ဖိုးလနတ်သား

ဖိုးလနတ်သား

ကျွန်တော်လမ်းလျှောက်ပြန်လာသည့် လမ်းထောင့်လေးတစ်နေရာတွင် လက်ဖက်ရည်ဆိုင်သေးသေးလေး တစ်ဆိုင်ရှိသည်။ ကျွန်တော်က ထိုဆိုင်တွင် နံနက်စာ တစ်ခါတစ်ရံစားသည်။ အစားအသောက် ကောင်း၍ တော့မဟုတ်။ ဘဝအကြောင်း သောင်းပြောင်းထွေလာကို ဤနေရာတွင်သိနိုင်သောကြောင့်ဖြစ်သည်။ လမ်းဆုံလည်းဖြစ် လူနေစိပ်သည့် ရပ်ကွက်တစ်ခုအတွင်း၌လည်း ဖြစ်သဖြင့် ထိုဆိုင်တွင် လူစုံသည်။ ထောင့်နားကျကျ စားပွဲသည် ချဲရောင်းသူတစ်ယောက်ထိုင်လေ့ရှိသည်။ လူတွေက ထိုသူထံတွင် ချဲလာထိုး ကြသည်။ အခြားဝိုင်းတစ်ဝိုင်းတွင် မိသားစုတစ်စုထိုင်နေသည်။

https://tuckerclassesjackal.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

သူတို့လည်း အလုပ်မသွားမီ ယောက်ျားကို လိုက်ပို့ရင်းက ထိုင်နေကြပုံပေါ်သည်။ သူတို့က အလုပ်သမားရှာမရသည့် ပြဿနာကို ဆွေးနွေးနေကြသည်။ ဆိုင်အပြင်ဘက်တွင် အလုပ်သမားတွေကို လာကြိုသည့် ဟိုင်းဂျက်ဖယ်ရီတစ်စီးရပ်ထားသည်။ ကားမထွက် သေးသဖြင့် အလုပ်သမားတွေစောင့်နေကြသည်။ ကျောင်းနေရမည့် ကျောင်းသားအရွယ် လူငယ်လေးတွေ ထမင်းချိုင့်လေးတွေကိုယ်စီနှင့် အလုပ်ဆင်းနေကြရသည်။ ထိုမြင်ကွင်းများသည် နေ့စဉ်မြင်တွေ့နေကျဖြစ်သည်။ ကျွန်တော့်အတွက်တော့ မျက်လုံးထဲက ဘဝသရုပ်ဖော် ပန်းချီကားတွေ ဖြစ်သည်။ ကျွန်တော်ထိုင်နေသည့် နေရာမှာ ပြတင်းပေါက်ဘေးတွင်ဖြစ်သည်။ ကျွန်တော့်ဘေးမြင်ကွင်းမှာ အိမ်လေး တစ်လုံးကို တွေ့နေရသည်။

ကလေးငယ်လေးတစ်ယောက်က အိမ်ရှေ့ခြေနင်းခုံတွင်ထိုင်ပြီး ငိုနေသည်။ “အမေ ထမင်းဆာတယ်” အထဲတွင် ရန်ဖြစ်နေကြသည်။ ယောက်ျားအသံ၊ မိန်းမအသံတွေက လိုတာထက်ပိုကျယ်နေသောကြောင့် ပြောရခြင်းဖြစ်သည်။အဓိကပြဿနာမှာ “ဈေးဖိုး” ဖြစ်သည်။ “ရှင်ကနေ့တိုင်းဈေးဖိုး မပေးတော့ ကျွန်မက -ာခံရမှာလား” “ဈေးဖိုးတော့မပေးဘူး ညတိုင်းတော့ မူးပြီးပြန်လာရအောင် ဘယ် ‌ေ-ာက်ဆံနဲ့ သောက်လာသလဲ” “ရှင်တစ်နေ့ အိမ်ကိုပြန်ပေးတဲ့ပိုက်ဆံက -ာသည်မကိုပေးရတဲ့ ပိုက်ဆံလောက်တောင်မရှိဘူး” သာယာလှသည့် နံနက်ခင်းသည် ပြင်းထန်လှသော စကားလုံးတွေကြောင့် အကျည်းတန်လှပေသည်။ ထိုအချိန်တွင် စုတ်ပြတ်နေသော လူတစ်ယောက်သည် အိတ်ကြီးတစ်လုံးကိုဆွဲလာပြီး လမ်းအတိုင်း လျှောက်လာသည်။ “အမေ ဗိုက်ဆာတယ်” “တယ် ဒီသေနာလေး … ဒီမှာဘာဖြစ်နေမှန်းမသိဘူးလား” ကလေးက ငိုနေသည်။

သေးတွေပေါက်ချထားသဖြင့် ဘောင်းဘီက စိုနေသည်။ ပလုံကောက်သည့် လူကြီးက ကလေးဘေးနားတွင် သွားထိုင်လိုက်ပြီး “လူလေးက ဆာလို့လား” ဟု မေးလိုက်သည်။ ကလေးက ခေါင်းညိတ်ပြသည်။ ထိုစဉ် အထဲက မိန်းမတစ်ယောက်က ပြေးထွက်လာပြီး “ဟဲ့ … ဟဲ့ ဘယ်ကလဲ သွားစမ်း … သွားစမ်း” ဟု ပလုံကောက်သူကို နှင်ထုတ်သည်။ လူတစ်ယောက်ကလည်း ပြေးထွက်လာပြီး “ဘာလဲ … ဘာလဲ ကလေးခိုးမလို့လား” ဟု ခါးထောက်ပြီးမေးသည်။ ထိုလူကြီးက “မဟုတ်ပါဘူး ကလေးငိုနေတာ သနားလို့ပါ” “ခင်ဗျား သနားစရာမလိုဘူး … သူတောင်းစားကများ … သွား … သွား” ဟု အော်ထုတ်သည်။ ပလုံကောက်သူက သူ့အိတ်ကိုဆွဲကာ လက်ဖက်ရည်ဆိုင်ဘက်ကိုလာသည်။ စောစောက ယောက်ျားနှင့် မိန်းမ အိမ်ထဲပြန်ဝင်သွားသည်။ သူတို့ရန်ဆက်ပြီး ဖြစ်မလားဟု နားစွင့်နေမိသည်။ အိုးခွက်သံတွေကြားရသည်။ အသံကတိတ်သွားသည်။

ပလုံကောက်သည့် အဘိုးကြီးက လက်ဖက်ရည်ဆိုင်ရှေ့တွင် လာရပ်သည်။ အီကြားကွေးကြော်နေသူက လှမ်းအော်သည် “စောစောစီးစီး သွား … သွား” အဘိုးအိုက “အီကြာကွေးတစ်ချောင်းလောက်” “သွားလို့ ပြောနေတယ်မဟုတ်လား” ဆိုင်ရှင်ကထွက်အော်သည်။ အဘိုးအိုက “တောင်းနေတာ မဟုတ်ပါဘူး။ ဝယ်မလို့ပါ။ အီကြာကွေးတစ်ချောင်း ဘယ်လောက်လဲ” “၇၀၀” “တစ်ချောင်းပေးပါ” အဘိုးအိုက သူ့အိတ်ထဲက ပိုက်ဆံကိုထုတ်ပြီး ရေနေသည်။ ကျွန်တော်လည်း မနေသာတော့။ ကျွန်တော့်ဝိုင်းတွင်ချထားသည့် အီကြာကွေးတစ်ချောင်းကိုယူပြီး ဆိုင်ရှင်အား “ပေးလိုက်ပါ” ဟုဆိုကာ ပြောလိုက်သည်။ ဆိုင်ရှင်က အဘိုးအိုကို ကျွတ်ကျွတ်အိတ်တစ်လုံးနှင့် ထည့်ပေးလိုက်သည်။ အဘိုးအိုက သူ့ကို ပိုက်ဆံပေးသည့် အခါတွင် “ပိုက်ဆံ ဟိုဝိုင်းကရှင်းလိုက်ပြီ” ဟု ကျွန်တော့်ကို လက်ညှိုးထိုးပြသည်။ ထိုသူက ဆလံပေးသလို နဖူးနှင့်လက်လေးချောင်းကို ထိလိုက် ခွာလိုက်လုပ်ပြသည်။ ကျွန်တော်က ပြုံးပြလိုက်သည်။ အဘိုးအိုသည် ဆိုင်ရှေ့ကထွက်သွားသည်။

စောစောက အိမ်ရှေ့တွင်ထိုင်ကာ ငိုနေသောကလေးထံ ပြန်သွား သည်။ ထို့နောက် “ကလေး မငိုနဲ့ တိတ် … တိတ် … ရော့ အီကြာကွေးစားလိုက်” ဟုပြောကာ ကလေးကိုပေးလိုက်သည်။ ကလေးက အီကြာကွေးကိုယူလိုက်ပြီး အိတ်ထဲမှ ဆွဲထုတ်ကာ စားနေသည်။ ကလေးအငိုတိတ်သွားသည်။ ကျွန်တော်ငယ်စဉ်က သင်ကြားခဲ့ရသည့် သားချော့တေးလေးကို ချက်ချင်းသတိရလိုက်မိသည်။ “ရွှေလမှာ ယုန်ဝပ်လို့ ဆန်ဖွပ်သည့်အဖိုးအို ဟောကြည့်ပါဆို ဆိုသာဆို ပိုမိုတဲ့စကား ကလေးအငိုတိတ်အောင် အရိပ်အရောင်ပြတယ် ဖိုးလနတ်သား”

တင်ညွန့် ၁၂.၉.၂၀၂၅

Leave a Reply

Your email address will not be published. Required fields are marked *