လင်ပျောက်မ(စ/ဆုံး)
မိခင်က သားလေးလက်ကိုဆွဲလာပြီး ဈေးထဲကိုရောက်လာသည်။ ဈေးထဲတွင် လူတွေစည်ကားနေချိန်ဖြစ်သည်။ သားငယ်က မိခင်လက်ကိုဆွဲလာရင်းက “အမေ” “ဘာလဲသား” “သား … ဟို ကောက်ညှင်းပေါင်း စားချင်လို့” “သားရယ် အမေ့မှာ ပိုက်ဆံမရှိသေးဘူး။ မင်းအဖေက ဈေးထဲကိုလာခဲ့ ပိုက်ဆံပေးမယ်ဆိုလို့ လာခဲ့တာ။ မင်း အဖေကို ခုထိ ရှာမတွေ့သေးဘူး” “အမေ … ရေခဲချောင်း စားချင်တယ်” “သား မပူဆာနဲ့ကွယ် … အမေ မင်းအဖေကိုရှာနေတာ … သူ့ကိုတွေ့ရင် ဝယ်ကျွေးမယ်” မိခင်က သူ့သားကို လက်ဆွဲကာ သွားပြန်သည်။ သူက တစ်နေရာတွင် “ဒီမှာရှင် … ကုန်ထမ်းတဲ့ ကိုလှမောင်ကို တွေ့မိကြသလား” “လှမောင်လား … ပြန်လာလိမ့်မယ် … ငါးတန်းကို ငါးတောင်းတွေ သွားပို့နေတယ်” သူတို့သားအမိ အဆောက်အအုံတစ်ခု၏ လှေကားတွင်ထိုင်နေကြသည်။
ထိုအချိန်တွင် အကြော်သည်က သူတို့ရှေ့ဖြတ်ကာ “အကြော်စုံ” ဟုအော်သွားသည်။ “အမေ အကြော်စားချင်တယ်” “သားရယ် ခဏ ခဏမပြောနဲ့ကွာ … မင်းအဖေတွေ့ရင် ပိုက်ဆံရမှာ။ ပိုက်ဆံရရင်ဝယ်ကျွေးမယ်” “အဖေကလည်း ကြာလိုက်တာ မလာဘူး” သူတို့ နာရီဝက်ခန့်အထိ ထိုင်နေကြသေးသည်။ မလာနိုင်သဖြင့် သူက သားကို လက်ဆွဲကာ ငါးဈေးဘက်ကို ထွက်ခဲ့သည်။ ငါးတန်းတွင်လည်း သူ့မိန်းမက သူ့ယောကျ်ားကို လိုက်မေးသည်။ “ခုဏလေးတင် ဒီနားမှာတွေ့သေးတယ်” “ဘယ် … ဒီအကောင် ပိုက်ဆံရရင် ထုံးစံအတိုင်းနေမှာပေါ့” ထုံးစံအတိုင်းဆိုသည်ကို သူကကောင်းစွာသိနေသည်။ ထို့ကြောင့် “အစ်မ အရက်ဆိုင်က ဘယ်နားမှာလဲ” “ဟို ဈေးအိမ်သာရှေ့ လမ်းတည့်တည့်ဆင်းသွား” သူတို့သားအမိ အရက်ဆိုင်ကို လိုက်ခဲ့ကြပြန်သည်။ “သားအပြင်မှာနေခဲ့ အမေ အထဲဝင်ရှာလိုက်ဦးမယ်” မိခင်က ဆိုင်ထဲဝင်ပြီး လျှောက်မေးသည်။
“လှမောင် … ဒီမနက် မလာသေးဘူး” သူတို့သားအမိ ဈေးထဲကို ပြန်လာကြပြန်သည်။ ကလေးကို လက်ကဆွဲ၊ လင်ကိုလည်း ဟိုကြည့်သည်ကြည့်နှင့် နောက်ဆုံး ကလေးက လက်လွတ်သွားသည်။ “ကိုလှမောင် … ကိုလှမောင်” သူက ကလေးကိုမေ့ပြီး လူအုပ်ကြားထဲပြေးလိုက်သွားသည်။ ကိုလှမောင်ကို တွေ့၍ထင်သည်။ ကလေးကို မေ့သွားသည်။ “အမေ … အမေ … အမေ” ကလေးက အမေဟု အော်ကာငိုသည်။ လူတွေက ဝိုင်းလာသည်။ “သားအမေ ဘယ်သွားလို့လဲ” “အမေ အဖေ့ကိုလိုက်ရှာနေတယ် ဟီး … ဟီး” “မငိုနဲ့တိတ်တိတ် … ဒီမှာ သကြားလုံးစား” “စားဘူး” “အမေ … အမေ … အမေရေ” “ကလေးသနားစရာကွယ် … သူ့အမေ သူ့ကို စွန့်ပစ်သွားတာလား” “သားလေးရော့ ရော့ … ဒီမှာ ပေါင်မုန့်လေးစား” “စားဘူး … အမေရေ … အမေ” ကလေးက သူ့အမေကို တမ်းတပြီး အော်ငိုနေသည်။
“ကလေးကို ပစ်ပြေးသွားတာနေမယ် … တော်တော် ယုတ်မာတဲ့ကလေးအမေ” “အမေ … အမေ … ဟီး … ဟီး” “သား ဒီမှာ ပြောင်းဖူးစား … ရော့ …” “စားဘူး … သွား … အမေရေ … အမေ” ကလေးတစ်ယောက်တွက် သူ့အမေကလွဲပြီး ဘာမျှအရေးမကြီး။ ဗိုက်ဆာတာလည်းမေ့နေပုံရသည်။ သူက မိခင်ကို အော်ခေါ်ပြီး လိုက်ရှာသည်။ ကလေးကို လူတွေက ဈေးခေါင်းရုံးကိုခေါ်သွားပြီး သွားအပ်ထားလိုက် သည်။ ကလေးမိခင်က လူအုပ်ကြားကိုရောက်လာပြီး “ဒီမှာရှင် … ဒီမှာ ကျွန်မ သားလေး ပျောက်သွားလို့ပါ … ဒီနားမှာ ပျောက်သွားတာ။ အပေါ်အင်္ကျီ အနီလေးနဲ့ … တွေ့မိကြသလားရှင် … သားရေ … သားရေ” “အဲဒီကလေးလေးလား … ဈေးခေါင်းရုံးမှာ သွားအပ်ထားတယ်” မိခင်ဖြစ်သူက ဈေးခေါင်းရုံးကို ပြေးသည်။
“ကျွန်မ သားလေး … ကျွန်မသားလေး” “ဒါ ခင်ဗျား သားလား” “ဟုတ်ကဲ့ပါရှင်” “ကလေးက ငိုနေတော့တာပဲ … ဘာကျွေးလို့မှလည်း မစားဘူး” “ကျွန်မလည်း လူကြားထဲမှာ လက်လွှတ်လိုက်မိတာရှင့် … ငါ့သားလေး စိတ်ဆင်းရဲသွားရပြီ” “အမေကလည်း ဘယ်သွားနေတာလဲ … သားကြောက်လိုက်တာ” “မကြောက်နဲ့တော့ အမေလာပြီပဲ … ကျေးဇူးပါရှင် ကျွန်မသားလေးကို ပြန်ခေါ်သွားတော့မယ်” “ခေါ်သွား” သူတို့ သားအမိ ဈေးခေါင်းရုံးက ထွက်ခဲ့သည်။ “အမေ … အဖေ့ကိုတွေ့ခဲ့လား” “မတွေ့ဘူး” “သားဗိုက်ဆာလိုက်တာ” “အမေလည်း ဆာတာပဲကွယ်” ထိုစဉ် လူတစ်ယောက်က “ဟဲ့ … နင် လှမောင်မိန်းမ မဟုတ်လား” “ဟုတ်ကဲ့” “နင့်လင် တံတားအောက်မှာ ဖဲရိုက်နေတယ်” သူတို့သားအမိ တံတားအောက်ကို ပြေးကြသည်။
တံတားအောက်တွင် သူရှာနေသော လင်ကိုတွေ့သည်။ “ကိုလှမောင်” “ဘာလဲ” “ကျွန်မတို့သားအမိ ဆာနေပြီ” “သွားသေလိုက် … ဒီမှာ ဖဲရှုံးနေရတဲ့အထဲ” “အဖေ သားဗိုက်ဆာတယ်” “ဟာ … ဒီသောက်ကမြင်းမသားအမိ လာဘ်တိတ်တယ် … ထွက်သွားကြစမ်း” မိခင်က သားလက်ကိုဆွဲကာ “လာ သားလေး သွားကြမယ်” သူတို့ ဈေးထဲပြန်ဝင်ခဲ့ကြသည်။ “အမေ သားဗိုက်ဆာတယ်” “လာသား” သူတို့ တစ်နေရာတွင် ထိုင်လိုက်ကြသည်။ “အစ်ကိုကြီး အစ်မကြီးတို့ရယ် … သားလေးဗိုက်ဆာလို့ တစ်ပြားတစ်ချပ်လောက် စွန့်ကြဲခဲ့ကြပါရှင်”
တင်ညွန့် ၁၆.၁.၂၀၂၅





