သွားနှုတ်တဲ့ တစ္ဆေ (စ/ဆုံး)
မူရင်းရေးသူ_ ဆရာတာတေ
ဒီလိုမျိုး ကျုပ်တို့အညာမှာ ရွာခဲတယ်ဗျ။ဘယ့်နှယ်ဗျာ။ ညသန်းခေါင်ကျော်လောက်က စရွာတာ ခုထိကို မတိတ်သေးဘူးဗျ။ ဆွမ်းခံဝင်ချိန်တောင် ရောက်ပြီလေဗျ။ ကောင်းကင်ကြီး တစ်ခုလုံး မည်းလို့ဗျ။ ခဏကြာရင် ရွာချလိုက်နဲ့ဗျ။ ကျုပ်တို့တောင်သူကတော့ ဒီလိုမျိုး လွှတ်ကြိုက်တာပေါ့ဗျာ။ ထွန်တုံးကို ပခုံးမှာထမ်းပြီးနွားနှစ်ကောင်ဆွဲပြီး ယာထဲတန်းဆင်းကြတာဗျ။ အဲဒီထဲမှာ တာတေက ရှေ့ဆုံးကပေါ့ဗျာ။ လူတွေ ယာထဲရောက် တုန်း ထွန်တုံးတပ်တုန်း ရှိသေးဗျာ။ ကျုပ်က တစ်စပ်လောက်တောင် ထွန်ပြီးနေပြီလေဗျာ။ မိုးကလည်း တစ်ဖြိုက်လောက်ရွာလိုက်၊တိတ်သွားလိုက်နဲ့ဗျ။ ကျုပ်က အိမ်ကထွက်လာကတည်းကအမေ့ကို တစ်ခါတည်း မှာပြီးသားဗျ။ကျုပ်ကို ထမင်းတောင်း ပို့ပေးဖို့လေဗျာ။
ဒီအခါမျိုးမှာ ယာကို ဖိထွန်ထားရမှာဗျ။ အဘ ထမင်းတောင်း လာပို့တော့မွန်းတောင်တည့်တော့မယ်ဗျ။ ဒါပေမဲ့ ခုထိ တစ်ချက်မှ နေမမြင်ရသေးဘူး။ အမေချက်တဲ့ ကြက်သားကာလသားချက် စပ်စပ်လေးနဲ့ ထမင်းက လည်း စားကောင်းပါ့ဗျာ။ စားသောက်ပြီးတော့ ထနောင်းကုန်းပင်လေး အောက်မှာ ကျုပ်က နဂါးဆေးပေါ့လိပ်ကလေးဖွာပြီး နားနေတယ်။ ကျုပ်လည်းနား နွားကြီးတွေလည်းနားပေါ့ဗျာ။ ပြီးခဲ့တဲ့ မိုးကလေး တစ်ဖြိုက် နှစ်ဖြိုက်ကတည်းက ကုန်းရုံးထလာတဲ့ မြက်ခင်းစိမ်းစိမ်းကလေးတွေကတော့ ဒီကောင်ကြီးတွေ အကြိုက်ပေါ့ဗျာ။ ထန်းပင်ကြီးတွေအောက်က မြက်ခင်းပေါ်မှာ ဒီကောင်တွေ တစ်ဝကြိတ်နေကြတာဗျ။ ကျုပ် ထွန်တုံးပြန်တပ်တဲ့အချိန်မှာ ဒီကောင်တွေ အစာဝ နေပြီဗျ။ ညနေ ငါးနာရီလောက်အထိကို ကျုပ် ထွန်ပစ်လိုက်တာ။ နောက်နေ့ကျတော့ မိုးမရွာတော့ဘူး။ ဒါပေမဲ့ ယာမြေတွေက စိုထိုင်းထိုင်းလေး။ ကျုပ်တို့တောင်သူကြိုက် အနေအထားပေါ့ဗျာ။
တစ်ပတ်လောက် ရက်ဆက် ထွန်ပြီးတော့ ကျုပ်တို့ယာတွေ နှံသွားပြီဗျ။ ကျုပ်က ရှေ့က ထွန်ပြီးသလောက် အဘက နှမ်းကျဲတာဗျ။ ကျုပ် ယာအားလုံး ထွန်ပြီးတော့ အဘကို ကူပြီးနှမ်းကျဲပေးလိုက်တာ။ အလုပ်တွေအားလုံး ပြီးရောဆိုပါတော့ဗျာ။ မိုးကောင်းတုန်း ဇောကပ်ပြီး လုပ် လိုက်တာ ပင်ပန်းလို့ ပင်ပန်းမှန်းကိုမသိပါဘူးဗျာ။ အလုပ်တွေ အားလုံးပြီးလို့ နောက်တစ်ရက်ရောက်တော့ ကျုပ် ဖျားပါရောဗျာ။ ကျုပ်တို့ရွာဓလေ့ပေါ့ဗျာ။ ကြပ်ခိုးနဲ့ ကွမ်းရွက်ပြုတ် ရည်သောက်၊ ဆရာမောင်ဆေးနီလုံးသောက်။ မရတော့ငန်းနီကျော် သောက်ပေါ့ဗျာ။ ချွေးကလေးထွက်လာလိုက် အပူကျ သွားလိုက်၊ချွေးခြောက်သွားလိုက် အ ပူပြန်တက်လိုက်နဲ့ လုံးချာလိုက်နေရောဗျို့။ ရက်လည်း မနည်းတော့ဘူး။ “ဟဲ့ ငွေစိန် နင့်သားတော့ ဗမာဆေးနဲ့ မတိုးဘူးထင်တယ်၊ ဆေးထိုးဆရာ ခေါ်မှထင်တယ်” အဘက အမေ့ကိုပြောတော့ အမေက ခေါင်းလေး ညိတ်တယ်။
“ကျုပ်လည်း တော့်ကို အဲဒါပြောမလို့ ပဲ ကိုဥာဏ်ရေ၊ ဒီနေ့မှ မကျရင်တော့ ဆေးထိုးဆရာ ခေါ်ဖို့ပဲတော်” “အို ငွေစိန်ကလည်း ဆေးထိုးဆရာ ခေါ်မှဖြင့် ဒီနေ့ ဘာစောင့်ကြည့်ဖို့လို တုံးဟာ၊ အခုပဲ သွားပင့်စို့ပေါ့ဟယ်၊ ငါ အခုပဲသွားမယ်” ကျုပ်လည်း တော်တော်နုံးနေပြီဗျ။ ဆေးထိုးဆရာက မီးလောင်ကုန်းမှာ ရှိတာလေဗျာ။ အဲဒီမှာက အစိုးရ ကျန်းမာရေးဆေးခန်းရှိတယ်၊ ဆေး မှူးတစ်ယောက် အမြဲထိုင်တယ်။ အနီးအနား ရွာတွေလည်း လိုက် ကုတယ်။ ဒါပေမဲ့ အိမ်ပင့်ရင်တော့ ခြေကြွခဆေးဖိုးတော့ ရှိတာပေါ့ဗျာ။ ကျုပ်တို့ဆီမှာတော့ အိမ်ပင့်တဲ့ဓလေ့ က ရိုးနေပြီပေါ့ဗျာ။ အဘ ပြန်လာတော့ ဆရာပါလာတယ်။ လူက ပု ြ့ပတ်ပြတ်ဗျ။ နာမည်က ဦးဋ္ဌေးဆွေလို့ ခေါ်တယ်။ ဆေးလိပ်တော့ မသောက်ဘူး။ ကွမ်းတော့ လွှတ် ကြိုက်တဲ့လူဗျ။ သဘောကလည်းအားကြီးကောင်းတာပါဗျာ။ ဆေး ကလည်း လိုက်သားဗျ။ ကျုပ်တို့ဒေသက လူတွေကတော့ ဦးဋ္ဌေးဆွေကို လွှတ်အားကိုးကြတာပေါ့ဗျာ။ ကျုပ်နဲ့လည်း အလွန်ခင်ပါတယ်။ ကျုပ်လှည်းနဲ့လည်း ဆရာ ဦးဋ္ဌေးဆွေကို သုံးလေးခါ လိုက်ပို့ဖူးပါတယ်။ “တာတေ ဘာဖြစ်လို့တုံးကွ သံမဏိ တာတေ ဒီတစ်ခါတော့ ဖယောင်း တာတေ ဖြစ်နေပြီလား” အိမ်ပေါ်ရောက်တာနဲ့ တစ်ပြိုက်နက် ဆရာဦးဋ္ဌေးဆွေက ကျုပ်အိပ်ရာဘေး မှာ ဆေးအိတ်ကလေးချပြီး ကျုပ်ကို ရယ်ရယ်မောမော နှုတ်ဆက်တယ်။
ပြီးတော့ ကျုပ်ကို သွေးပေါင်ချိန်တယ်။အပူတိုင်းတယ်။ “ဟာ အပူက တော်တော်ကို တက် နေပါလား၊ ဘယ်နှရက်ရှိပြီတုံး” “ဆရာရေ ဆရာမောင်တိုက်၊ ငန်းနီ ကျော်တိုက်နဲ့ တစ်ပတ်လောက်တော့ ရှိပြီ” အမေက ဝင်ပြောပြတယ်။ ဆရာဦးဋ္ဌေး ဆွေက ကျုပ်မျက်စိကိုလည်း သေသေချာချာ စစ်တယ်။ “ကဲ ဒီလိုလုပ်၊ ဒီနေ့ ကျနော် ဆေးထိုး ပေးခဲ့မယ်။သောက်ဆေးလည်း ပေးခဲ့မယ်၊ မနက်ဖြန် မနက်စောစော ကျုပ် လာခဲ့မယ် အဘဥာဏ် လာမခေါ်နဲ့တော့ ကျုပ်ဟာကျုပ်ပဲ လာခဲ့မယ်” “ဟုတ်ကဲ့ပါ ဆရာ၊ ဟုတ်ကဲ့ပါ၊ လာပြီးပင့်ရမယ်ဆိုရင်လည်း ပြော ပါဆရာ၊ ကျုပ်အပန်းမကြီးပါဘူး” “ဟာ မလာနဲ့၊ အဘဥာဏ်၊ ရတယ်၊ ရတယ်၊ ကျနော့်ဖာသာ လာခဲ့မယ်၊ အဘဥာဏ်က တာတေ မဟုတ်ဘူး လေဗျာ၊ တာတေက ပြဿနာမရှိဘူးဗျ။ သူ့နောက်မှာ မဖဲဝါတစ်ယောက် လုံး ရှိတာဗျ၊ ဟား ဟား ဟား။ ပြော လို့ပြောတာ မဟုတ်ဘူး အဘဥာဏ် ရဲ့၊ ကျုပ် မီးလောင်ကုန်းဆေးခန်းထိုင် တာ နှစ်ကိုနည်းတော့တာမဟုတ်ဘူး ဗျ။ တာတေ နေမကောင်းဘူးလို့ တစ်ခါမှကို မကြားဖူးပါဘူးဗျာ။ ဒီတစ်ခါပဲ တာတေ့ကို ဆေးကုပေးဖူးတယ်။ဟား ဟား ဟား ” ဆရာဦးဋ္ဌေးဆွေတွေက ပျော်ပျော်ပါးပါး နေတတ်တဲ့လူဗျ။ ဆရာပြောတာ ဟုတ် တော့လည်း ဟုတ်သားဗျ။ ကျုပ်မှာ ဆေး ထိုးရလောက်အောင် ဖျားတာ နာတာမျိုး တစ်ခါမှ ရှိခဲ့ဖူးတာ မဟုတ်ဘူး။ “ထမင်းတို့၊ မုန့်တို့ ဘာမှမကျွေးနဲ့ အရီး ရေ၊ ဂလူးကို့စ်ရည်လေး၊ ကြက်ပြုတ်ရည် လေးပဲ တိုက်ဗျို့၊ ကျုပ်စိတ်ထဲမှာ တိုက် ဖွိုက်ဖြစ်နေတယ်လို့ထင်တယ်” ” ဟုတ်ကဲ့ပါ ဆရာ၊ ဟုတ်ကဲ့ပါ” “ကြက်ပြုတ်ရည် တိုက်ရင်လည်း အဖတ်မကျွေးနဲ့နော်၊ အရည်လေးပဲ တိုက်ရမှာ” မှာစရာရှိတာတွေ မှာပြီးတော့ ဆရာ ဦးဋ္ဌေးဆွေ ပြန်သွားတယ်။ အဘက လှည်းနဲ့လိုက်ပို့ပါတယ်။
နောက်တစ်ရက်၊ နောက်တစ်ရက် သုံးလေးရက် ဆေးထိုး ပေမဲ့ ကျုပ်အဖျားက မကျဘူးဗျ။ဆရာ ဦးဋ္ဌေးဆွေက အဘနဲ့ အမေ့ကို ပြော တော့တာဗျို့။ “အဘဥာဏ်နဲ့ အရီး၊ တာတေတော့ တိုက်ဖွိုက်ဖြစ်နေပြီ၊ ကြာရင် ဒီကောင် အရိုးပဲ ကျန်လိမ့်မယ်၊ ကျနော် ပြောသ လိုလုပ်ပါ၊ မနက်ဖြန် မြို့ကဆေးရုံမှာ ဆေးရုံတက်ရမယ်၊ ကျနော်ကိုယ်တိုင် လိုက်ပို့ပါ့မယ်၊ ဘာမှမစိုးရိမ်နဲ့၊ ဆေးရုံ မှာ ကျတော့ ဆေးဝါးက စုံတယ်၊ ခဏ နဲ့ ပျောက်သွားမှာပါ” “ဟာ ဆရာပြောတဲ့အတိုင်း လုပ်ရ မှာပေါ့ဗျာ” အဘကလည်း သဘောတူတယ်ဗျ။ ဒါနဲ့ ကျုပ် မြို့က ဆေးရုံပေါ် ရောက် လာတော့တာပေါ့ဗျာ။ မြို့မှာက အမေ့ အစ်ကို ကျုပ်ဘကြီး ရှိတယ်လေဗျာ။ ကျုပ်မြို့ကျောင်းတက်တုန်းက နေတဲ့ အိမ်ပေါ့ဗျာ။ ထနောင်းကုန်းက ကျုပ်တို့ဝိုင်းကို အမေ့တူမတွေက စောင့်ခိုင်းရတာ ပေါ့၊ အမေရောအဘရော ကျုပ်နဲ့ လိုက်ပြီးနေတယ်။ဘကြီးတို့အိမ်မှာ နေတာပေါ့ဗျာ။ ဆရာဦးဋ္ဌေးဆွေလည်း သုံးလေးရက် တစ်ခါလောက် ကျုပ်ကိုလာကြည့်ပါ တယ်။ မြို့မှာက ဆရာဦးဋ္ဌေးဆွေရဲ့ မိသားစုရှိတယ်လေဗျာ။ ဆရာပြော တာ ဟုတ်သားဗျ။ ဆေးရုံတက်ပြီး တစ်ပတ်ကြာတော့ ကျုပ်အပူမတက် တော့ဘူး။ ကျုပ်လည်း တော်တော် လေး ထူထူထောင်ထောင် ရှိလာ ပြီဗျ။
ဆေးရုံထဲမှာ ဟိုလျှောက် ဒီ လျှောက် လုပ်လာနိုင်ပြီပေါ့ဗျာ။ လူကတော့ တော်တော်ကို ပိန်သွား တာဗျ။ ခုထိ ထမင်းမစားရသေးဘူး လေဗျာ။ အရည်ပဲ သောက်ရသေး တာ။ကြက်စွပ်ပြုတ်သောက် အဖတ် မပါအောင်ပိတ်စနဲ့စစ်ပြီးမှ သောက် ရတာ။ ခုတော့ ဒီလောက်မလုပ်ရ တော့ပါဘူး။ ဗိုက်ထဲမှာ အစာမရှိ တော့လည်း ညဆို အိပ်မပျော်ဘူးဗျ။ အစပိုင်းတော့ အဘတစ်လှည့်၊ ဘကြီးတစ်လှည့် စောင့်ပေးတယ်။ နှစ်ရက်လောက်ကြာတော့ ကျောက် ခဲနဲ့ သံမဏိ လိုက်လာပြီး ကျုပ်ကို စောင့်နေကြရောဗျို့။ ကျုပ်လည်း ဒီကောင်တွေ ရောက်လာမှ အားပို ရှိသွားတာဗျ။ ကျုပ်တက်တဲ့အခန်း မှာက ကျုပ်တစ်ယောက်ပဲရှိတာ။ ဘေးက ကုတင်နှစ်လုံးစလုံး အလွတ် တွေဗျ။ ညဆိုရင် ကျောက်ခဲနဲ့ သံမဏိ က ကုတင်တစ်လုံးစီမှာ အိပ်ကြရတာ။ ကျုပ်လည်း တော်တော်နေကောင်း ပြီလေဗျာ။ အိပ်တယ်သာ ပြောတာပါ။ ကျောက်ခဲနဲ့ သံမဏိက လွှတ်အအိပ် ဆတ်တဲ့ကောင်လေးတွေဗျ။ ကျုပ်ဖြင့် မလှုပ်လိုက်နဲ့၊ လှုပ်လိုက်တာနဲ့ ဒီကောင် နှစ်ကောင် ခေါင်းထောင်ကြည့်ပြီးသား ဗျ။
ဒီနေ့တော့ ကျုပ်ကို ထမင်းစကျွေး ပြီဗျ။ ကျွေးတယ် ဆိုပေမဲ့ ခပ်ပျော့ပျော့ ချက်ပြီး နည်းနည်းစစားရတာပေါ့ဗျာ။ ဆရာဝန်၊ ဆရာမတွေက အပူပြန်တက် လာမလားလို့ စောင့်ကြည့်တယ်။မတက် ဘူးဗျို့။ အပူမတက်တော့ဘူး။ ဗိုက်ထဲကို အစာလေးဝင်သွားလို့လား မသိဘူးဗျ၊ ည ရောက်တာနဲ့ မျက်စိတွေ စဉ်းကျလာပြီး အိပ်ချင်လာတော့တာဗျို့။ ကျုပ်စောစော ပဲ အိပ်လိုက်တယ်။ “ကိုကြီးတာတေ၊ အိပ်သာအိပ်၊ ဒါမှ အားရှိမှာဗျ” ကျောက်ခဲက ပြောသဗျ။ ဒီကောင်ပြော တာလည်း ဟုတ်တာပဲဆိုပြီး ကျုပ်အိပ် ပစ်လိုက်တယ်။ “အား၊ အား၊ အောင်မယ်လေးဗျာ၊ ကျုပ်သွားကျုပ်သွား ပါသွားပြီ၊ လုပ် ကြပါဦး သွေးတွေထွက်ကုန်ပြီဗျ” လူတစ်ယောက် ငယ်သံပါအောင် အော် လိုက်တဲ့အသံကြီးဗျို့။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ ကျုပ်ရော၊ ကောင်လေး နှစ်ယောက်ရော လန့်နိုးသွားတယ်။ “ကျောက်ခဲ ဘာဖြစ်တာတုံးကွ” “မသိဘူး ကိုကြီးတာတေ၊ ကျုပ် သွား ကြည့်လိုက်ဦးမယ်ဗျ” ကျုပ်လိုပဲဗျ။ ဒီကောင်ကျောက်ခဲက လွှတ်စပ်စုတဲ့ကောင်။ “ဖျတ်၊ ဖျတ်၊ ဖျတ်၊ ဖျတ်” ဆေးရုံထဲမှာ ပြေးလာတဲ့ခြေသံတွေ ကြားရတယ်ဗျ။
“ဖြစ်ပြန်ပြီထင်တယ်၊ မဖြစ်တာ ကြာနေမှဘယ်ကပြန်ပေါ်လာရ ပြန်တုံး၊ မသိပါဘူးကွာ” ဒီအသံက ဖိုးကင်းလို့ခေါ်တဲ့ ဆေးရုံ ဝန်ထမ်းတစ်ယောက်ရဲ့အသံဗျ။ “ဘယ်ကပေါ်လာရမှာတုံး ဖိုးကင်းရဲ့၊ ရွှေသွားပါတဲ့လူ ဆေးရုံလာတက်လို့ ပေါ်လာတာ ဖြစ်မှာပေါ့” ကိုဖိုးကင်းကို ပြောလိုက်တဲ့လူက ကိုရှိန်မောင်တဲ့ဗျ။ သူလည်း ဆေးရုံ ဝန်ထမ်းပဲဗျ။ ကျုပ်ကုတင်ဘေးက ဖြတ်သွားရင်းပြော သွားတာဗျ။ သူတို့နှစ်ယောက် ပြောသွား တာကို ကြားတော့ ကျုပ်တော်တော်အံ့ သြသွားတယ်ဗျ။ ရွှေသွားရှိတဲ့လူ ဆေး ရုံလာတက်လို့ ပြန်ပေါ်လာတယ်ဆိုတာ ဘာသဘောတုံးဗျ။ ခဏနေတော့ကျောက် ခဲ ကျုပ်တို့ဆီကို ပြန်ရောက်လာတယ်။ “ဘယ်လိုဖြစ်တာတုံး ကျောက်ခဲရ၊ ဆေးရုံတစ်ရုံလုံးက လူတွေတော့ အားလုံးလန့်ကုန်ကြပြီကွ” ကျောက်ခဲက လူတွေအုံနေတဲ့ ကုတင် ဘက်ကို တစ်ချက်လှည့်ကြည့်တယ်။ ပြီးတော့မှ ပြောတာဗျ။ “ဒီလိုတဲ့ ကိုကြီးတာတေရေ…ဒီဆေးရုံ မှာ ထူးဆန်းတဲ့အကြောင်းတစ်ခု ရှိတယ် တဲ့ဗ်” “ဟေ ဘာများတုံး ကျောက်ခဲရ” “ဒီဆေးရုံကို ရွှေသွားပါတဲ့ လူတစ်ယောက် ယောက် ဆေးရုံလာတက်ရင် ညဆို အိပ် မက် မက်တာပဲတဲ့ဗျ” “ဟင် အိပ်မက်၊ ဟုတ်လား ကျောက်ခဲ” “ဟုတ်တယ်ဗျ၊ အိပ်မက် မက်တာတဲ့၊ အိပ်မက်ထဲမှာ တရုတ်ကြီးတစ်ယောက် ရောက်လာပြီး ရင်ဘတ်ပေါ်ကို တက်ခွ စီးရောတဲ့ဗျို့။ ပြီးရင် ပါးစပ်ထဲက ရွှေ သွားကို သူ့လက်ကြီးကြီးနဲ့ မရမက ဆွဲ နှုတ်တော့တာပဲတဲ့ဗျာ။
အိပ်မက်ထဲမှာ သွားနှုတ်ခံရတဲ့လူက သွေးတွေထွက် ပြီး မချိမဆန့် နာလွန်းလို့ ကုန်းအော် ရောတဲ့ဗျို့” “သြော် ဆေးရုံတစ်ရုံလုံး ဆူညံသွားတာ ဒါကြောင့်ကိုး” “ဟုတ်ပါ့ဗျာ၊ ဒီလူကတော့ အိပ်မက်ထဲမှာ သူ့သွားပါသွားတယ်ကို ထင်တာတဲ့ဗျ” “နို့ နေပါဦး ကျောက်ခဲရဲ့၊ ဒီလူသွားက ဘာမှတော့ မဖြစ်ဘူးမို့လား” စကားနည်းတဲ့ သံမဏိတောင် မနေနိုင် တော့ဘူးဗျ။ စိတ်ဝင်တစားနဲ့ မေးလိုက်တယ် “ဟာ သံမဏိကလည်းကွာ အိပ်မက် ပါဆိုနေမှာ၊ သူ့သွားက ဘာဖြစ်မှာတုံး ကွ၊ အကောင်းပေါ့ ” ကျောက်ခဲက သံမဏိကို လှည့်ပြောတယ်။ “အိပ်မက်ဆိုပေမဲ့ ရွှေသွားဆရာကြီးက တော့ တော်တော်ကို လန့်သွားပုံပဲကွ” ကျုပ်က ပြောလိုက်တော့ ကျောက်ခဲက ကျုပ်ကို ပြောတယ်။ “ဟာ လန့်လိုက်တာတော့ မပြောနဲ့ဗျို့၊ ခု ညတွင်းချင်းကို ဆေးရုံက ပြန်ဆင်း မလို့ ပြောနေတာ၊ ဆေးရုံကလူတွေက မနည်းကို ဖျောင်းဖျပြီး ပြောနေရတယ်” “ဟေ ဟုတ်လား၊ ကိုဖိုးကင်းတို့က ပြောတာလားကွ ကျောက်ခဲ” “ဟုတ်တယ်လေ၊ ကိုကြီးတာတေရ၊ ‘အိပ်မက်ပဲ အဘရယ် ကြောက်စရာ မဟုတ်ပါဘူး၊ စိတ်ထဲမှာ စွဲမထားပါနဲ့ လို့ ကိုဖိုးကင်းကြီးက ပြောတာဗျ” “အေး ဒီတော့ ရွှေသွားဆရာကြီးက ဘာပြောတုံး” “ဟေ့ကောင် ဖိုးကင်း၊ ဒီကိစ္စဟာ အိပ်မက်ဆိုပေမဲ့ သွေးရိုးသားရိုး မက်တဲ့ အိပ်မက်တော့ မဟုတ်ဘူး ကွ၊ ငါသိတယ်၊ နောက်တစ်ညသာ ဒီအိပ်မက် ထပ်မက်ရင် ငါ လန့်ပြီး သေသွားမှာ သေချာတယ်၊ အေး အခု ည မဆင်းရရင် မနက်မိုးလင်းတာနဲ့ ငါ ဆင်းမယ်၊ ငါ လက်မှတ်ထိုးပြီး ဆင်းမှာ၊ ဒီညလည်း ငါပြန်မအိပ် ရဲတော့ဘူး ထိုင်နေမယ်” ” ဟာ ဒီလောက်တောင်ပဲလားကွ၊ ကျောက်ခဲရ” “ဟုတ်တယ်ဗျ၊ ကိုကြီးတာတေရ၊ အဲဒီရွှေသွားဆရာကြီးက ပြောပြော ဆိုဆိုနဲ့ သူ့ပစ္စည်းတွေတောင် ကောက် သိမ်းနေပြီဗျ” “အေးလေ၊ သူက အိပ်မက် မက်တဲ့သူပဲ၊ သူ တကယ် လန့်သွားလို့ရှိမှာပေါ့ကွာ၊ကဲ ကဲ ပြန်အိပ်ကြ၊ အစောကြီးရှိသေးတာ” ကျုပ်တို့ ပြန်အိပ်ကြတယ်။
ပြောရဦး မယ်ဗျ။ကျုပ်က သွားလေရာမှာ ကျုပ် ဆေးလွယ်အိတ်ကိုယူနေကျလေဗျာ။ ဒီတော့ ကျုပ်လွယ်အိတ်ထဲမှာ မျက် ကွင်းဆေးရော မဖဲဝါရဲ့ကိုယ်ပွားရုပ် ကလေးရော အစုံပါတာပေါ့ဗျာ။ ကျုပ်ခဏကြာတော့ ပြန်အိပ်သွားတယ်။ “ဟဲ့ တာတေ၊ အဲဒါ တစ္ဆေခြောက်တာတဲ့၊ လွန်ခဲ့တဲ့ ငါးနှစ်လောက်က အဆိပ်ခတ် ခံရလို့ သေသွားတဲ့ တရုတ်ကျင်ဟုတ်ရဲ့ အလောင်းကို ရင်ခွဲရုံက ကောင်က ရွှေ သွားတွေ နှုတ်ယူလိုက်တယ်။ ဒီတရုတ် က သူ့ရဲ့ရွှေသွားတွေကို စွဲလန်းပြီး မ ကျွတ်မလွတ်ဘဲ ဒီဆေးရုံမှာ တစ္ဆေဖြစ် နေတာဟဲ့၊ ရွှေသွားပါတဲ့လူတွေ ဆေး ရုံလာတက်ရင် အဲဒီလိုပဲလာနှုတ်နေကြ” “ဟာ ဟုတ်လား၊ ဒီလိုဆိုရင် ရွှေသွား ပါတဲ့လူတွေ ဆေးရုံကို လာတက်ရဲမှာ မဟုတ်တော့ဘူးပေါ့ မဖဲဝါရဲ့” “အေး ဟုတ်တာပေါ့၊ ဟုတ်တာပေါ့” “ဒါဆိုရင် ဘယ်လိုလုပ်ရင် ရမလဲ မဖဲဝါ” “တာတေ အစွဲကြောင့်ဖြစ်တဲ့ တစ္ဆေကို ဘယ်လိုချွတ်လို့မှ မကျွတ်ဘူး၊ သူ့ရွှေ သွားတွေရမှာ၊ နင် ရွှေသွားတွေပြန်ရ အောင်လုပ်ပေးလိုက်ပေါ့” ကျုပ် လန့်နိုးသွားတယ်။ အိပ်မက်ဗျ။ ကျုပ်အိပ်မက် မက်နေတာ။ အိပ်မက်ထဲမှာ မဖဲဝါကို ကျုပ် မမြင်ရဘူး။ အသံပဲမက်တဲ့ အိပ်မက်ဗျ။ ဒီအိပ်မက်မျိုး ကျုပ်ကို မဖဲဝါ ပေးဖူးပါတယ်၊ ကျုပ်နဲ့အတူ သူ့ကိုယ်ပွား ရုပ်ကလေး ရှိနေတဲ့အခါပေါ့ဗျာ။ ကျုပ်စဉ်းစာတယ်ဗျ။ ဒီဆေးရုံမှာ ရောက် နေတဲ့ ဒုက္ခကို ကျုပ် ရောက်တုန်းမှာ ရှင်း လင်းပေးခဲ့ချင်တယ်။
ကျုပ်ကို ဆေးကုပေး တဲ့ ကျေးဇူးပေးတဲ့ ကျေးဇူးကိုဆပ်တဲ့သ ဘောလည်း ပါတာပေါ့ဗျာ။ ကျုပ် ဘယ်လို လုပ်ရမယ်ဆိုတာ ကြံစည်တယ်။ နောက်တစ်နေ့မှာ ဆရာမတွေနဲ့အတူတူ ကိုဖိုးကင်း ကျုပ်ဆီကို ရောက်လာပြီး သွေး ပေါင်ချိန်တာတို့၊ အပူတိုင်းတာတို့ လုပ်တတ် ဗျ။ ဒီမှာတင် ကျုပ်က ကိုဖိုးကင်းကို လက် ကုတ်ပြီး မေးတယ်။ “ညက လန့်အော်တဲ့လူ ရှိသေးလားဗျ ကိုဖိုးကင်း” “ဆေးရုံ ဆင်းသွားပြီကွ၊ ဘယ်လိုမှ ပြောလို့မရဘူး” ” ညက သူ တော်တော်လန့်သွားတာဗျ” “ဟုတ်တယ်ကွ၊ ငါတို့လည်း ဒီကိစ္စအ တွက် တော်တော်ကို စိတ်ညစ်ပါတယ် ကွ၊ ကြာလာရင် ဆေးရုံနာမည်ပျက်မယ် ကြ” “ဒါမျိုး အရင်က ဘယ်နှခါလောက် ဖြစ်ဖူးတုံးဗျ” “ဟိုတုန်းကတော့ မဖြစ်ဖူးပါဘူးကွာ၊ ဒီနောက်ပိုင်းလေးငါးနှစ်အတွင်းမှာမှ ဖြစ်လာတာပါ၊ အခုလိုပဲ ရွှေသွားစိုက် ထားတဲ့သူ ဆေးရုံတက်ရင် အမြဲလို လို ဖြစ်တော့တာပဲ” “ဒီမှာ ကိုဖိုးကင်း၊ ကျုပ်က ထနောင်း ကုန်းက တာတေပါ၊ ဒီကိစ္စမျိုးတွေကို ကျုပ် မဖဲဝါရဲ့ အကူအညီနဲ့ ရှင်းပေးနိုင် တယ်ဗျ” “ဟေ ထနောင်းကုန်းက တာတေ ဟုတ်လား၊ သြော် သိပြီ၊ ဒီဆေးရုံမှာ တစ်ခါ ဆေးရုံလာတက်တဲ့ လူတစ် ယောက်က မင်းအကြောင်းကို ပြော သွားဖူးတယ်၊ အဲဒီတုန်းကလည်း ဒီလို တစ်ခါဖြစ်ဖူးတာကိုး၊ အဲဒီမှာ တင် ဒီလူက မင်းအကြောင်းကို ပြော ဖူးတယ်၊ ငါတို့လည်း မင်းကို လာရှာ ဖို့ဆိုတာ တစ်ခါမှ မအားတော့ မလုပ် ဖြစ်ပါဘူးကွာ။
အခုတော့ တိုက်ဆိုက် တယ်လို့ ပြောရတော့မှာပဲ၊ တာတေရ၊ ညကတော့ မင်းရှေ့မှာကို ဒီအဖြစ် ဖြစ်သွားတာပဲလေကွာ” “ဟုတ်ပါတယ် ကိုဖိုးကင်၊ ကျုပ် ခင်ဗျား ကို တစ်ခုလောက် မေးချင်တယ်ဗျာ” “ဟာ မေးလေကွာ၊ တာတေရာ၊ မေးရုံတင်မကပါဘူးကွာ၊ ဒီကိစ္စအ တွက် ဆိုရင် မင်းလိုတာသာ ပြော ပါကွာ တာတေရာ၊ ငါတို့ဆေးရုံက လုပ်ပေးပါ့မယ်” “ဒီလိုဗျ ကိုဖိုးကင်းရ၊ ခင်ဗျားတို့ဆေး ရုံရဲ့ ရင်ခွဲရုံမှာ အလုပ်လုပ်တဲ့သူရှိလား” “ဟာ ရှိတာပေါ့ကွ တာတေရ၊ မိုးသီး ဆိုတဲ့ ကောင်လေ၊ အရပ်ရှည်ရှည်၊ ခါးကိုင်းကိုင်းကြီးနဲ့ကွ၊ ဘိန်းစားတဲ့ နေရာမှာတော့ ချန်ပီယံပေါ့ကွာ၊ နတ် သမီး မီးခြစ်ဘူးခွံထဲမှာ ငရုတကောင်း စေ့လောက်ရှိတဲ့ ဘိန်းလုံးမည်းမည်း လေးတွေအပြည့် ထည့်ထားတာကွ၊ ဘိန်းလုံးကလေးတွေကို ဆီသုတ် ထားလိုက်တာ နက်ပြောင်နေတာ ပေါ့၊ အဲဒီဘိန်းကို အမြဲမျိုတဲ့ကောင် ကွ၊ အဲဒါ ဘာဖြစ်လို့တုံး တာတေ” “ကျုပ် အဲဒီလူကို တွေ့ချင်တယ်ဗျ” “ဟေ မင်း မိုးသီးကို တွေ့ချင်တယ် ဟုတ်လား” “ဟုတ်တယ်ဗျ၊ ကိုဖိုးကင်းရဲ့၊ ဘာဖြစ်လို့တုံး” “ဒီမြို့က လူတွေက မိုးသီးကို ရင်ခွဲ ရုံမှာ အလုပ်လုပ်တဲ့သူ ဆိုပြီး သိပ် ဆက်ဆံချင်တာ မဟုတ်ဘူးကွ၊ သူ လာရင် ကျက်သရေတုံးတယ်လို့ကို ထင်နေကြတာ။ ဒီဆေးရုံထဲကို မိုး သီး ခေါ်လာလို့တော့ မဖြစ်ဘူးကွ တာတေရ” “ဒီလိုဆိုရင် ကျုပ် သူ့ကို သွားတွေ့ မယ်ဗျာ” “ဟေ တကယ်လား၊ ဒါဆိုရင် မင်း ငါ့အခန်းကို လာခဲ့၊ ငါ မိုးသီးကို ခေါ်လိုက်မယ်၊ ပြီးရင် မင်းတို့နှစ် ယောက်ချင်း တွေ့ပြီး မင်းမေးချင် တာ မေးပေါ့ကွာ” “ကောင်းတယ်ဗျာ၊ ကိုဖိုးကင်း” သိပ်မကြာဘူးဗျ၊ ကိုဖိုးကင်း ကျုပ်ကို လာခေါ်တယ်။
ကျုပ် သူ့အခန်းကို လိုက်သွားတယ်။ ကိုမိုးသီးဆိုတဲ့သူ ကို ကျုပ်တွေ့တယ်၊ ကျုပ်ခြေလှမ်း တောင် တုံ့သွားတယ်ဗျ။ လူက အရပ်ရှည်ရှည်ကြီး၊ သွားက ခေါခေါဗျ။ မျက်လုံးကြီးတွေကလည်း စွေစောင်းစောင်းတွေဗျ။ ဆံပင်က ဘုတ်သိုက်ကြီးနဲ့။ ဒီလူ တစ္ဆေမ ကြောက်ဘူးဆိုတာ သေချာတယ်ဗျ။ ကြောက်ချင်းကြောက်ရင် တစ္ဆေက သာ သူ့ကိုကြောက်မှာ။ကျုပ် သူနဲ့ မလှမ်း မကမ်းမှာထိုင်ပြီး သူ့ကို လိုရင်းပဲ မေးလိုက်တယ်။ “ကိုမိုးသီး လွန်ခဲ့တဲ့ ငါးနှစ်က အဆိပ်ခတ်ခံရပြီး သေသွားတဲ့ တရုတ်ကျင်ဟုတ်ရဲ့ အလောင်း ကနေ ရွှေသွားဘယ်နှချောင်း နှုတ်ယူလိုက်တုံး” “ငါးချောင်း ဟာ၊ အဲ မ မနှုတ်ပါဘူး” ဒီလူ တော်တော်ရယ်ရတဲ့လူဗျာ၊ ငါးချောင်းလို့ လွှတ်ကနဲ ပြောလိုက် ပြီးမှ အတင်းငြင်းတော့တာဗျို့။ “နေ နေပါဦး၊ မင်း မင်းက ပုလိပ် ဘက်ကလား၊ ဒါမှ မဟုတ် စုံ စုံ ထောက်လား” “ဟာဗျာ၊ ကိုမိုးသီးကလည်း ကျုပ်အ ရွယ်နဲ့ ဘယ်လိုလုပ်ပြီး စုံထောက်ဖြစ် နိုင်မှာတုံးဗျ” “ဒါ ဒါဆိုရင် မင်း ဘယ် ဘယ်လို လုပ် ပြီး သိနေတာတုံး” “ကျုပ်ကို မဖဲဝါ ပြောတာဗျ” “ဘာ မဖဲဝါ ဟုတ်လား” ဒီလူ သူရဲ့မျက်စိစွေစွေကြီးနဲ့ ကျုပ်ကို စိုက်ကြည့်နေတယ်ဗျ။
“မင်း မဖဲဝါကို သိလား” “ဟာ ကိုမိုးသီးကလည်း သိလို့ ပြောတာပေါ့ဗျ၊ ခင်ဗျားရော မဖဲဝါကို သိလား” “ငါ မဖဲဝါကို သိတာပေါ့ကွာ၊ တစ်ခါ နှစ်ခါ မြင်ဖူးပါတယ်၊ ကြောက်စရာ ကြီးပါကွာ၊ အရပ်ကြီး ဆယ်ပေကျော် လောက် ရှိမယ်ထင်တယ်၊ မျက်လုံးကြီး နှစ်လုံးက နီရဲပြီး ပြူးထွက်နေတာကွ၊အ ခုပြောရင်းနဲ့တောင် ကြက်သီးထလာပြီ” “နေပါဦး ကိုမိုးသီးရဲ့၊ ခင်ဗျား ရင်ခွဲရုံ ကို ရောက်လာတဲ့ အလောင်းတွေကို ရွှေသွား နှုတ်နေကျလား” “အေး ဟုတ်တယ် ကောင်လေး၊ ငါက ဘိန်းစားကွ၊ ဘိန်းဖိုးလေး ဘာလေး ရအောင် နှုတ်တာပါကွာ” “ဒါဆိုရင် တရုတ်ကျင်ဟုတ်ရဲ့ ရွှေသွား တွေ နှုတ်တုန်းက ထူးထူးခြားခြားဖြစ် တာ ရှိလားဗျ” “ရှိလိုက်တာမှကွာ၊ ငါတစ်သက်မှာ တစ်ခါမှ မဖြစ်ဘူးတဲ့ အဖြစ်ကွ” “ဘယ်လိုဖြစ်လို့တုံး ကိုမိုးသီးရဲ့” “ဒီလိုကွ၊ တရုတ်ကျင်ဟုတ်က မိန်းမ နှစ်ယောက်ရှိတယ်ကွ၊ မိန်းမကြီးက ဒီကိစ္စကိုမကျေနပ်လို့ သူ့ကို အဆိပ် ခတ်ပြီး သတ်လိုက်တာ။ ဒီမိန်းမလည်း ထောင်တွေဘာတွေ ကျသွားတယ် လို့ ကြားတယ်ကွ။ အဲဒီညက တရုတ် ကျင်ဟုတ်ကို ရင်ခွဲပြီးသွားလို့ ငါကိုယ် တိုင်ပဲ ကျင်ဟုတ်ရဲ့ဗိုက်ကို အပ်ချည် ကြိုးအနက်နဲ့ ချုပ်လိုက်ရတယ်။ ဒါမျိုးကို ဆရာဝန်ကြီးက ငါ့ကို ခိုင်းနေ ကျလေကွာ။ ဒီမှာတင် ကျင်ဟုတ်ရဲ့ ပါးစပ်ထဲမှာ ရွှေသွားတွေ အများကြီး ပါလာတာကို ငါတွေ့တာပေါ့ ကောင် လေးရဲ့။ ဆရာဝန်ကြီး ပြန်သွားတော့ ငါတစ်ယောက်တည်း ရင်ခွဲရုံထဲမှာ ကျန်နေတာကွ။ ဒီမှာတင် ရင်ခွဲရုံတံခါးပိတ်ပြီး ကျင် ဟုတ်ရဲ့ ရွှေသွားတွေနှုတ်ဖို့ လုပ်ရ တာပေါ့ကွာ၊ ငါ ပုဆိုးကို ခါးထောင်း ကျိုက်လိုက်တယ်။
ပထမဆုံး ခွဲတဲ့ ကျောက်ခုံပေါ်က ကျင်ဟုတ်ရဲ့အ လောင်းကြီးပေါ်ကို တက်ပြီး ခွလိုက် တယ်” “ဟာ ခင်ဗျား မကြောက်ဘူးလားဗျ၊ ကိုမိုးသီးရဲ့” “ဟ ကောင်လေးရဲ့၊ ငါက အမြဲတမ်း ဘိန်းမူးနေတဲ့ကောင်ကွ၊ ကြောက်တာ တွေ၊ မကြောက်တာတွေ ငါ ဘာမှမသိ ဘူး၊ ငါ့အတွက် အရေးကြီးတာက ဘိန်း ဖိုးရဖို့ အဓိကပဲ” “အင်း ပြောပါဦးဗျ ကိုမိုးသီးရဲ့” “ငါမှာ ပလာယာသေးသေးလေးတစ် ချောင်းရှိတယ်ကွ၊ ဒါလေးနဲ့ ငါ သွား နှုတ်နေကျလေကွာ၊ ကျင်ဟုတ်ရဲ့ လက်ကြီးနှစ်ဖက်က ရင်ဘတ်ပေါ်မှာ ယှက်ပြီးတင်ထားတာကွ။ငါလည်း ကျင်ဟုတ်ရဲ့ ပါးစပ်ကိုဖြဲပြီး ရွှေသွား တွေ တစ်ချောင်းပြီးတစ်ချောင်း နှုတ် တာပေါ့ကွာ၊ အားလုံး ငါးချောင်းကွ၊ ငါ မှတ်မိတယ်၊ တရုတ်က သူဋ္ဌေးဆို တာ ရွှေကို အတုံးလိုက်ကို လုပ်ထား တာ။ ငါလည်း နောက်ဆုံးသွားနှုတ် ပြီး ကျောက်ခုံပေါ်က ဆင်းတော့မယ် အလုပ်မှာ” “ဟင် ဘာဖြစ်တုံး ကိုမိုးသီး” ကျုပ်က အံ့သြပြီး မေးလိုက်မိတာဗျ။ “ဘာဖြစ်ရမတုံး ကောင်လေးရာ၊ ရင်ဘတ်ပေါ်မှာ ယှက်ပြီးတင်ထားတဲ့ ကျင်ဟုတ်ရဲ့ လက်ကြီးနှစ်ဖက်က’ဝုန်း’ ကနဲ မြောက်တက်ပြီး ငါ့ရင်ဘတ်ကို ဆောင့်တွန်းလိုက်တာဟေ့၊ ငါဆိုတာ၊ နောက်ကို လန်ပြီး ပြုတ်ကျတော့တာ ပေါ့ကွာ။ ဒါပေမဲ့ ကွဲပြဲတော့မသွားပါ ဘူးကွာ၊ လက်တွေတော့ နည်းနည်း ပွန်းသွားတာပေါ့။ ငါလည်း အောက်ပြုတ်ကျသွားတဲ့ ရွှေသွားငါးချောင်းကို လိုက်ကောက် ပြီး ပလယာလေးကိုပါ ကောက်လိုက် တယ်။ တရုတ်ကျင်ဟုတ်ရဲ့အလောင်း ကို ကြည့်လိုက်တော့ ဒီအတိုင်းပဲကွ။ ရင်ဘတ်ပေါ်မှာ လက်ကြီးနှစ်ဖက် ယှက်လျက်သားပဲ။
ငါလည်း ဘာမှ ပြောမနေနဲ့ သုတ်ခြေတင်တော့ တာပေါ့ကွာ” ကိုမိုးသီးရဲ့ စကားဆုံးတော့ ကျုပ်က ပြောတယ်။ “ကိုမိုးသီး အခု ခင်ဗျား သွားနှုတ်ခဲ့တဲ့ တရုတ်ကျင်ဟုတ်က မကျွတ်ဘူးဗျ ဒီဆေးရုံကို ရွှေသွားပါတဲ့လူ လာတက် ရင် သွားလာလာနှုတ်တယ်၊ လူတွေ လန့်ကုန်ကြပြီဗျ” ကိုမိုးသီးက ခေါင်းကြီးငိုက်စိုက်ချပြီး ပြောသဗျ။ “ငါကြားတယ် ကောင်လေး၊ အဲဒီသွား နှုတ်တဲ့ တစ္ဆေဟာ တရုတ်ကျင်ဟုတ် ဆိုတာလည်း ငါ သိတယ်ကွ၊ ငါစိတ် မကောင်းပါဘူးကွာ၊ ဒါပေမဲ့ ငါလည်း ဘာမှမတတ်နိုင်ဘူး ကောင်လေးရာ၊ သူ့ရွှေသွားတွေလည်း ငါရောင်းပြီး ဘိန်းဝယ်စားလိုက်တာ ကြာပေါ့ကွာ” “ကျုပ် လုပ်ပေးမှာပါ ကိုမိုးသီး၊ အကျိုး အကြောင်း သိချင်လို့ ကိုမိုးသီးကို မေး တာပါဗျာ၊ ကျန်တာ ကျုပ်လုပ်မှာပါ” ကျုပ် ကိုဖိုးကင်းနဲ့ တိုင်ပင်ပြီး ချက်ချင်း စီစဉ်လိုက်တယ်။ မြို့ထဲက သွားစိုက် ဆရာကြီးတစ်ယောက်ကို ကိုဖိုးကင် ခေါ်လာတယ်။ တရုတ်အဘိုးကြီးဗျ။ နာမည်က ရာပိုချီတဲ့။ ရွှေသွားစိုက်တဲ့ နေရာမှာ လွှတ်တော်တယ်ဆိုပဲ။ ကျုပ်က သူ့ကို ကြေးနဲ့ ရွှေသွားငါးချောင်း အမြန်လုပ်ပေးဖို့ ပြောတယ်။ သွားတွေက စိုက်မှာ မဟုတ်ဘူးဗျ။ စွပ်မှာ။ ကျုပ်သွား မှာ စွပ်ထားမှာ။ သွားစိုက်ဆရာက ကျုပ် ပြောတာကို သဘောပေါက်တယ်။ကျုပ် သွားတွေကို ပလာစတာနဲ့ သေသေချာ ချာ တိုင်းထွာပြီး ယူသွားတယ်။ ကျန်တာ တွေကို ကိုဖိုးကင်းက တာဝန်ယူတယ်။ ကျသလောက် ငွေကို သူပေးမှာတဲ့ဗျ။ ညနေ ငါးနာရီလောက်ကျတော့ ကြေးနဲ့ လုပ်ထားတဲ့ ရွှေသွားလေးတွေ ရလာပြီ ဗျို့။ ကိုဖိုးကင်း ယူလာတာ။ ကျုပ်လည်း ရွှေသွားအတုလေးတွေကို ကျုပ်သွားမှာ စွပ်လိုက်တယ်။ တော်လိုက်တဲ့ သွားစိုက် ဆရာကြီး ရာပိုချီဗျာ။ ကွက်တိပဲ။ ကျုပ်ပါးစပ်ထဲမှာ ရွှေသွားငါးချောင်း စိုက်လိုက်တဲ့အတိုင်းပါပဲဗျာ။ ညမိုး ချုပ်တာနဲ့ ကျုပ်မျက်ကွင်းဆေး ကွင်း ထားလိုက်တယ်။ ကျောက်ခဲနဲ့သံမဏိ ကိုလည်း အမေတို့အဘတို့နဲ့ ပြန် ထည့်ပေးလိုက်တယ်။ ကလေးတွေ ထိတ်လန့်နေမှာ စိုးလို့ပေါ့ဗျာ။ “တာတေ နင်ဟာလေ နေမကောင်းလို့ ဆေးရုံလာတက်တာတောင် ကောင်း ကောင်းမနေနိုင်ဘူး၊ နင်တော့ ငါ တော် တော်အံ့သြတယ်” လို့ ဘကြီးတို့ အိမ်မပြန်ခင် ကျုပ်ကို ပြောသွားသဗျ။
ကျုပ်ကတော့ ရွှေသွား ငါးချောင်း စိုက်ထားတဲ့ ပါးစပ်ကို ဟန် ပါပါဖြဲပြီး ရယ်ပြလိုက်တယ်။ ပြီးတော့ ဆေးရုံထဲမှာ ရွှေသွားတွေ ပေါ်အောင် သွားတဖြဲဖြဲလုပ်ပြီး လျှောက်သွားနေ လိုက်တယ်။ တစ္ဆေကျင်ဟုတ် မြင်အောင်လေဗျာ။ ညရောက်တော့ ကျုပ်က ပါးစပ်ဟပြီး အိပ်ချင်ယောင်ဆောင်နေတယ်၊ တစ် ချက် တစ်ချက် ဟောက်သံတောင်ပေး လိုက်သေးသဗျ။ သန်းခေါင်ကျော် လောက်ကျတော့ ခြေသံကြားပြီဗျို့။ “ရှပ်၊ ရှပ်၊ ရှပ်၊ ရှပ်” တမံသလင်းပေါ်မှာ ရှပ်တိုက်ပြီး လျှောက်လာတဲ့ ခြေသံဗျ။ ကျုပ် အခန်းရှေ့ကိုရောက်တော့ ခြေသံ က ရပ်သွားတယ်။ ဟော အခန်းထဲ ကို ဝင်လာပြီဗျ။ “ရှပ်၊ ရှပ်၊ ရှပ်၊ ရှပ်” ဟော ကျုပ်ကုတင်ဘေးမှာ ရပ်သွားပြီ။ ကျုပ်က ပက်လက်အိပ်နေရာကနေ မျက်စိကို မသိမသာ မှေးမှေးကလေး ဖွင့်ကြည့်တယ်။ ဟာ တရုတ်ကြီးတစ် ယောက်ဗျ။ အင်္ကျီဟကွဲကြီးနဲ့ ကြယ် သီးတပ်မထားတဲ့ ရှပ်အင်္ကျီပေါ့ဗျာ။ ဗိုက်မှာ ချုပ်ရာကြီးနဲ့ဗျို့။ ဗိုက်ကို အပ် ချည်ကြိုး အနက်ကြီးနဲ့ ချုပ်ထားတာဗျာ။ တရုတ်ကြီးက ကျုပ်ပါးစပ်ထဲက ရွှေသွား တွေကို စိုက်ကြည့်နေတာဗျ။ ပြီးတော့ ပါးစပ်ကြီးဖြဲပြီး ရယ်နေတယ်။ ဟာ ဟုတ်သားဗျ။ ပါးစပ်ထဲမှာ သွားတွေ နှုတ်ထားတာဗျ။ ဟောင်းလောင်းကြီး။ ဒါဟာ ဘိန်းစားမိုးသီးကြီးရဲ့ လက်ချက် ဖြစ်မှာပေါ့ဗျာ။ ဟာ ဟာ ကျုပ်ကုတင် ပေါ်ကို တက်လာပြီဗျို့။ ဘုရား၊ ဘုရား ကျုပ်ရင်ဘတ်ပေါ်မှာ ကားယားကြီးခွ ပြီး ထိုင်ချလိုက်တယ်။ အလေးချိန်တော့ မရှိဘူးဗျ။ ပေါ့ပေါ့ကြီးဗျ။ ဟော ဟော ကျုပ်ပါးစပ်ထဲက ရွှေသွားတွေ ကို သူ့လက်ညှိုးနဲ့ ပွတ်ကြည့်နေတယ်။
ဟော ကိုင်ပြီဗျို့၊ ကိုင်ပြီ။ ဟာ နှုတ်ပြီဗျို့။ ဆွဲနှုတ်လိုက်ပြီ။ သူ့လက်ထဲ ပါသွားတဲ့ ရွှေသွားကို ငုံ့ကြည့်ပြီး ပြုံးနေတယ်။ ဟော ထပ်နှုတ်ပြီဗျို့၊ ထပ်နှုတ်ပြီ။ တစ်ချောင်း၊ နောက်တစ်ချောင်း၊ ပြီးတော့ နောက်တစ်ချောင်း၊ နောက်တစ်ချောင်း ပြည့်သွားပြီဗျို့။ ငါးချောင်းပြည့်သွားပြီ။ ခေလာ ခေလာ ခေလာ ကျုပ်က အိပ်ချင်ယောင် ဆက်ပြီး ဆောင်နေရတာပေါ့ဗျာ။ဟော သူ့ပါးစပ် ထဲမှာ ရွှေသွားတွေ ပြန်စိုက်နေပြီဗျာ၊ တစ်ချောင်း၊ နောက်တစ်ချောင်း၊နောက် တစ်ချောင်း၊ နောက်တစ်ချောင်း၊နောက် တစ်ချောင်း ငါးချောင်းလုံး စိုက်လိုက်ပြီ။ ဟာ တရုတ်ကျင်ဟုတ်ကြီး ကျေနပ် သွားပြီဗျို့။ ပြုံးပြုံးကြီး လုပ်နေတယ်။ “ခေလာ၊ ခေလာ၊ ခေလာ” ကျုပ်ကတော့ ဟောက်သံပေးနေရ တာပေါ့ဗျာ။ ပြီးတော့ ကျုပ်ပါးစပ်ကို မသိမသာ ပိတ်လိုက်တယ်။ ဟော ကျုပ် ရင်ဘတ်ပေါ်ကနေ ဆင်းသွား ပြီဗျို့။ အောင်မယ် ကျုပ်ကို တစ် ချက် လှမ်းကြည့်လိုက်သေးသဗျ။ ထွက်သွားပြီ။ ထွက်သွားပြီ။ ကျုပ် အခန်းထဲကနေ ခြေထောက်ကြီး ရှပ်တိုက်ပြီး ထွက်သွားပြီ။ “ရှပ် ရှပ် ရှပ် ရှပ် ရှပ်” တော်တော်ဝေးတဲ့ သူ့ခြေသံကြီးကို ကျုပ် ကြားနေရတုန်းဗျ။ နောက်တော့ ကျုပ်လည်း အိပ်ပျော်သွားရောဗျို့။ မနက် မိုးလင်းလို့ ကျုပ် အိပ်ရာက နိုးတော့ ကျုပ်ဘေးမှာ ကျောက်ခဲ ရယ်၊ သံမဏိရယ် ရောက်နေတာဗျို့။
ဒီကောင်နှစ်ကောင် ကျုပ်ကို စိတ် မချလို့ အစောကြီး ရောက်လာကြတာတဲ့ဗျို့။ ကိုဖိုးကင်းကြီးလည်းရောက်လာပြီ။ “တာတေ ဘယ်လိုတုံးကွ” “ဟား၊ ဟား၊ ဟား၊ အားလုံးပြီးသွားပါ ပြီဗျ ကိုဖိုးကင်းရ၊ ဒီမှာလေ ” ကျုပ်က သွားတွေစေ့ပြလိုက်တယ် “ဟင် မင်း မနေ့က တပ်ထားတဲ့ ရွှေသွားတွေရောကွ” ” ညက တရုတ်ကျင်ဟုတ်ကြီး လာ ယူသွားပြီလေဗျာ” “ဟေ ဟုတ်လား။ တကယ်ယူသွား တာလားကြ” “ဟ ကိုဖိုးကင်းကလည်းဗျာ တကယ်ကိုယူသွားတာပါဗျာ။ ခင်ဗျားတို့ ဆေးရုံမှာရွှေသွားပါတဲ့လူတွေ ဘယ်လောက်ပဲ လာတက်တက် သွားနှုတ်မခံရတော့ပါဘူးဗျာ” “ဟာ ဝမ်းသာလိုက်တာ တာတေရာ။ ဒီအကြောင်းကို ဆရာဝန်ကြီးနဲ့ ဆရာမ တွေကို ငါအခုပဲ သွားပြောလိုက်မယ်။ သူတို့လည်း ဒီကိစ္စအတွက် တော်တော်စိတ်ညစ်နေကြတာကွ” ကိုဖိုးကင်းကြီး ကျုပ်အခန်းထဲကနေ ပျာပျာသလဲထွက်သွားတယ်။ နောက်သုံးရက်ကြာတော့ ကျုပ်လည်း ဆေးရုံက ဆင်းပြီး ရွာကို ပြန်ခဲ့တာပေါ့ဗ်ာ။ ပြီးပါပြီခဗျာ မဖဲဝါစီးတဲ့ကျား စာအုပ်မှ ကောက်နုတ်တင်ပြထားသည်။ စာဖတ်ပရိတ်သတ်များအားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ။ ဤဝတ္တုလေးအား ကြိုက်နှစ်သက်တယ်ဆိုရင် like and share လေးနဲ့ အားပေးသွားပါအုံးဗျာ။








