သူ့အတွက်
အတန်းရှေ့ကို ကျောင်းသား၊ ကျောင်းသူ တစ်ဦးချင်းစီထွက်လာပြီးဆရာ့ရှေ့တွင် စာဆိုပြနေကြသည်။ ကျောင်းသူ ချိုကြည် စာဆိုအပြီး အတန်းဘက်ကို မျက်နှာမူကာ ပြန်လှည့်ထွက်သွားစဉ် ကျွန်တော်က “သမီး ခဏနေဦး” ဟုဆိုလိုက်သဖြင့် သူက ရပ်လိုက်သည်။ ချိုကြည် ကျောကုန်းတွင် စာရွက်တစ်ရွက်ကို ကပ်ထားသည်။ စာရွက်ပေါ်တွင် “သမီးကချိုကြည်၊ အမေကဒိုဘီ” ဟုရေးထားသည်။ “ရှင် … ဆရာ” ချိုကြည်က ကျွန်တော့်ဘက်ကို ပြန်အလှည့်တွင် တစ်တန်းလုံး ရယ်လိုက်ကြသည်။ ကျွန်တော်က “သမီး ပြန်လာဦး” ချိုကြည်က ကျွန်တော့်ထံပြန်လာသည်။ “ဟိုဘက်လှည့်” ချိုကြည်က တစ်ဖက်ကို ပြန်လှည့်လိုက်သည်။ ကျွန်တော်က စာရွက်ကို ကျောမှခွာလိုက်ပြီး “ဒါဘယ်သူရေးတာလဲ … မှန်မှန်ပြောစမ်း” ဟု အော်ငေါက်လိုက်သဖြင့် တစ်တန်းလုံး ငြိမ်သွားသည်။ ကျွန်တော်က တုတ်တစ်ချောင်းကိုင်ကာ စားပွဲကို ဗြန်းခနဲမြည်အောင် ရိုက်လိုက်ပြီး “ဒါ ဘယ်သူလုပ်တာလဲ ပြောစမ်း” ဟု မေးလိုက်သည်။
တစ်တန်းလုံး ဖြေသူမရှိ။ ချိုကြည်က ကျွန်တော့်လက်ထဲက စာရွက်ကို ကြည့်လိုက်ပြီး “ဆရာ” ဟု ပြောလိုက်သဖြင့် ကျွန်တော်က “ဘာလဲ ချိုကြည်” “သမီးကို စာရွက်လေး ခဏလောက်” ကျွန်တော်က သူ့ကို စာရွက်ကမ်းပေးလိုက်သည်။ ချိုကြည်ကစာကိုဖတ်ပြီး ပြုံးလိုက်သည်။ “ဆရာ … ဘာမှားလို့လဲဟင်” ဟု ကျွန်တော့်ကို ပြန်မေးလိုက်သဖြင့် ကြောင်သွားသည်။ “တစ်ဖက်သားကို ဒီလိုနှိမ့်ချတဲ့ အပြုအမူမျိုးနဲ့ နောက်ပြောင်တာမှားတာပေါ့ကွယ်” “ဆရာ သမီးတစ်ခုလောက် ပြောပါရစေ” “ဘာလဲ ပြော” “သမီးအမေက သူများအိမ်တွေမှာ အဝတ်လိုက်လျှော်တဲ့ ဒိုဘီလို့ပြောတာ မှန်တာပဲဆရာ။ သမီး စိတ်မဆိုးပါဘူး” “သမီး စိတ်ဆိုးတာ မဆိုးတာထက်၊ ဒီလိုနောက်ပြောင်တာမျိုးက မလုပ်သင့်ဘူးလေ။
ဒါကြောင့် ဘယ်သူ လုပ်တာလဲလို့ ဆရာမေးနေတာ” “ဆရာ သမီးသူတို့မသိသေးတာတစ်ခုကိုပြောချင်ပါတယ်” “ဘာလဲ ပြော” “သမီးအမေက သူများအိမ်မှာ ဒိုဘီလိုက်လုပ်တာအပြင် ဈေးက စားသောက်ဆိုင်ကြီးမှာ ညနေဆိုရင် ပန်းကန်တွေ ဝင်ဆေးရသေးတယ်ဆရာ” “ဟင်” “ဟုတ်တယ် … ဒါကိုတော့ သူငယ်ချင်းတို့ သိမယ်မထင်ပါဘူး။ မီးဖိုချောင်ထဲမှာ လုပ်ရတာကိုး။ ဒါကြောင့် သူငယ်ချင်းတို့သိအောင် ပြောတာပါ။ တို့အမေက ပန်းကန်လည်းဆေးတယ်။ အဝတ်လည်းလျှော်တယ်။ တို့မှာ အဖေက မရှိတော့ဘူး။ မောင်နှမ ငါးယောက်ကို အမေတစ်ယောက်တည်းက ရှာကျွေးနေရတာ။ သမီး အကြီးဆုံး ငါကလည်း အမေ့ကို ဘာမှငွေရအောင် ရှာမပေးနိုင်သေးဘူး။ ဒီနှစ် ၁၀ တန်း မဖြေတော့ဘူး။ စက်ရုံမှာ အလုပ် လုပ်တော့မယ်လို့ပြောတော့လည်း အမေက လက်မခံဘူး။ ကျောင်းဆက်တက်ရမယ်၊ ၁၀ တန်းကို အောင်အောင်လုပ်ရမယ်ဆိုပြီး အတင်းပြောတယ်။ တို့အမေ မှားသလားဟင်” အခြေအနေတစ်ခုက မမျှော်လင့်သည့် အနေအထားတစ်ခုဖြစ်သွားသည်။ ချိုကြည်ကို ငိုပြီးရှက်သွားလိမ့် မည်ဟုထင်ထားရာမှ သူမသည် တည်ငြိမ်စွာဖြင့် အတန်းရှေ့ကိုလှည့်ကာ ပြောလိုက် ခြင်းဖြစ်သည်။ “ဆရာ … သမီးတော့ သူတို့ကို အပြစ်မမြင်ဘူးဆရာ။
အမှန်ကိုပြောတာပဲ” “သမီးအပြစ် ယူသည်ဖြစ်စေ၊ မယူသည်ဖြစ်စေ ဒါမျိုးတော့ ဆရာခွင့်မလွှတ်ဘူး။ ဒီလိုနောက်ပြောင်တာမျိုး မလုပ်ရဘူး။ ကဲ ဘယ်သူလုပ်တာလဲပြောစမ်း” ကျောင်းသားတစ်ယောက်က မတ်တတ်ရပ်လိုက်ပြီး “ကျွန်တော်လုပ်တာပါဆရာ” “အတန်းရှေ့ထွက်ခဲ့” ကျော်နိုင်က အတန်းရှေ့ကိုထွက်လာသည်။ “မင်း ဒီလိုနှမချင်း မစာနာလုပ်တဲ့လုပ်ရပ်ဟာ မှားသလား၊ မှန်သလား” “ကျွန်တော်မှားပါတယ်ဆရာ” “တောင်းပန်လိုက်” “ချိုကြည် ငါတောင်းပန်ပါတယ်” “သူငယ်ချင်းတွေပဲဟာ ရပါတယ်” ကျွန်တော်က ရှေ့တွင် ကျုံ့ကျုံ့လေးတွေထိုင်ပြီး ကန်တော့နေသော ကျော်နိုင်နှင့် ချိုကြည်တို့ကို ဆုတွေပေးလိုက်သည်။
“သည်လင် သည်မယား အိုအောင်မင်းအောင် ပေါင်းသင်းနိုင်ကြပါစေကွယ်” “ပေးတဲ့ဆုနဲ့ပြည့်ရပါလို၏ဆရာ” “ကဲ ခုံပေါ် တက်ထိုင်ကြ။ ဒါနဲ့ ကျော်နိုင်က ခု ဘာတွေလုပ်နေသလဲ၊ သမီးကရော” “ကျွန်တော်ကစက်ရုံမန်နေဂျာပါဆရာ။ အထည်ချုပ်စက်ရုံမှာပေါ့။ ချိုကြည်ကတော့ ရှေ့နေလုပ်နေတယ်” “အေးကွာ မင်းတို့ ၁၀ တန်းတွေအောင်ပြီးကတည်းက မတွေ့ကြတော့တာ။ ၁၅ နှစ်လောက်ရှိတော့မယ်ထင် တယ်။ ဒါနဲ့ ချိုကြည့်အမေရော” “အမေဆုံးသွားပြီဆရာ” “အို ဖြစ်ရလေ” “ကောင်းကောင်းမွန်မွန်တော့ နေသွားရပါတယ်ဆရာ” “ကောင်းပါတယ်ကွယ် … ဆရာမြင်သလောက် သားသမီးတွေအပေါ် တော်တော်လေးချစ်တဲ့ မိခင်ကောင်း ပဲကွယ်။ ဒါတောင် ဟိုကောင် ကျော်နိုင်က နောက်ပြောင်သေးတယ်နော်” သူတို့ လင်မယားတစ်ယောက် မျက်နှာတစ်ယောက်ကြည့်ကာ ရယ်ကြသည်။
“ဘာရယ်တာလဲကွ” “ဆရာ အဲဒီတုန်းက ချိုကြည့်နောက်ကျောမှာ စာကပ်တာ ကျွန်တော်မဟုတ်ဘူးဆရာ” “ဟေ … ဒါဆို မင်းက ဘာဖြစ်လို့ …” “ဟုတ်တယ်ဆရာ … သမီးနောက်ကျောမှာ စာကပ်တာ သူမဟုတ်ဘူး။ သမီးနောက်မှာထိုင်တဲ့ ခင်မေချစ်ပါ” “ဟာ ဒါဆိုရင် မင်းက ဘာဖြစ်လို့ …” “ဆရာ ကျောင်းမှာတုန်းက သူက ခင်မေချစ်ကို ပိုးနေတာလေဆရာ။ ဒါကြောင့် သူ့ကို ကြိုက်မလားထင်ပြီး သူရဲကောင်းကြီး ဝင်လုပ်လိုက်တာ” “ဟာ ဖြစ်ရလေ … ဒါနဲ့ ခင်မေချစ်တစ်ယောက်ရော” “ဆုံးသွားပြီဆရာ” “ဪ”
တင်ညွန့် ၁၅.၉.၂၀၂၅





