ဆန္ဒနှင့်ဘဝ
ကျွန်တော်မနက်တိုင်း ပဲပြုတ်ဝယ်လေ့ရှိသည့် ကောင်မလေးသည် သူ့ပဲပြုတ်တောင်းပေါ်ရှိ ဗန်းထဲတွင် ဖုန်းတစ်လုံးကိုထောင်ပြီး ပြုံးနေတတ်သည်။ “ပဲပြုတ် ၅၀၀ ဖိုး” သူကတစ်ချက်မော့ကြည့်သည်။ ကျွန်တော်က ပိုက်ဆံ ၅၀၀ တန်တစ်ရွက်ကို ကိုင်ကာ သူ့ကိုစောင့်နေသည်။ ကျွတ်ကျွတ်အိတ်ထဲကို သူက တစ်ဇွန်းပြီးတစ်ဇွန်းခပ်ထည့်နေသည်။ မျက်စိကလည်း ဖုန်းနှင့်မခွာ၊ ပါးစပ်ကလည်း ပြုံးနေသေးသည်။ “သမီး … ၅၀၀ ဖိုးပဲ” ကျွန်တော်က သတိပေးမှ အထုပ်ထဲက ပဲတွေကို ပြန်လျှော့သည်။ သူထည့်နေသည်က ၁၀၀၀ ဖိုးလောက် ဖြစ်နေပြီ။ သူ့အာရုံက ပဲပြုတ်တွင်မရှိ။ ကျွန်တော်က ၅၀၀ တန်ကို သူ့အားပေးလိုက်သည်။ ကျွန်တော်က လှည့်အထွက်တွင် “ဦးလေး ပိုက်ဆံ” ဟုအော်သည် ကျွန်က ပြန်လှည့်ကြည့်ပြီး “ဘာပိုက်ဆံလဲ” ဟု သူ့ကိုမေးရသည် သူက ၂၀၀ တန်တစ်ရွက်ကျွန်တော့်ကို လှမ်းပေးနေသည်။
“ငါဝယ်တာ ၅၀၀ ဖိုးလေ” “ဪ .. သမီးက တစ်ဆယ်သားမှတ်လို့” သူက ၅၀၀ တန်တစ်ရွက်ထုတ်ကာ ကျွန်တော့်ကို ပေးပြန်သည်။ ၁၀ သား ၈၀၀ ကို ကျွန်တော်က ၁၀၀၀ တန်ပေးသည်ထင်ပြီး ၂၀၀ ပြန်အမ်းနေခြင်းဖြစ်သည်။ “ငါပေးတာ ၅၀၀ တန်ပါဟယ်” “ဟုတ်လား … ဟီး … ဟီး” သူက ကျွန်တော့်ကို ပြောသာပြောနေသည် ဖုန်းနှင့် မျက်နှာကမခွာချင်။ ကြီးပွားချမ်းသာဦးမည်။ သူ့အဖြစ်ကိုကြည့်ပြီး အင်တာနက်ထဲတွင် ဖတ်ဖူးသည့် ဇာတ်လမ်းလေးတစ်ပုဒ်ကို သတိရသွားမိသည်။ My Wish ဆိုသည့် ထိုအကြောင်းအရာလေးကို ဖတ်ဖူးသည်မှာ ကြာပါပြီ။ မည်သူရေးမှန်လည်းမသိ။ ကြိုးစားပြီး မြန်မာမှုပြုလိုက်ပါသည်။ ညစာစားပြီးနောက် ဆရာမ ဒေါ်သီတာမြင့်သည် ထမင်းစားပွဲကို သန့်ရှင်းရေးလုပ်သည်။
အိုးခွက်ပန်းကန်များ ဆေးကြောပြီးနောက် သူက စာအုပ်တစ်ထပ်ကြီးကို စားပွဲပေါ်တင်ကာ ကျောင်းသားများ ရေးသားထားသည့် စာစီစာကုံးတွေကို စတင်စစ်ဆေးတော့သည်။ ထိုအချိန်တွင် သူ့၏လင်တော်မောင်က ဆက်တီခုံတွင်ထိုင်ကာ ဖုန်းတစ်လုံးဖြင့် ဂိမ်းဆော့နေသည်။ ဆရာမက စာအုပ်တစ်အုပ်ကိုဖတ်ရင်းက လက်ထဲတွင်ကိုင်ထားသော ဘော့ပင်မင်နီကို ချလိုက်ပြီး ရှိုက်ကာ ရှိုက်ကာ ငိုလေတော့သည်။ “သီတာ …. ဘာဖြစ်လို့လဲ … ဘာဖြစ်လို့လဲ” သူ့ယောကျ်ားကထလာပြီး ဇနီးဖြစ်သူ ကျောင်းဆရာမကို မေးလိုက်သည်။ “ဒီနေ့ ကျောင်းသားတွေကို စာစီစာကုံးရေးခိုင်းတယ်” “အဲဒါနဲ့ ဘာဖြစ်လို့ ငိုရတာလဲကွာ” “ကျွန်မရေးခိုင်းတဲ့ ခေါင်းစဉ်က ကျွန်တော့ဆန္ဒ” “အေးလေ အဲဒါ ဘာဖြစ်သလဲ … ဘာငိုစရာဖြစ်နေလို့လဲ” “ဒီစာအုပ်ကိုစစ်ပြီးတော့ ငိုချင်စိတ်ပေါက်လာလို့ပါ” “ဘာတွေများရေးထားလို့လဲကွာ” “နားထောင်ကြည့်” ဆရာမက ဖတ်ပြသည် ကျွန်တော့်ဆန္ဒ ကျွန်တော် ဖုန်းလေးတစ်လုံး ဖြစ်ချင်သည်။ ကျွန်တော့် ဖေဖေနှင့် မေမေသည် ဖုန်းချစ်သူများဖြစ်သည်။
သူတို့သည် ကျွန်တော့်ထက် ဖုန်းကို ပိုပြီး ဂရုစိုက်ကာ ကျွန်တော့်ကိုပင် မေ့ထားချင်ကြသည်။ ဖေဖေက ရုံးမှ ပြန်လာလျှင် မောပန်းလာသော်လည်း ဖုန်းကိုကောက်ကိုင်ကာ သူကြည့်ချင်ရာကြည့်သည်။ ကျွန်တော့်ကို လှည့်၍ပင်မကြည့်။ မေမေကလည်း မည်မျှအလုပ်များသည်ဖြစ်စေ ဖုန်းလာလျှင် အပြေးလေးသွားကိုင်ပြီး အကြာကြီး စကားတွေ ပြောနေတတ်သည်။ ကျွန်တော်ဗိုက်ဆာနေသလား၊ ထမင်းစားတော့မလား မေးဖော်မရ။ ညဆိုလျှင်လည်း ဖေဖေက ဂိမ်းကစားသည်၊ မေမေက ဖုန်းတစ်လုံးနှင့် အလုပ်ရှုတ်နေသည်။ ကျွန်တော်က စကားသွားပြောလျှင်လည်း နေစမ်းပါဟု ပြောလွှတ်သည်။
သူတို့ဖုန်းလောက် ကျွန်တော်ကအရေးမပါ၊ ဘေးကို ဖယ်ထားခြင်း ခံရသည်။ အိမ်တွင် ကျွန်တော်သည် ဖုန်းတစ်လုံးလောက်ပင် အရေးမပါ။ ထို့ကြောင့် ကျွန်တော်သည် ဖုန်းလေးတစ်လုံး ဖြစ်ချင်သည်။ ဆရာမက စာကိုဖတ်ပြပြီးနောက် ငိုပြန်သည်။ ခင်ပွန်းဖြစ်သူက “အဲဒီစာကို ဘယ်သူရေးတာလဲကွာ” “ကျွန်မတို့သားလေ” လူ့အသုံးအဆောင် ပစ္စည်းများ တိုးတက်များပြား တီထွင်လာမှုက ကောင်းပါသည်။ ဆက်သွယ်ရေးတွင် သာမက ဖျော်ဖြေရေးကိုပါ နေရာဝင်ယူလာသောကြောင့် လူတွေက ဖုန်းတွေကို နှစ်သက်သဘောကျလာ သည်။ ရုပ်ရှင်ရုံတွေမသွားတော့၊ ဖျော်ဖြေရေးပွဲတွေ မသွားတော့။
ဖုန်းတစ်လုံးရှိလျှင် အိမ်တွင် အားလုံး အလုပ်ဖြစ်လာသည်။ သို့သော် အိမ်ရှိလူတိုင်းမှာ ဖုန်းတစ်ယောက်တစ်လုံးစီကိုင်ပြီး ကိုယ့်ဘဝကို ကိုယ်တည်ဆောက်ကာ နေထိုင်လာ ကြသည်။ အနီးဆုံးဖြစ်နေသူတွေနှင့် ဝေးပြီးရင်း ဝေးလာကြသည်။ ဖုန်းတစ်လုံးက ဘဝတစ်ခုလိုထင်ကာ မျက်နှာနှင့်ဖုန်းမကွာ နေထိုင်တတ်လာကြသည်။ လင်နှင့်မယား၊ သားနှင့်မိခင်၊ သမီးနှင့်ဖခင် လက်တစ်ကမ်းတွင် ရှိနေသော်လည်း ကိုယ့်ကမ္ဘာ ကိုယ်တည်ဆောက်ပြီး ဝေးပြီးရင်း ဝေးလာသည်။ နေရာတိုင်းတွင် အကောင်းနှင့်အဆိုးက ဒွန်တွဲနေပါသည်။ ကျွန်တော်တို့ လက်ထဲတွင် ရှိနေသော ထိုပစ္စည်းလေးသည် စီးပွားဝေး၊ မိဝေး၊ ဖဝေး၊ သားဝေး၊ သမီးဝေး၊ ဇနီးဝေး၊ လင်ဝေး၊ မောင်နှမချင်းဝေး စေသည့် ပစ္စည်းလေးတစ်ခုမဖြစ်သင့်။ ဇာတ်လမ်းထဲတွင်ပါသောကလေး၏ “ကျွန်တော့်ဆန္ဒ” ကဲ့သို့ပင် မိမိတို့တွင် ထောက်ထားစရာလေးများ ရှိနေပါက တစ်ချက်လောက်တော့ ငဲ့ကြည့်ပေးသင့်ပါသည်။ (Ref: My Wish)
တင်ညွန့် ၁၈.၉.၂၀၂၂





