ပြန်ဆပ်ချင်သည့်ကြွေး(စ/ဆုံး)
” ရော့ .. အဖွား .. ဒါက အဖွားဘို့ ..” အဖွားရှိရာ ရွာကလေးကို ရောက်လာသည့် ကိုကိုမောင် တစ်ယောက် သူ့အဖွားအတွက် ဝယ်လာသည့် ကိတ်မုန့်ဘူးကို ပေးရင်း ပြောလိုက်ခြင်းဖြစ်၏။ ” ဘာဖြစ်လို့ ဝယ်လာရတာလဲ ငမောင်ရယ်.. ငါမှ ဒါမျိုးတွေကို မကြိုက်တာ..” “အဖွား ပြောလိုက်ရင် ဒီတိုင်းချည့်ပဲ.. စားပါစေတော့ဆိုပြီး တကူးတကလာပို့တဲ့ ဥစ္စာ.. ကဲ ..မစားရင်လဲ နေဗျာ.. ပြန်ယူ သွားမယ်..” “ပြန်တော့လဲ ယူမနေပါနဲ့ဟယ် ..ထားခဲ့ ထားခဲ့ ..နောက်မှ စားမယ်..” “နောက်မှစားမယ်တွေ ဘာတွေ လုပ်မနေနဲ့ ကျွန်တော့်ရှေ့မှာ ခု စားပြ ” ” မနက်ဖြန် ဒီမုန့်ကို ဆွမ်းတော်ကပ်ပြီးမှ စားမှာပေါ့ ငမောင်ရယ်..ငါစားပါ့မယ်ဟဲ့..” ကိုကိုမောင် ပြုံးလိုက်ပါသည်။ ကြည်လင်သောအပြုံး မဟုတ်ပါ။ မဲ့ပြုံး ဖြစ်သည်။ ( ၂ ) သည်တုန်းက ကိုကိုမောင့်အသက်က ၁၅ နှစ်ဝန်းကျင်လောက်သာရှိသေး၏။ ဖခင်က အစိုးရ ရုံးတစ်ရုံးမှာ အရာရှိဖြစ်၍ သူတို့နေထိုင်ရာ နယ်မြို့လေးမှာတော့ မြို့မျက်နှာဖုံး စာရင်းဝင်သူတစ်ယောက်ဖြစ် သည်။ ဖခင်၏ဇာတိက ဒီမြို့ကလေးရဲ့အနီး က ရွာကလေးတစ်ရွာ ဖြစ်သည်။
သူ့တွင် ညီတစ်ယောက်ရှိပြီး ထိုရွာ၌ပင်နေထိုင်၏။ ဖခင်၏ညီ မှာ လယ်လုပ်သူတစ်ဦးဖြစ်ပြီး အရက်သေစာကို မက်မောသူဖြစ်သည့် အတွက် စီးပွားရေးရော လူမှုရေးမှာပါ နိမ့်ကျသူတစ်ဦးဖြစ်လေသည်။ ဖခင်၏ အမေ၊ ကိုကိုမောင်၏ အဖွားက ထိုသော အရက်သမား ဦးလေးနှင့် အတူနေ သူ ဖြစ်လေသည်။ ဦလေးမှာက ဇနီးနှင့် သားတစ်ယောက် ၊ သမီးတစ်ယောက် ရှိသည်။ ချို့တဲ့သော မိသားစုနှင့်အတူ နေရသည်မို့ ကိုကိုမောင့် အဖွားသည်လည်း အတူရော၍ ဆင်းရဲရ သည်ပေါ့။ ဒါကြောင့်မို့ စားဖွယ် သောက်ဖွယ်တို့ကို ကိုကိုမောင်တို့က သွားကာပို့ ပို့ ပေးခဲ့၏။ သို့သော် အဖွားစားရသည်မရှိ။ သူ့သားနှင့် သူ့မြေးတို့ ဝိုင်း၍ စားလိုက်ကြသည်သာ ဖြစ်၏။ ဒါကိုသိ၍ ကိုကိုမောင်က သူ့ရှေ့မှာပင် စားခိုင်းသော်လည်း ဆွမ်းတော်ကပ်ရန် အကြောင်းပြကာ မစားပဲယူထားခြင်းဖြစ် သည်။ သူ ပြန်သွားသည်နှင့် သူ့ညီ ညီမ ဝမ်းကွဲတို့ အလုအယက်စားကြပေလိမ့်မည်။
အဖွားက ပြုံးပြီးကြည့်နေပေလိမ့်မည်။ ဒါကိုတွေးမိ၍ ကိုကိုမောင် မဲ့ပြုံး ပြုံးမိခြင်း ဖြစ်ပါသည်။ (၃) ” ဖေဖေ့… အဖွားကို အိမ်မှာ ခေါ်ထားရင် ပြီးရော.. ရွာမှာနေရတာ အနေဆင်းရဲ အစားဆင်းရဲနဲ့..” “မင်းအဖွားက ခေါ်ထားလို့ မရလို့ပေါ့ မောင်မောင်ရယ် ” “ဘာဖြစ်လို့ မရတာလဲ ” “သူက မြို့မှာနေရတာ အသက်ရှူလို့ မဝဘူးတဲ့ကွာ..” “ဟာ သားတို့လဲ ကိုယ့်ခြံကိုယ့်ဝန်းနဲ့နေတာ ပဲဟာ” “တောနဲ့မြို့က ဘယ်တူမလဲကွ.. အမေက တောမှာမွေး..တောမှာကြီးတာဆိုတော့ ကွင်းထဲမှာနေနေကျ ဖြစ်နေတာလေ” “အဖွား နေနေကျတာက အကြောင်း မဟုတ်ဘူး .. အသက်ကြီးနေတာတောင် ဆင်းဆင်းရဲရဲ နေနေရလို့ သားက စိတ်မကောင်းတာ” “ဖေဖေ က မင်းအဖွားကို ထောက်ပံ့ထားတာ ပဲ မောင်မောင်ရယ် ..” “ဖေဖေရယ် ..ဖေဖေ ဘယ်လောက်ပဲ ထောက်ပံ့ထောက်ပံ့ အဖွားသုံးရတယ်မှ မရှိတာ..ဦးလေးဆီပဲ ရောက်ရောက်သွား တာလေ..” သည်တော့မှ သားအဖ ၂ယောက် စကားပြောနေသည်ကို ငြိမ်၍ နားထောင် နေသည့် မိခင်က “မေမေတို့လဲ သိတာပေါ့သားရယ်.. ဒါပေမဲ့ သားအဖွားက အဲဒီလိုနေရတာကိုပဲ စိတ်ချမ်းသာနေတော့ ဒီတိုင်းပဲ ကြည့်နေရ တော့တာပေါ့..” (၄) မကြာခင် အဖွား နာမကျန်း ဖြစ်ပါတော့ သည်။
ဖခင်က မြို့သို့ခေါ်ထားကာ ကုသ ပေးသည့်အတွက် ကိုကိုမောင့်ဆန္ဒ ပြည့်ဝ သွား၏။ သို့သော် နေကောင်းစပြုသည်နှင့် ရွာပြန်ပို့ပေးရန် တောင်းဆိုလေတော့သည်။ ဆရာဝန်က ဆက်လက်ကုသရန် ရက်ချိန်း ပေးထားသေးသည်ဟု အကြောင်းပြကာ ဆွဲထားကြသေးသော်လည်း ကြာကြာတော့ မခံခဲ့ပါ ။ ပြန်ပို့ပေးရန် အကြိမ်ကြိမ်တောင်းဆိုနေ၍ အဆုံးတွင် ရွာကို ပြန်ပို့ပေးလိုက်ရပါတော့ သည်။ သည်တစ်ခါတော့ ကိုကိုမောင် တွေးမိလိုက် သည်။ ” အဖွားက ငါ့ထက် ရွာကသူ့မြေးတွေကို ပိုချစ်တာပါ..” ဟူ၍ဖြစ်၏။ (၅) သည့်နောက်တွင်တော့ ကိုကိုမောင် အဖွားအပေါ် ညစ်ကပ်ကပ် လုပ်လာသည်။ မုန့်ပဲသွားရည်စာ သွားပို့တိုင်း သူ့ရှေ့မှာပင် ဇွတ်စားခိုင်းသည်။ ထားခဲ့ဖို့ပြော၍လည်း မရ။ မလွှဲသာသည့်အဆုံး မြိုမကျပဲ စားရရှာ သည့် အဖွားနှင့် မလှမ်းမကမ်းမှ စားချင်၍ စောင့်ကြည့်နေသော ဝမ်းကွဲ ညီ၊ညီမတို့ကို ကြည့်ကာ ကိုကိုမောင် မနောခွေ့တတ်လာ ခဲ့ချေသည်။ (၆) ငယ်စဥ်က အဖြစ်အပျက်တို့ကို ပြန်တွေး မိရင်းက ဦးကိုကိုမောင်တစ်ယောက် သက်ပြင်းရှည်ကြီးကို မောပန်းစွာမှုတ်ထုတ် လိုက်မိလေသည် ။
ခုတော့ အဖိုးအရွယ် ဦးကိုကိုမောင် ဖြစ်လာ ခဲ့ပြီ။ သားသမီး ၃ယောက် ရှိသည့်အထဲက အထွေးဆုံးသားနှင့် အတူနေသည့် အဖိုးအို ဖြစ်လာခဲ့ပြီ။ သားကြီးနှင့်သမီးလတ်တို့က ပြေလည်ကြပါ သည်။ သူနှင့်အတူနေသည့် သားငယ်ကတော့ ခပ်ဆိုးဆိုးထဲကဟု ပြောရမည်ဖြစ်သည်။ ဦးကိုကိုမောင်၏ ဦးလေး ဝင်စားတာ များလား ဟူ၍ပင် တွေးမိရသည်အထိ ဖြစ်ခဲ့၏။ အရက်ကလေး တမြမြ ၊ အလုပ် အကိုင်ကလည်း ထည်ထည်ဝါဝါ မဟုတ် တော့ ဆင်းရဲသည်ဟု မဆိုသာရင်တောင် ချို့တဲ့သည့်အထဲတွင် ပါသည်ဟု ဆိုရမည်။ ဒီမိသားစုတွင် သူနေသည်။ အဖွား၏ ဝဋ် က ဘဝမကူးပဲ ဦးကိုကိုမောင် လည်တော့သည်။ သားကြီးနှင့် သမီးလတ်က ဘယ်လိုခေါ်ခေါ် သူ သွားမနေနိုင်ခဲ့။ ခပ်ဆိုးဆိုးသားကို သူ့မျက်ကွယ်မှာ ထားခဲ့ဖို့ ဘယ်လိုမှ စိတ်မဖြောင့်နိုင်။ “အဖေက သူ့သားဆိုးလောက် သမီးတို့ကို မချစ်ပါဘူး..” သမီးလတ်၏ ခနဲ့သည့်စကားကို ခေါင်းငုံ့ ကာ ပေပြီး ခံနေခဲ့သည်။
“အဖေ့သားက သူဟာသူဆိုးတာအကြောင်း မဟုတ်ဘူးအဖေရဲ့ ..သူဆိုးတာသူခံရမှာပေါ့ ခုဟာက အဖေပါ ရောပြီး သူ့ဆိုးဒဏ် ခံနေ ရတာလေ..” ဆိုသည့် သားကြီး၏ စကားကိုလည်း “ဒီမယ်ဟေ့ကောင်..သားသမီးမကောင်း မိဘခေါင်းကွ..သူ ဆိုးတာ ငါညံ့ခဲ့လို့… မင်းတို့သာ ချမ်းသာအောင်နေကြစမ်းပါကွာ ငါ့အပြစ်နဲ့ငါ ခံနိုင်ပါတယ်” ဟု ဘုတောခဲ့မိချေသည်။ ဘယ်လိုမှ ခေါ်မရသည့်အဆုံး သူ့အဖွားကို သူလုပ်ခဲ့သည့် နည်းအတိုင်း သားသမီးနှင့် မြေးတို့က လုပ်လာကြသည်။ အဖေစားပါ၊ ဖိုးဖိုးပဲသုံး ဆိုပြီး သူ့အတွက်ပဲ ပေးလာသည်။ သားဆိုးကို ပြန်ပေးလို့မရ အောင် နည်းလမ်း အသွယ်သွယ်သုံးလာ သည်။ ဒီမှာတော့ “ဒီမယ် ဟေ့ကောင်တွေရဲ့ ..မင်းတို့ တာဝန် ကြေကြပါတယ်.. ကျွေးမွေးမပျက် ဆောင်ရွက်စီမံဆိုတဲ့ သားသမီးဝတ် ကြေနေကြပါပြီ.. အေး ..ငါလည်းမင်းတို့အပေါ်မှာ မကောင်း မြစ်တာ၊ကောင်းရာညွှန်လတ် ၊ အတတ်သင် စေ၊ပေးဝေ နှီးရင်း၊ ထိမ်းမြားခြင်းဆိုတဲ့ မိဘတာဝန်ကြေခဲ့ပါပြီ .. ငါ့ဘက်က တာဝန်ကြေခဲ့ပေမဲ့ ငါ့သားငယ် က ဆိုးနေတယ် ..ငါ့ဘက်က ပြည့်စုံခဲ့တာ တောင် ဒင်းကဆိုးတာ.. ဒင်းထိုက်နဲ့ ဒင်းကံ ခံပေါ့ကွာဆိုပြီး လစ်လျူရှုရအောင် ငါက အဖေကွ ပစ်ထားနိုင်ပါ့မလား.. မင်းတို့ က အဖေသုံး ..အဖေ့သားကို မပေး နဲ့ဆိုပြီးထောက်ပံ့ကြပေမဲ့ ငါ့သားမိသားစု ဒုက္ခရောက်နေတာကို ငါကမပေးပဲထိုင်ပြီး ကြည့်နေနိုင်ပါ့မလား..မင်းတို့ စိတ်ပြတ်ရင် ပေး..မပြတ်ရင် မပေးနဲ့..အေး ..ပေးပြီးရင် ငါပိုက်ဆံ..ငါ့သဘောပဲ..” ထိုစကားတွေကို ခပ်မာမာ ခပ်ပြတ်ပြတ် ပြောပြီး ခေါင်းမာသည့် အဖိုးကြီးအဖြစ် ကို ဦးကိုကိုအောင် ခံယူခဲ့ပြီးပါပြီ။ သည့်နောက်မှာတော့.. ငယ်စဥ်က သူ့အဖွားအပေါ်သူလုပ်ခဲ့မိသည့် လုပ်ရပ်တို့ကို ပြန်ပြီးနောင်တရနေမိပါ တော့သည်။ “အဖွားရယ်…ကိုယ်တွေ့ကြုံမှ နောင်တရ ဆိုသလို ကျွန်တော်မှားခဲ့တာတွေကို တွေးပြီး စိတ်မကောင်းဖြစ်ရပါတယ်.. အဖွားရဲ့ မြေးတွေရှေ့မှာ အဖွားကို ကျွန်တော် မုန့်တွေဇွတ်ကျွေးခဲ့တယ်.. အဲဒီမုန့်ကို မြိုမကျပဲစားခဲ့ရရှာတုန်းက အဖွားရဲ့ မျက်ဝန်းမှာမျက်ရည်လည်နေခဲ့ တာကို ကျွန်တော် ပြုံးပြုံးကြီးကြည့်နေခဲ့ ဘူးတယ်.. ဒီ့အတွက် ကျွန်တော်အကြွေးတင်ခဲ့ပြီ အဖွားရယ်.. အဲဒီအကြွေးကို ကျွန်တော် ပြန်ဆပ်လို့ရရင် ပြန်ဆပ်ချင်တယ်ဗျာ..” ခုတော့လည်း ခေါင်းမာတဲ့အဖိုးကြီး မျက်ရည်ကျနေပါရောလား ။ ။
နိုင်ဝင်း(မင်းဥက္ကာ)





