ဘဝထဲကခွေး
ကျွန်တော်သည် အသက် ၇၀ နီးလာပြီဖြစ်သော်လည်း ယနေ့တိုင်မပြတ်ဖတ်လေ့ရှိသည့်စာမှာ “ပုံပြင်” ဖြစ်သည်။ စာစဖတ်စဉ်လည်း ပုံပြင်တွေနှင့်ရင်းနှီးခဲ့ရပြီး စွဲလမ်းလွန်းသဖြင့် စာဖတ်ဝါသနာပါခဲ့ရပါသည်။ ယခုလည်း စာတွေရေး၊ စာတွေတွေးရင်းက ဦးနှောက်ကို အနားပေးလိုလျှင် ပုံပြင်လေးတွေဖတ်တတ်သည်။ ကျွန်တော်က ဖတ်ဖူးသည့် ပုံပြင်လေးများကို အကြောင်းပြုပြီး ဆက်စပ်စဉ်းစားရသည်ကိုနှစ်သက်ပါသည်။ ပုံပြင်ဆိုသည်မှာ အရွယ်အလိုက် ကိုယ်ကြိုက်သလို တွေးဆနိုင်သည့် ဒဿနတစ်မျိုးဖြစ်သည်။ ယခုလည်း သတိရမိသည့် ပုံပြင်လေးတစ်ပုဒ်ကို ပြောပြလိုသည်။ အဘွားအိုတစ်ယောက်သည် အိမ်လေးတစ်လုံးတွင် တစ်ယောက်တည်းနေရရှာသည်။ သူ့တွင် ခွေးအနက် တစ်ကောင်ရှိသည်။
အဘွားအိုသည် လှုပ်ကုလားထိုင်လေးတွင်ထိုင်ကာဇာပန်းထိုးလေ့ရှိသည်။ သူ့ဘေးတွင် သိုးမွှေးချည်လုံးရောင်စုံ ခြင်းတစ်လုံးကို အမြဲတွေ့ရသည်။ အဘွားအိုသည် ဖြူ၊ နီ၊ ဝါ၊ ပြာ ရောင်စုံချည်များဖြင့် ခြုံထည်ကြီးတစ်ထည်ကို ထိုးနေသည်။ ခြုံထည်ကြီး ပေါ်တွင် ပန်းလေးတွေ၊ ငှက်လေးတွေလည်းပါသည်။ အလွန်လှပသည့် ခြုံထည်ကြီးတစ်ခုဖြစ်သည်။ အဘွားအိုသည် မိုးလင်းသည်နှင့် လှုပ်ကုလားထိုင်လေးပေါ်ရောက်နေပြီ။ သူ့ဘေးတွင် ချထားသည့် ချည်လုံး တွေကိုရွေးလိုက် ဇာပန်ထိုးလိုက်နှင့် ကြည်နူးနေသည်ကို ဘေးမှ ခွေးနက်ကလည်း စောင့်ကြည့်နေသည်။
အဘွားအို နှစ်နှင့်ချီပြီး ကြိုးစားအားထုတ်ခဲ့ရသော ဇာခြုံထည်ကြီးမှာ ပြီးလုလုရှိနေပြီ။ ကြည်နူးပီတိဖြစ်စွာနှင့် ဇာခြုံထည်ကို ခေတ္တချထားလိုက်ပြီး အဘွားအိုက နောက်ဖေးမီဖိုချောင်ကို ထွက်သွားသည်။ စားရသောက် ရမည့် ကိစ္စကလည်း ရှိသေးသည် မဟုတ်ပါလား။ အဘွားက မီးဖိုချောင်ကို မဝင်မီ သူ့ခွေးကို မှာသွားသည် “ပါပီ … ကောင်းကောင်းနေနော် … နေ့လယ်စာသွားလုပ်လိုက်ဦးမယ်” အဘွားအို မီးဖိုချောင်ထဲ ဝင်သွားချိန်တွင် ခွေးနက်လေးက ကုလားထိုင်ပေါ်တင်ခဲ့သော ခြုံစောင်ကြီးကို ကြည့်နေသည်။ ငှက်လေးတွေ ပျံနေကြသည်၊ ပန်းလေးတွေ ပွင့်နေကြသည်။
ခွေးနက်လေးက ခြုံထည်ကြီးကို အနံ့လိုက်ခံသည်။ ထို့နောက် အဘွားအိုထားခဲ့သည် ဇာကြိုးတန်းလန်းတွေကို ပါးစပ်ဖြင့် ဆွဲသည်။ ပြေးသည်၊ ပတ်သည်၊ ကုလားထိုင်ပတ်လည်တွင် ချည်ကြိုးတွေဖြင့် ရှုပ်ထွေးကုန်သလို ကုလားထိုင်ပေါ်ရှိ ခြုံစောင်ကြီး ကလည်း တတိတိပျက်စီးခြင်းကို ရောက်သွားရလေသည်။ အဘွားအိုက နေ့လယ်စာ ပြင်ဆင်ပြီးသဖြင့် “ပါပီရေ လာ … လာ … စားရအောင်” ဟုခေါ်သည်။ ခွေးနက်လေးက သူဘာမျှ မလုပ်ခဲ့သလို မီးဖိုချောင်ထဲဝင်လာပြီး အစာကို အငမ်းမရစားသည်။ ထို့နောက် သူ့အပြစ် သူသိပြီး ခြံထဲတစ်နေရာတွင် သွားနေသည်။
အဘွားအိုက သိမ်းဆည်းပြီး အပြင်ကို ထွက်လာသည်။ မမျှော်လင့်သော မြင်ကွင်းကိုတွေ့လိုက်ရသဖြင့် အံ့အားသင့်သွားသည်။ သို့သော် သူဘာလုပ်သည် ထင်ပါ သနည်း။ ချည်တွေကို ပြန်ရှင်းသည်။ လှုပ်ကုလားထိုင်တွင် ပြန်ထိုင်သည်။ အစကပြန်စပြီး ခြုံထည်ကို တစ်ဆင့်ချင်း ထိုးသည်။ လူတိုင်း ပြီးခါနီးအချိန်တွင် ထိုသို့ ခွေးကဖျက်သလိုမျိုး ပျက်စီးခြင်းတွေနှင့် ကြုံဖူးကြမည် ထင်ပါသည်။ အောင်မြင်လုနီးနီး၊ ပန်းတိုင်ရောက်လုနီးနီးတွင် ဖြတ်သွားသောခွေးကို တိုက်မိသဖြင့် လဲကျသွားရသည့် အပြေးသမားကောင်းတွေကိုလည်း တွေ့ဖူးကြပါလိမ့်မည်။ လူတိုင်းတွင် အဖျက်ခွေးနက်တွေရှိသည်။ ဘဝဆိုသည်မှာ ပြီးပြည့်စုံပြီဟူ၍ မည်သည့်အခါမျှ မရှိ။
အဖျက်တွေက အမြဲရောက်လာတတ်သည်။ အဖျက် တွေကို အဘွားအိုတစ်ဦးသာ ကြုံရသည်မဟုတ်။ လူတိုင်းကြုံရနိုင်သည်။ ဘာမဟုတ်သည့် ခွေးတစ်ကောင် ကြောင့် ဒေါသထွက်ကာ ကိုယ်လုပ်ရမည့် အလုပ်ကို မလုပ်တော့ပါဘူးဆိုပြီး ပစ်ထားလိုက်လျှင် ဘာမျှ ဖြစ်လာမည်မထင်။ အဘွားအိုကဲ့သို့ပင် စိတ်ရှည်စွာနှင့် အစကပြန်ပြီးစနိုင်သည့် စိတ်ဓာတ်မျိုးဝင်နိုင်အောင် ကြိုးစားတည်ဆောက်ကြရမည်ဖြစ်သည်။ အဘွားအိုစိတ်ထဲတွင် “အို … ပိုကောင်းတဲ့ ခြုံထည်တစ်ခုကို ပြန်လုပ်ရတော့မှာပေါ့” ဟုသာ တွေးနေသည်။ ဘဝတွင် မည်သည့်အရာမျှ ပြီးပြည့်စုံခြင်း (Perfect) ဟူ၍မရှိ။
လက်တင်စကားတွင် Perfect ကို ရှင်းပြချက် တစ်ခုမှာ စိတ်ဝင်စားစရာဖြစ်သည်။ ပြီးဆုံးသွားခြင်း၊ နိဂုံးချုပ်သွားခြင်း၊ ထပ်လုပ်ရန် မလိုခြင်း၊ အဆုံးသတ်ခြင်း ဆိုသည့်သဘောသက်ရောက်သည်။ ဘဝတွင် အဆုံးသတ် နိဂုံးချုပ်ခြင်းဆိုသည်မှာ သေမှသာ ဖြစ်နိုင်သည်။ နောက်ထပ် ဘာကိုမျှ ပြင်ဆင် ဖြည့်သွင်း ထပ်ထည့်ရန် မလိုဆိုသည်မှာ လူသေ အခေါင်းထဲ ကိုသာဖြစ်ပေ လိမ့်မည်။ အဘွားအိုက သူ့ခွေးကို စိတ်မဆိုး။ ကျေးဇူးပင်တင်နေသေးသည်။
ပိုကောင်းတဲ့တစ်ခုကို ဖန်တီးနိုင်မည်ဆိုကာ ပျော်နေသည်။ ထိုပုံပြင်ထဲက ခွေးနက်လို ပြဿနာရှာတတ်သူ၊ ဖျက်ဆီးသူ၊ စိတ်ဒုက္ခပေးသူတွေနှင့် ရင်ဆိုင်ရတိုင်း မိမိတို့ ဦးတည်ချက်ပန်းတိုင်အထိ ရောက်အောင်မသွား လက်လျှော့ထားလိုက်မည်ဆိုလျှင် ဘယ်တော့ရောက်မည် နည်း။ အကောင်းမြင်တတ်ခြင်းကို အချို့ကလည်း အပြစ်တင်ကြပါလိမ့်မည်။ မည်သို့ဆိုစေ အမြင်ကောင်းမှ အကောင်းမြင်တတ်သည်။ ခွေးက သူအလုပ် သူလုပ်သည် လူလည်း ကိုယ့်အလုပ် ကိုယ်လုပ်ရန်သာရှိသည်။
တင်ညွန့် ၂၆.၅.၂၀၂၂





