မဲကြီးအင်း (စ/ဆုံး)
မူရင်းရေးသူ_တာတေ
ကျုပ်တို့ ထနောင်းကုန်းကအရီးလေးဆိတ်မရဲ့ ယောင်္ကျားလေးလေးဆိတ်ဖွားက ငါးပိ၊ ငါးခြောက် ကုန်သည်ကြီးပေါ့ဗျာ။လေးလေးဆိတ်ဖွားကကျုပ်ဆိုရင် လွှတ်ခင်တာဗျ။ အောက်ပြည်ကို ငါးပိ၊ ငါးခြောက် အဝယ်သွားတဲ့ အခါ ကျုပ်တစ်ခါတလေ လိုက်သွားဖူးတယ်။ မြစ်ဝကျွန်းပေါ်ဘက်ကိုလည်း ကျုပ်လိုက်ဖူးတယ်။ အင်းကြီးတွေဆီကိုလည်း ကျုပ်လိုက်ဖူးတယ်။ အင်းဆိုတာ သဘာဝအတိုင်း ဖြစ်နေတဲ့ ရေကန် အကြီးကြီးတွေပေါ့ဗျာ။ ငါးမွေးကန်တွေလို လူတူးထားရတာ မဟုတ်ဘူးဗျ။ သဘာဝအတိုင်း ဖြစ်နေ တာ။ ငါးမွေးကန်တွေက ကန်ထဲကို ငါးမျိုးထည့်ပြီး မွေးရတာ။ အင်းကြီးတွေက သဘာဝအတိုင်းကို ငါးတွေပေါက်ဖွားနေတာ၊ ဖမ်းလို့ကုန်နိုင်တာ မဟုတ်ဘူးဗျ။ လေးလေးဆိတ်ဖွားနဲ့ ကျုပ်ရောက်ဖူးတဲ့ အင်းတွေ တော်တော်များပါတယ်ဗျာ။ ကသစ်ပင်အင်းတို့၊ မမြအင်းတို့၊ အင်းရဲကြီးအင်းတို့၊ နတ်စင်အင်းတို့၊မဲကြီးအင်တို့ပေါ့ဗျာ။
ကျုပ်က အခု မဲကြီးအင်းအကြောင်း ပြောချင်လို့ဗျ။ ဒီအင်းကြီးတွေဟာ ရှေးဘုရင်တွေ စိုးစံစဉ်အခါတည်းက ရှိတဲ့အင်းဗျ။ အင်းတွေရဲ့ ထူးခြားချက်ကအင်းသူကြီး ပြောင်းသွားပေမယ့် မူလအင်းနာမည်မပြောင်းဘူးဗျ။ မမြအင်းဆိုရင် နောက်ပိုင်း အင်း သူကြီးတွေက ဦးစိန်မိုးတို့၊ ဦးတုတ်တို့၊ ဦးဗလတို့အဆင့်ဆင့် ပြောင်းသွားပေမယ့် မူလနာမည်ဖြစ်တဲ့ မမြအင်းလို့ပဲ ခေါ်ကြတာပဲဗျ။ မမြဆိုတာ ဘယ်သူမှန်းကို သိတော့တာမဟုတ်ပေမယ့် နောက်လူတွေကလည်း ဒီနာမည်ကိုပဲခေါ်ကြတာဗျ။ အခု ကျုပ်ပြောမယ့် မဲကြီးအင်း ဆိုတာလည်းဒီလိုပါပဲဗျ။ ဘာလို့ မဲကြီးအင်းခေါ်မှန်းကို မသိတော့တာဗျ။ ဒါပေမဲ့ဒီကရွာသားတွေပြောတဲ့ ပါးစပ်ရာဇဝင်အရတော့ ရှေးဘုရင်များရှိတဲ့ ခေတ်ကတည်းက ဒီအင်းကြီးကို အင်းသူကြီးအဖြစ် မဲကြီးဆိုတဲ့လူကို ချပေးခဲ့တာတဲ့ဗျ။ ဦးမဲကြီးမှာ မိသားစုငါးယောက် ရှိသတဲ့။ သူတို့ မိသားစုတွေ အားလုံး ဒီအင်းကြီးနဲ့ပဲ ချမ်းသာကြတာ တဲ့ဗျ။ ချမ်းသာတာမှ ကျိကျိတက် ချမ်းသာတာဆိုပဲ။ ဦးမဲကြီး မိန်းမတို့၊ သမီးတို့ ဝတ်တဲ့ ရွှေခြေကျင်းကြီး တွေများ ဘယ်နှဆယ်သားရှိတယ်ဆိုပြီး ဒီခေတ် အထိ စကားကျန်ခဲ့တာဆိုပဲ။ အဲဒါ ဘယ်ဘုရင် လက်ထက်မှန်းတော့ တိတိကျကျ မသိကြဘူးဗျ။
ဒါပေမဲ့ တချို့ပြောကြတာတော့ ဦးမဲကြီးတို့ မိသားစုတွေ သေတဲ့အခါကျတော့ အကုန်လုံး သရဲတွေဖြစ်ပြီး ဒီအင်းကြီးမှာပဲ နေကြတာတဲ့ဗျ။ သူတို့မိသားစုသရဲတွေကို မြင်ဖူးတဲ့သူတွေလည်း ဒီနယ်မှာ ရှိတယ်ဗျို့။ ဦးမဲကြီးတို့ မိသားစုသရဲတွေ အကုန်လုံး မီးသွေးခဲလိုကို မည်းနက်နေတာတဲ့ဗျာ။ တချို့က အရပ်မြင့်မြင့်ကြီးတွေတဲ့။ တချို့ကလည်း ကိုယ်လုံးကြီးကြီး ကြီးတွေတဲ့။ မျက်လုံးတွေက နီရဲပြီး ပြူးထွက်နေတာဆိုပဲ။ သူတို့မိသားစုသရဲ ဖြစ်နေတာ အနှစ်သုံးလေးရာ ရှိပြီလို့ ပြောကြတယ်ဗျ။ မဲကြီးအင်းကတော့ အင်းသူကြီး အဆက် ပေါင်း ဘယ်လောက်ရှိသွားပြီဆိုတာ ဘယ်သူမှမသိကြဘူးဗျာ။ ဒါပေမဲ့ ဒီဒေသက လူတွေ အားလုံးကတော့ မီးသွေးခဲလို မည်းနက်နေတဲ့ သရဲမိသားစုအကြောင်းကို လူတိုင်း ပြောနေကြတုန်းဗျ။ ဒီအရပ်ကလူတွေက တခြားအင်း တွေမှာသာ ငါးခိုးချင် ဖမ်းမယ်၊ မဲကြီးအင်းမှာ တော့ ဘယ်တော့မှ ငါးခိုးမဖမ်းကြဘူးဗျ။
မီးသွေးခဲရောင် သရဲတွေ ဝိုင်းလိုက်လို့ အသက် လုပြီး ပြေးခဲ့ကြရတာချည်းပဲဗျ။ အင်းသူကြီး အစဉ်အဆက်ကလည်း ဦးမဲကြီးမိသားစု ငါးယောက်ကို အမြဲ တင်မြှောက်နေကြတာဗျ။ ဒီတော့ မီးသွေးခဲရောင် သရဲတွေကလည်း ဒီအင်းကြီးကို အမြဲစောင့်ရှောက်ပေးနေကြ တာပေါ့ဗျာ။ နက်မှောင်နေတဲ့ ဦးမဲကြီးတို့ သရဲမိသားစုကို ဒီနယ်က လူတွေ မကြာမကြာ မြင်ကြရတယ်တဲ့ဗျို့။ ကျုပ်ရောက်သွားတဲ့အချိန်က နွေဦးပေါက်ဗျ။ လေးလေး ဆိတ်ဖွားက ငါးပိကောင်နဲ့ ငါးကျည်းကြပ် တိုက်ခြောက်တွေ ဝယ်ဖို့ သွားတာဗျ။ ငါးရံ့ခြောက်လည်း ဝယ်တယ်ဗျ။ ကျုပ်တို့ တည်းတဲ့ရွာက ဘုရားဖြူလို့ ခေါ်တယ်ဗျ။ ရွာထိပ်မှာ ထုံးဖြူဖြူနဲ့ ကိုးတောင်ပြည့်စေတီလေး ရှိတယ်။ ဒါပေမဲ့ ဒီနယ်ကလူတွေကဘုရားဖြူလို့ မခေါ်ဘဲ ဖရဖြူလို့ ခေါ်ကြတယ်ဗျ။ အောက်ပြည်အောက်ရွာမှာက ကျုပ်တို့အညာ ဒေသလို ရွာဝိုင်းတွေ တည်ကြတာ မဟုတ်ဘူးဗျ။ ရွာတန်းရှည်တွေ တည်ကြတာများတယ်။ အခုလည်း ကျုပ်တို့တည်းတဲ့ ဖရဖြူက ရွာတည်းရှည်ပဲဗျ။ ကျုပ်နဲ့ လေးလေးဆိတ်ဖွား တစ်ညအိပ်ပြီးတာနဲ့ အိမ်နီးနားချင်းတွေကိုတော်တော်သိသွားတာဗျ။ လေးလေးဆိတ်ဖွားကလည်း ဒီရွာကို မကြာ မကြာရောက်တော့ အသိအကျွမ်း တော်တော်ပေါနေတော့တာပေါ့ဗျာ။
ကျုပ်တို့ရောက်တဲ့ညမှာပဲ အနီး အနားကလူတွေ ရောက်လာပြီး လေးလေး ဆိတ်ဖွား ယူလာတဲ့ အညာကုန်တွေကိုဝယ်ကြ ခြမ်းကြတာဗျို့။ အညာက ပါလာတဲ့ ထန်းလျက်တို့၊ ကြံသကာတို့၊ အညာဆီး(ဇီး)ယိုတို့၊ ပဲကြီး၊ မောင်မခေါ်ပဲ၊ မြေပဲ၊ မန်ကျည်းသီးပေါ့ဗျာ။ ပြီးတော့ အညာရက်ကန်းစင် တွေမှာရက်တဲ့ အညာစောင်တို့ ၊ ခုံမင်းတို့၊ လက် သုတ်ပဝါတို့လည်း လေးလေးဆိတ်ဖွားက ယူလာတာဗျ။ လာပြီးစျေးဝယ်ကြတဲ့အထဲမှာ ယောင်္ကျားတွေလည်း လိုက်လာကြပြီး ကျုပ်တို့ တည်းတဲ့ ဘထွေးအုန်းခိုင်တို့ အရီးမြရင်တို့ အိမ်မှာ လက်ဖက်ရည်ဝိုင်းဖွဲ့ကြတော့တာပေါ့ဗျာ အဲဒီထဲမှာ ကိုစံချစ်လို့ ခေါ်တဲ့ လေးလေး တစ်ယောက်က တော်တော်ကို နှံ့စပ်တဲ့လူဗျ။ အတွေ့အကြုံလည်း တော်တော်ကို များတာဗျ။ စကားပြောကလည်း လွှတ်ကောင်းတဲ့လူပါဗျာ လက်ဖက်ရည်ဝိုင်းမှာ သူကချည်း ဦးဆောင် ပြောတော့တာဗျ။ ပြောရင်းကနေ ဘယ်လို ဘယ်လို သရဲအကြောင်းတွေ ရောက်သွားတယ် မသိပါဘူးဗျာ။ ကိုစံချစ် ကြုံဖူးတဲ့ သရဲတွေနည်းတာမှတ်လို့။ “နေပါဦး စံချစ်ရဲ့၊ အညာကလာတဲ့ ဟောဒီ ကလေး မောင်တာတေက ဗဟုသုတအကြောင်းတွေ တော်တော်လေး စိတ်ဝင်စားပုံရတယ်ကွ၊ မင်းကြုံ ဖူးတဲ့အထဲက မင်းလှေကို လိုက်ဆွဲတဲ့ ပန်းမခုန် ချောင်းထဲက သရဲအကြောင်း ပြောပြလိုက်ပါဦးကွ” ဦးရွှေဒိုးဆိုတဲ့ အသက်ခြောက်ဆယ်လောက် ဘိုးတော်က ပြောလိုက်တာဗျ။
ဦးကံမြင့်တို့၊ ဦးစောဖေတို့ ဆိုတဲ့ ဘိုးတော်ကြီးတွေကတော့ လေးလေးအုန်းခိုင်တို့ သုတ်ပြီးဧည့်ခံထားတဲ့ အညာလက်ဖက်သုတ်နဲ့ မြေပဲကြော်ကို ရေနွေး ကြမ်းနဲ့ မြည်းကြလို့ဗျာ။ “ဟဲ၊ ဟဲ၊ ဟဲ၊ ပန်းမခုန်ချောင်းက သရဲလား၊ ဒီသရဲက အလကားနေရင်း ရေထဲမှာ စိမ်နေတဲ့ သရဲထင်ပါတယ် မောင်တာတေရယ်၊ ပန်းမခုန် ချောင်းထဲမှာ လှေနဲ့သွားတဲ့လူတွေ ဒီသရဲကို မကြာ မကြာ မြင်ဖူးကြတယ်ကွ၊ အဲဒီနေ့က ကျုပ်က ငွေသောင်ယံဘက်က ပြန်လာတာ၊ ပန်းမခုန်ချောင်းထဲရောက်တော့ မှောင်ရီသမ်း နေပြီ။ ဒါနဲ့ ကျုပ်လည်း ခတ်ဗောက်တူလေးကို ခပ်မြန်မြန်ခတ်လိုက်တယ်။ အချိန်ကလည်းနွားရိုင်းသွင်းချိန်လေကွာ။ မတော်လို့ ရေစိမ် နေတဲ့ ပန်းမခုန်ချောင်းက သရဲနဲ့ တွေ့နေမှဖြင့် ခက်မယ်ဆိုပြီး ဗောက်တူကို မနားတမ်း ခတ် ရတော့တာပေါ့ကွာ။ (ဗောက်တူဆိုတာ ခတ်တတ်အရှည်နှစ်ချောင်း တပ်ပြီး ခတ်ရတဲ့ လှေငယ်၊ အမျိုးအစားကိုပြောတာဗျ) ပန်းမခုန်ချောင်းက သရဲက လှေရှေ့မလှမ်းမကမ်းမှာ ရေထဲကနေ ဘွားကနဲ ပေါ်လာတတ်တယ်လို့ သူများတွေ ပြောသံကြားဖူးတော့ နည်းနည်းတော့ ကြောက်နေတာပေါ့ကွာ၊ အဲဒီလို ခပ်သုတ်သုတ် ခတ်နေရင်းကနေ ကျုပ်ဗောက်တူက ရှေ့ကို သိပ်မရွေ့သလို ဖြစ်လာတယ်ကွ။
ကျုပ်လည်း ဟိုကြည့် သည်ကြည့် လိုက်ကြည့် တာပေါ့ကွာ။ ဒါပေမဲ့ ဘာမှမတွေးဘူးကွာ၊ ဒါနဲ့ ဗောက်တူကို ပြန်ခတ်တာပေါ့ကွာ၊ ဒီတော့လည်း ဗောက်တူက မရွေ့ဘူးကွ။ ဒါနဲ့ နောက်ကို လှည့်ကြည့်တော့ လှေနဲ့ ခပ်လှမ်းလှမ်းမှာသွားတွေ့တာကိုးကွ” “ဗျာ ဘာကိုတွေ့တာတုံးဗျ။ လေးလေးစံချစ်ရဲ့” ကျုပ်က စိတ်ဝင်တစားနဲ့ မေးလိုက်တာဗျ “ရေထဲမှာ ခေါင်းလေးပဲ ပေါ်နေတဲ့ ပန်းမခုန်ချောင်းက သရဲပေါ့ကွာ၊ ဆံပင်ဖားလျားကြီးနဲ့ကွ၊ မျက်လုံး တစ်လုံး တစ်လုံးကို အကြမ်းပန်းကန်လောက် ရှိမယ်ထင်တယ်ကွ၊ ကျုပ်ကို ရေထဲကနေ စိုက် ကြည့်နေတယ်။ ကျုပ်လည်း ဗြုန်းစားကြီးဆိုတော့ ဘာလုပ်ရမှန်း မသိတော့ဘဲ ကြက်သီးတွေ တဖြန်းဖြန်း ထလာတော့တာဟေ့၊ သေသေ ချာချာ ကြည့်တော့မှ ဒီကောင်က လှေနဲ့ ခပ်လှမ်းလှမ်းက နေပြီး လက်ရှည်ကြီးနဲ့ ကျုပ်ဗောက်တူကို ဆွဲထားတာကွ၊ ကျုပ် စိတ်အထင်တော့ သူ့လက်တံကြီးက ဘယ်လောက်ရှည်သလဲဆိုရင် ဆယ်ပေ ဆယ့်ငါးပေလောက်ကို ရှည်တာကွ မောင်တာတေရဲ့၊ အဲဒီလက်တံအရှည်ကြီးနဲ့ ကျုပ်လှေကို ဆွဲထားတာကွ၊ ကျုပ်လည်း အသင့်ပါလာတဲ့ ငှက်ကြီးတောင်ဓါးကို လှမ်းဆွဲလိုက်ပြီး လှေကို ဆွဲထားတဲ့ လက်ကြီးကို ခုတ်ချလိုက်ရောဟေ့” “ဟာ၊ ခုတ်မိလား လေးလေး” “ဘယ်ခုတ်မိမှာတုံးကွာ၊ ဒါပေမဲ့ ဒီသရဲက ဓါးဆိုရင် သိပ်ကြောက်တယ်လို့ ကျုပ်ကြား ဖူးတယ်ကွ၊ ဘာဖြစ်လို့တုံးဆိုတော့ လူ့ဘဝ တုန်းက ဓါးနဲ့ သေထားတာလို့ ပြောကြတယ် အဲဒီပန်းမခုန်ချောင်းထဲမှာပဲ လှေပေါ်မှာ ဓါးနဲ့ ခုတ်သတ်ပြီးမှ ရေထဲကို ပစ်ချလိုက်တာ လို့ ပြောကြတယ်။
ဓါးမြင်ရင် ဆက်မလိုက် ဝံ့ဘူးပြောတာ ကြားဖူးတာနဲ့ ကျုပ်က သရဲကို ဓါးမြှောက်ပြလိုက်တယ်။ ဟုတ်တယ်ဟေ့၊ ဓါးလည်း မြင်ရော ဆွဲထားတဲ့ ကျုပ်ရယ် ဗောက်တူကို လွှတ်လိုက်ပြီး ရေထဲကို ထိုးပြီးငုတ်သွားတော့တာပါပဲကွာ” “ဟား ဟား ဟား မင်း အဲဒီတုန်းက တော်တော်ကြောက်သွားလားကွ စံချစ်ရဲ့” ဘိုးတော်ကြီး ဦးကံမြင့်က မေးလိုက်တာဗျ။ လေးလေးစံချစ်က လက်ထဲက ဆေးပေါ့လိပ် ကလေးကို ဖွာတော့မလို လုပ်ပြီးမှ ပါးစပ်က ပြန်ချွတ်လိုက်ပြီး ပြောတယ်ဗျ။ “ဟာ၊ ကြောက်သွားတာတော့ မပြောနဲ့တော့ ဘိုးကံမြင့်ရေ၊ တစ်ကိုယ်လုံးမှာ ရှိသမျှ အမွေးအမျှင် တွေ အကုန်လုံး ထောင်ထသွားတာဗျို့” “ဟား ဟား ဟား ဟား ဟား” ဘိုးတော်ကြီးတွေဆိုတာ ရယ်လိုက်ကြတာဗျာ။ လေးလေးစံချစ်ကလည်း လွှတ်အပြောကောင်းတာဗျ။ “နေပါဦး စံချစ်ရဲ့၊ မင်းလှေထဲခုန်ချတဲ့ သရဲ အကြောင်း မောင်တာတေကို ပြောပြလိုက်ပါဦးကွ” ဦးစောဖေဆိုတဲ့ ဘိုးတော်ကြီးက လေးလေးစံချစ်ကို ပြောလိုက်တာဗျ။ လေးလေးစံချစ်က ဆေးပေါ့လိပ် ကလေး နှစ်ဖွာ သုံးဖွာ ဖွာလိုက်ပြီး လက်ဖက်တစ်ဇွန်း စားတယ်ဗျ။
ပြီးတော့ ရေနွေးကြမ်းကို ဖရူး ဖရူးနဲ့ သောက်ချလိုက်တယ်။ “အဲဒီတုန်းက မြို့က ဆန်စက်မှာ စပါးကြိတ်ပြီး ပြန်လာတာကွ မောင်တာတေရ၊ ဟောဒီ ဖရဖြူ ချောင်းထဲကို ဆံဗောက်တူ ဝင်လာတော့ ရေက ကျနေပြီလေ။ ဒီတော့ ဖရဖြူချောင်းထဲမှာ ရေက နည်းပြီး ချောင်းက ကျဉ်းကျဉ်းလေး ဖြစ်နေတော့ တာပေါ့ကွာ။ ကျုပ်က ဗောက်တူကို နောက်က ခတ်ပြီး တက်မကိုင်လာတာ။ မင်းအရီးက ရှေ့က ခတ်ပြီး ခပ်ဖြည်းဖြည်းလေး ဝင်လာတာ ပေါ့ကွာ။ အဲဒီ ဘုရားဖြူလေးကျော်လာပြီး ကုက္ကိုပင် ကြီးအောက်ကိုရောက်တော့ လှေထဲက ဆန်တွေ ပေါ်ကို ဘုတ်ကနဲ ခုန်ချတာဟေ့။ ကျုပ်မျက်ထဲမှာ မည်းမည်းအရိပ်ကြီးတစ်ခု မြင်လိုက်ရတယ်ကွ၊ လှေပေါင်းမိုးတင်တဲ့တိုင်မှာ ချိတ်ထားတဲ့ ခေါက်ဆွဲကြော်ထုပ်ကို ဆွဲပြီး ကုက္ကိုပင်ပေါ်ကို ခုန်တက်သွားရောဟေ့။ လှေက ငြိမ့်ကနဲ ဖြစ်သွားတော့ မင်းအရီးက နောက်ကို လှည့်ကြည့်တယ်ကွ။ သူလည်း မည်းမည်းအရိပ်ကြီးတစ်ခု မြင်လိုက်ရတယ် ငါတို့မြို့ကဝယ်လာတဲ့ ခေါက်ဆွဲကြော်ထုပ် ကလေးတော့ ပါသွားရောဟေ့။ တို့နှစ်ယောက်လည်း ဘာပြောကောင်းမလဲကွာ၊ လှေကိုတရစပ်ခတ်တော့တာဟေ့၊ လှေကလည်း စပါးနှစ်ရာပါဆိုတော့ အရှိန်ရတာနဲ့ ရွေ့တာပေါ့ ကွာ။ အိမ်ကို ဘယ်လိုပြန်ရောက်လာမှန်းတောင် မသိပါဘူးကွာ။ အဲဒီညကတော့ ထမင်းနဲ့စားဖို့ ဝယ်လာတဲ့ ခေါက်ဆွဲကြော်ထုပ်ကလေးကို သရဲ လုယူထားလိုက်လို့ မင်းအရီးနဲ့ ဘဲဥကြော်လေးနဲ့ပဲ ညစာ ပြီးလိုက်ကြရတာပေါ့ကွာ” “ဟား ဟား ဟား ဟား တော်သေးတာပေါ့ စံချစ်ရာ၊ အိမ်မှာ ဘဲဥ အဆင်သင့် ရှိနေလို့ပေါ့။
မဟုတ်ရင် တော့ ငါးပိရည်ဆမ်းစားလိုက်ရမှာဟေ့” “ဟုတ်ပါ့ ဘိုးရွှေဒိုးရာ” လို့ လေးလေးစံချစ်က ပြန်ပြောလိုက်တယ်ဗျ။ “ဒါပေမဲ့ ကျုပ်ကြုံခဲ့ရတဲ့ သရဲတွေထဲမှာ အကြောက်ဆုံး ကတော့ မဲကြီးအင်းက မီးသွေးခဲသရဲတွေပဲဗျ” “ဟေ၊ မီးသွေးခဲသရဲတွေနဲ့ ကြုံဖူးလို့လားကွ စံချစ်ရ” “ဟာ ကြုံဖူးပါပြီလား ဘိုးကံမြင့်ရာ၊ ဒီလိုဗျ။ ကျုပ်က မဲကြီးအင်း ငါးသွားဝယ်တာဗျို့။ အိမ်က ဘိုးရဲ့တူမက ငါးရံ့ခြောက်ခွဲပြီး လှန်းမယ်လို့ ပြောလို့ ကျုပ်က သွားဝယ် တာဗျို့။ အင်းသူကြီး ဦးမှတ်ကလည်း သဘောကောင်းတော့ ငါးရံ့မှ အကြီးကြီးတွေ ရွေးပေးလိုက်တာဗျ။ ပြီးတော့ ငါးပိကောင် လုပ်ဖို့ ဆိုပြီး ငါးခူတွေပါ အဆစ်ထည့်ပေးလိုက် သေးတာဗျ။ ကျုပ်လည်း ငါးတောင်းလေး ထမ်းပြီး အင်းရေစပ်အတိုင်း လျှောက်ပြန် လာတာပေါ့ဗျာ။ အချိန်ကတော့ ညနေ နည်းနည်းတော့ စောင်းနေပြီဗျ။ ဒါနဲ့ သဖန်းပင်ကြီးတွေနေရာရောက်တော့ ကျုပ်နောက်က လျှောက်လာတဲ့ ခြေသံကို ကြားလိုက်ရတယ်ဗျ။ဒါနဲ့ ကျုပ်လည်း နောက်ကို ဖျက်ကနဲ လှည့်ကြည့်လိုက်တော့ လား လား ဝါးနှစ်ရိုက်လောက်အကွာကနေ မီးသွေးသရဲ တစ်ကောင် လိုက်လာတာဗျို့။တစ်ကိုယ်လုံး မီးသွေးခဲလို မည်းနက်နေပြီး ဆံင်က ဒူးခေါင်း ဖုံးအောင် ကျနေတာဗျ။ အလုံးအထည်ကတော့ လူနှစ်ယောက်စာလောက် ရှိမယ်ဗျ။အရပ်က ရှစ်ပေလောက်ရှိမယ်ထင်တယ်။ ကျုပ်ကို စိုက်ကြည့်ပြီး လိုက်လာတာဗျို့” “ဟာ …အဲဒီတော့ လေးလေးစံချစ် ဘာလုပ်တုံးဗျ” ကျုပ်က မေးလိုက်တာဗျ။ ဒီတော့ လေးလေးစံချစ် က ကျုပ်ကို လှည့်ကြည့်ပြီး ပြုံးတယ်ဗျ။
“ဟ…ဘာလုပ်ရမှာတုံး မောင်တာတေရဲ့၊ လေးလေးပြေးတာပေါ့ကွ၊ ငါးတောင်းလေးထမ်းပြီး ပြေးလိုက်တာမှ လေထဲမှာကို လွင့်နေတာဟေ့ အင်းစပ်ကို မလျှောက်တော့ဘဲ ကွင်းဘက်ကို ပြေးတာဟေ့၊ ဒီကောင် ကွင်းတစ်ဝက်လောက် အထိ လိုက်လာသေးတယ်ကွ၊ ဒါပေမဲ့ နောက် တော့ ဆက်မလိုက်တော့ဘဲ မတ်တတ်ကြီး ရပ်ပြီး ကျုပ်ကို ကြည့်ရင်း ကျန်ရစ်ခဲ့တယ်ကွ။ ကျုပ်ကတော့ အပြေးမရပ်ပါဘူး။ အိမ်ပေါက်ဝ ရောက်တဲ့အထိ ပြေးချလာတာဟေ့၊ အိမ်ရောက် တော့ မောပြီး စကားတောင် ချက်ချင်းမပြော နိုင်ဘူးကွ၊ မင်းအရီး ရေခပ်တိုက်တော့မှ တဖြည်းဖြည်း အမောပြေသွားတယ်ဟေ့၊ ဒီတော့မှ စကားပြောနိုင်တာ မောင်တာတေရ” “မီးသွေးသရဲက လေးလေးဝယ်လာတဲ့ ငါးတွေ လုချင်လို့နဲ့ တူတယ်ဗျ” ကျုပ်က ပြောလိုက်တော့ လေးလေးစံချစ်က ခေါင်းညိတ်ပြပြီး… “သေချာတာပေါ့ မောင်တာတေရာ၊ ဒီကောင် ငါးလုချင်လို့ လိုက်လာတာပေါ့ကွာ၊ လေးလေး တွေ့သမျှ သရဲတွေမှာ မဲကြီးအင်းက မီးသွေး ခဲလို မည်းနက်နေတဲ့ သရဲက ကြောက်စရာ အကောင်းဆုံးပဲကွ” “အကုသိုလ်အများကြီးနဲ့ သရဲဖြစ်သွားတာ နေမှာပေါ့ လေးလေးရာ” “ဟာ၊ သိပ်ဟုတ်တာပေါ့ကွာ၊ မောင်တာတေက ဘယ်လို့တုံးကွဲ့၊ ကုသိုလ်ကံ အကုသိုလ်ကံတွေရဲ့ သဘောကို သိနေတာပါလား” ဘိုးတော်ကြီး ဦးစောဖေက ကျုပ်ကို ချီးမွမ်းတာဗျ။ “ဒီလိုပါ ဘိုးရယ်၊ ကျုပ်က ရွာမှာ ဆရာတော်နဲ့ အလှူတရားပွဲတွေ၊ ကထိန်တရားပွဲတွေကို ကျောင်း သားလုပ်ပြီး လိုက်ခဲ့ရတော့ ဆရာတော်ဟောတဲ့ တရားတွေကို နားရည်ဝနေတာပါဘိုး” “ဟာ၊ သိပ်ကောင်းတာပေါ့ မောင်တာတေရဲ့၊ ငယ်ငယ်ကတည်းက ကုသိုလ်၊ အကုသိုလ်ကို ကွဲကွဲပြားပြား နားရည်နေတာ သိပ်ကောင်းတာပေါ့ လူကလေးရဲ့ ” ဒီည လက်ဖက်ရည်ဝိုင်းလေးက တော်တော်တော့ ဗဟုသုတ ရသားဗျ။ လေးလေးဆိတ်ဖွားလည်း စျေးတော်တော်ရောင်းကောင်းတယ်ဗျို့။
ပါလာတဲ့ အညာကုန်တွေ တော်တော်လေး ကုန်သွားတယ်ဗျ။ ကျုပ်လည်း လေးလေးစံချစ်ရဲ့ ကိုယ်တွေ့သရဲအ ကြောင်းတွေကို တော်တော်လေး ကြားလိုက်ရတယ်။ ညဆယ်နာရီလောက် ရောက်တော့မှ ဓါတ်မီးတွေ တဝင်းဝင်းထိုးပြီး ပြန်သွားကြလေရဲ့ဗျို့။ဒီတော့မှ ကျုပ်တို့လည်း အိပ်ရာဝင်ခဲ့ကြတာပေါ့ဗျာ။ ခရီး ကလည်း ပန်းလာတာဆိုတော့ ကျုပ်လည်း တစ် ချိုးတည်း အိပ်ပျော်သွားတာဗျို့။ “ဒေါင် ဒေါင် ဒေါင် ဒေါင် လိုက်ဟေ့ လိုက်ဟေ့ လူကပ်လာတယ်၊ လိုက်လိုက် လိုက်ဟေ့” ကျုပ် လန့်သွားတယ်ဗျ။ ဘယ်အချိန်မှန်းတော့ မသိဘူး။ရွာထဲက သံချောင်းခေါက်သံတွေ ကြားရတယ်ဗျ။ “သူခိုးကပ်တာထင်တယ်” ဘထွေး အုန်းခိုင်က ပြောလိုက်တာဗျ “ဘယ်သူ့အိမ်များ သူခိုးက ကပ်တယ်မသိပါဘူး တော်၊ လူဖြင့် လန့်လိုက်တာ အိပ်ကောင်းတုန်း ရှိသေးတယ်” အရီးမမြရင်ကလည်း လန့်သွားလာလို့ ပြောနေတာဗျ။ “သူခိုးက ဘယ်သူ့အိမ်ကို ကပ်တာတုံးကွ” “ပန်းမောင်တို့ အိမ်တဲ့ဟေ့” ရွာထဲမှာ တစ်အိမ်နဲ့ တစ်အိမ် အော်ဟစ်ပြောနေတဲ့ အသံတွေ ကြားနေရတယ်ဗျ “ဒီရွာက ညတိုင်း ကင်းစောင့်ရတာလား ဘထွေး” ကျုပ်က ဘထွေးအုန်းခိုင်ကို မေးလိုက်တာဗျ။ “ကင်းရယ်လို့ သပ်သပ်မရှိပါဘူး မောင်တာတေရယ်” “နို့ သံချောင်းခေါက်တာ ကင်းက ခေါက်တာမဟုတ် ဘူးလား ဘထွေးရဲ့ ” “မဟုတ်ဘူး မောင်တာတေ၊ ကျုပ်တို့ရွာက အိမ်တိုင်းမှာ သံချောင်းတွေ ဆွဲထားကြတာ၊ ဟိုမှာလေ ဘထွေးတို့လည်း ဆွဲထားတာပဲ” ဒီတော့မှ ကျုပ်မြင်သွားတာဗျ။
မှောင်ထဲရောက်နေလို့ မမြင်ရတာ။ သံဂွေတစ်ခုနဲ့ သံချောင်းတစ်ခု ဘထွေး အုန်းခိုင်တို့ ချိတ်ထားတယ်ဗျ။ ဒါမျိုးတွေ အိမ်တိုင်းမှာ ရှိမှာပဲဗျ။ “အကြောင်းရှိတဲ့အိမ်က သံချောင်းခေါက်ရင် တစ်ရွာလုံး နိုးပြီး ထွက်ကြရတာပေါ့ကွယ်” “ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင် ” “ဟာ ၊ ခေါက်ပြန်ပြီဟေ့၊ ဒီတစ်ခါ ရွာတောင်ပိုင်းက အသံကြ” ” ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင်” “ဟာ ၊ မြောက်ပိုင်းကလည်း ခေါက်နေပါလား၊ ဘယ်လိုဖြစ်တာတုံး၊ သူခိုးတွေ ဘယ်လောက်များလို့ တစ်ရွာလုံး ခေါက်နေတာတုံး” ဘထွေးအုန်းခိုင်က ပြောတော့ အရီးမြရင်က နားစွင့်နေရင်းက ပြောတယ်ဗျ ကိုအုန်းခိုင်၊ ဒါ သူခိုးတော့ မဟုတ်လောက်ဘူးတော့၊ သူခိုးဆိုရင် ပထမတစ်ခါ ခေါက်ကတည်းက ပြေးပြီး ပေါ့တော့၊ သံချောင်းခေါက်ပြီ ဆိုကတည်းက လူတွေ နိုးသွားပြီဆိုတော့ သိနေပြီပဲ၊ နောက်ထပ် ထပ်ပြီး ကပပြါဦးမလား” “အင်း၊ မင်းပြောတာလည်း ဟုတ်တာပဲ၊ ဒါဆိုရင် ဘာတုံး” “ဘာဆိုတာတော့ ကျုပ်လည်း မသိဘူးလေတော်” ခဏနေတော့ လေးလေးစံချစ်နဲ့ လူသုံးလေး ယောက် ရောက်လာတယ်ဗျ။ “ဟေ့ စံချစ် ဘာဖြစ်တာတုံးကွ” “အစ်ကိုအုန်းခိုင်ရေ၊ ကျုပ်တို့ရွာတော့ တစ်ခုခု ဖြစ်ပြီ ထင်တယ်ဗျို့။ သူခိုးကပ်တာတော့ မဟုတ် ဘူးဗျ။
မည်းမည်းအကောင်တွေလို့ ပြောတယ်” “ဘာတုံးကွ၊ မည်းမည်းအကောင်ဆိုတာ” “မကောင်းဆိုးဝါးတွေ ဖြစ်မယ်ထင်တယ်ဗျ” “ဟေ၊ မကောင်းဆိုးဝါး ဟုတ်လားကွ စံချစ် ဘယ်တုန်းကမှ တို့ရွာမှာ ဒါမျိုး မဖြစ်ဖူးပါဘူးကွာ” “ကျုပ်ထင်တာကို ပြောတာပါဗျာ၊ အစ်ကို အုန်းခိုင်စဉ်းစားကြည့်လေ၊ သူခိုးဆိုတာ တစ်ယောက်တည်း လာတာဗျ။ ဒီက သံ ချောင်းခေါက်လိုက်၊ နောက်တစ်နေရာ သွားကပ်လိုက်၊ နောက်တစ်နေရာက သံ ချောင်းခေါက်လိုက်၊ နောက်ထပ်တစ်နေရာ သွားကပ်လိုက် လုပ်နေပါ့မလားဗျာ၊ လူမြင် သွားပြီဆိုကတည်းက သူခိုးက တန်းပြေးပြီး သားပဲဗျ။ အခုဟာက သုံးနေရာတောင် ကပ်တယ်ဆိုတော့ သူခိုး မဟုတ်နိုင်ဘူးလို့ ကျုပ်က ပြောတာပါ” မင်းပြောတာလည်း ဟုတ်ပါတယ် စံချစ်ရာ၊ ဒါပေမဲ့ နာနာဘာဝက တို့ရွာထဲက အိမ်တွေကို ဘာအတွက်လိုက်ကပ်နေမှာတုံးကွ၊ နာနာဘာဝဆိုတာ ခိုးမှာလည်း မဟုတ်၊ ဝှက်မှာလည်း မဟုတ်လေကွာ” “အင်း၊ အစ်ကိုအုန်းခိုင် ပြောတာလည်း စဉ်းစား စရာပဲဗျ၊ ဒါပေမဲ့ ခဏဆိုရင် သိရတော့မှာပါဗျာ၊ ရွာထဲက လူငယ်တွေ သံချောင်းခေါက်တဲ့ အိမ်တွေ ကို လိုက်မေးနေကြတယ်ဗျ။ ဟော ပြောရင်း ဆိုရင်း ပြန်လာကြပြီဗျို့။ ဟေ့ သာဥာဏ်၊ ဘယ်လိုတုံးကွ၊ ဘာဖြစ်တာတဲ့တုံး” “လေးလေးစံချစ်ရေ၊ လူတော့ မဟုတ်ဘူးဗျ” သာဥာဏ်ဆိုတဲ့ ကာလသားက ပြန်ပြောတာဗျို့။ “ဟေ၊ လူမဟုတ်ဘူးဆိုတော့ ဘာတုံးကွ သာဥာဏ်ရဲ့” “သူတို့ပြောတာကတော့ အရိပ်လိုလို ဘာလိုလိုတဲ့ လေးလေးရာ၊ အိမ်ထဲကို ချောင်းကြည့်နေတာတဲ့ဗျ။ မျက်လုံးနီနီတွေနဲ့တဲ့ဗျ” “ဟ၊ ဒါဆိုရင်တော့ သရဲပဲ ဖြစ်မယ်ကွ” လေးလေးစံချစ်က ပြန်ပြောလိုက်တော့ ကာလသား ကိုသာဥာဏ်ကလည်း ခေါင်းညိတ်ပြီး ပြောတယ်ဗျ။
“ကျုပ်လည်း သရဲလို့ပဲ ထင်တယ်ဗျ။ ကျုပ်တို့ ရွာထဲကို သရဲက ဘာကြောင့် ဝင်လာတာတုံး ဆိုတာ ကျုပ်စဉ်းစားနေတာဗျ လေးလေးရ” “ဝါထွက်တုန်းကလည်း ငါတို့တွေ ရွာဘုံစုပြီး ဦးရှင်ကြီးတင်တာပါပဲကွာ” ဘထွေးအုန်းခိုင်နဲ့ လေးလေးစံချစ်တို့ ပြောဆိုနေ ကြတာကို ကျုပ်နဲ့ လေးလေးဆိတ်ဖွားက ငြိမ်ပြီး နားထောင်နေကြတာဗျ။ ကျုပ်တို့က ဧည့်သည် တွေလေဗျာ။ အကျိုးအကြောင်း သေသေချာချာ မသိဘဲ ဝင်ပြောလို့ ဘယ်ဖြစ်ပါ့မတုံး။ နောက်နေ့ ရောက်တော့ ရွာထဲမှာ ရုံးစုရုံးစုနဲ့ ဒီအကြောင်းကိုပဲ ပြောနေကြတော့တာပေါ့ဗျာ။အလုပ်ရှိတဲ့လူက အလုပ်သွားပြီး ကျန်တဲ့လူတွေက ဟိုအိမ်သွား ဒီအိမ်သွားနဲ့ ဒီအကြောင်းပဲ ပြောနေကြတာပေါ့ဗျာ။ ညက ရွာလန့်ထားတာလေဗျာ။ ထနောင်းကုန်းမှာဆိုရင်တော့ ခုလောက်ဆို ကျောက်ခဲနဲ့သံမဏိ ကျုပ်ဆီကို ရောက်လာပြီပေါ့ဗျာ။ လူစုပြီး စကားတွေ ပြောပြီဆိုတော့ ကားလာပြီ ပေါ့ဗျာ။ တချို့အိမ်ကလည်း သရဲကို အကောင် လိုက်ကြီး မြင်လိုက်ရသလိုပြောကြသဗျ။ ဒီလိုနဲ့ပဲ တစ်နေကုန်သွားတယ်။ လေးလေး ဆိတ်ဖွားကတော့ ပါလာတဲ့ အညာကုန်တွေ အားလုံးကုန်အောင် ရောင်းလိုက်ရပြီဗျို့။ နောက်နေ့က စပြီး ပြန်ကုန်ဝယ်ဖို့ စီစဉ် နေပြီဗျ။ တဖြည်းဖြည်းနဲ့ ညနေ နွားရိုင်း သွင်းချိန် ရောက်လာရောဗျို့ ။
ညီအစ်ကို မသိတသိအချိန်လို့ ပြောကြတဲ့အချိန်ပေါ့ဗျာ။ “ကယ်ကြပါဗျို့” “သရဲ ” “သရဲ” “သရဲဗျို့” ဟာ၊ ရွာနောက်ဘက်ကွင်းထဲက အော်သံတွေဗျို့။ အော်တာမှ ငယ်သံပါအောင်ကို အော်တာဗျ။ ဘထွေးတို့ရော၊ ကျုပ်နဲ့ လေးလေးဆိတ်ဖွားရော ပြေးထွက်ကြည့်ကြတာပေါ့ဗျာ။ ဟာ၊ လယ်ကွင်း ထဲက စပါးရိတ်ပြီး ပြန်လာတဲ့လူတွေဗျ။ ပြေး လိုက်ကြတာမှဗျာ။ လေထဲမှာ လွင့်နေအောင် ပြေးကြတာဗျ။ အားလုံးငါးယောက်ဗျ။ ဟာ၊ လဲကျသွားပြီဗျို့၊ ရွာထဲရောက်တော့ နှစ် ယောက်က အမောဆို့ပြီး လဲကျသွားတယ်ဗျ။ နောက်ကရောက်လာတဲ့ သုံးယောက်က တမင် နောက်ချန်ပြီး ပြေးလာတဲ့ပုံဗျ။ မိန်းမနှစ်ယောက် ကို ရှေ့ကပြေးခိုင်းပြီး ယောင်္ကျားသုံးယောက်က နောက်က ကာပြီးပြေးလာကြတာဗျ။ ယောင်္ကျား တွေကတော့ ဘာမှမဖြစ်ကြဘူးဗျ။ သတိမေ့လဲ သွားတဲ့ မိန်းမနှစ်ယောက်ကို သတိရအောင် ဝိုင်းလုပ်ပေးကြရတာပေါ့ဗျာ။ ယောင်္ကျား သုံးယောက်ကလည်း မောနေလို့ ဘာမှ စကားမေး မရသေးဘူးဗျ။ ခဏနေမှ မေ့တဲ့ လူတွေလည်း သတိရ၊ မောတဲ့လူတွေလည်း စကားပြောနိုင်လာတာဗျို့။ “ဟေ့ကောင်တွေ၊ ထွန်းမောင်တို့ ငတင်တို့ မင်းတို့ ဘယ်နေရာကတည်းက ပြေးလာကြ တာတုံးကြ” “မဲကြီးအင်းကဗျ ဘကြီးရွှေဒိုးရ” “ဟေ၊ မဲကြီးအင်းကနေ ပြေးလာတာ ဟုတ်လား၊ အဝေးကြီးပါလား၊ ဒါကြောင့် တင်မြတို့ လှခင်တို့ အမောဆို့သွားကြတာကိုး၊ မသေကောင်း မပျောက် ကောင်းကွာ၊ ဘာတွေဖြစ်လာကြလို့တုံးကွ” “မီးသွေးခဲသရဲတွေ ဝိုင်းလိုက်လို့ဗျ” ငတင်ဆိုတဲ့လူက ပြောပြတာဗျ “ဘယ်လိုဖြစ်လို့တုံး၊ မင်းတို့ ဘာမှားသွားလို့တုံး ငတင်ရဲ့” “ဘာမှမမှားပါဘူး ဘကြီးရာ၊ ကျုပ်တို့ငါးယောက် မဲကြီးအင်းနားက လယ်မှာ စပါးရိတ်ပြီး ပြန်လာကြ တာ၊ အင်းနားရောက်တော့ သစ်ပင်တွေပေါ်ကနေ သရဲမည်းမည်းကြီး လေးကောင်ခုန်ချပြီး ကျုပ်တို့ ကို လိုက်တော့တာဗျ” “ဟေ…ဟုတ်လား၊ နေပါဦး ငတင်ရဲ့၊ ဒီသရဲတွေကို မင်းတို့အထဲက ဘယ်သူက မြင်တာတုံး” “ကျုပ်တို့ငါးယောက်စလုံး မြင်တာဗျ ဘကြီးရဲ့” “ဟေ…ဟုတ်လား၊ ဒါကြောင့် စွတ်ပြေး လာကြတာကိုး” အမောဆို့ပြီး သတိလစ်သွားတဲ့ မတင်မြတို့ မလှခင်တို့ နှစ်ယောက်ဆိုတာ အခုထိကို ကြောက် ကြတုန်းဗျ။
မျက်လုံးတွေ ပြူးပြီး ဟိုကြည့် ဒီကြည့် တော်တော်ကို ကြောက်နေကြပုံပဲဗျ။ ငါးယောက် စလုံး နေလို့ကောင်းသွားတော့မှ သူတို့အိမ်တွေ ကို ပြန်သွားကြတာဗျို့။ ရွာထဲကလူတွေလည်း တဖြည်းဖြည်းနဲ့ အုံလာလိုက်ကြတာ ဖွေးဖွေးကို လှုပ်ရောဗျာ။ ညရောက်တော့ လူတွေက အိမ် ထဲကနေ အိမ်ပြင်ကို မထွက်တော့ဘူးဗျို့။ ပြောရဦးမယ်ဗျ။ အောက်ပြည်အောက်ရွာက ရွာတွေဆိုတာက မြစ်ကမ်းနံဘေး၊ ချောင်းကမ်း နံဘေးမှာ အိမ်တန်းတန်းပြီး ဆောက်ကြတာဗျ။ ကျုပ်တို့အညာရွာတွေလို ရွာဝိုင်းမဟုတ်ကြဘူး။ စည်းရိုးတွေ ဘာတွေလည်း မရှိဘူးဗျ။ အိမ်တန်းတွေရဲ့ နောက်ဘက်မှာက လယ်ကွင်း ကြီးတွေလေဗျာ။ အိမ်တန်းတွေရဲ့ ရှေ့မှာက ရွာလမ်းရှိတယ်။ ရွာလမ်းကျော်သွားရင်တော့ ချောင်းပေါ့ဗျာ။ ဒီချောင်းကိုပဲ ကားလမ်းလို သဘောထားပြီး လှေတွေနဲ့ သွားလာနေကြ တာပေါ့ဗျာ။ ရွာစည်းရိုး မရှိတော့ လုံခြုံမှု အားနည်းတာပေါ့ဗျာ။ ညရောက်တော့ ရွာ ထဲက လူတွေ နိုးနိုးကြားကြား ရှိနေကြတာဗျ။ တုတ်တွေ ဓါးတွေလည်း အဆင်သင့်လုပ်ထား ကြတာဗျို့။ ကျုပ်တို့တည်းတဲ့ ဘထွေးအုန်းခိုင် ကတော့ လှံတစ်ချောင်း အဆင်သင့် လုပ် ထားတယ်ဗျ။ “ဒီအတိုင်းဆိုရင်တော့ ညက ရွာထဲမှာလန့်ကြ တာလည်း ဒီသရဲတွေပဲ ဖြစ်မယ် မြရင်ရေ” “ဘယ်သရဲတုံး ကိုအုန်းခိုင်ရဲ့” “ဟဲ့ …မဲကြီးအင်းက မီးသွေးခဲသရဲတွေပေါ့ဟဲ့ ” “ဟုတ်ချင်မှ ဟုတ်မှာပေ့ါတော်၊ မနေ့ညက ရွာကို ကပ်တာက လူဖြစ်ချင် ဖြစ်မှာပါ၊ မဲကြီးအင်းက သရဲတွေ လူကို လိုက်တာက သပ်သပ်တစ်ခု ဖြစ်ချင်ဖြစ်မှာပေါ့” တဖြည်းဖြည်း ညနက်လာပြီဗျ။
လေအေးလေးတွေ တိုက်နေတယ်။ ချောင်းထဲမှာ ရေပြည့်နေပြီဗျ။ “ဟေ့ အောင်မြတို့ အိပ်ပြီလားကွ” ချောင်းထဲမှာ ခတ်သွားတဲ့ ဗောက်တူပေါ်က ဘထွေးအုန်းခိုင်တို့ဘေးအိမ်ကို လှမ်းမေးသွားတာဗျ “ကျော်မြလား၊ မအိပ်သေးပါဘူးကွာ၊ မင်းတို့ ဆန်သွားကြိတ်တာလား” “အေး ဟုတ်တယ်ကွ၊ မြို့က ဆန်စက်မှ ဆန်သွား ကြိတ်တာ” “ဘယ်သူတွေ ပါသေးတုံး” “လွန်းမောင်နဲ့ ငခွေး ပါတယ်ကွာ” “အေး အေး၊ အိမ်ရောက်မှ ထမင်းစားမှာပေါ့ ဟုတ်လား” “အေး ဟုတ်တယ်၊ မြို့မှာ စျေးဝယ်ပြီး ဟင်းတွေချက်လာတာကွ” “ဟာ ၊ ကောင်းတာပေါ့ကွ” “အဲဒါ ဖရဖြူချောင်းဖျားမှာနေတဲ့ ကျော်မြဆိုတဲ့ ကောင်ပေါ့ ကိုဆိတ်ဖွားရဲ့ ” “အင်း၊ သူ့အရပ်နဲ့ သူ့ဓလေ့ပဲပေါ့ဗျာ၊ မြစ်ရိုး ချောင်းရိုးမှာ လှေနဲ့တက်နဲ့ သွားနေကျဆိုတော့ လည်း ညအချိန်မရှိလည်း သွားနေကြတာပဲနော် ကိုအုန်းခိုင် ” “ဟုတ်တယ် ကိုဆိတ်ဖွားရေ၊ ကျုပ်တို့အောက်ပြည် ကတော့ လှေပဲ အားကိုးရတာကိုးဗျ” တော်တော်လေး ညဉ့်နက်လာတော့ ကျုပ်တို့ အိပ်ရာဝင်ကြတယ်ဗျို့။ ကျုပ်ကတော့ ဒီအတွေ့ အကြုံတွေ ရှိပြီးသားဆိုတော့ တွေးမိပြီးသားပေါ့ ဗျာ။ ဒီညအဖို့ ကျုပ်အိပ်ဖို့ စိတ်ကူးမရှိဘူးဗျ။ ဒါနဲ့ အရီးမြရင်ရဲ့ ကျောက်ပြင်နောက်ကျောမှာ မျက်ကွင်းဆေးသွေးပြီး ကွင်းလိမ်းထားလိုက် တယ်။ လေးလေးဆိတ်ဖွားကတော့ နေ့ခင်း ကလည်း စျေးရောင်းနေရတော့ ခေါင်းနဲ့ ခေါင်းအုံးနဲ့ ထိတာနဲ့ အိပ်ပျော်သွားတော့ဗျို့ ဘထွေးအုန်းခိုင်နဲ့အရီးမြရင်တို့လည်း ဟောက်သံတွေထွက်လာပြီပေါ့ဗျာ။ ညသန်းခေါင်ကျော်လောက် ရှိပြီဗျ။
“ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင် ” ဟော ချောင်းဝဘက်က သံချောင်းခေါက်သံဗျို့။ “လိုက်ဟေ့၊ လိုက်ဟေ့၊ ကျွဲပေါက်ကလေး ပါသွားပြီဟေ့” “ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင်” လူတွေ ထွက်လာပြီဗျို့။ ရွာလမ်းပေါ်ကို တုတ်တွေ၊ ဓါးတွေ၊ လှံတွေနဲ့ပေါ့ဗျာ။ ကျုပ်လည်း ရွာလမ်းပေါ်ကို ထွက်လိုက်တယ်။ ကျုပ်က ဘထွေးအုန်းခိုင်တို့ အိမ်ဘေးကပတ်ပြီး အိမ်နောက်ဘက်ကို ပတ်ထွက်တယ်။ နောက် ဘက်က လယ်ကွင်းကြီးက ရိတ်ထားတော့ အဝေးကြီးကို လှမ်းမြင်နေရတာပေါ့ဗျာ။ လရောင်ဖျော့ဖျော့လေးနဲ့ ကြယ်ရောင် မှုန်ပျပျလေးအောက်မှာ လယ်ကွင်းကြီး တမျှော်တခေါ်ကြီးပေါ့ဗျာ။ ဟာ…တွေ့ပြီဗျို့။ တွေ့ပြီ။ မည်းနက်နေတဲ့ အကောင်ကြီးဗျာ။ ကျွဲပေါက်ကို ချိုင်းကြားမှာ ညှပ်ပြီး ပြေး လာတာဗျို့။ ကျွဲပေါက်က ချိုသိပ်မရှည်ဘူးဗျ။ ဒါပေမဲ့ ဇက်ကျိုးပြီး တွဲလောင်းကြီး ကျနေ ပါပြီဗျာ။ မည်းမည်းအကောင်ကြီးက ပြေး လာတော့ ကျွဲပေါက်ရဲ့ခေါင်းကြီးက တွဲ လောင်းကြီးကျပြီး ယမ်းခါနေတော့တာ ပေါ့ဗျာ။ မည်းမည်းအကောင်ကြီးက လရောင်မှုန်ဝါးဝါးလေးအောက်မှာ မြင်ရတာ မည်းနက်နေတာပဲဗျ။ ရွာသားတွေပြောတဲ့ မီးသွေးခဲသရဲဆိုတာ ဒါပဲဖြစ်မယ်ဗျ။ မဲကြီးအင်းက သရဲဦးမဲကြီးလား၊ သူ့သားတွေလားတော့ ကျုပ်မသိဘူးဗျ။ကျုပ် တည့်တည့်ကို ဖြတ်ပြီးပြေးသွားတာဗျို့။အရပ် ကြီးက ဆယ်ပေလောက် ရှိမယ်ဗျ။ မျက်လုံး ကြီးတွေက အကြမ်းပန်းကန်လောက် ရှိမယ် ဗျို့။
နီရဲပြီး ပြူးထွက်နေတာဗျာ။ ဟာ၊ ထိန် ပင်ကြီးအောက်က မည်းမည်းအကောင်ကြီး သုံးကောင် ပြေးထွက်လာပြီဗျို့။ ပြေးလာတဲ့ သရဲကြီးကို ထိန်ပင်အောက်မှာ စောင့်နေတဲ့ သရဲသုံးကောင်က ပြေးကြိုကြတာဗျို့။ ဟော ပြေးကြပြီဗျို့။ မဲကြီးအင်းဘက်ကိုပြေးကြတာဗျာ။ “ကျွဲပေါက်တစ်ကောင် ပါသွားပြီဗျို့” “ဟေ…ဟုတ်လား၊ ကျွဲကို ကြိုးနဲ့ဆွဲသွားတာလား” “ဘယ်ကကျွဲကို ဆွဲသွားရမှာတုံးဗျာ၊ လည်လိမ်ချိုးပြီး ယူသွားတာဗျ။ ဟာ ကျွဲပေါက်တစ်ကောင် မ,ယူသွားတယ် ဆိုတော့ နဲနဲနောနောအကောင်မှ မဟုတ်တာ” “မင်းတို့ မြင်လိုက်လား အောင်တိုး” “မည်းမည်းအကောင်ကြီးပဲ မြင်တာဗျ၊ ကျွဲပေါက်ကို လက်တစ်ဖက်နဲ့ မ,ယူသွားတာ ဖြစ်မယ်ဗျ” “နေပါဦး အောင်တိုးရဲ့၊ ဘယ်သူ့ကျွဲတုံးကွ” “ချောင်းဝက ဦးကုလားကြီးရဲ့ ကျွဲဗျ၊ တင်းကုပ်ထဲကို အတင်းဝင်ဆွဲသွားတာတဲ့ဗျ၊ ကျွဲတွေလန့်ပြီး အော်ကြ ရုန်းကြနဲ့ ဆူညံသွားတာတဲ့ဗျို့” “ဟေ…ကိုကုလားကြီးကျွဲလား၊ ဒုက္ခပါပဲကွာ” ဘကြီးရွှေဒိုးက ရွာလမ်းပေါ်ထွက်လာပြီး မေးစမ်း နေတာဗျ။ ပြန်ပြောပြနေတဲ့ အောင်တိုးဆိုတဲ့ လူ ငယ်က ချောင်းဝဘက်က ပြန်လာပုံရတယ်။ဒီည ဖရဖြူရွာလေး မအိပ်ဝံ့ကြတော့ဘူးပေါ့ဗျာ။ နောက်နေ့ရောက်တော့ ကျုပ်က ဘိုးတော်ကြီးကို ခေါ်ပေးဖို့ ဘထွေးအုန်းခိုင်ကို ပြောလိုက်တယ် ဒီတော့မှ လေးလေးဆိတ်ဖွားက ကျုပ်အကြောင်း ကို ဘထွေးအုန်းခိုင်နဲ့ အရီးမြရင်ကို ပြောပြတာဗျ။
“မောင်တာတေက ငယ်ပေမယ့် ဒီကိစ္စမျိုးမှာ အတွေ့အကြုံတော်တော်များတယ်ဗျ။ တကယ် တော်တဲ့ ဆရာကြီးတွေနဲ့လည်း လိုက်နေကျဆိုတော့ အတွေ့အကြုံအများကြီးရှိတယ်၊ အထူးသဖြင့်တော့ သင်္ချိုင်းစောင့်လို့ပြောကြတဲ့ မဖဲဝါနဲ့ တော်တော်လေး ပတ်သက်နေတယ်။ ဒီတော့ ခင်ဗျားတို့ ဖရဖြူမှာ ကြုံရတဲ့ ကိစ္စကို သူလုပ်ပေးနိုင်တယ်ဗျ” “ဟာ ၊ နေရာကျတာပေါ့ကွာ၊ ခုလို ကြုံတုန်းမှာ ဘထွေးတို့ရွာကို ကူညီခဲ့ပါကွာ” ရွာထဲက ဘိုးတော်ကြီးတွေ ရောက်လာတော့ ကျုပ်က မျက်ကွင်းဆေးကွင်းပြီး ညက ထွက်ကြည့် တဲ့အကြောင်း၊ မီးသွေးခဲလို မည်းနက်ပြီး အရပ် ဆယ်ပေလောက်ရှိတဲ့ ဆံပင်ဖားလျားကြီးချ ထားတဲ့ သရဲကြီးက ကျွဲပေါက်ကလေးကို ချိုင်း ကြားမှာညှပ်ပြီး ယူသွားတဲ့အကြောင်း၊ ထိန်ပင် အောက်မှာ စောင့်နေတဲ့ သရဲသုံးကောင်က ပြေးထွက်လာပြီး ကြိုကြတဲ့အကြောင်း၊ မဲကြီး အင်းဘက်ကို ပြေးသွားတဲ့အကြောင်းတွေ ပြောပြလိုက်တယ်ဗျ။ “ဟာ ဒါဆိုရင် မဲကြီးမိသားစုပဲကွ၊ ဒီသရဲတွေ ဒီအနီးအနားက ရွာတွေကို ဘယ်တော့မှ မနှောင့်ယှက်ဘူးကွ၊ အခု ဘယ်လိုဖြစ်သွား တာတုံး ၊ ဟင် ကိုရွှေဒိုး” “အင်း၊ တစ်ခုခုတော့ အကြောင်းရှိမယ်ဗျ၊ ကိုကံမြင့်ရဲ့၊ ကဲ မောင်တာတေပြောပေတော့၊ ဘကြီးတို့ ဘာလုပ်ပေးရမလဲ” “ကျုပ်ကို ဆန်တစ်ခွက်ချက်ပြီး ကြက်နှစ်ပိဿာ လောက် ဟင်းချက်ပေးပါ၊ ပြီးရင် ညနေ ငါးနာရီမှာ ထမင်းဟင်းတွေကို ငှက်ပျောဖက်နဲ့ ထမင်းထုပ် ထုပ်ပြီး ထမ်းတောင်းလေး ပြင်ပေးပါ ဘိုး” “အေး လုပ်ပေးမယ် မောင်တာတေ၊ နောက်ကော” “ကျုပ်နဲ့ အဖော်လိုက်မယ့်သူနှစ်ယောက် ထည့်ပေးပါဘိုး၊ ကျုပ်က ဖရဖြူသင်္ချိုင်းထဲကို သွားမှာမို့ပါ ” “ဟာ လိုက်ပို့ပေးမှာပေါ့ မောင်တာတေရဲ့၊ ဖရဖြူသင်္ချိုင်းက လှေနဲ့ သွားမှ အဆင်ပြေမှာ၊ နှစ်ယောက် မဟုတ်ဘူး၊ သုံးယောက် လိုက်ပို့ ပေးမယ် ၊ ကဲ ကိုကံမြင့် စံချစ်ကို ခေါ်ဗျာ၊ အားလုံး စီစဉ်လိုက်၊ လိုက်ပို့မယ့် လူငယ် သုံးယောက်လည်း တစ်ခါတည်း ရွေးခိုင်းထား” လေးလေးစံချစ် ရောက်လာပြီး အားလုံးကို စီစဉ်ပေးထားဗျ။
“မောင်တာတေရယ် မင်းက ဟိုညကတည်းက ပြောရောပေါ့ကွာ၊ ဒီသတင်းကြားတော့ လေးလေးက ဝမ်းသာသွားတာကွ၊ ညကျရင် လေးလေးပါ လိုက်မှာကွ” လို့ လေးလေးစံချစ်က ဝမ်းသာအားရ ပြောတာဗျို့။ ညနေငါးနာရီမှာ ထမင်းတောင်း အဆင်သင့်ရောက် လာပြီဗျ။ ကျုပ်နဲ့လိုက်မှာ လေးလေးစံချစ်ရယ်၊ ကိုတင်ဝင်းဆိုတဲ့ လူရယ်၊ ကိုစံဒွန်းဆိုတဲ့ လူရယ်ဗျ။ လှေကတော့ ဘထွေးအုန်းခိုင်ရဲ့ ဗောက်တူလေးနဲ့ပဲသွားကြမှာ။ ကိုတင်ဝင်းနဲ့ ကိုစံဒွန်းက လှော်ကြ မှာပေါ့ဗျာ။ ညခုနှစ်နာရီထိုးထားနဲ့ ကျုပ်တို့ လှေနဲ့ ထွက်ခဲ့ကြတယ်။ ရှစ်နာရီထိုးတော့မှ ဖရဖြူသင်္ချိုင်းကို ရောက်တာဗျ။ သင်္ချိုင်းဆိုပေမယ့် အုတ်ဂူက လေးငါးလုံးပဲ ရှိတာပေါ့ဗျာ။ သူတို့ ဓလေ့က မီးသင်္ဂြု ိဟ်ကြတာ များတယ်တဲ့ဗျ။ ကျုပ်က အုတ်ဂူကြီးကြီး တစ်လုံးပေါ်မှာ ထမင်းပွဲ ပြင်လိုက်တယ်။ ဖယောင်းတိုင် တစ်တိုင်ထွန်းပြီး ထုံးစံအတိုင်း မဖဲဝါကို ပင့်တာပေါ့ဗျာ။ လေးလေးစံချစ်တို့ကတော့ ခပ်လှမ်းလှမ်းက သင်္ချိုင်းဇရပ်ကလေးပေါ်ကနေ ကြည့်နေကြတာဗျ ဟော…လာတယ်ဗျို့။ မဖဲဝါ လာတယ်။ မဖဲဝါကတော့ဗျာ ကျုပ်ဒေသကပင့်ပင့် ရောက်လာတာချည်းပါပဲ။ ကျုပ်ပြင်ထားတဲ့ ထမင်းတွေ ဟင်းတွေကို အားရပါးရစားတော့တာဗျို့။ ဒီတစ်ခါတော့ နက်ကျော်ကြီး ပါမလာဘူးဗျ။
ထမင်းတော်တော်လေး စားပြီးတော့မှ မဖဲဝါက ကျုပ်ကို မျက်လုံးနီနီကြီးတွေနဲ့ လှမ်းကြည့်တယ်ဗျ။ “ဒီလိုပါ မဖဲဝါ၊ ကျုပ်က ထနောင်းကုန်းက လေးလေးဆိတ်ဖွားနဲ့အလည်လိုက်လာတာပါ၊ ကျုပ် ဒီရွာမှာ ရောက်နေတုန်း မဲကြီးအင်းက သရဲမည်းမည်းကြီးတွေ ဖရဖြူရွာကိုဝင်ပြီး ဒုက္ခပေးနေတာနဲ့ ကြုံနေလို့ပါ၊ ညကလည်း ကျွဲပေါက်တစ်ကောင်ကို ဝင်ဆွဲသွားတယ်ဗျ မဖဲဝါရဲ့” “အဲဒါ မဲကြီးကိုယ်တိုင် ဝင်ဆွဲတာ၊ မဲကြီးတို့ မိသားစုက ငါးယောက်ရှိတာ၊ အခု လေးယောက်ပဲ ကျန်တော့တယ်၊ အဲဒါ ဘာဖြစ်လို့ဆိုတာ နင် သိလား တာတေ” “ကျုပ် မသိပါဘူး မဖဲဝါ” “အဲဒီတစ်ကောင် သေသွားတာဟဲ့၊ ဖရဖြူရွာသား ဓါးနဲ့ ခုတ်သတ်လိုက်တာ” “ဗျာ၊ သရဲကို ဓါးနဲ့ခုတ်လို့ ရလို့လား မဖဲဝါ” “တာတေ၊ ခုတ်တာ ရိုးရိုးဓါး မဟုတ်ဘူး၊ ကိုးသင်္ချိုင်းဓါး၊ ဒါကြောင့် မဲကြီးကိုယ်တိုင် ဖရဖြူမှာ သောင်းကျန်းနေတာဟဲ့” “ဟင်၊ ဒါဆိုရင် အဲဒီဓါးက ဘယ်သူ့အိမ်မှာတုံးဗျ” “ချောင်းဝပိုင်းက ဘထွန်းအိမ်မှာ၊ မဲကြီးသား တစ်ယောက်ကို ဘထွန်းကိုယ်တိုင် ခုတ်သတ် ခဲ့တာပေါ့။ ဖရဖြူတစ်ရွာလုံး မဲကြီးတို့ ဒုက္ခ အကြီးအကျယ် ပေးတော့မှာ တာတေ” “ကယ်ပါဦး မဖဲဝါရယ်၊ ဖရဖြူတော့ ဒုက္ခ ရောက်ပါပြီဗျာ” “နင် အဲဒီဓါးကို ယူပြီး ငါ့ လာအပ်၊ မဲကြီးတို့က အဲဒီဓါးကို ကြောက်တာဟဲ့၊ ဒီဓါးက သူတို့အကုန် လုံးကို သတ်ပစ်နိုင်တဲ့ဓါးမှန်း သူတို့ သိသွားပြီး၊ အဲဒီဓါးကိုအပ်မှ မဲကြီးကို ငါပြောပေးလို့ရမယ်။ ဒါတောင် သေချာတာ မဟုတ်ဘူး၊ မဲကြီးတို့က အင်းသရဲတွေဆိုတော့ ငါ့အမိန့်ကို နာခံချင်မှ နာခံမှာ၊ တကယ်လို့ ငါ့အမိန့်ကို မနာခံရင် ငါ့အစ်ကို ကွင်းပိုင်ကို ခေါ်ရမှာဟဲ့ တာတေ” “ကောင်းပါပြီ မဖဲဝါ၊ မနက်ဖြန်ညမှာ ဒီနေရာမှာပဲ ကျုပ် မဖဲဝါကို အဲဒီဓါး အပ်ပါမယ် ” စားသောက်ပြီးတော့ မဖဲဝါ ပြန်သွားတယ် ကျုပ်တို့လည်း လှေနဲ့ပြန်လာခဲ့ကြတယ်ဗျ။ အိမ်မှာစောင့်နေတဲ့ လူကြီးတွေကို ကျုပ်က အကျိုးအကြောင်း ပြန်ပြောပြလိုက်တယ်။ နောက်နေ့ မနက်စောစော လူကြီးတွေနဲ့ ကျုပ်နဲ့ ချောင်းဝမှာနေတဲ့ ကိုဘထွန်း ဆိုတဲ့လူရဲ့ အိမ်ကို လှေနဲ့ လာခဲ့ကြတယ်။ ကိုဘထွန်းကို လူကြီးတွေက မေးကြတယ်။ သူတို့ရွာရဲ့သူကြီးနဲ့ ဆယ်အိမ်ခေါင်းတွေလည်း ပါလာတာဗျ။ သူကြီးက ဦးထွန်းမောင်တဲ့။
“ဘထွန်း၊ မင်း မဲကြီးအင်းက သရဲကို ဓါးနဲ့ ခုတ်သတ်ခဲ့တယ်ဆို ဟုတ်လား” လို့ သူကြီး ဦးထွန်းမောင်က မေးရောဗျို့ “ဓါးနဲ့ခုတ်ခဲ့တာတော့ ဟုတ်တယ် သူကြီး၊ သေသလား မသေဘူးလား ဆိုတာတော့ ကျုပ် မသိဘူးဗျ” “သေသွားတယ် ဘထွန်း၊အဲဒါ မဲကြီးအင်းက သရဲမဲကြီးမိသားစုထဲက တစ်ယောက်ပဲကွ” “ဒီကောင်က ကျုပ်အမဲသားတွဲကို လိုက်လုတာ သူကြီရဲ့၊ ကျုပ်က ကြီးပင်စုမှာ ဆုံသားရလို့ အမဲသား သွားဝယ်ပြီး ပြန်လာတာ၊ ဒီကောင်ကမဲကြီးအင်းကနေ ထွက်လိုက်တာဗျ။ ကျုပ်လည်းလက်ထဲက အဆင်သင့်ပါသွားတဲ့ ဓါးနဲ့ သုံးချက် ဆင့်ခုတ်ခဲ့တယ်။ ဒီသရဲ လဲကျပြီး ပျောက်သွား တယ်ဗျ။ သေတာ ရှင်တာတော့ ကျုပ်မသိဘူး” “အေး၊ အဲဒီဓါး သွားယူစမ်း ဘထွန်း” ကိုဘထွန်းဆိုတဲ့လူက ခေါင်းရင်းထရံမှာ ထိုးထားတဲ့ ဓါးရှည်ကို ဆွဲနှုတ်ပြီး ယူလာတယ်ဗျ သူကြီးက ကိုဘထွန်း ပေးတဲ့ ဓါးရှည်ကို လက်ထဲ မှာ ကိုင်ကြည့်နေတယ်ဗျ။ “ဘထွန်း၊ ဒီဓါးက ဘာဓါးတုံး သိလား” “ငှက်ကြီးတောင်ဓါးလေ သူကြီးရဲ့” “ဟာ…ဒီကောင်၊ ငှက်ကြီးတောင်ဓါးမှန်းတော့ ငါလည်း သိတာပေါ့ကွ၊ ဘာအစီအရင်တွေ လုပ် ထားတဲ့ ဓါးလဲလို့ မေးတာကွ” ” ဟာ…ဘာမှလုပ်မထားပါဘူး သူကြီးရဲ့၊ ဒီဓါးက ကျုပ်ဘထွေး ဦးမွှေး ရှိစဉ်ကတည်းက ကိုင်ခဲ့တဲ့ ဓါးပါ” “မင်းဘထွေး ဦးမွှေးက ဒီဓါးကို သူကိုယ်တိုင် အပ်တာလား၊ ဝယ်လာတာလား ဘထွန်း” “ဟာ ဝယ်လာတာဗျ ရှေးဟောင်းပစ္စည်းဆိုပြီး စျေးကြီးပေးဝယ်လာတာလို့ ပြောတာပဲ” “အင်း …ဒါဆိုရင် မင်းမသိတာ သေချာတယ် ဘထွန်းရ” “မင်း ဒီဓါးနဲ့ ခုတ်လိုက်လို့ သရဲ သေသွားတယ်ဆိုတာ ဘာကြောင့်လဲ မင်းသိလား ဘထွန်း” “ကျုပ်ခုတ်လိုက်တဲ့ ဓါးချက်ပြင်းသွားလို့ဖြစ်မှာပေါ့ သူကြီးရယ်၊
ကျုပ်ခုတ်တာ လူမှမဟုတ်တာ၊ လူသတ်မှုတော့ မဖြစ်လောက်ပါဘူးနော် သူကြီး” “မင်းခုတ်တဲ့ ဓါးချက်ပြင်းလို့ သရဲသေတာ မဟုတ်ဘူးကွ ဘထွန်းရ၊ ဟောဒီ ဓါးက ကိုးသင်္ချိုင်းဓါး ဖြစ်နေလို့ကွ” “ဗျာ၊ ကိုးသင်္ချိုင်းဓါး ဟုတ်လား သူကြီး၊ နေပါဦးဗျ သူကြီးရဲ့၊ ဒီဓါးဟာ ကိုးသင်္ချိုင်းဓါး ဆိုတာ သူကြီး ဘယ်လိုလုပ် သိတာလဲ” ဒီတော့မှ သူကြီးက ကျုပ်အကြောင်းကို ပြောပြပြီး မဖဲဝါဆီကိုပင့်ပြီး မေးရတဲ့အကြောင်း ကနေ ဒီည ဟောဒီဓါးကို မဖဲဝါဆီအပ်မှ မဲကြီးတို့ ရန်က အေးမယ့်အကြောင်း ၊ မအပ်ရင် ဖရဖြူ တစ်ရွာလုံး ဒုက္ခရောက်တော့မယ်အကြောင်းအထိ ပြောပြလိုက်တယ်ဗျ။ ကိုဘထွန်းကသူ့ဓါးဟာ ကိုသင်္ချိုင်းဓါးမှန်းလည်း သိရော သူကြီးကို မအပ်တော့ဘူးဗျ။ ပါသွားတဲ့ လူကြီးတွေက ဝိုင်းပြောကြရတာပေါ့ဗျာ။ “အခု ကိစ္စက တစ်ရွာလုံးနဲ့ ဆိုင်တဲ့ကိစ္စ ဖြစ်နေပြီ ဘထွန်းရဲ့၊ ဒီအချိန်မှာ ကိုယ်ကျိုး ကို ကြည့်လို့ မဖြစ်တော့ဘူးကွ၊ မင်း ဓါးကို အပ်လိုက်မှ ရန်ကအေးမှာ” “ဒီလိုလုပ်ဗျာ၊ ကျုပ် ဓါးကိုတော့ မအပ်ဘူး။ အဲဒီမဲကြီးတို့မိသားသူတွေ အကုန်လုံးကို ကျုပ်သွားသတ်မယ်၊ ဒါဆိုရင်လည်း ကျုပ်တို့ရွာ ရန်အေးမှာပဲ မဟုတ်လား သူကြီး” “ဟာ…မဟုတ်တာ ဘထွန်းရယ်၊ မင်း အသက်ပါ ဆုံးရှုံးသွားလိမ့်မယ် သိလား ဒီဓါးကို အပ်လိုက်ပါကွာ” တော်တော်ကို ပြောယူရတယ်ဗျို့။ နောက်ဆုံးတော့ ကိုဘထွန်းရဲ့မိန်းမ မသိန်းကြည်ကပါ ဝင်ပြောတော့မှ ကိုဘထွန်းတစ်ယောက် လက်လျှော့ပြီး ဓါးကို သူကြီး လက် အပ်လိုက်တာဗျို့။ အဲဒီညမှာပဲ ကျုပ်က ကိုးသင်္ချိုင်းဓါးကို မဖဲဝါလက်အပ်လိုက်တယ်။
မဖဲဝါက နောက်နေ့ညမှာ မဲကြီးတို့ကို အသား ကျွေးပြီး တောင်းပန်ဖို့ ပြောတယ်။ သူကြီးနဲ့ရွာကလူကြီးတွေက အမဲသား ငါးပိဿာချက် ပေးပြီး ထမင်းထုပ် လေးထုပ် ထုပ်ပေးတယ်။ ကျုပ်နဲ့အတူတူ ရွာသားငါးယောက် လိုက်လာပြီး မဲကြီးအင်းကို ညနေ နေဝင်ရီတရော သွားပြီးကျွေးကြတယ်။ ပြီးတော့ ကျုပ်က ဦးဆောင်ပြီး မဲကြီးကို တောင်းပန်တယ်ဗျ။ ကျုပ်က မျက်ကွင်းဆေး ကွင်းထားတော့ သရဲကြီးတွေ လေးကောင်လုံး မြင်နေရတာဗျ။ တကယ့်အရိုင်းအစိုင်းကြီးတွေပါဗျာ။ လေးကောင် လုံး မည်းနက်ပြီး ဆံပင်ဖားလျားကြီးတွေနဲ့ဗျ။ သရဲမဲကြီးက အကောင်အထည် အကြီးဆုံးပဲဗျ။ ကျုပ်တို့ကျွေးတဲ့ ထမင်းတွေ ဟင်းတွေကို အား ရပါးစားကြသောက်ကြတာဗျို့။ မိုးချုပ်တော့ ဖရဖြူရွာသားတွေလည်း ကြောက်လာကြပြီဗျ။ ကျုပ်ကတော့ မဖဲဝါကို စောင့်နေရတာပေါ့ဗျာ။ “ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ” ဟော…နက်ကျော်ကြီးအသံ ကြားတယ်ဗျို့။ ဒီတစ်ခါတော့ နက်ကျော်ကြီးပါ ပါလာတာဗျ။ အသံက တဖြည်းဖြည်း နီးလာပြီဗျို့။ ဟောလာပြီဗျို့။ လာပြီ။ မဖဲဝါ လာနေပြီဗျို့။ မဲကြီး အင်းရေပြင်ကြီးပေါ်က ရှပ်ပြီးရွေ့လာတာဗျာနက်ကျော်ကြီးကလည်း ရေပေါ်မှာ ပြေးလာတာဗျ။ နဲတဲ့အကောင်ကြီး မဟုတ်ပါဘူးဗျာ နွားပေါက်တစ်ကောင်လောက်ကို ရှိတာဗျ။မဲကြီးတို့လေးကောင် မဖဲဝါကို တွေ့တော့စားတာကို ရပ်ပြီး ကြည့်နေကြတယ်။ “မဲကြီး၊ သူတို့ ငါ့ကို ကိုးသင်္ချိုင်းဓါးအပ်ပြီ၊ ဟောဒီမှာ၊ သူတို့ရွာကို သွားပြီးမနှောင့်ယှက်နဲ့တော့” “ဝူး၊ အီး၊ ဝူး” မဲကြီးက မဖဲဝါကို ဒေါသတကြီးနဲ့ ပြန်အော် ပြောနေတာဗျ။ ဘာပြောမှန်းတော့ ကျုပ်မသိဘူး။ “နင် ငါ့စကားကိုး နားမထောင်ရင် ငါ့အစ်ကို ကွင်းပိုင်ကို ခေါ်လိုက်မယ်” ဒီတော့မှ မဲကြီး ငြိမ်သွားတာဗျို့။
မဖဲဝါကို ဝူးဝူးဝါးဝါးနဲ့ ပြန်မအော်တော့ဘူးဗျ “ကဲ မဲကြီး၊ ဖရဖြူကို ဘာမှမလုပ်ဘူးလို့ နင် ကတိပေးမလား” မဲကြီးက သူ့ခေါင်းက ဆံပင်ပွပွကြီးတွေ ခါသွားအောင် ခေါင်းညိတ်ပြတယ်ဗျ။ “တာတေ၊ နင်တို့ ပြန်တော့ ” ကျုပ်တို့ကို မဲကြီး တစ်ခုခုလုပ်မှာစိုးလို့ ထင် တယ်ဗျ။ မဖဲဝါက စောင့်ကြည့်နေတာ။ ကျုပ် တို့လည်း သုတ်ချေတင်ကြရတော့တာပေါ့ဗျာ။ ကျုပ်တို့ကို ရွာကလူကြီးတွေ စောင့်နေကြတာဗျ။ “ဘယ်လိုတုံး မောင်တာတေ” ဘိုးရွှေဒိုးကြီးက ဆီးမေးတာဗျို့။ “အဆင်ပြေသွားပြီ ဘိုးရေ၊ ပထမတော့ မဲကြီးက ပေကပ်ကပ် လုပ်နေသေးတာ၊ နောက်မှ မဖဲဝါက သူ့အစ်ကို ကွင်းပိုင်းကြီးကို ခေါ်လိုက်မယ်လို့ပြောတော့မှ ငြိမ်သွားပြီး ကတိပေးတာဗျ” “တော်ပါသေးရဲ့ကွာ၊ အခု ကျွဲသတ်တဲ့အဆင့် ရောက်ပြီလေ၊ နောက်ဆိုရင် လူသတ်တော့မှာ ပေါ့ကွာ။
ကျေးဇူးတင်ပါတယ် မောင်တာတေရယ်” ဘိုးရွှေဒိုးက ကျေးဇူးတင်ကြောင်း ပြောတော့ ကျန်တဲ့ လူကြီးတွေကလည်း ပြောကြတယ်ဗျ အဲဒီညကစပြီး ဖရဖြူ တစ်ရွာလုံး အေးချမ်းသွားတော့တာပေါ့ဗျာ။ ဒါပေမဲ့ ကိုးသင်္ချိုင်း ဓါးအကြောင်းနဲ့ သရဲကို ဓါးနဲ့ခုတ်သတ်တဲ့ ကိုဘထွန်းကတော့ ဖရဖြူရွာမှာ ကျော်ကြား တဲ့လူ တစ်ယောက် ဖြစ်သွားရောဗျို့။ လေးလေးဆိတ်ဖွားလည်း မဲကြီးအင်းကပဲလိုအပ်တဲ့ ငါးပိ၊ ငါးခြောက်တွေ ဝယ်ခြမ်းပြီးကျုပ်တို့နှစ်ယောက် အညာကို ပြန်ခဲ့ကြတာပေါ့ဗျာ။ ထနောင်းကုန်းကို ပြန်ရောက်တော့အမေနဲ့ အဘက ကျုပ်ကို မျှော်လို့ဗျ။ ပြီးပါပြီခဗ်ာ ဝိညာဉ်နှုတ်တဲ့ မဖဲဝါ စာအုပ်မှ ကောက်နုတ်ထားသည် စာဖတျပရိတ်သတ်များအားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ။ ဤဝတ္တုလေးအား ကြိုက်နှစ်သက်တယ်ဆိုရင် like and share လေးနဲ့ အားပေးသွားပါအုံးဗျာ။





