တတိယမျက်လုံး(စ-ဆုံး)

တတိယမျက်လုံး(စ-ဆုံး)

ရေးသားသူ…တာတေ

https://tuckerclassesjackal.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

ကျုပ်က ဆရာတော့်ဆီမှာ မျက်စဉ်းသွားယူပြီး ပြန်လာတာ။ ဆရာတော့်မျက်စဉ်းက လွှတ်ကောင်းတာဗျ။ ကျုပ်တို့ရွာက လူကြီးတွေ မျက်စိဝါးတာ၊ ဝေတာ၊ ကြည့်လို့မကောင်းတာများ ဆရာတော့် မျက်စဉ်းကို ပုလင်းလေးတွေနဲ့ သွားယူပြီး ခတ်ကြတာပဲဗျ။ မျက်စဉ်းက ကျောက်ချဉ်ရယ်၊ ဒုတ္တာရယ်၊ သံပုရာရည်ရယ်၊ မိုးရေရယ် ဖော်တာဗျ။ အလေးချိန်တော့ ကျုပ်မသိဘူး။ ခက်တာတော့ မနက်တစ်ကြိမ်၊ညတစ်ကြိမ် ခတ်ရတာဗျ။ ကျုပ်က အဘကို မျက်စဉ်းခတ်ပေးနေတာ။ “အင်း နည်းနည်းတော့ စပ်သကွ ” အဘက မျက်စိကို ပုတ်ခတ် ပုတ်ခတ်လုပ်ပြီး ပြောတော့ ကျုပ်အမေက ပြောတယ်။ “ကိုဥာဏ်နှယ် မျက်စဉ်းပါဆိုမှ စပ်မှာပေါ့တော့ ” “ကိုကြီးတာတေ ၊ကိုကြီးတာတေ ရှိလားဗျ” ကျုပ်လည်း ဝိုင်းဝမှာ ရပ်နေတဲ့ ကောင်လေးကို လှမ်းကြည့်လိုက်တယ်။ တစ်ယောက်တည်း မဟုတ်ဘူးဗျ။ သူ့ဘေးမှာ လူကြီးတစ်ယောက် ပါသေးတယ်။ “ဆယ်အိမ်ခေါင်း ကိုဆယ်ဗျ၊ လှမ်းခေါ်တာက သူ့သား စာကလေးဗျ အမေရ” “ဟာ ကိုဆယ်ပါလား၊ လာလေဗျာ၊ ဟေ့ကောင် စာကလေး လာလေကွာ” ကျုပ်လှမ်းခေါ်လိုက်တော့မှ ကိုဆယ်က ဝိုင်းထဲကို ဝင်လာတာဗျ၊ စာကလေးက ရှေ့ကနေ အိမ်ပေါ်ကို ပြေးတက်လာတယ်။

“လာ ထိုင် ကိုဆယ် ” ကျုပ်က ဆယ်အိမ်ခေါင်း ကိုဆယ်ကို နေရာထိုင်ခင်းပေးပြီး နဂါးဆေးပေါ့လိပ်နဲ့ မီးခြစ်ကို ကပ်ပေးတယ်။ “ဘိုးဥာဏ် မျက်စိ ဘာဖြစ်လို့တုံး” ကိုဆယ်က အဘကို မေးတာဗျ။အဘက မျက်စဉ်းခတ်ထားတော့ ခေါင်းမော့ထားတာကိုဗျ။ “ဘာမှမဖြစ်ပါဘူး ငဆယ်ရာ၊ မျက်စိက ယားယားနေလို့ကွ၊ ပြီးတော့ ကြည့်ရတာလည်း နည်းနည်းဝါးနေလို့ကွ၊ ဆရာတော့်မျက်စဉ်း ခတ်နေတာလေ” “ကောင်းတယ် ကောင်းတယ်၊ ဦးဂုဏမျက်စဉ်းမို့လား၊ လွှတ်ကောင်းတာဗျ၊ ကျုပ်ဒွေးလေး မျက်စိမှုန်တာ ဆရာတော့် မျက်စဉ်းခတ်ရင်းနဲ့ကို ကောင်းသွားတာဗျ” “ကိုဆယ် ကျုပ်ဆီလာတာ ကိစ္စရှိလို့လားဗျ” ကျုပ်က စကားလမ်းကြောင်းပေးလိုက်တယ် စာကလေးက ခုနှစ်နှစ်သားလောက်ပဲ ရှိသေးတာ။ မျက်လုံးပြူးပြူး၊ ခေါင်းပြောင်ပြောင်နဲ့ဗျ။ သူ့ခေါင်းလေးက စာကလေးခေါင်းလိုပဲ လုံးနေတာ။

သူ့ကို အမေက ကျုပ် မြို့သွားတုံးက ဝယ်လာတဲ့ နံကထိုင်တစ်ခု ကျွေးထားလို့ ငြိမ်ပြီးစားနေတာဗျို့ “မင်းကို ဘိုးတော် ခေါ်ခိုင်းလို့ကွ ” “ဗျာ၊ ဘယ်ဘိုးတော်တုံးဗျ ကိုဆယ်ရ” “ဘယ်ဘိုးတော်ရမှာလဲ တာတေရာ၊ သူကြီးပေါ့ကွ” “သူကြီး ခေါ်ခိုင်းတာ ဟုတ်လား၊ ဘာကိစ္စတုံးဗျ” “ဟဲ့ တာတေ၊ နင် ဘာတွေများ ပွေလီထားတုံး” “ဟာ အမေကလည်းဗျာ၊ ကျုပ်က ဘာပွေလီရမှာတုံးဗျာ” အမေက သူကြီးဆိုတဲ့ အသံကြားပြီး စိုးရိမ်သွားတာဗျ။ ်ကျုပ်တို့တောသူတောင်သားများ ရဲတို့၊ စစ်သားတို့၊ သူကြီးတို့ဆိုရင် အားကြီးကြောက်ကြတာဗျ။ ကျုပ်တို့သူကြီး ဦးဘိုးထင် ဆိုတာကလည်း လူပုသလောက် လွှတ်စိတ်တိုတာဗျ၊ ဒါပေမဲ့ လူက လူဖြောင့်ပါဗျာ။ “တခြားကိစ္စမဟုတ်ပါဘူးကွာ၊သူကြီးအိမ်မှာ ဧည့်သည် ဘိုးတော်ကြီးတစ်ယောက် ရောက်နေလို့ကွ၊ သျှောင်ထုံးကြီးနဲ့ တာတေရ၊ လူက ဖြူဖြူ သန့်သန့်ပါကွာ” “သူကြီးအမျိုးလား” “မဟုတ်ဘူးကွ၊ ဘယ်ကရောက်လာမှန်း မသိဘူး၊ ငါတို့ဝိုင်းထဲ ဝင်လာပြီး သူကြီးအိမ် ဘယ်နားတုံး ဆိုပြီး မေးလို့ ငါက အဲဒီဘိုးတော်ကြီးကို သူကြီးအိမ် လိုက်ပို့တာဟေ့၊ ဟိုရောက်တော့ အဲဒီဘိုးတော်ကြီးက ပြုံးပြုံးရယ်ရယ်ပဲကွ၊ သူကြီးကို နှုတ်ဆက်တာ၊ ပြီးတော့ ပြောသကွ” “သူကြီး ကြားဖူးလား၊ဒီထနောင်းကုန်းမှာ ကလေးတစ်ယောက် နွားကျောင်းရင်း ပျောက်သွားတယ် ဆိုတာလေ” သူကြီးက မျက်လုံးလေး ပေကလပ် ပေကလပ်နဲ့ စဉ်းစားတယ်ကွ၊

ပြီးတော့မှ … “ကျုပ်အဘ သူကြီး ဦးဘိုးဆင် မသေခင်ကတော့ တစ်ခါ ပြောဖူးတယ်ဗျ၊ သူနဲ့ ကစားဖက် သူငယ်ချင်း မောင်ထိန်ဆိုတာ သူနဲ့ အသက်အတူတူပဲတဲ့၊ တောစပ်မှာ နွားကျောင်းသွားရင်း ပျောက်သွားတာ၊ ဘယ်မှကို အစရှာမတွေ့တော့ဘူးတဲ့ ” “ဟား ဟား ဟား ဟား အေး အေး ဟုတ်ပြီ၊ ဟုတ်ပြီ၊ သူကြီးမင်းရဲ့အဘ မောင်ဆင်နဲ့ ကစားဖက် သူငယ်ချင်း နွားကျောင်းရင်း ပျောက်သွားတဲ့ မောင်ထိန် ဆိုတာ ကျုပ်ပဲဗျ” “ဗျာ” “သူကြီးက ပါးစပ်ကြီးဟပြီး ‘ဗျာ’လို့ တစ်ခွန်းပဲ ပြောပြီး အဲဒီဘိုးတော်ကြီးကို ကြောင်ပြီး ကြည့်နေရောဟေ့၊ မင်းပဲ စဉ်းစားကြည့်လေ တာတေရာ၊ သူကြီးရဲ့အဖေ သူကြီး ဦးဘိုးဆင်ကြီး ဆုံးတာပဲ အနှစ်သုံးဆယ်လောက် ရှိပြီပဲဟာ၊ ဆုံးတော့ဖြင့် အသက် ရှစ်ဆယ်ရှိပြီလေကွာ၊ ဒီတော့ သူကြီး ဦးဆင် အခုရှိနေရင်တောင် အသက်တစ်ရာ့တစ်ဆယ်လောက် ရှိမှာပေါ့ကွ။ တို့သူကြီး ဦးဘိုးထင်တောင် ခုနှစ်ဆယ်ထဲမှာကွ ” “အင်း…ကိုဆယ် ပြောသလိုဆိုရင် အခုလာတဲ့ ဘိုးတော်ကြီးက သူကြီးအဘ ဦးဘိုးဆင်ရဲ့ ကစားဖက် သူငယ်ချင်းဆိုတော့ အသက်တစ်ရာ့ တစ်ဆယ်လောက် ရှိပြီပေါ့၊ နို့ ကိုဆယ်ကိုယ်တိုင် သူ့ကို သူကြီးအိမ် လိုက်ပို့ဆိုတော့ ကိုဆယ့် စိတ်ထင် အသက်ဘယ်လောက်မှန်းတုံး၊ ဒီဘိုးတော်ကြီးက ဘယ်လိုပုံစံတုံးဗျ၊ တော်တော်ကို အိုမင်းနေပြီလား” “ဟာ ဘယ်က အိုရမှာတုံး တာတေရ၊ ငါ့စိတ်ထင် အသက် ငါးဆယ်လောက်ပဲ ရှိမယ်ထင်တာ၊ လျှောက်လိုက်တာများ သွက်သွက် ဖြစ်နေတာ၊ ဆံပင်လည်း တစ်ချောင်းမှ မဖြူဘူးကွ၊ သွားလည်း တစ်ချောင်းမှ မကျိုးဘူး

မျက်စိလည်း မမှုန်ဘူး၊ အသားအရေကလည်း စိုပြေပြီး တင်းရင်းနေတာကွ ” ” ဟင် ဟုတ်လား၊ ထူးတော့ ထူးဆန်းတာပဲဗျ” “အေး အေး ဒါကြောင့် အတွေ့အကြုံ ဗဟုသုတများတဲ့ တာတေကို သွားခေါ်ဆိုပြီး သူကြီးက ငါ့ကို တိုးတိုးပြောပြီး လွှတ်လိုက်တာကွ၊ သူကြီးလည်း အဲဒီဘိုးတော်ကို ဘယ်လိုခေါ်ရ ပြောရမှန်းတောင် မသိဘူးဖြစ်နေတာကွ၊ ဘိုးတော်ကြီး ပြောသလိုဆိုရင် သူ့အဖေရဲ့ သူငယ်ချင်းလေကွာ။ ဘကြီးတို့ ဘဒွေးတို့ ခေါ်ရမှာပေါ့ကွ၊ အရွယ်ကြည့်လိုက်တော့လည်း သူ့ထက်တောင် ငယ်ပုံငယ်ပန်း ဖြစ်နေတော့ ဘကြီးခေါ်ဖို့ကလည်း ခက်နေရောပေါ့ကွ” “ဒါဆိုရင် သူကြီးက အဲဒီဘိုးတော်ကြီးကို ဘယ်လိုခေါ်တုံးဗျ” “အောင်မယ် တို့သူကြီးကလည်း လူပါးပဲကွ၊ ဘကြီးလို့လည်း မခေါ်ဘူး၊ ဘဒွေးလို့လည်း မခေါ်ဘူး၊ ဆရာကြီးလို့ပဲ ခေါ်သကွ” “ဟား ဟား ဟား ဟား သူကြီးကလည်း အခေါ်အဝေါ် ပါးနပ်သားပဲဗျ၊ ကဲ ကဲ၊ လာ ကျုပ် လိုက်ခဲ့မယ် ” ကျုပ် သူကြီးအိမ်ရောက်တော့ သူကြီးက ကျုပ်ကို ခရီးဦးကြိုပြုတယ်ဗျ။ “ဟကောင် တာတေ ၊ လာဟ ဒီမှာထိုင်” ကျုပ်ကလည်း သူကြီးပြတဲ့နေရာမှာ ဝင်ထိုင်လိုက်တယ်။ ကျုပ်ထိုင်လိုက်တာနဲ့ ဦးဘိုးထိန်က ကျုပ်ကို သေသေချာချာ စိုက်ကြည့်တယ်ဗျ။ ခဏနေတော့ ပြောသဗျ။

“လူ့ကလေးနာမည်က တာတေတဲ့လားကွဲ့” “ဟုတ်ပါတယ် ဘိုး၊ ကျုပ်နာမည် တာတေပါ” “မောင်တာတေက လူထူးလေးပဲကွယ့် မင်းအဘက ကိုဥာဏ်မို့လား၊ မင်းအမေက ငွေစိန် ထင်တယ် ” “ဗျာ၊ ဟုတ် ဟုတ်ပါတယ် ဘိုး၊ ကျူပ်မိဘတွေကို ဘိုး သိလို့လား” “အရင်တုန်းကတော့ မသိပါဘူးကွယ်၊ အခုမှ သိတာပါ မောင်တာတေရဲ့၊ ဘေးမှာ ဖြာထွက်နေတဲ့ အရောင်တွေကို ကြည့်ပြီး အာရုံခံကြည့်လို့ သိတာပါ ” “ဗျာ၊ ကျုပ်ကိုယ်က အရောင်တွေ ဖြာနေလို့လား၊ ကျုပ်တော့ မမြင်ပါလား ဘိုးရဲ့ ” “လူတိုင်းမှာ အရောင်တွေ ဖြာထွက်နေတာပဲ မောင်တာတေရဲ့၊ သာမန်လူအဖို့တော့ ဒါတွေကို မြင်နိုင်စွမ်း ဘယ်ရှိမှာတုံးကွယ့် ” “ဟင်၊ ဒါဆိုရင် ဘယ်လိုလူတွေမှ မြင်ရတာတုံးဘိုးရဲ့” “တတိယမျက်လုံး ဖွင့်ထားတဲ့လူမှ မြင်ရတာကွယ့်” “ဗျာ …တတိယမျက်လုံး ဟုတ်လား ဘိုး၊ ဟာ ဘိုးကလည်း လူမှာ မျက်လုံးက နှစ်လုံးပဲ ရှိတာ ၊ တတိယမျက်လုံး ဘယ်ပါလို့တုံးဗျ” “တတိယမျက်လုံးဆိုတာ တင်စားပြီးတော့ ခေါ်တာပါကွယ်၊ တချို့ကလည်း ဒိဗ္ဗစက္ခုလို့ ခေါ်ကြတယ်။ တချို့ကတော့ ဒါကို နတ်မျက်စိလို့ ခေါ်ကြတယ်ကွယ့်” “ဟင် ဒါဆိုရင် ဘိုးက တတိယမျက်လုံး ဖွင့်ပြီးသားလား ဘိုး” သျှောင်ထုံးကြီးနဲ့ အဘိုးထိန်နေတဲ့ အဘိုးကြီးက ကျုပ် အမေးကို ပါးစပ်နဲ့ မဖြေတော့ဘဲ ခေါင်းပဲ ညိတ်ပြလိုက်တယ်၊ “မောင်တာတေ နားထောင်၊ အဘိုးပြောမယ်၊ မောင်တာတေဟာ တစ်ဦးတည်းသော သားတစ်ယောက်ပဲ၊ အရွယ်နဲ့ မမျှအောင်ကို ဗဟုသုတပညာတွေစုံလှပေတယ်၊ ရှေ့လျှောက်ပြီး ဒါထက် ကြုံရ တွေ့ရလိမ့်ဦးမယ်ကွယ်၊ နောက်ရင် မင်း ဒီအရပ်မှာ နေရမှာ မဟုတ်ဘူး၊ မြို့ကြီးပြကြီးမှာ နေရလိမ့်မယ် ” အဘိုးထိန်က စကားရပ်လိုက်တယ်။

“အဘိုး အဘိုးပြောတဲ့ တတိယမျက်လုံး ဆိုတာကို ဘယ်လိုများ ဖွင့်လိုက်တာတုံး အဘိုးရ” “အင်း…မောင်တာတေကတော့ ကျုပ်တို့နဲ့ အတော်ကလေးနီးစပ်တာကလား၊ မောင်တာတေ သိချင်ရင် ပြောပြတာပလေ၊ ဒီလို မောင်တာတေရဲ့၊ ထနောင်းကုန်း အနောက်ဘက်တောစပ်က စားကျက်ကွင်းကြီးတွေမှာ ကျုပ်က နွား သွား,သွားပြီး ကျောင်းနေကြကွယ့်။ ဒီတုန်းက ကျုပ်အသက်က ဆယ့်နှစ်နှစ်ထဲ ဝင်ကာစပဲ ရှိသေးတာ၊ ကျုပ်တို့နွားက သုံးကောင်၊ ကျုပ်ဒွေးလေးတို့ နွားက နှစ်ကောင်၊ စုစုပေါင်း ငါးကောင်ကို ကျုပ်က စားကျက်ကွင်းမှာ သွားပြီး ကျောင်းတာကွယ်၊ တစ်ရက်ကျတော့ ကျုပ်က ထမင်းထုပ်ကလေး ဖြည်စားပြီး ဗိုက်လေးလေးနဲ့ မန်းကျည်းပင်ကြီး အောက်မှာ အိပ်ပျော်နေတာပေါ့ကွယ်။ “ဟေ့ ကလေး ထထ” ဆိုပြီး ကျုပ်ကို လှုပ်နိုးနေတဲ့အသံ ကျုပ်နားထဲမှာ ကြားလိုက်ရတာကွယ့်၊ ဒါနဲ့ ကျုပ်လည်း နိုးသွားပြီး ထထိုင်လိုက်တယ်၊ ဘုန်းကြီးနှစ်ပါးကွယ့်။ တစ်ပါးက ဗမာရုပ်ရည်နဲ့ နောက်တစ်ပါးက ထွားထွားကြီး၊ ဗမာနဲ့ မတူဘူး၊ ဘန့်ဘွေးကုန်းက ကုန်စုံရောင်းတဲ့ တရုတ်ပုံစံမျိုး။

အဲဒီဘုန်းကြီးက ဗမာစကား မတတ်ဘူး။ တရုတ်လိုလိုဘုန်းကြီးက ဗမာဘုန်းကြီးကို မေးတယ်။ ဘာမေးတာတုံး ကျုပ်က မသိဘူး၊ ဗမာဘုန်းကြီးက ဗမာလိုပဲ ပြန်ပြောတယ်။ “ဟုတ်တယ်ဘုရား၊ ဒီကလေးပဲ” ကျုပ်စိတ်ထင်တော့ သူတို့နှစ်ပါးက ကိုယ့်ဘာသာနဲ့ကိုယ် ပြောနေကြပေမယ့် ဘာပြောတယ်ဆိုတာ နှစ်ပါးစလုံးရဲ့ စိတ်ထဲမှာ နားလည်ကြပုံပဲကွယ့် ” ‘ကလေး မင်းနာမည် မောင်ထိန်မို့လား’ ကျုပ်က လက်အုပ်ကလေးချီပြီး ပြန်လျှောက် လိုက်တယ် “ဟုတ်ပါတယ်ဘုရား” “မင်းမှာ မိဘတွေ ရှိသေးလားကွယ့်’ ‘တပည့်တော် ငယ်ငယ်ကလေးကတည်းက မိဘတွေ ဆုံးသွားကြပါတယ်ဘုရား။ တပည့်တော်ဘထွေးအိမ်မှာ နေရတာပါ’ ‘သြော် အေး အေး နေဦးကွ၊ မောင်ထိန်၊ မင်း အိပ်ရာကနိုးတော့ ဆာနေမှာပေါ့၊ ရော့ ဒီငှက်ပျောသီး စားလိုက်’ ကျုပ်ကို ဗမာဘုန်းကြီးက ငှက်ပျောသီးကြီး တစ်လုံးလှမ်းပေးတယ်။ ကျုပ်က ရိုရိုသေသေ လှမ်းယူပြီး အခွံခွာလိုက်တယ်။ငှက်ပျောသီးက အဝါရောင် မဟုတ်ဘူးကွ။ ရွှေရောင်၊ အထဲက ငှက်ပျောသီးအသားကလည်း ရွှေရောင်ပဲ။ ဒီငှက်ပျောသီးကို တရုတ်လိုလို ဘုန်းကြီးက ဗမာဘုန်းကြီးကို လှမ်းပေးလိုက်တာ။ အနံ့ကလည်း မွှေးလိုက်တာ မပြောနဲ့တော့ကွယ်။ ‘စား၊ မောင်ထိန် စား’ လို့ ဗမာဘုန်းကြီးက ပြောတော့ ကျုပ်ကလည်း အားရပါးရ စားတော့တာပေါ့ကွယ်။ငှက်ပျောသီး စားပြီးတာနဲ့ ဗိုက်ကို တင်းသွားတာကွယ့်။

ကျုပ် ငှက်ပျောသီး စားပြီးတာနဲ့ ဗမာဘုန်းကြီးက ပြောတော့တာကွ ” ‘မောင်ထိန် မင်းကို ငါတို့ လာခေါ်တာကွ၊ မင်း ငါတို့နဲ့ လိုက်ခဲ့ရမယ်။ မင်းမှာ လုပ်စရာ တစ်ခု ကျန်နေသေးတယ်။အဲဒါက လူတွေရဲ့ အနာဂတ်ကို ဟောပြောပြီး လမ်းတည့်ပေးဖို့နဲ့ လူတွေရဲ့အသက်ကို ဆေးကုပြီး ကယ်ဖို့ပဲကွ။ အဲဒါ မင်းလုပ်မှ ဖြစ်မယ် မင်းကို အဲဒီပညာတွေ သင်ပေးဖို့ ငါတို့ လာခေါ်တာကွ မောင်ထိန်ရ” အဲဒီအချိန်မှာ ကျုပ် ဘယ်လိုဖြစ်မယ် မသိဘူးကွယ့် မောင်တာတေရဲ့။ ရွှေရောင်ငှက်ပျောသီးကြီးကို စားလိုက်မိ လို့လားတော့ မပြောတတ်ဘူး။ ငြင်းကို မငြင်းနိုင်တာကွယ့်။ “မှန်ပါဘုရား လိုက်ခဲ့ပါမယ်” လို့ပဲ ပြောပြီး ချက်ချင်းထလိုက်သွားတာ။ ကျုပ်ကျောင်းနေတဲ့ နွားငါးကောင်ကိုလည်း ဘာမှမစဉ်းစားတော့ဘဲ ဒီအတိုင်းပဲ ထားပစ်ခဲ့တယ်။ “အဘိုးကို ဘယ်နေရာ ခေါ်သွားကြတာတုံးဗျ” ကျုပ်ဆိုတဲ့ကောင်ကလည်း လွှတ်စပ်စုတဲ့ ကောင်လေဗျာ။ “ကျုပ်ပြောရင် မောင်တာတေ ယုံမှာ မဟုတ်ဘူးကွယ့်” “ကျုပ် ယုံပါတယ် အဘိုးရဲ့ ” “အေး ဒါဆိုရင်လည်း ပြောရတော့မပေါ့ကွယ်၊ ကျုပ်ကို ဗမာဘုန်းကြီးက လက်ဆွဲပြီး ခေါ်သွားတာ၊ တရုတ်လိုလို ဘုန်းကြီးကတော့ ကျုပ်တို့ရှေ့ ခပ်လှမ်းလှမ်းက ကြွသွားတယ်။ ကျုပ်တို့ မွန်းတည့်သာသာလောက်က စပြီး တောင်ပေါ်ကို တက်ခဲ့တာ ညမိုးချုပ်ပြီး လကြီးထွက်လာတော့ ဘယ်နေရာရောက်မှန်းလည်း မသိဘူးကွယ့်။

တောင်စွန်းကြီးတစ်ခုပေါ်ကို ရောက်လာတယ်။ တစ်နေ့ကုန် လမ်းလျှောက်ရပေမယ့် ကျုပ်မှာ နည်းနည်းလေးတောင် မမောဘူးကွယ့်။ ကျုပ်စိတ်ထင်တော့ ရွှေငှက်ပျောသီးကြီး အစွမ်းလို့ ထင်တာပေါ့ကွယ်။ဘူးသီးခြောက် ကလေးကို ရေဘူးလုပ်ပြီး ထည့်လာတဲ့ ရေကို နည်းနည်းသောက်ခိုင်းတယ်။ အေးစိမ့်ပြီး တစ်ကိုယ်လုံးကို လန်းသွားတာပါပဲကွယ်” ‘ကဲ မောင်ထိန် လမ်းဆက်လျှောက်လို့ မရတော့ဘူးကွယ့်၊ ငါ့သင်္ကန်းစကို မင်းက ဟောဒီလို ကိုင်ထား ကြားလား၊ ပြီးရင် မျက်စိမှိတ်ထား၊ စိတ်ထဲကနေ ဗုဒ္ဓရဲ့ ဂုဏ်တော်ကို ရွတ်နေ၊ မင်း ဂုဏ်တော် အလွတ်ရတယ်မို့လား’ ‘မှန်ပါဘုရား ရပါတယ် ‘ ကျုပ်က သင်္ကန်းစကို ကိုင်ပြီး မျက်စိမှိတ်ထားလိုက်တယ် စိတ်ထဲကနေ ဂုဏ်တော်တွေ ရွတ်နေလိုက်တာ ပေါ့ကွာ။ကျုပ်စိတ်ထင် နှစ်မိနစ် သုံးမိနစ်ဆိုတာ အများဆုံးပါပဲ။ ‘မောင်ထိန် မျက်စိဖွင့်လိုက်တော့၊သင်္ကန်းကို လွှတ်လိုက်တော့ ရပြီ’ ‘ဟာ’ “မင်းအံ့သြသွားသလားကွ၊ ဒါ ဒီပါရုံလို့ခေါ်တဲ့ နေရာကွယ့်၊ အတွင်းဒီပါရုံလေ။ အခု မင်းမြင်နေရတာက ဘင်္ဂလားပင်လယ်ကြီးလေ မောင်ထိန်ရဲ့” “ကျုပ်နဲ့ ဗမာဘုန်းကြီး ရပ်နေတာ ကျောက် တန်းကြီး တစ်ခုပေါ်မှာဗျ။ ကျုပ်တို့အညာသား တစ်ယောက်က မြစ်တောင် ကျယ်ကျယ်မြင် ဖူးတာမှ မဟုတ်တာ။ ပင်လယ်ကြီးကို ဘွားကနဲ တွေ့လိုက်ရတော့ လန့်သွားပြီး ကြက်သီးတွေတောင် တဖြန်းဖြန်း ထသွားတာကွ မောင်တာတေရ” ‘အရှင်ဘုး ဟိုတရုတ်လိုလို ဘုန်းတော်ကြီးရော ဘုရား၊ တောထဲမှာများ ကျန်ခဲ့သလား’ လို့ ကျုပ်က လျှောက်လိုက်တော့ … “ဟား ဟား တောထဲမှာ မကျန်ပါဘူး မောင်တာတေရဲ့၊ ကျောင်းထဲဝင်သွားတယ်ကွ၊ သူက တရုတ်ဘုန်းကြီး မဟုတ်ဘူးကွ၊ တိဘက်ဘုန်းကြီး လာမာလို့ ခေါ်တယ်ကွ၊ မင်းကိစ္စနဲ့ သူလည်း ဒီကိုရောက်လာတာ၊ လာမာမင်ဂျာလို့ခေါ်တယ် ‘ ‘ဟာ တပည့်တော်ကိစ္စနဲ့ ရောက်လာတာ ဟုတ်လား ဘုရား ‘ ‘ဟုတ်တယ် မောင်ထိန်၊ မင်းတို့လို သာမန်လူတွေ အတွက်တော့ လူ့လောကကြီးက အကျယ်ကြီး ပေါ့ကွာ၊ ငါတို့တွေအဖို့ကတော့ လောကကြီးက ကျဉ်းကျဉ်းလေးပါကွာ၊ တစ်နေရာနဲ့ တစ်နေရာ အချိန်မရွေး သွားလို့ရကြတာပဲ။ တွေ့ချင်တဲ့ သူကိုလည်း ချက်ချင်းသွားတွေ့ပြီး ချက်ချင်း ပြန်လာလို့ ရတာပဲကွ’ ‘တပည့်တော်ကိစ္စဆိုတာ ဘာကိစ္စကို ပြောတာတုံးဘုရား’ ‘မောင်ထိန် မင်းကို ငါတို့ တတိယမျက်လုံး ဖွင့်ပေးဖို့ အချိန်ကျပြီကွ၊ ပြီးတော့ ဝိညာဉ် ခန္ဓာကိုယ်နဲ့ သွားတတ် လာတတ်အောင် သင်ပေးရမယ်၊ လွယ်လွယ်ပြောရရင်တော့ ကိုယ်ပွားနဲ့ သွားတာပေါ့ကွာ၊

ပြီးတော့ လူတွေရဲ့ အနာဂတ်ကို သိနိုင်တဲ့ပညာ။ လူတွေကို ဆေးကုပေးဖို့ ဆေးပညာတွေပေါ့ကွာ’ ‘တပည့်တော်က အညာသား၊ တောသားလေးပါ ဘုရား၊ အရှင်ဘုရား အမိန့်ရှိတဲ့ ပညာတွေကို တပည့်တော်ဥာဏ်နဲ့ မီပါ့မလားဘုရား’ ‘အင်း မောင်ထိန်၊ ဒီဘဝတော့ဖြင့် မင်းက ကျေးတောသားလေးပေါ့ကွယ်၊ ဒါပေမဲ့ မင်းလာခဲ့တဲ့လမ်းကြောင်းကတော့ သိပ်ပြီးတော့ နုံနုံချာချာ မဟုတ်ခဲ့ပါဘူးကွာ။ ဒီအတွက် မင်းမပူနဲ့၊ မင်း လွယ်လွယ်ကူကူ သင်ယူနိုင်မှာပါ၊ ကဲ လာ၊ ကျောင်းတော်ကြီး ထဲကို သွားကြရအောင် ” အဲဒီနေ့ကစပြီး ပင်လယ်လှိုင်းသံတွေ ခပ်သဲ့သဲ့ ကြားနေရတဲ့ အတွင်းဒီပါရုံဆိုတဲ့ အရပ်မှာ ကျုပ် စနေရတော့တာပါပဲကွယ် ပထမတော့ ကျုပ်ကို ကိုရင်ဝတ်ပေးတယ်။ အသက်ပြည့်တော့ ကျုပ်ပဉ္စင်းတက်ရတယ်။ ကျုပ်အသက် နှစ်ဆယ်အထိ ရဟန်းဝတ်နဲ့ နေခဲ့တာပါ၊ လူဝတ်နဲ့နေတာ နှစ်သုံးဆယ် လောက်ပဲ ရှိသေးတယ် ” “အဘိုး တတိယမျက်လုံး ပြောပါဦး အဘိုးရဲ့” “သြော် မောင်တာတေက ဒါမျိုးတွေကို တော်တော်လေး စိတ်ဝင်စားတာကိုး၊ တတိယမျက်လုံးက ကျုပ် ပဉ္စင်းမဖြစ်ခင် ကိုရင်ဘဝမှာကတည်းက ရခဲ့တာပါကွယ် ဒီတုန်းက ကျုပ်အသက် ဆယ်ခြောက်နှစ်ပေါ့၊ ကိုရင်ပဲ ရှိသေးတာ။ ကျုပ်ဘွဲ့က တိလောကတဲ့ကွယ့်၊ ကိုရင်တိလောကပေါ့ကွာ၊တစ်ရက်တော့ တိဘက်လာမာနဲ့ ကျုပ်ကို ခေါ်လာတဲ့ ဆရာတော်က ကျုပ်ကို ပြောတယ်။ ပြောရဦးမယ်။ ကျုပ်ကို ခေါ်လာတဲ့ ဆရာတော်က အရှင်သြဘာသတဲ့။ ကျောင်းတိုက်ကြီးရဲ့ အချုပ် ဆရာတော်ကြီးက မွန်ဆရာတော်ကြီး ရှင်ဗားမော့တဲ့ကွယ့်။

တခြားဘုန်းကြီးဆယ်ပါးလောက်လည်း ရှိသေးတယ် ။ အရှင်သြဘာသက ဘာပြောလဲဆိုတော့ … ‘တိလောက ဒီည မင်းကို တတိယမျက်လုံး ဖွင့်ပေးရတော့မယ်ကွယ့်၊ ညနေစောင်းရင် မင်းကို ဘုန်းကြီးတွေ လာခေါ်လိမ့်မယ်။ မင်း သူတို့နဲ့ လိုက်ခဲ့ တိလောက ကြားလား’ ‘မှန်ပါ့ဘုရား’ လို့ ကျုပ်က ပြန်လျှောက်လိုက်ရတယ်။ သူတို့ ခဏပြောနေတဲ့ တတိယမျက်လုံးဆိုတာကို ကျုပ်လည်း တော်တော်ကို စိတ်ဝင်စားနေတာကွယ့်၊ အခုအချိန်အထိ ကျုပ်က စာတွေပဲ သင်နေရတာ ပထမကြီးတန်းတော့ ကျုပ်အောင်မြင်ထားပြီးကွယ့်။ ဒီကျောင်းတိုက်ကြီးမှာပဲ ကျုပ်က စာမေးပွဲဖြေရတာ။ ကျုပ်ကို စာချပေးတဲ့ဘုန်းကြီးရှိတယ်။ စာမေးပွဲ မေးခွန်းထုတ်ပြီး စစ်တဲ့ ဘုန်းကြီးရှိတယ်။ ပရိတ္တိသင်ပေးသလို သမထထိုင်ဖို့ စနစ်တကျ သင်ပေးတဲ့ ဘုန်းကြီးလည်း ရှိတယ်ကွ။ ဒါပေမဲ့ တတိယမျက်လုံး ရပြီရင်တော့ ပညာအသစ်တွေ သင်ရတော့မယ်လို့ ပြောထားတယ်၊ ညနေစောင်းလောက်မှာ ဘုန်းကြီးသုံးပါး ကျုပ်ကို လာခေါ်ကြတယ် ကျောင်းကြီးက ဘုံငါးဆင့်ရှိတဲ့ ကျောင်းကြီးကွ။ ကျုပ်ကို ဘုံသုံးဆင့်အထိ ခေါ်လာကြတယ် ဒေါက် ဒေါက် ရှေ့ဆုံးက ဘုန်းကြီးက တံခါးကို နှစ်ချက် ဆင့်ခေါက်လိုက်တော့ … ‘တွန်းဖွင့်ပြီး ဝင်ခဲ့ ‘ ရှေ့ဆုံးက ဘုန်းကြီးကပဲ တံခါးကို တွန်းဖွင့်ပြီး ဝင်သွားတယ်။ ကျုပ်က သူ့နောက်ကပေါ့။ ဟာ အတော်ကျယ်တဲ့အခန်းပဲကွယ့်၊ အခန်းထဲမှာ ဆေးမြစ်၊ ဆေးဥ မျိုးစုံ၊ လူအရိုးစုပုံ ကားချပ်တွေ ၊ ပြီးတော့ ကုတင် နှစ်လုံးတွေ့ရတယ်။ ‘တိလောက လာ၊ ဒါ ကျုပ်အခန်းပဲကွယ့်၊ နောက်တော့ မင်းအခန်း ဖြစ်လာမှာပေါ့လေ။ ဒီအခန်းထဲမှာပဲ မင်း ဆေးပညာ သင်ရမှာကွယ့်’ ခဏနေတော့ တိဘက်လာမာကြီး ဝင်လာတယ်။ သူ့လက်ထဲမှာ သေတ္တာလေးတစ်လုံး ပါလာတယ်။ ကတ္တီပါအနက်စနဲ့ ပတ်စီးထားတော့ အထဲက သေတ္တာကို မမြင်ရဘူးကွ။

ခဏနေတော့ ကျောင်းတော်ကြီးရဲ့ အချုပ်ဆရာတော်ကြီး ရှင်ဗားမော့ကိုယ်တိုင်ကြွလာတယ်။ ရွှေချထားတဲ့တောင်ဝှေးကြီး တဒေါက်ဒေါက် ထောက်လို့ကွယ့်။ ဆရာတော်ကြီးလည်း ကြွလာရော ကျုပ်ကို ခေါ်လာတဲ့ ဘုန်းကြီးတွေက ဆရာတော်သုံးပါးကို ကန်တော့ပြီး အခန်းကြီး ထဲက ထွက်သွားကြတယ်။ ဆရာတော်ကြီး ရှင်ဗားမော့က ကနုတ်ပန်းတွေဖော်ထားတဲ့ ကုလားထိုင်မှာ ဝင်ပြီးထိုင်တယ် ‘ကဲ လာမာက မင်းပစ္စည်းတွေ ပြင်ထား၊ သြဘာသကလည်း မင်းလုပ်ရမှာ လုပ်တော့ ‘ လို့ ဆရာတော်ကြီး ရှင်ဗားမော့က အမိန့်ပေးလိုက်တာနဲ့ တစ်ပြိုင်နက်ဆရာတော် ရှင်သြဘာသ အခန်းတံခါးကို ထပြီးဂျက်ထိုးလိုက်တယ်။ လာမာကြီးက သူ့ရဲ့ အနက်ရောင်ကတ္တီပါစကို ဖြည်ချလိုက်တယ်။ ဟာ ရွှေသေတ္တာလေးပါလား။ အထဲက ရွှေသေတ္တာလေးထွက်လာတယ်ကွယ့်။ လာမာကြီးက ရွှေသေတ္တာကို ဖွင့်လိုက်တော့ အထဲမှာ လက်လှည့်လွန်သွားတွေကွ။ လက်ပွတ်စူးလိုဟာလေးတွေလည်းပါတယ်။ နေလုံးကြီး ဝင်သွားပြီး မှောင်သွားတဲ့အချိန်မှာ အခန်းထဲက မီးတိုင်တွေကို ဆရာတော် အရှင်သြဘာသက ထွန်းလိုက်တယ် တစ်ခန်းလုံး လင်းထိန်သွားရောကွယ့်။ ‘ကဲ အချိန်ကျပြီ၊ အလုပ်စကြတော့ ‘ ကျုပ်ကို ကုတင်ပေါ်မှာ လှဲခိုင်းတယ်။ ခေါင်းအုံး မပါဘူးကွ။ ‘တိလောက ငါပြောတာတွေကို မင်း သေသေချာချာ နားထောင်နော်၊ ဒီအလုပ်က မေ့ဆေးပေးပြီး မလုပ်ရဘူး၊ အိပ်မွေ့ချပြီး မလုပ်ရဘူး။ ဒါကြောင့် မင်းကို ထုံဆေးနဲ့ပဲ လုပ်ရမယ်။ နည်းနည်းတော့ နာချင်နာလိမ့်မယ်။ ဘယ်လောက်နာနာ မင်းမအော်ရဘူး။

မရုန်းရဘူး။ ခေါင်းကို နည်းနည်းလေးတောင် မလှုပ်ရဘူး ကြားလား တိလောက’ ‘ကြားပါတယ်ဘုရား’ ဆေးရွက်မျိုးစုံ ရောပြီးထောင်းထားတဲ့ ဆေးရွက်စုံအထုပ်ကို ပိတ်ပါးလေးနဲ့ ထုတ်ပြီး ကျုပ်ရဲ့ နဖူးပေါ်မှာ တင်ပေးတယ် နဖူးအစပ်က မျက်လုံးနှစ်လုံးကြားမှာ အုပ်ပြီး တင်ပေးတာ။ ဆေးထုပ်က တင်ရင်းနဲ့ ပူလာတယ်။ အဲဒီအပူရှိန်က ကျုပ်ရဲ့ နဖူးပြင် တစ်ခုလုံး ပူပြီး ထုံထုံကြီး ဖြစ်သွားတယ်။ ‘ကဲ ရလောက်ပြီ’ ဆရာတော်ကြီးက အမိန့်ရှိလိုက်တော့ ထုံဆေးထုပ်ကို ဖယ်ပစ်လိုက်တယ်။ လာမာကြီးက သူ့ရဲ့ ရွှေသေတ္တာထဲက လွန်ကလေးတစ်ခုကို ယူလိုက်တယ် အဖျားမှာ လွန်သွားတော့ မဟုတ်ဘူးကွ။ လခြမ်းပုံ အပြားလေးကွယ့်။လွှသွားလို့ အသွားလေးတွေ ပါတယ်။မျက်ခုံးရိုး နှစ်ခုရဲ့ကြားတည့်တည့်ကို တင်လိုက်ပြီး လွန်လက်ကိုင်လေးကို လှည့်တယ် ဒီအချိန်မှာပဲ ဗားမော့ဆရာတော်ကြီးက မန္တန်ရွတ်သံကြီးက တစ်ခန်းလုံးကို ဟိန်းနေတာကွ၊ မန္တန်တွေကို နားမလည်ပေမဲ့ ဆရာတော်ကြီးရဲ့ မန္တန်ရွတ်တဲ့အသံက နားထောင်လို့ ကောင်းလွန်းလို့ ကျုပ်မှာ အဲဒီအသံကို လိုက်ပြီးနားထောင်နေရတာနဲ့ နာသလား၊ မနာဘူးလားတောင် မသိတော့ဘူးကွ။ လာမာကြီးကတော့ ကိရိယာလေးတွေ တစ်ခုပြီး တစ်ခုသေတ္တာထဲက ထုတ်ယူပြီး လုပ်နေတာကွယ့်။ ကျုပ်ရဲ့ ဆရာတော် အရှင်သြဘာသကလည်း ဘေးကနေ ကြည့်နေတယ်။ ‘တိလောက မရုန်းနဲ့နော်၊ မရုန်းနဲ့ ‘ လို့ ကျုပ်ကို ခပ်တိုးတိုး သတိပေးနေတယ် ကျုပ်ကလည်း မရုန်းပါဘူး။ နာမှ မနာတာကွယ်။ ခဏနေတော့ ‘ဂျွတ်’ဆိုတဲ့အသံကို ကျုပ် ကြားလိုက်ရတယ်။

မဆိုသလောက်ကလေး နာသွားတယ်။ ကျုပ်စိတ်ထင်တော့ ကျုပ်အရိုး ပေါက်ထွက်သွားပြီးလို့ ထင်တာပဲကွယ့်။ ဒီမှာတင် ကျုပ်ဆရာတော် အရှင်သြဘာသ ကိုယ်တိုင် ငွေရောင်အချောင်းကလေး တစ်ခုကို ကျုပ်မျက်လုံးနှစ်လုံးကြားထဲ ဖောက်ထားတဲ့ အပေါက်ကနေ ဖြည်းဖြည်း လေး ထိုးသွင်းတယ်။ ဆရာတော်ကြီးကတော့ မန္တန်ကို မနားတမ်း ရွတ်နေတာပဲကွယ့်။ ကျုပ်ဆရာတော်ကတော့ ငွေရောင်အချောင်းကလေးကို ကျုပ်မျက်လုံး ကြားကို ထိုးသွင်းနေတုန်းပဲ။ ခဏနေတော့ ကျုပ်မျက်လုံးထဲမှာ မီးတောက်သလို ဝင်းကနဲ တောက်သွားတယ်။အံ့သြစရာကောင်းတာ ကတော့ သွေးတစ်စက်မှ မထွက်တာပဲကွ။ ‘ရပ်တော့’ ဆရာတော်ကြီးရဲ့ အမိန့်ပေးသံဟေ့။ ဆရာတော်ကြီးရဲ့ မန္တန်ရွတ်သံလည်း တိကနဲ ရပ်သွားပြီ။ ကျုပ်မျက်လုံးတွေထဲမှာ ရောင်စုံအလင်းစက်ဝိုင်းကြီးပဲ ပေါ်နေတယ်။ ကျုပ်အနားကို ကပ်ပြီး လာကြည့်တဲ့ ဆရာတော်သုံးပါးရဲ့ဘေးမှာ ရွှေရောင်တွေ ဖြာထွက်နေတာကို ကျုပ်မြင်နေရတယ်ဗျ။ သြော် လူတွေရဲ့ ကိုယ်ခန္ဓာမှာ အလင်းရောင်တွေ ဖြာနေတာကိုးလို့ ကျုပ် စပြီး သိလိုက်တယ်။ ‘အားလုံးနေရာကျပြီ၊ လုပ်စရာရှိတာ ဆက်လုပ်ကြပေတော့ ‘ ဗားမော့ဆရာတော်ကြီးက တောင်ဝှေးကြီး တဒေါက်ဒေါက် ထောက်ပြီး ထွက်သွားတယ်။

ဆရာတော်ကြီး ပြန်ကြွသွားတော့မှ ကျုပ်ရဲ့ ဆရာတော် ရှင်သြဘာသက ပြောတယ်ကွ၊ ‘တိလောက မင်းရဲ့မျက်လုံးကြားကို ထိုးသွင်း ထားတာ သစ်သားလေးတစ်ခုပဲ၊ အဲဒါကို မနှုတ်ဘဲ သုံးပတ်တိတိ ထားရမယ်။ ဒီအခန်းကို မှောင်ချထားမယ်။ ဘေးကနေ လိုက်ကာတွေအပြည့် ကာထားတယ်။ မင်းရဲ့ မျက်လုံးတွေကို အနက်ရောင် ပိတ်စနဲ့ ပတ်စီးထားမယ်။ ဒီအခန်းထဲမှာ မင်းနေလို့ စားလို့ဖြစ်အောင် အားလုံး စီစဉ်ပေးထားမယ်။ မင်းကို ဘုန်းကြီးတွေ အလှည့်ကျ လာစောင့်လိမ့်မယ်။ မင်းလုပ်ချင်တာတွေ သူတို့ကိုပြော၊ ကြားလား တိလောက’ ဆရာတော်တွေက ကျုပ်ကို ထားခဲ့လိုက်ပြီး အခန်းပြင် ထွက်သွားကြတယ်။ ခဏနေတော့ ဘုန်းကြီးတစ်ပါး ရောက်လာပြီး ကျုပ်ကို အဖော်လုပ်နေပေးတယ်။ ကျုပ်လိုတာ လုပ်ပေးတယ်။ ကျုပ်ကတော့ အချိန်ရတိုင်း သမထပဲ လုပ်နေလိုက်တယ်။အချိန်ကုန်လို့ ကုန်မှန်းတောင် မသိတော့ဘူးပေါ့ကွာ။ သုံးပတ်ပြည့်လို့ ထည့်ထားတဲ့ သစ်သားစလေး ထုတ်လိုက်ပြီး အမှောင်ခန်းထဲကနေ ကျုပ်ကို ထုတ်လိုက်တဲ့နေ့မှာ ကျုပ်မြင်သမျှ ဘုန်းကြီးတွေ လူတွေရဲ့ဘေးမှာ အရောင်တွေ ဖြာထွက်နေ တာကို ကျုပ်တွေ့ရတော့တာပဲကွယ့် လူပုံစံအတိုင်း အရောင်ထွက်နေတာကွ။ အတွင်းဆုံးကိုယ်ရောင်ရဲ့ အပြင်မှာ အထပ်ထပ်ကာထားတဲ့ အရောင်တွေကိုပါ ကျုပ်မြင်လာရတယ်။ ကျုပ်ဆရာတော် ရှင်သြဘာသက ပြောတယ်။

‘တိလောက မင်း ငါတို့နဲ့ တစ်အုပ်စုတည်း ဖြစ်သွားပြီ သိလား။ လေ့ကျင့်မှုကိုတော့ ဘယ်တော့မှ လျှော့မချလိုက်နဲ့ကွ ‘ ဟုတ်တယ် မောင်တာတေရဲ့၊ ကျုပ်က လူတွေရဲ့ အရောင်တွေကို ကြည့်ပြီး ထပ်တလဲလဲ လေ့လာလိုက်တဲ့အခါကျတော့ လူတွေ ဘယ်လောက်ပဲ ဟန်ဆောင် ဟန်ဆောင် သူတို့ရဲ့ ပကတိစိတ်ကို ကျုပ်က သိနေရတယ်။ အဲဒီကိုယ်ရောင်ကိုကြည့်ပြီး သူတို့ရဲ့ အနာဂတ်ကို သိနိုင်အောင် ကျုပ်ရဲ့ ဆရာတော် အရှင်သြဘာသက နည်း စနစ်တွေ သင်ပေးတယ်ကွ၊ ဒါပေမဲ့ မောင်တာတေရေ ကျုပ်သင်သမျှ ပညာတွေကို စာအုပ်စာတမ်းနဲ့ ရေးခွင့် မှတ်ခွင့် မရှိဘူးကွယ့်။ အားလုံးကို ခေါင်းထဲမှာ မှတ်မိအောင် အဖန်တလဲလဲ ပွားများမှတ်သားရတယ် ဂါထာတွေ မန္တန်တွေကအစ စိတ်နဲ့ပဲ မှတ်ရတာကွ။လူတွေဟာ ကုသိုလ်ကံအကျိုးပေးတဲ့ အချိန်မျိုး၊ ကံကောင်းတဲ့ အချိန်မျိုးဆိုရင် သူတို့ရဲ့ ကိုယ်ရောင်တွေက တောက်ပနေတာကွ။ အကုသိုလ်ကံ ဖိစီးချိန် ကံဆိုးမိုးမှောင်တွေ ကျတော့မယ်ဆိုရင်တော့ လူတွေရဲ့ ကိုယ်ရောင်တွေက မှိန်ကိုနေတော့တာကွ။ အေး ကိုယ်ရောင်အနက် ထွက်ပြီဆိုရင်တော့ သေတော့မယ်ဆိုတဲ့ နိမိတ်ပေါ့ကွယ်။ ဒီမှာတင် ကျုပ်တို့က ဘယ်တော့ သေမှာတုံး၊ ဘယ်လိုသေမှာတုံး ဆိုတာကို သိအောင် ကြည့်နိုင်တယ်။ ဒါပေမဲ့ သေမယ့်လူကိုတော့ ဒီအကြောင်းတွေ ပြောပြခွင့် မရှိဘူးကွယ့်။ ကျန်းမာရေးညံ့မယ်၊ သတိထားပါ ဆိုတာလောက်ပဲ ပြောလို့ရတယ်ကွယ့်။ နောက်တော့ ကိုယ်ရောင်တွေကို ကြည့်ပြီး လူတွေမှာ ဘာရောဂါတွေ ဖြစ်နေတယ် ဆိုတာ သိလာခဲ့တယ်။ မင်းတို့ အနောက်တိုင်း သိပ္ပံဆရာတွေ ကုလို့မရတဲ့ ကင်ဆာတို့၊ ဘာတို့ ဆိုတာတွေဟာ တကယ်တော့ မဖြစ်ခင်မှာ ကြိုပြီးမသိလို့ကွယ့်။

သူတို့က ရောဂါလက္ခဏာပြတော့မှ စမ်းသပ်လို့ရကြတာ။ ကျုပ်တို့က ကိုယ်ရောင်တွေကိုကြည့်ပြီး ဘယ်လိုရောဂါမျိုး ဖြစ်တော့မယ်ဆိုတာ ကြိုသိနေတော့ ဆေးတွေ ကြိုတိုက်နိုင်တာပေါ့။ စိုးရိမ်စရာရောဂါတွေက ဖြစ်ကို မလာတော့ ဘူးကွယ့် မောင်တာတေရဲ့၊ ပြီးတော့ ကျုပ်တို့က ရောဂါဖြစ်ရတဲ့ အကြောင်းရင်းကို အတိအကျသိနိုင်တော့ အဲဒီအရင်းခံ ကိစ္စကို ကုသပေးကြတာ။ ဒီတော့ ရောဂါသည်တွေမှာ အမြစ်ပြတ် ပျောက်ကင်းကြတာပေါ့ကွယ် ” “အဘိုး ဒီပညာတွေတတ်တော့ ဘာဆက်လုပ်ရတုံးဗျ” “ကျုပ်ကို တရုတ်ပြည်၊ ယိုးဒယားပြည်၊ ကမ်ပူးချာပြည်၊ အဲ ကမ်ပူးချာပြည် ဆိုတာက မင်းတို့ အခုခေါ်နေတဲ့ ကမ္ဘာဒီးယာူပြည်ကို ပြောတာကွယ့်။ ပြီးတော့ အိန္ဒိယပြည်တွေကို လှည့်လည်ပြီး ဆေးကုခိုင်းတယ်။ လူတွေရဲ့ အနာဂတ်ကို ကြည့်ပြီး သတိပေး သင့်တာ ပေးရတာပေါ့ကွယ်။ ကျုပ်က နောက်ပိုင်းမှာ တရုတ်စကား၊ ကုလားစကား၊ ယိုးဒယား စကားတွေပါ တတ်သွားတာကွယ့် ” “အဘိုးကို အဲဒီအရပ်က လူတွေက တော်တော်ရိုသေကြမှာပေါ့နော် ” “ရိုလည်း ရိုသေ၊ အားလည်းကိုးကြပါတယ်၊ ယိုးဒယားဘုရင်ရဲ့ ဆွေတော်မျိုးတော်တွေကအစ အဘိုးကိုပင့်ပြီး ဆေးကုသကြတာကွယ့်။ အဘိုးကို ဆေးကိုယ်တော်လို့ ခေါ်ကြတယ်” “အဘိုး စောစောက ပြောတဲ့အထဲမှာ ဝိညာဉ်နဲ့ ခရီးသွားတာလို့ ပြောတယ်နော် အဘိုး အဲဒါ ဘာကိုခေါ်တာတုံးဗျ” “ကျုပ် ဆရာတော်ရဲ့ အမိန့်ကြောင့် တိဘက် လာမာကြီးက ကျုပ်ကို သင်ပေးရတာကွယ့်။ ခန္ဓာကိုယ်ကြီးကနေ ဝိညာဉ်ခန္ဓာကို ခွာထုတ် တာပေါ့ကွယ် ” “အဘိုး အဲဒါမျိုး ကျုပ် လုပ်တတ်တယ်ဗျ”

“ဟေ ဟုတ်လား မောင်တာတေ ဘယ်လိုတတ်တာတုံး” “ကျုပ်မြို့မှာ ကျောင်းတက်တုန်းက ကျုပ်သူငယ်ချင်း ဘချစ်ဆိုတဲ့ကောင် သင်ပေးတာဗျ။ သူ့ကိုတော့ သူ့ရဲ့မွေးစားဖအေ မွန်ဆရာတော်ကြီး သင်ပေးတာလို့ ပြောတယ် ” “ဟေ ဟုတ်လား၊ အခု မောင်တာတေ အဲဒါ လုပ်နေတာပဲလား” “အခု မလုပ်တော့ဘူး အဘိုးရဲ့ ” “ဟေ ဘာဖြစ်လို့တုံးကွ ” “ဟိုတလောက ကျုပ် တောင်ပလဲကုန်းလို့ ခေါ်တဲ့ ကျတ်ရွာကြီးကို သွားသွားပြီး အဲဒီကကောင်တွေရဲ့ ညဘက်ကစားတာ အဘိုးရဲ့ ၊ ပြန်ရောက်မလာလို့ ကျုပ်ကို ဆရာကြီးတစ်ယောက်က ပြန်ခေါ်ပေးရတာ၊ အဲဒီကတည်းက ကျုပ် မလုပ်ဝံ့တော့တာ အဘိုးရဲ့ ” “ဟား၊ ဟား၊ ဟား၊ ဟား မောင်တာတေက တော်တော်ဆော့တာပဲကိုး။ အေးလေ၊ ကလေးပဲ ဆော့မှာပေါ့” “တာတေ၊ အဘိုးကို ထမင်းကျွေးရအောင် ထမင်းဝိုင်း ပြင်ပြီးပြီ၊ ကဲ မင်းပါ အဘိုး အဖော်ရအောင် တစ်ခါတည်း ဝင်စားလိုက်ကွာ” ထမင်းဝိုင်းမှာ သူကြီးက ကြက်သားအစပ်ချက် တစ်ခွက်၊ အရွက်စုံကြော် တစ်ခွက်၊ ငါးရံ့ခြောက် မီးဖုတ်ပြီး ဆီနစ်အောင် စိမ်ထားတာက တစ်ခွက်ဗျ။ ပြီးတော့ ခရမ်းချဉ်သီးပန်ထွာဖျော်က တစ်ခွက်။ ဝင်းမှည့်နေတဲ့ ငှက်ပျောသီးဖီးကြမ်းတွေကို ချွေပြီး ပန်းကန်နဲ့ ထည့်ထားသေးသဗျ။ သူကြီးအိမ်က အဘိုးထိန်ကို ကျွေးတဲ့ ထမင်းဝိုင်းက မြိုင်ပါ့ဗျာ။ ထမင်းစားတော့ ကျုပ်ကသာ ဆာဆာနဲ့ နှစ်ပန်းကန်လောက် စားတာဗျ။ အဘိုးက စုစုပေါင်း ထမင်းကိုးလုပ်ပဲစားတာ။ ပြီးတော့မှ ငှက်ပျောသီးတစ်လုံး စားတယ်။ ထမင်းစားပြီးတာနဲ့ အကြမ်းဝိုင်းမှာ ထိုင်ပြီး စကားဆက်ပြောတယ်။ “ဝိညာဉ်ခွာတာကို အဘိုးပြောပြမယ်၊ မောင်တာတေပြောတဲ့ ကိုယ်ပွားထုတ်တာပေါ့ကွယ်” “ဟုတ်ကဲ့အဘိုး အမိန့်ရှိပါ ” “ကိုယ်ပွါးထုတ်ကြတဲ့ နေရာမှာ အီဂျစ်တွေ လုပ်တာကတော့ သွားချင်တဲ့နေရာကို အာရုံစူးစိုက်ပြီး ထားတာကွယ့်၊ စလေ့ကျင့် ကာလစမှာ ဆရာသမားက အိပ်မွေ့ချပေးရတယ်။

ကိုယ်က စူးစိုက်ထားရတယ်။ အိပ်ပျော်တာနဲ့ တစ်ပြိုင်နက် ကိုယ်ပွားက စူးစိုက်ထားတဲ့ နေရာကို ရောက်သွားတော့တာပေါ့ကွယ်။ မောင်တာတေက အဲဒီလို လုပ်တာလားကွယ့်” “ဟုတ်ပါတယ် အဘိုး၊ ဒါပေမဲ့ ကျုပ်က ဆရာသမား မရှိတော့ ကိုယ်ဟာကိုယ်ပဲ အိပ်ပျော်အောင် စိတ်ရော ရုပ်ရော ဘာမှမတွေးဘဲ ငြိမ်ထားပြီး သွားမယ့် နေရာကို စူးစိုက်ထားလိုက်ရတာပေါ့ အဘိုးရယ် ” “သြော် အေး အေး၊ ဒါဆိုရင် မောင်တာတေက တစ်ဆင့်ကျော်လုပ်ရတာပေါ့၊ ဆရာ မရှိတော့ ချက်ချင်း ဘယ်ဖြစ်မှာတုံး” “ဟုတ်တယ် အဘိုး၊ ကျုပ် လေ့ကျင့်တာ သုံးလ လေးလလောက်ကြာမှ စဖြစ်တာဗျ” “ဟုတ်တာပေါ့၊ ဟုတ်တာပေါ့၊ အေး အဘိုး နောက်တစ်နည်း ပြောရဦးမယ်။ဒါကတော့ တိဘက်က လာမာကြီးတွေ နည်းပေါ့ကွယ်။ ဒါလည်း စစချင်းမှာ ဆရာလိုတာပဲကွယ့်။ ဆရာတွေက အိပ်မွေ့ချပေးပြီး ကိုယ်ပွားကို ထွက်လာအောင် အာရုံစိုက်ခိုင်းတာ ပက်လက်အိပ်နေတဲ့ အတိုင်း ကိုယ်ပွားက ထွက်လာတာ။ တော်တော်မြင့်သွားမှ အောက်ကို ငုံ့ကြည့်ရင်း ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ပြန်တွေ့ရတယ်။ ငွေရောင်ကြိုးမျှင်လေးတန်းလို့ကွယ့်၊ ဘယ်နေရာမဆို စိတ်ညွှတ်လိုက်တာနဲ့ ရောက်သွားနိုင်တယ်” “ဟာ တိဘက်နည်းက တော်တော်ကောင်းပါလား အဘိုးရဲ့” “ဟာ ဒီလိုမဟုတ်ဘူး မောင်တာတေ၊ နှစ်မျိုးစလုံး အတူတူပဲကွယ့်၊ အစလေးသာ ကွာတာ၊ နောက်ပိုင်း ကျွမ်းကျင်လာတော့ အတူတူပဲ စွမ်းဆောင်နိုင်တာပဲကွယ့် ” “အဘိုး ဝိညာဉ်ခွာတာ ကျွမ်းကျင်သွားတော့ ဘာဖြစ်နိုင်တုံး အဘိုးရဲ့ ” “ဟာ လူကလေးရဲ့၊ ဝိညာဉ်ခွာတဲ့ပညာရဲ့ အဆုံးက သေခြင်းရဲ့ ဟိုဘက်ကို ရောက်အောင် သွားနိုင်တာပေါ့ကွယ့် ” “ဗျာ” “ဟုတ်တယ် မောင်တာတေ၊ သေခြင်းရဲ့ ဟိုဘက်ကို သွားပြီး ပြန်လာနိုင်အောင် ကျင့်ရတယ် ” “ဟာ ဒီလောက်အထိတောင်လား အဘိုးရဲ့” “ဟုတ်တယ် မောင်တာတေ၊ အချိန်ကန့်သတ်ချက်တော့ ရှိတာပေါ့ကွယ်၊သိပ်ကြာသွားရင်တော့ ပြန်လာလို့ မရနိုင်တော့ဘူးပေါ့။

ကန့်သတ်ချက်အချိန်အတွင်း ပြန်လာနိုင်ရင်တော့ ” “ဟင် ၊ ဘာ ဘာဖြစ်တုံး အဘိုး ” “နောက်တစ်ဘဝ ဆက်နေပေါ့ကွယ် ” “ဟာ ဒီလူက အိုမင်းမသွားတော့ဘူးလား အဘိုးရဲ့” “မင်း သေခြင်းရဲ့ ဟိုဘက်ကိုသွားပြီး ပြန်လာတဲ့အရွယ်ဟာ အသက်ငါးဆယ်ဆိုပါတော့၊ အဲဒါထက်ပိုပြီး မအိုတော့ဘူးလေ” “ဒါဆိုရင် အဘိုး သေခြင်းရဲ့ ဟိုဘက်ကို ဘယ်နှကြိမ် သွားပြီး ဘယ်နှကြိမ် ပြန်လာလို့ရတုံးဗျ” “ဒီအထိတော့ မောင်တာတေ မသိချင်ပါနဲ့ကွယ် ကျုပ် သိချင်တာ နည်းနည်းများသွားပြီဆိုတာ သိလိုက်လို့ ပါးစပ်ကို စေ့ထားလိုက်ရတယ်။ အဘိုးထိန်ဟာ သူ့အဖေ သူကြီးဦးဘိုးဆင်ရဲ့ ငယ်သူငယ်ချင်းဆိုတာ ယုံကြည်သွားတဲ့ ကျုပ်တို့ သူကြီးက အဘိုးထိန်ကို သူ့အိမ်မှာ ပျော်သလောက်နေဖို့ ပြောတယ်ဗျ။ “သိပ်ကြာကြာတော့ နေလို့မရပါဘူး လူကလေး မောင်ဘိုးထင်၊ ကျုပ်မှာ သွားစရာကိစ္စတွေ ရှိနေတယ်ကွယ့်။ ဒါပေမဲ့ ကျုပ် တစ်လလောက်နေပြီး ဟောဒီရွာနဲ့ အနီးအနားရွာတွေကို လှည့်သွားလာပြီး ဆေးဝါးကုသပေး ချင်တယ်ကွယ်” “ဟာ စိတ်ချပါ အဘိုး၊ ကျုပ် လိုက်ပို့ပေးပါမယ်” လို့ ကျုပ်က တက်တက်ကြွကြွ ပြောလိုက်တော့ သူကြီးက သူ့အိမ်ကလှည်းနဲ့ လိုက်ပို့မယ် အကြောင်းနဲ့ ဆယ်အိမ်ခေါင်းကိုဆယ်က လှည်းမောင်းရမယ်လို့ အမိန့်ထုတ်သဗျ နောက်နေ့မှာ ထနောင်းကုန်းရွာထဲက မကျန်းမာတဲ့သူတွေကို အဘိုးထိန် ဆေး စကုပေးတယ် ကျုပ်အဘလည်း မျက်စိပြလို့ အဘိုးက မျက်စဉ်းရော၊ စားဆေးရော ပေးတယ်။ အဘလည်း ချက်ချင်းကို သက်သာ သွားတာဗျ။

နောက်နေ့ရောက်တော့ ဘန့်ဘွေးကုန်းသူကြီးအိမ်မှာ ထိုင်ပြီး ဆေးကုတယ်။ နောက်နေ့ မီးလောင်ကုန်း၊ နောက်တစ်နေ့ ကျုပ်တို့ရွာ၊ ဒီလိုနဲ့ အဘိုးထိန်က တစ်လလောက် ဆေးကုပေးတော့ တခြားရွာတွေပါ သတင်းကြားပြီး လာလိုက်ကြတာဗျာ။ ကျုပ်ကတော့ အဘထိန်ဘေးမှာ လိုလေးသေးမရှိအောင် ဆောင်ရွက်ပေးရတာပေါ့ဗျာ။ အဘိုးထိန်က ဆေးကုရင်း လူတွေရဲ့ အနာဂတ်ကို ပြောပြတယ်။ ဆုံးမသင့်တဲ့ လူတွေကိုလည်း ဆုံးမတတ်ဗျ။ တချို့ရွာတွေမှာ ကျတော့ အဘိုးထိန်က ကုသိုလ် အကုသိုလ်ကို ခွဲခြားသိဖို့ တရားဟောတယ်ဗျ။ အဘိုးထိန်က အသက်ရှစ်ဆယ်အထိ ရဟန်းဝတ်နဲ့ နိုင်ငံတော်တော်များများကို လှည့်ပြီး သွားလာခဲ့တာဆိုတော့ တရားဟော အလွန်ကောင်းတာဗျ။ လူတွေက အဘိုးထိန်ကို ငွေတွေ ကန်တော့ကြတယ် အဘိုးထိန်က တစ်ပြားတစ်ချပ်မှ လက်မခံဘူးဗျ။ ဘယ်ရွာက ဘယ်အိမ်မှာပဲ ထမင်းကျွေးကျွေး အဘိုးထိန်က ထမင်းကိုးလုတ်ပဲ စားတယ်။ ပုဗ္ဗာရုံကျောင်းက ကျုပ်ဆရာတော် ဦးဂုဏကိုလည်း ဆေးဝါးကုသပေးပြီး သမထ အားထုတ်ပုံ အားထုတ်နည်းကို သေသေချာချာ သင်ပေးတယ်ဗျာ။ တစ်လကျော်ကျော်လောက်နေပြီးတော့ ဘယ်လိုမှ တောင်းပန်လို့ မရတော့ဘူးဗျ အဘိုးထိန် ပြန်သွားတယ်။

“အဘိုး ဘယ်ကို သွားမှာတုံးလို့ ” လှည်းပေါ်မှာ ကျုပ်က မေးတယ်။ အဘိုးကို မြို့ရောက်အောင် ကျုပ်က လှည်းနဲ့ လိုက်ပို့တာ လေဗျာ။ကျုပ်မေးတော့ အဘိုးထိန်က ပြောတယ်ဗျ။ “ကျုပ် ဒီတစ်ခါ တိဘက်ကို သွားရလိမ့်မယ် မောင်တာတေ၊ နည်းနည်းတော့ ကြာလိမ့်မယ်၊ နောက်တော့ အဘိုးတို့ ဆရာတပည့်တွေ ပျော်ပျော်ရွှင်ရွှင် ပြန်တွေ့ကြမှာပေါ့ကွာ” ဒီစကားက အဘိုးထိန်က ကျုပ်ကို နောက်ဆုံး ပြောခဲ့တဲ့ စကားပဲဗျ။ ခုချိန်အထိတော့ အဘိုးထိန်နဲ့ ကျုပ်နဲ့ တစ်ခါမှ ပြန်မတွေ့ကြ သေးပါဘူးဗျာ။ ပြီးပါပြီ မူရင်းရေးသူ ဆရာ တာတေ

Leave a Reply

Your email address will not be published. Required fields are marked *