အရူးသူတော် မဖဲဝါရဲ့ မွေးစားသား ( စ၊ ဆုံး)
နောင်ရိုး(ဆေး)
************ သူ့နာမည်က ငမုန်း…။ လယ်ရိုးရွာမှာ ငမုန်းဆိုတဲ့ နာမည်နဲ့လိုက်အောင် လူမုန်းများပြားတဲ့ လူချမ်းသာတစ်ယောက် ရှိတယ်။ ငမုန်းရဲ့ အသက်က အခုဆို လေးဆယ်ဝန်းကျင်ရှိပြီ။ အိမ်ထောင်မရှိဘူး။ လူလွတ်တစ်ယောက်ဖြစ်ပဲ။ ရုပ်အသွင်ကတော့ ခက်ထန်ထန်ရှိပြီး မျက်နှာမှာ ကျောက်ပေါက်မာတွေနဲ့။ ကိုယ်ဟန်က အရပ်အသင့်အတင့်နဲ့ ကျစ်လစ်တဲ့ အသွင်ရှိတယ်။ သူက လယ်ရိုးရွာတစ်ရွာလုံးကို ငွေနဲ့ အုပ်မိုးစီးနင်းထားတယ်။ တစ်ရွာလုံး သူနဲ့ ကင်းသူမရှိအောင် လုပ်ရင်း အားလုံးကို သူက စိုးမိုးထားတယ်။ သူဟာ မဖဲဝါရဲ့ မွေးစားသားရယ်လို့လည်း သူ့ကို ခေါ်ဝေါ်သမုတ်ကြတယ်။ တကယ်တမ်းမှာလည်း ငမုန်းဘဝ အခုလို ဖြစ်လာခဲ့တာ မဖဲဝါနဲ့ဆက်နွယ်မှုတစ်ချို့ ရှိခဲ့သလို တစ်ဖက်မှာလည်း သူ့ကို ခင်မင်ကူညီခဲ့တဲ့ မှင်စာလေးတွေကြောင့်လည်း ဖြစ်ပါတယ်။ ငမုန်း ဒီလို ဒီဘဝကို မဖြစ်ခင်က အကြောင်းတွေကို ပြန်ပြောင်း ပြောပြပါမယ်။ ******* ငမုန်းရဲ့ အမုန်းခံဘဝက လယ်ရှင်ကြီးဦးဘဝင်းကို ရိုက်နှက်မှုဖြစ်ခဲ့ရာက စတယ်။ ဒီအကြောင်းတွေကို ပြန်ပြောပြမယ်။
အဲ့ဒီတုန်းက ငမုန်းအသက်က ဆယ့်ခြောက်နှစ် ပဲ ရှိသေးတယ်။ ဖခင်ဖြစ်သူ ဆုံးပြီး မိခင်ကြီးနဲ့အတူ ကျန်ရစ်ရင်း စားဝတ်နေရေးအတွက် ငမုန်းတစ်ယောက် ရွာထဲက လယ်ရှင်အိမ်မှာ သူရင်းငှား ဝင်လုပ်ရတယ်။ သူ သူရင်းငှားလုပ်တဲ့ လယ်ရှင်က ကပ်စေးနှဲတတ်တဲ့ ဦးဘဝင်းဆိုတဲ့ လူကြီး…။ ကပ်စေးကုတ်လွန်းလို့ ဦးဘဝင်းအိမ်မှာ ဘယ်သူကမှ အလုပ်ဝင်မလုပ်လိုဘူး။ ဝမ်းရေးအတွက် မတတ်သာတဲ့ ငမုန်းကတော့ အောင့်အီးပြီး ဝင်လုပ်ရတာပေါ့လေ။ တစ်ရက်သားမှာတော့ နဂိုကတည်းက တရှောင်ရှောင်ဖြစ်နေတဲ့ ငမုန်းရဲ့ မိခင်ကြီးဟာ ကျန်းမာရေး အသည်းအသန်ထဖြစ်တယ်။ ဒီတော့ ဆွေမရှိ မျိုးမရှိ နှစ်ကောင်ကြွက် နှစ်မျက်နှာသမား ငမုန်းအဖို့ အားကိုးရာက သူ့ရဲ့ လယ်ရှင်ကြီးဦးဘဝင်းပဲ…။ မိုးသည်းထန်စွာ ရွာနေတဲ့ ကြားက မိခင်ကြီးစိတ်နဲ့ ငမုန်းတစ်ယောက် ရွာထဲကို သုတ်ခြေတင် ပြေးခဲ့တယ်။ ဆေးဆရာကို အရင် အကျိုးအကြောင်းပြောပြီး ဝင် ပင့်တယ်။ ပြီးတော့ ဆေးဖိုးပေးဖို့အတွက် လယ်ရှင်ကြီးဆီကို ငွေဝင်ချေးတယ်။ ချေးငွေကို နှစ်ဝက်စာ ပေးချေရမယ့် လက်ကျန်လုပ်အားခထဲက ဖြတ်ယူပေးဖို့ ပြောတယ်။ ဦးဘဝင်းက လက်မခံဘူး။ မချေးပေးနိုင်တဲ့ အပြင် တစ်နှစ်စာ လုပ်အားခရဲ့ ကျန်တစ်ဝက်ကို နှစ်ပြည့်မှ ပေးမယ့်အကြောင်း ပြောတယ်။ ငမုန်းက ထပ်မံပြီး တောင်းပန်ပြောတော့ ဦးဘဝင်းက ဆဲဆိုတယ်။ ငမုန်းသည်းခံပြီး ထပ်အကူအညီတောင်းတယ်။
ဥိဘဝင်းက မကူညီတဲ့အပြင် ပိုဆိုးလာပြီး ငမုန်းကို ရိုက်နှက်တယ်။ ဒီ့အပြင် အလုပ်က ထုတ်ကြောင်းပြောပြီး အကြိုပေးချေထားတဲ့ ငွေကိုလည်း ပြန်ပေးဖို့ပြောတယ်။ ငမုန်းဘက်က ဘယ်လိုပဲ တောင်းပန်ပြီးပြောပေမယ့်လည်း ဦးဘဝင်း လက်မခံဘူး။ ကိူယ်ထိလက်ရောက် လုပ်တာအပြင် အပြောအဆိုကလည်း ပိုပိုလို့ ရိုင်းစိုင်းလာတယ်။ ဒါပေမယ့်လည်း မိခင်ကို ဆေးကုချင်တဲ့အတွက် ငမုန်း ဒူးထောက်ပြီးပါ တောင်းပန်တယ်။ သူတို့အတွက် အားကိုးရာကလည်း ဒီလယ်ရှင်ကြီး တစ်ယောက်ပဲ ရှိတာလေ။ ” မင်းရဲ့ မယားအိုကြီးကို ဆေးကုဖို့ ဒီလောက်တောင် အကဲပိုနေရတယ်ပေါ့…” ဦးဘဝင်းဆီက သားအမိချင်းကို ပေးစားသမုတ်ပြီးပြောတဲ့ မိုက်ရိုင်း ခနဲ့စကား…။ ဒီစကားကို ကြားချိန်မှာတော့ ငမုန်းတစ်ယောက် မျက်လုံးထဲ မီးဝင်းဝင်းတောက်ရပြီး ဘာဆိုဘာမှ မသိတတ်တော့ဘူး။ သူသတိပြန်ကပ်မိချိန် ဦးဘဝင်းက ခေါင်းမှာ သွေးတွေနဲ့ အိမ်အပေါ်က တရွတ်တိုက်ဆင်းလာနေပြီး သူကတော့ အိမ်ကြီးကို မီးရှို့ဖို့ မီးတုတ်ကြီးနဲ့ ရှိနေတာရယ်။ အရပ်က ဝိုင်းဆွဲ ဝိုင်းတားလို့ အိမ်ကို မီးမရှို့ဖြစ်ပေမယ့် ရိုက်မှု ပိုင်နက်ကျူးလွန်မှုတွေနဲ့ ငမုန်းတစ်ယောက် ထောင်ကျရပြီပေါ့…။ ငမုန်းကတော့ သူ့ဘက်က ရိုက်သင့်လို့ ရိုက်တာ။ ဒါကို ထောင်ကျရတယ်ဆိုတော့ ငွေများတရားနိုင်ရယ်လို့ တစ်ထစ်ချယူဆတယ်။ အရပ်ကလည်း သူ့ကို ထောင်ကျအောင် ငွေရှင်ဘက်ကနေ မျက်နှာလိုက်ပြီး ဝိုင်းလုပ်ကြတယ်လို့ ထင်မြင်သွားတယ်။ ငမုန်း ထောင်တစ်နှစ်ခွဲကျတယ်။ ဒီရိုက်မှုအတွက် ငမုန်းကို လယ်ရှင်ကြီး ဦးဘဝင်းနဲ့ အသိုင်းအဝိုင်းက အလွန်မုန်းကုန်ကြတယ်။ ငမုန်း ထောင်ထဲရောက်ပြီး သုံးလလောက် အကြာမှာ သူ့မိခင်ကြီးက သားစိတ်နဲ့ ဆုံးပါးသွားခဲ့တယ်။
နဂိုကတည်းက စိတ်ဒဏ်ရာရသွားတဲ့ ငမုန်းဟာ မိခင်ကြီးဆုံးပါးသွားမှန်းသိတော့ စိတ်ဒဏ်ရာက ပိုမိုပြင်းထန်လာတယ်။ ဒါပေမယ့် ငမုန်းက မိုက်ရူးရဲမဆန်တော့ဘူး။ ငွေများလို့ တရားနိုင်တဲ့ လောကကြီးကို သူ့ဘက်က ပါးနပ်စွာနဲ့ တုန့်ပြန်ဖို့ ဆုံးဖြတ်ထားတယ်။ မှန်မှန်းသိပါရဲ့နဲ့ သူ့ဘက်က မပါတဲ့ လယ်ရိုးတစ်ရွာလုံးနဲ့ ရန်သူတော်ဖြစ်တဲ့ ဦးဘဝင်းနဲ့ အမျိုးတစ်သိုက်ကို စိတ်ထဲကနေ သူတေးမှတ်ထားတယ်။ ထောင်ကလွတ်တော့ လယ်ရိုးရွာကိုပဲ သူရောက်အောင် ပြန်လာတယ်။ အရင် သူတို့သားအမိနေထိုင်ခဲ့တဲ့ နေရာလေးက ပျက်ဆီးယိုယွင်းနေတာ မြင်တော့ မိခင်ကြီးနဲ့ အတူနေခဲ့တဲ့ အတိတ်တွေကို ပြန်လည်မြင်ယောင်မိပြီး ငမုန်းရင်ထဲ နာကျည်းစိတ်တွေ ပိုလာရတယ်။ ဒီအရပ်မှာ မနေချင်တော့လောက်တဲ့အထိ စိတ်နာမိပေမယ့် မိခင်နဲ့ ဖခင် ခေါင်းချခဲ့ရာ အရပ်မို့ တစ်ခြားကို သူမသွားလိုဘူး။ ဒါကြောင့်လည်း ရွာနဲ့ နီးကပ်တဲ့ အဲ့ဒီ့နေရာကနေ မိခင်နဲ့ ဖခင်တို့ ရှိရာ သုသာန်ဘက်ကို ငမုန်း ပြောင်းပြီးနေတယ်။ ဒီမှာတင် ငမုန်းနဲ့ မှင်စာတွေနဲ့ ဆုံဖို့ ဖြစ်လာရတယ်။ တစ်ဝမ်းတစ်ခါးအတွက်ကို ငါးရှာဖားရှာလုပ်ပြီး တစ်ဖက်ရွာတွေဆီ သွားရောက်ရောင်းချပြီး လိုအပ်တာကိုလည်း အဲ့ဒီ့ရွာတွေကပဲ ဝယ်ယူပြီး ငမုန်း ဖြေရှင်းတယ်။ ဒိကြားထဲမှာ သူမုန်းတဲ့ လယ်ရိုးရွာက လူတစ်ချို့နဲ့ ထိုးပွဲ ရိုက်ပွဲတစ်ချို့လည်း ရှိခဲ့ဖူးတယ်။ တစ်ခုသော ညနေမှာတော့ ငမုန်းတစ်ယောက် ချောင်းရိုးထဲမှာ ငါးဖမ်းရင်း ငါးခူအတော်ကြီးကြီးတစ်ကောင်နဲ့ တစ်ခြားငါးတွေ အတော်များများကို ရလာတယ်။ သူ့တဲကို ငမုန်းပြန်ရောက်တော့ မှောင်ရီပျိုးနေပြီ။
ငါးတွေကို တစ်ဖက်ရွာဆီ သွားရောင်းဖို့က မလွယ်တော့တာမို့ ဆေးကြောကိုင်တွယ်ပြီး သိမ်းဆည်းထားလိုက်တယ်။ နောက်တစ်နေ့ မနက်ရောက်တော့ သူသိမ်းထားတဲ့ ငါးတွေ တစ်ကောင်မှ မရှိတော့ဘူး။ ငါးခူခေါင်းကြီးနဲ့ အရိုးတွေကိုတော့ တဲအပြင်ဘက်က သစ်ခြောက်ပင်ကြီးအောက်မှာ တွေ့ရတယ်။ ငမုန်း အလွန်ပဲ ဒေါသထွက်သွားရတယ်။ သစ်ခြောက်ပင်ကြီးကို ကန်ကျောက်ပြီး ဆဲဆိုတယ်။ ထုရိုက်သောင်းကျန်းတယ်။ တဲပတ်ချလည်မှာလည်း တရားခံလို့ ယူဆရနိုင်တဲ့ ကြွက်တွေဘာတွေ လိုက်ရှာကြည့်တယ်။ ဘာဆိုဘာမှ သဲလွန်စမရဘူး။ ငမုန်း ဒေါသပြေတော့ တွေးကြည့်တယ်။ ငါးတွေတစ်ကောင်မကျန်အောင် ခိုးစားသွားသူက ကြွက်မဖြစ်နိုင်ဘူးလို့ ယူဆတယ်။ ကြွက်ထက်လည်း ပိုလိမ့်မယ်လို့ တွေးမိတယ်။ မြွေလည်း ဖြစ်နိုင်လောက်ရဲ့ပေါ့…။ ပြီးတော့ ထပ်တွေးတာက ဒီအကောင်ဟာ တစ်ခါရဖူးရင် နောက်တစ်ခါ လာဦးမယ်လို့ သူထင်မိတယ်။ ဒါကြောင့်လည်း တရားခံကို သူမိအောင် ဖမ်းမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဆုံးဖြတ်ချက်အတိုင်းပဲ ညနေခင်းမှာ ငမုန်း ငါးသွားဖမ်းတယ်။ မနေ့ညကလိုပဲ ငါးတွေကို ဆေးကြောပြီး သိမ်းဆည်းတယ်။ ဒီတစ်ခါ သိမ်းဆည်းရာမှာ ကြိုးတပ်ထားတဲ့ ငါးမျှားချိတ်တစ်ချို့ကို ငါးတွေဗိုက်ထဲ ထည့်ထားတယ်။
အကောင်အထည်လိုက် မျိုတဲ့ အကောင်ဆိုရငိတော့ မိစေပေါ့…။ ငါးတွေကို အရင်ရက်က သိမ်းဆည်းတဲ့နေရာမှာပဲ သိမ်းဆည်းထားတယ်။ ညဘက်ရောက်တော့ အိပ်ရာထဲမှာ လှဲရင်း မအိပ်ပဲနဲ့ ငမုန်းစောင့်ဆိုင်းနေတယ်။ သန်းခေါင်ကျော်လောက်ကျတော့ ရုတ်တရက် ငမုန်းမှေးခနဲ ဖြစ်သွားတယ်။ ဆတ်ခနဲ ပြန်နိုးလာတော့ နားထဲမှာ ကျိကျိကျက်ကျက် အသံတွေကြားမိရတယ်။ အသေအချာ နားစွင့်တော့ ငါးတွေ သိမ်းထားတဲ့ နေရာဘက်က အသံတွေ။ တရားခံ ရောက်နေပြီဆိုတာ သိလိုက်တာကြောင့် ငမုန်းလည်း ခြေဖော့ပြီး ချဥ်းကပ်မိတယ်။ ” ဟင်…” မြင်ရတဲ့ မြင်ကွင်းက သူ့တစ်သက် တစ်ခါမှ မမြင်ဖူးတဲ့ မြင်ကွင်း…။ လူလိုလို ကြောင်လိုလို အကောင်လေး လေးကောင်က ငါးတောင်းထဲက ငါးတွေကို နှိုက်စားနေကြတယ်။ နှိုက်စားရင်း တစ်ကောင်နဲ့ တစ်ကောင် ဘာတွေပြောမှန်းမသိ ကျိကျိကျက်ကျက်နဲ့ ပြောနေတယ်။ ငမုန်း ထည့်ထားတဲ့ ငါးမျှားချိတ်တွေကတော့ နံဘေးမှာ အပုံလိုက်လေး…။ တစ်ချက်တစ်ချက်လည်း တစ်ကောင်နဲ့တစ်ကောင် တွန်းထိုးဆော့ကစားနေသေးတယ်။ ငမုန်းကြည့်ရင်းနဲ့ ဒေါသထိန်းမရတော့ဘူး။ လက်ထဲက ကိုင်ထားတဲ့ တုတ်နဲ့ ပြေးဝင်ရိုက်တော့တယ်။ ငမုန်းရဲ့ တဘုန်းဘုန်း ရိုက်နှက်မှုတွေဆီမှာ ငါးနှုက်စားတဲ့ အကောင်လေးတွေက ခုန်ပေါက်ပြေးကြတယ်။ တုတ်ချက်ထိပေမယ့်လည်း အကောင်တွေက ဘာမှမဖြစ်တာကို ငမုန်းမြင်တော့ ပိုဒေါသထွက်ရတယ်။ တုတ်ကိုချပြီး လက်ချည်းလိုက်ဖမ်းတယ်။ တစ်ကောင်ကို မိတယ်။ ကျန်တဲ့ သုံးကောင်က ထွက်ပြေးပျောက်ကွယ်သွားတယ်။
ငမုန်းလည်း သူမိထားတဲ့ တစ်ကောင်ကို ဖမ်းကိုင်ပြီး အသေအချာ ကြည့်မိတော့ မျက်နှာက လူမျက်နှာကိုမှ တစ္ဆေလိုလို သရဲလိုလို ပုံစံလေး ဖြစ်နေတာကို တွေ့ရပါကော…။ အကောင်လေးက သွားဖြဲပြီး ငမုန်းကို ကြောက်အောင် ခြောက်လှန့်တယ်။ အကောင်လေးပုံစံကို ကြည့်ရတာ ကြောက်စရာ ကောင်းလွန်းပေမယ့် ငမုန်းကတော့ မကြောက်ဘူး။ ခပ်တည်တည်ပဲ အကောင်လေးကို ကိုင်ထားရင်းက မေးတယ်။ ” မင်းက ဘာကောင်လဲ…” ” မှင်စာ…” အကောင်လေးက အသံခပ်သေးသေး၊ ခပ်စူးစူးလေးနဲ့ ဖြေတယ်။ ” မှင်စာဆိုတာက…” ” ကလေးသရဲလေ မင်းမသိဘူးလား…” ” မသိဘူးကွာ။ မင်းတို့က ကလေးသရဲဖြစ်တော့ကော ငါက ဘာလုပ်ရမှာလဲ။ ငါ သိတာက ငါ့ငါးတွေကို မင်းတို့စားပစ်တာ။ အဲ့ဒါတွေကို ငါပြန်လိုချင်တယ်…” မှင်စာလေးက ငမုန်းကို ပြူးကြောင်ကြောင်လေး ကြည့်ပြီး အံ့သြသွားတယ်။ ” မင်းက တကယ်ပဲ ငါတို့ကို မကြောက်ဘူးလား…” ” ငါက ဘာကိစ္စကြောက်ရမှာလဲ။ အရစ်မရှည်နဲ့ကွာ။ ငါ့ငါးတွေ ပြန်လိုချင်တယ်။ အဲ့ဒါ မင်းတို့ အခုပြန်ပေး…” ” အခု ပြန်ပေးလို့တော့ ဘယ်ရမှာလဲ။ ပြီးတော့ ငါတို့က ငါးမဖမ်းတတ်ဘူးလေ…” ” မင်းကို ငါ လည်ပင်းညှစ်သတ်မိတော့မယ်။ ပေးမှာလား မပေးဘူးလား…” ငမုန်းက သူ့ကို လက်ရဖမ်းနိုင်ကတည်းက မှင်စာလေးက အံ့အားသင့်နေတယ်။ တကယ်တော့ ငမုန်း ငယ်ကတည်းက လက်နဲ့ ခေါင်းမှာ ဆေးပေါက်ဖူးတယ်။
အဲ့ဒီ့ဆေးကြောင့်ပဲ မှင်စာကို မြင်နိုင်ပြီး လက်ရဖမ်းနိုင်ခဲ့တာပါ။ ငမုန်းက ဒေါသနဲ့ ပြောတော့ မှင်စာလေးက လန့်ဖျပ်သွားတယ်။ သူတို့ချင်း စကားအခြေအတင် ပြောနေတာ မြင်တော့ တစ်ခြားမှင်စာလေးတွေလည်း အနားကို ရောက်လာကြတယ်။ သူတို့ကလည်း ဒေါသထွက်နေတဲ့ ငမုန်းကို ဝိုင်းပြီး တောင်းပန်ကြတယ်။ ” မ…မလုပ်နဲ့။ ငါတို့က ငါးမဖမ်းနိုင်ပေမယ့် ငါးရှိမယ့်နေရာကိုတော့ ရှာပေးနိုင်တယ်။ ကူလည်း ကူညီပေးနိုင်တယ်…” ဒီစကားကို ငမုန်း စိတ်ဝင်စားသွားရတယ်။ ” မင်းတို့ သေချာလား…” ” သိပ်သေချာတာပေါ့…” ” ဒါဖြင့် မနက်ဖြန်ကို ငါ ငါးဖမ်းဖို့အတွက် မင်းတို့ လုပ်ပေး။ မလုပ်ပေးရင်တော့ မင်းတို့နေရာကို မီးရှို့ပစ်မယ်…” ဆက်စပ်တွေးတောမှုအရ ဒီမှင်စာလေးတွေဟာ သစ်ခြောက်ပင်မှာ နေတယ်ဆိုတာ ငမုန်း သိမိလိုက်တာမို့ ခြိမ်းခြောက်လိုက်တယ်။ ” ငါတို့ကတိ ငါတို့ တည်စေရပါမယ်…” ” ပြီးတာပဲ…” ငမုန်းလည်း မှင်စာလေးတွေကို ပြန်လွှတ်ပေးလိုက်တယ်။ ပြီးတော့ အိပ်ရာဝင်ခဲ့လိုက်တယ်။ ******** နောက်တစ်နေ့ မနက် ဝေလီဝေလင်းမှာတော့ ငမုန်းဆီကို မှင်စာလေးတွေ ရောက်လာတယ်။ ” ငမုန်း…အနောက်ဘက်ခြမ်းက ရိုးပျက်ထဲမှာ ငါးသွားဖမ်းချေ။ အဲ့ဒီ့မှာ ငါးကြီးတွေ ရှိတယ်…” ” အေး…ငါ သွားဖမ်းမယ်…” မနက်လင်းတော့ ငမုန်းလည်း ပလိုင်းနဲ့ ငါးဖမ်းဖို့အတွက် လိုအပ်တာတွေ ယူပြီး ထွက်ခဲ့တယ်။ အနောက်ဘက် ရိုးပျက်က ကိုင်းတွေခြုံတွေထူထပ်ပြီး လူသူအသွားအလာနည်းတဲ့ နေရာ။ ငမုန်း ရိုးပျက်ထဲကို ရောက်တော့ ငါးတွေ ပွက်ပွက်ထနေတာကို မြင်ရတယ်။ ငမုန်း ငါးတွေကို ဆင်းဖမ်းတယ်။
ငါးအကောင်ကြီးကြီးတွေ ပလိုင်းပြည့်လုနီးပါး ရလိုက်တယ်။ မှင်စာတွေက ကတိတည်တဲ့အတွက် ငမုန်းလည်း ကျေနပ်သွားရတယ်။ အချိန်ကလည်း ရှိသေးတဲ့အတွက် ငါးတွေကို ငါးပုံပုံပြီး တစ်ပုံကို ဖယ်တယ်။ ကျန်လေးပုံကို သူငါးရောင်းသွားနေကျ တစ်ခြားရွာတွေဆီ လှည့်ရောင်းတယ်။ နေမွန်းလွဲလောက်ကျတော့ ငါးတွေ ကုန်အောင် ရောင်းပြီးပြီ။ ငမုန်း ပြန်လာခဲ့တယ်။ တဲရောက်တော့ ထမင်းစားလိုက်ပြီး တစ်အောင့်တစ်မ နားတယ်။ အိပ်ရာက နိုးတော့ ဖယ်ထားတဲ့ တစ်ပုံကို အသေအချာချက်ပြုတ်ပြီး ညနေစောင်းမှာ မှင်စာတွေနေတဲ့ သစ်ခြောက်ပင်ဆီကို သွားပြီး လာစားဖို့ ခေါ်တယ်။ ညမှောင်တော့ ငမုန်းဆီကို မှင်စာတွေ ရောက်လာတယ်။ ချက်ထားတဲ့ ငါးတွေကို ပျော်ရွှင်ခုန်ပေါက်ပြီး စားသောက်တယ်။ ” ငမုန်း…မင်းစိတ်ထဲ ကျေနပ်ပြီလား…” ” အေး…ကျေနပ်ပြီ…” ” ငါတို့ကို အမြဲတမ်း ဒီလို ချက်ကျွေးပါလား။ မင်းကို အခုလိုပဲ အမြဲတမ်း ငါးရှာကူမယ်လေ…” ” မင်းတို့က ငါ့ကို ဒုက္ခပေးမှာလား…” ” ငါတို့က မင်းကို ဒုက္ခမပေးပါဘူး…” ” ဒါဖြင့်လည်း ပြီးတာပဲ…” ငမုန်းနဲ့ မှင်စာတွေ နားလည်မှု ယူခဲ့ကြတယ်။ အဲ့ဒ်ိ့နေ့ကစပြီး ငမုန်းတစ်ယောက် ငါးရှာ၊ ဖားရှာရာမှာ မှင်စာလေးကောင်က အကူအညီပေးတဲ့အတွက် အဆင်ပြေပြေ ရှာဖွေလာနိုင်တယ်။ ဒီအပြင် တစ်ခြား တောကောင်များ တွေ့ရင်လည်း ငမုန်းကို မှင်စာတွေက လာရောက်ပြောတတ်တော့ ထောင်ဖမ်းပြုဖမ်းပြီး ရရပြန်တယ်။ ငမုန်းတစ်ယောက် တံငါတစ်ဖက် မုဆိုးတစ်ဖက် ဖြစ်ခဲ့ရတယ်။ ဝင်ငွေလည်း သင့်တင့်ပြီး အဆင်ပြေပြေရှိလာတယ်။ ဒီ့အပြင် အပေးအယူမျှတလွန်းတဲ့အတွက်လည်း မှင်စာလေးကောင်နဲ့လည်း ငမုန်းက ညီအစ်ကိုအရင်းအချာလို ဖြစ်လာရလေတယ်။ တစ်ယောက်ထဲသမား ငမုန်းအတွက် မှင်စာလေးကောင် ရောက်လာခြင်းက ခြောက်သွေ့နေတဲ့ သူ့စိတ်ကို စိုပြေလာစေတာ အမှန်ပါပဲ…။
******** တစ်ခုသော ည…။ ဒီညက ငမုန်းတစ်ယောက် မှင်စာတွေ မွေးထားပါတယ်ဆိုပြီး သတင်းကြီးစေတဲ့ ညဖြစ်တယ်။ ငမုန်းကို ငြိုးတေးထားတဲ့ ဦးဘဝင်းက သူ့ရင်ထဲက အမုန်းတရားကို ချေဖျက်ဖို့ သူ့အမျိုးတွေထဲကပဲ လူငှားပြီး ဒီညမှာ ငမုန်းဆီကို သတ်ဖြတ်ဖို့ စေလွှတ်တယ်။ အဲ့ဒီ့လူတွေ ဝင်လာတော့ ငမုန်းကို မှင်စာတွေက ပြောတယ်။ ငမုန်းကလည်း မုန်းရင်းစွဲရှိတော့ ရှောင်မပြေးဘူး။ သူကိုင်တဲ့ ဓားက သေးနေလို့ တုတ်ကိုင်ပြီး ရင်ဆိုင်တယ်။ တစ်ဖက်က ဆယ်ယောက်တိတိ။ လက်နက် ကိုယ်စီနဲ့…။ တကယ်တမ်း ခုတ်ကြထစ်ကြ ဖြစ်တော့ ငမုန်းဘက်ကနေ မှင်စာလေးကောင်က ကူညီတယ်။ ငမုန်း အထိအခိုက်မရှိခဲ့ပေမယ့် တစ်ဖက်က ဆယ်ယောက်ကတော့ ငမုန်းရဲ့ ရိုက်ချက်၊ မှင်စာတွေရဲ့ တိုက်ခိုက်မှုတွေအကြား အလဲလဲ အကွဲကွဲပဲ။ တစ်ချို့ဆို မှင်စာကိုက်တဲ့ ဒဏ်ရာတွေကို ပယောဂဆရာနဲ့ အပြင်းအထန်ကို ကုသယူခဲ့ရတဲ့အထိ ဖြစ်ခဲ့တယ်။ ဒိဖြစ်ရပ်ကြောင့်ပဲ ငမုန်း မှင်စာတွေ မွေးထားတယ်ဆိုပြီး သတင်းကြီးလာတယ်။ ဘယ်သူမှလည်း ငမုန်းကို မထိရဲတော့သလို ဆုံရင်တောင် ဝေးဝေးက ရှောင်သွားကြတဲ့အထိ ဖြစ်လာတယ်။ ဦးဘဝင်းဘက်က တစ်နည်းမရတော့ နောက်တစ်နည်း သုံးတယ်။ အောက်လမ်းနဲ့ ငမုန်းကို တိုက်ခိုက်ဖို့ လုပ်တယ်။ ဒါပေမယ့်လည်း ငမုန်း ကံကောင်းသွားတယ်။ မှင်စာတွေက သူတို့ရဲ့ မိခင်ကြီး သုသာန်အရှင်မဖဲဝါကို အကူအညီတောင်းပေးကြတော့ မဖဲဝါက ငမုန်းဆီ တိုက်ခိုက်လာတဲ့ အောက်လမ်းအစီအရင် မှန်သမျှကို ဖယ်ရှားပေးတယ်။ ငမုန်းက မဖဲဝါကို မမြင်ဖူးခဲ့ပေမယ့် ဒီအကြောင်းကို မှင်စာတွေက ပြန်ပြောပြလို့ သိရတယ်။ ဒီအတွက် မဖဲဝါကိုလည်း ငမုန်း စားတော်ချက်လို့ ပသခဲ့တယ်။
စားတော်ဆက်ချိန်မှာလည်း အမေမဖဲဝါရယ်လို့ တခုတ်တရ သုံးနှုန်းပင့်ဖိတ်ခဲ့တယ်။ တစ်ဖက်က ဦးဘဝင်းကတော့ အောက်လမ်းနဲ့ တိုက်မရလို့ နည်းနည်း ငြိမ်သွားတယ်။ တန်ပြန်ထိခံသွားရတယ်လို့လည်း ငမုန်း သိရတယ်။ ဒါပေမယ့် လောလောလတ်လတ်တော့ အဲ့ဒါတွေကို ငမုန်း စိတ်မဝင်စားအားဘူး။ မှင်စာတွေရဲ့ အကူအညီနဲ့ ငွေကြေးအဆင်ပြေလာချိန်မှာ အငြိုးအတေး အာဃာတတွေထက် သူ့ဘဝတိုးတက်ဖို့ ငွေရှိမှ လူရာဝင်တဲ့ လောကကြီး ငွေအပြည့်နဲ့ ခါးစောင်းတင်ဖို့ရာကို ငမုန်း ပြောင်းစဥ်းစားတယ်။ အခြေအနေက ငမုန်းဘက်ကို အလေးသာလာတယ်လို့ ပြောရမလားပဲ။ မှင်စာတွေအပေါ် စိတ်ကောင်းရှိလွန်းတဲ့ ငမုန်းဟာ အကျိုးထူးတဲ့ တန်ပြန်မှုကို ရရှိခဲ့တယ်။ တစ်ညသား ငမုန်းအိပ်ပျော်နေတုန်းမှာ မှင်စာတွေ ရောက်လာတယ်။ ” ငမုန်း…ငမုန်း။ မင်းကို အရေးကြီးတာ ပြောစရာရှိတယ်…” ” အင်း…ဘာပြောမလို့လဲ…” ငမုန်း အိပ်ချင်မူးတူးနဲ့ ပြန်မေးတော့ ငပိုးဆိုတဲ့ မှင်စာက…။ ” မင်း ချမ်းသာမယ့် အရေးကွ…” ငမုန်း ငေါက်ခနဲ ထထိုင်မိတယ်။ ” ဘာများလဲကွ…ပြောစမ်းပါဦး…” ” သင်္ချိုင်းထဲက ဂူပျက်တစ်လုံးမှာ ရွှေဒင်္ဂါးတွေ ငါတို့ တွေ့ထားတယ်။ တွေ့ထားတာက ကြာပြီ။ မင်းကို ပေးချင်ကြောင်း အရှင်မဆီ ခွင့်တောင်းထားတာ။ အခု အရှင်မက မင်းက သူ့မွေးစားသားတဲ့။ သူ ခွင့်ပြုတယ်တဲ့။ အဲ့ဒါ မင်းသွားယူတော့…” ” ဘယ်မှာ ယူရမှာလဲ…” ” လာ…လိုက်ခဲ့…” မှင်စာတွေရဲ့ ကျေးဇူးနဲ့ အုတ်ဂူအဟောင်းအပျက်ကြီးဆီက ဒင်္ဂါးပြားတွေ ငမုန်းရရှိလိုက်တယ်။ ပမာဏက ငမုန်းဘဝကို ပြောင်းလဲသွားစေတယ်။ လယ်ရိုးရွာမှာ သင်္ချိုင်းနားနေတဲ့ မျက်နှာမွဲငမုန်းဟာ နေ့ချင်းညချင်းကိုပဲ ငွေကြေးချမ်းသာသူ ဖြစ်သွားတယ်။
ငမုန်းရဲ့ ဒီလိုပြောင်းလဲခြင်းနဲ့အတူ တစ်ဖက်က ဦးဘဝင်းကတော့ ကျန်းမာရေးချွတ်ခြုံကျတဲ့အပြင် စီးပွားရေးကလည်း ကျဆင်းလာတယ်။ ငမုန်းက ငွေနဲ့ စီးပိုးပြီး ဦးဘဝင်းပိုင်ဆိုင်မှုတွေကို သိမ်းဝယ်တယ်။ တစ်ဖက်မှာလည်း သုသာန်ထဲက မိခင်နဲ့ ဖခင်တို့ရဲ့ မြေပုံကို ခမ်းနားတဲ့ ရွှေရောင်အုတ်ဂူကြီးတွေ တည်ဆောက်သလို သူ့ရဲ့ မွေးစားအမေ မဖဲဝါအတွက်ကိုလည်း နန်းတစ်ခု တည်ဆောက်ပေးတယ်။ မှင်စာတွေအတွက်လည်း နေစရာအဖြစ် နန်းငယ်ကလေးတစ်ခု တည်ဆောက်ပေးတယ်။ ပြီးတော့ သူ့အပေါ် ငွေများတရားနိုင်တဲ့ လောကကြီးကို ငမုန်း ငွေထုပ်ကြီး ခါးစောင်းတင်ပြီး တန်ပြန်မှုတွေ စတင်တယ်။ ဒီအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတိုတြစ်နယ်လုံးမှာ မိုးခေါင်ရေရှားပြီး သီးနှံပျက်ဆီးရတဲ့ ကပ်ဘေးက ဆိုက်တော့ ငွေဖိအားရှိတဲ့ ငမုန်းလက်အောက်ကို အားလုံးကျဆင်းရတယ်။ အချိန်တစ်ခဏအတွင်းမှာပဲ ငမုန်းက အားလုံးကို စီးပိုးနိုင်ခဲ့တယ်။ လယ်ရိုးတစ်ရွာလုံးက ငမုန်းကို အရင်က ဘယ်လိုပဲ မုန်းခဲ့ပါစေ အခုတော့ ငမုန်းလက်အောက်ကို သက်ဆင်းရတယ်။ ငမုန်းကလည်း အနာကိုသိတော့ နာနာဖိပေးတယ်။ ချိုးနှိမ်ဖဲ့ရွဲ့ပြီး စီးပိုင်နေအောင် နင်းတယ်။ ဘယ်သူမှ ငမုန်းကို တန်မပြန်နိုင်ဘူး။ ကွယ်ရာမှာ အလွန်မုန်းတီးကြောင်း ဆိုတယ်။
ကျိန်စာတိုက်ကြတယ်။ ရှေ့တင်မှာတော့ မချိသွားဖြဲ ခစားရင်းပေါ့…။ ကြာတော့ ငမုန်းဟာ လုပ်သမျှ ဖြစ်နေရတဲ့ သူ့လောကကြီးမှာ သူလုပ်သမျှဟာ အမှန်လို့ ထင်မြင်ယူဆလာတယ်။ ဒီလို ထင်လာတော့ အမှန်ကို မမြင်တတ်တော့ဘူး။ အငြုးအတေးတွေရဲ့ အမိုက်တိုက်ဖုံးလွှမ်းရာက ငမုန်းဟာ လူကို လူလိုတောင် မမြင်နိုင်တော့ဘဲ နိုင်ထက်စီးနင်း ပြုတဲ့အထိကို တစ်ဖက်ကန်းသမား ဆန်လာခဲ့တယ်။ သူ့ရဲ့ မဟာရန်သူတော်ကြီး ဦးဘဝင်းကိုဆို သူ့အရှေ့ဆီမှာပဲ ခေါင်းခွေ့လို့ တောင်းပန်ရင်း သေခဲ့ရတဲ့အထိကို ငမုန်း လုပ်ပြခဲ့လေတယ်။ ဒါတွေကတော့ ဘဝအပြောင်းအလဲများနဲ့ ငမုန်းရဲ့ အကြောင်းတွေပဲပေါ့…။ ******** သူတော်တစ်ယောက် မူလပြန်ထားရင်းက စေတီကလေးတစ်ဆူဆီမှာ သမထထိုင်နေမိတယ်။ ” သူတော်…” သူတော် မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တော့ သူ့အရှေ့မှာ ရပ်နေတဲ့ ဆရာဖြစ်သူ ဦးဇာတိကြီးကို တွေ့ရတယ်။ ” ဘကြီးလာတယ်ဆိုတော့ အကြောင်းထူးပြန်ပြီထင်တယ်…” ” အင်း…ဟုတ်တယ်။ လယ်ရိုးရွာက ပြဿနာကို မင်း သွားဖြေရှင်းပေးရမယ် သူတော်…” ” ဘယ်လိုပြဿနာမျိုးလဲ ဘကြီး…” ” သင်္ချိုင်းရှင်မ မဖဲဝါအပါအဝင် ပရလောကသားတို့ရဲ့ အကူအညီနဲ့ ချမ်းသာသွားရာက အမှားပေါ် အမှားဆင့်နေခဲ့တဲ့ သူတစ်ယောက်ပေါ့ကွာ။ အဲ့ဒီ့သူကို မင်းက ခြေချွတ်ဆုံးမပေးရမှာ…” ” သူ့ကို မဖဲဝါကတောင် ကူညီပေးနေတာလား။ ဒီလိုဆို သူတော်က သူ့ကို ဆုံးမ ခြေချွတ်ရမှာလဲ…” ” သူ့ကို အကျွတ်တရားရစေပြီး သာသနာ့ဘောင်ကို ဝင်စေရမယ်။ သူက ထွန်းပေါက်မယ့် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်။ ဒါပေမယ့် ကဝေတစ်ကောင်ကို တိုက်ခိုက်တာ၊ စုန်းတစ်ကောင်ကို ဆုံးမတာ၊ တစ္ဆေတစ်ကောင်ကို ခြေချွတ်တာ အဲ့ဒါတွေထက် လူတစ်ယောက်ကို ခြေချွတ်ဖို့က ပိုခက်တယ်။ ဒါကြောင့် ဂရုစိုက်ပြီးတော့ အကောင်းဆုံး လုပ်ဖို့တော့ လိုတယ် သူတော်…” ” ဘကြီးတောင် ပြောတယ်ဆိုတော့ ဒီလူကိုညခြေချွတ်ဖို့ဆိုတာက အတော်ခက်ခဲမယ့် ပုံပဲ…” ” အင်း…ဟုတ်တယ်။
အဲ့ဒီ့အတွက်ကို သင်္ချိုင်းရှင်မဆီ အရင်ဝင်တွေ့ပါ။ ပြီးရင် အကျိုးအကြောင်းပြောပြပြီး အကူအညီတောင်းချေ။ ဘာဆက်လုပ်ရမယ်ဆိုတာ အဲ့ဒီ့ကျရင်တော့ သိရှိလာရမှာပါ…” ” ကောင်းပါပြီ ဘကြီး…” ဦးဇာတိကြီးက နေရာကနေ လှည့်ထွက်သွားခဲ့တယ်။ သူတော်လည်း သမထကို ဖြုတ်ပြီး လွယ်အိတ်ကို ကောက်လွယ်လိုက်တယ်။ နောက်တော့ လယ်ရိုးရွာဆီကို ဦးတည်လို့ရယ်ပေါ့…။ ******* ငမုန်းတစ်ယောက် သူ့ကိုယ်သူ ဂုဏ်မောက်လွန်းစွာနဲ့ ခန္ဓာကိုယ်တစ်ခုလုံးဆီမှာ ရွှေအဆင်တန်ဆာတွေကို ဆင်ယင်ထားတယ်။ ငမုန်း သူ့ကိုယ်သူ ပြန်ကြည့်ပြီး သဘောတွေကျရင်း တဟားဟား အော်ဟစ်ရယ်မောလိုက်တယ်။ ဒီအခိုက်မှာပဲ ကောင်းကင်ကြီးတစ်ခုလုံးဟာ မှောင်မည်းလာပြီး မိုးသီးမိုးပေါက်တွေက ကျဆင်းလာတယ်။ မိုးရေစက်တွေအကြားမှာ ငမုန်း လမ်းပျောက်သွားရတယ်။ ဘယ်ဆီကို သူသွားရမယ် မသိဘူး ဖြစ်နေမိတယ်။ ဒီအခိုက် ဗွက်ထနေပြီဖြစ်တဲ့ သူ့အရှေ့က မြေပြင်ဟာ သုသာန်တစ်စပြင်အဖြစ် ပြောင်းလဲသွားတယ်။ အုတ်ဂူအကျိုးအပျက်တွေ၊ ပဲ့ရွဲ့နေတဲ့ မှတ်တိုင်တွေ မြေပုံတွေက မိုးစက်တေ့်အကြားမှာ အစီအရီ ရှိနေတယ်။ ငမုန်း အံ့အားသင့်ပြီး ကြည့်နေတုန်းမှာပဲ မြေပြင်ကြီးက တုန်ဟည်းလာတယ်။ ပြီးတော့ မြေပုံတွေ၊ အုတ်ဂူတွေအကြားက ကုန်းကွကွနဲ့ လူသေကောက်တွေ အများအပြား ထွက်လာခဲ့တယ်။ ” ဒါ…ဒါတွေက…” ငမုန်း တုန်လှုပ်သွားမိပြီး ရေရွတ်လိုက်မိတယ်။ လူသေကောင်တွေက ငမုန်းဆီကို ဦးတည်ပြီး ယိုင်တိယိုင်ထိုးတစ်မျိုး ကုန်းကွက်နဲ့ တစ်ဖုံ တစ်ချို့က လေးဘက်ထောက်ကြီးတွေ ခေါင်းရွဲ့ကိုယ်ရွဲ့နဲ့ လာနေကြတယ်။ ငမုန်း အခြေအနေမဟန်လို့ နေရာကနေ ပြေးထွက်ဖို့ ကြိုးစားလိုက်တယ်။ ဒါပေမယ့် သူ့ခြေထောက်တွေက မြေကြီးဆီမှာ ကပ်နေပြီး ပြေးလို့ မရဘူး။ အလောင်းကောင်တွေက ငမုန်းအနားဆီကို ရောက်ရှိလာတယ်။
အလောင်းတွေကို ငမုန်း အနီးကပ်မြင်ရတော့မှ အလွန်အံ့အားသင့်ရပြန်တယ်။ အလောင်းကောင်တွေဟာ လယ်ရိုးရွာက သက်ရှိထင်ရှား ရွာသူရွာသားတွေ ဖြစ်နေတယ်လေ။ အလောင်းကောင်တွေဟာ ငမုန်းဆီကို ရောက်ရှိလာပြီး တစ်ချို့က ငမုန်းကို ကုတ်ခြစ်ဆွဲဖဲ့တယ်။ တစ်ချို့ကတော့ ငမုန်းကို ကိုက်ကြတယ်။ ငမုန်း အလွန်သွေးပျက်ခြောက်ခြားရတယ်။ ထိတ်လန့်တကြားနဲ့ အားကုန်ဟစ်အော်ရုန်းကန်မိပါကော…။ ” ဒုန်း….” ငမုန်းရဲ့ ရုန်းကန်မှုက အိပ်ရာနံဘေးက ကုလားထိုင်ကို ကန်မိပြီး လဲကျသံနဲ့အတူ ငမုန်းလည်း အိပ်မက်ရာကနေ လန့်နိုးလာရတယ်။ ငမုန်းတစ်ကိုယ်လုံးမှာ ချွေးတွေက ရွှဲနစ်လို့ရယ်။ ” ငါ အဲဲ့ဒီ့အိပ်မက်ကြီးကို ထပ်မက်ပြန်တာပဲ…” ငမုန်း သူ့ကိုယ်သူ ပြန်ဆန်းစစ်ရင်း ရေရွတ်ရင်း မိတယ်။ တော်သေးတာပေါ့ အိပ်မက်ဖြစ်နေလို့ဆိုပြီးတော့လည်း တွေးမိခဲ့တယ်။ ******* သုံးရက်လောက်အကြာမှာတော့ အဲ့ဒီ့အိပ်မက်ကိုပဲ ငမုန်း ထပ်မက်ရပြန်တယ်။ ဒီတစ်ကြိမ်တော့ အိပ်မက်ထဲမှာ အလောင်းကောင်တွေ သူ့ဆီကို ရောက်ရှိလာချိန် မှာ ရုတ်တရက် ယောဂီတစ်ယောက်နဲ့ အဝါရောင်အထက်အောက် ဝတ်ထားတဲ့ အမယ်အိုကြီးတစ်ယောက်က ရောက်ရှိလာပြီး အလောင်းကောင်တွေကို မောင်းထုတ်လိုက်တယ်။ အလောင်းကောင်တွေ ပျောက်သွားတော့ ငမုန်းလည်း အားကိုးတကြီးနဲ့ ယောဂီဝတ်ဆင်သူနဲ့ အမယ်အိုကြီးအနားဆီကို ပြေးမိပါကော…။ ” ကျေးဇူးကြီးလှပါတယ် ကျေးဇူးရှင်တို့ရယ်။ ကျုပ်ကိုလေ ကျုပ်ကို အဲ့ဒီ့အလောင်းကောင်တွေ နှောက်ယှက်နေတာ ကြာ ကြာပြီဗျ။
အခုလို ကျေးဇူးရှင်တို့သာ ရောက်မလာရင် ကျုပ် ဘာဖြစ်မယ် မပြောတတ်ဘူးဗျာ…” ယောဂီက ဘာမှမပြော၊ အမယ်အိုကြီးက ငမုနး်ရဲ့ ဦးခေါင်းကို မိခင်တစ်ယောက်လိုပဲ ကြင်ကြင်နာနာနဲ့ အုပ်ကိုင်လာတယ်။ ” ငါ့သား…မင်း အိပ်မက်ဆိုးတွေ မက်နေတာကွဲ့…” ” အိပ်မက်…ဟုတ်တယ်။ ကျုပ် အိပ်မက်ဆိုးတွေ မက်နေတာ။ ကျုပ် အဲ့ဒီ့အိပ်မက်တွေကို မမက်ချင်တော့ဘူး။ ကျုပ်ကို ကူညီကြပါဦး…” ငမုန်းပြောတော့ ယောဂီဝတ်နဲ့ လူငယ်က စူးစိုက်ကြည့်လာပြီး…။ ” ခင်ဗျား…သင်္ကန်းစည်းသင့်တယ်လို့ ထင်တယ်…” ” ဗျာ…” ” ဟုတ်တယ် ခင်ဗျား သင်္ကန်းစည်းသင့်တယ်။ ခင်ဗျား စိတ်ထဲမှာ အငြိုးအတေး အာဃာတတွေက ပိန်းပိတ်အောင် မှောင်လွန်းနေစေတယ်။ ကိုငမုန်း…ခင်ဗျားစိတ်ထဲက အငြိုးတွေအတွက် တန်ပြန်မယ့် အစီအစဥ်ကို ရုတ်သိမ်းလိုက်ပါဗျာ။ မီးဆိုတာက သူ့ကိုပူစေချင်ရင် ကိုယ်တိုင်က အရင်အပူခံရတတ်ပါတယ်။ အေးငြိမ်းတဲ့ အရိပ်ဆီမှာ ခင်ဗျားက ရှိသင့်နေပါပြီ…” ” အေးငြိမ်းတဲ့ အရိပ် ဟုတ်လား။ အဲ့ဒါက ဘာလဲ…” ” လောကမှာ အေးငြိမ်းရာက မြတ်ဗုဒ္ဓရဲ့ တရားပဲဗျ။ ခင်ဗျားဆီမှာ ပူနေသမျှ ဒီလို အိပ်မက်ဆိုးတွေက မကြာခဏ ဆက်မက်နေဦးလိမ့်မယ်။ ကြာရင် ခင်ဗျား လုံးပါးပါးပြီး ဒုက္ခရောက်ရလိမ့်မယ်။ ကျုပ်ကတော့ ခင်ဗျား ဘာလုပ်သင့်တယ်ဆိုတာ အကြံပြုရုံပဲ။ ကျန်တာတော့ ခင်ဗျား ကိုယ့်စိတ်နဲ့ ကိုယ့်သဘော သုံးသပ်ဆုံးဖြတ်ပါ…” ” ကျုပ်က ဆုံးဖြတ်ရမယ် ဟုတ်လား…” ” ကဲ…ငါ့သား။ အမေတို့ကို ခွင့်ပြုဦး။ ဒီက ယောဂီသူတော် အကြံပြုတာကိုတော့ ငါ့သား အလေးအနက် တွေးတောစဥ်းစားပေါ့…” ပြောပြီးတာနဲ့ အမယ်အိုကြီးနဲ့ ယောဂီဝတ်လူငယ်ဟာ ငမုန်းအနားကနေ လွင့်ခနဲ ဖြစ်သွားကြပြီး ပျောက်ကွယ်သွားခဲ့တယ်။
” အမေကြီး…ဆရာသူတော်…နေ…နေကြပါဦး…” ငမုန်း ဟစ်အော်ရင်း အိပ်ရာက လန့်နိုးလာရတယ်။ အိပ်ရာထဲမှာ ငမုန်း ထိုင်ပြီး တွေးတောနေမိတယ်။ ” သင်္ကန်းစည်းရမယ်။ ငြိမ်းချမ်းရာ အရိပ်ကို ရှာဖွေရမယ်…” ငမုန်း ဒီစကားကိုပဲ တတွင်တွင် ရေရွတ်နေမိတယ်။ အချိန်ဘယ်လောက်ကြာအောင် ငမုန်း ရေရွတ်နေမိတယ် မသိဘူး။ နားထဲမှာ ကြေးစည်သံ တလွင်လွင်ကို ကြားမိရတယ်။ စိတ်က ဘာကြောင့်မှန်းမသိ ကြေးစည်သံကြားရာကို ထွက်ကြည့်ချင်လာမိတယ်။ ငမုန်း အိပ်ရာကနေ ထလိုက်တယ်။ အိမ်အရှေ့ ပြတင်းပေါက်ကို အပြေးလှမ်းပြီး ထွက်ကြည့်လိုက်တယ်။ ” အို…” ထွန်းသစ်စ နေရောင်ဖျဖျအောက်ဆီမှာ နီစွေးတဲ့ သင်္ကန်းတို့ကို ကြည်ညိုစဖွယ်ရုံပြီး သပိတ်ပိုက်လို့ ဆွမ်းခံနေတဲ့ သံဃာတော်များကို ငမုန်း ဖူးတွေ့ရလေတယ်။ သူ့တစ်သက် အခုလို မြင်ကွင်းကို ဘယ်တုန်းကမှ မမြင်ဖူးခဲ့သလို စိတ်က ခံစားရလေတယ်။ ယခင်က မြင်ဖူးတာတွေလည်း ရှိတော့ ရှိပါလိမ့်မယ်။ ဒါပေမယ့်လည်း စိတ်ဝင်စားပါမှ မြင်မိမှတ်သားမိတာက လူ့သဘာဝဆိုတော့ အမှတ်တမဲ့ ဖြစ်ခဲ့တာ ဖြစ်လိမ့်မယ်။ ဘယ်လိုဖြစ်ဖြစ် အခုတစ်ခေါက်မှာတော့ ငမုန်းအတွက် မြင်ကွင်းကို ကြည့်ရင်း စိတ်အစဥ်က အေးချမ်းမှုကို ခံစားလာရတယ်။ ငမုန်း ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်တယ်။ ဒီဆုံးဖြတ်ချက်ကတော့ အားလုံးသိကြလိမ့်မယ် ထင်ပါတယ်။ ******* တစ်ပါတ်အကြာ…။
ငမုန်းတစ်ယောက် ရွာဦးကျောင်းဆီမှာ ဆံကိုပါယ်လို့ သင်္ကန်းစည်းပြီး အရှင်သြဘာသဘွဲ့ကို ခံယူခဲ့တယ်။ သင်္ကန်းစည်းချိန်မှာ သူရူးတစ်ယောက်က သူ့ကို စူးစူးစိုက်စိုက် လာပြီး ကြည့်နေတာကို ငမုန်းတစ်ဖြစ်လဲ အရှင်သြဘာသ မြင်တွေ့ရတယ်။ သင်္ကန်းစည်းပြီး တစ်ပါတ်အကြာမှာတော့ ငမုန်းတစ်လဲ အရှင်သြဘာသဟာ ရင်ထဲက အငြိုးတရားတို့ကို ပါယ်သတ်နိုင်ခဲ့ပြီး အေးငြိမ်းရာ အစစ်အမှန်ကို ခံစားသိမိလာရတယ်။ ဒါကြောင့်လည်း သင်္ကန်းဝတ်နဲ့ပဲ ရာသက်ပန် နေထိုင်ရင်း စစ်မှန်တဲ့ အေးချမ်းရာဆီ သွားဖို့ဆုံးဖြတ်လိုက်တယ်။ သူပိုင်ဆိုင်တာတွေ အကုန်လုံးကိုလည်း တစ်ရွာလုံးဆီကို ဖြန့်ကျက်လို့ လှူဒါန်းလိုက်လေတယ်။ အလှူရဲ့ အစုစုသော ကုသိုလ်တို့ကို ရေစက်ချလို့ အမျှအတန်းပေးဝေတယ်။ အမျှအတန်း ပေးဝေရာမှာ သူခင်မင်တဲ့ ကျေးဇူးရှင် မှင်စာလေးကောင်နဲ့အတူ သင်္ချိုင်းအရှင်မနဲ့ ယောဂီသူတော်တို့ကို တခုတ်တရ အမျှအတန်းပေးဝေတယ်။ ဒိအခါ အလှူမဏ္ဍာပ်ရဲ့ ထောင့်တစ်နေရာဆီမှာ ရှိနေတဲ့ သင်္ကန်းစည်းတုန်းက စူးစူးစိုက်စိုက် ကြည့်နေခဲ့တဲ့ သူရူးက ဝမ်းသာအယ်လှဲ သာဓုခေါ်တာကို မြင်မိခဲ့တယ်။
ညရောက်တော့ အရှင်သြဘာသရဲ့ အိပ်မက်ထဲကို အမယ်အိုကြီးက ရောက်ရှိလာတယ်။ အမယ်အိုကြီးက အရှင်သြဘာသကို ပြုံးပြုံးကြီး စိုက်ကြည့်ပြီး…။ ” အမေ့သားကို အခုလို ဖူးတွေ့ခွင့်ရလို့ အမေ ကျေနပ်ရပါတယ်…” လို့ ပြောသွားခဲ့တယ်။ အခုတော့ ငမုန်းဆိုတဲ့ လူတစ်ကာ မုန်းတီးခံရသူဟာ ကောင်းမွန်တဲ့ လုပ်ဆောင်မှုတစ်ခုနဲ့ အဆုံးသတ် တစ်ခန်းရပ်သွားခဲ့တယ်။ ငမုန်းကနေ တစ်ခန်းရပ်ပြီး အရှင်သြဘာသအဖြစ် သာသနာ့ဝန်ကို ထမ်းမယ့် ပုဂ္ဂိုလ်ကတော့ တစ်နှစ်အကြာ တစ်ဝါရရှိအပြီးမှာတော့ ရွာဆီကနေ တောအရပ်ဆီကို အပြီးတိုင် ထွက်ခွာသွားခဲ့ပါတယ်…။ လယ်ရိုးရွာသူရွာသားတို့ဟာလည်း ချုပ်နှောင်မှုကင်းပြီး အကြောက်တရားစင်တဲ့ လွတ်လပ်ရွှင်လန်းတဲ့ ဘဝကို ရရှိခဲ့ကြပါပြီ။ ဪ…။ မှင်စာလေးတွေကတော့ ငမုန်းတစ်ဖြစ်လဲ အရှင်သြဘာသက လှူဒါန်းမှုအစုစုတို့ကို ရေစက်ချလို့ အမျှအတန်းပေးဝေချိန်မှာ သာဓုကောင်းစွာခေါ်ရပြီး ကျွတ်လွတ်သွားခဲ့တာပေါ့…။
ပြီးပါပြီ။








