ညမင်းသား (ဖြစ်ရပ်မှန်)
၂၀၀၉ ခုနှစ်ခန့်ကဖြစ်ပါသည်။ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်တွင် အောက်မင်္ဂလာဒုံလမ်းမကြီးသည် ပြည်တော်သာ လမ်းခွဲမှနေ၍ အင်းစိန်ကုန်းတံတားအောက်မှဖြတ်ကာ အင်းစိန်ဘူတာသို့ ချိတ်ဆက်ထားပါသည်။ ထိုလမ်းကြီးသည် ရထားလမ်းနှင့်အပြိုင်ရှိနေကာ ရွာမအလယ်၊ ရွာမအရှေ့နှင့် အေးသိဒ္ဓိဟူသော ရပ်ကွက်များကို ဖြတ်ကျော်သွားပါသည်။ ထိုကားလမ်းမကြီး၏ ဘယ်ဖက်တွင် လူနေအိမ်များရပ်ကွက်များရှိကာ ညာဖက်ခြမ်းတွင်တော့ ရထားလမ်းနှင့် အင်းစိန် မှုခင်းဌာန (CID) တို့ရှိပါသည်။ ထိုရထားလမ်းနှင့် ကားလမ်းအကြားတွင်တော့ အနယ်နယ်အရပ်ရပ်က တိုက်ထားသည့် ကားများကို တန်းစီပြီး ရပ်ထားပါသည်။ ထိုလမ်းမကြီးတွင် ည ၁၁ နာရီ ၄၅ ဆိုလျှင် ပုံမှန်လိုလို တစ်ရပ်ကွက်လုံးမှ ခွေးကြီးခွေးငယ်အစုံတို့သည် အူသံဟောင်သံများ အမျိုးမျိုးပြုကာ လမ်းတစ်လျှောက်အော်ဟစ်သွားလျှက်ရှိပါသည်။ ကားလမ်းမကြီးတစ်လျှောက် ခွေးမျိုးစုံတို့သည် တစ်ရပ်ကွက်ပြီးတစ်ရပ်ကွက် တစ်ခုခုကို လိုက်ပြီးဟောင်ကြသလိုမျိုး စူးစူးဝါးဝါး အော်ဟစ်လေ့ရှိပါသည်။ ထိုအရာကို အချို့သူများက ညမင်းသားဟု ခေါ်ကြပါသည်။ ညမင်းသားလာလျှင် သူလာရာလမ်းတစ်လျှောက် ထိုသို့ခွေးများ အူပြီး ဟောင်ကြသည်ဟု ဆိုကြပါသည်။
၂၀၀၉ ခုနှစ်ကုန်ပြီး ၂၀၁၀ ကူးမည့်ညဖြစ်ပါသည်။ ခေတ်အခေါ် နယူးရီးယားညဖြစ်ပါသည်။ မြင့်သူနှင့် သူငယ်ချင်းတစ်စုသည် သူတို့နေထိုင်ရာ ရွာမအရှေ့ရပ်ကွက်တွင် လူစုပြီး ဂီတာ နှစ်လက်ဖြင့် သီချင်းများကို ဆိုကြပါသည်။ အသောက်အစားလဲ လုပ်ကြပြီး နှစ်သစ်ကူးလျှင် ဟက်ပီးနယူးရီးယား အော်ကြမည်ဖြစ်ပါသည်။ သူငယ်ချင်း ၅ ယောက်စုပြီး ဂီတာတီးလိုက် သီချင်းဆိုလိုက်နှင့် အချိန်တွေကုန်မှန်းမသိကုန်သွားရာ ည ၁၀ နာရီထိုးပြီဖြစ်သည်။ ထိုစဉ်က လက်ကိုင်တယ်လီဖုန်းများ ခေတ်မစားသေး။ သို့သော် မြင့်သူတို့အိမ်တွင် ကြိုးဖုန်းတစ်လုံးရှိပြီးတော့ ထိုကြိုးဖုန်းဖြင့် ဖုန်းဝန်ဆောင်မှုလုပ်ငန်းလဲ(PCO) လုပ်ပါသည်။ မြို့တွင်းနယ်ဝေး ဖုန်းခေါ်ဆိုနိုင်ခြင်းနှင့် ရပ်ကွက်အတွင်းအိမ်များသို့ ဖုန်းလာလျှင် လိုက်ခေါ်ပေးရခြင်းဖြစ်သည်။ ထိုညက ည ၁၀ နာရီကျော်တော့မှ ဖုန်းဝင်လာပါသည်။ ဖုန်းဆက်သူမှ ရှမ်းကုန်းလမ်းမှ သူ့သူငယ်ချင်းတစ်ယောက်ဖြစ်သည်။ “သားကြီးတို့ ငါတို့အိမ်မှာ နယူးရီးယားပါတီလုပ်မယ်ကွာ၊ မီးပန်းတွေလဲ ဝယ်ထားတယ် ည၁၂ ထိုးရင် ဖောက်ကြမယ်၊ မင်းတို့အဆင်ပြေရင် ကူးလာခဲ့” “တကယ်လား၊ ငါတို့က ၅ ယောက်တောင်ရှိတယ်ကွ” “လာစမ်းပါကွာ လူများတော့ ပိုစည်တာပေါ့၊ ဒါပေမယ့် တစ်ခုတော့ရှိတယ်နော် အသောက်ကတော့ သိပ်မရှိတော့ဘူး မင်းတို့သောက်ဖို့ ကိုယ့်ဖာသာကိုယ်ဖန်ခဲ့ကြ” “အေးပါကွ၊ ငါတို့ ၁၂ မထိုးခင်လာခဲ့မယ်” မြင့်သူက ဖုန်းချလိုက်သည်။
ရှမ်းကုန်းလမ်းမှာ သူတို့နှင့် သိပ်မနီးမဝေးဖြစ်သည်။ လမ်းလျှောက်သွားလျှင် ရသည်။ သူလဲ သူငယ်ချင်းတွေကိုပြောလိုက်သည်။ ထို့နောက် အတူတူသွားကြမည်ဖြစ်သည်။ သီချင်းလေး တစ်ပုဒ် နှစ်ပုဒ်လောက်ဆက်ဆိုပြီးလျှင် ထိုနေရာသို့ သွားကြမည်ဖြစ်သည်။ “အင်းစိန်ကုန်းတံတားဘက်သွားမယ်ကွာ အဲဒီမှာ ညလုံးပေါက်ဆိုင်လေးတွေရှိတယ်၊ အဲဒီမှာ တစ်ခုခုဝယ်ပြီးတော့မှ ရှမ်းကုန်းလမ်းဘက်ကူးကြမယ်” သူငယ်ချင်းအားလုံး သဘောတူလိုက်သည်။ မောင်ခိုင်ကတော့ မျက်နှာပျက်သွားသည်။ “မင်းကလဲ အတွင်းလမ်းက မသွားဘဲ အောက်လမ်းက သွားမလို့လား၊ ဒီအချိန်ကြောက်စရာကြီးကွာ၊ နောက်ပြီးတော့ ရင်ခွဲရုံနားကလဲ ဖြတ်ရမှာမဟုတ်လား” ထိုလမ်းကြီးသည် အင်းစိန်ဆေးရုံ၏ ရင်ခွဲရုံဘေးနားမှ ဖြတ်သန်းသွားရလေသည်။ “မင်းကလဲ ကြောက်တာလား၊ ဟား . . .ဟား” မြင့်သူက ပြောပြီး ကျန်သူငယ်ချင်းတွေက မောင်ခိုင်ကို ရယ်မောလိုက်ကြသည်။ မောင်ခိုင်လဲ ဒေါသထွက်သွားပြီး ရဲဆေးတင်လိုက်သည်။ ဟိုလိုလို ဒီလိုလိုနှင့် ည ၁၁ နာရီကျော်ပြီဖြစ်သည်။ “သွားရအောင်ဟေ့” ရပ်ကွက်အတွင်းမှ ဂစ်တာများကိုင်ပြီး လမ်းမှာ တီးလျက်လမ်းလျှောက်လာကြသည်။ ရပ်ကွက်ထဲတွင်တော့ အခြားလူငယ်အုပ်စုများကလဲ နယူးရီးယား ပွဲများလုပ်ကြလေသည်။
သူတို့လဲ လမ်းလျှောက်လာပြီး အောက်မင်္ဂလာဒုံ လမ်းကြီးပေါ်သို့တက်လိုက်သည်။ လမ်းမီးများက ထိန်လင်းနေသော်လည်း ထိုလမ်းကြီးမှာ လမ်းသွားလမ်းလာများမရှိတော့။ တစ်ခါတစ်လေ ကားတစ်စီးတစ်လေသာ အရှိန်ဖြင့် ဖြတ်မောင်းသွားကြသည်။ ဆောင်းလေက အေးနေပြီးတော့ သူတို့ကလဲ အရက်သောက်ထားသည့်အရှိန်ကလေး အတော်ရနေပြီဖြစ်သည်။ မောင်ခိုင်ကတော့ လမ်းဘေးက တိုက်ထားသည့် ကားများကိုကြည့်ပြီး ကြောက်ရွှံ့နေသည်။ တိုက်ထားသည့်ကားများမှာ ခေါင်းတွေကြေမွနေသည်။ အချို့ကားတွေက မှောက်ထားသဖြင့် ပြားချပ်နေသည်။ လိုင်းကားတွေ၊ ကုန်တင်ကားတွေ၊ အိမ်စီးကားတွေ အစုံပါသည်။ ထိုလမ်းဘက်အခြမ်းတွင် လမ်းမီးမရှိသဖြင့် မှောင်မဲနေသည်။ ထိုကားများနောက်ဖက်တွင်တော့ ရထားလမ်းကြီးရှိပြီး ရထားလမ်းဘေး သစ်ပင်များဖြင့် အမှောင်တောကြီးဖြစ်နေလေသည်။ လမ်းလျှောက်ရင်းဘာလိုလိုဖြင့် ၁၁ နာရီ ခွဲကျော်သွားပြီဖြစ်သည်။
သူတို့က သီချင်းဆိုလိုက် လမ်းလျှောက်လိုက်ဖြင့် ခရီးက သိပ်မတွင်သေး။ “ဟေ့ကောင်တွေရပ်လိုက်စမ်း၊ ဟိုဖက်ကားလမ်းမှာ ဘာတွေလဲ” သူတို့အားလုံး ရပ်ပြီးကြည့်လိုက်ကြသည်။ သူတို့နှင့် လမ်းတစ်ဖက်ခြမ်းတွင် တိုက်ထားသည့် တက္ကစီလေးတစ်စီးထဲမှ လူတစ်ယောက်က တိုးပြီးထွက်နေလေသည်။ ထိုတက္ကစီကားလေးမှာ ကားမောင်းသည့်အရှေ့ခန်းမှာ ပိပြားနေပြီး ထိုအထဲမှ လူတစ်ယောက်က အားယူပြီး တိုးထွက်နေလေသည်။ ထို့နောက် ထိုလူက မြေကြီးပေါ်သို့ ဘုတ်ကနဲ ကျသွားလေသည်။ လူဟုဆိုသော်လည်း ထိုကားလမ်းဖက်ခြမ်းမှာ မှောင်မဲနေသဖြင့် လူရိပ်သာမြင်နေရခြင်းဖြစ်သည်။ “မင်းကလဲကွာ ဟို . . ကားထဲက ပစ္စည်းကိုလာဖြုတ်တဲ့လူနေမှာပေါ့” မြင့်သူက သူငယ်ချင်းများ မကြောက်စေရန် ပြောလိုက်သည်။ သို့သော် ထိုလူမှာ ကားလမ်းပေါ်ပြုတ်ကျပြီးနောက် ပြန်ထမလာတော့ အမှောင်ထဲတွင် တိတ်ဆိတ်နေလေသည်။ မောင်ခိုင်လဲ တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းတွေ ထသွားလေသည်။ ထို့နောက် သူတို့ဆက်လျှောက်ခဲ့သည်။ လမ်းမီးတိုင်က တစ်တိုင်နှင့်တစ်တိုင်အတော်လှမ်းသဖြင့် မီးက အဆက်ပြတ်နေသည်။
တစ်နေရာရောက်တော့ သူတို့အားလုံး ခြေလှမ်းတွေ တုံ့သွားကြသည်။ အကြောင်းမှာတော့ လမ်းတစ်ဖက်ခြမ်းမှာ တိုက်ထားသည့် ဒိုင်နာယာဉ်ကြီးပေါ်မှ လူ၆ယောက်ခန့် ထိုင်နေကြခြင်းဖြစ်သည်။ ဒိုင်နာယဉ်ကြီးမှာ ခေါင်းတွေကြွေမွနေပြီး နောက်ခန်းသံတိုင်များမှာလဲ မုန့်ကြိုးလိမ်များကဲ့သို့ တွန့်ကြေနေသည်။ ထိုင်နေသည့် လူများသည် မျက်လုံးများမှာ အဖြူရောင်ဖြစ်ပြီး ဝင်းလက်နေကြသည်။ ကျန်သည့်ကိုယ်ခန္ဓာများမှာတော့ အနက်ရောင် အရိပ်များလိုဖြစ်နေကြသည်။ သူတို့လမ်းလျှောက်လာသည်ကို သတိထားမိပုံမရ။ “ဟေ့ကောင်တွေ . . အဲ . . အဲဒါတော့ သေချာတယ် သရဲတွေကွ” “ဟုတ် . . ဟုတ်တယ် အဲဒါ ဟိုတစ်ခါတုန်းက မှောက်သွားတဲ့ ၈၂ လိုင်းကားကွ” သူတို့အားလုံး ထူပူကုန်ကြသည်။ လမ်းမီးမှာ သူတို့အရှေ့ကိုက် ၃၀၀ အကွာလောက်တွင်ရှိသဖြင့် သူတို့က မှောင်ရိပ်ထဲကျနေသည်။ သူတို့ဘယ်ဖက်ခြမ်းတွင်လဲ လူမနေသည့် ခြံကျယ်ကြီးများက အုတ်တံတိုင်းအမြင့်ကြီးများခတ်ထားသည်။ သူတို့ကြည့်နေခိုက် ထိုလူများသည် ဒိုင်နာကားပေါ်မှ ခုန်ဆင်းလာကြသည်။ သူတို့လဲ ကြောက်လန့်ပြီး ဘာလုပ်ရမှန်းမသိ။ မြင့်သူလဲ ဒူးတွေတုန်နေပြီ။ “ငါတို့ ပုန်းနေမှရမယ်” ထိုသို့ပြောလိုက်ပြီးတော့ ပုန်းစရာကြည့်လိုက်သည်။
သူတို့ဘေးတွင် ရေမြောင်းကြီးသာရှိသည်။ မိုးကုန်သဖြင့် ကွန်ကရစ်ရေမြောင်းကြီးသည် ရေတွေမရှိတော့ဘဲ အမှိုက်တွေသာရှိသည်။ ရေမြောင်းများ ကျယ်လဲကျယ်ပြီး ငါးပေခန့်နက်သည်။ မြင့်သူလဲ ထိုအထဲခုန်ချလိုက်သည်။ အခြားသူများလဲ လိုက်ပြီးခုန်ချသည်။ ထို့နောက် ရေမြောင်းထဲမှနေ၍ အသာချောင်းကြည့်ကြသည်။ ထိုအရိပ်တွေက ကားပေါ်မှ ခုန်ချပြီး လမ်းဘေးတွင် မလှုပ်မယှက်ရပ်နေကြသည်။ မကြာမီ ထိုဒိုင်နာနောက်ဘက်ရှိ ဟိုင်းလပ်ကားလေးပေါ်မှ လူ၃ယောက်ခုန်ဆင်းလာပြန်သည်။ သူတို့အားလုံးကြည့်သာကြည့်နေရသည် ခေါင်းမွှေးတွေထောင်နေပြီးတော့ ကျောတွေလဲချမ်းနေပြီဖြစ်သည်။ မကြာခင်ခွေးတွေထိုးဟောင်သံများ၊ အူသံများကိုကြားလိုက်ရသည်။ မောင်ခိုင်က လက်ကနာရီကို ငုံ့ကြည့်လိုက်သည်။ နာရီတွင်ပါသည့် မီးလင်းသည့် ခလုပ်လေးကို နှိပ်လိုက်သည်။ ၁၁ နာရီ ၄၅ မိနစ်။ “ဒါ . .ဒါ ညမင်းသား လာတဲ့အသံပဲ” သူတို့အားလုံး မလှုပ်မယှက်ဖြင့် မြောင်းထဲတွင် အသက်တောင်ကျယ်ကျယ်မရှုရဲပဲ ကြည့်နေကြသည်။ ခြင်တွေကလဲ သူတို့ကို တဝီဝီဖြင့် ကိုက်နေကြသည်။
ခွေးအူသံတွေက တဖြည်းဖြည်းနဲ့ နီးကပ်လာပြီဖြစ်သည်။ “ဘုရားရေ ဘာကြီးလဲ” ကတ္တရာလမ်းမကြီးပေါ်တွင် အလွန်ကြီးမားပြီး အရပ်ရှည်သော လူကြီးတစ်ယောက်သည် လေးလံစွာဖြင့် တစ်လှမ်းခြင်းလျှောက်လှမ်းနေသည်။ ထိုလူကြီးသည် ပိန်ပိန်ပါးပါးနှင့် အရပ်က ထန်းပင်လောက်ကြီးရှိပြီး မြင့်သူတို့တွေအားလုံး မော့ကြည့်နေရသည်။ မျက်လုံးကြီးတွေက နီနေပြီး ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ပေ ၃၀၊ ၄၀ လောက်ရွေ့ရွေ့သွားလေသည်။ သူတို့တစ်သက်တာတွင် ထိုသို့ကြီးမားသည့်အရာမျိုးမမြင်ဖူးဘူး။ ညမင်းသားကြီးက သုံးထပ်တိုက်တစ်လုံးအရွယ်နီးပါးရှိသည်။ နက်မှောင်သည့်ခြေလက်များကို အတိုင်းသားမြင်နေရသည်။ သူလမ်းလျှောက်သွားရာ တစ်လျှောက်လုံးတွင်လဲ လေချွန်သံလို အသံများကြားနေရသည်။ မောင်ခိုင်က မရတော့။ ယောင်ယမ်းပြီး အော်ဟစ်လိုက်သည်။ “အား . . . အစ် အစ်” မြင့်သူက မောင်ခိုင်အော်လိုက်သည့်အခါ မောင်ခိုင်ပါးစပ်ကို လျှင်မြန်စွာ လက်ဖြင့်ပိတ်ပြီး မောင်ခိုင်ကို ဖက်ထားလိုက်လေသည်။ မောင်ခိုင်က ချွေးသီးချွေးပေါက်များကျပြီး တုန်ယင်နေလေသည်။ ထိုညမင်းသားနောက်တွင်တော့ အရိပ်များသာမြင်ရသည့် လူများအရွယ်စုံ ဆိုဒ်စုံသည် ညမင်းသားနောက်သို့ လမ်းလျှောက်ပြီးလိုက်သွားကြလေသည်။
ကားပေါ်မှဆင်းလာသည့် လူများလဲ အကုန်လုံး လိုက်သွားကြလေသည်။ လမ်းလျှောက်လိုက်သွားသည်ဆိုသော်လည်း ခြေထောက်တွေသာလှှုပ်ပြီး ခန္ဓာကိုယ်များမှာ မလှုပ်မယှက်နှင့် လိုက်သွားကြလေသည်။ ထိုအရိပ်များ အယောက် ၅၀ ခန့်အတန်းလိုက်ကြီးလိုက်သွားပြီးတော့ မကြာခင် ခွေးဟောင်သံများလဲ တိတ်ဆိတ်သွားကြလေသည်။ မြင့်သူတို့ သူငယ်ချင်းတစ်စုလဲ အားလုံးကြောက်ရွံ့နေပြီးတော့ မြောင်းထဲကနေမထွက်ရဲကြ။ တစ်နာရီလောက်ကြာမှသာ မြောင်းထဲက ပြန်ထွက်ရဲလေသည်။ အားလုံးလဲ အမူးပြေနေပြီးအလွန်ထိတ်လန့်နေကြသည်။ သူတို့လဲ မြောင်းထဲမှ ထွက်ပြီးသည်နှင့် သူတို့နေထိုင်ရာ ရပ်ကွက်သို့ သုတ်ခြေတင်ပြေးကြလေသည်။ ခြေထောက်တွေက ကြောက်လန့်သဖြင့် တုန်ယင်နေသည်။ အိမ်သို့ရောက်အောင်ပြေးရသည်မှာ အလွန်ဝေးကွာသည့် ခရီးတစ်ခုကိုပြေးနေရသည်ဟု ထင်မှတ်မိလေသည်။ နောက်ဆုံးသူတို့ရပ်ကွက်ထိပ် မီးကင်းတဲရောက်တော့မှ အပြေးရပ်လိုက်သည်။ လူတွေက မောပန်းနေပြီး ထိုမီးကင်းတဲ နေရာတွင် ရပ်နေလိုက်ကြသည်။ မီးကင်းတဲတွင်တော့ မီးကင်းစောင့်သည့် ကုလားကြီးနှင့် အခြားလူကြီးတစ်ဦးရှိသည်။ သူတို့က ရေနွေးကြမ်းအိုးလေးချထားကာ စကားပြောနေကြသည်။ “မင်းတို့ ဘာဖြစ်လာတာလဲ” “ကျွန် . . . ကျွန်တော်တို့ ညမင်းသားနဲ့ တွေ့ခဲ့လို့” “ဖြစ်ရမယ်၊ ကံနိမ့်တဲ့လူတွေက ညမင်းသားကို တွေ့ရတတ်တယ်” ထိုသို့ ပြောဆိုပြီးနောက် သူတို့လဲမောမောဖြင့် ရေနွေးကြမ်းများ သောက်လိုက်ကြသည်။ နောက်ပြီးတော့ ကိုယ့်အိမ်ကိုပြန်ရောင်အောင် အမြန်ပြေးကြတော့သည်။ ထိုသို့ဖြစ်ပွားပြီးနောက် မြင့်သူမှာ သုံးလေးရက် အိပ်မပျော်ဖြစ်သည်။
မျက်စိမှိတ်လိုက်တိုင်း ထိုအလွန်ကြီးမားသော ညမင်းသားကြီးနှင့် ကားပေါ်မှ ခုန်ချသည့် သရဲများကိုသာ မြင်နေရလေသည်။ အားဆေးတွေစား၊ အိပ်ဆေးတွေသောက်ပြီးအိပ်တော့မှ အိပ်ရသည်။ သို့တိုင် အိပ်မက်ထဲတွင် ညမင်းသားကို မြင်မက်နေဆဲ။ တစ်ပါတ်လောက်ကြာတော့မှ မေ့မေ့ပျောက်ပျောက်ဖြစ်လာသည်။ ထိုရက်မှစ၍ မြင့်သူက ညမိုးချုပ်လျှင် ထိုလမ်းမဘက် မသွားရဲတော့။ မောင်ခိုင်ကတော့ တစ်ပါတ်လောက်ဖျားသည်။ ကယောင်ကတမ်းတွေလဲ အော်သည်။ သူတို့မိသားစုတွေက ဆရာဝန်နှင့်တစ်မျိုး၊ အထက်လမ်းဆရာနှင့်တစ်မျိုးကုရသည်။ သည်းခြေထိသွားသည်လို့တော့ ပြောကြသည်။ သူလဲ တစ်လလောက်ကြာမှ ပုံမှန်ပြန်ဖြစ်လေသည်။ သို့သော် မောင်ခိုင်ရော၊ မြင့်သူရော သူတို့သူငယ်ချင်းတွေရော ည ၁၁ နာရီ ၄၅ ရောက်ပြီး ရပ်ကွက်အတွင်းမှ ခွေးများအူကြသောအခါတွင် အလွန်ကြောက်ရွံ့နေကြလျှက်ရှိကြသည်။ ထို ညမင်းသားကို ရန်ကုန်တွင် အင်းစိန်တွင်သာမဟုတ်ဘဲ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ အလုံ မြို့နယ်များတွင်လဲ တွေ့ရတတ်သည်ဟုဆိုကြသည်။ အထူးသဖြင့် လှိုင်မြစ်နှင့်နီးသော၊ ဘုရင့်နောင်လမ်းမကြီး၊ ကမ်းနားလမ်းမကြီးတို့တွင် တွေ့ရတတ်သည်ဟုဆိုသည်။ သူက ည ၁၁ နာရီနှင့် ၁၂ နာရီကြားတွင်လျှောက်သွားနေတတ်ပြီးတော့ သူလာလျှင် ရပ်ကွက်အတွင်းမှ ခွေးကြီးကြီးငယ်ငယ်၊ လေလွင့်ခွေးများ၊ အိမ်မွေးခွေးများပါမကျန် အကုန်ဝိုင်းပြီး ထိုးဟောင်ကြသည်။
ဝိုင်းအူကြသည်ဟု ဆိုသည်။ အများအားဖြင့် ညမင်းသားသည် ကားလမ်းမများတစ်လျှောက်သွားလာနေတတ်သည်။ ညမင်းသားသည် နေ့စဉ်ရက်ဆက် လာလေ့တော့မရှိ တစ်ည တစ်ညမှ လာတတ်သည်ဟု ဆိုသည်။ တစ်ခါတစ်ရံ ခွေးကြီးပုံစံတွေ့ရတတ်ပြီး အလွန်ကြီးမားသည့် ခွေးနက်ကြီးအဖြစ် မြင်တွေ့ရတတ်သည်ဟု ဆိုကြသည်။ ယခုတိုင် စာရေးသူ စာရေးနေချိန်တွင် ည ၁၁ နာရီခွဲခန့်တွင် ညတိုင်းလိုလိုခွေးများ စူးစူးဝါးဝါး ဟောင်ကြ၊ အူကြသည်မှာ တစ်လခန့်ရှိပြီဖြစ်ပြီး နေ့စဉ်ဆိုသလိုကြားနေရသည်။ ကံနိမ့်သောသူတစ်ဦးတစ်ယောက်ယောက်ကတော့ အလွန်ကြီးမားသော ခန္ဓာကိုယ်ကြီးနှင့် ပျင်းရိစွာ တစ်လှမ်းခြင်းသွားလာနေတတ်သော ညမင်းသားကြီးနှင့် နောက်လိုက်နောက်ပါ သရဲများကိုတွေ့မြင်ကြရမည်ဖြစ်ပါသည်။ မည်သို့ပင်ဆိုစေကာမူ ရန်ကုန်မြို့အတွင်းတွင်တော့ ထိုညမင်းသားနှင့် ဆုံခဲ့သည့်သူများနှင့် ၎င်းတို့၏ ကိုယ်တွေ့ဇတ်လမ်းများ အများအပြား ရှိဖူးကြမည် ထင်ပါသည်။ ပြီးပါပြီ။ စာဖတ်သူတစ်ဦးတစ်ယောက်ခြင်းစီအား အစဉ်လေးစားလျှက်။ အဂ္ဂဇော် နံရံပေါ်က အရိပ်များ (ညမင်းသား) (က) မဘုတ်ထမင်းကြော်ဆိုင်ဆိုလျှင် ဆင်မင်းဈေးတစ်ဝိုက် မသိသူမရှိချေ။ သို့သော် မနက်ဖက်တွင်တော့ မဘုတ်ထမင်းကြော်ဆိုင်ကလေးက ပုံသိပ်မပေါ်သေး သို့သော် ညနေ ၆ နာရီခန့်ဆိုလျှင်တော့ ဆိုင်စခင်းပြီး နောက်တစ်နေ့မနက် ၅နာရီအထိ ညလုံးပေါက်ရောင်းချသည့် ထမင်းကြော်ဆိုင်ကလေးဖြစ်သည်။
ရန်ကုန်မြို့တွင် ထိုကဲ့သို့ ညလုံးပေါက်ရောင်းချသည့် ထမင်းကြော်ဆိုင်များ နေရာအနှံ့ရှိတတ်သည်။ မဘုတ်သည်လဲ ဆင်မင်းဈေးတစ်ဝိုက် ကမ်းနားလမ်းကြောပေါ်တွင် ထင်ရှားသည့် ဆိုင်ကလေးတစ်ဆိုင်ဖြစ်သည်။ ဆောက်လက်စကွန်ဒိုကြီးတစ်ခုသည် နံရံကြီးများကို အလွန်မြင့်မားစွာ ကာရံထားလေသည်။ ထိုကွန်ဒိုအဆုံးတွင်တော့ ဘုန်းကြီးကျောင်းနံရံကြီးရှိလေသည်။ ထိုနံရံတစ်ဝိုက်တွင် နေ့ခင်းဘက်တွင် နေအလွန်ပူပြင်းသော်လည်း နေကျသွားသည်နှင့် အေးချမ်းလာလေတော့သည်။ လှိုင်မြစ်အတွင်းမှ တိုက်ခတ်လာသည့် လေနုအေးများကြောင့်လဲ ညဘက်တွင် အေးချမ်းနေလေသည်။ ထိုအချိန်တွင် မဘုတ်နှင့် သူ့ယောက်ျား ကိုတင့်တို့သည် ထမင်းကြော်ဆိုင်ကလေးကို စတည်နေပြီဖြစ်သည်။ မီးဖိုနှင့် သစ်သားခုံများခင်းပြီး တာလပတ်မိုးလိုက်လျှင် ဆိုင်ခင်းခြင်းလုပ်ငန်းမှာ ပြီးစီးသွားပြီဖြစ်သည်။ ထိုနောက် အိမ်မှချက်ပြုတ်ထားသည့် ဟင်းများကို ဒန်အိုးကြီးများနှင့်ထည့်ကာ ဂါလီပေါ်တွင်တင်ပြီး ဆိုင်တွင်ခင်းကျင်းလေသည်။ ထို့နောက် ထမင်းကြော်သည့် ဒယ်အိုးကြီးများနှင့် ရေနွေးအိုးများကိုခင်းရသည်။ ဆိုင်တစ်ခုလုံးအတည်ကျပြီး ချက်ပြုတ်ပြီးတော့မှ လမ်းဘေးတွင် ပလတ်စတစ်ခုံကလေးများကို ခင်းလိုက်သည်နှင့် ထမင်းကြော်ဆိုင်ကလေးမှာ အသက်ဝင်လာပြီဖြစ်သည်။ ညနေ ၇နာရီခန့်ဆို ထမင်းကြော်ဆိုင်လူစည်ကားသည်မှာ တစ်ညလုံး မိုးလင်းပေါက်အထိဖြစ်သည်။
ထမင်းကြော်ဆိုင်တွင် လာရောက်စားသောက်သူများလဲများပြားသည်။ ကိုတင့်ကလဲ မီးစက်နှိုးကာ တီဗွီနှင့် အခွေများပြသလေ့ရှိသဖြင့် တစ်ချို့က ညဘက်အပေါင်းအသင်းများနှင့် အခွေဇတ်ကားများကို တမင်လာကြည့်ကြသည်။ (ခ) ထိုညက နွေညဖြစ်သည်။ နွေရာသီတွင် သူတို့ဆိုင်ပိုရောင်းကောင်းသည်။ အချို့က ညဘက်အိပ်မပျော်သဖြင့် ထမင်းကြော်လာထိုင်စားလေ့ရှိကြသည်။ မဘုတ်ထမင်းကြော်ဆိုင်ကလေးမှာ ညအမှောင်တွင် မီးချောင်းများဖြင့် ထိန်လင်းနေပေသည်။ အချိန်က ည ၁၂ နာရီ ၄၅ မိနစ်ဖြစ်နေပြီဖြစ်သည်။ ထူးဆန်းစွာပင် ရုတ်တရက် မဘုတ်တို့ဆိုင်ကလေးမှာ လူရှင်းသွားလေသည်။ ဆိုင်တွင်ထိုင်စားနေသူများလဲ မရှိတော့ဘဲ၊ ပါဆယ်လာဝယ်သူများလဲ မရှိတော့။ ကိုတင့်လဲ အဝတ်စုတ်တစ်ခုကို ယူလိုက်ပြီးတော့ စားပြီးသားစားပွဲဝိုင်းတွေကို အဝတ်နှင့်လိုက်သုတ်နေသည်။ အူ . . . ဝူး . . . ဝူး ကမ်းနားလမ်းတစ်လျှောက်နေထိုင်ကြသည့် ခွေးလေခွေးလွင့်များက အသားကုန်အူလိုက်ကြသည်။ ကိုတင့်လဲ စားပွဲကိုသုတ်နေရင်း လမ်းမပေါ်သို့ကြည့်လိုက်သည်။ ခြောက်လမ်းသွားကားလမ်းမကြီးပေါ်တွင် ကားတစ်စီးမှမရှိတော့။ ကိုတင့်လဲ ထူးဆန်းသွားသည်။ မိဘုတ်ရေ ကားလမ်းကြီးကလဲ ရှင်းသွားလိုက်တာကွာ ထမင်းကြော်သည့် မီးဖိုနားတွင်ထိုင်နေသော မဘုတ်က ကားလမ်းပေါ်သို့လှမ်းကြည့်လိုက်သည်။ အပိုတွေ ပြောမနေနဲ့ကိုတင့်၊ စားပွဲတွေက အချဉ်ဘူးတွေ ကုန်တာတွေ ပြန်ဖြည့်ဦး ကိုတင့်လဲ စားပွဲဝိုင်းများမှ ရှာလကာရည်နှင့် ငရုတ်သီးစိမ်း၊ ကြက်သွန်နီများကို စိမ်ထားသည့်အချဉ်ဘူးလေးများကို ယူလိုက်ပြီး အချဉ်များထပ်ဖြည့်ရန်လုပ်လိုက်သည်။ ထိုစဉ် တစ်ရက်ကွက်လုံးမှ ခွေးများမှာ ရုတ်ရုတ်သဲသဲ စူးစူးဝါးဝါး အော်ဟစ်ကြတော့သသည်။ ကိုတင့်လဲခဏရပ်ပြီးနားထောင်နေလိုက်ကာ မဘုတ်နားသို့ လှမ်းလျှောက်လာသည်။ -ကြောက်တော့ ကြောက်စရာကြီးကွ၊ ခွေးတွေကလဲ ဘာဖြစ်တာလဲမသိဘူးနော် ကိုတင့်က ပြောလိုက်ပြီးနောက် အချဉ်ဘူးအကြီးကြီးထဲမှ အချဉ်များကို ဘူးသေးသေးလေးများထဲသို့ ခပ်ထည့်နေလိုက်သည်။
ထိုစဉ်ည ကိုတင့်ဖွင့်ထားသော တီဗွီမှာ ရပ်တန့်သွားကာ အစင်းကြောင်းကြီးများ ထလာပြီး တရှဲရှဲနှင့်အော်နေတော့သည်။ ကိုတင့်က မြန်မာသီချင်းတစ်ပုဒ်ကို ဖွင့်ထားချင်းဖြစ်သည်။ ကိုတင့်လဲ လုပ်လက်စ အလုပ်များကို ရပ်တန့်လိုက်ပြီးနောက် တီဗွီဆီသို့လျှောက်သွားလိုက်တော့သည်။ တီဗွီတော့ စုတ်နေပြီထင်တယ် ကိုတင့်က တီဗွီနှင့် ဒီဗွီဒီစက်ကို ကြည့်ရင်းပြောလိုက်သည်။ ထိုစက်နှစ်ခုစလုံး အကောင်းအတိုင်း လုပ်ဆောင်နေကြသည်။ ကိုတင့်လဲ ကြံရာမရတော့ဘဲ တီဗွီကို သုံးလေးချက် ပုတ်လိုက်တော့သည်။ ဘုတ် . . . ဘုတ်. . . . ဘုတ် သို့သော် တီဗွီက ဘာမှမဖြစ်။ အရင်အတိုင်းပင် အစင်းကြောင်းများထနေလေသည်။ ကိုတင့်လဲ စိတ်ပျက်စွာဖြင့် သက်ပြင်းချလိုက်သည်။ (ဂ) ထိုစဉ် ထူးဆန်းစွာပင် ကမ်းနားလမ်းကြီးတစ်လျှောက် လူအုပ်ကြီးတစ်ခုဖြစ်သွားသလို ခြေသံများ၊ စကားပြောသံများ၊ ဗလုံးဗထွေးအသံများကို ကြားနေရသည်။ ထိုအသံများက ကိုတင့်တို့ထံ တစ်ဖြေးဖြေးနီးကပ်လာသော်လည်း လမ်းမကြီးပေါ်တွင် လုံး၀ရှင်းလင်းနေလေသည်။ ကြောက်မက်ခြင်းက ကိုတင့်ကို သတိပေးလိုက်လေသည်။ မိဘုတ်ရေ၊ တစ်ခုခုတော့ တစ်ခုခုဘဲဟ . . . ထူးဆန်းနေပြီ မဘုတ်လဲ ကိုတင့်စကားကိုထောက်ခံလိုက်သည်။
မဘုတ်လဲ မျက်လုံးပြုးမျက်ဆံပြုးနှင့် အနီးအပါးကို ကျီးကန်းတောင်းမှောက်လိုက်ကြည့်နေသော်လည်း အသံများကိုသာ ကြားလိုက်ရပြီး လူတစ်ယောက်မှမတွေ့ရ။ မဘုတ်လဲ မျက်လုံးများက ဘုန်းကြီးကျောင်းနံရံကို ဦးတည်လိုက်သည်။ ကို . . ကိုတင့် . . ဟို . . ဟိုမှာ မဘုတ်က အလွန်ထိတ်လန့်စွာဖြင့် ကိုတင့်ကိုလက်ညှိုးထိုးပြလိုက်သည်။ မဘုတ်လက်ညှိုးထိုးပြလိုက်သည်က ဘုန်းကြိးကျောင်းမှ အုတ်တံတိုင်းကြီးဖြစ်သည်။ တစ်ဖက်ကားလမ်းမှ လမ်းမီးက ထိန်လင်းစွာ ထိုအုတ်တံတိုင်းပေါ်သို့ ကျရောက်နေလေသည်။ ထိုစဉ် ထိုအုတ်နံရံကြီးပေါ်တွင် အရိပ်ကြီးတွေက ပုံစံမျိုးစုံပေါ်နေပြီး ကမ်းနားလမ်းတစ်လျှောက် လျှောက်သွားကြလေသည်။ အရိမ်မည်းမည်းကြီးတွေက စကားတွေလဲပြောဆိုနေကြပြီး ဆူညံပြီးတော့ နေတော့သည်။ သို့သော် ကားလမ်းပေါ်တွင် မည်သည့်အရာမှကို မတွေ့ရဘဲ ဘုန်းကြီးကျောင်းနံရံကြီးနှင့် ကွန်ဒိုနံရံကြီးပေါ်တွင်သာ အရိပ်မည်းကြီးများက ပုံစံမျိုးစုံဖြင့် သွားလာနေကြလေသည်။ ကိုတင့်နှင့် မဘုတ်လဲ အံ့ဩစွာဖြင့် နံရံပေါ်ကို ငေးကြည့်နေကြသည်။ ကိုတင့်ကိုယ်လုံးတစ်ခုလုံး ကြက်သီးမွှေးညှင်းများက ဆူထွက်နေကြပြီဖြစ်သည်။ ဆယ်မိနစ်လောက်ကြာမည်ထင်သည်။ ထိုအခါ အလွန်ကြီးမားသည့် ခြေထောက်ကြီးက တစ်လှမ်းခြင်းလျှောက်လာကာ ကိုတင့်ဘေးနားမှ ဖြတ်သွားလေသည်။
ကိုတင့်လဲ ကြောက်ကြောက်ဖြင့် မိုးပေါ်သို့ မော့ကြည့်လိုက်တော့သည်။ နီရဲနေသည့် မျက်လုံးကြီးများပါပြီး အရပ်က ထန်းပင်ကြီးလောက်ရှိသည့် သရဲကြီးတစ်ကောင်သည် ဖြေးညှင်းစွာဖြင့် ကမ်းနားလမ်းတစ်လျှောက် လျှောက်သွားနေတော့သည်။ ကိုတင့်လဲ အလွန်ကြောက်လန့်သွားကာ ထိုအရာကြီးကို လက်ညှိုးထိုးလိုက်သည်။ မိဘုတ်ရေ . . . အကောင် . . . အကောင်ကြီးကွ . . . ဖရူး . .. ဖလူး ကိုတင့်မှာ မဘုတ်ကို ထိုအကောင်ကြီးကို လက်နှင့်ထိုးပြရင်း မေ့လဲသွားပြီး ပါးစပ်မှ အမြှုပ်များလဲ တက်လာလေသည်။ ထို့နောက် ကိုတင့်မှာ ကားလမ်းမကြီးနံဘေးတွင် လဲကျသွားတော့သည်။ ထိုအဖြစ်အပျက်များဖြစ်ပွားပြီး ကိုတင့်နှင့် မဘုတ်တို့နှစ်ယောက်စလုံး ဖျားနာကုန်ကြလေသည်။ တစ်ပတ်ခန့်ဖျားနာပြီးပြန်သက်သာသွားသော်လည်း ကိုတင့်တို့ လင်မယားနှစ်ယောက်စလုံး ထမင်းကြော်ဆိုင်ပြန်မဖွင့်ရန် ဆုံးဖြတ်လိုက်ကြသည်။ ယခုတော့ ထိုဘုန်းကြီးကျောင်းအနီးတွင် ညညဆိုလျှင် ညလုံးပေါက်ဖွင့်တတ်သည့် ထမင်းကြော်ဆိုင်လေးမရှိတော့ဘဲ အမှောင်ထုသာ လွှမ်းမိုးလျှက် ရှိနေပါတော့သည်။ ပြီးပါပြီ။
#အဂ္ဂဇော် #ဖြစ်ရပ်မှန် #သရဲ





