**အိမ်**(စ/ဆုံး)
————
မိသားစုတစ်ခု အိမ်ထောင်စုတစ်ခုစတင်ပြီဆိုတာနဲ့
တစ်အိုးတစ်အိမ် ထူထောင်ချင်ကြတာ
လူ့သဘာဝပါပဲ။
မိဘအိမ်ကြီး ဘယ်လောက်ကောင်းကောင်း
ကိုယ်ရှာတဲ့ဝင်ငွေနဲ့ ကိုယ်ပိုင်အိမ်တစ်လုံး ပိုင်ဆိုင်ချင်ကြပါတယ်။
မိဘလက်ငုပ်လက်ရင်းအလုပ်မျိုးအတူတူလုပ်ရတဲ့
သားသမီးတွေကတော့ မိဘအိမ်မှာ အတူတူနေကြရတာမျိုး
ရှိကြပါတယ်။
ကျွန်မဖေဖေနဲ့မေမေ အိမ်ထောင်ကျကာစ မိဘများနဲ့အတူနေခဲ့ကြတယ်။
အဖေက သစ်တောဌာနက ဝန်ထမ်းငယ်၊အမေကအဒေါ်အပျိုကြီးတွေနဲ့အထည်ဆိုင်ဖွင့်စက်ချုပ်တယ်။
ရတဲ့ပိုက်ဆံကိုယ်ဖာသာစုကြ၊စားတာဝတ်တာ မိဘများကျွေးမယ်။
ဒီလိုနဲ့သားတစ်ယောက်မွေးတော့ မြေးဦးလေးမို့ ချစ်လိုက်တာတုန်နေကြတာပေါ့။
အဖေက ရေတာရှည်မြို့လေးကိုပြောင်းရတဲ့အခါ ယောင်နောက်ဆံထုံးပါအနေနဲ့မေမေလိုက်ခဲ့တယ်။
ကျွန်မကို ကိုယ်ဝန်ဆောင်ထားချိန် အဖေက မေမြို့သစ်တောကျောင်း ဒီပလိုမာတက်ခွင့်ရခဲ့တယ်။
အမေက စိတ်ဓါတ်သန်မာတဲ့အမျိုးသမီးမို့ သွားတက်ပါ။ကျွန်မကစက်ချုပ်တဲ့ဝင်ငွေရှိတယ်။
ပတ်ဝန်းကျင်ကလည်း တရုတ်လူမျိုးမိသားစုတွေက ခင်ကကြစောင့်ရှောက်ပေးကြတယ်။
ကျွန်မမွေးလာတော့ အမ်းမ၊မာမား၊ပါပါးတို့ကထိမ်းပေးကြရသတဲ့။ မေမေက အဲဒီအချိန်က ရင်ဖုန်းအင်္ကျီအချုပ်တော်တော့စက်ချုပ်ရတာ မနားရဘူး။
ဖေဖေသင်တန်းဆင်းပြန်လာတဲ့အခါ သားနဲ့သမီးနဲ့မိသားစုလေးဖြစ်လာတော့ ခြံကွက်ဝယ်ပြီး ကိုယ်ပိုင်အိမ်လေးဆောက်ကြမယ်။
မေမေ့အဖေက အိမ်ထောင်ကျကတည်းက မေမေ့ကို ရွှေဘီး၊ရွှေကြယ်သီး၊ဆွဲကြိုး၊လက်ကောက်တဆင်စာလက်ဖွဲ့ပေးထာတာရှိတော့ အဖေတို့အမေတို့စုဆောင်းထားတာရယ် ရွှေဘီးနဲ့ရွှေကြယ်သီးရောင်းပြီး ပျဉ်ထောင်အိမ်လေးတစ်လုံး ဆောက်ခဲ့ကြပါတယ်။
ဖေဖေကသစ်တောအရာရှိငယ်လေးဖြစ်လာပြီ၊ အိမ်ကို ပျဉ်းကတိုးလျှာခင်းနဲ့ အိမ်ရှေ့ဝရန်တာလေးရယ်၊သံဇကာလေးကတထပ်ခံလို့ မိသားစုလေးဦးလုံလောက်စွာနေနိုင်တဲ့အိမ်လေးတလုံးပိုင်ဆိုင်နိုင်ခဲ့ကြပါတယ်။
ကျွန်မဆယ်ကျော်သက်ဘဝတစ်လျှောက်လုံး ဒီအိမ်လေးမှာကြီးပြင်းလာခဲ့ရတယ်။ မိဘတွေရဲ့ သားသမီးကို ဖြည့်ဆည်းပေးမှုက ငါ့သားငါ့သမီး သူများအိမ်ငှားနေရတယ်ဆိုတဲ့ သိမ်ငယ်စိတ်မျိုး မရှိစေချင်တာပါ။
ကြမ်းခင်းလေးကို အုန်ဆံခွံနဲ့ရေနံချေးနဲ့တိုက်ပြီးပြောင်လက်တောက်ပနေအောင်ထားခြင်းကလည်း အိမ်တစ်အိမ်ရဲ့သန့်ရှင်းမှုကိုပြနေပါတယ်။
အိမ်ကလေးကိုခြံရဲ့အလယ်တည့်တည့်မှာဆောက်ထားတော့ အိမ်ရှေ့ပိုနေတဲ့မြေကွက်လပ်မှာ နိုင်ငံခြားနှင်းဆီတွေစိုက်ပါတယ်။
အဲဒီခေတ်ကာလ နှင်းဆီပန်းအပွင့်လှလှကြီးတွေကိုပွဲတက်ပန်ကြလေ့ရှိတယ်။
နှင်းဆီပန်းရောင်းရဝင်ငွေလည်းရှိတယ်၊မေမေရဲ့ စက်ချုပ်တာကလည်း အိမ်မှာအပ်ထည်တွေတောင်ပုံယာပုံနဲ့ ကျွန်မဘဝက မိဘလက်ထက်မှာနေစဉ်ကတည်းက ဘာမှတော့ပူပင်ကြောင့်ကျစရာမရှိခဲ့ပါဘူး။
ရိုးရှင်းလှတဲ့ နိုင်ငံဝန်ထမ်းမိသားစုလေးဘဝမှာ နေစရာအိမ်၊ စီးစရာစက်ဘီး၊ အပန်းဖြေစရာ ရေဒီယိုတစ်လုံးနဲ့ တစ်နှစ်စာဖြည့်တင်းတတ်တဲ့မီးဖိုချောင်ဝမ်းစာအပြည့်ရှိထားပေမယ့်
ကျောင်းတက်ရင် ဝတ်စရာ ကျောင်းဝတ်စုံ သုံးစုံ၊ လေးစုံထက်ပိုမချုပ်ပေးဘူး။
တစ်စုံကိုနှစ်ရက်ဝတ်ရတာနော်။
ထမင်းစားရင် အသားဟင်းတစ်တုံး၊ ဘဲဥတစ်ခြမ်း၊ လဘက်သုပ်၊ ငပိရည်နဲ့မြေပဲကြော်၊ တို့ဟူးသုပ်၊အကြော်နဲ့လည်းစားတတ်ခဲ့ကြပါတယ်။
အဲဒီအိမ်ကလေးမှာ ကျွန်မရဲ့ငယ်ဘဝအနှစ်နှစ်ဆယ်ကျော်နေထိုင်ခဲ့ပြီး အဖေ့ရဲ့ တိုးမြင့်လာတဲ့ရာထူးအရှိန်အဝါများနဲ့ ဒီထက်ပိုကောင်းတဲ့နေရာဒေသမှာ နောက်ထပ်အိမ်အသစ်တစ်လုံး ပိုင်ဆိုင်လာခဲ့ပါတယ်။
ဒါကမိဘများရဲ့ တစ်ဆင့်ချင်းကြိုးစားတက်လှမ်းခဲ့တာလေးပါ။
( ၂ )
အိမ်ဆိုတာလေးရေးတော့
အဲဒီပျဉ်ထောင်အိမ်အမဲလေးမှာ
နေခဲ့ရတာ ဂုဏ်ငယ်ရတယ်လို့
တစ်ခါဘူးမျှ မတွေးခဲ့မိတာပဲ။
နှစ်တိုင်းအိမ်ကို ရေနံချေးသုတ်ရပါတယ်။
ခြမကိုက်ပိုးမတွယ်စေအောင်ပါ။
ရေနံချေးထုတ်တပိဿာထုတ်တွေရောင်းတာရှိပါတယ်။
အဲဒါကိုမီးနဲ့ကြိုပြီးအရည်ပျော်မှပုံးလေးထဲထည့်
လှေကားနဲ့တက်ပြီး အဝတ်စနဲ့လက်နဲ့လိုက်သုတ်ရပါတယ်။
အရင်ကတော့အငှားလိုက်သုတ်တဲ့သူတွေရှိတယ်။
အကာကအချစ်အနှစ်ကမေတ္တာ ရုပ်ရှင်ဇတ်ကားမှာ ကျော်ဟိန်းကို အိမ်ရေနံချေးသုတ်ခိုင်းခဲ့တာကြည့်ဘူးကြမလားပဲ။
အိမ်က ခြေတံရှည်ဆောက်ထားတော့ ကျွန်မ အရွယ်ရောက်လာတဲ့အခါ အောက်ထပ်ကိုဘိလပ်မြေခင်းပြီးဘေးက ပျဉ်ကွက်ကြားထပ်ကာလိုက်တော့ အိမ်က နှစ်ထပ်ဖြစ်သွားခဲ့ပါတယ်။
အပေါ်ထပ်ကအိပ်ခန်းက ကျွန်မအတွက်အပျိုခန်းဖြစ်သွားပါတယ်။
အဖေနဲ့အမေတို့က အောက်ထပ်မှာပဲ အခန်းဖွဲ့နေကြတယ်။
အိမ်ရှေ့ရေတွင်းတူးထားတာ မြေကျင်းအတိုင်းကိုမှ အပေါ်က သစ်သားဘောင်တွေခပ်ထားခဲ့တာပါ။
ရေကလည်းမိုးတွင်းဆို လက်နဲ့ကုန်းခပ်ရင်တောင်ရတဲ့ ရေထွက်ကောင်းပါတယ်။
ငယ်ငယ်က ဒီတွင်းထဲကရေပဲမနက်စောစောထခပ်ပြီး သောက်ရေဖြည့်ခဲ့ရတာ၊ ဘယ်ရေသန့်မှလည်းမသောက်ခဲ့ရပါဘူး။
ရေပုံးမှာကြိုးလေးတပ်လို့ ရေခပ်ရ၊ရေငင်ရတဲ့အလုပ်ကိုအခုခေတ်ခလေးတွေ ဘယ်တတ်ကြတော့မလဲလေ။
အဲဒီလိုရေတွင်းကရေကို အိမ်ကသုံးရေ၊သောက်ရေ၊ချိုးရေကန်ထဲအပြည့်ဖြည့်ရတာက ကျွန်မအကိုရဲ့တာဝန်အဖြစ်ပေးထားတယ်။
နောက်ပိုင်းမှာ ရေတွင်းကိုအုတ်စီဘိလပ်မြေနဲ့သရိုးကိုင်ပြီး စက်သီးကြိုးနဲ့ဆွဲပြီးရေခပ်ရပါတယ်။ဒီနည်းက တော့ရေခပ်ရတာမြန်တယ်။ကျွန်မတို့အရွယ်တွေ လက်မောင်းပြည့်ရခြင်းအကြောင်းက ရေခပ်ရတာလည်းပါတယ်နော်။
လျှပ်စစ်နဲ့သုံးပြီးရေတင်ရတာမျိုးလည်းမရှိသေးဘူး။
ကျွန်မက အိမ်သာရေအိုးထဲဖြည့်ရပါတယ်။အငယ်မို့အကြီးတွေကိုငရဲပေးမလိုဖြစ်မှာစိုးလို့ပါ။
မနက်တိုင်းသောက်ရေအိုးကပန်းကန်နဲ့ကြေးခွက်ကို လက်လက်ထအောင် တိုက်ချွတ်ဆေးပေးရတာက ကျွန်မတာဝန်ပါ။
မူလတန်းကနေ ဆယ်တန်းအထိ ဒီအိမ်မှာ ပျော်ရွှင်စွာနေခဲ့ရတယ်။ အဖေအမေရဲ့ ထပ်တိုးရှာတဲ့စီးပွားရေးလုပ်ငန်းတွေမှာလည်း ကျွန်မတို့မောင်နှစ်မနှစ်ယောက်ဝင်ကူကြရပါတယ်။
အဖေက ဧကသုံးဆယ်လောက်ရှိတဲ့ စိုက်ပျိုးရေးလုပ်ငန်းတစ်ခု လုပ်ခဲ့သလို အမေက စက်ချုပ်တာနားပြီး အိမ်မှာ ကုန်စုံဆိုင်ဖွင့်လိုက်ပါတယ်။
အိမ်ရဲ့စားစရိတ်ကိုအမေ့ဆိုင်က အကုန်ဖြည့်ပေးတယ်။
ကျောင်းကပြန်လာတာနဲ့ မနားရပါဘူး၊ ညနေဆိုဈေးရောင်းရတာလူသုံးလေးယောက်ဝိုင်းကူရပါတယ်။
တစ်ခုပြောဖို့မေ့နေတယ်။
အဖေက အကြီးဆုံးသားဖြစ်သူမို့ ကျန်တဲ့မောင်နှစ်မတွေကို အမြဲတမ်းတတ်နိုင်သမျှစောင့်ရှောက်သလို အမေကလည်းထို့အတူပါပဲ။
အဖေ့တူ၊တူမများ၊အမေ့ရဲ့တူတွေတူမတွေပါ အိမ်မှာခေါ်ပြီး ကျောင်းပညာထားပေးခဲ့တယ်။
အကိုတို့ကစည်းကမ်းကောင်းလို့ သားသမီးတွေအပ်ပါတယ်ဆိုပြီး ကျေကျေနပ်နပ်ကို လာထားကြပါတယ်။
ကျွန်မရဲ့ငယ်ဘဝက တစ်ဝမ်းကွဲမောင်နှစ်မများနဲ့အတူေနရပြီးတန်းတူအခွင့်အရေးသာ ရရှိနေခဲ့ရတယ်။
ငါ့သမီးလေးမို ပိုအလိုလိုက်မယ်မထင်ပါနဲ့။
ဆန်ရင်းနာနာဖွတ်သလို ပိုအဆူခံရတတ်ပါသေးတယ်။
အဖေ့စိုက်ပျိုးရေးလုပ်ငန်းကိုအကိုက ဝိုင်းကူညီရပါတယ်။
ဒီလိုမိသားစုမှာ ကြီးပြင်းလာရတာ
ချမ်းသာသူတွေမဟုတ်ပေမယ့် ကိုယ့်သူငယ်ချင်းအကုန်လုံးနီးပါးကလည်း ကိုယ့်လိုလူတွေချည်းပဲဆိုတော့ ဂုဏ်တုဂုဏ်ပြိုင်လည်းလုပ်ရကောင်းမှန်းမသိကြပါဘူး။
မိဘမျိုးရိုးစဉ်ဆက်ချမ်းသာတဲ့သူငယ်ချင်းတွေလည်းရှိပါတယ်။ သူတို့ကလည်း ကိုယ်တွေနဲ့ဆိုးတူကောင်းဖက် ခင်မင်ခဲ့ကြတာအခုချိန်ထိပါပဲ။
ဒီလို ဘဝအခြေအနေမျိုးကနေ အေဖကရာထူးကြီးတနေရာထပ်တိုးပြီး အခြားမြို့ကိုပြောင်းရပါတယ်။
အကိုက တက္ကသိုလ်တက်နေသလို ကျွန်မလည်း တက္ကသိုလ်စတက်ရပါတော့မယ်။
ဘဝရဲ့အပြောင်းအလဲမှာ အဖေ့ရဲ့ကြိုးစားမှုနဲ့ အမေရဲ့စည်းကမ်းတကျ နေတတ်မှုများကြောင့်သာ ဖြစ်ပါတယ်။
အဖေက အိမ်ရဲ့အရေးအတွက်နောက်ဆံတင်းစရာမလိုခဲ့ဘူး။
ကျွန်မတို့ပညာသာသင်ကြပါ။အဖေအမေက တတ်နိုင်သမျှထားပေးမယ်။
အဲဒီလို မိဘကောင်းပိုင်ဆိုင်ခွင့်ရထားတဲ့ သားသမီးများအတွက် အနာဂါတ်ကောင်းတွေ မလွဲမသေရရှိလာတာကတော့အမှန်ပါပဲ။
ဒီအိုး ဒီအိမ်မပျက်စီးရအောင် ထိမ်းသိမ်းစောင့်ရှောက်ပေးမှုဟာ ဖခင်ကောင်း မိခင်ကောင်းတို့ရဲ့ တာဝန်ပါ။
အိမ်တင်မပျက်စီးစေတာမဟုတ်ပဲ မိသားစုပါမပြိုကွဲအောင်
သစ္စာစောင့်သိခြင်း၊ လောကရဲ့လူ့ကျင့်ဝတ်ကို လူပီသစွာ
နေထိုင်တတ်ခဲ့ခြင်း အကျိုးများကြောင့်ထင်ပါတယ်။
အဖေကတနယ်တကျေးမှာ ရာထူးတာဝန်ထမ်းဆောင်နေပေမယ့် မိသားစုရဲ့အရေးကိုသာ ရှေ့ရှုနေခဲ့ပါတယ်။
တစ်ယောက်တည်း ချက်စားတယ်၊တပည့်လေးတစ်ယောက်အတူနေဖို့ကူဖို့ထားတယ်။
ကျွန်မအဖိုးအသက်ရှစ်ဆယ်ကျော်အတွက်အဖေဟာ သားကြီးတော့အဖအရာအဖြစ် ကျေးဇူးဆပ်ခဲ့ပါတယ်။
နောက်ထပ် အဖေဆုံးဖြတ်လိုက်တာ မြို့ကြီးပြကြီး ဆွေမျိုးများနီးတဲ့ပဲခူးမှာနေဖို့ ခြံမြေတွေဝယ်ခဲ့ပါတယ်။
ငါ့သားနဲ့သမီးများ အိမ်ကောင်းကောင်းနဲ့နေစေရမယ်။
၃
ပဲခူးမှာ အခြေချမယ်ဆုံးဖြတ်တာက
အဖေက ကဝဇာတိ၊အမေက ပဲခူးမရောက်ခင်ဘုရားကြီးဆိုတဲ့ မြို့သူ။
အဲဒီတော့အသက်ကြီးလာတဲ့အခါ ကိုယ်ရပ်ရွာနားနီးတဲ့ဆွေမျိုးများနီးတဲ့နေရာမှာ အခြေတကျနေထိုင်ကြမယ်။
အဖေက သူကိုယ်တိုင်အိမ်ဒီဇိုင်းဆွဲတာနော်။
အောက်ထပ်မှာက ပင်မ အခန်း၊ဧည့်ခန်း၊ထမင်းစားခန်း၊ရေချိုးခန်းအိမ်သာအပြင် သမီးအက်ြုက် ဧည့်ခန်းကိုအလှရုပ်ကလေးတွေတင်တဲ့စင်ကလေးတွေပ်ထည့်လုပ်ထားတယ်။
အပေါ်ထပ်မှာ ဘုရားခန်း၊ သားအတွက်နဲ့သမီးအတွက် တခန်းစီ၊ဧည့်သည်လာရင်လည်း အပေါ်ထပ်မှာ တည်းလို့ရတယ်ပေါ့။
မိဘများရဲ့ သားသမီးနဲ့နေချင်တဲ့ဆန္ဒတွေပါ။
အဖေကအိမ်အသစ်ပြီးတဲ့အခါ အမေ့ကိုလည်းအလုပ်မလုပ်ပါနဲ့တော့၊ နယ်ကအိမ်ကနေ ပဲခူးကိုအပြီးပြောင်းခဲ့ဖို့ပြောတယ်။
အဲဒီအချိန် ခေတ်ကာလ အပြောင်းအလည်းကရုတ်တရက်ပေါ်ပေါက်လာခဲ့တယ်။
ကျွန်မလည်းတက္ကသိုလ် ဒုတိယနှစ်တက်နေရင်း ကျောင်းတွေပ်တိထားခဲ့တော့ နယ်မှာအမေနဲ့အတူနေပြီး ဈေးကူရောင်းနေရချိန်မှာ ကျွန်မအတွက် အိပ်မက်အသစ်တွေ ထပ်မံဖန်တီးပေးသူနဲ့ဆုံခဲ့ရပါတော့တယ်။
သို့ပေမယ့်
အဖေ့ရဲ့အိမ်သစ်ကလေးကိုတော့ မိသားစုအားလုံးပြောင်းပြီးချိန်မှ ကျွန်မရဲ့မင်္ဂလာကိစ္စကို ဆောင်ရွက်ကြဖို့ အဖေပြောခဲ့တာ သူ့သမီးလေးကိုဆရာဝန်ဖြစ်သူကလာရောက်တောင်းရမ်းယူချိန်မှာ သမီးမျက်နှာ ဂုဏ်မငယ်စေရအောင် အိမ်အသစ်လေးအမြန်ဆောက်ခဲ့တာလည်းပါမယ်ထင်ပါတယ်။
အဖေက သားသမီးအတွက် အိမ်ကောင်းကောင်းတစ်လုံးဆောက်ပေးခဲ့ပေမယ့် အဲဒီအိမ်ကလေးမှာ ခဏပဲနေလိုက်ရပြီး ကျွန်မရဲ့ ကိုယ်ပိုင်ဘဝသစ်ကို ပုံဖေါ်ဖို့ရာ ဖြစ်လာခဲ့ရပါတော့တယ်။
ဒီလိုနဲ့ သူနဲ့ကျွန်မ မိဘတွေရဲ့အိမ်မှာမနေနိုင်တော့ပဲ နိုင်ငံဝန်ထမ်းတစ်ယောက်ဖြစ်ခဲ့တာကြောင့် တာဝန်ကျရာအရပ်မှာ ကြုံသလိုသာ နေကြရပါတော့တယ်။
အစိုးရ ဝန်ထမ်းအိမ်ယာရှိရင် အဆင်သင့်နေရတယ်။
မရှိရင်အိမ်ငှားနေရပါတယ်။
ဒါပေမယ့်
ပြောခဲ့သလိုပဲ မိဘနေရာဖြစ်လာတဲ့ကျွန်မတို့လည်း ကိုယ်ပိုင်အိမ်တစ်လုံးပိုင်ဆိုင်ဖို့ ကြိုးစားရှာဖွေကြပြန်ပါတယ်။
သမီးတွေအတွက် ကိုယ်ပိုင်အိမ်လေးတစ်လုံးဆောက်ပြီးချိန်မှာ အိမ်အသစ်မှာ နေဖို့ရာကံကပါမလာသေးလို့ တိုင်းပြည်ကပေးထားတဲ့ အိမ်မှာပဲ နေရတုန်းပါပဲ။
အဖေနဲ့အမေက သူတို့ရဲ့အိမ်မှာ မြေးမတွေခေါ်ထိမ်းရင်း
ပင်စင်စားဘဝကို ဖြတ်သန်းနေကြရပါပြီ။
ကျွန်မတို့အိမ်ကလေးကို အတည်တကျနေတော့မယ်ဆိုတဲ့အချိန်မှာလည်း ကျွန်မသမီးများက ရန်ကုန်လိုမြို့ကြီးမှာ အလုပ်ဝင်နေကြ၊ကျောင်းတက်နေကြရတော့ ကျောင်းပိတ်ချိန်၊ရုံးပိတ်ချိန်မှသာ ပြန်လာနေနိုင်ကြပါတော့တယ်။
ကိုယ်တွေရဲ့ စိတ်ကူးယဉ်ကမ္ဘာထဲမှာ သည်အိမ်ကလေးမှာ
မိသားစု စုံလင်စွာ နေကြမယ် စိတ်ကူးသူများချည်းနေမှာပါ။
မိဘကောငျးဆိုတာ
ကိုယ်တိုင်တည်ဆောက်ခဲ့ရတဲ့အိမ်ကို သာယာအောင်၊လှပအောင်၊နေချင်စဖွယ်ဖြစ်အောင်ဖန်တီးပေးချင်ကြသူများဖြစ်ပါတယ်။
ဖခင်ကောင်းတို့ရဲ့ မိသားစုအတွက်ေဆာက်ေပးတဲ့ခိုင်ခန့်တည်မြဲတဲ့အိမ်မှာ မိခင်ရဲ့မေတ္တာနဲ့နွေးထွေးစေတဲ့အခါ နေထိုင်ရတဲ့သားသမီးများ မပူမပင်စိတ်အေးချမ်းသာစွာ ရှိကြရပါတယ်။
ကျွန်မလိုပဲ ဒီနိုင်ငံမှာရှိကြတဲ့
မိသားစုတိုင်းမှာ အိမ်တစ်လုံးနဲ့ပတ်သက်တဲ့ အမှတ်တရပေါင်းများစွာ ရှိခဲ့ပါတယ်။
အိမ်တစ်လုံးဖြစ်လာဖို့ ရင်းနှီးခဲ့ရတဲ့တန်ဖိုးတွေ ၊ဒီအိမ်ထဲမှာနေရင်း မိသားစု ချစ်ကြည်ရင်းနှီးမှုတွေ၊ ဒီအိမ်မှာ အမြဲပဲအေးမြနေစေဖို့အရိပ်အာဝါသကောင်းကောင်းရမယ့် သစ်ပင်ပန်းပင်စိုက်ပျိုးခဲ့တာတွေ ၊ အခုခေတ်မှာထက် ကျွန်မတို့ငယ်ဘဝက အိမ်ကိုပိုခင်တွယ်ခဲ့ကြတယ်။
မိဘဘိုးဘွားပိုင်ဆိုင်ခဲ့တဲ့အိမ်တွေမှာ မမေ့နိုင်တဲ့ အမှတ်တရများစွာရှိကြတယ်။
အိမ်ကြီးအိမ်ေကာင်းတစ်လုံးပိုင်ဆိုင်နိုင်ဖို့ လူတိုင်းကြိုးစားတည်ဆောက်ခဲ့ရတာ လွယ်လွယ်လေးတော့ မရနိုင်ခဲ့ပါဘူး။
ဒီဘက်ခေတ်ကာလများ ရောက်လာချိန်
ခြံနဲ့ဝန်းနဲ့ဆိုတာထက် အထပ်မြင့်တိုက်ခန်းတွေ၊ကွန်ဒိုအိမ်ယာတွေ ပေါ်လာခဲ့တော့ ဒီလိုတွေနေနိုင်ဖို့ ကြိုးစားကြပြန်တာပါပဲ။
အဲဒီလိုမြို့ပေါ်လည်းမြို့အလျောက်ရွာဆိုလည်းရွာအလျောက် ပိုင်ဆိုင်ထားခဲ့ရတဲ့၊ အမှတ်တရများစွာ ရှိနေခဲ့တဲ့
အိမ်တွေ ဟာ
စစ်မီးကြောင့်တခဏေလးနဲ့လောင်ခဲ့ရတယ်။
သဘာဝဘေးကြောင့် မိနစ်ပိုင်းအတွင်းပြိုပျက်ခဲ့ရတယ်။
မိသားစုတွေ သေကွဲ၊ရှင်ကွဲဝေးကွာကြရတော့တယ်။
အားလုံးဟာ အခြေအနေကောင်းတစ်ခုကနေ မျှော်လင့်ချက်မဲ့ ရိုက်ချိုးဖျက်စီးခံလိုက်ကြရတဲ့အခါ ဘယ်လိုပြန်ထူထောင်ကြရပါ့မလည်းဆိုတဲ့ သောကတွေ ကိုယ်စီကြီးနဲ့ ခံစားနေကြရပါတယ်။
မိသားစုတစ်ခု၊ အသိုက်အမြုံတစ်ခု ပြိုလဲပျက်စီးအောင် လုပ်သူဟာ ငရဲကြီးသတဲ့။
ခုတော့
ဘာမှပြောပိုင်ခွင့်မရှိတဲ့အခြေအနေဆိုးတွေနဲ့ အိမ်တွေ မရှိကြတော့ပါဘူးလေ။
အမှတ်တရပေါင်းများစွာ ကျန်ရှိနေရမယ့်
ဘိုးမွေဘွားမွေ အိမ်တွေရော ခေတ်မှီနည်းစနစ်အသစ်တွေနဲ့ နတ်ဘုံနတ်နန်းအလား ဖန်တီးထားခဲ့တဲ့ အိမ်တွေအပါအဝင်
သားတွေသမီးတွေအတွက်
မျှော်လင့်ဖန်တီးခဲ့ကြတဲ့ အနာဂါတ်အိမ်အသစ်တွေ အတွက်
နာမည်တပ်ပြီးပြောလို့မရတဲ့
ခံစားချက်ကိုယ်စီများစွာနဲ…..။
အိမ်အသစ်ပေါင်းများစွာ ကြိုးစားတည်ဆောက်နိုင်ကြပါစေ။
မြမြဦးခင်








