သူငယ်ချင်းတစ္ဆေ(စ/ဆုံး)
ရေးသားသူ…တာတေ
ဒီနေ့ ကျုပ်တို့ဝိုင်းနဲ့ နှစ်ဝိုင်းကျော်က ဘိုးရင်မောင် ရဲ့နှစ်ပတ်လည်လေဗျာ၊ ဘိုးရင်မောင်ကြီးက လွှတ် အသက်ရှည်တဲ့ ဘိုးတော်ကြီးဗျ။ အသက်(၁၀၀) အတိမှ ဆုံးတာ။ သူ့မိန်းမကြီးဘွားစိန်နုက အသက် (၇၀)လောက်ကတည်းက ဆုံးသွားတာ။ သူတို့သားသမီးတွေကလည်း တော်တော်လိမ္မာကြ တာဗျ။ ဘွားစိန်နု ဆုံးတဲ့နေ့ရောက်တိုင်း ဘွားစိန်နု အတွက် တစ်နှစ် တစ်ခါ ဆွမ်းသွတ်တယ်ဗျ။ ဘိုး ရင်မောင် ဆုံးတဲ့နေ့ရောက်တိုင်းလည်း တစ်နှစ် တစ်ခါ ဆွမ်းသွတ်တယ်။ ဆွမ်းသွတ်တိုင်းလည်း ကျကျနန ချက်ပြုတ်ကျွေး တာဗျ။ ချက်တာကတော့ ကျုပ်တို့ကာလသားတွေ ပေါ့ဗျာ။ တာတေကတော့ ရပ်ရေးရွာရေး လက်မ နှေးတဲ့ကောင်ဆိုတော့ မြို့တက် စျေးဝယ်ကလည်း ပါတာဗျ။ ချက်ပြုတ်ပြီး ကျွေးမွေးဧည့်ခံတာပြီးလို့ အိုးကြီးခွက်ကြီးတွေ ဆေးကြော၊ ဘုန်းကြီးကျောင်း ပြန်ပို့ပြီးမှ ကျုပ်တို့ အိမ်ပြန်ကြတယ်။ ပုဗ္ဗာရုံဆရာတော်က ဟောထားတယ်ဗျ။
သေတဲ့ လူတွေဟာ ကုသိုလ်ကောင်းမှုတွေ ရှိကြပေမယ့် သေခါနီးအချိန်မှာ တစ်ခုခုကို စိတ်ကစွဲသွားရင် တစ္ဆေဖြစ်ပြီး အပါယ်ကျတော့တာတဲ့ဗျ။ အဲဒီလို တစ္ဆေဖြစ်သွားရင် သူတို့မိသားစုက အကုသိုလ် ကောင်းမှုလုပ်ပြီး အမျှအတန်းဝေပေးလိုက်တဲ့အ ခါ ကျွတ်လွတ်ပြီး ဘဝကူးသွားကြရောတဲ့ဗျ။ ဒါပေမဲ့ တစ်ခါတစ်လေမှာ မိသားစုက အလှူဒါန ပြုတဲ့အချိန်မှာ တစ္ဆေဖြစ်သွားတဲ့သူက အနားမှာ မရှိတာမျိုးလည်း ဖြစ်တတ်တယ်တဲ့။ ဒါဆိုရင် အ မျှဝေလည်း ကုသိုလ်အမျှ မရတော့ မကျွတ်မ လွတ်နိုင်ဘဲ တစ္ဆေဘဝမှာ အကြာကြီး သောင် တင်နေတတ်တာတဲ့။ ကျုပ်လည်း ဝိုင်းဝန်းလုပ်ကိုင်ပေးရင်းနဲ့ တရားနာရ တာပေါ့ဗျာ။ ကျုပ်ဆရာတော် ဦးဂုဏကလည်း တ ရားဟောကောင်းဗျ။ သူ့တရား နာပြီးရင် လူတွေက နားလည်ပြီး ရှင်းလင်းသွားတာဗျ။
ကျုပ်အိမ်ပြန် ရောက်တော့ ညနေ (၃)ချက်တီးလောက် ရှိပြီဗျ။ “တာတေရေ နင့်အဘလည်း ကြည့်ပြောဦးဟေ့၊ ဘန့်ဘွေးကုန်းကို အချိန်ကျမှ သွားမယ်လုပ်နေ လို့ဟေ့” “ဘန့်ဘွေးကုန်းကို အဘ ဘာသွားလုပ်မလို့တုံး” ကျုပ်က အဘကို မေးလိုက်တယ် “ငါ့သူငယ်ချင်း စိန်ခိုတစ်ယောက် ခါးနာနေလို့ ခါး ကြီးကုန်းပြီး တုတ်ထောက်နဲ့ သွားနေရတယ်ကြား လို့ ဟောဒီလိမ်းဆေး သွားပေးမလို့ တာတေရ” “ဘယ်ဆေးတုံး၊ အဘလိမ်းတဲ့ ဆေးဥလား” “အေးလေ၊ ဆေးဥထောင်းပြီး အရက်ပြန်နဲ့ စိမ်ထား တာလေ၊ လွှတ်ကောင်းတဲ့ဆေး၊ ဒူးနာ၊ ခါးနာ လိမ်း ရင် မပျောက်တဲ့အခါ တစ်ခါမှ မရှိဘူးကွဲ့” “ရတယ် ရတယ် ကျုပ်သွားပြီးပေးလိုက်မယ်၊ အဘ မသွားပါနဲ့ ” အဘဆီက ဆေးရည်ပုလင်းကို ယူပြီး ကျုပ်ထွက် လာခဲ့တယ်၊ ဘန့်ဘွေးကုန်းနဲ့ ထနောင်းကုန်းဆိုတာ ကျုပ်အတွက်တော့ အိမ်ဦးနဲ့ ကြမ်းပြင် ဆိုသလိုပါ ပဲဗျာ။ ဘန့်ဘွေးကုန်းကိုရောက်တော့ အဘရဲ့သူ ငယ်ချင်းဘိုးစိန်ခိုတို့အိမ်ကို တန်းသွားပြီး အဘ ပေးခိုင်းတဲ့ဆေးပုလင်းကို ပေးတယ်။ ဘိုးစိန်ခိုတို့ ရေနွေးကြမ်းနဲ့ လက်ဖက်သုတ်ကလေး ဝါးရင်း နဂါးဆေးပေါ့လိပ်ဖွာလို့ပေါ့ဗျာ။
ဘိုးစိန်ခိုတို့ မိသားစုနဲ့ စကားပြောရင်း စကားကောင်းသွားတာနဲ့ ပဲ ကျုပ်ပြန်တော့ နေဝင်ရီတရော အချိန် ရောက် သွားတယ်ဗျ။ ဘန့်ဘွေးကုန်းက ထွက်ပြီး ထနောင်းကုန်းကို ပြန် ခဲ့တယ်။ ဘန့်ဘွေးကုန်းက အထွက်မှာ ဟိုလူနဲ့ တွေ့၊ ဒီလူနဲ့တွေ့နဲ့ အတော်ကြာသွားသေးတာဗျ။ ဘန့်ဘွေးကုန်း နယ်နိမိတ်ကိုကျော်ပြီး ထနောင်း ကုန်း နယ်နိမိတ်ကို ဝင်လာတဲ့အခါ တစ်လမ်းလုံး မန်ကျည်းပင်တွေ တမာပင်တွေနဲ့ မှောင်ရီတောင် သမ်းနေပြီဗျို့။ ကျုပ်လည်း မိုးချုပ်လာတာနဲ့ ခြေ လှမ်းကို ခပ်သုတ်သုတ် လျှောက်လိုက်တယ်။ “တာတေ၊ တာတေ၊ တာတေ” ကျုပ်ကို နောက်ကနေ လှမ်းခေါ်နေတာဗျ။ သရဲ ဇောက်ထိုး တွေ့ပြီးကတည်းက နောက်ကခေါ်ရင် ကျုပ် ဘယ်တော့မှ လှည့်မကြည့်ဘူးဗျို့။ ဒါပေမဲ့ ကျုပ်စိတ်ထဲမှာ ဒီအသံကို ရင်းရင်းနှီးနှီး ကြားဖူး နေတယ်ဆိုတာတော့ သိတယ်ဗျ။ ကျုပ် စဉ်းစားလာတာ။ ဒါ ဘယ်သူ့အသံပါလိမ့်။ အ သံက အသက်ဆယ်နှစ်ကျော်ကလေးသာသာ အ ရွယ် ယောက်ျားလေးတစ်ယောက်ရဲ့အသံဗျ။
“တာတေ ငါ မင်းကို တွေ့ချင်နေတာကွ” ကျုပ် လှည့်မကြည့်ဘူး၊ ခပ်သုတ်သုတ် လျှောက် လာပြီး ရွာတံခါးကနေ ဝင်လာခဲ့တယ်။ ဒါပေမဲ့ ကျုပ်နားထဲမှာ အဲဒီအသံက ဖျောက်လို့မရဘူးဗျာ။ “တာတေ၊ တာတေ၊ ငါ မင်းကို တွေ့ချင်နေတာ” တဲ့ဗျာ။ ဒါ ဘယ်သူတုံး၊ ကျုပ် ထိုင်ပြီး စဉ်းစားနေ တာဗျ။ ဒါပေမဲ့ ကျုပ်တွေးလို့ကို မရပါဘူးဗျာ။ အ ဘနဲ့ အမေက ကျုပ်ပြန်ရောက်မှ ညစာ စားကြ တာဗျ။ အဲဒီညက ငါးခြောက်ရိုးကလေးကို အာ လူးနဲ့ ချက်ထားတာဗျ။ အညာငရုတ်ပွလေးလည်း ထည့်ထားတာဆိုတော့ ကျုပ်အကြိုက်ပေါ့ဗျာ။ ထမင်းကို အားရပါးရ စား ပြီးတော့ နဂါးဆေးပေါ့လိပ်ကလေး ထိုင်ဖွာနေ တယ်။ ဆေးလိပ်ဖွာရင်း ကျုပ်စဉ်းစားနေတာပေါ့ ဗျာ။ဘန့်ဘွေးကုန်းနဲ့ ထနောင်းကုန်းကြားကို ကျုပ် အမြဲတမ်း ခေါက်တုံ့ခေါက်ပြန် သွားနေကျဆိုတာ ခင်ဗျားလည်း သိတာပဲဗျာ။ ကျုပ်ကို ညနေကလို’တာတေ တာတေ’လို့ လှမ်း ခေါ်တဲ့ အသံမျိုး ကျုပ်တစ်ခါမှ မကြားခဲ့ဖူးပါဘူး။
ကျုပ်တွေးတယ်။ တွေးတယ်။ ဒီအသံကို ကျုပ် ကောင်းကောင်းကြားဖူးပါတယ်၊ ဘယ်သူ့ပါလိမ့်။ သစ်ပင်ကွယ်ပြီးတော့ ကျုပ်ကို နောက်တယ်ဆို ရအောင်ကလည်း အသံက ဆယ်နှစ်သားအရွယ် ကလေးတစ်ယောက်ရဲ့ အသံမျိုးဗျ။ ရွာထဲက ကျုပ်ကို ကိုကြီးတာတေလို့ ခေါ်ကြတဲ့ ငပြူးတို့အရွယ် ကောင်လေးတစ်ယောက်ရဲ့ အ သံမျိုးဗျ။ တကယ်လို့ ရွာထဲက ကလေးတစ် ယောက်က ကျုပ်ကို ခင်လို့ နောက်တယ်ဆိုရင် တောင် ကိုကြီးတာတေလို့ပဲ ခေါ်မှာဗျ။ ပြီးရင် ပုန်းနေတဲ့ သစ်ပင်ကွယ်ကနေ ပြေးထွက်ပြီး ရယ်မောနေမှာပဲလေ။ ကျုပ်လည်း စဉ်းစားလို့ မရပါဘူးဗျာ။ ဒါနဲ့ ကိုးနာ ရီကျော်ကျော်လောက်ကျတော့ အိပ်ရာဝင်လိုက် တယ်။ ကိုယ်လက်တွေလည်း နည်းနည်းနာနေ တာနဲ့ စောစောပဲ အိပ်ရာဝင်ခဲ့တာဗျို့။ ကျုပ် အိပ် မက် မက်တယ်။ ကျုပ်နဲ့ အသက်တူတူလောက် ရှိမယ့် ကောင်မလေး တစ်ယောက်ဗျ။ တမာပင်ကြီးအောက်မှာ ရပ်နေတယ်။ အင်္ကျီက ရှေးခေတ်က မိန်းမတွေဝတ်တဲ့ ရင်ဖုံးအင်္ကျီဗျ။ လက်က ခပ်ပွပွပုံစံ။ အရောင်က ဝါဖျော့ဖျော့က လေး။ ထဘီကလည်း ဝါဖျော့ဖျော့လေးပဲ။
သူ့ဆံ ပင်မှာ အဝါရောင် စကားပွင့်လေးတစ်ပွင့် ပန်လို့ ဗျ။ သူ့နောက်က တမာပင်ကြီးကလည်း ပွင့်လိုက် တာဗျာ။ ဖွေးဖွေးကို လှုပ်လို့ဗျ။ ကောင်မလေးက တမာပင်အရိပ်အောက်မှာ တောင့်တောင့်ကလေး ရပ်လို့ဗျ။ ဒါပေမဲ့ သူ့မျက်လုံးတွေက ကျုပ်ကို စိုက် ကြည့်နေတယ်။ ကျုပ်ကလည်း သူနဲ့ မလှမ်းမကမ်းမှာရပ်ပြီး သူ့ကို ကြည့်နေတာလေဗျာ။ မလှုပ်မယှက် ရပ်နေရာက နေ အဝါရောင် ကောင်မလေးရဲ့လက်တွေ လှုပ် သွားပြီး သူ့နောက်ကျောဘက်က တစ်စုံတစ်ခုကို ဆွဲပြီး ရှေ့ကို ထုတ်လိုက်တယ်။ “ဟာ” ကျုပ်လန့်ပြီး နောက်ကို ခြေတစ်လှမ်းတောင် ခုန် ဆုတ်လိုက်မိတာဗျ။ အဝါရောင်ကောင်မလေး ဆွဲ ထုတ်လိုက်တာက ကောင်လေးတစ်ကောင်ဗျ။ ပု ဆိုးအနီကွက်ကလေးနဲ့ စွပ်ကျယ်ချိုင်းပြတ်ကလေး ဝတ်လို့ဗျ။ ဒါပေမဲ့ အဲဒီကောင်လေးမှာ မျက်နှာမပါ ဘူး။ မျက်နှာက ပြောင်ချောကြီးဗျ။ ဘဲဥကြီးလိုပဲ။ ရုတ်တရက်ကြီး မြင်လိုက်တော့ ကျုပ် လန့်သွားတာပေါ့ဗျ။ အဝါရောင် ကောင်မလေးက ကျုပ် လန့်သွားတာကို ကြည့်ပြီး ရယ်တယ်ဗျ။ ပြီး တော့ … “တာတေ ဒါ နင့်သူငယ်ချင်းလား” အသံကြားလိုက်တော့မှ ကျုပ်ချက်ချင်း သိသွားတာ ဗျို့။ ဒါ မဖဲဝါပဲ။ သင်္ချိုင်းရှင်မကြီး မဖဲဝါ ရုပ်ပြောင်း ထားတာဗျို့။
မဖဲဝါက ပြောပြောဆိုဆိုနဲ့ ကောင်လေး ရဲ့ ဘဲဥမျက်နှာကို သူ့ရဲ့လက်ဝါးနဲ့ သပ်ချလိုက်တယ် “ဟ အောင်ဘကြည်” ကျုပ်ဖြင့် အံ့သြလိုက်တာဗျာ၊ ဒါ ကျုပ်သူငယ်ချင်း အောင်ဘကြည်ပဲဗျ။ ဟာ ချက်ချင်းသိသွားပြီဗျ။ ညနေက ဘန့်ဘွေးကုန်းက အပြန်မှာ ကျုပ်ကို လှမ်းခေါ်တဲ့ အသံဟာ အောင်ဘကြည်ရဲ့ အသံ ပဲကိုး။ ကျုပ် လန့်နိုးသွားတယ်ဗျ။ အောင်ဘကြည် ဆိုတာ ငယ်ငယ်ကလေးကတည်း က ကျုပ်နဲ့ ကစားဖက်လေဗျာ။ လွှတ်ခင်တဲ့ သူငယ် ချင်းပေါ့ဗျာ။ ကျုပ်မြို့ကျောင်းမှာ ပြောင်းတက်ရ တော့ အောင်ဘကြည်လည်း တက်ရတာဗျ။ ကျုပ် တို့နှစ်ယောက် မြို့မှာ အတူသွားလာခဲ့ကြတာပေါ့ ဗျာ။ ဒါပေမဲ့ ဆယ်နှစ်သားမှာ အောင်ဘကြည် ဖျား ပြီး ဆုံးသွားတာဗျ။ ဒီတုန်းက ကျုပ်မှာ ငိုလိုက်ရတာဗျာ။ ညနေက ကျုပ်ကို လှမ်းခေါ်တာ အောင်ဘကြည် အသံဆို တာ ကျုပ် သေသေချာချာ သိလိုက်တော့ ရင်ထဲ မှာ မကောင်းလိုက်တာဗျာ။ မျက်စိထဲမှာ မျက် ရည်တွေ ချက်ချင်းဝဲလာတာဗျ။ ကျုပ် ဆက်မအိပ်တော့ဘူး။ ထထိုင်ပြီး ဆေးလိပ် ဖွာနေတယ်။ မဖဲဝါ ကျုပ်ကိုအိပ်မက်ပေးတာဗျ။ အကြောင်းတစ်ခုခု ရှိလို့ဖြစ်မယ်။ အကြောင်းကိစ္စ မရှိဘဲ မဖဲဝါ ကျုပ်ကို အိပ်မက် ပေးလေ့ မရှိဘူး ဗျ။ ဒါဆိုရင် ကျုပ် ဘာလုပ်ရမှာတုံး။ နာရီကြည့်လိုက်တော့ ည(၁၂)နာရီပဲ ရှိသေးတာ။ ကျုပ် ဆုံးဖြတ်လိုက်တယ်။ ညနေက ကျုပ်ကိုခေါ် တဲ့နေရာကို သွားကြည့်မယ်။
အောင်ဘကြည်က သုံးရက်တည်း ဖျားပြီး ဆုံးသွားတာ။ ကျုပ်တို့တစ် ရွာလုံး ဘယ်သူမှ မထင်ကြဘူးပေါ့ဗျာ။ အောင်ဘကြည်ရဲ့ မိဘတွေလည်း သူတို့သား သေသွားပြီး တစ်နှစ်လောက်အကြာမှာ မန္တလေး ကို ပြောင်းသွားကြရောဗျို့။ ကျုပ် မျက်ကွင်းဆေး ကွင်းပြီး ထွက်လာခဲ့တယ်။ အဘနဲ့ အမေ မနိုး အောင် ခြေသံကို ဖွနင်းရတာပေါ့ဗျာ။ ဒီအချိန်က လူတွေ အိပ်မောကျတဲ့ အချိန်လေဗျာ။ ထနောင်းကုန်းမှာက တာတေ့ကို လူမပြောနဲ့ ခွေး က အစ ခင်တာဗျ။ ည အချိန်မတော် ထပြီးသွား လို့ လာလို့ကတော့ ကျုပ်ကို ဟောင်တဲ့ခွေးဆိုတာ ရှိကို မရှိတာဗျ။ ကျုပ် ရွာပြင်ထွက်ပြီး ဘန့်ဘွေး ကုန်းဘက်ကို လျှောက်လာခဲ့တယ်။ လက်ထဲမှာ တော့ အဘရဲ့ ငါးတောင့်ထိုး ဓါတ်မီးကိုကိုင်လို့ပေါ့ ဗျာ။ ကျုပ်က ဓါတ်မီးကို အောက်စိုက်ပြီး ခပ်အုပ် အုပ် ထိုးထားလိုက်တယ်။ “တာတေ တာတေ” ဟော ကျုပ်နာမည် ခေါ်ပြီဗျို့။ ကျုပ် တုံ့ကနဲ ရပ် လိုက်တယ်။ အသံကြားတဲ့ဘက်ကို ဓါတ်မီးနဲ့ ထိုး ကြည့်လိုက်တယ်။ တမာပင်ကြီးဗျ။ အပွင့်တွေကို ဖွေးနေတာ။ ဟာ ကျုပ် အိပ်မက်ထဲက တမာပင် ပဲ။ မဖဲဝါ ရပ်နေတာ ဟော ဟိုတနေရာပေါ့။ကျုပ် ဓါတ်မီး ပိတ်လိုက်တယ်။ လရောင်လေးက ဝိုးတိုး ဝါးတား ရှိနေတာဗျ။ ဟော တမာပင်နောက်က ရိပ်ကနဲ တွေ့လိုက်တယ် ထွက်လာပြီဗျို့။ ထွက်လာပြီ။ ဟုတ်ပါ့ဗျာ။ ဒါ စော စောက ကျုပ်အိပ်မက်ထဲမှာ တွေ့လိုက်တဲ့ ပုဆိုးအ နီကွက်ကလေးပဲဗျ။
အင်္ကျီကတော့ စောစောက တွေ့တဲ့ ချိုင်းပြတ်စွပ်ကျယ် မဟုတ်ဘူးဗျ။ ရှပ်အ င်္ကျီ အဖြူကလေး ပုဆိုးအပြင်က ချဝတ်ထားတာ။ သူက ခေါင်းငုံ့ပြီး ရပ်နေတာဗျို့။ ဘုရား၊ ဘုရား၊ အိပ်မက်ထဲမှာ ပထမမြင်ရတဲ့ ဘဲဥလို ပြောင်ချော မျက်နှာကြီးများလားလို့ ကျုပ်တွေးမိပြီး ကျုပ် လန့် သွားတယ်။ ဟော ခေါင်းကြီးငုံ့ထားရာကနေ တ ဖြည်းဖြည်း မော့လာပြီဗျို့။ ဟော ဟော မော့လာ ပြီ။ “ဟာ အောင်ဘကြည်” ကျုပ်အိပ်မက်ထဲမှာ တွေ့တဲ့အတိုင်းပါပဲဗျာ။ မရယ် မပြုံးနဲ့ ကျုပ်ကို စိုက်ကြည့်နေတာဗျ။ ဘာမှလည်း မပြောဘူး။ ဒီကောင် စကားတွေ ဘာတွေမှ ပြော နိုင်ရဲ့လား၊ သြော် ညနေကရော စောစောကပါ ကျုပ်နာမည်ကိုတောင် ခေါ်သေးတာပဲ။ “အောင်ဘကြည်၊ မင်း မကျွတ်သေးဘူးလား” ကျုပ်က စိတ်မကောင်းဖြစ်ပြီး မေးလိုက်တယ် “ဟုတ်တယ် တာတေ၊ ငါ မကျွတ်သေးဘူး၊ လာ ထိုင်ကွာ၊ မင်းက ငါ့ကို မြင်နေရတာ ငါ အံ့သြ လွန်းလို့ပါ တာတေရာ၊ မင်းရော ငါလို့ တစ္ဆေ ဖြစ်နေပြီတာလား” “ဟာ မဟုတ်ပါဘူးကွ၊ အောင်ဘကြည်ရ၊ တစ္ဆေ ဆိုရင် ဒီလို ဓါတ်မီးကြီး ထိုးနိုင်ပါ့မလားကွ” ကျုပ်က ပြောပြောဆိုဆိုနဲ့ ဓါတ်မီးကို အောက်စိုက် ပြီး နှစ်ခါ သုံးခါ ဖွင့်လိုက် မှိတ်လိုက် လုပ်ပြလိုက် တယ် “ဟာ တာတေကလည်း တစ္ဆေတွေထဲမှာ မီးအိမ် တစ်လုံးနဲ့ လျှောက်သွားနေတဲ့ တစ္ဆေ ရှိတာပေါ့ကွ” “ဟေ ဘယ်လိုကြောင့်တုံးကွ” “သူက ကင်းစောင့်တဲ့ အဘိုးကြီးလေကွာ။
သေ တော့ မကျွတ်ဘဲ မီးအိမ်တစ်လုံးနဲ့ ကင်းဆက် စောင့်နေတာလေကွာ၊ လူတွေကတော့ မမြင်ရ ဘူးပေါ့ကွာ။ ငါတို့တစ္ဆေချင်းကတော့ မြင်ရတာ ပေါ့” ဒီကောင်က သေသွားတုန်းက အရွယ်ပဲဗျ။ဆယ်နှစ် သားလောက်ပေါ့ဗျာ။ ဒီကောင်နဲ့ ကျုပ်နဲ့က အခုလို ပဲဗျ။တွေ့တာနဲ့ စကားတွေ အများကြီး ပြောကြတာ ကျုပ်က သမုန်းပင်အောက်မှာ ထိုင်လိုက်တယ်။ ကျုပ် သူငယ်ချင်းတစ္ဆေက တမာပင်ကြီးအောက် မှာထိုင်တယ်။ သူနဲ့ ကျုပ်နဲ့ တစ်လံကျော်ကျော် လောက်ပဲ ဝေးတာဗျ။ “ညနေက ငါ ဘန့်ဘွေးကုန်းက အပြန်မှာ လှမ်းခေါ် တာ မင်းပဲမို့လား” “အေး ဟုတ်တယ်၊ မင်း ကြားမလားဆိုပြီး ခေါ်ကြည့် တာကွ၊ မင်း ကြားတယ် ဟုတ်လား၊ ဒါနဲ့တောင် မင်း က တစ်ချက်လှည့်မကြည့်ဘူး၊ ငါ့ကတော့ ငါ့ခေါ်သံ ကို မင်း မကြားဘူးလို့ ထင်နေတာ” “ငါ ကြားတယ်ကွ အောင်ဘကြည်ရ၊ ဒါပေမဲ့ နာမည် ခေါ်သံကြားရင် လှည့်မကြည့်ရဘူးတို့၊ ပြန်မထူးရဘူး တို့ ပြောတာ ကြားဖူးလို့ ပြန်မထူးတာပါ” “နို့ နေပါဦး တာတေရ၊ မင်းက ငါ့လိုတစ္ဆေတစ်ကောင် ကို ဘာကြောင့် မြင်ရတာတုံး၊ လူတွေ တစ္ဆေ သရဲကို မြင်ရတာမှ မဟုတ်တာ၊ မင်းက ဘာကြောင့်မြင်ရတာ တုံး၊ ပြီးတော့ မင်းနဲ့ ငါစကားပြောလို့ ရနေတာကရော ဘာကြောင့်တုံး၊
မင်း ငါ့ကို နောက်နေတာတော့ မဟုတ်ပါဘူးနော်” “ဟေ ငါက မင်းကို ဘာနောက်ရမှာတုံး အောင်ဘ ကြည်ရ” “မင်း ငါ့လိုတစ္ဆေ မဟုတ်တာတော့ သေချာပါတယ် နော် တာတေ” “ဟာကွာ၊ ငါ တစ္ဆေမဟုတ်ပါဘူး အောင်ဘကြည်ရ၊ ငါ လူပါ၊ မင်း သိချင်ရင် ငါပြောပြပါ့မယ်၊ ငါ့ကို ရှမ်း ဆရာကြီး တစ်ယောက်က မျက်ကွင်းဆေးဆိုတာ ပေးခဲ့တယ်ကွ။ အဲဒီဆေးကို ကွင်းထားလို့ ငါမြင်ရ တာ” “ဟာ ဒါဆိုရင် မင်း အမြဲမြင်နေရောပေါ့” “မဟုတ်ဘူးကွ၊ ဝကွင်း ဆနွင်းဖြူဥတွေ ငါ့မှာရှိတယ်၊ အဲဒီသွေးပြီး ပွတ်လိုက်ရင် ပျောက်သွားရောကွ” “သြော် ဒီလိုလား၊ နို့ အဲဒီဆေးက မျက်စိကွင်းတာနဲ့ တင် အသံပါ ကြားရတာပဲလား” “မကြားရဘူးကွ၊ အောင်ဘကြည်ရ၊ ကြားတာက မဖဲဝါ ကိုယ်ခွဲရုပ်ကလေးကြောင့်ကွ၊ အဲဒီကိုယ်ခွဲ ရုပ်ကလေးကို မဖဲဝါ ငါ့ကို ပေးလိုက်ကတည်းက ငါ သရဲ တစ္ဆေတွေရဲ့ အသံကို ကြားရတော့တာ” “ဘာကွ မဖဲဝါ ဟုတ်လား၊ မင်းက မဖဲဝါကို သိ လို့လား” “သိတယ် အောင်ဘကြည်၊ ငါနဲ့ မဖဲဝါနဲ့သိတာ ကြာပြီကွ” “ဟာ မဖဲဝါဆိုတာ တစ္ဆေ သရဲတွေ တုန်နေအောင် ကြောက်ရတာကွ၊ မင်းရော မဖဲဝါကို မပြောနဲ့၊ သူ့ အောက်က အဆင့်ဆင့်အုပ်ချုပ်တဲ့ တစ္ဆေသရဲတွေ ကိုတောင် တုန်နေအောင် ကြောက်ရတာကွ၊ မင်း ရော မဖဲဝါကို မကြောက်ဘူးလား တာတေ” ” ငါက လူလေကွာ၊ ပြီးတော့ မဖဲဝါကို ခပ်လှမ်းလှမ်း ကပဲ ငါက မြင်ရတာကွ၊
အနီးကပ် မြင်ပြီဆိုရင်လည်း မဖဲဝါက ငါ ကြောက်လန့်မသွားအောင် သူ့ပုံစံကို ငါ နဲ့ ရွယ်တူကောင်မလေး တစ်ယောက်လို ရုပ်ပြောင်း ပြတာကွ” “သြော် ဒီလိုလား” “ဒီည ညဦးပိုင်းကပဲ မဖဲဝါ ငါ့ကို အိပ်မက်ပေးလို့ ငါမင်းဆီကို ချက်ချင်းထလာခဲ့တာ၊ ညနေကတည်း ကငါ့ကို လှမ်းခေါ်တာ မင်းမှန်းသိရင် ငါလှည်ပြန် လာမှာပေါ့ကွာ” “အေး အဲဒီတုန်းကသာ မင်း ငါ့ကို မြင်ရင် အခုလို ထိုင်ပြီး စကားပြောနေမှာ မဟုတ်ဘူးကွ၊ တစ်ခါ တည်း လှည့်ပြေးမှာ” “ဟေ ဘာဖြစ်လို့တုံး” “ညနေအထိ ငါ့မျက်နှာဟာ ပြောင်ချောကြီးဖြစ်နေ တာကွ၊ ဘဲဥကြီးတစ်လုံးလိုပဲ မင်း မြင်ရမှာ” “ဟင် ဒါဆိုရင် ငါ့အိပ်မက်ကဟာ တကယ်ပေါ့” “မင်း အိပ်မက်က ဘယ်လိုမို့တုံး” “အိပ်မက်ထဲမှာ မင်းမျက်နှာက မင်းစောစောက ပြော သလို ပြောင်ချောကြီးကွ၊ မျက်စိတွေ၊ နှာခေါင်းတွေ၊ ပါးစပ်တွေ ဘာမှမတွေ့ရဘူး၊ ဘဲဥကြီးလို ပြောင် ချောကြီး။ အဲဒါ မဖဲဝါက မင်းမျက်နှာကို လက်နဲ့ သပ် ချလိုက်တာ။ ဒီတော့မှ မင်းရဲ့ နဂိုရုပ်ပေါ်သွားတာ” “ဟာ မင်းအိပ်မက်က ဟုတ်လှချေလားကွ၊ မင်း အ ခု ပြောတဲ့ အတိုင်းပဲကွ၊ မဖဲဝါ ရောက်လာပြီး ငါ့မျက် နှာကို သပ်ချပေးလိုက်တာ” “နို့ နေပါဦး အောင်ဘကြည်ရ၊ မင်းက အခုထိ တ စ္ဆေ ဖြစ်နေတုန်းဆိုတော့ မင်းမိဘတွေ မင်းအတွက် ဆွမ်းသွတ်ပြီး အမျှအတန်းဝေတဲ့ အချိန်မှာ မင်း သာဓုမခေါ်ခဲ့ရလို့လား” “ဟုတ်တယ် တာတေ၊ ဒီအကြောင်းကို တွေးမိတိုင်း ငါ အမြဲဝမ်းနည်းခဲ့ရတာ၊ငါ သေသွားပြီးတော့ ဒီတမာ ပင်မှာပဲ တစ္ဆေဖြစ်သွားတာ၊ ငါ့ကိုယ်ငါ သေသွားမှန်း ငါမသိဘူးကွ၊ ဒီတမာပင်မှာနေတဲ့ ပြိတ္တာတစ်ကောင် ရှိတယ်၊ သူပြောမှ ငါ သေမှန်းသိတာ၊ အဲဒီပြိတ္တာက တစ်ကိုယ်လုံး အမွေးအမျှင်တွေ ဖုံးလို့ကွ၊
ငါ့လို အဝတ်တောင် မရှိဘူး၊ အဝတ်အစား ဝတ်ရ တာ၊ မဝတ်ရတာ၊ ပုံပျက်ပန်းပျက်ဖြစ်တာ မဖြစ် တာက အကုသိုလ် အနည်းအများနဲ့ ဆိုင်တယ်ကွ၊ ငါလူဘဝတုန်းက လောက်လေးခွပစ်တာ လွှတ် လက်ဖြောင့်တဲ့ အကောင်လေကွာ၊ ငှက်တစ်ကောင်ကို ပစ်ရင် ခေါင်းကိုပဲ ထိတာကွ၊ မင်းလည်း ငါ့အကြောင်းကို သိတာပဲကွာ၊ ဒီနေ့ ကတော့ အဲဒီကိစ္စကို ဂုဏ်ယူစရာလို့ထင်တာပေါ့ ကွာ၊ ငှက်တစ်ကောင်က ို ခေါင်းထိအောင် ပစ်နိုင် တယ်ဆိုတော့ ခေါင်းရော မျက်နှာရော ကြေမွသွား တော့တာပေါ့ကွာ၊ ငါတစ္ဆေဖြစ်တော့ မျက်နှာမှာ ပြောင်ချောကြီးဖြစ်နေတာ အဲဒီ အကုသိုလ်ကံ ကြောင့်ပေါ့ကွာ” “နို့ သာဓုခေါ်ရလား မခေါ်ရလားဆိုတာ ပြောဦးလေကွာ” “အေး ပြောမယ် ၊ ပြောမယ်၊ ငါ့ကို ရည်လည်ဆွမ်း သွတ်မယ့်နေ့ကို စောင့်နေတုန်း ဒီတမာပင်မှာ ငါနဲ့ အတူနေတဲ့ တစ္ဆေက ရုံးဒေါင့်က ဘုရားလေးပွဲကို သွားမယ်၊ အဲဒီမှာ ငါတို့လို တစ္ဆေတွေ အများကြီး လာတယ်၊ ပြီးတော့ ဘုရားပွဲမှာ ကျွေးမွေးတဲ့ အ စားအစာဆိုတာ ဘယ်တစ္ဆေသရဲမဆို စားလို့ရ တယ်တဲ့၊ ပြိတ္တာတွေလည်း စားခွင့်ရတယ်၊ တ ကယ်ပျော်ဖို့ ကောင်းတယ်လို့ ပြောတော့ ငါလည်း စိတ်ဝင်စားပြီး အဲဒီပြိတ္တာနဲ့ လိုက်သွားတာဟေ့။ အဲဒီကတည်းက ငါ ဒီနေရာကို ပြန်မရောက်တော့ တာ။ ဒီနေ့မှ ဒီတမာပင်ကို ငါ ပြန်ရောက်လာတာ” ကျုပ်က တမာပင်ပေါ်ကို မော့ပြီး လိုက်ကြည့် တယ်။ ဒါပေမဲ့ ဘာမှမတွေ့ဘူးဗျ။
“တာတေ မင်း ဘာကို လိုက်ကြည့်တာတုံး” “မင်းနဲ့ အတူတူနေတယ်ဆိုတဲ့ ပြိတ္တာကို ရှာတာကွ” “ဟာ အဲဒီပြိတ္တာ မရှိတော့ဘူးကွ၊ ပြီးခဲ့တဲ့ တစ်ပတ် ကပဲ ကျွတ်လွတ်သွားပြီ” “ဟေ ဟုတ်လားကွ” “မင်း သူနဲ့ လိုက်ပြီး ဘယ်တွေကို သွားနေတာတုံး အောင်ဘကြည်” “ဟာ နှံ့နေတာပါပဲကွာ၊ ဒီပြိတ္တာနဲ့ ငါနဲ့ သွားရင်းလာ ရင်းနဲ့ ဟိုသရဲက ခေါ်သွား၊ ဒီသရဲက ခေါ်သွားနဲ့၊ခရီး ဆက်ဆက်သွားလိုက်ကြတာ အချိန်တွေ တော်တော် ကြာသွားတာကွ၊ ဒါပေမဲ့ ငါ့စိတ်ထဲမှာ ဒီလောက်ကြာ သွားမှန်း မသိဘူး၊ ခဏလေးပဲ ထင်တာ၊ ငါ သတိရ လို့ ပြန်တွေးကြည့်တော့မှ ခြောက်နှစ်လောက်ကြာ သွားမှန်း သိတာကွ၊ တာတေရ” “အေး ဟုတ်တယ် အောင်ဘကြည်၊ မင်း ဆုံးသွား တာ ခြောက်နှစ်ထဲ ရောက်ပြီ၊ ငါ မင်းကို ခဏခဏ သတိရပါတယ်ကွာ” “ငါ ယုံပါတယ်ကွာ၊ ငါလည်း တစ္ဆေဘဝကနေ မင်း ကို သတိရနေတာပါ၊ ငါ ဒီတမာပင်ကို ဒီမနက် ပြန် ရောက်တယ်၊ ညနေကျတော့ မင်းကို တန်းတွေ့ရ တာပဲ၊ ငါဖြင့် မင်းကို တွေ့တွေ့ချင်း ဝမ်းသာလိုက် တာ၊ ဒါနဲ့ ဝမ်းသာအားရ လှမ်းခေါ်လိုက်တာကွ၊ မင်း မကြားဘူးဘဲ ထင်နေတာ” “မင်း အဲဒီလို လျှောက်သွားတော့ တစ္ဆေတွေ သရဲ တွေ အများကြီး တွေ့ရမှာပေါ့နော်” “ဟာ တာတေကလည်း ငါကိုယ်တိုင် တစ္ဆေပဲဟာ၊ တစ္ဆေတွေ၊ သရဲတွေ တွေ့ရတာပေါ့ကွာ” “ငါ့ကို နည်းနည်းပါးပါး ပြောပြစမ်းပါ အောင်ဘ ကြည်ရာ၊ ငါ စိတ်ဝင်စားလို့ပေါ့ကွာ” “တာတေ ငါတို့လူတွေ ပြောပြောနေတဲ့ တစ္ဆေ၊ သ ရဲဖုတ်၊ သဘက်၊ မှင်စာ၊ ဥစ္စာစောင့်၊ ကျတ်၊ ဆိုတာ တွေ အားလုံး ပြိတ္တာတွေပဲကွ၊ ငါ သေခါစက ရက် မလည်ခင်မှာ ငါ့အမေက ငါ့စားဖို့ဆိုပြီး ဝိုင်းထောင့် မှာ ငှက်ပျောဖက်နဲ့ ထမင်းတွေ ဟင်းတွေ အမြဲ ကျွေးတယ်၊
ရက်မလည်မချင်း အဲဒါကို ငါ စားခွင့် ရှိတယ်၊ ငါ သွားသွားစားတယ်။ ငါ့ရဲ့အသုဘအိမ်မှာ မင်းကိုလည်း ငါတွေ့တယ် ကွ၊ လူတွေက ငါ ထမင်းစားနေတာကို ကြည့် လိုက်ရင် ခွေးနက်ကလေးတစ်ကောင် ထမင်း စားနေတာပဲ မြင်ကြရတာ။ ဒီမှာတင် မင်းက အဲဒီခွေးကို မောင်းမယ်လုပ်တော့ ဘိုးခင်မောင်ကြီးကမင်းကို ပြောသေးတယ်လေ၊ တာတေ မမောင်းနဲ့၊ မမောင်းနဲ့၊ အပဆိုတာ ခွေး ကို မှီပြီး စားရသောက်ရတာမျိုးလည်းရှိတယ်၊ မ မောင်းနဲ့လို့ မင်းကို ပြောတော့မှ မင်းမမောင်းဘဲ ကြည့်နေတာလေ။ ဒီတုန်းက ငါတောင် တော် တော်အံ့သြသွားတာကွ။ ငါ့ကို ခွေးလို့ ဘာလို့မြင် နေလဲဆိုတာ ဒီနေ့အထိ ငါစဉ်းစားလို့ မရဘူးကွ” ဒီကောင် ပြောတာ ဟုတ်တယ်ဗျ။ ကျုပ် မှတ်မိ တယ် “နောက်တော့ စောစောက ပြောသလို ငါနဲ့ တမာ ပင်မှာ အတူတူနေတဲ့ ပြိတ္တာနဲ့ လိုက်သွားလိုက် တာ ခြောက်နှစ်ကြာသွားတော့တာပေါ့ကွာ” “မင်းတို့ ရုံးဒေါင့်ဘုရားလေးပွဲကို သွားကြတယ်ဆို” “အေး ဟုတ်တယ်၊ ငါတို့လို အကုသိုလ်နဲ့ တစ္ဆေ တွေက အဝတ်အစားနဲ့၊ ရုပ်ရည်ပုံစံကလည်း သိပ် ပြီး ပုံပျက်ပန်းပျက် မနိုင်ဘူးကွ၊ ဒါပေမဲ့ အကုသိုလ် ကြီးလို့ သရဲ၊ သဘက်ကြီးတွေ ဖြစ်နေတဲ့ကောင် ကြီးတွေက အနှစ် ၆၀၀၊ ၇၀၀တောင် ရှိနေကြပြီ ကွ၊ သူတို့ဝဋ်ကြွေးတွေက မကုန်နိုင်သေးဘူးကွ၊ ဒီကောင်မျိုးတွေက အစားကို စားချင်တိုင်း မစား ရဘူး၊ ရေလည်း သောက်ချင်တိုင်း သောက်လို့ ရတာ မဟုတ်ဘူးကွ။
သူတို့မို့ စားမလို့ လက်လှမ်းလိုက်ရင် အစားအ သောက်တွေက ပျောက်ပျောက်ကုန်တာကွ၊ သူ တို့မှာ ဆာလောင်ပြီးတော့ အမြဲနေကြရတာ၊ ငါ တို့လို အကုသိုလ်နည်းတဲ့ တစ္ဆေတွေကတော့ ဝဝလင်လင် စားကြရပါတယ်။ အဲဒီလို မစားရတဲ့ကံ ရှိရဲ့သားနဲ့ ဇွတ်ယူစားရင် တော့ သေဖို့သာ ပြင်တော့ဟေ့၊ နားကားကြီးနဲ့ သူတပည့် သရဲကြီးတွေ ရောက်လာပြီး အဲဒီ ကောင်ကို သစ်ပင်မှာ ဇောက်ထိုးဆွဲ၊ ဆူးခက် တင်းပုတ်နဲ့ ထုတော့တာဟေ့၊ ဗိုက်ကို ခြေထောက်နဲ့ကန်၊ ခေါင်းနဲ့ ဆောင့်လုပ် ကြတာ၊ စားထားတဲ့ အစာတွေ အကုန်လုံး ထွက် မကျမချင်းကို တွယ်တော့တာကွ၊ အစာတွေ အ ကုန်ထွက်ကျတော့မှ ပြန်လွှတ်လိုက်တာ၊ ဒီတော့ လည်း ဒီကောင်တွေ မစားရဲတော့ဘူးပေါ့ကွာ။ ဘုရားပွဲရှိလို့ ဆွမ်းတော်ကြီးတင်တဲ့ ဆွမ်းတော် စွန့်တွေ ချကျွေးရင်တော့ ဘယ်ကောင်မဆို စား ခွင့်ရှိတယ်ကွ၊ အားလုံး ပျော်ပြီး စားကြသောက် ကြတာပေါ့ကွာ။ ငါတို့လို အမြဲစားနေရတဲ့ တစ္ဆေ တွေက ဝင်ပြီး လုမစားကြပါဘူးကွာ။
အဲဒီငတ် နေတဲ့ ပြိတ္တာတွေကို ဦးစားပေးပြီး ကျွေးကြတာ ပါပဲ” “မင်းတို့ ရုံးဒေါင့်ဘုရားလေးပွဲက နေပြီး ဘယ်ကို ဆက်သွားကြတုံးကွ” “အဲဒီပွဲ မပြီးခင် အနယ်နယ် အရပ်ရပ်က တစ္ဆေ တွေ၊ ပြိတ္တာတွေ တော်တော်စုံတဲ့ပွဲကိုကွ၊ တချို့ အကောင်ကြီးတွေကတော့ ကြောက်စရာပုံပန်း ကြီးတွေနဲ့ပေါ့ကွာ။ အဲဒီအထဲမှာပါလို့ တစ္ဆေတစ် ကောင်တောင် လန့်သွားတဲ့ သရဲကြီးတစ်ကောင် တွေ့တယ်ကွ၊ အကောင်ကြီးက မတ်တတ်ရပ် လိုက်ရင် ထန်းပင်တစ်ဝက်လောက် ရှိတယ်။ ကိုယ်လုံးကြီးကလည်း အကြီးကြီးပဲကွာ၊ သူ့ခြေ ထောက်ကြီးတွေက တစ်ဖက် တစ်ဖက်ကို ထန်း ပင်လုံးပတ်လောက် ရှိတာဟေ့။ ပါးစပ်ကြီးက တစ်တောင်လောက် ကျယ်တယ်။ သူ့လျှာကြီးက အမြဲတွဲလောင်းကြီး ကျနေတာကွ၊ ဖျာလိပ်ကြီး တစ်လိပ်လို၊ အဲဒီလျှာနီနီကြီးကို ဒီကောင်ကြီးက လိပ်ထားတာ၊ အစာစားခါနီး ဖြည်ချလိုက်ပြီဆိုရင် မြေကြီးနားအထိ ကျလာတာဟေ့” “ဟာ ကြောက်စရာကြီးပါလားကွာ” “အေး အကုသိုလ်နည်းတဲ့ တစ္ဆေတွေကတော့ တစ်ယောက်နဲ့ တစ်ယောက် မိတ်ဖွဲ့ကြ၊ ပြော ကြ၊ ဆိုကြနဲ့ပေါ့ကွာ၊ အဝတ်အစားတွေလည်း ဝတ်စားထားကြပါတယ်” ဘာနဲ့တူနေတုံးဆိုရင် ဘုရားလာဖူးတဲ့ အနယ်နယ် အရပ်ရပ်က လူတွေလိုပေါ့ကွာ။
အဲဒီမှာ သတင်းအ မျိုးမျိုး ရတာဟေ့၊ ဒီဘုရားပွဲပြီးရင် ဘယ်မှာ ဘုရား ပွဲရှိတယ်၊ အဲဒီမှာဆိုရင် ဘယ်လိုပျော်စရာကောင်း တာ၊ ဘာညာပေါ့ကွာ၊ တချို့နယ်တွေက ငါတို့သွား လို့ရတာ ရှိသလို တချို့နယ်ကျတော့ ငါတို့သွားလို့ မရဘူးကွ၊ သွားလို့ရတဲ့ နယ်တွေဆိုရင် လိုက်သွား တာပေါ့ကွာ” “သြော် မင်းတို့ ဘယ်ဘက်တွေ ရောက်ခဲ့တုံးကွ” “တာတေရေ ရောက်တာတော့ မပြောနဲ့တော့ဟေ့၊ ရှမ်းပြည်နယ်ရော၊ ကရင်ပြည်နယ် ဘက်ရော။ အောက်ပြည်အောက်ရွာရော၊ ပင်လယ်ဒေသတွေ ဘက်ရော စုံနေတာပဲကွ၊ငါနဲ့ တမာပင်မှာ အတူနေ တဲ့ ပြိတ္တာက ပုံသာ ဆိုးတာကွ၊ လူချစ် လူခင်၊ အဲ အဲ သရဲချစ် သရဲခင်တော့ တော်တော်ပေါတာကွ။ ဒါပေမဲ့ ဒီကောင်က သနားဖို့ တော်တော်ကောင်း ပါတယ်ကွာ၊ ထမင်းစားရင် အစာတွေကို ဖက်နဲ့ လိပ်ပြီး သူ့ပါးစပ်ပေါက်ကျဉ်းကျဉ်းလေးထဲကို အကြာကြီး ထိုးသွင်းနေရတာကွ၊ တစ်လိပ်ကုန် ဖို့ တစ်နာရီ နှစ်နာရီ ကြာတာ” “ဟေ ဟုတ်လားကွ၊ အောင်ဘကြည်ရဲ့” “အေးကွ၊ သူ့ထက်ဆိုးတဲ့ ပြိတ္တာတွေလည်း ရှိတာ ပေါ့ကွာ၊ အေး အဲဒီလို သွားရင်းနဲ့ ရှမ်းပြည်ဘက် ကိုရောက်တော့ ညောင်ပင်ကြီးတစ်ပင်မှာနေတဲ့ ရုက္ခစိုးကြီးနဲ့ တွေ့တယ်ကွ” “ဟေ ရုက္ခစိုးကြီး ဟုတ်လား” “အေး အဲဒီရုက္ခစိုးကြီးရဲ့ အဝတ်တန်ဆာတွေ က ပြောင်ပြောင်လက်လက်အရောင်တွေ ထွက်တာကွ” “အေး အေး ပြောပါဦး သူငယ်ချင်းရ” “အဲဒီရုက္ခစိုးကြီးက ငါနဲ့ ပြိတ္တာကို ခေါ်တယ်၊ ပြီး တော့ ငါတို့ကို သူနေတဲ့နေရာက ဘော်ကြိုဘုရား ကို ဖူးခိုင်းတယ်ကွ၊ ငါနဲ့ ပြိတ္တာ ဘော်ကြိုဘုရားကို အာရုံပြုပြီး ရှိခိုးလိုက်ကြတာ နှစ်နာရီလောက်ကို ကြာသွားတာဟေ့၊ ရင်ထဲမှာလည်း ကြည်လင်ပြီး ချမ်းသာနေတာကွ တာတေရ၊ ငါတို့ ဘော်ကြိုဘု ရားဖူးပြီးရင် သူ့ဗိမာန်ရှိတဲ့နေရာကို ပြန်လာခဲ့ရ မယ်လို့ ရုက္ခစိုးကြီးက မှာလိုက်တာကိုးကွ၊ ဒါနဲ့ ငါတို့နှစ်ကောင် ရုက္ခစိုးကြီးဆီကို ပြန်ကြရတာ ပေါ့၊
ဟိုရောက်တော့ ရုက္ခစိုးကြီးက ပြောတယ်၊ ငါရော ပြိတ္တာရော လူပြန်ဖြစ်ကြတော့မယ်တဲ့ကွ” “ဟေ ဟုတ်လား၊ အောင်ဘကြည်၊ ငါ ဝမ်းသာ လိုက္တာကြာ” ကျုပ်တကယ်ကို ဝမ်းသာတာဗျ။ “အေး အေး ငါ ပြောဦးမယ်၊ သူ အဲဒီလိုပြောလိုက် တာနဲ့ တစ်ပြိုက်နက်ပဲကွာ၊ ပြိတ္တာကိုယ်က အမွေး အမျှင်တွေ ပျောက်သွားပြီး အဝတ်နဲ့ အစားပုံ ပုံမှန် ရုပ်ရည်ပဲ ပြန်ဖြစ်သွားတာကွ၊ တစ္ဆေလေး ငါသွား ပြီဟေ့လို့ ငါ့ကို နှုတ်ဆက်ပြီး အရှေ့စူးစူးကို ပြိတ္တာ ထွက်သွားတယ်၊ ပြိတ္တာ ထွက်သွားတော့မှ ရုက္ခစိုး ကြီး ငါ့ကို ပြောတယ်ကွ၊ တစ္ဆေလေး မင်းကတော့ မင်းတို့နေတဲ့ဒေသမှာပဲ လူပြန်ဖြစ်မှာကွ၊ ဒီတော့ မင်းလာခဲ့တဲ့နေရာကို ပြန်ပေတော့။ ဟိုရောက် ရင် မင်းမျက်နှာကို မဖဲဝါ ပြောင်းပေးလိမ့်မယ် တစ္ဆေလေး” “ဟာ ရုက္ခစိုးကြီးက ဒီလိုကို ပြောတာလားကွ၊ အောင်ဘကြည်ရဲ့” “ဟုတ်တယ် တာတေ၊ ရုက္ခစိုးကြီး အဲဒီလို ပြော လိုက်တော့မှ ငါလည်း ငါနေခဲ့တဲ့ တမာပင်ကိုချက် ချင်းသတိရသွားတယ်ကွ၊ အဲဒီလို သတိရလိုက်တာ နဲ့ ချက်ချင်းပဲ ငါ တမာပင်ကြီးပေါ်ကိုပြန်ရောက်လာ တာကွ၊ညနေကျတော့ မင်းကို တွေ့တာပဲ တာတေ၊ မင်း မရောက်ခင် စောစောကပဲ ရုက္ခစိုကြီးပြောလိုက် တဲ့ မဖဲဝါ ရောက်လာပြီး ငါ့မျက်နှာကို သပ်ချလိုက် တာ”
“သြော် ဒီလိုကိုး၊ ဒါဆို မင်း လူပြန်ဖြစ်တော့မှာ ပေါ့ဟုတ်လား တာတေ၊ နို့ ငါတို့ရွာမှာပဲ ပြန်ဖြစ် မှာလားကွ” “အဲဒါတော့ ငါ မသိသေးဘူး တာတေ၊ ဒီအတိုင်း လည်း ဖြစ်မှာ မဟုတ်သေးဘူးကွ” “ဟေ ဘာလိုသေးတုံးကွ အောင်ဘကြည်ရ” “ဒီလို တာတေရ၊ ငါ့မိဘတွေ ငါ့အတွက် ဆွမ်းသွတ် ပြီး အမျှဝေတုန်းက ငါ သာဓုမခေါ်လိုက်ရဘူးလေ ကွာ၊ အဲဒါ သာဓုခေါ်ပြီးမှ ငါ ကျွတ်ရာမှာကွ၊ အဲဒီ ကိစ္စ မင်းပဲ တာဝန်ယူပြီး ပြောပေးပါကွာ” “ဟေ ဘာကိုပြောပေးရမှာတုံး အောင်ဘကြည်” အောင်ဘကြည် ပြောတာကို ကြားလိုက်ရတော့ ကျုပ် စိတ်မကောင်းဘူးဗျာ။ “အောင်ဘကြည် မင်းဆုံးသွားတော့ မင်းမိဘတွေ တော်တော်ကို စိတ်ထိခိုက်သွားကြတယ်။ ဒီရွာမှာ ကို ဆက်ပြီး မနေချင်တော့ဘူးဆိုပြီး မန္တလေးကို ပြောင်းသွားကြတာ ကြာပေါ့ သူငယ်ချင်းရာ” “ဟာ ဟုတ်လားကွ တာတေ” ဒီကောင် မျက်နှာမကောင်း ဖြစ်သွားတယ်ဗျ “အေး ဒါပေမဲ့ မင်း ဘာမှ မပူနဲ့ကွ၊ မင်းကြီးဒေါ် ဒေါ်လုံးတင် ရှိတယ်လေကွာ၊ ငါ အရီးလုံးတင်ကို အကျိုးအကြောင်း ပြောပြပြီး အားလုံးစီစဉ်ပေး မယ်၊ ပြီးတော့ ငါတို့ဆရာတော်ဦးဂုဏကို တရား ဟောဖို့ ပင့်ပေးမယ် ပုဗ္ဗာရုံဆရာတော်လေကွာ အောင်ဘကြည်ရာ” “သြော် အေး အေး မင်းပဲ ကောင်းသလို စီစဉ်ပေးပါ တာတေရာ” “စိတ်ချနေ အောင်ဘကြည်၊ ဒါပေမဲ့ မင်း ဒီကနေ ဘယ်ကိုမှ ထွက်မသွားနဲ့တော့နော်၊ ဒီတစ်ခါ လွဲ သွားလို့ မဖြစ်ဘူး အောင်ဘကြည်” “အေးပါကွ၊ တာတေရ၊ ဒီတစ်ခါ ငါ ဘယ်ကိုမှ သွား လို့ မရတော့ပါဘူး၊
ငါ သွားလို့ မရအောင် မဖဲဝါကြီး က အစောင့်ချထားတယ်ကွ၊ အဲဒီအကောင်ကြီးက ငါ့ကို အမြဲစောင့်နေတော့မှာ” “ဟေ ဘယ်မှာတုံးကွ” “မြောက်ဘက်က ဘန့်ဘွေးပင်မှာလေကွာ” အောင်ဘကြည်က ပြောလို့ ကျုပ် မြောက်ဘက်က ဘန့်ဘွေးပင်ကြီးကို မသိမသာ လှည့်ကြည့်လိုက် တယ်။ ဟုတ်ပဗျာ။ ဘန့်ဘွေးပင်ကြီးဘေးမှာ ကပ် ပြီးရပ်နေတာ သစ်ပင်နဲ့ တစ်သားတည်းကို ဖြစ်နေ တာဗျ။ သရဲကြီးတစ်ကောင်၊ နည်းတဲ့အရပ်ကြီး မဟုတ်ပါဘူးဗျာ၊ လက်စသတ်တော့ မဖဲဝါက အောင်ဘကြည်ကို အစောင့်ချထား တာကိုး။ ကျုပ်လည်း အောင်ဘကြည်ကို နှုတ်ဆက်ပြီး ရွာ ကို ပြန်လာခဲ့တယ်။ မနက်ရောက်တော့ ဆရာ တော်ကို အကျိုးအကြောင်းအားလုံး လျှောက် လိုက်တယ်။ ဆရာတော်က အောင်ဘကြည်ရဲ့ ကြီးတော် အရီးလုံးတင်ကို ခေါ်ပြီး ဆွမ်းသွတ် ကိစ္စ စီစဉ်ခိုင်းတယ်။ အရီးလုံးတင်ကလည်း သူ့တူလေး သတင်းကြား တော့ စိတ်မကောင်းဖြစ်ပြီး ဆွမ်းသွတ်ဖို့ ပြင် တော့တာပေါ့ဗျာ။ အဲဒီနေ့က ကျုပ်မျက်ကွင်း ဆေး ကွင်းပြီး အောင်ဘကြည်ကို သွားခေါ် တယ်။ ဆရာတော်က တရားဟောတော့ ဒီကောင်ကြုံကြုံ ကလေးထိုင်ပြီး သေသေချာချာ နာတာဗျ။ တရား ဆုံးတော့ ရေစက်ချတယ်။ အမျှဝေတယ်။ ကျုပ် သေသေချာချာ ကြည့်နေတာဗျ။ ကျုပ်သူ ငယ်ချင်း တစ္ဆေက သာဓုသုံးကြိမ်တိတိ လိုက် ခေါ်တာ ကျုပ်တွေ့လိုက်ရတယ်။ ဟော ပျောက်သွားပြီဗျို့။ ကျုပ်သူငယ်ချင်းတစ္ဆေ ပျောက်သွားပြီ။ ကျုပ်ဖြင့် ဝမ်းသာလိုက်တာဗျာ။ ဘယ်လိုပြောရမှန်းတောင် မသိဘူးဗျို့။ ပြီးပါပြီ
မူရင်းရေးသူ ဆရာ တာတေ





