“ချစ်ခြင်းကျိန်စာသင့်လေသူ”📖📖📖

“ချစ်ခြင်းကျိန်စာသင့်လေသူ”📖📖📖

အောက်ခြေကျောက်ဆောင်ကိုရေလှိုင်းလုံးကြီးတွေတစ်ဝုန်းဝုန်းရိုက်ခတ်‌နေပါသော မြင့်မြင့်မားမားကျောက်တောင်ကမ်းပါးကြီးရဲ့အစွန်းမှာ သွယ်သွယ်နွဲ့နွဲ့အသွင်သဏ္ဌန်လေးတစ်ခုမတ်မတ်ရပ်လို့နေလေသည်။ လေတိုက်နှုန်းကပြင်းထန်လှတာမို့ မိန်းကလေးရဲ့ဆံနွယ်ရှည်‌တွေသာမက၊ ဝတ်ထားတဲ့ဖြူလွလွချည်ဂါဝန်ရှည်က သူမရဲ့ပါးလှပ်လှပ်ခန္ဓာကိုယ်ကလေးမှာကပ်ပြီးလွင့်ပျံလို့နေသည်။ လည်တိုင်ကျော့ကျော့မှာပတ်ထားတဲ့ပုဝါရှည်ကပြေလျောပြီး ငှက်ကလေးတစ်ကောင်အလား ချောက်ကမ်းပါးအောက်ကိုလွင့်ကျသွားချိန်မှာတော့ သူမကလိုက်ဖမ်းဖို့မကြိုးစားပဲ ရုတ်တရက်ခေါင်းကိုမော့လှန်ပြီး ခြောက်ကပ်ကပ်အော်ရယ်လိုက်လေသည်။

“ငါတို့နှစ်ယောက် ဒီပုဝါလေးလို လေဟုန်စီးခွင့်ရတော့မယ်…ပျော်လိုက်တာ” ဗလာမျက်ဝန်းတွေနဲ့မိန်းကလေးရဲ့အသိမဲ့စွာတီးတိုးရေရွတ်လိုက်သံအက်ရှရှကလေးထွက်ပေါ်လာခဲ့သည်။ သူမရဲ့စိတ်ကူးတွေထဲမှာ ဒီချောက်ကမ်းပါးစွန်းကြီး‌အောက်ကပင်လယ်ထဲကိုအကြိမ်‌ပေါင်းများစွာခုန်ဆင်းခဲ့ဖူးသည်။ ခုန်ချလိုက်ရင် သူမရဲ့ခန္ဓာကိုယ်ပေါ့ပေါ့လေးက ငှက်မွှေးတောင်လေးတစ်ချောင်းလို ဦးတည်ရာမဲ့ ဘယ်လောက်ကြာအောင် လေထဲမှာလွင့်မျောနေပြီးမှ ရေခဲတမျှအေးစက်ပြီးကြမ်းတမ်းပြင်းထန်လွန်းလှတဲ့လှိုင်းတံပိုးတွေအောက်နစ်မြုပ်ပျောက်ကွယ်သွားလေမလဲ။ ဒီကမ္ဘာကြီးပေါ်မှာ သူမ မရှိတော့ဘူးဆိုတာလူတွေကသတိတောင်ပြုမိကြလိမ့်မည်မထင်ပါ။

“ဒီနေ့တော့ အသက်ကိုရှင်သန်အောင် ပင်ပန်းတကြီးမွေးမြူရင်း နာကြင်ခံစားခဲ့ရတာ‌တွေအားလုံးပြေပျောက်အောင် မင်းရင်ခွင်မှာအမောဖြေအိပ်စက်ဖို့ ကိုယ်တို့လာပြီ ပင်လယ်ကြီးရေ…” သူမရဲ့စကားကို ပင်လယ်ကြီးကနားလည်သည့်အလားလက်ခုပ်သံအကျယ်ကြီးတီးရင်း မော်ကြည့်စောင့်မျှော်နေသည်လို့ထင်မိလေသည်။ စီးထားတဲ့အဖြူ‌ရောင်ခြေညှပ်ဖိနပ်အပါးလေးကိုချွတ်လိုက်တော့ အေးမြစိုစွတ်တဲ့မြက်ပင်လေးတွေရဲ့အထိအတွေ့ကိုခံစားမိချိန်မှာ လှမ်းလက်စခြေလှမ်းတို့တစ်ခဏရပ်တန့်သွားပေမယ့် ချက်ချင်းဆိုသလိုပဲ ကမ်းပါးစွန်းကို တစ်ရွေ့ရွေ့ဆက်လျှောက်သွားပါသည်။ မိုးစက်မိုးပေါက်လေးတွေတစ်ဖွဲဖွဲကျလာတာကို ခေါင်းမော့ခံယူရင်းလက်နှစ်ဘက်ကို ဘေးနှစ်ဖက်သို့အတောင်ပံသဖွယ်ဖြေးညှင်းစွာဆန့်တန်းလိုက်ကာ ခပ်သွက်သွက်အရှိန်ဖြင့်ပြေးပြီး ကမ်းပါးစွန်းကခုန်ချလိုက်စဉ်မှာ ရင်ထဲလှပ်ခနဲအေးသွားပြီး မျက်စိစုံမှိတ်ထားလျှက်ကပြုံးယောင်သန်းနေတဲ့မိန်းကလေးဟာ ဝါဂွမ်းလေးတစ်စလိုမျောလွင့်၍ ကျသွားခဲ့ရရှာလေပြီ။

************ “ဝုန်း.. ဒုန်း…ဒုန်း..” “တံခါးဖွင့်လိုက်စမ်း $ ‌ေ-ာင်မ… အခုချက်ချင်းဖွင့်ဆိုဖွင့်… ကြာရင်နင်ပိုနာမယ်နော်… နားကန်းနေလား အမျိုး-ုတ်မ… နင်ဒီအခန်းထဲကပြေးလွတ်လိမ့်မယ်ထင်နေတာလား…. -ီးလိုမှပဲ… အားးးး” မကြားဝံ့မနာသာ ဆဲဆိုခြိမ်းခြောက်သံတွေနဲ့အတူ အိပ်ခန်းတံခါးကိုထိုးကြိတ်ကန်ကြောက်လိုက်၊ အရှိန်နဲ့ပြေးပြီးကိုယ်လုံးနဲ့ဝင်တိုက်လိုက်လုပ်နေတဲ့ခင်ပွန်းဖြစ်သူရဲ့အသံကြောင့် နဂိုကပိုးဟတ်ဖြူလေးတစ်ကောင်လို ဖျော့တော့ပါးလျားသောမိန်းကလေးရဲ့မျက်နှာမှာပိုလို့တောင်သွေးဆုတ်ဖြူရော်သွားကာ နှစ်ယောက်အိပ်ကုတင်ကျယ်ကြီးနှင့်နံရံကြားလွတ်နေတဲ့ထောင့်ကြားလေးထဲမှာ ကိုယ်ကိုကျုံ့နိုင်သမျှကျုံ့ကာပုဝပ်တုန်ရီနေလေသည်။ “ဂျွတ်….ဖြောင်း” ကျယ်လောင်တဲ့အသံကြီးနဲ့အတူ အိပ်ခန်းတံခါးကသော့အုံကျိုးပြီးပြုတ်ထွက်ကာ ခင်ပွန်းဖြစ်သူကသူ့အရှိန်နှင့်သူမထိန်းနိုင်ပဲ အိပ်ခန်းကြမ်းပြင်ပေါ်ဟတ်ထိုးလဲကျသွားရတာမို့ ပိုလို့တောင်ဒေါသထွက်လာပုံရသည်။

မီးမှောင်ချထားတဲ့အိပ်ခန်းတွင်းမှာခေါင်းကိုဟိုဘက်ဒီဘက်‌ဝှေ့ရမ်းရှာရင်း ကုတင်နံဘေးမှာကျုံ့ကျုံ့လေးဝပ်လျှက်တဆတ်ဆတ်တုန်နေရှာတဲ့မိန်းကလေးကို‌နောက်ဆုံးမှာ‌တွေ့ရှိသွား‌လေသည်။ ဧည့်ခန်းကတိုးဝင်လာတဲ့ မှုန်ပျပျအလင်းရောက်အောက်မှာ မိန်းကလေးရဲ့အသနားခံသလိုကူကယ်ရာမဲ့မျက်ဝန်းတွေကို ခင်ပွန်းဖြစ်သူကအရဿာခံကာတစ်စိမ့်စိမ့်ကြည့်နေရင်းကမျက်နှာကြီးပေါ်မှာစက်ဆုပ်စရာအပြုံးကပေါ်လာလေတော့သည်။ “မလုပ်… မလုပ်ပါနဲ့အစ်ကိုရယ်… ညီမကိုအနိုင်မကျင့်ပါနဲ့… ရှိခိုးတောင်းပန်ပါတယ်… နှစ်မချင်းကိုယ်ချင်းစာပါရှင်” ဗလုံးဗထွေးကြောက်ရွံ့တုန်ခါနေတဲ့အသံနှင့်မိန်းကလေးကတိုးလျှိုးတောင်းပန်ရှာပါသော်လည်း “ဟားဟားဟားဟား… မင်းကများ ငါ့ကိုကလန်ချင်သေးတယ်ပေါ့.. အော်စမ်း… အော်လေ.. ဒီတိုက်ခန်းက ငါ့စိတ်ကြိုက် Sound Proof Doors (အသံလုံတံခါးတွေ) တပ်ထားတာ… မင်းသေအောင်အော်လည်းဘယ်အမျိုးမှမင်းကိုမကယ်နိုင်ဘူး… ရန်ကုန်နဲ့လန်ဒန်ဆိုတာမိုင်ပေါင်းများစွာအဝေးကြီးပဲဟ…. ဘာ.. နှစ်မချင်းစာပါဟုတ်လား… ငါကတစ်ဦးတည်း‌သောသားဆိုတာမင်းမေ့နေပြီထင်တယ်… ကိုယ်ချင်းစာရအောင်ဘာနှစ်မမှလည်းငါ့မှာမရှိဘူးကွ… ပြီးတော့မင်းကငါတရားဝင်လက်ထပ်ယူထားတဲ့မိန်းမ… ငါ့စိတ်ကြိုက်မင်းနေပေးရမယ်… လာစမ်း” ခင်ပွန်းရဲ့လက်တစ်ဖက်က သူဝတ်ထားတဲ့ခါးပါတ်ကိုဆွဲဖြုတ်နေရင်း ကျန်တဲ့လက်တစ်ဖက်က မိန်းကလေးရဲ့ဆံနွယ်ရှည်တွေကိုရစ်ပတ်လိမ်ကာ ချောင်ထဲမှတစ်ရွတ်တိုက်ဆွဲခေါ်ထုတ်နေလေသည်။

နဂိုကတည်းကမြင့်မားထွားကြိုင်းသောခင်ပွန်းသည်နှင့်ခွန်အားမမျှရတဲ့ကြားထဲ ယခုလို သူယင်းထမုန်ယိုနေချိန်မှာဆိုပိုလို့တောင်ရုန်းမထွက်နိုင်ပါချေ။ ဆောင့်ဆွဲခံထားရတဲ့ဆံပင်ရှည်တွေကြောင့် ဦးရေပြားပြုတ်ထွက်မတတ်တင်းကြပ်နာကြင်နေတာတွေလျော့ပါးသက်သာလိုသက်သာငြား ခင်ပွန်းသည်ရဲ့လက်ကို မိန်းကလေးရဲ့လက်သေးသေးလေးနှစ်ဖက်နဲ့တွန်းဖယ်ရင်းက သူဆွဲခေါ်ရာနောက် တရွတ်တိုက်ပါလာရလေသည်။ ထို့နောက် မိန်းကလေးကိုကုတင်ပေါ်ဆောင့်တွန်းလှဲချလိုက်ပြီး ခါးပါတ်ကိုလက်နှစ်ဖက်နဲ့ခပ်တင်းတင်းရစ်ပတ်လျှက်ဆွဲခါလိုက်သံ “ဖြောင်း”ကနဲကိုကြားလိုက်ရချိန်မှာ မိန်းကလေးတစ်ကိုယ်လုံးကြက်သီးမွှေးညှင်းထကာတစ်‌စောင်းလှဲလျှက်ကဒူးနှစ်ဖက်ကိုတင်းတင်းပိုက်ပြီးမျက်စိစုံမှိတ်အံကြိတ်ထားမိသည်။ အပြင်းအထန်နာကြင်မှုကြောင့် မိန်းကလေးရဲ့ကွေးထားတဲ့ဒူးတွေကရုန်းရင်းကန်ရင်းပြေလျှော့သွားရပြီး မျက်နှာကိုမထိခိုက်မိအောင်လက်နှစ်ဖက်ဖြင့်ကြိုးစားကာလျှက် တဆတ်ဆတ်တုန်နေသည်အထိ ယောက်ျားကြီးအားနှင့် ခါးပတ်ဖြင့်ဆယ်ချက်ခန့်အားကုန်လွှဲရိုက်ပြီးချိန်မှာတော့ ခပ်မြော့မြော့သာကျန်တော့သောမိန်းကလေးကို လူမဆန်စွာ မဖွယ်မရာပြုမူလေတော့သည်။

မိနစ်နှစ်ဆယ်ခန့်အကြာ လူ့ငနွားက သူ့ဆန္ဒတွေပြည့်သွားချိန်မှာ မိန်းကလေးကိုဆောင့်တွန်းပစ်လိုက်ပြီး ဧည့်ခန်းထဲကဆိုဖာမှာခြေပစ်လက်ပစ်ထိုင်ချလိုက်ကာ အော်ဟစ်နေတော့သည်။ “‌ေ-ာင်မ… နင်မေ့ချင်ယောင်ဆောင်မနေနဲ့…. ငါ့ကိုအခုချက်ချင်းပိုက်ဆံလှမ်းတောင်းပေး… ဆေး.. ဆေးအချိန်မှီဝယ်ရမယ်… အားးး… အူးးး.. ဆေး.. ဆေးပေးပါ” ဒီစကားတွေကတော့ မိန်းကလေးသတိလစ်မသွားခင် လေးနောက်ဆုံးကြားလိုက်ရတဲ့ခင်ပွန်းသည်ရဲ့စကားသံတွေပါပဲ… ************ သတိရတစ်ချက်မရတစ်ချက်ဖြစ်နေရှာတဲ့ မိန်းကလေးရဲ့အတွေးတွေထဲမှာ သူမကိုပြုံးပြီးငုံ့ကြည့်နေတဲ့သိပ်ချစ်ရတဲ့ ယောက်ျားပီသချောမွေ့သောချစ်ဦးသူရဲ့မျက်နှာကအုပ်မိုးလို့နေလေသည်။ အာခံတွင်းမှာငုံထားမတတ်ဂရုတစိုက်အချစ်ခံရသောမိန်းကလေးသည် သူမချစ်သူကိုကျေနပ်ပီတိဖြစ်စွာ ချစ်စဖွယ်ပြုံးလို့ကြည့်‌နေမိသည်။ မိန်းကလေးသည် ကိုယ့်ကိုယ်ကိုယ်မယုံကြည်မှုများ နှင့်အတူမွေးဖွားလာခဲ့သူဖြစ်သည်။ သိတတ်စအရွယ်ကတည်းက လူတွေကိုကြောက်တတ်သည်။ လူအများနှင့်ရောရောထွေးထွေးမနေလို။

မိန်းကလေးကိုသိပ်ချစ်ပြီးအလိုလိုက်သောမိသားစုဖြစ်တဲ့ နှစ်ဖက်အဖိုးအဖွား၊ မိဘနှစ်ပါး၊ အစ်မနှင့်အစ်ကိုကလွဲလို့ ဘယ်သူနှင့်မျှ အကျွမ်းတစ်ဝင်ရင်းနှီးချစ်ခင်‌နေထိုင်ခြင်းမရှိခဲ့။ ယုတ်စွအဆုံးတစ်ဝမ်းကွဲမောင်နှစ်မဆွေမျိုးတွေနှင့်တောင်စကား‌ပြောဆိုခြင်းမရှိခဲ့ပါ။ ကျောင်းတက်တဲ့အရွယ်ရောက်လာသည့်တိုင် မိန်းကလေး ကျောင်းတက်နေလျှင်မိသားစုဝင်တစ်ဦးမဟုတ်တစ်ဦးကဆရာ‌တွေရဲ့ခွင့်ပြုချက်ယူပြီး အတန်းအပြင်မှာငုတ်တုတ်ထိုင်၍စောင့်ရှောက်ပေးရတတ်သည်။ မိန်းကလေးသည် သူမကိုချစ်သောမိသားစုအပေါ်တွင် အလွန်မှီခိုဆိုးနွဲ့တတ်သည်။ အထူးသဖြင့် သူမ၏မိခင်အပေါ်အနိုင်ယူတတ်သူဖြစ်သည်။ မိန်းကလေး၏မိခင်သည်ဆရာဝန်တစ်ဦးဖြစ်ပြီး၊ ဖခင်ကတော့အစိုးရအရာရှိကြီးတစ်ဦးဖြစ်သည်မို့ သူမ၏ဘဝကလို‌လေသေးမရှိပြည့်စုံအေးချမ်းပါသည်။

မိခင်ကမိန်းမပီသသူမို့ ဆေးရုံ၊ ဆေးခန်းတာဝန်ဝတ္တရားတွေမအားလပ်တဲ့အကြားက အသက်ကြီးမှဖွားမြင်ခဲ့တဲ့အငယ်ဆုံးသမီးလေး၏ဝေယျာဝစ္စကိုကိုယ်တိုင်လုပ်ကိုင်ပေးရမှကျေနပ်သူဖြစ်လေသည်။ ထက်မြက်သောမိခင်ကြီး၏ပြုစုပျိုးထောင်မှုအောက်မှာကြီးပြင်းခဲ့ရ‌သောမိန်းကလေးသည် ဉာဏ်ကောင်းသည်မှန်သော်လည်းသွက်လက်ထက်မြက်မှုမရှိပါ။ သူမအလိုမကျလျှင် မိခင်ကြီးကိုတွန်းထိုးအော်ဟစ်နေတတ်သလို “ငါ့အတွက်မိခင်ကြီးမှာပင်ပန်းရရှာပါလား”ဆိုသည့် သနားငဲ့ညှာမှုမျိုးလည်းမရှိပေ။ အရွယ်ရောက်လာသည်အထိ အတွင်းခံအင်္ကျီ၊ အတွင်းခံဘောင်းဘီကအစ မိခင်ကြီးကိုယ်တိုင်လျှော်ဖွတ်ပေးမှဝတ်လေ့ရှိသူဖြစ်သည်။ မည်မျှပင်တစ်ကိုယ်ကောင်းဆန်ပြီး၊ ကိုယ့်အတ္တကိုသာရှေ့တန်းတင်လေ့ရှိသောသမီးဖြစ်ပါသော်လည်း မိခင်ကြီးမှာစိုးစဉ်းမျှအပြစ်မမြင်နိုင်ပဲချစ်ခင်ရှာပေသည်။

မိခင်သည်ဆရာဝန်မကြီးတစ်ဦးဖြစ်သလို၊ အိမ်ထောင်ရှင်မကောင်းတစ်ဦးလည်းဖြစ်တာမို့ အလုပ်နှင့်အိမ်ထောင်မှုဘဝကြား မျှခြေဖြစ်အောင်ကြိုးစားထမ်း‌ဆောင်ရသည်မှာအလွန်‌မောပန်းရ‌သောကြောင့် သမီးလေးကြီးပြင်းလာတဲ့အခါ မိမိလိုမပင်ပန်းစေချင်တဲ့အတွက် ကြုံကြိုက်လေတိုင်း “သမီးကြီးလာရင် မေမေ့လို Lady Doctor (အမျိုးသမီးဆရာဝန်) မလုပ်ပဲ၊ Doctor’s Lady (ဆရာဝန်၏အမျိုးသမီးလေး)သာလုပ်နော် သမီးလေး” ဟုခပ်ပြုံးပြုံးနှင့် စသလိုနောက်သလိုဖြင့် ဖြစ်စေချင်သည်တို့ကိုဆုံးမသင်ကြား‌‌ပေးတတ်လေသည်။ ကံတရားက မိခင်ကြီးဖြစ်စေချင်သလိုဖြစ်မလာခဲ့ပဲ စာတော်သောမိန်းကလေးသည် ဆရာဝန်မကလေးဖြစ်လာခဲ့လေသည်။ ကံကောင်းသည်က ဘယ်တုန်းကမှ သူစိမ်းတွေနှင့်ဆက်ဆံပေါင်းသင်းခဲ့ခြင်းမရှိသောမိန်းကလေးသည် ဆေးကျောင်းတက်စဉ်ကာလတစ်လျှောက် မမျှော်လင့်ပါပဲ သူမနှင့်အသွင်တူသောသူငယ်ချင်းမ‌လေးတစ်ယောက်ကိုရရှိလိုက်ခြင်းပင်ဖြစ်သည်။

သူမတို့နှစ်ယောက်သည် ပထမနှစ်တက်စကတည်းက စိတ်ကျန်းမာရေးစစ်ဆေးခြင်းကို တစ်ကြိမ်တည်းနှင့်မအောင်မြင်ခဲ့သောကျောင်းသားများထဲတွင်ပါဝင်ခဲ့ရာက စတင်ပြီးခင်မင်မိကြကာ ကျောင်းသူသက်တမ်းတစ်လျှောက်လက်တွဲခဲ့ကြခြင်းဖြစ်လေသည်။ ကျောင်းသားတွေအများကြီးရှေ့ကဖြတ်လျှောက်ရပြီဆိုလျှင် နှစ်ယောက်သား ချွေးစေးတွေပျံနေတဲ့လက်‌တွေကို အပြန်အလှန်တင်းတင်းဆုပ်ကိုင်ကာ ခေါင်းကြီးတွေကိုယ်စီငုံ့ရင်း ကြောက်ကြောက်ရွံ့ရွံ့နှင့်အလျင်အမြန်အပြေးတပိုင်းလမ်းလျှောက်တတ်ကြသည်။ အစပိုင်းက သူတို့နှစ်ဦးကို ဂေါက်သီးမလေးနှစ်ယောက်လို့ ကျောင်းသားတွေကအထူးအဆန်းလိုလိုက်ကြည့်ကာ စနောက်တတ်ကြပေမယ့် ဆေးကျောင်းတို့၏ထုံးစံအတိုင်းနှစ်ရှည်လများအတူတစ်ကွကျောင်းတက်၊ လက်တွေ့အတူလုပ်၊ ခွဲခန်းအတူဝင်ကြရင်း သူမတို့အကြောင်းကိုပိုသိလာကြကာ အနှောက်အယှက်မပေးတော့ပဲ သူမတို့လိုအပ်လျှင်တောင်ကူညီပေးကြလေတော့သည်။

နာမည်အစအက္ခရာချင်းလည်းတူ၊ ခုံနံပါတ်ရှေ့နောက်လည်းဖြစ်သောသူငယ်ချင်းနှစ်ယောက်တို့သည် အချိန်တွေတရွေ့ရွေ့ကုန်ဆုံးလာကြတာနှင့်အမျှ အလုပ်သင်ဆရာဝန်ဘဝသို့တိုင်ရောက်ရှိလာကြလေသည်။ မိန်းကလေး၏သူငယ်ချင်းသည် သူမ လောက်လည်း ဉာဏ်မကောင်းသလို၊ ဆရာဝန်ဖြစ်ရန်ဝါဿနာလည်းမပါသူမို့ ၎င်း၏မိဘများအလိုအရသာ ဇွတ်မှိတ်ကြိုးစားရင်းဤမျှသောအနေအထားအထိရောက်လာရသူဖြစ်သည်။ မိန်းကလေးတို့နှစ်ယောက်သည် သူမတို့ရင်ထဲမှာရှိသမျှအကြောင်းအရာတွေအကုန်လုံးကို အချင်းချင်းမခြွင်းမချန်ရင်ဖွင့်ပြောဆိုတိုင်ပင်လေ့ရှိကြလေသည်။ မိန်းကလေးအလုပ်သင်ဆရာဝန်ဖြစ်သောနှစ်တွင် အစ်ကိုဖြစ်သူက မိသားစုဓါတ်ပုံကို ဖေ့စ်ဘုတ်အကောင့်တွင်အမှတ်မထင်တင်လိုက်မိရာက သူ၏ငယ်သူချင်းတစ်ဦးကတွေ့ရှိသွားပြီး မိန်းကလေးကိုစိတ်ဝင်စားကာ ဖေ့စ်ဘုတ်မှတစ်ဆင့်မိတ်ဖွဲ့လာခဲ့လေသည်။ ယောက်ျားပီသပြီးရည်မွန်ခန့်ညားသော၊ စကားအပြောအဆိုဆွဲဆောင်မှုရှိပြီးညက်ညောသော၊ နူးညံ့သိမ်‌မွေ့ပြီးမိန်းကလေးတွေအကြိုက်ကိုအလွန်အလိုက်သိသော ထိုအစ်ကိုကို မိန်းကလေးသည် တစ်စထက်တစ်စစွဲလန်းချစ်ခင်လာလေသည်။

မိန်းကလေးမျက်နှာတစ်ချက်ညိုလျှင်ပင် နေစရာနေရာမရှိလောက်အောင်ကို သည်းသည်းလှုပ်ချစ်ပြတတ်တဲ့အစ်ကိုသည် အတွေ့အကြုံလုံးဝမရှိသောအပျိုစင်အူရိုင်းမိန်းကလေး၏ ရူးမတတ်ချစ်ရသောအချစ်ဦးဖြစ်လာခဲ့ရလေသည်။ ************ “ညီမလေးရေ… မင်းချစ်သူက ကိုကို့သူငယ်ချင်းဆိုပေမယ့် သိပ်ရင်းနှီးခဲ့တဲ့သူငယ်ချင်းတော့မဟုတ်ဘူး.. အထက်တန်းကျောင်းတက်တုန်းကဆိုမေးထူးခေါ်ပြောလောက်ပဲရှိခဲ့တာ… ကျောင်းတုန်းကတော့ သူက‌ လူကြီးသားသမီး၊ သ‌ဘောကောင်းပေမယ့် ဆေးလိပ်‌တွေသောက်၊ ရန်တွေဖြစ်နဲ့ဆိုးတဲ့‌ ကျောင်းသားတစ်ယောက်ပဲ….အခုဆိုသူနဲ့မတွေ့ရတာနှစ်တွေတောင်မနည်းတော့ဘူး… ဒါကြောင့် သူကအခုအင်္ဂလန်မှာအိုင်တီအင်ဂျင်နီယာတစ်ယောက်အဖြစ်အသက်မွေးနေတယ်ဆိုတာကြားရတာပဲရှိတာ သူ့အကြောင်းတော့ ဃဃနနမသိတာမို့ ညီမလေးသေချာစုံစမ်းကြည့်ပါဦး…. ကိုကိုလည်း သူနဲ့အဆက်အသွယ်ရှိလောက်တဲ့သူငယ်ချင်းတွေရှာ‌ဖွေမေးမြန်းကြည့်ပါဦးမယ်” ငယ်စဥ်ကတည်းက ချစ်လွန်းလို့နာမည်‌တောင်တစ်ခါမှမခေါ်ပဲ “ညီမလေး”လို့သာခေါ်‌တတ်တဲ့ မိန်းက‌လေးရဲ့အစ်ကိုသည် အိမ်ထောင်ရက်သားကျပြီး တစ်မြို့တစ်ရွာမှာနေပေမယ့် သူ့ညီမလေးကိုစိတ်ပူစွာအရိပ်အမြွက်သတိပေးလေသည်။

မိန်းကလေးနှင့်ဆယ်နှစ်ကွာသောအစ်မအကြီးဆုံးသည်လည်း နိုင်ငံရပ်ခြားတွင်မိသားစုနှင့်အခြေကျနေပေပြီ။ မိန်းကလေးသည် လိုင်းပေါ်မှာသာတွေ့ဆုံချစ်ကြိုက်ရသောချစ်သူကို တစ်ဘဝလုံးပုံအပ်ရန်အထိယုံကြည်ထားသူမို့ ချစ်သူအစ်ကို့အကြောင်းကိုအထူးတလည်လည်းမစုံစမ်းမိသလို အပေါင်းအသင်းမဆန့်သူမို့ ဘယ်သူ့ကိုမေးမြန်းကြည့်ရမှန်းလည်းမသိခဲ့ပါပေ။ ရိုးအလွန်းသောသူမို့ ချစ်သူအစ်ကို့ကို ဒီအကြောင်းဖွင့်ပြောပြမိတော့ အစ်ကိုကမျက်ရည်ထွက်အောင်ပင် သူမကိုရယ်မောလေသည်။ “မိန်းကလေးရယ်….အစ်ကိုက မိန်းကလေးကို ဒီလောက်တောင် မျက်စိအောက်ကအပျောက်မခံနိုင်အောင်ချစ်တာကိုသိရက်သားနဲ့ မိန်းကလေးက အစ်ကို့ကို မယုံဘူးလားကွာ….. ဟားဟား” လှောင်ရယ်ခံရလို့ မျက်နှာလေးနီရဲအောင်ရှက်သွားရတဲ့မိန်းကလေးသည် အစ်ကိုအလုပ်လုပ်ရာလန်ဒန်မြို့ကြီးသို့အပြေးလေးသွားပြီး အစိကို့ရင်ခွင်ကျယ်ကြီးထဲမှာမျက်နှာကိုဖွက်ထားလိုက်ချင်သည်ဟုတွေးရင်း ရင်ခုန်သံတွေမြန်လာရသည်။

“ဟေ့ ကောင်မလေး….မျက်နှာလေးမော့ပါဦးကွ… အစ်ကို့အကြောင်းဘာသိချင်သလဲ ကြိုက်တာမေး… အစ်ကိုပြောပြပါ့မယ်… အစ်ကို့ဖေဖေကဘယ်သူဆိုတာတော့ ညည်းသိပြီးသားပဲမဟုတ်လား… အစ်ကိုကတစ်ဦးတည်းသောသား…မြန်မာပြည်မှာကျောင်းပြီးပြီးချင်း မိဘတွေက အင်္ဂလန်ကိုလွှတ်လိုက်လို့ ဒီမှာ မာစတာဘွဲ့ယူပြီး အလုပ်ဝင်နေတာသုံးနှစ်ရှိပြီ… အခုဆိုချစ်ရတဲ့ရည်းစားလေးလည်းရနေပြီ၊ အလုပ်လည်းရှိ‌နေပြီဆိုတော့ အစ်ကို မိန်းကလေးကိုမခွဲနိုင်တော့ဘူးကွာ… လက်ထပ်ယူချင်ပြီ… မိန်းကလေးဘွဲ့ယူပြီးတာနဲ့ အစ်ကိုတို့မင်္ဂလာဆောင်ကြရအောင်နော် ကောင်မလေး” တွတ်တီးတွတ်တာချွဲနွဲ့ရင်း ရီဝေရွှန်းလဲ့တဲ့မျက်လုံးကြီးတွေနဲ့ စားမတတ်ဝါးမတတ်စိုက်ကြည့်နေခဲ့တဲ့ အစ်ကို့ကို မဝံ့မရဲပြန်ကြည့်ရင်း ကြက်သီးတစ်ဖြန်းဖြန်းထသည်အထိ အချစ်ရဲ့ညှို့ချက်စက်ကွင်းမှာ မိန်းကလေး ယစ်မူးနေမိကာ ခေါင်းကိုသာအခါခါအထပ်ထပ်ညိမ့်နေမိပါတော့သည်။

“ပြီးပါပြီး

Be the first to comment

Leave a Reply

Your email address will not be published.


*