အောင်မြတ်သာနှင့်ကလေးပျောက်တစ္ဆေ

အောင်မြတ်သာနှင့်ကလေးပျောက်တစ္ဆေ

လမိုက်ညဖြစ်တဲ့အတွက် အမှောင်ထုက နတ်ရဲကွင်းတစ်ရွာလုံးကို ဖုံးလွှမ်းနေခဲ့တယ်။ ညအချိန်ကလဲ နက်နေတာမို့ လူသံသူသံမကြားရပဲ အိမ်မွေးခွေးအချင်းချင်း စားကျက်လုပြီး မာန်ဖီသံ၊ ကိုက်ခဲသံအချို့ကိုသာ တစ်ချက်တစ်ချက်ကြားနေရတယ်။ အဲဒီအချိန် ရွာပြင်ကန်သင်းရိုးပေါ်ကနေ လူနှစ်ယောက် ပုဆိုးကိုခပ်တိုတိုဝတ်ပြီး ဒယီးဒယိုင်လမ်းလျောက်လာခဲ့ကြတယ်။

” ဒီနေ့ သောက်တဲ့ အရက်က ငါ့ဘဝမှာ အရသာအရှိဆုံးပဲကောင်ရေ.. ထွီ” ပါးစပ်ထဲခါးသက်သက်ဖြစ်နေတဲ့ တံတွေးကို ကန်သင်းရိုးပေါ်ထွေးပြီး ရယ်ကျဲကျဲပြောလိုက်တဲ့ ဖေစိန်ရဲ့စကားကို ဖက်ကြမ်းဆေးလိပ်နားကြားထဲထိုးထားတဲ့ ကျော်မြင့်က ” ကောင်းမှာပေါ့ဟ… ဒီနေ့ရတဲ့အရက်က ကောက်ညှင်းမီးတောက်အရက်စစ်စစ်ကွ.. အရက်ခွက်ကလေး ပါးစပ်ဝတေ့လိုက်တာနဲ့ ကောက်ညှင်းအနံ့လေးက စူးခနဲတက်လာတာ .. ပြောနေရင်း ထပ်တောင်သောက်ချင်လာပြီ ဟိဟိ” သူငယ်ချင်းနှစ်ယောက် ခွက်ပုန်း သောက်လာတဲ့ အရက်အကြောင်းပြောနေရင်း ” ဟေ့ကောင် ခဏ​လေး ငါအပေါ့သွားချင်လို့” ” အေး ငါလဲ သွားချင်တယ် ဟိုနားက ခြုံဘေးမှာ လွှတ်ရအောင်” ဖေစိန်နဲ့ကျော်မြင့်လဲ တစ်ကိုယ်လုံးတုန်တက်တဲ့ထိ ကျင်ငယ်စွန့်ပြီးလို့ပြန်ထွက်လာချိန်မှာတော့ ” အမယ် အမယ် … ငါတို့ ရွာထိပ်က နတ်ကွန်းမှာ အချိုရည်ဘူးအသစ်ပါလား.. ရေဆာနေတာနဲ့အတော်ပဲဟေ့” ဖေစိန်က အရက်ကလေးမူးလာတော့ နတ်နန်းက အချိုရည်ဘူးကို ဆွဲယူလိုက်ပြီး တစ်ကျိုက်မော့သောက်လိုက်တယ်။

” အား ဂက်စ်ပါလို့ထင်တယ် လည်ချောင်းတစ်ခုလုံးရှင်းသွားတာပဲ… မင်းလဲ တစ်ငုံသောက် ရော့” ကျော်မြင့်လဲ ဖေစိန်ကမ်းပေးတဲ့ အချိုရည်ဘူးကို တစ်ကျိုက်ထဲမော့လိုက်တဲ့အချိန် ” အဟင့် အဟင့် … ဟီး”ဆိုတဲ့ ငိုသံကို ကြားလိုက်ရတယ်။ ” အေ့စ် … ဖေစိန် မိန်းမတစ်ယောက်ငိုနေတဲ့အသံကြားလိုက်လား” ” မင်းလဲကြားတာလားကွ… ငါက အရက်မူးပြီး ကြားချင်တာ​ကြားနေတယ်ထင်နေတာ” ” မဟုတ်ဘူးကွ ငါလဲကြားရတယ်… ဘယ်မိန်းမကများ ဒီအချိန်ကြီး အမှောင်ထဲလာငိုနေလဲမသိပါဘူး” ” ဟေ့ကောင် ဒီအချိန်ကြီး ဘယ်မိန်းကလေး အပြင်ထွက်ရဲမှာလဲ… သရဲခြောက်တာများလား” ဖေစိန်က အရက်ချွေးတွေနဲ့ဆီပြန်နေတဲ့ မျက်နှာကို ပုဆိုးနဲ့သုတ်လိုက်ပြီး အသံကြားတဲ့ဘက်ကို ကြည့်လိုက်ရာ နတ်နန်းနဲ့မလှမ်းမကမ်းက အမှောင်ထုထဲမှာ မိန်းမတစ်ယောက် ကျောပေးပြီး ငိုနေတာကို ခပ်ဝါးဝါးမြင်တွေ့လိုက်ရတယ်။

” ခုနက အအေးလာဆက်ထားတဲ့သူဖြစ်မှာပါ… ဒီအချိန်ကြီးမိန်းကလေးတစ်ယောက်ထဲ အားငယ်နေပါဦးမယ်… လာကွာ ဘယ်အိမ်ကလဲသိရအောင် သွားကြည့်ရအောင်” ဖေစိန်က ပုဆိုးကိုခပ်တိုတိုပြင်ဝတ်လိုက်ပြီး ငိုနေတဲ့မိန်းကလေးရှိတဲ့ဘက်ကိုသွားကာ ” ဒီမယ် ဒီမယ် ညကြီးအချိန်မတော် ဘာလို့ငိုနေတာလဲ” လို့မေးလိုက်တော့ ငိုနေတဲ့အသံက ချက်ချင်းရပ်သွားခဲ့တယ်။ ” ဟေ့ ကလေးမ နင်ဘယ်အိမ်ကလဲ… ဒီဘက်လှည့်စမ်း” ကျော်မြင့်ကစိတ်မရှည်တဲ့လေသံနဲ့ လှမ်းဟောက်တာမြင်တော့ ဖေစိန်က လက်ကာပြပြီး ” သူ့ခဗျာ စိတ်ညစ်စရာရှိလို့နေမှာပါကွာ.. အဲလောက်ကြီး မပြောပါနဲ့… ကဲကဲ ကလေးမ နင်ဘာဖြစ်လို့ ငိုနေတာလဲ ” လို့မေးလိုက်တဲ့အချိန် ကျောပေးထားတဲ့ မိန်းကလေးဆီကနေ ” ကျွန်မ ကလေးပျောက်သွားလို့ပါအကိုတို့ရယ်” ဆိုတဲ့ခြောက်ကပ်ကပ်အသံထွက်လာခဲ့တယ်။

” ဟဲ့ နင့်အသံက ဘယ်လိုဖြစ်နေတာလဲ … ကလေးက ဒီအချိန်ကြီး ဘယ်လိုပျောက်သွားလို့လဲဟ” ” သူတို့ကလေ ကျွန်မဗိုက်ကို ဓါးနဲ့ခွဲပြီး ကလေးကိုယူသွားကြတာ…. ဒီမှာကြည့်ပါဦးလားရှင်” စကားသံအဆုံးမှာ နံဟောင်နေတဲ့အပုတ်နံ့နဲ့အတူ ဆနွင်းနံ့က နှာခေါင်းထဲကိုစူးပြီးဝင်လာသလို ကြယ်သီးတွေပြုတ်နေတဲ့ ချည်သားအင်္ကျီထဲမှာ တစ်ထွာကျော်ကျော်လောက်ကွဲနေတဲ့ ဝမ်းဗိုက်ဟောင်းလောင်းကြီးကို မြင်လိုက်ရတယ်။ ” အ..အ..မလေး .. သ သ သရဲ သရဲ ” ဖေစိန်နဲ့ကျော်မြင့် လဲစကားကိုဆုံးအောင်မပြောနိုင်ပဲ လှည့်ပြေးတဲ့အချိန် အနောက်ဘက်ကနေ အီခနဲ ငိုချတဲ့အသံနဲ့အတူ လိုက်လာတဲ့ခြေသံအချို့ကိုကြားလိုက်ရတယ်။ ++++++ ” ကယ်ကြပါဦး… သရဲဗျို့ သရဲ … အောင်မလေး ကယ်ကြပါဦး” အသံနက်ကြီးနဲ့ ငယ်သံပါအောင် အော်ပြီးရွာထဲပြေးဝင်လာတဲ့ ဖေစိန်နဲ့ကျော်မြင့်တို့ကြောင့် ငြိမ်သက်နေတဲ့တစ်ရွာလုံး လှုပ်လှုပ်ရှားရှားဖြစ်လာပြီး မီးအိမ်အရောင်တွေ မှိန်ပြပြပေါ်လာခဲ့တယ်။

” ဟင် ဖေစိန်နဲ့ကျော်မြင့် ဘာဖြစ်လို့ ဒီလောက်အော်လာကြတာလဲ” ဘကြီးလှဖေစကားကို ဖေစိန်နဲ့ ကျော်မြင့်တို့နှစ်ယောက် ပြန်မဖြေနိုင်ပဲ ဖားဖိုလိုမြင့်ချည်နိမ့်ချည်ဖြစ်နေတဲ့ ရင်ဘတ်ကို လက်နဲ့ဖိကာ ” ရေ ရေ တစ်ခွက် အရင်တိုက်ပါဦး…အဘရာ” အသံကြားလို့ထွက်ကြည့်ကြတဲ့လူတွေထဲက တစ်ယောက်က အိမ်အောက်မှာအသင့်ရှိတဲ့ရေအိုးထဲကနေ ရေခပ်တိုက်လိုက်တော့မှ မောဟိုက်နေတဲ့အသံတွေငြိမ်သွားပြီး ” ကျွန်တော်တို့ သရဲခြောက်ခံထိလို့ ” ” ဟင် … ဒီငမူးနှစ်ကောင်တော့ ကိုယ့်ဘာသာ လူမှန်းမသိအောင်သောက်လာပြီး ပေါက်ကရတွေမြင်တာဖြစ်မှာပေါ့” ” အာ… အဘကလဲ တကယ်သရဲပါဗျာ… ကျော်မြင့် မင်းပြောပြလိုက်” ” ဟုတ်တယ် အဘ… ရွာထိပ်နတ်ကွန်းဘေးမှာ မိန်းမတစ်ယောက်ငို​နေလို့ ဘယ်အိမ်ကလဲဆိုပြီးသွားမေးတာ .. ငိုနေတဲ့မိန်းမက ဗိုက်ကြီးဟောင်းလောင်းနဲ့ ကျွနတော်တို့နောက်ကိုလိုက်လာတာဗျာ၊ ပြောနေရင်း ကြက်သီးတွေတောင်ထလာတယ်” ” ဟေ့ကောင်နှစ်ကောင် မင်းတို့ပါးစပ်ပိတ်လိုက်စမ်း.. ရွာမှာငါတို့နေလာတာ မင်းတို့အသက်နှစ်ဆလောက်ရှိတယ်ကွ၊ ဒါမျိုးဖြစ်တာ မကြားဖူးဖူး.. ဖေစိန် မင်းအိမ်ပေါ်တက်တော့၊ ကျော်မြင့် မင်းလဲကိုယ့်အိမ်ကိုယ်ပြန် သွား” ဖေစိန်ရဲ့ဘကြီးတော်စပ်တဲ့ ဦးလှဖေစကား​ကြောင့် သကောင့် သားနှစ်ကောင် စောဒကမတက်ရဲတော့ပဲ ကုပ်ချောင်းချောင်းနဲ့ အသီးသီးထွက်သွားခဲ့ကြတယ်။

ညကြီးအချိန်မတော်လန့်နိုးလာတဲ့သူတွေကတော့ ဖေစိန်နဲ့ကျော်မြင့်ကို မေတ္တာပို့ရင်း ကိုယ့်အိမ်ကိုယ်ပြန်သွားခဲ့ကြတယ်။ +++++++++ ​နောက်တစ်နေ့မနက်ရောက်တော့ ရွာထဲကလူတွေအနေနဲ့ ဖေစိန်နဲ့ကျော်မြင့်ကိုတွေ့ရင် လှောင်တဲ့အကြည့်တွေနဲ့ကြည့်ပြီး ခိုးရယ်နေခဲ့ကြတယ်။ အချို့ကျတော့လဲ ကျော်မြင့်တို့ လှေကားရင်းမှာ အမောဖောက်နေတဲ့ပုံစံလုပ်ပြပြီး စနောက်တဲ့ပုံစံလုပ်ပြခဲ့ကြတယ်။ ” ကတောက်စ်… ငါတို့ပြောတာ ဘယ်သူမှမယုံဘူး.. ဒီကောင်တွေ ကိုယ်ထိမှ သိကြမှာ” ကျော်မြင့်က ရေအဆမတန်ရောထားတဲ့ ချက်အရက်တစ်ခွက်ကို တစ်ရှိန်ထိုးမော့ချကာပြောလိုက်​ပြီး အလကားရထားတဲ့ ပဲကြီးလှော်တွေကို တစ်ဖောက်ဖောက်နဲ့ဝါးနေလိုက်တယ်။ ” ကျော်မြင့်….” ” ဘာတုန်းကွ ” ” မနေ့ညက ငါတို့တွေ့တာ တကယ်ပါနော်” ” ဒီမအေ… ငါနော် ဆဲမိတော့မယ်၊ မင်းရော ငါရော မျက်လုံးနဲ့တပ်အပ်မြင်တာမဟုတ်လား ဘာတွေ လိုက်​မေးနေတာလဲ” ” အေးပါကွာ… ကဲကဲ လက်ကျန်ဖြတ်ပြီး ပြန်ကြရအောင်… ဒီနေ့နောက်ကျရင် ဘကြီးလှဖေက ငါ့ကိုတွယ်တော့မှာ” ဖေစိန်က ပုလင်းထဲက လက်ကျန်ကို ရေအနည်းငယ်ရောပြီး မော့လိုက်ကာ လက်စသတ်လိုက်တယ်။ ” ကျော်မြင့်… မင်းတို့အိမ်ဘာချက်လဲကွ” ” ငါးကလေးအိုးကပ်ချက်တယ်လေ … မင်းစားချင်လို့လား” ” အေး အိမ်မှာဟင်းမကောင်းလို့ ညကျရင် ငါလာယူမယ် တစ်ခွက်ဖယ်ထားပေးဦး” ဖေစိန်က ညအတွက်စရန်သတ်ပြီး ပြန်လာခဲ့လိုက်တယ်။

+++++ ညရောက်တော့ ကျော်မြင့်တို့အိမ်ဘက်သွားပြီး ဟင်းယူကာပြန်ထွက်လာတဲ့အချိန် ရွာထဲကလူတွေ လှုပ်လှုပ်ရှားရှားဖြစ်နေတာမြင်လိုက်ရတယ်။ ” ဟေ့ကောင် ငတိုး … ဘယ်သူဘာဖြစ်လို့လဲ” ” ကိုပိန်တို့လင်မယား သရဲခြောက်ခံရတယ်လို့ပြောကြတာပဲ… အဲဒါသွားကြည့်မလို့” သရဲဆိုတဲ့အသံကြောင့် ဖေစိန်တစ်ယောက် အံ့အားသင့်သွားပြီး ကျော်မြင့်ကိုဝင်ခေါ်ကာ ကိုပိန်တို့အိမ်ဘက်ကိုထွက်လာခဲ့လိုက်တယ်။ အိမ်ရှေ့ရောက်တော့ တစ်ကိုယ်လုံးဗွက်တွေပေရေကာ မျက်လုံးလေးကလယ်ကလယ်ဖြစ်နေတဲ့ ကိုပိန်တို့လင်မယားကိုမြင်လိုက်ရတယ်။

” ကိုပိန် ဘယ်လိုဖြစ်တာလဲဗျ… မဟုတ်မှလွဲရော ဟင်းစားရအောင် အိုင်ပက်လာတာမဟုတ်လား” ကျော်မြင့်ရဲ့ ရိသဲ့သဲ့စကားကြောင့် ကိုပိန်မိန်းမ စန်းခင်က ရင်ဘတ်ကိုလက်နဲ့ဖိပြီး ” ကျော်မြင့် … မနေ့က နင်တို့တွေ့ခဲ့တဲ့ သရဲမက ခေါင်းပေါ်မှာ ဆနွင်းတွေပေနေတဲ့ ပဝါတစ်ထည်တင်ထားတာလား” ” ဘာဖြစ်လို့လဲဗျ… မနေ့ကပြောတော့ ကျုပ်တို့မူးပြီးပေါက်ကရပြောတာဆို” ” အမလေး ကိုယ်တော်ချောရယ် အထာကိုင်နေပြန်ပြီ… ဒီညငါတို့တွေ့ခဲ့တာနဲ့တူမတူ မေးတာပါဟဲ့” ဖေစိန်နဲ့ကျော်မြင့်လဲ ကြောက်လဲကြောက်ဒေါသလဲထွက်နေတဲ့ မစန်းခင်ကိုကြည့်ပြီး တဟားဟားရယ်ကာ ” မစတော့ဘူး အတည်ပြောမယ်… ကျုပ်တို့တွေ့တာကတော့ ပဝါကိုခေါင်းပေါ်တင်ထားတာမဟုတ်ဘူး… ဒါပေမယ့် ဆနွင်းနံ့ကတော့အတော်ပြင်းတယ်” ” ဟုတ်ပြီ သူက ချည်သားအင်္ကျီဝတ်ထားတာမဟုတ်လား… အစိမ်းနုရောင်လေးလေ” ” ဒါတော့ဟုတ်တယ် … အဲဒီမိန်းမက အစိမ်းနုရောင်ချည်အင်္ကျီဝတ်ထားတယ်” ” အမလေးလေး သေချာပါပြီတော် … ငါတို့ရွာထိပ်မှာ သရဲမတစ်ကောင်ရှိနေပြီ ဘယ်လိုလုပ်ကြမလဲ” ” အဲဒါတော့ ကျုပ်တို့လဲမသိဘူးလေ… သရဲဆိုတာက နေရာတိုင်းမှာရှိနေနိုင်တာပဲ ၊ အသွားအလာဆင်ခြင်ကြပေါ့” ဖေစိန်က သူတို့ကိုဝိုင်းကြည့်နေကြတဲ့ လူတွေကို သာသာနဲ့နာနာနှက်လိုက်ပြီး ငါးကလေးအိုးကပ်ဟင်းခွက်ကို လက်နဲ့အုပ်ကာ ပြန်ထွက်လာခဲ့လိုက်တယ်။ လမ်းရောက်တော့ ကျော်မြင့်က ” ဖေစိန် သူတို့ပြောတာဟုတ်တယ်နော်… ငါတို့ညဘက်ရွာပြင်ထွက်ဖို့ အကြောင်းဖန်လာရင် ဘယ်လိုလုပ်ကြမလဲ” “အဲဒါကို ငါလဲ စဉ်းစားနေတာ… ခုနက စကားအနိုင်ရဖို့ပြောခဲ့ပေမယ့် အဲဒီသရဲမကြောင့် သွားလမ်းလာလမ်းတွေပိတ်ခံထိတော့မှာစိတ်ပူနေတယ်ကွ” ” ရွာလူကြီးတွေ ဘယ်လိုစီစဉ်မလဲစောင့်ကြည့် ကြတာပေါ့ … ဒီရက်ပိုင်းတော့ ငါတို့ ကိုစိန်ကြည်ရဲ့ ရေရောအရက်ကိုပဲ မှီဝဲကြတာပေါ့ကွာ ဟားဟား” ဖေစိန်နဲ့ကျော်မြင့်တို့နှစ်ယောက် ပခုံးဖက်ကာ ရယ်မောရင်း ကိုယ့်အိမ်ကိုပြန်သွားခဲ့ကြတယ်။

+++++++++ ဒီကိစ္စတွေဖြစ်ပြီးတဲ့နေ့ကစပြီး ညဘက်ရောက်တာနဲ့ နတ်ရဲကွင်းရွာတစ်ရွာလုံး ဘုရားရှိခိုးသံတွေ မေတ္တာပို့သံတွေ ထွက်ပေါ်လာခဲ့တယ်။ ” ဟန်ကြီး… မင်းမလဲ ခုရက်ပိုင်း တစ်နေကုန်ခွေခေါက်ပြီးအိပ်နေတော့တာပဲ… အရင်ကဆို မိုးလင်းတာနဲ့အရက်ဆိုင် ထန်းရည်ဆိုင်ရောက်နေတတ်တဲ့ကောင်က ခုလိုငြိမ်နေတော့ ငါစိတ်ထဲခပ်လန့်လန့်ရယ်” ဘုရားဝတ်တက်ပြီးချိန် ခြေရင်းမှာ လူးလိမ့်နေတဲ့ သားဖြစ်သူကိုကြည့်ကာ ပြောလိုက်တဲ့ ဒေါ်အေးကြည်စကားကြောင့် ဟန်ကြီးက ခေါင်းကိုတဗျစ်ဗျစ်ကုတ်ပြီး ” အမေတို့ကလဲ အပြင်သွားတော့လဲသွားလို့… မသွားတော့လဲမသွားလို့ တကယ်ကြံဖန်ပြီးပြောနိုင်တယ်နော်…” ” ငါ့သားခုရက်ပိုင်းအိမ်ကပ်နေလို့ ဝမ်းသာပြီးပြောလိုက်တာပါ… မင်း သုံးဖို့ရှိသေးရဲ့လား” ” ဘယ်ကရှိရမလဲ… မရှိလို့ငြိမ်နေတာပေါ့” ” ရော့ ရော့ မနက်ကျရင်သုံးဖို့ ယူထား” ဒေါ်အေးကြည်က ညနေခင်းက နေ့ပြန်တိုးကောက်လို့ရလာတဲ့ ငွေအချို့ကို ချွေးခံအိတ်ထဲကနေ နှိုက်ကာ သားဖြစ်သူဆီလှမ်းပေးရင်း အိမ်ထဲကိုဝင်သွားခဲ့တယ်။

ဟန်​ကြီးလဲ ရလာတဲ့ ငွေအချို့ကို အိတ်ကပ်ထဲထည့်လိုက်ပြီး အိပ်ခါနီးအပေါ့သွားရန် အိမ်အောက်ကိုဆင်းလာခဲ့လိုက်တယ်။ ” ရှပ် ရှပ် ရှပ်…” ခြံဝကနေ ခြေတစ်ရွတ်တိုက်ဆွဲလမ်းလျောက်သံနဲ့အတူ အပုတ်နံ့တစ်ခုက နှာခေါင်းထဲတိုးဝင်လာခဲ့တယ်။ ” ဟန်ကြီး စိတ်ထိန်းထားစမ်း… ဒါက ဘာမှမဟုတ်ဘူး၊ မင်းစိတ်စွဲလို့ဖြစ်နေတာ” အသက်ကိုပြင်းပြင်းရှုပြီး ကိုယ့်ကိုကိုယ်အားပေးရင်း အိမ်သာထဲကိုဝင်သွားလိုက်တယ်။ ” ဘုတ် ဘုတ် ဘုတ်…. ချွတ် ချွတ်” အိမ်သာထရံကို လက်နဲ့လာပုတ်တဲ့အသံနဲ့အတူ သစ်ကိုင်းခြောက်တွေကိုနင်းတဲ့အသံကို ပြတပြတ်သားသားကြားလိုက်ရတယ်။

” ဘယ်သူလဲ…. ” အိမ်သာရေခွက်ကိုကိုင်ပြီး မေးလိုက်ပေမယ့် တစ်ဘက်ကဘာသံမှပြန်မထူးတာကြောင့် ကိစ္စအမြန်ရှင်းပြီး ထွက်ဖို့အလုပ် ” ငါ့ ငါ့ ကလေးကို တွေ့မိကြသေးလား” ဆိုတဲ့အသံက အိမ်သာအနောက်ကနေ ထွက်လာခဲ့တယ်။ ” ဟာ ချီးပဲ…. ဒါ ဒါ အမေတို့ပြောပြောနေတဲ့ သရဲများလား” ဟန်ကြီးတစ်ယောက် အိမ်သာထဲကပဲထွက်ရမလား ဆက်ပြီးထိုင်နေရမလား ဝေခွဲမရဖြစ်နေတဲ့အချိန် အိမ်သာနံရံကို ဗုန်းခနဲပုတ်ပြီး ခြံအနောက်ဘက်ကို ထွက်ပြေးသွားတဲ့ခြေသံကိုကြားလိုက်ရတယ်။ အဲးီတော့မှ အရဲစွန့်ပြီး အိမ်သာတံခါးကိုတွန်းဖွင့်လိုက်တဲ့အချိန် ” ဟီး ဟီး ဟီး ငါ့ ကလေး နင်တို့ယူထားသေးလား” ဆိုတဲ့အသံနဲ့အတူ အိမ်သာရှေ့မှာ အသားအရည်က ဖြူဖတ်ဖြူလျော်ဖြစ်ကာ ဗိုက်ဟောင်းလောင်းနဲ့ငုတ်တုတ်ထိုင်နေတဲ့ မိန်းမတစ်ယောက်ကို မြင်လိုက်ရတယ်။

ဟန်ကြီးလဲ ညဘက်ကြီးမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် အိမ်သာတံခါးဝမှာတင် အရုပ်ကြိုးပြတ်သလိုလဲကျကာ သတိလစ်သွားခဲ့တယ်။ ဟန်ကြီး သတိလစ်သွားတဲ့အချိန်မှာပဲ ခြောက်ကပ်အက်ကွဲတဲ့ရယ်သံက ကျယ်လောင်စွာထွက်ပေါ်လာခဲ့တယ်။ နောက်တစ်နေ့မနက်ရောက်တော့ ဒေါ်အေးကြည်ရဲ့ အော်ကြီးဟစ်ကျယ်ငိုသံက အလန့်တကြားပေါ်ထွက်လာခဲ့တယ်။ +++++++ ” ဟန်ကြီး ညက သရဲခြောက်ခံထိတာ မသေရုံတမယ်ပဲ” ရေငင်နေရင်းပြောလိုက်တဲ့ မိဖြူစကားကြောင့် အခြားမိန်းကလေးတွေအားလုံး အံ့အားသင့်သွားပြီး ” ဒီတိုင်းမူးလဲတာဆိုပြီးပြောနေကြလို့လေ” ” ဘယ်ကလာ ဒေါ်အေးကြည်က သူ့သား သတ္တိကြောင်တာလူသိမှာစိုးလို့ အဖြစ်အပျက်တွေကိုဖုံးဖိထားတာ၊ ဟန်ကြီးဆိုတဲ့ ကောင်ကလဲ မိဘအားကိုးနဲ့ မြောက်ကြွမြောက်ကြွဖစ်နေတာ နည်းတောင်နည်းသေးတယ်” ” ဒါနဲ့လေ ရွာထဲကလူတွေပြောနေကြတာတကယ်ပဲသိလား… လွန်ခဲ့တဲ့ နှစ်ရက်က ခွေးအူသံကြားလို့ အိမ်ထရံပေါက်ကနေချောင်းကြည့်တာ မိန်းမတစ်ယောက်က ဆနွင်းတွေပေနေတဲ့ ပဝါကိုခေါင်းပေါ်ခြုံပြီး လျောက်သွားနေတာ ၊ ငါဖြင့် အဲနေ့ထဲက သေးတောင်းဆင်းမပေါက်ရဲဘူး” ရေတွင်းမှာရေလာခပ်ကြတဲ့ မိန်းမငယ်လေးတွေရဲ့ စကားဝိုင်းအပြီးမှာတော့ ဆနွင်းတွေပေနေတဲ့ ပဝါတစ်ထည်က ရေတွင်းဘေးခြုံပုတ်တွေထဲကနေ ထွက်ပေါ်လာခဲ့တယ်။

++++++++ စပါးတွေရိတ်သိမ်းပီးကာစဖြစ်တဲ့အတွက် လယ်ကွင်းတွေအားလုံးပြောင်သလင်းခါနေပြီး လယ်စောင့်တဲ့အချို့ဆိုရင် အမိုးတွေလန်ကာ ပျက်စီးစပင်ပြုနေခဲ့တယ်။ ဒါပေမယ့် နတ်ရဲကွင်းရွာရဲ့အရှေ့ဘက် လယ်စောင့်တဲတစ်ခုမှာတော့… ” မင်းရလာတဲ့ လယ်ကြွက်က အတော်ဝဖီးနေတာပဲကွ… ငါဖြင့် မြည်းချင်နေပီ” ” မကျက်သေးတာကို ဘယ်လိုမြည်းမှာလဲ … ခဏ​စောင့်ပါဦး… ဒီနေ့တော့ လယ်ကြွက်ကင်နဲ့ ထန်ရည်ခါး ရှလွတ်… ဘယ်လောက်အရသာတွေ့လိုက်မလဲ” ကျော်မြင့်က ဝါးနဲ့ညှပ်ထားတဲ့ လယ်ကြွက်ကို အကျက်မှန်အောင် လှည့်ပေးရင်း ထန်းရည်အိုးကို ကြည့်ကာ လျာကိုသပ်လိုက်တယ်။ ခဏကြာတော့ ဆီတဝင်းဝင်းနဲ့ နီရဲနေတဲ့ လယ်ကြွက်ကို ကြမ်းပေါ်ချပြီး ထန်းရည်ခါးကို ခပ်ကာ တစ်ယောက်တစ်ကျိုက်မော့ချလိုက်တယ်။

” ကောင်းသဟေ့… ဒါမျိုးလေးတွေ နောက်လဲဖန်တီးဦးဟ” ဖေစိန်က ကျေနပ်နေတဲ့မျက်နှာနဲ့ ကျော်မြင့်ကို ပြောပြီး ထန်းရည်သောက်လိုက် ကြွက်ကင်ကိုဖဲ့မြည်းလိုက်နဲ့ စည်းစိမ်ခံနေခဲ့တယ်။အဲဒီအချိန် ” ချွတ် ချွတ် ချွတ်” ဆိုတဲ့ရိုးပြတ်နင်းတဲ့အသံကြောင့် နှစ်ယောက်လုံးရဲ့ မျက်လုံးတွေ ပြူးကျယ်သွားပြီး ထန်းရည်ခွက်ကိုချကာ တဲအပြင်ဘက်ကို ချောင်းဖို့ ဆင်းသွားခဲ့တယ်။ ” ဒီနေရာကို ဘယ်သူမှ လာစရာအကြောင်းမရှိဘူးလေ… ဟို ဟို သရဲမများလား” ” အသာနေစမ်းပါဦး… သရဲက နေ့ဖက်ထွက်ပါ့မလားဟ” ကျော်မြင့်က ဖေစိန်ကို တွန်းထုတ်ပြီး ခွေးတွေတိုးထားလို့ ပေါက်ပြဲနေတဲ့ ထရံပေါက်ကနေ ချောင်းကြည့်လိုက်ရာ လွယ်အိတ်ကိုယ်စီလွယ်ထားတဲ့ လူနှစ်ယောက်ကိုမြင်လိုက်ရတယ်။ ” အမလေး တော်ပါသေးရဲ့… ” ​ကျော်မြင့်လဲ အဲဒီတော့မှ တဲထဲကနေထွက်ပြီး လူစိမ်းနှစ်ယောက်ကို စူးစိုက်ကြည့်ကာ ” ခင်ဗျားတို့ကို ဒီရွာမှာ မမြင်ဖူးပါဘူး … ဘယ်ကလာလို့ ဘယ်ကိုသွားမလို့လဲ” လို့မေးလိုက်တော့ ဆံပင်ကိုသပ်ရပ်စွာစည်းထားတဲ့ လူက နတ်ရဲကွင်းရွာဘက်ကိုလက်ညိုးထိုးပြီး ” နတ်ရဲကွင်းရွာကိုသွားချင်လို့ပါ… ဘယ်လမ်းကနေ သွားရလဲဆိုတာ လမ်းညွှန်ပါဦး” ” နေစမ်းပါဦး… နတ်ရဲကွင်းရွာကို ဘာလို့သွားချင်ရတာလဲ… ဘာကိစ္စရှိလို့လဲ” ကျော်မြင့်စကားကို မျက်နှာစိမ်းနဲ့လူက ဘာမြှပန်မပြောပဲ လွယ်အိတ်ထဲမှာ ထည့်ထားတဲ့ ပုဝါတစ်ထည်ကိုထုတ်ပြလိုက်တယ်။

” ဒါက ဘာလုပ်မလို့လဲ… အော် သိပြီ ပုဝါလိုက်ရောင်းတဲ့သူ​တွေထင်ပါတယ်” ” ဟေ့ကောင် ကျော်မြင့် … အဲ ပဝါကို ငါမြင်ဖူးသလိုပဲ… ဟို ဟို နေ့ညက ငါတို့တွေ့ခဲ့တဲ့ သ သရဲမ ခေါင်းပေါ်က ပုဝါမျိုးမဟုတ်လား” ဖေစိန်စကားကြောင့် ကျော်မြင့်ရဲ့ ရီဝေဝေအတွေးတွေ အကုန်လွင့်ပျောက်သွားပြီး ” ဒါ ဒါကို ခင်ဗျားတို့ ဘယ်ကရလာတာလဲ… မှန်းစမ်း အဲပုဝါထဲမှာ ဆနွင်းတွေပေနေတယ်မလား” ကျော်မြင့်က ပုဝါကိုဆတ်ခနဲ ဆွဲယူပြီးကြည့်လိုက်ရာ အထဲမှာဝါထိန်နေတဲ့ ဆနွင်းရောင်တွေကိုမြင်လိုက်ရတယ်။ ” ခင်ဗျားတို့က အဲဒီသရဲမနဲ့ ဘယ်လိုပတ်သတ်နေတာလဲ ” ” စိ​တ်အေးအေးထားစမ်းပါဗျာ…. ကျုပ်တို့နှစ်ယောက်က ရွာမှာဖြစ်နေတဲ့ကိစ္စကို ကူညီဖြေရှင်းပေးဖို့လာတဲ့သူတွေပါ” ” ဘယ် ဘယ်လိုဖြေရှင်းပေးမှာလဲ… သရဲမကို မောင်းထုတ်ပေးမလို့လား” မျက်နှာစိမ်းလူက ကျော်မြင့်မေးတာကို ပြန်မပြောသေးပဲ အနောက်ကိုဆတ်ခနဲလှမ်းကြည့်လိုက်ရာ သစ်ပင်အနောက်ကိုဖျတ်ခနဲပြေးဝင်သွားတဲ့ လူရိပ်တစ်ခုကိုမြင်လိုက်ရတယ်။

” ခင်ဗျားတို့နှစ်ယောက်နောက်ကို သူလိုက်နေတယ်… ” ” ဟင် ဘယ်သူလိုက်နေတာလဲ” ဖေစိန်က အလန့်တကြားနဲ့ ဘေးဘီကိုကြည့်ပြီးမေးလိုက်တော့ တစ်ချိန်လုံးငြိမ်နေတဲ့ မျက်နှာစိမ်းနဲ့လူက ” ခင်ဗျားတို့ကြောက်နေတဲ့ သရဲမလိုက်နေတာလေ.. သူက တစ်ခုခုကိုမကျေနပ်လို့ ဒီရွာထဲကလူတွေကို လိုက်ခြောက်လှန့်နေတာ၊ ဘာကြောင့် အခုလိုခြောက်လှန့်နေတယ်ဆိုတာသိရဖို့ ကျုပ်နဲ့ကျုပ်ဆရာ ဒီကိုလာခဲ့တာပဲ၊ ဘယ်လိုလဲ ကျုပ်တို့ကူညီရမှာလား ပြန်ရမှာလား” ” မပြန်တော့မပြန်ပါနဲ့ ကိုယ့်လူတို့ရယ်၊ ရွာကိုလိုက်ခဲ့ကြ တည်းဖို့ရော စားသောက်ဖို့ရော ကျုပ်တို့စီစဉ်ပေးမယ်… အဓိကက ဟိုသရဲမကို မောင်းထုတ်ပေးပါဗျာ” ” ဒါဖြင့် အရှေ့ကနေ လမ်းပြပြီးခေါ်သွားပေးပါ” ” ခဏလေးပဲစောင့် တဲထဲက လယ်ကြွက်နဲ့ထန်းရည်အိုးလေးယူပါရစေ” ဖေစိန်နဲ့ကျော်မြင့်လဲ တဲထဲမှာကျန်နေတဲ့အရာတွေကို ပြန်ယူပြီး ရွာထဲကိုခေါ်လာခဲ့ကြတယ်။ ရွာရောက်တော့ လူစိမ်းနှစ်ယောက်က ရွာထိပ်နတ်ကွန်းရှေ့မှာ ခဏရပ်လိုက်ပြီး ” ခင်ဗျားတို့နှစ်ယောက် ဒီနားမှာ မြင်ခဲ့တာမဟုတ်လား” ” အယ် ဘယ်လိုသိတာလဲဗျာ… အကြားအမြင်များရနေကြတာလား” ” အင်း ပြဿနာအရင်းမြစ်က ဒီရွာထဲမှာရှိနေပြီ” မျက်နှာစိမ်းနဲ့လူက ခပ်တိုးတိုးရေရွတ်ပြီး ရွာထဲကိုဆက်ဝင်သွားခဲ့တယ်။ ဖေစိန်နဲ့ကျော်မြင့်တို့လဲ ဘကြီးလှဖေနဲ့တိုင်ပင်ကာဧည့်သည်တွေကို အိမ်မှာပဲတည်းဖို့စီစဉ်ပေးခဲ့ကြတယ်။ ဒီလိုနဲ့ စကားမ​မြည်ပြောကြရင်း မိတ်ဆက်ကြရာကနေ မျက်နှာစိမ်းလူနှစ်ယောက်ရဲ့နာမည်က အောင်မြတ်သာနဲ့ မောင်ကောင်းဆိုတာကို သိခဲ့ရတယ်။

ညနေစောင်းရောက်တော့ ဖေစိန်က ဘုရားခန်းမှာအလုပ်ရှုပ်နေတဲ့ သူတွေဆီကိုသွားပြီး ” သရဲမကို ဘယ်လိုလုပ်ဖို့ စိတ်ကူးထားလဲဟင်”လို့မေးပေမယ့် ဧည့်သည်တွေက သူ့စကားကိုအဖက်မလုပ်ပဲ စက္ကူပေါ်မှာ ခဲတဲနဲ့အင်းကွက်တွေကိုသာ အာရုံစိုက်ပြီးရေးဆွဲနေခဲ့တယ်။ ညဦးပိုင်းအချိန်ရောက်တော့ ကျော်မြင့်ပါထပ်ရောက်လာပြီး ဧည့်သည်တွေအတွက် လက်ဖက်သုပ်ပန်းကန်တစ်ချပ်ပါလာခဲ့တယ်။ ဘကြီးလှဖေကတော့ ဆေးတံကြီးကိုခဲပြီး ဧည့်သည်တွေနဲ့ စကားကောင်းနေပေမယ့် ဖေစိန်နဲ့ ကျော်မြင့်ကတော့ အိမ်နောက်ဘေးကောက်ရိုးပုံနားမှာ အရက်တစ်လုံးကို ခွက်ပုန်းကစ်နေကြတယ်။ ” ဟေ့ကောင် ဖေစိန် ရေလေးတော့ရောဦးလေကွာ… မင်းဟာက နွားရေငတ်တာကျနေတာပဲ” ” ခဏနေရင် အိမ်ပေါ်ပြန်တက်ရမှာကွ… ခုထဲကတင်ထားမှ ဒီညအိပ်လို့ပျော်မှာမဟုတ်လား” ကျော်မြင့်နဲ့ဖေစိန်လဲ အရက်သောက်လိုက် လက်ဖက်သုပ်လေးခပ်စားလိုက်နဲ့ သာယာနေတဲ့အချိန် ” အဟင့် အဟင့် … အီး ဟီး ဟီး” ” ဟေ့ကောင် ဖေစိန် နေရင်းထိုင်ရင်း ဘာလို့ငိုနေတာလဲ” ကျော်မြင့်က မျက်နှာကိုလက်ဝါးနဲ့အုပ်ကာ ငိုနေတဲ့ ဖေစိန်ကို ကြောင်တောင်တောင်နဲ့ကြည့်ပီး အရက်ပဲသောက်ရမလိုလို အမြည်းပဲခပ်စားရမလိုလိုဖြစ်နေခဲ့တယ်။ ” ငါ့နာမည် ဖေစိန် မဟုတ်ဘူး.. ” ဒီတစ်ခါတော့ ကျော်မြင့် လက်ထဲက အရက်ခွက်ပါလွတ်ကျသွားခဲ့တယ်။ ဘာလို့ဆိုတော့ ဖေစိန်ဆီကထွက်လာတဲ့အသံက မိန်းမတစ်ယောက်ရဲ့အသံဖြစ်နေလို့ပဲ။

” ငါ့ကိုခေါ်နေပီ သွားရတော့မယ်… သွားရတော့မယ်” ဖေစိန်က တုန်တုန်ရီရီနဲ့ အိမ်ပေါ်ကိုပြေးတက်သွားတော့ ကျော်မြင့်လဲ ကြောင်အအနဲ့ အနောက်ကနေ လိုက်တက်သွားခဲ့တယ်။အိမ်ပေါ်ရောက်တော့ ဧည့်သည်နှစ်ယောက်က ဘုရားခန်းရှေ့မှာ တင်ပလ္လင်ခွေထိုင်နေပြီး ဘေးမှာတော့ ဘကြီးလှဖေက ဆေးတံကိုဖွာကာ တုန်တုန်ရီရီဖြစ်နေတဲ့ ဖေစိန်ကို ကြည့်နေခဲ့တယ်။ ” အခုရောက်လာတာဘယ်သူလဲ … ” ​အောင်မြတ်သာလို့ခေါ်တဲ့ဧည့်သည်က စူးစိုကကြည့်​ပြီးမေးလိုက်တော့ ကတုန်ကယင်ဖြစ်နေတဲ့ ဖေစိန်က မျက်နှာကိုလက်နဲ့အုပ်ကာငိုချလိုက်ပြီး ” ကျွန်မ ကျွန်မ နာမည် ခင်လေးကြွယ်လို့ခေါ်ပါတယ်” ” သင်က ဒီရွာထဲမှာ လှည့်ပတ်သွားလာပြီး လူတွေကိုခြောက်လှန့်နေတယ်ဆိုတာဟုတ်သလား” ” မ မဟုတ်ရပါဘူး … ကျွန်မက ဗိုက်ထဲက ကလေးကိုလိုက်ရှာနေတာပါ” ” ဘကြီးလှဖေအနေနဲ့ ရွာမှာနေတာကြာပီဆိုတော့ ဒီမိန်းကလေးနာမည်ကိုကြားဖူးပါသလား” ” တစ်ခါမှမကြားဖူးဖူး ဆရာလေး… ဟိုကောင် ကျော်မြင့် မင်းရော ဒီနာမည်ကြားဖူးလား” ဘကြီးလှဖေစကားကြောင့် အိမ်ထောင့်မှာငုတ်တုပ်လေးထိုင်နေတဲ့ ကျော်မြင့်က ခေါင်းကိုတွင်တွင်ခါယမ်းပြီး ” မသိဘူး ဘကြီး… ဒီနာမည်ကိုခုမှကြားဖူးတာ” ” ကဲကဲ ထားလိုက်ပါ… သူ့ကိုမေးရင်တော့အဖြေတစ်ခုရပါလိမ့်မယ်… မိန်းကလေး သင်က ဘယ်ကနေ ဘယ်လို ဒီရွာကိုရောက်လာတာလဲ” ” ဒါလဲ ကျွန်မမသိဘူး… ကျွန်မမှတ်မိတာကတော့ လူတစ်စုက ကျွန်မအလောင်းကို ဗိုက်ခွဲပြီး အထဲက ကလေးကို ထုတ်ယူသွားကြတယ်… နောက်ပြီး နောက်ပြီး ကျွန်မအလောင်းကို မြေထဲမြုပ်လိုက်ကြတယ်”

” သင့်အလောင်းကို ဘယ်မှာမြုပ်ထားတာလဲသိလား” ” သိပါတယ် ကျွန်မအလောင်းကို ရွာပြင် နတ်ကွန်အနောက်က ခြုံထဲမှာမြုပ်ထားတာပါ.. အဲဒီနေရာကို ဒီလူနဲ့ အခုဝင်ပူးနေတဲ့သူ အရက်မူးပြီးရောက်လာသေးတယ်.. သူတို့က ကျွန်မမြေပုံပေါ်မှာ ကျင်ငယ်တွေစွန့်တာမြင်လို့ ကြောက်အောင် ခြောက်လှန့်ခဲ့မိပါတယ်” ဝင်ပူးနေတဲ့မိန်းကလေးစကားကြောင့် ကျော်မြင့် ခေါင်းကိုလက်နဲ့ကုတ်လိုက်ပြီး ” အဲ အဲဒါက သိလို့လုပ်တာမှမဟုတ်တာ… အဲနေ့ညက အရက်အတော်မူးနေလို့ပါ ဘကြီးရာ” ” ဒါဆို မင်းတို့ကျင်ငယ်စွန့်တဲ့နေရာကိုတော့ မှတ်မိတယ်မဟုတ်လား” ” မှတ်မိပါတယ် ဘကြီး..” ” အေး အေး.. ဆရာလေးက လုပ်စရာရှိတာ ဆက်လုပ်ပေးပါ” ဘကြီးလှဖေစကားအဆုံးမှာ အောင်မြတ်သာက ဖေစိန်ကိုကြည့်ပြီး ” မင်းကဘယ်လိုဖြစ်ပြီးသေရတာလဲ.. ကလေးကဗိုက်ထဲရှိတုန်းသေတာဆိုတော့ မွေးရင်းဖွားရင်းသေတာမဖြစ်နိုင်ဘူး” ” ကျွန်မ ကျွန်မက အသတ်ခံရတာ… လူယုတ်မာ ဟန်ကြီးက ကျွန်မကို တာဝန်ယူပါ့မယ်ဆိုပြီး ကတိပေးလို့ ဒီရွာကိုလိုက်လာခဲ့တဲ့ချိန် ရွာပြင်တောထဲမှာ အသတ်ခံရတာပါ… ကျွန်မအနေနဲ့ သူ့ကို သေအောင်သတ်ပစ်ချင်ပေမယ့် လုပ်မရတာကြောင့် မေ့မျောတဲ့ထိပဲ ခြောက်လှန့်ခဲ့တာ” ” ဟန်ကြီးဆိုတာ မအေးကြည်သား ဟန်ကြီးမဟုတ်လားကွ… ဟာကွာ ဒီကောင် အတော်ယုတ်မာတာပဲ” ဘကြီးလှဖေက တောက်ခတ်ကာ ကြိမ်းဝါးပြီး မအေးကြည်အိမ်ကိုသွားဖို့အလုပ် ” ဘကြီး စိတ်မလောပါနဲ့… ဒီလူကျူးလွန်ခဲ့တာတွေကို တရားဥပ​ဒကအပြစ်ပေးပါလိမ့်မယ်.. မနက်ကျရင် ဘကြီးက မြို့တက်ပြီး သက်ဆိုင်ရာကိုအကြောင်းကြားပေးပါ… ကျော်မြင့်ကတော့ အလောင်းကိုတူးဖော်ဖို့အတွက် ကူညီပေးပါ” ” စိတ်ချဆရာလေး ကျုပ်ကူညီပေးမယ်… ”

” ကျုပ်တို့ရွာကိုလာရတဲ့အကြောင်းကလဲ ဒီကလေးမကိုရှာဖို့အတွက်ပဲ… သူက ကိုယ်ဝန်နေ့စေ့လစေ့မှာ အမျိုးသားရှိတဲ့ရွာကို သွားမယ်ဆိုတဲ့စာရေးပြီး ထွက်သွားခဲ့တာလို့ သူ့မိဘတွေပြောပြခဲ့တယ်။ ဒါပေမယ့် သူ့အမျိုးသားကဘယ်ရွာမှာနေတယ်ဆိုတာကိုမပြောပဲထွက်သွားတာကြောင့် ကျုပ်တို့က သူအသုံးပြုခဲ့တဲ့ ပုဝါကိုယူပြီး ခြေရာခံလိုက်ခဲ့ကြတာ.. စိတ်မကောင်းစရာက ကျုပ်တို့သိတဲ့အချိန် ဒီကလေးမအသက်မရှိတော့ဘူး” အောင်မြတ်သာရဲ့စကားကိုကြားတဲ့ ဖေစိန်က ချုံးပွဲချငိုလိုက်ပြီး ” ကျွန်မသူ့ကိုယုံလို့ မိဘတွေသိရင်လိုက်လာမှာစိုးရိမ်ပြီး ဘယ်ကိုသွားပါတယ်ဆိုတာမပြောပြခဲ့ဘူး.. ဒါကို သူတို့က ကျွန်မကိုသတ်ခဲ့တယ်.. အဆိုးဆုံးက ကျွန်မဗိုက်ထဲကကလေးကို ထုတ်ယူခဲ့တာပဲ” ” သင်ကို ရွာတော်ရှင်က သနားပြီး ရွာထဲဝင်ထွက်ခွင့်ပေးထားတာကျုပ်တို့သိပါတယ်… ဒါကြောင့် လူမဆန်တဲ့လုပ်ရပ်ကျူးလွန်ခဲ့သူတွေကိုဖော်ထုတ်တဲ့အခါ သင်ကိုယ်တိုင်ပါဝင်ပေးဖို့ပြောချင်တယ်”

” စိတ်ချပါ ဆရာ.. ကျွန်မက အလောင်းဘေးမှာအမြဲရှိပါတယ် အချိန်မရွေးခေါ်လိုက်ပါ” ” ဒါဆို သင်လဲ ခုကစပြီး ရွာထဲလျောက်မသွားပဲ ရွာတော်ရှင်စီစဉ်ပေးတဲ့နေရာမှာ နေထိုင်ပါ… တရားမျှတမှုရအောင် ကျုပ်တို့လုပ်ပေးပါမယ်.. ကဲကဲ သင်ထွက်လို့ရပြီ” အောင်မြတ်သာစကားအဆုံးမှာ ဖေစိန်က ဘုတ်ခနဲလကျသွားခဲ့တယ်။ ” ဖေစိန် ထစမ်း.. ဖေစိန်” ဇက်နှိပ်ပြီး လှုပ်နှိုးတော့မှ ဖေစိန် သတိရလာပြီး ဘေးဘီဝဲယာကိုပြူးကြောင်ကြောင်နဲ့လိုက်ကြည့်နေခဲ့တယ်။ပြီးတော့မှ ” ဟိုမိန်းမကော… ကောက်ရိုးပုံဘေးမှာ တွေ့တဲ့မိန်းမရော” လို့မေးတော့မှ ဖြစ်စဉ်အစအဆုံးကိုပြောပြပေးလိုက်တယ်။ +++++ နောက်တစ်နေ့ မနက်ရောက်တော့ ဖေစိန်နဲ့ကျော်မြင့်က ဦး​ဆောင်ပြီး နတ်ကွန်းအနောက်မှာရှိတဲ့ မြေပုံကို တူးဖော်ခဲ့တယ်။ လေးတောင်လောက်တူးပြီးချိန်မှာတော့ ပုတ်ပွနံစော်နေတဲ့မိန်းကလေးအလောင်းတစ်လောင်းထွက်လာတာကြောင့် လာကြည့်ကြတဲ့သူတွေ အကုန် ထိတ်လန့်တုန်လှုပ်သွားခဲ့ကြတယ်။

” ဒါဘယ်သူအလောင်းလဲ… ” ” ဟမ် ဘယ်လိုဖြစ်ပြီး ဒီနေရာမှာ အလောင်းကိုလာမြုပ်ထားတာလဲ” ” ဖေစိန်နဲ့ကျော်မြင့်က ဘယ်လိုလုပ်ပီးသိတာလဲ” ရွာသားတွေရဲ့တစ်ယောက်တစ်ပေါက်စကားသံတွေကိုကြားတဲ့အချိန်မှာပဲ အောင်မြတ်သာက သေဆုံးသူမိန်းကလေးရဲ့ဝိဉာဉ်ကို ဝင်ရောက်ပူးကပ်ဖို့ အမိန့် ပြန်လိုက်ရာ လူအုပ်ထဲမှာရှိနေတဲ့ မိန်းမတစ်ယောက် ငိုကြီးချက်မနဲ့ ဒူးထောက်ထိုင်ချလိုက်ပြီး ” ငါ့ကို ဟန်ကြီးနဲ့အပေါင်းအပါတွေ သတ်တာ… အဲဒီလူယုတ်မာကိုဖမ်းပေးကြပါ… သူတို့က ငါ့ဗိုက်ထဲက ကလေးကို ခွဲထုတ်ပြီးယူသွားသေးတယ် အဟီးဟီး…” လို့ပြောလိုက်ချိန်မှာတော့ လူအုပ်ထဲမှာ မရောင်မလည်လုပ်နေတဲ့ ဟန်ကြီးက မသိမသာလှည့်ထွက်ဖို့အလုပ် အသင့်စောင့်နေတဲ့ ကျော်မြင့်နဲ့ ဖေစိန်က လက်ထဲက ပေါက်တူးနဲ့ ညိုသကျဉ်းကို ဖြောင်းခနဲမြည်အောင်ရိုက်ချကာ လည်မြိုကိုတက်နင်းထားလိုက်တယ်။

” ခွေးကောင် ပြောစမ်း… နင် ဒီမိန်းကလေးကို ဘာလို့သတ်တာလဲ” ” အာ့ အာ့ ငါ ငါမသတ်ဘူး… ငါလုပ်တာမဟုတ်ဘူး” ” ကာယကံရှင်ကိုယ်တိုင် ဝင်ပူးပြီးပြောနေတာတောင် မင်းကငြင်းချင်သေးတာလား ဟမ်” ဖေစိန်က ပေါက်တူးနဲ့ခုတ်မယ်တကဲကဲလုပ်နေလို့ အောင်မြတ်သာက ကြားထဲကနေ ဝင်တားထားရတယ်။ ” လူယုတ်မာ ဟန်ကြီး… နင် နင် ငါ့ကို သားမှတ်မှတ်မယားမှတ်မှတ်ပေါင်းမယ်ဆို.. ငါတို့ရင်သွေးကိုလဲ လူတန်းစေ့နေနိုင်အောင် ပျိုးထောင်မယ်ဆို … ငါက နင်ကတိတွေကိုယုံစားလို့ လိုက်လာတာလေ … ဒါကိုနင်က ငါ့ကိုသတ်ရုံမက ငါ့ဗိုက်ထဲက ကလေးကိုပါ ခွဲထုတ်သွားရသလား” ရွာခံလူတွေကလဲ ဝင်ပူးနေတဲ့ မိန်းကလေးရဲ့ စကားကြောင့် မျက်ရည်မဆည်နိုင်ပဲ အံကြိတ်တဲ့သူကကြိတ် ငိုတဲ့သူက ငိုကာ မြေကြီးပေါ်လဲနေတဲ့ ဟန်ကြီးကို သတ်မယ်ဖြတ်မယ်တကဲကဲမျက်လုံးတွေနဲ့ ကြည့်နေခဲ့ကြတယ်။ အဲဒီအချိန် ဘကြီးလှဖေနဲ့အတူ တာဝန်ရှိသူတွေရောက်လာပြီး ဟန်ကြီးကို လက်ထိပ်ခတ်ကာ ဖမ်းဆီးခဲ့တယ်။ အလောင်းကိုတော့ တာလပတ်နဲ့အုပ်​ပြီး စစ်ဆေးဖို့အတွက် မြို့ပေါ်ကို ယူဆောင်သွားခဲ့ကြတယ်။

ဒီကိစ္စတွေဖြစ်ပြီး သုံးရက်လောက်အကြာမှာတော့ ဟန်ကြီးတစ်ယောက်လုပ်ခဲ့တာတွေကိုဝန်ခံပြီဆိုတဲ့သတင်းနဲ့ အတူတူ ပါဝင်ခဲ့တဲ့ အောက်ပညာသည်တစ်ဦးကိုလဲ သက်ဆိုင်ရာက ဖမ်းဆီးပြီး စွဲချက်တင်ဖို့လုပ်နေတယ်ဆိုတာကို ကြားလိုက်ရတယ်။ ” ဒီကောင်က အောက်လမ်းဆရာရဲ့စကားကိုယုံပြီး ကောင်မလေးကို ရိုက်သတ်လိုက်တာဗျ… သူ့ဆရာရဲ့ထွက်ဆိုချက်ကတော့ ကောင်မလေးဝိဉာဉ်ကို ရွာတော်ရှင်နန်းမှာချုပ်ထားပြီး ဗိုက်ထဲကကလေးကို ခိုင်းစားဖို့အကြံနဲ့ ပူးပေါင်းကြံစည်ခဲ့တာလို့ ထွက်ဆိုခဲ့တယ်။ အတော်ရက်စက်တဲ့လူတွေဗျာ” ကျော်မြင့်က မချိတင်ကဲရေရွတ်ပြီး ရွာလမ်းမကိုငေးကြည့်နေခဲ့တယ်။ ” ကောင်မလေး မိဘတွေကိုရောအကြောင်းကြားပြီးပြီလား” ” ကြားပီးပီဆရာလေး.. သူ့မိဘတွေဆို ငိုတာဗျာ ကျုပ်လိုယောင်္ကျားရင့်မာကြီးတောင် မျက်ရည်ကျတယ်… ” ဖေစိန်က ဝေ့တက်လာတဲ့ မျက်ရည်တွေကို မသိမသာလေးပုတ်ထုတ်လိုက်ပြီး အံကိုကြိတ်ထားခဲ့တယ်။

” ကျုပ်တို့က ကောင်မလေးနဲ့ သူ့ကလေးအတွက် ရည်စူးပြီး ဆွမ်းသွပ်ပေးရမယ်… ဒါကို ရွာကပဲဦးဆောင်ပေးလို့ရမလား” အောင်မြတ်သာစကားအဆုံးမှာ အိမ်ပေါ်ကို ဟန်ကြီးရဲ့အမေ မအေးကြည်တက်လာပြီး ” ကျွန်မသားလုပ်ခဲ့တာတွေကို ကြားတော့ မိဘတစ်ယောက်အနေနဲ့ ဘယ်လိုမှ သည်းမခံနိုင်ဘူး… သူ့မိုက်ပြစ်တွေအတွက် သူပြန်ပြီပေးဆပ်ပါစေ.. နစ်နာတဲ့ကလေးမလေးအတွက်ကိုတော့ ကျွန်မကပဲ ဦးဆောင်ပြီး ကုသိုလ်ပြုပေးပါမယ်.. ဒါလေးတော့ ခွင့်ပြုပေးကြပါ” မအေးကြည်စကားကို အောင်မြတ်သာတို့ရော ဘကြီးလှဖေပါ လက်ခံတဲ့အနေနဲ့ ခေါင်းညိမ့်ပြလိုက်ပြီး အလှူနေ့ရက်ကိုရွေးကာ ရက်လည်ဆွမ်းသွပ်ဖို့စီစဉ်ခဲ့ကြတယ်။ အောင်မြတ်သာအနေနဲ့ ဆွမ်းသွပ်တဲ့နေ့မှာတော့ ညိုးငယ်တဲ့မျက်နှာနဲ့ တရားနာနေတဲ့ နစ်နာသူမိန်းကလေးကိုမြင်တွေ့လိုက်ရတယ်။ ဒီရက်လည်ပွဲက နတ်ရဲကွင်းရွာရဲ့ အစည်ကားဆုံး နာရေးပွဲဖြစ်ခဲ့သလို ဖေစိန်နဲ့ ကျော်မြင့်ရဲ့ လူ့ဘဝနောက်ဆုံးရက်လဲဖြစ်ခဲ့ကြတယ်။

ဟန်ကြီးနဲ့ သူ့ဆရာကတော့ လူသတ်အလောင်းဖျောက်မှုနဲ့ အသက်တစ်ကျွန်းကျသွားခဲ့သလို ကျော်မြင့်နဲ့ ဖေစိန်တို့ကလဲ သာသနာ့ဘောင်ထဲကိုအပြီးတိုင်ဝင်ရောက်သွားခဲ့ကြတယ်။ အောင်မြတ်သာတို့ဆရာတပည့်တွေကတော့ ထုံးစံအတိုင်း ခြေဦးတည့်ရာလျောက်သွားရင်း လောကီအရှုပ်တော်ပုံတွေကို ဆက်လက်ဖြေရှင်းပေးခဲ့ကြတယ်။ ဒီလိုနဲ့ တစ်လလောက်အကြာမှာတော့ နတ်ရဲကွင်းရွာမှာသေဆုံးခဲ့တဲ့မိန်းကလေးက အောင်မြတ်သာရဲ့ အာရုံထဲမှာပြန်ပေါ်လာခဲ့တယ်။ အာရုံထဲမှာ မျက်ရည်လည်ရွဲနဲ့ ငိုနေတဲ့ မိန်းကလေးက အောင်မြတ်သာကိုလက်အုပ်ချီပြီး သူ့ကလေးက ခုထိ ဖမ်းဆီးခံထားရတဲ့အပြင် ထောင်ကျသွားတဲ့ အောက်လမ်းဆရာရဲ့ အဆက်နွယ်တွေက ကလေးကိုခိုင်းစားနေတယ်ဆိုတာလာပြောပြခဲ့တယ်။ အောင်မြတ်သာတို့လဲ ကိုယ်ကခဲ့တဲ့ဇာတ် အပြီးတိုင်စေဖို့အတွက် အာရုံထဲမှာလာပြောတဲ့ နေရာကို ထွက်လာခဲ့ရပြန်တယ်။ ဒီအကြောင်းအရာကိုတော့ အောင်မြတ်သာနှင့် မြေမနင်းထားသောဝိဉာဉ်ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့် ဇေယန(ရာမည) #မူရင်းရေးသားသောသူများနှင့် စာရေးဆရာ-ဇေယန(ရာမည)အားလေးစားလျက်မေတ္တာဖြင့်မျှဝေသည်။🙏🙏🙏

Be the first to comment

Leave a Reply

Your email address will not be published.


*