ဆက်အိပ်မရတော့ဘူး ၊ နားတွေဆူလာသလို ခံစားရတာနဲ့ ကျွန်တော် မျက်စိနှစ်လုံးကို ဖွင့်လိုက်မိတယ် ၊ ပြီးတော့ ကျွန်တော့်ခေါင်းအုံးဘေးနားက ဖုန်းကို စမ်းပြီးတော့ နာရီကြည့်လိုက်တယ် … “ အန်…… ” နာရီကို ကြည့်ပြီး ကျွန်တော်တော်တော် ကြောင်သွားမိတယ် ၊ မျက်လုံးတွေသေချာ ပြူးကြည့်တော့လည်း ဒီတိုင်းပဲ ကျွန်တော် အိပ်နေတာ ကျွန်တော်သိတယ် အနည်းဆုံးတော့ သုံးလေးနာရှိလောက်ရှိရမှာကို အခုနာရီကိုကြည့်တော့ နာရီက ( ၂ နာရီ ၁၀ မိနစ် ) ပဲရှိသေးတယ် …။ ဒါဆို ကျွန်တော် ( ၆ မိနစ် ) လောက်ပဲ အိပ်လိုက်ရတာလား…. ။
ဒီလိုမျိုး ကျွန်တော် ေ၀၀ါးနေတုန်း နာခေါင်းထဲမှာ အပုတ်နံ့ တစ်မျိုးရလာတယ် .. တော်တော် ဆိုးရွားတဲ့ အနံ့မျိုးဗျ ၊ ကြွက်ပုပ်တာထက် အဆများစွာ နံတယ် ၊ ဆိုးရွားနဲ့ ပုပ်စော်ကြီးကို မခံနိုင်တာနဲ့ ကျွန်တော်လည်း ချက်ချင်း လက်နဲ့ နှာခေါင်းကို ညှစ်ထားမိလိုက်တယ် ။ ခွေးတွေကလည်း သံပြိုင် အူနေကြတုန်း တခါတခါများ ဆွဲဆွဲငင်ငင် အူလိုက်ရင် မကြောက်တတ်တဲ့ ကျွန်တော်တောင် ကြက်သီးတွေထပြီး လိပ်ပြာပါလွင့်ချင်မိတယ် လူတစ်ကိုယ်လုံး အေးခနဲ ဖြစ်ဖြစ်သွားတယ် ။ အပုပ်နံ့ကလည်း ပိုပိုဆိုးလာတော့ ကဗျာကယာ ခြင်ထောင်ဘေးနားက ကျွန်တော် သချိ င်္ုင်း ကယူလာတဲ့ ရေမွှေးကို အလွယ်ဖြန်းလိုက်တယ် ၊ … ရေမွှေးလည်း ဖြန်းလိုက်ရော အပုပ်နံ့က လောင်နေတဲ့မီးထဲကို မီးစာတွေ ပစ်ထည့်လိုက်သလိုမျိုး ထောင်းခနဲ ထောင်းခနဲ ထွက်လာပါလေရော ၊ အဟုတ်ကို .. ရေမွှေးဖြန်းကာမှ ပိုဆိုးလာတယ် ။ အဲ့ဒါနဲ့ ကျွန်တော်လည်း ဘယ်လိုမှ အိပ်မရတဲ့အဆုံး ဆက်မအိပ်တော့ပဲ ဖုန်းနဲ့ ရေမွှေးပုလင်းကို ယူပြီး အိမ်အောက်ထပ်က အစ်မတို့လင်မယား အခန်းဘေးက ဧည့်သည် အခန်းအလွတ်မှာ ၀င်အိပ်လိုက်တယ် ။ အောက်ထပ်ဆင်းတော့မှ သိသိသာသာ အပုပ်နံ့က ပျောက်သွားခဲ့တယ် ၊ ထူးခြားချက်ပဲ ။
အဲ့ဒီနေ့ညကတော့ ခွေးအူသံတွေနဲ့ ကြိုးစားအိပ်ခဲ့ရတယ် … ။ မနက်မိုးလင်းတော့ အစ်မပြန်လာတယ် ယောက်ဖကတော့ ပါမလာဘူး ၊ ကျွန်တော့်ကို အဆင်ပြေလား ဘာထူးခြားလည်း မေးမြန်တော့ ကျွန်တော်လည်း ညက အပေးထပ်မှာ ကြွက်သေနေလားမသိဘူး ၊ အပုပ်နံ့နံလို့ဒီမှာ ညအိပ်ဖြစ်တဲ့အကြောင်းပြောလိုက်တယ် ။ အစ္မက “ နင့်အစ်ကိုက သက်သာပြီးမှ ပြန်ဖြစ်နေလို့ ညတွင်းချင်းကြီးအရေးပေါ်ပြန်ကုနေရတယ် ဒီညလည်း အစ်မ ဆေးရုံည သွားစောင့်ရမယ် သူသက်သာရင် ဒီည ဆေးရုံဆင်းခဲ့မယ် မောင်လေး အိမ်မှာသေချာ စောင့်နေကြားလား ” “ ဟုတ်ကဲ့ပါ အစ်မ စိတ်ချပါ ” ကျွန်တော်အိပ်ယာနိုးတော့ အ၀တ်အစားလဲ ရေမိုးချိုးဖို့ ကျွန်တော့် အခန်းကိုပြန်သွားတော့ ထူးထူးခြားခြား ဘာအနံ့မှ မရတော့ပြန်ဘူးဗျ ၊ ညကတော့ နံလိုက်တာဆိုတာ မပြောပါနဲ့ ၊ အဲ့ဒါနဲ့ ကျွန်တော်လည်း ဒီညတော့ အစ်မတို့ကို စောင့်ရင်း ကိုယ့်အခန်းမှာ ကိုယ်အိပ်မယ်ဆိုပြီး ဆုံးဖြတ်ထားလိုက်တယ် ။ အဲ့ဒီနေ့က အစ်မတို့ အချိန်မရွေးပြန်လာနိုင်တာကြောင့် ကျွန်တော် အပြင်မသွားဖြစ်ခဲ့ဘူး ။ ညနေ၀င်ရီတရောအချိန်ကစပြီး ညသန်းခေါင် ကျွန်တော်အိပ်ခါနီးအထိ ခွေးတွေ အူလိုက်ကြတာများ … မသိရင် ကျွန်တော်တို့အိမ်တစ်အိမ်တည်းကို ထိုးထိုးပြီး အူနေကြသလားအောက်မေ့တယ် … ။
ညတော်တော်နက်တဲ့အချိန် အအိပ်စက်တဲ့ ကျွန်တော့်နားထဲ ခြေသံတစ်ခုကိုကြားလိုက်ရတယ် ၊ ကျွန်တော်လည်း စိတ်ထဲမှာ သူခိုးကပ်တယ်ထင်ပြီး မျက်လုံးကို မသိမသာဖွင့်ကြည့်လိုက်တော့ ဘုရားဘုရား…. လူသုံးယောက် … ကျွန်တော့် ခြင်ထောင်ဘေးနားက ကပ်ပြီး ခေါက်တုံ့်ခေါက်ပြန် လမ်းလျှောက်နေကြတာဗျ အမှောင်ထဲဆိုတော့ ကျွန်တော်ထင်တာ သူခိုးလေ …. ကျွန်တော်လည်း ကြောက်ပြီး “ သူခိုး…….. ” လို့ အသားကုန်ကြုံးအောလိုက်မိတယ် ၊ ဒါပေမယ့် ဆန်းကျယ်တာက ကျွန်တော်ထင်ထားသလို ကျွန်တော့် ပါးစပ်က အသံထွက်မလာခဲ့ဘူး ၊ ကိုယ်တွေ လက်တွေ ခြေတွေကလည်း လုပ်မရဘူး ကြောက်စိတ်ကလည်း စိုးမိုးလာပြီ ငယ်ငယ်က ဘီလူးစီးရင် သရဏဂုံရွတ်ဖို့ အမေသင်ပေးထားတာကို မှတ်မိသွားတာနဲ့ ကျွန်တ်ာလည်း သရဏဂုံကို စိတ်ထဲကနေ အာရုံပြုရင်း ရွတ်ဆိုလိုက်တယ် … “ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဓမ္မံ သရဏံ ဂစ္ဆာမိ သံဃံ သရဏံ ဂစ္ဆာမိ ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ” လို့ရွတ်ဆိုလိုက်တော့ ကျွန်တော့် တစ်ကိုယ်လုံး အရင်အတိုင်းပြန်ဖြစ်သလာတယ်အသံကတော့ သိပ်မထွက်ချင်သေးဘူး ၊ ကျွန်တော်လည်း ခြင်ထောင်ဘေးက မီးခလုပ်ကို လက်လှမ်းပြီး ဖွင့်လိုက်တော့… “ ထောက် …. ” ကျွန်တော်မြင်လိုက်ရတာက တစ်သက် မမေ့နိုင်တဲ့ မြင်ကွင်း ကျွန်တော့် ကုတင်ဘေးနား… ကျွန်တော့် မျက်နာနားမှာ … ဆံပင်အရှည်နဲ့ မိန်းမသုံးယောက် ထိုင်နေတယ် ၊ သူတို မျက်နာတွေက ကျောက်ပြင်တစ်ခုလို ပြောင်ချောကြီးတွေ ၊ မျက်လုံးပါးစပ် နှာခေါင်း ဘာမှမပါဘူး ၊ အသားကြီးအတိုင်းပဲ ဗလာကြီးဗျ ပြောင်ချောကြီး …. ။ မိန်းမသုံးယောက်ဗျ .. ၊ သူတို့နဲ့ကျွန်တော်က လက်တစ်ထွာသာသာပဲ ကွာတယ် … ။
ကျွန်တော်လေ ကြောက်စိတ်ကို လုံး၀မခံစားနိုင်တော့ပဲ ကြောက်သေးတွေပါ အိပ်ယာထဲ ထွက်ကျခဲ့မိတယ် ၊ အော်လည်း မအော်ရဲဘူး အော်ရင်လည်း သူတို့က ကိုယ်ကို လည်ပင်းပဲညှစ်သက်မလား ဘာများလုပ်ကြမယ်မသိဘူး အရုပ်ကြီးတွေအတိုင်းပဲ ထိုင်ပြီးကျွန်တော့်ကိုကြည့်နေကြသလို …. ကျွန်တော်လည်း မျက်စိနှစ်လုံးကို မှိတ်ပြီး ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို အာရုံပြူထားပြီး သရဏဂုံ ကိုပဲ အကြိမ်ကြိမ်ရွတ် လူကလည်း တစ်ကိုယ်လုံး မလှုပ်ရဲဘူး မျက်စိလည်း ဖွင့်မကြည့်ရဲဘူး ကြောက်လွန်းလို့ မျက်ရည်တွေပါထွက်နေတယ် ။ အဲ့ဒီအချိန်မှာ ဘယ်အရာက ကိုးကွယ်ရာအစစ် အားထားရာ အစစ်ဆိုတာကို ကျွန်တော်သိလာတယ် ဘုရားရှင်ကိုလည်း အားထားမိတယ် ၊ ဒီလိုမျိုး ကျွန်တော် မျက်လုံးကြီးမှိတ်ပြီး သရဏဂုံ ရွတ်နေတာ ဘယ်လောက်ကြာသွားတယ် မသိတော့ဘူး နားထဲမှာ ခွေးအူသံတွေရော ၊ လူတွေ တောက် ခေါက်တဲ့ အသံတွေရော … နာခေါင်းထဲမှ အပုပ်နံ့တွေပါ ရနေ ကြားနေရာကနေ တဖြည်းဖြည်း သက်သာလာတယ် … ၊ အနံ့တွေကလည်း ပျောက်သွားသလိုပဲ ၊ အသံတွေလည်း ငြိမ်သွားသလိုပဲ … ၊ ကြောက်စိတ်နဲ့ ကျွန်တော် ဘုရားရှင်ရဲ့ အေးချမ်းတဲ့ မျက်နာတော် ၊ ပုံတော်ကို အာရုံပြုရင်း သရဏဂုံ ကိုပဲ အခေါက်ခေါက်အခါခါ ရွတ်နေမိတယ် ၊ တခဏတာ ကျွန်တော် အေးချမ်းသွားသလို ခံစားမိတယ် ။
“ မောင်လေး…မောင်လေး… ” “ နင်သတိရလာပြီလား .. ” ကျွန်တော့် ပတ်၀န်းကျင်မှာ လူတွေ အုံ ်ပြီးကြည့်နေကြတယ်… ကျွန်တော်ဘာဖြစ်သွားတာလဲ …. ကျွန်တာ့်ကိုကြည့်နေကြတာ ကျွန်တော့် အစ်မနဲ့ အိမ်နီးချင်းတွေ … “ ကျွန်တော်… ကျွန်တော် ဘာဖြစ်သွားတာလည်း .. ” အစ်မက ကျွန်တော့် အမေးကို “ မောင်လေး နင့်အိမ်မှာ သူခိုးဆိုပြီး နင်အော်လိုက်လို့ ပတ်၀န်းကျင်ကလူတွေရောက်လာကြတာ အစ်မ အမျိုးသားက သက်သာလို့ ညတွင်းချင်း ဆေးရုံက ဆင်းလာကြတာ အစ်မတို့ရောက်တော့ အိမ်မှာ လူတွေအများကြီးမြင်ရတာပဲ သူတို့ပြောတော့ အိမ်တံခါးကြီးကလည်း သော့ပွင့်နေတယ်တဲ့ သူခိုးလိုက်ရှာတာ မတွေ့ဘူးတဲ့ နင်က အိပ်ယာထဲမှာ ရှူ းရှူ းတွေပေါက်ချပြီး သတိလစ်နေတာကို သူတို့တွေလိုက်ပြီး ဆရာ၀န်တွေပင့်ပြီး ကုပေးထားကြတာ … ” အစ်မ စကားဆုံးတော့ ကျွန်တော် ပတ်၀န်းကျင်ကိုကြည့်ရင်း စဉ်းစားမိတယ် ငါအော်လိုက်သေးလို့လား…. အိမ်တံခါးကလည်း သော့ခတ်ထားတာပါ… ငါ့မေ့နေလို့လား…. နောက်မှ ကျွန်တော်ရိပ်စားမိတာ သရဏဂုံ ရဲ့ တန်ခိုးအစွမ်းတွေဆိုတာကို … ။
ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုလည်း ပိုပြီး ကြည်ညိုမိတယ် ။ ကျွန်တော်တို့အိမ်မှာ လူတွေရှင်းသွားတော့ အစ်မကို ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်တယ် အစ်မလည်း အံ့သြပြီးတော့ ကျွန်တော့်ကို ဆူတယ် မသေကောင်းမပျောက်ကောင်း ဆိုပြီး နောက်ပေါက်ကရမလုပ်ဖို့လည်း သူမှာတယ် ။ ကျွန်တော်လည်း တစ်နေ့ညက စီရင်ထားတဲ့ ရေမွှေးပုလင်းကို ရိုက်ခွဲပစ်လိုက်တယ် ။ အစ်မကတော့ သံဃာတော် ငါးပါး အိမ်ကို ပင့်ပြီး ဆွမ်းကပ်တယ် ၊ နောက်ပြီး အန္တရယ်ကင်း ပရိတ်တရားတော်ကို ချီးမြင့်ပေးဖို့ လျှောက်ထားတယ် ၊ သံဃာတော်တွေကလည်း ချီးမြင့်ပေးခဲ့တယ် ။ အားလုံးပြီးတော့ ရေစက်ချ အမျှဝေ ပေးလိုက်တယ် … ။ အခြားသူငယ်ချင်းတွေကတော့ ပီယဆေးအစွမ်းနဲ့ ဝိုင်းဝိုင်းကို လည်နေတာပဲ ၊ ကိုယ်ကခေါင်းဆောင်မို့ထင်တယ် ၊ ပိုပြီး ဝိုင်းဝိုင်းလည်တယ် သရဲဆိုတာ တစ်ကောင်တည်းကိုမဟုတ်ဘူး သရဲမ သုံးယောက်လေ နဖူးတွေဒူးတွေ့ကို ခံလိုက်ရတယ် ၊ ဘုရားကယ်ပေလို့သာ…. ။ ကျွန်တော့် ဇာတ်လမ်းလေး အပြီးမှာတော့ နားထောင်နေကြတဲ့ ဒုလ္လဘ ကိုယ်တော်တွေ အတော်လေး အံ့သြ ထိတ်လန့် ခြောက်ခြားနေကြတဲ့ ပုံတွေ ဖြစ်နေကြပြီး တစ်ချိန်တည်းမှာ သရဏံဂုဏ် ရွတ်ဆိုလိုက်ရင်း ဘုရား၀တ်ပြု ုပြီး အိပ် ခဲ့ကြတယ် … ။
စာဖတ်သူတို့ရော … ကျွန်တော်လို့ အဖြစ်မျိုး ကြုံမှ ဘုရားတရား သတိရမှာလား …. စာဖတ်သူတို့ ကုတင်ဘေးမှာ ကျွန်တော်ကြုံခဲ့ရတဲ့ မျက်နာပြောင်ကြီးတွေနဲ့ သရဲမတွေ ရောက်နေရင်ရော.. ဘယ်လိုဖြေရှင်းကြမှာလည်း … ။ #END { ယခုရေးသားခဲ့သော ဖြစ်ရပ်မှန် ဇာတ်လမ်းလေး ကို ရေးသားခွင့်ပြုခဲ့တဲ့ Bro “ Tun Nay Lin ” ကို ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျာ ။ အထက်ပါ ဇာတ်လမ်းလေးထဲမှာ အမှန်တကယ် ပါ၀င်ခဲ့သူ နေရာကနေ ခံစားပြီးရေးသားထားပါတယ် ၊ ၀ါသနာအရ ရေးသားတာဖြစ်တဲ့အတွက်ကြောင့် အမှားအယွင်းများ ရှိခဲ့ရင်လည်း ခွင့်လွတ်နားလည်ပေးကြပါ ၊ ဝေဖန်မှုတွေကိုလည်း အမြဲ ကြိုဆိုလျှက်ပါ ခင်ဗျာ ….. ။ } ~မိုးစွေ ~
Leave a Reply