သံယောဇဉ်အိမ်(စ/ဆုံး)
မောင် တစ်ကယ်ပဲဆုံးဖြတ်ပြီးသွားပြီလား” ခြောက်ကပ်ကပ် ထွက်လာသော သူ၏အသံက နှစ်ဦးသားတိတ်ဆိတ်နေမှုအား ဖြိုခွဲလိုက်သည်။ ” ဆုံးဖြတ်ပြီးပြီ မာ၊ ကျွန်တော်သေချာဆုံးဖြတ်ပြီးသွားပြီ” မာ၏ တင်းစေ့နေသော နှုတ်ခမ်းက ပြုံးမိသည်လား မဲ့မိသည်လားမပြောတတ်၊ သို့သော်သေချာသည်က မာ၏မျက်၀န်းက ရစ်ဝေ့တက်လာသော မျက်ရည်များကြောင့် မောင့်ကိုကြည့်နေရင်း အမြင်အာရုံက ဝေဝါးလာခဲ့သည်။ သူ့၏မျက်၀န်းကို အလျှင်စလိုပုတ်ခတ်ပစ်လိုက်သည်။ ဟုတ်သည်လေ သူ၊ မောင့်ရှေ့မှာ မျက်ရည်ကျလို့မဖြစ်၊ သူမျက်ရည်ကျလျှင် မောင့်ကို ရှုံးနိမ့်သွားမည်။ အို ..မဖြစ်ဘူး၊ ရင်တစ်ခုလုံး ပေါက်ထွက်သွားပါစေ မောင့်ရှေ့မှာ ဘယ်တော့မှမရှုံးနိမ့်စေရဘူး။ သူ့အတွေးကြောင့် မျက်နှာကိုမော့ကာ လှိုင်းတွန့်နေသော သူ၏ဆံပင်များကြား လက်ချောင်းများထိုးသွင်းကာ သပ်တင်လိုက်ပြီး ” မာကြိုတွေးပြီးသားပါ၊ တစ်နေ့ မောင်ဆိုတဲ့ လူတစ်ယောက်ဟာ မာ့ကို ထားခဲ့မယ်ဆိုတာ၊ ဒါပေမဲ့ မာဆိုတဲ့ ကျွန်မဟာ အနားမှာ မနေလိုသူတစ်ယောက်ကို အတင်းဆွဲထားမယ့်မိန်းမတစ်ယောက်မဟုတ်ဘူးဆိုတာ မောင်သိထားပါ” ” သိပ်သိတာပေါ့မာ၊ မင်းဟာ အချစ်ထက်မာနကိုကိုးကွယ်သူ၊ မေတ္တာထက်ဥစ္စာကို တပ်မက်သူ၊ နားလည်မှုရှိတဲ့အိမ်ထောင်ရေးထက် မင်းလိုရာပုံသွင်းနိုင်တဲ့လက်တွဲဖော်ကိုပိုင်ဆိုင်ချင်သူ၊မင်းဟာ အင်မတန်အတ္တကြီးတဲ့မိန်းမပဲ၊ မင်းနဲ့ငါနဲ့ ဒီဘ၀ဒီမျှပဲ ၊ နောင်ဘ၀များရှိခဲ့မယ်ဆိုရင် မင်းလိုမိန်းမနဲ့ တစ်နိုင်ငံထဲမှာ လူမဖြစ်ပါစေနဲ့လို့ ဆုတောင်းမယ်၊ good bye မာရီယာ” ခရီးဆောင်အိတ်ကို ဆွဲကာ သူ့အားကျောခိုင်းထွက်သွားသူ စဝ်ခွန်ဂျာ ဆိုသောမောင့်၏ ကျောပြင်အားကြည့်ကာ သူရပ်တည်ခြင်းငှာ မစွမ်းသာတော့၊ ကုတင်ပေါ်ပစ်ထိုင်ချလိုက်၏။
မောင်များလှည့်ကြည့်လေမလားဆိုသော အတွေးဖြင့် မောင့်နောက်ကျောအားမျက်တောင်မခတ်ကြည့်ရှုနေမိသော်လည်း မောင်က တစ်ချက်လေးမျှငဲ့မကြည့်၊ မောင်၏ ကားမောင်းထွက်သွားသံကြားမှ သူအားရပါးရရှိုက်ငိုလိုက်မိ၏။ ” မောင်ရယ် မာ့ရင်တွေကွဲကြေနေပါပြီ၊ မောင်သိလား ၊ အင်းပေါ့လေ တစ်နေတော့ မောင်သိလာမှာပါ၊ မောင်သိတဲ့တစ်နေ့ မာ့ကို နားလည်ခွင့်လွှတ်နိုင်မှာပါ ၊ မောင်ရယ် ပျော်ရွှင်ပါစေကွယ်” သူတိုးတိုးဖွဖွ ရေရွတ်ရင်း သူ၏ ဗီဒိုကြီးရှိရာသို့ အသွား ရုတ်တရက် မျက်လုံးများပြာဝေကာ လဲကျသွား၏။ သူသတိပြန်ရသောအခါ အိမ်ကြီးတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်လို့။ တစ်ချိန်က မောင်နှင့်သူ အတူပျော်ရွှင်ခဲ့ဖူးသော သီရိဂေဟာလေးက ယခုတော့ သုဿန်တစ်ခုပမာ ကျက်သရေကင်းမဲ့လျက်။ သူစိတ်ညစ်ညူးစွာ စန္ဒယားခုံပေါ်ထိုင်ကာ တေးသွားတစ်ချို့ကို တီးခတ်လိုက်၏။ သူ့လက်ဖြင့်တီးခတ်လိုက်သော စန္ဒယားသံက ခြောက်ခြားကျယ်လောင်စွာ ထွက်ပေါ်လာ၏။ ” မောင် ” သူ့နှုတ်မှ ချစ်ရသူအား ကျယ်လောင်စွာ အော်ခေါ်လိုက်မိ၏။ ” အဟင့် ဟင့် မောင်ရယ်၊ မာလေ မောင့်ကို သိပ်ချစ်ခဲ့တာပါ၊ မာက မောင်ထင်သလို ဥစ္စာမက်တဲ့မိန်းမတစ်ယောက်မဟုတ်သလို မောင့်ကို လိုရာကြိုးဆွဲချင်တဲ့ မိန်းမတစ်ယောက်လည်းမဟုတ်ပါဘူး ၊ တစ်ကယ်တော့ မာ့မှာလေ အဟင့် ဟင့် ဟင့်” သူ၀မ်းနည်းစွာရှိုက်ငိုလိုက်မိ၏။
သူ ပြတင်းတံခါးဆီမှရပ်ကာ အိမ်အပြင်ဘက်လှမ်းကြည့်လိုက်၏။ ” မောင်ရယ် မာ့ကိုစိတ်နာသွားတာလား၊ ခုထိ မောင်ပြန်မလာဘူးနော်၊ မောင်ရယ် နေနိုင်လိုက်တာ ၊ ဒါပေမဲ့ မောင်တော့လာမယ်မဟုတ်လားဟင်၊ မာလေ မောင်ပြန်လာမယ့်အချိန်ထိမျှော်နေမယ်သိလား” သူ့မျက်၀န်းမှ မျက်ရည်များက အတားအဆီးမဲ့စွာ ကျလာသည်။ ခြံထဲ၌ ခြုံနွယ်များဖြင့်ရစ်သိုင်းရှုပ်ပွနေကြ၏။ သူအနားမှ မောင်ထွက်သွားသည့် အချိန်မှစ သူအိမ်ထဲအိမ်ပြင်မထွက်၊ ပတ်၀န်းကျင် အရာအားလုံးဖြင့် အဆက်အသွယ်ဖြတ်ကာ တစ်ဦးတည်းနေထိုင်ခဲ့သည်။ ပတ်၀န်းကျင်ကလည်း သူ့အား မမြင်တွေ့ရသည်မှာ ကြာလေသောကြောင့် သူ့အားမေ့လျော့သွားကြဟန်သူသည်။ မိမိကိုယ်မိမိရူးနေပြီလားဟုထင်မိသည်။ အကယ်၍ ရူးသည်ဆိုဦးတော့ မောင့်ကိုချစ်မိသည့် အချစ်ကြောင့်သာ ရူးခြင်းဖြစ်ပေမည်။ သူတစ်ဦးတည်း အထီးကျန်စွာဖြင့် နေ့ရက်များစွာဖြတ်သန်းရပေဦးမည်။သို့သော် မောင်ပြန်လာသည့်တစ်နေ့တော့ မောင့်အားလွမ်းရသမျှ အတိုးချက ပျော်ရွှင်ပစ်လိုက်မည်ဟုတွေးကာ သူတစ်ချက်ပြုံးလိုက်သည်။
Xxx xxx xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx အခန်း(၂) စော်ဘွားသွေးအပြည့်ပါသော စဝ်ခွန်သာသည် အသားဖြူဖြူ မျက်လုံးမျက်ဖန်ကောင်းကောင်းနှင့် ယောက်ျားပီသသော ကိုယ်နေဟန်ထားကြောင့် မေဂျာကင်းဖြစ်ခဲ့သည်မှာအဆန်းမဟုတ်သလို နိုင်ငံခြားသွေးနှောသူ မာရီယာ၏ ဘိုဆန်သောအလှများကြောင့် တက္ကသိုလ်မြေမှာ အလှဆုံးပန်းတစ်ပွင့်အဖြစ်ထင်ရှားခဲ့သည်။ သူတို့နှစ်ဦး ချစ်သူအဖြစ်တွဲကြသောအခါ မြင်သူတိုင်းအားကျကာ နှစ်ခါပြန်ကြည့်ရလောက်အောင် လိုက်ဖက်လွန်းခဲ့ကြသည်။ မာရီယာသည် ရဲတင်းထက်မြက်လွန်းသကဲ့သို့ အယူအဆများကလည်း မြန်မာနိုင်ငံသားများနှင့်မတူ အနောက်တိုင်းဆန်လွန်းသူမို့ ထုံးတမ်းအစဉ်အလာများကြားမှ ကြီးပြင်းသူ စဝ်ခွန်သာနှင့် အတော်ပင်ညှိယူခဲ့ကြရ၏။ ” မာ ” ” ပြောလေမောင်” ” မာတစ်ယောက်ထဲ ပဲရစ်ကိုသွားမှာ မောင်စိတ်မချဘူး ပြီးတော့ ပဲရစ်က မာ့သူငယ်ချင်း ဂျိုးဆက်နဲ့လည်း သိပ်ရင်းနှီးလွန်းတာ မောင်မကြိုက်ဘူး” ” မောင်ရယ် မာ့ကိုမယုံတာလား၊ ဂျိုးဆက်နဲ့က မူလတန်းကတည်းက အရမ်းခင်ခဲ့တာလေ၊ မာနဲ့ဂျိုးဆက်က ရိုးသားတယ်၊ ခုက မာရီယာရဲ့ အလှကုန်ပစ္စည်း ကိုယ်စားလှယ်လုပ်ငန်းအတွက် မသွားမဖြစ်မို့ပါ” ” မာ ဒီလုပ်ငန်းမလုပ်လဲ ကိုယ့်ရဲ့ ခမည်းတော်နဲ့ မယ်တော်ကြီးရဲ့ နန်းစဉ်အမွေတွေက ကိုယ်နဲ့မာအတွက် ဆယ်သက်စားမကုန်ဘူး၊ မာ့ကို အေးဆေးနေစေချင်တယ်” ” ခစ် ခစ် မောင်ရယ် မာက ဒက်ဒီ့ကုမ္ပဏီက မန်နေဂျင်းဒါရိုက်တာရာထူးတောင် မယူပဲ မာဝါသနာပါတဲ့အလုပ်ကို လုပ်တာလေ၊ မောင့်မိဘအမွေကို မာက မက်မယ်ထင်နေလား” ” မာ့ကို မယ်တော်ကြီးက မိန်းခလေးတစ်ယောက်ထဲလျှောက်သွားတာမျိုး မဖြစ်စေချင်ဘူး” ” မောင်ရယ် မာက ကလေးမဟုတ်ဘူး၊ မာလက်ထပ်မှာက မောင့်ကို၊ မောင့်အသိုင်းအဝိုင်းက မာ့ကို ဘယ်လိုထင်ထင် မောင်နားလည်ရင်ရပြီ၊ မောင်မာ့ကို ချစ်နေရင်လုံလောက်ပြီ အိုကေ” ” ဟူး…..” နှစ်ဦးသား အတွေးကိုယ်စီဖြင့် ငြိမ်သက်နေကြ၏။
ဤသို့ဖြင့် ထုံးတမ်းအစဉ်အလာကြီးသော စဝ်ခွန်သာနှင့် မာရီယာတို့ချစ်သူနှစ်ဦးကြား၌ အဆင်မပြေမှုများကြီးထွားလာခဲ့သည်။ မာရီယာ ပဲရစ်သို့ရောက်သောအခါ ခေါင်းကိုက်ခြင်းဝေဒနာအား ကြီးစွာခံစားလာရသည်မို့ ဆေးရုံတစ်ခု၌ စစ်ဆေးကြည့်ရာ ဦးနှောက်ကျုံ့သော ရောဂါခံစားနေရပြီ။ သူအလွန်ထိတ်လန့်သွား၏။ သူ့မိခင်တုန်းကလည်း ဤရောဂါဖြင့် ကွယ်လွန်ခဲ့ရသည်။သူ့မိခင်သေဆုံးချိန်၌ မည်သူ့ကိုမှ မမှတ်မိတော့ ကလေးတစ်ဦးပမာ အသိဉာဏ်ဖြင့်သာတိမ်းပါးသွားခဲ့ရသည်။ သူ့ချစ်သူ မောင့်ကို အသိမပေးလိုတော့၊ ထို့ကြောင့် မောင့်ကို အထင်လွဲအောင်တမင်ပင် ပြုမူခဲ့သည်။ သူ မြန်မာပြည်သို့ပြန်ရောက်သောအခါ ဆေးစစ်လာသော မှတ်တမ်းများအား ဗီဒိုကြီးထဲထည့်သိမ်းထားလိုက်၏။ မောင်သည် သူ့အပေါ်အထင်အလွဲကြီးလွဲကာ လမ်းခွဲထားခဲ့သည်။ သူ မောင့်ကို ရင်နာနာဖြင့် စွန့်လွှတ်ခဲ့ရသည် မဟုတ်ပေလော။ “မာရီယာ” စဝ်ခွန်သာနှုတ်မှ ရုတ်တရက် ကျယ်လောင်စွာ အော်ခေါ်ရင်း အိမ်မက်မှ လန့်နိုးလာခဲ့၏။ ” ဟူး …မာရယ် မင်းနေမှကောင်းရဲ့လား၊ မောင့်အိပ်မက်တွေ မကောင်းဘူး၊ မင်းရော အိမ်ထောင်ကျသွားပြီလား ၊ အင်းလေ နှစ်တွေလဲကြာခဲ့ပြီပဲ ၊ မာရယ် ခုထိ မောင်မင်းကို မမေ့နိုင်သေးဘူး ၊ မင်းရဲ့ မျက်၀န်းပြာပြာလေးရယ် ၊ နှုတ်ခမ်းဖူးဖူးလေးရယ်ကို တစ်ရက်မှမေ့မရသေးဘူး မာရယ်” မျက်နှာသစ်ရင်း မှန်ထဲမှ သူ့ကိုယ်သူ ကြည့်မိ၏။ မရိတ်ဖြစ်သည်မှာ ကြာပြီမို့ ပါးသိုင်းမွေးများပင် ရှည်နေလေပြီ။ သူ့၏ဗီဒိုထဲမှ သော့တွဲတစ်ခုအား ထုတ်ယူလိုက်၏။
ထိုသော့သည် မာရီယာနှင့် သူလက်ထပ်ပြီးလျှင် နေထိုင်ရန် နှစ်ဦးသား ၀ယ်ယူခဲ့သော အိမ်၏သော့။ တသ်ကယ်တမ်း ထိုအိမ်လေး၌ မာရီယာနှင့်သူ အကြီးအကျယ်စကားများကာ လမ်းခွဲခဲ့ရသောနေရာတစ်ခု၊ ထိုနေ့က မာရီယာတစ်ဦးတည်း ထိုအိမ်လေး၌ ကျန်ခဲ့သည် မဟုတ်လား။ သူထိုသော့လေးအား ကြည့်ကာ ဆုံးဖြတ်ချက်တစ်ခုချလိုက်၏။ မသွားတာကြာပြီဖြစ်သော မြို့သို့ သူ၏ကားအားဦးတည်ကာ မောင်းထွက်လိုက်သည်။ Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx အခန်း(၃) ” လွမ်းတယ်မာရယ်” ချစ်ခြင်းများဖြင့် နှောင်တွယ်ရစ်သော သံယောဇဉ်ဟူသည် နှစ်တွေမည်မျှကြာသည်ဆိုဦးတော့ သံမဏိကြိုးကဲ့သို့ ခိုင်မာနေဆဲ တမ်းတမြဲပင် မဟုတ်ပေလော။ မာတစ်ယောက် သူ့ကိုစိတ်နာနေမည်လားဟုတွေးရင်း စိတ်မကောင်းဖြစ်ရသေးသည်။ ခြုံနွယ်များပြည့်ဖုံးကာ လူမနေသည်မှာကြာပြီဖြစ်သော အိမ်အားကြည့်ရသည်မှာ ညအချိန်မို့ ခြောက်ခြားဖွယ်ပင်ကောင်းသေး၏။ သူသံတံခါးအား ဖွင့်လိုက်သည်။ “ကျွီ” ဆီခန်းကာ သံကြေးတက်နေသော တံခါးက တကျွီကျွီမြည်ကာ ပွင့်သွား၏။ ထိုးထားသောကားမီးရောင်ကြောင့် အိမ်၏ ပြတင်းပေါက်ဆီမှ ကြည့်နေသော အရိပ်တစ်ခုအား လှစ်ကနဲမြင်လိုက်ရလေရာ ” မာ …မာရီယာ မင်းရှိနေတာလား ” သူတုန်ရင်စွာ နှုတ်မှ စကားလုံးများထွက်ကျလာသည်။ အိမ်၏ တံခါးမကြီးအား ဖွင့်လိုက်သောအခါ အိမ်ထဲ၌ လူတစ်ဦးရှိနေသကဲ့သို့ ပြောင်ရှင်းနေ၏။
” မောင် ” တိုးတိုးဖွဖွ ခေါ်သံတစ်ခု။ ” မာ …မာရှိနေတာလား မောင်ပြန်လာပြီ မာ၊ မောင့်ကို ခွင့်လွှတ်ပေးပါ ” “ကျွီ” နောက်ဖေး တံခါးတစ်ချပ်ဖွင့်သံ။ ” မာ မာ မောင်ပါ ၊ မာရှိနေတယ်မို့လား ” မှောင်နေသော အခန်းအား မီးဖွင့်လိုက်စဉ် မာသုံးနေကျရေမွှေးရနံ့က နှာခေါင်း၀သို့ ၀င်ရောက်လာသည်။ ” ခစ် ခစ် ခစ် ” တိုးတိုးညှင်းညှင်း ရယ်သံတစ်ခု။ ” ဒေါင် ဒေါင် ဒေါင်” ချိတ်ထားသော နာရီမှ အသံကြောင့် ကြည့်လိုက်ရာ ညဆယ်နာရီတိတိ၊ နောက်ဖေးဆီမှခြေသံကြောင့် သူနောက်ဖေးဖက်သို့ ထွက်လာခဲ့၏။ ” ဒေါင် …ဒင် …ဒေါင်” ဧည့်ခန်းထဲမှ စန္ဒာယားအသံက ခြောက်ခြားဖွယ်ထွက်ပေါ်လာသည်။ ထိုအသံကို သူကောင်းကောင်းမှတ်မိသည်။ မာ စိတ်ညစ်သည့်အခါတိုင်း တီးတတ်သော အသံ။ သေချာပါပြီ မာ အိမ်ထဲ၌ ရှိနေသည်။ သူဧည့်ခန်းထဲ ရောက်လာသောအခါ စန္ဒယားခုံပေါ်၌ မည်သူမျှရှိမနေပေ။ “ကျွီ …ဂလောက် ” ” ဟင် ” အိပ်ခန်းထဲမှ ထွက်ပေါ်လာသော အသံကြောင့် သူအပြေးအလွှား အိပ်ယာခန်းထဲ၀င်ကြည့်ရာ မာ၏ ဗီဒိုတံခါးတစ်ချပ်က အလိုလိုဖွင့်လိုက် ပိတ်လိုက်ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ ” မာ ကိုယ့်ကို စနေတာလား ” သူ့အသံက အဖျားခတ်တုန်ယင်နေသည်။သူတရွေ့ရွေ့ဗီဒိုဆီသို့ ချဉ်းကပ်သွားစဉ် ဗီဒိုထဲမှ ကတ်ထူအိတ်တစ်ခုက ဖတ်ခနဲပြုတ်ကျလာသည်။ ထိုအိတ်ကိုသူတစ်ခါမျှမမြင်ခဲ့ဖူး။ သူစိတ်၀င်တစား ထိုအိတ်ကိုကောက်ယူကာ ဖွင့်ကြည့်လိုက်၏။
” ဟင် ” သူ့နှုတ်မှ အာမေဋိတ်သံထွက်ပေါ်လာ၏။ မာရီယာအမည်ဖြင့် ဆေးစစ်ချက်မှတ်တမ်းများ။ သူ့မျက်လုံးများပြာဝေကာ မျက်ရည်များက အတားအဆီးမရှိကျလာ၏။ ” မာရယ် မောင့်ကိုခွင့်လွှတ်ပါ” “ကျွီ ရှပ် ရှပ် ရှပ်” တံခါးဖွင့်သံနှင့်အတူ ခြေသံများ။ ” ဟင် အစ်ကိုလေး ၊ ဘယ်တုန်းကရောက်တာလဲ၊ အိမ်က မီးလင်းနေလို့ သူခိုးများကပ်သလားဆိုပြီး လာကြည့်တာ အစ်ကိုလေးဖြစ်နေတာကိုး ” အသံကြောင့် ကြည့်လိုက်ရာ အောင်မောင်းတို့လင်မယားအား တွေ့လိုက်ရ၏။ ” မာ မာရီယာရော ” သူ့အမေးကြောင့် အောင်မောင်းတို့လင်မယား မျက်နှာက ညှိုးငယ်သွား၏။ ” မမလေးက အစ်ကိုလေးထွက်သွားတဲ့နေ့ကပဲ ဆုံးသွားရှာတယ်” ” ဘာ မာ သေပြီဟုတ်လား၊ မဟုတ်ဘူး မယုံဘူး၊ ငါ့ကိုလာမလိမ်နဲ့ ၊ ဒီအိမ်ထဲမှာ မာ ရှိနေတယ်၊ ငါ့ကိုပုန်းနေတာ ၊ မင်း မင်း တို့လိမ်တာ ” ” မလိမ်ပါဘူးအစ်ကိုလေးရယ် ၊ တစ်ကယ်ပါ ၊ ဟာ အစ်ကိုလေး သတိ သတိထားပါဦး အစ်ကိုလေး ” ရုတ်တရက် ကြားလိုက်ရသောစကားများကြောင့် စဝ်ခွန်သာတစ်ယောက် စိတ်နှလုံးအလွန်ထိခိုက်နာကျင်၀မ်းနည်းစွာ ခံစားရင်း လဲကျသွားလေသည်။ ” မာ မောင့်ကိုခွင့်လွှတ်ပါနော်” ” ခွင့်လွှတ်ပါတယ်မောင်ရယ် မောင့်ကို စောင့်နေခဲ့တာ ကြာလှပေါ့” ” မောင်ပြန်လာပြီလေ၊ မာ့ကို ဒီတစ်ခါ မခွဲတော့ဘူး၊ မောင်ကတိပေးပါတယ်ကွာ” ” အင်းပါမောင်ရယ် ” မောင့်ရင်ခွင်ထဲ၌ သူ့ခေါင်းအားတိုးဝှေ့လိုက်၏။
မောင်ကလည်းသူ့အားတင်းတင်းကြပ်ကြပ်ဖက်ထားလိုက်သည်။ ထိုသံယောဇဉ်အိမ်လေး၌ စဝ်ခွန်သာနှင့် မာရီယာတို့၏ ဝိညာဉ်အား မကြာခဏတွေ့ကြရသည်ဟု ဆိုကြ၏။ မာရီယာဖခင်သည် ထိုအိမ်လေးအား ခြုံနွယ်များရှင်းလင်းပြုပြင်ကာ တမလွန်မှသမီးဖြစ်သူစိတ်ချမ်းသာစေရန် ဤအတိုင်းပင် ထားလိုက်၏။ အခြားသူများမှ ထိုအိမ်လေးအား အကြိမ်ကြိမ်၀ယ်ယူရန် ကမ်းလှမ်းခဲ့သော်လည်း မရောင်းခဲ့ပေ။ ” ဟလို အမိန့်ရှိပါ” “………” ” ဟုတ်ကဲ့ အဲ့ဒီအိမ်ကို မရောင်းပါဘူးခဗျ၊ အဲ့ဒီအိမ်က သမီးနဲ့ သူ့ကောင်လေးတို့ရဲ့ သံယောဇဉ်အိမ်လေးမို့ပါဗျာ ”
လေးစားလျက်
စာရေးသူ နန်းကြာညို





