“သရဲကကြောက်ရတဲ့လူ”(စ/ဆုံး)
” မသွားမဖြစ် သွားရမယ်ဆိုလည်း ညဉ့်မနက်စေနဲ့တော် “ ” အေးပါဟ၊ အမေနေမကောင်းဘူးဆိုလို့ပါ “ ” ရွာရောက်လို့ ငယ်သူငယ်ချင်းတွေနဲ့တွေ့လည်း ထန်းရေသောက်ပြီး မူးရူးမနေနဲ့အုံး တော်ရေ “ “အိမ်းလကွာ … သွားဖြင့်မသွားရသေးဘူး၊ မင်းနှယ် မှာရန်ကော၊ သဟာဖြင့် ငါမသွားရတော့ဘူးလား..မယ်မြရဲ့ “ ” တော့် ကို ကျုပ်မသွားရဖူး တားနေသလား၊ အိမ်စောင့်မရှိလို့ မှာနေရတာ ၊ နိုမို့ရင် အမေ့ဆီကျုပ်ပါလိုက်ပါတယ်တော် “ မမြခင် ခင်ပွန်းဖြစ်သူ ကိုထွေးအား စိတ်မချနိုင်စွာတဖျစ်တောက်တောက် မှာနေ၏။ ကိုထွေးဆိုတာကလည်း အပေါင်းသင်းစုံရင်အပျော်အပါးက မက်တုန်းလေ။
ယောင်နောက်ဆံထုံးပါစကားဆိုရိုးကိုဆန့်ကျင်၍ ဆံထုံး နောက်ယောင်ပါလာသည့် ကိုထွေးသည် မမြခင်တို့ရွာမှာ အခြေချနေထိုင်ခြင်းဖြစ်သည်။ ယခု ကိုထွေးမိခင်ကြီး ကျန်းမာရေးမကောင်း ဟုအကြောင်းကြားလာသဖြင့် ကိုထွေး ရွာကိုသွားရန် မိန်းမဖြစ်သူအား ခွင့်တောင်းနေခြင်းဖြစ်သည်။ မမြခင်တို့ ရွာသာအေးရွာ နှင့် ကိုထွေးတို့အမေနေသော ပဒတ်စာရွာမှာ ဆိုင်ကယ်ဖြင့်သွားလျှင် ၂နာရီအေးအေးလောက်မောင်းရသည်။ ကိုထွေးမှာ မိန်းမကွယ်ရာတွင်အနည်းအကျဉ်းသောက်တတ်ပြီး တဇွတ်ထိုးတဇောက်ကန်းသမား လူရိုးဖြစ်၏။ ကိုထွေး မိန်းမမှာကြားသမျှကို ခေါင်းတငြိမ့်ငြိမ့်ဖြင့် နေ့မွန်းတည့်ပြီး ချိန်လောက် သူ့အမေရွာသို့ထွက်ခဲ့သည်။ ကိုထွေး ရွာကိုရောက်တော့ ညနေ၄နာရီခန့်ရှိပြီဖြစ်သည်။
အမေ့အိမ်တန်းမောင်းလာရင်း ရွာထဲကသူငယ်ချင်းများ ကို ဟွန်းတီးကာ ‘အပြန်ဝင်ခဲ့အုံးမယ်ဟေ့’ လို့ အချက်ပြထားခဲ့သေးသည်။ ရွာထဲက ချက်စူ၊ ငွေမောင်း၊ အောင်ကျော်တို့ လူစု ထားကြဟေ့ လို့ ပြောသလိုပင်။ သူငယ်ချင်းများကလည်း အိမ်ထောင်ကျကုန်ပြီး၊ ကိုထွေးတစ်ယောက်သာ တရွာသူနှင့် အကြောင်းပါခြင်းဖြစ်သည်။ ရွာလယ်လမ်းကြီးမှ တဆစ်ချိုးလမ်းသွယ်လေးထဲရှိ အမေ့အိမ်ရောက်တော့ မန်းကျီးပင်အရိပ်အောက်တွင် ထန်းပက်လက်ကုလားထိုင်ဖြင့် ထိုင်နေသော အမေ့ကိုတွေ့ရ၍ ကိုထွေး ဝမ်းသာရသည်။ အခြေနေအဆိုးကြီးမဟုတ်ပဲလေ၊ အမေအား ပါလာသည့် လူကြီးစာလေးများ ကန်တော့ပြီး ပြန်မည်ဟု တွေးလိုက်သည်။ ” အမေ အခု ဘယ်လိုနေလဲဗျ ၊ ကျုပ်က အတော်ဖြစ်နေတယ်ထင်သာ၊ အခုတွေ့ရတော့ အမေပုံက ကျန်းကျန်းမာမာကြီးပါဗျ “ ” အော်..မင်းနှယ်ကွယ်၊ အကျိုးမသိအကြောင်းမသိပြောနေ။ တမြန်နေ့က မင်းဘဒွေးနှစ်လည်ဆွမ်းကပ်က ဝက်သားဟင်းစားပြီး ငါ့မှာ နှစ်ရက်လောက်ဝမ်းသွားတာ လူမျော့မျော့ပဲကျန်ပေါ့ …အထွေးရဲ့ “ ဒေါ်သောင်းခင်က သူ့သားကိုထွေးကို အထွေးဟုခေါ်၏။
ထိုစဉ် နွားစာစဉ်းနေရာမှ ကိုထွေးအမ မချိုရီ ရောက်လာကာ၊ ခေါင်းမှ ပေါင်းထားသည့်ပုဆိုးကို ချွတ်၍ မျက်နာသုတ်လိုက်ရင်း … ” မပြောချင်ဘူး..အမောင်ရေ ၊ မင်းအမေ အကြောင်းလည်းသိသား၊ သူကြိုက်ရင် လွှတ်စားတတ်တာ..ဝမ်းလျောတာနည်းပေါ့။ဝက်သား၊ ပဲကြီးချက်နဲ့ချဉ်ရည်ဟင်း လေ၊ ခလေးကျလို့ကွယ် … အမေ့များတော့ မပြောချင်ဘူး အမောင်ရေ “ ” ဟယ်..ဗိုင်းတာမ နင်ပြောသလိုဆို ငါပဲ ငတ်ကြီးကျနေသလိုလို ၊ ဟဲ့ လူပဲ တခါတလေတော့ ခံတွင်းတွေ့တုန်း စားမိတာပါ့ “ အမေက သူသမီးကို စိတ်ဆိုးစွာဖြင့် အသံမာမာနှင့် လှမ်း အော်လိုက်သည်။ အမေနဲ့အတူနေ အစ်မဖြစ်သူ မချိုရီသည် အမေ့၏ဆိုးမျိုးကို ဒိုင်ခံပြီး လုပ်ကိုင်ကျွေးမွေးသူဖြစ်သည်။ ယောက်ျားက တမြန်နှစ်ကဆုံးသွားပြီး သားနှစ်ယောက်နှင့် သူ့ယောက်ျားထားခဲ့သော လယ်များကို စိုက်ပျိုးကာ ဝင်ငွေကောင်းသူဖြစ်သည်။ ကိုထွေးလည်း အမေ့အား ခြေဆုပ်လက်နယ်ပြုစုပေးရင်း သာကြောင်းမာကြောင်းပြော၍ ညနေ ၅နာခွဲခန့်တွင် ပြန်ရန် အမေအားနုတ်ဆက်၏။ ” အမေ..သဟာဖြင့် ကျုပ်ပြန်မယ်လေ၊ နောက်အပတ်ဥပုသ်ကျရင် အမေ့ဖို့ကျုပ် နို့ခဲချက်ခဲ့အုံးမယ်၊ ဥပုသ်နေ့ဆို အမေက သတ်သတ်လွတ်မို့လား… “ ” အေးပါ..အထွေးရယ်၊ မအားရင်လုပ်မနေနဲ့နော်၊ မင်းမိန်းမမြခင်လည်း ကိုယ်ဝန်ကြီးနဲ့ ဂရုစိုက်အုံး..ကြားလား” ” ဟုတ်ကဲ့ပါ..အမေရဲ့၊ ဒါဆို ကျုပ်ပြန်တော့မယ်နော် “ ကိုထွေး အမေ့အားထိုင်၍ဦးချလိုက်သည်။
ဦးချကန်တော့ပြီး အမေကဆုပေးသဖြင့် နားထောင်နေစဉ်… အမချိုရီရောက်လာပြီး ” အမောင်..မင်းပြန်ရင် ခြံထောင့်ကချည်ထားတဲ့ ကြက်မကြီး ယူသွားလိုက်၊ အဲ့ဒီကြက်မကြီးက ကံကောင်းလို့ကျန်ခဲ့တာ တလောကပဲ အမခြံထဲက ကြက်လေးငါးကောင် ကြက်နာကျပြီး သေကုန်တယ်၊ ဒီတစ်ကောင်ကျန်တာ အမ မမြင်ချင်တော့လို့ ယူသွားလိုက်..အမောင် “ ” အော် ဟုတ်ကဲ့အမ ..သဟာဖြင့် ကျုပ်ယူသွားလိုက်မယ်” ကိုထွေး အမေနဲ့အမကိုနုတ်ဆက်ကာ ခြံထဲကကြက်မကြီး ကို ခြေထောက်ကြိုးတုတ်၍ ဆိုင်ကယ်ရှေ့ခြင်းထဲထည့်ပြီး အမေ့အိမ်မှ ထွက်လာခဲ့လေသည်။ ရွာအထွက်က တောအရက်ဆိုင်ဖွင့်သော ကိုချက်နီဆိုင်ထဲ တွင် သူငယ်ချင်းများစုံနေပြီဖြစ်သည်။ ဆိုင်ထဲမှ ချက်စူက ဝမ်းသာအားရ လှမ်းခေါ်သည်။ “ငထွေး..လာဟေ့၊ မင့် စောင့်ရင်းတွယ်တာ တပိုင်းကျိုးရော့ဟ” ” ဟာလကွာ…မြန်သာ၊ ငါ့စောင့်အုံးမှပေါ့၊ အမေနဲ့ စကားပြောနေလို့ကြာနေသာဟ ..” ချက်စူက..မကျေမနပ်လေသံဖြင့်… ” ဟိုကောင်..ငွေမောင်းလေ မယားကြောက်ဟာ ၊ မြန်မြန်သောက်ပြီး မြန်မြန်ပြန်မယ်တဲ့၊ အလကားငကြောက်..” ငွေမောင်းက ရယ်မောရင်း.. ” ဟားဟားဟား ကြောက်သယ်တော့ ဘယ်ဟုတ်မလဲ ချက်စူရ၊ ငါက ချစ်တာပါကွ ..” အောင်ကျော်က ဘာမှမပြော၊ ချက်စူနဲ့ငွေမောင်းပြောတာ ရယ်နေရင်း ကိုထွေးကို ခုံတစ်လုံးထိုးပေးသည်။ သူငယ်ချင်းလေးယောက်စုံမိပြီဖြစ်သည်။
ကိုထွေး၊ ချက်စူ ၊ ငွေမောင်းနှင့်အောင်ကျော်တို့သည် ငယ်ပေါင်းရောင်းရင်းများဖြစ်ကြသည်။ ထိုသို့ သောက်ရင်းစားရင်းဖြင့် သူငယ်ချင်းလေးယောက် ညနေစောင်းလို့ မှောင်စပျိုးချိန် ည၇နာရီခန့်သို့ရောက်သွား၏။ အောင်ကျော်က… ကိုထွေးအား.. ” ငထွေး မင်း အပြန်နောက်ကျနေပြီ၊ ဒီတခွက်သောက်ပြီး ပြန်တော့ဟ “ ချက်စူကလည်း.. ” ငထွေး..နောက်ခါလာရင် ညအိပ်လာစမ်းကွာ၊ ငါတို့ မပွေရ မရှုပ်ရတာကြာပီနော့်..” ” အမယ်လေး..မလုပ်ပါနဲ့ကွာ၊ ဒီအရွယ်ရောက်မှ သူကြီး ထိတ်တုံးလည်း မနမ်းပါရစေနဲ့..ငါ့ကောင်ရ..” ငွေမောင်းက..သတိရဟန်ဖြင့်.. ” ဟားဟားဟား.. အေးကွာ၊ သတိရတာ ရွာဘုရားပွဲတုန်းက ချက်စူနဲ့ငထွေး ထိပ်တုံးနဲ့အိပ်ရတာ..ဟားဟား “ အောင်ကျော်က တစုံတရာကို.သတိရဟန်ဖြင့်.. ” ငထွေး..မင်းအပြန် ထန်းနှစ်ပင်ကွေ့က ပြန်ရမှာလား..” ” အေးလကွာ..ဘယ်လမ်းရှိသေးလို့လဲ..အောင်ကျော်ရ “ ” ဟာ..ဒါဆို..မင်းပြန်တော့ကွာ၊ ထန်းနှစ်ပင်ကွေ့က သရဲ ခြောက်တယ်လို့ ခုတလောနာမည်ကြီးနေတာဟ..” ” ဟားဟားဟား.. အောင်ကျော်ရာ၊ မင်း ငါ့အကြောင်းလည်းသိရဲ့နဲ့၊ ငထွေးက ဘယ်သရဲတစ္ဆေမှ မကြောက်ဘူး။မင်း ငါ့ကို လာပြီး ခြောက်မနေစမ်းနဲ့ “ ” ဟာ … ငါ မနောက်ဘူး ငထွေး၊ တကယ်ပြောနေတာ၊ မင်း မယုံရင် ချက်စူကိုမေးကြည့်..” ချက်စူကာ ခေါင်းငြိမ့်ပြရင်း.. ” ဟုတ်တယ် ငထွေး၊ အခုတလော အဲ့ဒီထန်းနှစ်ပင်သရဲက ပို အခြောက်ကြမ်းလာတယ်ကွ..မင်းပြန်တော့ သူငယ်ချင်း မပြန်ချင်လဲ..ငါ့အိမ်လိုက်အိပ်ကွာ..” ” ဟေ့ယောင်တွေ..ငထွေးဘဝမှာ ဘယ်သရဲမှ မကြောက်ဖူး ဘူးကွ၊ သရဲဆိုလည်း ငါနပမ်းလုံးသတ်ရုံပဲ ၊ လူလူချင်းတောင် အကြောမခံတဲ့ ငထွေးကွာ။
မင်းသရဲတော့ ငါက -ီးပဲ ထင်တယ်ဟေ့ “ ကိုထွေးဆိုတာ အဲ့ဒီလို တဇောက်ကန်းသမား။ သူမယုံကြည်တဲ့အရာက်ို ဘယ်လိုပြောပြော ကြောက်မည့်သူမဟုတ်။ ငယ်စဉ်ကလေးဘဝကတည်းက လူက ဂျစ်တီးဂျစ်ကပ်ဆိုတော့ ကို ထွေးက်ို ကျန်သူများက သိပ်မပြောရဲကြပေ။ သို့နှင့် အရက်ဝိုင်း သိမ်းတော့ ည၈နာရီခွဲပြီ။ ကိုထွေးလည်း မှန်နေပြီ။ အရမ်း တော့မမူးပေ။ ပြန်ခါနီး ကိုထွေးက အမြည်းပန်းကန်ထဲက အမဲသားကြော်တစ်တုံးကို ကောက်ဝါးရင်း.. ” ချက်စူ..လာမယ့်ဥပုသ်နေ့ ငါလာခဲ့မယ်၊ မင်းဝမ်းတွင်းသား ကလီစာရှာပြီး ခပ်စပ်စပ်လေးချက်ထားစမ်း၊ ငါတို့ရွာက တောအရက် ၄လုံးဝယ်ခဲ့မယ်..” ” အေးပါကွာ..ချက်ထားလိုက်မယ်၊ မင်းပြောမှ ထန်းနှစ်ပင် သရဲကို ငါသတိရသွားပြီ..သူလည်း ဝမ်းတွင်းသား အတော်ကြိုက်သတဲ့ဟေ့ ဟားဟားဟား “ စရင်းနောက်ရင်း..ကိုထွေး သူငယ်ချင်းများကို နုတ်ဆက်၍လမ်းခွဲလာခဲ့သည်။ ကိုထွေး ရီဝေဝေဖြင့် ဆိုင်ကယ်နှင့် သူ့မိန်းမရွာသို့ ပြန်လာခဲ့သည်။ အောင်ကျော်နှင့်ချက်စူသည် သူငယ်ချင်းကိုထွေးကို ငယ်ကတည်းက ချစ်ကြောက်ရသူမို့ ထန်းနှစ်ပင်သရဲအကြောင်း ပြည့်စုံအောင် မပြောလိုက်ခြင်းပေ။ ကိုထွေး က သူတို့ထဲတွင် လက်ရဲဇက်ရဲနှင့်အသတ်အပုတ်ကျွမ်းကျင်သူဖြစ်သည်။ ထို့ကြောင့်လည်း တရွာသူအပျိုချောမြခင်ကို ရအောင်ပိုးပမ်းနိုင်ခြင်းဖြစ်၏။ တရွာသူကို ပိုးပန်းဖို့ဆိုတာ ကိုထွေးလို ဇ ရှိသူ မှသာဖြစ်နိုင်သည်။
တော်ရုံလူဆို တရွာသားအား ရွာရှိကာလသားများက စိန်ခေါ် ရန်စတတ်သည့်ဓလေ့ရှိ၏။ ထန်းနှစ်ပင်သရဲခြောက်သည်မှာ ရွာထဲရှိလူကုန်ကြားဖူးနေ ကြပြီဖြစ်သည်။ တကယ်အခြောက်ခံရသူများမှာ ရက်တပါတ်ခန့် ဖျားယူကြသည်ကိုလည်း မြင်တွေ့နေရသည်။ ရွာလယ်ကအပျိုပေါက် ခင်ထွေးဆို ထန်းနှစ်ပင်သရဲကခြောက်လှန့်လိုက်သဖြင့် တလကျော်လောက်ထိ စကားမပြောပဲ ကြောင်တောင် တောင်ဖြစ်သွားသည်။ ပြန်ကောင်းလာသည့်အခါတွင်လည်း ထိုလမ်းမှ သွားရမည့်ခရီးဆို နေ့ဘက်တောင် မသွားတော့ဟုသိရသည်။ အခုတော့ ည၉နာရီခန့် ညဉ့်နက်ချိန်ကို တဇောက် ကန်းသမားကိုထွေးက ဆိုင်ကယ်ဖြင့် ထိုထန်းနှစ်ပင်လမ်းမှပြန်မည်ဆိုတော့…အာဂသူရဲကောင်းဟုဆိုရမည်လားမသိချေ။ ကိုထွေး လူပျိုဘဝကအလွန် အရွဲ့တိုက်ပေတေတတ်သူဖြစ်၏။ အလောင်းအစားလုပ်၍ သင်းချိုင်း၌ပင် အိပ်ရဲသူဖြစ်သည်။ သူ့အနား ခြိုးခြိုးချွတ်ချွတ်အသံကြားရပါက လောက်လေးဂွဖြင့် ရမ်းသမ်းပစ်ပေါက်ကာ `ငထွေးကွ သရဲမကလို့ သဘက်ကြီး လာပလေ့စေ မီးမြိုက်စားပစ်မယ် လာခဲ့စမ်း ´ ဟုစိန်ခေါ်တတ်သူဖြစ်သည်။
ထန်းနှစ်ပင်ကွေ့ ဆိုသည်မှာ မြေသားလမ်းအဖြောင့်မှ ရေနုတ်မြောင်းအဟောင်းကို ညာဘက်ချိုးကွေ့သည့်ကမ်းပါးယံတွင် ထန်းပင်နှစ်ပင်ပူးကပ်၍ ပေါက်နေသောကြောင့်ခေါ်ဆိုကြ ခြင်းဖြစ်သည်။ အကွေ့သည် အဆင်းမတ်စောက်၏။ဆိုင်ကယ် များ ထော်လာဂျီများ သတိထားထိန်းဆင်းရသည်။ ကိုထွေးသည် ဆိုင်ကယ်မောင်းနှင်လာလိုက်ရာ ထိုနာ မည်ကြီး ထန်းနှစ်ပင်ကွေ့သို့ရောက်လာသည်။ ညလေနုအေးလေးက ကိုထွေးအား ချမ်းစိမ့်စိမ့်ဖြစ်သွားစေ၏။ ထန်းနှစ်ပင်ကွေ့သည် ခြောက်သွေ့တိတ်ဆိတ်နေလေ၏။ ညဉ့်ငှက်အချို့၏ အသံသည် ဦးခေါင်းအထက်နားဆီမှ ကျယ်လောင်စွာ အော်ဟစ်သွားသလို ကြားလိုက်ရသည်။ မကြောက်တတ်သည့် ကိုထွေးပင် ကြက်သီးမွှေညှင်းများ ထသွားသည်။ ကိုထွေး ဝါးလက်စကွမ်းကို ထွေးထုတ်လိုက်သည်။ ဆိုင်ကယ်ကို အရှိနိလျော့လိုက်သည်။ အကွေ့တွင် မတ်စောက် သည့်အဆင်း မို့ ဆိုင်ကယ်ကို ဖြေညှင်းစွာမောင်းရသည်။ သရဲခြောက်သည်ဟုနာမည်ကြီးနေသည့်ထန်းနှစ်ပင်မှာ လဆန်းစ၂ရက်မို့ လရောင်အောက်တွင် ထီးထီးကြီးပေါ်လွင်နေ၏ အပင်ခြေရင်းတွင် ခြုံပုတ်များထူထပ်စွာပေါက်နေ၏။ တစ္ဆေသရဲကြီးတစ်ကောင် ကမ်းပါးယံမှ မတ်တတ်ရပ်ပြ နေသလို ထန်းနှစ်ပင်သည် ရှည်မျောမျောကြီး ပေါ်လွင်နေသည်။
ကိုထွေး ထန်းနှစ်ပင်နားအရောက်တွင် ဘာရယ်မဟုတ် ထန်းပင်ပေါ်သို့ မော့ကြည့်လိုက်သည်။ ထိုစဉ် ထန်းပင်ခြေရင်းမှ ခြုံပုတ်သည် ကုန်းထတော့မလို တဝုန်းဝုန်း မြည်ကာ လှုပ်ရှားသွား၏။ ကိုထွေး ဆိုင်ကယ်ကို ဘရိတ်အုပ်ကာ အံဩမှင်သက်စွာ ကြည့်လိုက်မိသည်။ ထိုစဉ် ထန်းနှစ်ပင်အပေါ်ဖျားမှ ထန်းလက်ကိုင်းတခုလား သရဲလားမသိ ဝုန်း ဖျစ် ဖျစ် ဆို အောက်သို့ ကျလာ၏။ ကိုထွေး ဆိုင်ကယ်ရှေ့ခြင်းတောင်းထဲမှ ကြက်မကြီးသည် အလန့်တကြား တကွတ်ကွတ်နဲ့ အော်သည်။ ကိုထွေး အသေချာကြည့်နေစဉ်မှာပဲ ထန်းနှစ်ပင်ခြေ ခြုံပုတ်ထဲမှ မည်းမည်းကြီးရုပ်သဏ္ဍာန်မကွဲပြားသည့် အရာတစ်ခုသည် ဆိုင်ကယ်အနီးသို့ရောက်လာပြီး ဆိုင်ကယ်ရှေ့ခြင်းထဲမှ ကြက်ကို ယူဆွဲ၏။ ကိုထွေးလည်း သရဲမကြောက်တတ်သူဆိုတော့ ခြင်း တောင်းထဲက ကြက်ကိုဆွဲသည့်လက်မည်းကြီးကို ဆိုင်ကယ်စီးဦးထုပ်ချွတ်ကာ ရိုက်ချလိုက်သည်။ လက်မည်းကြီးသည် အသံဆိုးကြီးပေးကာ နောက်တွန့်သွား၏။ သို့သော် လက်မည်းကြီးအလျော့မပေးဘဲ ထပ်၍ဆွဲသည်။ ကိုထွေးကဆိုင်ကယ်ပေါ်မှဆင်းကာ ထိုလက်မည်းကြီးလက်မှ ကြက်မကြီးကို ပြန်ဆွဲလုရင်း… ” ဟျောင့်..သရဲ၊ မရဘူးကွ..ဒါငါ့အမက ငါ့ပေးလိုက်တဲ့ကြက်။ မပေးနိုင်ဘူး..သတ္တိရှိရင် ငါနဲ့နပမ်းလုံး နိုင်ရင်ပေးမယ်..” လက်မည်းကြီးသည် ကိုထွေးစကားကြောင့် ထင်သည်။ ကြက်မကြီးကို လွှတ်လိုက်သည်။
ကိုထွေးက ဆိုင်ကယ်ဦး ထုပ်ကို ဆိုင်ကယ်လက်ကိုင်မှာချိတ်လိုက်ပြီး ပုဆိုးကို ခါး တောင်းမြှောင်အောင်ကျိုက်လိုက်သည်။ ပြီးတော့ အရက်ကြောင့်သွေးဆူနေသော ကိုထွေးသည် ပရလောကသားဆိုသော အသိကို မေ့ကာ ဇွတ်ဝင်နပမ်းလုံးလေ ၏။ အရိပ်မည်းကြီးသည် ကိုထွေးကို ဂုတ်ကကိုင်ကာ သဲပြင် ပေါ်သို့ ကိုင်ပေါက်၏။ ဝုန်း..ဖရူး..ဖရော.. ကိုထွေး ခါးနာသွားသည်။ သို့ပေမဲ့တဇောက်ကန်းလူမိုက်ပဲလေ။ ဘယ်အရှုံးပေးမလဲ လူးလဲထကာ ပြန်ဝင်လုံးပြန်သည်။ ဒီတခါ ထန်းနှစ်ပင်သရဲက ကိုထွေးအား လက်နှစ်ဘက်မှ ဆွဲ ချုပ်ကာ ခပ်ဝေးဝေးက ခြုံပုတ်ထဲပစ်လိုက်သည်။ ဝုန်း..ဖလပ်..ဖျပ် ဖျပ် အား…အမယ်လေး…ကျွတ်စ်..ကျွတ်စ် ” အော်..ထန်းနှစ်ပင်သရဲ..မင်းက မဆိုးဘူးပဲကွ၊ ငါ့ကို ကိုင် ပေါက်နိုင်သားပဲ၊ အေး ဒါမယ့် ငါကလည်း ငထွေးပဲလေ အရှုံးမပေးဘူး…လာပြီကွ..” ကိုထွေးသည် ဒီတခါ သရဲကို နပမ်းမလုံးခင် ပါးစပ်မှ ဂါထာ တပုဒ်ကို ရွတ်လိုက်သည်။ ” ဘေ သဇ္ဇေ ဝိဟိတေ သုဒ္ဓါ ဗုဒ္ဓါဒိ ရတနတ္တယေ ။ ပသာဒမာဓရေ နိစ်စံ သဇ်ဇနေ သဂု ဏပေိစ။ “ ဘုရားအစချီသော ရတနာမြတ်သုံပါးသည် ယုံကြည်မှ အစွမ်းပြ၏ ဟုအနက်ရသောဂါထာကိုရွတ်လိုက်ကာ သရဲအနီးတိုး၍ သရဲအား ကိုင်ပေါက်လေ၏။
သရဲသည် ကိုထွေးလက်ထဲသို့ အဝတ်စသဖွယ် ပါလာပြီး ကိုထွေးက အနီးရှိ ကျောက်တုံးပေါ်သို ကိုင်ကာ ရိုက်လေ၏။ ဖုန်း..ဖုန်း ဖုန်း.. အား…အမယ်လေး..ကြောက်ပါပြီဗျ ..ကြောက်ပါပြီဗျ.. သရဲသည်..နာနာကျင်ကျင် အော်ဟစ်ကာ ကိုထွေးလက်မှ ရုန်း၏။ ပြီးတော့..သရဲက.. ” အမယ်လေး..အရိုးတွေကျိုးပါပြီဆရာရယ်၊ ကျုပ် အရှုံး ပေးပါတယ်၊ မလုပ်ပါနဲ့တော့ ဂါထာလည်းမရွတ်ပါနဲ့တော့ .” ထန်းနှစ်ပင်သရဲသည် ကိုထွေးလက်မှလွတ်လျှင် ခြုံပုတ်နားသို့ နောက်ဆုတ် နောက်ဆုတ်နဲ့ တိုးသွားကာ ကိုထွေးအား တောင်းပန်လေသည်။ ကိုထွေးက မကျေနပ်သေးဟန်ဖြင့် ရှေ့သိုတိုးကာ ဆက်၍ ရန်ပြုမည်လုပ်သောအခါ ထန်းနှစ်ပင်သရဲက.. ” ဆရာ… ရယ်၊ မလုပ်ပါနဲ့တော့ ကျုပ်ကြောက်ပါပြီ၊ ဆရာ့ကြက်လည်း ကျုပ်မယူတော့ပါဘူး ..နောက်တခါ ဆရာလာလည်း မခြောက်လှန့်တော့ပါဘူး..ချမ်းသာပေးပါ..ကြောက်လွန်းလို့ပါ” ထိုအခါမှ ကိုထွေးသည် သူ့ခန္ဓာကိုယ်တွင် ပေနေသော ဖုန်များ သဲများကို ခါထုတ်ရင်း တဟားဟား ရယ်မောလေ၏။ ပြီးတော့..ကိုထွေးက ထန်းနှစ်ပင်သရဲကို… ” အေး..မှတ်ထား ငါ့နာမည် ကိုထွေး၊ ရွာကခေါ်တာတော့ တဇောက်ကန်းငထွေးတဲ့၊ နောက်ကို ငါ့လာမစမ်းနဲ့ သရဲဘဝကနေ ငရဲတန်းရောက်သွားမယ်.ကြားလား၊ အား ကျွတ် ကျွတ်” ကိုထွေးလည်း သရဲက ကိုင်ပေါက်ထားလို့ ခါးတွေနာနေ၏။ ထို့ကြောင့် ကိုထွေးက သရဲအား မကျေမနပ် တောက်ခေါက်ကာ ဂျိုကြည့်ကြည့်လိုက်ရာ…သရဲကနောက်တွန့်သွားပြီး.. ” တောင်းပန်ပါတယ်ဗျာ..ခင်ဗျားခါးနာတာ ပျောက်အောင် ကုဖို့ ဆေးဖိုးအဖြစ် ကျုပ်ရထားတဲ့..အိုမီဂါနာရီလေးယူသွားလိုက်ပါ..ကျုပ်ကို ကြောက်ပြီးပြေးတဲ့လူတစ်ယောက် ကျန်ခဲ့တဲ့ နာရီလေးပါ…” ကိုထွေး ရှေ့သို့ နာရီလေးတစ်လုံး ဖုတ်ကနဲ့ပစ်ချပေး ကာ..သရဲသည်ပျောက်ကွယ်သွား၏။ ကိုထွေးသည် နာရီကို ကောက်ယူကာ လက်မှာပတ်လိုက်ပြီး ခြုံပုတ်ကြီးကို အော် ပြောလိုက်သည်။ ” ဟားဟားဟား ကျေးဇူးပဲ ထန်းနှစ်ပင်သရဲရေ…” ကိုထွေး ဆိုင်ကယ်စီး၍ သူ့မိန်းမရွာကို ပြန်လေ၏။
ရွာကို ရောက်တော့ ညဉ့် ၁၁နာရီခွဲခန့်ရှိပြီ။ ကိုထွေး ဆိုင်ကယ်ရှေ့ခြင်း ထဲမှ ကြက်မကြီးကို အုပ်စောင်းတစ်ခုနဲ့အုပ်ကာ ခြံထဲထား၍ အိမ်ပေါ်တက်ခဲ့သည်။ မမြခင် က အိပ်ယာထဲမှ ကိုထွေးမိုးချုပ်တာဟုပြောလိုက်သည်။ ကိုထွေးလည်း ဘာမှ မပြောတော့ပဲ ပင်ပန်းလာသည်မို့ မမြခင်နံဘေးဝင်အိပ်လိုက်သည်မှာ မိုးစင်စင်လင်းမှ နိူးတော့သည်။ မိုးလင်းတော့ ကိုထွေး မနေ့ညက အလွယ်တကူ အုပ် ဆောင်းနှင့်အုပ်ထားသော ကြက်မကြီးကို သွား၍ ကြက်ခြံထဲ လွှတ်ပေးရန် သွားယူသေိာအခါ..ကြက်မကြီးသည် ဇက်ကျိုး၍ သေနေပြီဖြစ်သည်။ ဒါနဲ့ ကိုထွေးလည်း မထူးပါဘူးဆိုပြီး ကြက်ကို အမွှေးနုတ်၍ ကြက်သားဟင်းစားရန် ပြင်သည်။ ကြက်မကြီးသည် သူနှင့်သရဲ လုယူကြရာမှ ဇက်ကျိုးသေခြင်း ဖြစ်မည်ဟုတွေးလိုက်သည်။ အမွှေးနုတ်ပြီး ကြက်ကို ဓားဖြင့်ခွဲလိုက်ရာ..ကိုထွေးမျက် လုံးပြူးသွားသည်။ အဘယ်ကြောင့်ဆိုသော် ကြက်မကြီး၏ အတွင်းကလီစာများသည် စိုးစဉ်းမျှ မရှိတော့ပဲ အတွင်းအူနံရံ များသည် မည်းမည်းကြီးဖြစ်နေသောကြောင့်ပင်။ ကိုထွေး ကြက်ကို မစားရဲတော့ပဲ မြေမြုပ်လိုက်သည်။ လက်ကောက်ဝတ်မှ သရဲပေးလိုက်သော နာရီကိုကြည့်၍ ကိုထွေး တောက်တချက်ခေါက်လိုက်သည်။ နာရီက သံချေး တက်နေပြီး အတွင်းထဲမှ စက်မှာ မလည်တော့ချေ။။ ” တောက် ! တွေ့မယ် ငါ့ကို နာရီအစုတ်နဲ့ အချဥ်ဖမ်းသွားတဲ့ ထန်းနှစ်ပင်သရဲ “
ပြီးပါပြီ ။





