ပဲခူးမှာကျခဲ့တဲ့မျက်ရည်(စ/ဆုံး
မနေ့က ကျွန်တော် ပဲခူးရောက်သည်။ ကျွန်တော် အလယ်တန်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော မြို့သစ်၊ အမှတ် ၇ တွဲဖက် အထက်တန်းကျောင်း၏ ဆရာကန်တော့ပွဲရှိ၍ဖြစ်သည်။ ကျွန်တော်က ကန်တော့ခံဆရာအဖြစ် သွားခြင်းဖြစ် သည်။ ထိုကျောင်းတွင် ကျွန်တော် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်မဟုတ်ပါလား။ ကိုဗစ်တွေမဖြစ်မီက ပထမအကြိမ် ဆရာကန်တော့ပွဲကိုရောက်သည်။ ကိုဗစ်တွေဖြစ်တော့ ဘယ်ကိုမှ ခရီး မထွက်တော့။ ယခု ကိုဗစ်အလွန်ကာလတွင် ဆရာကန်တော့ပွဲကို ပြန်လုပ်ခြင်းဖြစ်သည်။ အဋ္ဌမအကြိမ်ပင် ရှိသွားပြီ။ ကြားပွဲတွေကို ကျွန်တော် မရောက်ခဲ့။
ယခုမှ ပြန်သွားခြင်းဖြစ်သည်။ အသက် ၆၀ အထက် ကိုဗစ်ကို ကျော်ဖြတ်နိုင်ခဲ့ကြသော ဆရာ၊ ဆရာမ ၃၂ ဦးကို တပည့်ဟောင်းတွေက စုပေါင်းပြီး ကန်တော့ကြခြင်းဖြစ်သည်။ အခမ်းအနားအစီအစဉ်တွေကို ကျောင်းသားဟောင်းတွေနှင့် ကျောင်းသားသစ်၊ ကျောင်းအုပ်သစ်တွေက ပူးပေါင်းပြီးလှပစွာ စီစဉ်သွားနိုင်ခဲ့သည်။ ကလေးတွေ၏ မြတ်ဆရာနှင့် ပတ်သက်သော သီချင်းသီဆိုမှုလေး တွေလည်းထည့်သွင်းပေးထားသည်။ ကလေးတွေ၏ သူတို့ကိုယ်ပိုင်သီချင်း သီဆိုမှုထဲတွင် “စေတနာ၊ ဝါသနာ၊ အနစ်နာ၊ ကရုဏာ” ဆိုသည့် နာလေးနာ စာသားလေးပါသွားသည်။ ကန်တော့ခံဆရာကြီးများထဲမှ ဆရာဦးမြင့်လွင်လေး၊ ကျွန်တော်နှင့် ဆရာမကြီးဒေါ်မြရီတို့က ကျေးဇူးတင် စကားပြန်ပြောရသည်။ ကျွန်တော် စကားပြောရမည့်အလှည့်ရောက်လာသည်။
ကျွန်တော်က “သားတို့ သမီးတို့ ဆိုတဲ့သီချင်းမှာ စေတနာ၊ ဝါသနာ၊ ကရုဏာ၊ အကြင်နာ” ဆိုပြီး နာလေးနာဆို ပိုကောင်းမည်ဟု အကြံပြုခဲ့သည်။ ကျောင်းဆရာဘဝတွင် ကတည်းက “စေတနာ … ဝါသနာ … အနစ်နာ” ဆိုသည့် နာသုံးနာ ဆိုသောစကားကို ကျွန်တော် သဘောမကျမိပါ။ “စေတနာ … ဝါသနာ” ကျွန်တော်လက်ခံပါသည်။ “အနစ်နာ” ဆိုသည့် စကားကို ကျွန်တော် ဘယ်တုန်းကမှ လက်မခံခဲ့ပါ။ ကျောင်းဆရာဘဝတွင် ထားရာနေ၊ ပို့ရာသွား ကိုယ်လုပ်ချင်တာလုပ်နေခဲ့ရသောကြောင့် ပျော်ခဲ့သော ဆရာဖြစ်အောင် နေခဲ့သည်။ လစာလေး တစ်ပဲခြောက်ပြားဟု မည်သူပြောပြော ဂရုမစိုက်။ မျှစ်နဲ့ ငါးပိရည် စားပြီး စေတနာနှင့် ဝါသနာပါရာကို လုပ်ခဲ့သည်။ ထိုသို့လုပ်ခဲ့ရသည့်အတွက် နစ်နာသည်ဟု ဘယ်တုန်းကမျှ မတွေးခဲ့ပါ။
ကျွန်တော့်ကို ကန့်လန့်သမားဟု ထင်မလားတော့မသိ။ တပည့်ဟောင်းတွေက ယခုဆိုလျှင် ၅၀ ဝန်းကျင်တွေဖြစ်နေကြပြီ။ သို့သော် ကလေးတွေလိုပင်။ ကျွန်တော့်ကို လာကန်တော့သူများထဲတွင် စာသင်ခဲ့သည့် ဆရာတစ်ဦးထက် နေ့စဉ် Facebook ပေါ်တွင် သူတို့ကို ယနေ့တိုင် သင်ကြားပေးနေသော ဆရာတစ်ယောက်အဖြစ် အသိအမှတ်ပြုကာ လာကန်တော့ကြသည့် သူတွေက ပိုများနေသည်။ သူတို့ကို သင်ခဲ့သည်ဖြစ်စေ … မသင်ခဲ့သည်ဖြစ်စေ “ဆရာ” ဟု အမြတ်တနိုးခေါ်ကာ ကြုံရာနေရာတွင် ထိုင်ကန်တော့နေကြခြင်းကပင် ဆရာဖြစ်ရကျိုးနပ်လိုက်တာဟုတွေးကာ ပီတိဖြစ်မိသည်။ ဆရာကန်တော့ပွဲပြီးသည့် အခါတွင် ကန်တော့ခံ ဆရာမကြီးတစ်ဦးဖြစ်သူ ဒေါ်အေးအေးမြင့်က ကျွန်တော့်ကို ရှေ့ဆုံးထွက်လာပြီး အများကြားတွင် လာထိုင်ကန်တော့သည်။
သူနှင့် ကျွန်တော်က အသက် သိပ်ကွာမည် မထင်။ သို့သော် ထိုသို့လာကန်တော့ခြင်းမှာလည်း သူနှင့်အတူတူ တစ်ကျောင်းတည်း လုပ်ကိုင်ခဲ့ဖူးသော ဆရာဆိုခြင်းထက်၊ Facebook ပေါ်တွင် နေ့စဉ်ဖတ်နေရသော စာတွေကြောင့် ကျေးဇူးကြီးပါသည်ဆိုကာ လာကန်တော့ခြင်းဖြစ်သည်။ သူက ရိုးရိုးကန်တော့ခြင်းမဟုတ်။ သူရသည့် ကန်တော့ခံငွေ စာအိတ်ကိုပါ ကျွန်တော့်လက်ထဲ အတင်းထိုးထည့်ကာ ကန်တော့ခြင်းဖြစ်သည်။ “ဆရာ ကျွန်မနဲ့ ရင်ဘတ်ချင်းလည်းတူ၊ စေတနာချင်းလည်းတူလို့ ကန်တော့တာပါ။ ကျေးဇူးပြုပြီး လက်ခံပေးပါ။ ဆရာလက်မခံရင်တော့ ကျွန်မစိတ်မကောင်းဖြစ်မိလိမ့်မယ်” ဆိုကာ သူ့ကို ကန်တော့သည့် စာအိတ်အား အတင်းလက်ထဲထိုးထည့်ပြီး ကန်တော့သွားခြင်း ဖြစ်သည်။ ဆရာကန်တော့ပွဲတိုင်းတွင် ကျွန်တော်က ကျွန်တော့်စာအိတ်ကို အခြားဆရာကြီးတစ်ဦးကို ပြန်ကန်တော့ နေကျ။ ယခု ကျွန်တော်ကိုယ်တိုင် ထိုသို့ပြန်ကန်တော့ ခံလိုက်ရသောအခါ မျက်ရည်ဝဲမိတော့သည်။
မြို့သစ်က တပည့်ဟောင်းတွေအကြောင်း ကျွန်တော် သိပ်မသိတော့ပါ။ သူတို့ဘာတွေ လုပ်ကိုင်စားသောက် နေကြသနည်း ကျွန်တော် မမေးမိပါ။ သို့သော် ခေတ်၏ ကျပ်တည်းဆင်ရဲနေချိန်တွင် သူတို့လည်း အဆင်ပြေချင်မှ ပြေကြပေလိမ့်မည်။ ကန်တော့သူတွေရော၊ ကန်တော့ခံဆရာတွေပါ ထပ်တူထပ်မျှ ညှပ်ပူးညှပ်ပိတ်၊ ကျဉ်းထဲကျပ်ထဲ ရောက်နေကြသူတွေဖြစ်နေမည်မှာ သေချာသည်။ ကန်တော့ပွဲအပြီး လူကြားထဲတွင် ကျွန်တော့်ရှေ့လာထိုင်သူ နောက်တစ်ယောက် ရောက်လာပြန်သည်။ “ကျွန်မက ဆရာ့တပည့် မဟုတ်ပါဘူး။ ဆရာ့စာဖတ် ပရိတ်သတ်ပါ။ ဒါလေးကို လက်ခံပေးပါ” ဆိုကာ သစ်သီးခြင်းလေးနှင့် ဆွဲအိတ်လေးတစ်လုံး ကျွန်တော့်ရှေ့ချပြီး ကန်တော့ပြန်သည်။ သူ့အထုပ်လေးကို ကားပေါ်ရောက်မှဖွင့်ကြည့်မိသည်။ အညာစောင်လေးနှင့် စာအိတ်တစ်အိတ်ပါသည်။ စာအိတ်ကိုဖွင့်ကြည့်လိုက်ရာ စာရှည်ကြီးတစ်စောင်။ A4 ၇ ရွက်၊ ၁၄ မျက်နှာ ရေးထားသော လက်ရေးစာ။ ကျွန်တော်က ကျွန်တော့်ကို ဝတ္ထုတစ်ပုဒ်လာပေးသည်ထင်မိသည်။ ဖတ်ကြည့်လိုက်တော့ စာရေးသူထံ စာဖတ်သူတစ်ဦး၏ ရင်ဖွင့်ပေးစာ ဖြစ်နေသည်။ “ဆရာနဲ့ စကားပြောခွင့်မရနိုင်ဘူးဆိုတာသိလို့ တစ်ညလုံး ရေးထားတဲ့စာပါ” ဟု ဆိုထားသည်။
ကျွန်တော် ကားပေါ်တွင် သူ့စာရှည်ကြီးကို ဖတ်လာပြီး စိတ်မကောင်းဖြစ်ကာ မျက်ရည်ဝဲသွားရသည်။ စာပါ အကြောင်းအရာ တွေကိုတော့ ကျွန်တော် အလျဉ်းသင့်လျှင် သူစာပါအတိုင်း ပြန်ပြီးတင်ပေးပါမည်။ ဆရာမ မို့မို့စံ ခွင့်ပြုစေချင်သည်။ ယခု ကျွန်တော်လက်ထဲတွင် စာအိတ်သုံးအိတ်ရောက်နေသည်။ ဆရာမ ဒေါ်အေးအေးမြင့်စာအိတ်၊ ကျွန်တော် အမည်နှင့်စာအိတ်၊ ဆရာဦးချစ်ထွန်းအတွက် လူကြုံပါးလိုက်သည့်စာအိတ်။ ကျွန်တော် ဦးချစ်ထွန်းကို သွားပြီး ကန်တော့ဦးမည်ဟု သိရသဖြင့် လူကြုံပါးလိုက်ခြင်းဖြစ်သည်။ ကန်တော့ပွဲအပြီးတွင် တပည့်တွေရော ဆရာ ဆရာမတွေရော ဝမ်းနည်းစွာနှုတ်ဆက်ပြီး ပြန်ခဲ့သည်။ ကျွန်တော်က ရန်ကုန်ပြန်ရဦးမည်။ မပြန်မီအသက် ၈၄ နှစ်အရွယ် ကျေးဇူးရှင် အငြိမ်းစား ဆရာကြီးကို သွားပြီး ကန်တော့ပါသည်။ ကျွန်တော့်လက်ထဲက စာအိတ်လေးတစ်အိတ်နှင့်ဖြစ်သည်။ “အေးပါကွာ … ခုချိန်မှာ တပည့်တွေဆီက ဒီလိုလာကန်တော့တာလေးတွေနဲ့ပဲ ရပ်တည်နေရတော့တာ” ဟု ဆရာကြီးကရိုးသားစွာ ပြောရှာသည်။ ယခင် ဆရာကြီးကျောင်းအုပ်ဆရာဘဝတွင် သူ့အနားတွင် ဝိုင်းနေသောသူတွေကို သတိရမိသည်။ ယခုတော့ တစ်ယောက်မျှ မရှိပြီ။ “ခုတော့ ငါ့ဆီကို မလာကြတော့ပါဘူးကွာ” ဆို့နင့်စွာ ဆရာကြီးကပြောသည်။
ကျွန်တော် မနေ့က ပဲခူးအလာခရီးကား စိတ်မကောင်းစရာ၊ မျက်ရည်ဝဲစရာတွေဖြစ်နေသည်။ ကျွန်တော့် လုပ်ဖော်ကိုင်ဖက် ဆရာ၊ ဆရာမတွေ သိပ်မကျန်တော့။ ကိုဗစ်ကခေါ်သည့်အထဲ အတော်လေး ပါကုန်သည်။ အချို့လည်း ဆရာ ဘဝက ကြံ့ကြံ့ခံနိုင်ခဲ့သော လောကဓံကို အသက်ကြီးလာချိန်တွင် တောင့်မခံ နိုင်ကြတော့သောကြောင့် အရှုံးပေးသွားကြသည်။ ကျွန်တော့်ထက် အသက်ကြီးသော ကျောင်းအုပ်ဆရာမကြီး ဒေါ်မြရီက “ဆရာက ၇၀ ကျွန်မက ၈၅ မညည်းနဲ့” ဟု သတိပေးသည်။ မည်သို့ဆိုစေ ကျွန်တော်တို့ တစ်ချိန်က လုပ်ဖော်ကိုင်ဖက် ဆရာ၊ ဆရာမအိုကြီးတွေ အချင်းချင်း လက်ဆွဲ နှုတ်ဆက်ကြတိုင်း “ဟေ့ … မသေကြနဲ့ဦး … ငါတို့ သားသမီးတွေရဲ့ သားသမီးတွေ … ငါတို့ မြေးတွေ တည်ဆောက်တဲ့ နိုင်ငံတော်ကြီးကို မျက်ဝါးထင်ထင် မြင်တွေ့ပြီးမှ သေကြမယ်” ဟု အားရပါးရ ပြောမိကြသည်။ ကျွန်တော့်တပည့်တွေကတော့ “ဆရာ … ကျောင်းဆရာဘဝကလည်း ကျွန်တော်တို့ကို စာသင်ခဲ့တယ်။ ခုလည်း နေ့တိုင်း ကျွန်တော်တို့ကို မနက် ၅ နာရီဆိုရင် စာသင်နေပြီ။
ဆရာ မရပ်ရဘူးနော်” ဟုဆိုရှာသည်။ နောက်ဆုံးတွင် မျက်ရည်ပါကျခဲ့ရသည့် အဖြစ်ကို ကြုံခဲ့ရသည်။ ကျွန်တော့်ကို စတုတ္ထတန်းတွင် မြန်မာစာသင်ပေးခဲ့သော ဆရာဦးချစ်ထွန်းသည် ယနေ့တိုင်သက်ရှိထင်ရှား ရှိနေသေးသည်။ ဆရာသည် ကျွန်တော့်သင်ဆရာသာမက ကျွန်တော်နှင့် အလက ၇ ကျောင်းတွင် ကျောင်းဆရာအဖြစ် ကျွန်တော်တာဝန်ကျလာသည့် အခါ၌လည်း တစ်ကျောင်းတည်း ဆုံဖူးသည်။ ဆရာက ထိုအချိန်တွင် မူလတန်းပြဆရာဘဝတွင်သာရှိနေသေးသည်။ ဆရာ့ကို ကန်တော့ခံဆရာများထဲတွင် မေးကြည့်သည့်အခါ ဆရာနေမကောင်း၍ မလာနိုင်ကြောင်း သိလိုက်ရ သည်။ ဆရာက အသက် ၉၁ နှစ်ရှိနေပြီ။ ကျွန်တော်က ပထမအကြိမ် ဆရာကန်တော့ပွဲတွင်လည်း ကျွန်တော့်ကို ကန်တော့၍ ရသောငွေတွေအားလုံးကို ဆရာဦးချစ်ထွန်းအား ပြန်ကန်တော့ခဲ့သည်။ ယခု ဆရာနေမကောင်းဟု သိရသဖြင့် ဆရာနေသော အင်းတကော်ကို အပြန်တွင် ဝင်ရန်ဆုံးဖြတ်လိုက်သည်။ ကျွန်တော် ဆရာ့ထံသွားမည်ဆိုသဖြင့် ကျောင်းသား ဟောင်းတွေကလည်း ဆရာ့ကန်တော့ငွေကို လူကြုံပါးလိုက်သည်။
ဆရာကား ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်သည်။ လူပျိုကြီးလည်း ဖြစ်သည်။ ကျွန်တော့်အချစ်ဆုံး သူငယ်ချင်း ကွယ်လွန်သွားသော ထွေးထွေး (ခေါ်) ထွေးမြင့်၏ ဦးလေးလည်း ဖြစ်သည်။ ဆရာ့ကို ခရစ်ယာန်အသင်း တော်က ဘုရားကျောင်းတွင်ခေါ်ပြီး စောင့်ရှောက်ထားသည်။ ဆရာနေသည်က တဲလေးသေးသေး။ ဘုရားကျောင်းဝင်းထဲတွင် သူ့အတွက် သီးခြားဆောက်ပေးထားသည်။ ဆရာက ကျောင်းဆရာဘဝက အငြိမ်းစားယူပြီးနောက် ညစောင့်အလုပ်တွေပင် သွားလုပ်ခဲ့ရသည်။ ယခု အိုမင်းမစွမ်းချိန် သူ့ကိုခရစ်ယာန် ကျောင်းကစောင့်ရှောက်ထားသည်။ “ဒီထရံတွေကို အရင်ဘီဘီအမ်ကျောင်းသားဟောင်းတွေကလာပြီး အသစ်လဲပေးသွားတာ” ဟု ဆိုသည်။ ဆရာ့ အိမ်သေးသေးလေးမှာ ထရံအသစ်ဖြစ်နေပြီ။ “အရင်အဟောင်းတုန်းက သူခိုးကဖျက်ပြီးတက်သွားလို့ ရှိတာလေးပါသွားသေးတယ်” ကျွန်တော်က ဆရာ့ကို ကိုယ်တိုင်မိတ်ဆက်သည်။
ပိန်ပိန်ပါးပါး ခါးကုန်းနေသော အဘိုးကြီးဖြစ်နေပြီ။ အသက် ကလည်း ၉၁ နှစ်ရှိပြီကိုး။ “ကျွန်တော့်ကို ခုလိုသတိတရနဲ့ လာတွေ့တာ ဝမ်းသာလိုက်တာ။ ဘယ်သူမှ သိပ်ပြီး အလေးထား ဂရုစိုက်ကြ တော့တာမဟုတ်ဘူး။ အိုပြီလေ” ဟုပြောကာ ဆရာက ငိုပါတော့သည်။ ကျွန်တော်လည်း ရင်ထဲမကောင်း လွန်းသဖြင့် မျက်ရည်ဝဲလာမိသည်။ သူ့တပည့်ဖြစ်ခဲ့ဖူးသော အသက် ၇၀ ကျွန်တော်က ၉၁ နှစ် သူ့ကို ခရစ်ယာန်ဘာသာဝင်ဖြစ်သော်လည်း ထိခြင်း ငါးပါးဖြင့် ကန်တော့ခဲ့ပါသည်။ သူကလည်း ဆုပေးပါသည်။ “ကောင်းတာလုပ်တဲ့သူအတွက် ကောင်းကျိုးတွေဖြစ်ပါစေ” ကျွန်တော်က ဆရာ့အတွက် ကန်တော့လိုက်သော စာအိတ်အပြင်၊ ကျွန်တော့်အတွက် ကန်တော့ လိုက်သော ကန်တော့ငွေ စာအိတ်ကိုပါ ဆရာ့လက်ထဲထည့်ပြီး ကန်တော့ပါသည်။ ဆရာက မျက်ရည်တွေဝဲပြီး လက်ခံသည်။ အိမ်အိုလေးထဲတွင် ဆရာအိုတစ်ဦးတည်း လှေကားထက်တွင်ထိုင်ပြီး လက်ပြကာ ကျန်ခဲ့သည်။ “နောက်လည်း ကြုံရင် ဝင်ပါနော်” ကျွန်တော် ရင်ထဲမကောင်းစွာဖြင့် ဆရာ့ကို ကျောခိုင်းခဲ့ပါသည်။ ကျွန်တော်တို့ နောက်တစ်ကြိမ် ပြန်ဆုံဖို့ဆိုတာ မသေချာ။ ၉၁ ထက်စောပြီး ၇၀ လည်း လောကကြီးထဲက ဦးစွာ ထွက်သွားနိုင်သည်။ ကျွန်တော် တိုက်ပုံထဲက လက်ကိုင်ပဝါကို ထုတ်လိုက်သည်။ ချွေးသုတ်သလိုနှင့် မျက်ရည်တွေကိုပါ သုတ်လိုက်သည်။ ဆရာအိုကို ကျွန်တော် ဝင်းတံခါးကြီးရောက်မှ ပြန်လှည့်ကြည့်လိုက်သည်။ လှေကားတွင်ထိုင်ပြီး ကျွန်တော့်ကို လက်ပြနေသည်။
တင်ညွန့် ၃.၂.၂၀၂၅





