မြွေပွေးကိုက်မ

မြွေပွေးကိုက်မ

ကိုကြီး ညီမညောင်းနေပြီ ” ” ….. …. …… ” ” တော်ပြီ နောက်ကိုကြီးခေါ်ရင် မလိုက်တော့ဘူး အထက်ပူအောက်ပူနဲ့ လူကိုလည်းနုံးချည့်နေပြီ ” ===++=== တောင်သူတွေအတွက်ဒီအချိန်ဟာ မတ်ပဲ ပဲတီစိမ်း ရိတ်ချိန်။ မိုးလင်းပြီဆိုတာနဲ့ပဲရိတ်သားတွေရော လယ်ရှင်ပါ ပဲခင်းရှိရာသွားကြရတယ်။

ဟိုးအရင်ကတော့ မနက်ခုနှစ်နာရီကဆင်း နေ့လည်ဆယ့်နှစ်နာရီပြန်တက် နှစ်နာရီထိုးပြန်ဆင်းညနေလေးနာရီတက် အဲ့ဒီလိုနေ့စားခနဲ့လုပ်ကိုင်ကြပေမဲ့ အခုတော့ အတိုင်းအတာနဲ့ရိတ်လာကြတယ်။ မတ်ပဲဆိုလူတစ်ယောက်တစ်ကိုယ်တာကို ဆယ့်တစ်တောင်ဝါးနဲ့အလျားလေးပြန် အနံသုံးပြန်၊ ပဲတီစိမ်းဆို အလျားလေးပြန် အနံလေးပြန် အဲ့လိုပေးကြရတယ်။

ဧကအနေနဲ့ဆို မတ်ပဲက လူတစ်ကိုယ်စာကို ဒသမခုနစ်ခွဲ ၊ ပဲတီစိမ်းက ဒသမတစ်ဆယ် ရိတ်ကြရတယ်။ ဒီနှစ်တစ်ကိုယ်တာပေါက်ဈေးက တစ်သောင်း။ အဲ့ဒီတော့ ကိုယ်အားထုတ်ရင်ထုတ်သလောက်အကျိုးခံစားရတယ်။

တချို့ဆို နှစ်ကိုယ်တာ ပြီးကြတယ်။ ===+++=== ” ကိုမျိုး ကျွန်တော်နဲ့ ငလုံး တစ်ကိုယ်တာထပ်ရိတ်မယ် တိုင်းပေးဦး ” တစ်ယောက်ကိုနှစ်ကိုယ်တာယူရိတ်နေတဲ့ မွေးနီနဲ့ငလုံးက နောက်တစ်ကိုယ်တာ ထပ်တိုင်းခိုင်းနေခြင်းပင် ” မင်းတို့ဟာ ဟုတ်ပမလားဟ အခုတောင်နေအတော်ပြင်းနေပြီ ”

” တိုင်းသာတိုင်းပေးပါ ကိုမျိုးရာ ခုမနက်မပြီးညနေ နေအေးတော့ ကျွန်တော်တို့လာရိတ်မှာပေါ့ ” ” အေးပါအဲ့ဒါဆိုလည်းတစ်ယောက်လာမှတ်ရေ ငါတိုင်းပေးမယ် ” ကိုမျိုး အတိုင်းဝါးကိုင်ပြးီးလိုက်တိုင်းပေးရင်းက အင်းကွင်းဘက်ဆီအကြည့်ရောက်သွားတယ် ” ငလုံး ” ” ဗျာ ” ” ဟိုး အင်းကွင်းဘက်က လူတစ်ယောက်ကုန်ပိုးလာတာမဟုတ်လား ” ကိုမျိုးညွှန်ပြတဲ့ဆီ ငလုံးကြည့်ရင်း ” ဟုတ်တယ်ဗျ ဘယ်သူပိုးထိတုန်းပေါ့ ” ” မနက်က ငဘိုတို့လင်မယားနှစ်ယောက် ပဲနှုတ်သွားတာတွေ့တယ်ကွ သူ့မိန်းမ ဖြစ်မယ် သွားထမ်းကူရအောင်

” ကိုမျိုး၊ ငလုံး၊ မွေးနီ နဲ့ အခြားပဲနှုတ်သမားတွေ လူနာရှိရာဆီဦးတည်ပြီးပြေးသွားကြတယ်။ တစ်ရွာထဲသားတွေဆိုတော့ တစ်ယောက်နဲ့တစ်ယောက်မသိသူမရှိ ဟိုးခပ်ဝေးဝေးကမြင်တာတောင် သွားပုံလာပုံလှုပ်ရှားပုံကိုကြည့်ပြီးသိကြတယ် အခုငဘိုဆိုတာ ကိုမျိုးနဲ့ရွယ်တူ အသက်လေးဆယ်ဝန်းကျင် အိမ်ထောင်မပြုပဲ ကာလသားခေါင်းဖြစ်နဲ့နေတာပင်ကြာပြီ တလောကမှ မိန်းမခိုးလာတယ်ဆိုလို့သွားကြည့်တော့ ကလေးမလေးက သူ့သမီးအရွယ် နှစ်ဆယ်တောင်ပြည့်ဦးမယ်မထင် ခုအတိုင်းဆို ငဘိုမိန်းမ ပဲနှုတ်ရင်း ပိုးထိ(မြွေပွေးကိုက်) တာပဲဖြစ်မယ်

ငဘို ဖုန်တထောာင်းထောင်းနဲ့ သူတို့ရှိရာဘက်ကိုပြေးလာနေတဲ့လူတွေကိုကြည့်ရင်း ” ညီမ ဆင်းဦး ဟိုမှာတွေ့လား ” ” ဘာဖြစ်လို့တုန်း အကိုကြီး ” ” ဒီကောင်တွေ ပဲနှုတ်ရင်း ယုန်တွေ့ပြီထင်တယ် ဒီဘက်သာထွက်လာလို့ကတော့ ဆီးထုချလိုက်မယ် ” လက်ထဲတံဇဥ်ကို ကျစ်ကျစ်ကိုင်ရင်း ငဘိုပြောလိုက်တယ် မကြာပါဘူး ပြေလာတဲ့ကိုမျိုးတို့အဖွဲတွေ ငဘိုရှေ့ရောက်လာကြတယ်

ဘာယုန်မှမတွေ့ ” ငလုံး ငဘို​ေမာနေလောက်ပြီ မင်းအရင်ပိုးကွာ ပြီးမှ ငါတို့တလှည့်ကူမယ် မြန်မြန်လုပ် ကြာနေရင်မကောင်းဘူး ” ကိုမျိုးစကားတောင်မဆုံးသေးဘူး ငလုံးက ငဘို့မိန်းမကိုဝင်ထမ်းတယ် ” အမေ့.. ” ထင်မှတ်မထားတာမို့ ကောင်မလေးက အလန့်တကြားထအော်တယ် ” ဟာ ဟေ့ကောင် ငလုံး ဘာလုပ်တာတုန်း ” ငဘိုကလည်း သူ့မိန်းမကိုထမ်းမလို့ လုပ်နေတဲ့ ငလုံးကိုအတင်းဝင်ဆွဲတယ် ” မင်းတစ်ယောက်ထဲမို့ လာကူတာကွ ငဘိုရ မင်းကဘာဖြစ်နေတာတုန်း ”

” ငါ့မိန်းမကို မင်းတို့က ဘာလို့ထမ်းမှာတုန်းကိုမျိုးရ မင်းတို့ဟာက မဟုတ်သေးပါဘူး ” ” မင်းမိန်းမ ပိုးထိလို့မင်းထမ်းလာတာမဟုတ်ဘူးလား ” ငဘို အခုမှသဘောပေါက်ကာ မျက်နှာကြီးနီပြီး ” ပိုးထိတာမဟုတ်ပါဘူး ကိုမျိုးရ.. ” ” အဲ့ဒါဆိုမင်းက ဘာဖြစ်လို့ ကုန်းပိုးလာတာတုန်း ” ငဘိုမျက်နှာကို စပ်ဖြီးဖြီးလုပ်ရင်း ”

သူညောင်းတယ်ဆိုတာနဲ့ ငါ…” ” ငါ -ိုးမသား ဒီကတော့ မြွေပွေးကိုက်တယ်အောက်မေ့လို့ ပြေးလာရတာ… ဟိုမြွေပွေးကိုက်မကလည်း ကိုယ့်အဖေအရွယ်ကြီးကို မညှာမတာ ပိုးခိုင်းရတယ်လို့ ” ကိုမျိုးတစ်ယောက် စိတ်ရှိလက်ရှိဆဲရင်း သူ့ပဲခင်းဆီပြန်ခဲ့တော့တယ်။ ကိုမျိုးသူတို့ကိုမိုးမွှန်နေအောင်ဆဲသော်လည်း ငဘိုတို့လင်မယားမှာတော့…။…။

#မန်ဒိန်း

Be the first to comment

Leave a Reply

Your email address will not be published.


*