မဖဲဝါကိုဖမ်းမဲ့ ကဝေ (စ/ဆုံး)
မူရင်းရေးသားသူ _ ဆရာတာတေ ကျုပ်တို့ တောင်သူအလုပ်ဆိုတာ အားတယ်လို့ မရှိဘူးဗျာ။ နွားစာကုန်လို့စဉ်းရ။ရေကုန်လို့ ရေစည်တိုက်ရ။ ယာထဲပြေးဆင်းရ။နှမ်းထောင်စောင့်ရ။ ပဲနှုတ်တဲ့အခါ နှုတ်ရ။မြေပဲခွဲ။ဆီကြိတ် အဲဒီလို မအားလပ်တဲ့ကြားထဲကပဲ ရပ်ရေးရွာရေး သာရေးနာရေးတွေမှာလည်း မလွတ်အောင် ပါကြ လုပ်ကြနဲ့ ပင်ပန်းတယ်လို့ မရှိဘဲ။ ပျော်တပြုံးပြုံးနဲ့ နေကြတာပါပဲဗျာ။ ဒီနေတော့ မနက်မိုးလင်းကတည်းက တာတေ ဆီကြိတ်နေတာဗျို့။ ညနေရောက်လို့နေတောင် တော်တော်စောင်းနေပြီ။ အခုထိ တာတေ ဝိုင်းအပြင်ကို တစ်ခေါက် မရောက်သေဘူးဗျ။
မြေပဲကို ဆီကြိတ်တယ်ဆိုတာကလည်း ပြောတော့သာ လွယ်တာဗျ။လက်ကတော့ အတော်ဝင်တာ။ပထမဆုံး ပဲထွတ်ရတယ်။ အဲဒီထွတ်ပြီးသားပဲကို ခြောက်အောင် နေလှန်းရတယ်။ ပြီးတော့ ကြိတ်ဆုံထဲ မထည့်ခင် ပူအောင်လှော်ထားရတာဗျ။ ပူမှ ဆီပိုကျတာ အေးစက်ကြီးဆိုရင်ဆီက မက်ဘူး။ ကျုပ်တို့နွားကြီးတွေက နွာဖီးကြီးတွေဆိုတော့ ဆီဆုံဆွဲလို့ လွှတ်ကောင်းတဲ့ကောင်ကြီးတွေဗျ။ ကျုပ်အမေက ကိုယ်ယာကထွက်တဲ့ ဆီဦးနဲ့ ဆွမ်းဟင်းချက်ကပ်ရတာ လွှတ်စိတ်ချမ်းသာတာဗျ။ အဲဒါကြောင့် ကျုပ် ဒီနေ့ တစ်နေ့ကုန်အောင် ဆီကြိတ်နေရတာဗျ။အမေ လှူဖို့ ဆီဦးလေဗျာ။ အမေ ဆွမ်းဟင်းချက်ဖို့ပေါ့ဗျာ။ “ကိုကြီးတာတေ ဗျို့ ကိုကြီးတာတေ” “ဟေ ကျောက်ခဲလား လာလေကွာ ငါ ဒီမှာကွ ဆီပွတ်နေလို့ ဆီကြိတ်ဆုံကို လာခဲ့ဟေ့” ကျုပ်အသံကြားတော့ ဒီကောင်ကျောက်ခဲ ဝိုင်းထဲကို တန်းဝင်လာတာဗျ။ သူ့နောက်မှာ သံမဏိလည်း ပါလာတယ်။
သံမဏိက ကျောက်ခဲလောက် မသွက်ပေမဲ့ သတ္တိရှိနေတဲ့နေရာမှတော့ ကျောက်ခဲထက် မလျော့ဘူးဗျ။ပြီးတော့ ဘာပဲခိုင်း,ခိုင်းလုပ်ခိုင်း နည်းနည်းမှ ပျင်းတဲ့ကောင် မဟုတ်ဘူး။ ဒါပေမယ့် သူက ကျောက်ခဲလောက်တော့ အာသွက်လျှာသွက် မရှိလှဘူးဗျ။တော်ရုံတန်ရုံနှင့် စကားပြောတဲ့ကောင် မဟုတ်ဘူးဗျ။ လွှတ်စကားနည်းတဲ့ကောင်ဗျ။ရာသီက နွေဦးပေါက်ရုံ ရှိသေးတော့ သိပ်မပူသေးဘူးဗျ။ကျုပ်တို့အညာမှာ နေလို့ ထိုင်လို့ ကောင်းတဲ့အချိန်ပေါ့ဗျာ။ “ကိုကြီးတာတေ ဆီပွတ်တာ ကြာပြီလားဗျ ကဲ ဖယ် ကျုပ်စီးမယ်” ကျောက်ခဲက ပြောပြောဆိုဆိုနဲ့ ကျုပ်ကို ဆွဲဖယ်တယ်။ ကျုပ် ဆီဆုံကနေ ဆင်းလိုက်တော့ ဒီကောင်က တွန်းတံကိုဆွဲယူပြီး လှစ်ကနဲ တက်စီးတော့တာပဲဗျ။ တွန်းတံဆိုတာက ဆီဆုံကြီးထဲကနေ ဘေးကို အံထက်လာတဲ့ ပဲဖတ် နှမ်းဖတ်တွေကို ဆုံထဲ ပြန်ပြန်ပြီး တွန်းချရတဲ့ အကံပေါ့ဗျာ။သစ်သားပြားမှာ ဝါးလုံးတပ်ထားတာပါ ။ ဆီဆုံစီးရင်းနဲ့ နှမ်းဖတ် ပဲဖတ်တွေကို ဆုံထဲ ပြန်ပြန်ပြီး တွန်းချရတာပေါ့ဗျာ။ “ကိုကြီးတာတေကို ကျုပ်တို့ ပြောစရာတစ်ခုရှိလို့ လာတာဗ်” ကျောက်ခဲက ကျုပ်နေရာဝင်ပြီး အလုပ် လုပ်တော့ ကျုပ်က အဘနေရာ ဝင်လိုက်တယ်။ဆုံထဲက ကျလာတဲ့ ဆီတွေကို သေသေချာချာ ခံရတဲ့နေရာလေဗျာ။
ဆီထွက်ပေါက်မှာ ပိတ်နေတဲ့ ပဲဖတ်ကို ထိုး,ထိုး ပေးရတာပေါ့ဗျာ။ “ပြောပါဦးကွာ ကျောက်ခဲရ” သံမဏိက အမေ ဆီထည့်တဲ့နေရာကို သွားကူ လုပ်နေတယ်ဗျ။ “ကိုကြီးတာတေ သတိထားမိလား မပြောတတ်ဘူး” “ဘာကိုတုံးကွ ကျောက်ခဲရ” “ကျုပ်ကိုထနောင်းကုန်းသင်္ချိုင်းပေါ်မှာရော ဘန့်ဘွေးကုန်းသင်္ချ ိုင်းပေါ်မှာရော လင်းတကြီးတွေ ဝဲနေတယ်ဗျ” “ဟေ အလောင်းသင်္ဂြ ိုဟ်တာ မလုံမခြုံတွေများ ရှိနေလို့လားမှ မသိတာ” “ဟာ မရှိပါဘူးဗျာ ဘန့်ဘွေးကုန်းမှာရော ကျုပ်တို့ ထနောင်းကုန်းမှာပါ လူသေတာ ပျောက်တာ ရှိမှ မရှိတာ” “အေး ဒါတော့ ဟုတ်တယ်ကွ” “မနက်က ဘိုးညီလေး ပြောနေတာကြားလို့ ကျုပ်တို့ ကိုကြီးတာတေဆီ လာခဲ့တာဗျ” “ဟေ ဘိုးညီလေးက ဘာတွေပြောလို့တုံး” “ဒီလင်းတတွေက ညဘက်ပါ လာပြီးဝဲနေတာတဲ့ဗျ ညက ဘိုးညီလေး မီးလောင်ကုန်းက ပြန်လာတော့ ကိုးနာရီလောက် ရှိပြီတဲ့ဗျ။ မီးလောင်ကုန်းမှာ သူ့ညီ နေမကောင်းလို့ သတင်းသွားမေးတာ လူမမာ သည်းနေလို့ အပြန်နောက်ကျနေတာတဲ့ဗျို့။
အဲဒါ ဘိုးညီလေးက ထနောင်းကုန်း သင်္ချိုင်းဘေးက ပတ်ပြီး ပြန်အလာမှာ လင်းတတွေ ဝဲနေတာတွေ့လို့ ခဏရပ်ကြည့်တာတဲ့ လင်းတတွေဆီက တစ်ချက် တစ်ချက် လက်ကနဲ လက်ကနဲ ဖြစ်သွားတာကို တွေ့ခဲ့ရတယ်တဲ့ ကိုကြီးတာတေ” “ဟေ ဟုတ်လားကွ တစ်မျိုးပါလား ကျောက်ခဲရ” “အဲဒါကြောင့် ကျုပ် လာပြောတာပေါ့ဗျ” ကျုပ် တော်တော်အံ့သြသွားတယ်။ ဘိုးညီလေးက အသက်ကြီးပြီဆိုတော့ အမြင်မှားတာလား တကယ်လို့ ဘိုးညီလေး အမြင်မမှားဘူးဆိုရင်တော့ ဒါကောင်းတဲ့ကိစ္စ မဟုတ်ဘူးဗျ။ ဒီလင်းတကြီးတွေဟာ စုန်းမကြီးတွေဖြစ်ဖို့ သေချာတယ်ဗျ။စုန်းမကြီးတွေ စက်လွှတ်နေတာ ဖြစ်မယ်။
ကျုပ်တို့ သင်္ချိုင်းမှာ ဘာကိစ္စရှိနေလို့များတုံး။ ကျုပ် ဥာဏ်မိသလောက် တွေးကြည့်ရတာပေါ့ဗျာ။ “နေဦး ကိုကြီးတာတေရ ဘိုးညီလေး အဲဒီအကြောင်းကို ပြောနေတာ ဘယ်သူနဲ့ ပြောတယ်ထင်တုန်း” “ဟာ …ငါ မသိဘူးလေကွာ” “ဘန့်ဘွေးကုန်းက ဘိုးတော်ကြီးလေဗျာ ကိုကြီးတာတေရဲ့ အဘနဲ့လည်း ရင်းနှီ်းပါတယ် ဟိုဘန့်ဘွေးကုန်းအရှေ့ပိုင်းက ဘိုးယာစိန်ကြီးလေဗျာ” “အေး ဘိုးယာစိန်ကို ငါသိတာပေါ့ ကျောက်ခဲရ အဘရဲ့ မိတ်ဆွေပဲလေကွာ” အေးဗျာ။ အဲဒီအကြောင်းတွေကို ဘိုးညီလေးက ဘိုးယာစိန်နဲ့ ပြောနေတာဗျ။အဲဒီမှာ ဘိုးယာစိန်ကလည်း ပြောတယ်။ “ကျုပ်လည်း မနေ့က မြင်တယ်ဗျ။ကိုညီလေးရဲ့ အားလုံးပေါင်း ငါးကောင်တောင် အကောင်ကြီးတွေကလည်း အတော်ကြီးသားဗျ။ကျုပ်တွေ့တာက ကျုပ်တို့ ရွာပေါ်မှာကို ဝဲနေတာကိုတွေ့တာ။ ကျုပ်လည်း စိတ်ထဲမှာ ထင်တော့ ထင်သားဗျ။ အရောင်တွေ တစ်ချက် တစ်ချက် လက်သွားသလားလို့ အခု ခင်ဗျား ပြောတော့မှ ဟုတ်နေတာပေါ့ဗျ။ ဒါဘာတွေတုံးဗျ။ရိုးမှ ရိုးရဲ့လား” “အဲဒါတော့ ကျုပ်လည်း မသိဘူးဗျ။
ကိုယာစိန်ရဲ့” အဲဒီတုန်းမှာ သူတို့ပြောတာကို ထိုင်ပြီးနားထောင်နေတဲ့ ကျုပ်ကို မြင်သွားပြီး ဘိုးညီလေးက ပြောတာဗျ။ “ဟဲ့ကောင် ကျောက်ခဲမို့လား” “ဟုတ်တယ် ဘိုး ကျုပ်ပါ ကျောက်ခဲ” “ဟာ ကျောက်ခဲ အတော်ပဲ ခုနက ငါနဲ့ ကိုယာစိန်နဲ့ ပြောတာတွေ မင်းကြားလိုက်တယ်မို့လား” “ကြားတယ် ဘိုး” “အေး မင်းအစ်ကိုကြီး တာတေကို ဒီအကြောင်း ပြောပြလိုက်ဦး ကြားလား” “ဟုတ်ကဲ့ ဘိုး ပြောလိုက်မယ်” “ကိုယာစိန်ရေ ကျုပ်တို့လည်း တာတေတစ်ယောက်ရှိတာ တော်တော်ကို အားကိုးရတာဗျို့။တာတေက လူသာငယ်တာ သတ္တိကလည်း ကောင်းပါ့ဗျာ ဆရာသမားတွေနဲ့ လိုက်ဖူး သွားဖူးတော့လည်း ဗဟုသုတကလည်း ရှိဗျ။ဘယ်သူ့မှာ အကြောင်းကိစ္စရှိရှိ နေတဲ့ကောင် မဟုတ်ဘူးဗျ” “တာတေဆိုတာ ကိုဥာဏ်သားမို့လား” “ဟုတ်တယ်လေ ကိုယာစိန်ရဲ့ လွှတ်အားကိုးရတဲ့ သူငယ်ဗျ” “အဲဒီလို ပြောဆိုပြီး ကျုပ်ကိုကြီးတာတေဆီ သွားခိုင်း လိုက်တာဗျ။ဒါနဲ့ ကျုပ်က သံမဏိကို ခေါ်ပြီး ထွက်လာခဲ့တာ” ကျုပ် နဂါးဆေးပေါ့လိပ်ကလေးဖွာရင်း စဉ်းစားကြည့်တယ် ။ဒါမကောင်းဘူးဗျ။
ကျုပ်တို့ ရွာမှာ ဘာအကြောင်းတွေပေါ်မှာတုံးတော့ မသိဘူးဗျ။ကျုပ်အတွေ့အကြုံအရ ပြောရရင် ဒါစုန်းမကြီးတွေပဲဗျ။ စုန်းဆိုတာကလည်း အမျိုးအစား များသားလား။ အဲဒီထဲမှာမှ ကဝေမြောက်စုန်းဆိုတာ တော်တော်လေး အစွမ်းထက်တာဗျ။ဒါတွေကို ကျုပ် ဆရာကြီး ဒေါက်တာဦးမင်းအောင် ပြောခဲ့တာဗျ။အင်း…အခုနေမျိုးမှ ကျုပ်ဆရာကြီးသာရှိရင် တော်တော်ကို ကောင်းမှာပဲလို့ ကျုပ်တွေးမိတယ်။ ညကိုးနာရီလောက်မှာ ကျုပ် မျက်ကွင်းဆေးကွင်းပြီး ထနောင်းကုန်းသင်္ချိုင်းဘက်ကို ထွက်လာခဲ့တယ်။ သင်္ချိုင်းထဲရောက်တော့ သင်္ချိုင်းမြောက်ဘက်က တစ်ဖက်လောက်ရှိတဲ့ မန်ကျည်းပင်ကြီးတစ်ပင်နောက်မှာ တွယ်ပြီး ကျုပ်စောင့်နေတယ်။အခုထိတော့ ဘာလင်းတမှ မတွေ့ဘူးဗျ။ဘာပဲဖြစ်ဖြစ် သန်းခေါင်ကျော်အောင်တော့ စောင့်ကြည့်ဖို့ ကျုပ် ဆုံးဖြတ်လိုက်တယ်။ “ဝီ ဝီ ဝီ ဝီ” ဟော အသံတွေတော့ ကြားရပြီဗျို့။ ဒါလင်းတပျံတဲ့အသံဗျ။ကျုပ်အပေါ်ကို မော့ကြည့်တယ်။ဟာ လာကြပြီဗျို့။ ပုံမှန်လင်းတထက် နှစ်ဆလောက်ကြီးတယ်ဗျ။ ထနောင်းကုန်းသင်္ချိုင်းမှာ ဝဲနေကြတာဗျ။
“ဝီ ဝီ ဝီ ဝီ ဝီ” အချိန်က သန်းခေါင်နားကပ်လာပြီ။လင်းတတွေက ပျံနေတုန်းပဲ။ဟော ဟော စက်တွေ လွှတ်ပြီဗျို့။ ဝင်းကနဲ လက်ကနဲနဲ့ စက်တွေ လွှတ်နေကြပြီဗျို့။ ဒါ စုန်းမကြီးတွေဆိုတာ သေချာတာပေါ့ဗျာ။ “ဝီ ဝီ ဝီ ဝီ” ဟာ သွားပြီဗျို့။သွားပြီ။အနောက်ဘက်က ပေါ်လာပြီ အနောက်ဘက်ကို ပျံသွားကြတာ။စက်လွှတ်တာကတော့ ဆယ်မိနစ်လောက်ပဲ ကြာတာဗျ။ ကျုပ်ဖြင့် တော်တော်ကို အံ့သြသွားတာဗျို့။ ဒီစုန်းမတွေ ဘာအတွက် ကျုပ်တို့ သင်္ချိုင်းကုန်းမှာ စက်တွေ လာလွှတ်ကြတာပါလိမ့်။ကျုပ် ဘယ်လိုပဲ တွေးတွေးပါဗျာ အဖြေတော့ မရဘူးဗျို့။ ကျုပ် အိမ်ပြင်ရောက်တော့ နာရီပြန်တစ်ချက် ရှိပြီဗျ။အမေ အသင့်ပြင်ပေးထားတဲ့ အိပ်ရာထဲကို ခြေလက် သေသေချာချာဆေးပြီးမှ ကျုပ်ဝင်အိပ်လိုက် တယ်။ “ဟီး ဟီး ဟီး ဟီး” ဟာ ကျုပ်ခေါင်းရင်းမှာ ချိတ်ထားတဲ့ ဆေးလွယ်အိတ်ထဲက မဖဲဝါကိုယ်ခွဲရုပ်ကလေးရဲ့ အသံဗျ။အခြေအနေ အရေးကြီးနေပြီဆိုတာ ကျုပ် မှန်းမိသွားပြီဗျို့ ။ကျုပ် အိပ်ရာထဲက ပြန်ထွက်ပြီး မဖဲဝါကိုယ်တိုင် ကျုပ်ကို အပ်ထားတဲ့ မဖဲဝါ ကိုယ်ခွဲရုပ်ကလေးကို ကျုပ် ယူပြီး ခေါင်းအုံး အောက်မှာ ထားပြီး အိပ်ပျော်သွားတယ်။ “တာတေ ငါ ဒီမှာ” ကျုပ်ကို အိပ်မက်ပေးတိုင်း တွေ့နေကျ ကောင်မလေးပဲဗျ။
ခေါင်းမှာ အော်လံပန်းအဝါလေးတစ်ပွင့် ပန်လို့ဗျ။ကျုပ်လှည့်လိုက်တော့ ယုဇနပန်းချုံကြီးဗျ ဒါပေမယ့် ဒီကောင်မလေးကတော့ ယုဇနပန်း မပန်ဘူးဗျ သူ ပန်နေကျ ပန်းအဝါလေးပဲ ပန်ထားတာ။ ကျုပ်နဲ့ သူနဲ့က မနီးဘူး ခပ်လှမ်းလှမ်းကနေ စကားပြောနေတာ။ကျုပ်လည်း သူ့နားကို သိပ်မကပ်ရဲဘူးလေဗျာ။သူက မဖဲဝါပဲ။ “တာတေ ငါ့ဆီကို ရန်သူ လာနေပြီ” “ဟင် ဟုတ်လား မဖဲဝါ ဘယ်က လာနေတာတုံးဗျ။ လမ်းကစောင့်ပြီး ကျုပ် သတ်ပစ်လိုက်မယ်” မဖဲဝါက ပြုံးနေတယ် ။ ပြီးတော့မှ ပြောတယ်။ “နင် သူ့ကို ဘယ်သတ်နိုင်မှာတုံး” “အောင်မယ် သူက ဘယ်သူမို့လို့တုံးဗျ” “ကဝေရာဇာလို့ခေါ်တဲ့ အကောင်ဟဲ့ တာတေရဲ့ သူတို့ ကဝေအချင်းချင်းတောင် သူ့ကို ဦးခိုက်ကြရတာ ကဝေတွေထဲမှာတော့ ဒီအကောင်ကြီးက ပညာအမြင့်ဆုံးပဲဟေ့ အေး သေရင်တော့ မဟာငရဲကြီးမှာ နှစ်ပေါင်းထောင်ချီပြီး ခံရပေမယ့် အကောင်ပေါ့ဟာ ဒီအကောင်က ကျောက်ဂူကြီး တစ်ခုမှာ နေတယ်။ အမြဲနေတာတော့ မဟုတ်ဘူး တာတေ။
ပညာစခန်း ထပ်တက်တော့မှ လာနေတာ အဲဒီကျောက်ဂူကြီးထဲမှာ ဒီအကောင်အိပ်တဲ့ ကုတင်ကို ဘုရားလေးဆူက ထမ်းထားတဲ့ပုံ ထုထားတာဟဲ့” “ဗျာ ရက်စက်လှချည်လားဗျ” “အေး သူထိုင်တဲ့ သစ်သားကုလားထိုင်ကြီးကလည်း ဘုရားလေးဆူက မုဆိုးဒူးထောက်ထိုင်ပြီး ပခုံးတွေနဲ့ ထမ်းထားတဲ့ပုံ ထုထားတာ။ဒီအကောင် မျက်နှာသစ်တဲ့ နေရာမှာလည်း ဘုရားမတ်ရပ်တော် တစ်ဆူက သူ့ကို ရေမှုတ်ကမ်းပေးနေတဲ့ပုံ ထုထားတယ်။ကုလားထိုင် ထိုင်ပြီးရင်လည်း သာလျောင်းပုံထားတဲ့ ဘုရားဆင်းတုပုံတော်ပေါ်မှာ ခြေထောက်တင်ပြီး ထိုင်တာ။ ဒီအကောင် ခြေဖဝါးမှာလည်း ဘုရားပုံတော်တစ်ပုံစီ ထိုးထားတယ်ဟေ့” “ဟာဗျာ ကျုပ်ဖြင့် ကြားတာနဲ့တောင် ကြက်သီးတွေ ထလာမိတယ် မဖဲဝါရေ” “အေး အခု ရောက်လာတဲ့ လင်းတတွေက ဒီအကောင်ရဲ့ မယားတွေဟဲ့ တာတေရဲ့ သူ ပညာပေးထားတဲ့ စုန်းမကြီးတွေလေ။ ဒီကောင်မတွေလည်း ပညာမသေးဘူးပဲ။
ကဝေမြောက်စုန်းတွေ ဖြစ်နေပြီ။ဒီကောင်မ ငါးကောင်က ရှေ့ပြေးလာပြီး စက်တွေဖြန့်နေတာ တခြားပညာသည်တွေ မလာနိုင်အောင် ကြိုပြီး ရှင်းထုတ်နေတာပေါ့ တာတေ” “နေပါဦးဗျ ဒီကဝေရာဇာ ဆိုတဲ့ အကောင်ကြီးက ခင်ဗျားဆီကို ဘာကိစ္စလာမှာတုံး” “ငါ့ကို ဖမ်းဖို့လေ တာတေ” “ဟာ မဖဲဝါကို ဖမ်းဖို့ ဟုတ်လား” “ဟုတ်တယ် တာတေ ငါ့ကို ညှဉ်းပမ်းပြီး ငါ့သခင်မမြောက်ဘက်ရှင်မရဲ့ ပညာဗူးကို တောင်းမှာပေါ့ဟယ် ။ အဲဒီပညာဗူးကို သူတို့လို ကဝေရသွားရင် အသက်ထောင်ချီပြီး နေနိုင်ပြီလေ တာတေရဲ့ ဟား ဟား ဟား ရမတဲ့လား တာတေရယ် ငါက မဖဲဝါလေ ။ အေးလေ ဘယ်သူ ဘာဖြစ်မယ်ဆိုတာတော့ မနက်ဖြန်ည သိကြမှာပေါ့လေ” ” ဗျာ ဘယ်လိုဗျ မဖဲဝါ ။ မနက်ဖြန်ညဆို ဒီကဝေကြီး ရောက်လာတော့မှာ ဟုတ်လား” “အေး …ဟုတ်တယ် တာတေ” “မဖဲဝါ ကျုပ်ပါ လာခဲ့မယ် ကျုပ်တတ်နိုင်သလောက် ကူမယ်” “ဟာ နင်မလာနဲ့ တာတေ ကဝေရာဇာဆိုတာ အန္တရာယ်သိပ်များတဲ့အကောင် ။လူတစ်ယောက် သတ်ဖို့ဆိုတာ ပုရွတ်ဆိတ် သတ်တာလောက်ထင်တဲ့ အကောင်ဟဲ့’ ကျုပ် ဖျက်ကနဲ လန့်နိုးသွားတယ် ။မိုးတောင် လင်းတော့မှာဗျ။အမေတောင် ထမင်းချက်နေပြီ။ ဒီနေ့ဆရာတော့်ကျောင်းကို ဆွမ်းချိုင့်ပို့ရမှာဗျ။ ကျုပ်တို့ ဆွမ်းလှည့်လေဗျာ။
မနေ့ကတည်းက အမေ ဝက်သားချက်နေတာ ကျုပ်တွေ့တယ်။ မိုးချုပ်မှာ ဘယ်က ဆုံသားရလာတယ် မသိပါဘူးဗျာ။ကျုပ်တောင် ငရုပ်သီး ဝင်ထောင်းပေးလိုက်သေးတယ်။ အမေချက်တဲ့ ဝက်သားဟင်းကို ကျုပ်ဆရာတော်ကလည်း လွှတ်ကြိုက်တာဗျ။ ကျုပ်ကတော့ ပြောမနေနဲ့တော့ပေါ့ဗျာ။ ကျုပ် ကျောင်းကို ဆွမ်းချိုင့်ဆွဲပြီး အမေနဲ့ လိုက်ရတယ်။ဆွမ်းကပ်ပြီး ဆရာတော်နဲ့ စကားပြောဆိုပြီး ကျုပ်တို့ ပြန်လာခဲ့တယ်။ ထမင်းစားချိန်ရောက်တော့ ကျုပ်ဝက်သားနဲ့ တစ်ဝကို စားပစ်လိုက်တာဗျို့။ ပြီးတော့ မန်ကျည်းပင်အောက်က ကွပ်ပျစ်မှာ ကျုပ်အိပ်ပစ်လိုက်တယ်။ရာသီက သိပ်မပူသေး တော့ အိပ်လို့ကောင်းသားဗျ။ဘယ်သူမှလည်း ကျုပ်ဆီမလာတော့ ညနေစောင်းမှ ကျုပ်နိုးလာတာဗျို့။ အမှန်ကတော့ ဒီည ကိစ္စတွေ ရှိနေလို့ အိပ်ရေးဝအောင် ကျုပ် ကြိုပြီးအိပ်ထားတာပေါ့ဗျာ။ အိပ်ရာက နိုးတော့ လန်းသွားအောင် ကျုပ် ရေမိုးချိုးပြီး အဝတ်အစားလဲထားလိုက်တယ်။ မိုးမချုပ်ခင် လင်းလင်းရှင်းရှင်းရှိတုန်း ကျုပ်ဆေးလွယ်အိတ်ကို ထုတ်ယူပြီး ကျုပ်ဆရာကြီး ဦးမင်းအောင်နဲ့ ဆရာနွံဖတို့ ချီးမြှင့်ထားတဲ့ အင်းတော် ဆေးတော်တွေ ထုတ်ပြီး စစ်ဆေးလိုက်တယ်။ ဆေးတော်ရုပ်တွေကိုလည်း ဂါထာရွတ်ပြီး နှိုးထားလိုက်တယ်။
ကျုပ် ဆရာနွံဖ လုပ်တဲ့အတိုင်း ဘုရားခန်းဝင်ပြီး ဘုရားရှိခိုး ပုတီးစိပ်တယ်။ ဆေးတွေ အင်းတွေ ဆေးတော်ရုပ်တွေကို လင်ဗန်းကလေးနဲ့ ထည့်ပြီး နှိုးထားတဲ့ သဘောပေါ့ဗျာ။ ဆရာကြီး ဦးမင်းအောင် လုပ်တာလည်း ကျုပ် မြင်ဖူးတွေ့ဖူးခဲ့တာမို့လား။ဆရာကြီး ဦးမင်းအောင်အကြောင်းကို ခင်ဗျား မသိသေးရင်တော့ “ကဝေဆယ်နှစ်ကြိုး” စာအုပ်မှာ ဖတ်ကြည့်ပေါ့ဗျာ။ ကျုပ် နှစ်နာရီလောက်ထိုင်ပြီး ပုတီးစိပ် ဂါထာတွေ ရွတ်ပေါ့ဗျာ။ “ဟဲ့ တာတေရေ ညစာ စားတော့လေ မိုးချုပ်ပြီ” လို့ အမေ သတိပေးတော့မှ ကျုပ် ပုတီးစိတ်တာ ဖြုတ်ပြီး ထမင်းစားလိုက်တယ်။ထမင်းစားပြီးတော့ ကျုပ် ဘုရားခန်း ပြန်ဝင်ပြီး ပုတီးပြန်စိပ်တယ်။ အင်မတန်ကြောက်စရာကောင်းတဲ့ ရန်သူလို့ မဖဲဝါပြောတော့ ကျုပ်ကိုယ်ကျုပ် မပြင်ဆင်ဘဲ သွားလို့ ဘယ်ဖြစ်မှာတုံးဗျာ။ ညကိုးနာရီတိတိကျမှ ကျုပ် အိမ်က ထွက်လာတယ်။ ထနောင်းကုန်းသင်္ချိုင်းကို ရောက်တော့ ပထမညက ကျုပ်ပုန်းပြီးကြည့်တဲ့ မန်ကျည်းပင်ကြီးအောက်ကိုပဲ ကျုပ်လာခဲ့တယ်။မန်ကျည်းပင်ကြီးက တော်တော်ကို ကြီးတာဗျ။
လူတစ်နှစ်ဖက်လောက်ကို ရှိတယ်။ကျုပ် မန်ကျည်းပင်နောက်မှာ ထိုင်ပြီး နဂါးဆေးပေါ့လိပ်ကလေး ဖွာနေလိုက်တယ်။ မီးကိုတော့ ဘေးက မတွေ့အောင် လက်နဲ့အုပ်ပြီး ဖွာရတာပေါ့ဗျာ။ကျောက်ခဲတို့ သာသိရင် လိုက်ချင်မှာဗျ။ ဒါကြောင့် ကျုပ် ဒီကောင်တွေကို မပြောဘဲ ထွက်လာတာ။ကလေးတွေ ခေါ်လို့ ဘယ်ဖြစ်မှာတုံးဗျာ။ ကျုပ်ကတော့ တာတေလေဗျာ။ဒါမျိုးကို ဘယ်တော့မှ လက်လွတ်မခံဘူးဗျ။ရောက်အောင်လာပြီး မြင်အောင်ကြည့်မှာဗျ။ ကျုပ် အိမ်က မထွက်ခင်ကတည်းက မျက်ကွင်းဆေး ကွင်းလာခဲ့တာ။ ပတ်ဝန်းကျင်ကို ကျုပ် လိုက်ကြည့်တော့ ဘာဆိုဘာမှ မမြင်ဘူးဗျ။ တစ္ဆေလည်း မရှိဘူး။ သရဲလည်း မရှိဘူး။ဟိုရက်ကတည်းက စုန်းမကြီးတွေ လာလာပြီး စက်တွေလွှတ်ထားလို့နဲ့ တူတယ်ဗျ။ တစ္ဆေ သရဲတွေလည်း စုန်းကဝေတွေရဲ့ စက်တွေကို ကြောက်နေပုံရတယ်ဗျ။ ကျုပ် မန်ကျည်းပင်ကြီးမှီပြီး ဆေးလိပ်သောက်နေတာ နဂါးဆေးပေါ့လိပ်တစ်လိပ်တောင် ကုန်တော့မယ်ဗျ။ ခုထိ ဘာမှ မတွေ့ရသေးဘူး။ “ဝီ ဝီ ဝီ ဝီ” ဟော လာပြီဗျို့ လာပြီ ပျံလာတဲ့အသံတွေ ကြားပြီ။ ကျုပ်လည်း လက်ထဲက ဆေးပေါ့လိပ်ကို မြေကြီးမှာထိုးပြီး မီးငြိမ်းလိုက်တယ်။ ဟာ မနေ့ကညက လာတဲ့ လင်းတကြီး ငါးကောင်ဗျို့။
ဟော ထနောင်းကုန်းသင်္ချိုင်းပေါ်မှာဝဲပြီး ပျံနေကြတာဗျို့။ “ဝီ ဝီ ဝီ ဝီ ဝီ’ ဒီနေရာတစ်ဝိုက်မှာ ကျီးတွေ ငှက်တွေတောင် မရှိကြဘူးဗျို့။ရှိရင် လန့်ပြီးပျံမှာပေါ့ဗျာ။ လင်းတကြီးတွေကတော့ ဝဲနေဆဲပဲဗျ။ ဒီနေ့တော့ စက်တွေလွှတ်တဲ့ မတွေ့တော့ဘူးဗျို့။ ဟာ…ဘာတုံးဗ်။ ဒါ ဘာတုံး… “ရွှီ ရွှီ ရွှီ ရွှီ” မှောင်မဲနေတဲ့ ကောင်းကင်မှာ ပေါ်လာတာဗျို့။ အရောင်တွေ တဝင်းဝင်းနဲ့ ရောက်လာတာ ဘာတုံးဗျ။ဟာ နိမ့်လာပြီ။ နိမ့်လာပြီ။ကြည့်စမ်း လင်းတကြီးတွေက အပေါ်ကို ခေါင်းတွေ ထောင်ပြီး ပျံတက်သွားပြီဗျို့။လင်းတကြီးတွေ ကိုယ်ကနေ စက်ရောင်တွေ ဖြာထွက်ထွက်နေလိုက်တာ ကြည့်လို့တောင် ကောင်းသေးတော့ဗျာ။ အောင်မာ အောင်မာ စုန်းမတွေက အပေါ်က ရောက်လာတဲ့ အရောင်တလက်လက်နဲ့ ယာဆီကို ပျံသွားကြတာဗျို့။ ဟာ မဖဲဝါပြောတဲ့ ကဝေရာဇာကြီး ရောက်လာတာ ဖြစ်မယ်ဗျ။လင်းတပုံစံ ဖန်ဆင်းထားတဲ့ စုန်းမကြီး ငါးယောက်က သူတို့ ယောင်္ကျား ကဝေရာဇာကြီးကို အပေါ်တက်ပြီး ကြိုနေကြတာဗျ။ ဟော ဟော ဆင်းလာပြီဗျို့။ အရောင်တွေမှ တဝင်းဝင်းကို ဖြစ်နေတာဗျာ။
အားလုံးအောက်ကို ဆင်းလာပြီဗျ။ ဆင်းလာပြီ။ ဟာ ဂူတွေပေါ်မှာ မတ်တတ်တွေ ရပ်နေကြပြီ။ ကဝေရာဇာကြီးက ကျောင်းအစ်မကြီးရဲ့ ဂူပေါ်မှာ ရပ်လို့ဗျ။သူ့မယား စုန်းမကြီးတွေက ဆံပင်ဖားလျားကြီးတွေနဲ့ ထဘီအနက်ကြီးတွေ ဝတ်ထားတယ်ဗျ။ ကဝေရာဇာဆိုတဲ့ အကောင်ကြီးကတော့ သျှောင်တစ်စောင်းကြီး ထုံးထားတယ်။ သူတို့ရုပ်တွေတော့ ကျုပ်သေသေချာချာ မမြင်ရဘူးဗျ။ညက ကြယ်ရောင်ပဲ ရှိတာဆိုတော့ အမှောင်ကဲနေတာလေဗျာ။ “ရှင်မတို့ နင်တို့စက်တွေကို ကောင်းကောင်းဖြန့်ထား ကြပြီလား” “ဖြန့်ထားပါပြီ အရှင်” “အေး အေး မြေပြင်စက် ဝေဟင်စက်တွေနဲ့ ညှပ်ပြီးမှ ဒီသရဲမကို ဖမ်းလို့ရမှာကွဲ့” “နေပါဦး အရှင် ဒီသရဲတစ္ဆေမကို ဒီလောက်တောင် စက်တွေဖြန့်ပြီး ဖမ်းရတာ အံ့သြလွန်းလို့ပါရှင်။ တခြားပညာသည်တွေနဲ့ တိုက်ရ။ခိုက်ရတာတောင် ဒီလောက်ကြိုပြီး စက်တွေ ဖြန့်နေရတယ်လို့ ကျမတော့ နားကို မလည်လို့ပါရှင်” ” ဟဲ့ သောက်ကန်းမ နားမလည်ဘဲ ထင်ရာလျှောက်ပြောမနေနဲ့ ။ငါ ထကန်လိုက်ရင် ပင်လယ်ထဲအထိ လွင့်သွားမယ် ။ ဒီသရဲမက ရိုးရိုး သရဲမ မဟုတ်ဘူး။ နင်သိလား။ မြောက်ဘက်ရှင်မက သူရဲ့ပညာဗူးကိုစောင့်ဖို့ သူရဲ့စက်တွေ ဒီသရဲမမှာ တပ်ပေးထားတာ နင် သိသလား။
နင်မှာရှိတဲ့ စက်နဲ့ မြောက်ဘက်ရှင်မရဲ့ စက် အဆင့်ချင်းတူတယ်လို့ နင် ထင်နေသလား ကဲ သွားကြ ငါမှာထားတဲ့အတိုင်းလုပ်။ သရဲမ လာလို့ ငါနဲ့ ရင်ဆိုင်နေတဲ့အချိန်မှာ နင်တို့က စက်တွေ ဝိုင်းလွှတ်ပေးထားကြ ကြားလား။ဒါမှ ငါ့စက်က အရှိန်ပိုမြင့်လာပြီး ဒီသရဲမကို ဖမ်းချုပ်နိုင်မှာ ကဲ သွားကြတော့” ကဝေရာဇာကြီးက သူ့မယား စုန်းမကြီးတွေကို မောင်းထုတ်လိုက်တယ်။ဟာ စုန်းမကြီးတွေက ထဘီကိုနှစ်ထပ်ထက်ထားတာဗျ။အပေါ်ကတစ်ထပ်ကို ချွတ်ချလိုက်ပြီး “ဗြန်း ဗြန်း နဲ့ ခါလိုက်တယ်။ ပြီးတော့ ဇောက်ထိုးကြီးတွေ ဝတ်လိုက်ကြတယ်။ သြော် လက်စသတ်တော့ အပေါ်က ထပ်ဝတ်တဲ့ ထဘီက ပညာသည်ထဘီတွေကိုး။ စုန်းမကြီးတွေ စက်ရောင်တွေ တလက်လက်နဲ့ သင်္ချ ိုင်းထဲက ထွက်သွားတယ်ဗျ။ဒီမိန်းမကြီးတွေက ဘယ်ကိုသွားမှာတုံးဆိုပြီး ကျုပ်က သေသေချာချာ လိုက်ကြည့်တယ်။သင်္ချိုင်း အနောက်ဘက်က ယာခင်းထဲကို ထွက်သွားကြတာဗျ။ ဒီယာကို သင်္ချ ိုင်းယာလို့ ခေါ်ကြတယ်။ ဘိုးမင်းဒင်ကြီးရဲ့ယာဗျ။ဘိုးမင်းဒင် မရှိတော့ သူ့သား ကိုကြီးမင်းညို လုပ်နေတာဗျ။
“သရဲမ မဖဲဝါ နင်အခု ချက်ချင်း ဒီသင်္ချိုင်းကုန်းထဲကို လာခဲ့ နင့်သခင်မ မြောက်ဘက်ရှင်မရဲ့ ပညာဗူးကိုပါ တစ်ခါတည်း ယူလာပြီး ငါ့ကိုအပ်ပေတော့ ငါ့ကိုကြောက်ပြီး ပုန်းနေမယ်တော့ မကြံနဲ့ နင့်ဆီကို ငါရောက်လာပြီး ဆံပင်ကနေ ဆွဲခေါ်သွားမယ် မှတ်ပေတော့ ဟား ဟား ဟား ဟား” “ဝူး ဝူး ဝူး အီ အီ အီ” ဟော မဖဲဝါရဲ့ခွေးကြီး အူသံ ကြားနေရပြီဗျို့။ မဖဲဝါလာနေပြီ။လာနေပြီ။ကဝေရာဇာ ဆိုတဲ့ အကောင်ကြီးကတော့ မဖဲဝါခွေးကြီးအူသံကို သိပုံမပေါ်ဘူးဗျ။ “ဝူး ဝူး ဝူး ဝူး အီး အိ” ဟော ခွေးကြီးအူသံက တဖြည်းဖြည်း နီးလာပြီဗျို့။ ဟာ လာပြီဗျို့။လာပြီ။ ဂူတွေပေါ်ကျော်ပြီး ပြေးလာတာဗျို့။ဆယ်ပေလောက်မြင့်တဲ့ ဖြူဖြူအရိပ်ကြီးတစ်ခု ပြေးလာတာဗျို့။ ဟော ဂူကြီးတစ်လုံးပေါ်မှာ ရပ်သွားပြီ။ ကဝေရာဇာကြီးရဲ့ စက်တွေက ဖြန့်ထားတာဆိုတော့ မဖဲဝါရှေ့ကိုတိုးလို့ မရတော့ဘူးထင်တယ်ဗျ။ ဟာ မဖဲဝါက ထဘီအနက် ခါးတောင်အင်္ကျီအနက်နဲ့ ခေါင်းမှာလည်း ခေါင်းပေါင်းအနက် ပေါင်းထားတာဗျ။ ဆံပင်ကတော့ ဖားလျားကြီးချလို့ဗျ။ အရပ်ကြီးမှ ဆယ်ပေလောက်ကို မြင့်တာပါဗျာ။
“ဟဲ့ ကောင်မ မဖဲဝါ ဘယ်မှာတုံး ငါ့ကို အပ်မယ့် ပညာဗူး။ နင့်သခင်မရဲ့ ပညာဗူးကို ငါ လိုချင်တယ် နင် မသေချင်ရင် အခုသွားလိုက်” “ဟီး ဟီး ဟီး ဟီး ဟီး” မဖဲဝါ အော်ရယ်လိုက်တာဗျို့။ကဝေရာဇာကြီးက ချက်ချင်း သူရဲ့ စက်တွေ လွှတ်ပြီဗျို့။ပါးစပ်က ထွက်လာတဲ့ အစိမ်းရောင်စက်တွေက မြွေတစ်ကောင် ပြေးသလို ချက်ချင်းပြေးသွားတယ်။မဖဲဝါက မျက်လုံးက အလင်းတန်းသေးသေးလေးနှစ်တန်း ထွက်လာတယ်။အရောင်ကတော့ လိမ္မော်ရောင် တောက်နေတာဗျ။ဟော ကဝေရာဇာရဲ့ စက်တွေနဲ့တွေ့ပြီး စက်နှစ်ခု လိမ်သွားပြီ။ဟာ ကဝေရာဇာရဲ့ စက်တွေ ပြတ်ထွက်ကုန်ပြီဗျို့။ ဟော ဟော ကဝေရာဇာကြီးပါ ဂူအောက်ကို လိမ့်ကျသွားပြီဗျို့။ “ဝုန်း ဝုန်း” ဟာ ကဝေရာဇာကြီးက ရုပ်ပြောင်းရုပ်လွဲ အတတ်နဲ့ ချက်ချင်ကျားပုံစံ ဖန်ဆင်းလိုက်ပြီဗျ။ ဟာ ကျားမှ နည်းတဲ့ကျားကြီးမဟုတ်ပါဘူးဗျာ။ ဟိန်းထွက်တာမှ မြေကြီးတောင် တုန်သွားတယ်ဗျို့။ ဟော ဟော ဂူကြီးတွေပေါ်ကို ခုန်တက်လိုက်ပြီ လိုက်ပြီဗျို့။လိုက်ပြီ။ မဖဲဝါကို လိုက်ပြီဗျို့။ မဖဲဝါက ဂူတွေပေါ်ကနေ ရိပ်ကနဲ ရိပ်ကနဲ ပြေးတယ်။ကျားကလည်း ဝုန်းကနဲ ဝုန်းကနဲ ဟိန်းပြီး မဖဲဝါကို လိုက်ကိုက်တယ်။ ဘုရား ဘုရား ကျုပ်ဆိုတာ ဘုရားတနေရတော့တာပေါ့ဗျာ။ ဟော မဖဲဝါက ဂူတွေပေါ်က ရိပ်ကနဲ ရိပ်ကနဲ ပြေးရင်က အရှိန်ကို ပိုမြှင့်လိုက်တယ်။ အရိပ်ကလေးပဲ တွေ့ရတယ်ဗျို့။ မြန်လိုက်တာမှ လှစ်ကနဲ လှစ်ကနဲကို ဖြစ်နေတာဗျ။ ကဝေရာဇာကျားကြီးတောင် မဖဲဝါ ပျောက်ပျောက် သွားလို့ လိုက်ရှာနေရတာဗျ။ဟာ မဖဲဝါ ကျားကြီး အနောက်ကို ရောက်သွားပြီ။ ပြေးပြီ။ပြေးပြီ။ မဖဲဝါ ပြေးပြီဗျို့။ရိုက်ပြီ ။ရိုက်လိုက်ပြီ ။ကျားရဲ့ ခါးဆစ်ရိုးနေရာကို သူရဲ့ လက်ဝါးကြီးနဲ့ ရိုက်ချလိုက်တာဗျို့။ “ဘုန်း” တစ်ချက်ပဲ။တစ်ချက်ပဲ။ကျားကြီးက ဂူပေါ်ကနေ ခွေကနဲ ပြုတ်ကျသွားပြီ။ ချက်ချင်းမထနိုင်ဘူးဗျို့။ဟော ထလာပြီ။
ဒါပေမယ့် ကျားမဟုတ်တော့ဘူးဗျို့။ ဂူပေါ်ကို ခုန်တက်လိုက်တယ်။ ဒါပေမယ့် ဒီလူ ခါးနာသွားပုံပဲဗျ။ ဒေါသလည်း တော်တော်ကို ထွက်နေပုံရတယ်ဗျို့။ “နင်က ဘာအဆင့်မှ မရှိတဲ့ သရဲမ။ အရှင်မွေးလို့ နေ့ချင်းကြီးလာတဲ့ကောင်မ။ မယ်တော်လေးပါး စောင့်ရှောက်လို့ နင် အစွမ်းတွေ ရှိလာတာဟဲ့ သရဲမရဲ့။ နင်ကိုနင် ဟုတ်လှပြီ ထင်မနေနဲ့ ငါ ဘာကောင်လဲဆိုတာ မကြာခင် နင် သိစေရမယ် ကဝေရာဇာတဲ့ဟေ့” ကဝေကြီးက ကြုံးဝါးလိုက်ပြီတော့ မျက်လုံးတွေ နှာခေါင်းတွေနဲ့ ပါးစပ်ကပါ စက်တွေ ထွက်လာရောဗျို့ စက်တန်းကြီးငါးခုဟာ မဖဲဝါဆီကို ထိုးဝင်သွားတော့ မဖဲဝါ နောက်ဆုတ်သွားတယ်ဗျ။မဖဲဝါလည်း စက်တွေထုတ်တယ်။ဒါပေမဲ့ မဖဲဝါရဲ့ စက်တွေက ရှေ့ကို တိုးမလာတော့ဘဲ တစ်လံလောက်မှာ ရပ်သွားတယ်။ ဟာ မဖဲဝါ ဘယ်လိုမှ မယှဉ်နိုင်တော့ဘူးဗျ။ “ဟား ဟား ဟားး ဟား ” ကဝေရဲ့ ရယ်သံကြီး ထွက်လာပြီး စက်တွေကို အလုံးလိုက်ထုတ်ပြီး မဖဲဝါဘက်ကို လွှတ်တယ်ဗျ။ မဖဲဝါ ဂူတွေပေါ်က ကျော်ပြီး နောက်ဆုတ်သွားပြီဗျ။ တဖြည်းဖြည်းနဲ့ မဖဲဝါက ဆုတ် ။ကဝေက လိုက်နဲ့ သင်္ချိုင်းအနောက်ဘက်က ယာကွက်ကြီးထဲကို ရောက်သွားပြီဗျို့။ သြော် လက်စသတ်တော့ ကဝေရာဇာက မဖဲဝါကို တမင်တွန်းထုတ်သွားတာကိုးဗျ။
ယာကွက်ထဲမှာ သူကြိုလွှတ်ထားတဲ့ သူ့မယား စုန်းမကြီး ငါးယောက်ကလည်း စက်တွေ တဝင်းဝင်းနဲ့ စောင့်နေကြတာဗျ။ မဖဲဝါ စုန်းမတွေကို မြင်တော့ နည်းနည်းတွန့်သွားပုံရတယ်။ “ဟဲ့ ကောင်မတွေ နင်တို့စက်တွေ ငါ့ဆီပို့ပေးစမ်း ဒီသရဲမက မယ်တော်တွေအားကိုးနဲ့ ငါ့ကို ခံနေတာ ဒီကောင်မကို ငါ ဒီည ရအောင်ဖမ်းမယ်” ဟာ စုန်းမကြီးတွေ သူတို့စက်တွေကို တဝင်းဝင်းနဲ့လွှတ်ပြီဗျို့။ စက်တွေက ကဝေကြီးဆီကို အကုန်ရောက်သွားတာဗျို့။ ကဝေရဲ့ စက်တွေက စုန်းမတွေရဲ့ စက်နဲ့ပေါင်းပြီး အရောင်တွေ ပိုတောက်လာတယ်ဗျ။ မဖဲဝါရဲ့စက်တွေက ရှေ့ကို တိုးမလာနိုင်တော့ဘူးဗျို့။ စောစောက ကဝေရာဇာရဲ့ စပြီးလွှတ်တဲ့အား သိပ်မပြင်းတဲ့စက်ကိုတော့ မဖဲဝါရဲ့စက်က ဖြတ်ထုတ်ပစ်လိုက်နိုင်တယ်ဗျ။ အခုတော့ ဘယ်လိုမှ ယှဉ်နိုင်ပုံ မပေါ်ဘူး။ ဟာ စက်တန်းကြီး။မဖဲဝါကို ပတ်နေပြီ။ မဖဲဝါ အသားဆတ်ဆတ်တုန်နေပြီဗျ။ ဒါပေမယ့် တောင့်ခံထားပုံပဲ။ ဒါပေမယ့် မဖဲဝါရဲ့ခေါင်းက နောက်ကိုလန်နေပြီ လက်ဝါးနှစ်ဖက်နဲ့တော့ ကဝေရဲ့ စက်တွေကို တွန်းထားတုန်းပဲဗျ။ဒီတိုင်းဆိုရင်တော့ မဖဲဝါ ရေရှည်ခံနိုင်ပုံ မပေါ်ဘူးဗျို့။
ဟာ မဖဲဝါ ဒူးထောက်ကျသွားပြီ။ “ဟား ဟား ဟား ဟား နင် ဘာခံနိုင်သေးတုံး သရဲမ ဟင် ကဝေရာဇာကို နင်ယှဉ်နိုင်မယ် ထင်လို့လား ကဲဟာ ကဲဟာ ” ပြောပြောဆိုဆိုနဲ့ လက်ချောင်းတွေကနေ စက်တွေထပ်လွှတ်တယ် ။ ဟာ ဖဲဝါ တဖြည်းဖြည်းနဲ့ သေးသွားပြီဗျို့။ဟာ သေးသေးလေး ဖြစ်သွားပြီဗျာ။ နှစ်လက်မလောက်ကလေးပဲ ရှိတော့တယ်။ ထဘီအနက် အင်္ကျီအနက်နဲ့ တကယ့်အရုပ် ကလေးကျနေတာပဲဗျာ။ဟာ ကဝေက စလွယ်သိုင်း လွယ်ထားတဲ့ သူ့လွယ်အိတ်ကြီးထဲက ပုလင်းတစ်လုံးကို ထုတ်တယ်။ပုလင်းက အဝကျယ်ကျယ်ဗျ။ အဖုံးက ဝက်အူရစ်အဖုံးအနက်ဗျ။ အဖုံးကို လှည့်ပြီး ပုလင်းကို ဖွင့်တယ်။ ပြီးတော့ မဖဲဝါသေးသေးလေးကို ဂုတ်ကကိုင်ပြီး ပုလင်းထဲကို ထည့်လိုက်တယ်။ “မှတ်ထား သရဲမ ဒါ “မှော်ဝင်ပုလင်း”လို့ခေါ်တယ်” မှော်ထောင်ချောက်ဟေ့ မှော်ထောက်ချောက် နင့်လို သရဲတွေ သရဲမတွေကို ဖမ်းတဲ့ ပုလင်းဟဲ့ ဒီပုလင်းထဲကနေ နင် ပြန်ထွက်ချင်ရင် ငါကို နင်သခင်မရဲ့ ပညာဗူး အပ်ပေတော့ အဲဒါ မအပ်မချင်း နင် ဒီပုလင်းထဲကနေ ဘယ်တော့မှ မထွက်ရတော့ဘူး မှတ်ပေတော့” “ဟီး ဟီး ဟီး ဟီး ” စုန်းမကြီးတွေက ကဝေရာဇာကြီးရဲ့ အောင်မြင်မှုကို ဝမ်းသားအားရ ဖြစ်နေကြတာဗျို့။ ကျုပ် ဒီတော့မှ ဘာလုပ်ရမယ်ဆိုတာ သိသွားတယ်ဗျို့။လွယ်အိတ်ရဲ့ ထောင့်မှာ ထည့်ထားတဲ့ ပစ္စည်းတစ်ခုကို ကျုပ်ထုတ်လိုက်တယ်။ ဆရာကြီးဦးမင်းအောင် နိုင်ငံခြားကို ပြန်မသွားခင်မှာ ကျုပ်ကို ပေးခဲ့တဲ့ ကဝေပိုက်ကွန်ဗျ။ကျုပ် ပိုက်ကွန်ကို ဖြန့်လိုက်ပြီး တံငါတွေ ကွန်ပစ်မယ့်ပုံမျိုး ကိုင်ထားလိုက်တယ်။
ပြီးတော့ ဂူတွေကိုတွယ်ပြီး သင်္ချိုင်းနောက်ဘက်ကို ပြေးခွက်တယ်။ကျုပ် တစ်ရှိန်ထိုး ပြေးထွက်သွားလိုက်တာ စုန်းမကြီးတွေ အံ့သြပြီး ကျုပ်ကို မျက်လုံးပြူးကြီး တွေနဲ့ ကြည့်နေကြတာဗျို့။သူတို့ ကျုပ်ကို ဘာမှ မလုပ်ရသေးခင် ကျုပ်က ကွန်ကို ပစ်လိုက်ပြီ။အုပ်သွားပြီ။အုပ်သွားပြီ။ ငါးယောက်စလုံးကို ကဝေပိုက်ကွန်က အုပ်မိသွားပြီဗျ။ အားလုံး ဘုန်းကနဲ လဲကျပြီး ဆန့်ငင် ဆန့်ငင် ဖြစ်နေရောဗျ။ကျုပ် ပိုက်ကွန်ကို လွှတ်ချလိုက်တယ်။ အချိန်မရှိဘူးဗျ။ကျုပ် လွတ်အိတ်ထဲက သံကဝေရုပ်ကလေးကို ထုတ်ပြီး ဂါထာစုတ်လိုက်တယ်။သံကဝေကလည်း ကျုပ်က အိမ်မှာ ကြိုပြီးနှိုးထားတော့ ချက်ချင်းကို အသက်ဝင်လာပြီး အရောင်တဝင်းဝင်း ထွက်လာတာဗျို့။ “ဝှီး ဝှီး ဝှီး” သံကဝေက ကျုပ်လက်ထဲက ပျံထွက်သွားပြီး ကဝေရာဇာကို ပတ်ပြီး ပျံနေတယ်။ကဝေရာဇာရဲ့ စက်တွေ အရောင်မှိန်သွားပြီဗျ။ ကဝေကြီးက မဖဲဝါကို ဖမ်းထားတဲ့ ဖန်ပုလင်းကို ကိုင်ထားရင်နဲ့ ကျုပ်ကို လှည့်ကြည့်တယ်။သူ့မယားတွေကို ကျုပ် ပိုက်ကွန်နဲ့ အုပ်ဖမ်းထားတာ တွေ့တော့ လန့်သွားပြီး … “ဟေ့ကောင်လေး မင်းက ဘယ်သူတုံး မလောက်လေး မလောက်စားနဲ့ မင်းက ဘာဝင်ရှုပ်တာတုံး ။ ငါ့ကိစ္စ ငါ လုပ်တာကို မင်းက ဝင်ရှုပ်ရအောင် မင်းက ဘာကောင်တုံး” ကဝေစက်အကျမှာ မဖဲဝါက အခွင့်ကောင်းယူလိုက်ပြီဗျို့။ “ခွမ်း” ကဝေလက်ထဲက မှော်ဝင်ပုလင်းကို မဖဲဝါက သူ့စက်တွေနဲ့ ခွဲပစ်လိုက်တယ်။
အပြင်လွင့်ထွက်သွားတာနဲ့ တစ်ပြိုင်နက်တည်းမှာ အရွယ်လည်း ပြန်ကြီးသွားပြီဗျ။ “အေမ” “မြောက်ဘက်ရှင်မ” မဖဲဝါရဲ့ အော်သံက ယာကွင်းကြီးထဲမှာ ဟိန်းပြီး ထွက်လာတာဗျို့။ဟာ မဖဲဝါရဲ့ တစ်ကိုယ်လုံးမှာ စက်ရောင်တွေ ပျိုးပျိုးပျက်ပျက် ထွက်လာတယ်ဗျို့။ဧန္တ မြောက်ဘက်ရှင်မက မဖဲဝါကို စက်တွေ ထပ်ပေးလိုက်ပြီ ထင်တယ်ဗျ။ ဟာ ဟာ မဖဲဝါ လက်နှစ်ဖက်က ထွက်လာတဲ့ စက်ရောင်က မျက်စိမခံနိုင်အောင်လို့ တောက်နေတာဗျို့။ ကဝေရာဇာကြီးကတော့ ကျုပ်ရဲ့ သံကဝေရုပ်ကလေး ပတ်နေတော့ တဖြည်းဖြည်း စက်အားတွေ ကျလာပြီး လူပါ ခွေကျသွားပြီး မြေကြီးမှာ ဒူးထောက်လျက်ကြီး ကျသွားရောဗျာ။ ခေါင်းကြီးကလည်း ငိုက်စိုက်ကြီး ကျနေတယ်။ ဒီတုန်းမှာပဲ မဖဲဝါရဲ့လက်က စူးပြီးတောက်နေတဲ့ စက်တန်းလေး တစ်တန်းက လှစ်ကနဲ ပြေးပင်ကို ပတ်လိုက်တယ်။ “ဟာ” ကျုပ်ပါးစပ်က လန့်ပြီးအော်လိုက်မိတာဗျို့။ ကဝေရာဇာကြီးလည်းပင်း တိကနဲ ပြတ်ကျသွားပြီဗျို့။
ကျုပ်မျက်စိတောင် ကျုပ် မယုံနိုင်အောင် ဖြစ်နေတာ လည်ပင်းငုတ်တိုကြီးကနေ ပန်းထွက်လာတဲ့ သွေးတွေဟာ နှစ်ပေလောက်တောင် ရောက်သွားတယ်ဗျ။ ကျုပ်လည်း ကျုပ်ရဲ့ သံကဝေရုပ်ကလေးကို ပြန်သိမ်းလိုက်တယ်။မဖဲဝါက ကျုပ်ကို လှမ်းကြည့်ပြီး သူ့လက်နှစ်ဖက်ကို ကြိုးဆွဲသလို ဆွဲပြတယ်။ ကျုပ် သိပြီ။ကျုပ် သိပြီ။ကဝေပိုက်ကွန်ကို ဆွဲယူခိုင်း တာဗျို့။ကျုပ် ချက်ချင်းပိုက်ကွန်ကို ပြန်သိမ်းလိုက်တယ်။ “ရွှီး ရွှီး” “ဟာ’ ကျုပ်လန့်ပြီးအော်မိပြန်ပြီဗျို့။ကျုပ်လည်း ကဝေပိုက်ကွန် သိမ်းလိုက်ရော မဖဲဝါက စောစောက ကဝေရာဇာကို လည်းပင်ဖြတ်တဲ့ စက်ကို စုန်းမတွေဆီ လွှတ်လိုက်တယ်ဗျ။ “အား အား အား ” စုန်းမကြီးတွေ အသံနက်ကြီးနဲ့ အော်လိုက်ကြတယ်။ ပြီးတော့ တွန့်လိမ့်ပြီးမှ ငြိမ်ကျသွားကြတယ်ဗျို့။ ကျုပ်ကဝေရာဇာကို ကြည့်လိုက်တော့ … “ဟာ ” ကျုပ် လန့်ပြီးအော်မိပြန်ရောဗျာ။ကဝေကြီးရဲ့ အလောင်းက လူမဟုတ်ဘူးဗျ။ခွေးမဲကြီးတစ်ကောင် ဖြစ်နေတယ်။ခွေးမဲကြီးက ဆန့်ဆန့်ကြီး သွေးအိုင်ထဲမှာ လဲနေတာဗျို့။ခေါင်းပြတ်ကြီးက တစ်ပေလောက်အကွာမှာ ခွေးခေါင်ကြီးပဲ။
“ဟာ” ကျုပ်မှာ အံ့သြရပြန်ရောဗျာ။စုန်းမကြီးတွေကို လှည့်ကြည့်တော့ လူတွေ ဟုတ်တော့ဘူးဗျာ အားလုံး လင်းတအသေ ငါးကောင် ဖြစ်နေရောဗျို့။ ကျုပ်အံ့သြပြီး မဖဲဝါကို လှည့်ကြည့်လိုက်တယ်။ မျက်လုံးနီနီကြီးတွေနဲ့ ကျုပ်ကို တစ်ချက်ကြည့်တယ်။ “ဝူး ဝူး ဝူး ဝူး ” ဒီတုန်းမှာပဲ မဖဲဝါရဲ့ ခွေးနက်ကြီးက အပြေးအလွှားရောက်လာပြီး မဖဲဝါရှေ့မှာ ရပ်လိုက်တယ်။ကဝေပိုက်ကွန်ကို သေသေချာချာ ခေါက်နေတဲ့ ကျုပ်ကို ခွေးနက်ကြီးက စိုက်ကြည့်နေတယ်ဗျ။ ဟော သွားကြပြီဗျို့။မဖဲဝါရော သူ့ခွေးနက်ကြီးရော ထွက်သွားကြပြီ။ ကျုပ်လည်း ရွာထဲကို ခပ်သုတ်သုတ် ပြန်ဝင်ခဲ့တယ်။ ကျုပ် အိမ်ပြန်ရောက်တော့ နာရီပြန်နှစ်ချက်ကျော် နေပြီဗျ။အဘနဲ့ အမေ မသိအောင် ကျုပ် အိမ်ထဲကို တိတ်တိတ်ကလေး ဝင်ပြီး အိပ်နေလိုက်တယ်။ ဒါပေမယ့် အိပ်လို့ ဘယ်ပျော်ပါ့မလဲဗျာ။ ပြီးပါပြီ စာဖတ်ပရိတ်သတ်များအားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ ဤဝတ္တုလေးအား ကြိုက်နှစ်သက်တယ်ဆိုရင် like and share လေးနဲ့ အားပေးသွားပါအုံးဗျာ





