Home / Ghost Stoey / အိမ်နီးချင်း(စ/ဆုံး)

အိမ်နီးချင်း(စ/ဆုံး)

အိမ်နီးချင်း(စ/ဆုံး)

——————

“ဟဲ့ ဒါ တအိမ်ကျော်က အိမ်ကိုသွားပေး။
နေအုံး နင် အရင်လို အိမ်မှားပေးမိအုံးမယ်နော်။
ဒီတခါတော့ သေချာမှတ်သွား ပြီးစလွယ်မပြောနဲ့။
တအိမ်ကျော်က မမရွှေတို့အိမ်နော်။
အေး ဟိုတခါကလို အိမ်မှားပေးခဲ့ရင်
နင် ဒီနေ့တော့ ကျောကော့ပြီသာ မှတ်တော့။”

https://cultivationclassicalstarter.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

ပွက်ပွက်ဆူနေတဲ့ မီးဖိုပေါ်က မုန့်ဟင်းခါးအိုးကို
ထိုင်မွှေနေရင်း မအေးက သားဖြစ်သူ
ငလုံးကို သေချာမှာရသေးတယ်။
မအေးစကားဆုံးတော့ ငလုံးက မုန့်ဟင်းခါး
ထည့်ထားတဲ့ သုံးဆင့်ဂျိုင့်လေးကို လှမ်းယူပြီး

“မမှားတော့ပါဘူး အမေရာ
အမေက မှာလို့ကို မပြီးတော့ဘူး။”

ဆိုပြီး ပြောရင်း မီးဖိုခန်းက ထွက်သွားလေရဲ့။
မအေးက ပွစိ ပွစိလုပ်ရင်း ထွက်သွားတဲ့
ဒင်းနောက်ကျောကို ကြည့်ပြီး မဲ့ပြုံးပြုံးမိတယ်။
ဒင်းက အခုမှ အသက် ဆယ်နှစ်ကျော်ဆိုတော့
ဆော့ဖို့ ကစားဖို့ကလွဲပြီး ဘာမှမသိဘူး။
မအေးတို့ ဒီရပ်ကွက်ကို စပြောင်းလာတာ
ဒီနေ့ဆို တစ်လတိတိ ပြည့်ခဲ့ပြီ။
ဒီရပ်ကွက်ကို စပြောင်းလာပြီး နောက်နေ့ကျတော့ အိမ်တက်သဘောနဲ့ အုန်းနို့ခေါက်ဆွဲ ချက်ပြီး
အိမ်အနီးအနားက သဘောထားပြည့်ဝမယ် ထင်ရတဲ့
ကြွယ်ဝချမ်းသာပုံရမယ် ထင်ရတဲ့ အိမ်လေးတွေကို
တမင်တကာ ရွေးပြီး အုန်းနို့ခေါက်ဆွဲ ပို့ခိုင်းပါတယ်။
ဒင်းက မအေးတို့ အိမ်ဘေးက အရှုပ်အထုတ်မ
ဘေထုပ်သည် ဒေါ်ခင်ခင်တို့အိမ်ကို မမရွှေတို့ရဲ့
သူဌေးအိမ်နဲ့ အိမ်မှားပြီး မုန့်ကို သွားပို့ခဲ့တယ်လေ။
ဟင်း ဒီတခါတော့ ဒင်း မမှားလောက်တော့ပါဘူး။
မအေးတွေးရင်း မီးဖိုပေါ်က မုန်းဟင်းခါးအိုးကို
ဆက်မွှေနေတုန်း သမီးဖြစ်သူ အပျိုမ
အေးသူဇာက မီးဖိုခန်းထဲ ဝင်လာပြန်တယ်။

“အမေ ဘေးအိမ်က အန်တီခင်ခင်တို့ကို
မုန့်ဟင်းခါး မပေးဘူးလား။
ဒီတခါတော့ ပေးလိုက်ပါ အမေရယ်။
အရင်တခါကလည်း အိမ်ချင်းကပ်နေတာတောင်
အမေက သူတို့အိမ်ကို ချန်ထားခဲ့ပြီး မပို့ခဲ့ဘူး။
အမေက သူများအိမ်တွေကိုတော့ ပို့ပြီး သူ့အိမ်ကို
ချန်ထားခဲ့တော့ ဘယ်လောက်အားနာဖို့ ကောင်းလဲ။အမေ မချက်ချင်ရင် မဝေချင်ရင်
အစောကြီးကတည်းက မချက်နဲ့ မဝေနဲ့ပေါ့။
အဲ့လို အိမ်ရွေးပြီး ပေးတာကတော့
ဘယ်လိုမှ မကောင်းဘူးနော် အမေ။”

မအေး မီးဖိုပေါ်က မုန်းဟင်းခါးအိုးကို ချလို့ ရေနွေးအိုးကို ပြန်တင်လိုက်တယ်။
ပြီးမှ အေးသူဇာဘက်လှည်လို့

“ငါကအမေလား နင်က အမေလား မိသူဇာ။
ငါက လူတကာကို ဝေရအောင် ဘဏ်တိုက်ပိုင်တဲ့ ချမ်းသာတဲ့ သူဌေးကတော်လဲ မဟုတ်ဘူး။
နင့်အဖေက လခစား ဝန်ထမ်းဆိုတာ သဘောပေါက်။
ငါ့ဟာငါ အဆင်ပြေမယ် ထင်တဲ့အိမ်ကို
ရွေးပေးတာကို နင်က ဘာဆရာဝင်လုပ်ပြန်တာလဲ။”

မအေးစကားကို အေးသူဇာက ခေါင်းခါရင်း
အိမ်ရှေ့ဘက်ကို ပြန်ထွက်သွားတယ်။
ဟွန်း ကောင်မစုတ်ကလေး ဒင်းက အခုမှ
အသက်က ဆယ့်ရှစ်ဆယ့်ကိုးဆိုတော့
လူတွေအကြောင်း ဘယ်သိပါ့မလဲ။
ဒီရပ်ကွက်မှာရှိတဲ့ သူဌေးအိမ်တွေ သူဌေးမတွေနဲ့ အခုလို မုန့်ပို့ ဘာပို့နဲ့ အရောဝင်ပြီး ပေါင်းထားမှ ကိုယ်တွေမှာ အရေးပေါ် အခြေအနေ ဖြစ်လာခဲ့ရင် အကူအညီတောင်းလို့ရမှာ မဟုတ်လား။
သူလိုကိုယ်လို ငမွဲတွေနဲ့ ပေါင်းတော့ ဘာများကိုယ့်အတွက် အထောက်အပံ့ အကူအညီ ရမှာမို့လို့လဲ။

(နှစ်)

“ဟာကွာ…လာပြန်ပြီ ဘဲဥဟင်း။
မင်း တခြားဟင်းလေး ဘာလေးလည်း
ပြောင်းချက်စမ်းပါအုံး မိန်းမရာ။”

“ဒီမှာ ရှင်တို့ ကျမတို့ လုပ်အားခနဲ့ နေ့တိုင်း နေ့တိုင်း
ဟင်းကောင်းချက်ဖို့ဆိုတာဘယ်လိုလုပ်
လောက်ပါ့မလဲ ဦးဘသော်ရဲ့။
ကျမကရော ဘဲဥဟင်းကို တစ်ပတ်မှာ
သုံးရက်လောက် ချက်ချင်ပါ့မလား။
ရှင့်လစာနဲ့ ဆန်ဝယ်ဆီဝယ် စျေးဖိုးအပြင် သာရေးနာရေး ကလေးပညာရေးအတွက်ပါ သုံးလို့ရနေတယ်များ ရှင်က ထင်နေသလား ဦးဘသော်။
အခုဆန်စျေး ဆီစျေးက ဘယ်လောက်
ကြောက်စရာကောင်းနေသလဲဆိုတာ ရှင်သိရဲ့လား။ဘယ်သိမလဲ ရှင်က ရှင့်ရဲ့ လစာကို အပ်ပြီးရင်
ပြီးပြီဆိုပြီး စာအုပ်တအုပ်နဲ့ ဒူးနန့်နေတာကိုးတော့။အိမ်လခရယ် အငယ်ကောင် ကျောင်းစရိတ်ရယ်ဘဲ
ရှင့်လစာက သုံးလို့ရတာရှင့်။
အခု ကျမတို့စားနေတဲ့ ထမင်းနဲ့ဟင်းတွေက
ကျမ ပွဲစားလုပ်လို့ရတာရယ် ရှင့်သမီး သူဇာအေး
အရောင်းစာရေး ဝင်လုပ်လို့ ရတဲ့
လစာရယ်နဲ့သာ လည်ပတ်နေရတာရှင့်။
အခုလို ဘဲဥဟင်းနဲ့ စားနိုင်နေသေးတာကိုဘဲ
ရှင်တို့ကျမတို့က ကျေးဇူးတင်နေရအုံးမှာတော့။”

ထမင်းဝိုင်းက ဟင်းကို ကြည့်ပြီး ပြောလိုက်မိတဲ့
ဦးဘသော်က မအေးစကားကြောင့် ဘာမှဆက်မပြောတော့ဘဲ သူ့ထမင်းသာ သူ စားနေတော့တယ်။
မအေးက ပန်းကန်ထဲက လက်ကျန်ဘဲဥတစ်ခြမ်းကို ခပ်ယူပြီး ဦးဘသော် ပန်းကန်ထဲ ထည့်ပေးမိတယ်။တကယ်ပါ ဖြစ်နိုင်ရင် မအေးလည်း
ဟင်းကောင်းတွေချည်း နေ့တိုင်း ချက်ချင်တာပေါ့။
ဒါပေမယ့် ကိုယ့်ဝမ်းနာ ကိုယ်သာသိဆိုသလို
ကိုယ့်ဝင်ငွေနဲ့ မျှတအောင် သုံးဖို့အတွက် တနေ့တနေ့ ခေါင်းခြောက်အောင် စဥ်းစားနေရတာ မဟုတ်လား။ဒါတောင် ဘေးအိမ်က ဘေထုပ်သည် မခင်ခင်
တို့လို မိသားစု အများကြီးမရှိလို့ တော်သေးတယ်။
မအေးတို့က မိသားစု လေးယောက်ဘဲ ရှိတာ။
မအေးတို့ လင်မယားရယ်။
သမီးကြီး သူဇာအေးရယ်
သားငယ်လေး ငလုံးရယ်နဲ့ပေါ့။
အရင်ကတော့ မအေးတို့ မိသားစုက
တာမွေနားမှာ ကန်ထရိုက်တိုက်တခုရဲ့
လေးလွှာက အိမ်ခန်းကို ဌားနေတာ။
အခု တိုက်ခန်းခတွေက မတရားစျေးတွေ
တက်ကုန်လို့ ဒီ ဒဂုံဘက်ကို ပြောင်းလာကြတာ။ထမင်းစားပြီးလို့ သိမ်းဆည်းပြီး
အိမ်ရှေ့ခန်းကို ထွက်ဖို့ လုပ်နေတုန်း ခြံထဲကနေ
အိမ်ထဲဝင်ဖို့ လမ်းလျှောက်လာတဲ့ ဘေးအိမ်က
မခင်ခင်ကို လှမ်းတွေ့လိုက်ရတယ်။
စိတ်ထဲကလည်း ဟင်း ဒီအရှုပ်ထုပ်မ ဘာများ
ဇယားလာရှုပ်ပြီး ချေးဌားဖို့ လာတာလဲလို့
မအေး တွေးလိုက်မိပါရဲ့။

“မအေးရေ ဒီမှာ အိမ်မှာ ရှောက်သီးသုပ်
သုပ်စားလို့ ရှင်တို့စားဖို့ ကျမ လာပေးတာပါ”

ဆိုတဲ့ ဘေထုပ်သည် မခင်ခင်ရဲ့ အသံကို
ကြားလိုက်ရမှ မအေး မဲ့ပြုံးကို ပြုံးမိတယ်။
အဟင်း ဟင်း ဒင်းက ချေးဖို့ ဌားဖို့ လာတာမဟုတ်ဘဲ
ငါ့ဆီ အကျိုးလိုလို့ ညောင်ရေ လာသွန်းနေတာကိုး။ ရှောက်သီးသုပ်ကို မအေးတို့ မိသားစုအားလုံး
ကြိုက်ကြပေမယ့် ဒင်းတို့ဆီကတော့
အစလုပ်ပြီး မရောနှောချင်တဲ့အတွက်
သူ့ရှောက်သီးသုပ်ကိုလည်း မအေး မယူချင်ပါဘူး။
အခုလို ဘာမဟုတ်တာလေးတွေ လာပေးပြီး
သူတို့လိုချင်တဲ့အချိန် အလွယ်တကူ ငွေချေးလို့ရအောင် လာပေးနေတာကို ဒီကမိန်းမ မအေးက
မသိဘူးများ ဒင်းတို့က ထင်နေသလားမသိဘူး။
ဒင်းတို့တွေနဲ့က မရောတာ အကောင်းဆုံးဘဲ။
မအေး ဖုန်းကြည့်နေတဲ့ သမီးကို ကြည့်ပြီး

“ဟဲ့ သွား သွားယူလိုက်”

ဆိုပြီး ခိုင်းလိုက်တယ်။
ကောင်မက ပြန်ပြီး

“အို အမေ့နာမည်ခေါ်ပြီး ပေးတာကို
အမေဘဲ သွားယူလိုက်ပါလား။”

ဆိုတာကြောင့် မအေးဘဲ မခင်ခင် အိမ်ထဲထိ
ဝင်မလာခင် တံခါးဝကို အမြန် ထွက်လိုက်ရတယ်။

“ဟယ် ရှောက်သီးသုပ်တွေပါလား။
ဒါပေမယ့် ဘယ်လိုလုပ်ရမလဲ မခင်ခင်ရယ်။
ကျမကလည်း အချဥ်ကို ကြောက်တယ်။
ယောကျ်ားကလည်း ဝမ်းမကောင်းဘူးရှင့် အဟင်း။
သားနဲ့သမီးကလည်း အချဥ်အစပ်တွေ မစားဘူး။
မခင်ခင်ဘဲ ဒါကို ပြန်ယူသွားလိုက်ပါရှင် ။
ကျမတို့ကို အခုလို သတိတရ လာပို့ပေးတဲ့
အတွက်တော့ ကျမ မခင်ခင်ကို
တကယ် ကျေးဇူးတင်ပါတယ်။”

မအေးစကားဆုံးတော့ ပန်းကန်ကိုင်ပြီး
အိမ်ပေါက်ဝမှာရပ်နေတဲ့ မခင်ခင် မျက်နှာက
တချက်ပျက်သွားပြီးမှ ချက်ချင်း ပြန်ပြုံးပြရင်း

“သြော် ဟုတ်ကဲ့ ဟုတ်ကဲ့
ဒါဆို ကျမဘဲ ပြန်ယူသွားလိုက်ပါ့မယ်နော်။”

ဆိုပြီး ပြန်ထွက်သွားလေရဲ့။

(သုံး)

ဒီနေ့ မမရွှေတို့အိမ်မှာ သူတစ်ယောက်တည်း
ရှိလို့ဆိုပြီး မအေးကို သူက ဖုန်းဆက်လှမ်းခေါ်
တာကြောင့် မအေး သူတို့အိမ်ကြီးကို သွားရတယ်။
မမရွှေသမီးက ဆရာဝန်မဆိုတော့
အရေးပေါ် လူနာရှင်တွေက မကြာခဏ
ဖုန်းဆက်ခေါ်ရင် အခုလိုဘဲ သူ့သမီးက
ကောက်ခါငင်ကာ ထထွက်သွားရတတ်တယ်တဲ့။
မအေး သူတို့အိမ်ရောက်တော့
စျေးခြင်းတောင်းကြီးတခု ချထားပြီး မမရွှေက

“ကျမ သမီးလေ စျေးကလာပြီး ဆွဲခြင်းချရုံရှိသေး
သူ့လူနာရှင်အိမ်က ဖုန်းလာလို့ ချက်ချင်းကို
ထသွားရတယ် မအေးရေ။
သိတဲ့အတိုင်း စျေးဝယ်ရင် ကျမတို့ကလည်း
တပတ်စာ ဝယ်ထားတာဆိုတော့ အသား
ငါးတွေလည်း အများကြီးပါတယ်။
အဲ့တာ သူက အခုဘဲ ဖုန်းလှမ်းဆက်တယ်။
အမေ့အိမ်နီးချင်း အန်တီအေးကို
အကူအညီတောင်းပြီး အသားငါးတွေကို
အနံ့မထွက်ခင် ဝိုင်းကိုင်ခိုင်းထားပါလားတဲ့။
ကျမကလည်း အသားငါးတွေ မကိုင်တတ်ဘူးရယ်။ဒါကြောင့် အားနာနာနဲ့ ခေါ်ရတာပါ။”

ဆိုတာကြောင့် မအေးလည်း သူတို့ ဝယ်ထားတဲ့ အသားငါး ဟင်းသီးဟင်းရွက်တွေကို စနစ်တကျ
သန့်စင်ဆေးကြော ကိုင်တွယ်ပြီး ရေခဲသေတ္တာထဲ
ထည့်ပေးခဲ့လိုက်တယ်။
ပြန်တော့လည်း မမရွှေက သိတတ်ပါတယ်။

“မအေးရေ ထမင်းစားပွဲ အုပ်ဆောင်း
အောက်မှာ ဒံပေါက် သုံးပွဲရှိတယ်ယူသွားနော်။”

ဆိုပြီး ထည့်ပေးလိုက်သေးရဲ့။
အိမ်ရောက် ရေမိုးချိုးပြီး စားမယ်လုပ်တော့မှ ဒံပေါက်တွေက အနံက မကောင်းတော့ဘူး။
စိတ်ထဲ တင်းခနဲ ဖြစ်သွားပေမယ့် သြော် သူလည်း
မသိလို့ ပေးလိုက်တာ နေမှာပါလေဆိုပြီး
တွေးလို့ မအေး ဒံပေါက်သုံးဘူးလုံးကို
အမှိုက်အိတ်ထဲ ထည့်လိုက်ရတယ်။
တော်သေးတယ် ဒီနေ့ ကိုဘသော် မရှိလို့။
တော်ကြာ ဒံပေါက် အသိုးတွေ ပေးလိုက်မှန်း
သိခဲ့ရင် သူက ပွစိ ပွစိ ပြောနေအုံးမှာ။
အိမ်က လင်ရော သမီးကပါ မအေးကို မမရွှေတို့
အိမ်က ဖုန်းဆက်လှမ်းခေါ်ရင် မကြိုက်ကြဘူး။

“အလကား အဲ့မိန်းမကြီးက တင်စီးတာ။
မင်းကို သက်သက်မဲ့ ညာပြီး ခိုင်းစားနေတာ။”

သူတို့က ဆိုပြီး ပြောတတ်တယ်။

မနေ့က မအေးတို့အိမ်မှာ ဝိုင်ဖိုင်တပ်လိုက်တယ်။အိမ်မှာက မအေးယောကျ်ား ကိုဘသော်ရယ်
သမီးကြီး သူဇာအေးရယ်က ဖုန်းသုံးကြတယ်။
အဲ့အပြင် အငယ်ကောင် ငလုံးကပါ
တစ်တော့တွေဆိုလား ယူကျု့တွေဆိုလား
အဲ့တာတွေပါ ထိုင်ထိုင်ကြည့်တတ်တော့
တနေ့ တနေ့ ဖုန်းဘေဖိုးက မနည်းဘူး။
အမှန်ဆို မအေးက ဖုန်းမကြည့်ကြနဲ့
ဝိုင်ဖိုင်မတပ်ကြနဲ့ဆိုပြီး ပြောချင်ပေမယ့်
တကယ်တန်းမှာ သူတို့ကို မပြောရက်ပြန်ဘူး။
ဘာလို့ဆို ကိုဘသော်ရော သူဇာအေးကပါ
အလုပ်ကိုယ်စီလုပ်ပြီး အိမ်ရဲ့တာဝန်ကို
ထမ်းနေကြသူတွေ မဟုတ်လား။
ဝိုင်ဖိုင်တပ်ပြီးတော့ ဘေးအိမ်က မခင်ခင်တို့ကိုပါ သူဇာအေးက ဝိုင်ဖိုင်ကို ပေးသုံးထားသတဲ့လေ။
ဒင်းက အသက်သာ ကြီးလာတာ ဥာဏ်မရှိတဲ့ဟာမ။

“ဟဲ့ နင်အဲ့သလောက် သဘောကောင်းနေရင်
နင့်ကိုယ်နင်ပါ အို ငါ့နှယ် ပါးစပ်က ဆဲမိတော့မယ်။
လုပ် အခုချက်ခြင်း နင့် ဝိုင်ဖိုင်ရဲ့ ပက်ဝက်လား
ဌက်ဝက်လား အဲ့နံပါတ်ကို ပြန်ပြောင်းလိုက်စမ်း။”

ဆိုပြီး ချက်ချင်း ပြန်ပြောင်းခိုင်းရတယ်။
စဥ်းစားကြည့်လေ ဒေါသထွက်လေ။
ဝိုင်ဖိုင်တပ် အခွန်ဆောင်ရတော့ မအေးတို့က
ဆောင်ရပြီး သူတို့ကကျ တပြားတချပ်မှ
မကုန်ဘဲ အဆင်သင့် ဝိုင်ဖိုင်ကို
သုံးနေလို့ ရစရာလား။
မအေးရဲ့ ဒေါသတကြီး အသံကြောင့်
သူဇာအေးက သူ့နှုတ်ခမ်းပေါ် လက်ညိုးတင်လို့

“အမေရယ် တိုးတိုးသာသာ ပြောစမ်းပါ။
ဟိုဘက်က ကြားသွားရင် မကောင်းဘူးလေ။
တကယ်ပါဘဲ အမေကိုက မကောင်းတာ သိလား။
ဝိုင်ဖိုင် တပ်ထားပြီးရင် တစ်ယောက် နှစ်ယောက်
ပိုသုံးလို့ ဝိုင်ဖိုင်စျေးလည်း ထပ်မတက်သွားပါဘူး။
လကုန်ရင် ဝိုင်ဖိုင်ဖိုး ပေးရမယ့်အတူတူ
တန်အောင် သူတို့ပါ သုံးပါစေလား။
သူတို့သုံးလို့ သမီးတို့လည်း ကြီးကြီးမားမား
နစ်နာသွားစရာ ဘာများ ရှိလို့လည်း။
ပြီးတော့ သူတို့က သိတတ်တယ်
သမီးကို လကုန်လို့ ဝိုင်ဖိုင်ဖိုးပေးရရင်
သူတို့လည်း စိုက်ပေးမယ်ပြောတယ်လေ။
သမီးကသာ သူတို့အဆင်မပြေတာ သိလို့
မပေးပါနဲ့ မယူပါဘူးလို့ ပြောလိုက်တာ။”

ဆိုပြီး ပြန်ပက်လေရဲ့။
ဟွန်း သူတော်ကောင်းမ သူတော်စင်မကြီး။
ဒင်း အဲ့လို စိတ်မျိုးနဲ့တော့ သူဌေးဖြစ်အုံးမယ်။

“နင့်ပါးစပ်ပိတ်ထား အခုနံပါတ်ပြောင်းမလား
နင့်ဝိုင်ဖိုင်ကို ငါ တစ်စစီ လုပ်လိုက်ရမလား ပြော။”

ဆိုပြီး မအေး အကျပ်ကိုင်တော့မှ ကောင်မက
ဆောင့်ဆောင့်အောင့်အောင့် အသံနဲ့

“ပြောင်းမယ် ပြောင်းလိုက်ရင် ရပြီမလား။”

လို့ ဆိုလေရဲ့။

(လေး)

ညက ကိုဘဘော် မိုးချုပ်မှ ရေချိုးပြီး အိပ်တော့ မိုးလင်းတော့ မျက်နှာတခြမ်းက ရွဲ့ပြီး
လေဖြန်းသလို ဖြစ်သွားခဲ့တယ်။
ဖြစ်ချင်တော့ လ အလယ်ကြီးဆိုတော့ လက်ထဲမှာလည်း ငါးထောင်ခြောက်ထောင်လောက်ကလွဲပြီး ပိုက်ဆံ များများစားစား မရှိတဲ့အချိန်။
ရပ်ကွက်ဆေးခန်းကို ပြပေမယ့် ဆရာဝန်က
ဆေးရုံကိုသာ အမြန်ဆုံး သွားဖို့ပြောတာကြောင့်
မအေး ကြံရာမရ ဘာလုပ်ရမှန်းမသိ ဖြစ်နေတယ်။နောက်ဆုံး မမရွှေဆီက ပိုက်ဆံအတွက်
အကူအညီတောင်းဖို့ ဆုံးဖြတ်မိတယ်။
မမရွှေတို့ အိမ်အတွက်ဆို မအေးက
ခဏ ခဏ သွားကူပေး ဝိုင်းလုပ်ပေးခဲ့တာဘဲလေ။
အဲ့အပြင် မအေးတို့ အိမ်မှာလည်း တခါတရံ
ဟင်းကောင်း ချက်တဲ့နေ့ဆို တခွက်တော့
မမရွှေတို့အိမ်ကို အမြဲ ပို့ပေးနေကြမဟုတ်လား။
မမရွှေက အဲ့မျက်နှာတွေတော့ ထောက်ပြီး
မအေးတို့ကို ဘယ်လိုမဆို ကူညီပေးမှာပါ။
နောက်ပြီး သူ့သမီးက ဆရာဝန်မဆိုတော့
ကိုဘသော်ကို ကူညီကြည့်ရှုပေးမယ်ထင်ပါရဲ့။

“အို မရှိပါဘူး မအေးရယ်။
ကျမတို့က လက်ထဲမှာ ပိုက်ဆံမှ မထားတတ်တာ။အားနာပေမယ့် အဲ့လို ချေးတာ ဌားတာတွေ ရှုပ်ရှုပ်ယှက်ယှက် လုပ်တာတွေကို မကြိုက်ဘူးရှင့်။မအေးက ကျမတို့အိမ်က အလုပ်တွေကို ဝိုင်းကူ
လုပ်ပေးတတ်တာကို ကျမတို့ သိပါတယ်။
အဲ့အတွက် မအေးကို ကျေးဇူးလည်းတင်သလို
ကျမတို့ဘက်က ခင်လည်း ခင်မင်ပါတယ်ရှင်။
ဒါပေမယ့် ခင်တာက ခင်တာ တပိုင်းပါ။
လူတယောက်ကို ပိုက်ဆံမချေးခင် ငွေနဲ့ ခင်မင်မှု ဘယ်ဟာကို ပိုအလိုရှိသလဲဆိုတာကို စဥ်းစားပါတဲ့။ကျမတို့ မိသားစု အတွက်ကတော့ မအေးကို
ခင်မင်မှုအတွက်ဘဲ ပိုအလိုရှိပါတယ်။
ငွေချေးလိုက်ရင် ငွေလည်းရှုံး ခင်မင်မှုလည်း
ပြတ်တောက်ရမယ့် အဖြစ်ကို ကျမက
ကြိုမြင်နေရလို့ မချေးပါရစေနဲ့ မအေးရေ။
ဒါပေမယ့် ကျမ တတ်နိုင်သလောက်တော့
မအေးကို ခင်မင်မှုအတွက် ကူညီလိုက်ပါ့မယ်။
ပြီးတော့ ကျမ သမီးကလည်း မအေးသိတဲ့အတိုင်း သူ့လူနာတွေနဲ့သူ အားတာမဟုတ်ဘူး။
ပြီးတော့ သူ့လူနာရှင်တွေက ဒိတ်ဒိတ်ကြဲတွေလေ။
မအေး အမျိုးသားကို ကုပေးဖို့လည်း သူ့မယ်
အားတဲ့အချိန် ရှိမယ် မထင်ပါဘူးရှင်။
သူကုပေးတာကို ထိုင်စောင့်နေရင်
မအေးအမျိုးသား ပိုဆိုးသွားမယ်။
အဲ့တော့ တခြားဆရာဝန်နဲ့ ကုသလိုက်ပါနော်။
ဟဲ့ သမီးရေ မာမီ့အခန်းထဲက မာမီ့အိတ်ထဲက
နှစ်သောင်းလောက် ယူခဲ့စမ်းပါအေ။”

ဆိုပြီး မမရွှေက မအေးကို ပြောရင်း
အိမ်ထဲကိုပါ လှမ်းအော်တယ်။
သူ့သမီး ဆရာဝန်မက ပိုက်ဆံတသောင်းတန်
နှစ်ရွက်ကိုင်ပြီး မအေးထိုင်နေတဲ့ခုံရှေ့က
မှန်စားပွဲပေါ် လာတင်ပေးရင်း

“ဒါပြန်ပေးစရာ မလိုဘူးနော် အန်တီအေး။
ကျမတို့ အန်တီအေးကို ဒီတိုင်း ပေးတာ။
ကျမလည်း မအားလို့ပါ။
အားရင်တော့ လာကြည့်ပေးပါတယ်။”

လို့ ဆိုပြီး အိမ်ထဲပြန်ဝင်သွားတယ်။

မအေးကိုယ်လုံးက တဖြေးဖြေး မမရွှေ အရှေ့မှာ သေးကွေးကျုံ့ဝင်သွားတယ်လို့ ခံစားလိုက်ရတယ်။ရင်ထဲမှာလည်း ရှက်တာရော ဒေါသရော
ခံပြင်းတာရော အားလုံးစုပေါင်းပြီး
မွန်းကျပ်ပိတ်ဆို့လို့နေတယ်။

“နေ…နေပါစေတော့ မမရွှေ။
ကျမ ပြန်လိုက်အုံးမယ်နော်။”

ဆိုပြီး မအေး သိပ်အထင်ကြီးခဲ့မိတဲ့ ဟီးထနေတဲ့
သူတို့ နှစ်ထပ်တိုက်အိမ်ကြီးထဲက
တိတ်တဆိတ် ထွက်လာခဲ့လိုက်တယ်။
သူတို့ပေးတဲ့ ပိုက်ဆံနှစ်သောင်းကိုလည်း မအေး ယူခဲ့ဖို့ မပြောနဲ့ လက်နဲ့ ထိကိုမထိခဲ့ပါဘူး။

(ငါး)

အိမ်ရောက်တော့ ကိုဘသော်ကိုရော သူဇာအေးကိုပါ
မတွေ့ရဘဲ သား ငလုံးတယောက်တည်း တွေ့ရတာမို့

“ဟဲ့ နင့်အဖေနဲ့နင့်အမ ဘယ်ရောက်သွားပြီလဲ။”

လို့ မအေး အထိတ်တလန့် မေးမိတယ်။
ငလုံးက မအေးကို ကြည့်ပြီး

“ဟိုဘက်အိမ်က အန်တီခင်သား ဆိုက်ကားနင်းတဲ့
ကိုကြီးဝင်းအောင်က သူ့ဆိုက်ကားနဲ့ ခေါ်သွားတယ်။”

လို့ ဆိုတယ်။
မအေး ဆက်မေးမလို့ ပါးစပ်ဟလိုက်ရုံရှိသေး ထမင်းချိုင့်ကို ဆွဲပြီး အိမ်ထဲဝင်လာတဲ့
မခင်ခင်ကို တွေ့လိုက်ရတယ်။

“ကိုဘသော်ကို ကျမသား ဆိုက်ကားနဲ့ဘဲ
လမ်းမတန်းကို ခေါ်သွားခိုင်းလိုက်တာ မအေးရေ။သားက သူ့ဂိတ်မှာ ဆိုက်ကားကို ထားခဲ့ပြီး
တက်စီဌားလို့ စံပြဆေးရုံကို မအေးသမီးကြီးနဲ့
အတူတူ လိုက်သွားပါလိမ့်မယ်။
မအေး ဘယ်သွားတာလဲ မသိပေမယ့်
မအေးကို စောင့်နေရင် ကိုဘသော် အခြေအနေ
ပိုဆိုးသွားမှာ စိုးလို့ ကျမ လွှတ်လိုက်တာပါ။
မအေးရယ် အခုက. လူတိုင်း ခက်ခဲနေတာ။
မအေးမပြောပေမယ့် မအေး ပိုက်ဆံ
သွားရှာတယ်ဆိုတာ ကျမသိပါတယ်ရှင်။ကျန်းမာရေးအတွက် မိသားစုထဲက တခုခု
ဖြစ်လာရင် ပိုက်ဆံအတွက် ဘယ်လောက်ရင်ပူရ
သလဲဆိုတာ ကျမခံစားဖူးတော့ ကျမအသိဆုံးပါ။ရော့ ဒီမှာ ပိုက်ဆံ နှစ်သိန်းပါ မအေး။
ကျမသားနဲ့ မအေးသမီး သူဇာအေးတို့ကိုတော့
ဆေးရုံသွားဖို့ တသိန်း ထည့်ပေးလိုက်တယ်။
ကျမလည်း ချမ်းသာလို့တော့
အခုလို ကူညီတာ မဟုတ်ပါဘူး မအေးရယ်။
ဒီငွေလေး သုံးသိန်းက ကျမ မနေ့က
စုမဲကြေး ထုတ်ထားတာပါ။
ပထမတော့ အိမ်နောက်ဖေးခန်းလေး ပြင်မလို့ပါဘဲ။ဒါပေမယ့် တွေးကြည့်တော့ ကျမနောက်ဖေးခန်းက မပြင်ဘဲ ထိန်းပြီးနေလို့ရပါသေးတယ်။
ကိုဘဘော်က အခုနေ အချိန်မှီ မကုရင်
ကိုယ်တခြမ်းလုံး လေဖြတ်တာတွေ
ဘာတွေပါ ဆက်ဖြစ်လာနိုင်တယ်လေ။
အဲ့တော့ မအေး ဒီပိုက်ဆံနှစ်သိန်းနဲ့ ဒီထမင်းချိုင့်ကို
ယူပြီး စံပြဆေးရုံကို အခု လိုက်သွားလိုက်ပါရှင်။မနက်ကတည်းက ပူပန်နေရတော့
ထမင်းဟင်းလည်း မချက်ရသေးဘူးမလား။
ဒီပိုက်ဆံအတွက်တော့ စိတ်မပူပါနဲ့။
မအေး အဆင်ပြေတဲ့အချိန် အဆင်ပြေသလို
ခွဲ ခွဲပြီးတော့ ပြန်ဆပ်သွားပါနော်။
ပြီးတော့ အငယ်လေးကို စိတ်မပူပါနဲ့
ကျမတို့အိမ်မှာ ထားခဲ့ပါ ကျမ ကြည့်ထာပါ့မယ်။”

ဆိုတဲ့ မအေး အင်မတန် အထင်သေးခဲ့မိတဲ့
စျေးထဲမှာ လမ်းဘေးပုံပြီး အထည်ချရောင်းရတဲ့
လမ်းဘေးစျေးသည် ဘေထုပ်သည် မခင်ခင်ရဲ့ စကားအဆုံးမှာတော့ မအေးရင်ထဲမှာ နင့်နဲပြီး
အမည်မဖော်တတ်တဲ့ ခံစားချက်ကြီး တခုက
ဆို့နင့် လှိုက်ဟာ တက်လာပြီး အထက်တန်းစား
စိတ်ဓါတ်ပိုင်ရှင် လူသားစစ်စစ် လမ်းဘေး
စျေးသည် ဘေထုတ်သည် မခင်ခင်ကို
ခပ်တင်းတင်း ပွေ့ဖက်လိုက်မိပြီး မိုက်နောင်တနဲ့
ဝမ်းနည်းစွာ ရှိုက်ကြီးတငင် ငိုချမိတော့တာပါဘဲ။

စာချစ်သူများကို…ချစ်ခင်လေးစားစွာဖြင့်

သက္ကရာဇ်

အိမ်နီးချင်း

Leave a Reply

Your email address will not be published. Required fields are marked *