လင်ကုန်ရှုံးသူ(စ/ဆုံး)
သမီးလေး လေးနှစ်အရွယ်သမီးလေးက နှစ်ခြိုက်စွာအိပ်မောကျနေပါတယ်။ သမီးရဲ့နဖူးလေးတွေပါးမို့အိအိလေးတွေကို ကျွန်မ နမ်းရှိုက်နေမိတယ်။ ကျွန်မရဲ့ မျက်ဝန်းအိမ်က စီးကျလာတဲ့မျက်ရည်ပူတွေ သမီးပါးပြင်ပေါ်စိုကုန်လို့ လက်လေးနဲ့အသာသုတ်ပေးနေရင်းက ကျွန်မရင်ထဲစူးစူးနင့်နင့်ကြီးဖြစ်ပြီး ဝမ်းနည်းနာကျင်စွာ ရှိုက်ငိုနေမိပါတယ်။ “မနက်ဖြန် သမီးကို မေမေခွဲရတော့မယ်သမီးရယ်” “မေမေဘယ်လိုစိတ်မျိုးနဲ့ သမီးကို ခွဲထားရမလဲ” အိပ်ပျော်နေတဲ့သမီးလေးနိုးမှာစိုးလို့ မျက်နှာသုတ်ပုဝါကို ပါးစပ်မှာ ပိတ်ရင်း အသံမထွက်အောင် ရှိုက်ငိုနေရတာ ရင်ဘတ်ကြီးတစ်ခုလုံးနာကျင်နေရပါတယ်။
အခုအချိန် ကျွန်မကို သေမင်းကခေါ်မယ်ဆိုရင်တောင် ကျွန်မမငြင်းပဲ လိုက်သွားချင်တယ်။ ခုနှစ်နှစ်ဆိုတဲ့အချိန်အတွင်းမှာ ကျွန်မအတွက် ဒါဏ်ရာဒါဏ်ချက်တွေက ခါးသီးရက်စက်လှပါတယ်။ ဘယ်သူမပြုမိမိမှုဆိုပေမယ့် အဖေဆုံးပါးသွားပြီးနောက်မှာ မုဆိုးမ အမေဖြစ်သူနဲ့ နှစ်ယောက်တစ်ဘဝနေလာခဲ့ရာက ကျွန်မ ဆယ့်ငါးနှစ်အရွယ်မှာ အမေ နောက်အိမ်ထောင်ပြုလိုက်တာကစလို့ ကျွန်မဘဝကြီးဟာ အဓိပ္ပါယ်မဲ့သလိုခံစားခဲ့ရပါတော့တယ်။ ဆယ်တန်းနှစ်မှာ စာသင်နေရပေမယ့် ကျွန်မဘယ်လိုမှ မပျော်ခဲ့ဘူး။ ပထွေးဖြစ်သူနဲ့ တစ်အိမ်တည်း အတူနေနေရတာကို အရမ်းမုန်းတယ်။ ကျွန်မရဲ့အချစ်တွေကိုလုယူသွားသူကြီး။အမေကလည်း နောက်အိမ်ထောင်နဲ့ကျွန်မ အဆင်ပြေစေချင်လို့ သူယောင်္ကျားကို ချော့မော့နေတာလည်း ကျွန်မမကြိုက်ဘူး။ ဖြစ်ချင်တော့ စာကိုစိတ်မပါတဲ့ကျွန်မ ဆယ်တန်းကိုကျပါတော့တယ်။ “သမီးကျောင်းဆက်မတက်တော့ဘူး၊ အပြင်မှာအလုပ်လုပ်မယ်” “ဘာဖြစ်လို့လဲ” “နင့်အဖေကတို့သားအမိစားဖို့ဝတ်ဖို့ရှာကျွေးနေတာပဲ၊ကျောင်းဆက်တက်ပြီးဆယ်တန်းအောင်အောင်ဖြေပြီးမှ အလုပ်လုပ်ချင်တယ်ဆိုလုပ်ပေါ့” “သမီးအဖေမဟုတ်တဲ့လူဆီက ဘာအကူအညီမှ သမီးမလိုချင်ဘူး” “အဲဒါတွေခက်တာပဲ အမေ ယောင်္ကျားယူတယ်ဆိုတာ အားကိုးအားထားဖြစ်ဖို့ရယ်သမီးအတွက် ပညာသင်ကြားနိုင်အောင်ယူခဲ့တာ” ကျွန်မ ကအမေ့စကားနားထောင်ရင်း မဲ့ပြုံး ပြုံးလိုက်မိတယ်။
သမီးအတွက်တဲ့လား။ အပျိုအရွယ်ကလေးဖြစ်နေတဲ့သမီးအတွက် အဖေရှာပေးတာတဲ့လား။ ပိုက်ဆံရှာနိုင်တာတော့ဟုတ်ပါတယ်။ ညဖက်ကို အသောက်အစားလေးနဲ့ပြန်လာတတ်တဲ့ပထွေးကို မြင်တာနဲ့ ကျွန်မ အခန်းထဲကအပြင်မထွက်မိအောင်နေတတ်ခဲ့တယ်။ သူဝယ်လာတဲ့အစားအစာတွေကို ကျွန်မအကြောင်းအမျိုးမျိုးပြပြီးငြင်းခဲ့တယ်။ ဘာဖြစ်လို့မှန်းမသိဘူး။ အမေ့ရဲ့ ယောင်္ကျား ကျွန်မရဲ့ပထွေးဆိုတဲ့အသိကြီးက ကျွန်မကို အနေစိမ်းစေတယ်။ ကျွန်မဖတ်ထားခဲ့တဲ့စာတွေအရ ပထွေးက မယားပါသမီးကိုအလိုမတူပဲပေါင်းသင်းတာမျိုး၊ ကာမကျူးလွန်တာမျိုးတွေရှိတာ ကျွန်မကြောက်နေမိတယ်။ ထွက်ပေါက်တစ်ခုကို ကျွန်မရှာမိပါတော့တယ်။ ၁၆နှစ်အရွယ် ကျွန်မနှလုံးသားမှာ ချင့်ချိန်ဆုံးဖြတ်နိုင်စွမ်းနည်းတဲ့အချိန် ကျွန်မဘဝကို ကယ်တင်နိုင်မယ့်သူပေါ်လာခဲ့ပါတယ်။ ( ၂ ) ကိုယ့်ဘဝရဲ့ ဖြစ်တည်မှုတွေကို မကျေမနပ်ဖြစ်နေခဲ့တဲ့ ကျွန်မကိုနှစ်သိမ့်ပေးနိုင်ခဲ့သူလို့ထင်ခဲ့မိတဲ့သူ့ကို ဖေ့ဘွတ်ကနေ စတင်ရင်းနှီးသိခဲ့ရပါတယ်။
စိတ်တွေလေနေတဲ့ကျွန်မအတွက် Messagerကတစ်ဆင့်ခင်ခဲ့မိတဲ့ အကိုတစ်ယောက်က ညီမလေးအတွက် ဆိုပြီး ပုံလှလှလေးတွေ ပို့ပေးခဲ့ရာကစပြီး စကားပြောဖြစ်ခဲ့ကြတယ်။ တစ်ဦးတည်းသောသမီးဖြစ်တဲ့ ကျွန်မအတွက် စကားပြောဖေါ် အကိုတစ်ယောက် ရလိုက်သလိုပါပဲ။ “ညီမလေးရေ ညဉ့်နက်နေပြီလေ” “ညီမလေး နေကောင်းရဲ့လား ပို့စ်တင်ထားတဲ့စာမှာ ညီမလေးဝမ်းနည်းနေသလိုပဲ” ညီမလေးရေ ကိုကြီးမှာ ညီမလေးမရှိတော့ ညီမလေးတ်ယောက်လိုချင်နေတာ” သူပို့ပေးသမျှစာတွေဟာ ကျွန်မအတွက် ဆွဲမိဆွဲရာ ကောက်ရိုးမျှင်တစ်ခုဖြစ်ခဲ့ပါတော့တယ်။ အဲဒီကစပြီး ကိုကြီးနဲ့ခင်မင်မိရာက ရင်ဖွင့်စရာတွေဖြစ်လာတယ်။ ကိုကြီးညီမလေးကို အရမ်းသနားတယ်။တွေ့လည်းတွေ့ချင်တယ်လို့ စာပို့ခဲ့ပါတယ်။ ဖေ့ဘွတ်မှာ သိရသလောက် ကိုကြီးက မချောပါဘူး။အသားကခပ်ညိုညိုပုံပေမဲ့ စကားပြောတာ၊စာရေးတာကတော့ အလွန်ကို ချိုသာတဲ့သူလို့ ထင်ခဲ့မိပါတယ်။ “ကိုကြီး ညီမလေးကိုချစ်တယ်” ဖုန်းထဲကနေ ချစ်ရေးအဆိုခံရတဲ့ ကျွန်မရဲ့ နုနယ်လှတဲ့ နှလုံးသားဟာ တစ်ဒိုင်းဒိုင်းခုန်နေပါတယ်။
“ကိုကြီး ညီမလေးကိုလက်ထပ်ယူမယ်နော် ကိုကြီးကို ချစ်ပါတယ်ဆိုတဲ့ အဖြေတစ်ခုသာပေးပါ” “ညီမလေးကို တကယ်လက်ထပ်ချင်တာလားဟင်” “တကယ်ပေါ့ ညီမလေးရဲ့” ကိုကြီးက ညီမလေးကို အပြင်မှာ မတွေ့ဖူးသေးပေမဲ့ တကယ်ချစ်မိတာ၊ ကိုကြီးတို့နှစ်ယောက် အပြင်မှာ တွေ့ကြရအောင်နော်” ကျွန်မခေါင်းက အလိုလ်ုငြိမ့်သွားမိပြီး “ဟုတ်” ဟာ ပျော်လိုက်တာကွာ၊ဒါဆို ကိုကြီးနဲ့အတူတူတွေ့ဖို့ ညီမလေးလာနိုင်မယ့်နေရာကို ကိုကြီးမက်ဆင်ဂျာကနေပို့ပေးမယ်” ကျွန်မဘဝရဲ့ ပထမဆုံး ရီးစားနဲ့ချိန်းတွေ့ရမှာကို ခြေဖျားလက်ဖျားတွေ အေးစက်နေမိရင်းက ကိုကြီးနဲ့ချစ်သူဖြစ်သွားပြီးရင် ကျွန်မ မနေချင်တဲ့ ဒီအိမ်ကနေ လွတ်မြောက်သွားမယ်လို့ထင်ခဲ့မိပါတယ်။ ကိုကြီး မက်ဆင်ဂျာကနေ ပို့ပေးတဲ့လိပ်စာက ကျွန်မသိတဲ့ ပန်းခြံတစ်ခုဖြစ်နေတယ်။ အမေ့ကိုသူငယ်ချင်းအိမ်သွားစရာရှိတယ်ပြောပြီးညာထွက်လာခဲ့ရပေမဲ့ အဲဒီလိုမျိုးတစ်ခါမှမလုပ်ဖူးတော့ ရင်ထဲတစ်ထိတ်ထိတ်နဲ့ခုန်နေတော့တာပါပဲ။ ဖုန်းထဲကနေ အချိန်းအချက်လုပ်ရင်း ကိုကြီးစောင့်နေတဲ့နေရာဆီရောက်လာခဲ့ပါတယ်။ “ညီမလေး နဒီ” ကျွန်မနာမည်ကိုခေါ်လိုက်တဲ့ လူတစ်ယောက်ကို ကျွန်မအတွေ့မှာ ရှက်စိတ်တွေရော ကြောက်စိတ်တွေပါ ရောနေတာမို့ လူက တုန်တုန်ရင်ရင်နဲ့ “ရှင် ဟုတ်ကဲ့” “လှလိုက်တာညီမလေးရယ်” ကိုကြီးဆိုတဲ့လူက သူပါလား၊ ဖုန်းထဲမှာထက် အပြင်မှာအသက်ပိုကြီးတဲ့ပုံပေါ်ပါတယ်။
ကျွန်မလက်ကို သူကလှမ်းကိုင်ပြီး လက်ကလေးကို ဖွဖွနမ်းရှိုက်လ်ုက်ရင်းက “ကိုကြီးပျော်လိုက်တာ၊ ညီမလေးက သိပ်ချစ်စရာကောင်းတာပဲ” သူရဲ့စကားသံနဲ့သူ့အမူအရာတွေကြောင့် ကျွန်မသိပ်မစိမ်းတော့ပဲ သူ့ကိုယုံကြည်သွားခဲ့မိပါတယ်။ “ညီမလေး ဘာစားချင်လဲ၊ ကိုကြီး လိုက်ကျွေးမယ်နော်” “ဘာမှ မစားချင်ပါဘူး၊ မေမေ့ကို သူငယ်ချင်းအိမ်သွားမယ်ပြောပြီးထွက်လာတာပါ” “အို ဘယ်ဟုတ်ပါ့မလဲ ၊ ကိုကြီးနဲ့အခုမှအပြင်မှာဆုံခွင့်ရတာ၊ ကိုကြီး နဲ့အတူတူ တစ်ခုခုလိုက်စားနော်” သူက ပြောပြောဆိုဆို ကျွန်မ လက်ဖျားလေးကိုဆွဲပြီး ခေါ်ရာနောက် ကျွန်မလိုက်ခဲ့မိပါတော့တယ်။ စားသောက်ဆိုင်တစ်ခုမှာ သူမှာကျွေးတာတွေစားနေရပေမယ့် ဘာအရသာဘယ်လိုရှိတယ်လည်းမသိပဲ သူ့စကားတွေကြားမှာ ကျွန်မ ခေါင်းငြိမ့်ခေါင်းခါသာ လုပ်နေမိတယ်။ ဒီလိုဆိုပြန်တော့လည်း ကျွန်မအတွက် အားကိုးချင်စရာကောင်းတဲ့ ယောင်္ကျားတစ်ယောက်အဖြစ် ကိုကြီးကို ယုံကြည်မိသွားပါတယ်။ ကိုကြီးအသက်က ကျွန်မထက် ဆယ့်လေးနှစ်ကြီးတယ်။ကျွန်မက ဆယ့်ခြောက်နှစ်။ကိုကြီးကအသက်သုံးဆယ်။ မောင်နှစ်မသုံးယောက်မှာ ကိုကြီးက အငယ်ဆုံးသားတဲ့။ ကိုကြီးရဲ့အလုပ်အကိုင်က ဖေ့ဘွတ်မှာမေးထားတာပြန်ဖြေတုန်းက ကားပွဲစား၊အိမ်ပွဲစားလုပ်တယ်ပြောထားတယ်။ ဟုတ်လောက်ပါတယ်လေ။ သူဝတ်ပုံစားပုံ၊ သုံးပုံစွဲပုံကြည့်ရတာ ပိုက်ဆံရှာနိုင်မယ့်ပုံပါပဲ။ စားသောက်ပြီး ပန်းခြံထဲကသစိပင်ရိပ်အောက်က ခုံတစ်ခုမှာ ထိုင်ရင်း စကားဆက်ပြောကြတယ်။ ကျွန်မရဲ့ အသဲလေး နုနုငယ်ငယ် ယုံလွယ်တဲ့စကားများနဲ့ဖိုနဲ့မအထိအတွေ့များကြားမှာ ကျွန်မ ယစ်မူးသွားခဲ့ပါလေရောလား။ ကိုကြီးနဲ့ကျွန်မ လေးငါးခါ ချိန်းတွေ့အပြီးမှာတော့ ကိုကြီးခေါ်ရာနောက် ကျွန်မကကို လိုလိုချင်ချင် လိုက်ခဲ့မိပါတော့တယ်။ #လင်ကုန်ရှုံးသူ ( ၂ ) ဖြစ်ဖို့ရာ အကြောင်းပါလာရင် ဖြစ်ကိုဖြစ်တတ်ပါတယ်။
ဖြစ်ချင်တော့ အမေ့နောက်ယောင်္ကျားက ကျွန်မနဲ့ကိုကြီးလက်တွဲပြီးလမ်းလျှောက်နေတာကို မြင်သွားခဲ့ပုံရပါတယ်။ အမသမီးကိုအမျိုးသားတစ်ယောက်နဲ့ တွေ့ခဲ့တယ်လ့်ု အမေ့ကိုဖုန်းလှန်းဆက် တိုင်လိုက်ပါတယ်။ အမေက ကျွန်မကို ဖုန်းဆက်တယ်။ “နဒီ အခုဘယ်ရောက်နေတာလဲ” “သမီးသူငယ်ချင်းအိမ်ရောက်နေတာအမေ” “နင် အမေ့ကိုညာနေပြန်ပြီ၊ အကောင်တစ်ယောက်နဲ့နင်ရှိနေတယ်ဆို” “အမေ့ကိုဘယ်သူပြောတာလဲ” “ဘယ်သူပြောရမလဲ နင့်အဖေတွေ့လာတာ” “အဲလူကြီးက သူ့ကိစ္စမဟုတ်ပဲ သားအမိကြားဝင်ပါနေတယ်” ကိုကြီးက အမေ့ကိုဘာမှပြန်မပြောနဲ့ဆိုပြီးမျက်နှာရိပ်ပြနေတယ်။ “ဒါပဲအမေ သမီး ကိုအဲလူကြီးပြောတိုင်းယုံမနေနဲ့” “နင်အခုပြန်လာခဲ့နဒီ မပြန်လာရင် နင့်အဖေကိုခေါ်ခိုင်းလိုက်မယ်” ဖုန်းကိုအရင်ချပြစ်လိုက်ပြီး ဒေါသတွေထွက်နေမိတယ်။ “အဲလူကြီးရှိနေလို့ နဒီအိမ်မှာမနေချင်တာ” “ဒါဆို ကိုကြီးနောက်ကို ညီမလေးလိုက်မလား” “ကိုကြီးက ဘယ်သွားမှာလဲ” ညီမလေးသာလိုက်မယ်ဆို ညီမလေးအရမ်းကိုပျော်ရွှင်စိတ်ချမ်းသာစေမယ့်နေရာကို ခေါ်သွားမှာ” “တကယ်နော် ကိုကြီး” အဲဒီနေ့က ကျွန်မအိမ်မပြန်တော့ပဲ ကိုကြီးခေါ်ရာနောက်ကို လိုက်သွားခဲ့ပါတယ်။ ကျွန်မ ဆယ့်ခြောက်နှစ်နဲ့ အပျိုဘဝလေးဆုံးရှုံးလိုက်ရပေမယ့် ပျော်သလိုလိုတော့ ဖြစ်နေမိတယ်။ ကျွန်မမနေချင်တဲ့ အိမ်ကနေ လွတ်မြောက်လာခဲ့ပြီ။ ဒါပေမဲ့ အဲဒီပျော်ရွှင်မှုဟာ တစ်ပတ်တောင်မကြာလိုက်ပါဘူး။ ကိုကြီးရဲ့ မိဘအိမ်ရောက်တော့မှ ကိုကြီးရဲ့တကယ့်သရုပ်အမှန်တွေ သိလိုက်ရပါတော့တယ်။
တကယ်တော့ကိုကြီးမှာ အလုပ်အကိုင်မယ်မယ်ရရဘာမှမရှိသူဖြစ်နေပါတယ်။ မိဘရဲ့ ပန်းပွဲရုံ လုပ်ငန်းကိုလည်းပိုက်ဆံအသုံးလိုချင်မှ ခဏတစ်ဖြုတ်ကူလုပ်တတ်သူလို့ ကျွန်မယောက္မမ ကိုကြီးအမေက ပြောပြပါတယ်။ “အလုပ်ကို ဘာတစ်ခုမှ လက်ကြောတင်းအောင် မလုပ်ချင်တဲ့သူက မိန်မကျတော့ ငယ်ငယ်ချောချောလေး ရှာယူ တတ်သား” “ငါတို့ကတော့ မိဘချင်း ကိုယ်ချင်းစာလို့ မိသားဖသားပီပီ သမီးရဲ့ မိဘတွေဆီပြန်အပ်ပေးပါ့မယ်” “သမီးက အဖေမရှိတော့ပါဘူး မေမေ၊ အမေက နောက်အိမ်ထောင်ပြုလိုက်ပါပြီ” “အင်းလေ ဘာပဲဖြစ်ဖြစ် သားရှင်ဘက်က ဝတ္တရားရှိတာလုပ်ပေးရတော့မှာပဲ ၊ ငါ့သားကလည်း သူများသားသမီးယူထားပြီဆို လင့်ဝတ္တရားကျေပြွန်အောင် လုပ်ရမယ်” “လုပ်ရမှာပေါ့အမေတို့ အရင်းအနှီးထုတ်ပေးလေ” “အမလေး ကိုယ့်အစွမ်းအစနဲ့လုပ်မလားအောင်းမေ့ပါတယ်။မိဘဆီက နို့သက်ခံစို့ချင်နေတုန်းပါလား သက်ထွန်းရယ်” ကိုကြီးအမေက သူ့သားကိုပြောနေတာကြည့်ရင်း ကျွန်မကတော့ မျက်လုံးလေး ကလယ်ကလယ်နဲ့ ဝမ်းနည်းလာသလို ဖြစ်နေပါတော့တယ်။ အခန်းထဲရောက်မှ “ကိုကြီးက ကားပွဲစားလုပ်တာဆို” “အင်းလေ ကားပွဲစားဆိုတာက အမြဲတမ်း အရောင်းအဝယ်ဖြစ်နေတာမျိုး မဟုတ်ဘူးညီမလေးရဲ့” “တစ်လနေမှ တစ်စီ းရောင်းရတာလည်းရှိ လေးငါးစီး ရောင်းရချိန်မျိုးလည်းရှိတတ်တယ်” “ဘာမှ မပူပါနဲ့ညီမလေးရာ ကိုကြီးမိဘတွေက ကိုကြီးတို့ကို ကျွေးထားနိုင်ပါတယ်” ကျွန်မရဲ့ တွေးတောစဉ်းစားတတ်တဲ့အသိက နုနယ်လှသေးတော့ ကိုကြီးပြောသမျှ ယုံမိခဲ့တာပါပဲ။
ကိုကြီး တစ်မျက်နှာ တစ်ရွာထင်ပြီး အမေ့ကို မေ့ထားလိုက်ပါတော့မယ်။ အမေလည်း သူ့ အိမ်ထောင်ဖက်အသစ်နဲ့ ပိုပြီးလွပ်လပ် ေပျာ်ရွှင်နေမယ်လို့ ကျွန်မထင်ခဲ့မိတယ်။ ကိုကြီးမိဘတွေက ကျွန်မ အမေဆီ မိသားဖသားပီပီ ပြန်အပ်ပေးပြီး မင်္ဂလာပွဲလေး အကျဉ်းရုံးဆောင်ပေးခဲ့ပါတယ်။ ကျွန်မအမေကတော့ ပြန်လက်ခံတဲ့နေ့က မျက်ရည်တွေကျနေရင်းက “မိုက်လိုက်တာသမီးရယ် ၊ပညာသင်ရမယ့်အရွယ်မှာ ငယ်ငယ်လေးနဲ့ လင်နောက်လိုက်ရတယ်” “သမီးမှစာမသင်ချင်တော့တာအမေ သမီး ကိုကြီးနဲ့ယူလိုက်တော့ အမေပိုလွပ်လပ်သွားတယ်မဟုတ်လား” အမေ့မျက်ဝန်းတွေက ကျွန်မကို နားလည်ရခက်တဲ့အကြည့်တွေနဲ့ ကြည့်နေပါတယ်။ ဟုတ်တယ်အမေ။ အမေမသိတဲ့ တစ်ချို့အကြောင်းအရာတွေကို အမေ့ကို သမီးမပြောပြချင်ဘူး။ အမေချစ်လို့ထပ်ယူခဲ့တဲ့ အမေ့ယောင်္ကျားကြီးက အမေမရှိတဲ့အချိန်မျိုးမှာ သမီးအခန်းတခါး လာခေါက်တာတွေ၊ သမီးကို တင်ပါးလာရိုက်လိုက် ၊ခေါင်းလာပုတ်လိုက် လုပ်တတ်တာတွေ သမီးမုန်းတယ်။ အခန်းနံရံတစ်ခုသာ ခြားတဲ့ အခန်းက အမေတို့ရဲ့ ချစ်ကြည်နူးနေတာတွေ သမီးကြားနေရတာ ရှက်တယ်။ အမေက ပြောတော့ သမီးနဲ့အမေ့အတွက် အားကိုးအားထားရအောင် ယောင်္ကျား ယူခဲ့တာလို့ပြောခဲ့တယ်။ အဲဒီ ယောင်္ကျားက အမေ့သမီးကို ချောင်းနေတဲ့ကျားဆိုတာ အမေ သိဖို့ကောင်းတယ်။ ကျွန်မ အမေ့ကို စိတ်ထဲက ပြောနေတဲ့စကားတွေပါ။ ကျွန်မ သားရဲတွင်းထဲက လွတ်ချင်ခဲ့လို့ ကိုကြီးရဲ့ ချစ်တယ်ဆိုတဲ့ စကားကို လက်ခံလိုက်တာပါ။
ကျွန်မက စာတွေဖတ်ရတာဝါသနာပါတယ်။ စာတွေထဲကလို အလိုမတူပဲ လူ့အခွင့်အရေးချိုးဖေါက်ခံရတဲ့ မိန်းကလေးအဖြစ်မခံချင်လို့ပါ အမေရယ်။ ဒါပေမဲ့ ကျွန်မရွေးချယ်ခဲ့တဲ့လမ်းက မဖြောင့်ဖြူးခဲ့ပါဘူးဆိုတာ နောက်တော့သိလာခဲ့ရပါတယ်။ လင်ကုန်ရှုံးသူ ( ၃ ) ငယ်ငယ်လေးနဲ့ ယောင်္ကျားယူခဲ့မိတဲ့ ကျွန်မ အဖြစ်က ဘာနဲ့တူသလည်းဆိုတော့ ကျားကြောက်လို့ရှင်ကြီးကိုး မိတဲ့အဖြစ်မျိုးပါပဲ။ ကိုကြီးကို ချစ်သူတစ်ယောက်အဖြစ် ယုံကြည်အားကိုးမိခဲ့တယ်။ ယူပြီးတော့လည်း သူမိဘအိမ်မှာ ထားရာနေ စေရာသွား နေခဲ့ရပါတယ်။ ကိုကြီးရဲ့ မိဘများနဲ့ အမနှစ်ယောက်ရဲ့ ပန်းပွဲရုံစီးပွားရေးကရတဲ့ ဝင်ငွေတွေထဲက မုန့်ဖိုးပဲဖိုးလောက်ပေးသုံးတာလေးနဲ့ နေခဲ့ပါတယ်။ ကျွန်မဒီအိမ်ကို ရောက်လာခဲ့ခြင်းဟကိုကြီးအတွက်တော့ မိန်းမတစ်ယောက်ရလိုက်တာဖြစ်ပေမဲ့ ကိုကြီးအိမ်အတွက် အိမ်အကူတစ်ယောက်ရလိုက်သလိုလည်း ဖြစ်ခဲ့ပါတယ်။ အိမ်ရဲ့ မီးဖိုချောင်ချက်ရေးပြုတ်ရေးလည်း ဝင်ကူရပါတယ်။ လျှော်ရေးဖွတ်ရေးကလည်း ကျွန်မတာဝန်ဖြစ်လာပါတယ်။ အိမ်ရဲ့သန့်ရှင်းရေးကလည်း အိမ်မှာနေတဲ့ကျွန်မကပဲ လုပ်ပေးရပါတယ်။ “သမီးက အိမ်ထောင်သည်ဖြစ်သွားပြီဆိုတော့ အိမ်မှုကိစ္စဆိုတာ ကိုယ်ကပဲလုပ်ရမှာနော်” “ဟုတ်ကဲ့ပါမေမေ” ကျွန်မက တစ်ဦးတည်းသောသမီးဖြစ်ပေမဲ့ မေမေ့ကိုဝိုင်းကူလုပ်ပေးတတ်တာကြောင့် အိမ်အလုပ်က သိပ်တော့ မခဲယှဉ်းခဲ့ပါဘူး။
ပွံရုံက ပြန်လာရင် မောလာတဲ့အရှိန်နဲ့ သူ့အမတွေက စိတ်တိုင်းမကျ ပြစ်တင်ပြောဆိုတာတွေလည်း ကျွန်မ သည်းခံပေးပါတယ်။ ကျွန်မက ဥတစ်လုံးတစ်ကောင်ကြွက်မဟုတ်လား။ အကိုမရှိ အမမရှိ၊ မောင်နှမ မိသားစုဆိုတာ အတူမနေဖူးခဲ့လို့ ကိုကြီးရဲ့အမတွေကို ကိုယ့်အမတွေလို သဘောထားပေးခဲ့ပါတယ်။ ကိုကြီးအမ အကြီးဆုံးက အိမ်ထောင်ကျပြီး တစ်အိုးတစ်အိမ်ခွဲနေပါတယ်။အမလတ်က အပျိုကြီးဆိုတော့ အတူတူနေရတယ်။ အပျိုကြီးပီပီ စည်းစနစ်ကျကျ နေတတ်ထိုင်တတ်သလို သူ့မောင်ဖြစ်တဲ့ ကိုကြီးကို အငယ်ဆုံးဖြစ်လို့ အရမ်းချစ်ပါတယ်။ ခက်တာက သူ့မောင်ယူထားတဲ့ကျွန်မကို ယောင်းမလို့မမြင်ပဲ အိမ်ဖေါ်တစ်ယောက်လို မြင်ပြီး တွေ့တာနဲ့ တစ်ခုမဟုတ်တစ်ခု ခိုင်းတတ်တာပါ။ ကိုကြီး ဆိုတာလည်း ဖုန်းထဲမှာတုန်းက စာရေးသားတာပြောတာဆိုတာ အပြောချိုသာသလောက် တကယ့်အပြင်မှာတော့ ကိုကြီးမှ ဟုတ်ရဲ့လားတောင်ထင်မိပါတယ်။ အလုပ်အကိုင် အကြောင်းပြပြီး အပြင်မှာနေတာကအချိန်ပိုများတယ်။ အိမ်ပြန်လာတော့လည်း တစ်ပြားမှ ပါလာတာမျိုးမရှိ။ ကားပွဲစား၊ အိမ်ပွဲစားအလုပ်က အရောင်းအဝယ်တစ်ခုမှ တည့်သည့်ပုံ မပေါ်ဘူးလားမသိပါဘူး။
“ကိုကြီး ညီမလေးတို့ ကိုယ့်အိမ်ထောင်အတွက် ကိုယ့်ဘာသာ ငွေရှာကြရမယ်လေ” “ငွေရှာရတာလွယ်တယ်ထင်နေလို့လား” “လွယ်တော့မလွယ်မှန်းသိတာပေါ့၊ ညီမလေးနဲ့ယူပြီးကတည်းက ကိုကြီး ပွဲစားအလုပ်ဆိုတာက ဘာမှလည်း ဝင်ငွေမရသေးဘူး” “ညီမလေးက ဘာလို့ငွေ ဒီလောက်မက်နေတာလဲ၊ အိမ်မှာ မပူမပင် မကြောင့်မကြ စားနေသောက်နေရတာပဲကို” “တူမလားကိုကြီးရယ်၊ ကိုကြီးရဲ့မိဘပေးတာ မုန့်ဖ်ုးပဲဖိုးပဲရှိတာလေ” “ကလေးက ကလေးလိုနေစမ်းပါ၊ ညီးက ပိုက်ဆံရှာတဲ့အလုပ် ဘာလုပ်တတ်လို့လဲ” ကိုကြီးရဲ့ တာဝန်မယူချင်တဲ့ အပြုအမူ အပြောအဆိုတွေဟာ တစ်နေ့ထက်တစ်နေ့ သိသာထင်ရှားလာခဲ့တယ်။ ပိုက်ဆံကိုတော့မရှာချင်ပဲ ပိုက်ဆံကို သံုးချင်သူသာ ဖြစ်တဲ့သူ့ကို မိသားစုအတွင်းမှာ မပြောကြပေမဲ့ အနှိမ်ခံနေရသလို ကျွန်မခံစားနေရပါတယ်။ အမေ့အိမ်ကနေ လွတ်အောင်ရုန်းခဲ့တဲ့ကျွန်မဘဝက သူစိမ်းတို့ရဲ့အလယ်မှာလည်း မျက်နှာကောင်းမရခဲ့ပါဘူး။ အမေကရော သမီးမရှိတော့ အဆင်ပြေနေပါ့မလား။ အမေ့ကိုလွမ်းစိတ်ရင်ထဲဖြစ်ပေါ်လာခဲ့ပါတယ်။ “အမေ့ဆီ ကိုခဏအလည်ပြန်ချင်တယ် ကိုကြီး” “ဘာပြန်လုပ်အုန်းမှလဲ ၊အမေ့ကိုဒီအလည်ခေါ်လိုက်ပါလား” “အမေနဲ့မတွေ့ရတာ ခြောက်လရှိပြီလေ၊ အမေ့ကိုသတိရမိလို့ပါ” “သွားချင်ရင် နေ့ချင်းပြန်ပဲသွားရမယ်၊ ညမအိပ်နဲ့ စိတ်မချဘူး” “ကိုကြီးပါ လိုက်ခဲ့လေ” “သူများအိမ်မနေတတ်ပါဘူး” သူနဲ့ပေါင်းလာရမှ ကိုကြီးရဲ့စိတ်ဟာ ယောင်္ကျားတစ်ယောက်ရဲ့စိတ်ထက် မိန်းမတစ်ယောက်ရဲ့ စိတ်လိုဖြစ်နေတတ်တာကို သိလာရပါတယ်။
“ဒါဆိုလည်း အမေ့အိမ် ညီမလေးခဏ သွားမယ်နော်” သွားမယ်လို့သာပြောရ အိမ်ရဲ့အလုပ်တွေက တော်တော်နဲ့မပြီးနိုင်ဘူး။ အမေနဲ့ဖုန်းနဲ့သာစကားပြောရပြီး လူချင်းအခုထိမတွေ့နိုင်ဖြစ်နေခဲ့တယ်။ တကယ်တမ်း အမေ့ကိုတွေ့လိုက်ရချိန်မှာတော့ အမေဟာ အတော်ကို ပိန်ကျသွားခဲ့တာပါလား။ “အမေ” “သမီးနဒီ” “အမေ့သမီးလေး အမေ့ဆီလာတယ် ” အမေရယ် နေမကောင်းဘူးလားဟင်၊ ပိန်သွားလိုက်တာ” အမေက ကျွန်မကိုလှမ်းဖက်ထားရင်းက ငိုနေပါတော့တယ်။ ကျွန်မလည်းအမေ့ကိုပြန်ဖက်ထားရင်းက ငိုနေမိတယ်။ ကျွန်မဘဝရဲ့ အရင်းနှီးဆုံး တစ်ဦးတည်းသောမိခင်ပါ။ အမေ့ကို ကျွန်မ သိပ်ချစ်ပါတယ်။ “အမေ မငို့နဲ့လေ သမီး ရောက်လာပြီပဲ” “အမေ့သမီးလေး သူများအိမ်လိုက်သွားရတာ အဆင်ရောပြေရဲ့လားသမီးရယ်” “ပြေပါတယ်အမေရဲ့ သမီးကို ကိုကြီးရဲ့မိဘတွေရော အမတွေကပါ ချစ်ကြပါတယ်” “ဖုန်းထဲမှာ ငါ့သမီးအသံလေးကြားရတာ အမေသိနေပါတယ်သမီးရယ်” ယောက္ခမအိမ်မှာ နေပြီး သမီးအဆင်မပြေပါဘူးလို့ပြောရင် အမေဘာတတ်နိုင်မှာလဲလို့ စိတ်ထဲကပြောနေမိတယ်။ သမီးဘဝက အမေနဲ့နေတော့လည်း မလုံခြုံဘူး။ ယောင်္ကျားနဲ့ အတူနေပြန်တော့လည်း ယောင်္ကျားက လက်ကြောမတင်း အလုပ်မလုပ်ချင်သူမျိုးနဲ့မှ လာတွေ့ရတယ်။
“အမေ ဆီးချိုနဲ့နှလုံးရောဂါဖြစ်နေတယ် သမီး” ” ဟင် သမီးကို ဘာလို့မပြောတာလဲ” “အမေ့သမီးကို ဆိုင်သာဆိုင်မပိုင်တော့ဘူးလေ” “အမေ့ရောဂါကို အမေပဲ ကုရမှာမဟုတ်လား” “ဒါနဲ့ အမေလူကြီးရော အမေ့ကိုဂရုစိုက်ရဲ့လား” အမေ့မျက်နှာ ရုတ်တရက် ပြောင်းသွားတာကို ကျွန်မတွေ့လိုက်ရပါတယ်။ အမေက ဟန်ဆောင်အပြုံးနဲ့ “ဂရုစိုက်ပါတယ်သမီးရယ် သမီးဦးလေးက အဝေးသွားစီးပွားရှာချိန်များနေတာကိုး” အမေ့ရဲ့စကားသံမှာ သမီးဦးလေးက ဆိုတဲ့အသုံးအနှုံးပြောင်းသွားခဲ့တယ်။ ကျွန်မသူ့အကြောင်း ဆက်မမေးတော့ပဲ အမေ့အိမ်ရောက်တုန်း ကျွန်မ ငယ်ဘဝ အမှတ်တရလေးတွေ ပြန်ကြည့်ရင်း အမေ့အရိပ်မှာခဏချွေးသိပ်ခွင့်ရခဲ့ပါတယ်။ ညနေချိန်ရောက်တော့ ကိုကြီးကဖုန်းဆက်တယ်။ “ပြန်မလာသေးဘူးလား” “ညီမလေး အမေ့ဆီမှာ တစ်ညထပ်အိပ်ချင်သေးတယ် ကိုကြီး” “အိမ်မှာ ဘယ်သူမှ အားနေတာမဟုတ်ဘူး၊ ညစာထမင်းဟင်းချက်ရမယ်မဟုတ်လား ၊ မမလေးရယ် ဆူနေပြီ” “ပြန်သွားလိုက်ပါသမီးရယ် ၊အမေတစ်ယောက်တည်းနေတတ်ပါတယ်” “တစ်ခါတစ်လေမှ လာရတာတောင် မလွှတ်ချင်လွှတ်ချင်လုပ်နေတာ အမေရယ်’ ” အမေတို့ မိန်းမတွေဘဝဟာ ဒီလိုပါပဲသမီးရယ်၊ အိမ်ထောင်ရေးဆိုတာ ကိုယ်ထင်ထားသလို ဖြစ်ချင်မှဖြစ်တာ” “ကုန်ရှုံးရင် တစ်ခေါက်၊လင်ကုန်ရှုံးရင်တစ်သက်လုံးတဲ့။ အမေကတော့ လင်ကုန်ရှုံးနေပါပြီ၊ သမီးကိုတော့ သာယာစေချင်မိတယ်” အမေ့အိမ်ကနေ ကိုကြီးရဲ့မိဘအိမ် အပြန်လမ်းမှာ ကျွန်မရင်ထဲ တင်းကျပ်ကျပ်ကြီး ခံစားနေရပါတယ်။
လင်ကုန်ရှုံးတော့ တစ်သက်လုံးတဲ့။ လင်ကုန်ရှုံးသူ ( ၄ ) အမေ့ဆီက ပြန်သာလာခဲ့ရတဲ့ကျွန်မ ရင်ထဲတင်းကျပ်ကျပ်ဝေဒနာကိုခံစားနေရပါတယ်။ အမေက ငါ့သမီးလေးအတွက်ဆိုပြီး သူစုဆောင်းသိမ်းဆည်းထားတဲ့အထဲက ကျွန်မကို ငါးမူသားဆွဲကြိုးတစ်ကုံးနဲ့ ငါးမူးသားရှိတဲ့လက်ကောက် နှစ်ကွင်း ဝတ်ပေးလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် အမေ့ရဲ့မေတ္တာရနေသေးတာ ကျွန်မ ကံကောင်းပါတယ်။ အိမ်ပေါက်ဝမှာ ခါးထောက်ကာရပ်နေတဲ့ကိုကြီးမျက်နှာက ခပ်တင်းတင်းဖြစ်နေတယ်။ ဆိုင်ကယ်ကိုအိမ်ထဲသွင်းလိုက်ရင်းက နောက်က စကားသံက အလိုမကျခြင်းများစွာနဲ့ပါ။ “တစ်နေ့လုံး သွားနေတာ ဆိုင်ကယ်ယူသွားတော့ အိမ်ကလူတွေကိစ္စရှိတော့ ဘယ်မှသွားမရဘူး” “ကိုကြီးကိုအမေ့အိမ် သွားလည်မယ်ဆိုတာ ခွင့်တောင်းပြီးမှ သွားတာပဲလေ” “သွားလည်းခဏတဖြုတ်နေပြန်လာတာမဟုတ်ဘူး၊ မမလေးကဆိုင်ကနေ လှမ်းခေါ်တော့ ဆိုင်ကယ်မရှိလို့ မသွားရဘူး” ကိုယ့်အမေဆီပြန်တာတောင် အပြစ်လုပ်ပြောနေတဲ့ကိုကြီးကိုကြည့်မိရင်း ကျွန်မ စိတ်မကောင်းဖြစ်မိပါတယ်။ ဘာမှပြန်ပြောမနေတော့ပဲ မီးဖိုခန်းဆီဝင်သွားခဲ့တယ်။ မီးဖိုခန်းထဲမှာ ယောင်းမဖြစ်သူမမလေးက ဝင်လုပ်နေတာတွေ့ရပါတယ်။ ဒယ်နီကိုမွှေနေတဲ့မမလေးက ကျွန်မကိုမြင်တာနဲ့ လက်ထဲကယောက်မကို အညိုးတကြီး အသံထွက်အောင် ဆောင့်ထိုးပြီးနေပါတယ်။ “အပြင်မှာ ပိုက်ဆံရှာ စီးပွားရှာရတာကတစ်မျိုး၊ အိမ်ရောက်တော့အေးအေးဆေးဆေးနားရမလားမှတ်ပါတယ်၊ အမောပါဆို့တယ်” ” နဒီ အမှီပြန်လာမလို့ပါပဲ မမလေး၊ အမေ သိပ်နေမကောင်းတာနဲ့အမေ့ အဝတ်တွေလျှော်ပေး၊မီးပူတိုက်ပေးလုပ်နေရလို့ပါ” “ဒီလိုပဲ အကြောင်းရှာ ခဏခဏ လမ်းသလားတော့မှာလေ၊ ညီးက အိမ်ထောင်သည်ဖြစ်နေပြီ၊ လင်ကလွဲပြီး ဘယ်သူ့ပိုဂရုစိုက်ရမှာလဲ” ပြောရင်းဆိုရင်းက မီးဖိုချောင်ထဲကအလုပ် သူအကုန်လုပ်နေရသလိုပုံစံနဲ့ ပါးစပ်ကပွစိပွစိရေရွတ်ရင်း ကျွန်မလုပ်တာကိုင်တာစိတ်တိုင်းမကျကြောင်းတွေပြောနေပါတယ်။
ဝမ်းနည်းပြီး ကျလာတဲ့မျက်ရည်တွေ ကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး မငိုနဲ့နဒီ၊ ဒါတွေဟာ နင်ပဲလုပ်ခဲ့တာ၊နင်ခံစမ်းဆိုပြီး ကိုယ့်ဘာသာအားပေးရင်းက ပွဲရုံကပြန်ပါလာတဲ့ ထမင်းချိုင့်တွေ ဆေးနေလိုက်ပါတယ်။ မေမြို့ကပန်းစိုက်တောင်သူတွေဆီက ပန်းမျိုးစုံကို လက်ခံဝယ်ယူပြီး မြန်မာပြည်အနှံ့က ပန်းဝယ်ရောင်းတွေဆီ ပြန်ပို့ပေးတဲ့ လုပ်ငန်းက ကိုကြီးမိဘနဲ့အမတွေ လုပ်ကိုင်နေကြတာပါ ။ ကျွန်မကို ငယ်သေးတယ်ဆိုပြီးပဲ ပွဲရုံအလုပ်ကို မခိုင်းတာလား။ အိမ်ကမီးဖိုချောင်အလုပ်ကိုပဲလုပ်စေချင်ပုံရပါတယ်။ ကျွန်မ ဆယ်တန်းမအောင်ပေမယ့် စာပေမျိုးစုံဖတ်တာကိုတော့ ဝါသနာပါခဲ့တယ်။ အိမ်အလုပ်ပြီးတာနဲ့ ကျွန်မနှစ်သက်တဲ့ စာတွေဖတ်မိပါတယ်။ ဆရာမမွန်ဟော်စလေ၊ နိုင်းနိုင်းစနေတို့ရဲ့စာတွေကို အရမ်းကြိုက်တယ်။ တောဝတ္ထုတိုဂရု၊ ရသလွင်ပြင်၊ ဝတ္ထုရှည်ဝတ္ထုတိုဂရုတွေလည်းဝင်ထားခဲ့တယ်။ ကျွန်မရဲ့ အားလပ်ချိန်ကို စာဖတ်နေခဲ့ပါတယ်။ အဲဒီမှာ ကျွန်မအတွက် အလင်းတွေ ရရှိစေခဲ့တယ်။ စိတ်ခွန်အားတွေဖြစ်လာပါတယ်။ ပညာကိုပြီးဆုံးအောင်မသင်ခဲ့ရပေမဲ့ အတတ်ပညာတစ်ခုခုကို သင်ယူလို့ရတယ်။ အိမ်ထောင်ရှင်ဖြစ်သွားတိုင်း ဘဝကြီးဟာ ရပ်မသွားပါဘူးတဲ့။ အိမ်ထဲမှာနေရင်း အတတ်ပညာတွေသင်ယူလို့ရတာကို ကျွန်မသိလာခဲ့တယ်။
ကိုကြီးကတော့ ထုံးစံအတိုင်းပါပဲ။ ကားအရောင်းအဝယ်ပွဲစား အလုပ်က မစွံတာကြောင့် ဖုန်းအဟောင်း အရောင်းအဝယ်လုပ်နေတယ်ပြောတယ်။ ကျွန်မကို အမေပေးလိုက်တဲ့ လက်ဝတ်လက်စားကို မြင်တော့ “ဒါက ဘယ်သူပေးတာလဲ ၊မမလေးပေးတာလား အမေပေးတာလား” “ညီမလေးအမေပေးလိုက်တာပါ” “ဘာလို့ယူလာတာလည်း၊ ဒီကအိမ်က မပေးနိုင်ဘူးထင်လို့လား၊ အမေ့ဆီမှာ ရွှေထည်တွေမှ အများကြီးပဲ” “ဘာရယ်မဟုတ်ပါဘူး ညီမငယ်ငယ်ကတည်းက ညီမဝတ်ဖို့ဝယ်ပေးထားတာကြောင့် ပေးလိုက်တာနေမှာပါ” ကိုကြီးရဲ့ အပြောအဆိုအပြုအမူတွေဟာ ယောင်္ကျားမဆန်ပဲနဲ့ မမကြီးတို့ မမလေးတို့ရဲ့ လေသံမျိုးပြောနေတာကို ပေါင်းလာတာတစ်နှစ်နီးပါးရှိလာချိန်မှာ ကျွန်မပိုသိလာခဲ့ပါတယ်။ ချစ်သူဘဝတုန်းက အပြုအမူ အပြောအဆိုတွေဟာ တစ်စတစ်စ ပျောက်သွားခဲ့ပါတယ်။ ကိုကြီးနဲ့ညီမလေး အသုံးအနှုန်းကနေ ညီးတွေ၊ငါတွေ ပြောတတ်တဲ့ ကိုကြီးဟာ အမတွေလောင်းရိပ်မိနေသူ တစ်ယောက် ဖြစ်နေခဲ့ပါတယ်။ ကိုကြီး အလုပ်အကိုင် မယ်မယ်ရရမလုပ်ချင်တာ ကိုကြီးအမေနဲ့ အမနှစ်ယောက် လိုတာထက်ပိုပြီး အလိုလိုက်ခံခဲ့ရလို့ဖြစ်မယ်။ ကိုကြီးရဲ့အဖေကတော့ရိုးရိုးအေးအေးကြီးဖြစ်တဲ့အပြင် မိန်းမဩဇာနာခံတတ်သူတစ်ယောက်ဖြစ်တာကြောင့် ပွဲရုံထဲမှာသာအနေများတယ်။ ညဖက်လည်းပွဲရုံမှာပဲ အိပ်တာများပါတယ်။ အိမ်ထောင်ဦးစီးဖြစ်တဲ့ ကျွန်မယောင်္ကျားကို အားကိုးမရမှန်း ပိုသိလာရချိန် ကျွန်မ ပိုကြိုးစားမှဖြစ်မယ်ဆိုတဲ့အသိရှိနေခဲ့တယ်။ သူတို့မကြိုက်ပေမယ့် အမေ့ဆီ တစ်လတစ်ခါသွားနိုင်အောင် ကျွန်မ ကြိုးစားသွားခဲ့တယ်။
အမေ့ဆီ မကြာမကြသွားတော့မှ အမေ့နောက် အိမ်ထောင်က အမေ့အပေါ်မှာ သစ္စာဖေါက်နေတာသိခဲ့ရပါတယ်။ “အမေ ဘာမှ မပြောတော့ဘူးလား၊ အမေပဲအားကိုးအားထားရှာယူခဲ့တာလေ” “မပြောတော့ပါဘူးသမီးရယ်၊ အခုသူသွားသွားနေတဲ့ မိန်းကလေးက ငယ်လည်းငယ်လှလည်းလှတယ်တဲ့၊ အရင်က အရက်ဆိုင်တွေမှာလုပ်ခဲ့သူ၊သူနဲ့လည်းအရက်ဆိုင်မှာတွေ့ကြတာဖြစ်မှာပေါ့” “အမေကတော့ သူ့ကိုမတားတော့ဘူး၊အမေ့ကိုကွာရှင်းဖို့ပဲပြောထားတယ်သမီး၊ ဒါကြောင့် သမီးအဖေထားခဲ့တဲ့ဒီအိမ်နဲ့ခြံဂရမ်ကို သမီးကိုလွှဲပေးထားချင်တယ်” “အဲဒါဆို အမေတစ်ယောက်တည်း နေလို့ဖြစ်ရဲ့လား” “အားမကိုးရမယ့်အတူတူတော့ သွားပါစေတော့သမီးရယ် အမေလည်း လူ့ဘဝ သိပ်ကြာကြာ နေရမယ် မထင်ပါဘူး” “ဟင် အမေကလည်း ဘာလ့ိုဒီလိုပြောတာလဲ၊ သမီးရှိနေတာ သမီးကိုအားကိုးရမှာပေါ့” ပိန်လှီဖျော့တော့နေတဲ့အမေ့မျက်နှာက အပြုံး၊ ကျွန်မကိုကြည့်နေတဲ့မျက်ဝန်းတွေဟာ အရောင်မှိန်နေခဲ့ပါတယ်။ “သမီး အရောင်းအဝယ်တစ်ခု လုပ်မလို့အမေ အွန်လိုင်းကနေ ဈေးရောင်းမှာ” “သမီးလုပ်တတ်လို့လား၊ အရင်းအနှီးကရော ဘယ်လိုလုပ်မှာလဲ” “ဒီလိုပဲ စလုပ်ကြရမှာပေါ့အမေရယ်။ အရင်းအနှီးကတော့ ငါးသိန်းလောက်ကစကြည့်မလားလို့ပါ” “မောင်သက်ထွန်းက ပေးမှာလား၊သူကခွင့်ပြုရဲ့လား” ပေးပါလိမ့်မယ်၊သူ့ဘာသူတောင် လဘက်ရည်ဖိုးအမတွေဆီကတောင်းသုံးနေသူကြီးလို့ ကျွန်မစိတ်ထဲကပဲ ပြောလိုက်ပါတယ်။ ကျွန်မဆီက ဘာစကားသံမှမကြားရတဲ့အမေက ရိပ်မိသွားပုံရပါတယ်။
“သမီးသာကြိုးစားလုပ်မယ်ဆို ဟောဒီအမေ့ဆွဲကြိုးကို ရောင်းလ်ုက်သမီး” “မလိုပါဘူးအမေရယ် အမေပေးထားတဲ့ဆွဲကြိုးနဲ့လက်ကောက်ရှိတယ်လေ” “အဲဒါကခြေစောင့်လက်စောင့်ထားအုန်း၊ အမေက လှဖို့မလိုတော့ဘူး ရော့ ယူသွား” သူ့ဆွဲကြိုး အတင်းကိုချွတ်ပေးနေတဲ့အမေ့ကိုကြည့်ရင်း ကျွန်မရင်ထဲလှိုက်ကနဲဖြစ်မိပါတယ်။ အမေရယ် အရေးကြီးတော့သွေးနီးတယ်ဆိုတာ အဟုတ်ပါလားနော်။ အမေ့အပေါ် အထင်လွဲအပြစ်တင်ခဲ့မိတာတွေအတွက် ကျွန်မကို ခွှင့်လွှတ်ပေးပါ။ အမေ့ကိုသမီးချစ်တဲ့စိတ်ကြောင့် ဘယ်သူ့ကိုမှ မပေးချင်ခဲ့မိတာပါ။ သမီးမွေးထားတဲ့မိခင် နောက်အိမ်ထောင်ပြုတာ အပြစ်လို့မဆိုသာပေမဲ့ ကိုယ်ယူတဲ့ အိမ်ထောင်ဖက်က အကျင့်စာရိတ္တ မကောင်းရင် အမေ့သမီး ကျားစာဖြစ်တော့မှာပါ။ ယောင်္ကျား တစ်ယောက်ကို အမေနဲ့သမီး အတူတူပေါင်းရမယ့် အဖြစ်က သီသီလေးလွတ်ခဲ့ရတယ်။ အဲဒီနေ့က အဖြစ်ကို မျက်လုံးထဲပြန်မြင်ယောင်လာမိပါတယ်။ လင်ကုန်ရှုံးသူ ( ၅ ) ဟုတ်တယ်။ အဲဒီနေ့က ကျွန်မသာ မရုန်းထွက်နိုင်ခဲ့ရင် ဘာတွေဆက်ဖြစ်မယ် မသိဘူး။ စနေနဲ့တနင်္ဂေနွကျောင်းပိတ်ရက်မှာ ကျွန်မ အိမ်မှာ ရှိနေခဲ့တယ်။အမေက “ဈေး ချိုထဲ ဈေးသွားဝယ်မလို့ သမီးလိုက်ခဲ့မလား” “မလိုက်တော့ဘူးအမေ “သမီး နှာစေးခေါင်းကိုက်နေလို့ အပြင်မထွက်ချင်ဘူး” “ဒါဆိုလည်း ဆေးသောက်ပြီးအိပ်နေလိုက်လေ ၊အမေလည်းမကြာပါဘူး” အမေ့ရဲ့လူကြီးကလည်း မနက်ကတည်းကထွက်သွားတယ်။ညနေစောင်းမှပြန်လာတတ်တာများပါတယ်။ ကျွန်မအခန်းထဲဝင်လှဲပြီး စာအုပ်ဖတ်နေရင်းက ဆေးအရှိန်နဲ့ အိပ်ပျော်သွားခဲ့တယ်။ အခန်းတံခါးကို မေ့ပြီး ချက်ထိုးမထားမိဘူးထင်ပါတယ်။ အိပ်မက်လိုလိုဖြစ်နေတဲ့ ကျွန်မ ဟာ ကျွန်မရဲ့ခန္ဓာကိုယ် တစ်စုံတစ်ရာကိုပွတ်သပ် ကိုင်တွယ်ခြင်းခံနေရပါတယ်။ ရုတ်တစ်ရက် ကျွန်မ ဆတ်ကနဲ မျက်လုံးဖွင့်အကြည့် ကျွန်မ မျက်နှာကို အုပ်မိုးထားတဲ့ အဲဒီလူကြီးရဲ့ အကြည့်တွေ မြင်လိုက်ရတယ်။
” ဘာလုပ်တာလဲ ဦးလေး” “သမီးငြီးနေသံကြားလို့ နေမကောင်းဘူးလားလို့ နဖူးလာစမ်းကြည့်တာပါ” ” ကျွန်မဘာမှ မဖြစ်ဘူး၊ ကျွန်မကို ဂရုစိုက်စရာမလိုဘူး” ပြောပြောဆိုဆို ကျွန်မ သူ့ကို ဆောင့်တွန်းဖယ်လိုက်ရင်း အခန်းအပြင်ဘက်ကို ပြေးထွက်ခဲ့တယ်။ “ငါက အိမ်ခဏပြန်လာရင်းစေတနာနဲ့လည်း ဝင်ကြည့်ရသေးတယ် ရိုင်းစိုင်းလိုက်တဲ့ ကောင်မလေး” ကျွန်မ အိမ်မှာမနေချင်လို့ တစ်လမ်းကျော်က သူငယ်ချင်းအိမ်ဆီထွက်လာခဲ့လိုက်တယ်။ စိတ်ထဲမှာ မတင်မကျဖြစ်နေတာက သူတကယ်ပဲ နဖူးကိုစမ်းတာလားဘာလား။ အမေ့ကိုပြန်ပြောရင်ကောင်းမလား စဉ်းစားနေမိတယ်။ သူငယ်ချင်းနဲ့စကားပြောနေမိတာ ညနေစောင်းသွားလို့ အိမ်ပြန်ခဲ့တယ်။ “မိနဒီ အမေနဲ့လိုက်ခဲ့ပါဆိုတုန်းကတော့ ဖင်နာတယ်ခေါင်းနာတယ် လုပ်နေပြီး အခုကျ အိမ်ပြစ်ထားပြီး လျှောက်လည်နေရလား” “မိန်းကလေးဖြစ်ပြီး လတ်လျားလတ်လျားတော်တော်လုပ်” အမေ့ရဲ့ဆူသံကြောင့် ကျွန်မကအမေ့ကိုပိုပြီးစိတ်ခုမိသွားတယ်။ “အပြင်ထွက်နေတာကမှ လုံခြုံသေးတယ်အမေရေ့” ကျွန်မခြေဆောင့်ပြီးအိမ်ထဲဝင် အခန်းတံခါးချက်ထိုးပြီး အိပ်ပြစ်လိုက်ပါတယ်။ အဲဒီအကြောင်းကို အမေ့ကိုမပြောဖြစ်ခဲ့တာကလည်း ကိုကြီးနဲ့ချစ်သူတွေဖြစ်နေချိန်ရယ် သိပ်မကြာခင် ကျွန်မဒီအိမ်ကနေ ထွက်ပြေးတော့မယ်စိတ်ကူးရှိနေတာကြောင့်ပါ။ ကျားလက်ကရုန်းထွက်နိုင်ခဲ့ပေမဲ့ ရှင်ကြီးက ကျားထက်ဆိုး ဆိုသလို ကိုကြီးဟာ မရခင်ဖျာလိုလိပ် ထိပ်ပေါ်တင်ထားခဲ့သူကြီးဘဝက ရပြီးသွားတော့ ဖျာလိုခင်းအိပ်တတ်သူကြီးဖြစ်နေပါတယ်။
မတတ်နိုင်ဘူးလေ။ တည်မိတဲ့ဘုရားဆိုတော့လည်း မကြည်ညိုလည်းမရပေါ့။ ကျွန်မ စာတွေပိုဖတ်ဖြစ်သလို အွန်လိုင်းအရောင်းအဝယ်ကို လေ့လာနေပါတယ်။ ကျွန်မပထမဆုံး မိပ်ကပ်ပစ္စည်းကနေစလုပ်ကြည့်မယ်စိတ်ကူးပြီး ဈေးချိုထဲကရွှေဆိုင်တစ်ခုမှာ အမေ့ဆွဲကြိုးကို ရောင်းခဲ့တယ်။ ကျွန်မမိတ်ကပ်ပစ္စည်းကို အွန်လိုင်း pageတစ်ခုကနေ လှန်းမှာပြီး ပစ္စည်းတွေအိမ်ကို ရောက်လာတဲ့နေမှာပဲ ကိုကြီးနဲ့ အကြီးအကျယ် စကားများကြပါတော့တယ်။ “ဒါတွေကဘာလုပ်ဖို့လဲ” “ရောင်းမလို့ပါ” “ဘယ်မှာသွားရောင်းမှာလဲ ၊ဆိုင်ခန်းမရှိဘာမရှိနဲ့” “အိမ်မှာနေရင်းရောင်းမှာပေါ့ကိုကြီးရဲ့” “အရင်းအနှီးက ဘယ်သူပေးတာလဲ” “အမေပေးတာပါ ညီမလေးက ထိုင်နေရတာထက်အလုပ်လုပ်ချင်တယ်ပြောလို့ အမေက ထုတ်ပေးတာ” ကိုကြီးရဲ့မျက်နှာထားက တစ်မျိုးဖြစ်သွားခဲ့ပါပြီး “အိမ်မှာ အေးအေးထိုင်စားနေရ တာကိုများ စောက်လုပ်တွေက ရှုပ်လာပြီ” ” အမေ့အိမ်ခဏခဏပြန်ပြီး ရှုပ်ရှုပ်ရှက်ရှက်တွေ ငါမကြားချင်ဘူးနော်” “အမေကဘာတွေများဝင်ရှုပ်နေလို့လဲ၊ ကိုကြီးကရော ညီမနဲ့ယူပြီးတာတစ်နှစ်ကျော်လာပြီ။ကိုကြီးရှာလာတဲ့ ပိုက်ဆံ ညီမလေး အခုထိမသုံးရသေးဘူး” “ငါ့အမေတွေငါ့အမတွေရှာတာ ငါ့ပိုက်ဆံပဲပေါ့၊ ပွဲရုံက စီးပွားရေးက ငါနဲ့လည်းဆိုင်တာပဲ” “ဘာပဲဖြစ်ဖြစ် ကိုယ်ရှာလို့ရတာမှ ကိုယ့်ပိုက်ဆံလို့ပဲ ညီမကတော့ သတ်မှတ်တယ်ကိုကြီး၊ ညီမတို့ရှေ့ရေးရှိသေးတယ်” “အောင်မယ် ပိုက်ဆံလေးနည်းနည်းရတာကို ဖင်ခေါင်းကျယ်စကားလာပြောနေတယ်၊ ရှာကြည့်လိုက်ပါအုန်း၊ ရောင်းကြည့်လိုက်စမ်းပါအုန်း အမြတ်တွေ ဘယ်လောက်ကျန်မလည်းလို့ ကြည့်ရသေးတာပေါ့” မိန်းမကြီးတစ်ယောက်လိုမျိုး စကားနဲ့ရန်တွေ့နေတဲ့ကိုကြီးကို ကျွန်မ စိတ်ပျက်မိပါတယ်။ တကယ်ဆို သူကပါ အားပေးသင့်တယ်မဟုတ်ဘူးလား။
ကျွန်မရဲ့ကျချင်ချင်ဖြစ်နေတဲ့စိတ်ကို ကိုယ့်ဘာသာအားပြန်တင်းရင်း ဖုန်းထဲကနေ အရောင်းအဝယ် စတင်လုပ်ဖို့ ပြင်ဆင်ပါတယ်။ ကျွန်မ ရဲ့ ဖေ့ဘွတ်အကောင့်ကနေ ကျွန်မ မိတ်ေဆွ သူငယ်ချင်းတွေကို မိတ်ကပ်ပစ္စည်းများတစ်ခုစီ ရိုက်ပြရင်းနဲ့ ကြော်ငြာပါတယ်။ ကျွန်မကိုယ်တိုင်လည်း လိမ်းခြယ်ပြသပေးပါတယ်။ နဂိုထဲက ကျွန်မရဲ့မျက်နှာ ဖြူဝင်းဝင်းလေးဟာ ကြွေသားမိတ်ကပ်လေးကြောင့် ပိုပြီး ဝင်းလက်တောက်ပနေခဲ့ပါတယ်။ ပထမဆုံးအကြိမ် ကျွန်မရဲ့အရောင်းပို့စ်လေး အောင်မြင်ခဲ့တယ်။ သူငယ်ချင်းတွေကလည်းအားပေးကြတယ်။ ဖေ့ဘွတ်မှာ ကျွန်မကိုချစ်တဲ့အန်တီတွေနဲ့မမတွေကလည်း ကျွန်မကိုအားပေးတဲ့အနေနဲ့လှမ်းမှာကြတယ်။ ကျွန်မ ပိုပြီးအားတက်လာခဲ့တယ်။ အဲဒီကနေစခဲ့တဲ့ ကျွန်မရဲ့ အွန်လိုင်းဈေးသည်ဘဝလေးကို မကြည်မလင်ဖြစ်နေခဲ့တာကတော့ အနီးကပ်နေတဲ့ကိုကြီးနဲ့ မမလေးပါပဲ။ တစ်ချိန်လုံး ဖုန်းသုံးနေတာ ကြည့်လို့မရတော့ဘူးဆိုတာကတစ်မျိုး၊အိမ်အလုပ်တွေလစ်ဟင်းကုန်ပြီ နင့်အဲဒီအလုပ်လုပ်နေရင် ငါတို့ပိုက်ဆံပေးစရာမလိုတော့ဘူးပေါ့လို့ ငေါ့တော့တော့အပြောခံရတာမျိုးတွေ ဖြစ်လာပါတော့တယ်။ အိမ်ထဲမှာ အိမ်အလုပ်လည်းမပျက်စေပဲ ဈေးရောင်းတဲ့ ကျွန်မကို အားမပေးကြတဲ့အပြင် ကျွန်မ ဖုန်းသုံးတာက အပြစ်ဖြစ်နေပါတယ်။ အိမ်ထောင်သက်တစ်နှစ်ခွဲမှာ ကျွန်မ အွန်လိုင်းဈေးရောင်းခဲ့ပြီး ပိုက်ဆံရှာနိုင်ခဲ့သလို ရင်သွေးလေးပါ ထပ်လွယ်ထားခဲ့ရပါတယ်။ အကြောင်းကတော့ ကျွန်မကို ခြေချုပ်မိစေချင်တဲ့ကိုကြီးပါပဲ။ သူ့သွေးသားလေးလိုချင်ပါတယ်ဆိုပြီး သန္ဓေတားထားတာကို ရပ်ခိုင်းပါတော့တယ်။ ကိုကြီးအမေကလည်း သူ့သားရဲ့မျိုးဆက်လေးကိုမြင်ချင်သတဲ့လေ။
ကျွန်မဘဝကို ထပ်ပြီးချည်နှောင်လိုက်တာကတော့ သမီးလေးပါ။ သမီးလေး ကိုယ်ဝန်လွယ်ထားရင်းတောင်မှ ကျွန်မက စာတွေဖတ်ပြီး ရင်သွေးအတွက်လစောင့်ရှောက်ရမှာတွေ ဆောင်ရန် ရှောင်ရန်တွေ လုပ်ခဲ့ပါတယ်။ ကလေးအဖေ ဖြစ်တော့မယ့်ကိုကြီးကတော့ ကျွန်မ အွန်လိုင်းဈေးသည်လုပ်နေတာကိုပဲ ရန်ရှာနေပါတော့တယ်။ “အောက်ကျလ်ုက်တဲ့အလုပ် ခခယယ ပြောရောင်းနေရတာ ရတဲ့အမြတ်ကဖြင့်မစို့မပို့နဲ့များ” ဒါတွေပြောနေတာကျွန်မ သည်းခံအောင့်အည်းနေခဲ့ပါတယ်။ ကျွန်မ မှာ မိသားစုလေးတစ်ခုဖြစ်လာတော့မယ် မဟုတ်လား။ လင်ကုန်ရှုံးသူ ( ၆ ) အိမ်ထောင်တစ်ခုကို ခိုင်မြဲအောင် သားသမီးဆိုတဲ့ သံယောဇဉ်ကြိုးနဲ့ ချည်နှောင်ရတယ်လို့ ဆိုကြပါတယ်။ ကျွန်မကတော့ အသက်ဆယ့်ရှစ်နှစ်မှာ မိခင်လောင်းတစ်ယောက်ဖြစ်နေပါပြီ။ ခိုင်မြဲအောင် ချည်ချင်လို့လည်းမဟုတ်ဘူး။ အိမ်ထောင်ရှင်ဘဝရောက်လာရင် သားသမီးဆိုတာရှိမှ ပြည့်စုံတယ်ထင်မိလို့ ကိုကြီးတို့စကားကို မငြင်းပဲ ယူလိုက်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ဖြစ်လာတော့လည်း မပြောင်းလဲတာက ကိုကြီးပါပဲ။ နမွေဲ၊စားမွဲ၊သှားမွဲပါ။ အိမ်ထောင်ရဲ့တာဝန်ဆိုတာ မိဘနဲ့အမတွေလုပ်ရင် ပြီးပြီထင်နေလားမသိပါဘူး။ အမေကတော့ သမီး ကိုယ်ဝန်လွယ်ထားရပြီဆိုတာသိကတည်းက အပူအစပ်တွေမစားဖို့၊ အလေးအပင်မမရဘူး။ဆိုင်ကယ်စီးပြီး အမေ့ဆီမလာနဲ့တော့၊ အမေသမီးဆီလာခဲ့မယ်ဆိုပြီး အမြဲတမ်းဖုန်းဆက်မေးနေခဲ့ပါတယ်။ ကျွန်မကတော့ကိုယ်ဝန်လမရင့်သေးခင်အထိ အိမ်အလုပ်လည်းမပျက်စေရပါဘူး။
ကိုယ့်ရဲ့ အွန်လိုင်းအရောင်းအဝယ်ကလည်း မိတ်များလာခဲ့သလို ကျွန်မကိုခင်နေတဲ့အမတစ်ယောက်က တရုတ်ကနေဝင်တဲ့ လူသုံးကုန်ပစ္စည်းတွေ ရောင်းချင်တယ်ဆိုရင် သူ့ကို ငွေကြိုရှင်းစရာမလိုပဲ ပစ္စည်းသာ အော်ဒါအရင်ကောက်ပေးဖို့ပြောပါတယ်။ ကျွန်မ လုပ်သင့်လား မလုပ်သင့်လား ဘယ်သူ့ကို အားကိုးတ်ုင်ပင်ရမလဲ။ “ကိုကြီးရေ ကျွန်မ ကို တရုတ်ပစ္စည်းလက်ကားရောင်းတဲ့အမက သူ့ဆီက ယူရောင်းဖို့ပြောနေတယ် လုပ်ကြည့်ရမလား” “ဘာလို့လောဘတွေကြီးနေတာလဲ နဒီ၊ ကိုယ့်ကလေးသာဂရုစိုက်စမ်းပါ” “အခွင့်အရေးဆိုတာ ပေးတဲ့အခိုက်ယူရမှာလေ ကိုကြီးရဲ့” ညီမလေးက အရောင်းအော်ဒါတင်ပေးလိုက်တာနဲ့ ပစ္စည်းဝယ်သူရှိရင် ချိတ်ဆက်ပေးလိုက်ယုံပဲ။ ကြားက အမြတ်စားရမယ်” “လုပ်ချင်တာလုပ်နေတာပဲမဟုတ်လား၊အခုမှ ဘာလို့လာမေးနေတာလည်း” “အော် ညီမ မအားတဲ့အခါမျိုးတွေ ကိုကြီးက အဲဒီအမဆီသွားပြီး ပစ္စည်းကြည့်တာတို့ငွေရှင်းတာတို့ လုပ်နိုင်တယ်လေ” “အဲလို ဈေးရောင်းတာတွေဝါသနာမပါလို့ မိဘရဲ့ ပန်းပွဲရုံတောင် ငါကမလုပ်ခဲ့ဘူး၊ ငါလုပ်ရင် အချီကြီးရတာမျိုးပဲ လုပ်ချင်တာ” ကျွန်မ ဘာမှဆက်ပြောမနေတော့ပါဘူး။ လေနဲ့အလုပ်လုပ်နေတဲ့ လူကိုယုံစား၊လေထဲကစကားကိုယုံပြီး လေလွင့်နေတဲ့သူကိုမှ လင်တော်မိတဲ့ ငါ့ဘဝပါလားလို ကိုယ့်ကိုကိုယ်သာ အပြစ်တင်မိပါတော့တယ်။ ကိုယ့်ကိုယုံကြည်မှုနဲ့ အလုပ်လုပ်ခွင့်ပေးတဲ့အမကို ကျွန်မဘာသာဆုံးဖြတ်ချက်ချပြီး ရောင်းမယ်ပြောလိုက်ပါတယ်။
ကျွန်မကို သူ့ကုမ္မဏီကသွင်းတဲ့ပစ္စည်းမျိုးစုံ ဖုန်းကနေပုံပို့ပေးတယ်။ ကျွန်မက ဝယ်သူနှစ်သက်လာအောင် ဖုန်းထဲမှာ အရောင်းပို့စ်တင် ကြော်ငြာပေးခဲ့တယ်။ အဝတ်စင်၊ ပန်းကန်းစင်၊ ဖုန်စုတ်စက်၊မီးဖိုချောင်သုံးပစ္စည်းမျိုးစုံ အစရှိတာတွေ အများကြီးပါပဲ။ အကုန်လုံးဟာ အိမ်အတွက်အသုံးဝင်တဲ့ပစ္စည်းမျိုးတွေဖြစ်လို့ ကျွန်မဆီ အဝယ်ပို့စ်တွေ အများကြီးတက်လာပါတယ်။ ကျွန်မ ရဲ့ဖုန်းထဲ wavepay,Kbz payတွေထည့်ထားခဲ့တာ မှန်သွားခဲ့ပါတယ်။ ကျွန်မဆီကိုဝယ်သူတွေက ငွေလွှဲပေးကြတာ သိန်းနဲ့ချီဝင်လာခဲ့ပါတော့တယ်။ ကျွန်မ ကိုကြီးကိုအားမကိုးရတဲ့အတူတူ တက္ကစီငှားပြီး ကျွန်မကိုကူညီပေးတဲ့အမရဲ့ကုမ္မဏီကိုသွားခဲ့ပါတယ်။ ကျွန်မကို Facebook Fri အဖြစ်နဲ့သာခင်တဲ့အမက အရွယ်ငယ်ငယ်နဲ့စီးပွားရေးလုပ်ငန်းကြီးတစ်ခုကိုလုပ်နိုင်သူ အမျိုးသမီးဖြစ်တဲ့အပြင် လှလည်းလှပြီး စေတနာကောင်းသဘောကောင်းသူဖြစ်နေပါတယ်။ “ညီမလေးပို့စ်တွေဖတ်ရင်း မမက ညီမလေးကို ချစ်နေတာပါ” ” ဟုတ်မမ ကျေးဇူးတင်ရပါတယ်မမရယ် ညီမလေးကို ယုံကြည်ပြီး ပစ္စည်းရောင်းချခွင့်ပေးတာကို ဝမ်းသာမိပါတယ်” “အဝယ်ပစ္စည်းစာရင်းနဲ့လိပ်စာတွေ ဖုန်းနံပါတ်တွေပါမမ” “စာရင်းနဲ့ငွေ ရှင်းဖို့ ညီမလေးကိုယ်တိုင်လာခဲ့တာပါ” “နောက်ဆို ညီမလေးမလာနဲ့တော့၊ မမကို ဖုန်းထဲကပဲ ပြန်လွှဲပေး။ဒီကပို့ပေးရမယ့် လိပ်စာတွေနဲ့အတူပစ္စည်းပို့ပေးရမှာ မမတို့တာဝန်ထားနော်” “ကျေးဇူးတင်ပါတယ်မမရယ်” “ညီမလေးလည်းအသက်ငယ်ငယ် ကိုယ်ဝန်ကြီးနဲ့ ဂရုစိုက်နေအုန်း” ကျွန်မအပြန်လမ်းမှာ မမကိုအားကျနေမိပါတယ်။ တစ်နေ့ ငါလည်း မမလို အောင်မြင်ထက်မြက်တဲ့ စီးပွားရေးလုပ်ငန်းရှင် ဖြစ်ချင်လိုက်တာလို့ တွေးနေခဲ့မိတယ်။ ကျွန်မ ကိုယ်ဝန်ကြီးနဲ့မို့ အမေက ကျွန်မဆီလာပြီး ကျွန်မကြိုက်တတ်တာလေးတွေ ချက်ယူလာပေးပါတယ်။
“အမေရယ် အမေ့ကျန်းမာရေးသာ ဂရုစိုက်ပါ၊သမီးကရပါတယ်” “ဘယ်ဟုတ်ပါ့မလည်းသမီးရယ်၊ သားသမီးလွယ်ထားရပြီဆို စားချင်တာခံတွင်းတပ်မိတာမျိုးဖြစ်တတ်တယ်၊ သမီးစားချင်တာကိုပြော အမေချက်ကျွေးမယ်” အမေ့မေတ္တာကိုခံစားရတော့ ကျွန်မ မျက်ရည်များကျမိအောင် ကြည်နူးဝမ်းနည်းဖြစ်နေခဲ့ရပါတယ်။ ကျွန်မ ကိုယ်တိုင်ရုန်းထွက်ခဲ့တဲ့အမေ့ရင်ခွင်က အခုတော့နွေးထွေးစေခဲ့ပါပြီ။ အမေ ပြန်သွားတော့ ကျွန်မအိမ်ခန်းထဲက ကုတင်ပေါ်လဲလျောင်းအညောင်းအညာဖြေရင်းက ကျွန်မ ဖုန်းထဲမှာ ဖတ်မိရင်း ကြိုက်လို့ saveထားခဲ့တဲ့စာလေးပြန်ဖတ်နေမိတယ်။ #အိမ်ထောင်ပြုတယ်ဆိုတာ တော်ရုံအချစ်….. တော်ရုံသံယောဇဉ်….. တော်ရုံရေစက်မရှိဘဲ….. သူစိမ်းနှစ်ယောက် တွေ့ဆုံပေါင်းသင်းလို့ မရဘူး။ ခင်ပွန်းကောင်းဆိုတာကတော့ မပြောင်းလဲတဲ့ မေတ္တာတွေ သစ္စာတွေနဲ့ရိုးမြေကျအောင် ဇနီးတစ်ယောက်ရဲ့ အနားမှာနေပေးမယ့်သူပါ။ ဇနီးကောင်းဆိုတာကတော့ ကိုယ်ယူလိုက်တဲ့ယောက်ျားကို အတတ်နိုင်ဆုံးသည်းခံပြီး ဘယ်လိုအခြေနေရောက် ရောက်….. ဘဝပေးပြီးချစ်မယ့်သူတွေပါ။ အဖေအမေတူတဲ့ မောင်နှမချင်းတောင်သဘောထားခြင်းမတူညီနိုင်တာဆိုတော့….. သူစိမ်းယောက်ျားနဲ့ သူစိမ်းမိန်းမ ပေါင်းဖက်တဲ့အခါ….. သဘောထားတွေတူညီဖို့ ခက်ခဲပါတယ်။ မိန်းမတစ်ယောက်က ချစ်သူဘဝမှာ….. ကိုယ့်စိတ်ကိုရှေ့တန်းတင်ပြီး နေလိုရပေမဲ့….. အိမ်ထောင်သည်ဘဝမှာတော့ ကိုယ့်ရဲ့ဆန္ဒကိုအဓိကထားလို့မရတော့ဘူး။ ယောက်ျားတစ်ယောက်က လည်း မိဘအိမ်မှာနေချင်သလို နေလို့ရပေမဲ့….. အိမ်ထောင်သည်ဘဝမှာ ကြိုက်သလိုနေလို့မရတော့ဘူး။ ဇနီးတစ်ယောက်အပေါ်မှာ ထားတဲ့ဆက်ဆံရေး….. ကိုယ်ယူထားတဲ့ဇနီးကို မိဘအိမ်ထက်မသာရင်တောင် လူတန်းစေ့အောင်ရှာဖွေ ကျွေးနိုင်သလားဆိုတာကို ကြည့်ပြီး….. ယောက်ျားတစ်ယောက်ရဲ့ အရည်အချင်းကိုသိနိုင်တယ်။
မိမိယောက်ျားအပေါ် ချစ်တာတစ်ခုတည်းနဲ့ ဇနီးကောင်းတစ်ယောက် မဖြစ်နိုင်ဘူး။ ကိုယ့်ရဲ့အတ္တ မာနကို နည်းနိုင်သမျှနည်းအောင်ကြိုးစားပြီး….. သာယာတဲ့ မိသားစုဘဝကို တည်ဆောက်နိုင် ်သလားဆိုတာ ကြည့်ပြီးတော့လည်း….. မိန်းမတစ်ယောက်ရဲ့ အရည်အချင်းကိုသိနိုင်တယ်။ တစ်ချို့သောမိန်းမတွေဟာ ကိုယ့်ဘဝပေးပြီးယူထားတဲ့ ယောက်ျားအပေါ်မှာ မာန်မာနကိုရှေ့တန်းတင်ပြီး ဆက်ဆံတဲ့အတွက်….. အိမ်ထောင်ရေးအဆင်မပြေမှုတွေကို ဖြစ်စေတယ်။ တစ်ချို့သောယောက်ျားတွေကလည်း ငွေကြေးပြည့်စုံအောင်ရှာဖွေ ပေးနိုင်ရင်….. တာဝန်ကျေ ပြီလို့သဘောထား ပြီး…. ဇနီးဖြစ်သူကို နိုင်ထက်စီးနင်း ဆက်ဆံတတ်တာကြောင့် အိမ်ထောင်ရေးပြိုကွဲမှုတွေ ဖြစ်စေတယ်။ ဇနီးဖြစ်သူကောင်းတိုင်းလည်း ခင်ပွန်းကမကောင်းနိုင်ဘူး။ ခင်ပွန်းဖြစ်သူကောင်းပေမဲ့ ဇနီးကဆိုးနေတာတွေလည်း အများကြီးပါ။ ဘယ်လိုပဲဖြစ်ပါစေ….. အတော်ဆုံးမိန်းမဆိုတာ ကိုယ်ယူထားတဲ့ယောက်ျားအ ပေါ်….. တစ်သက်လုံးမေတ္တာမပျက် ပေါင်းသင်းပြီး….. လှပတဲ့မိသားစုဘဝလေးကို တည်ဆောက်နိုင်တဲ့သူပါ။ အတော်ဆုံးယောက်ျားဆိုတာကလည်း ကိုယ်ယူထားတဲ့မိန်းမအပေါ် ဘယ်ခါမှသစ္စာမပျက်ပဲ ကိုယ်စွမ်းနိုင်သလောက် ရှာဖွေကျွေးမွေးပြီး….. အိမ်ထောင်ရေးကိုမပြိုလဲ အောင်….. ထိန်းသိမ်းနိုင်သူပါ။ ဝဋ်ကြွေးကင်းတဲ့ ပေါင်းဖက်ခြင်း တွေနဲ့….. မိမိအိမ်ထောင်ကိုသာယာ အောင်….. ဖန်တီးတည်ဆောက်နိုင်ကြပါစေ.။ #Crd. ဒါဆိုရင် ကိုကြီးနဲ့ကျွန်မရဲ့ အိမ်ထောင်ရေးမျိုးက ဘယ်လိုဖြစ်နိုင်မလည်း။
အတော်ဆုံးမဟုတ်တောင် ညီမလေးနဲ့ ကလေးအပေါ် တာဝန်သိတတ်သူမျိုးဖြစ်ရင်ကို ကျေနပ်ပါတယ် ကိုကြီးရယ်။ စာတွေဖတ်ရတာ ကျွန်မအတွက်ခွန်အားတွေရစေသလို အတွေးအမြင်တွေ ပိုကျယ်လာစေခဲ့ပါတယ်။ လင်ကုန်ရှုံးသူ ( ၇ ) မချစ်တတ်သော ယောင်္ကျားနဲ့ အချစ်ငတ်နေတဲ့ မိန်းမတစ်ယောက်ရဲ့ အိမ်ထောင်ရေး ဟာ သာယာတယ်လို့ ပြောလို့ဘယ်ရပါ့မလည်းနော်။ ကျွန်မ အဖေဆုံးပါးပြီးကတည်းက အဖေ့မေတ္တာငတ်ခဲ့ပေမယ့် အမေ့ရဲ့မေတ္တာရနေခဲ့လို့ သိပ်မခံစားခဲ့ရပါဘူး။ အဖေရှိစဉ်ကလည်း အဖေနဲ့အမေ ဘယ်သူ့ကို ပိုချစ်လဲ မေးရင် အမေလို့ပဲ ဖြေတတ်ခဲ့လို့ အဖေက စိတ် မကောင်းဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ သမီးလေးရှိနေတာကို အမေ နောက်အိမ်ထောင်ထပ်ပြုခဲတာ ကျွန်မအမေ့ကိုစိတ်နာသွားမိတယ်။ အမေ့ရဲ့အရွယ်နဲ့ လှပနုပျိုခြင်းတွေဟာ ရန်များခဲ့တာ ကျွန်မ မသိဘူး။ မုဆိုးမ တစ်ယောက်ရဲ့ဘဝ မလုံခြုံဘူးထင်ပြီး အားကိုးအားထားပြုပြီးယူခဲ့တဲ့ နောက်အိမ်ထောင်က အမေ့ကိုရှာတော့ ကျွေးခဲ့ပါတယ်။ အမေ မကျန်းမမာဖြစ်လာချိန်မှာ သူ့အလိုတွေမဖြည့်ပေးနိုင်တော့တဲ့အခါ နောက်ထပ် ခြံခုန်သွားခဲ့ပါတော့တယ်။ တစ်ယောက်တည်း ပြန်ဖြစ်သွားတဲ့အမေ့အတွက် တစ်ဦးတည်းသော သမီး ကျွန်မကိုပဲ အားကိုးအားထားပြုလာခဲ့ပါတယ်။ ဆီးချို တက်နေချိန် နှလုံးအမောဖေါက်ချိန်မျိုးဆို အမေက သိပ်သနားစရာကောင်းပါတယ်။ အမေ့ကို မန္တလေးက သမားတော်ကြီးနဲ့ပြပြီး သောက်ဆေးနဲ့ထိမ်းနေရပါတယ်။ နေကောင်းချိန်များဆို ကျွန်မအိမ်ရောက်ချလာပြီး ကျွန်မကြိုက်တာမ်ျုးချက်လာပေးတဲ့အပြင် ကျွန်မရဲ့အိမ်အလုပ်တွေပါ ကူလုပ်ပေးပါတော့တယ်။ “အမေ နေကောင်းတာလည်း မဟုတ်ပဲနဲ့ ၊ထားလိုက်ပါ သမီးလုပ်မယ်” “သမီးက မပေါ့မပါးကြီးနဲ့၊ တအိမ်လုံးအဝတ်တွေကိုခုထိလျှော်ခိုင်းနေတုန်းလားဟယ်” “သူတို့ကတော့ မလျှော်ခိုင်းပါဘူး၊ ဘယ်သူ့မှလည်း အလျှော်မငှားဘူးလေ၊ အဝတ်တွေပုံနေရင် အိမ်မှာ ဟိုလူ့ဆူသလိုလိုဒီလူ့ဆူသလိုလို လုပ်တာ နား ပူမခံချင်လို့ပါအမေရယ်” အမေက ကျွန်မပြောစကားနားလည်သွားပုံနဲ့ ကျွန်မလုပ်ရမယ့် အိမ်အလုပ်တွေ သိမ်းကျုံးလုပ်နေတတ်ပါတယ်။
အမေလုပ်ပေးကိုင်ပေးနေတာကို အိမ်ကို နောက်ထပ်အိမ်အကူတစ်ယောက်ထပ်ရောက်လာသလိုပုံမျိုးနဲ့ ဆိုင်ကနေ ဟင်းချက်စရာတွေဝယ်ပို့ပေးပြီး ချက်ခိုင်းတတ်ပါသေးတယ်။ သမီးအတွက် နေမကောင်းတဲ့ကြားကလာကူလုပ်ပေးတဲ့အမေ့ကို ခမည်းခမက်တစ်ယောက်အနေနဲ့ သဘောမထားတဲ့အပြင် ကျွန်မကပဲ အမေ့ကိုသူတို့ဆီကနေ ပေးနိုးနိုး ကျွေးနိုးနိုးတွေ မယုံသင်္ကာ ပြောဆိုလာတာကို ကျွန်မ မခံန်ုင်တာပါ။ “ဟဲ့ နဒီရေ ငါဆိုင်ကဝယ်ပို့လိုက်တာ ကြက်သားတပိဿာတောင်နော်၊ အခုဟင်းက ဒါပဲရတာလား” “ပုဇွန်ထုပ်ဆိုတာမျိုးက တော်ရုံလူစားနိုင်တာမဟုတ်ဘူး၊ ငါအကောင်ရေထားတာ ဆယ်ငါးကောင်လောက်ပါ၊ အခုဆယ့်သုံးကောင်ပဲရှိတယ်၊နင့်အမေထည့်ပေးလိုက်သေးလား” “မမလေးက အမေ့ကို ဘယ်လိုစကားမျိုးပြောလိုက်တာလဲ၊အမေက မစားနိုင်မသောက်နိုင် လူမျိုးလည်းမဟုတ်ပါဘူး” ပြန်ပြောတဲ့ကျွန်မကို မဲ့သလိုလိုအကြည့်မျိုးနဲ့ကြည့်ရင်း “ငါတို့ကစည်းနဲ့ကမ်းနဲ့နေတာ၊စားတာသောက်တာသူ့အထွာနဲ့သူတိုင်းသုံးနေကျမို့မေးရတာပါအေ” “အမေဒီအိမ်လာပြီးချက်ပြုတ်လုပ်ကိုင်ပေးနေလို့ အမေ့ကိုနေ့လည်စာ ဒီမှာပဲစားဆိုပြီးကျွေးလိုက်မိတာ” နောက်ဆို အမေလာရင်ထမင်းချိုင့်ပါ ထည့်လာခိုင်းရတော့မယ်” ကျွန်မအငေါ်တူး ပြောလိုက်မိတဲ့စကားက သူ့မောင်ပြန်လာချိန်နဲ့ အကိုက်ဖြစ်နေပါတယ်။
“ဒီမှာဟေ့ နင့်မိန်းမက သူ့အမေကို ခိုင်းလည်းခိုင်းသေး ကျွေးတာကိုအပြစ်ပြောတယ်ဆို ငါ့ရန်တွေနေပါလား” “နင့်အမေကို ဘယ်သူက ဒီအိမ်လာခိုင်းနေလို့လဲ ၊ ဘယ်သူတွေက ခိုင်းနေလို့လဲ” “အမေက အရင်ကအားတိုင်းလာနေလို့လား၊ကျွန်မကိုယ်ဝန်လရင့်လာလို့အမေလာလုပ်ကိုင်ပေးနေတာပါ” “နောက်လင်ကလည်းပစ်သွားတယ်ဆိုတော့ မပြောနိုင်ဘူးလေ၊ နောက်ဆို သမီးအကြောင်းပြပြီး ဒီမှာလာနေတော့မလားပဲ” ကျွန်မ ရဲ့ ဒေါသတွေက ငယ်ထိပ်အထိဆောင့်တက်သွားသလိုပါပဲ။ “ဒီမယ် ကိုကြီး ကျွန်မ အမေဟာ အဖေထားပေးခဲ့တဲ့ ရွှေနဲ့ငွေ၊အိမ်ခြံတွေရှိပါသေးတယ်၊ အခြေမဲ့အနေမဲ့လူမျိုးမဟုတ်ဘူး။ ကျွန်မအဖေသာ ရှင့်လိုလူမျိုးဆိုရင်တော့ နေစရာအိမ်မရှိတဲ့ ဘဝဖြစ်ချင်ဖြစ်မှာပေါ့” “ဘာ တော်တော် စောက်စကားများတဲ့ကောင်မ” လက်သီးနဲ့ ထိုးမယ်ဟန်ပြင်နေတဲ့ အာဂ ကျွန်မလင်ကို သူ့အမေနဲ့ အမက လှန်းပြီးဟန့်တားခဲ့ပါတယ်။ “တော်တော့ မောင်လေး သူ့မှာကိုယ်ဝန်ကြီးနဲ့ အထဲက ကလေးတစ်ခုခုဖြစ်သွားအုန်းမယ်” “ကလေးကြောင့် နင်သက်သာ သွားတယ်မှတ်” ကိုယ်ဝန်ရှိနေရင် ဇနီးကိုစိတ်ချမ်းသာအောင်ထားရမယ်ဆိုတဲ့ယောင်္ကျားမျိုးထဲလည်း မပါ၊ ကလေးအတွက်ဖခင်တာဝန်က အဖေအမည်ခံရုံသက်သက်သာ ရှိတဲ့ ဒီလိုလူမျိုးကိုမှ ငါယူခဲ့မိလေခြင်းဆ်ုပြီး အဲဒီညက တစ်ညလုံး ငိုနေမိတော့တာပါပဲ။ မနက်ဖြန် အမေမလာခင် ကျွန်မအမေ့ဆီသွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ပထမဆုံးအကြိမ်အဖြစ် သူတို့နဲ့ဝေးရာမှာ နေချင်စိတ်ဖြစ်နေမိပြီး ကျွန်မရဲ့ဘဝကို ကျွန်မ အားငယ်ဝမ်းနည်းနေမိပါတယ်။
အမေ ပြောတဲ့ လင်ကုန်ရှုံးတဲ့မိန်းမတွေထဲမှာ သမီးလည်းပါတယ်အမေ။ နောက်တစ်ရက်မိုးအလင်းမှာ ကျွန်မ အမေ့အိမ်ကို တက္ကစီတစ်စီးနဲ့ ထွက်လာခဲ့လိုက်တယ်။ ရင်မှာနာကျင်နေရတာ ကျွန်မအတွက်ဆိုတာထက် အမေ့ကိုပြောတာမခံနိုင်ဘူး။ အမေ နောက်အိမ်ထောင်ပြုခဲ့တာ အကျင့်စာရိတ္တဖေါက်ပြန်ခဲ့တာလည်းမဟုတ်ဘူး။ မိန်းမသားနှစ်ယောက်တည်းဘဝမလုံခြုံဘူးထင်လို့ယူခဲ့တာဆိုတာကျွန်မ ရင်သွေးလွယ်ထားရပြီဆိုတော့မှ မိခင်မေတ္တာကို ပိုသိလာခဲ့တယ်။ ဒါပေမဲ့ အမေ အားကိုးယူခဲ့တာက လူယောင်္ကျားပေမယ့် ကာမသာစားချင်နေတဲ့ ကျားမျိုးဖြစ်ခဲ့တာပဲ။ ကျွန်မ ရောက်လာတော့ အမေ အံဩနေပါတယ်။ “ဟယ် သမီး ဘာဖြစ်လို့အေမ့ဆီလာတာလဲ” “နေ့တိုင်းအမေလာနေရတာ ၊သမီးအလုပ်တွေပါဝိုင်းလုပ်ပေးနေရတာ အမေပင်ပန်းလို့ပါ” “အမေလည်း အသက်ရှုရတာမဝဖြစ်ပြီးမောနေလို့ တစ်ရက်နှစ်ရက် မလာတော့ဘူးလုပ်နေတာ” “အမေနားပါ၊ သမီး အမေ့ဆီလာနေချင်လို့ လာခဲ့တာ” ရန်ဖြစ်စကားများတာတွေတော့အမေ့ကိုမပြောပြတော့ပါဘူး။ အမေသိရင်ပိုပြီး စိတ်မကောင်းဖြစ်မှာပဲလေ။ သားအမိနှစ်ယောက် ဟိုအရင်ကလို နှစ်ယောက်တစ်ဘဝ ပြန်ဖြစ်သွားသလို ခံစားရပါတယ်။ ဗိုက်ထဲက ကလေးရဲ့ ကုသိုလ်ကံကြောင့်လားတော့မသိဘူး။ ကျွန်မရဲ့ အွန်လိုင်း ကုန်ပစ္စည်းအရောင်းကလည်း တော်တော်လေးရောင်းနေရပါတယ်။ အိမ်သုံးပစ္စည်း အသစ်အဆန်းမျိုးစုံ၊ တရုတ်စောင်များ၊အနွေးထည်မျိုးစုံ၊ စတာတွေကို ကြောငြာအားကောင်းကောင်းနဲ့ ရောင်းပေးနိုင်ခဲ့ပါတယ်။ ကျွန်မအတွက် ကော်မရှင်အမြတ်ကတင်တစ်လကို သုံးသိန်း၊လေးသိန်းလောက်ရခဲ့ပါပြီ။ အမေ့အိမ်ထွက်လာခဲ့တဲ့ကျွန်မကို သူတို့ကိုစိတ်ဆိုးဆင်းသွားတယ်ဆိုပြီး ဒေါသူပုန်ထနေကြပါသတဲ့။ ကျွန်မရဲ့ လေတံခွန် ယောင်္ကျားက ကျွန်မဆီဖုန်းဆက်ပါတယ်။ ” နင့်သဘောနဲ့နင်ဆင်းတာနော်။
ပြန်တက်မလာနဲ့” “ရတယ်လေ ကျွန်မလည်း ရှင့်ကို စိတ်ကုန်နေခဲ့တာကြာပြီ” “မိန်းမဆိုတာ ရှားပါးပစ္စည်းမဟုတ်ဘူး အဲဒါနင်သဘောပေါက်ထားလိုက်” အရင်ကညီမလေး၊ညီမလေးနဲ့ ကျွန်မအလိုက်ခဲ့တဲ့သူက ဒီလိုစကားမျိုးတွေပြောလိမ့်မယ် မထင်မိခဲ့ဘူး။ ပုတ်သင်ညိုလို လူစားကြီး။ မိန်းမတွေ ပေါတယ်တဲ့လား။ အဲဒီနေ့က ကျွန်မ မငိုပါဘူး။ ကျွန်မရဲ့ကလေးအတွက်ပဲစိတ်မကောင်းဖြစ်မိတာပါ။ ဖခင်မျက်နှာတောင်မမြင်ရသေးတဲ့ဝမ်းထဲက ကလေးက အဖေမဲ့ရတော့မယ်။ ကျွန်မ ဖတ်ထားတဲ့မနုဿစာမျက်နှာများထဲက မာရင်ရင်ရဲ့စာကို ပြန် shareလိုက်ပါတယ်။ ***** ဘာအမှားမှမလုပ်ထားပဲ အထင်လွဲခံရတာတွေ ဖြစ်ဖူးကြမှာပေါ့ ။ ဒါကိုအသည်းသန် ပြန်လည်ဖြေရှင်းပြီး ဆက်ဆံရေးတွေ ပြတ်တောက်မှာဆိုးလို့ ပူပန်တာလည်း ဖြစ်ဖူးကြမှာပေါ့။ ပြန်လည်အဆင်ပြေသွားကြတာရှိသလို ၊ ကိုယ်ကလျှော့ပေးလေပိုပြီး ယောင့်တက်လာတာလည်းရှိကြတာပေါ့ ။ သူ့ရဲ့စိတ်ခံစားချက်မကောင်းတာလေးနဲ့ ထစ်ကနဲဆိုရင် အထင်လွဲတတ်တဲ့သူမျိုးတွေက အပေါင်းသင်းလုပ်ဖို့ ခက်တယ် ။ ဒီလိုလူမျိုးတွေဟာ သေးသေးမွှားမွှားလေးတွေကစ အထအနကောက် ချဲ့တွေးရင်း ကိုယ့်ရဲ့စိတ်တွေကို နာကျင်ထိခိုက်အောင် ခဏခဏပြောဆိုလာရင် နောက်ပိုင်းမှာ ရှောင်လိုက်တော့တယ် ။ ရှင်းပြဖို့လည်း မကြိုးစားချင်တော့ဘူး ။ ကိုယ်မဟုတ်ကြောင်းကို ယုံကြည်စေဖို့ ကြိုးစားအားထုတ်ပြီး ချော့မော့ရတာတွေကို သိပ်မလုပ်မိတော့ဘူး ။ စိတ်ဓါတ်အခြေခံကောင်းပြီး တွေးတောဆင်ခြင်ဉာဏ်ရှိတဲ့သူတွေက မှန်၏မှား၏ဆိုတာကို ဝေဖန်ပိုင်းခြားပြီးမှ စကားတွေကို ပြောဆိုလေ့ရှိတယ်။ စိတ်မပျော်တိုင်း ၊ စိတ်အခံမကောင်းတိုင်း အနီးဝန်းကျင်ကသူပေါ် ဖိပြီးနင်းချင်တယ် ၊ မယုံသင်္ကာဖြစ်လွယ်တယ်ဆိုရင် ဒီဆက်ဆံရေးတွေကို ဖြတ်တောက်လိုက်တာက အကောင်းဆုံးပဲ ။
စိတ်ခံစားမှုကို အလွန်အကျူးအသားပေးရင် ဘယ်သူကမှ ရေရှည်သည်းမခံနိုင်ဘူးလေ ။ လူတိုင်းမှာ သူ့တန်ဘိုးနဲ့သူရှိတဲ့အတွက် ကိုယ့်ကိုအချိန်တိုင်း သည်းခံပေးဖို့ သူ့မှာလည်း တာဝန်မရှိနေဘူး ။ သည်းခံပေးတိုင်း ကိုယ့်အပေါ် အနွံတာခံချစ်ခင်တိုင်း အသာစီးအမြဲယူနေဖို့မှမဟုတ်တာ ။ နင်းခံရတာများလို့ နာလာရင် ဘယ်လောက်ချစ်ချစ် ကိုယ့်ကိုစွန့်ခွာသွားကြမှာပဲလေ ။ #မာရင်ရင် credit ကျွန်မထက် အသက်အများကြီး ကြီးတဲ့သူ ယူထားခဲ့ပေမယ့် ကျွန်မအပေါ် နားလည်ပေးနိုင်သူလို့ ထင်ခဲ့သူက အမြဲလို နိုင်စီးတဲ့ အမူအကျင့် အပြောအဆိုမျိုးနဲ့သာ ဆက်ဆံလာခဲ့တဲ့အတွက် ကျွန်မ သည်းမခံနိုင်တော့ပါဘူး။ ကျွန်မဘဝကို ကျွန်မဘာသာ ကြိုးစားရပ်တည်ရမယ့်အတူတူ ကလေးရဲ့အဖေဆိုတာကို ဘာအတွက်မျှော်လင့်အုန်းမှာလဲ။ အမေ့ကို ကျွန်မ အဲဒီအိမ်က ဆင်းလာခဲ့ကြောင်း ပြောပြလိုက်တော့ အမေ ငိုနေပါတယ်။ “အမေ ရိပ်မိပါတယ်သမီးရယ် ငါ့သမီးလေး လင်ကုန်ရှုံးခဲ့ပြန်ပြီ” ဒါပေမဲ့သမီး ကုန်ရှုံးရင်တစ်ခေါက် လင်ကုန်ရှုံးရင် တစ်သက်လုံးတဲ့ သမီးရဲ့။ သူက ကွာရှင်းပေးမယ်ပြောလို့လား” “အဲလိုတော့မပြောပေမဲ့ နင်ငါ့အိမ်ကိုပြန်တက်မလာနဲ့တဲ့” “လင်နဲ့မယား လျှာနဲ့သွားဆိုတဲ့အတိုင်း ကိုက်မိတုန်းတော့ခဏနာကြတာပါသမီးရယ်။ အနာပျောက်သွားေတာ့လည်း သူရှိမှ ဖြစ်သကိုး” “အို ဘာပဲဖြစ်ဖြစ် သမီး အမေနဲ့ပဲနေတော့မယ်” အမေ့ပေါင်ပေါ် ခေါင်းတင်လှဲလိုက်ရင်း တော်တော်လေးပူလာပြီဖြစ်တဲ့ ဗိုက်ထဲက ကလေးက ကျွန်မရင်ကို ဒူးခေါင်းလေးနဲ့ ကန်လိုက်သလို ခံစားလိုက်မိပါတယ်။ သူ့အဖေကို ပြောနေတာများသိလို့လားဟင်။ လင်ကုန်ရှုံးသူ ( ၈ ) ငယ်စဉ်ကလေးဘဝ လွပ်လပ်ပေါ့ပါးစွာနေခဲ့ရတယ်။ မရှိတာလည်းမသိခဲ့ဘူး။
လိုချင်တာမရရင် မိဘကို စိတ်ကောက်လို့ရတယ်။ အိမ်ထောင်ကျသွားတော့ အသက်ဘယ်လောက်ငယ်ငယ် အိမ်ရှင်မဘဝဟာ အပျိုမဟုတ်တော့ဘူး။ လင်ရဲ့တာဝန်တွေပါ ယူလာရတော့တယ်။ ကိုယ်အားကိုးပြီး ယူခဲ့တဲ့ယောင်္ကျားက အိမ်ထောင့်တာဝန်ကျေပြွန်တဲ့သူ၊ မိသားစုအရေးပို ပုခုံးထမ်းတာဝန်ယူတတ်သူကိုရတဲ့ မိန်းမ မျိုးတွေအတွက် ကိုယ့်ယောင်္ကျားကိုအိမ်ဦးနတ်၊ အိမ်ထောင်ဦးစီးဆိုတဲ့ တန်ဖိုးကို ကျေကျေနပ်နပ် ပေးသင့်ပါတယ်။ ကျွန်မအတွက်ကတော့ ပဒိုင်းသီးလို ယောင်္ကျားမျိုးကို ရတဲ့အတွက် စုပ်လည်းစူး စားလည်းရူးခဲ့ရတဲ့အဖြစ်ပါ။ ကျွန်မ အဖေမရှိတဲ့ သမီးတစ်ယောက်ဖြစ်ခဲ့တယ်။ ဖခင်လို ယောင်္ကျားမျိုးလိုချင်ခဲ့တယ်၊ အကိုတစ်ယောက်ညီမလေးကို စောင့်ရှောက်ပေးတတ်တဲ့ ယောင်္ကျားမျိုး လို ထင်ခဲ့ပြီး ကိုကြီးရဲ့ အချစ်စကားနဲ့အပေါ်ယံ ကအကြင်နာတွေဂရုစိုက်မှုတွေကို ယုံစားမိခဲ့သူပါ။ လူတစ်ယောက်ရဲ့အကျင့်စရိုက်ကို ခဏတာအချိန်အတွင်း ဆုံးဖြတ်ချက်ချလို့မရဘူးဆိုတာ လက်တွေ့သိလိုက်ရတဲ့အချိန်မှာ သူ့လက်ခုပ်ထဲကရေ ဖြစ်နေခဲ့ပြီ။ အရက်သောက်၊ဖဲရိုက်၊ မိန်းမရှုပ်၊ လောင်းကစားလုပ်မှ လူဆိုးလို့ဆိုရင် အဲဒါမျိုးတွေတစ်ခုမှ မလုပ်တဲ့ ကျွန်မယောင်္ကျားက လူကောင်းလို့ ပြောရမှာလား။ အရက်တော့မသောက်ပေမဲ့ ဘီယာတော့တစ်ခါတလေသောက်တတ်တယ်။ သားကျွေးမှုမယားကျွေးမှု ဆိုတာ သူနဲ့မဆိုင်ပဲ သူ့မိဘတွေကိုသာပုံအပ်ထားတယ်။
ပြောရရင် မိဘစီးပွားရေးဟာ သူ့စီးပွားရေးလုပ်နေတတ်သူမျိုးပါ။ မိန်းမဆိုတာမရှားဘူးလို့ ပြောလာသူကြီးက သူ့သွေးသားလွယ်ထားတဲ့ကျွန်မကို စိတ်ပူတာမဟုတ်ပဲ သူ့ကလေးကိုစိတ်ပူလို့ ပြန်လိုက်ခဲ့ဖို့ လာခေါ်တယ်။ “ငါ့အိမ်ကို ဘယ်တော့မှ ပြန်တက်မလာနဲ့ဆို၊ ကျွန်မ ပြမလိုက်ဘူး” “မီးဖွားရင် အိမ်မှာက အမေရောမမကြီးရောမမလေးရော ရှိတယ်၊ ဒီမှာက မင်းအမေတစ်ယောက်ထဲ စိတ်မချပါဘူး” “ရတယ်မလိုပါဘူး၊အမေတစ်ယောက်ရှိတာနဲ့တင် ကျွန်မမွေးဖို့ အားရှိတယ်” “အဒေါ့်သမီးပြောအုန်း၊ကျွန်တော့အမေက မမြင်ရသေးတဲ့ သူ့မြေးကို စိတ်ပူပြီး ခဏခဏခေါ်ခိုင်းနေတာ” “လိုက်သွားလိုက်ပါသမီးရယ်၊ မီးဖွားခါနီး အမေလာနေပေးမှာပေါ့ ၊ဘာမှမပူနဲ့” ကိုယ့်ဝမ်းနာကိုယ်သာသိတဲ့ကျွန်မ အတွက် ယောင်္ကျားနောက်ကို ပြန်လိုက်ဖို့ဆိုတာ မီးပုံကြီးထဲ ပြန်ခုန်ဆင်းရမလိုပါပဲ။ “အမေက ဆိုင်သာဆိုင်တာ မပိုင်တော့ဘူးသမီး၊ ဗိုက်ထဲက ကလေးအတွက် စဉ်းစားပြီး လိုက်သွားနော်” ကျွန်မ ဘာမှမပြောနိုင်ခင် ကျွန်မပါလာတဲ့ပစ္စည်းတွေ အိတ်တစ်လုံးထဲထည့်သိမ်းပြီး သူ့သားမက်လက်ထဲထည့်ပေးနေပါတယ်။ “ကလေးကို သူ့အဖေနဲ့သာရှိပေးလိုက်ပါသမီးရယ်၊သမီးကိုယ်တိုင် အဖေမရှိတဲ့ခံစားချက်ကို သမီးသိနေတာပဲလေ” ကျွန်မအနားတိုးတိုးလေးကပ်ပြောနေတဲ့အမေ့စကားများနဲ့ ကလေးကို သူ့အဖေနဲ့သာရှိစေချင်တယ်ဆိုတဲ့အချက်က ကျွန်မကို နောက်ထပ်တဖန် ပြန်ချည်နှောင်ခံလိုက်ရပြန်ပါပြီ။ လင်နဲ့မယားလျှာနဲ့သွား၊ကိုက်မိတုန်းခဏပေါ့တဲ့။ လင်နဲ့မယားနှစ်ယောက်ထဲဆိုရင် အမေ့သားမက်က ရှာမကျွေးနိုင်တောင် သမီးက ဦးဆောင် ပြီး မယ်တထမ်းမောင်တစ်ရွက် လုပ်နိုင်ပါတယ်။ လင်နဲ့မယားမှာ ယောင်းမတွေယောက္ခမတွေနဲ့အတူနေရတဲ့ မိန်းမမျိုးကတော့ လျှာကပြတ်လုနေပါပြီ။ ဒီတကြိမ်တော့ရှိစေတော့။ ကလေးမီးဖွားပြီးရင် ကျွန်မရဲ့ စီးပွားရေးကို အတတ်နိုင်ဆုံးကြိုးစားလုပ်မယ်။
ကျွန်မက ငယ်ငယ်ကတည်းက ကျွန်မကို နှိမ်ခဲ့ဘူးသူတွေကို ခေါင်းထဲအမြဲမှတ်ထားတယ်။ ဖတစ်ဆိုးတစ်ကောင်ကြွက် သမီးဖြစ်ခဲ့ရပေမယ့် ကျွန်မစိတ်ကိုကျွန်မပဲ သိတယ်။ လင်ကုန်ရှုံးသွားခဲ့ပေမယ့် ကျွန်မဘဝကိုတော့ကျွန်မအရှုံးမခံပါဘူး။ ကျွန်မ ဒီနွံထဲက လွတ်အောင်ရုံးပြီး ပြန်လာခဲ့ပါမယ်အမေ။အမေသာအသက်ရှည်ရှည်နေပေးပါ။ အမေ့ကိုကန်တော့ရင်းက ရင်ထဲကပြောဖြစ်တဲ့စကားတွေပါ။ လေတံခွန်လိုလူရဲ့နောက်ကဆိုင်ကယ်မှာ တက်ထိုင်လိုက်ရတဲ့ ကျွန်မ က ဒုတိယအကြိမ်လင်နောက်လိုက်ရခြင်းပေမဲ့ ပျော်ရွှင်ကြည်နူးခြင်း၊သာယာချမ်းမြေ့မှု လုံးဝမဖြစ်တော့တဲ့ခံစားချက်ကြီးနဲ့ လိုက်ခဲ့ရပါလေတော့တယ်။ ယောက္ခမအိမ်တက် ချွေးမ မျက်နှာဇီးရွက်လောက်သာရှိတဲ့ မိန်းမသားတွေ ဘယ်လောက်များရှိကြလဲနော်။ တချို့မိန်းကလေးတွေ အိမ်ထောင်ရေးကံကောင်းကြသူများလည်းရှိမှာပါ။ ယောက္ခမအမေက ကျွန်မတို့နှစ်ယောက်ခြံထဲဝင်လာကတည်းကစောင့်ကြည့်နေပါတယ်။ “ဟိုနှစ်ယောက် လာခဲ့အုန်း” တစ်ခုခု ဆူတော့မယ်ဆိုတာသိထားခဲ့ပေမယ့် ရိုသေချစ်ခင်စိတ်ပျောက်သွားခဲ့တဲ့ အတွက် ကျွန်မရဲ့မျက်နှာက ခပ်တည်တည်ဖြစ်နေပါလိမ့်မယ်။ “လင်ရယ်မယားရယ်ဖြစ်လာရင် တစ်ယောက်ကိုတစ်ယောက် သည်းခံပေးကြမှာ မဟုတ်ဘူးလား ၊ ခုတော့ဘာမဟုတ်တဲ့ကိစ္စနဲ့ ညီးက အိမ်ပေါ်ကဆင်းသွားရသလား” “သူကျွန်မကို ထိုးမယ်ပြုမယ်လုပ်တာလေ၊ကျွန်မကိုအဖေနဲ့အမေကတောင်တစ်ချက်ရိုက်ဖူးတာမလုပ်ခဲ့ဘူး” “သူထိုးမယ်ကြိတ်မယ်လုပ်တော့ ငါတို့ကသူ့ကို ဝိုင်းဆွဲခဲ့တာပဲ၊ နင့်ကိုတစ်ချက်ထိမိလို့လား” မမလေးက စကားဖြတ်ဝင်ပြောပြန်တယ်။
“ကဲ တော်ပါတော့ အမေတို့မမလေးတို့ကလည်း၊ ကလေးစိတ်မချလို့ပြန်ခေါ်ခိုင်းတုန်းကခေါ်ခိုင်းပြီး အခုမှဆူမနေနဲ့” “အေး မင်းလည်းကြပ်ကြပ်သတိထားပါ ကလေးအဖေပဲဖြစ်တော့မယ်၊ မိသားစုအပေါ်ဘာကိုမှ တာဝန်ယူချင်စိတ်မရှိဘူး” “လုပ်လာပြီ အမေတို့က မြှားဦးကသားဖက်လှည့်ဆူနေပြန်ပြီ” “နင့်အသက် သုံးဆယ်ကျော် လေးဆယ်နားအထိ မိဘကိုအားကိုးချင်နေတုန်းလေ၊ ပွဲရုံမှာလာကူဆိုတော့လည်းမဟုတ်ပြန်ဘူး” “ပွဲရုံမှာ အဖေရောအမေရော အိမ်ရှိလူကုန်လုပ်နေကြတာပဲ၊ကျွန်တော်ဝါသနာပါတာပဲလုပ်မယ်” “မင်းဝါသနာပါတာက လဘက်ရည်ဆိုင်ထိုင်လေကန်၊ ဘောလုံးပွဲလောင်းတာမျိုးပဲလုပ်ချင်တာလေ၊ ကြီးပွားတိုးတက်ပါအုန်းမယ်” “တော်ပါတော့ ဗျာ၊ ကျွန်တော်အခုအရောင်းအဝယ်လုပ်နေတာ အဆင်ပြေစပြုနေပါပြီ” “အေး ၊ ကိုယ့်အိမ်ထောင်နဲ့ကိုယ်ဖြစ်လာရင် နောက်မိဘဆီက လက်ဝါးဖြန့်တောင်းတိုင်း မေပးနိုင်တော့ဘူး၊ နဒီလည်း ကိုယ့် ယောင်္ကျားကို နိုင်အောင်ထိမ်း” “မြေးတာဝန်ကတော့ယူပေးမယ်၊ နင်တို့လင်မယားကတော့ ကိုယ့်အားကိုယ်ကိုး လုပ်ကြည့်ကြ” ယောက္ခမအမေက ပြောဆိုပြီး ထသွားတော့မှ ကျွန်မ အခန်းထဲဝင်ခဲ့လိုက်ပါတယ်။့ “အိမ်မှာဘာမှပူစရာမလိုတဲ့ကိစ္စ သူလုပ်တာနဲ့ ပြဿနာတက်ပြီ” “အမှန်တွေပြောနေတာပဲလေ ၊ လူဆိုတာ ကိုယ့်အားကိုယ်ကိုး ပြီးနေထိုင်သင့်တာပဲ၊ အစက ကိုကြီးအလုပ်အကိုင်ကဘာလဲ ကျွန်မမေးခဲ့တယ်၊ ကားပွဲစားအလုပ်၊အိမ်ပွဲစားအလုပ် လုပ်တယ်ပြောလို့ ယုံကြည်အားကိုးမိလိုက်တာ” “လုပ်ခဲ့တာပဲလေ၊ကားဈေးကွက်ပျက်ကုန်တော့ နောက်ပိုင်းအရောင်းအဝယ်မဖြစ်ကြတော့တာ ဘယ်တတ်နိုင်မလည်း” “နဒီအတွက်ကတော့ ကိုယ့်ဘာသာ ကြိုးစားရပ်တည်နိုင်ပါတယ်။
မွေးလာမယ့်ကလေးအတွက် ဖခင်ကောင်းတစ်ယောက်ဖြစ်အောင် အချိန်မှီပြုပြင်ပေးပါ” “အင်းပါ ညီမလေးရာ ကိုကြီးအခုကစ အရင်လိုမနေတော့ပါဘူး။ ဖုန်းအရောင်းအဝယ်လည်းမဆိုးလှပါဘူး၊ အမေတို့မမလေးတို့ကလည်း စိတ်ဆိုးတုန်းပြောတာပါ၊ နောက်တော့အရင်လိုပဲ သုံးဖို့ပြန်ပေးမှာပါ” ပြောလည်း သိပ်ထူးမှာမဟုတ်တဲ့ လင်ယောင်္ကျားဖြစ်သူကို ဗိုက်ထဲက ကလေးအဖေ ဖြစ်ခွင့်ပေးပြီး အချိန်တွေ ကုန်ဆုံးခဲ့ရတဲ့ မိန်းမတွေ အဖြစ်ကို စိတ်ပျက်မိတယ်။ ယောင်္ကျားက ကွာမပေးချင်တိုင်း သည်းခံပေါင်းသင်းနေရမယ့် ဘဝမျိုးတွေ အများကြီးရှိနေကြမှာပဲ။ ကျွန်မ ကလေးသူ့ရင်သွေးအတွက် ဘဝဆိုတဲ့ပြဇာတ်ကို ဆက်ကကြည့်စမ်းမယ်။ ကိုးလလွယ် ဆယ်လဖွားဖို့ တစ်လသာ အချိန်ကျန်တော့တယ်။ အရင်လိုအိမ်အလုပ်ကိုတော့ သိပ်ပြီးမခိုင်းတော့ပဲ အိမ်အကူအဒေါ်ကြီးတစ်ယောက်ခေါ်ထားပေးပါတယ်။ ကျွန်မအွန်လိုင်းအရောင်းအဝယ်ကိုလည်း ဆက်လုပ်ခဲ့တယ်။မွေးပြီးရင်တော့ခဏနားရပါမယ်။ အလုပ်ရှင်မမက ကျွန်မ မီးဖွားပြီးရင် သုံးဖို့ ကလေးအသုံးအဆောင်ပစ္စည်းတွေ မျိုးစုံလက်ဆောင်ပေးခဲ့တယ်။ ကျွန်မအတွက် ကလေးပစ္စည်းတွေ ရောင်းဖို့အကြံပါထပ်ရသွားခဲ့ပါတော့တယ်။ ကလေးအသုံးအဆောင်၊ပုခက်၊နို့ဘူး၊နို့ဘူးများပေါင်းတဲ့အိုး၊ လိုချင်စရာလှလှလေးတွေကို ကျွန်မကိုယ်ဝန်ပုံနဲ့တွဲပြီး ကြော်ငြာရောင်းပေးခဲ့ပါတယ်။ မမျော်လင့်ပဲ ကျွန်မရောင်းတဲ့ကလေးပစ္စည်းတွေ ရောင်းအားတော်တော်တက်ပြီး ပေါက်သွားခဲ့တယ်။ မမက ကျွန်မအတွက်ငွေသားဆယ်သိန်းထပ်ပြီးဆုချပေးပါတယ်။
အမေက မီးမဖွားခင် တစ်ပတ်သုံးရက်လောက်လာပေးတယ်။အယ်လထရာဆောင်းအဖြေကသမီးလေးလို့ကြိုသိထားတဲ့အတွက် သမီးအတွက်လိုမယ်ထင်တာတွေ အမေက လုပ်ပေးကိုင်ပေးခဲ့တယ်။ တကယ်တမ်း ကျွန်မ မီးဖွားရင် စိတ်မချဘူးဆိုပြီး ခေါ်ခိုင်းခဲ့တဲ့ ယောက္ခမများကတော့ ဂန္ဓမာပန်းပေါ်ချိန်၊ဟောလန်နဲ့ လီလီပန်းတွေလောက် မြေးအပေါ်ဂရုမစိုက်နိုင် ဖြစ်နေကြပါတယ်။ မန္တလေးမြို့ရဲ့ သားဖွားအထူးကုဆေးခန်းမှာ ဖေဖေလေတံခွန်အတွက် သမီးလေးတစ်ယောက် ထပ်ရလာခဲ့ပါပြီ။ ဖေဖေကရော အရင်လိုပဲ တိမ်ကိုဒူးနဲ့တိုက်နေတုန်းလားဆိုတာ ကျွန်မ ကလွဲပြီး ဘယ်သူကသိနိုင်ကြပါ့မလည်း။ လင်ကုန်ရှုံးသူ ( ၉ ) နီတာရဲနဲ့သမီးလေးကို အသက်ဆယ့်ရှစ်နှစ်ကျော် မိန်းကလေးတယောက်က ဖွားမြင်ပေးခဲ့ရပေမဲ့ ကလေးကိုဘာမှလုပ်မပေးတတ်ခဲ့ပါဘူး။ အရေးထဲနို့ကမထွက်တာကြောင့် နို့ဆာလို့ တစ်ဝါးဝါးနဲ့ငိုနေတဲ့သမီးလေးကို သနားလိုက်တာ။ “နို့က ဘာလို့မထွက်ရတာလဲ၊ စောစောစီးစီး နို့သီးခေါင်းကို ရေနွေးလေးနဲ့ဆေးပြီး ညှစ်ညှစ်မပေးဘူးလားအေ” ယောက္ခမ အမေက အပြစ်တင်သလိုလို အပြောနဲ့ ကျွန်မအမေကိုစောင်းကြည့်ရင်းပြောလိုက်ပါတယ်။ “လုပ်ပေးပါတယ်အမ၊ ကျွန်မသူ့ကိုမွေးတော့လည်း နို့ထွက်နောက်ကျခဲ့တယ်၊သုံးရက်နေမှ ကောင်းကောင်းထွက်တာပါ” ကလေးကို သဲသဲလှုပ် ချစ်နေကြတဲ့ ယောင်းမဖြစ်သူမမလေးနဲ့ ကိုကြီးရဲ့ အမေတို့ဟာ မွေးပြီးမှ ရောက်လာခဲ့ကြသူများပါ။ သမီးရဲ့ဖေဖေဖြစ်သူက သမီးမွေးတဲ့နေ့မှာဘောလုံးပွဲလောင်းတာနိုင်လို့ သူ့သမီးက လာဘ်ကောင်းတယ် ဆိုပြီး အာကျယ်ကျယ်နဲ့ လေကန်နေပြန်ပါတယ်။ သမီးကလေးကိုကြည့်ရင်း ငါတစ်ယောက်တည်းမဟုတ်တော့ဘူး။
နှစ်ယောက်စာကြိုးစားမှ ရတော့မယ်ဆိုတဲ့ အတွေး ဝင်လာပါတယ်။ ဆေးရုံကမီးဖွားစရိတ်ကိုတော့ သူ့မိဘတွေက အကုန်ခံ ရှင်းပေးကြပါတယ်။ အိမ်ပြန်ရောက်ခဲ့ပေမဲ့ ကျွန်မအမေက နေ့စဉ်လာပြီး သူ့မြေးမလေးကို စောင့်ရှောက် ထိမ်းပေးတယ်။ ကျွန်မနို့ထွက်ကောင်းလာအောင် ရေနွေးဖတ်နဲ့ချေပေးတယ်။ နွားမြီးစွတ်ပြုတ်ချက်ပြီး သောက်ခိုင်းခဲ့တယ်။ ကျွန်မ သမီးလေးကို မိခင်နို့ ဝဝတိုက်ကျွေးနိုင်အောင် အမေလုပ်ပေးခဲ့နိုင်တယ်။ ဆီးချိုနှလုံးရောဂါအခံရှိနေတဲ့အမေဟာ မမောနိုင်ပဲသူ့ရဲ့တစ်ဦးတည်းသောမြေးကလေးကိုတစ်နေကုန် ထိမ်းနေပါတော့တယ်။ ညဖက်ပွဲရုံကပြန်လာကြမှသာ ကလေးကိုကြည့်နိုင်တဲ့ ယောင်းမတို့ကတော့ခဏတဖြုတ်သာချီပိုးချော့မြူနိုင်ကြတယ်။ သမီးလေးရဲ့ဖေဖေကတော့ မှတ်မှတ်ရရ သမီးအတွက်ဆိုပြီးပိုက်ဆံငါးသောင်း ကျွန်မလက်ထဲထည့်ပေးခဲ့တယ်။ လင်ယောင်္ကျားဖြစ်သူ ရှာတဲ့ ပိုက်ဆံကို ပထမဆုံးရရှိခဲ့ခြင်းပါပဲ။ ဒါဆို သမီးလေးမွေးလိုက်တဲ့အတွက် သူ့အချိုးတွေပြင်လာတာများလားဆိုပြီး ကျွန်မမှာ ဝမ်းသာခဲ့ရပါတယ်။ ဒါပေမဲ့ ဗီဇဆိုတာ ဖျောက်ရခက်သားလား။ ရှာတာက နည်းနည်း ဖြုံးတာကများများဖြစ်နေတဲ့သူဟာ ပိုက်ဆံလက်ထဲကြာကြာမထား၊ကြာကြာမနေတဲ့သူမျိုးဖြစ်နေပါတယ်။ သမီးခြောက်လအရွယ်၊တစ်နှစ်အရွယ်၊အရွယ်အလ်ုက်သမီးလေးသုံးတဲ့ပစ္စည်းမျိုးစုံကျွန်မရောင်းခဲ့တယ်။ ကလေးဖြည့်စွက်စာမျိုးစုံကိုလည်းရောင်းခဲ့တယ်။သမီးလေးလမ်းလျှောက်တတ်စကားပြောတတ်၊ပြေးတတ်တဲ့အရွယ်အထိ ကျွန်မ ကြိုးစားရုန်းကန်ခဲ့ပါတယ်။ သမီး ကို ကဲကဲလှုပ် ချစ်သူကတော့ မမလေးပါပဲ။ သူ့မောင်လေးကမွေးတဲ့သူတို့သွေးလေးကိုတော့ လိုလေသေးမရှိ ပြည့်စုံအောင် ထားပေးတယ်။
ကျွန်မကတော့ဈေးရောင်းရင်းက ကျွန်မချစ်လင်ကိုတာတေနဲ့ တကြိတ်ကြိတ် ရန်ဖြစ်နေခဲ့ရပါတယ်။ မိဘဆီက သိပ်ပြီးတောင်းသုံးမရတော့ ကျွန်မရှာတဲ့ငွေကို မျက်စပြစ်လာပါတော့တယ်။ ညီမလေး ပိုက်ဆံအရင်လိုနေလို့ ငါးသောင်းခဏလောက်၊တစ်သိန်းခဏလောက် ချေးပါဆိုပြီး ဘယ်တော့မှ ပြန်မပေးတတ်သူကြီးပါ။ တစ်ခါမက အခါအခါဖြစ်လာတော့ ကျွန်မ မပေးတော့ပါဘူး။ မပေးတော့ ကျွန်မကို အကျပ်ကိုင်လာပါတော့တယ်။ “သမီးကို မင်းအမေနဲ့ပစ်ထားပြီး အလုပ်လုပ်နေတာ ငါမကြိုက်ဘူး” “အလုပ်လုပ်တာ မကြိုက်ဘူးလို့ပဲရှိရသေးတယ်၊ အလုပ်မလုပ်ပဲ ထိုင်စားနေတာကိုမှ မကြိုက်ရမှာလေ” “အဲဒီ ဆိုင်ကို သွားနေရတာကျေနပ်နေတာမဟုတ်လား၊ အဲဆိုင်မှာ အရောင်းမန်နေဂျာ ကောင်လေးကို ငါကြည့်မရဘူး” “အော် ဘာကိစ္စ ကြည့်မရပြန်ရတာလဲ၊ သူ့အလုပ်သူလုပ်တာလေ၊ဖုန်းထဲကပစ္စည်းပြနေတာထက် ကိုယ်တိုင်ပစ္စည်းကောင်းမကောင်းမြင်ရရောင်းရတာကြောင့် သွားတာပဲ” “ငါမကြိုက်ဘူးဆိုမကြိုက်ဘူးပဲ၊ နောက်မလုပ်နဲ့တော့” ကျွန်မ သူ့အပေါ် စိတ်ပျက်ခြင်းကမျက်နှာပေါ်မှာ အထင်းသားပေါ်သွားခဲ့တယ်။ ဘာမှလည်းအားမကိုးရတဲ့အပြင် မိန်းမကပိုက်ဆံရှာနိုင်ပြန်တော့ စိတ်မချဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်လိုမင်းထက် စကားမျိုး ပြောသေးတယ်။ “နင် ငါ့ကို အဲလိုမျက်နှာပေးမျိုးနဲ့မကြည့်နဲ့ ကောင်မ” “ကြည်တော့ဘာဖြစ်လဲ ၊ လင်တစ်ယောက်ရယ်လို့ သမီးရဲ့အဖေတစ်ယောက်ရယ်လို့ အားမကိုးရတဲ့အပြင် အောက်တန်းစား စကားမျိုးလာမပြောနဲ့” ကျွန်မရဲ့ ငြိမ်ခွေနေခဲ့သော နဂါးလိုစိတ်ကို မီးလာညှိတဲ့သူ့ကို မျက်လုံးထဲကအငွေ့တွေထွက်လာမတတ် ကြည့်ပြီး ပြန်ပြောလိုက်ပါတယ်။ “တောက် ကောင်မက အခုတော့ လူပါးဝချင်လာပြီ” လူဆိုတာ ပါးရတယ်နပ်ရတယ်၊လျှင်ရတယ်။ထက်မြက်ရတယ်၊သွက်လက်ရတယ်၊ မပျင်းမရိ ကြိုးစားတတ်သူမျိုးမှ လူလို့ခေါ်တာ။
လူပျင်း၊လူညံ့တစ်ယောက်ရဲ့မယားဖြစ်ခဲ့ရတာကြောင့် လူပါးဝတာဆန်းသလား” မထင်မှတ်တဲ့ကျွန်မရဲ့တုန့်ပြန်စကားကြောင့် အိမ်ထဲက ပစ္စည်းတွေကိုင်ပေါက်ရင်း ကျွန်မကို သတ်မယ်ဖြတ်မယ်တကဲကဲလုပ်နေပါတော့တယ်။ ထုံးစံအတိုင်းသူ့အမေနဲ့အမက ဝင်ဆူလိုက်တော့ ဆိုင်ကယ်စက်ကိုတဗြင်းဗြင်းနှိုးရင်းထွက်သွားပါတော့တယ်။ နဒီဆိုတဲ့စနေသမီး ကျွန်မ အမောက်ထောင်ပြလိုက်ခြင်းကိုခံရခက်သွားပုံပါ။ (၁၀ ) နဂါးတို့ မျက်စောင်း ထိုးလိုက်တာနဲ့ ပြာကျရစတမ်းဆိုရင် အဲဒီေလတံခွန်လို ယောင်္ကျားကို ပြာဘဝရောက်အောင် နေ့တိုင်းကြည့်လ်ုက်စမ်းချင်ပါတယ်။ ခုတော့ ဗြူးဗြဲလုပ် မောင်းထွက်သွားတဲ့ဆိုင်ကယ်က အရှိန်များလွန်းပြီး တဖက်က လမ်းဖြတ်လာတဲ့ ဆိုင်ကယ်ခါးလယ်ကို တည့်တည့်တိုးမိပါတယ်တဲ့။ ကျွန်မကတော့ သမီးနဲ့အခန်းထဲဝင်ရင်းဖုန်းထဲကအမှာစာတွေ မှတ်နေချိန်မှာ “နဒီ နဒီ ထအုန်းဟေ့” အခန်းတံခါးကိုတဒုန်းဒုန်းထုရိုက် အော်နေတဲ့ မမလေးအသံကြောင့် ကျွန်မ တံခါးပြေးဖွင့်လိုက်ပါတယ်။ “မောင်လေးရယ် ဆိုင်ကယ်ချင်းတိုက်မိပြီး ဆေးရုံရောက်နေတယ်တဲ့” “ဖြစ်တာတောင်နည်းသေးတယ်” “ညီး ဘာစကားပြောလိုက်တာလဲ ၊ ကိုယ့်လင်တစ်ယောက်လုံး သေမလားရှင်မလား ၊ဘယ်လိုနေမလဲ စိတ်မပူဘူး” “ငါတို့အခုလိုက်သွားမလို့ ၊ လိုက်မှာလားမလိုက်ဘူးလား” “ကလေးအိပ်ပျော်နေတာ တစ်ယောက်တည်း ဖြစ်နေတယ်၊ မနက်မှ ဆေးရုံလိုက်ခဲ့မယ်’ တကယ်က ကျွန်မကို ရိုက်ပုတ်မရလို့ ဒေါသတကြီးမောင်းထွက်သွားခဲ့တဲ့သူ့ကို ကျွန်မ စိတ်မပြေန်ုင်သေးပါဘူး။ ဆေးရုံကို ချက်ချင်းလိုက်မလာတဲ့ ကျွန်မရဲ့အပြစ်က သူတို့မိသားစုအတွက် ပိုပြီး လက်ညိုးထိုးစေခဲ့တယ်။ “နင့်ကြောင့်ဖြစ်တာနဒီ၊ ငါ့သားလေး မသေကောင်းမပျောက်ကောင်းကွယ်၊ ခြေထောက်ကျိုးရုံသာပဲမို့အေ” “နင်တို့လင်မယားအချင်းချင်းသင့်မြတ်ကြရင် ငါတို့ အပြင်မှာစီးပွားရှာရတာ စိတ်အေးလက်အေးလုပ်နိုင်တယ်။
ခုတော့ အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာ အဖြစ်မျိုးနဲ့ ကြုံနေရတယ်” “ဆေးရုံကြီးမှာ ဆူမနေတော့နဲ့အမေ၊ ရဲအမှုကိစ္စကရှိသေးတယ်၊ ငထွန်းရယ် နင်ဟာလေ ခုချိန်ထိ ငါတို့အပေါ် ဆိုးလို့ကောင်းနေတုန်းပဲ” မမလေးက ဆူပူပြောဆိုနေတာကို မျက်နှာထားရှုံ့မဲ့နေတဲ့ ကိုလေတံခွန်ကြီးက စပ်ဖြီးဖြီးလုပ်နေခဲ့ပါတယ်။ သမီးလေး ကတော့ဘာမှမသိရှာပဲ့ သူ့အဖေကိုကြည့်ရင်း နာနာကြီးဖြစ်နေတာလားဖေဖေ၊ အရမ်းနာနေလားဆိုပြီးမေးနေပါတယ်။ ဆေးရုံမှာတင် တစ်လနီးပါးကြာကုသခဲ့ရတဲ့ သူတို့သား သေ သွားရင်တောင် ကျွန်မကြောင့်လို့ ဝိုင်းလက်ညိုးထိုးကြတော့မှာပါ။ ကျွန်မဝဋ်ကြွေး ပါလာသမျှ ဆပ်ရပါအုန်းမယ်။ “ဒီမယ်နဒီ၊ အပြင်အလုပ်လုပ်တာတော့ ကောင်းပါတယ်၊ ဒါပေမဲ့ ကိုယ့်ယောင်္ကျားက မလုပ်စေချင်ရင်တော့ မလုပ်ပါနဲ့တော့အေ” “ဟင် ဘာလို့လဲ မမလေး၊ကျွန်မ အွန်လိုင်းဈေးရောင်းရတာ ဆိုင်ခန်းလည်းငှားစရာမလိုပါဘူး။ ဖုန်းထဲကနေ ကြော်ငြာရောင်းပေးနေခဲ့တာ ဘယ်သူ့ကိုမှ မထိခိုက်ပါဘူး” ယောက္ခမအမေက ထပ်ပြောပြန်ပါတယ်။ “ငါလည်းအဲဒါပြောမလို့ နဒီ၊ ညီးလိမ္မာရင် ညီးတို့အတွက်ချည်းပါ၊ ငါတို့စီးပွားရှာသမျှဟာ ငါ့သားသမီးတွေ မှ မသုံး ဘယ်သူသုံးမှာလည်း။ အိမ်ရဲ့မီးဖိုချောင်ကိစ္စသာ န်ုင်နင်းအောင် ထိမ်းသိမ်းပေး” “နောင်တစ်ချိန် ငါ့မြေးမလေး အတွက်ထိုက်သင့်ရာ အမွေ ပေးခဲ့ရမှာပဲ။
ယောင်္ကျားကိုသာ နိုင်အောငါထိမ်းပြီး အိမ်ရှင်မအဖြစ်သာ နေစမ်းပါ” ” နဒီ အဲဒီလို သူများအပေါ် မှီခိုစားနေရတဲ့ဘဝမျိုး မနေချင်ပါဘူး ။ ပညာကိုပြီးဆုံးအောင်မသင်ခဲ့ရပေမဲ့ အိမ်ထောင်ကျသွားတာနဲ့ ဘဝကြီးက ပြီးဆုံးသွားစရာမလိုဘူးလို့ထင်တာပဲ” “အမလေးအေ၊ လူကြီးဆွေက ကောင်းရာမွန်ရာ ပြောဆိုညွှန်ပြနေကြတာ၊ အဲဒါတွေခက်တာပဲ” မမလေးကညဆောင့်ကြီးအောင့်ကြီးပြောဆိုရင်းက သမီးလေးကို ဆိုင်ကယ်ရှေ့ခုံပေါ်တင်ရင်း ပွဲရုံကို ခေါ်သွားပါတော့တယ်။ ကျွန်မမှာ သမီးလေးကို အပြည့်အဝ ထိမ်းခွင့်မရပဲ မမလေးအကြိုက်သာနေပေးရတယ်။ကလေးကို အရမ်းအလိုလိုက်လွန်းတာကြောင့် သမီးလေးကလည်း သူ့ကြီးကြီမှ ကြီးကြီး ဖြစ်နေပါတော့တယ်။ ကျွန်မကတြော ခေါင်းမာတတ်သူပီပီ သူတို့ပြောလည်းကိုယ်လုပ်စရာရှိတာဆက်လုပ်ပါတယ်။ တစ်လ သုံးသိန်းလောက်ဝင်နေတဲ့ လုပ်ငန်းတစ်ခုကို လင်က မကြိုက်ဘူးဆိုတဲ့စကားနဲ့တင်ရပ်မပြစ်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီအကျိုးဆက်က သူနဲ့ကျွန်မ လုံးဝကို ဆန်ကျင့်ဘက်ဖြစ်ခဲ့တာပါ။ ကျွန်မသည်းမခံနိုင်းဆုံးအဖြစ်ရောက်ရှိခဲ့တာက ကျွန်မစီးပွားရေးလုပ်နေတာကို ကျွန်မကို အိမ်ထောင်ရေးဖေါက်ပြန်ချင်လို့ အပြင်ထွက်ချင်လို့ ဖုံးသုံးနေတာ အပြင်လူနဲ့ chatနေတယ်တို့ဆိုပြီး ကျွန်မကို မဟုတ်မဟတ်တွေပြောဆိုစွပ်စွဲပါတယ်။ တက္ကစီ စီးရင်တောင်တက္ကစီမောင်းသူနဲ့ စိတ်မချဘူးဆိုပြီး လုပ်ပါတယ်။
ကျွန်မအတွက် စိတ်အနှောက်အယှက်ဖြစ်စရာတွေ တစ်ခုပြီးတစ်ခုလုပ်ပြီး ဝင်နှောက်လာခဲ့တာပါပဲ။ ကျွန်မ အလုပ်လုပ်ရတာမပျော်တော့တဲ့အပြင် စိတ်တွေမွန်းကျပ်လာခဲ့ပါတော့တယ်။ ဖြစ်ချင်တော့ ဆိုင်ရှင်အမရဲ့ မွေးနေ့ပွဲကလည်းဖိတ်ထားတာကြောင့် ကျွန်မေရာသမီးေလးပါဖီးလိမ်းပြင်ဆင်ပြီး သွားမလို့လုပ်နေချိန် “ဒါက ဘယ်လင်ငယ်နဲ့ သွားတွေ့မလို့လဲ” “ဆိုင်ရှင်အမရဲ့မွေးနေ့ပါတီ ဖိတ်ထားတယ်ပြောထားသားပဲ၊ ဖိတ်စာ ဖတ်မကြည့်ပဲ ကိုယ်ထင်ရာစွပ်မပြောနဲ့” “မင်းဘာသာ အပျိုလုပ်သွားစမ်းပါ၊ကလေးကိုထားခဲ့” “ရှင်ဘယ်လိုဖြစ်နေတာလဲ၊ အစကတည်းကမိန်းမကိုချစ်တယ်ဆိုရင် မိန်းမက ကိုကြီးရေ ဒီကိုသွားပေးပါ၊ဒါလေးလုပ်ပေးပါပြောခဲ့တုန်းက လုပ်ပေးဖူးခဲ့လား” “ကျွန်မနဲ့အတူတူ ဆိုင်ကို သွားပြီးပစ္စည်းရွေးဖူးခဲ့သလား၊ အမြဲတမ်းကန့်လန့်တိုက်နေခဲ့တယ်၊ဈေးရောင်းတယ်ဆိုတာ လူမှုရေးဆိုတာလုပ်ရတယ်၊ အကိုတန်အကို အမတန်အမပြောရတယ်၊ ဒါကိုမလုပ်ချင်ဘူး” “ဘာလူမှုရေးလဲ၊ အဲဒီလို လူတကာနဲ့ပြောဆိုဆက်ဆံနေတဲ့မိန်းမမျိုးကသာ အဆင့်မရှိ တာ၊ နောက်ကျလာတော့မယ်လေ အပြင်မှာတွေ့ကြ၊အိမ်ထောင်ရေးဖေါက်ပြန်ကြတဲ့ဇာတ်လမ်းမျိုးတွေ အများကြီး၊ နင်တောင်တွေ့နေပြီမဟုတ်လား” ကျွန်မရဲ့လက်ဖဝါးပြင်ဟာ သူ့ရဲ့ပါးဆီ အရှိန်ပြင်းပြင်းရောက်ရှိသွားခဲ့သလို သူ့ရဲ့လက်သီးချက်ကလည်းကျွန်မ မျက်ခုံးကို ကွဲသွားမတတ် ထိုးတာကို ပြန်ခံလိုက်ရပါတယ်။ သူတပြန်ကိုယ်တပြန် လုပ်နေခဲ့တာ သမီးလေးစူးစူးဝါးဝါး အော်ငိုသံအကြား ကျွန်မသမီးကို ကောက်ချီရင်း အပြင်ကို ပြေးထွက်ပြီး တက္ကစီတစ်စီးပေါ်ပြေးတက်ခဲ့ပါတော့တယ်။
ဘယ်တော့မှ ပြန်လှည့်ကြည့်ချင်စရာမရှိလောက်အောင် စိတ်နာတယ်။ သမီးကိုတင်းတင်းပွေ့ဖက်ရင်းက သူတိုနဲ့ဝေးရာဆီ ပြေးထွက်လာခဲ့မိပါတော့တယ်။ လင်ကုန်ရှုံးသူ ( ၁၁) သူတို့နဲ့ဝေးရာ အဝေးဆုံးကို ထွက်ပြေးချင်ခဲ့တဲ့ကျွန်မအတွက် ပြေးစရာခိုစရာနေရာဆိုတာ အမေ့အိမ်ပဲရှိခဲ့တာမဟုတ်လား။ အမေ့ရင်ခွင်ဒုတိယအကြိမ်ပြန်ခိုချိန်မှာ အပိုကတော့ မေမေ့အတွက်မြေးမလေးပါလာခဲ့ခြင်းပါ။ ပျော်နေရှာတဲ့မေမေဟာ သမီးဘာကြောင့်အိမ်ပေါ်ကဆင်းလာလည်းဆိုတာတောင်မမေးနိုင်ပါဘူး။ မျက်ခုံးပေါ်ကဒါဏ်ရာကိုပလာစတာကပ်ထားတာ မျက်ကွင်းကြီးတစ်ခုလုံးညိုမဲနေတာကို အမေ မြင်တာနဲ့ သိလောက်ပါတယ်။ သူ့မြေးမလေးနဲ့ တစ်ချိန်လုံး ဆော့ပေးလိုက်၊အပြင်ထွက်မုန့်ဝယ်လိုက်လုပ်နေတဲ့အမေ့ကိုကြည့်ရင်း တစ်ယောက်တည်းအထီးကျန်စွာနေ နေရှာတဲ့အမေ့ကို သနားမိတယ်။ ညစာထမင်းဝိုင်းမှာ အမေကစပြီးပြောလာပါတယ်။ “သမီး ကိုဘာကြောင့်ဆင်းလာခဲ့တယ်မေးစရာမလိုအောင် အမေရိပ်မိပါတယ်။ ကိုယ်ချစ်လို့ယူထားတဲ့မိန်းမတစ်ယောက်ကို ဒီလောက်တောင်ဖြစ်အောင် ရိုက်နှက်ရသလား” “ဟုတ်တယ်အမေ၊ သမီးသူ့အပေါ်သည်းခံနိုင်သလောက်သည်းခံပေးခဲ့တယ်။အမေတို့ဖြစ်စေချင်တဲ့ ကလေးရဲ့ ဖခင်နေရာမဲ့မှာ ကြောက်တဲ့စိတ်မျိုးနဲ့လေ၊ အရာရာ သမီးလေးအတွက် ငါထိမ်းသိမ်းရမယ်၊ကြိုးစားရမယ်ဆိုပြီးသမီး အလုပ်လုပ်ခဲ့တယ်” “အလုပ်လုပ်ရတာ ပျော်တယ်၊မပင်ပန်းပါဘူး၊ ဒါပေမဲ့စိတ်ပင်ပန်းအောင်လုပ်တဲ့သူတို့မိသားစုကို ပိုစိတ်ပျက်လာတာအမေ” “အခုဖြစ်တာကရော သမီးယောက္ခမတွေဝင်မတားဘူးလား” “သူတို့မရှိကြဘူး …သမီးရဲ့ကိုယ်ကျင့်သိက္ခာကိုစော်ကားလို့သမီးကပါးချလိုက်ရာက စကြတာ၊ ယောင်္ကျားအားနဲ့မိန်းမအားတော့ဘယ်မျှပါ့မလည်း” “ဖြစ်လာသမျှ ခါးစည်းခံကြရတာ အမေတို့မိန်းမတွေပါပဲသမီးရယ်၊လင်ကံကောင်းတယ်ဆိုဖို့ကလည်း ထီထိုးရသလိုပေါ့၊ မပေါက်တဲ့သူက ခပ်များများပါ” “ဘာမှ အားမငယ်နဲ့၊အမေ့ဆီပြန်ရောက်ရင် အမေ့သမီးပဲ၊ မြေးလေးနဲ့အတူနေချင်မိတဲ့ဆန္ဒတော့ပြည့်ပြီ။
မြေးလေးကို အမေထိမ်းပေးမယ်၊သမီးဈေးရောင်းတာကိုသာ အားစိုက်လုပ်ပါ” “ဟုတ်ကဲ့ပါအမေ၊ သမီးသူ့ကိုလုံးဝမပေါင်းတော့ဘူးလို့ဆုံးဖြတ်ထားတယ်၊သူလာခေါ်ရင်သာအမေကသူ့ဘက်မပါစေနဲ့” သမီးလေးကတော့အဖွားရဲ့ရင်ခွင်ထဲမှာနေရင်း ကျွန်မတို့ပြောတာကို နားလည်မယ်တော့မထင်လောက်ပါဘူး။ အဖေ မရှိတဲ့ သမီးဘဝရောက်ရတာမှာ မေမေ့အပြစ်လို့သမီးကဆိုရင်တောင် မေမေခံလိုက်ပါတော့မယ်။ မေမေတုန်းက အဖေကငယ်ငယ်ရွယ်ရွယ်သေသွားလို့ ဖခင်မဲ့ခဲ့ရတာပါ။ သမီးကတော့ ဖခင်ရှိရက်နဲ့ ရှင်ကွဲ ကွဲရတော့မယ်။ သမီးအကြောင်းစဉ်းစားရင်းက တာဝန်မဲ့တဲ့ လင်ယောင်္ကျားဖြစ်သူကိုပိုပြီးမုန်းနေမိပါတယ်။ ကျွန်မတို့အိမ်ထောင်ရေးကြားမှာ လုံးဝ ဝင်မပါခဲ့တဲ့မမကြီးက ဖုန်းဆက်မေးမြန်းရင်း သူ့မောင်ကိုခွှင့်လွှတ်ပေးဖို့ပြောတယ်။ “တော်ပါပြီ မမကြီးရယ်၊ ရှေ့ကသွားဆိုလည်းမသွား၊နောက်ကလည်းမလိုက်၊ဘေးတိုက်နေတတ်တဲ့မမကြီးမောင်အကြောင်း မမကြီးတို့အသိဆံုးပါ” “မမကြီးသိလို့လည်း ညီမလေးတို့အိမ်ထောင်ကျကတည်းကမမကြီးဘာမှ ဝင်မစွက်ဖက်ခဲ့တာပါ၊ အခု မလေးကတငိုငိုတရီရီနဲ့ဖြစ်နေတယ်၊သူ့တူမလေးကို မခွဲနိုင်ဘူးဖြစ်နေရှာတာ” “ခွဲကာစကြောင့်ဖြစ်မှာပါမမကြီး၊ ညီမကတော့မမကြီးမောင်ကို တရားဝင်ကွာရှင်းမှာပါ၊ဒီအတိုင်းလွယ်လွယ်ကွာမပေးရင် တရားရုံးကနေ ကွာရှင်းခွင့်တောင်းရမှာပဲ” “အင်းလေ၊ ညီမလေးဖက်က ဘယ်လိုမှခွင့်မလွှတ်န်ုင်ဘူးဆိုလည်း မမကြီးကတော့ဘာမှ ထပ်မပြောလိုတော့ပါဘူး၊ မမကြီးကလည်းသားနှစ်ယောက်မွေးထားတာ ကိုယ်ချင်းစာပါတယ်” ကျွန်မသမီးကို လွမ်းတာနဲ့ပဲ ကျွန်မကသူ့ကို ပြန်ပေါင်းပေးရမတဲ့လား။ မဲ့ပြုံးလေးပြုံးမိရင်းက အသက်ဆယ်နှစ်နီးပါးငယ်တဲ့မိန်းကလေးတစ်ယောက်ကို ယူထားပြီး အဲဒီမိန်းကလေးလောက်တောင်လက်ကြောတင်းအောင် အလုပ်မလုပ်ချင်သူ လူပျော့လူညံ့တစ်ယောက်ကိုမှ ယူမိခဲ့တဲ့ ကိုယ့်ဘာသာပဲ အပြစ်တင်လိုက်မိပါတယ်။ ကျွန်မစာတွေဖတ်လေ နောင်တတွေရလေဖြစ်ခဲ့ရတယ်။
ပညာရှာရမယ့်အရွယ်မှာ အမေ့ကိုမကျေနပ်စိတ်၊ပထွေးရဲ့စရိုက်ကို ကြောက်စိတ်နဲ့ အရွဲ့တိုက်ချင်ခဲ့တယ်။ တကယ်ဆို ပြောပြီးဘော်ဒါတစ်ခုခုမှာနေရင်းဆယ်တန်းကိုကျောင်းဆက်တက်လိုက်ရမှာ မတွေးတတ်ခဲ့ဘူး။ ဆယ်တန်းအောင်ရင် အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုခုဆက်တက်ဖို့ လမ်းပွင့်သွားမယ်။ ခုမှတော့ အသက်ငယ်ငယ် ကလေးတစ်ယောက်အမေကနေ တစ်ခုလပ်ဆိုတဲ့ဂုဏ်ထူး ထပ်ရအုန်းတော့မယ်။ ဘာပဲဖြစ်ဖြစ်လေ။ ကျွန်မပညာမသင်ခဲ့ရပေမယ့် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်အောင် ကြိုးစားရမှာပါပဲ။ အွန်လ်ုင်းအရောင်းအဝယ်သာမက အမေ့အိမ်မှာပဲဆိုင်တစ်ဆိုင်ထပ်ဖွင့်နိုင်အောင်လုပ်မယ်။ တစ်လတောင်မကြာပါဘူး။ ကိုယ်လေတံခွန်က အမေ့ဆီလာပြီး ကျွန်မကို ပြန်ပေါင်းခိုင်းဖို့ ၊သူ့သမီးကိုလွမ်းလှပြီဆိုပြီး မျက်ရည်တောက်တောက်ကျ ငိုပြပါသတဲ့။ ကျွန်မနဲ့သမီးလေး အပြင်သွားနေချိန်မို့ မတွေ့ချင်တဲ့မျက်နှာ မတွေ့လိုက်ရတာကံကောင်းပါတယ်။ အမေက ဒီတစ်ခါေတာ့သူ့သားမက်ကို ကျွန်မအစားရန်တွေ့့ပြန်လွှတ်လိုက်ပါတယ်။ ကျွန်မကိုရိုက်နှက်ထားတဲ့သက်သေနဲ့အတူ တရားစွဲမယ်ပါပြောလိုက်ပါတယ်တဲ့။ ရေစက်ကုန်ချင်လာရင် ဘာနဲ့ဆွဲေခါ်ေခါ်ကျွန်မ မလိုက်နိုင်တော့ပါဘူး၊ သမီးလေး အဖေမဲ့လည်းမတတ်နိုင်တော့ဘူး။ ဒါပေမဲ့ ကံကြမ္မာကြီးက ကျွန်မကို ထပ်ပြီး ရက်စက်ပြန်ပါတော့တယ်။ တရုတ်ပြည်ကနေ စတင်ပေါ်လာတဲ့ကပ်ရောဂါဆိုးကြီးက မန္တလေးမြို့အထိ ဝင်ရောက်လာတယ်။ ကျွန်မရဲ့ အွန်လိုင်းအရောင်းအဝယ်ပါရပ့်တန့်သွားခဲ့ပါတယ်။ ဈေးမရောင်းရတာက ဘာမှမဖြစ်ပေမဲ့ ရောဂါဆိုးကြီးကို အတန်တန်ကာကွယ်နေတဲ့ကြားက ဆီးချို အခံရှိတဲ့ အမေ့ကို ကူးစက်ခံရပါတော့တယ်။
အမေ့ကို ပရဟိတကားများကလာခေါ်ပြီးဆေးရုံပို့ပေးချိန်၊ သမီးကို အိမ်အနားကလူတွေ ခဏစောင့်ကြည့်ခိုင်းထားခဲ့ပါတယ်။ ဒါကိုအခွင့်ကောင်းယူပြီး သမီးကို ရောဂါကူးစက်မှာ စိုးတယ်ဆိုပြီးမမလေးက ဆိုင်ကယ်နဲ့ အတင်းလာခေါ်သွားခဲ့ပါတယ်။ ဆေးရုံမှာ အမေက အသည်းအသန် အောက်စီဂျင်ရှုနေရချိန်၊ ပြုစုပေးရမယ့် တစ်ဦးတည်းကျွန်မက PPEဝတ်စုံကြီးဝတ်လို့ အိမ်လည်းပြန်မရ ဖြစ်နေခဲ့တာကြောင့် သမီးကို ခေါ်သွားတာ သိပေမဲ့ ဘယ်လိုမှ မတတ်နိုင်တော့ပါဘူး။ ကျွန်မ ရဲ့တစ်ဦးတည်းသော ဆွေမျိုး၊ကျွန်မအားကိုးခိုဝင်ခဲ့ရတဲ့အမေ၊မြေးမလေးနဲ့အတူတူနေရတော့မယ်ဆိုပြီး ပျော်နေတဲ့အမေ့ကို သေမင်းက ရက်ရက်စက်စက်ခေါ်သွားပါတော့တယ်။ “အမေ အမေ့” “သမီးကို ထားခဲ့ပြီးလားအမေရယ်၊ အမေသမီးကို စိတ်ချလို့လား” အမေ့ကို ကောင်းစွသင်္ဂြိုလ်ခွင့်တောင်မရပဲ ဆေးရုံက ကားနဲ့ယူဆောင်သွားပါတော့တယ်။ ကျွန်မရင်ထဲ ဘယ်လိုမှဖြည်ဆည်လို့မရဖြစ်နေချိန်မှာ ကျွန်မကိုပါ အဲဒီရောဂါဆိုးက ထပ်ပြီးကူးစက်ခဲ့တယ်။ ဆေးရုံမှာ တပတ်လောက် ရောဂါဒဏ်ကိုတစ်ယောက်တည်းအားတင်း အံကြိတ်ကျော်ဖြတ်နေရပါတယ်။ ကျွန်မ သေလို့မဖြစ်ဘူး။ ကျွန်မသမီးလေးအတွက်မသေပါရစေနဲ့အုန်းနော်။ ကျွန်မသမီးလေးကို ကျွန်မ ပြန်ခေါ်ရအုန်းမယ်။ လင်ကုန်ရှုံးသူ ( ဇာတ်သိမ်း) ကျွန်မကို မခေါ်ကြပါနဲ့အုန်း ကျွန်မ မသေချင်သေးဘူး အိပ်ယာထဲ ကယောင်ကတန်းအော်ငြီးနေမိတဲ့ကျွန်မကို သေမင်းကသနားသွားတယ်ထင်ပါတယ်။ ကျွန်မ ကပ်ဆိုးကြီးကနေ ကျော်ဖြတ်နိုင်ခဲ့တယ်။
ကျွန်မအတွက် ထမင်းဟင်းဆေးဝါး ဘယ်သူမှပို့ပေးမယ့်သူမရှိခဲ့ပါဘူး။ ပရဟိတ လူမှုကူညီရေးအသင်းတွေက နေ့စဉ်ပို့ပေးတဲ့အစားအသောက်တွေစား၊ေဆးေတွေသာက်ရင်း အားပြန်ဖြည့်ရပါတယ်။ ငါသေလို့မဖြစ်သေးဘူးဆိုတဲ့စိတ်နဲ့ အနံ့အရသာပျောက်နေတာလည်း မဝင်ဝင်အောင်စားပါတယ်။ ဆေးရုံကဆင်းခွင့်ရခဲ့သော်လည်း လမ်းအလိုက်ရပ်ကွက်အလ်ုက် lockdown ချထားပြီး အပြင်ပေးမသွားသေးတာကြောင့် သမီးလေးကိုခေါ်မရ ဖြစ်နေပါတယ်။ အကောင်းဘက်ကတွေးပြန်တော့လည်း ကျွန်မ ရောဂါခံစားနေရချိန် သမီးကို သူ့အဖွားနဲ့ ကြီးကြီးတွေလက်ထဲ ထားခဲ့တာက စိတ်ချရပါသေးတယ်။ အမေ့ရဲ့အိမ်မှာ အမေမရှိတော့ဘူး။ အဖေနဲ့အမေရဲ့မင်္ဂလာဦးဓါတ်ပုံကိုကြည့်ရင်း မျက်ရည်များ ထိမ်းမရအောင် ကျလာပါတော့တယ်။ “အဖေနဲ့အမေ သမီးကို ထားခဲ့ပြန်ပြီနော်” “အဖေ့အမျိုး၊အမေ့အမျိုးရယ်လို့ မရှိကြတော့ဘူးလား၊ အဖေနဲ့အမေ ဘယ်လိုဒေသကလာပြီး မန္တလေးမှာ အခြေချခဲ့ကြတာလဲဟင်” ကျွန်မ အမေ့ကိုမေးကြည့်ရသလောက် အမေ့ကိုအေဖကကခိုးပြေးလာခဲ့တာတဲ့။ အမေ့မိဘများက အမွေပြတ်စွန့်လွှတ်လိုက်ကြတယ်လို့ပြောခဲ့တာ မှတ်မိနေပါတယ်။ ဆွေမရှိမျိုးမရှိ တစ်ကောင်ကြွက် ကျွန်မဘဝဟာ အခုအချိန်မှ ဆွေမျိုးအားကိုးရှာပြီးတော့ မနေချင်တော့ပါဘူး။ တစ်လအကြာမမကြီးဆီဖုန်းဆက်ပြီး သမီးကိုပြန်လာပို့ပေးဖို့ ပြောလိုက်ပါတယ်။
“Lockdownတွေလည်းပြန်ဖွင့်ပေးပြီမမကြီး၊ ညီမသမီးကို ပြန်ပို့ပေးပါတော့” အဲဒါတော့မမကြီးလည်းမတတ်နိုင်ဘူးနဒီ၊မလေးက သူ့တူမကိုသဲသဲလှုပ်ချစ်တာသိသားနဲ့” “ချစ်ပေမယ့်လည်းအမေနဲ့သမီးတော့ခွဲလို့ဘယ်ဖြစ်ပါ့မလည်း” “အဲဒါတော့နဒီ့ဘာသာဖုန်းဆက်မေးကြည့်ညီမလေး၊မလေးကစကားပြောတာဘုဆတ်ဆတ်ပေမဲ့ စိတ်ရင်းကောင်းပါတယ်ကွယ်” ကျွန်မသမီးလေးကို ပြန်မပေးချင်ဖြစ်နေတဲ့သူတို့မိသားစုကို ကျွန်မ မတွေ့ဆုံချင်တော့ပေမယ့် သမီးအတွက် ပြန်တွေ့ရပါတော့တယ်။ ကျွန်မ လေးကိုဖုန်းဆက်ပြီးသမီးကိုပြန်ပို့ပေးဖို့တောင်းဆိုတာကို ပွဲရုံကိုလာခဲ့ဖို့ ခေါ်ပါတယ်။ ” နင်တို့လင်မယားချင်းပြဿနာတက်ကြတာကအကြောင်းမဟုတ်ဘူး။ ကြားထဲက ငါတို့သွေးလေး ဒုက္ခဖြစ်တော့မခံနိုင်ဘူး၊ ဒီကိုလာပြီး ပြဿနာဖြေရှင်းကြ” ကျွန်မသမီးလေးကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ပြန်ခေါ်ရပါမယ်။ ကျွန်မသူတို့မိသားသုပွဲရုံရောက်တဲ့အခါ သမီးလေး ရှိမနေခဲ့ပါဘူး။ “သမီးရော မမလေး” “သူ့အဖိုးနဲ့ပါသွားတယ်၊ ကလေးက ငါတို့နဲ့ပျော်နေတာနဒီ၊ အဖိုးအဖွား၊သူ့အဖေနဲ့ကြီးဒေါ်တွေဆီနေရတာ ဘာမှ စိတ်မချစရာ အကြောင်းမရှိပါဘူး” “ဒါပေမယ့် ကျွန်မကိုယ်တိုင်ဝမ်းနဲ့လွယ်မွေးထားတဲ့သမီး၊ကျွန်မရဲ့မိခင်နို့ကို တိုက်ပြီးမွေးလာခဲ့တဲ့သမီးဟာ အမေနဲ့ပဲရှိရမှာပါ မမလေး” “အဲဒါ နင်ကအမေတစ်ယောက်ရဲ့တာဝန်ကျေပြီထင်တာလားနဒီ၊ နင်က ငါ့မောင်ကိုမပေါင်းချင်တော့လို့ နောက်အသစ်ရှာနေတာမဟုတ်လား” “မမလေးကပါ မိန်းမချင်းကိုယ်ချင်းမစာ ဒီစကားမျိုးပြောနေပါလား၊ ကိုယ့်မောင်အသုံးမကျ ညံ့ဖျင်းတာကိုမဆုံးမပဲ ကျွန်မကိုအပြစ်တင်ချင်တာလား” “သူအသုံးမကျတာထိမ်းပေးရမှာ မိန်းမတာဝန်လေ၊ငါတို့က အိမ်အတွက် စီးပွားရှာပေးနေရတာ၊လိုတာမှန်သမျှဖြည့်ပေးနေကြတာပဲ” “ကဲ တော်ကြစမ်း၊ ဒီမယ်နဒီ ငါကယောက္ခမ တစ်ယောက်အနေနဲ့ ညီးတို့အိမ်ထောင်ရေးကြား ဝင်ပါရတော့မှာပဲ။
ငါ့သားက အလုပ်အကိုင်အတည်တကျ မရှိတာကလွဲလို့ ညီးအပေါ် လင့်ဝတ္တရားနဲ့အညီ နေတာပဲမဟုတ်လား ” “လင့်ဝတ္တရား ကျေတယ်၊ မိန်းမရ ကလေးရတာတောင်မှ မိန်းမကိုရှာမကျွေးတတ်သူ၊ စောင့်ရှောက်ရမှန်းမသိသူက ဘာတာဝန်တွေ ကျေလို့လဲ” “ငါ့သား အရက်မသောက်မိန်းမမပွေမရှုပ်တာနဲ့တင်ညီးအပေါ်ကောင်းနေပြီမဟုတ်လား၊ အေး .. အဲဒီတော့ ညီးသမီးကို မခွဲချင်ဘူးဆိုရင် ငါ့သားနဲ့ပြန်ပေါင်း၊ ငါတို့ဆီ ပြန်လာနေ” “ဟုတ်တယ်၊ ငါတို့ကလည်းကလေးကိုနင့်လက်ထဲထည့်မပေးနိုင်ဘူး၊ ငါ့တူမလေး ပထွေးနဲ့လည်းအနေမခံနိုင်ဘူး” “ဒါဆိုရင် သမီးကို ပြန်မပေးဘူးဆိုတဲ့သဘောလားမမလေး” “နင့်ကို အခွင့်အရေးပေးထားသားပဲ၊ နင့်သမီးကို မခွဲနိုင်ရင် သူ့အဖေကိုပါ သည်းခံနေပေးပေါ့” “ရတယ်လေ ၊ဆိုင်ရာကပဲစကားပြောကြတာပေါ့” ကျွန်မ တကိုယ်လုံး သွေးတွေဆူပွက်လာရင်းက အိမ်ကိုဘယ်လိုပြန်ရောက်လာမှန်းတောင်မသိတော့ပါဘူး။ အိမ်ရောက်တော့ အမေ့ဓါတ်ပုံကြည့်ပြီး ငိုနေမိပါတော့တယ်။ အမေဒါတွေကြိုမြင်လို့ သမီးအို အိမ်နဲ့ခြံဂရမ် ကြိုပေးခဲ့တာလားဟင်။ အမေ့သမီး လောကအလယ်တစ်ယောက်ထဲအားငယ်နေမယ်ဆိုပြီး အမေထားပေးခဲ့တာမဟုတ်လား။ ကျွန်မကိုသမီးနဲ့ခွဲထားကြပြီအမေ။ ကျွန်မအသဲတွေကြွေတော့မယ်အမေရယ်။ ******** ဒီလိုနဲ့ကျွန်မ အမျိုးမျိုးစဉ်းစားခဲ့ပါတယ်။ သမီးကိုမခွဲနိုင်တာနဲ့ ဒီအိမ်ထောင်ရေးပင်လယ်ကြီးကို ထပ်ကူးရမလား။
ကျွန်မဘဝက နာကျည်းချက်များလွန်းလို့ ထပ်ပြီးအနာမခံချင်တော့ဘူး။ သမီးအတွက် သူ့အဖေက အသုံးမကျပေမဲ့ သူ့အဖိုးနဲ့အဖွား၊ကြီးဒေါ်တွေစောင့်ရှောက်မှု အောက်မှာ လုံခြုံနိုင်တယ်။ အဖေနဲ့အမေ မိသားစုစုံစုံလင်လင်နေရပေမယ့် မိဘတွေမပြေလည်မှုကြား စိတ်ဒါဏ်ရာတွေနဲ့ တသက်လုံး နေသွားရမှာထက်စာရင် မိဘတွေခွဲနေရတာ ပိုကောင်းလိမ့်မယ်။ ကျွန်မ ရှေ့နေတစ်ယောက်နဲ့ ကလေးကိစ္စဆွေးနွေးတိုင်ပင်ခဲ့တယ်။ “အမှုတစ်ခု ဖြစ်ရင် အချိန်ကအနည်းဆုံး ၂နှစ်နီးပါးကြာမယ်ညီမလေး၊ ပြီးတော့ညီမလေးဘက်မှာက ကလေးကိုစောင့်ရှောက်ဖို့ တစ်ယောက်တည်းဖြစ်နေတယ်၊ ပြီးတော့ဝင်ငွေ နဲ့အလုပ်အကိုင်ကလည်းအခုအချိန်ပြစရာမရှိဘူးနော်” “ဟုတ်တယ်သူငယ်ချင်း၊ အမှုရင်ဆိုင်ဖို့ တရားရုံးစရိတ်တွေလည်းကုန်အုန်းမယ်၊ ပြီးတော့ နင်အလုပ်လည်းဖြောင့်ဖြောင့်လုပ်နိုင်မှာမဟုတ်ဘူးလေ၊ အဲဒီတော့ နင်စဉ်းစားပေါ့ဟာ” ကျွန်မရဲ့တစ်ဦးသောငယ်သူငယ်ချင်းလေးကပါ ဝင်နားချနေပါတယ်။သူကတော့ပညာဆုံးခန်းတိုင်သင်ပြီးဘွဲ့ရလို့ မူလတန်းပြဆရာမလေးတောင်ဖြစ်နေခဲ့ပြီ။ ကြားကာလထဲမှာ အမေ့အိမ်မှာ ကျွန်မတစ်ယောက်တည်းနေရင်းက ရှေ့ရေးကို တွေးနေမိပါတယ်။ မမကြီးကို နောက်ထပ်ကြားဝင်ပြီး သမီးကို အမေနဲ့သာထားသင့်ကြောင်းပြောပေးပါလို့ ဖုန်းဆက်ခဲ့ပါတယ်။ “ညီမလေးရယ် အပျက်အပျက်နဲ့ ကလေးက ကြားထဲကမြေဇာပင်ဖြစ်ရတော့မယ်ကွယ်၊ မောင်လေးက သူ့သမီးကိုသာဒီမှာထားရင် နဒီ့ကိုသူကွာရှင်းပေးမယ်ပြောနေတယ်” “မပေါင်းချင်တာကနဒီပါမမကြီးရယ်၊ သမီးကိုနဒီမခွဲနိုင်လို့ပါ” “အင်းလေ အရာရာ အကောင်းဆုံးဖြစ်ဖို့မမကြီးမျှော်လင့်ပါတယ်၊ နဒီလည်းအသက်ငယ်ငယ်လေးရှိသေးတာပဲ၊ အကောင်းဆုံးကိုသာ ဆုံးဖြတ်နိုင်ပါစေ” သမီးအတွက် ကျွန်မမနှစ်မြို့တဲ့၊ကျွန်မရဲ့ထွက်ပေါက်တွေကို ပိတ်ဆို့ထားတဲ့ ဒီအိမ်ဆီကို ပြန်သွားမလား။ အို … မသွားဘူး။
ဘယ်တော့မှ ပြန်မသွားတော့ဘူး။ ဒါဆိုရင် အရွယ်ငယ်ငယ် တစ်ခုလပ်ဘဝနဲ့ ကျွန်မ ဒီရပ်ဝန်းမှာ ဆက်နေရမလား။ အခုတောင် ကျွန်မကို ရိသဲသဲ့ လုပ်ချင်ကြတဲ့ သူတွေ ရှိနေကြတယ်။ ကျွန်မကိုယ်ကျင့်တရားကို ကိုယ့်ဘာသာ စောင့်ရှောက်နိုင်ပါတယ်။ မဟုတ်တမ်းတရား စွပ်စွဲပြောဆိုခဲ့တဲ့ သူ့ဆီပြန်ခေါင်းငုံ့ဝင်ခဲ့ရင် ကျွန်မကို တစ်သက်လုံးချိုးနှိမ်ဖဲ့ပြောဆိုနေတာ ကျွန်မသည်းခံနိုင်မှာမဟုတ်ပါဘူး။ ကျွန်မရဲ့ ကျေးဇူးရှင်ဖြစ်တဲ့ အလုပ်ရှင်မမဆီကိုသွားပြီး အကောင်းဆုံး အကြံဉာဏ်တွေ ရယူခဲ့ပါတယ်။ ကျွန်မ မမကြီးဆီကို ဖုန်းဆက်လိုက်ပါတယ်။ “မမကြီး နဒီ့သမီးလေးကို မမကြီး၊မမလေးတို့နဲ့စိတ်ချပြီးထားခဲ့ပါတော့မယ်။ မမကြီးမောင်နဲ့ နဒီတရားဝင်ကွာရှင်းပါရစေ။ မကွာရှင်းခင်မှာ နဒီ့ကိုသမီးနဲ့ တစ်ပတ်လောက်တော့ပေးနေခွင့်ပြုပါ” “မမကြီးလည်းစိတ်မကောင်းဖြစ်ရပါတယ်ဟယ်၊ တူမလေးကို နဒီ့ဆီပို့ပေးဖို့မလေးကိုမမကြီးပြောပေးပါ့မယ်” “စိတ်ချပါ မမကြီး၊နဒီကစကားဗလောင်းဗလဲပြောတတ်သူမဟုတ်ပါဘူး၊ သမီးနဲ့မခွဲခင်အတူတူနေချင်လို့ပါနော်” ကျွန်မ ရဲ့ဝံ့ပြတ်သားစွာ ဆုံးဖြတ်ချက်ချခဲ့လိုက်ပါတယ်။ သမီးကို တစ်ပတ်ပေးမနေပဲ ငါးရက်သာ နေခွင့်ရမယ်ဆိုပြီး မမလေး က ကားနဲ့လာပို့ပေးခဲ့တယ်။ “ငါတို့က သားအမိတွေ ခွဲမထားချင်ပါဘူးအေ၊ညီးတို့လင်မယားကဘယ်လိုမှစေ့စပ်မရတော့လည်း အကောင်းဆုံးဖြစ်အောင် လုပ်ပေးတာပါ၊ ငါးရက်နေပြီးရင်လာခေါ်မယ်။
ကျန်တာကိုတော့ တရားရုံးမှာဆက်လုပ်ကြတာပေါ့” ရေစက်ကုန်သွားကြတာပေါ့မမလေးရယ်။ တစ်ချိန်မှာတော့ နဒီ့သမီးလေးဟာ အမေ့မေတ္တာကိုသိမှာပါ။ သမီးနဲ့နေခွင့်ရတဲငါးရက်မှာ သမီးပျော်ရွှင်အောင်၊ကစားကွင်းတွေလိုက်ပို့၊သမီးကြိုက်တာတွေဝယ်ကျွေးရင်း သမီးရှေ့မျက်ရည်မကျအောင်နေခဲ့မိပါတယ်။ သမီးလေး လေးနှစ်အရွယ်သမီးလေးက နှစ်ခြိုက်စွာအိပ်မောကျနေပါတယ်။ သမီးရဲ့နဖူးလေးတွေပါးမို့အိအိလေးတွေကို ကျွန်မ နမ်းရှိုက်နေမိတယ်။ ကျွန်မရဲ့ မျက်ဝန်းအိမ်က စီးကျလာတဲ့မျက်ရည်ပူတွေ သမီးပါးပြင်ပေါ်စိုကုန်လို့ လက်လေးနဲ့အသာသုတ်ပေးနေရင်းက ကျွန်မရင်ထဲစူးစူးနင့်နင့်ကြီးဖြစ်ပြီး ဝမ်းနည်းနာကျင်စွာ ရှိုက်ငိုနေမိပါတယ်။ “မနက်ဖြန် သမီးကို မေမေခွဲရတော့မယ်သမီးရယ်” “မေမေဘယ်လိုစိတ်မျိုးနဲ့ သမီးကို ခွဲထားရမလဲ” အိပ်ပျော်နေတဲ့သမီးလေးနိုးမှာစိုးလို့ မျက်နှာသုတ်ပုဝါကို ပါးစပ်မှာ ပိတ်ရင်း အသံမထွက်အောင် ရှိုက်ငိုနေရတာ ရင်ဘတ်ကြီးတစ်ခုလုံးနာကျင်နေရပါတယ်။ အခုအချိန် ကျွန်မကို သေမင်းကခေါ်မယ်ဆိုရင်တောင် ကျွန်မမငြင်းပဲ လိုက်သွားချင်တယ်။ ခုနှစ်နှစ်ဆိုတဲ့အချိန်အတွင်းမှာ ကျွန်မအတွက် ဒါဏ်ရာဒါဏ်ချက်တွေက ခါးသီးရက်စက်လှပါတယ်။ ************** လေယာဉ်ရဲ့ပြတင်းတံခါးကနေ မြန်မာပြည်က ကျန်ခဲ့တဲ့အရာအားလုံးကို နှုက်ဆက်တဲ့အနေနဲ့ ကျွန်မ ဖြန့်ကျက်ပြီး တစ်ဝကြီးကြည့်လိုက်ပါတယ်။ နေခဲ့တော့သမီးလေးရေ။ မေမေ ဒီထက်မြင်တဲ့နေရာတစ်ခုရောက်အောင် လမ်းဖေါက်သွားချင်လို့ သမီးကိုမခွဲချင်ပေမဲ့ မေမေ့အသဲတွေချွေပြီးထားခဲ့ရတာပါ။
သမီးရဲ့ဖွားဖွားကပြောဖူးတယ်၊ကုန်ရှုံးရင် တစ်ခေါက် လင်ကုန်ရှုံးရင် တစ်သက်လုံး ခံရရောတဲ့။ မေမေကအဲဒီစကားကို ပြောင်းပြန်လှန်ပြစ်ချင်တယ်။ လင်ကုန်ရှုံးတာ တစ်ခါပဲခံတော့မယ်။ ဘဝကြီးကိုတော့အရှုံးပေးပြီး မနေချင်ခဲ့လို့ပါ။ မေမေ တစ်ချိန်ချိန်မှာ သမီးလေးနဲ့အတူ ပြန်နေခွင့်ရအောင် ကြိုးစားပါ့မယ်။ လေယာဉ်ပြတင်းမှာတိမ်တွေကွယ်သွားခဲ့ပါပြီ။ ကျွန်မဘဝ လင်ကုန်ရှုံးသူဖြစ်ခဲ့ပါတယ်။သမီးအတွက် အဖေရှိရမယ့်ဆိုတဲ့ခေါင်းစဉ်အောက်မှာ မိခင်တစ်ယောက်ရဲ့ဘဝကို စတေးပြီးတစ်သက်လုံး အရှုံးမခံချင်တာကြောင့် မမရဲ့ကူညီပေးမှုနဲ့ စင်္ကာပူနိုင်ငံမှာ အလုပ်သွားလုပ်ဖို့ ဆုံးဖြတ်ခဲ့လိုက်ပါတယ်။
လိုအပ်တဲ့ငွေကြေးကိစ္စအတွက် ကျွန်မကို အမေပေးခဲ့တဲ့ အိမ်ကို မမဆီကိုပဲ ရောင်းခဲ့လိုက်ပါတယ်။ ဒီမှာဆက်နေမယ်ဆ်ုရင် ကျွန်မအတွက် အနာဂါတ်ဟာ လမ်းပျောက်နေသလို ဖြစ်နေအုန်းမယ်ထင်ပါတယ်။ မမရဲ့ စင်္ကာပူ အဆက်အသွယ်က ယုံကြည်ရပြီး သက်ကြီးရွယ်အိုတွေပြုစုပေးရမာ့်အလုပ်ဖြစ်တယ်၊ရရှိမယ့် လစာငွေကလည်းကျွန်မအတွက် အိပ်မက်တစ်ခုအကာင်အထည်ဖေါ်နိုင်လောက်တာမို့ ကျွန်မ ရွေးချယ်ခဲ့လိုက်တာပါ။ ဘာပဲဖြစ်ဖြစ် သမီးလေးဟာ သူ့အဖိုးအဖွားရဲ့ရင်ခွင်မှာလုံခြုံနိုင်တယ်၊ပထွေးဆိုတဲ့ဖခင်အစားထိုးနဲ့နေဖို့မဖြစ်နိုင်တော့ဘူးမဟုတ်လား။ ကျွန်မရဲ့ ရင်ထဲကဆူးတွေကိုနှုတ်ပေးနိုင်မဲ့ ကျွန်မကိုနားလည်စာနာပြီး ခွင့်လွှတ်ချစ်ပေးနိုင်မယ့်သူမျိုးကို လွယ်လွယ်နဲ့မရွေးချယ်မိအောင် ကျွန်မနှလုံးသားကိုတော့ သော့ပိတ်ထားလိုက်ပါအုန်းမယ်လေ။ မြမြဦးခင် ဒီဇာတ်လမ်းထဲကဇာတ်ကောင်ဖြစ်တဲ့နဒီလေးကိုစာဖတ်ပိရိသတ်ကြီးက အပြစ်မမြင်ကြဘူးမဟုတ်လားရှင်။ fighting ပါနဒီ၊နောက်ထပ်အချစ်ကို လွယ်လွယ်ဆုံးဖြတ် မရွေးချယ်မိပါစေနဲ့တော့နော်။










