Home / Ghost Stoey / မချိုမြိန်သောသိစ္စာ(စ/ဆုံး)

မချိုမြိန်သောသိစ္စာ(စ/ဆုံး)

မချိုမြိန်သောသိစ္စာ(စ/ဆုံး)

နံနက်ခင်းနေရောင်‌ခြည်ကြောင့် အလျှံညီးညီးနှင့်ပြောင်လက်နေဟန်ရှိသော စတီးဇလုံတစ်ချပ်သည် အိမ်တံခါးပေါက်ဝကနေပြီး လမ်းမပေါ်သို့ ဝေ့ပျံထွက်လာ၏။ သူ၏နောက်မှာကား အရောင်မညီးသော်လည်း အသုံးတည့်နေဆဲပုံရှိသည့် အရောင်မဲညစ်ညစ်ဖြင့် သွပ်အိုး၊သွပ်ခွက်များ၊ငရုပ်ကျည်ပွေ့များ၊ငရုတ်ဆုံများသည် ထပ်မံလွှင့်ထွက်လာပြန်သည်။ ထိုအရာတို့၏ နောက်မှာတော့ အော်ကြီးဟစ် ကျယ်နှင့် ဆဲသံ၊ဆိုသံ၊တီးတိုးရယ်သံများထွက်လာပြန်၏။

ရယ်သံဟုဆိုသော်လည်း ထိုကဲ့သို့ရယ်သံသည် ပျော်ရွှင်၍ ဝမ်းမြောက်၊ဝမ်းသာ ရယ်သံနှင့်မတူ၊တစ်ခုခုကို အလွန်တရာမှ ယုံကြည်ကိုးစားမိ၍၊နောက်ကျမှ သိခဲ့ရသည် ထိုယုံကြည်ကိုးစားမှုအတွက် အကြီးအကျယ်နောင်တရကာ ဖြစ်ပေါ်လာသော ရယ်သံနှင့်တူလေသည်။ ထို့အပြင် ရယ်သံနှင့်အတူ စောင်၊ခြင်ထောင်၊ခေါင်းအုံးအပြင် ကုလားထိုင်အပေါ့စားများ၊ အဝတ်အစားအိတ်များပါ လမ်းပေါ်သို့ လွင့်ထွက်လာခဲ့ပြီး အိမ်တွင်းထဲမှ နေ၍လည်း ရိုက်သံ၊ချိုးသံများဖြင့် ဆူညံနေလေတော့သည်။ ++ သက်ရွှေဇင်သည် မွေးချင်းမောင်နှမ မရှိသော တစ်ဦးတည်းသော သမီးဖြစ်လေ၏။သူမ၏ဖခင် ဦးသန်းမောင်သည် အိမ်ဆောက်ပစ္စည်းအ‌ရောင်းဆိုင်ဖွင့်ထားပြီး ကျောင်းတက်ရန်ပျင်းသော သူ့သမီး‌သက်ရွှေဇင်ကို မိခင်ဖြစ်သူ ဒေါ်သန်းသန်းမှ အကြိမ်ကြိမ်ကန့်ကွက်နေသည့်ကြားမှပင် သမီး၏ အကြိုက်ကိုလိုက်ကာ ကျောင်းထုတ်ပစ်လေတော့သည်။

https://cultivationclassicalstarter.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

ထို့နောက် သူ၏ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်၌ ထိုင်ခိုင်းထားကာ သူ၏စာရင်းအင်များကို သင်ကြားပြသပြီး၊ဆိုင်၏အရောင်းစာရေးအဖြစ်ဖြင့် သူ့အနီး၌ ခေါ်ထားလေတော့သည်။ ++++ ဖိုးတင့်သည် ယခုမှသာ ဤမြို့သို့ ပထမဆုံးအကြိမ်ရောက်ဖူး၏။မြို့၏ မျက်နှာဖုံးတစ်ဦးဖြစ်သော ဦးတိုးအောင် နှင့် ဒေါ်မြမြမူ တို့မှ သူတို့နှစ်ဦး၏ အိမ်အသစ်ကြီးအား ဆောက်လုပ်ရန်၊အလုပ်ပေးအပ်ခံရသဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်ပေသည်။ ထိုကဲ့သို့ ရောက်ရှိလာခဲ့ရသော်လည်း ဖိုးတင့်သည် သူဌေးစစ်စစ်တော့မဟုတ်။သူ၏ သူဌေးသည် အခြားမြို့၌ ဆောက်လက်စ ကန်ထရိုက်လုပ်ငန်းများအား လက်စမသတ်နိုင်သေး၍ ဖိုးတင့်အား ဆုံးဖြတ်ခွင့်၊ဝယ်ယူခွင့် အစရှိသည့် အခွင့်အာဏာ အဝဝအား အပ်နှင်းကာ သူ၏ လူယုံတစ်ဦး အဖြစ်ဖြင့် တာဝန်ပေးခြင်းဖြစ်ပေ၏။ +++++ ဦးတိုးအောင်မှာလည်း ငွေကြေးသာတတ်နိုင်ပြီး ဆောက်လုပ်ခြင်းလုပ်ငန်းသည်ကား သူတတ်ကျွမ်းနားလည်သည့် လုပ်ငန်းမဟုတ်ရာ မည်သည့်ပစ္စည်းသည် မည်သည့်ဈေးနှုန်းဆိုသည့် နှုန်းထားများကိုသာ သိသော်လည်း မည်သည့်နေရာ၌ မည်သည့်အရွယ်အစားကို မည်သည့်ပမာဏထိ သုံးရမည်ဆိုသည်ကို မသိရာကား ဖိုးတင့်ကိုသာ အဝယ်ခိုင်းပြီး ဘောက်ချာအပ်ခိုင်းနေရလေတော့၏။

+++ ထိုကဲ့သို့ဖြင့် အိမ်ဆောက်ပစ္စည်း အရောင်းဆိုင် အနည်းငယ်မျှသာရှိသော ထိုနယ်မြို့၌ ဖိုးတင့်နှင့်သက်ရွှေဇင်သည် နီးစပ်ရန်အကြောင်းဖန်လာခဲ့တော့သည်။သက်ရွှေဇင်၏ မိဘနှစ်ပါးဖြစ်သော ဦးသန်းမောင်နှင့်ဒေါ်သန်းသန်းမှ ဖိုးတင့်၏ အလုပ်အကိုင်အား သဘောကျသယောင်ရှိသော်လည်း ဖိုးတင့်၏ နောက်ကြောင်းရာဇဝင်အား ကျကျနန၊သေသေချာချာ စုံစမ်းခွင့်မရသည့်အပြင် ဖိုးတင့်ပြောပြသမျှ အကြောင်းအရာမျှကိုသာ သိရှိခွင့်ရနေကြရာ သဘောမတူပဲရှိကြလေတော့သည်။ ထိုကဲ့သို့ဖြင့် လက်လှမ်းမီသလောက် ဖိုးတင့်၏ နောက်ကြောင်းရာဇဝင်အား ၊ဖိုးတင့်အား အလုပ်အပ်ခဲ့သော ဦးတိုး‌အောင် မှ တစ်ဆင့် သိရှိရနိုင်အောင် စုံစမ်းမည်ဟု ကြိုးစားသော်လည်း ဦးတိုး‌ အောင် သိသလောက်သည် သူတို့နှစ်ဦး သိရှိထားသည်နှင့် ထူးမခြားနားမရှိလေရာ များစွာအခက်တွေ့နေကြတော့သည်။ သမီးဖြစ်သူ သက်ရွှေဇင်အား တစ်နည်းတစ်လမ်းဖြင့် ဖျောင်းဖျနားချရန်ကြိုးစားသော်လည်း အရာမရောက်၊အရာမရောက်သည့်အပြင် “သမီးချစ်တဲ့သူကို မိသား၊ဖသားပီပီ လက်ထပ်ခွင့်မပြုရင် ခိုးရာလိုက်မယ်” ဟု ဆိုလာပြန်သဖြင့် များစွာ ရင်တက်မအေးဖြစ်ရပြန်တော့၏။ ထိုကဲ့သို့ဖြင့် ဖိုးတင့်နှင့်သက်ရွှေဇင်တို့၏ လက်ထပ်မင်္ဂလာပွဲသည် ကျရောက်လာရတော့သည်။

အစတုန်းက ဖိုးတင့်သည် သက်ရွှေဇင်အား မိသား၊ဖသားပီပီ တောင်းရမ်းလက်ထပ်ယူမည်ဟု ကတိပြုထားပုံပေါ်သော်လည်း အမှန်တကယ် မင်္ဂလာဆောင်လက်ထပ်ခဲ့သည့်နေ့၌ကား ဖိုးတင့်ဘက်မှ ဖိုးတင့်၏ ဆွေမျိုးညာတိ အရင်းအချာဟူ၍ ဟုတ်တိ၊ဟုတ်ငြားတစ်ယောက်လေမျှပင်မတွေ့ရ၊ဖိုးတင့်၏ မိဖနေရာ၌လည်း ဦးတိုးအောင်နှင့် ဒေါ်မြမြမူက နေရာယူထားကြ၏။ဖိုးတင့်အား မေးမြန်းရာ သူသည် ဥတစ်လုံး၊တစ်ကောင်ကြွက်ဖြစ်ပြီး သူ့မိဘနှစ်ဦးသည် သူငယ်စဉ်ကတည်းက ဆုံးပါးသွားခဲ့ကြောင်းကို ငိုယိုပြီးပြောပြခဲ့သဖြင့် ပျော်အားထက်၊ငိုအားသန်ခဲ့ကြရပြန်သည်။ထိုသို့ဆိုလျှင် ဖိုးတင့်အား ယခုလုပ်ငန်းများလည်ပတ်၊လုပ်ဆောင်နိုင်အောင် ထောက်ပံ့၊လမ်းပြပေးခဲ့သော ပုဂ္ဂိုလ်အား မင်္ဂလာပွဲသို့ ခေါ်ဆောင်ခဲ့ရန်ပြောသော်လည်း ထိုပုဂ္ဂိုလ်သည်ကား နိုင်ငံရပ်ခြားသို့ပြောင်းရွေ့နေထိုင်နေသည်မှာ ကြာပြီဖြစ်သဖြင့် လာနိုင်မည် မဟုတ်ဟု ဆိုလေပြန်၏။ နောက်ဆုံးတော့ ချီတုံ၊ချတုံဖြင့်ပင် မိမိ၏ အိမ်အား မိမိတို့မပိုင်လေတော့ရာ ဦးသန်းမောင်နှင့် ဒေါ်သန်းသန်းသည် မင်္ဂလာပွဲကို အထမြောက်ခိုင်းလိုက်ရလေတော့၏။

ထိုထက် နှိုက်နှိုက်ချွတ်ချွတ်ဖြင့် အချိန်ဆွဲနေလျှင်လည်း တဖြည်းဖြည်း အရှက်ကွဲရနိုင်သည့် အခြေအနေသည် ပိုပိုပြီး ဖြစ်လာနိုင်ရာ၊ စိတ်မဖြောင့်သော်လည်း ဖြောင့်ချင်ယောင် ဆောင်နေကြရလေတော့သည်။ ထိုကဲ့သို့ဖြင့် ထိမ်းမြားလက်ထပ်ဖွဲ့သည် နှစ်ဖက်မိဘ၊ဆွေမျိုးညာတိ စည်စည်ကားကားဖြင့်မဟုတ်သော်လည်း နှစ်ဦးနှစ်ဘက်၏ မြို့ခံမိတ်ဆွေတို့ဖြင့် စည်ကားနေခဲ့၏။ နယ်မြို့လေးဖြစ်သည့်အလျှောက် သတင်းစာတို့၊ဇာနယ်ဇင်းတို့လိုမျိုးထဲအထိ တိုင်းသိ၊ပြ ည်သိ ကြေငြာရန်မှာလည်း နယ်ခံလူများအပေါ် မျက်စေ့စပါးမွှေးစူးလွန်းစေရာ ကျနိုင်သဖြင့် မလုပ်ဝံ့ခဲ့သောထိုမင်္ဂလာပွဲသည် ကံကိုသာ ပုံချခြင်းခံလိုက်ကြရလေတော့သည်။တစ်ဦးတည်းသော သမီးဖြစ်သဖြင့် သူ့ထိုက်နှင့် သူ့ကံဟုတော့ မဆိုရဲခဲ့။ ++++ အိမ်ထောင်သက် ငါးလအကြာမျှထိ ဖိုးတင့်သည် သက်ရွှေဇင်အတွက်ရော၊ဦးသန်းမောင် နှင့် ဒေါ်သန်းသန်းအတွက်ပါ စိတ်ငြူငြင်စရာဟူ၍ တစ်ခုမှမရှိခဲ့။

အလုပ်ရှင် ဦးတိုး‌အောင်နှင့် ဒေါ််မြမြမူကတောင် “ရင် ထိတ်နေတဲ့ကြားက လူရွေးမှန်ခဲ့ကြပြီ” ဟု ဆိုခဲ့ကြလေ၏။ ခြောက်လမျှအကြာ၌တော့ သူအရင်နေထိုင်ခဲ့သည့်မြို့နယ်ဘက်က အလုပ်တစ်ချို့လက်ခံရရှိသည်ဟုဆိုကာ ဖိုးတင့်သည် သူ၏နယ်ဘက်သို့ ပြောင်းရွှေ့ရန်စီစဉ်လေ၏။ ဦးသန်းမောင်မှာလည်း နဂိုက သူ၏လက်ငုတ်ဆိုင်အား ‌‌ဖိုးတင့်တို့ဇနီးမောင်နှံကိုဦးဆောင်ဦးရွက်ပြု၍ ရောင်းချခိုင်းရန်စီစဉ်ထားသော်လည်း၊ဖိုးတင့်၏ အနေအေးမှု၊လုပ်ငန်းကျွမ်းကျင်မှုတို့ကြောင့် ဖိုးတင့်နှင့်သက်ရွှေဇင်တို့၏တောင်းဆိုမှုကို လိုက်လျောခဲ့ကာ ယောင်နောက်ဆံထုံးပါအနေဖြင့် သက်ရွှေဇင်အားထည့်ပေးလိုက်ပြီး၊တစ်လတစ်ကြိမ်တန်သည် မိဘ၊ဆွေမျိုးများဆီသို့ အလည်ပြန်ခဲ့ရန်သာ အမှာပါးလိုက်ရတော့သည်။ +++++ ဖိုးတင့်နှင့် သက်ရွှေဇင်တို့၏ အိမ်ထောင်ရေးသည် နှစ် နှစ်တင်းတင်းပြည့်ခဲ့ပြီ။သမီးလေးသွန်းရွှေဇင်ပင်လျှင် ယက်ကန် ယက်ကန်နှင့် တွားသွားတွားလာ လုပ်တတ်နေပြီ။ အချိန်သည် ညနေ နေဝင်ရီတရောဖြစ်မည်။သက်ရွှေဇင်သည် သမီးလေးသွန်းရွှေဇင်ကို ချီပိုး၍ ဈေးဘက်က ပြန်လာရာ၊အိမ်၏ဝင်ပေါက်၌ သူမနှင့် အသက်အားဖြင့် မတိမ်း၊မယိမ်းရှိပုံပေါ်သော အမျိုးသမီးတစ်ဦးသည် ခေါက်တုံ့၊ခေါက်ပြန် လမ်းလျှောက်နေသည်ကိုတွေ့ရ၏။

သူနှင့်အတူ သုံးနှစ်အရွယ် ‌ ယောကျာ်းလေးငယ်တစ်ဦးကိုလည်း လက်၌ဆွဲထားရာ နှစ်ဦးနှစ်ဘက် အကျိုးအကြောင်းကို မေးမြန်းရာမှ စတင်လေတော့သည်။ ++++ ဖိုးတင့်သည် အရင်မယားကြီး ရှိထားလျှက်နှင့် သူမအား လူပျို၊လူလွတ်ဟု လိမ်ညာကာ လက်ထပ်ခဲ့သည်ဟု သိလိုက်ရ၏။သူမတို့သားအမိဆီမှ အလျဉ်းသင့်လျှင် သင့်သလို ညအိပ်ညနေ ပျောက်သွားတတ်သည်မှာလည်း ဖိုးတင့်ပြောပြသည့် အလုပ်ကိစ္စတစ်ခုတည်းမဟုတ်ဘဲ၊ မယားကြီးဆီသို့ သွားသွား၊လာလာလုပ်နေခဲ့ခြင်းသာ ဖြစ်သည်ဟု သိလိုက်ရသည့်အခါ သက်ရွှေဇင်သည် သွက်သွက်ခါအောင်နာလေတော့သည်။

ထိုကဲ့သို့ဆိုလျှင် ဖိုးတင့်သည် မယားနှစ်အား တစ်ပြိုင်တည်း လက်ထပ်ခဲ့ခြင်းပေလော။ထိုသို့လည်း မဟုတ်တန်ရာ။အရင်မယားကြီး ပြောပြပုံအရ အလုပ်ကိစ္စနှင့် ထွက်သွားပြီး၍ ကာလအတန်ကြာမှ ပြန်လည်အဆက်သွယ်ရခဲ့သည်ဟု ပြောဆိုခြင်းကိုကြည့်ခြင်းဖြင့် သူမတို့၏ မိဘအိမ်၌နေထိုင်နေခဲ့သည့် ကာလတစ်လျှောက်သာ ဖြစ်လိမ့်မည်ဟု သက်ရွှေဇင် ကောက်ချက်ချမိ၏။ သက်ရွှေဇင်ကား မိမိလျောက်သည့်လမ်းကို မိမိကိုယ်တိုင်ရင်ဆိုင်ရဲသည့် ရဲရဲတောက်မိန်းမဖြစ်၏။ ဖိုးတင့် အလုပ်ကိစ္စနှင့်နှစ်ရက်မျှ ခရီးထွက်စရာရှိသည်ဟု ဆိုသော်လည်း ထိုအကြောင်းကိစ္စအား တစ်ခွန်းမျှမဟ။တည်ငြိမ်နိုင်၏။

မည်သို့ပင် ဆိုစေကာမူ သူမသည် မယားငယ်အဖြစ်သော်လည်းကောင်း၊စနက်ကျော် ၊အချောင်နှိုက်သည့် သူတစ်ဦးအဖြစ်သော်လည်းကောင်း ဖြစ်မှန်းမသိ ဖြစ်၍နေပေရာ ထိုကိစ္စကို စဉ်းစားလိုက်တိုင်း အသဲကပင် တနုနုနှင့်ကိုက်ခဲလာသလို ခံစားရ၏။ ဖိုးတင့် အလုပ်ကိစ္စနှင့် ခရီးထွက်သည့် ညမှာပင် လိုအပ်သမျှကို အိတ်အမျိုးမျိုးခွဲပြီးထုပ်ပိုး၏။ သမီးလေးသွန်းရွှေဇင်ကို ချီပိုး၍ ကားလက်မှတ်သွားဝယ်၏။သူမ၏မိဘနှစ်ပါးထံမှ သူမ၏ နာမည်ဖြင့် ဝယ်ပေးထားသည့် ထိုယာယီနေထိုင်နေသည့် နေရာအား ရရာဈေးနှင့် ရောင်းချပစ်ရန် စဉ်းစား၏။

နံနက်မိုးသောက်ရောက်သည်နှင့် အငှါးကားကို လာကြိုရန်လှမ်းမှာထားကာ၊ထွက်မသွားခင် စပ်ကြား၌ သူမနှင့် သမီးလေးသွန်းရွှေဇင်အတွက် မလိုအပ်နိုင်ဟု ထင်သည့်အရာ မှန်သမျှအား လမ်းမပေါ်သို့ လွှင့်ပစ်ကာ ပင့်သကူပစ်လေတော့၏။ချိုးစရာရှိသည်ကိုချိုး၊ဖျက်စရာ ရှိသည်ကို ဖျက်၏။စိတ်တိုင်းကျ ချေမှုန်း၊ထုထောင်း၊‌ အော်ဟစ်ဆဲဆို၊ငိုယိုပြီး၍ စိတ်ကြေနပ်မှု ရပြီဆိုတော့မှ သားမိနှစ်ယောက် အငှါးကားပေါ်တက်ကာ သူမ၏ မိဘနေရပ်ဖြစ်သော ဦးသန်းမောင်နှင့် ဒေါ်သန်းသန်တို့၏ မြို့သို့ ထွက်ခွါလာခဲ့ကြလေတော့သည်။ ခင်ချစ်ပေါ် ❤️❤️❤️

Leave a Reply

Your email address will not be published. Required fields are marked *