ကြိုးနဲ့ ကာတဲ့ခြံ (စ/ဆုံး)

ကြိုးနဲ့ ကာတဲ့ခြံ (စ/ဆုံး)

မူရင်းရေးသားသူ – ဆရာတာတေ

https://tuckerclassesjackal.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

အဘထင်ဆိုတာ ကျုပ်တို့ ထနောင်းကုန်းမှာတော့ အထင်ကရ လူတစ်ယောက်ပေါ့ဗျာ။ ရွာတောင်ပိုင်းမှာ အိမ်ကြီးရခိုင်နဲ့ သပ်သပ်ခတ်ခတ် ကာထားတဲ့ အိမ်ဝိုင်းကြီးနဲ့ဗျ။ ရွာကလူတွေလည်း အဘထင် ဆိုလျှင် အားကြီး ရှိန်ကြတာဗျို့။အဘထင်က ထောင်ထွက်ကြီးလေဗျာ။ ထောင်ကျတော့ တစ်ခါမဟုတ်ဘူးဗျ။ ခဏခဏ ကျတာဆိုပဲ။ထောင်ထဲမှာတောင် ထောင်မင်းသား ဖြစ်နေတာတဲ့ဗျ။ ထောင်မင်းသားဆိုတာ ထောင်ကျလိုက် ပြန်လွတ်လိုက် ပြန်ကျလိုက် ဖြစ်နေတဲ့လူကို ခေါ်တာလေဗျာ။ ထောင်ထဲမှာတော့ အဘထင်က ထောင်အာဏာပိုင်တွေနဲ့ ရင်းနှီးပြီး လူယုံလိုကို ဖြစ်နေတာ ဆိုပဲ။ကျုပ်တို့ရွာကို ရောက်လာပြီး နေတဲ့ အချိန်က စပြီးတော့ အဘထင်က တကယ့်လူကောင်း တစ်ယောက်ပါပဲဗျာ။ အဘထင်က ကျုပ်တို့ရွာသား မဟုတ်ဘူးလေ။ တခြားက ပြောင်းလာပြီးတော့မှ ရွာမှာ ဝိုင်းပယ်ပြီး အိမ်ကြီးတစ်လုံး ဆောက်နေတာဗျ။

အစက သူ ဘယ်မှာနေတယ်။ ဘာမှုတွေနဲ့ ထောင်ကျခဲ့တယ်ဆိုတာ ဘယ်သူမှ သိတာ မဟုတ်ပါဘူး။ ကျုပ်တို့ရွာက လူသတ်မှုနဲ့ ထောင်ကျဖူးတဲ့ ကိုမောင်စိန်ကို အကြောင်းပြုပြီး ရောက်လာတာဗျ။ ထောင်ထဲမှ အဘထင်က ကိုမောင်စိန်ကို စောင့်ရှောက်ခဲ့တယ် ဆိုပဲ။ ကျုပ်တို့ရွာမှာ အဘထင်က ယာကလေး နည်းနည်းဝယ်ပြီး နွားတစ်ရှဉ်းနဲ့ ယာလုပ်တယ်။ သိပ်များများစားစားတော့ မဟုတ်ပါဘူး ။ ကိုမောင်စိန်က ဦးဆောင်ပြီး လုပ်ကိုင်ပေးတာပါ။ ကိုမောင်စိန်ကတော့ လွှတ်ရိုသေတာဗျ။ ဆရာထင်လို့ အမြဲခေါ်တယ်။ အဘထင်ကလည်း ကိုမောင်စိန်ကို တော်တော်ခင်ပါတယ်။ သူတို့နှစ်ယောက် ထောင်ကလွတ်တော့ ကိုမောင်စိန်က အရင်လွတ်တာတဲ့။ နှစ်တော်တော်ကြာမှ အဘထင်က လွတ်လာပြီး ကိုမောင်စိန်ဆီကို လိုက်လာတာဆိုပဲ။ ကိုမောင်စိန်က အဘထင်ရဲ့ အမှုအခင်းတွေအကြောင်းကို ပြောလေ့ပြောထ မရှိဘူးဗျ။သူတို့ကို လူတွေက ကြောက်လည်းကြောက်ကြတယ်ဆိုတော့ ဘယ်သူမှလည်း မမေးရဲကြပါဘူးဗျ။ ပြောရဦးမယ်ဗျို့။ တစ်ရွာလုံးက လူတွေ အဲဒီလောက် ရှိန်တဲ့ အဘထင်က ကျုပ်ကိုကျတော့ လွှတ်ခင်တာကလားဗျာ။ သူ့ဝိုင်းထဲကို သုံးလေးရက်လောက်များ မရောက်ရင် ကိုမောင်စိန်ကြီးကို ခေါ်ခိုင်းရောဗျ။

ရွာထဲက လူတွေကတော့ ကျုပ်အကြောင်းကို သိပြီးသားမို့လားဗျာ။ “တာတေတို့ကတော့ကွာ လူမိုက်လည်း မရှောင် စုန်းမလည်း မရှောင်တဲ့ကောင်ပဲကွာ” လို့ ကျုပ်ကွယ်ရာမှာ ပြောကြတယ်ဗျ။ သူတို့ပြောတဲ့ စုန်းမဆိုတာက ‘သင်္ချိုင်းတစ်ရာ ‘မှာ ကျုပ်ရေးခဲ့တဲ့ အရီးမယ်ခကို ပြောကြတာလေဗျာ ခင်ဗျား သိပါတယ် တစ်ရက်ကျတော့ အဘထင်က ကျုပ်ကို မေးတယ်ဗျ။ “တာတေ မင်း ကြောက်တတ်သလား” “ဟာ အဘထင်ကလည်း လူတိုင်းကြောက်တတ်တာပေါ့ဗျာ ကျုပ်လည်း လူပဲ ကြောက်တတ်တာပေါ့ဗျ” “အေး မင်း ပြောတာ မှန်တယ် တာတေ လောကမှ မကြောက်တဲ့သူ မရှိပါဘူး” အဘထင်က ကျုပ်ပြောတဲ့ စကားကို သဘောကျတယ်ဗျ။ “ဒါဆိုရင် ငါမေးမယ်။ မင်း သရဲကြောက်တတ်သလား” “ဟာ ကြောက်တာပေါ့ အဘထင်ရ။ ကြက်သီးတွေ တဖျန်းဖျန်းထအောင် ကြောက်တာဗျ။ ဒါပေမဲ့ ကျုပ်က ထွက်တော့ မပြေးဘူးဗျ။ “ဟား ဟား ဟား ဟား တာတေ။ အဲဒါ မင်း မကြောက်တတ်တာပေါ့ကွ မင်းပြောတဲ့ ကြက်သီးတွေ တဖျန်းဖျန်း ထတယ်ဆိုတာ ကြောက်တာ မဟုတ်ဘူးကွ။

လန့်တာ ။ အဲဒါ လန့်သွားတာကွ” “ဟင် ဟုတ်လားဗျ အဘထင် ။ ကျုပ်ကတော့ ကြောက်တာလို့ ထင်နေတာဗျ” “မင်း မကြောက်တတ်ပါဘူး တာတေ ငါက အကြောင်းရှိလို့ မင်းကို မေးတာပါ။ “ဟင် ဘာအကြောင်းတုံးဗျ အဘထင်” “ဒီလိုကွ တာတေရ ။ ငါ ဒီည ဒီဝိုင်းထဲမှာ သရဲကျွေးဖို့ ရှိတယ်ကွ ” “ဗျာ သရဲကျွေးဖို့ ဟုတ်လား အဘထင်” “အေး ဟုတ်တယ်ကွ သရဲဆိုပေမယ့် ငါနဲ့ ထောင်ထဲမှာ အတူတူနေခဲ့တဲ့ လူတစ်ယောက်ပေါ့ကွာ ထောင်ထဲမှာတုန်းက ငါ့ကို သိပ်ခင်တဲ့လူကွ သူ့သေတော့ သူကို ငါ မွေးထားတာ” “ဗျာ ဒါ ဒါဆိုရင် အဲဒီလူက သရဲဖြစ်သွားတာပေါ့ ဟုတ်လား အဘထင်” “ဟုတ်တာပေါ့ တာတေရာ ။ သူ သရဲ ဖြစ်သွားတာ ။ သူက ရိုးရိုးသေတာ မဟုတ်ဘူးလေကွာ ကြိုးပေးခံရတာကွ” “ဟင် ဟုတ်လား အဘထင်။ သူက ဘာမှုဖြစ်လို့တုံးဗျ” “တကယ်တော့ သူက ဖောက်ထွင်းဝိဇ္ဇာပါကွာ ဒါပေမဲ့ အဲဒီတစ်ခေါက် အိမ်ဖောက်တော့ အိမ်ထဲမှာတင် သူ့ကို ပိတ်မိသွားပြီး ထွက်ပေါက်မရှိတော့ လူသုံးယောက်ကို သတ်ပြီး ထွက်ခဲ့ရတာကိုးကွ။ အဲဒီအမှုနဲ့ သူထောင်ကျလာတာ။

လူသုံးယောက်တောင် သတ်တာဆိုတော့ သူကို ကြိုးပေးတာပေါ့ကွာ သူ့နာမည်က ကိုသြတဲ့ကွ တာတေရ” “သူ အခု ဘယ်မှာနေတုံး အဘထင်” “ဒီဝိုင်းထဲမှာပဲ ငါနဲ့အတူတူ နေတာလေကွာ” “ဗျာ ဒါဆိုရင် အခု သူ ရှိနေတာပေါ့ ဟုတ်လား အဘထင်” “အေးပေါ့ကွ ရှိတာပေါ့ တာတေရ” “အဘထင် မကြောက်ဘူးလား” “စောစောက ပြောသလိုပေါ့ကွာ တစ်ခါ တစ်ခါတော့ လန့်သွားတာတော့ ရှိတာပေါ့ကွ ။ ကြောက်တော့ မကြောက်ပါဘူး” “သူ့နာမည် ဘယ်သူတုံး အဘထင်” ကျုပ်က အဘထင်ပြောလိုက်တဲ့ နာမည်ကို မသေချာလို့ ထပ်မေးလိုက်တယ်။ “အေး လူ့ဘဝတုန်းကတော့ သူနာမည်က ကိုသြလို့ ခေါ်တယ်ကွ ။ ထောင်ထဲမှာတော့ ဆရာသြလို့ ခေါ်ကြတယ်။ လူက ဖောက်ထွင်းဝိဇ္ဇာသာ ဆိုတယ် စာတတ်ပေတတ်ဗျ” “သြော် ဟုတ်လား ” “အေး…သူက ငါနဲ့အတူ လိုက်လာပြီးနေတော့ တစ်လတစ်ခါ သူကို ငါက ကောင်းကောင်းမွန်မွန် ကျွေးရတာပေါ့ ။ သူက ထောင်ထဲမှာ ငါ့မိတ်ဆွေဆိုလည်း ဟုတ်တယ်။ သူ့ကျေးဇူးတွေကြောင့် ငါ အခုလို စိတ်ထားမျိုးတွေ ဖြစ်လာတာကွ ။

အခုလို ဘဝနဲ့ လူတစ်လုံး သူတစ်လုံး နေနိုင်တာကွ။ သူ မသေခင်က ငါ့ကို အများကြီး ဆုံးမသွန်သင်တာပေါ့ တာတေရာ” “အေး …အဲဒါ ဒီည ကိုသြကို ကျွေးဖို့မွေးဖို့ ရှိတယ်ကွ။ မောင်စိန် ဆိုတဲ့ ကောင်က အားကြီး ကြောက်တာတာ။ မောင်စိန်က မင်းတို့လို လန့်တာ မဟုတ်ဘူးကွ။ သူက ကြောက်တာကွ တာတေရ။အဲဒီလို ကျွေးတဲ့ညဆိုရင် ဒီကောင် ဘယ်တော့မှ မလာဘူး။ ရှောင်နေရော ငါကလည်း အသက်ကြီးလာတော့ ကျွေးဖို့မွေးဖို့တွေ လုပ်ရတာ ပင်ပန်းလာပြီကွ ။ အဲဒါ ဒီည မင်းလာပြီး ကူနိုင်မလားလို့ မေးတာပါ” “သြော် ဒီလိုလား စိတ်ချ အဘထင် ညကျရင် ကျုပ် ဆက်ဆက် လာခဲ့မယ် နို့ ဘာတွေ ကျွေးရမှာတုံးဗျ” “ဆန်တစ်စိတ်နဲ့ ဆိတ်တစ်ကောင်ကွ” “ဗျာ” “အေး ဟုတ်တယ် ဆရာသြက အကောင်တော်တော်ကြီးနေပြီကွ။ နည်းနည်းပါးပါးနဲ့ မဝတော့ဘူး။ ဆိတ်တစ်ကောင်လုံး တင်ပေးရတယ် ပြီးတော့ အမဲသား သုံးပိဿာချက်ပေးရတယ်။ ထမင်းကတော့ တစ်စိတ်ချက်ကွ။ တစ်စိတ်ဆိုတော့ လေးပြည်ပေါ့ကွာ” “စားတော့ ကုန်ရောလားဗျ” “ဟာ ကုန်ပါပြီလား တာတေရာ ပြိုက်ခနဲ နေအောင် ကုန်တာပေါ့ကွာ” အဲဒီညက အဘထင်ရဲ့ ဝိုင်းထဲကို ကျုပ် ရောက်သွားတော့ ည ၁၀ နာရီလောက် ရှိပြီဗျ။

လေးပေါင်းလေးဘက် ပိုင်းပြီး ကင်ထားတဲ့ ဆိတ်တစ်ကောင်ရယ် အမဲသား သုံးပိဿာကို ကျကျနန ချက်ထားတဲ့ မွှေးကြိုင်နေတဲ့ ဟင်းရယ် ဆန်လေးပြည်ကို ချက်ထားတဲ့ ထမင်းအိုးကြီးရယ် အဆင်သင့် ဖြစ်နေပြီဗျ။ “ကဲ တာတေရေ။ မင်းရောက်လာတာ အချိန်ကိုက်ပဲဟေ့။ လာ ဝိုင်းနောက်ဘက်မှာ စားပွဲခုံခင်းကွာ” အဘထင် ပြောတဲ့ အတိုင်း ကျုပ်က စားပွဲခုံအဝိုင်းကို မ,ထူပြီး ဝိုင်းနောက်ဘက်မှာ ခင်းလိုက်တယ်။ မြေကြီးပေါ်မှာပဲပေါ့ဗျာ။ အဘထင်ရဲ့အိမ်ကြီး ခြေရင်းဘက် ကျတာပေါ့။ အဲဒီဘက်မှာက သစ်ပင်ကြီးကြီးတွေ ရှိတယ်ဗျ။ မန်ကျည်းပင်နှစ်ပင်နဲ့ မနီးမဝေးမှာ သစ်ပင်အိုကြီး နှစ်ပင်လည်း ရှိတယ်။ နေ့ခင်းဘက်ဆိုရင် နေပျောက်တောင် မထိုးဘဲ လွှတ်အရိပ်ကောင်းတဲ့ နေရာပေါ့ဗျာ။ ထူးတော့ ထူးသားဗျ။ အဲဒီသစ်ပင်ကြီးတွေ အောက်မှာ အမှိုက်သရိုက်ဆိုတာ မတွေ့ရဘူး။ မြေပြင်ကလေးက ပြောင်ရှင်းနေတာ။ အဘထင်ပဲ အမှိုက် အမြဲလှည်းထားလို့လားတော့ မသိဘူးဗျ။ သန့်ရှင်းနေတာ။ ကျုပ် စားပွဲခုံခင်းပြီးတာနဲ့ အဘထင်က ထမင်းတောင်းတွေ သယ်လာတယ်။အဆင်သင့်လုပ်ထားတဲ့ ငှက်ပျောဖက်တွေကို စားပွဲခုံပေါ်မှာ ခင်းတယ်။ စားပွဲခုံကြီး အကျယ်ကြီးမှာ ငှက်ပျောဖက် အပြည့် ခင်းလိုက်တာ။ “ကဲ တာတေရေ ။

ဟင်းအိုးနဲ့ ဆိတ်ကင် သယ်ကွာ” ကိုသြလိုခေါ်တဲ့ ဖောက်ထွင်း ဝိဇ္ဇာသရဲကြီးကို အဘထင်က ကျွေးမွေးတဲ့နေရာမှာ အဖြစ်ကျွေးတာ မဟုတ်ဘူးဗျ။ဧည့်ကောင်းစောင်းကောင်းကို ဧည့်ခံသလို ကျကျနန ကျွေးတာဗျို့။ စားပွဲခုံ အကြီးကြီးမှာ အားလုံးခင်းကျင်းပြီးသွားတော့ လက်ဆေးဖို့ ရေအင်တုံ တစ်လုံး ။ ပြီးတော့ သရဲကြီးသောက်ဖို့ သောက်ရေကို ရေပုံးနဲ့တစ်လုံး ထည့်ထားတယ်။ အဲဒီသောက်ရေပုံးထဲမှာ ရေခပ်သောက်ဖို့ ငွေဖလား တစ်လုံးလည်း ထည့်ထားတယ်။ စားပွဲခုံနဲ့ မလှမ်းမကမ်းမှာ ဖယောင်းတိုင် သုံးတိုင်ကိုလည်း ထွန်းလိုက်သေးသဗျ။ချက်ထားတဲ့ အမဲသားဟင်းတွေကို စားပွဲခုံကြီးအပြည့် ပုံထားတဲ့ ထမင်းဖြူဖြူတွေပေါ်ကို အားလုံးလောင်းထည့်ထားတာ။ ပြီးတော့ ကင်ထားတဲ့ ဆိတ်တစ်ကောင်လုံးရဲ့ အသားတွေကို ထမင်းတစ်ပုံကြီးပတ်လည်မှာ ဖြန့်ပြီး စီထားတာဗျ။မွှေးကြိုက်နေတာ ပါပဲဗျာ။ ကျုပ်တောင် သရေယိုချင်သလို ဖြစ်လာတာဗျို့။

“တာတေ နောက်ဆုတ်နေ ဆရာသြကို ငါ့ ပင့်တော့မယ်” လို့ အဘထင်ကပြောတော့ ကျုပ်လည်း နောက်ဆုတ်ပြီး ဆိတ်ဖလူးပင်အောက်ကနေ ကြည့်နေလိုက်တယ်။ “ထောင်တွင်းမှာ အကျဉ်းစံဘဝနဲ့ အတူတူနေရစဉ် အတွင်းမှာ ကျွန်ပ် ထောင်မင်းသား ငဘိုးထင်အပေါ်မှာ ညီလို တပည့်လို စောင့်ရှောက်သွန်သင်ခဲ့တဲ့ ဆရာသြခင်ဗျာ… ဆရာသြက ငဘိုးထင် ငါသေရင် ကျွတ်မှာမဟုတ်ဘူး။ ငါလုပ်ခဲ့တဲ့ အကုသိုလ်တွေကြောင့် သရဲဖြစ်မှာ အသေအချာပဲ ။ သရဲဘဝနဲ့ ငတ်ပြတ်နေရမှာမျိုးကို ငါ မလိုလားဘူးကွ။ဒီတော့ မင်း ငါ့ကို မွေးပါလို့ မှာခဲ့တဲ့အတွက် ဆရာသြ မှာတဲ့အတိုင်း ကျုပ်အားလုံးကို စီစဉ်ပြီး မွေးခဲ့ကြတယ်။ တစ်လ တစ်ကြိမ် ဆရာသြကို ဝဝလင်လင် ကျွေးမွေးခဲ့ပါတယ် ဆရာသြ လိုတာရှိရင် တပည့်ငဘိုးထင်ကို အချိန်မရွေးပြောပါ။ ကဲ စားပွဲ သောက်ပွဲစဖို့ အချိန်ရောက်ပါပြီ ဆရာ။ အခု ချက်ချင်း ကြွရောက်ပါ။အားရပါးရ စားသောက်ပါ။ ဆရာ ဆရာသြရေ စားပါ ။ သောက်ပါ။ဆရာသြရေ စားပါ။ သောက်ပါဗျာ” ပြောဆိုပြီးတာနဲ့ အဘထင်က ကျုပ်ဘေးမှာ လာရပ်တယ်ဗျ။

ကျုပ်တို့ရွာသားတွေ အရမ်းကြောက်တဲ့ ဦးဘိုးထင်လို့ခေါ်တဲ့ ထောင်ထွက်ကြီးက အရပ်ကြီးကလည်း မြင်ြ့မင့်။ကိုယ်လုံးကြီးကလည်း ထွားထွားကြီးဗျ။ပုဆိုး အပြာကွက်တုံးကြီးကိုလည်း အမြဲဝတ်တာ။ အပေါ်ပိုင်းကတော့ ဖျင်ကြမ်းအင်္ကျီအဖြူကလွဲ၍ ဘာမှမဝတ်တော့ဘူးဗျ။ ခေါင်းကတော့ ကတုံးကို အမြဲတမ်း ပြောင်အောင် ရိတ်ထားတာ။ဒီအဘိုးကြီးက ကျုပ်တို့တော့ လွှတ်ခင်တာဗျ။ ကျုပ်မို့လို့ သူ့အိမ်ကို လာလည်ရင် အားကြီးဝမ်းသာတာ။ လက်ဖက် ။ မြေပဲ။ ပေါက်ပေါက်ဆုပ်။ရေနွေးကြမ်း ဘယ်တော့မှ မပြတ်စေရဘူး။ တစ်ခါ တစ်ခါတော့ အမဲခြောက်ဖုတ် ဆီစိမ်ကလေး ပါသေးသဗျ။ ပြီးတော့ သူငယ်ငယ်က ပေခဲ့ တေခဲ့တာတွေ။ မိုက်ခဲ့တာတွေ ထောင်တွေ ခဏခဏကျပြီး ထောင်မင်းသား ဖြစ်လာတော့တွေ ထောင်ထဲမှာ သူနဲ့အတူတူ ထောင်ကျခဲ့တဲ့ လူဆိုး လူမိုက်ကြီးတွေအကြောင်း ထောင်ထဲမှာဖြစ်တဲ့ အင်မတန် ထူးဆန်းတဲ့အကြောင်းတွေ ထောင်ထဲမှာ တစ်ခါ တစ်ခါ တွေ့ရတတ်တဲ့ တစ်တောင်ကျော်ကျော်လောက်ရှိတဲ့ သရဲခြေရာကြီးတွေအကြောင်း အို စုံလို့ပါပဲဗျာ။

ကျုပ်က အဲဒါတွေကို နားထောင်ချင်လို့ အဘထင်ဆီကို လာလာနေတာဗျ။အဲဒါကို ကျုပ်တို့ရွာသားတွေက ထောင်ထွက်လူမိုက်ကြီးနဲ့ တရင်းတနှီး နေရမလားဆိုပြီး ပြောဆိုကြတာပေါ့ဗျာ။ပြောတဲ့အထဲမှာ ကျုပ်အဘနဲ့ အမေလည်း ပါတာပေါ့ဗျာ။ ဟာ စားပြီဗျို့။စားပြီး။ အဘထင်ရဲ့ ဆရာ သရဲကြီးတော့ ရောက်လာပြီ ထင်တယ်ဗျ။ဟာ ထမင်းတွေရော ဟင်းတွေရော ပြိုက်ခနဲ လျော့သွားတာဗျို့။ “တွေ့လား တာတေ။ ဆရာသြ စားသောက်နေပြီ။ အားရပါးရကို စားတာကွ။ကြည့်စမ်း ။ ကြည့်စမ်း ဟိုဆိတ်ပေါင်ကြီးမှာ သွားရာကြီး ထင်သွားတာ နည်းတဲ့ပါးစပ်ကြီး မဟုတ်ဘူးကွ။ ငါစိတ်ထင်တော့ ဆရာသြအရပ်က ထန်းပင်လောက်များ ရှိနေမလားပဲကွ” “ဟုတ်ပါ့ အဘထင်ရာ ဆိတ်တစ်ပေါင်များ သုံးလေးကိုက် ကိုက်လိုက်ရင် ကုန်ပါရောလားဗျ။ဟုတ်မယ်ဗျို့။ အရွယ်တော်တော်ကို ကြီးမယ်ပုံဗျ။ ထန်းပင်လောက် မမြင့်တောင် အုန်းပင်လောက်တော့ မြင့်မှာ သေချာတယ်” “ငါဝိုင်းထဲမှာ ဆရာသြရဲ့ ခြေရာကို ငါတစ်ခါ နှစ်ခါ မြင်ဖူးထားတာတယ်ကွ တာတေရ” “ဟင် ဟုတ်လား အဘထင် ။

တော်တော် ကြီးလား” “ကြီးပါပြီလားကွာ။ မင်းလက်တစ်တောင်လောက် ရှိမယ်ကွ” “ဟာ ဟုတ်လားဗျ။ဒီကိစ္စကို ရွာထဲက လူတွေသာသိရင် ကြောက်လိုက်ကြမှာ အဘထင်ရာ” “အေးပေါ့ တာတေရ။ဒီဝိုင်းထဲမှာ ဆရာသြ ရှိတာကို မသိလို့ပေါ့။သိသာသိရင် ဒီဘက်ကို လူတောင် လာရဲမှာ မဟုတ်ဘူးကွ” ကျုပ်တို့ စကားပြောတုန်းမှာပဲ စားပွဲခုံ အပြည့်ခင်းထားတဲ့ ဆန်လေးပြည်ချက် ထမင်းပုံကြီးက တစ်ဝက်ကျသွားပြီဗျို့။ အမဲသားတွေရော ဆိတ်သားတွေရော တစ်ဝက်လောက် ကျသွားပြီ။ဆရာသြကတော့ စားတုန်းပဲဗျ။ ဟာ ကျုပ်အခုမှ ကြည့်မိတယ်။ သောက်ရေပုံးထဲက ရေတွေလည်း တော်တော်လျော့နေပြီပဲ။ သရဲကြီးက သောက်ရေလည်း သောက်တာကိုး။ “လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဆရာမနိုင်ဘက် သူခိုးတစ်ယောက် ဝိုင်းကို ကျော်တက်လို့ ဆရာသြ တွန်းချလိုက်တာ ဖင်ထိုင်လျက် ပြုတ်ကျသွားတယ်။အဲဒီလို ပြုတ်အကျမှာ ဒီကောင်က မော့ကြည့်လိုက်တော့ ဆရာသြကို မြင်သွားပုံရတဲ့ကွ။ ငယ်သံပါအောင် အော်ပြီးစွတ်ပြေးတာ။ ဘန့်ဘွေးကုန်းအကျော်လောက် ရောက်တော့ အကြောက်လွန်တာ ထင်ပါရဲ့ကွာ။ မျက်လုံးကြီးတွေ ပြူးထွက်ပြီး သေနေပါရောလား။ အဲဒီတုန်းက ငါကလည်း အိပ်မပျော်တာနဲ့ အိမ်ထဲမှာ ထထိုင်နေတာကွ။

ဒီကောင် ကျော်တက်လာတာကို မြင်နေရတာ။နောက်တော့ ဒီအကောင် ပြုတ်ကျသွားပြီး ငယ်သံပါအောင် အော်လိုက်တာကို ကြားလိုက်ရတယ်။ နောက်နေ့ကျမှ ဒီကောင် သေသွားတာကို သိလိုက်ရတာ။ လူတွေကတော့ ဒီကောင် ဘာဖြစ်ပြီး သေသွားမှန်း မသိဘူးပေါ့ကွာ။ ငါလည်း အသာကလေးပဲ ငြိမ်နေရတာပေါ့ တာတေရာ” ကျုပ် အဘထင် ပြောတာကို နားထောင်နေတုန်း ထမင်းတွေရော ဟင်းတွေပါ ကုန်ပြီဗျို့။ ဟာ …ငှက်ပျောဖက်တွေပေါ်မှာ ထမင်းကျန် ဟင်းကျန် လုံးဝကို မရှိတော့တာဗျ။အားလုံးပြောင်သွားတာဗျို့။ “ဗွမ်း…ဗွမ်း” ဟာ လက်ဆေးအင်တုံကြီးထဲမှာ လက်ဆေးတဲ့အသံဗျ။ “ဗွမ်း…ဗွမ်း” သရဲကြီးက လက်ကို သေသေချာချာကို ဆေးတာဗျို့။ ဟော သောက်ရေပုံးထဲက ရေတွေလည်း ပြောင်သွားတာပဲဗျ။

အားလုံး သောက်ပစ်လိုက်ပြီထင်တယ်။ “အင်း…ဆရာသြက အကောင်ပိုကြီးလာတယ် ထင်တယ်ကွ။ ထမင်းတွေရော ဟင်းတွေပါ ခဏလေးနဲ့ ကုန်သွားတာ နောက်တစ်ခါ ဆိုရင်တော့ ထမင်းရော ဟင်းရော တိုးကျွေးမှ ဖြစ်မယ်ကွ တာတေရ။ငါ့ဆရာ ဆရာသြ မဝင်မလင်ဖြစ်နေရင် ဒုက္ခ ငါ ဘယ်လိုမှ စိတ်ကောင်းနိုင်မှာ မဟုတ်ဘူး” “ဟာ …ဖယောင်းတိုင်တွေ တစ်ပြိုင်တည်း ငြိမ်းကုန်ပြီ အဘထင်” လေလည်း မတိုက်ဘဲနဲ့ ဖယောင်းတိုင် သုံးတိုင်က တစ်ပြိုင်တည်းကို ငြိမ်းသွားတာဗျို့။ “အေး အဲဒါ သူသွားပြီလို့ ငါကိုနှုတ်ဆက်တာကွ တာတေရ။ ကဲ စားပွဲခုံတွေ သိမ်းရအောင်ကွာ” အဘထင်က အသက်ကြီးလာပြီဆိုတော့ အရင်လို သွက်သွက်လက်လက် မရှိတော့ဘူးလေ။ ဒါကြောင့်လည်း ကျုပ်ကို အကူခေါ်တာပေါ့ဗျာ။ “အဘထင် ဖယ်နေ ။ ကျုပ်သိမ်းလိုက်မယ်” ပြောပြောဆိုဆိုနဲ့ ကျုပ်က အိုးတွေ ခွက်တွေနဲ့ စားပွဲခုံကို သိမ်းလိုက်တယ်။အဲဒီညက စပြီး တစ်လ တစ်ခါ သရဲကြီးကျွေးတိုင်း အဘထင်ကို ကျုပ် သွားကူပေးရတာပေါ့ဗျာ။ ဒီအကြောင်းကို ရွာထဲမှာတော့ ယောင်လို့တောင် မဟရဲဘူးဗျို့။ အဘထင်ကို ကျုပ်တို့ရွာသားတွေက ထောင်ထွက်လူမိုက်ကြီးဆိုပြီး ကြောက်နေကြတာ။အခုလို သရဲကြီးကိုပါ မွေးထားမှန်းသိကြရင် ရွာလုံးကျွတ်တောင် တခြားကို ပြောင်းပြေးကြမလား မသိဘူးဗျ။ ကျုပ်လည်း အဲဒီညက စပြီး အလုပ်တစ်ခု ရသွားတာပေါ့ဗျာ။

ဖောက်ထွင်းဝိဇ္ဇာဟောင်း သရဲကြီး ဦးသြကို တစ်လ တစ်ခါ ကျွေးမွေးပေးရတဲ့ အလုပ်ပေါ့ဗျာ။နောက်တော့ အဘထင် သင်ပေးလို့ ဆိတ်လည်း ကောင်းကောင်း ကင်တတ်ပြီ။အမဲသားလည်း ချက်တတ်ပြီဗျ။ ဆန်တစ်စိတ်လောက်ကိုလည်း ကောင်းကောင်း ချက်တတ်နေပြီ။ လတိုင်း လကွယ်ညမှာ အဘထင်က သူ့ဆရာဟောင်းသရဲကြီး ဦးသြကို ကျွေးမွေးတာဗျ။တစ်လမှ ပျက်တာမဟုတ်ဘူး။ တစ်ရက်ကျတော့ အဘထင်က ကျုပ်ကို မေးတယ်ဗျ။ “တာတေ မင်းက အိမ်မှာအိပ်ရင် ဘယ်နားမှာ အိပ်တုံးကွ” “မိုးတွင်းတို့ ဆောင်းတွင်းတို့ ဆိုရင်တော့ အခန်းထဲမှာ အိပ်တယ်ဗျ။နွေဆိုရင်တော့ ကျုပ်က ပူတော့ အိမ်ရှေ့မှာ ထွက်အိပ်တာ အဘထင်ရ။ဘာဖြစ်လို့တုံး” ကျုပ်ကလည်း အဘထင် မေးတဲ့မေးခွန်းကို နည်းနည်းတော့ အံ့သြသွားတာပေါ့ဗျာ။ အဘထင်က တစ်ခုခုကို ခဏစဉ်းစားတယ်ဗျ။ ပြီးတော့မှ… “အခု နွေဆိုတော့ မင်း အိမ်ရှေ့မှာ အိပ်တာပေါ့ ဟုတ်လား” “ဟုတ်တယ်ဗျ။ကျုပ်အိမ်ရှေ့မှာ အိပ်တာ။ သိပ်ပူတဲ့ ညဆိုရင်တော့ ဝိုင်းထဲက မန်ကျည်းပင်အောက်က ကွပ်ပျစ်မှာ ခြင်ထောင်ကလေးထောင်ပြီး ဆင်းအိပ်တယ်” “ဟာ …ဒါဆိုရင် အဆင်ပြေတာပေါ့ကွာ။ အခုရက် ဝိုင်းထဲ ဆင်းအိပ်ကွာ” “ဟင် ဘာလုပ်မလို့တုံးဗျ အဘထင်” “အခုရက်အတွင်းမှာ ငါကိစ္စတစ်ခု ပေါ်လာလိမ့်မယ်ကွ” “တကယ်လို့ ပေါ်လာရင် မင်းကို လာနှိုးမလို့ပါ။ မင်း ငါနဲ့ အဖော်လိုက်ခဲ့ကွာ။

မင်းလည်း သုံးဖို့စွဲဖို့ ရမှာပေါ့ကွ” “ဗျာ အဘထင် ဓါးမြတိုက်ဦးမလို့လား” “ဟာ မဟုတ်တာကွာ တာတေရာ။ ငါ အဲဒီအလုပ်တွေ မလုပ်တော့တာ ကြာလှပြီပဲ။ ဒီလိုကွ။တစ်ချို့လူတွေက မြေကြီးထဲမှာ ပစ္စည်းဥစ္စာတွေမြှုပ်ပြီး ဝှက်တတ်ကြတယ်။ အေး…သူတို့ သေတဲ့ အခါကျတော့ မြှုပ်ထားတဲ့ ပစ္စည်းတွေကို စွဲပြီး စောင့်နေကြရတာပေါ့။ ငါ့ဆရာသြက ပစ္စည်းစွဲနေတဲ့ ဥစ္စစောင့်သရဲတွေနဲ့ တစ်ခါတစ်လေ တွေ့တတ်တယ်။အဲဒီသရဲတွေက ဒီဘဝကနေ ကျွတ်ချင် လွတ်ချင်ကြတာပေါ့ကွာ။ အဲဒါမျိုးဆိုရင် ဆရာသြက ငါ့ကို အိပ်မက်ပေးပြီး ပြောတယ်။ငါက သူတို့ပစ္စည်းတွေကို ညဘက်သွားပြီး တူးဖော်ယူရတယ်။ပြီးရင် သိုသိုသိပ်သိပ် ထုခွဲရောင်းချပြီး သူတို့အတွက် အလှူအတန်းတွေ လုပ်ပေးရတယ်ကွ။ ငါလည်း အဲဒီအထဲက တစ်ဝက်သုံးခွင့် ရတာပေါ့ကွာ” “ဟာ ဟုတ်လား အဘထင်။ ဆရာသြကို အဘထင် အိပ်မက်ထဲမှာ တွေ့ရတာပေါ့ ဟုတ်လား” “ဟာ…တွေ့ရတာပေါ့ကွ။ ငါ့ဆရာနဲ့ ငါနဲ့ စကားတွေ ပြောကြတာပေါ့” “ဆရာသြပုံစံက တော်တော်ကြောက်စရာ ကောင်းလားဗျ” “ဟာ တာတေရ။

အိပ်မက်ထဲမှာတော့ ဆရာသြက ထောင်ထဲမှာ ငါနဲ့ အတူတူ နေတုန်းက ပုံပဲပေါ့ကွ။ လူပုံစံပဲပေါ့” “သြော်” “အေး…အခုလည်း ဆရာသြ ငါ့ကို အိပ်မက်ပေးထားတာ သုံးရက်ရှိပြီကွ။အဆင်သင့်လုပ်ထား သူ လာခေါ်မယ်လို့ ပြောတယ်။ သူလာခေါ်တဲ့ ညကျရင် မင်းကို ငါလာခေါ်မလို့ မေးတာကွ ဆရာသြက မင်းကို ကောင်းကောင်းသိတယ်။ အိပ်မက်ထဲမှာ ငါ့ကို ပြောတယ်ကွ။ မင်းအဖော်ခေါ်ချင်ရင် တာတေကို ခေါ်ခဲ့ပေါ့တဲ့။ ငါက အရင်လောက် မသန်တော့ မြေတွေ ဘာတွေတူးရင် သိပ် မမြန်ဆန်တော့ဘူးလေကွာ” “သြော် ဒီလိုလား ။ ဒါကတော့ ကောင်းတဲ့အလုပ်ပဲ အဘထင်ရ။ ကိုယ်လည်း သုံးဖို့စွဲဖို့ရ။တစ်ဖက်သားလည်း ဥစ္စာစောင့်နေရတဲ့ ဘဝကနေ ကျွတ်လွတ်သွားတာပေါ့လေ” “အေး မင်းပြောတာ ဟုတ်တယ်ကွ။ ငါ အခုလို ချမ်းချမ်းသာသာ နေနိုင် စားနိုင်နေတာ အဲဒီကိစ္စတွေ လုပ်နေလို့ကွ ယာလုပ်တယ်ဆိုတာက ဟန်ပြလုပ်တာပါကွာ။ရတာလည်း မောင်စိန်ကို ပေးလိုက်တာပါ။ငါက သိပ်မယူပါဘူးကွာ” “နေပါဦး အဘထင်ရဲ့။အဲဒီလို ဥစ္စာတွေ တူးတော့ တော်တော်ကော ရလားဗျ” “သိပ်များများစားစား မရပါဘူးကွာ။ သူတို့ရှိတဲ့ပစ္စည်းကလေးတွေကို သူခိုးဓါးမြ ကြောက်လို့ ဝှက်ထားကြတာပါ။အဲဒါကလေးတွေကို ထုခွဲပြီး ငါလည်း သုံးရ သူတို့အတွက်လည်း အလှူအတန်း လုပ်ပေးရတာပေါ့ကွာ။အေး ဒီတစ်ခါတော့ ဘယ်လိုနေမယ် မသိသေးဘူးပေါ့ကွာ” “လာနှိုးဗျာ။

ဒီကိစ္စကို ကျုပ်တော်တော်စိတ်ဝင်စားသွားပြီဗျ။ ဒါထက် နေပါဦး အဘထင်ရဲ့။ကျုပ်တို့ တူးတဲ့ဆွတဲ့အချိန်မှာ အဲဒီဥစ္စာစောင့်နေတဲ့ သရဲက အန္တရာယ်တွေ ဘာတွေ မပေးပါဘူးနော်” “ဟာ တာတေကလည်း ဘယ်လာအန္တရာယ်ပေးမှာတုံးကွ။ သူကိုယ်တိုင်က ဒီဘဝကနေ ကျွတ်ချင်လွတ်ချင်လို့ ဒီလိုလုပ်ခိုင်းတာလေကွာ။အေး မင်းပြောသလို အန္တရာယ်ပြုတယ်ပဲထား။ ငါ့ဆရာကိုသြက တွယ်ထည့်လိုက်မှာပေါ့ကွ” “ဟင် ဒါဆို ဆရာသြကြီးပါ လိုက်မှာပေါ့ ဟုတ်လား” “ဟာ သူ မပါလို့ ဘယ်ဖြစ်မှာတုံး တာတေရဲ့” “သြော် ဟုတ်သားပဲ။ ကဲ ကျုပ်ဘက်ကတော့ လိုက်ဖို့ အဆင်သင့်ပါပဲဗျာ။အဘထင်သာ ကျုပ်ကို လာနှိုးပေတော့ ။ ဒီညက စပြီး ကျုပ်ဝိုင်းထဲ ဆင်းအိပ်မယ်” “အေး ဒါဆိုရင် အဆင်ပြေပြီပေါ့ကွာ။ မင်းလောက် သတ္တိကောင်းတဲ့လူငယ်မျိုးကို ငါ့တစ်သက်မှာ တစ်ခါမှ မတွေ့ဖူးသေးပါဘူး တာတေရာ” “ဟာ ကျုပ်က ဒီလောက်လည်း မဟုတ်ပါဘူးဗျ” အဲဒီညကစပြီး ကျုပ် ဝိုင်းထဲက ကွပ်ပျစ်မှာ ဆင်းအိပ်တယ်။ ဒါ တတိယမြောက်ညပဲဗျ။အရင်ညတွေကတော့ အဘထင် လာမနှိုးဘူးဗျ။ကျုပ်လည်း ညတိုင်း အဆင်သင့်ပြင်ထားတာပဲဗျ။ မြေတူးတဲ့ တူးရွင်းပြားကြီးကိုတောင် မသိမသာ ကျုပ်ကွပ်ပျစ်အောက်မှာ ယူထားတာဗျ။ ဒီညတော့ ဝိုင်းထဲမှာ လေကလေး တဖြူးဖြူးနဲ့ဆိုတော့ ကျုပ်လည်း စောစောပဲ အိပ်ပျော်သွားရောဗျို့။ “တာတေ တာတေ ထ ထ” ကျုပ်ကို လှုပ်နှိုးနေတာဗျ။

ကျုပ် နိုးသွားတော့ ကျုပ်အိပ်ရာဘေးမှာ ရပ်နေတဲ့ အဘထင်ကို ကြယ်ရောင် ဝိုးတိုးဝါးတားကလေးနဲ့ မြင်ရတယ်။ ကျုပ်ကလည်း အဘထင်လိုပဲ လေသံခပ်အုပ်အုပ်လုပ်ပြီး “အဘထင် သွားတော့မှာလား” “အေးကွ” ကျုပ်လည်း ခြင်ထောင်ထဲကထွက်ပြီး ကွပ်ပျစ်အောက်မှာ ထိုးထားတဲ့ တူရွင်းကိုပါ ယူလိုက်တယ်။ “ဒါ ဘာတုံးကြ” “တူရွင်းလေ အဘထင်” “အေး…ကောင်းတယ်။ကောင်းတယ်။ ငါက ပေါက်တူး ယူလာတယ်။ ပြီးတော့ ဂုန်နီအိတ်ခွံနှစ်လုံးလည်း ပါတယ်” ကျုပ်နဲ့ အဘထင်နဲ့ လေသံအုပ်အုပ်ကလေးနဲ့ ပြောကြပြီး ကျုပ်တို့ဝိုင်းထဲက ထွက်လာခဲ့တယ်။ “ဘုတ် ဘုတ် ဘုတ် ဘုတ်” ဟင် ကျုပ်တို့ရှေ့ ခပ်လှမ်းလှမ်းက ကြားတာဗျ။ ဘာသံပါလိမ့် “အဘထင် ရှေ့က ဘုတ် ဘုတ်နဲ့ ကြားလား ဘာသံတုံးဗျ” “တာတေကလည်း ဒါတောင် မသိဘူးလား။ အဲဒါ ကိုသြပေါ့ကွ။ခြေသံကို သေသေချာချာ နားထောင်ပြီး ခြေသံနောက်က လိုက်ရမှာ” “ဟင် ဟုတ်လား” ကျုပ်ဖြင့် ကျောထဲမှာ စိမ့်ကနဲတောင် ဖြစ်သွားတယ်ဗျ။ ကြက်သီးတွေလည်း ဖျန်းခနဲ ထသွားတယ်။ဟိုတစ်ခါက ပြောသလို ဖြစ်တာထင်ပါရဲ့ဗျာ။ကြောက်တာမဟုတ်ဘူး လန့်တာတဲ့။ “ဘုတ် ဘုတ် ဘုတ် ဘုတ်” မြေပြင်ပေါ်ကို နင်းတဲ့ ခြေသံက တော်တော်ပြင်းတာဗျို့။

ဒီခြေသံကို မှန်းကြည့်ရရင် ဆရာသြဆိုတဲ့ သရဲကြီးဟာ အရွယ်တော်တော်ကြီး ပုံရတယ်ဗျ။ အဘထင်က ပေါက်တူးနဲ့ ဂုန်နီအိတ်ခွံလိပ်ကိုထမ်း ကျုပ်က တူရွင်းပြားကို ထမ်းလို့ပေါ့ဗျာ။ညကလည်း လဆုတ်ညဆိုတော့ ကြယ်ရောင်ကလေးပဲ ရှိတာဗျ။ ရွာပြင်ရောက်တော့ ခြေသံကြီးက ဘန့်ဘွေးကုန်းဘက်ကို မသွားဘဲ မီးလောင်ကုန်းဘက်ကို သွားတာဗျို့။ “ဘုတ် ဘုတ် ဘုတ် ဘုတ်” အဘထင်ရော ကျုပ်ရော ခြေသံကို သေသေချာချာ နားစွင့်ပြီး နောက်က လိုက်ရတာပေါ့ဗျာ။ ဟော ခြေသံက တဖြည်းဖြည်းနဲ့ မီးလောင်ကုန်း သင်္ချိုင်းဘက်ကို သွားနေတာဗျ။ပစ္စည်းပိုင်ရှင်က သူ့ပစ္စည်းကို သင်္ချိုင်းထဲမှာများ လာမြှုပ်ထားလို့လား ကျုပ် တွေးကြည့်မိတယ်ဗျ။ မဟုတ်ဘူးဗျို့။ခြေသံကြီးက သင်္ချိုင်းထဲကို မဝင်ဘဲ ဘေးက ပတ်သွားတာဗျ။ “ဘုတ် ဘုတ် ဘုတ် ဘုတ်” သင်္ချိုင်းကုန်းကိုပတ်ပြီး ရွာဘက်ကို သွားတာဗျ။ ရွာထဲများ ဝင်မှာလားလို့ ကျုပ်မှာ စိုးရိမ်သွားတာဗျို့။ သူများဝိုင်းထဲမှာများ ဝင်တူးနေရမှာလားလို့ ပူသွားတာဗျို့။ “ဘုတ် ဘုတ် ဘုတ် ဘုတ်” မဝင်ဘူးဗျို့။မဝင်ဘူး။ရွာဘေးကပတ်ပြီး ယာခင်းကြီး တစ်ခုထဲကို ဝင်သွားတာ။ယာကွက်က တော်တော်ကျယ်သားဗျ။ ခပ်လှမ်းလှမ်းမှာ ထနောင်းပင်အုပ်အုပ်ကလေးဗျ။

ထနောင်းပင်သုံးလေးပင် စုပေါက်နေတဲ့ပုံဗျ။ “ဘုတ် ဘုတ် ဘုတ် ဘုတ်” ဟော သရဲကြီး ဦးသြရဲ့ ခြေသံက အဲဒီဘက်ကို သွားနေတာဗျ။ ထနောင်းတောကလေးဆီကို ဦးတည်ပြီး သွားနေတာဗျို့။ ဟော ထနောင်းတောကလေးနားမှာ ခြေသံပျောက်သွားပြီဗျ။ အဘထင်နဲ့ ကျုပ်လည်း ထနောင်းပင်တွေအောက်ကို ရောက်တော့ ဟိုကြည့် သည်ကြည့်ပေါ့ဗျာ။ ဘယ်နားသွားပြီး တူးရမှန်း မသိတာ။ “ညောင် ဘုတ်” ဟင် ကျုပ်တို့ ရပ်ကြည့်နေတုန်းမှာ ထနောင်းပုကလေးပေါ်ကနေ ကြောင်နက်ကြီးတစ်ကောင် ခုန်ချလာတာဗျို့။ အဘထင်ရော ကျုပ်ပါ ကြောင်နက်ကြီးကို လိုက်ကြည့်ကြတာပေါ့ဗျာ။ ကြောင်နက်ကြီးက သေးသေးမဟုတ်ဘူးဗျ။ ခွေးခပ်ငယ်ငယ်တစ်ကောင်လောက်ကို ရှိတာဗျာ။ မှောင်ထဲကနေ ကျုပ်ဒို့ကို စိုက်ကြည့်နေလိုက်တာ ကွမ်းသီးလုံးလောက်ရှိတဲ့ မျက်လုံးကြီးတွေက စိမ်းနေတာပဲဗျာ။ကျုပ်ဖြင့် ကျောထဲမှာ စိမ့်ခနဲ စိမ့်ခနဲ ဖြစ်သွားလိုက်တာဗျာ။ “ညောင်” “ဟဲ့” ကြောင်နက်ကြီး ‘ညောင်’ ဆိုပြီး ရုတ်တရက် ထအော်လိုက်တော့ အဘထင်တောင် လန့်သွားတာဗျ။ ‘ဟဲ’ ဆိုပြီး အဘထင် ယောင်အော်တယ်။အဘထင်က လူထွားကြီးဗျ။ ခေါင်းတုံးကြီးပြောင်ပြောင်နဲ့ ပုဆိုးကလည်း တိုတိုကြီး ဝတ်ထားတာ။

ကြောင်နက်ကြီးက ထနောင်းတောကလေးထဲ တိုးဝင်သွားပြီး အကြီးဆုံး ထနောင်းပင်ကြီးအောက်မှာ ရပ်တယ်။အပင်နှင့် နှစ်ပေကွာလောက်ကနေ ကျုပ်တို့ကို တစ်ချက်လှည့်ကြည့်ပြန်တယ်။ မျက်လုံးတွေက က စိမ်းပြီး တောက်နေတာဗျို့။ “ဂျစ် ဂျစ် ဂျစ် ဂျစ်” ဟော ကြောင်နက်ကြီးက သူ့လက်နှစ်ဖက်နဲ့ မြေကြီးကို တူးနေတယ်ဗျ။ကျုပ်တို့ကို လှည့်ကြည့်လိုက် မြေကြီးကို တူးလိုက်လုပ်နေတာဗျ။ “တာတေ အဲဒီနေရာကို သေသေချာချာ မှတ်ထား” အဘထင်က ကျုပ်ကို ခပ်တိုးတိုးပြောလိုက်တယ်။ ကျုပ်လည်း ကြောင်နက်ကြီး တူးတဲ့နေရာကို သေသေချာချာ မှတ်ထားလိုက်တာပေါ့ဗျာ။ သွားပြီဗျို့။ကြောင်နက်ကြီးက ထနောင်းပင်ကြီးအပေါ်ကို ဖက်ပြီး တက်သွားတယ်။ကျုပ် လိုက်ကြည့်နေတုန်းမှာပဲ အမှောင်နဲ့ရောပြီး ပျောက်သွားတယ်ဗျ။ “ကဲ…တာတေ ကြောင်နက်ကြီး တူးသွားတဲ့နေရာကို တူးကြစို့” အဘထင် ပြောလိုက်တော့ ကျုပ်လည်း ရှေ့ကိုတိုးပြီး ကြောင်နက်ကြီး တူးသွားတဲ့နေရာကို ကြည့်ရတာပေါ့ဗျာ။ အောင်မာ ကြောင်နက်ကြီး တူးသွားတဲ့နေရာက ခြောက်လက်မလောက်နက်တဲ့ ချိုင့်တောင် ဖြစ်သွားတာဗျ။ ကျုပ်လည်း အဘထင်ဆီက ပေါက်တူးကို ယူပြီး စတူးတော့တာပေါ့ဗျာ။ “ဒုတ် ဒုတ် ဒုတ် ဒုတ်” တိတ်ဆိတ်နေတဲ့ ယာခင်းကြီးထဲမှာ ကျုပ်ရဲ့ပေါက်တူးသံက ‘တဒုတ်ဒုတ်’နဲ့ အဆက်မပြတ်ကို ထွက်လာတာပေါ့ဗျာ။ ကျုပ်က ပေါက်တူးနဲ့ အဆက်မပြတ်ပေါက်တယ်။ အဘထင်က တူရွင်းပြားနဲ့ မြေတွေကို ကော်ထုတ်တယ်။ ကွမ်းတစ်ယာညက်လောက် ကျုပ်တို့ ဆက်တိုက်တူးလိုက်တော့ မြေကျင်းက တော်တော်နက်လာပြီဗျ။ “တာတေ ခပ်ဖြည်းဖြည်းပေါက်တော့ တော်တော်ကြာ အောက်ကပစ္စည်း ထိသွားမယ်” “ဟုတ်ကဲ့ အဘထင်” လို့ ပြောပြီး ကျုပ်က အားနည်းနည်းလျှော့ပြီး ပေါက်တယ်။ “ညောင်” လက်စသတ်တော့ ထနောင်းကိုင်းပေါ်မှာဝပ်ပြီး ကျုပ်တို့ ကြည့်နေတာကိုး။မျက်လုံးကြီးတွေများ စိမ်းနေတာဗျ။ “သတိပေးပြီဟေ့။ ပစ္စည်းတွေ့တော့မယ် ထင်တယ်။” ပေါက်တူးရပ်လိုက်တော့ ။

ဒီတူရွင်းပြားနဲ့ပဲ တူးတော့ ကျုပ်က ပေါက်တူးကို ချပြီး တူရွင်းပြားကို ယူလိုက်တယ်။တူရွင်းပြားကို မြေကြီးမှာ ထိုးစိုက်လိုက်။ခြေထောက်နဲ့နင်းပြီး ကော်ထုတ်လိုက်နဲ့ နောက်ထပ်ကွမ်းတစ်ယာညက်လောက် ထပ်ကြာတော့… “ဒုတ်” ဆိုတဲ့အသံကို မြေကြီးထဲက ကြားရတယ်ဗျ။ ဒီအချိန်ပဲ ထနောင်းကိုင်းပေါ်က ကြောင်နက်ကြီးကလည်း “ညောင် ညောင် ညောင်” လို့ ဆက်တိုက်အော်တာဗျို့။ကျုပ်နဲ့ အဘထင်လည်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြတယ်။ အဘထင်က မြေကျင်းထဲမှာ ထိုင်ချလိုက်ပြီး လက်နဲ့ ယယ်ထုတ်ပြီး လျှောက်စမ်းနေတယ်ဗျ။ “တာတေ ဂုန်နီအိတ်ကို ဖြေလိုက် အထဲမှာ နှစ်တောင့်ထိုး ဓါတ်မီးပါတယ်။ယူလိုက်” ကျုပ်ကလည်း အဘထင် ခိုင်းတဲ့အတိုင်း ဓါတ်မီး ရှာတယ်။ ပြီးတော့ အဘထင်ကို ဓါတ်မီး ခပ်အုပ်အုပ်လုပ်ပြီး ထိုးပြတယ်။ “တွေ့ပြီကွ ။ တွေ့ပြီ” lကျုပ်လည်း သေသေချာချာ ငုံ့ကြည့်တော့ စဉ့်အိုးကလေးရဲ့ နှုတ်ခမ်းရစ်ခလေးဗျ။ ဟာ နှစ်လုံးဗျ။ အိုးအရွယ်ကတော့ ကျုပ်တို့အိမ်တွေမှာ ငါးပိသိပ်တဲ့ ငါးပိအိုးအရွယ်တွေဗျ။ နှစ်အိုးတောင်။ “တာတေ အိုးတွေပေါ်အောင် ဘေးက ကပ်တူးဟေ့” ကျုပ်လည်း တူရွင်းနဲ့ အိုးတွေ ကပ်ပြီး တူးတယ်။ သိပ်မတူးလိုက်ရပါဘူးဗျာ။အိုးနှစ်လုံးကို ဆွဲထုတ်လို့ ရသွားတယ်ဗျ။အပေါ်မှာ ပြာတွေ ဖုံးထားတာဗျာ။ Aပထမတစ်အိုးကို အဘထင်က ပြာတွေ ယက်ထုတ်လိုက်တော့ ဝင်းခနဲ ပေါ်လာတယ်ဗျ။

“ဟာ ရွှေဒင်္ဂါးတွေကွ တာတေရ” ဟုတ်ပါ့ဗျာ ရွှေဒင်္ဂါးပြားတွေ ပေါ်လာတယ်ဗျ။ အဘထင်က နောက်တစ်အိုးကို ပြာတွေ ဖယ်ထုတ်ပြန်တယ်။ “ဟာ ဒါက ငွေဒင်္ဂါးတွေကွ” Tဟုတ်တယ်ဗျို့။ငွေတွေမှ ဖွေးနေတာဗျို့။ သြော် ဒါတွေကို စွဲပြီး စောင့်နေတာကိုးလို့ ကျုပ်စိတ်ထဲမှာ တွေးမိတယ်။ “ညောင် ညောင်” ထနောင်းပင်ပေါ်က ကြောင်နက်ကြီးက စူးစူးဝါးဝါး အော်လိုက်တော့မှ ကျုပ်တို့လည်း သတိဝင်သွားပြီး … “ကဲ ဂုန်နီအိတ်တွေထဲကို အိုးတစ်လုံးစီထည့်ကွာ။ ကဲ ခြေရာလက်ရာ မပျက်အောင် ကျင်းကို kမြေပြန့်ဖို့ကြရအောင် တာတေရ” ကျုပ်နဲ့ အဘထင် မြေကျင်းကို ကျကျနန ပြန်ဖို့ပြီး ခြေရာလက်ရာ မကျန်အောင် မြေကိုညှိလိုက်ပြီး အပေါ်မှာ သစ်ရွက်ခြောက်တွေ ဖြန့်ထားလိုက်တယ်။ အိုးတွေကို ဂုန်နီအိတ်ထဲထည့်ပြီး တစ်ယောက် တစ်အိုး ထမ်းကြတယ်။တစ်ဖက်ကလည်း ပေါက်တူးနဲ့ တူးရွင်းကို တစ်ယောက် တစ်ခုစီ ကိုင်ရတာပေါ့ဗျာ။ဓါတ်မီးကိုတော့ အဘထင်က သူ့ခါးမှာ ထိုးတယ်ဗျ။ “ဘုတ် ဘုတ် ဘုတ် ဘုတ်” ကျုပ်တို့နှစ်ယောက် အဆင်သင့်ဖြစ်တာနဲ့ ခြေသံကြီး ပြန်လာရောဗျို့။သရဲကြီး ဆရာသြက ရှေ့က ဦးဆောင်ပြီး လာလမ်းအတိုင်း ပြန်ခဲ့ကြတယ်။ hမီးလောင်ကုန်းရွာရဲ့ သုသာန်ကြီးပတ်ပြီး လာတဲ့လမ်းအတိုင်း ထနောင်းကုန်းကို ပြန်ခဲ့တာပေါ့ဗျာ။ရွာထဲဝင်တော့ တစ်ရွာလုံး အိပ်မောကျနေတာဗျ။ “ဘုတ် ဘုတ် ဘုတ် ဘုတ်” ဆိုတဲ့ ခြေသံကြီးက အဘထင်ရဲ့ အိမ်ဝိုင်းထဲကို ရောက်တော့ ပျောက်သွားရောဗျို့။ရွှေဒင်္ဂါးအိုးနဲ့ ငွေဒင်္ဂါးကို အဘထင်ရဲ့ အိမ်ကြီးပေါ်အရောက် ကျုပ် တင်ပေးခဲ့တယ်။

ပြီးတော့မှ အဘထင်နဲ့ ကျုပ်နဲ့ ခြေတွေလက်တွေ ဆေးကြရတာပေါ့ဗျာ။ “ကဲ အဘထင် ကျုပ် ပြန်တော့မယ် ” “အေး အေး ငါ လိုက်ပို့ရမလား တာတေ” “ဟာ မလိုပါဘူး အဘထင်ရာ” ကျုပ်အိမ်ကိုပြန်ရောက်တော့ မန်ကျည်းပင်အောက်က ကွပ်ပျစ်ပေါ်မှာ လှဲချလိုက်တယ်။ဒါပေမဲ့ ချက်ချင်းအိပ်လို့ မပျော်ဘူးပေါ့ဗျာ။တောင်တွေး မြောက်တွေး ဖြစ်နေတော့တာပေါ့။ခြင်ထောင်ထဲဝင်ပြီး ငြိမ်နေလိုက်တာ တော်တော်ကြာမှ အိပ်ပျော်သွားတယ်ဗျ။ အိပ်မက်ထဲမှာ ခွေးလောက်ရှိတဲ့ ကြောင်နက်ကြီးက ကျုပ်ကို မျက်လုံးစိမ်းစိမ်းကြီးတွေနဲ့ စိုက်ကြည့်နေတာဗျို့။ aကျုပ်ဖြင့် လှုပ်တောင် မလှုပ်ဝံ့ပါဘူးဗျာ။ “ဟဲ့ တာတေ ထလေ။ နေတောင် မြင့်နေပြီဟဲ့။ ဘာတုံး နင် နေမကောင်းဘူးလား” ကျုပ် အမေ လာနှိုးတော့မှ ကျုပ် နိုးသွားတာဗျို့။ တော်သေးတာပေါ့ဗျာ။အမေသာ လာမနှိုးရင် ကြောင်ကိုက်ခံရလို့ တာတေ သေတောင် သေမလား မသိဘူး။တစ်ပတ်လောက်ကြာတော့ ကျုပ် အဘထင်ရဲ့ ဝိုင်းကို ရောက်လာတယ်။ “လာဟေ့ တာတေ မင်းမလဲ ပျောက်ပြီဆိုရင် ပေါ်ကို မလာတော့တဲ့ကောင်ပဲ။မောင်စိန်ကိုတောင် ခေါ်ခိုင်းတော့မလို့ကွ” အဲဒီနေ့က ကျုပ်အိမ်ပြန်တော့ အဘထင်က ကျုပ်ကို အဝတ်အိတ်ကလေး တစ်ထုပ်ပေးတယ်။အိမ်ရောက်တော့ ကျုပ်အခန်းထဲဝင်ပြီး အသာတိတ်တိတ် ထုတ်ကြည့်တော့ ရွှေဒင်္ဂါးပြား နှစ်ဆယ်။ကျုပ်လည်း အဘထင်ပေးတဲ့ အိတ်အတိုင်းပဲ ကျုပ်သေတ္တာထဲထည့်ပြီး သော့ခတ်ထားလိုက်တယ်။ နောက်တစ်လလောက်ကြာတော့ အဘထင်နဲ့ ကိုမောင်စိန် မီးလောင်ကုန်းမှာ အလှူသွားလုပ်တယ်။ ရွာဦးက ဘုရားကိုလည်း ထီးအသစ်ပြန်တင်တယ်။ ကျောင်းကိုလည်း ပျက်တာတွေ အားလုံးပြန်ပြင်ပေးလိုက်တယ်။

အားလုံးပြီးတော့ ရေစက်ချပြီး အမျှဝေပေးတယ်။ ဘယ်သူ့ကို ရည်စူးပြီး အမျှဝေမယ်ဆိုတာ ကျုပ် သိပြီးသားပါလေ။ ထနောင်းတောအုပ်ကလေးထဲမှာ ကျုပ်တွေ့ခဲ့တဲ့ ကြောင်နက်ကြီး အသွင်ယူထားတဲ့ ရွှေဒင်္ဂါးအိုးနဲ့ ငွေဒင်္ဂါးတွေရဲ့ ပိုင်ရှင်ကိုပေါ့ဗျာ။ ကျွတ်ပါစေ လွတ်ပါစေလို့ ကျုပ်လည်း ဆုတောင်းပေးလိုက်ပါတယ်။ တစ်နှစ်ဆိုတဲ့အချိန်ဟာ ဘာကြာတာမှတ်လို့ဗျာ။ အဘထင် မမာဘူးဗျ။ကိုမောင်စိန်ရော ကျုပ်ရော စောင့်ရှောက်ကြပါတယ်။ဇာတိဇရာ ဗျဓိမရဏ ဆိုသလိုပေါ့ဗျာ။ဆေးဆရာတွေ တစ်ယောက်ပြီး တစ်ယောက် ပင့်ပြီးကုပေမယ့် အဘထင်ရဲ့ အခြေအနေက ပိုပြီး ဆိုးလာတာဗျို့။ တစ်ရက်တော့ ကျုပ်တစ်ယောက်တည်း အဘထင် အိပ်ရာဘေးထိုင်ပြီး အခြေအနေကို ကြည့်နေတာပေါ့ဗျာ။ “တာတေ ရော့ ။ ဒါကို မင်းယူလိုက်” စက္ကူနဲ့ ထုပ်ထားတဲ့ အထုပ်ကလေးဗျ။ ကျုပ် ဖြေကြည့်လိုက်တော့ ရွှေဒင်္ဂါးပြား ဆယ်ပြား။ “ကျန်တာတွေတော့ ငါ အားလုံးလှူပစ်ခဲ့ပြီကွ။ ဒီဝိုင်းနဲ့ ယာကလေးတော့ မင်းရဲ့ ကိုကြီးစိန်မောင်ကိုပဲ ပေးလိုက်ပါတယ်ကွာ။မောင်စိန်ခမျာ ဆင်းရဲရှာပါတယ်ကွာ ဒါထက် မင်းကို ငါ မှာချင်တယ်” ဒီတုန်းမှာပဲ အိမ်ဝိုင်းဝက ကိုမောင်စိန် ဝင်လာတဲ့ အသံကို ကြားလိုက်ရတယ်။ “ဒင်္ဂါးထုပ်ကို အိတ်ထဲထည့်ထား ။

သူများ မတွေ့စေနဲ့ ပြီးတော့ ငါမရှိတော့ရင် ကိုသြကို မင်းလွှတ်ပေးလိုက်” အဘထင်က စကားပြောရင် မျက်နှာတစ်ချက် ရှုံ့သွားတယ်ဗျ။ဝေဒနာတစ်ခုကို မချိမဆံ့ ခံစားလိုက်ရတဲ့ပုံပဲ။ ကိုမောင်စိန်လည်း အိမ်ပေါ်ကို တက်လာတဲ့အသံ ကြားလိုက်ရတယ်။ “တာ တေ ကြိုး ကြိုး ရှာပြီး မီးရှို့လိုက် ဝေါ့ ဝေါ့” ဟာ သွေးတွေ အန်တာဗျို့။ အဘထင်သွေးတွေ အန်တာ ဘေးကိုစောင်းပြီး နှစ်ချက်ထိုး အန်လိုက်တာ။ကြမ်းပြင်ပေါ်မှာ သွေးတွေ အိုင်ထွန်းသွားတော့တာပဲဗျာ။ “တာတေ ဆရာထင် ဘာဖြစ်တာတုံး” ကိုကြီးမောင်စိန်လည်း အလန့်တကြား ပြေးဝင်လာတယ်ဗျ။ “သွေးတွေအန်တာ ကိုကြီးမောင်စိန်” အဘထင်ကတော့ တစောင်းကြီး မှောက်လို့ဗျ။ မလှုပ်တော့ဘူး။ကိုမောင်စိန်က အဘထင်ကို ပြေးပြီး ဆွဲလှန်လိုက်တယ်။ ပါးစပ်ကလေးဟလျက်နဲ့ အဘထင် အသက်ကုန်နေပြီ။ “ဟီး ဟီး ဟီး ဆရာထင်ရယ် သွားပြီလားဗျာ” ကိုကြီးမောင်စိန် ရှိုက်ကြီးတငင် ငိုတယ်ဗျ။ “ငါ့ဆရာကွ တာတေရ။ထောင်ထဲမှာ ငါ့ကို အားကြီးစောင့်ရှောက်တဲ့ လူပါကွာ” ကျုပ်လည်း မျက်ရည် ဘယ်ထိန်းလို့ရမှာတုံးဗျာ။

ဆွေမရှိ မျိုးမရှိ။လူတကာ ကြောက်တဲ့ လူကြီး။ ထောင်မင်းသားကြီး တစ်ယောက်တော့ သွားလေရဲ့ဗျို့။ အဘထင်ရဲ့ အသုဘကို ကိုမောင်စိန်နဲ့ ကျုပ်နဲ့ပဲ ဦးဆောင်ပြီး သင်္ဂြ ိုဟ်လိုက်ရတာပေါ့ဗျာ။ အဘထင် ရက်လည်ဆွမ်းသွပ်ပြီးတဲ့နေ့ကနေ့ ဒီဇာတ်လမ်းက စတော့တာပေါ့ဗျာ။ ဆရာသြဆိုတဲ့ သရဲကြီးပေါ့ဗျာ။ တစ်အိမ်လုံး အုံးဆန်တော့တာပါပဲဗျာ။ အိမ်ဝိုင်းထဲကို ဝင်ရဲတဲ့သူ တစ်ယောက်မှကို မရှိတော့တာဗျ။အိမ်ရော ဝိုင်းရော ကိုကြီးမောင်စိန်ကို အဘထင်က ပေးခဲ့တာ ကျုပ်ကို ပြောသွားတာပဲ။ ဒါပေမဲ့ အဘထင် မရှိတဲ့နောက်မှာ ကိုကြီးမောင်စိန် အိမ်ဝိုင်းထဲ ဝင်တာနဲ့ သရဲကြီး ဦးသြက ကိုမောင်စိန်ကို ခြေထောက်နဲ့ ကန်ထုတ်တော့တာဗျို့။ ကိုမောင်စိန်ဆိုတာ ဝိုင်းနားကို သီတောင် မသီဝံ့တော့ဘူးပေါ့ဗျာ။ ကျုပ်တော့ ဝင်လို့ရတယ်ဗျ။ ကျုပ်ကိုတော့ ဦးသြက ဘာမှ မလုပ်ဘူး။ ကျုပ်လည်း အဘထင် ပြောသွားတဲ့ ကြိုးဆိုတာကို တစ်အိမ်လုံး လိုက်ရှာတာပါပဲဗျာ။ နွားနဖာကြိုးတွေ ထွန်ကွင်းတွေ နွားချည်တဲ့ ကြိုးတွေကလွဲရင် တခြားဘာကြိုးမှ မတွေ့ဘူးဗျ။ ညညဆိုရင် ဦးသြကလည်း အိမ်ထဲမှာ တအုံးအုံးဖြစ်နေပြီဗျ။ ရွာထဲက လူတွေလည်း ညဆိုရင် အိမ်ပြင်ကိုတောင် မထွက်ကြတော့ဘူး။ရွာသားတွေ ထင်ကြတာက ထောင်ထွက်ကြီး ဦးဘိုးထင် သရဲဖြစ်ပြီး အိမ်ကြီးထဲမှာ သောင်းကျန်းနေတယ် ထင်တာပေါ့ဗျာ။ ကျုပ်လည်း ကြံရာမရတဲ့အဆုံး မီးလောင်ကုန်းက နတ်ကတော် ဒေါ်တုတ်ကို ပြေးခေါ်ရတော့တာပေါ့ဗျာ။ လကွယ်ညမှာ အမဲသားတစ်အိုးချက်နဲ့ ထမင်းထုပ်ကြီးထုပ်ပြီး ထနောင်းကုန်းသင်္ချိုင်းမှာ မဖဲဝါကို ပင့်ရတော့တာပေါ့။

ဂူကြီးတစ်လုံးပေါ်မှာ ထမင်းဟင်းတွေ ပြင်ဆင်ထားပြီး ဒေါ်တုတ်က ဆံပင်တွေ ဖြန့်ချပြီး ဂူရှေ့က မြက်ခင်းကလေးမှာ ကျုံ့ကျုံ့ကလေး ထိုင်လို့ပေါ့။ ကျုပ်က မဖဲဝါကို ပင့်ရတယ်။ ကိုကြီးမောင်စိန်က ကျုပ်နဲ့ အဖော်လုပ်ပြီး လိုက်လာပါတယ်လေ။ “သင်္ချိုင်းမှန်သမှန် အပိုင်စားရပါတဲ့ သင်္ချိုင်းရှင်မ မဖဲဝါဗျာ ကျွန်ပ်တာတေက စားပွဲသောက်ပွဲများပေးပြီး သင်္ချိုင်းရှင်မကြီးကို ပင့်ပါတယ်။မြန်မကြာ လှမ်းကာကြွခဲ့ပါတော့ မဖဲဝါဗျား” အခြေအနေကို စောင့်ကြည့်ပြီး ဘာမှထူးမလာတော့ ကျုပ် နောက်တစ်ခါ ထပ်ပင့်တယ်ဗျ။ ဟော လာပြီဗျို့။ဒီတစ်ခါ ပင့်လိုက်တော့ နတ်ကတော် ဒေါ်တုတ်ကြီး လက်တွေ ကွေးကောက်ပြီး ဝင်လာပြီဗျို့။ ဟော မတ်တတ်ထပြီး ခုန်ပြီ။ဟာ ဂူကြီးပေါ်ကို လွှားခနဲ ရောက်သွားတာဗျို့။ စားပြီဗျာ။စားပြီ။ ကျုပ်တည်ခင်းထားတဲ့ အမဲသားဟင်းနဲ့ ထမင်းကို အားရပါးရ စားတော့တာပဲဗျာ။မဖဲဝါ စားသောက်နေတုန်းမှာ စပြောရတာပေါ့ဗျာ။ “သင်္ချိုင်းရှင်မကြီးဗျာ။သရဲတစ္ဆေတို့ရဲ့ အချုပ်သခင်မကြီးဖြစ်လို့ အရေးကိစ္စကို တင်ပြပါရစေဗျာ။ ကျုပ်တို့ထနောင်းကုန်းမှာ ထောင်ထွက် ဦးဘိုးထင်က သူ့ဆရာ ကိုသြဆိုတဲ့သူကို သူ့ဝိုင်းထဲမှာ သရဲအဖြစ်နဲ့ ကျွေးမွေးစောင့်ရှောက်ထားခဲ့ပါတယ် အခု ဦးဘိုးထင် သေသွားတော့ မသေခင်မှာ ကျုပ်ကို ပြောသွားပါတယ်။သရဲကြီးဦးသြကို ကြိုးကို မီးရှို့ပြီး လွှတ်ပေးလိုက်ဖို့ မှာခဲ့ပြီး စကားမဆုံးခင် အသက်ကုန်သွားတော့ သူပြောတဲ့ကြိုးကို ကျုပ် ရှာတာ ရှာလို့ မတွေ့ဘူး ဖြစ်နေတယ်ဗျာ။ ဝိုင်းထဲမှာလည်း သရဲကြီး ဦးသြက သောင်းကျန်းနေတယ် ။

သင်္ချိုင်းရှင်မကြီးဗျာ” ကျုပ်စကား မဆုံးခင်မှာပဲ မဖဲဝါက ပြောတယ်ဗျ။ ပြောတာတော့ သူဝင်ပူးနေတဲ့ ဒေါ်တုတ်က ပြောတာပေါ့ဗျာ။ “ငသြက ကြိုးပေးပြီး အသတ်ခံရတာ။ သူ မသေခင်မှာ သူ့တပည့် ငဘိုးထင်ကို သူကိုယ်တိုင် ပြောခဲ့တာဟဲ့။သူကိုသတ်တဲ့ ကြိုးကို ရအောင်ယူပြီး သူကို ခေါ်ထားဖို့ ။ သူ့ကို ကျွေးမွေးစောင့်ရှောက်ထားဖို့ မှာခဲ့တာ။ ဒါကြောင့် သူ့ကို ကြိုးနဲ့ စီရင်ပြီးတဲ့အခါ ငဖိုးထင်က ကြိုးကို ရအောင် ယူပြီး ငသြကို မွေးထားခဲ့တာ။ ငဘိုးထင် ထောင်ကလွတ်တော့ ငသြကို ကို သူနဲ့ တစ်ပါတည်းခေါ်လာခဲ့တာ။ ငသြကို ကြိုးပေးသတ်တဲ့ကြိုးကို သေးသေးလေးမျှင်လိုက်တယ်။အဲဒါကို ပြန်ကျစ်ပြီး သူ့ဝိုင်းက စည်းရိုးမှာ သံပိုက်လုံးထဲထည့် ခြံကာထားတယ်ဟေ့ ။ အဲဒီပိုက်လုံးထဲက ကြိုးကိုထုတ်ပြီး မီးရှို့ပစ်လိုက်။ရွာထဲမှ မရှို့ရဘူး။ ရွာပြင် သွားရှို့ရမယ်။ ဒါဆိုရင် ငသြ သူ့ဟာသူ ထွက်သွားလိမ့်မယ်” “သြော် ဒီလိုလား ။ကျေးဇူးတင်ပါတယ် သင်္ချိုင်းရှင်မ မဖဲဝါ” မဖဲဝါက အားလုံးစားသောက်ပြီး ရေသောက်တယ်။ လက်ကိုဆေးတယ်။ပြီးတော့မှ ဒေါ်တုတ်ရဲ့ ကိုယ်ထဲက ထွက်သွားတယ်ဗျ။ကျုပ် အားလုံးကို သိသွားပြီလေ။ နောက်တစ်နေ့မှာ ကိုကြီးမောင်စိန်ကိုခေါ်ပြီး အဘထင်ရဲ့ ဝိုင်းထဲက စည်းရိုးကို ရှာကြတယ်။

ဟုတ်ပါပြီလားဗျာ။စည်းရိုးအပေါ်မှာ ကျပ်လုံးပိုက် တပ်ထားတာဗျ။ဆေးအမည်း သုတ်ထားတော့ သစ်သားလား သယ်သူမှ သတိမထားမိဘူးပေါ့။ ကိုကြီးမောင်စိန်က သံပိုက်ကို ခဲရာခဲဆစ် ဖြုတ်တယ်။ ကြိုးရဲ့အစရော။အဆုံးရော ခြံဝင်ပေါက်မှာပဲ ရှိတာဗျ။ ကြိုးမျှင်မျှင်ကလေးကျစ်ပြီး ဝိုင်းကြီးကို တစ်ပတ်ခွေထားတာပေါ့ဗျာ။ ဒါကြောင့် သရဲကြီး ဦးသြက ဝိုင်းကြီးကို စောင့်နေရတာပေါ့။ ဝိုင်းထဲဝင်လာတဲ့သူကို သူမကြိုက်ရင် ရိုက်ထုတ် ကန်ထုတ်ပစ်ခဲ့တာပေါ့။ ကျုပ် ကြိုးရဲ့အစကနေ စိတ်ရှည်လက်ရှည် ဆွဲထုတ်တယ်။ ကြိုးအလုံးကြီး လုံးထားရတာပေါ့ဗျာ။ကြိုးအားလုံး ရပြီဆိုတော့ ကြိုးတွေကို ဘောလုံးလို အလုံးကြီးလုံးပြီး ထားလိုက်တယ်။ အဘထင် မရှိပေမဲ့ သူ့ဆရာကို ကျုပ် သေသေချာချာ ပြုစုခဲ့ပါတယ်ဗျာ။အမဲသား ငါးပိဿာ။ဆိတ်တစ်ကောင် ကင်ပြီး ဆန်ငါးပြည်ချက်နဲ့ အဘထင် ရှိတုန်းကလိုပဲ ကျုပ် သေသေချာချာ ကျွေးမွေးပါတယ်… ကိုကြီးစိန်မောင်ကတော့ ကျုပ်ကို ကူပြီး လုပ်ကိုင်ပေးတာပေါ့ဗျာ။ “အဘသြရေ ..အဘတပည့် အဘထင်လည်း မရှိတော့ဘူးဆိုတော့ အဘ သွားလိုရာကို သွားနိုင်ပါပြီ အဘသြကို သေဒဏ်စီရင်ခဲ့တဲ့ ဒီကြိုးတွေကို ဒီညပဲ မီးရှို့ဖျက်ဆီးပေးမယ်။ဒါဆိုရင် အဘသြ သွားလိုရာ သွားလို့ရပြီပေါ့ဗျာ” သရဲကြီးက ထမင်းတွေ ဟင်းတွေကို ဝဝလင်လင် စားတယ်ဗျ။ထမင်းတွေ ကုန်သွားတော့ ကျုပ် အဘသြဆိုတဲ့ သရဲကြီးကို သူ့ကို စီရင်တဲ့ ကြိုးတွေကိုပြပြီး ရွာပြင်ကို ခေါ်ထုတ်ခဲ့တယ်။ ကိုကြီးမောင်စိန်ကတော့ ဝိုင်းထဲမှာ သိမ်းဖို့ဆည်းဖို့ ကျန်ခဲ့ရတာပေါ့ဗျာ။

အဘသြကို တစ်ယောက်တည်း ခေါ်ထုတ်လာတာပါ။ “ဘုတ်…ဘုတ်…ဘုတ်…ဘုတ်” ကျုပ်နောက်က မလှမ်းမကမ်းမှာ ပါလာတဲ့ အဘသြရဲ့ ခြေသံကို ကြားနေရတယ်ဗျ။ကျုပ် အဘထင်တို့ ဆရာတပည့်အတွက် တကယ်ကို စိတ်မကောင်းပါဘူးဗျာ။ ရွာအပြင်က ညောင်ပင်ကြီးအနားကိုရောက်တော့ ကျုပ်က ရပ်လိုက်တယ်။ ကျုပ်နောက်က အဘသြရဲ့ ခြေသံကြီးလည်း ရပ်သွားတယ်ဗျ။ အသင့်ပါလာတဲ့ မီးခတ်ကိုခတ်ပြီး မီးခြစ်လိုက်တယ်။ မီးတောက်လာတော့ ဘောလုံးလို လုံးထားတဲ့ ကြိုးလုံးကြီးကို ကျုပ် မီးရှို့လိုက်တယ်။ သြော် လူတစ်ယောက်ကို သေဒဏ်စီရင်ခဲ့တဲ့ ကြိုးတွေပါလားဆိုတဲ့ အတွေးတစ်ခုက ကျုပ်ခေါင်းထဲကို ဝင်လာတယ်။ “အဘသြရေ …အဘထင်ရဲ့ကိုယ်စား ကျုပ်က အဘကို လွှတ်ပေးပါတယ်ဗျာ။အဘ သွားလိုရာကို လွတ်လွတ်လပ်လပ် သွားပါတော့။သံသရာမှာ လူဖြစ်ရတဲ့ဘဝတိုင်း ဒီလိုဘဝဆိုးကြီးတွေကို အဘရော အဘဦးဘိုးထင်ပါ မကြုံကြရပါစေနဲ့လို့ ကျုပ် ဆုတောင်းပေးပါတယ်ဗျာ” “ဘုတ် ဘုတ် ဘုတ် ဘုတ်” ကျုပ်ရှေ့က ဖြတ်လျှောက်သွားတဲ့ ခြေသံကြီးကို ကျုပ် သေသေချာချာ ကြားလိုက်ရတယ်ဗျ။ သွးလေရဲ့။သရဲကြီး ဦးသြတော့ သွားလေရဲ့။ ဘယ်နေရာ ဘယ်ဒေသကို သွားလေတယ်တော့ ကျုပ် မသိဘူးပေါ့ဗျာ။ ဆရာ တာတေရေးတဲ့ သင်္ချိုင်းရှင်မ မဖဲဝါစာအုပ်မှ ကူးယူဖော်ပြပါသည် ပြီးပါပြီ။

Leave a Reply

Your email address will not be published. Required fields are marked *