သေရွာပြန် ဦးရေခဲ (ဖြစ်ရပ်မှန်)
ဤလောကတွင် ယုံကြည်ရခက်ခဲသော အကြောင်းရပ်များ ရှိသည့်အနက် ယခု တင်ပြမည်ဖြစ်သောသေရွာပြန် ဦးရေခဲ၏ အကြောင်းမှာ အံ့ဖွယ်တစ်ရပ်ပင်ဖြစ်ပါသည်။ အသက် ၅ရ နှစ် ရှိပြီဖြစ်သော ဦးရေခဲသည် အဘ ဦးနှင်းမောင် ။ အမိ ဒေါ်သိန်းတင်တို့၏ သားသမီး ခုနှစ်ဦးအနက် အကြီးဆုံးဖြစ်သည်။ မွေးဇာတိမှာ မင်းလှမြို့ဖြစ်ပြီး လွန်ခဲ့သည့်နှစ် (၃၀)ခန့်မှစ၍ ယခု နေထိုင်ရာ သုံးခွမြို့သို့ ရောက်ရှိခဲ့ပါသည်။ ဦးရေခဲသည် ဇနီးသည် ဒေါ်အေးရွှေနှင့် သားသမီး ခြောက်ယောက်တို့ကို ဆိုက်ကားနင်း၍ လုပ်ကိုင်ကျွေးမွေးခဲ့သည်။ ယခုအမည် ဦးရေခဲသည် သုံးခွမြို့ကပေးသော အမည် ဖြစ်ပါသည်။ အမည်ရင်းမှာ ဦးအောင်ကြည်ဖြစ်သည်။ ဆိုက်ကား နင်းစားရသော်လည်း တရားမဲ့သော လုပ်ကိုင်ပြောဆိုမှုကို စိတ်ပင်မကူးခဲ့။ ခပ်အေးအေးပင်နေတတ်သည်။ တစ်ကြိမ်က အိမ်ပေါ်ထိုင်နေစဉ် လူငယ်နှစ်ဦးက မည့်သည်အချက်ကြောင့် မသိ။
အိမ်ပြင်မှ လာ၍ တုတ် ဓါးများကိုင်ကာ ဆင်းခဲ့ရန် စိန်ခေါ်သည် သူက ပုံမပျက်ပင် ထိုင်လျက် “မင်းတို့ မကျေနပ်စရာ ငါတော့ဘာမျှ မလုပ်မိပါဘူးကွာ မကျေနပ်ဘူး ဆိုရင် ကြိုက်သလိုလုပ်ကြပါ ငါကတော့ ဘာမှ ပြန်မလုပ်ပါဘူးကွာ” ဟု အေးဆေးစွာ ပြော သည် ။ အိမ်နီးပါးချင်းများကပင် မကျေနပ်ကြ ။ တစ်ဘက်သတ် ရန်ဖြစ်သည် ဖြစ်၍ လူငယ်နှစ်ဦးမှာလည်း ပြန်သွားကြသည်။ ထိုအချိန်မှစ၍ ရေခဲတုံးလို အေးတဲ့လူဆိုပြီး အမည်ရင်းကို မခေါ်ကြတော့ဘဲ ဦးရေခဲဟု တွင်ခဲ့တော့သည်။ သူ့သတင်းကြားကစပင် စိတ်ဝင်စားခဲ့၏။ ယခုနှစ် ဝါဆိုလပြည့်နေ့ကမူ သုံးခွမြို့သွား မိတ်ဆွေများဖြစ်သော ဦးမောင်မောင် ဦးလှမြိုင်တို့နှင့် သုံးခွမြို့ (၃)ရပ်ကွက် လောကမာရဇိန် ဘုရားကြီးအနီးနေ သူ့အိမ်သို့ သွားခဲ့သည်။ ဦးရေခဲသည် ဥပုသ်စောင့်ပြီး တန်ဆောင်ထဲတွင် တရားထိုင်နေ၍ ခေတ္တစောင့်ရသည်။ “လာရင်းကိစ္စ သိပါရစေခင်ဗျာ” “ကျနော်ကတော့ ရန်ကုန်ကပါ ဟိုးလွန်ခဲ့တဲ့ သုံးနှစ်ကျော်က ထူးဆန်းစွာ တွေ့ခဲ့ရတဲ့ ဦးရေခဲရဲ့ အတွေ့အကြုံကို သိလိုလို့ ဖြစ်ပါတယ် နောက် ဒီအကြောင်းကိုလည်း စာစောင်တစ်ခုခုမှာ အများဗဟုသုတဖြစ်ဖို့ ပြန်လည်တင်ပြချင်လို့ ကျေးဇူးပြု ပြောပြပါခင်ဗျာ” ဦးရေခဲသည် ကျနော်တို့သုံးဦးကို အကဲခတ်သလို ကြည့်သည်။
အနီးတွင်ရှိသော စုတ်နေသည့် မွေ့ရာကို ကြည့်သည်။ ပြီးမှ … “ဟုတ်ကဲ့ ကျနော်ပြောပြပါ့မယ် တစ်ခုတော့ ကြိုတင်တောင်းပန်ပါရစေ ။ ဒီအထဲမှာပါတဲ့ နာမည်တွေကိုတော့ မပြောပါရစေနဲ့။ ဒါတွေဟာ ပုဂ္ဂိုလ်ရေးတွေမို့ပါ။ ဒီမြို့သားဆို သူတို့ သိပါတယ်” ကျနော်နှင့်ပါလာသူ မိတ်ဆွေနှစ်ဦးကိုကြည့်၍ ပြောသည်။ မိတ်ဆွေများကလည်း ပြိုင်တူခေါင်းညိတ်၍ ထောက်ခံကြသည်။ နောက်မှ သိရသည်က အခုသက်ရှိ ထင်ရှားဆွေမျိုးရင်းတွေ ဖြစ်နေ၍ အမည် ထုတ်ဖော်ပြောသည်ကို လက်မခံဟု သိရပါသည်။ “ဖြစ်ပုံက ဒီလိုဗျ ဟောဒီဟာ အဲဒီတုန်းက ကျနော်အိပ်တဲ့ မွေ့ရာဖြစ်လို့ စုတ်ပေမဲ့ လွှင့်မပစ်ဘဲ ခုလဲ ဒီနေရာမှာပဲ အိပ်နေပါတယ်။ ကျနော်ဖြစ်ခဲ့တာက ၁၃၄၇ ခုနှစ်။ တန်ဆောင်မုန်းလဆန်း (၁)ရက်နေ့ ဖြစ်ပါတယ် ဒီလိုမဖြစ်ခင် တစ်နှစ်လောက်ကတည်းက ရောဂါမယ်မယ်ရရ မရှိဘဲ တရှောင်ရှောင် ဖြစ်နေခဲ့တယ်။ ဆေးရုံ ဆေးခန်းနဲ့ ရှိတာလေးတွေ ရောင်းချလေးတွေ ရောင်းချကုတာ ငွေတစ်ထောင်ကျော်လောက်သာ ကုန်တယ်။ ဘာမှ မထူးခြားဘူး ။ ခုလို ဖြစ်လို့ ၄၉င်္ံ ရက် အလိုမှာတော့ ထမင်းကို စားဖို့ ဝေးလို့ အနံ့တောင် မခံနိုင်ဖြစ်လာတယ် တဖြည်းဖြည်း ဖြစ်လာတာက အရည်တောင် နှစ်ခွက်သောက်လို့ မရဘူး။ မတ်ခွက်နဲ့သောက်သောက် လက်ဖက်ရည်အကြမ်း ပန်းကန်လေးနဲ့ သောက်သောက် တစ်ခွက်ပဲ။ နှစ်ခွက်ဆက်သောက်ရင် အန်ပစ်တာပဲ။ ဒါကိုသိတော့ အိမ်က လူတွေက များများ ဝင်အောင် နွားနို့ကို မတ်ခွက်ကြီးနဲ့ တစ်နေ့တစ်ခွက် တိုက်ကြတယ် ကျနော့်စိတ်ကလလဲ လူတွေနဲ့ စကားမပြောချင်ဘူး ခြင်ထောင်ထဲမှာပဲ နေချင်တယ် ထူးခြားစွာ ဖြစ်မယ်နေ့ ညနေ့ (၃)နာရီလောက်စပြီး ရင်ထဲမှာ နေမရအောင် ပူလောင်လာတာပဲ။
နောက်တော့ မွေ့ရာပေါ်မှာ လူးလှိမ့်နေတယ်။ ဆရာဝန်ခေါ်ကုတယ် မရဘူး။ ဝေဒနာ ခံစားရလွန်းလို့ သတိမရတစ်ချက် ရတစ်ချက် ဖြစ်ရာက ညဘက်ရောက်လာပြီး အိမ်အမိုးကို ကြည့်လိုက်တော့ ဓနိပေါက်ပြဲနေတာတွေကို မြင်တယ်။ တစ်ခါမျှ မပေါ်ဘူးတဲ့ ထူးထူးခြားခြားရသော ကောင်းတာတွေကကောင်း ပျက်တာတွေကပျက် ငါလဲ ပျက်ရတော့မယ် ထင်တယ်လို့ သံဝေဂရတယ် အဲဒီလိုနေစဉ် လူက ငြိမ်သွားပြီး မေ့ဆေးပေးခံရသူလို တဖြည်းဖြည်း အသိတွေ အာရုံမှာ လျော့လာတယ် သုံးခွစျေးက ခေါက်လိုက်တဲ့ နာရီသံ ရှစ်ချက်ကို ကောင်းကောင်းကြားလိုက်ရပြီး ခဏနေ ကျနော်တို့ လမ်းထိပ်က နာရီသံတော့ ခြောက်ချက်သာ ကြားရပြီး လုံးဝ သတိမေ့သွားတာပဲ။ ခြေ ။ လက်။ ကိုယ်လုံး ကိုယ်ထည် ကျနော့်ထက် ကြီးမားတုတ်ခိုင်ပြီး ခါးတောင်းမြှောက်နေအောင် ကျိုက်ထားတဲ့ လူကြီးတစ်ယောက် အိမ်ပေါက်ဝမှ လာပြီး… “ဟေ့ကောင် လာခဲ့” လို့ အသံမာမာနဲ့ ခေါ်တာပါပဲ။ အဲဒီလူကြီးရဲ့ မျက်နှာက ခက်ထန်ပြီး အားခွန်ဗလကလဲ ကျနော့်ထက်များစွာ ကွာခြားနေတဲ့အတွက် “အင်း ငါခုခံလို့လဲ နိုင်မှာမဟုတ်ဘူး။ အသာတကြည် လိုက်တာပဲ ကောင်းပါတယ်” လို့ ဆုံးဖြတ်ပြီး သူ ခေါ်ရာကို ထလိုက်ခဲ့တာပဲ။ ကျနော် ခုဆက်ပြောမယ့် တွေ့ခဲ့တဲ့ အကြောင်းအရာတွေကတော့ ရုပ်ရှင်ထဲကလိုလို မျက်လှည့်ပြနေသလိုလိုပါပဲ။ ဟောဟို မြောင်းကူးတံတားလေး ဟိုဘက်လဲရောက်ရော လေးပေလောက်ရှိတဲ့ ခပ်သေးသေ အုန်းတုံးကလေး သုံးခုဟာ ကြိုးမချည် သံမစွဲဘဲ တွဲလျက်ရှိနေတယ်။
လူကြီးက ကျနော်ကို “အဲဒီပေါ် ထိုင်လိုက်” လို့ပြောတယ် အဲဒီပေါ် ကျနော် သူခိုင်းတဲ့အတိုင်း ထိုင်လိုက်တယ် ဆိုရင်ပဲ ဘာမှ မပြောတော့ဘဲ သူက ရှေ့ကလျှောက်သွားတော့ နောက်က ကျနော်ထိုင်နေတဲ့ အုန်းတုံးကလေး သုံးခုဟာ ဘီးတပ်ထားတဲ့ ယာဉ်လိုပါသွားတယ်။ ကျနော့်စိတ်ထဲမှာ ဘယ်လိုဖြစ်တာပါလိမ့်မလဲလို့ တွေးရင်း လိုက်သွားရာက မြေကြီးပေါ်မှာ တဖြည်းဖြည်း သွားနှုန်းက မြန်လာတယ်။ အနေအထားကလဲ ဖြည်းဖြည်းချင်း နိမ့်ဆင်းသွားတယ်လို့ ထင်ရတယ် ။ သူက ခြေတစ်လှမ်းချင်း လျှောက်နေတာ မှန်ပေမယ့် ကျနော်ထိုင်နေတဲ့ အုန်းတုံးကလေးကတော့ ရိပ်ရိပ်တန်းအောင် မြန်နေတယ် တော်တော်သွားမိတယ်ဆိုရင် မြေကြီးပေါ်မှာ ရှိနေတဲ့ သစ်ပင်တွေ ဘာတွေ မမြင်ရတော့ဘဲ ဟင်းလင်းပြင် ကွက်လပ်ကြီးထဲကို ရောက်လာတယ် ရှေ့မှာ ဝင်းကြီးလို ကာရံထားတာကို တွေ့ရတယ် တဖြည်းဖြည်း နီးလာတာနဲ့ အထဲက ဆူညံ အော်ဟစ်လိုက်တဲ့ အသံတွေဟာ ကြက်သီး မွေးညင်းထအောင် ကြောက်စရာ ကောင်းတဲ့ အသံတွေကို ကြားရတယ်။ အနားလဲရောက်ရော ကျောက်တောင်ကြီးလို အပြားကြီးနှစ်ချပ်က တံခါးလို အတွင်းကို ပွင့်သွားတယ် လမ်းမကြီးပဲ ဖြူးနေတယ် ။ အတွင်းဝင်မိတယ် ဆိုရင်ပဲ အပူရှိန်ဟပ်သလို ရှိန်းခနဲ ဖြစ်ပြီး ပူလာတယ် စောစောက အော်သံတွေဟာ ဒီထဲရောက်တဲ့အခါ မကြားတော့ဘူး ။တော်တော် သွားမိရင် ပထမဆုံး တွေ့တာက တုံးလုံးလဲနေတဲ့ ယောင်္ကျား။ မိန်းမတွေကို ဦးခေါင်းကိုချည်း လိုက်ရိုက်နေတဲ့ နေရာပဲ။ တစ်ဆက်တည်း အချို့နေရာမှာတော့ ထိုင်လျက် ပါးစောင်နှစ်ဘက်ကို သံချိတ်နဲ့ ဆွဲဟထားတယ်။
ကျနော်က သိချင်တဲ့အတွက် မေးမလို့ စိတ်ကူးရုံရှိသေးတယ် ခေါင်းရိုက်တဲ့ဟာတွေက … “မင်းလူပြည့်ကျမှ သိမယ်။ ပါးစပ်ချိတ် ထားတာက နှုတ်ကြမ်းသူတွေ’ လို့ က လူကြီးက ပြောတယ် ငရဲဆိုရင် နှိပ်စက်သူက တစ်ဘက်။ ခံရသူက တစ်ဘက်လို့ ကျနော်ထင်ခဲ့တယ် ဒီလိုချည်း မဟုတ်ဘူး။ အချင်းချင်းနှိပ်စက်ရတာလဲရှိတယ်။ ခုတွေ့တဲ့နေရာဟာ လူနှစ်ယောက်တစ်တွဲ အချင်းချင်း အပြန်အလှန် တစ်ချက်စီ ရိုက်နေတာကိုတွေ့တယ် “အဲဒါ မင်းတို့ဆီမှာ ကြက်တိုက်သူတွေပေါ့” ရှေ့က လူကြီးက ပြောတယ် ကျနော်တို့ ငယ်စဉ်က လူကြီးသူမတွေက ဒါမလုပ်နဲ့ ငရဲအိုးထဲ ဇောက်ထိုးကျလိမ့်မယ်လို့ ပြောရင် မိုးဗြဲဒယ် အကြီးစားကို မျက်စိထဲ မြင်လာတယ် ဆီတွေနဲ့ ကြော်မှာပဲလို့ ထင်ခဲ့တယ် တကယ်တွေ့ရတော့ ငရဲအိုးမှာ မဟုတ်ပါဘူး အိုးနှုတ်ခမ်းအရောင်မှာ စဉ့်ရောင်ဖြစ်ပြီး လူကြီးက ပို့လို့ ရောက်သွားတဲ့အခါ မည်မျှ ကျယ်လဲ မသိ။ ကျနော်ရောက်နေတဲ့ နှုတ်ခမ်းသာ မြင်ရတယ် ကျန်သုံးဖက်နှုတ်ခမ်းကို လှမ်းကြည့်လို့ပင် မမြင်ဘူး။ မီးတွေဖိုပြီး တည်ထားတာလဲ မဟုတ် ။ ကန်ကြီးလို ဖြစ်နေတယ်။ ကြည့်လို့မဆုံးနိုင်တဲ့ ပြင်ကြီးထဲမှာ ယောင်္ကျား မိန်းမတွေဟာ အလိပ်လိုက် ရေနွေးပူထဲမှာ လှိမ့်ပြီး ပူလောင်မှု ဒဏ်ကို ခံနေကြရတယ် ရေနွေးပူ ဆိုပေမယ့် အဲဒီမှာ တွေ့ရတာက အချို့နေရာမှာ အုတ်နီမှုန့်ရောင် နီကြန်ကြန်ပျစ်ချွဲချွဲ အချို့နေရာမှာတော့ ခဲပုပ်ရောင်လို့ ပျစ်တွဲတွဲတွေ ဖြစ်ပါတယ်… လူကြီးက ကျနော့်ကိုပြပုံမှာ တစ်ခုကတစ်ခု ကျော်လွှားပြပုံများ မဟုတ်။ မြင်စေချင်တဲ့ အရာကို ပြလျက် နောက်တစ်ဘက် သွားပြလိုက် အဲဒီလိုမျိုး။
ကျနော် မေးချင်တဲ့နေရာကျ ရပ်ပေးတယ် တစ်နေရာမှာတော့ ငရဲခံရတဲ့လူတွေက မတ်တတ်ရပ်လျက် နှိပ်စက်သူတွေက လက်ရိုက်တုတ်လို သစ်သားတုတ်ကြီးနဲ့ ဘယ်ပြန်ညာပြန်ရိုက်တာပဲ။ အံ့သြစရာကောင်းတာက အဲဒီမှာ ကျနော်သိတဲ့ အဘိုးကြီးတစ်ဦးကို တွေ့တယ် “ဆရာကြီး ခင်ဗျာ ဘယ်လိုဖြစ်တာလဲ” ကျနော်က မေးတော့ ထူးခြားမှုက ကျတော်က သူ့ကိုကြည့်ပြီး မေးပေမယ့် သူက ကျနော်ကို တိုက်ရိုက်မဖြေဘူး။ ရှေ့က လူကြီးကို ပြောတယ်။ သူတို့ချင်း ပြောတဲ့ အသံလဲ မကြားရပါဘူး။ ပါးစပ်လှုပ်တာသာ တွေ့တယ်။ ပြီးမှ ဟိုလူကြီးက အသံထွက်ပြီး ကျနော့်ကို ပြန်ပြောတယ် အဲဒီမှာတွေ့လို့ မေးတဲ့ လူတိုင်းဟာ သူကတဆင့်သာ ပြန်ပြောတယ်။ “ဒီလို ခံရတာ တခြားကြောင့် မဟုတ်ပါဘူး ဟိုတုန်းက ရေကန်တူးဖို့ အလှူခံတဲ့ငွေတွေထဲက ဆေးလိပ်ဝယ်သောက်မိလို့ ဖြစ်ပါတယ် သူသိမ်းထားခဲ့တဲ့ ပစ္စည်းကိုးမျိုးရှိတယ် မင်းပြန်ရောက်ရင် အဲဒါတွေ ရောင်းချပြီး တစ်ဝက်ကိုစား တစ်ဝက်ကို လှူပါ လှူရာမှာလည်း ကန်တူးဖို့ ကျောင်းဆောက်ဖို့ ကိစ္စများမှာ လှူပါ ကုသိုလ်အမျှဝေတဲ့အခါ ငရဲမင်းကြီးနဲ့ သူ့ကိုသာ အမည်ခေါ်ဝေပါလို့ မှာတယ်။သုံးဆယ့်တစ်ဘုံတို့ ဘာတို့ မမှာဘူး” အဲဒီမှာ ကျနော်နဲ့ အမေးအဖြေလုပ်ရတဲ့ လူတိုင်းက ဒီလိုပဲမှာတယ် တစ်နေရာမှာတော့ စဉ့်ရောင် ကရားအိုးနှင့် ရေနွေးပူတွေကို ခပ်ပြီး ဟထားတဲ့ ပါးစပ်တွေထဲကို လိုက်လောင်းတယ်။ တွေ့ရတဲ့ နေရာတိုင်းမှာ တစ်ဦးချင်းတစ်ယောက်ချင်း မဟုတ်ဘူး။မျက်စိတဆုံး မရေမတွက်နိုင်အောင်များတဲ့ ယောင်္ကျားမိန်းမတွေချည်းပဲ။
လူပြည့်မှာ လူမှကျန်သေးရဲ့လားလို့ ထင်ရအောင် များတယ် ။အဲဒီမှာလဲ ကျနော်သိတဲ့ ကလေးမ တစ်ဦးကို တွေ့တယ် သူက ဘာကြောင့် ရောက်တာလို့ မပြောဘူး။ အိမ်မှာ သူသိမ်းထားခဲ့တဲ့ တစ်မတ်စေ့ တစ်စေ့ လက်စွပ်တစ်ကွင်း။ နားကပ်တစ်ရံနဲ့ တဘက်တို့ကို ပြလိုက်ပါ။ အဲဒါရောင်းပြီး သီလရှိသူတွေကို ကျွေးမွေးလှူဒါန်း၍ သူနဲ့ ငရဲမင်းကြီးကို အမျှဝေပါလို့ မှာလိုက်တယ် နောက်တစ်နေရာမှာ တချို့က ဓါးနဲ့ အခုတ်ခံရတယ် တချို့က အရှင်လတ်လတ် တုံးလုံးလှဲပြီး ဓါးနဲ့ အမွှန်းခံရတယ်။ အဲဒီမှာလဲ ဓါးမွှန်းခံရတဲ့ အသိမိန်းမကြီး တစ်ယောက်ကို တွေ့တယ်။ သူကတော့ လူ့ပြည်မှာ ရှိစဉ်က ပါးစပ်ကြမ်းပြီး ငါးအရှင်ကို ဓါးနဲ့ မွှန်းခဲ့လို့ ပြောတယ် ဘာမှ မမှာလိုက်ဘူး ။ နောက်တစ်နေရာမှာ ဓါးနဲ့ ရစ်ပြီး အရေခွံကို အရှင်လတ်လတ် ခွာနေတယ်။ အဲဒီမှာသိတဲ့ အဘိုးကြီးကတော့ နွားမသေမရှင် အရေခွံဖျက်ခဲ့တဲ့အတွက် အိမ်မှာ သူသိမ်းထားခဲ့တဲ့ စာရွက်စာတမ်းတွေကို နေရာနဲ့ တကွ ပြောတယ် ဟိုရောက်ရင် ပြောပြပြီး လှူပေးပါ။ သူနဲ့ ငရဲမင်းကြီးကို အမျှဝေပါလို့ မှာလိုက်တယ် နောက်တစ်နေရာမှာ ထန်းသီးခန့် မီးခဲလို ရဲရဲအလုံးကြီးတွေ ပါးစပ်ထဲခွံတယ်။ တစ်နေရာမှာ အဲသလို အရည်တွေ ပါးစပ်ထဲလောင်းတယ်။ မေးကြည့်တော့ ဘိန်းစား သူတို့နဲ့ အရက်သောက်သူတွေလို့ ပြောတယ်။ နောက် ထိုးလိုက်။ ရိုက်လိုက် ။ ခုတ်လိုက် အမျိုးမျိုးနေရသူတွေလဲ တွေ့တယ်။ တစ်နေရာမှာတော့ ကျနော်အသိ လူငယ်လေးတစ်ဦးဟာ ဆူးတွေနဲ့ အပင်ပေါ်ကို လူကြီးတစ်ဦးက ကြိမ်နဲ့ ရိုက်ပြီး တက်ခိုင်းတာ တွေ့ရတယ်။ သူကလဲ အိမ်မှာ သူဝှက်ထားတဲ့ ဖောင်တိန်။ သူ့သင်္ချာစာအုပ်နှင့် မြန်မာစာ စာအုပ်ငှားထားတဲ့ သူတွေကို နာမည်နဲ့ ပြောတယ်။ ကုသိုလ်ပြုပေးပါလို့လဲ မှာလိုက်တယ်။
သူတို့ အတူ ခံနေရသူတွေဟာ လူ့ပြည်တွင် နေစဉ်က သူတော်ကောင်းတွေကို နောက်ပြောင်ဆဲရေးသူများလို့ ပြောတယ်။ ကျနော်ရောက်ခဲ့တဲ့ နေရာများမှာ ငရဲအိုး သုံးနေရာတွေ့တယ် ပထမအိုးမှာ ခံနေရသူများက ရေနွေးအိုးထဲမှာ အလိမ့်လိုက် လှိမ့်နေကြတယ်။ ဒုတိယအိုးမှာ ဆူပွတ်နေတဲ့ သဘော ခံနေရသူတွေဟာ ပွတ်ပွတ်ဆူတဲ့ ရေနွေးအိုးထဲမှာ လက်ဖက်ခြောက်တွေလို ဖွားခနဲ ပေါ်လိုက် ။ မြုပ်သွားလိုက် ကျွမ်းထိုးမှောက်ခုံ မြန်လို့ အော်နေချိန်မရဘူး တတိယ နောက်ဆုံးအိုးမှာ ထူးခြားတာက အသားဖြူသူရော ။ အသားမည်းသူရော။ သူတော်စင်အဝတ်နဲ့ရော လူမျိုးစုံ တွေ့တာပဲ။ ဒါတွေတွေ့ပြီး ဆက်သွားတဲ့အခါ စိတ်မချမ်းမြေ့စရာတွေကို မတွေ့ရတော့ဘဲ အလွန်သာယာတဲ့ ဟင်းလင်းပြင်ကြီး။ အဖိုးတန် ကျောက်မျက်ရတနာများနဲ့ စီခြယ်ထားတဲ့ ဗိမာန်သုံးခု ။ ကျယ်ပြန့်ပြီး သစ်သီးဝလံများ ပန်းပွင့်ပန်းနွယ်များ ယှက်သန်းသာယာတဲ့ ကြည်နူးဖွယ် ဥယျာဉ်ကြီးကို တွေ့ရပါတယ် အဲသလို ပြန်လာတဲ့ လမ်းမှာ တစ်ဘက်က လွယ်အိတ်ကြီးလွယ် တစ်ဖက်က အနွယ်ပင်တွေပွေ့ပြီး လျှောက်လာတဲ့ ဆေးဆရာလို အဘိုးအိုတစ်ဦးကို တွေ့တယ်။ ဒီတစ်ခါ ကျနော်ရှေ့က လူကြီးက လှမ်းပြီး… “ဒီကောင့်ရောဂါ ဘာနဲ့ ကုရမလဲကွ” လို့ မေးတယ် ။ ဟိုဆရာကြီးက … “အလွယ်ကလေး သက်ရင်းကြီးလေးငါးရွက် သုံးခွက်တစ်ခွက်ကျို ။ ထန်းလျက်သုံးခဲလောက် ပစ်ထည့်။ ဆားမီးဖုတ်နဲ့သောက်။ ပျောက်ပေါ့ကွ” လို့ ပြောပြီး ဆက်သွားတာပဲ။ ကျနော်လည်း ဒီဆေးကို မေ့မသွားအောင် အကြိမ်ကြိမ်ရွတ်လာခဲ့တယ် ဒီနောက်တော့ လူကြီးက ရှေ့ကသွား ကျနော်ထိုင်နေတဲ့ အုန်းတုံးကလေးသုံခုက နောက်ကလိုက်နဲ့ အလာကထက်တောင် မြန်သေးတယ်။
ရိပ်ရိပ်တန်းပြီး နားရွက်ကို လေတိုးတာ မခံနိုင်အောင်ကို ဖြစ်တယ် သုံးခွပြန်ရောက်တဲ့အခါ ရုံးကို ပထမ မြင်ရတယ် နောက်တဖြည်းဖြည်း ကျနော်မူလက ထိုင်တဲ့ မြောင်းကူးကို ရောက်တယ် ။ ဟိုလူကြီးက ခပ်ထန်ထန်ပဲ … “ဟေ့ကောင် ဆင်းသွားတော့ ” လို့ပြောတာ ကျနော်လဲ ကပျာကယာ ဆင်းပြီး မြောင်းကူးတံတားလေးပေါ် လျှောက်ခဲ့တယ် တစ်ဝက်ရောက်လို့ နောက်လှည့်ကြည့်တဲ့အခါ အုန်းတုံးရော လူကြီးပါ မတွေ့ရတော့ဘူး တကယ်တော့ ကျနော်ပြောတာက ဘာမှမများ။ မကြာလိုက်ဘူးလို့ ထင်ရတယ် တန်ဆောင်းမုန်း လဆန်း (၁)ရက် နေ့ ည(၈)နာရီ သတိမေ့မြောသွားတာ။ ခု ကျနော် ပြန်တဲ့နေ့က တန်ဆောင်းလဆန်း (၃ )ရက်နေ့ နံနက် (၄)နာရီ ဖြစ်ပါတယ် ဒီမှာ ဖြစ်နေကြတာ သေပြီ ။ ဒါကြောင့် ကျနော်ခန္ဓာကိုယ်ကို ခြေမ လက်မ ပူးပြီး ကြိုးချည်ပြီး သေတ္တာပျက် သုံးလုံးပေါ်မှာ ပျဉ်ခင်းကာ အလောင်းစင် ပြင်ထားကြတယ် တစ်ရက်အကြာမှာ ခေါင်းသွင်းရေး မသွင်းရေး အငြင်းပွားတဲ့အခါ သ္မီးအကြီးမက … “ကျမအဖေဟာ ပုပ်လဲ မပုပ် ။ အသားအရေလဲ တောင့်တင်းမနေတဲ့အတွက် သင်္ဂြိုဟ်ခါနီးမှာ သွင်းပါ’ လို့ အတိုက်အခံ ပြောထားတဲ့ အတွက် အလောင်းစင်ဘေးမှာ ခေါင်းအဆင့်သင့် ချထားတယ် ။ နေ့လယ် (၁၂ )နာရီ ဆိုရင် မသာပို့ကြမယ်။ အသုဘယာဉ်လဲ ငှားပြီးပြီ။ မနက် အသုဘလာသူများကျွေးဖို့ ဆန်နှစ်တင်း ဝက်သားအချိန် ( ၇၀ ) ဟင်းချို ။
ငံပြာရည်ချက်။ တို့စရာ အားလုံး အဆင်သင့် ဖြစ်နေပြီး ကျွေးမွေးဖို့ ပန်းကန် ခွက်ယောက်များ ငှားရမ်းထားလို့ အိမ်ပေါ်တောင် ရောက်နေပြီ။ ဒီပစ္စည်းတွေအားလုံးက ကြွေးယူပြီး လုပ်ကိုင်ထားတာ ဖြစ်တယ် အဲ …ဖဲဝိုင်းကလဲ အိမ်ပေါ်မှာ သုံးဝိုင်းလောက်ရှိတယ် ဒီလို ဖြစ်နေတဲ့အချိန် ကျနော် သတိပြန်ဝင်လာပြီး “ရေ…ရေ…ပေးပါ” လို့ အော်ရင်း ငုတ်တုတ်ထထိုင်လိုက်တဲ့အခါ ဘာပြောကောင်းမလဲ ဖဲဝိုင်းက လူတွေ လန့်ပြီး တိုးဝှေ့ ပြေးလိုက်ကြတာ ပန်းကန်ပြား ဆယ်နှစ်ချပ် ဟင်းသောက်ပန်းကန် ခြောက်လုံး ကွဲကုန်တာပဲ ။ သတ္တိကောင်းတဲ့ ကျတော်သမီးက ပြေးလာပြီး ခြေလက်က ကြိုးတွေ ဖြတ်ပေးတယ် ကျနော်ကိုယ်တိုင်ကတော့ မျက်လုံးတွေပြာပြီး ဘာမျှသဲကွဲစွာ မမြင်ရဘူး ရေတစ်ဝသောက်ပြီး ပြန်အိပ်လိုက်တာ နံနက်(၁၁) နာရီထိုးချိန်ကျမှ နိုးတယ် ဒီတော့ ခေါင်းတွေ အလောင်းစင်တွေကို သူတို့က ဖျောက်ထားပြီး လူတွေတက်လိုက် ဆင်းလိုက် တစ်အုပ်ကြီးလာလိုက် ပြန်သွားလိုက်နဲ့ ကျနော်စိတ်ထဲ ဘာများဖြစ်နေကြပါလိမ့်လို့ အောက်မေ့မိတယ် နောက်တော့ အထက်က အဖြစ်အပျက်ကို သိရပါတော့တယ်။ အဲ…ခေါင်းပျဉ်ကို ဘုန်းကြီးကျောင်း ရေကပြင်အဖြစ်လှူ ဝက်သားဟင်းတွေ နောက်တစ်နေ့ ဘုန်းတော်ကြီးကျောင်းများသို့ လှူလိုက်တယ် (၇)ရက်လည်တဲ့နေ့ကျတော့ ကြွေးရှင်တွေ စာရင်းစာရွက်ကိုယ်စီနဲ့ လာကြတော့တာပါပဲ နဂိုက အစီအစဉ်မှာ ကူငွေဆပ်ဖို့ လူမသေတော့ ကူငွေမရဖြစ်လို့ ကျနော်ပိုင် ပစ္စည်းမှန်သမျှ ဆိုက်ကားကအစ အိမ်ရှိ ပရိဘောဂပစ္စည်း တစ်ခုမကျန် ချရောင်းတာငွေ (၇၀၀၀)လောက်ရတယ် ကြွေးက အသုဘတင်ဖို့ယာဉ် အပါအဝင် (၆၂၀၀)ကျတယ် လက်ထဲမှာ ငွေ (၈၀၀)ပဲ ကျန်တယ် ကျတော့်ရောဂါလဲ ဟိုကပြောလိုက်နဲ့ ဆေးနဲ့ ပျောက်ပြီး ခုလို ကျန်းမာလာတာပါပဲ။
အဲ …တစ်ခု ထူးတာက နှာခေါင်းအဖျားလေးပုပ်လို့ ကုယူရတယ်။ မှာလိုက်တဲ့ ကိစ္စတွေလဲ အားလုံး ကျနော်ကိုယ်တိုင် လိုက်ပြော ရှာဖွေ။ ကုသိုလ်ပြုကြတဲ့အခါ အမျှဝေပေးပါဆိုလို့ အိမ်ပြင်ထွက်ပြီး ကျတော်က အမျှပေးဝေခဲ့ပါတယ် ခုတော့ ကျနော်အနေနဲ့ တတ်နိုင်သမျှ ကုသိုလ်ကောင်းမှုကိုပဲ ဂရုစိုက်ဆောင်ရွက်နေပါတယ်။ မျက်စိထဲမှာ ကြောက်မက်ဖွယ် ကောင်းတဲ့ ခံစားမှုတွေက စဉ်းစားလိုက်တိုင်း ပေါ်လာပါတယ် ကုသိုလ်ကောင်းမှုပြုကြပါ တိုက်တွန်းပြောကြခြင်းပါတယ် ဤသို့ဖြင့် သေရွာပြန် ဦးရေခဲ၏ သူ့ရဲ့အတွေ့အကြုံ တွေကို သံဝေဂယူနိုင်ကြရန် စိတ်ရှည်လက်ရှည် ပြောပြလိုက်ပါသည် (ဦးရေခဲအဖြစ်အပျက်တို့ကို စာရေးဆရာကျိုက်လတ်မိုးမြင့်က ကိုယ်တိုင်သွားရောက်ပြီး သုတစွယ်စုံ မဂ္ဂဇင်း၌ အထက်ပါ အတိုင်း ရေးသားဖော်ပြ ပေးထားပါသည်။ ဆရာကျိုက်လတ်မိုးမြင့်ဆောင်းပါးတွင် ဦးရေခဲဓါတ်ပုံပါပါသည်။
ရေးသားသူ…ကျိုတ်လတ်မိုးမြင့်








