
ဂမ္ဘီရလုလင်နှင့် ပြုစားခံရသောရေကြည်ရွာသူ
ကျုပ်တို့ရောက်လာတဲ့ရွာအမည်က ရေကြည်ရွာတဲ့ဗျ။ ကျုပ်တို့ရောက်လာတဲ့ အချိန်က မနက်အစောပိုင်းလေးပဲရှိသေးတယ်…။ “ဆရာကြီး…” “ပြော…” ဆရာကြီးကို ကျုပ်ဗိုက်ဆာကြောင်း ပြောချင်လို့ခေါ်လိုက်တာဗျ။အဲ့တာနဲ့ကျုပ်လည်း… “ကျုပ်ဗိုက်ဆာနေပြီဗျ…”လို့ပြောလိုက်တော့… “ဒါဖြင့်လည်း ရွာထဲကိုဝင်ကြတာပေါ့ကွာ…” အဲ့သည်လိုနဲ့… ဆရာကြီးနဲ့ကျုပ်လည်း ရွာထဲကိုဝင်လာခဲ့ကြတယ်။ လူတွေကတော့မျက်နှာစိမ်းမို့ထင်ပါရဲ့ဗျာ… ကျုပ်တို့ကိုအကဲခတ်နေကြတာဗျ။
ကျုပ်တို့ဆရာတပည့်လည်း ဆက်လျှောက်လာရင်းနဲ့ ထနောင်းပင်ကြီးအောက်မှာအကြော်တဲတစ်လုံးကို တွေ့လိုက်တယ်ဗျ။ အဲ့တာနဲ့ကျုပ်တို့ဆရာတပည့်လည်း တိုင်ပင်မထားဘဲအကြော်တဲဆီကို ရောက်လာခဲ့ကြတယ်။ အကြော်တဲမှာအကြော်ကြော်နေတာက အသက်ငါးဆယ်အရွယ်အဒေါ်ကြီးဗျ။ အသက်နှစ်ဆယ်အရွယ်ကောင်မလေးကတော့ အကြာ်လာဝယ်သူတွေကိုအကြော်ထည့်ပေးနေတာပေါ့..။ အကြော်တဲဆီရောက်လာတဲ့ကျုပ်တို့ဆရာတပည့်ကို… “ဘာအကြော်ယူမှာလဲ…” ဆိုပြီးကောင်မလေးက လှမ်းမေးတယ်ဗျ…။ “အစုံတစ်ပွဲပေး သမီး…” ဆိုပြီး ဆရာကြီးကပြောရင်းနဲ့ အကြော်လာစားသူတွေအတွက် ပြင်ပေးထားတဲ့ခုံမှာဝင်ထိုင်တယ်ဗျ…။
ကျုပ်လည်းဆရာကြီးနဲ့အတူထိုင်ပြီး ရေနွေးကြမ်းသောက်ရင်း အကြော်လာချပေးတာကိုစောင့်နေလိုက်တယ်ဗျ။ အကြော်လည်းလာချကော… ကျုပ်ဖြင့်ဟန်မဆောင်နိုင်တော့ဘူးဗျို့… ဗိုက်ကလည်းအတော်ဆာနေတာလေဗျာ… ဆရာကြီးကိုအရင်ဦးချပြီးတာနဲ့ ကျုပ်လည်း ဆာဆာနဲ့အားပါးတရစားလိုက်တယ်ဗျ။ စားလို့ကောင်းချက်ဗျာ ဗူးသီးကြော်လေးက ချိုပြီးစားရတာအရသာရှိချက်။ အချဉ်ရည်လေးဆိုရင်လည်းမန်ကျည်းသီးမှည့်နဲ့ ဖျော်ထားတာဆိုတော့ဘယ်ပြောကောင်းလိုက်မလဲဗျာ… စားလို့အတော်ကောင်းတာဗျ။ ရေနွေးကြမ်းလေးသောက်လိုက်၊အကြော်ကို အချဉ်ရည်လေးကိုအကြော်နဲ့တို့စားလိုက်နဲ့ ကျုပ်ဖြင့်ခေါင်းကိုမဖော်နိုင်ဘူးဗျ။
အဲ့သည်အချိန်ကျုပ်တို့ဘေးဝိုင်းဆီကနေ… “ဟဲ့…ကြားပြီးကြပြီလား… မသန်းကြည်သမီး…အေးရီမ အခြေအနေအတော်ဆိုးနေတယ်တဲ့…” “ကျုပ်တို့လည်းသိပါတယ်တော်… မင်္ဂလာဆောင်ခါနီးကျမှဖြစ်ရတယ်လို့အေ…” “ဟုတ်ပတော်… ဆေးဆရာတောင်သုံးလေးဦးရှိနေလှပြီ… အခုထိသက်သာတယ်လို့ကို မရှိသေးဘူးတဲ့လေ… အေးရီလည်းအတော်လေးပိန်သွားရှာတယ်…” “တစ်နေ့ကတောင် ကျုပ်သွားမေးသေးတယ်… အေးရီမဖြင့်အိပ်ရာထဲကနေတောင်မထနိုင်ရှာဘူး သူ့အမေဒေါ်သန်းကြည်ကတော့ နောက်ရက်ဆိုမြို့တက်ပြီးပဲကုတော့မယ်လို့ ပြောတယ်တော့်…” “အေးလေ…အေးရီအခုလိုဖြစ်တော့ ကျုပ်တို့လည်းစိတ်မကောင်းပါဘူး အမြန်ဆုံးသက်သာစေချင်ပါတယ်တော်…” “ဟုတ်ပ…အေးရီကသူဌေးသမီးဆိုပေမယ့်… ကျုပ်တို့ကိုမတူမတန်မလုပ်ဖူးပေါင်တော်… ဟော…ကျုပ်တို့အိမ်စားဖို့ဆန်မရှိတုန်းကဆို… သူ့အမေမသိအောင်ခိုးပေးရှာတာ… စိတ်ထားလေးကကောင်းပါတယ်အရီးရယ်… သိန်းအောင်နဲ့သူနဲ့သာယူခဲ့ရင်နေနဲ့လရွှေနဲ့မြပဲတော့်…” “ဟုတ်ပအေ…” အေးရီဆိုတဲ့အမျိုးသမီးရဲ့အကြောင်းကိုပြောနေကြတာဗျ…။
ကျုပ်တို့လည်းစားလို့ပြီးသွားတော့ဆရာကြီးက အကြာ်ဖိုးရှင်းပေးတယ်ဗျ…။ အကြော်ဖိုးရှင်းရင်းနဲ့… “သမီး…စောစောကအမျိုးသမီးတွေ ပြောသွားတဲ့အေးရီဆိုတဲ့မိန်းကလေးအိမ် အဘတို့ကိုလမ်းညွှန်ပေးလို့ရမလားကွဲ့…” ဆိုပြီးဆရာကြီးကအကြော်သည်ကောင်မလေးကို မေးတယ်ဗျ။ ကောင်မလေးနဲ့အဒေါ်ကြီးကကျုပ်တို့ဆရာတပည့်ကို မဖြေသေးဘဲစူးစမ်းသလိုကြည့်နေကြတာဗျ…” ပြီးလေတော့မှ… “အဘကဆေးဆရာလား’ ဆိုပြီးမေးလာတယ်ဗျ။ ဆရာကြီးကလည်း… “အေးကွယ်…အဘတို့က ခုနှစ်ရက်သားသမီးတွေကို ကယ်တင်ပေးနေသူတွေပါ…” ဆိုပြီးဆရာကြီးကပြောလိုက်တယ်ဗျ။
အဲ့သည်တော့မှ ကောင်မလေးက ကျုပ်တို့ကို… “ဒါဖြင့်လည်း ခဏစောင့်ပေးပါအဘ…” လို့ပြောပြီး မလှမ်းမကမ်းမှာဆော့ကစားနေတဲ့ ကလေးတွေဆီကိုထွက်သွားတယ်ဗျ။ ခဏကြာတော့ ကလေးငယ်တစ်ဦးကိုခေါ်ပြီး ကျုပ်တို့အနားကိုပြန်ရောက်လာခဲ့တယ်။ “အဘတို့သွားချင်တဲ့အိမ်ကို ပေါက်စလိုက်ပို့ပေးပါလိမ့်မယ်… ပေါက်စ…ဧည့်သည်တွေကိုသေချာခေါ်သွားနော်…” ဆိုပြီးပေါက်စဆိုတဲ့ကောင်လေးကို လိုက်ပို့ခိုင်းပေးတယ်ဗျ။ ကျုပ်နဲ့ဆရာကြီးလည်းပေါက်စအနောက်ကနေ လိုက်လာကြတာပေါ့ဗျာ…။ ကောင်လေးက ကျုပ်တ်ို့ကိုခြံဝန်းကျယ်ကြီးရှိတဲ့ သွပ်မိုးပျဥ်ထောင်ကာနှစ်ထပ်အိမ်ကြီးရှေ့ကို ခေါ်လာတယ်ဗျ။ အိမ်ကြီးကဒီရွာအနေအထားနဲ့ ပြောရရင်အတော်လေး ထည်ဝါတယ်ဗျ။ ခင်ဗျားတို့နားလည်အောင်ပြောရရင်တော့… ရွာရဲ့သူဌေးတွေနေတဲ့အိမ်မျိုးပေါ့ဗျာ…။
“ဒီအိမျပဲအဘ…” ကောင်လေးကပြောတော့ဆရာကြီးက ခေါင်းညိတ်ပြီး… “အေး…အေး…ကျေးဇူးပဲငါ့မြေးရာ…” လို့ပြောလိုက်တယ်ဗျ။ “ဟုတ်ကဲ့…ဒါဆိုကျုပ်သွားပြီနော်…” ကောင်လေးက ကျုပ်တို့ကိုနှုတ်ဆက်ပြီးပြန်သွားတယ်ဗျ။ ကျုပ်ကလည်း… “အိမ်ရှင်တို့…အိမ်ရှင်တို့ ရှိကြသလားခင်ဗျ” ဆိုပြီးခေါ်ရတော့ပေါ့။ မကြာပါဘူးဗျာ…ကျူပ်အသံကြားလို့ထင်ပါရဲ့ အိမ်ကြီးထဲကနေ ယောကျာ်းတစ်ယောက်ထွက်လာတယ်ဗျ။ အဲ့သည်လူက… “ဘယ်သူနဲ့တွေ့ချင်လို့လဲ…” ဆိုပြီးကျုပ်တို့ဆရာတပည့်ကိုအကဲခတ်ရင်းမေးတယ်ဗျ။ “အဘတို့ကခရီးသွားတွေပါ… သွားလာရင်းနဲ့ဒီအိမ်မှာ ရောဂါဝေဒနာခံစားနေရသူ ရှိတယ်ဆိုလို့လာခဲ့တာပါကွယ်…” ဆိုပြီးဆရာကြီးကပြောတော့… “ခင်ဗျား တို့ကဆေးဆရာတွေလား…” ဆိုပြီးမေးပြန်တယ်ဗျ။ “အဲ့သည်လိုပဲပြောရမှာပေါ့ကွယ်…” လို့ဆရာကြီးကပြောတော့ “ဒါဆိုမလိုတော့ဘူး…ကျူပ်ညီမကိုမြို့တက်ကုတော့မှာ…” ဆိုပြီးပြောတယ်ဗျ။
ဒီလူ့ကြည့်ရတာကျုပ်တို့ဆရာတပည့်ကို မယုံသလိုပဲဗျ။ အဲ့အချိန် ဦးလေးကြီးတစ်ယောက်လည်း ရောက်လာပြန်တယ်။ “သားကြီး…ဘယ်သူတွေတဲ့လဲ” “ဆေးဆရာတွေတဲ့အဖေ… ကျုပ်ညီမကိုလာကြည့်တာတဲ့ ကျုပ်တို့မြို့တက်မှာဆိုတော့မလိုတော့ဘူးလို့ ကျုပ်ပြောလိုက်ပြီ…” ဦးလေးကြီးကသားဖြစ်သူစကားကိုနားထောင်ရင်း ကျုပ်နဲ့ဆရာကြီးကိုသေချာကြည့်တယ်ဗျ။ အဲ့သည်လိုကြည့်ပြီးလေမှ… “ဆရာကြီးတို့ကဘယ်အရပ်ကနေများလာကြတာလဲ ကျုပ်ဖြင့်ဒီရွာနီးစပ်မှာမမြင်ဖူးပါဘူး…” ဆိုပြီးပြောလာတော့ဆရာကြီးက… “ကျုပ်တို့ဆရာတပည့်က ဝေးလံတဲ့ခရီးစဥ်ကိုသွားလာနေကြတဲ့သူတွေပါ… ခုနှစ်ရက်သားသမီးတွေကိုကယ်တင်ဖို့အတွက်လည်း အထက်ကလမ်းစဥ်တွေကို လိုက်နာနေကြရတဲ့သူတွေပါကွယ်…” ဟုပြောတော့ဦးလေးကြီးမျက်နှာက ပြောင်းလဲသွားတယ်ဗျ။
“ကျုပ်သားပြောမှားဆိုမှားရှိရင်ဗွေမယူကြပါနဲ့ဗျာ… ကြွပါဗျာ…အိမ်ထဲကိုကြွကြပါ…” ဆိုပြီးအိမ်ထဲကိုခေါ်တယ်ဗျ။ ဟိုလူကလည်းသူ့အဖေကိုမလွန်ဆန်ရဲတော့ ဘာမှမပြောဘူးဗျ။ ကျုပ်နဲ့ဆရာကြီးအိမ်ထဲကိုရောက်လာတော့ ဧည့်ခန်းမှာထိုင်စေကြတယ်။ “ဒီကဆရာကြီးက ကျုပ်သမီးကိုကုသပေးမယ်ဆိုတာ တကယ်လားဗျ” ဦးလေးကြီးကဆရာကြီးကိုထပ်မေးလာတယ်ဗျ။ ဆရာကြီးကလည်းခေါင်းကိုညိတ်ပြီး… “ကျုပ်အရင်ဆုံးလူနာကိုကြည့်ချင်ပါတယ်…” လို့ပြောလိုက်တယ်ဗျ။ အဲ့သည်တော့မှဦးလေးကြီးကလည်း… “ဒါဖြင့်လည်းကျုပ်လိုက်ပို့ပေးပါ့မယ်…” လို့ပြောပြီးကျုပ်တို့ဆရာတပည့်ကိုလူနာဆီခေါ်သွားတယ်ဗျ။
လူနာရဲ့အခန်းကအိမ်အပေါ်ထပ်မှာရှိနေတာဗျို့… ကျုပ်တို့လည်းအပေါ်ရောက်လာတော့… “သန်းကြည်…” “ကျုပ်ရှိတယ်လေ… သြော်…ဧည့်သည်တွေပါလာတာလား” လူနာရဲ့အခန်းထဲမှအမျိုးသမီးကြီးတစ်ယောက် အရင်ထွက်လာတယ်ဗျ။ ကျုပ်ထင်တာမမှားရင် အကြော်ဆိုင်မှာတုန်းက ကြားခဲ့တဲ့ လူနာမအေးရီရဲ့အမေဒေါ်သန်းကြည်ပဲ ဖြစ်လိမ့်မယ်ဗျ။ “ဟုတ်တယ်ဟ…ဒီကဆရာတွေက တို့သမီးကိုကြည့်ပေးပါရစေဆိုလို့ငါခေါ်လာတာ…” ဆိုပြီးဦးလေးကြီးကပြောတော့ဒေါ်သန်းကြည်က ကျုပ်တို့ဆရာတပည့်ကိုစူးစမ်းသလိုကြည့်ရင်းနဲ့… “ဖြစ်ပါ့မလားတော်… တော့်ဆရာတွေကအရင်ဆရာတွေထက်တောင် နွမ်းနေပါသေးတယ်” ဆိုပြီးကျုပ်တို့ဆရာတပည့်ကိုမယုံကြည်သလိုနဲ့ ပြောတယ်ဗျ။ ကျုပ်တို့ဝတ်စားထားတာတွေက အသစ်မဟုတ်ပေမယ့် သန့်သန့်ပျံ့ပျံ့တော့ဝတ်စားထားကြပါတယ်ဗျာ…။
ဒါပေမယ့်ဒေါ်သန်းကြည်က ကျုပ်တို့ကိုအလိုမကျနေတဲ့ပုံဗျ။ “ဟာ…မင်းကလည်း… ဆရာကြီးကိုအားနာစရာကွာ… စိတ်မရှိပါနဲ့နော် ဆရာကြီး…ကျူပ်မိန်းမကအဲ့သည်လို အပြောအဆိုမတတ်တာပါခင်ဗျာ… အခန်းထဲကိုဝင်ကြပါ…” ဦးလေးကြီးကကြားကနေဝင်တောင်းပန်ရှာတယ်ဗျ။ ဆရာကြီးကလည်းဘာမှမပြောပါဘူးဗျာ… အဲ့နောက်ကျုပ်တို့လည်းမအေးရီကိုကြည့်ကြတာပေါ့။ မအေးရီက အိပ်ရာပေါ်မှာမထနိုင်ဘူးလို့ထင်တယ်ဗျ… ကျုပ်တို့ဝင်လာတော့…မအေးရီက မျက်လုံးလေးမှိတ်ပြီးအိပ်ပျော်နေပုံရပါတယ်… လူကလည်းအတော်ပိန်ရှာတာ… ပါးရိုးတွေကိုပေါ်လို့ခင်ဗျ…။
ဆရာကြီးကမအေးရီကိုသေချာကြည့်တယ်ဗျ။ ခေါင်းအစခြေအဆုံးသေချာကြည့်ရင်းနဲ့… “တောက်…” တစ်ချက်ခေါက်ပြီး ကြမ်းပြင်ပေါ်ကို ဖနောင့်တစ်ချက်ပေါက်လိုက်တယ်ဗျ။ ဦးလေးကြီးတို့လင်မယားနဲ့သားဖြစ်သူကတော့ ဆရာကြီးကိုနားမလည်သလိုကြည့်နေကြတာပေါ့ဗျာ…။ ဆရာကြီးအဲ့သည်လိုလုပ်တော့ မအေးရီက မျက်လုံးပွင့်လာတယ်ဗျ… မျက်လုံးကမျက်တောင်တစ်ချက်မခတ်ဘဲ ပြူးပြူးကြီးလုပ်နေတာဗျ။ ဆရာကြီးကလည်းမအေးရီကို… “ဘယ်လိုပုဂ္ဂိုလ်မျိုးက ဒီကလေးမကိုနှောက်ယှက်နေရတာလဲ… သက်ဆိုင်တဲ့ပုဂ္ဂိုလ်လာခဲ့စမ်းဟဲ့…” ဆိုပြီး အသံဟိန်းဟိန်းကြီးနဲ့ဆရာကြီးကပြောတော့ မအေးရီတစ်ကိုယ်လုံးတုန်ရီလာတယ်ဗျ။ ကုတင်ပေါ်မှာထိုင်လျှက်…ခေါင်းငိုက်စိုက်ကြီးနဲ့ တစ်ကိုယ်လုံးတုန်ရီနေတာဗျ…။ “ပြောစမ်း…နင်ဘယ်သူလဲ…” ဆိုပြီးဆရာကြီးကထပ်မေးတော့မအေးရီက ဆရာကြီးကိုမျက်တောင့်နီကြီးနဲ့စိုက်ကြည့်တယ်။ ဒါပေမယ့်မဖြေဘူးဗျ…။
မအေးရီမိဘတွေကတော့ သူတို့သမီးနဲ့ဆရာကြီးကို တစ်လှည့်စီကြည့်ပြီးအတော်လေးအံ့သြနေကြတာပေါ့ဗျာ…။ “ဟေ့…မေးနေတာမကြားဘူးလား…” လို့ဆရာကြီးကထပ်မေးပြန်တယ်။ ဒါပေမယ့်မအေးရီက ဆရာကြီးကိုသရော်ပြုံးကြီးနဲ့ ပြုံးပြပြီး မဖြေပြန်ဘူးဗျ။ ကျုပ်ကတော့ဒင်းအထိနာတော့မှာကိုသိတယ်ဗျို့… သူကတော့ဆရာကြီးရဲ့ပညာကိုမသိတော့ သရော်နိုင်မှာပေါ့ဗျာ…။ ဆရာကြီးကလည်းသူ့ကိုမခန့်ပေါက်လုပ်နေတဲ့ မအေးရီကိုစိုက်ကြည့်နေတယ်ဗျ။ ဆရာကြီးအကြည့်ကအတော်လေးစူးရှလွန်းလို့ ကျုပ်ကိုသာကြည့်ရင်ကျုပ်ပြန်တောင်ကြည့်နိုင်မယ်မထင်ဘူး။ အခုလည်းမအေးရီကိုစိုက်ကြည့်နေတာဗျ။ အယ်မကြာပါဘူး…မအေးရီစပြီးလှုပ်ရွလာပြီဗျ… မျက်နှာကြီးကလည်းရှုံ့မဲ့ပြီး… “အမယ်လေး…နာလိုက်တာ…. မရိုက်ကြပါနဲ့….အမယ်လေး နာလိုက်တာရှင်… မရိုက်ကြပါနဲ့….” လို့အော်ဟစ်လာတာဗျ။ မအေးရီအတော်လေး နာကျဥ်ပုံရတယ်ဗျ။ အိပ်ရာပေါ်မှာလူးလိမ့်အော်ဟစ်ယုံတင်မက အိပ်ရာပေါ်ကနေပြုတ်ကျပြီးကြမ်းပေါ်မှာလူးလိမ့်နေတာ။ မအေးရီမိဘတွေနဲ့အစ်ကိုဖြစ်သူ ကတော့ သူတို့သမီးကိုအခုလိုမြင်ရတာ ဘယ်စိတ်ကောင်းကြမလဲဗျာ …။
ဒါပေမယ့်ကျုပ်က… “ဦးကြီးတို့သမီးရဲ့ရောဂါကသာမာန်ရောဂါမဟုတ်ဘူးဗျ… အမှောင့်ပယောဂပါနေတယ်… ဒီတော့ကျူပ်ဆရာကြီးကုသပေးတာကိုပဲအသာတကြည် ကြည့်ပေးကြပါ… အကယ်၍ ဦးကြီးတို့ဘက်ကဝင်တားကြ… ဝင်ဆွဲကြလုပ်ရင်နစ်နာသွားမှာကဦးကြီးတို့သမီးပဲဗျ…” လို့ပြောပေးထားရတာပေါ့ဗျာ။ သူတို့ကလည်း အသာတကြည်ကြည့်ကြပါတယ်ဗျာ…။ “ကဲ…နင်ဘယ်သူလဲ…ဖြေစမ်းဟဲ့…” ဆိုပြီးဆရာကြီးကထပ်မေးတော့… “ကျုပ်…ကျုပ်ပြောပါ့မယ်တော်… ကျုပ်ကိုမရိုက်ပါနဲ့တော့… ကျုပ်နာလှပါပြီ…မရိုက်ပါနဲ့တော့ရှင်…” ဆိုပြီးတားတယ်ဗျ။ “ကောင်းပြီ…ကျုပ်မေးတာကိုသာ အမှန်တိုင်းဖြေ…ဒါဆိုသင့်ကိုကျုပ်ခွင့်လွှတ်ပေးမယ်…” ဆရာကြီးပြောတော့မအေးရီ ခေါင်းကိုအလောတကြီးညိတ်တယ်ဗျ။
ဆရာကြီး ကလည်းသူ့ပညာကိုပြန်သိမ်းပေး လိုက်ပုံရပါတယ်ဗျာမအေးရီမအော်တော့ဘူးဗျ။ ဒါပေမယ့်ကြမ်းပြင်ပေါ်မှာဒူးလေးကိုကျုံ့ပြီးထိုင်နေခဲ့တာ… အဲ့သည်လိုထိုင်နေရင်းနဲ့ဆရာကြီးကိုမော့ကြည့်ပြီး… “ကျုပ်ကိုအခပေးလို့လုပ်ရတာပါ… ကျုပ်ကိုခွင့်လွှတ်ပေးပါတော်..” လို့ပြောလာတယ်ဗျ။ “ဘယ်သူကအခပေးခိုင်းတာလဲဟဲ့…” “အေးရီသူငယ်ချင်း…ချစ်စုပါ… အေးရီနဲ့သိန်းအောင်မင်္ဂလာဆောင်မှာကိုမလိုလို့ အေးရီကိုသေအောင်လုပ်ခိုင်းတာပါ… အဲ့သည်လိုလုပ်ဖို့လည်းကျုပ်ကိုငွေများများပေးပြီး ခိုင်းခဲ့တာပါရှင်…” “ဟင်…ချစ်စု…” “တောက်…လူပါးဝလိုက်တာကွာ…” မအေးရီမိဘတွေကဒေါသထွက်နေကြတယ်ဗျ။ မအေးရီအစ်ကိုကတော့ တောက်တစ်ခေါက်ခေါက်နဲ့ ညီမဖြစ်သူအတွက်ခံပြင်းနေတာပေါ့ဗျာ…။
“ဒါဖြင့်…အခု သင်ဒီကလေးမကိုပြုစားထားခဲ့သမျှ ပြန်ဖယ်ပေးရလိမ့်မယ်… ကျုပ်ပြောသလို သင်မလုပ်ပေးရင်သင့်ပညာကိုလည်း ဆုံးရှုံးယုံတင်မက…သင့်အသက်ကိုပါဆုံးရှံးစေတဲ့အထိ ကျုပ်အပြစ်ပေးရလိမ့်မယ်…” လို့ဆရာကြီးကပြောတော့မအေးရီပြာပြာသလဲနဲ့ ဆရာကြီးရှေ့ဒူးထောက်တယ်ဗျ။ “ကျုပ်ပညာတွေပြန်နုတ်ဆိုနုတ်ပေးပါ့မယ်ဆရာကြီးရယ်… ကျုပ်ပညာနဲ့အသက်ကိုတော့ချမ်းသာပေးပါရှင်…” ဆိုပြီးအသနားခံလာတယ်ဗျ။ ဆရာကြီးကလည်းခေါင်းကိုညိတ်ပြီး… “ကဲ..ဒါဖြင့်…ဒီကလေးမရဲ့ကိုယ်ထဲက သင့်ရဲ့ပညာတွေကိုပြန်ထုတ်ပေးပေတော့… သေးသေးမွှားမွှားကအစတစ်ခုမှမကျန်ခဲ့စေနဲ့… ကျန်တာရှ်ိရင်ကျုပ်သင့်ကိုခွင့်လွှတ်မယ်မထင်လေနဲ့…” လို့ဆရာကြီးကပြောတော့မအေးရီခေါင်းညိတ်တယ်ဗျ။ “ဟိုထွေးခံခွက်ကိုယူ… သင့်ပညာတွေကိုပြန်ထုတ်ပေတော့…” မအေးရီလည်းဆရာကြီးညွှန်ပြတဲ့ကုတင်ခြေရင်းက ထွေးခံခွက်ကိုယူပြီး ပါးစပ်ထဲကိုလက်ထိုးကာ တဝေါ့ဝေါ့အန်ချတော့တယ်။
မအေးရီအန်လေတော့အပုပ်နံ့ကြီးတွေ တစ်ခန်းလုံးမွှန်ထူလာတာဗျ။ ကျုပ်နှာခေါင်းထဲအဲ့သည်အနံ့တွေမခံနိုင်တဲ့အဆုံး မအေးရီမိဘများနဲ့အခန်းပြင်ကိုထွက်လာရတယ်ဗျ။ “ဒါအကုန်ပဲလား” ကျုပ်တို့အခန်းပြင်ကနေကြည့်နေရင်းဆရာကြီးက မအေးရီကိုမေးလိုက်တာဗျ…။ မအေးရီကခေါင်းကိုညိတ်ပြီး… “ဒါအကုန်ပါပဲရှင်…” လို့ပြောတော့ဆရာကြီးကလည်း… “အေး…ဒါဖြင့်နောက်ဆုံးအနေနဲ့ သင့်ဘက်ကဒီကလေးမအပေါ်နောက်နောင်အခုလို ကိစ္စမျိုးတွေထပ်မလုပ်တော့ပါဘူးဆိုပြီး သစ္စာရေသောက်ရလိမ့်မယ်…” “ဆရာကြီးသဘောပါ…” ဆရာကြီးက မအေးရီမိဘတွေကိုရေတစ်ခွက်ခပ်ခိုင်းတယ်ဗျ။ မအေးရီအစ်ကိုကပဲအောက်ထပ်ပြန်ဆင်းပြီး ရေတစ်ခွက်ခပ်ပေးရှာတာ…။ ရေခွက်လည်းရကောဆရာကြီးက မအေးရီကိုကိုင်ခိုင်းပြီး သစ္စာဆိုခိုင်းတယ်ဗျ။
ဘုရားအဆူဆူနဲ့တိုင်တည်ပြီးသစ္စာဆိုခိုင်းတာဗျ… ကျိန်စာတွေအမျိုးမျိုးကလည်းပါသေးတယ်… မအေးရီခန္ဓာကိုယ်ထဲဝင်နေတဲ့ပညာသည်အစား ကျုပ်ဖြင့်ကြောက်လိုက်တာဗျာ…။ အဲ့သည်လိုဆိုပြီးလေမှသစ္စာရေကိုသောက်ခိုင်းတာ…။ သစ္စာရေလည်းသောက်ပြီးလေမှ… “သင်လာရာအရပ်ကိုသင်ပြန်တော့…” ဆိုပြီးဆရာကြီးကပြန်ခိုင်းတာဗျ။ ပညာသည်က ဆရာကြီးခေါ်တော့လည်းလာရသလို… ပြန်ခိုင်းမှလည်းပြန်လို့ရတာဗျ။ ပညာသည်ထွက်သွားတော့မအေးရီကကြမ်းပေါ်ကို ပျော့ခွေပြီးလဲကျသွားတာ။ မအေးရီအမေနဲ့အစ်ကိုဖြစ်သူကပွေ့ထူပြီးအိပ်ရာပေါ် ပြန်တင်ပေးကြရှာတာဗျ။ “ကလေးမလေးက အတော်ပင်ပန်းထားတာ… သေချာအနားယူခိုင်းလိုက်ပါဦးကွယ်…” ဆိုပြီးဆရာကြီးကမအေးရီရဲ့လက်မှာချည်မန်းကြိုးလေး တစ်ခုဝတ်ပေးရင်းပြောလိုက်တယ်ဗျ။
မအေးရီမိဘတွေကတော့ဆရာကြီးကိုကျေးဇူးတင်လွန်းလို့ လက်အုပ်လေးတွေချီပြီး… “ဆရာကြီးကျေးဇူးကို ကျူပ်တို့ဘယ်လိုဆပ်ရမယ် မသိတော့ပါဘူးဗျာ…ကျုပ်တို့သမီးလေးကိုအခုလို ကယ်တင်ကုသပေးတာကျုပ်တို့တကယ်ကျေးဇူးတင်ပါတယ်” ဆိုပြီးပြောလာတော့ဆရာကြီးက… “ကယ်တင်သင့်တဲ့သူမလို့ကျုပ်ကကယ်တင်ပေးတာပါ… ကျေးဇူးတင်ဖို့မလိုပါဘူးလေ… သြော်…ဒါနဲ့ချစ်စုဆိုတဲ့ကောင်မလေးကိုလည်း အန္တရာယ်မပေးကြပါနဲ့ဦး သူ့အမှားသူသိပြီး လာတောင်းပန်ပါလိမ့်မယ်… ဒီတစ်ခုတော့ကျူပ်ကိုကတိပေးကြပါကွယ်…” လို့ဆရာကြီးကပြောတော့မအေးရီမိဘတွေကတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကြတယ်ဗျ။
ပြီးလေတော့မှ… “ကျုပ်တို့အနေနဲ့ကတော့ကျုပ်တို့သမီးလေးကိုအခုလို ဖြစ်အောင်လုပ်ခဲ့သူကိုခွင့်လွှတ်မပေးနိုင်ဘူးဗျ… ဒါပေမယ့်ဆရာကြီးကသူ့ကိုဘာမှအန္တရာယ်မပေးပါနဲ့ဆိုတော့လည်းဆရာကြီးစကားကိုကျုပ်တို့နားထောင်ရမှာပေါ့ဗျာ…” ဆိုပြီးပြောလာတယ်ဗျ။ ဆရာကြီးကလည်းခေါင်းညိတ်လိုက်တယ်။ မအေးရီအန်ထားတာတွေကိုလည်းဆရာကြီးက မအေးရီအစ်ကိုကိုသင့်ရာမှာသွားသွန်ခိုင်းတယ်ဗျ။ အဲ့သည်လိုကိစ္စတွေပြီးလေမှ ကျုပ်တို့ဆရာတပည့်အတွက်ဆိုပြီး ထမင်းပွဲတွေပြင်ပေးတော့တာဗျ။ စားပွဲပေါ်မှလာချပေးထားတဲ့ဟင်းတွေက အတော်များတာ… ကျုပ်ဖြင့်ဘယ်ဟင်းပန်းကန်ကိုနှိုက်စားရမလဲဆိုပြီး အတော်ကိုစဥ်းစားရတယ်ဗျ…။ ဆရာကြီးကတော့သက်သက်လွှတ်စားတာပေါ့ဗျာ…။ ထမင်းစားသောက်ပြီးတော့လည်းအချိုပွဲချပေးပြန်ရောဗျို့… လက်ဖက်သုပ်ကိုယွန်းအုပ်လေးနဲ့ထည့်ပြီး အသီးအနှံတွေ…မုန့်ဆီကြော်တွေအစုံချပေးတာဗျ။ ကျုပ်ကတော့ အတော်လေးခံတွင်းတွေ့တာပေါ့ဗျာ။
ကျုပ်တို့ကိုအဲ့သည်လိုဧည့်ခံပေးရင်းနဲ့… “ဆရာကြီးကဘယ်အရပ်ကိုခရီးဆက်မှာလဲဆိုတာ ကျုပ်တို့သိလို့ရမလားခင်ဗျာ… အကယ်၍ဆရာကြီးနေထိုင်ရာဇာတိကိုလည်း ပြောပြလို့ရရင်ပြောပြပေးခဲ့စေလိုပါတယ်…” ဆိုပြီးပြောတော့ဆရာကြီးက “ကျုပ်တို့ဆရာတပည့်က လူတွေကိုကယ်တင်ဖို့ ခြေဦးတည့်ရာကိုခရီးထွက်လာကြတာပါ… ကျုပ်တို့ကိုရှာဖို့လည်းမလွယ်ပါဘူးကွယ်…” ဆိုပြီးပြောတော့ မအေးရီအဖေကမျက်နှာ တစ်ချက်ညိုးသွားတယ်ဗျ။ “ဒါပေမယ့်အခုခင်ဗျားတို့သမီးလေးလည်း အဆင်ပြေပါပြီ… ဘာဘေးရန်မှလည်းမရှိတော့ပါဘူး… ဒီအတွက်တော့မပူပန်ကြပါနဲ့တော့…” ဆရာကြီးကပြောတော့ခေါင်းလေးတွေ ညိတ်ကြတယ်။မအေးရီအဖေက… “ကျုပ်ကတော့ဆရာကြီးတို့ကိုကျုပ်အိမ်မှာ တစ်ပတ်လောက်ဆက်နေစေချင်သေးတယ်ဗျာ… ကျုပ်သမီးလေးအတွက်လည်းဆရာကြီးအနားရှိတော့ ပိုပြီးအဆင်ပြေမယ်ထင်လို့ပါ…” လို့ပြောတော့ဆရာကြီးကခေါင်းညိတ်ပြီး… “တစ်ပတ်တော့မရဘူးကွဲ့… ကျုပ်တို့သုံးရက်နေပေးမယ်… သုံးရက်ပြည့်ရင်တော့ကျုပ်တို့ခရီးဆက်ရလိမ့်မယ်…” လို့ပြောတော့ မအေးရီမိဘတွေဝမ်းသာသွားတယ်ဗျ။
မအေးရီအစ်ကိုကလည်းစောစောကလို မဟုတ်တော့ပါဘူးဗျာ… ကျုပ်တို့ဆရာတပည့်ကိုလိုလိုလားလားရှိပါတယ်။ ကျုပ်တို့လည်းမအေးရီတို့အိမ်မှာသုံးရက်ဆက်နေကြတာပေါ့။ ကျုပ်တို့ကိုလိုတာမရှိအောင်ထားကြတော့ ကျုပ်တို့ကပြန်တောင်အားနာရပါတယ်။ မအေးရီလည်းထူထူထောင်ထောင်ဖြစ်လာပါတယ်ဗျာ။ အစားအသောက်သေချာစားနိုင်လာတော့ လမ်းတောင်လျှောက်နိုင်နေပြီ။ မအေးရီနဲ့လက်ထပ်မယ့်ကိုသိန်းအောင်နဲ့တောင် ကျုပ်ကရင်းနှီးနေပြီဗျ။ ကိုသိန်းအောင်နဲ့မအေးရီအစ်ကိုကိုတင်မောင်က အတော်သဘောကောင်းကြပါတယ်… ကျုပ်ကိုလည်းလိုချင်တာရှိရင်ပြောငါ့ညီဆိုပြီးခဏခဏ ပြောကြတယ်ဗျ။ ကျုပ်ကဘာလိုမှာလဲဗျာ…လိုတာမှမရှိတာ…။
သုံးရက်ပြည့်တော့ဆရာကြီးပြောထားတဲ့အတိုင်းခရီး ပြန်ထွက်ကြတာပေါ့။ မအေးရီတို့ကတော့မအေးရီမင်္ဂလာဆောင်အထိ ကျုပ်တို့ကိုနေစေချင်ကြသေးတယ်ဗျ။ ဒါပေမယ့်ဆရာကြီးကငြင်းတော့သူတို့လည်း ဆက်မတားရဲကြတော့ဘူးပေါ့ဗျာ…။ မအေးရီကတော့သူ့ရဲ့ကျေးဇူးရှင်ဆရာကြီးကို ကန်တော့တယ်ဗျ။ ကိုသိန်းအောင်နဲ့ကိုတင်မောင်တို့ကလည်း ကန်တော့ကြရှာပါတယ်။ ဆရာကြီးကိုမအေးရီမိဘတွေက ငွေတွေအတော်များများနဲ့ကျေးဇူးဆပ်တာဗျ။ ဒါပေမယ့်ဆရာကြီးကမယူဘဲငြင်းခဲ့တယ်။ ဆရာကြီးကငြင်းတော့ကျုပ်ကိုပေးကြတာပေါ့ဗျာ… ကျုပ်ကလည်း လမ်းခရီးမှာသုံးဖို့ အနည်းအကျဥ်းလောက်ပဲယူခဲ့လိုက်တယ်ဗျ။ ဒီတော့မှသူတို့ခမျာလည်း ဝမ်းသာသွားကြတယ်လေဗျာ…။ ကျုပ်တို့ဆရာတပည့်လည်းမအေးရီတို့အားလုံးကို နှုတ်ဆက်ပြီး ရေကြည်ရွာထဲကထွက်လာခဲ့ကြတော့တယ်။ သြော်ဒါနဲ့….မအေးရီမိဘတွေက…ကျုပ်တို့ဆရာတပည့် လမ်းမှာစားဖို့ထမင်းထုပ်တွေတောင် ထုပ်ပေးလိုက်သေးတယ်ဗျ။ ဒီလိုနဲ့ကျုပ်တို့ဆရာတပည့်လည်း ခရီးဆက်လာကြတော့တယ်။ ပြီးပါပြီ။ ယဥ်မင်း(ကန့်ဘလူ)
Leave a Reply