
* သစ်ပုပ်ရွာက ကြက်လူသား*📖📖📖 (စဆုံး)
(ဖြစ်ရပ်မှန်တစ်ခုအပေါ် အခြေခံလျက် ပြန်လည်ရေးသားထားပါသည်) (၁) “ငါ့သားရယ်၊ စောစောစီးစီး အကုသိုလ်အလုပ်တွေ မလုပ်ပါနဲ့လား” “အိုဗျာ၊ အမေကလည်း ကျုပ်က ထမင်းဆိုအသားတစ်မျိုးမျိုးပါမှ စားတတ်တာမဟုတ်လား” “ဒါဖြင့်ရင်လည်း နေ့လည်ကျရင်လာမယ့် အသားသည်ဆီက အမေအသားဝယ်ထားမယ်၊ ဒီမနက်တော့ သည်းခံလိုက်နော် ငါ့သား” “အမေတို့ကလည်းဗျာ၊ ကျုပ်သည်းမခံနိုင်ဘူး၊ အမေချက်ထားတဲ့ဟင်းတွေကိုလဲ ကျုပ်မစားချင်ဘူး” ဖိုးတေတစ်ယောက် သူ့အမေခူးခပ်ပေးထားသည့် မနက်စာထမင်းစားပွဲကို ခြေထောက်တစ်ဖက်ဖြင့်ကန်ထည့်လိုက်ရာ ထမင်းစားပွဲမှာ တစ်ဖက်သို့စောင်းသွားပြီး စားပွဲပေါ်ရှိ ထမင်းပန်းကန်နှင့် ဟင်းပန်ကန်များမှာ ကြမ်းပေါ်သို့မှောက်ကျကုန်လေသည်။
ထို့နောက် နံရံတွင်ချိတ်ထားသည့် လွယ်အိတ်ကိုကောက်လွယ်လိုက်ပြီး ထရံတွင်ထိုးထားသည့် ဓါးရှည်တစ်လက်ကိုဆွဲလိုက်ကာ ခမောက်အစုတ်တစ်လုံးစောင်းပြီး အိမ်ပေါ်မှဆင်းလာလေသည်။ “ဟဲ့သား၊ ဘယ်သွားမလို့လဲ၊ အမေအခုပဲ အိမ်ကြက်ကလေးတစ်ကောင် ချက်ပေးမယ်” “ထွီ၊ တော်စမ်းပါအမေရာ၊ ကျုပ်မစားချင်တော့ဘူး၊ အမေချက်မနေနဲ့၊ ကျုပ်အခုတောထဲသွားမယ်၊ ခုံးသွားထောင်မယ်” အိမ်ပေါ်မှ ခြေလှမ်းကျဲကြီးဖြင့် ဆင်းသွားသည့် သားဖြစ်သူ ဖိုးတေကိုကြည့်ရင်း ဒေါ်ပြုံးတစ်ယောက် သက်ပြင်းချလိုက်မိသည်။ ထို့နောက် ကြမ်းပြင်တွင် ပြန့်ကျဲနေသည့် ထမင်းဟင်းပန်ကန်များကို ကောက်ရင်းသိမ်းဆည်းနေမိသည်။ ထို့နောက် အိမ်ရှေ့သို့ထွက်လာရင်း ဘုရားကျောင်းဆောင်ကို တစ်ချက်ကြည့်လိုက်မိသည်။
ဘုရားကျောင်းဆောင်က သေးငယ်သော်လည်း ညောင်ရေအိုးများတွင် တောပန်းကလေးများဖြင့် စိမ်းစိုပွင့်ဖူးကာ လှပနေသည်။ ဒေါ်ပြုံးလည်း ဘုရားရှေ့တွင်လက်အုပ်ချီလိုက်ပြီး ဆုတောင်းလိုက်မိသည်။ “ကျွန်မသားလေး ဘာမှမဖြစ်ပါစေနဲ့ ဘုရား” ထို့နောက် ဒေါ်ပြုံးအိမ်ပေါ်ကဆင်းခဲ့သည်။ အိမ်ရှေ့မြေကွက်လပ်တွင် စိုက်ပျိုးထားသည့် တိုင်ထောင်ပဲများ၊ ငရုတ်ပင်များကို ရေဆင်းလောင်းရန်အတွက် ဆင်းလာခဲ့ခြင်းဖြစ်သည်။ ဒေါ်ပြုံးတို့ ခြံကလေးတွင် သီးပင်စားပင်အစုံဖြင့် စိမ်းစိုနေသည်။ တိုင်ထောင်ပဲများ၊ ငရုတ်ပင်များအရှေ့တွင် သင်္ဘောပင်များကို စီတန်းကာစိုက်ပျိုးထားသည်။ ထိုဘေးဘက်တွင် ပြောင်းတစ်ခင်းလဲရှိသေးသလို အိမ်နောက်ဖေးတွင်လည်း ကြီးမားသော ဘူးစင်ကြီးက စီတန်းလျှက်ရှိသည်။
ဘူးစင်အောက်တွင် ဘဲတစ်အုပ်က ပြေးလွှားနေသလို အိမ်တွင်မွေးထားသည့် ကြက်အုပ်အတွင်းမှ ကြက်ဖကြီးတစ်ကောင်ကလည်း ဘူးစင်ပေါ်သို့ပျံတက်လိုက်ကာ “အောက်အီးအီးအွတ်” ဟု အော်သံပေးလိုက်ပြန်သည်။ “ဒီကောင်လေးက အဖေတူတဲ့သားလေးပဲ၊ သူ့အဖေရဲ့စရိုက်တွေ ပါလာတာနေမှာပါ” ဒေါ်ပြုံးအပင်ရေလောင်းရင်းတွေးမိသည်။ ဒေါ်ပြုံးယောက်ျားကိုတိုးမောင်က ယာလုပ်သော်လည်း ငှက်ထောင်ခြင်း၊ အမဲလိုက်ခြင်းများကို အလွန်ဝါသနာထုံသည့်အတွက် မုဆိုးတစ်ပိုင်းဖြစ်နေလေသည်။ ဒေါ်ပြုံးနှင့် အချိန်အတော်ကြာ ပေါင်းသင်းခဲ့သော်လည်း သားသမီးရတနာမရရှိခဲ့ပေ၊ သို့သော် ဒေါ်ပြုံးအသက်လေးဆယ်ကျော်မှ ကိုယ်ဝန်ရခဲ့ပြီး ယခုသားလေး တိုးအောင်ကို မွေးဖွားခဲ့သည်။ တိုးအောင်မွေးပြီး သိပ်မကြာခင်မှာပင် သူ့ယောက်ျား တိုးမောင်တောတက်ရင်း ချောက်ထဲကျကာ သေဆုံးခဲ့သည်။ သားလေးတိုးအောင်မှာ ငယ်ငယ်ကတည်းက စရိုက်ကြမ်းသလို ကြီးလာသည့်အခါ ပိုပြီးဆိုးသွမ်းလာလေသည်။
ထို့အတွက် တိုးအောင်ဆိုသည့် အမည်ရင်းပျောက်ကွယ်ပြီး တစ်ရွာလုံးက ဖိုးတေဟုသာ ခေါ်ဆိုကြသည်။ ဖိုးတေဆိုသည့်နာမည်အတိုင်း ပေသည်၊ တေသည်။ ပိုပြီးဆိုးသွားသည်က ဖိုးတေလူပျိုပေါက်အရွယ်တွင် ရပ်ထဲရွာထဲ ဆိုးမိုက်ပေတေသည့် လူမိုက် သံလုံးနှင့် ပေါင်းဖက်မိရာမှ ပိုပြီးပေပေတေတေဖြစ်သွားရပြန်သည်။ စင်စစ်အားဖြင့် ဒေါ်ပြုံးတို့ သားအမိနှစ်ယောက်အတွက် စားဝတ်နေရေးက ပူစရာမရှိပေ၊ ယာကိုသီးစားအငှားချထားသလို ဒေါ်ပြုံးကိုယ်တိုင်ကလည်း ခြံဝိုင်းထဲတွင် သီးပင်စားပုံများစိုက်ထားကာ ရောင်းချစားသောက်ခြင်းဖြင့် မပူမပင်စားသောက်နိုင်သော်လည်း ဖိုးတေကတော့ တေမြဲတေဆဲပင်ဖြစ်သည်။ (၂) “ဟေ့ကောင်ဖိုးတေ၊ မင်းဘာဖြစ်လာတာလဲ” ရွာစွန်ရှိ အရက်ခွက်ပုန်းဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် သူ့ဆရာဖြစ်သူ သံလုံးက အရက်တစ်ပုလင်းသောက်ရင်း ဇိမ်ကျနေပြီဖြစ်သည်။ ဖိုးတေဆိုင်ထဲဝင်လာသည်ကို မြင်သည့်အခါ သံလုံးက လှမ်းမေးသည်။
“ဘာဖြစ်ရမလဲဗျာ၊ အမေပေါ့၊ အာလူးဆီပြန်နဲ့ ပဲကြီးဟင်းချိုပဲ ကျုပ်ကိုကျွေးတယ်ဗျာ၊ အသားတစ်ဖတ်တောင် မပါဘူးလေ” ဖိုးတေက သံလုံးရှေ့တွင်ထိုင်လိုက်ပြီး သံလုံးငှဲ့ထားသည့်အရက်ခွက်ကို ကောက်ယူကာ မော့ချလိုက်သည်။ “ကျုပ်ဆိုတဲ့ကောင်ကလည်း ထမင်းစားရင် အသားမပါရင် စားတာမဟုတ်ဘူးဗျ၊ အသားဆိုရင်လည်း သူများဆီက ဝယ်စားတာထက် လတ်လတ်ဆတ်ဆတ် ကိုယ်ကိုယ်တိုင် ဖမ်းပြီးသတ်စားရတဲ့ အရသာကိုကြိုက်တာဗျ” ထိုအခါ သံလုံးက ဖိုးတေအရှေ့သို့ ပန်းကန်တစ်ချပ်ကို ချပေးလိုက်လေသည်။ ပန်းကန်ထဲတွင် ကြွက်တစ်ကောင်ကို ခုတ်ထစ်ပြီး ဆီနည်းနည်းနှင့် ကြော်ထားသည့် ကြွက်ကြော်များကိုတွေ့ရသည်။ ဖိုးတေက ကြွက်ကြော်တစ်တုံးကို ကောက်ယူလိုက်ပြီး သံလုံးကိုကြည့်လိုက်သည်။
“ကိုသံလုံး၊ ခင်ဗျားကြွက်က ဝယ်ထားတဲ့ကြွက်လား” သံလုံးက ရယ်မောပြီး “ငါလခွမ်း၊ မင်းငါ့အကြောင်းသိတယ်မဟုတ်လားဖိုးတေရ၊ ငါဆိုတဲ့ကောင်ကလည်း ငါ့ပါးစပ်ထဲသွင်းမယ့် အသားကို ငါကိုယ်တိုင်သတ်ရမှာကျေနပ်တဲ့ကောင်ကွ၊ အခုကြွက်ကလည်း ညက ငါထောင်ထားတဲ့ကြွက်၊ မင်းမစားချင်နေ” ထိုတော့မှ ဖိုးတေက ကြွက်သားကြော်ကို ပါးစပ်ထဲသို့ ပစ်ထည့်ကာဝါးလိုက်ရင်း “ချိုလိုက်တာဗျာ၊ လတ်လတ်ဆတ်ဆတ်သတ်ထားတာမို့ထင်တယ်နော်” “စားကွာ၊ သောက်ကွာ၊ ဒါနဲ့ ဒီနေ့မင်းဘယ်သွားမလို့လဲ” “ကျုပ် ရေမြှောင်ဘက်တက်မယ်ဗျာ၊ အခုက ခုံးရာသီဆိုတော့ ခုံးတွေသွားထောင်မယ်” သံလုံးက ခေါင်းညိတ်လိုက်ပြီး “ကောင်းတာပေါ့ကွာ၊ သောက်ပြီးရင် သွားကြတာပေါ့၊ ငါလည်းလိုက်ခဲ့မယ်” အသက်ဆယ့်ငါးနှစ်သာ ရှိသေးသည့် ဖိုးတေက အရက်ကိုအလွန်ကြိုက်သည့် ဇိုးသမားတစ်ယောက်ဖြစ်နေခဲ့လေပြီ၊ ထိုမျှမကသေး ဆရာဖြစ်သူ သံလုံးနှင့်ပေါင်းပြီး အတူတူမိုက်ကြသည်။
ရွာထဲ ရိုက်ပြီ နှက်ပြီဆိုလျှင် ဖိုးတေတို့ထိပ်ဆုံးကဖြစ်သည်။ လူမိုက်သံလုံးနှင့် ပေပေတေတေဖိုးတေတို့ပေါင်းမိပြီး ရွာထဲတွင် မိုက်ချင်တိုင်း မိုက်နေကြလေသည်။ သံလုံးကလည်း ဆိုးမိုက်သည့်အပြင် ဝက်ထိုး၊ နွားပေါ်ဆိုလျှင်လည်း သံလုံးသာ စီစဉ်ပေးနေကြပင်၊ တောရိုင်းကောင်လေးများကိုလည်း ဖမ်းဆီးပြီး အမြဲသတ်ဖြတ်ကာ စားသောက်တတ်သူတစ်ယောက်ဖြစ်သည်။ အမြုတေရှိရာ အမြုတေစုဆိုသလို လူမိုက်သံလုံးနှင့် ဖိုးတေတို့ပေါင်းမိကြလေသည်။ မုဆိုးနားနီး မုဆိုး၊ တံငါနားနီး တံငါဆိုသည့်အတိုင်း ဖိုးတေသည်လည်း သံလုံးလက်သစ်တစ်ယောက် ဖြစ်လာခဲ့လေသည်။ အရက်သောက်ပြီးတော့ သံလုံးတို့အိမ်သို့ လျှောက်ခဲ့ကြသည်။ သံလုံးက အိမ်သို့ရောက်သောအခါ သူယူနေကြ ပစ္စည်းကိရိယာများကိုယူသည်။
ထိုစဉ် သံလုံး၏ သားမှာ အော်ဟစ်ပြီးငိုကြွေးလေသည်။ “ဟဲ့ကောင်မ၊ မိပွင့်၊ ဒီမှာကလေးငိုနေပြီ၊ နင်ဘာလုပ်နေတာလဲ” သံလုံးမိန်းမ မိပွင့်က အိမ်နောက်ဖေးခန်းမှ ပြေးထွက်လာကာ သားငယ်ကိုကောက်ချီလိုက်သည်။ “သူဗိုက်ဆာလို့ ငိုတာရှင့်” “ဗိုက်ဆာရင် ကျွေးလိုက်ပေါ့ကွာ” “ရှင်ပါးစပ်က အပြောသိပ်လွယ်တယ်ကိုသံလုံး၊ ဆန်အိုးထဲ ဆန်မှမရှိဘဲ၊ မနေ့က ကျန်တဲ့ထမင်းကြမ်းကိုလည်း ရှင်က အပင်းချသွားတယ်မဟုတ်လား၊ ဘာမှမရှာပေးတဲ့အပြင် ကျုပ်ရဲ့ ရှိစုမဲ့စု ဆီကိုလည်း ရှင်သုံးသွားသေးတယ်မဟုတ်လား” သံလုံးက စိတ်ရှုပ်လာပြီး မိပွင့်ကို ခြေထောက်ဖြင့်ဆောင့်ကန်ထည့်လိုက်သည်။ လဲကျသွားသည့် မိပွင့်ကျောကုန်းကို ခြေဖနောင့်ဖြင့် နှစ်ချက်လောက်ပေါက်လိုက်သေးသည်။ “ပါးစပ်ပိတ်ထားစမ်းကောင်မ၊ ငါ့ကို နားပူအောင်မလုပ်နဲ့” ထိုသို့ပြောပြီး အိမ်ပေါ်မှဆင်းလာခဲ့လေသည်။ သံလုံးတို့ အိမ်ကလေးတွင်တော့ မိပွင့်နှင့် သားဖြစ်သူက ပြိုင်တူငိုယိုလျှက် ကျန်နေခဲ့ကြလေသည်။
“ကိုသံလုံးရာ၊ အမမိပွင့်ကို ခင်ဗျားတအားနှိပ်စက်တာပဲ၊ ချစ်လို့ယူထားတာမှ ဟုတ်ရဲ့လား” ဖိုးတေပြောလိုက်သည့်အခါ သံလုံးက ရယ်မောလိုက်ပြီး “မိန်းမတွေဆိုတာ၊ ဒီလောက်ပညာပေးထားမှ တော်ကာကျတာကွာ၊ ဒါနဲ့ ငါမိပွင့်ကို ဘယ်လိုယူခဲ့သလဲဆိုတာ မင်းသိသလား” ဖိုးတေက ခေါင်းခါလိုက်သည်။ “အေးကွာ၊ ဒါဆို မင်းကိုမိန်းမယူနည်း သင်ပေးရသေးတာပေါ့ကွာ၊ ဟား၊ ဟား” (၃) မိပွင့်က တစ်ရွာလုံးတွင် အလှပဂေး၊ ကွမ်းထောင်ပန်းထောင်ကိုင် အပျိုကလေးဖြစ်သည်။ မိပွင့်ကို တစ်ရွာလုံးတွင် လိုချင်သူအမြောက်အများရှိသည်။ ထိုအထဲတွင် သံလုံးလည်းပါသည်။ သံလုံးက အသောက်အစားသမား၊ လူဖျင်းလူမိုက်၊ အသက်သုံးဆယ်နားကပ်နေပြီဖြစ်သော်လည်း ဘာအလုပ်မှ မယ်မယ်ရရမရှိဘဲ မိဘလုပ်စာထိုင်စားနေကာ တစ်နေကုန် အရက်သောက်ရင်း မူးနေသူဖြစ်သည်။ ရွာထုံးစံ ညနေရေခပ်ဆင်းသည့်အချိန်တွင် သံလုံးက မူးမူးရူးရူးနှင့် မိပွင့်တို့အနားသို့ လာခဲ့သည်။
မိပွင့်တို့ အပျိုတစ်သိုက်လည်း အရက်မူးပြီး ပုဆိုးပင်အနိုင်နိုင်ဝတ်နေရသော သံလုံးကိုကြည့်ကာ လှောင်ပြောင်ရယ်မောနေကြလေသည်။ သံလုံးကတော့ ဘာကိုမှ ဂရုမစိုက်ဘဲ မိပွင့်ဆီကိုသာသွားလိုက်သည်။ “မိပွင့်၊ နင့်ကိုငါချစ်တယ်ဟာ၊ နင်ငါ့နဲ့လက်ထပ်နိုင်မလား” မိပွင့်အလွန်ထိတ်လန့်သွားသည်။ သူ့အဖော်များကလည်း သံလုံးထိုစကားပြောသည့်အတွက် လှောင်ပြောင်ရယ်မောကာ မိပွင့်ကိုကြည့်နေသဖြင့် မိပွင့်ရှက်လည်းအလွန်ရှက်သွားသည်။ ထို့ကြောင့် သူစီးထားသည့် ဖိနပ်ကိုချွတ်လိုက်ပြီး လက်ဖြင့်စွဲကိုင်လိုက်ကာ သံလုံးပါးကို အားကုန်ရိုက်ထည့်လိုက်သည်။ “ဟဲ့ နင်လိုအကောင်ကများ ငါ့ကိုမှန်းသတဲ့လား၊ နောက်တစ်ခါ ဒါမျိုးထပ်လာပြောကြည့်စမ်း၊ ငါနင့်ကို သူကြီးနဲ့တိုင်မယ်” မိပွင့်တို့အဖွဲ့ထွက်သွားသည့်အခါ သံလုံးက သူ့ပါးကိုသူလက်ဖြင့်ပွတ်ကာ မိပွင့်ကိုအနောက်မှငေးမောကြည့်နေလိုက်သည်။ ထို့နောက် သွားကြီးဖြဲပြီးရယ်မောလိုက်လေသည်။
“ဟား၊ ဟား မိပွင့်၊ မိပွင့်၊ နင်ငါ့ကိုလုပ်ထားအုံးပေါ့၊ ငါဆိုတဲ့ကောင်ကလည်း ငါလိုချင်တာကို ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ရအောင်ယူရမှ ကျေနပ်တဲ့ကောင်ကွ . . . တောက်” နောက်တစ်နေ့မနက် သံလုံးက အရက်တစ်ပုလင်းဝယ်ပြီး ရွာပြင်သစ်ပင်ကြီးအောက်တွင် အရက်သောက်နေလိုက်သည်။ ထိုအချိန် မိပွင့်အဖေ ဘကြီးဖြိုးမှာ ဓါးမကိုင်ပြီး တောထဲတိုးသွားသည်ကိုတွေ့ရသည်။ သံလုံးလည်း တစ်ချက်ပြုံးလိုက်ပြီးနောက် အရက်ကိုဆက်သောက်နေလိုက်သည်။ အရက်တစ်ပုလင်းစလုံး ကုန်သွားတော့မှ ထိုနေရာမှ ထထွက်ကာ ရွာဆီသို့ ဦးတည်ကာ ပြေးလွှားခဲ့လေသည်။ “မိပွင့်၊ ဟဲ့ မိပွင့် နင့်အဖေ ဘကြီးဖြိုးတောစပ်မှာ ပိုးထိလို့ဟ” သံလုံးအော်သံကိုကြားသဖြင် မိပွင့်အိမ်ထဲမှ ပြေးထွက်လာလေသည်။
“အမေရေ၊ အမေ . . .” အိမ်ပေါ်အော်ခေါ်လိုက်သော်လည်း အမေကမရှိ၊ ဒီအချိန် ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့်သွားပို့နေလောက်ပြီ၊ အိမ်တွင်လည်း မည်သူမှ မရှိပေ၊ အဖေဖြစ်သူ မြွေကိုက်ခံရသည်ဆိုသဖြင့် မိပွင့်တစ်ယောက် ထူပူပြီးဘာလုပ်ရမှန်းမသိဖြစ်နေသည်။ ထို့ကြောင့် သဘက်ကလေးခေါင်းပေါ်သို့တင်ပြီး သံလုံးအနောက်သို့ အပြေးလိုက်ခဲ့သည်။ “အဖေ၊ ဘာမှမဖြစ်ပါစေနဲ့ . . .” စိတ်ထဲထူပူနေမိသည်။ သံလုံးအနောက်ပြေးလိုက်လာရင်း တောစပ်သို့ရောက်မှန်းမသိရောက်သွားသည်။ တောအုပ်ထဲရောက်ချိန်တွင် သံလုံးက သစ်ပင်ကြီးတစ်ပင်အနားတွင် ရပ်တန့်လိုက်လေသည်။ “ဟဲ့ သံလုံး၊ ငါ့အဖေဘယ်မှာလဲ” ထိုအခါ သံလုံးက ရယ်မောလိုက်ပြီး မိပွင့်အား အတင်းဝင်ဖက်ကာ လုံးထွေးတော့သည်။
မိပွင့်လည်း အော်ဟစ်ပြီး ရုန်းကန်သော်လည်း မိန်းမသားနှင့် ယောက်ျားသားမို့ ခွန်အားက မမျှပေ။ “သံလုံး နင်ဘာလုပ်တာလဲ” “နင့်ကိုလိုချင်လို့ ကြံမိတာပါ အချစ်ကလေးရာ၊ ငါ့ကိုခွင့်လွှတ်နော်” သံလုံး၏ ခွန်အားကို မိပွင့်မရုန်းကန်နိုင်တော့ပေ၊ မိပွင့်မျက်ရည်များစီးကျလာခဲ့သည်။ သို့ဖြင့် မိပွင့်ရေတိမ်နစ်ခဲ့ရသည်။ မိပွင့်ပျောက်သွားသဖြင့် တစ်ရွာလုံးက လူစုပြီးလိုက်ရှာတော့မှ ညနေစောင်းအချိန် တောထဲတွင် သံချောင်းနှင့်မိပွင့်ကို သွားတွေ့ကြသည်။ “တောက်၊ အမိုက်မ . . .” ဘကြီးဖြိုးက တောက်ခေါက်သည့်အခါ မိပွင့်ကတော့ ငိုနေမိသည်။ သံလုံးက ပုဆိုးကိုအသာပြန်ဝတ်ရင်း “ကဲ ဘကြီး၊ ခင်ဗျားသမီးကို ခင်ဗျားဆီပြန်အပ်ပါတယ်၊ ခင်ဗျားတို့ ကျုပ်နဲ့ပေးစားချင်လည်း ပေးစားလို့ရတယ်၊ မပေးစားချင်လည်း ခင်ဗျားတို့ကြိုက်တာလုပ်” ဘကြီးဖြိုးက သံလုံးအား ဓါးဖြင့်ဝင်ပိုင်းသော်လည်း သံလုံးက ရှောင်တိမ်းလိုက်နိုင်သည်။ လူသတ်မှုဖြစ်မည်စိုးသဖြင့် ရွာသားများက ဘကြီးဖြိုးကို ဆွဲထားကြရသည်။ သံလုံးကတော့ အေးအေးလူလူပင် ရယ်မောလျှက် ရွာထဲသို့ပြန်ဝင်သွားလေသည်။
တစ်ရွာလုံးလည်း သတင်းတွေပြန့်ကုန်ပြီမို့ မတတ်သာတော့ပေ၊ နောက်တော့ သံလုံးမိဘများနှင့် မိဘခြင်းတိုင်ပင်ပြီး မိပွင့်ကို သံလုံးနှင့်ပေးစားလိုက်ရသည်။ သံလုံးမိဘများကလည်း သံလုံးမိန်းမယူပြီးသည့်အခါ ပြောင်းလဲသွားလိမ့်မည်ဟု တွေးမိသောကြောင့်ဖြစ်သည်။ သို့သော် သံလုံးက ခွေးမြီးကောက် ကျည်တောက်စွပ်လို လူစားမျိုးပင်၊ မပြောင်းလဲသည့်အပြင် ပိုပြီးဆိုးရွားလာလေသည်။ ထိုသည်ကတော့ မိပွင့်ကို နေ့ရှိသရွေ့ ရိုက်နှက်နေခြင်းဖြစ်သည်။ ဖိုးတေနှင့် သံလုံးတို့ စကားတပြောပြောနှင့် တောစပ်သို့ပင် ရောက်လာခဲ့ကြသည်။ “ဒါဆို ကိုသံလုံး ခင်ဗျားက အမမိပွင့်ကို တကယ်မချစ်ဘူးပေါ့” သံလုံးက ခေါင်းခါလိုက်ပြီး “ငါက မချစ်ပါဘူး၊ သူ့ကိုလိုပဲလိုချင်တာ၊ မှတ်ထား ဖိုးတေရ၊ မိန်းမဆိုတာ သုံးလလောက်ပဲ ပေါင်းလို့ကောင်းသတဲ့ကွာ၊ အခုတော့ ဒီဟာမ မျက်နှာမြင်တာနဲ့ ငါသေအောင်ရိုက်သတ်ချင်တော့တာ” သံလုံးက ပြောပြီးရယ်မောလေရာ ဖိုးတေကလည်း လိုက်ပြီးရယ်မောလိုက်သည်။
ထို့နောက် တောထဲသို့ဝင်လာသည်။ ဖိုးတေက ဝါးတစ်လုံးခုတ်လိုက်ပြီး သူ့အိတ်ထဲတွင် ပါလာသည့် ကိရိယာများဖြင့် ထောင်ချောက်များလုပ်လေသည်။ “ရေမြှောင်ကလေးဘက်မှာ ခုံးတွေ တော်တော်ပေါတယ်ဆိုပဲကွ” “ဒါပေါ့ ကိုသံလုံးရာ ခုံးရလို့ကတော့ ခုံးသားကလေးကို ဆီပြန်ကလေးခပ်စပ်စပ်ချက်ပြီး စားလိုက်ရရင် ထမင်းမြိန်မှာဗျို့” ထောင်ချောက်များလုပ်ပြီးသည့်အခါ ရေမြှောင်ဘက်သို့ ခရီးဆက်လာခဲ့ကြသည်။ တောင်စွယ်မြှောင်ကလေးဖြစ်ပြီး ရေကန်ကလေးတစ်ကန်လည်းရှိသဖြင့် ထိုနေရာတွင် သစ်ပင်သစ်တောက ထူထပ်လှသည်။ ဝါးရုံပင်ကြီးများလည်းရှိလေရာ ထိုဝါးရုံပင်များအောက်ဘက်တွင်တော့ လွတ်လပ်စွာကျက်စားနေကြသည့် ခုံးများကိုတွေ့ရသည်။ ခုံးဆိုသည်မှာ ငုံးကောင်နှင့် အလားသဏ္ဍာန်တူညီသည့် ကြက်မျိုးနွယ်ဝင် တစ်မျိုးဖြစ်သည်။
ငုံးနှင့်အတော်ဆင်တူသည်။ အမွှေးအတောင်မှာတော့ ငုံးလိုမွဲခြောက်ခြောက်မဟုတ်ဘဲ နက်မှောင်မှောင်ဖြစ်ပြီး အဖြူပျောက်ကလေးများ ပါဝင်သည်။ အကောင်အရွယ်အစားမှာ လက်သီးဆုပ်ခန့်သာရှိသည်။ သံလုံးက ခဲလုံးများကို ကောက်ယူလိုက်ပြီး ခုံးကောင်များထံသို့ ပစ်သွင်းလိုက်ရာ ခုံးကောင်များမှာ ကြောက်လန့်တကြား ထပြေးကုန်ကြလေသည်။ ထိုသို့ပြေးသွားသည့်အခါမှ သူတို့ကျက်စားတတ်သည့် နေရာတွင် ထောင်ချောက်များကို ထောင်ရလေသည်။ ခုံးကောင်မှာ စူးစမ်းတတ်သည့်အကောင်ဖြစ်သဖြင့် တစ်ကောင်ထောင်ချောက်မိလျှင် ကျန်သည့်အကောင်များမှာ ပြေးလာတတ်သည်မို့ ထောင်ချောက်များကို စုပေါင်းထောင်ထားရသည်။ သံလုံးက ဝါးရုံကြီး၏ အစွန်တွင်ထောင်ပြီး ဖိုးတေကတော့ မြက်တောတစ်နေရာတွင်ထောင်ထားလေသည်။ ထို့နောက် သူတို့နှစ်ယောက် ခပ်လှမ်းလှမ်းရှိ ဝါးရုံပင်ဆီသို့ ပြန်တက်လာကြပြီး အသာချောင်းကြည့်နေကြသည်။
ခုံးကောင်များမှာ မကြာခင်ပြန်လာကြလေသည်။ မြက်တောအနီးသို့ တစ်ကောင်က ရောက်လာပြီး ဖိုးတေထောင်ထားသည့် ထောင်ချောက်အတွင်းသို့ ဝင်လေသည်။ “ကူး . . ကူး” ထောင်ချောက်မိသွားသည့် ခုံးကောင်က အော်ဟစ်လိုက်သဖြင့် အခြားခုံးကောင်များပါ ပြေးလာကြရာ ခုံးကောင်ဆယ်ကောင်ခန့်နီးပါး တစ်ချီတည်းဖမ်းမိလေသည်။ သံလုံးလည်း ချုံထဲမှထွက်ကာ ခုံးကောင်များကို ဝါးရုံပင်အစွန်ဘက်သို့ မောင်းထုတ်ရာ ထိုနေရာတွင်လည်း ခုံးကောင်များမိကြလေသည်။ ခေါင်းကလေးများထောင်နေသည့် ခုံးကောင်များကို ဓါးနှောင့်နှင့်အသာထုရာ ခုံးကောင်များမှာ မေ့မြောသွားကြလေသည်။ “အသေမသတ်နဲ့အုံးနော် ဖိုးတေ၊ ခုံးဆိုတာ အရှင်ချက်စားမှ အရသာရှိတာကွ” ဖိုးတေလည်း ခေါင်းညိတ်လိုက်ပြီးနောက် မသေမရှင်ဖြစ်နေသည့် ခုံးကောင်များအား ခြေထောက်မှ ကြိုးဖြင့်စည်းလိုက်ကာ အတွဲလိုက်ဆွဲလာခဲ့သည်။ သံလုံးနှင့် ဖိုးတေက ခုံးကောင်များကို ခွဲယူကြပြီး တောအတွင်းမှ ပြန်ထွက်လာခဲ့သည်။
“ချွတ် . . ချွတ်” သူတို့ပြန်လာသည့် လမ်းနံဘေးရှိ ချုံတိုးသံများကို ကြားလိုက်ရသည့်အခါ သံလုံးက ဖိုးတေအားမျက်စပစ်ပြလိုက်ပြီး ခြေလှမ်းများကို ရပ်တန့်လိုက်ကြသည်။ ထို့နောက် ချုံကိုအသာဖြဲကြည့်ရာ ချုံတစ်ဖက်တွင်တော့ အလွန်ကြီးမားသည့် ကြက်ကြီးတစ်ကောင်ကိုတွေ့လိုက်ရသည်။ “ကြက်ဖကြီးဗျ” “အေးကွ၊ တောကြက်ဖကြီးကွာ အရောင်ကလည်းစုံနေတာပဲ၊ တစ်ကောင်တည်းတင် တစ်ပိဿ လောက်ရှိမယ်ထင်တယ်” သူတို့စကားပြောနေသည်ကိုကြားသည့်အခါ တောကြက်ကြီးက ထပြေးလေသည်။ သူတို့လည်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး တိုင်ပင်စရာမလိုဘဲ နှစ်ယောက်သား ကြက်ကြီးအနောက်သို့ပြေးလိုက်ကြလေသည်။ ပြေးရင်းလွှားရင်း သံလုံးက ကြက်ဖကြီးအား လေးခွဖြင့် ပစ်ခတ်နေပြန်သည်။ ကြက်ဖကြီးအနောက် သူတို့ပြေးလိုက်ရင်း ဝါးရုံကြီးတစ်ခုနှင့် တွေ့လေသည်။ ကြက်ဖကြီးမှာ ဝါးရုံကြီးကို မတိုးတော့ဘဲ မိုးပေါ်ပျံလျှက် ဝါးကိုင်းတစ်ကိုင်းပေါ်သို့ ခုန်တက်လိုက်ရာ သံလုံးကလည်း လျှင်မြန်စွာပင် ကြက်ဖကြီးကို လေးခွဖြင့်ချိန်လျှက် ပစ်ချလိုက်လေသည်။
“ဘုတ်” သံလုံး၏ လောက်စာလုံးမှာ ကြက်ဖကြီး၏ ဦးခေါင်းတည့်တည့်ကို ထိမှန်သွားပြီး ကြက်ဖကြီးမှာ ဝါးကိုင်းပေါ်မှ ပြုတ်ကျသွားလေသည်။ “လက်တည့်လိုက်တာဗျာ၊ ကိုသံလုံးရာ” “ဟား၊ ဟား ငါ့လက်စကို မင်းသိတယ်မဟုတ်လား၊ ကဲ သွားကောက်ရအောင်ဟေ့” သံလုံးနှင့် ဖိုးတေတို့ ဝါးရုံကြားထဲသို့ တိုးခဲ့ကြတော့သည်။ (၄) သံလုံးက သူပစ်ချလိုက်သည့် အပြာရောင်၊ အစိမ်းရောင်၊ အနီရောင်အမွှေးများဖြင့် လှပသည့်ကြက်ကြီးကို ပြေးကောက်လေသည်။ ကြက်ကြီးမှာ ခေါင်းထိမှန်ပြီး သေနေပုံရသည်။ သံလုံးလည်း လှည့်ပြန်မည်လုပ်လိုက်စဉ် ဝါးရုံတစ်ဖက်တွင် လူနေအိမ်များတွေ့သဖြင့် ထူးဆန်းသွားကာ ထိုအိမ်များဆီသို့ထွက်ခဲ့လေသည်။ ဖိုးတေလည်း သံလုံးအနောက်မှ ပြေးလိုက်ခဲ့လေသည်။ “ထူးဆန်းတယ်ကွ၊ ရွာတစ်ရွာပဲ” ဝါးဖြင့်ဆောက်လုပ်ထားသည့် ခြေတံခပ်ရှည်ရှည်တဲကလေးများကိုတွေ့ရသည်။ တဲအလုံးနှစ်ဆယ်ခန့်ကို စီတန်းတည်ဆောက်ထားပြီး အလယ်တွင် လမ်းတစ်ခုရှိကာ ထိုလမ်းက ဖြူးနေလေသည်။ လမ်းပေါ်တွင်လည်း ကလေးများက ဆော့ကစားနေကြသလို လူကြီးများကလည်း သွားလာနေကြသည်။
“ရေမြှောင်ဘက်မှာ ရွာရှိတယ်လို့တော့ မကြားဖူးပါဘူး ကိုသံလုံးရာ” “မဟုတ်ဘူးကွ၊ ရွာကြည့်ရတာ ရွာငယ်ကလေးပဲ၊ ရွာရွေ့လာတာလား၊ ဒါမှမဟုတ် သစ်ခုတ်လာကြတာလားပဲ” သူတို့နှစ်ဦး ရွာလယ်လမ်းတွင် လမ်းလျှောက်နေစဉ်မှာပင် အဘိုးကြီးတစ်ယောက်က သူတို့ကိုလှမ်းအော်မေးလေသည်။ “ဟေ့ကောင်လေးတွေ၊ မင်းတို့ဘာလာလုပ်ကြတာလဲ” သူတို့လည်း အဘိုးကြီးအနားသို့ ကပ်လာခဲ့သည်။ “ကျုပ်တို့ တောလည်ထွက်ရင်း ဒီရွာကိုရောက်လာတာပါ၊ ဒီရွာက ဘာရွာလဲဟင်” “သစ်ပုတ်ရွာလို့ခေါ်တယ်ကွ၊ ကဲ လာစမ်းကွာ၊ မင်းတို့ရောက်တုန်းရောက်ခိုက် မင်းတို့ကို ဧည့်ခံရအောင်” အဘိုးကြီးက သူတို့လက်ကိုဆွဲပြီး ခြေတံရှည်အိမ်ပေါ်သို့ ဆွဲခေါ်သွားသဖြင့် သူတို့လည်းလိုက်သွားမိသည်။ အမှန်တော့ ဖိုးတေမှာ တစ်မနက်ခင်းလုံး ထမင်းမစားရသေးသဖြင့် ဆာလောင်နေသလို သံလုံးလည်း တောလည်ထားသဖြင့် ဆာလောင်နေပြီဖြစ်သည်။ နေက မွန်းတည့်တော့မည်ဖြစ်သည်။ အဘိုးကြီးက သူတို့အရှေ့တွင် ဒေါင်းလန်းကဲ့သို့ ဗန်းကြီးတစ်ခုခင်းပေးလေသည်။ “ငါ့တူကြီးတို့ ထမင်းစားသွားကြအုံးကွာ” မကြာခင် မိန်းကလေးနှစ်ယောက်က အိမ်ပေါ်သို့တက်လာကာ လက်ထဲတွင်လည်း ထမင်းအိုးတစ်လုံးသယ်လာလေသည်။ ထိုထမင်းအိုးကို ဗန်းထဲတွင် လာပုံထည့်လိုက်လေသည်။
“အဘကြီး၊ ကျုပ်တို့နှစ်ယောက်က အသားမပါရင် ထမင်းမစားတတ်ဘူးဗျ” အဘိုးကြီးက ခေါင်းညိတ်လျှက် “ရတာပေါ့ကွ၊ တို့ဆီမှာလည်း အသားရှိပါတယ်၊ ကဲ သမီးတို့ရေ၊ အသားတဲ့” ထိုမိန်းကလေးနှစ်ယောက်က အိမ်အောက်ဆင်းသွားပြီးနောက် အသားဟင်းခွက်များကိုယူလာကာ ဒေါင်းလန်းထဲသို့ ပုံထည့်ပေးလိုက်သည်။ အသားဟင်းတစ်ခွက်မှာ အမဲသားနှပ်ဖြစ်ပြီး၊ ကျန်သည့်အသားဟင်းတစ်ခွက်ကတော့ ဝက်သားဟင်းဖြစ်သည်။ ဟင်းများမှာ အငွေ့တထောင်းထောင်းထနေသလို အလွန်မွှေးကြိုင်လှလေသည်။ “စားကြလေကွ၊ မင်းတို့ပဲ အသားစားချင်တယ်ဆို” သံလုံးက လက်ပင်မဆေးတော့ဘဲ အမဲသားတုံးကို ကောက်ယူပြီး ပါးစပ်ထဲပစ်ထည့်လိုက်ကာ ထမင်းစားနေလေသည်။ နောက်တော့ ဝက်သားတုံးများကို ကောက်ဝါးသည်။
သံလုံးစားနေသည့် ထမင်းစားနေသည့်ပုံစံမှာ ပလုပ်ပလောင်းစားသောက်နေသဖြင့် မသိလျှင် အနှစ်နှစ်အလလက ငတ်ပြတ်နေသည့် သရဲကြီးတစ်ကောင် ထမင်းစားနေသည်နှင့်ပင် တူနေလေသည်။ မိန်းကလေးနှစ်ယောက်မှာလည်း နောက်ထပ်အမျိုးမျိုးသော အသားဟင်းများ၊ ငါးဟင်းများယူလာကာ ဗန်းထဲသို့ လာထည့်ပေးကြသည်။ “စားလေ၊ ဖိုးတေရ မင်းမစားဘူးလား” သံလုံးက ပလုပ်ပလောင်းဖြင့်ပြောသည့်အခါ ဖိုးတေလည်း ထမင်းတစ်လုပ်ကောက်ယူလိုက်သည်။ ထမင်းကိုစားရန် ပါးစပ်သို့ကပ်လိုက်သည့်အခါ အလွန်ဆိုးဝါးလှသည့် အနံ့တစ်ခုကို နှာခေါင်းအတွင်းရလိုက်သည်။ ထိုအခါ လက်ထဲရှိ ထမင်းလုံးဖြူဖြူများကိုကြည့်လိုက်ရာ ထမင်းလုံးများမဟုတ်ဘဲ လောက်ကောင်များဖြစ်နေသည်ကိုတွေ့ရပြီး တဖွားဖွားလှုပ်ရှားနေကြလေသည်။ “ထွီ . . . ဝေါ့” ဖိုးတေက မစားတော့ဘဲ လက်ထဲမှထမင်းကိုပြန်ချလိုက်သည်။ သံလုံးက သူ့ကိုကြည့်လိုက်ပြီး “ဟေ့ကောင် စားလေကွာ၊ မင်းဘာလုပ်နေတာလဲ” ဖိုးတေက လောက်ကောင်များအကြောင်းကို ပြောချင်သော်လည်း အဘိုးကြီးက သူ့ကိုစိုက်ကြည့်နေသဖြင့် မပြောထွက်တော့ပေ၊ သို့ဖြင့် ဒေါင်းလန်းဗန်းကြီးကိုကြည့်သည့်အခါ ထမင်းများအားလုံးမှာ လောက်ကောင်များဖြစ်နေပြီး ဟင်းများမှာလည်း မီးသွေးတုံးများ၊ မြေကြီးခဲများသာဖြစ်နေလေသည်။ သံလုံးကတော့ ထိုအဖြစ်ကို သိပုံမရဘဲ အားရပါးရစားသောက်နေလေသည်။
“သမီးတို့ရေ၊ ဟင်းထည့်ပေးလိုက်ပါအုံး” သူတို့အနားတွင် ထိုင်နေသည့် မိန်းကလေးနှစ်ဦးက မတ်တပ်ထရပ်လိုက်သည်။ သို့သော် ထိုမိန်းကလေးများ၏ ခြေထောက်မှာ လူခြေထောက်မဟုတ်ဘဲ ကြက်ခြေထောက်များဖြစ်နေလေသည်။ ဖိုးတေ ခေါင်းနားပန်းတွေကြီးသွားသည်။ အဘိုးကြီးကို သေချာကြည့်သည့်အခါ အဘိုးကြီး၏ ခြေထောက်များမှာလည်း ကြက်ခြေထောက်များဖြစ်နေသည်။ “ကိုသံလုံး၊ ခင်ဗျားစားနေတာ တော်တော့ဗျာ၊ ကျုပ်တို့ပြန်ရအောင်” “မင်းကလည်းကွာ၊ ဒီမှာစားလို့ကောင်းနေတုန်းရှိသေးတယ်” သံလုံးက ပါးစပ်ထဲတွင် ထမင်းလုပ်ကြီးနှင့် ဗလုံးဗထွေးပြောနေပြန်သည်။ သို့နှင့် သံလုံးကို လက်ဆွဲလိုက်ပြီး အဘိုးကြီး၏ ခြေထောက်များကို လက်ညှိုးထိုးပြလိုက်တော့မှ သံလုံးလည်းထူးဆန်းသွားလေသည်။ ထိုအခါ အိမ်ပေါ်သို့ မိန်းကလေးနှစ်ယောက်တက်လာလေသည်။ မိန်းကလေးနှစ်ယောက်မှာ လူများမဟုတ်တော့ဘဲ ခေါင်းများမှာ ကြက်ခေါင်းကြီးများဖြစ်နေကြသည်။ ထိုအခိုက် ဖိုးတေနံဘေးနားတွင်ချထားသည့် ခုံးကောင်များမှာ ခေါင်းများထောင်လာပြီး ဟစ်အော်ကြသည်။
လောက်လေးထိပြီး သေဆုံးသွားသည့် ကြက်ဖကြီးမှာလည်း မျက်လုံးကြီးပြူးပြီး ကုန်းထလာကာ ထပြီး တွန်တော့သည်။ “သူတို့က လူမဟုတ်ဘူး၊ သရဲ၊ သရဲတွေဗျ” ဖိုးတေနှင့် သံလုံးတို့လည်း အိမ်ပေါ်မှခုန်ဆင်းလိုက်ကြသည်။ ထိုတော့မှ တစ်ရွာလုံးရှိ အိမ်ကြီးများမှာ အိမ်ပျက်ကြီးများဖြစ်နေသလို၊ ရွာရှိလူများမှာလည်း ကြက်ခေါင်းကြီးများနှင့် လူကိုယ်လုံးများဖြစ်နေကြလေသည်။ သူတို့ပြေးဆင်းသည့်အခါ အိမ်ပေါ်မှ အဘိုးကြီးလည်း လိုက်ဆင်းလာသည်။ ထိုအခါ ရွာရှိကြက်များက သူတို့အနောက်သို့ပြေးလိုက်ကြတော့လေသည်။ “ပြေးထားကွ ဖိုးတေရ” သူတို့နှစ်ယောက် ရွာလယ်လမ်းအတိုင်းပြေးလာခဲ့ကြရာ သူတို့အနောက်တွင် ရာနှင့်ချီသည့် ကြက်အုပ်ကြီးက လိုက်လာခဲ့လေသည်။ ရွာလယ်လမ်းဆုံးသည့်အခါ ကြီးမားသည့် သစ်ပုပ်ပင်ကြီးတစ်ပင်ကိုတွေ့လိုက်ရသည်။ ဖိုးတေက သစ်ပုပ်ပင်ကြီးအောက်မှ ဖြတ်ခဲ့လိုက်သော်လည်း သံလုံးကတော့ သစ်ပုပ်ပင်ကြီးအောက်တွင်သာ ကျန်နေခဲ့သည်။
“ကိုသံလုံး၊ လာလေဗျာ” သံလုံးက ဖိုးတေဆီသို့ ပြေးပြန်သည်။ သို့သော် သံလုံးမှာသစ်ပုပ်ပင်ကြိးကို မဖြတ်သန်းနိုင်ဘဲ မမြင်ရသည့် နံရံတစ်ခုက သံလုံးအားတားဆီးထားသလိုဖြစ်နေသည်။ မကြာခင်မှာပင် သံလုံးကို ကြက်များက ဝန်းရံလိုက်လေသည်။ အဘိုးကြီးက ဖိုးတေကို လက်ညှိုးထိုးပြီး “ကဲ ဟိုကောင်လေး၊ မင်းကတော့ မင်းအမေဆီကို ပြန်ပေတော့” ထို့နောက် သံလုံးကိုလက်ညှိုးထိုးကာ “မင်းကတော့ ငါတို့ကျွေးတဲ့ထမင်းတွေစားလိုက်လို့ မင်းပြန်သွားလို့မရတော့ဘူး၊ တို့နဲ့ နေခဲ့ရမယ်” အဘိုးကြီးစကားဆုံးသည်နှင့် ကြက်များက သံလုံးဆီကိုခုန်အုပ်လိုက်ကြကာ သံလုံးအား ဝိုင်းဝန်းထိုးဆိတ်ကြလေသည်။ သံလုံးမှာလည်း အသံနက်ကြီးဖြင့် အော်ဟစ်နေလေသည်။ ဖိုးတေက ကြောက်လန့်တကြားနှင့် ကြည့်နေစဉ်မှာပင် သူ့ရင်ဘတ်ကို လက်နှင့်တွန်းလိုက်သလိုခံစားရပြီး သူလဲကျသွားသည်။ အလွန်မှောင်မည်းပြီး နက်ရှိုင်းလှသည့် ချောက်နက်ကြီးတစ်ခုအတွင်းသို့ ဖိုးတေပြုတ်ကျသွားလေသည်။
“အမေရောကယ်ပါ၊ အမေရေ ကယ်ပါအုံးဗျ” (၆) “ဟော သတိရလာပြီး မပြုံးရေ၊ နင့်သားဖိုးတေ သတိရလာပြီ” ဖိုးတေက လန့်ပြီးထထိုင်လိုက်သည့်အခါ သူအနားတွင်ရွာထဲမှ လူများက စီတန်းလျက်ထိုင်နေကြသည်။ “ကျုပ်ဘာဖြစ်သွားတာလဲ၊ ကျုပ်အခု ဘာဖြစ်သွားတာလဲ” ထိုစဉ် ဒေါ်ပြုံးက အိမ်ထဲမှပြေးထွက်လာပြီး ဖိုးတေအားပွေ့ဖက်လိုက်လေသည်။ “မသေကောင်း မပျောက်ကောင်းသားလေးရယ်” အမေက သူ့ကိုဖက်ပြီး ငိုနေလေသည်။ ဖိုးတေလည်း ဘာဖြစ်သွားမှန်းမသိသဖြင့် နားမလည်နိုင်တော့ပေ၊ ထိုတော့မှ သူ့အနီးတွင်ထိုင်နေသည့် လူကြီးတစ်ဦးက “မောင်ဖိုးတေ၊ မင်း တောထဲကနေပြန်မလာတာနဲ့ မင်းကိုငါတို့လိုက်ရှာတော့ သစ်ပုပ်ပင်ကြီးတစ်ပင်ခြေရင်းမှာ မေ့မြောနေတဲ့မင်းကိုတွေ့လိုက်ရတယ်ကွ၊ မင်းအခုဆို သတိမေ့နေတာ သုံးရက်ကျော်ပြီ” “ဒါ . . ဒါဆို ကိုသံလုံးရော” “အေး၊ သံလုံးကိုတော့ အခုထိရှာမတွေ့ဘူးကွ၊ ဒါနဲ့ ငါလည်း မင်းကိုမေးရအုံးမယ်၊ သံလုံးတစ်ယောက် ဘယ်ရောက်သွားတာလဲ” ထိုတော့မှ ဖိုးတေမျက်လုံးမှ မျက်ရည်များစီးကျလာလေသည်။
“ကိုသံလုံးမရှိတော့ဘူးဗျ၊ သူကျန်နေခဲ့တယ်၊ သူ အဲဒီ ကြက်လူသားတွေနေတဲ့ ကြက်ရွာကြီးမှာ ကျန်နေခဲ့တယ်ဗျ” ဖိုးတေက ငိုယိုရင်း သူတွေ့ကြုံခဲ့သည့် အတွေ့အကြုံများကို ရွာသားများအားပြောပြလိုက်ရာ ရွာသားများအကုန်လုံး အံ့ဩဘနန်းဖြစ်ကြရလေသည်။ “ငါသားတောလည်သွားတယ်ဆိုရင် မင်းအဖေလိုအဖြစ်မျိုး ဖြစ်မှာစိုးလို့ အမေက ဆုတောင်းလိုက်ရတာကွဲ့” ဖိုးတေလည်း အမေ့စကားကိုကြားလိုက်ရပြီးနောက် ကြက်ရွာမှ အဘိုးကြီးပြောခဲ့သည့် စကားတစ်ချို့ကိုပြန်လည်ကြားယောင်နေမိသည်။ “ဟေ့ကောင်လေး၊ မင်းကတော့ မင်းအမေဆီကိုပြန်ရမယ်ကွ” ထိုနောက်ပိုင်းမှစပြီး ဖိုးတေလိမ်မာသွားသည်။ တောအုပ်အတွင်းသို့လည်း ခြေဦးမလှည့်တော့ပေ၊ အသားစားဖို့နေနေသာသာ ကြက်မြင်လျှင်ကို ဖိုးတေလန့်နေသည်။ ကြက်သားကို ထိုကတည်းက လုံး၀မစားတော့ပေ။ မိခင်ကြီးဒေါ်ပြုံးနှင့်အတူ ယာအလုပ်များဝိုင်းကူလုပ်သလို၊ ခြံဝိုင်းထဲတွင်လည်း စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရင်း ရိုးရိုးသားသား အသက်မွေးခဲ့တော့သည်။ အရက်သေစာကိုလည်း လုံး၀မသောက်တော့ပေ။
သို့နှင့် နှစ်ပေါင်းများစွာကြာခဲ့လေသည်။ မိခင်ကြီး ဒေါ်ပြုံးလည်း မရှိတော့ပေ၊ ဖိုးတေတစ်ယောက်လည်း ဖိုးတေဆိုသည့် နာမည်ပင်ပျောက်ပြီး ဦးတိုးအောင်ဆိုသည့် လူကြီးတစ်ဦးဖြစ်လာခဲ့ပြီ၊ အိမ်ထောင်ရက်သားကျပြီး သားသမီးပင် သုံးယောက်ခန့်ရနေခဲ့ပြီ။ တစ်ရက်တော့ ဦးတိုးအောင်တစ်ယောက် ဝါးလိုသဖြင့် တောထဲသို့တက်လာခဲ့သည်။ လမ်းတွင် သံလုံး၏ သား သံချောင်းကိုတွေ့ရသဖြင့် မုန့်ဖိုးပေးမည်ဟုဆိုကာ ခေါ်လာခဲ့သည်။ သံချောင်းကလေးပင် လူပျိုပေါက်ဖြစ်နေပြီဖြစ်သည်။ သံလုံးသေသွားပြီးကတည်းက အမမိပွင့်မှာ မိဘအိမ်ပြန်နေပြီး သံချောင်းကလေးကို ပြုစုပျိုးထောင်ပေးလေသည်။ သံချောင်းမှာ သံလုံးနှင့် လုံး၀စရိုက်မတူပဲ လိမ်မာယဉ်ကျေးသည့် ကောင်လေးတစ်ယောက်ဖြစ်သည်။ ဦးတိုးအောင်နှင့် သံချောင်းတို့ တောတိုးလာခဲ့ရင်း ဝါးရုံကြီးတစ်ခုအနီးသို့ ရောက်လာခဲ့သည်။ ဦးတိုးအောင်က ဝါးကောင်းများကိုရွေးကာ ခုတ်လိုက်ပြီးနောက် ဝါးများကိုစည်းနှောင်ပေးလိုက်သည်။
ထို့နောက် သံချောင်းကို ထိုဝါးစည်းကို ပုခုံးပေါ်တင်ပေးလိုက်သည်။ “သံချောင်း၊ မင်းပြန်နှင့်ကွာ” “ဦးတိုးအောင်လည်း တစ်ခါတည်းမလိုက်ခဲ့ဘူးလား” “ငါလား . . . မင်းက လူငယ်ဆိုတော့ ခြေသွက်တယ်ကွ၊ ငါကတော့ အနောက်ကနေ ဖြည်းဖြည်းပဲ ဆင်းလိုက်လာခဲ့မယ်ဟေ့” သံချောင်းက ခေါင်းညိတ်ပြီး ဝါးစည်းကြီးထမ်းကာ ဆင်းသွားလေသည်။ ထိုတော့မှ ဦးတိုးအောင်လည်း ဝါးရုံတစ်ဖက်တွင်ရပ်ကြည့်နေသည့် လူတစ်ဦးထံသို့ လှမ်းကြည့်လိုက်လေသည်။ တစ်ကိုယ်လုံးစုတ်ပြတ် နွမ်းလျနေသည့် အဝတ်အစားများကို ဝတ်ဆင်ထားသည့် လူတစ်ဦးက မျက်လုံးကြီးပြူးပြီး သူ့ကိုကြည့်နေလေသည်။ ထိုလူမှာ အခြားမဟုတ်၊ သူငယ်ငယ်က ပေါင်းသင်းခဲ့သည့် လူမိုက်ကြီး သံလုံးပင်ဖြစ်သည်။ “ဖိုး . . ဖိုးတေရာ၊ ငါ့ကို . . . ငါ့ကိုကယ်ပါအုံးကွာ” ဦးတိုးအောင်လည်း ခေါင်းညိတ်လိုက်ပြီးနောက် “ကျုပ်ဘ၀တစ်လျှောက်လုံးပြုထားတဲ့ ကောင်းမှုကုသိုလ်တွေကို ခင်ဗျားကို အမျှပေးမယ် ကိုသံလုံး၊ ခင်ဗျားသာဓုခေါ်ပြီးတော့ ကောင်းရာမွန်ရာကိုသွားပါ” “ကျုပ်ပြုလုပ်ထားတဲ့ ကောင်းမှုကုသိုလ်တွေကို ကိုသံလုံးလည်း ထပ်တူထပ်မျှရအောင် အမျှပေးဝေပါသည်၊ ကိုသံလုံးရေ အမျှ . . အမျှ . . အမျှ၊ ယူတော်မူကြပါကုန်တော့ . . . သာဓု. . သာဓု . . သာဓု” ဦးတိုးအောင်ပြောဆိုနေသည်ကို သံလုံးက မျက်လုံးပြူးကြီးများဖြင့်ကြည့်ပြီးနောက် မျက်ရည်များစီးကျနေလေသည်။ ပါးစပ်က တုတ်တုတ်မျှ မလှုပ်လဲ စေ့နေလေရာ ဦးတိုးအောင်ပင် အံ့ဩသွားရသည်။
“ကိုသံလုံး ခင်ဗျား သာဓုခေါ်လေဗျာ” သံလုံးက ခေါင်းခါလျှက် “ငါခေါ်လို့မရဘူး ဖိုးတေ၊ ငါ့ပါးစပ်တွေက လှုပ်မရဘူး၊ အဲဒီစကားကို ထွက်ဆိုလို့မရဘူး ဖိုးတေရာ” ဦးတိုးအောင်လည်း အကုသိုလ်ကြီးမားလှသည့် သံလုံးကိုကြည့်ကာ သက်ပြင်းချမိသည်။ “ဒီကောင်တွေက ငါ့ကိုအမြဲနှိပ်စက်ကြတယ်ကွ၊ ညတိုင်း ညတိုင်း ငါ့ကိုဝိုင်းပြီး ထိုးဆိတ်စားသောက်ကြတယ်၊ အခုလိုမနက်ဆိုရင်လည်း ငါ့အနောက်ကို အပြေးလိုက်ပြီး ထိုးဆိတ်ကြတယ်ကွ” ထိုစဉ် ဝါးရုံကြီးအနောက်မှ ကြက်တွန်သံများကိုကြားလိုက်ရသည့်အခါ သံလုံးတစ်ယောက် မျက်လုံးပြူးမျက်ဆန်ပြူးဖြင့် တောအုပ်အတွင်းသို့ ဝင်ပြေးကာ ပျောက်ကွယ်သွားလေသည်။ ဦးတိုးအောင်လည်း လိုအပ်သည့် ဝါးများကိုခုတ်ယူကာ တောအုပ်အတွင်းမှ ပြန်ဆင်းလာခဲ့သည်။ တောစပ်သို့ရောက်သည့်အခါ ဦးတိုးအောင်က တောအုပ်ကိုလည်ပြန်လှည့်ကြည့်လိုက်သည်။ “ကိုသံလုံးရေ ခင်ဗျားမှာရှိတဲ့ အကုသိုလ်ဝဋ်ကြွေးတွေ အမြန်ကျေပါစေလို့ ကျုပ်ဆုတောင်းပေးရုံမှတစ်ပါး ဘာမှမတတ်နိုင်တော့ပါဘူးဗျာ”
ပြီးပါပြီ။
Leave a Reply