*ဂေါ်ရခါးသိုက်*📖📖📖 (ပရဆန်းကြယ်)

*ဂေါ်ရခါးသိုက်*📖📖📖 (ပရဆန်းကြယ်)

အိုင်ဆေး ယူ ဟီးရား !!!! I say you hear? ” ” အဲဗရီးဘော်ဒီ ဟက် !! Everybody have? ” ” အာဝါ ဆေ့ဗ်!! ဟဲ့ !ဟဲ့! Our save!!! help !!help! ” တစ်နေလုံး အချိန်မှန်မှန် ခုတ်မောင်းနေတဲ့ နေစက်ရှင်ဟာ အနောက်ဂေါယာကျွန်းကို ဦးတည်ရင်း တစတစပျောက်ကွယ်ဖို့ ပြင်ဆင်နေတယ်။ သီးနှံတွေစိုက်ပျိုးဖို့ထွန်ယက်နေတဲ့ လယ်သမားတွေလည်း နေဝင်သွားတာနဲ့ လုပ်လက်စအလုပ်တွေရပ်လိုက်ပြီး ကိုယ့်အိမ်ကိုယ် ပြန်လာနေကြပါပြီ။ စစ်တောင်မြစ်ကိုဖြတ်ပြီး ယာခင်းတွေပေါ်ကနေတိုက်လာတဲ့ လေနုအေးလေးတွေက တစ်နေ့လုံး မောပန်းနွမ်းနှယ်နေတဲ့ လယ်သမားတွေအတွက်တော့ သဘာဝဇိမ်ခံပစ္စည်းပါ။

လေလေးက တဟူးဟူး၊အိပ်တန်းပြန်လာတဲ့ ငှက်တွေက တကျီကျီ ၊ ဝင််လုလု နေလုံးကြီး နှလုံးသားလှတဲ့ သူတစ်ယောက်သာ ဒီမြင်ကွင်းမျိုးကို မြင်ရင် ရာသီဖွဲ့ကဗျာတွေတောင် ရေးမိမယ်ထင်ပါရဲ့။ မြစ်ရိုးနံဘေးအတိုင်းလျှောက်လာရင်း သဘာဝအလျှောက် သောင်ထွန်းနေတဲ့ ကိုင်းတောကြီးနားကိုရောက်တော့ နေဝင်သွားခဲ့ပြီ။ လေအဝှေ့မှာ တလူလူလွှင့်ပြီး ယိမ်းထိုးကခုန်နေတဲ့ ကိုင်းပင်တွေက အောင် လံတလူလူနဲ့ စစ်ထွက်လာတဲ့ တပ်မဟာကြီးလိုလို ဖြစ်နေတာကြောင့် ။ ” နွားကျောင်းသား..ပျော်ပါးပါတဲ့ သိုက်မြုံ….” ” save me!!!! ” ” ဟင် ” သီချင်းတအေးအေးဆိုရင်း ကိုယ့်အတွေးနဲ့ကိုယ် ပြန်လာနေကြတဲ့ လယ်သမားတွေက ကိုင်းတောထဲကနေ လူအော်သံတစ်ချို့ကြားလို့ အံ့သြကုန်ကြပါတယ်။ ပိုးကောင်မွှားကောင်သံလိုလို လေတိုက်သံလိုလို မသဲမကွဲ ထွက်လာတဲ့အသံဆိုတော့ ဘာကောင်အော်မှန်း သေချာမသိကြ။ လိုက်ရှာတော့လည်း ဘာမှ မတွေ့ရပြန်ချေ။

” save me!!!” ” ဆေ့ဗ်မီ!!! ” ” ဟော ” ” ကျော်မြင့် ဒီနေ့လကွယ်လားကွ ” ” ဟုတ်တယ် ကို ဝင်းလွင် ” ” ဒါနဲ့ မင်းညီ မြင့်သိန်းတစ်ယောက် ဥက္ကဌလေထွား အဲ့ ဌေးလွင်ခေါ်တွေ့တယ်ဆို ဘာဖြစ်တာလဲ ” ” မသိဘူး ကိုရေ ခုနကမှ ချောင်းထဲ ရေချိုးနေတဲ့ မရီမြင့်ပြောလို့ ကိုကြီးနဲ့အတူတူသိရတာပဲ ” အသံတွေကြားတိုင်း သတိထားကြည့်လိုက်ရင် လပြည့်လကွယ်နဲ့ လဆန်း/ဆုတ်၈ရက် ဥပုတ်နေ့တွေချည်းဖြစ်နေတတ်တာမို့ ဘာမှန်းမသိတဲ့ တောသူ တောင်သားလယ်သမားတွေအတွက် အချိန်မှတ်စက်တစ်ခုလို ဖြစ်နေခဲ့တာပါ။ ကြားရဖန်များလို့ ရိုးသွားတာလည်း ဖြစ်ကောင်း ဖြစ်နိူင်ပါတယ်။ မြစ်အထက်မှာ ကမ်းပါးပြိုပြီး ရေစီးနဲ့မျောပါလာတဲ့ မြေသားတွေက မြစ်အောက်ပိုင်းမှာ ရေနည်းလာတာနဲ့ သဲသောင်အဖြစ် ပေါ်လာတယ်။

သဲစပ်စပ်ပါတဲ့ နုံးတင်မြေနုတွေ ဖြစ်လို့ ဘာပင်စိုက်စိုက်အရမ်းဖြစ်တယ်။ လက်ရှိ(ယနေ့အထိရှိနေစဲ)ပြည်တော်သာရွာရဲ့သောင်ခုံကြီးက အရမ်းကြီးတော့ ရေစီးကြောင်းတောင် နှစ်ခုခွဲပြီး စီးသွားရတဲ့အထိပါပဲ။ မြစ်ထဲမှာမလို့သာ သောင်ဖြစ်နေရတာ ပင်လယ်ထဲမှာဆိုရင်တော့ ရွေ့လျားကျွန်းငယ်တစ်ခုစာလောက်ကို ရှိမယ်ထင်ပါတယ်။ မိုးတွင်းကာလရေကြီးချိန်ဆိုရင် သောင်ခုံတဝက်လောက်က ရေမြုပ်နေတတ်ပေမယ့် ကိုင်းပင်တွေက မမြုပ်ဘူး။ အသက်ပြင်းတဲ့ အပင်တွေထဲမှာ ကိုင်းပင်တွေ ထိပ်ဆုံးက ပါလောက်တယ်။ ရေသုံးလေးလလောက်မြုပ်နေပေမယ့်လည်း ရေကျပြီး ငါးရက်လောက်ဆို ရွက်နုထွက်လာတတ်တဲ့ အပင်မျိုးလေ။ ပြောရရင် အဲ့ဒီသောင်ခုံကြီးပေါ်မှာ ကိုင်းပင်အပြင် တခြား အလေ့ကျအပင်တွေလည်း ရှိတယ်။

ပုရစ်ဖမ်းချိန်ဆိုလည်း ” ဘယ်မှလိုက်ရှာမနေနဲ့ အဲ့ဒီသောင်ပေါ်ကိုသာသွား ပေါလွန်းလို့ ” လို့ ရွာခံတွေက ပြောကြပြန်တယ်။ ရွာသားတစ်ချို့ကတော့ အဲ့ဒီကိုင်းတောထဲကိုရောက်ရင် နေ့ဖြစ်ဖြစ် ညဖြစ်ဖြစ် ငှက်တို့ မြွေတို့ ဖားတို့ကို ဟင်းစားအဖြစ် ဖမ်းကြတယ်။ ထောက်ချောက်ထောင်တယ်။ ရလည်း ရကြတယ်။ ၂၀၀၄ခုနှစ်မတိုင်မှီ သုံးနှစ်လောက်က ဝါထပ်ပြီး ရေကြီးနေတဲ့အချိန်ပေါ့။ လှေပျက်ကြီးတစ်စီး မြုပ်တစ်ဝက်ပေါ်တဝက်နဲ့ မျောလာပြီး အဲ့ဒီသောင်မှာ လာတင်တယ်။ စစ်တောင်းမြစ်ကိုအမှီပြုပြီး ငါရှာစားတဲ့ တံငါသည်တချို့လည်း မြင်တယ် ပြောကြတယ်။

နောက်ပိုင်း သောင်ခုံက ကျွန်းလိုဖြစ်လာပြီး ရေတက်ရင်တောင် အကုန်မမြုပ်တော့ဘူး။ သောင်တစ်ပတ်လည်ကို ညဘက် ငါးဖားရှာတဲ့ လူတွေ​က အဲ့နားတဝှိုက်ငါးပုစွန်တွေ အရမ်းရတယ် ရပြီးရင် ပျောက်ပျောက်သွားလို့ ဟင်းစားပဲကျန်တယ်တဲ့။​ ကြောက်ရလန့်ရကောင်းမှန်း မသိကြတဲ့ လူတစ်ချို့ကလည်း အသားနီစပ်စပ်ရောင်ရှိတဲ့ လူတွေကို ဖျက်ကနဲ တွေ့ရတတ်တယ်လို့ ပြောကြပြန်တယ်။ စိတ်ဆင်းခြင်းပြဿနာတွေ မဖြစ်ခင် သုံးရက်အလိုက ပြည်တော်သာရွာသား ကိုမြင့်သိန်းတစ်ယောက် ပုရစ်တူးရင်း ငွေဒင်္ဂါးနှစ်ပြားရလာတယ်။ အင်္ဂလန်ဘုရင်မပုံ ရိုက်နှိပ်ထားတဲ့ ဒင်္ဂါးပြားတွေလို့ နောက်မှသိရတယ်။ ကိုမြင့်သိန်းက ဘယ်သူကိုမှ ပေးမသိသလို နောက်လာတူးဦးမယ်ဆိုတဲ့ အထာနဲ့ အဲ့နားတစ်ဝိုက်က ကိုင်းပင် ကန္တာရပင်တွေကိုတောင် အမှတ်အသားလုပ်ခဲ့သေးတယ်။ ဘယ်လိုဘယ်လို ချိတ်ဆက်မိတယ်မပြောတတ်ဘူး ၊ ပဲခူးမြို့ပေါ်ရောက်တုန်း ရှေးဟောင်း ပစ္စည်းကို အချိုအချောင်နဲ့ ဝယ်တဲ့လူတွေ လက်ထဲကို ရောင်းပစ်ခဲ့တယ်။ ဝယ်တဲ့လူတွေက လူလည်တွေ ၊ ကိုမြင့်သိန်းကို ပြောထားတဲ့စျေးထက်ပိုပေးတယ်။

ရီရီမောမောနဲ့ မိတ်ဖြစ်ဆွေဖြစ်ဘာညာ နေရပ်လိပ်စာတွေဘာတွေမေးရင်း ဒင်္ဂါးတွေကို ဝယ်ထားလိုက်တယ်။ နောက်နေ့ရောက်တော့ လူခြောက်ယောက်ပါတဲ့ စက်လှေတစ်စီး မြစ်ရိုးအတိုင်း ဆန်တက်လာခဲ့တယ်။ ပြည်တော်သာရွာရဲ့ တစ်ဖက်က လှရီရွာမှာ အသိတွေ ရှိသယောင်ယောင်နဲ့ ရွာထဲဝင် ဟိုလူ့မေး ၊ဒီလူ့ရှာနဲ့ လူကြီးထောက်ခံစာလုပ်ပြီး ပြန်လာခဲ့ကြတယ်ဆိုပါတော့။ လှရီရွာက ရွာကြီးဆိုတော့ လူစိမ်းဝင်ရင် ချက် ချင်းမသိရဘူး။ ရွာနှစ်ရွာကြားက စစ်တောင်းမြစ်အလယ်မှာရှိနေတဲ့ သောင်ခုံကို သူတို့လည်း ပိုင်တယ်ဆိုပြီး လူကြီးချင်း စကားများဖူးကြတယ်။ ရွာသားတွေကတော့ သူတို့ဘာဖြစ်ဖြစ် ဂရုမစိုက် ၊ တစ်ရွာနဲ့တစ်ရွာ ကူးသန်းရောင်းဝယ်မှုတောင် ပိုးတိုးလာခဲ့ပါတယ်။ လူစိမ်းတွေက သောင်ပေါ်မှာနေပြီး ငါးရှာသလိုလို အယောင်ပြတယ်။ ငါးဖမ်းလှေတွေ ဒီလိုပဲ ညအိပ်ညနေ မကြာမကြာလာတတ်တော့ ပြည်တော်သာရွာ သားတွေလည်း သိပ်အာရုံမထားကြပါဘူး။

ဒါကိုအ ခွင့်ကောင်းယူပြီး ဒင်္ဂါးရှာပုံတော်ဖွင့်ကြတော့တယ်။ သူတို့ရောက်ပြီး သုံးရက်မြောက်မှာ ပြည်တော်သာရွာ လှရီရွာ ဒညင်းရွာ ငစိုက်ရွာ စတဲ့ အနီးနားဝန်းကျင်ရွာတွေမှာ လူတွေဖျားနာလာတယ်။ ရောဂါရှာမရပဲ မူးတဲ့သူကမူး သတိလစ်တဲ့သူကလစ် ဖြစ်ကုန်ကြတယ်။ ” အင်းဟင်း ဟင်း ဟင်း ” ” အင်းဟင်းဟင်းဟင်း ” ” ကိုကျင်မောင် ရှိတဲ့စောင်တွေလည်း ကုန်ပြီ တုန်နေ တုန်းပဲလား ဒုက္ခပါပဲ အငယ်မရေ အပျိုကြီးဆိုင်က စပ်ဆေးနောက်တစ်ခွက် သွားဝယ်စမ်း သွား ” ” အော့ ဝေါ့ ” ” အမလေး သားလေး အန်ပြန်ပြီ ကိုသောင်းရေ ” ” ရွှေကြည် သမီးလေး ဘာဖြစ်တာလဲ ကွယ် ” ” မူးတယ် အမေ ဗိုက်ထဲကလည်း အောင့် တယ် အား ” မဖြစ်စဖူးထူးခြားဖြစ်စဥ်ကြောင့် ကျေးလက်ဆေးပေးခန်းဆရာဆရာမတွေလည်း ဟိုရွာကပင့်ရင်ဟိုရွာပြေး သည်ရွာကပင့်ရင်သည်ရွာပြေးနဲ့ အလုပ်တွေ ရှုပ်ကုန်ကြပါတယ်။ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေချိန်မှာပဲ ပြည်တော်သာရွာလူကြီးရဲ့ သမီးမိအေးကလဲ ကောက်ခါငင်ကာ တက်သွားပြန်တယ်။

” ကိုလှမြိုင်ကို သွားခေါ် ဒါသွေးရိုးသားရိုး မဖြစ်နိုင် ဘူး ” ” ဘာဖြစ်လို့လဲ ဌေးလွင် ငါဒီမှာ ” ” အတော်ပဲ ကိုမြိုင် အကို့တူမကို တစ်ချက်ကြည့်ပေး ပါဦး မနက်ကတင် အကောင်းကြီးဗျ” ” မိချို မာလကာရွက်က ဘာလုပ်ဖို့လဲ လာတွဲဦးဟ ” ” ကိုဌေးရယ် ဖအေတစ်ယောက်လုံးလုပ်နေပြီး ရှင်ကိုယ့်သမီးကိုယ်တောင် မမနိုင်ဘူးလား ဟင်း ဖယ် ကျမတွဲမယ် ” ” ဟဲ့ နင်တို့လင်မယားနောက်မှကိုက်ကြ အခုလောလောဆယ် ကလေးကို ဘုရားစင်ရှေ့ ခေါ်လာခဲ့ကြ ” ဦးလှမြိုင်ဆိုတာ အဲ့ဒီနားတစ်ဝှိုက်ကရွာတွေမှာ ရိုးရာတင် ခေါစာပစ် နတ်ပင့် ရှင်ဥပဂုတ္တပင့် စတဲ့ တော်ရုံလူမလုပ်တတ်တဲ့အရာတွေမှာ ပိုင်နိုင်ကျွမ်း ကျင်သူတစ်ယောက်ပါ။ အခုလည်း ရေတစ်ခွက်ကို ဘုရားစင်ပေါ်တင်ပြီး သူတတ်သမျှမှတ်သမျှကို မန်းမှုတ်နေခဲ့တယ်။

ပြီးသွားတော့ ဘုရားကန်တော့ပြီး အဲ့ဒီရေနဲ့ မိအေးကို တောက်လိုက်တယ်။ ချက်ချင်းဆိုသလို ပျော့ခွေနေတဲ့မိအေးက ဆက်ခနဲခေါင်းထောင်လာပြီး သူ့ဘေးနားကလူတွေကို တစ်ယောက်မကျန် မျက်ထောင့်နီကြီးနဲ့ လိုက်ကြည့်နေတယ်။ ” ဟဲ့ နင်ဘယ်သူတုန်း ” ” မိုင် နိန်း အစ် မစ္စတာယူပတ် ” “……… ” ” ဘာဖြစ်တယ် ဘာပြောလိုက်တာ ” မိအေးအသံက ယောကျ်ားသံကြီးဖြစ်နေတဲ့အပြင် မွေးလာကတည်းက လျှာကင်တိုလို့ မြန်မာစကားတောင်ပီအောင်မပြောနိုင်တဲ့သူက ဘိုလိုပီပီသသကြီးပြောလိုက်တော့ အားလုံးက အံ့သြကုန်ကြပါတယ်။ ” နေ နေပါဦး သူဘာတွေ ပြောနေတာလဲ ” ” သြော် ကိုမြိုင်ရယ် ကျနော်မလုပ်တတ်လို့ ခင်ဗျာ့ အားကိုးပြီး ကုနေတာလေ ကိုမြိုင်တောင် မသိမှ တော့ ဘယ်သူက သိမှာလည်းဗျ ” ” မင်းအသာနေစမ်းပါ ဌေးလွင်ရာ ဒီကောင်က မြန်မာ လိုနားလည်တယ်ထင်တယ် ပြန်ပြောတော့ ဘိုလို ဒါ ကြောင့် ငါမသိတာကွ သွား တစ်ယောက်လောက် ဆရာလေးမြတ်သူကိုသွားခေါ်ပေးကြ ” လူကြီးဦးဌေးလွင်အိမ်မှာဖြစ်နေတဲ့ ဆူဆူညံညံအသံတွေကြောင့် နှစ်အိမ်ကျော်မှာနေတဲ့ ကျနော်လဲ ကလေးတွေရဲ့လပတ်စာမေးပွဲအဖြေလွှာတွေ ဆက်မစစ်တော့ပဲ နားစွင့်နေလိုက်တယ်။

အဲ့ဒီအချိန် ” ဆရာလေး ဆရာလေး ” ” ဖြိုးလေးပါလား သား လာလေ ဘာဖြစ်လို့လဲ ” ” ဆရာ့ကို ဘမြိုင်ခေါ်ခိုင်းလိုက်လို့ အရေကြီးလို့တဲ့ လူကြီးအိမ်ကိုအမြန်လာခဲ့ပါတဲ့ ” ” အေး အေး လာ သွားရအောင် ” လာခေါ်တဲ့ကလေးကို လက်ဆွဲပြီး လူကြီးအိမ်ဘက် လိုက်သွားကြည့်တော့ လူတွေက ကျွတ်စီ ကျွတ်စီနဲ့ သူ့အဖွဲ့နဲ့သူ စကားတွေ ပြောနေကြတယ်။ ” ဟာ ဆရာလေး လာပြီဟေ့ လာ ဆရာလေး ” ” မိအေး ဘာဖြစ်လို့လဲ ဦးမြိုင် ” ” ဆရာလေးရေ ဘာဖြစ်သလဲတော့ ကျနော်လည်း မသိဘူး ဆရာ့တပည့်မက မနက်ကတင်အကောင်း ကြီး ” ” ဟိုကောင် ဌေးလွင် ….” ” ဒီလို ဆရာလေး ဒါက မိအေးမဟုတ်ဘူး ပရောဂဝင် နေတာ သူဘာတွေပြောနေတာလဲ နားမလည်လို့ ဘာသာပြန်ပေးလို့ရမလား ဆရာလေး ” ” အရမ်းကြီး တော်တတ်နေတာမဟုတ်ပေမယ့် ကျနော် စမ်းကြည့်ပေးမယ်ဗျာ ” ဟိတ်ဟန်မရှိတဲ့ ကျနော့်ကို သဘောကျသွားဟန်နဲ့ ဦးလှမြိုင်က တစ်ဖက်ကိုလှည့်ပြီး မသိမသာပြုံးလိုက်တာ သတိထားမိလိုက်တယ်။ ပြီးတာနဲ့ သူကမေး မိအေးကဘိုလိုဖြေ ကျနော်က ဘာသာပြန် လုပ်ပေးရင်း ပွဲကြည့်ပရိတ်သတ်ကို အာမေဍိတ်အသံမျိုးစုံ ထွက်အောင် ညှို့ယူထားလိုက်ကြပါတယ်။

” ……” ” သူ့နာမည် ယူပတ်တဲ့ ဦးမြိုင် ကိုလိုနီခေတ် က အရေးပိုင်မင်းတဲ့ ………” ပုံရိပ်တို့က ပစ္စုပ္ပန်မှသည် အတိတ်ကာလဆီသို့— ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ နေမဝင်အင်ပါယာတပ်ဖွဲ့(၉)မှာ ကိုယ်ဟာ ဘဏ္ဍာ ထိန်းဒုလက်ထောက်တစ်ယောက်ပါ။ မြန်မာတွေခေါ်သလို အရေးပိုင်မင်း အငယ်စားလေးပေါ့။ နာမည်အပြည့်အစုံ ယူပတ်မူရသီ ၊ ဂေါ်ရခါးလူမျိုး။ အစိုးရဌာနမှာ လက်ထောက်နေရာရောက်ဖို့ ဆယ်စုနှစ်လောက် ပညာတွေသင်တာ အထက်လူကြီးတွေရဲ့ မထင်ရင်မထင်သလို စိတ်ဆိုးတာ အော်ငေါက်တာ နီးရာနဲ့ကောက်ပေါက်တာတွေကို စိတ်ရှည်သီးခံခဲ့ရတယ်။ ” အသုံးမကျတဲ့ အကောင် #မင်းကိုမြန်မာပြည်ပို့မယ် ” ” မလုပ်ပါနဲ့ ဆရာရယ် ကျနော့်မိန်းမက ကိုယ်ဝန်ကြီး နဲ့မလို့ပါ သူမွေးတဲ့အချိန်ထိ …” ” ပါးစပ်ပိတ်ထားစမ်း…ခေါ်သွားချင်ခေါ်သွား ခေါ်မ သွားချင်ရင် ကလေးမွေးပြီးတာနဲ့ မင်းသွားရမယ် ” အိန္ဒိယမှာနေတုန်းက အဲ့ဒီလိုပဲ အထက်လူကြီးရဲ့ ဆူပူတာခံရပြီး မြန်မာပြည်ဘက်ကို နယ်ပြောင်းခဲ့ရတယ်။ မိန်းမက သွေးနုသားနု ကလေးကလည်း ငယ်သေးတော့ တိုင်းတပါးကို မခေါ်ရက်ဘူး။

အသိအကျွမ်းမရှိတဲ့မြန်မာပြည်မှာ အားကိုးစရာဆိုလို့ ကိုယ်နေတဲ့ ဘိုတဲက ခြံစောင့်နဲ့ အိမ်အကူ(မြန်မာလူမျိုးတွေ) ရယ် အစောင့်ပုလိပ် သုံးလေးယောက်ရယ် ပဲရှိတယ်။ မြန်မာလူမျိုးနဲ့ အနေကြာတော့ မြန်မာစကားကို ကောင်းကောင်းနားလည်လာတယ်။ ကိုယ်နဲ့မျိုးတူ ဂေါ်ရခါးတွေကို ပေါင်းသင်းမယ်ကြံတော့ သူတို့က ကိုယ်နဲ့ တစ်နယ်စီ။ ပြီးတော့ မြန်မာပြည်ရောက်အရာရှိတွေထဲမှာ ရှားရှားပါးပါးကိုယ်တစ်ယောက်ပဲ ဂေါ်ရခါးလူမျိုးဖြစ်နေတာ။ ကျန်တာ အင်္ဂလိပ်တွေ ၊ ကိုယ်ကို နယ်နှင်လိုက်မှန်းသိတော့ အဆက်အဆံမလုပ်ရဲကြဘူး။ မြန်မာ့တော်လှန်ရေးကာလရောက်လာတော့ ဗြိတိသျှတွေက လိုအပ်တဲ့ စစ်အသုံးစရိတ် ဘာညာတွေ လာထုတ်ယူသွားကြတယ် ။ တစ်ပြည်လုံးကနေ ပေါ်လာတဲ့ တော်လှန်ရေးခေါင်းဆောင်တွေ တော်လှန် ရေးသမားတွေကို နှိမ်နင်းဖို့တဲ့။

ကိုယ်က သာမန်စာရင်းစစ်လေးဆိုတော့ အရာရှိကြီးတွေ အသုံးစရိတ်လာထုတ်တဲ့အခါ အိန္ဒိယကို ပြန်ချင်ကြောင်း စာတင်ကြည့်တယ်မရဘူး၊ နောက်ဆုံး အရဲစွန့်ပြီး ခွင့်တောင်းကြည့်တော့လည်း အလေးမထားကြဘူး။ မြန်မာပြည်ရောက်ပြီး နှစ်နှစ်ခွဲလောက်မှာ ကြင်သူနဲ့ဝေးတဲ့ဒဏ် သားသမီးတွေနဲ့ ဝေးတဲ့ဒဏ် လူကြီးတွေရဲ့ အပြစ်မရှိအပြစ်ရှာ ဆူပူမှုဒဏ် ငြီးငွေ့လာတဲ့ဒဏ်တွေကို မခံစားနိုင်တဲ့အဆုံး ကိုယ့်ကိုယ်ကိုယ် သက် သေဖို့ ကြိုးစားမိတယ်။ အားလုံးကို စနစ်တကျနဲ့ သေချာစီစဥ်ပြီး ခရစ်စမတ်ကာလအရောက် အိမ်စေတွေနဲ့ အစောင့်စစ်သားတွေကို ခွင့်ရက်ရှည်ပေးလို့ ကိုယ့်အိမ်ကိုယ် ပြန်လွှတ်လိုက်တယ်။

သူတို့ကတော့ ပျော်လို့ရွှင်လို့ ထခုန်တဲ့သူက ခုန်ပေါ့။ ပြန်လာတာနဲ့ ဝရံတာအစွန်းမှာ ထာဝရရှင်သန်နေတဲ့ ကိုယ့်အလောင်းကိုတွေ့ရင် သူတို့ငိုရတော့မှာပါလားလို့ တွေးရင်း သူတို့ကို ပြုံးကြည့်နေမိတယ်။ ဒါပေမယ့် ကိုယ့်အကြံက အထမမြောက်ခဲ့ပါဘူး။ သစ္စာတရားကြီးမားတဲ့ ခြံစောင့်(မြန်မာလူမျိုး)က ပြန်ဖို့ခွင့်ပေးထားတာ မသိပဲ အလုပ်လာဆင်းတယ်။ မြို့အစွန်လည်းဖြစ်၊ မြစ်ကမ်းနံဘေးလည်းဖြစ်နေတော့ ကိုယ့်ရဲ့ ဘိုတဲလေးက အလုပ်သမားတွေ ပြန်သွားတာနဲ့ တိတ်ဆိက်နေတာပေါ့။ ” ဟ အိမ်ကလူတွေ ဘယ်ရောက်သွားကြလဲ ချောစုတို့ မသိန်းရင်တို့ ကိုမိုက်ကယ်တို့ ” ” အ…. အု… အု… ” ” ဟင်!!! သ.. သခင်ကြီး… ကဲ့ ဝှစ်..” ” ရွှစ်..ဘုတ် အိုး…မိုင်.. ဂေါ့….အဟွပ် အဟွပ် အဟွပ်” တွဲလောင်းကြီး လည်ပင်းအစ်နေတဲ့ ကိုယ့်ကို တွေ့တွေ့ချင်း ခြံစောင့်ရဲ့ဓါးမြှောင်က ကြိုးရှိရာ ပြေးဝင်လာပြီး ဖြတ်ချလိုက်တယ်။ ကြိုးပြတ်ပြီး ကြမ်းပြင်ပေါ် အထိန်းအကွပ်မဲ့ ပြုတ်ကျလာတဲ့ကိုယ့်ကို ပြာပြာသလဲနဲ့ ဆွဲထူပြီး ဒီလို မလုပ်ကောင်းကြောင်း ရှင်းပြရှာတယ်။ တကယ်ဆို ဘာသာမတူ လူမျိုးမတူ နောက်ပြီး မြန်မာပြည်ရဲ့ ရန်သူဖြစ်နေတဲ့ ကိုယ့်ကိုမကယ်ပဲ ကြည့်နေလို့ရသလို အစေအပါးတွေ မရှိတဲ့အချိန် တန်ဖိုးကြီးတာတွေယူပြီး သတ်သွားလို့လည်း ရနေတာပဲ။ မနက်ကတည်းက သူ့မိတ်ဆွေ မင်္ဂလာဆောင်သွားနေလို့ အိမ်မှာမရှိကြောင်း၊ ကိုယ်မနိုးသေးတာနဲ့ အိမ်စေမချောစုတို့ ဒေါ်သိန်းရင်တို့ကို ပြောသွားကြောင်း၊ပြောပြပြီး အိမ်တောင်မပြန်တော့ပဲ မကြာမကြာလာချောင်းကြည့်နေခဲ့တယ်။ နောက်မလုပ်တော့ကြောင်း သူနားလည်အောင် လက်ဟန်ခြေဟန်နဲ့ ပြောလိုက်မှ သူ့အခန်းကို ပြန်သွားရှာတာ။

” တူ……….” ” ရွှီး….ဝုန်း…ဒုန်း….” ကံဆိုးချင်တော့ တစ်နေ့မှာ တိုက်လေယဥ်တွေက နေ ပစ်လိုက်တဲ့ အမြှောက်ဆံက ကိုယ်နေတဲ့ ဘိုတဲတည့်တည့်ကို လာကျတယ်။ လုံခြုံအောင် လုပ်ပေးထားတဲ့ ဘဏ္ဍာသေတ္တာကလွဲလို့ ကျန်တာအကုန် ပျက်စီးကုန်တာပေါ့။ အိမ်ပြိုတဲ့အထဲ ပုလိပ်နှစ်ယောက်သုံးယောက်တောင်ပါသွားသေးတယ်။ နေစရာအိမ်ပျက်စီးသွားတာကို အပေါ်ကလူတွေသိပြီး လာကြည့်တော့ ပြန်ရပြီအထင်နဲ့ ပျော်မလို့ရှိသေး နောက်တစ်နယ်ကိုပြောင်းနေဖို့ အမိန့်ကျလာပြန်တယ်။ ကိုယ်လည်း အိမ်ကအစေခံတွေ ခြံစောင့်တွေရှိသမျှလူတွေအကုန်ခေါ်ပြီး မပျက်စီးပဲ ကျန်နေသေးတဲ့ ပစ္စည်းတွေနဲ့ ပိုက်ဆံတစ်ချို့ကို ခွဲဝေပေး လိုက်တယ်။ ခြံစောင့်ကြီးကိုတော့ အမှတ်တရအနေနဲ့ ကိုယ်ပိုင် ခြံဝင်းကြီးကို သူ့နာမည်ပေါက်လုပ်ပေးလိုက်တယ်။ သူ့ခမျာ ပျော်လွန်းလို့လား၊ ကိုယ်နဲ့ ခွဲရတော့မှာမလို့လားမသိ မျက်ရည်တွေနဲ့ လှေဆိပ်အထိလိုက်ပို့ရှာတယ်။ နေရာအသစ်က လာကြိုတဲ့ပုလိပ်လေးယောက်ပါသမ္ဗာန် တစ်ခုရောက်လာတော့ သူတို့အကူအညီနဲ့အဖိုးတန်ပစ္စည်းတွေသယ်ပြီး သမ္ဗာန်ပေါ်တင်လိုက်ကြတယ်။

မြစ်ရိုးအတိုင်း သယ်လာရင်း သုံးနာရီလောက်အကြာမှာ မိုးကြီးက သဲသဲမဲမဲနဲ့ ရွာချလာတယ်။ မိုးကြီးတဲ့အပြင် လေတွေက တရကြမ်းတိုက်တော့ ကမ်းကပ်ရအောင် လမ်းကြောင်းရှာတယ်။ မိုးတွင်းလည်း ဖြစ်ပြန် ကိုယ်နယ်မြေလည်း မဟုတ်ပြန်တော့ ကမ်းကပ်မှားပြီး ဝဲစုပ်ခံရတယ်။ ” ကယ်ကြပါ ကယ်ကြပါ ဘယ်သူရှိလဲ ” ကိုယ်အပါအဝင် သမ္ဗာန်ပေါ်ပါလာတဲ့ လူတွေအကုန်လုံးက ရလိုရငြား အော်ဟစ်အကူအညီတောင်းကြည့်ပေမယ့် ဘယ်သူမှ မသိရှိကြပါဘူး။ အော်ဟစ်အကူအညီတောင်းနေရင်းနဲ့ပဲ ရေအောက်ထဲရောက်သွားကြတယ်။ အမှောင်ထဲမှာ အချိန်အတော်ကြာနေပြီး သတိရလာတော့ ကမ်းပါစွန်းတစ်ခုမှာ တစွန်းတစပေါ်နေတဲ့ သမ္ဗာန်ကို မြင်ရတယ်။ ” ဟေ့ ဟေ့ မင်းငါ့ကို မြင်ရလား ငါတို့ ဒုက္ခရောက်လာ လို့ ” ကမ်းပါးဘေးက ဖြတ်သွားသူတိုင်းကို ကိုယ့်ဘာသာနဲ့ လှမ်းအော်ပြောပေမယ့် တစ်ယောက်မှ အဖက်မလုပ်ကြဘူး။ အဲ့ဒီအချိန် ကိုယ့်ကိုမြင်ရတဲ့လူတွေ ကမ်းပါးဘေးမှာ ဟော့တစ်ယောက် ဟော့တစ်ယောက် တဖြုတ်ဖြုတ် ပေါ်လာတယ်။ သူတို့က ကိုယ့်ရဲ့ အသွင်အပြင်နဲ့ ဘာသာစကားကို အထူးအဆန်းအနေနဲ့ ဝိုင်းကြည့်နေရင်း ခေါင်းဆောင်လို့ ထင်ရတဲ့ အသက်ငယ်ငယ်ကောင်လေးတစ်ယောက်က စကားစပြောလာတယ်။

” ကျုပ်ပြောတာ နားလည်လား ခင်ဗျားက သေသွားခဲ့ ပြီ အဲ့ဒါသိလား ဟိုးမှာကြည့် ခင်ဗျားတို့လှေ အဲ့ဒီလှေထဲမှာ ခင်ဗျားနဲ့ ခင်ဗျားလူတွေရဲ့ အလောင်း တွေ ရှိတယ်။ ဟော့ဒီ ငါးသိုက်ဝဲဆိုတာ အရမ်းကြမ်း ပြီး နာမည်ကြီးတယ် စက်တပ်မော်တော်တောင် မ လွတ်ဘူး ” ” အိုးမိုင်ဂေါ့ ငါသေပြီလား ဒါ ဒါဖြင့် ငါထာဝရရှင်သန် ပြီပေါ့ ” ” ဟား ဟား ဟား ဟား ဘယ်လိုလူလဲ သေပါတယ်ဆို ဘယ်လိုလုပ် ထာဝရရှင်သန်မတုန်း ဟား ဟား ” ဘာကို သဘောကျပြီး ရယ်ကြတယ်မသိပေမယ့် ကိုယ့်စကားကို သူတို့နားလည်နေကြလို့ အံ့သြမိတယ်။ ကောင်လေးက ရယ်မောနေတဲ့ သူ့လူတွေကို ဟန့်တားပြီး ဆက်ပြောတယ်။ ” သင့်ရဲ့ မထင်မှတ်တဲ့အလှူတစ်ခုက အဲ့ဒီလှေနဲ့ ဟောဒီချောင်းရိုးကို သင်တို့တတွေရဲ့ အပိုင်စား နေရာအဖြစ် သက်မှတ်ပေးထားတယ် ” ” ဒီတော့ လွတ်လွတ်လပ်လပ်နေ သင့်အကြောင်း သင် ဘာလူမျိုး ဘယ်ကလာတာကအစ ကျုပ်တို့သိပါ တယ် ကျုပ်တို့က ဘဝတူ ပေတလောကသားတွေ ဖြစ်လို့ သင့်ဘာသာစကားကိုလည်း နားလည်ကြ တယ် ” ” အိုး မြန်မာလူမျိုးတွေက တော်လိုက်တာ ” အဲ့ဒီလိုနဲ့ ကိုယ်တို့တတွေ အတူတူနေထိုင် အတူတူရှာဖွေစားသောက်လာကြရင်း နှစ်အနည်းငယ်အကြာမှာ ​ဝဲဒဏ်ကြောင့် ကမ်းပါးပြိုတဲ့အထဲ ကိုယ်တွေရဲ့ လှေကြီးလဲ ရေစီးနဲ့ ပါသွားခဲ့သလို မြေပြိုတာများလွန်းတော့ အရမ်းကြမ်းပါတယ်ဆိုတဲ့ ဝဲကြီးလည်း ပျောက်ခြင်းမလှပျောက်သွားခဲ့တယ်လေ။

မျောလာရင်း လူကလေးတို့ဌာနရဲ့သောင်ကြီးမှာ လာတင်တယ် ဆိုပါတော့။ လူကလေးတို့ ရွာသားတစ်ယောက်က ဟင်းစားရှာရင်း ခြုံတွေသဲတွေနှုံးတွေအောက်မှာ တစွန်းတစမြုပ်နေတဲ့ ကိုယ်တို့လှေကိုမြင်သွားတယ်။ ရင်တမမနဲ့ ကြည့်နေတုန်း ဂရုတောင်မစိုက်သွားလို့ ကိုယ်တို့အားလုံးက သူ့ကိုချီးကျူးမိသေးတယ်။ ဒါကြောင့် နောက်တစ်နေ့ သူထပ်လာတော့ ဆုချတဲ့အနေနဲ့ ကြွက်တွင်းတွေနားမှာ ဒင်္ဂါးနှစ်ပြားချထားပေးလိုက်တယ်။ လူကလေးတို့ရွာသားက ဒါကိုဘယ်သူမှ အသိမခံပဲ သွားရောင်းရင်း ရှေးဟောင်းဒင်္ဂါးဇစ်မြစ်ကိုလိုက်ရှာနေတဲ့ အဖွဲ့နဲ့ သွားတွေ့တယ်။ ” အန္တရာယ်ကိုဖိတ်ခေါ်ခဲ့တဲ့သူကတော့ မသိပေမယ့် အခု အဲ့ဒီသိုက်တူးသမားတွေက သောင်ပြင်ပေါ် စခန်းချပြီး ရှာဖွေရေးလုပ်နေကြပြီကွယ့် …..” မိအေးက ပြောနေရင်းနဲ့ မျက်ရည်တွေကျလာပြီး ရှိုက်ကြီးတငင် ငိုပါတော့တယ်။

” ခင်ဗျားတို့က ခြောက်မလွှတ်ဘူးလား ” ” လူကလေးရဲ့ သူတို့ထဲမှာ ကိုယ်တို့ကို ဖမ်းချုပ်နိုင်တဲ့ လူပါတယ်ကွယ့် အဲ့ဒီလူ ရွတ်နေတာတွေ နားမလည် ပေမယ့် တို့လှေနားကို ပြန်ကပ်လို့မရဘူး ဖြစ်နေတယ်။ ” ” ဒါနဲ့နေပါဦး မစ္စတာယူပတ် ဟောဒီကမ်းနားက ရွာ တွေမှာ ထူးထူးဆန်းဆန်းဖြစ်ပျက်နေတာတွေက ခင်ဗျားတို့ လုပ်တာမလား ” ” ဟုတ်ပါတယ် လူကလေး ကိုယ်တို့ကို ကူညီပါ ဝေဒ နာဖြစ်အောင်လုပ်တာက အသိပေးချင်လို့ပါ ” ” ကဲ့ကဲ့ ကောင်လေးတွေ ရပ်တော့ ငါ့ဆီကိုလာခဲ့ ဒီမှာကူညီမယ့်သူတွေ တွေ့ပြီ ” မိအေးဆီက ယောကျ်ားသံနဲ့ အမိန့်ပေးသံအဆုံး ကမ်းနားရွာတွေမှာ ထူးထူးခြားခြား မူးဝေအော့အန်နေကြတဲ့ ရွာသူရွာသားတစ်ချို့ဟာ ချိန်ကိုက်ထားသလို သက်သာပျောက်ကင်းကုန်ကြပါတယ်။ မိအေးက အိမ်အပြင်ကို စောင်းငဲ့ကြည့်လိုက်ပြီး ” အပြင်မှာ ခဏစောင့်နေဦး ငြိမ်ငြိမ်နေကြနော် ” ” တစ်ခုတော့ အသိပေးပါရစေ ကိုယ်တို့က တခြားဘာသာဝင်တွေဆိုပေမယ့် ဟိုးအရင် နေရာဟောင်း ကမ်းပါးမှာနေတုန်းက ခေါင်းဆောင်လူကလေးရဲ့ သွန်သင်ပေးမှုကြောင့် ကံကံရဲ့အကျိုးတွေ သိခဲ့ရ တယ်။

” ” ဗုဒ္ဓဘာသာဝင်စင်စစ် မဖြစ်သေးပေးမယ့် ဒါနရဲ့ အကျိုးဆက်ကို လက်တွေ့ခံစားခဲ့တာမလို့ တို့ကို ကူညီရင် တို့စောင့်နေရတဲ့ ပစ္စည်းတွေကို ဘုရား တည်ဖို့ ပေးခဲ့မယ် ” မိအေးပြောနေသမျှကို ဘာသာပြန်ပေးနေတဲ့ ကျောင်းဆရာလေး ကိုမြတ်သူတစ်ယောက် ဘာကြောင့်ရယ်မသိပဲ မျက်ရည်ဝဲလာတယ်။ နောက်ဆုံးပြောလိုက်တဲ့ စကားကို ဘာသာပြန်မပေးတော့ပဲ အားလုံးကို ဝေ့ဝိုက်ကြည့်ပြီး အနောက်တိုင်းဘာသာနဲ့ စကားတစ်ခွန်းပြောလိုက်တယ်။ ” သခင်ကြီးရယ် ခင်ဗျားဟာ အလင်းရောင်ကို တမ လွန်ရောက်မှ တွေ့ရတာ စိတ်မကောင်းလိုက်တာ အခုလိုကြားရတော့ ကျနော်ဖြင့်ဝမ်းသာလွန်းလို့ ငို တောင်ငိုချင်မိတယ် ဘာမှမပူနဲ့တော့ ကျနော်တို့ အားလုံးပေါင်းပြီး ကူညီပေးပါ့မယ် ” ” ဘုရားသခင် ကောင်းချီးပေးပါစေ လူကလေး ” ဆရာလေးမြတ်သူ ​မျက်ရည်ကျလာတာကို မမြင်ဖူးကြတဲ့ ရွာသူရွာသားတွေကတော့ ပါးစပ်အဟောင်း သားနဲ့ ငေးကြည့်နေကြတယ်။

အဲ့ဒီအချိန် ဦးလှမြိုင်က ” ကဲ့ဟေ့ မြင့်သိန်းကို သွားခေါ်လိုက်ကြ သူပြောတာ ဒီကောင်ပဲနေမှာ ” ဆိုပြီး​ ဘေးကကလေးတယောက်ကို အခေါ်လွှတ်လိုက်တယ်။ သုံးမိနစ်လောက်နေတော့ ကိုမြင့်သိန်းတစ်ယောက် ကွမ်းတရဲရဲနဲ့ ရောက်ချလာတယ်။ ” Yes yes he he ဟုတ်တယ် သူပဲ သူပဲ ” ” သမီး သမီးလေး ” ” အခန်းထဲ ခေါ်သွားတော့ ဌေးလွင် ခဏနေ သူ့ဟာသူ ပြန်သတိရလာလိမ့်မယ် ” မိအေးက အဲ့လိုပြောပြီးတာနဲ့ ပျော့ခွေကျသွားခဲ့တယ်။ အခုလေးတင် အိမ်ပေါ်တက်လာတဲ့ ကိုမြင့်သိန်းကတော့ ​ဘာမှမသိလိုက်တဲ့အတွက် လူတိုင်းကို ဘာဖြစ်လို့လဲ ဆိုတဲ့အကြည့်နဲ့ လိုက်ကြည့်နေခဲ့တယ်။ ” ကိုကြီးမြင့်သိန်း ” ” ဗျာ ဆရာလေး ” ” အခုချောင်းထဲက သောင်ပေါ်မှာ လူတွေရောက်နေ တာ သိလား ” ” ဟုတ် သိတယ်လေ ဆရာလေး ငါးရှာတဲ့သူတွေပဲနေ မှာပေါ့ ” ” မဟုတ်ဘူး အဲ့ဒါ ကိုကြီးဒင်္ဂါးသွားရောင်းခဲ့တဲ့လူ တွေ ” ” ဗျာ ဆ ဆရာ လေးက ဘယ်လိုသိ ….” ဘယ်သူ့ကိုမှ ပြောပြမထားတဲ့ လျှို့ဝှက်ချက်ကို ဆရာလေးမြတ်သူက ကောက်ကာငင်ကာ ပြောလိုက်တာကြောင့် ကိုမြင့်သိန်းတစ်ယောက် သူခိုးလူမိသလို မျက်နာထားနဲ့ ခေါင်းကြီးငုံ့သွားခဲ့တယ်။

ဖြစ်စဥ်ရဲ့ အစအဆုံးကို အကျဥ်းချုံးပြောပြလိုက်တော့ ကိုမြင့်သိန်းက ” အဲ့တော့ ကျနော်က သူတို့ကို သွားမောင်းထုတ်ပေး ရမှာလား ဆရာလေး ” ” မဟုတ်တာတွေ ပြောတော့မယ် ငါ့အကိုကတော့ လုပ် ရမယ့်အရာကို ဦးမြိုင်ပြောပြလိမ့်မယ် ကျန်တာ သူ တို့ ဆက်လုပ်ကြမှာ ” ” မြင့်သိန်း ညနေ ငါ့အိမ်ခဏလာခဲ့ ” အရှေ့ရိုးမကြီးထဲကို နေဝင်သွားတာနဲ့ သောင်ကြီးနားကျောက်ချထားတဲ့ စက်လှေပေါ်ကနေ မီးအလင်းရောင်လေးတစ်ခု မှိတ်တုက်မှိတ်တုက်နဲ့ ထွက်လာတယ်။ သောင်ခုံအစပ်နားက ကန္တာရပင်တွေအောက်မှာ ဆေးလိပ်ထိုင်သောက်နေတဲ့ လူတယောက် ဘေးဘီဝဲယာကိုအကဲခတ်ရင်း ဆေးလိပ်မီးကို သဲထဲနှစ်ပြီးသတ်လိုက်တယ်။ ပြီးတာနဲ့ မိုးကျရွှေကိုပင် အလေ့ကျမဆလာပင်တွေရဲ့ အကာအကွယ်နဲ့ သူအမှတ်အသားလုပ်ထားခဲ့တဲ့ လှေပျက်ကြီးနေရာကို ခပ်မြန်မြန်လေးချဥ်းကပ်သွား လိုက်တယ်။ တွေ့ပါပြီ လှေပျက်ကြီးရဲ့ ထိပ်နားလေးမှာ ဖယောင်းတိုင်တွေ ထွန်းထားတဲ့ ကန်တော့ပွဲတစ်ခု ၊ ဦးမြိုင်ပြောလိုက်သလို ရေငံပိုင်ဦးရှင်ကြီးနဲ့ ကွင်းပိုင်ကြီးရဲ့ ပွဲဖြစ်မယ်လို့ သူခန့်မှန်းလိုက်တယ်။

မဲ့ပြုံးတစ်ချက်ပြုံးပြီး ဦးမြိုင်ပေးလိုက်တဲ့ ချည်မန်းကွင်းတစ်ချို့ကို လှေဦးမှာ ချည်လိုက်တယ်။ ပြီးတော့ ကန်တော့ပွဲပတ်ပတ်လည်မှာ ထွန်းထားတဲ့ ဖယောင်း တိုင်တွေထဲက သုံးတိုင်ကို ဖျက်ကနဲ့ ဆွဲနုတ်ပြီး သဲတွေထဲ ကောက်မြုပ်ထားလိုက်တယ်။ ပါလာတဲ့ ပစ္စည်းတွေ နေရာတကျ စီစဥ်ပြီးတဲ့အချိန် တောတိုးလာတဲ့​အသံတွေကြောင့် ကန္တာရပင်တွေ ခပ်စိပ်စိပ်ပေါက်နေတဲ့ဘက်ကို လှစ်ကနဲ ​ဝင်ပုန်းလိုက်တယ်။ သူ့အတွက်က တန်ဆောင်တိုင်ကျီးမနိုးပွဲ လုပ်နေရသလို ပေါ့ပေါ့ပါးပါးဖြစ်နေတာကိုး။ ” ကဲ့ ဆရာကြီး အင်္ဂလိပ်သရဲတွေကို ထိန်းပေတော့ ” ” ဥုံ……ဤလှေမှာ စောင့်ကြပ်နေတဲ့ မကျွတ်မလွတ် သတ္တဝါတွေ ငါဆရာရှေ့မှောက် အမြန်ရောက်စေ ” ” အိုး လူကလေး ငါတို့ရောက်ပြီ ဘာအလိုရှိပါသ လဲ ဒီပစ္စည်းတွေက ဟော့ဒီကုန်းမြေမှာ အကျွတ်အလွတ်စေတီတည်မလို့ ရည်မှန်းထားပြီးပြီ ဒါကြောင့် မောင်မင်းတို့ ယူလို့မရတော့ဘူး ” ကိုလိုနီခေတ် အင်္ဂလိပ်စစ်သားယူနီဖောင်းဝတ်ဆင်ထားတဲ့ လူငါးယောက်က လူစိမ်းတွေရှေ့ဖျက်ကနဲပေါ်လာပြီး စကားပြောနေကြတာကို ကိုမြင့်သိန်း ကြားနေရတယ်။

ဦးမြိုင်တိုက်လိုက်တဲ့ဆေးပြာတွေကများ ဒီအရာတွေကို မြင်စေကြားစေသလား မ​သိရပေမယ့် ဗြုန်းကနဲမြင်လိုက်ရတာဆိုတော့ လန့်ဖြန့်သွားမိတာတော့ အမှန်ပါ။ ဦးမြိုင်က သူပြောသလိုသာ အောင်မြင်အောင်လုပ်ခဲ့၊ မင်းအတွက်ဘေးမရှိဘူးလို့ ပြောလိုက်တဲ့စကား ကြောင့် ​ထွက်ပြေးဖို့ပြင်နေတဲ့ ခြေလှမ်းတွေကို ရုပ်ပြီးပြန်စောင့်ကြည့်နေလိုက်တယ်။ ” လူကလေး ကျုပ်ပြောတာ နားလည်လား ” ” ဟေ့ကောင် ရှေ့က ဘာတွေပြောသွားတာလဲကွ ဟေ ငါ့နားထဲ နားလည်လားလို့ ​ကြားလိုက်သလားလို့ ” ” ဆရာကြီး သူပြောတာ ဘုရားဌာပနာပစ္စည်းတွေတဲ့ ပေးလို့မရဘူးတဲ့ ” ” အို ပေါက်ပေါက်ရှာရှာ သူတို့က ဘာသာခြားတွေလေ ဘယ်က ဘုရားပစ္စည်းတုန်း ဟေ့ ဒီမှာ အသာတ ကြည်ထုတ်ပေးလိုက်၊ မပေးရင် ဟော့ဒီမှာ တွေ့လား ကြိမ်လုံး ဖြန်း ဖြန်း ” ” ဟား ဟား ဟား ဟား ” ကျယ်လောင်တဲ့ ရယ်မောသံကြီးနဲ့အတူ အရေးပိုင်မင်းကြီးနဲ့ အပေါင်းအပါတွေဟာ အဖြူရောင်အရိပ်ကြီးတွေဖြစ်ပြီး တဖြည်းဖြည်း ကြီးထွားလာခဲ့ကြတယ်။ ” ဟာ ဟာ အကြီးကြီးတွေ ဖြစ်ကုန်ပြီ ဟေ့ ရပ်စမ်း ရပ်စမ်း ဖြန်းဖြန်း ” ဆရာကြီဆိုသူက ဆေးကြိမ်လုံးကြီး တဖြန်းဖြန်းနဲ့ ဘယ်လောက်ပဲ အော်ဟစ်​အမိန့်ပေးနေသော်လည်း အရိပ်ဖြူကြီးတွေက ရှေ့ကို တဖြည်းဖြည်း ရွေ့လာနေခဲ့ပါတယ်။

” ဘုရားပစ္စည်းတွေပါလို့ ပြောနေတာကို နားမထောင် ကြဘူး ကဲ့ ရှောင်နိုင်ရင်ရှောင်စမ်း ” ရှေ့ဆုံးက​ရွေ့လာနေတဲ့ အရိပ်ဖြူကြီးက ခြေထောက်ကြီး မြှောက်ပြီး နင်းမယ့်ဟန်ပြင်လိုက်တော့ ဆရာကြီး။ ” အား အား မလုပ်ကြပါနဲ့ မလုပ်ကြပါနဲ့ ” ” ဆရာကြီး ခင်ဗျားရဲ့ဟိုပွဲတွေ သူတို့စားပစ်ပြီ” ” ဟင် ဟေ့ကောင်တွေ မသေချင်ရင် စက်လှေဆီ အ မြန်ပြေးကြတော့ စည်းက ပျက်နေတာကြာပြီဟ ” ရေအလယ်က သောင်ကျွန်းလေးပေါ်မှာ ကမ္ဘာပျက်သလို ဆူညံနေတာကြောင့် ချောင်းအနီးက လယ်တဲတွေမှာ မိုးချုပ်စကတည်းက ရောက်ရှိနေတဲ့ ပြည်တော်သာရွာသားတွေလည်း တုတ် ဓါး ဓာတ်မီးတွေ ကိုယ်စီကိုင်ပြီး အသင့်ရှိနေတဲ့လှေတွေနဲ့ သောင် ပြင်ဆီကူးသွားတော့ ရေစပ်မှာ အမောဆို့ပြီးလဲနေတဲ့ လူငါးယောက်ကို အသင့်တွေ့လိုက်ကြရတယ်။

အခြေနေအရပ်ရပ်ကို သိရှိပြီးဖြစ်တဲ့ ပြည်တော်သာရွာလူကြီးကိုဌေးလွင်ကတော့ ထိုလူတွေကို သူ့စိတ်ကြိုက် ပုဒ်မတွေတပ်ပြီး သက်ဆိုင်ရာအပ်လိုက်တယ်။ ဆရာလေးမြတ်သူအပါအဝင် ရွာရဲ့တာဝန်ရှိလူတွေ ပြိုင်တူမက်ခဲ့ကြတဲ့ အိမ်မက်ထဲမှာတော့ အရေးပိုင်မင်းနဲ့ သူ့လူတွေဟာ ဇာတိမြေကို လူဝင်စားဖို့ ပြန်သွားပြီဖြစ်ကြောင်း ဘုရားတည်ချိန်ရောက်လာရင် ပြန်လာဦးမည် ဖြစ်ကြောင်း ကိုယ်စီကိုယ်စီ ပြောသွားကြပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ပဲခူးတိုင်း ကျောက်ကြီးခရိုင်ရဲ့ စစ်တောင်းမြစ်ထဲမှာ ယနေ့တိုင်တည်ရှိနေတဲ့ အဲ့ဒီသောင်ကြီးရဲ့ ဖြစ်ပျက်ခဲ့သမျှကို ရွာအမည် လူအမည် ဆင်တူကြောင်းကွဲပုံစံနဲ့ လွှဲပြောင်းရေးသားထားပါကြောင်း။ စာကြွင်း ။ ။ (၂၀၁၈-၁၉);လောက်ကတော့ အဲ့ဒီသောင်မြေကိုဘေးမဲ့မြေအဖြစ်သက်မှတ်ပြီး မြို့ကြီးတစ်ခုကနေ အိမ်မက်အရကိုးတောင်ပြည့်ဘုရားလာတည်သွားပါပြီ။

မူလအလှူရှင်တွေ ဟုတ်မဟုတ်ကိုတော့ စာရေးသူလည်း သေချာမသိပါခင်ဗျာ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~ ကျန်းမာကြပါစေ….. လေးစားစွာဖြင့် မောင်လူလှ – ကညင်မြေ

Be the first to comment

Leave a Reply

Your email address will not be published.


*