သားဆိုးမိခင်(စ/ဆုံး)
“ဘယ်ကောင်မှဂရုမစိုက်ဘူး သတ္တိရှိတဲ့ကောင်ထွက်ခဲ့စမ်း။ လှစိန်အကြောင်းကောင်းကောင်း သိသွားမယ် ” တိတ်ဆိတ်နေသည့်ပတ်ဝန်းကျင်အား အမူးသမားလှစိန်၏အသံကဖုံးလွှမ်း သွားသည်။ “ဝုတ် ဝုတ် ဝုတ်” “အံမယ်…ဒီခွေးကငါ့ကိုမခန့်လေးစားနဲ့ လာဟောင်နေသေးတယ်” “ကဲကြာ…” “ဂိန် ကိန် ကိန်” ခဲဖြင့်ကောက်ထုလိုက်သဖြင့် ခွေးလည်းနာကျင်ကာအော်ရင်းထွက် ပြေးသွားတော့သည်။ “ဘွားတော် တံခါးလာဖွင့်” “ဘုံး ဘုံးဘုံး” “ဟ…အိမ်ထဲကဘွားတော် တံခါးလာဖွင့်လို့ပြောနေတယ် မျကားဘူးလား” “လာပြီ လာပြီ လာပါပြီသားရယ်” “ဒီလောက်အော်ခေါ်နေတာ မကြားဘူးလား ခင်ဗျားနားကန်းနေလား “ကြား ကြားပါတယ် သားရယ် အမေ့ခြေထောက်တွေသိပ်မကောင်းလို့ ကြာသွားတာပါသားရယ်။ “နောက်တစ်ခါကျုပ်ပြန်လာရင် တံခါးမြန်မြန်လာဖွင့်ပေး မဟုတ်ရင် ကျုပ်အကြောင်းသိမယ်မှတ် ကြားလား။
“ကြားပါတယ် သားရယ် အမေနောက်တစ်ခါကြ မြန်မြန်လာဖွင့် ပေးပါ့မယ်။ “သွားထမင်းသွားခူးပေး ကျုပ်ဗိုက်ဆာနေပြီ မြန်မြန်ခူးခဲ့ ” “အေး အေး” မိခင်ဖြစ်သူဒေါ်ကြင်မေလည်း အိမ်ထဲအမြန်ဝင်ပြီးထမင်းနှင့်ဟင်းများအားခူးခပ်လိုက်သည်။ အသက်အရွယ်က၆၀ကျော်ပြီမို့ စိတ်သွားတိုင်းကိုယ်မပါတော့ လုပ်သမျှအရာတိုင်းနှေးကွေးနေတော့ သည်။ ဒေါ်ကြင်မေ၏ဘဝက အင်မတန်မှ ဆိုးဝါးခဲ့လေသည်။ သားဖြစ်သူလှစိန်အသက်၈နှစ်အရွယ်မှာ ခင်ပွန်းသည်ဆုံးပါးသွားသဖြင့် မုဆိုးမဖြစ်ခဲ့ရလေသည်။ သားဖြစ်သူလှစိန်အားရှာဖွေ ကျွေးမွေးရင်းဘဝကိုရုန်းကန်ခဲ့ရသည်။ လှစိန်ကငယ်စဉ်ကတည်းက ရိုင်းစိုင်းသူဖြစ်သည်။ လူကြီးလူကြီးမှန်းမသိ၊ ဘုရားကိုဘုရားမှန်းမသိ၊သံဃာကိုသံဃာမှန်းမသိသူတစ်ယောက် ဖြစ်သည်။
ပို၍ဆိုးသည်က မိခင်ဖြစ်သူအပေါ်အား တစ်စက်ကလေးမျှမကောင်းပေ။ အရက်မူးလာလျှင်ပိုဆိုးသည်။ မိခင်ကိုအော်ဟစ်ဆဲဆိုပြီး ကြိမ်းမောင်းတတ်လေသည်။ ထို့ကြောင့်ရပ်ထဲရွာထဲမှလူများက အရက်သမားလှစိန်အား မျက်မုန်းကျိုးကြသည်။ လူများတင်မဟုတ်တိရစ္ဆာန်များ ကတောင် လှစိန်အားမုန်းတီးကြသည်။ လှစိန်အားမြင်လျှင်ခွေးများက ဝိုင်းဟောင်ပြီးဆွဲကြသေးသည်။ ခွေးဟောင်သံကြား၍ ကြည့်မိလျှင် တခြားသူမဟုတ် လှစိန်ကိုဟောင်နေကြ ခြင်းဖြစ်သည်။ ယခုလည်းသူ့ကိုဟောင်သည့်ခွေးအား ခဲဖြင့်ထုပြီးအိမ်ပြန်လာခြင်းဖြစ်သည်။ ထမင်းစားပွဲမှာအခန့်သားထိုင်ပြီး ထမင်းစားရန်စောင့်နေသည့် လှစိန် အနီးသို့ဒေါ်ကြင်မေတစ်ယောက် ထမင်းပန်းကန်းဟင်းပန်းကန်များဖြင့် ရောက်လာသည်။ ထမင်းနှင့်ဟင်းများကိုစားပွဲပေါ်သို့ တင်လိုက်သည်။ လှစိန်ကလက်ဆေးရေခွက်ထဲမှရေဖြင့် လက်ကိုရေစွတ်ပြီးထမင်းစားရန်ပြင် လိုက်သည်။
“ဟာ…ဒါဘာတွေချက်ထားတာလဲ” “ဟို ဟိုအိမ်ဘေးကပေါက်တဲ့ အရွက်လေးတွေကိုခူးပြီးချက်ထားတာ သားရဲ့။ “ဘာ…ဒီအရွက်ချက်နဲ့ကျုပ်က ဘယ်လိုစားရမှာလဲ၊တခြားဟင်းမရှိ ဘူးလား။ “အမေ ဒီနေ့စျေးသိပ်ရောင်းမကောင်းလို့ ဒီအရွက်လေးတွေပဲချက်ထားတာ သား သားစားချင်တဲ့ဟင်းကို အမေနောက်နေ့မှ ချက်ကျွေးမယ်လေ” “သွားဗျာ မစားဘူး” “ဝုန်း ဂလွမ်း” “သွားစမ်းကွာ” “ခွမ်း” “အမယ်လေး ပန်းကန်တွေကွဲကုန်ပါပြီ သားရယ် တော်ပါတော့ အမေတောင်းပန်ပါတယ် သားရယ်” “ဘာအခုမှလာတောင်းပန်နေတာလဲ ကျုပ်အကြောင်းခင်ဗျားမသိဘူးလား။ ဘယ်တုန်းကဒီအရွက်ချက်နဲ့စားဖူးလို့လဲ နောက်နေ့ အရွက်ချက်ထပ်ပြီးချက်ရဲ ချက်ကြည့်တစ်အိမ်လုံးရိုက်ခွဲပစ်မယ် ကြားလား။ “ကြား ကြားပါတယ် သားရယ်” “သွားခင်ဗျား မျက်နှာမကြည့်ချင်ဘူး အခုသွားလိုက်တော့ တောက်” ဒေါ်ကြင်မေလည်းကြောက်ကြောက် လန့်လန့်ဖြင့်အခန်းလေးထဲပြေးဝင် လာခဲ့တော့သည်။ ထရံကိုမှီပြီးကျလာသည့်မျက်ရည်စများကိုသုတ်လိုက်သည်။ “ဘာကြောင့်ဒီလောက်တောင် ဆိုးနေရတာလဲ အမေ့သားလေးရယ် အမေ့ကိုမသနားတော့ဘူးလား။ အမေ့ကိုသားဆီကမေတ္တာတရားလေး နည်းနည်းတောင်မပေးနိုင်ဘူးလား ငါ့သားရယ် အမေမသေခင်မှာ သားနဲ့ပျော်ပျော်ရွှင်ရွှင်နေသွားချင်တယ် သားလေးရယ်။ ဒေါ်ကြင်မေ၏ရင်ထဲက စကားသံ များအားအမူးသမားလှစိန် ကြားနိုင်မည် မဟုတ်ပေ။
=============== “သားအမေစျေးရောင်းသွားတော့မယ်” “ကျုပ်ဖို့အရက်ဖိုးပေးခဲ့လေ” “သြော် အေးအေး ရော့ရော့ ၅၀၀” “ဟာ…၅၀၀တည်းနဲ့ရပါ့မလား ၁၀၀၀လောက်ပေးစမ်းပါ ဘွားတော်ရ” “သားရယ်အမေ့မှာစျေးဦးတောင် မပေါက်သေးဘူး နောက်မှပဲ” “ဟာ ပေးမှာသာပေးစမ်းပါ ကြာလို့ကျုပ်အရက်သောက်ချင်နေပြီ ပေးမြန်မြန်ပေး။ “အေး အေး ရော့ရော့၅၀၀” “တစ်ခုပြောထားဦးမယ် ညနေကျုပ်ပြန်လာရင် အားလုံးစိတ်တိုင်းကျဖြစ်နေပလေ့စေ မဟုတ်လို့ကတော့ သိတယ်မလား လှစိန်အကြောင်း” “သိ သိပါတယ် သားရယ် အမေသိပါတယ် ” “သိရင်ပြီးရော” ဒေါ်ကြင်မေလည်းစျေးတောင်းကို ရွက်ကာအိမ်မှထွက်လာခဲ့တော့သည်။ လှစိန်ကတော့ငွေ၁၀၀၀ကိုကျစ်ကျစ် ပါအောင်ဆုပ်ကိုင်ပြီးအရက်ဆိုင်သို့ ရောက်လာခဲ့သည်။ “ဖေမြင့် ငါ့အတွက်အရက်တစ်ပုလင်းနဲ့အမြည်း လာချပေးစမ်း။ “လာမယ် လှစိန်ရေ” “မြန်မြန်လာကွာ ငါသောက်ချင်နေပြီ” “ရော့ ဒီမှာတစ်ပုလင်း ဒါကအမြည်း ဒီနေ့စောလှချေလားလှစိန်ရ။ “ဟုတ်တယ် အိမ်မှာမနေချင်လို့ အစောကြီးထွက်လာတာ ဟိုဘွားတော် မျက်နှာမြင်ရင်ဒေါသဖြစ်လွန်းလို့ အရက်ဆိုင်မှာနေတာပဲ ကောင်းတယ်ကွ။ “လှစိန် မင်းမိဘကိုအဲလိုမပြောပါနဲ့ကွာ မင်းကိုမွေးထားတဲ့မအေလေ မင်းကံကြီး ထိုက်မှာစိုးလို့ ငါကပြောတာပါကွာ။ “လျာရှည်လိုက်တာ ဖေမြင့်ရာ မင်းဟာမင်းအရက်ရောင်းစရာရှိတာ ရောင်းစမ်းပါ။
ငါ့ကိုဆရာလာမလုပ်နဲ့ ” “အေးပါကွာ မင်းမကြိုက်ရင်ငါနောက်မပြောတော့ပါဘူး…” “ထွီ…” “အိမ်မှာမနေချင်လို့ အရက်ဆိုင်လာပါတယ်ဆိုမှ တရားကလာဟောနေသေးတယ်။ အရက်သောက်ရတာအာရုံနောက်တယ်” ဖေမြင့်လည်းလှစိန်အကြောင်းကို သိသဖြင့်ဆက်မပြောပဲဆိုင်ထဲဝင်လာ ခဲ့သည်။ တနေကုန်အရက်ဆိုင်မှာအိပ်လိုက် အရက်သောက်လိုက်နှင့် ညနေမိုးချုပ်မှအရက်ဆိုင်က ပြန်လာခဲ့သည်။ ထုံးစံအတိုင်းလှစိန်ပြန်လာလျှင် ရပ်ထဲရွာထဲကခွေးများမှဝိုင်းဟောင်ကြ လေသည်။ တချို့ အိမ်မှလူတွေက လှစိန်ကိုမြင်တော့ မျက်မုန်းကျိုးပြီးမျက်စောင်းတထိုးထိုး ဖြင့်ကြည့်နေကြသည်။ “ဘာကြည့်တာလဲကွ မင်းကဘာကောင်မို့လို့လာကြည့်တာလဲ သေချင်နေတာလား။ လှစိန်ကိုဘာထင်နေလဲကွ ဟေ……” အော်ကြီးဟစ်ကျယ်ဖြင့်ဆဲဆိုကာ အိမ်ပြန်လာလေသည်။ “ဘွားတော် တံခါးလာဖွင့်” “ဘုံး ဘုံးဘုံး” “ဟေ့ အိမ်ထဲကဘွားတော် တံခါးလာဖွင့်လို့ပြောနေတယ် မျကားဘူးလား။
“လာ လာပြီသားရေ အမေခြေထောက်တွေကိုက်ခဲနေလို့ လှမ်းကောင်းကောင်းမလျှောက်နိုင်လို့ ကြာနေတာပါသားရယ်။ ဒေါ်ကြင်မေလည်းထော့နဲ့ထော့နဲ့ဖြင့် အိမ်တံခါးအားလာဖွင့်ပေးရှာသည်။ “ခင်ဗျားကိုဘာပြောထားလဲ ကျုပ်အသံကြားရင်မြန်မြန်လာဖွင့်ပေးရ မယ်ဆိုတာမသိဘူးလား။ ခင်ဗျားမှာဦးနောက်မပါဘူးလား” “မ မဟုတ်ပါဘူးသားရယ် အမေကြားပါတယ် ခြေထောက်က နာကျင်ကိုက်ခဲနေလို့ လှမ်းကိုမြန်မြန် မလျှောက်နိုင်လို့ ကြာသွားတာပါ သားရယ်။ “အဟား…ဘယ်ခြေထောက်က နာကျင်ကိုက်ခဲနေတာလဲ ကျုပ်ကိုပြစမ်းပါအုံး” “နှစ်ဖက်စလုံးပေါ့သားရယ် တနေကုန်စျေးထွက်ရောင်းနေရတော့ ခြေထောက်တွေကမကောင်းတော့ဘူး။ “အင်း အင်း မကောင်းတဲ့ခြေထောက်တွေကို မြန်မြန်ကောင်းသွားအောင် ကျုပ်လုပ်ပေးမယ် ခဏလေးစောင့်။ လှစိန်ကတစ်ခုခုကိုလိုက်လံရှာဖွေ နေသည်။ ဒေါ်ကြင်မေလည်း မျက်နှာငယ်လေးဖြင့် လှစိန်အားကြည့်နေလေသည်။ “သား သားဘာလုပ္မလို့လဲသား အမေ့ကိုကြောက်အောင်မလုပ်ပါနဲ့ သားရယ်။ “တွေ့ပြီ လာ လာ ဒီနားကိုလာ လာခဲ့ ကျုပ်ဆီကိုလာခဲ့” “သားလက်ထဲမှာလည်း တံမြက်စည်းရိုးကြီးနဲ့ အမေ့ကို ဘာလုပ္မလို့လဲ သား အမေကြောက်တယ် သားရယ်” “လာပါ လာပါ ခင်ဗျားနာနေတဲ့ ခြေထောက်တွေကိုပျောက်အောင် ကျုပ်လုပ်ပေးမလို့ပါ။
“ကဲ…နာဦးမလား ဒီခြေထောက်က” “ဖြန်း” “အောင်မယ်လေး နာလိုက်တာသားရယ် “ကဲ…နောက်တစ်ခါ ကျုပ်ကိုဆင်ခြေတွေပေးဦးမှာလား” “ဖြန်း” “အား…သေပါပြီသားရယ် အမေ့ကိုမရိုက်ပါနဲ့တော့ အမေ့ခြေထောက်တွေနာလှပါပြီသား ရယ်………” “ဟေ့ကောင် လှစိန် အခုရပ်လိုက်စမ်း” အိမ်နီးချင်းများကတုတ်ဓားများဖြင့် ရောက်လာပြီးလှစိန်အားဝိုင်းထားလေ သည်။ “ဘာလဲ မင်းတို့ငါအိမ်ထဲဝင်ပြီး ဘာလာလုပ်ကြတာလဲ” “မင်းလိုလူ့တိရစ္ဆာန်ကို ဆုံးမဖို့ငါတို့ရောက်လာတာပဲ လှစိန်” “ဟုတ်တယ် မင်းနောက်ထပ် ဒေါ်ရီးကြင်မေကိုထပ်ပြီးထိရဲထိကြည့် ငါ့လက်ထဲကတုတ်ကနေရာမရွေးဘူး လှစိန်။ “ဟ…ငါ့မိဘကိုငါရိုက်တာ မင်းတို့နဲ့ဘာဆိုင်လဲ သွားသွား ကိုယ်နဲ့မဆိုင်ရင်ဝေးဝေးနေကြ။ “ငါတို့နဲ့ဆိုင်ဆိုင်မဆိုင်ဆိုင် လူ့ပတ်ဝန်းကျင်မှာလူစိတ်မရှိတဲ့သူကို ဆုံးမပေးရမှာလူတွေရဲ့တာဝန်ပဲ။ ဒေါ်ရီးကြင်မေဆိုတာ ငါ့မိဘအရွယ်ပဲကွ မအေကိုမအေမှန်းမသိတဲ့မင်းလိုကောင်ကိုသတ်ပစ်ဖို့ငါတို့တွေဝန်လေးနေမှာ မဟုတ်ဘူးကွ။ အဲဒါမင်းနားလည်လား” “ဟ ကြိုက်ပြီ ကြိုက်ပြီ ဒါမျိုးမှလှစိန်တို့က ကြိုက်တာ” “ကဲကွာ ထပ်ရိုက်တယ် ဘာဖြစ်ချင်လဲ” “ဖြန်း” “အား…နာလိုက်တာ ကယ်ကြပါဦး ကယ်ကြပါဦး သားတို့ရယ် ဒေါ်ရီးကိုကယ်ကြပါ။
“ဟေ့ကောင်တွေ ဒီလိုခွေးစိတ်ပေါက်နေတဲ့ကောင်ကို ဝိုင်းရိုက်ကြကွာ။ “ဟုတ်တယ်လေ့ ဒီခွေးတိရစ္ဆာန်ကို မှတ်လောက်သားလောက်ပညာပေး လိုက်ကြတာပေါ့။ “ကဲကြာ……” “ရော့…မိဘကိုစော်ကားတဲ့ကောင်” “ဒုတ်” “အား………” “ကဲကြာ…” “ဘုံး ဘုံး ဘုံး” “အား…အ” ရပ်ထဲရွာထဲကလူများမှလှစိန်အား ဝိုင်းရိုက်ကြသည့်အတွက် လှစိန် တစ်ကိုယ်လုံးသွေးချင်းချင်းနီရဲနေသည်။ “ဟေ့ ဟေ့ တော်ကြစမ်း လက်လွန်ခြေလွန်တွေဖြစ်ကုန်မယ်” “ဟာရွာလူကြီးရောက်လာပြီဟေ့” “တော်တော့ မရိုက်ကြနဲ့တော့ ဒီကောင့်ကိုမြို့ ကစခန်းကိုပို့ပြီး ထောင်ထဲထည့်ရမယ်” “ဒီလိုကောင်မျိုးက သေသင့်တယ် ရွာလူကြီးအသေကိုသ တ်ပစ်ရမှာ” “စိတ်ကိုလျှော့ကြပါ သူသေသွားရင်မင်းတို့လူသတ်မှု မြောက်သွားမှာပေါ့။ ဒါကြောင့်ငါကတားနေရတာ ဒီလိုလူ့ငနွားအတွက်နဲ့ မင်းတို့ကို အပြစ်မရောက်စေချင်ဘူး ဒါကြောင့်ကျန်တာငါဆက်လုပ်မယ်” “လာ…ဟေ့ကောင် ထစမ်းလှစိန်” “မင်းကိုကြည့်မရတာကြာပြီ ပြင်မလားပြင်မလားလို့ကြည့်နေတာ မင်းကမပြင်တဲ့အပြင် တစ်နေ့တခြား ပိုပိုဆိုးလာတယ်။
ဒီအတိုင်းထားလို့မဖြစ်တော့ဘူး မင်းကိုထောင်ထဲဆွဲထည့်မှရတော့မယ် မွေးထားတဲ့မိခင်ကိုကွာ လူစိတ်မရှိရက်ရက်စက်စက် ရိုက်နှက်နှိပ်စပ်ရတယ်လို့။ လူကြားလို့မှမကောင်း မင်းလိုကောင် သေရင်ငရဲကလွတ်မယ့်ကောင် မဟုတ်ဘူး။ “လာ ထ သူ့ကိုချုပ်ထားကြ” “ဟုတ်ကဲ့ရွာလူကြီး” “ဒေါ်ရီးကြင်မေ ဘာမှမပူနဲ့ ကျုပ်တို့ရှိတယ်သိလား။ ခင်ဗျားဘာမှမကြောက်နဲ့ ဒီလိုကောင်ကိုဒီလိုအပြစ်ပေးမှပဲရမယ်” “ရွာလူကြီးရယ် ကျွန်မသားလေးဒီလောက်ထိရိုင်းစိုင်း လိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့ဘူး။ ငယ်ငယ်ကလမ်းလျှောက်တတ်အောင် သင်ပေးခဲ့တဲ့ မအေကိုလမ်းလျှောက်တာ နှေးလို့ရိုက်ရက်လေခြင်း၊လူတစ်လုံးသူတစ်လုံးဖြစ်အောင် ကျွေးမွေးစောင့်ရှောက်လာတဲ့ မအေကိုနေ့စဉ်နဲ့အမျှဆဲဆိုကြိမ်းမောင်း ပြီးအမျိုးမျိုးဒုက္ခတွေပေးရက်လေခြင်း သူအိမ်ကိုပြန်ရောက်လာရင် ဘယ်လိုတွေသောင်းကြမ်းမလဲလို့ တွေးတွေးပြီးကြောက်နေရတဲ့ဘဝပါ ကျွန်မဘယ်ဘဝကဝဋ်ကြွေးတွေကြောင့် အခုလိုဖြစ်နေရတာလဲ ရွာလူကြီးရယ်” “အီး ဟီး ဟီး ” “မငိုပါနဲ့ မကြောက်ပါနဲ့တော့ ဒေါ်ရီးကြင်မေ ဒီနေ့ကစပြီး ဘာမှကြောက်နေစရာမလိုတော့ပါဘူး။
ဘာဝဋ်ကြွေးတွေမှလည်းမရှိတော့ပါဘူး လှစိန်ကိုဒေါ်ရီးကြင်မေနဲ့ဝေးရာကို ပို့ပေးပါ့မယ်……” “သူ သူထောင်ကပြန်လွတ်လာရင် ဒေါ်ရီးကိုထပ်ပြီးနှိပ်စက်မှာကြောက် တယ်………” “အဲဒီအတွက်ဘာမှမပူပါနဲ့ ဒေါ်ရီးကြင်မေအတွက် အအေးချမ်းဆုံး နေရာတစ်ခုကို ကျုပ်ပို့ပေးပါ့မယ်။ ဒေါ်ရီးကြင်မေနေမယ်မလား” “အမူးသမားလှစိန်နဲ့ဝေးရင် ဘယ်နေရာမှာမဆို ဒေါ်ရီးနေဝံ့ပါတယ်” “ဒါဖြင့်ရင်ဒေါ်ရီးကြင်မေ ဒီနေ့ကစပြီးအေးချမ်းပြီပေါ့ဗျာ” ရွာလူကြီးကဒေါ်ကြင်မေအား ပြုံးပြုံးကြီးကြည့်ကာကျေနပ်နေမိသည်။ ဒေါ်ကြင်မေခြေထောက်က ဒဏ်ရာများကိုဆေးလိမ်းပေးပြီး အိမ်နီးချင်းများကစောင့်ရှောက်ပေးကြ လေသည်။ အမူးသမားလှစိန်ကိုတော့ စခန်းအပ်ပြီးချုပ်ထားလိုက်လေသည်။ ရွာလူကြီးမှရဲစခန်းကိုအကြောင်းစုံ ပြောပြပြီးလှစိန်အားထောင်ချရန် ကြိုးစားပေးလေသည်။ ဒေါ်ကြင်မေကိုတော့ မြို့ မှတရားရိပ်သာတစ်ခု၌ခိုလုံစေပြီး တရားဘာဝနာအားအားထုတ်စေခဲ့ သည်။ တရားရိပ်မှာနေရသောဒေါ်ကြင်မေ တစ်ယောက်စိတ်နှလုံးအေးချမ်းကာ သေတပန်သက်တစ်ဆုံးအေးချမ်းခဲ့ရ လေတော့သည်။ စာဖတ်သူများအားလုံးရွှင်လန်း ချမ်းမြေ့ပါစေ။
စာဖတ်ပြီးပါကLike.&.Share ပေးပြီး စာရေးသူကိုအားပေးနိုင်ပါသည်။





