Home / Ghost Stoey / လင်ပါသားရယ်ကျမစန္ဒာရယ်ဘဝရယ်

လင်ပါသားရယ်ကျမစန္ဒာရယ်ဘဝရယ်

လင်ပါသားရယ်ကျမစန္ဒာရယ်ဘဝရယ်

————————–
ကျမနေတာက မရန်းကုန်းမြို့နယ်နာဂလှိုင်ဂူဘုရားအနီးကုန်းပေါ်ပိုင်းကရပ်ကွက်တစ်ခုမှာ။
ကျမနာမည်က သူဇာခင်။အလယ်တန်းကျောင်းထွက်။ကျမဦးလေးတွေကနို့စားနွားတွေမွေးထားတော့ နွားနို့ညှစ်ပေး။နွားနို့လိုက်ပို့။မုန့်ဖိုးပဲဖိုးလေးရတော့အဖေအမေတို့ကိုပေး။အဖေကရုံးစောင့်။အမေကမှီခို။
ကျမကအရပ်ပုပုပြတ်ပြတ်အသားမဖြူ မညို မျက်နှာဝိုင်းဝိုင်း။မျက်လုံးမပြူးမကျယ်။နှုတ်ခမ်းမပါးမထူစုစုလေးနဲ့ကြည့်ပျော်ရှု့ပျော်မျက်နှာလေးနဲ့ရုပ်ရှင်မင်းသမီးစန္ဒာလိုမျက်နှာပေါက်မျိုး။စန္ဒာလိုပဲပါးမှာစံပယ်တင်မှဲ့လေးနဲ့မို့အရွယ်လေးရောက်လာတော့ သူဇာခင်ဆိုတဲ့နာမည်ပျောက်ပြီးအရပ်ကပေးတဲ့နာမည်က စန္ဒာ။
ရပ်ကွက်ထဲမှာအိမ်တွေဆောက်ကြတော့ အဖေ့အသိတစ်ယောက်နဲ့အတူပါလာတဲ့လက်သမားဆရာ(လက်သမားခေါင်း)တစ်ယောက်က မျက်စိကြတော့ အဖေ့ကိုခေါ်ပြော။သူကမုဆိုးဖို။သူ့မှာ၂နှစ်အရွယ်သားတစ်ယောက်ရှိပါတယ်။
အဖေရောအမေရောသဘောတူကြတော့ကျမလည်းခေါင်းညိတ်။မင်္ဂလာဆွမ်းကျွေးပြီးတာနဲ့သူအလုပ်ပြောင်းရာမုဒုံကိုကျမလိုက်ပါရပါတော့တယ်။
မျက်လုံးဝိုင်းဝိုင်းလေးနဲ့အသားဖြူ ဖြူ ဝဝပြည့်ပြည့်ချစ်စရာကောင်းတဲ့၂နှစ်အရွယ်သူ့သားလေးကိုကျမသားအရင်းလေးလိုထိန်းသိမ်းစောင့်ရှောက်ခဲ့ရပါတယ်။သူ့သားအရင်းလေးကလည်း ကျမကို သူ့အမေအရင်းလို ခင်တွယ်နေတာပါ။
ခေါ်တာကလည်းအမေလို့ပါပဲ။ကျမလည်းသားအရင်းလိုချစ်ရတာပါပဲ။လင်ပါသားရဲ ့နာမည်ကတော့ မင်းမင်းပါ။နောက်၂နှစ်လောက်ကြာတော့ကျမကိုယ်ဝန်ရှိလာပါပြီ။ကျမကိုယ်ဝန်ဆောင်ခဲ့တဲ့အချိန်မှာပဲ ကျမခင်ပွန်းဖြစ်သူကိုသူရဟာ ကွမ်းယာဆိုင်က ကောင်မလေးတစ်ယောက်နဲ့ဖောက်ပြန်နေကြပါပြီ။သတင်းတွေကြားလာရပြီး လက်ပူးလက်ကျ မမိသေးတာပဲရှိတာပါ။ကိုသူရကတော့အိန္ဒြေမပျက်။
ကိုယ်ဝန်ကြီးတဗျဲဗျဲ တကားကားနဲ့ယောက်ကျားဖြစ်သူဖောက်ပြန်တဲ့သတင်းတွေ နားမဆန့်အောင်ကြားလာနေရတာက ကျမရဲ့မချိမဆန့်ခံရခက်တဲ့ဝေဒနာတွေ။ ဗိုက်ထဲက ကလေးကိုသနား သနားချင်းနဲ့အမျှ ကိုသူရကို မုန်းတယ်။ကျမ မျက်ရည်တွေသာချောင်းဖြစ်ခဲ့ရင် ကျမကိုယ်ဝန်ရှိတဲ့အချိန်ဖောက်ပြန်ကြတဲ့ သစ္စာမရှိတဲ့ကောင်နဲ့လင်ခိုးမနှစ်ယောက်စလုံး ချောင်းထဲနစ်ပြီး သေအောင်နှစ်သတ်လိုက်ချင်စမ်းပါဘိ။
လစေ့တော့ ရေမွှာပေါက်ပြီးကလေးထွက်မလာခဲ့တော့ဗိုက်ခွဲမွေးခဲ့ရတယ်။မွေးလာတာယောက်ကျားလေး။ဆေးရုံကို ကိုသူရလိုက်လာတော့……………
“အကို”
“ဘာပြောမလို့လည်းစန္ဒာ”
“စန္ဒာနဲ့အကို့သားလေးနှစ်ယောက်ကို မသနားတော့ဘူးလား”
“သားကြီးမင်းမင်းလည်း အိမ်ကိုမပြန်ချင်ဘူးတဲ့ အိမ်မှာအမေ မရှိပဲ သူတစ်ယောက်ထည်းမနေတတ်ဘူးဆိုပြီး ဆေးရုံလိုက်နေတာ”
“မင်းဘာပြောချင်တာလည်း”
“အကို အိမ်ကိုတော့ ပြန်အိပ်စေချင်ပါတယ်”
“တော်ပြီ မပြောတော့နဲ့မင်းအိမ်ပြန်ရောက်မှ ငါနဲ့ဆက်ပြောမယ် သားကြီးကို ငါပြန်ခေါ်သွားမယ်”
ကိုသူရလက်ထဲ မလိုက်ချင်လိုက်ချင်နဲ့ဆွဲခေါ်လို့ပါသွားတဲ့သားကြီးက ကျမကို ငိုမဲ့မဲ့လှမ်းကြည့်ရင်းသားကြီးကို သနားလိုက်တာလေ။ဆေးရုံကနေပြန်ဆင်းလာတော့ သားကြီးက သူ့အဖေမသိအောင် ကျမကိုတိုးတိုးလေး
“အမေ အဖေကလေ သားကို ဘေးအိမ်က ကြီးလှတို့အိမ်မှာ ညအိပ်ခိုင်းတာ သားညတိုင်းအိပ်မပျော်ဘူး အမေ့ကိုသတိရတာ”
“သားရယ်”
ကျမ ဘာတတ်နိုင်မှာလည်းလေ။
ကျမလည်းသွေးနု သားနု ။ဗိုက်ကြီးနဲ့ရန်ကုန်ပြန်မသွားချင် မိဘကို ဒုက္ခ မပေးချင်လို့စိတ်ဆင်းရဲ ခံပြီးနေခဲ့ရတာ။ကလေးနဲနဲကြီးလာရင်တော့ ကိုသူရနဲ့ရှင်းမှရတော့မယ်။
အိမ်ပြန်ရောက်လို့၂လလောက်ကြာတော့……
“စန္ဒာ”
“စန္ဒာ”
ဆိုဒ်ထဲက ကျမနဲ့ခင်တဲ့ မြချယ်က……..
“ဘာလည်းမြချယ်”
“နင့်ယောက်ကျားကို ကြည့်ထိန်းအုန်းနော် ဟိုကွမ်းယာမကို အိမ်တောင်ငှားပေးထားပြီတဲ့။လက်ဝတ်လက်စားတွေလည်းဆင်ထားတယ်လို့ငါကြားတယ်”
“ငါသိတယ် ငါသူတို့နှစ်ယောက်ကို လက်ပူးလက်ကြပ်မိအောင်ငါလုပ်အုန်းမှာ ကိုသူရက ခုထိငါ့ကိုဝန်မခံသေးဘူး”
“အဲဒီကောင်မက ကွမ်းယာထဲမှာ ဆေးထည့်ပြီးနင့်ယောက်ကျားကိုကျွေးထားလို့နင့်ယောက်ကျားတန်းတန်းစွဲဖြစ်ပြီး အကုန်အကျခံနေတာနေမှာ”
“ဟုတ်မှာပေါ့ မြချယ်ရယ် ငါ့မှာလည်းခုမှ ကလေးတစ်ယောက်အပြင်ရောက်ခါစရှိသေးတာ။ငါ့ကိုတော့ ကွမ်းယာမနဲ့ကိုသူရ စတည်းချတဲ့နေရာသိအောင် စုံစမ်းပေးပါအုန်းဟယ်”
“စိတ်ချ နင်သာကျန်းမာအောင်နေ ငါ့ဘက်ကတာဝန်ကျေစေရမယ်”
“အေးပါ “
“ငါသွားတော့မယ် စန္ဒာ”
မြချယ်ထွက်သွားတာကိုကြည့်ရင်းကျမလည်းကိုသူရနဲ့ရှေ့ဆက်ဖို့စဉ်းစားနေရပါပြီ။ကိုသူရက အပြောချို သဘောကောင်း ဝင်ငွေကောင်း။ထမင်းစားချိန်ဆို ကျမရှေ့မှာပဲ အုတ်သယ် ပန်းရံသယ် ကောင်မလေးတွေ ကုမ္ပဏီကစာရေးမလေးတွေနဲ့ “ဆရာ “ဆရာ “ဆိုပြီးလက်ပွန်းတတီး အဖွဲ့တကျကျ ဖင်ပုတ်ခေါင်းပုတ် ဟီးဟီးဟားဟား ဆပ်စလူးတွေထ မြူးတကြွကြွ ဖြစ်နေကြပုံ။မမြင်ချင်အဆုံး။ကိုသူရကလည်း အဲဒီလိုအချိန်ဆို နွားပြာကြီးအောက်သွားမရှိ ပါးစပ်ကနားရွက်တက်မချိတ်ရုံတမယ် ကောင်မလေးတွေ ဆရာလာ နှစ်ခါမခေါ်လိုက်နဲ့မပြောလိုက်နဲ့မရောလိုက်နဲ့ရော့ …လာထားစားစရာတွေ …ဆိုတဲ့သူ။အရင်ကထည်းက သိခဲ့ရမှာ။ခုတော့လွန်ခဲ့ပြီ။ကလေးတစ်ယောက်ထွက်ပြီးပြီ။အဆစ်တောင်တစ်ယောက်ပိုပိုသာသာ ပါထားလိုက်သေးရဲ့။
သူများလင်ကြောင်တောင်နှိုက်ချင်တဲ့သူတွေဆိုတာ အရှက်တရားကဘာလည်းလို့ပြန်တောင်မေးမယ့်ဟာမတွေ။ရှက်ကြောပြတ်မွေးလာတဲ့သူတွေ။
ကွမ်းယာမ(ကိုသူရနဲ့ဖြစ်နေတဲ့မိန်းမ)ကို မြင်ဖူးအောင်လို့ကို တမင်သူ့ကွမ်းယာဆိုင်ကိုသွားကြည့်တာ။
သွားခေါမ။မျက်လုံးပြူး ပြူး ပါးကချိုင့် ချိုင့် ကွမ်းတွေစားထားလို့နီတာရဲ ကွမ်းပါးစပ်က သွေးစုတ်ဖုတ်ကောင်လိုလို အသားကညို ခြောက်ခြောက် ကုလားဒိန်မရုပ်နဲ့။အရပ်ကကလန်ကလား။
မျက်နှာချင်းယှဉ်ကြည့်စတမ်းဆိုရင်တော့ ကျမကိုမှီစရာ တကွက်မှမရှိပေမယ့် ကိုယ်လုံးက ရွှေဘိုမင်းကြိုက် မျှစ်စို့ပေါက်ကြီး။ကိုသူရကို ဒါနဲ့ချုပ်ထားတာနေမှာ။ဒေါမနဿပွားပြီး အိမ်ပြန်လာရတယ်။ရွံစရာကောင်းတဲ့ရုပ်။
ကိုသူရနဲ့ကွမ်းယာမတို့စတည်းချတဲ့နေရာ မြချယ်စုံစမ်းပေးလို့သိလာရတဲ့နောက်……
တံခါးကိုအနားမှာတွေ့တဲ့ ပေါက်ပြားနဲ့အားကုန်လွှဲပြီးရိုက်ဖွင့်။ပေါက်ပြားကိုင်ထားတဲ့ကျမကိုနှစ်ယောက်သားမြင်ပြီးကြက်သေသေနေတဲ့အချိန်……
“ကောင်မ”
“လင်ခိုးမ”
“ကဲဟာ”
“ဖြန်းဖြန်း”
ကွမ်းယာမကို ရှိသမျှ အားအကုန်ထည့်ပြီး ဆံပင်ဆွဲပါးချ။ကျမတို့နှစ်ယောက် နပန်းလုံးကျတော့မှ ကိုသူရက ကျမကိုဝင်အဆွဲ။သွေးနု သားနုနဲ့ကျမလက်တွေနာလိုက်တာ။
“ကိုသူရ”
“ကိုသူရဝန်ခံပြီမလား မညာတော့နဲ့ပက်ပင်းတွေ့နေရတာ မုန်လာဥမလုပ်နဲ့တော့”
“မင်းဘာဖြစ်ချင်တာလည်း ငါကမင်းကိုလည်းမကွာချင်လို့မင်းမသိအောင် ဖုံးထားတာ မင်းကရအောင်ဖော်တယ်ပေါ့”
“ဖော်တယ် ဖော်ရတယ် မုန့်ကိုသာဝေစားချင်စားမယ် အချစ်ကို ဘယ်သူမှ ဝေစားချင်ကြတာမဟုတ်ဘူး။စန္ဒာဗိုက်နဲ့တုန်းက ကထည်းက ကိုသူရ ဒီကောင်မနဲ့ဖြစ်နေမှန်းသိတယ် ဗိုက်ထဲက ကလေးထိမှာမို့သည်းခံနေခဲ့တာ ခုတော့သည်းမခံနိုင်တော့ဘူး”
“သည်းမခံနိုင်တော့ မင်းဘာလုပ်ချင်လည်း”
“သြော် ဘာလုပ်ချင်လည်းဟုတ်လား ကျမ မပေါင်းနိုင်တော့ဘူး ရန်ကုန်ပြန်တော့မယ် ဒါပေမယ့် ရှိတဲ့ပစ္စည်းတွေအကုန်ဒီကောင်မလက်ထဲ ရောက်ကုန်မှာမို့အကုန်ယူသွားမယ်။ နင်တားဖို့မစဉ်းစားနဲ့တားရင်နငိအလုပ်ပြုတ်ထောင်ကျသွားအောင်လုပ်မှာနော်။မလုပ်ဘူးမထင်နဲ့သစ္စာမရှိတဲ့အကောင်ရဲ့”
ကျမပြောဆိုပြီးတာနဲ့နောက်နေ့အထုတ်ပိုက်ပြီးအိမ်ပေါ်ကအဆင်း………မင်းမင်းလေးက
“အမေ…အမေသားကိုမထားခဲ့ပါနဲ့သားလည်းလိုက်မယ်”
ကျမ ထမီစကိုဆွဲပြီး ငိုနေလို့
“သားကသားအဖေအရင်းနဲ့ပဲနေခဲ့ပါ။အမေက မိထွေးမို့သားမလိုက်ချင်ပါနဲ့သားရယ်”
“ဟင့်အင်း အမေက သားအမေအရင်းပါ သားကိုပါခေါ်သွားပါ သားအဖေ နောက်မိန်းမကြီးနဲ့မထားခဲ့ပါနဲ့ သားအကုန်သိပါတယ်အမေရယ် အမေ့ကိုမခွဲနိုင်ဘူး မထားခဲ့ပါနဲ့အမေရယ်”………
သနားစဖွယ်ငိုယိုရင်း မျက်ရည်လည်ရွှဲနဲ့တောင်းပန်နေတဲ့မင်းမင်းလေးကို ကျမလည်းသနားလို့ပစ်မထားရက်ခဲ့တော့ပဲ ခေါ်လာလိုက်ပါတော့တယ်။
ငါးလအရွယ်သားငယ်လေးနဲ့ငါးနှစ်အရွယ်လင်ပါသားလေးကိုလက်ဆွဲရင်း ကျမဘဝသစ်အစပြု ဖို့ရန်ကုန်မြို့ကိုပြန်လာခဲ့ပါပြီ။
ကလေးနှစ်ယောက်နဲ့အထုတ်လေးဖြည်စားရင်း လုံးပါးပါးလာစပြု လာတော့ ကလေးကို အိမ်နီးချင်းတစ်ယောက်ကိုအပ် ပိုက်ဆံပေးထိန်းခိုင်းရင်း ဆေးရုံ သန့်ရှင်းရေးအလုပ်သမားဝင်လုပ်။ မင်းမင်းလေးကကျောင်းစတက်ရပြီ။
ကလေးကို နို့မှုန့်အကောင်းစားတွေမတိုက်နိုင်တော့ ပက်(စ်)နို့မှုန့်ထုတ်လေးတွေတိုက်ရင်း တစ်နေ့တော့ ကလေးထိန်းတဲ့သူက သန့်ရှင်းမှု့အားနည်းလို့ထင်ပါရဲ့ကလေးဝမ်းတွေသွားလို့ဆေးရုံပါတင်လိုက်ရတဲအဖြစ်။
ကျမလည်းအလုပ်ပျက်ပါများတော့ အလုပ်ထွက်လိုက်ရပါတော့တယ်။နောက်တော့ အမေ့ကိုအကူအညီတောင်းကလေးကိုထိုးပေးရတယ်။အမေကအိုကြီးအိုမနဲ့အိမ်ကကျဉ်းကျဉ်းလူကများများ မတတ်သာရတဲ့ဘဝမို့ခဏတော့အမေ့ကို ဒုက္ခပေးရပြီ။မင်းမင်းလေးလည်းကျောင်းကပြန်လာတာနဲ့သူ့ညီလေးကို ကူထိန်းပေးရှာပါတယ်။”ညီလေး ညီလေး”နဲ့ပါးစပ်ဖျားကမချ တုန်နေအောင်ချစ်ရှာပါတယ်။
ဒီတစ်ခါကျမအလုပ်ကအိမ်ဖော်(အိမ်အကူ)အဖြစ်။အိမ်အကူ၃နှစ်နီးပါးလောက်လုပ်ပြီးတော့ အိမ်ရှင်ကသဘောကောင်းတော့ အဆင်ပြေပြေနဲ့ပေါ့။အိမ်အကူ ရာထူးတိုးတော့ အိမ်ရှင်တွေရောင်းတဲ့ဆန်ဆီဆိုင်မှာ အရောင်းဝန်ထမ်းအဖြစ်။
နောက်အလှည့်အပြောင်းလေးကတော့ အလုပ်လုပ်ရင်းကျမငယ်သူငယ်ချင်းအောင်ကျော်နဲ့တွေ့ပြီးချစ်ကြို းသွယ်မိစပြုလာပါရောလေ။
တကယ်ယူကြမယ်ဆိုတော့ သားမင်းမင်းလေးကသဘောမတူ။ခါးခါးသီးသီး။တစ်နေ့……
“မင်း မင်း”
“ဗျာ”
“ဆရာမက အမေ့ကိုမင်းအကြောင်းတိုင်လိုက်တယ် ငါ့သားကျောင်းမတက်ဘူးဆို”
“အရင်နေ့တွေကလည်း ကျောင်းပျက်သေးတယ်တဲ့”
“မဖြေဘူးလား ဘာလည်းအမေကမိထွေးမို့မင်းက ဂရုမစိုက်ဘူးလုပ်ချင်ရာလုပ်မယ်ဆိုတဲ့ သဘောလား”
“ဖြေလေ ပါးစပ်ပိတ်မထားနဲ့”
မင်းမင်းငိုပါလေရော………
“ဟီးးး ဟီးးမဟုတ်ဘူးအမေ အမေယောက်ကျားယူမယ်ဆိုတာ အားကိုးရှာပြီးငွေလိုချင်လို့ယူမှာလို့သားသူငယ်ချင်းမိဘတွေပြောတာကြားလို့သား ဂေါ်လီရိုက်ပြီးငွေရှာနေတာပါ”
“အမေ နောက်ယောက်ကျားမယူပါနဲ့ အားကိုးရင်သားကိုပဲအားကိုးပါ။ သားအမေ့ကို တသက်လုံးလုပ်ကြွေးပါ့မယ်။အမေနဲ့ညီလေး မျက်နှာ မငယ်စေရပါဘူး။ သားကျောင်းမတက်တာ အမေ့အတွက်ငွေရှာနေလို့ပါအမေ”
ပြောပြောငိုငိုနဲ့ကျမကို သူ့ကျောင်းစိမ်းဘောင်းဘီအိတ်ထဲက ပိုက်ဆံလေးတွေ ထုတ်ပေးလာတဲ့သားကြီးတဖြစ်လည်း လင်ပါသားမင်းမင်း။ကျမရင်ထဲဆို့တက်လာလိုက်တာ။
“သားရယ်”
ကျမသားမင်းမင်းလေးကိုဖက်ငိုတော့သားကဆက်ပြောလာတဲ့စကား။
“သားကျောင်းမတက်ချင်တော့ဘူးအမေ အဘတို့အိမ်မှာ နွားနို့ပို့တဲ့အလုပ်သားလုပ်ပါ့မယ်။ အမေယောက်ကျားမယူပါနဲ့သားရှာကြွေးမယ်နော် နော်အမေ”
ပြောပြီးမော့ကြည့်လာတဲ့ မျက်ဝန်းတစ်စုံ။
ကျမ ယောက်ကျားမယူဖြစ်တော့ပါဘူး။သားမင်းမင်းကိုကျောင်းဆက်ထားပါတယ်။၈တန်းရောက်တော့စာမေးပွဲခနခနကျတော့ကျောင်းဆက်မတက်ခိုင်းတော့။
အရွယ်ရောက်လာတဲ့သားဖြစ်သူမင်းမင်းကို သူ့အဖေရင်းဖြစ်တဲ့ကိုသူရကသူ့ဆီမှာ အလုပ်သင်အဖြစ်လှမ်းခေါ်……………။
သားမင်းမင်းသွားခါနီးကျမကိုရှိခိုးကန်တော့ရင်း
“အမေ”
“သားအဖေ့ဆီသွားတော့မယ် အမေကိုယ့်ကိုယ်ကိုဂရုစိုက် ညီလေးကိုလည်းဂရုစိုက်ပေးပါ သားပြန်လာမယ်”
“သားရယ်”
…………………………………
သားကြီးမင်းမင်းဟာ သူပြောခဲ့သလိုပဲသူ့အဖေဆီကပြန်လာတော့ သူတတ်ခဲ့တဲ့ပညာတွေနဲ့သူ့အဖေလိုပဲ အလုပ်သမားခေါင်းလုပ်ပြီးကျမနဲ့သူ့ညီလေးကိုရှာဖွေကျွေးမွေးယုံမက သူ့ပိုက်ဆံနဲ့သူစုပြီး ရပ်ကွက်နားလည်မှ ုနဲ့ချထားပေးပြီးရောင်းတဲ့မြေကွက်ဝယ်အိမ်ဆောက်ပေးပြီးလို့ ကျမတို့အေးဆေးစွာနေထိုင်ခဲ့ရပါတယ်။သားငယ်လေးဆယ်တန်းအောင်အလုပ်ဝင်ပြီးတဲ့အချိန်မထင်မှတ်စွာသားကြီးမင်းမင်းက
“အမေ”
“သားကြီးပြောလေ”
“သားသာသနာ့ဘောင်ထဲဝင်တော့မယ်”
“ဟင်”
“အမေနဲ့ညီလေ့းအတွက်ဘဏ်ထဲမှာသိန်း၄၀ထည့်ပေးထားတယ်”
“သားရယ်”
မဝင်ပါနဲ့သားရယ်လို့လည်းမပြောချင်။မပြောရက်တော့။ဝမ်းနဲ့လွယ်မမွေးခဲ့ရပေမယ့်သားအရင်းနဲ့မခြားတာဝန်ကျေပွန်လွန်းပြီးအလိုက်သိလွန်းလှတဲ့အမေ့သား ဟာ ဘုရားသားတော်လုပ်တော့မယ်တဲ့။
ကျမ ဝမ်းနည်းဝမ်းသာကျလာတဲ့မျက်ရည်တွေကို တဘက်လေးနဲ့အသာသုတ်ရင်း။
သားကြီးမင်းမင်းဟာရုပ်ရည်ကြည်စင်ဖြူလင်ပြီးသူအလုပ်လုပ်ရာ ဘုန်းကြီးကျောင်းကို ပြု ပြင်တည်ဆောက်ရင်း တရားအသိတွေရခဲ့တယ်ထင်ပါတယ်။သူ့အဖေကတော့ ခုထက်ထိမိန်းမတွေ တစ်ယောက်ပြီးတစ်ယောက်ယူရင်း လောကီသံသရာနွံထဲမှာ အပျော်ကြီးပျော် အမော်ကြီးမော် နစ်သထက်နစ်ဆဲ။သူ့သားမင်းမင်းကတော့ သူ့အဖေနဲ့ဆန့်ကျင်ဖက် တည်ငြိမ်တဲ့အိန္ဒြေ ရင့်ကျက်တဲ့အသိ ဓမ္မကိုယုံကြည်လေးမြတ် လူဝတ်ကိုစွန်ခွာ မြတ်သောတရားကျင့်လျှက်။ကျမကတော့ သဘာဝကပေးတဲ့ဒုက္ခနဲ့သံယောဇဉ်ကြိုးလေးတမျှင်ရစ်ပတ်ခံရလျှက်စိတ်မချနိုင်စွာ ကျေပွန်စွာတဲ့မိခင်တာဝန်ယူနေမြဲ။
“ဒကာမကြီး”
“ဒကာမကြီး”
“ဟင်သြော် ဦးဇင်း”
“ဦးဇင်းခေါ်နေတာကြာပြီ အဲ့လောက်ထိ မတွေးနဲ့တော့ဒကာမကြီး လည်းအသက်ကြီးပြီ ဥပုဉ်နေ့တွေ ဦးဇင်းတို့ကျောင်းမှာ သီလလာယူပါ။အသိကိုသတိအမြဲကပ်ပါဒကာမကြီး”
“တင်ပါ့ဘုရား”
သပိတ်ထဲဆွမ်းနဲ့ဆွမ်းဟင်းကိုမစန္ဒာခေါ်ဒေါ်စန္ဒာရိုသေစွာလောင်းလှူ အပြီး။
“သာဓု သာဓု သာဓု”
“ယခုကဲ့သို့သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်း ဆွမ်းဟင်းနှင့်တကွ လှူ ဖွယ်ဝတ္ထု အစုစုတို့အား ဆက်ကပ်လှူ ဒါန်းကြကုန်သော ဒကာ ဒကာမ အပေါင်း သူတော်ကောင်းတို့သည် စိတ်၏ချမ်းသာချင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပြီး သဒ္ဒါ သီလ သုတ စာဂ ပညာ ဟီရိသြတပ္ပတည်းဟူသော သူတော်ကောင်းဥစ္စာခုနှစ်ပါးနှင့် ပြီးပြည့်စုံကြပြီး ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ် ဟုခေါ်ဆိုအပ်သော အပါယ်လေးဘုံမှ လွတ်ကင်းပြီး ဘာသာအကျိုး သာသနာအကျိုးကို ဆထက်ထမ်းပိုးထမ်းဆောင်နိုင်သော သူတော်ကောင်းသူမြတ်လောင်းများဖြစ်နိုင်ကြပါစေ”
“သာဓု သာဓု သာဓု ပါဘုရား”
အတွေးစာစုလေးပါ။
စံဌာနီထွန်း

Leave a Reply

Your email address will not be published. Required fields are marked *