အမေ့ခြေရာ

အမေ့ခြေရာ

ကျွန်တော် လမ်းလျှောက်သည့် အခါတွင် ကြိုးသိုင်း ဖိနပ်ကို စီးလေ့ရှိပါသည်။ တစ်မနက်လျှင် ၅ မိုင်ခန့် လမ်းလျှောက်တတ်သူ တစ်ဦးအနေဖြင့် ရိုးရိုးဖိနပ်နှင့် အဆင်မပြေပါ။ ဘွတ်ဖိနပ်ကလည်း ခြေသန်းတွေနာပြီး ကြာရှည် မစီးနိုင်။ ကြိုးသိုင်းဖိနပ်ကတော့ ပေါ့ပါးလွတ်လပ်သည်။ ထို့ကြောင့် ကြိုးသိုင်းဖိနပ်ကိုသာ စီးပါသည်။ ထိုနေ့က ကျွန်တော် ဈေးကိုရောက်သည်။ လက်ရှိ ဖိနပ်ကကြာပြီဖြစ်သဖြင့် အောက်ကပေါက်သွားသည်။ ထိုအောက်အပေါက်က ခဲလုံးဝင်သော် လမ်းလျှောက်ရင်း ဒုက္ခရောက်ရသည်။ ထိုနေ့ကတော့ ဈေးရောက်စဉ် ဖိနပ်ဝယ်ရန် ဆုံးဖြတ်ပြီး ဖိနပ်ဆိုင်ကိုရောက်ခဲ့သည်။ ကျွန်တော့်ကို ဈေးရောင်းသည့် ကောင်မလေးက ကြိုးသိုင်း ဖိနပ်မျိုးစုံ ထုတ်ပြသည်။ ထိုအချိန်တွင် အသက် ၁၂ နှစ်လောက်သာ ရှိဦးမည်ထင်ရသည့် ကလေးတစ်ယောက် ဆိုင်ထဲကို ဝင်လာသည်။ ကျွန်တော်က ဖိနပ်စမ်းပြီး စီးနေသဖြင့် ဈေးရောင်းသည့် ကောင်မလေးကို “သမီး ဟိုကလေးကို သွားရောင်းပါကွယ်” ဟု ပြောလိုက်သည်။ ကောင်မလေးက ထိုကလေးဆီကိုသွားပြီး “မောင်လေး ဘာလိုချင်လို့လဲ” ဟုမေးသည်။

https://tuckerclassesjackal.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

ကောင်လေးက “ဖိနပ်လိုချင်လို့ပါ” “မောင်လေး စီးဖို့လား” “မဟုတ်ဘူး … အမေစီးဖို့” “မောင်လေးအမေအတွက်လား … ဘယ်လိုဖိနပ်မျိုး ကြိုက်လဲ” “ဈေးသက်သာတာလေးပေးပါ … ကျွန်တော် အများကြီး မတတ်နိုင်လို့” ကျွန်တော့်စိတ်က ထိုကလေးထံကို ရောက်သွားသည်။ ဆိုင်မှ ကောင်မလေးက “မောင်လေး … ဒီဖိနပ်က တစ်ရံကို ၃၅၀၀ … ဒီဆိုင်မှတော့ ဒီဖိနပ်က ဈေးအသက်သာဆုံးပဲ” ကောင်လေးက သူပြသည့် ဖော့ ဖိနပ်ကို ကိုင်ကြည့်သည်။ ကြိုက်ဟန်မတူပါ။ ထို့နောက် သူက ကတ္တီပါ ဖိနပ်လေးကို ကိုင်ကြည့်ပြီး “ဒီ ဖိနပ်လေးကရော” ဟု မေးသည်။ “ဒီဖိနပ်တွေက ဈေးကြီးတယ် မောင်လေးရယ့်။ နှစ်သောင်းကျော်တယ်” ဟု ကောင်မလေးက ပြောသည်။ “ဒီဖိနပ်ထဲကပဲယူမယ် … ဟို ဘော်ကြယ်လေးတွေ ထိုးထားတဲ့ ဖိနပ်ကရော အတူတူပဲလား” “အဲဒီ ဖိနပ်က တစ်ရံကို နှစ်သောင်း ခြောက်ထောင်” “အဲဒီဖိနပ်ကိုပဲယူမယ်” ကောင်လေးက ကတ္တီပါ အစိမ်းရောင်နှင့် ဘော်ကြယ်တွေကို ကြိုးတွင်ထိုးထားသည့် ဖိနပ်အားပြပြီး ရွေးချယ် လိုက်သည်။

ကောင်မလေးက “သား အမေစီးတဲ့ ဖိနပ်ဆိုဒ်ကိုသိလား” ကောင်လေးက သူ့အိတ်ထဲက စက္ကူလေးတစ်ရွက်ကို ထုတ်လိုက်သည်။ စက္ကူပေါ်တွင် ခြေထောက်ကို ချပြီး ဘေးမှ ခဲတံဖြင့်လိုက်ဆွဲထားသော ဖိနပ်အတိုင်းဖြစ်နေသည်။ “သား ဖိနပ် နံပါတ်ကို မသိဘူးလား” “မသိဘူး … အမေက ဖိနပ်မစီးတာကြာပြီ … ဖိနပ်ဝယ်ပေးချင်နေတာ ဒီနေ့မှ လစာထုတ်လို့” ထိုကလေး၏ စကားက ကျွန်တော့်ကို ကိုင်လှုပ်လိုက်သလို ဖြစ်သွားသည်။ ကျွန်တော်ကလည်း မနေနိုင် မထိုင်နိုင် “သားက လစာထုတ်လာတာဆိုတော့ ဘယ်မှာ အလုပ်လုပ်လို့လဲ” “လက်ဖက်ရည်ဆိုင်မှာ” “တစ်လ ဘယ်လောက်ရသလဲ” “ခြောက်သောင်း” “လစာက ခြောက်သောင်းနဲ့ မင်းအမေကို နှစ်သောင်းကျော်တန် ဖိနပ် ဝယ်ပေးဖို့ စိတ်ကူးရှိတဲ့သားလေး တော်လိုက်တာကွယ်” “သား အမေက ဖိနပ်မစီးတာကြာပြီ။ သူ့ကို ဒီလိုလှလှလေး စီးစေချင်လို့ပါ” လက်ဖက်ရည်ဆိုင်တွင် အလုပ် လုပ်နေသည်ဆိုသော ထိုကလေးကို လျှာရှည်ပြီး ကျောင်းမနေဘူးလား၊ ဘာလားတွေ မမေးချင်တော့ပါ။ ကလေး၏ စိတ်ဓာတ်လေးကို ချီးကျူးလေးစားသော်လည်း ကျွန်တော် ဘာမျှ မတတ်နိုင်ပါ။

ယခုလိုအချိန်အခါတွင် သူရဲကောင်းကြီး လုပ်ပြီး ကိုယ်ဝယ်မည့် ဖိနပ်ဖိုးကို သူ့အားပေးကာ ကယ်တင်ရှင်ကြီး လုပ်နိုင်သည့် အင်အားလည်း မရှိပါ။ မိခင်အပေါ် သိတတ်သော ကလေးတစ်ယောက်၏ စိတ်ဓာတ်ကိုသာ လေးစားနေမိသည်။ ဆိုင်မှ ဈေးရောင်းသည့် ကောင်မလေးက ဖိနပ်နှင့် သူဆွဲလာသော စက္ကူပေါ်က ခြေရာကို တိုင်းပြီး ဖိနပ်တစ်ရံ ပေးလိုက်သည်။ “မောင်လေး တကယ်လို့ စီးကြည့်။ မညစ်ပတ်စေနဲ့။ မတော်ရင် လာပြန်လဲ သိလား။ လဲပေးမယ်” “ဟုတ်ကဲ့” ကောင်လေးက သူ့အိတ်ထဲက တစ်သောင်းတန်လေးသုံးရွက်ကို ထုတ်ပေးလိုက်သည်။ ကောင်မလေးက ဆိုင်ရှင်ထံသွားပြီး ပိုက်ဆံချေကာ ပိုငွေကို ပြန်ပေးပြီး ဖိနပ်ထည့်ထားသော အိတ်လေးကို ပေးလိုက်သည်။ ကောင်လေးက ထွက်သွားမည် အလုပ်တွင် ဆိုင်ရှင်လူကြီးက သူထိုင်နေသည့် ကောင်တာမှ ထလာပြီး “ကလေး ခဏ” ဟုပြောလိုက်သည်။ ထိုကလေးက ရပ်လိုက်ပြီး မျက်လုံးလေးပြူးကာကြည့်နေသည်။

ဆိုင်ရှင်က “ကလေးအမေ့ခြေရာ စာရွက်လေး ဦးလေးကို ပေးပါလား” ဟု ပြောလိုက်သည်။ ကလေးက သူ့အိတ်ထဲက စာရွက်ခေါက်လေးကို ထုတ်လိုက်ပြီး “ရော့” ဟုပေးလိုက်သည်။ ဆိုင်ရှင်က အရောင်းဈေးသည် ကောင်မလေးကို “ဒီဖိနပ် နောက်တစ်ရံ သူ့ကို ပေးလိုက်ပါ။ အနီရောင်လေး ပေးလိုက်” ဟု ပြောလိုက်သည်။ ကောင်မလေးက နောက်ထပ် ဖိနပ်တစ်ရံကို အိတ်ထဲထည့်ကာ ကောင်လေးလက်ထဲကို ထည့်ပေးလိုက်သည်။ “ဒါက ဦးလေးရဲ့ လက်ဆောင်ပါ။

သားအမေနဲ့ မတော်ရင် ပြန်လာလဲနော်” ဟု ပြောလိုက်သည်။ ထိုဆိုင်နံရံတွင် ကပ်ထားသော ပုံတွေကို ကျွန်တော် လိုက်ကြည့်မိသည်။ ထိုဆိုင်ရှင်မှာ မြန်မာ ဗုဒ္ဓဘာသာဝင် မဟုတ်ပါ။ အဘယ်ကြောင့် ကလေးဆီက အမေ့ခြေရာ စာရွက်လေးကို ယူထားလိုက်သည်ဆိုခြင်းကို ကျွန်တော် ဓာတ်ပုံတစ်ပုံအား မြင်လိုက်မှ နားလည်သွားသည်။ သူ့စားပွဲဘေးတွင် ချိတ်ထားသည့် ဓာတ်ပုံလေးကြောင့် ဖြစ်သည်။ ထိုဓာတ်ပုံလေးမှာ တစ်စုံတစ်ယောက်၏ နနွင်းခြေရာပုံလေးဖြစ်သည်။ အောက်တွင် ထိုးထား သောစာမှာ “အမေ့ခြေရာ” ဖြစ်သည်။ အမေသည် ဘာသာ၊ လူမျိုး၊ အသားအရောင် မခွဲခြားပါ။ အားလုံးသည့် အမေ့ကိုချစ်ရာတွင် တန်းတူ ညီတူ ဖြစ်သည်။ အမေရှိသူအားလုံး အမေ့ကို လေးစားတန်ဖိုးထားရမှန်း သိကြသည်။

တင်ညွန့် ၅.၉.၂၀၂၄

Leave a Reply

Your email address will not be published. Required fields are marked *