မဖဲဝါရဲ့ကျောက်ရုပ်
မူရင်းရေးသားသူ – ဆရာတာတေ
အညာမိုးကတော့ ကျိုးတိုးကျဲတဲပါဗျာ။ နှမ်းကြဲတဲ့ အချိန်မှာ မိုးကလေးတဖြိုက်လောက်ရွာရင် ကျုပ်တို့ တောင်သူတွေ လွှတ်ပျော်ကြတာဗျ။ နှမ်းပင်လေးတွေ ထလာတဲ့ အချိန်မှာ မိုးတဖြိုက် နှစ်ဖြိုက် ရွာလို့ကတော့ အညာသား လက်ခမောင်းခတ်တော့တာပေါ့ဗျာ။ ပေါင်းရှင်းကြ နွားချေးပက်ကြ လချေးပက်ကြ မျှော်လင့်ချက်ကိုယ်စီနဲ့ ကျုံးရုန်းလုပ်ကြတာဗျို့။ အညာသားဆိုတော့ နွားနဲ့အတူရုန်းကြတယ်လို့သာ ပြောတာဗျ။ တကယ်တော့ နွား နားသွားလည်း အညာသားက မနားရသေးဘူး။ ပေါင်းနူတ်ရ မြေဆီပတ်ရ ပိုးသတ်ဆေးဖြန်းရနဲ့ ကိုယ့်ယာကို မှန်ကြည့်သလို တစိမ့်စိမ့်ကြည့်နေရတာဗျို့။ တနေကုန် ပင်ပန်းတော့လည်း အိမ်ရောက်ရင် ဘယ်မှမသွား ကြတော့ဘူဗျ။ ငြိမ်ပြီး နားကျတာပေါ့ဗျာ။
” အမေ အဘရော ဘယ်သွားတုံး” ညနေ အိမ်ရောက်တော့ အဘကို မတွေ့လို့ မေးလိုက်တာဗျ။ ” နင့် အဘလား ရွှေတောင်ဦးဘုရား ဂေါပက အစည်းဝေးရှိလို့ ဆိုပြီး သွားလေရဲ့ တာတေရေ ” “ဟင် ဟုတ်လား” အစည်းဝေးက ဘယ်မှာတုံး” “ရွာဦးကျောင်းမှာလေ” ဆရာတော်တွေပါ ပါတယ်ဟဲ့” ” ဘာကိစ္စ အစည်းဝေးမှာတုံး အမေရဲ့” “ဟဲ့ ဒါတော့ ငါ လည်း မသိဘူး တာတေရဲ့ နင့် အဘပြန်လာမှသာ မေးကြည့် ပေတော့ ဟေ ” အဘကို အမေ နဲ့ ကျုပ်က ထမင်းစားစောင့်နေကြတာဗျ။ ညနေ မိုးချုပ်စ ရောက်မှ အဘက ပြန်လာတယ် ။ ထမင်းဝိုင်းက ပြင်ထားပီးသားဆုတော့ အဘလည်း ဆာဆာနဲ့ ဝင်စားတာပေါ့ဗျာ။ ထမင်းစားရင်း ကျုပ်တို့ စကားပြောကြတယ်။ ” ရွာဦးကျောင်းမှာဟဘာ အစည်းဝေးလုပ်တာတုံးအဘရဲ့ ” ကျုပ် အဘကို မေးလိုက်တာဗျ။ ” တော့်သသားက ကျုပ်ကို မေးနေတာ အဘတို့ ဘာအစည်းတုံး တဲ့ ငါ မသိဘူး နင့် အဘ ပြန်လာမှသာ မေးကြည့်ပေတော့လို့ ပြောထားတာတော့ ကိုဥာဏ်ရဲ့” အဘက ပြောတယ် ။ ” ရွာတောင်ဦးဘုရား မုခ်ဦးမှာ အရုပ်ထုဖို့တဲ့ လူလေးရာ” တချို့က ခြင်္သေ့ရုပ် ထုစေချင်တယ် တချို့က ဘီလူးရုပ်ထုစေချင် တယ်ကွ”‘ ” ဘီလူးရုပ်ကြီးတော့ မကောင်းပါဘူးတော်” အမေက ဝင်ပြောတာဗျ။ ကျုပ်ကတော့ ဘာမှ မပြောပဲ နားထောင် နေတာဗျ။
“‘အေး နင့်လိုပဲ ငွေစိန်ရဲ့” တချို့က ဘီလူးရုပ်ကြီး မကောင်းပါဘူးလို့ ပြောတယ် တချို့ကလည်း ခြင်္သေရုပ်ကြီးတွေက ရိုးနေပါပြီလို့ ပြောကြတယ်။ အဲ့ဒီ အထဲမှာ အရှေပိုင်းမှာ နေတဲ့ ဘိုးတော်စိန်လို့ ခေါ်တဲ့ ကိုမောင်စိန်ပြောတာကတော့ တော်တော်လေး ထူးခြားတယ် ငွေစိန် ရဲ့” ~~~~~~~~~~~~~ ” ဟင် ဘိုးတော်စိန်က ဘာပြောလို့တုံး” ဒီလူကြီးကလည်း နူတ်ခမ်းမွှေးကြီးတွေ မူတ်ဆိတ်မွေးအရှည်ကြီးတွေထားပြီး အညို အဝတ်ကြီး အမြဲဝတ်ထားတာ။သူကိုယ်သူ ထွက်ရပ်ပေါက် ပုဂ္ဂိုလ် လိုလို ဘာလိုလို ပုံဖမ်းနေတဲ့ လူကြီးလေ။ ဘာတွေများ မဟုတ်က ဟုတ်ကတွေ ပြောလို့တုံး တော့် ကိုဥာဏ် ရဲ့ ” ” ဒီဟိုဟေ့ သူငယ်ငယ်တုန်းက နေခဲ့တဲ့မြို့မှာ ဆုတောင်းပြည့် စေတီဆိုတာ ရှိတယ်တဲ့ စေတီက ရှေးဘုရင်တပါးတည်သွားတာ ဆိုပဲ တန်ခိုးကြီးသတဲ့ဟေ။ အဲ့ဒီ ဘုရားရဲ့ လေးဖက်လေးတန်မှာ ဘီလူးရုပ် တရုပ် ရှိတယ်တဲ့ အဲ့ဒီ ဘီလူးရုပ်တွေရဲ့ အောက်မှာ လည်း ဘီလူးနာမည်တွေ ရေးထားတာ ဆိုပဲ။အဲ့ဒီ ဘီလူးလေးကောင်ထဲမှာ တောင် အရပ်က ဘီလူးရုပ်ကြီးက တခါတလေ ပျောက်နေတတ်သတဲ့” ” ဘာ ဘီလူးရုပ်ကြီးက ပျောက်သွားတယ် ဟုတ်လား ” ဒါ့ကြောင့် ကျုပ် ပြောတာ ဘိုးတော်စိန် ပြောရင် အဲ့ဒီဇာတ်လမ်း အထူးအဆန်းတွေချည်းပဲ တာတေရေ” ကျုပ်ကတော့ အဘ ပြန်ပြောတာကို တော်တော်လေးစိတ်ဝင်စား သွားတယ်ဗျို့။ အမေဖြတ်ပြောတော့ နားတောင်ရတာတောင် အရှိန်ပျက်သွားတာဗျ။
” အေး အဲ့ဒီဘီလူး ပျောက်ပျောက်နေတာကို တဖြည်းဖြည်း လူတွေသိလာကျရောတဲ့ဟေ ဒါနဲ့ ဘုရားမှာ အလှည့်ကျစောင့်ပြီး ဘီလူးကို အကဲခတ်နေကြသတဲ့။တနေ့ကျတော့ ဘိုးတော် စိန်နဲ့ သူ့ သူငယ်ချင်း နှစ်ယောက် စောင့်ရတဲ့ အလှည့်မှာ ဘီလူးရုပ်က ပျောက်သွားရောတဲ့ဟေ့။ ဒါနဲ့ သူတို့ သုံးယောက်ပုန်းပြီး ဘီလူး ဘယ်လို ပြန်ပေါ်လာမလဲဆိုတာ ကြည့်ကြသတဲ့ မနက်မိုးလင်းကာ နီးတော့ တောင်ဘက်စောင်းတန်းကနေပြီး လူတယောက် ဘုရားပေါ် ရောက်လာရောတဲ့ဟေ့ ဒီလူက ဟိုကြည့် ဒီကြည့်နဲ့ လုပ်နေတာတဲ့ ဘိုးတော် စိန်တို့ကလည်း ၁၄နှစ် ၁၅နှစ် အရွယ်တွေဆိုတော့ လွှတ်စပ်စုချင်ကြတာပေါ့။ ပုန်းပြီးတော့ သေသေချာချာ ကြည့်နေတာတဲ့။ အဲ့ဒီလူရဲ့ မျက်လုံး ကြီးတွေက ရဲပြီး ပြူးထွက်နေတာဆိုပဲ။ ပါးစပ်ကလည်း ပြဲပြဲကြီးတဲ့ ပါးစပ်မှာလည်း သွေးတွေပေလို့တဲ့ သေသေချာချာကြည့်တော့မှ ပါးစပ်ထဲကနေ ဘေးကို အစွယ်တွေထွက်နေတာတဲ့ဟေ။ ဘိုးတော် စိတ်တို့ သူငယ်ချင်းသုံးယောက်လည်း လှူပ်တောင် မလှုပ်ရဲကြတော့ဘဲ တကိုယ်လုံး တောင် တောင့်တောင့်ကြီး ဖြစ်သွားကြတာတဲ့ဟေ့။
~~~~~~~~~~ အဲ့ဒီမျက်လုံးနီနီကြီးနဲ့ အစွယ်တွေဖွေးနေတဲ့ လူကြီးက ဘီလူးရုပ် ကြီး ရှိတဲ့နေရာကို လှမ်းတက်ပြီး ထိုင်ချလိုက်တာ တခါတည်း ဘီလူးရုပ်ကြီး ဖြစ်သွားရောတဲ့ ငွေစိန်ရေ။ ဒီတော့မှ ဘိုးတော်စိန် တို့ သုံးယောက်လည်း အိမ်ကိုပြန်ချလာတာတဲ့ ဟေ့။ ” ဘီလူးကြီး ပြန်ရောက်လာတော့ ပါးစပ်မှာ သွေးတွေပေနေတယ် ဆိုတာ ဘာသဘောတုံး အဘရ ” ကျုပ်ကလည်း စိတ်ဝင်စားစရာရှိရင် အောင့်မထားတတ်ဘူးဗျ။ “ဒီလိုကွ ဘိုးတော်စိန် ဆင်ခြေဖုံးရွာလေးတွေမှာ ဆိတ်ကို စီးပွားဖြစ်မွေးကြတာတဲ့ လူလေးရ။ ဘီလူးက အဲ့ ဆိတ်တွေကို သွေး သွားသွားပြီး စုပ်တာတဲ့ ဟေ့။ နောက်မှ အနီးနားက ရွာတွေ က သူတို့ဆိတ်တွေ ဘာကောင် ကိုက်တာလဲ မသိဘူး တညကို တစ်ကောင် နှစ်ကောင် သေနေတယ်ဆိုပြီး သတင်းထွက်လာတာ တဲ့ကွ။ “‘ဟင် နောက်တော့ ဘာဆက်ဖြစ်သေးတုံး အဘရဲ့ ” “ဘိုးတော်စိန် ပြောတာတော့ အထက်ပုဂ္ဂိုလ်ကြီးတပါး ကြွလာပြီး အရုပ်မှာ ကပ်နေတဲ့ ဘီလူးဝိညာဉ်ကို မောင်းထုတ်ပစ်လိုက်ရ တယ်ဆိုပဲ။ ” ဘိုးတော် စိန်နဲ့ တွေ့လို့ကတော့ အထူးအဆန်းတွေကြီး ကြားရ မှာပဲ ကိုဥာဏ်ရေ ” ” အမေကတော့ ဘိုးတော်စိန် ပြောတာတွေကို အယုံအကြည် သိပ်မရှိတဲ့ ပုံပဲဗျ။
“‘ငွေစိန်ရယ် ဘိုးတော် စိန်က တနေ့ တနေ့ ပုတီးစိပ် တရားထိုင် နေတဲ့လူဟဲ့ မဟုတ်တာတော့ ပြောမှာ မဟုတ်ပါဘူး ဟယ် ဒီလောကကြီးမှာ နင်တို့ ငါတို့ မသိတာတွေ အများကြီး ရှိတယ် ငွေစိန်ရဲ့ ကိုယ်ဥာဏ် မမှီတဲ့ ကိစ္စတွေလည်း အများကြီး ပေါ့ အဘ ပြောလိုက်တော့ အမေက ဘာမှ ထပ်မပြောတော့ပဲ ငြိမ်ပြီး နားထောင်နေတယ်ဗျ။ ” ပြောလက်စနဲ့ ပြောရဦးမယ် ငါ ဆယ်နှစ်သား ဆယ့်နှစ်နှစ် သားလောက်တုံးက ဇော်ဂျီရုပ်လေးတရုပ် ကောက်ရဖူးတယ်။ တွေ့တာတော့ မြို့သွားတဲ့ လမ်းမှာ တွေ့တာပဲ ဆရာတယောက် ယောက် ကျ ကျန်ခဲ့လား မသိဘူး လူလေးရဲ့” ဇော်ဂျီရုပ်လေးကို ထုထားတဲ့ လက်ရာက တယ်မြောက်တာကိုးကွဲ့ နူတ်ခမ်းမွေးကားကား မူတ်ဆိတ်မွေးနဲ့ ပါးစပ်ကပြုံးနေပြီး မျက်လုံးလေးတွေဆိုတာ တကယ် အသက်ဝင်နေသလား မှတ်ရတယ်။ ပန်းပု ဆရာက ပန်းချီလဲ တော်တော်နိုင်တာကွ တောင်ဝှေးလေးထောက်ပြီး မတ်တပ်ရပ်နေတဲ့ ပုံလေး လူလေးရ။ ငါလည်း အရုပ်လေးကို သဘောကျတာနဲ့ ကောက်ယူလာခဲ့တာပေါ့ ကြာ။ အရုပ်ကလေးကို ဘယ်လောက်သဘောကျသလဲဆိုရင် ညအိပ်ရင် တောင် အိပ်ယာထဲမှာ ထားအိပ်တာကွ ။ နောက်တော့ ငါ့ကို အိပ်မက်ပေးတယ်ဟေ။ ” တော့် အရုပ်က တော့်ကို အိပ်မက်ပေးတာလား ” အမေက ဝင်ပီး မေးလိုက်တာဗျ။
အဘက ငှဲ့ထားတဲ့ ရေနွေးကြမ်း ပန်ကန်ကို “ဖူး ” ကနဲ တချက်တည်းစုပ်သောက်ပြီး မော့ချလိုက် တယ်။ “‘ဒါပဲ ဖြစ်မှာပေါ့ ငွေစိန်ရယ် ” ” ကိုဥာဏ်ရယ် ဇော်ဂျီကတော့ တော့်ကို အိပ်မက် လာပေးမလား တော် ” ” အေး ဒါကြောင့် ပြောတာပေါ့ ငွေစိန်ရဲ့ ” လောကမှာ ကိုယ်မသိ တဲ့ အကြောင်းတွေ အများကြီးပါလို့ ကဲ ငါ ပြောတာလည်း နင် ဆုံးအောင် နာထောင်စမ်းပါဦးဟယ် ” ” ပြောပါ အဘရဲ့ ” ဆက် ပြောစမ်းပါ ကျုပ် တော် တော်လေး စိတ်ဝင်စားသွားပြီ ဗျ။ အဘကို ဘယ်လို အိပ်မက်ပေးတာလဲ ” အောင်မလေးတော် ကိုစပ်စုတို့ သားအဖကတော့ လိုက်လည်း လိုက်ပါပေရဲ့ တကယ်တော့ တော့်သားက တော့်ကို တူတာ ” ကိုဥာဏ်ရဲ့ အင်မတန် စပ်စုချင်တာလေ ” ” အဘက အမေ့ကို ဘာမှပြန်မပြောတော့ပဲ ကျုပ်ကို ဆက်ပြော ပြတယ်ဗျ။ ” အိပ်မက်က ဒီလိုကွ လူလေးရ ” ဟဲ့ ငဥာဏ် အိပ်မနေနဲ့ ထ ” နင့်ကို ငါ ရွှေအိုးပေးမလို့ဆိုပြီး ငါ့ကို နိူးတာကွ ” ငါက နိုးသွားပီး ပြန်အိပ်တာပေါ့ကွာ ။ ဟဲ့ ငဥာဏ် အိပ်မနေ နဲ့ နင့်ကို ငါ ရွှေအိုးပေးမလို့ဆိုပြီး ” နိူးပြန်ရော ဟေ့ ” တညကို သုံးခါ အမြဲ နိူးတယ်ကွ” ဒါနဲ့ ငါလည်း တညမှာ အိပ်ဟာထဲ ဝင်တော့ ဇော်ဂျီရုပ်ကို ကိုင်ပီး ” နိူးချည်မနေနဲ့ အိပ်ရေးပျက် တယ် ဘယ်မှာသွားတူးရမလဲ တိတိကျကျ ပြောလို့ ပြောလိုက် တော့ ငါ့ကို အိပ်မက်ထပ်ပေးတယ်ကွ ” “အခု့ ထ ပေါက်တူးယူပြီး ငါ့ နောက်က လိုက်ခဲ့လို့ အိမ်မက် ပေးပြန်ရောဟေ။
ဒါနဲ့ ငါလည်း အဆင်သင့်ရှိတဲ့ ပေါက်တူးကို ယူပြီး အပြင်ကို တခါးဖွင့်ထွက်လိုက်တယ်။ အိမ်သားတွေကတော့ အိပ်ပျော်နေကျတာပေါ့ ကွာ ငါ့ ရှေမနီး နဝေးကနေ အရိပ်လိုလို လူလိုလို ပုံစံတခု့ သွားနေတာဟေ့။ ~~~~~~~~~~~~~~~~~~~~ ငါလည်း ပေါက်တူးထမ်းပြီး လိုက်တာပေါ့ ။ သူက ရွာပြင်ကု ထွက်သွားတယ် ငါလည်း ရွာအပြင်ကို ထွက်လိုက်တာပဲ ငါ့ကို ဘိုးလူနီတို့ ယာထဲ ခေါ်သွားတယ် ငါကလည်း ပေါက်တူးထမ်းပြီး လိုက်တာပဲဟေ။ ယာထဲက သမုန်းပင်ကြီးအောက် ရောက်တော့ မည်းမည်းအရိပ်က ခဏရပ်နေတယ်။ ပြီးတော့ ဖျက်ကနဲ ပျောက်သွားရောဟေ့။ ငါလည်း အဲ့ဒီနေရာကို ပေါက်တူးနဲ့ တူးတာပေါ့ကွာ တော်တော်လေး တူးမိတော့ သွားတွေ့တာတာပဲ ဟေ” ” ဟာ အဘတွေ့တာ ရွှေအိုးကြီးလားဗျ ” ကျုပ်က တအံ့တသြမေးလိုက်တယ်ဗျို့ ” ” ဘယ်က ရွှေအိုးရမှာလဲ ကွာ ” ” ဟင် ဒါဆိုရင် ဘာကို တွေ့တာတုံး” ” လူသေကောင်ကြီးကွ ” ” ဗျာ လူသေကောင်ကြီး ဟုတ်လား အဘ ” ” ဟုတ်ပါ့ ဗျာ ” ယောက်ျား အလောင်းကွ ” ငါ တူးရင်းနဲ့ မျက်နှာကြီး ပေါ်လာတာ လရောင်အောက်မှာ အထင်း သားကြီး ကွာ နူတ်ခမ်းတွေကို တိုတက်နေပြီး သွားကြီးစိလို့ကွာ ” ” ဟာ ဒီတော့ အဘ ဘာလုပ်တုံး ” ” ဟ ဘာလုပ်ရမှာတုံးဟလူလေးရ ” ‘ ပြေးတာပေါ့ကွ” “‘ဟာ အဘ တော်တော် ကြောက်သွားလား ” ” ကြောက်တာမှ ခေါင်းက ဆံပင်တွေတောင် အပေါ်ကို ထောင် ကုန်တာဟေ့ ။
တကိုယ်လုံး ကြက်သီးတွေ ထလိုက်တာမှ မပြောပါနဲ့တော့ကွာ ပေါက်တူးကိုင်ပြီး အိမ်ကို စွတ်ပြေးတာ အိမ်ရောက်တော့ အမောဆို့ပြီး အသက်တောင် မရှုနိုင်ဘူး လူလေးရ။ “‘ကံကောင်းလို့ အမောဆို့ပီး မသေတာဟေ” ” အဘ ဒီဇော်ဂျီရုပ်ကို ဘာပြောလိုက်တုံး ” ” ဘာမှ မပြောဘူးဟေ့ အိမ်ပေါ်တက်ပြီး အိပ်ယာထဲက ဇော်ဂျီ ရုပ်ကို ဝိုင်းထဲ ယူလာပြီး ချက်ချင်း မီးနဲ့ ရှို့ပြစ်လိုက်ရော လူလေးရေ” ” အဘတွေ့ခဲ့တဲ့ လူသေကောင်ကြီးကို ရွာသားတွေ မတွေ့ကြဘူးလား ” “‘နောက်နေ့ မနက်စောစော ရွာသားတွေ ယာထဲမဆင်းခင် ငါ သွားကြည့်တော့ ဘာမှ မတွေ့ဘူးကွ ” ” ငါ တူးထား တဲ့ အရာတောင် မရှိဘူး ” ဟာ ဟုတ်လား အဘ ” ” ငါ့ကို သရဲက နောက်တာပါကွာ ” ” သရဲ ဟုတ်လား အဘ ” ဇော်ဂျီ မဟုတ်ဘူးလား ” “‘ဘယ်က ဇော်ဂျီ ဟုတ်မလည်း လူလေးရဲ့ ” အရုပ်ကလေးမှာ သရဲ ဝင်ကပ်နေတာပေါ့ကွာ ” ” အဘ မီးနဲ့ ရှို့တော့ ဘာမဖြစ်ဘူးလား ” ” ဘာမှ မဖြစ်ပါဘူးကွာ ငါကလည်း ကြောက်တော့ ဒီအတိုင်း ရှို့တာတော့ မဟုတ်ဘူးကွ ” သမ္ဗုဒ္ဓေဂါတာ ကို ပါးစပ်က မပြတ် ရွတ်ပြီး ရှို့တာလေကွာ အဲ့ဒါကြောင့်လားတော့ မသိဘူးကွ ” ကျုပ်က အဘ ပြောတာကို တွေးနေတာဗျ။ “‘ဒါနဲ့ နေပါဦး ကိုဥာဏ်ရဲ့ တော်တို့ အစည်းအဝေးက နောက်ဆုံး ဘာ ရုပ်ထုမယ်လို့ ဆုံးဖြတ်လိုက်တုံး ” ” နတ်သာရုပ် နှစ်ရုပ်ထုလို့ဆုံးဖြတ်လိုက်တယ်ဟ ” အဲ့ဒါ ရွာဦး ကျောင်း ဆရာတော်ရဲ့ ဆန္ဒပဲ ငွေစိန်ရ ” ” ဟာ အဲ့ဒါ အကောင်းဆုံးပေါ့ တော် ” ” အားလုံးကလည်း သဘောတူကြပါတယ် ပန်းပုဆရာတောင် ရွေးလိုက်ကြပြီလေ။
” ဘယ်က ပန်းပုဆရာတုံး တော် ” ” မန္တလေးကပဲ ငွေစိန်ရဲ့ တော်တော် တော်တယ်ပြောတာပဲ ဆရာတော်ကလည်း အဲ့ဒီလူကို သဘောကျတယ် ပြောတယ်ဟဲ့ ” ကျုပ်ကတော့ ဇော်ဂျီရုပ်ကလေးမှာ ဝင်ကပ်ပြီး အဘကို အကွက်ကျကျ ခြောက်သွားတဲ့ သရဲကို တော်တော်စိတ်ဝင်စားသွားတာ ဗျို့။ လောကကြီးမှာလည်း မထင်မှတ်တဲ့ မထင်မှတ်တဲ့ အရာတွေဟာ မထင်မှတ်တဲ့ အချိန်မှာ ပေါ်လာတတ်တယ် ဗျ။ ကျုပ်တို့ ရွာမှာ လေဆင်နှာမောင်း တိုက်လို့လေဗျာ။ ကျုပ် တသက်ဖြင့် တစ်ခါမှကို မမြင်ဖူးပါဘူးဗျာ။ ဘယ်ကနေ ပေါ်လာတဲ့ လေဆင်နှာမောင်ကြီးလဲ မသိပါဘူးဗျာ။ ဆင်နှာမောင်းကြီးလို မည်းမည်းကြီး ရွေ့လာတာဗျ။ ကောင်းကင် မှာ ရွေ့လာတဲ့ မည်းမည်းကြီးဗျို့။မြေကြီးအပေါ်ကို မည်းမည်း အတန်းကြီးက ကျနေတာ။ ” ဝီ ဝီ ဝီ ဝီ” ဆိုတဲ့ အသံကြီးက အဝေးကြီးကတည်းက ကြားနေရတာဗျ။ တော်သေးတာပေါ့ဗျာ။ရွာတွေပေါ်ကို မဖြတ်ပဲ ယာတောထဲက ဖြတ်သွားပေလု့ပေါ့ဗျာ။ရွာတွေပေါ်က ဖြတ်လို့ကတော့ အိမ်တွေ ကျွတ်သွားမလားတောင် ထင်ရတယ်ဗျ။ လေဆင်နှာမောင်ကြီး တိုက်သွားပီး နောက်တနေ့မှာပဲ အထူးအဆန်းတွေ ကြားရတော့တာဗျို့။ ယာကွက်တွေထဲမှာ ဆိတ်သေကောင်တွေ စက်ဘီးတွေ ရလို့ဆိုပဲ ။
လေဆင်နှာမောင်း ကြီးနဲ့ ပါလာတာတွေ ဖြစ်မှာပေါ့ဗျာ။ အဲ့ဒီမှာ ထူးထူးခြားခြားပါလာ တာက ဘီလူးရုပ်တရုပ်ဗျ။ ဘိုးညီလေး ယာထဲမှာ ကျနေတာဗျ။ လူတွေက ဆိတ်တွေ စက်ဘီးတွေတော့ ကောက်သွားကျတာပေါ့ ဗျာ။ ဒီဘီလူးရုပ်ကြီးကျတော့ ဘယ်သူမှ မယူဘူးဗျ။ ဘယ်အရပ် ဘယ်ဒေသက ပါလာတဲ့ ဘီလူးရုပ်မှန်းတော့ မသိဘူးဗျ။ထုထားတဲ့ လက်ရာကတော့ တော်တော်ကောင်းတယ် ။ ဘီလူးပုံက မတ်တပ်ရပ်ပုံဗျ။ ပုခုံးပေါ်မှာ သန်လျှက်ထမ်းထားတယ် အရုပ်ကို ခြယ်ထားတဲ့ ဆေးကလည်း တော်တော်ကို သစ်သစ် လွင်လွင် ရှိသေးတာပဲဗျ။ ကျုပ် စိတ်ထင်တော့ ပန်းပုဆရာ ရုပ်ထု ထုပြီးရုံမှာပဲ လေဆင် နှာမောင်းကြီးနဲ့ပါလာတာ ဖြစ်မယ်ဗျ။ ~~~~~~~~~~~~~~~~~~~~ အမြင့်ကတော့ သုံးတောင်လောက်ပဲ ရှိတာပါ။ သိပ်အကြီး ကြီး တော့ မဟုတ်ပါဘူး။ဒီဘီလူးရုပ် ရောက်လာတာနဲ့ ကျုပ်တို့ရွာက ရွာလူကြီးတွေ ခေါင်ချင်းရိုက်ကျတာပေါ့ဗျာ။ ဒီဘီလူးရုပ်ကို ရွာထဲတော့ မသယ်ချင်ကြဘူးဗျ။ ရွာခိုက်မှာ စိုးရိမ်ကြတယ်။ ဒါနဲ့ပဲ ဘိုးညီလေးက သူယာထဲမှာပဲ ထားလိုက်မယ်ပေါ့ဗျာ။ဒါကျ တော့လည်း မသင့်လျှော်ဘူးပေါ့ဗျာ။ ဒါနဲ့ နောက်ဆုံးတော့ ရွာဦးကျောင်း ဆရာတော်ကို လျှောက်ပြီး ရွာတာင်ဦး ဘုရားမှာထားဖို့ သဘောတူလိုက်ကြတယ်။ သုံးတောင်လောက်ရှိတဲ့ ဘီလူးရုပ်ကို ရွာသားတွေဝိုင်းမပြီး လှည်းနဲ့သယ်ရတာပေါ့ဗျာ။
လှည်းကို ရွာထဲက မဖြတ်ပဲ ရွာပြင်က ပတ်သွားပြီး ရွှေတောင်ဦးဘုရားကို ဘီလူးရုပ် သွားပို့ကြတယ်။ ဟိုရောက်တော့ လူကြီးတွေ ရွေးထားတဲ့ နေရာမှာ ဘီလူးရုပ်ကို ထားလိုက်ကြတယ်။ ဘုရားရဲ့ တောင်ဘက်မှာဗျ။ ရှားဖြူပင်ကြီး တွေ ရှိတဲ့ဘက်မှာ ထားလိုက်တာ။ ” တို့ ဘုရားကို စောင့်ရှောက်ဖို့ ဘီလူးရောက်လာတာလို့ ရွာသား တွေက ပြောကြတယ်ဗျ။ ကျုပ်တို့ ရွာသားတွေလည်း ဘီလူးကြည့်ပွဲကြီး လုပ်ကြတာပေါ့ဗျာ။ ဘီလူးရုပ်ကို အထူးအဆန်းလုပ်ပြီး သွားကြည့်ကြတော့တာပေါ့ဗျာ။ ကျုပ်တို့ ရွာသားတွေတင် မကဘူး ။ ဘန့်ဘွေးကုန်းသားတွေပါ ပါတယ်။ ဘီလူးလာကြည့်ကြတာ ။ ညနေဘက်ဆိုရင် ဘုရားမှာ လူကို စည်လို့ဗျ။ အစတော့ကြည့်တာပဲဗျ။ နောက်တော့ ကြည့်ရုံတင် မဟုတ်တော့ဘူးဗျ။ ပန်းဆက်တဲ့့လူက ဆက် မီးထွန်းတဲ့ ဘူက ထွန်း သစ်သီးဆက်သတဲ့သူက ဆက်နဲ့ ဖြစ်ကုန်ကြရောဗျို့။ လေဆင်နှာမောင်းနဲ့ ဘယ်ကပါလာမှန်းမသိတဲ့ ဘီလူးကြီးက ကျုပ်တို့ ရွာက ရွာတောင်ဦးဘုရားမှာ လာပြီး နေ့ချင်းညချင်း ကြီးပွားနေတာဗျို့ ။ တယောက်က စရှိခိုးတော့ နောက်တယောက်ကလည်း ရှိခိုးပေါ့ဗျာ။တယောက်က ဆုတောင်းတော့ နောက်တယောက်ကလည်း ဆုတောင်းပေါ့ဗျာ။ ဒီလိုနဲ့ သူကို ဘယက္ခကြီး စောင့်ရှောက်ပါတယ် ငါ့ကို ဘယက္ခကြီး စောင့်ရှောက်တယ်နဲ့ သတင်းတွေ ပျံ့လာပါရော ဗျာ။ ဘယက္ခကြီးကို အဓိဌန်ပြီး ကျောက်သွားလုပ်တာ ကျောက် အောင်လို့ဆိုပြီး ဘန့်ဘွေးကုန်းက ကိုတင်မောင်ဆိုတဲ့လူက ဘယက္ခကြီးကို အမိုးအကာတွေ ဆောက်ပြီး လှူတော့ ဘီလူးမှာ ဗိမာန်တွေ ဘာတွေ ရလို့ပေါ့ဗျာ။ ဖယောင်းတိုင် မီးကလည်း တထိန်ထိန်နဲ့ဗျ။ သင်္ဘောသီး ငှက်ပျောသီး သရက်သီးမှည့်ဆိုတာ တွေကလည်း မပြတ်ဘူးဗျ။
ပန်းတွေကလည်း ဝေလို့ ကျုပ်တို့ ရွာသူ ရွာသားတွေများ ချမ်းသာမယ်ဆိုလို့ကတော့ ဘီလူးလည်း ရှစ်ခိုးလိုက်တာပဲဗျ။ ကျုပ် သတိထားမိတာကတော့ ဖဲသမားတွေဗျ။ ဟိုရွာ ဒီရွာ တွေသွား ဖဲရိုက်တော့မယ်ဆိုရင် ရွာတောင်ဦးက ဘီလူးကြီးဆီ သွားပြီး ဘယက္ခကြီးဗျာ ကျုပ်ကို ဖဲနိုင်အောင် လုပ်ပေးပါ ကျုပ် ဖဲနိုင်ရင် ဘယက္ခကြီးကို အမဲသားဟင်း ကျွေးပါ့မယ်ဆိုပြီး ဖဲရိုက်ကျတယ်။ နိုင်တာပဲဗျ။ အဲ့ဒီလို နိုင်ရင် အမဲသား တပိဿာ နှစ်ပိဿာ ဝယ်ချက်ပြီး ရွာတောင်ဦး ဘုရားကုန်းနဲ့ မနီးမဝေးမှာ ဘီလူးကြီးကို ခေါ်ပြီး အမဲသားကျွေးကြတယ်ဆိုပဲဗျ။ ဒါလည်း တိုးတိုးတိတ်တိတ်ပြောတဲ့ သတင်းတွေပေါ့ဗျာ။ တကယ် ဟုတ်မဟုတ် တော့ ကျုပ်လည်း မသိဘူးဗျ။ဒါပေမယ့် လူတွေက တော့ ဘယက္ခ ဘယက္ခနဲ့ ဘီလူးရုပ်ကြီးကို သူတို့ ဘိုးအေကြီးလို ကို ပြောဆိုနေကြတာဗျ။ <> <> <> <> <> <> <> <> ဒီလိုနဲ့ ဒီဘီလူးကြီးက တော်တော်လေးကျော်ကြားနေတာပေါ့ဗျာ။ ထနောင်းကုန်း ဘန့်ဘွေးကုန်းတင် မကတော့ပဲ မီးလောင်ကုန်း ငွေတွင်းကုန်း ဆပ်သမြောင်ဘက်ကတွေပါ လာပြီး ဘီလူးကြီးကို တင်ကြ မြှောက်ကျ လုပ်နေကြတော့ ရွာဦးကျောင်း ဆရာတော် ကြီးကလည်း အတော့်ကို စိတ်ဆင်းရဲနေရှာတာဗျ။ လေဆင်နှာမောင်းနဲ့ ပါလာတဲ့ ဘီလူးရုပ်ကြီးက ဘုရားထက် တောင် တန်ခိုးထွားသလို ဖြစ်နေတော့ ဆရာတော်လည်း စိတ်မကောင်းဖြစ်တော့တာပေါ့ဗျာ။
တရက်တော့ ကျုပ်တို့ ရွာမှာ ဘီလူးပြဿနာစရောဗျို့။ဘန့်ဘွေး ကုန်းက ဖဲသမားနှစ်ယောက်ဗျ။ ကိုထိန်နဲ့ ကိုပွကြီးတို့ ဗျို့အချိန်က ရှစ်နာရီလောက်ပေါ့ဗျာ။ ” ကယ်ကြပါဦးဗျို့ ကယ်ကြပါဦးဗျို့” ” ဟဲ့ ဘာသံတုံး ဘာဖြစ်တာတုံး ” ” ဘယ်သူ အော်တာတုံး ” ကျုပ်တို့ တရွာလုံး တိတ်သွား တာဗျို့ ။ အရှေဘက်က အော်ပြေး လာတဲ့ အသံဗျ။ ရွာလယ်ပိုင်းလောက် ရောက်တော့ အော်သံ ပျောက်သွားတယ် ။ ကျုပ်လည်း ဝိုင်းထဲက ထွက်လာပြီး ရွာလယ်ပိုင်းကို ထွက်ခဲ့တယ်။ ကျုပ်လိုပဲ လူတွေလည်း ထွက်လာကြတာပေါ့ဗျာ။ ဘထွေးမိုးညို တို့ ဝိုင်းထဲကို လူတွေဝင်သွားတာ တွေ့လို့ ကျုပ်လည်း ဝင်လိုက် လာတာဗ်။ ” တာတေ လုပ်ပါဦး ဟ” ပွကြီး နဲ့ ငထိန် သတိမရတော့ဘူ” ဘထွေးမိုးညိုက တွေ့တွေ့ချင်း ဆီးပြောတာဗျ။ ” ဘာဖြစ်တာတုံး ဘထွေး ကို ပွကြီးတို့ ဘာဖြစ်တာ တုံး ” ကိုပွကြီးရော ကိုထိန်ရော နှစ်ယောက်စလုံး ဘထွေးဝိုင်းထဲက ကွပ်ပျစ်ပေါ်မှာ စန့်စန့်ကြီးတွေ သတိမေ့နေကျတာ ။ “ဒီကောင်တွေ တခုခုကို လန့်လာတာကွ ငါ ရေနဲ့ တောက်တာ လည်း သတိမရဘူးကွ တာတေရ မင်းမှာ ဆေးလေး ဝါးလေး ရှိရင် မြန်မြန်ပြန်ယူပါကွ” ” ဒီတော့မှ ကျုပ်လည်း သတိရပြီး အိမ်ကို အပြေးပြန်ခဲ့ရတယ် ။ သစ်ဆုန်းဆေးတော်ကို ကပျာကယာခြစ်ပြီး ရေခွက်ကလေးထဲ ထည့်လိုက်ပြီး ဘထွေးမိုးညိုတို့ ဝိုင်းထဲကို ခပ်မြန်မြန် ပြန်ပြေးခဲ့ ရတယ်။ ဝိုင်းကြည့်နေတဲ့ လူအုပ်ကြီးထဲကို တိုးဝင်ပြီး ကိုပွကြီးနဲ့ ကိုထိန်ကို သစ်စုန်းဆေးတော် ထည့်ထားတဲ့ ရေစင်နဲ့ မျက်နှာကို တောက်ပေးလိုက်တာ နှစ်ယောက်စလုံး သတိရလာကြရောဗျို့။
သတိရလာတော့ နှစ်ယောက်စလုံး ငေါက်ကနဲ ထထိုင်ကြတယ်။ ဒါပေမယ့် မျက်လုံးတွေက ဘာအသိမှ မရှိတော့သလိုပဲဗျ။ ” တာတေ လုပ်ဦးကွ ” သတိမဝင်သေးဘူး” ဘထွေးမိုးညိုပြောတော့မှ ကျုပ်က သူတို့ခေါင်းကို သစ်စုန်းဆေး ရည်တောက်ပေးပြီး နည်းနည်းစီ သောက်ခိုင်းလိုက်တယ်။ ဒီတော့မှ ကိုပွကြီးရော ကိုထိန်ရော သတိကောင်းကောင်း ရသွားတာဗျို့။ ” ဟေ့ကောင် နှစ်ကောင် မင်းတို့ဘာဖြစ်လာတာတုံး” ဘန့်ဘွေးကုန်းသားနဲ့ ထနောင်းကုန်းသားတွေဆိုတာက လူခင်တွေ လေဗျာ။ ညီအကိုတွေလို နေကြတာဆိုတော့ မေးတော့တာပေါ့။ “‘ကျုပ်နဲ့ပွကြီး မြို့တက်ပြီး ဖဲရိုက်တာ နိုင်လာလို့ဗျ။ အဲ့ဒါ ကတိပေးထားတဲ့ အတိုင်း ဘယက္ခကြီးကို လာကျွေးကြတာဗျ။ “ကိုထိန်က ပြောပြတာဗျို့” ကျုပ်တို့ရွာသားတွေက ငြိမ်ပြီး နားထောင်နေကျတာပေါ့ဗျာ။ “‘မင်းတို့ ဘာတွေ လာကျွေးကြတာတုံး” “ထမင်းနဲ့ အမဲသားဟင်း ချက်ကျွေးတာဗျ” “‘ကျွေးတော့ ဘယက္ခကြီးက စားရောလား ” ” မင်းတို့ ဘုရားပေါ်တက်ကျွေးတာလား ” ” ဘုရားပေါ်မှာတော့ မဟုတ်ပါဘူးဗျာ ဘုရားကုန်းနားက ညောင်ပင်ကြီးအောက်မှာ ငှက်ပျောဖက်ခင်းပြီး ကျွေးတာပါ။ စားမစားတော့ ကျုပ်တို့ မသိဘူးဗျ။ ကျုပ်တို့ အနားမကပ်ရဲလို့ ခပ်လှမ်းလှမ်းကနေသွား ကြည့်နေတာ။
“အဲ့ဒါနဲ့ ဘာလို့ အော်ပြေးရတာတုံး ” ” ဟောဒီကောင် ငပွပေါ့ဗျာ ပါးစပ်သွားဆော့လိုက်တာ ” ဟေ ငပွက ဘယ်လို ပါးစပ်သွားဆော့တာတုံးကွ” ဘထွေးမိုးညိုက ကိုထိန်တို့ နှစ်ဟောက်ကို ကြည့်ပြီး မေးလိုက်တာဗျ။ ” ဘယက္ခကြီးဗျာ ကျုပ်တို့ ဘယက္ခကြီးကို တွေ့ချင်လို့ မြင်ချင်လို့ ကိုယ်ထင်ပြပေးပါဗျာလို့ သွားပြောလိုက်တာ ကိုကြီးမိုးညိုရေ” ” ဟေ ဟုတ်လား” ဒီတော့ ဘယက္ခကြီးက ကိုယ်ထင်ပြရောလားကွ” ” ပြလိုက်တာမှ နဲနဲနောနောကြီး မဟုတ်ပါဘူးဗျာ ဆယ်ပေလောက်ရှိတယ်ဗျ။ ကိုယ်လုံးကြီးက စပါးတစ်ရာဆန့်တဲ့ ရာဝင်ပုတ်ကြီးလောက်ရှိတယ်ဗျ။ မျက်လုံးကြီးတွေက ဟင်း သောက် ပန်ကန်လုံးကြီးလောက် ရှိတယ်ဗျ။ ပါးစပ်ကြီးက တစ်ပေလောက် ကျယ်ဗျ။ ပါးစပ်ထဲမှာ အစွယ်ကြီးတွေမှ ဖွေးနေ တာပဲဗျာ။ ပါးစပ်ကြီး ဟပြတာ လျှာကြီးက မျက်နှာသုတ်တဲ့ တဘတ်ကြီးလောက် ရှိတယ်ဗျ။ ရဲပြီး အောက်ကို တွဲလောင်းကြီး ကျနေတာဗျ။ ကိုယ်မှာတော့ ပုဆိုးကွက်တုံးကြီး ဝတ်ထားတယ်။ အပေါ်ပိုင်းမှာတော့ င်္အကျီဝတ်မထားဘူး အမွှေးတွေကျိုးတိုးကျဲတဲ ပေါက်နေတယ်ဗျ။ အဲ့ဒါကြီး ဘွားကနဲ ပေါ်လာရော ကျုပ်နဲ့ ငပွ ဆိုတာ ကြက်သေ သေပြီး ဘာလုပ်ရမှန်း မသိအောင် ဖြစ်သွား တော့တာဗျ။ ခဏကြာမှ ကျုပ်က သတိဝင်လာပြီး ငပွပြေးလို့ ပြောပြီး သူကို လက်နဲ့ပုတ်လိုက်တော့မှ ဒီကောင်လည်း သတိဝင်သွားပြီး နှစ်ယောက်သား ပြေးကျတော့တာဗျို့။
ပြေးရင်းနဲ့ ဘာတွေ အော်လို့ အော်မှန်းကို မသိတော့ပါဘူးဗျာ။ ဘယ်ရောက်လို့ ရောက်သွား မှန်း မသိတော့ဘဲ သတိလစ်သွား တာဗျ ။ ခုမှပဲ အားလုံးကို ပြန်မှတ်မိတော့တာ ကိုကြီးမိုညိုရဲ့ ” ” မင်းတို့တွေ တာတေ ရှိလို့ ကံကောင်းသွားတာ ” ” ဒါ အကြောက်လွန်ပြီး လိပ်ပြာလွင့်သွားတာ ကွ တာတေမှာ ဆေးကောင်းဝါးကောင်း ရှိလို့ သတိပြန်ရသွားတာ ” ” ကျေးဇူးတင်ပါတယ် တာတေရာ” ” ကိုထိန်က ကျုပ် ပုခုံးကို ဖက်ပြီး ပြောတယ်ဗျ။ ခက်တာက သူတို့ နှစ်ယောက် ဘန့်ဘွေးကုန်းကို မပြန်ဝံ့တော့တာဗျ။ ဒါနဲ့ ကျုပ်တို့ ဆယ်ယောက်စုပြီး ကိုထိန်နဲ့ ကိုပွကြီးတို့ကို ဘန့်ဘွေးကုန်းအထိ ပြန်ပို့ပေးလိုက်ကြရတယ်။အဲ့ဒီ အဖွဲ့ထဲမှာ ကျုပ်လည်း ပါတယ်ဗျ။ လမ်းမှာ ကိုထိန်နဲ့ ကိုပွကြီးတို့ တအားကြောက်နေလို့ ကျုပ်တို့ အဖွဲ့က သူတို့နှစ်ယောက်ကို အလယ်မှာထားပြီးတော့ကို ပို့လိုက်ရတာဗျို့။ လေဆင်နှာမောင်းကြီးနဲ့ ပါလာတဲ့ ဘီလူးရုပ်ကြီးတော့ ပြဿနာ ဖြစ်ပြီပေါ့ဗျာ။
တကယ်တော့ ဒီ ဘီလူးရုပ်ကြီးမှာ ဘီလူးဝိညဉ်ပါလာတာ ဟုတ်ချင်မှလည်း ဟုတ်မယ်ဗျ။ ကျုပ်တို့ဆီက လူတွေက သဲသဲလှုပ်ဖြစ်ကြပြီ ဟိုဟာကျွေး ဒီဟာကျွေးတွေ လုပ်ကျလို့ အပက ဘီလူးဝိညဉ်ဖြစ်ဖြစ် သရဲဝိညဉ်ပဲ ဖြစ်ဖြစ် မြေဘုတ်ဝိညဉ်ပဲ ဖြစါဖြစ် တွယ်ကပ်လာတာ လည်း ဖြစ်နိုင်တယ်ဗျ။ ဘာပဲဖြစ်ဖြစ် ပြဿနာတော့ ဖြစ်ပြီပေါ့ဗျာ။ ကျုပ်တို့ ရွာသားတွေ ရော ဘန့်ဘွေးကုန်းသားတွေရော မီးလောင်းကုန်းသားတွေရော တော်တော်တော့ ရယ်စရာကောင်းသားဗျ။ ပန်းတွေ သစ်သီးတွေ အလုအယက် လာဆက်ကြ ဖဲသမားတွေက လည်း တိုးတိုးတိတ်တိတ် အမဲသားကျွေးလို့ ကျွေးကြနဲ့ လုပ်ကြ တာလည်း သူတို့ပဲ ဗျ ။ ကိုထိန်ကြီးနဲ့ ကိုပွကြီးတို့ သတင်းက ရွာတွေကို ပျံ့သွားတော့ ကြောက်ကုန်ကျပြီး တယောက်မှကို မကပ်ရဲကြတော့ဘူဗျို့။
ရွာတွေမှာ လူကြီးတွေက မိန်းခလေးတွေကို နောက်ကြ ပြောင်ကြ တယ်ဗျ။ ~~~~~~~~~~~~~~~~~~~~ “‘ဟဲ့ ဝိုင်းစိန် နင့် ဘယက္ခကြီး ဆာနေရော့မယ်ဟဲ့ ” “ငှက်ပျောသီး သင်္ဘောသီးလေး သွားဆက်လိုက်ဦးလေ ” ” တော်ပါ ဘိုညိုရယ် အစွယ်ပြူးပြူးကြီးတွေနဲ့ ထလိုက်လို့ ပြေးပေါက်မှားနေပါဦးမယ်တော်” “‘ဟာ မကြောက်ပါနဲ့ ဝိုင်းစိန်ရဲ့ ဘန့်ဘွေးကုန်းက ငပွကြီးက ပြပါ ပြပါ နဲ့ ပြောလို့ ဟိုက ပြထည့်လိုက်တာ ပါဟယ် ” “အဲ့ဒီလို မပြောရင် ဘယက္ခကြီးက မပြပါဘူးဟဲ့ သွားသာ သွားစမ်းပါ ဝိုင်းစိန်ရယ်” ” တော်ပါပြီ ဘိုးရယ် ” ဘယက္ခကြီး ပြပြ မပြပြ ဝိုင်းစိန်တော့ ကြားတာနဲ့တင် ကြောက်လွန်းလို့ ကြက်သီးတွေ တဖြန်းဖြန်းထလို့ ပါတော်” ကြောက်ပြီဆိုတာ့လည်း တကယ်ကြောက်ကြတာဗျ။ ရွာတောင်ဦး ဘုရားကိုတောင် အရင်လောက် လူမလာတော့ဘူဆိုတော့ ဆရာတော်ရော ရွာက လူကြီးတွေရော မကြိုက်ကြတော့ဘူပေါ့ဗျာ။ ဒါကြောင့်လည်း ဆရာတော်တွေနဲ့ ရွာလူကြီးတွေ ရွာဦးကျောင်းမှာ အစည်းဝေးလုပ်ကျတာဗျ။ ” ကဲ ဒကာကြီးတို့ ရွာရဲ့ အဓိကရ ရွာတောင်ဦး ဘုရားကိုတော့ ဘုရားဖူးတွေ မလာသလောက် ဖြစ်သွားပြီဗျ ။ ဘုရား ဆိုတာ ခြောက်သွေ့သွားတော့တာဗျို့ ။ အဲ့ဒီလို ဘုရားပုထိုး ခြောက်ခမ်း သွားတာ မကောင်းဘူး ဒကာကြီးတို့ ဒီတော့ ဒီကိစ္စကို ဘယ်လို လုပ်ကြမတုံး တိုင်ပင်ကြပါဦးဗျာ။ ရွာဦးကျောင်း ဆရာတော်က မိန့်တော်မူတာဗျ။ ရွာက လူကြီး တွေလည်း တိုင်ပင်ကြတာပေါ့ဗျာ။ ဘာလုပ်ရင် ကောင်းမတုံးပေါ့။ ဘုရားပေါ်တင်ထားတဲ့ ဘီလူးကို ပြန်ချပြီး ဘယ်ကို ပို့ရင် ကောင်းမတုံးပေါ့။ ကျုပ်ကိုလည်း ဘိုးညီလေးက ခေါ်သွားလို့ အစည်းဝေး လိုက်လာရတာဗျ။ ကျုပ်လိုက်တော့ ကျောက်ခဲ နဲ့ သံမဏိကလည်း ကပ်လ်ုက်ကျပြန်ရောဗျ။
ကျောင်းရောက်တော့ ကျုပ်တို့ သုံးယောက်က ဘုန်းကြီးကျောင်းသားတွေနဲ့ အတူတူ ရေနွေး ကြမ်းထည့် လက်ဖက် ပွဲချ ကွမ်းအစ်ချ ဆေးလိပ်ချ စ တာ တွေ ဝိုင်းလုပ်ကြတာပေါ့ဗျာ။ လူကြီးတွေလည်း တိုင်သာတိုင်ပင်နေကြတာဗျ။ ဘာလုပ်လို့ လုပ်ရမှန်းကို မသိကြတာ။ ” ကဲ ဘိုးညီလေး သဘောကို ပြောပါဦး ” ဘိုးညီလေးကို ဝိုင်းပြီး မေးကြတယ်ဗျ။ ” ဘာမှ စဉ်းစားမနေကျပါနဲ့ဗျာ ဘီလူးရုပ်ကို ထုရိုက်ချိုးဖဲ့ပြီး မြေကျငိးတူး မြုပ်လိုက်တာ အကောင်းဆုံးဖြစ်မှာပါ။ အားလုံးက ဘိုးညီလေးပြောတာကို နားထောင်ပြီး ခေါင်းညိတ်ကျတယ် ခဏနေမှ ဘိုးရုံကြီးက ဝင်ပြောတယ်ဗျ။ ” ထုရိုက်ချိုးဖဲ့ပြစ်လိုက်တာတော့ ဟုတ်ပါပီ အဲ့ဒီလို ထုရိုက်ချိုးဖဲ့ ပစ်ဖို့ ဘယ်သူလုပ်ဝံ့တုံး ” ဘိုးရုံပြောလိုက်တော့မှ အားလုံးက စဉ်းစားမိသွားတာဗျ။ ဟုတ်တာပေါ့ဗျာ ။ ဒီ ဘီလူးကို ဒီလောက်ကြောက်နေကြတော့မှ ဘယ်သူက ထုရိုက်ချိုးဖဲ့ လုပ်ရဲမှာတုံး ။ အနားတောင် မလာဝံ့တော့လို့ မလာကြတာလေဗျာ။
” အေး ကိုရုံ ပြောတာလဲ ဟုတ်တာပဲ ” လို့ ဘိုးညီလေး က ပြောတယ်ဗျ ။ နောက်ဆုံးတော့ ဘာလုပ်ရ မယ်ဆိုတာ အဖြေမထွက်ပဲ အစည်းဝေး ပြီးသွားတော့တာပဲဗျ။ ဇတ်လမ်းက အဲ့ဒီညကတည်းက စ တာပဲဗျ။ ” ဝုတ် ဝုတ် ဝုတ် ဝုတ် ‘” တစ်ရွာလုံးမှာ ရှိတဲ့ ခွေးတွေ ထဟောင်တာဗျ။ ခွေးတကောင် ရှိတဲ့အိမ်က တကောင် ဟောင်တယ် နှစ်ကောင် ရှိတဲ့ အိမ်က နှစ်ကောင်ဟောင်တယ် ။ဟောင်ရင်းနဲ့ ခွေးတွေက ရွာစည်းရိုးဘက်ကို ပြေးကြတာဗျ။အရှေစည်းရိုးဘက်ကို ပြေးတဲ့ ကောင်က ပြေး အနောက်ဘက် စည်းရိုးဘက်ကို ပြေးတဲ့ကောင်တွေကပြေး တယ်။ တောင်ဘက်ပြေးတဲ့ ကောင်က ပြေး မြောက်ဘက် ပြေးတဲ့ကောင်က ပြေးနဲ့ ရွာစည်းကို ကြည့်ပြီး ဟောင်နေကြတာဗျ။ တကယ်တော့ ဒီကောင်တွေက မမြင်ရတဲ့ ရွာပြင်ကို ဟောင်နေတာ။ ခွေးဆိုတာ အာရုံခံ သိပ်ကောင်းတာဗျ။ မျက်စိနဲ့ မြင် ရမှ မဟုတ်ဘူး။ နားတို့ နှာခေါင်းတို့က အာရုံခံကြတာ။ အခု့လည်း ရွာပြင်ကို ဟောင်နေကြတာက တရွာလုံးဆိုတာ ဆူညံနေတာပါပဲ ဗျာ။ လူတွေကတော့ လန့်ကုန်ကြပြီး တခါးတွေအလုံ ပိဆ်တော့ တာဗျို့။
” ကိုကြီးတာတေ ကိုကြီးတာတေ” ကျောက်ခဲ နဲ့ သံမဏိဗျ။ ကျုပ်ဆီကို ပြေးချလာကြတာ။ ” ဟဲ့ ဒီနှစ်ကောင် မကြောက်မရွံ့နဲ့ ရွာထဲ လျှောက်သွားနေကြတယ် ဟုတ်လား” ” အမေက မေးလိုက်တာဗျ” ” ရွာပြင်မှာ ဘာရှိတုံး မသိဘူး အရီးရ” ခွေးတွေက ရွာပြင်ကြည့် ပြီးအထဲကနေ လှမ်း ဟောင်နေကြတာ ။ ” အေးလေ အဲ့ဒါ နင်တို့ မကြောက်ဘူးလား ” “အိမ်ထဲမှာ နေကြပါလား ကျောက်ခဲ နဲ့ သံမဏိရဲ့ ” “‘ဟာ အရီးကလဲ ကြောက်ရအောင် ဘာမှန်းမှ မသိတဲ့ဟာ ” ရမ်းပြီး ကြောက်နေသလို ဖြစ်နေမှာပေါ့။ဒါ့ကြောင့် တိတိကျကျ သိအောင် ကိုကြီး တာတေကို လာခေါ်တာဗျ။ ” သြော် အေး ကောင်းတယ် ကိုစပ်စု တို့ လန့်ပြီး ပြန်ပြေးလာလို့ ကတော့ အိမ်တံခါးကို ပိတ်ထားဦးမယ်။ ” ဟာ အရီးကလည်း ကျုပ်တို့က ဒီလောက် သတ္တိမနည်းပါဘူးဗျ။ ကျုပ်က မျက်ကွင်းဆေး ကွင်းပြီး လိုက်လာခဲ့တယ်။ ပြီးတော့ ရွာတောင်ဘက်ကိုသွားပြီး ရွာစည်းရုးနဲ့ အနီးဆုံးက မန်ကျည်းပင်ကြီးပေါ် ကို တက်ခဲ့ကြတယ်။ ဒီကောင်နှစ်ကောင်က တော့ လေးဂွတစ်ယောက်တစ်ချောင်းနဲ့ဗျ။ဂ ခွေးတွေက ရွာအနောက်ဘက်မှာ ထိုးဟောင်နေကြတာဗျ။ ဟော လာပြီ လာပြီ ။ ခွေးတွေ တဖြည်းဖြည်းနဲ့ တောင်ဘက်ကို ပြေးလာကြပြီဗျို့။ ပြေးရင်းနဲ့ ဟောင်နေလိုက်ကျတာ ဆူညံနေ ရောဗျာ။ ” ဟာ ကိုကြီး တာတေ” ခွေးတွေ ကျုပ်တို့ ဘက်ကို ပြေးလာ နေပြီဗျ။ “‘အေး ကျောက်ခဲ မင်းတို့ မလှူပ်နဲ့နော် ငြိမ်နေကြ” ကျုပ်က ရွာစည်းရိုး အပြင်ကို မန်ကျည်းပင်ကြီး ပေါ်ကနေ လှမ်းကြည့်နေတာဗျ။ ဟာ . . . လာပြီဗျို့။ မည်းမည်းအကောင်ကြီးဗျာ ။
ရွာတောင်ဘက် ပတ်လျှောက်လာတာဗျ။ အရပ်က ဆယ့်ငါးပေ ပေနှစ်ဆယ်လောက်ရှိတယ်ဗျ။ ကိုယ်လုံးကြီးကလည်း နည်းတာ့ကြီးမဟုတ်ဘူးဗျာ။ ရာဝင်ပုတ်ထက်တောင် ကြီးမယ် ထင်တယ်ဗျ။ ခြေထောက်ကြီး တဖက်ကို ထန်းပင်လုံးလောက်ကြီး ရှိတယ်ဗျ။ (ပုတ်ဆိုတာ စပါးထည့်တဲ့ ဝါးတောင်းအကြီးကြီးတွေ ပေါ့ဗျာ)။ ” ဘုတ် ဘုတ် ဘုတ် ဘုတ်” ချော နားထောင်ကြည့်တော့မှ ခြေသံကြီးကို ကြားရတာဗျို့။ ခွေးတွေ ဒီအသံကို ပြေးလိုက်ပြီး ဟောင်နေကြတာဗျ။ ” နည်းတဲ့ မကောင်းဆိုးဝါးကြီး လားဗျာ။ ကျုပ် လရောင် ဖျော့ဖျော့လေးအောက်မှာ သေချာ အာရုံစိုက်ကြည့်တယ်ဗျ။ ခေါင်းမှာ ဆံပင်မရှိဘူး။ ခေါင်းပြောင်ကြီး။ အဲ့ဒီခေါင်းကြီးမှာ အထစ် အထစ်ကြီးတွေနဲ့ဗျ။ မျက်လုံးကြီးနှစ်လုံးက ဟင်းသောက် ပန်ကန်လောက်ရှိတယ်ဗျ။ နီရဲပြီး ပြူးထွက်နေတာဗျို့။ နှာခေါင်း ကြီးက တိုတိုကြီးဗျ ။ ပါးစပ်ကြီး ကျုပ် စိတ်အထင် တစ်တောင် လောက်ကို ရှိမယ်ထင်တယ်ဗျ။ ပါးစပ်ထဲက အစွယ်ကြီးတွေက ဘေးကိုကောက်ထွက်နေတာဗျို့။ ဒါဘာကောင်ကြီးလဲ လို့ ကျုပ် တွေးရင်း ကြည့်နေတာဗျ။
သရဲကြီးလား သဘတ်ကြီးလားဆိုတာ ကျုပ်မပြောတတ်ဘူးဗျ။ မကောင်းဆိုးဝါးကြီး ကျုပ်တို့ရွာကိုပတ်ပြီးသွားနေတာ ဗျ။ဒီကောင် ကြီး ကျုပ်တို့ရွာကို တပတ်ပြီးတပတ် ပတ်နေတာ အကြောင်းတော့ ရှိမယ်ဗျ။ ကျုပ်လည်း ကျောက်ခဲ နဲ့ သမဏိကို ကျုပ်တွေ့တဲ့ အကောင်ကြီး အကြောင်းပြောပြပြီး အိမ်ပြန်လိုက်ပို့ပေးလိုက်တယ်။ သံမဏိက ကျောက်ခဲအိမ်မှာ အိပ်မှာလေဗျာ။ ကျုပ်လည်း အိမ်ကို ပြန်လာခဲ့တယ်။ ကျုပ်တွေ့ တာတွေကို အဘ နဲ့ အမေ့ကို ပြောပြလိုက်တော့ အဘတို့လည်း အံ့သြသွားကြတာ ပေါ့ဗျာ။ခွေးတွေက သဲသဲမဲမဲကို ဟောင်နေတုံးဗျ။ကျုပ်တို့ တရွာလုံးလည်း တိတ်ဆိတ်နေတာဗျို့။ခဏကြာတော့ ကျုပ်လည်း အိပ်ချင် လာတယ်။ အဘတို့ အမေတို့လည်း အ်ပ်ကြတော့မယ်။ ရာသီက ဆောင်းဦးပေါက်ဆိုတော့ သိပ်မအေးသေးဘူးဗျ။ အအေး ငွေ့ငွေ့ လေးပဲ ရှိသေးတယ်။ ကျုပ် စိတ်အထင်တော့ ဒီကောင်ကြီးရွာကို ပတ်နေတာ ခုနှစ် ပတ်လောက်ရှိပြီထင်တယ်ဗျ။ ဒီည ကင်းကျတဲ့ကောင်တွေကတော့ ကြောက်နေကြမှာပဲ လို့ ကျုပ်တွေးရင်း အိပ်ပျော်သွားတယ်ဗျ။ မနက်မိုးလင်းလို့ ကျုပ်နိုးတော့ ကျောက်ခဲ နဲ့ သံမဏိတို့ ဝိုင်းထဲ လာကြတယ်ဗျ။ “‘ကိုကြီး တာတေရေ ညက နွားတကောင်တော့ သေသွားပြီဗျို့။
“‘ဟေ ဘယ်သူနွားတုံး ဘာဖြစ်လို့ သေတာတုံး” “ဘထွေးဆစ်တိုရဲ့ နွားဗျ ညက ရွာကိုပတ်သွားနေတဲ့ ဟိုကောင်ကြီး ဝင်စားသွားတာ ဖြစ်မှာပေါ့ဗျာ နွားတကောင်လုံးမှာ အသားဆိုလို့ နည်းနည်းပဲ ကျန်တော့တာဗျ။ အရိုးတွေပဲ ကျန်တော့တာ။ “‘ဟေ ဟုတ်လားကွ နေပါဦး ဘထွေးဆစ်တိုဆိုတော့ ရွာမြောက်ပိုင်းကို ဝင်သွားတာပေါ့ ” ” ဟုတ်တယ်ဗျ ညက ဘယ်သူမှကို မသိလိုက်ကြဘူး” တစ်ရွာလုံး အိပ်ပျော်နေတာကြတာ ထင်တယ်။ ကင်းသမားတွေ လည်း အိပ်ပျော်သွားတဲ့ ကိုကြီးတာတေရဲ့’” “‘ဟာ ဒီကောင်ကြီးက ရွာကို တပတ်ပြီး တပတ် ပတ်နေတာ အိပ်မွေ့ချနေတာကိုး ဒါကြောင့် အကြောင်းတော့ရှိမယ်လို့ ငါ တွေးမိသေးတယ်ကွ ငါလည်း အိပ်ပျော်သွားတာပဲ ကျောက်ခဲရ” “ကျုပ်တို့လည်း ခွေးသံတွေ နားထောင်ရင်းနဲ့ကို အိပ်ပျော်သွား တယ်ဗျ။ ” မင်းတို့ နွားသေကြီးကို သွားကြည့်ပြီးပြီလား ” ” ကြည့်ပြီးပြီဗျ နွားတကောင်လုံးကို စားသွားတာ ကိုကြီးတာတေ ရ ” ” အေး ညက ငါတွေ့တဲ့အကောင်ကြီးရဲ့ အရွယ်အစားနဲ့ဆိုရင် နွားတကောင်လောက်တော့ သာသာလေး စားနိုင်မဲ့ပုံပဲကွ” ” အဲ့ဒါ ခက်တာပေါ့ကွာ လူတွေက ဘီလူးရုပ်ကြီးကို အစလုပ်ပြီး အမဲသားတွေ ကျွေးမွေးလုပ်ကြတော့ ဒီကောင်ကြီးက စားချင် သောက်ချင် ဖြစ်သွားပြီပေါ့ကွာ။
အခုတော့ ကြောက်လန့်ကုန်ကြပြီး ဆက်မကျွေးတော့ ရွာထဲဝင်ပြီး စားတဲ့သောက်တဲ့ အဆင့်ထိ ရောက်လာပြီပေါ့ကွာ” “‘နေပါဦး ကိုကြီးတာတေရဲ့ ” ဒီအကောင်ကြီးက ဘန့်ဘွေး ကုန်းက လေးလေးထိန်တို့ လေးလေးပွကြီးတို့ တွေ့ခဲ့တဲ့ အကောင် ကြီးပဲလားဗျ” ” သေချာတာပေါ့ကွာ အဲ့ဒီအကောင်ကြီးပေါ့ ကျောက်ခဲရ” “‘ဟာ ဒါဆိုရင် ရွာတောင်ဦးဘုရားက ဘီလူးကြီးပေါ့ ” ” ဟုတ်လား ကိုကြီး တာတေ” ” အင်မတန် စကားနည်းတဲ့ သံမဏိကတောင် ဝင်မေးတာဗျ” ” ဒီကောင်တွေ တော်တော် စိတ်ဝင်စားတဲ့ပုံပဲဗျ” ညရောက်တော့ ကြက်တကောင်ချက်နဲ့ ထမင်းတောင်းပြင်ပြီး တော့ ရွာပြင်င်္သချိုင်းကို ထွက်ခဲ့တယ်။ ခု နောက်ပိုင်းတော့ နတ်ကတော် ခေါ်စရာ မလိုတော့ဘူးဗျ။ မျက်ကွင်းဆေးကို နားမှာ လိမ်းပြီး ‘ ဒိဗ္ဗသောတ “ဂါတာ ရွတ်လိုက်ရင် မဖဲဝါပြောတဲ့ စကားတွေပါ ကျုပ် ကြားရတယ်။ ထုံစံအတိုင်း ကျောင်းအမကြီး ဒေါ်ခရဲ့ ဂူကြီးပေါ်မှာ ထမင်းပွဲ ပြင်ရင်း မဖဲဝါကို ပင့်လိုက်တယ်။ မဖဲဝါက ထမင်းစားရင်း ကျုပ်ကို ကြည့်တယ်။ ” မဖဲဝါ ကျုပ်တို့ရွာ ဘီလူးဝင်နေလို့ဗျ” ” အဲ့ဒါ ဘယ်လို လုပ်ရမလဲဆိုတာ သိချင်လို့ပါ” ” တာတေ ဒီဘီလူးက လေဆင်နှာမောင်းနဲ့ ပါလာတာ မဟုတ်ဘူး”” လေဆင်နှာမောင်း နဲ့ ပါလာတာ အရုပ်ချည်းပဲ ပါလာတာ” အဲ့ဒါ ရိုးရိုးအရုပ်ပါ ဒီဘီလူးက သွားရင် လာရင်း နဲ့ ဒီဘီလူးရုပ်ကြီး ကို ကျွေးမွေးနေမှန်း သိလို့ အရုပ်ကြီးမှာ ဝင်ကပ်ပြီး စားသောက် နေတာ လွယ်တော့ မလွယ်ဘူး တာတေ” အရုပ်ကို ဝင်ကပ်နေတဲ့ ဘီလူးက အစွမ်းတော့ တော်တော်ထက် တယ်။
ဒါပေမယ့် နင်နဲ့ငါ နှစ်ယောက်ပေါင်းလုပ်ရင်တော့ ဒီကောင် ကို နိုင်လောက်ပါတယ်။ “နင့်ဆီမှာ နတ်ဘီလူး အင်း ရှိတယ်မလား” “‘အဲ့ဒါ ယူခဲ့ ” အင်မတန်လိုအပ်မှ သုံး ” အခုလာမယ့် လကွယ် ညရောက်ရင် ဒီဘီလူး နင်တို့ ရွာကို ခုနှစ်ပတ် ပတ်ပြီး အိပ်မွေ့ချ လိမ့်ဦးမယ် ပြီးတော့ ရွာထဲဝင်ပြီး နွားတကောင် စားဦးမှာ တာတေ ” “ရွာတောက်ဘက် တံခါးက နင် ထွက်လာခဲ့ ငါကြည့်နေမယ်” “ကျုပ်လည်း ကျောက်ခဲနဲ့ သမဏိကို ခေါ်ပြီး ရွာထဲကို ပြန်ဝင်ခဲ့ တယ်” ဒီကောင် နှစ်ယောက်ကတော့ မဖဲဝါကို မြင်လည်း မမြင် ကြားလည်း မကြားဘူးပေါ့ဗျာ” ” ဘယ်လိုတုံး ကိုကြီးတာတေ ” ” အခုလာမဲ့ လကွယ်ည ငါနဲ့ မဖဲဝါ ဒီကောင်ကြီး ကို မောင်းထုတ် မယ်ကွ ” ” ဟာ ဟုတ်လား ” ကျုပ်တို့လည်း လိုက်မယ် ကိုကြီးတာတေ” ” အေးလိုက်ချင်ရင်တော့ လ်ုက်ပေါ့ ဒါမဲ့ မင်းတို့ ရွာအပြင်ကို မထွက်နဲ့ ငါ ရွာပြင်ကို ထွက်တာနဲ့ မင်းတို့က တခါးပြန်ပိတ်ထားပြီး စောင့်နေရမယ်” “စိတ်ချ ကိုကြီးတာတေ” ” လကွယ်ညရောက်တော့ ခွေးတွေ ဟောင်ပြန်ရောဗျို့” ကျုပ် ရွာပြင်ကို ထွက်လိုက်တယ်။ ကျောက်ခဲ နဲ့ သံမဏိက ရွာတံခါးကို ပြန်ပိတ်ထားကြတယ်။ ခွေးဟောင်သံတွေက ရွာတောင်ဘက် စည်းရိုးနားကို ရောက်လာတယ်။ ” ဟော လာပြီဗျို့ ” ဘီလူးကြီး လာနေပြီ ” “‘ရွာထဲက ခွေးသံတွေက ဆူညံနေတာ ဗျို့” ” ဘုတ် ဘုတ် ဘုတ် ဘုတ် ” ဘီလူးကြီးရဲ့ ခြေသံက ကြောက်စရာကြီးဗျာ။
တဖြည်းဖြည်း နီးလာပြီဗျို့။ ကျုပ်က မဖဲဝါ ပြောတဲ့ အင်းချပ်ကို ရှာပြီးယူလာတယ် လက်ထဲမှာ အင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး အင်းနိူးဂါတာကို ရွတ်လိုက်တယ်။ ” ဝုန်း ” မဖဲဝါ ရောက်လာပြီဗျို့” “‘ကျုပ်နဲ့ မလှမ်းမကမ်းမှာ မဖဲဝါက ဆံပင်ဖားလျားကြီးနဲ့ ရောက်လာတာဗျ။ အရပ်ကြီး ဆယ်ပေလောက်ရှိတဲ့ မဖဲဝါက ဘီလူးကြီးနဲ့ ယှဉ်လိုက်တော့ ငယ်နေတာပေါ့ဗျာ။ မဖဲဝါက ဘီလူးကြီးကို စေ့စေ့ကြည့်နေတယ်ဗျ။ ဘီလူးကြီးကလည်း မဖဲဝါကို စေ့စေ့ပြန်ကြည့်နေတယ်။ ” ဝုန်း ” ” ဟာ မဖဲဝါ ထခုန်လိုက်ပြီဗျို့” ဘီလူးကြီး အပေါ်ကို ကျော်တက် ပြီးမှ ပြနိကျလာတာဗျ။ ဟာ ရိုက်ပြီဗျို့။ ရိုက်ပြီ” “ဘုန်း ဘုန်း ဘုန်း ဘုန်း” ” ဘီလူးကြီးရဲ့ ကျောကို မဖဲဝါရဲ့ လက်ဝါးကြီးနဲ့ ငါးချက်ဆင့်ရိုက် တာဗျို့။ မဖဲဝါ ရဲ့ လက်နဲ့ နှစ်ချက်ရိုက်ရင်ပဲ ဒူးထောက်ရက် ကျပြီး သွေးပွက်ပွက် အန်ကျတာဗျ။ အခု ဘီလူးက ရှေ့ကို ငိုက်ရုံပဲ ငိုက်သွားတာဗျ။ နောက်ကို ဆက်ကနဲလှည့်ပြီး ထန်းပင် လောက်ရှိတဲ့ သူ့ခြေထောက်ကြီးနဲ့ လှမ်းကန်လိုက်တာဗျို့။ မဖဲဝါကလည်း လွှားကနဲ ထခုန်ပြီး ရှောင်လိုက်တယ်။ ဟော မဖဲဝါက ကျုပ်ရှိတဲ့ ဘက်ကို ပြန်ရောက်လာပြီဗျို့။ ဘီလူးက ဒီဘက်ကို ပြန်လှည့်လာပြီး မျက်လုံးနီနီကြီး နှစ်လုံးက အနီရောင် အတန်းနှစ်တန်းနဲ့ လှစ်ကနဲ ထွက်လာပြီး မဖဲဝါကို ထိသွားတယ်ဗျို့။
“‘ဟာ မဖဲဝါ မဖဲဝါ သတိထားဗျ” ကျုပ် စကားတောင်မဆုံးသေးပါဘူးဗျာ မဖဲဝါ ကျောက်ရုပ်ကလေး ဖြစ်သွားတယ်ဗျို့။ ဆံပင်ဖားလျားလေးနဲ့ မဖဲဝါကြီးက လူပုံစံ အတိုင်းလေးဗျ။ တစ်တောင်လောက်ရှိတဲ့ ကျောက်ရုပ်ကလေး ဖြစ်သွားရောဗျာ။ ကျုပ်လည်း အံ့သြပြီး မဖဲဝါ ကျောက်ရုပ်လေးကို ပြေးပြီး မချီလိုက် တယ်။ ” ဟာ အလေးကြီးဗျာ” “ကျုပ် ဘယ်လို မမ မလို့ကို မရဘူးဗျ။ လေးနှစ်ပြီး နေရာကတောင် မရွေ့ဘူးဗျ။ ဘီလူးကြီးက ကျုပ်ကို စိုက်ကြည့် နေတယ်ဗျို့။ ကျုပ်လည်း လက်ထဲက အင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ဘီလူးကြီးဆီကို ပစ်ထည့်လိုက်တယ်” ” ဝုန်း” ကျုပ်ပစ်လ်ုက်တဲ့ နတ်ဘီလူးအင်းက မီးခိုးလုံးကြီးထသွားပြီ။ မီးခိုးတွေ ပြယ်သွားတော့ ဘုရားမှာ တွေ့ရတဲ့ ဘီလူးမျိုး ဘီလူးကြီး တကောင် ရပ်နေတာဗျို့။ ဒီ ဘီလူးက နှစ်ကောင် ဖြစ်သွားပြီပေါ့ဗျာ။ င်္အကျီမပါတဲ့ ဘီလူးက ဘီလူးအဝတ်စားတွေ ပြိုးပြိုးပြောင်ပြောင် ဝတ်ထားတဲ့ ဘီလူးဆီကို ပြေးပြီးဝင်လာရော ဗျို့။ တင်းပုတ်နဲ့ ဘီလူးကြီးက ပြေးဝင်လာတဲ့ ဘီလူးကြီးရဲ့ ခေါင်းကို လက်ထဲက တင်းပုတ်နဲ့ ဆီးပြီး ထုလိုက်တယ်။ ” ဒုန်း” ဆိုတဲ့ အသံကြီးနဲ့ အတူ င်္အကျီမပါတဲ့ ဘီလူးကြီး ဒူးထောက်ရက် ကျသွားတယ်ဗျို့။ ” ဘုန်း ဘုန်း ဘုန်း ” နတ်ဘီလူးကြီးက ဒူးထောက်ရက်ကျသွားတဲ့ ဘီလူးရဲ့ ကျောကုန်း ကို တင်းပုတ်နဲ့ သုံးချက် ဆင့်ထုလိုက်တယ်ဗျ။ ” အီး အား အီး အား ” ဒူးထောက်ရက်ကျနေတဲ့ ဘီလူးကြီးရဲ့ အော်လိုက်တဲ့အသံကြီးက အနီးနားက ရွာတွေတောင် ကြားလောက်တယ်ဗျ။ စူးပြီး နက်ကျယ်တဲ့ အသံကြီး ဗျ။
ကျုပ်ဖြင့် နားတွေ ကို အူသွားတာ ပါဗျာ။ ” ဝုန်း ” “‘ဟော ပျောက်သွားပြီဗျို့” င်္အကျီမပါတဲ့ ဘီလူးကြီး ပျောက်သွားပြီဗျ။ကိုထိန်တို့ ကိုပွကြီးတို့ကို ကိုယ်ထင်ပြလိုက်တဲ့ အကောင်ကြီးပေါ့ဗျာ။ကျုပ်တို့ ရွာက ဘထွေး ဆစ်တိုရဲ့ နွားကိုဝင်စားသွားတဲ့ အကောင်ကြီးတော့ ပြေးပြီဗျို့။ ဒီတော့မှ ကျုပ်က ကပျာကယာ ပြေးပြီး “‘နတ်ဘီလူးကြီး ဗျာ ကျောက်ရုပ်ဖြစ်သွားတဲ့ မဖဲဝါကို ပြန်ကောင်းအောင် လုပ်ပေးခဲ့ပါဗျာ။ လို့ မဖဲဝါ ကျောက်ရုပ်ကလေးကို လက်ညှိုးထိုးပြပြီး ပြောလိုက်တယ်ဗျ။ဒီတော့မှ နတ်ဘီလူးကြီးက မဖဲဝါ ကျောက်ရုပ်ကလေးကို ကြည့်ပြီး သူမျက်လုံးက အစိမ်းရောင် အလင်းတွေ ထွက်လာတယ်ဗျ။ အဲ့ဒီ အလင်းတန်းလေး နှစ်ခု မဖဲဝါ ကျောက်ရုပ်ကလေးကို ထိသွားတာနဲ့ ကျောက်ရုပ်ကလေးကနေ ချက်ချင်း မဖဲဝါကြီး ပြန်ဖြစ်သွားရောဗျို့။ ” ဝုန်း” နတ် ဘီလူးကြီးလည်း ပျောက်သွားရောဗျ။မြေကြီးပေါ်မှာ ကျနေတဲ့ ကျုပ်ရဲ့ နတ်ဘီလူး အင်းချပ်လေးက အရောင်လင်းနေတယ်။ ဒါနဲ့ ကျုပ်လည်း အင်းချပ်လေးကို ပြေးပြီး ကောက်ယူလိုက်တယ်။ မဖဲဝါက ကျုပ်ကို စိုက်ကြည့်ပြီး ခေါင်းညိတ်ပြတယ်။ ကျေးဇူးတင်ကြောင်း ပြောမှန်း ကျုပ် သိလိုက်တယ်။ ” ဟော မဖဲဝါ ပါ ပျောက်သွားပြီဗျို့။ ကျောက်ခဲနဲ့ သံမဏိက ကျုပ်ကို ရွာတံခါး ဖွင့်ပေးကြတယ်။ ကျုပ် အိမ်ပြန်ရောက်တော့ အဘတို့တောင် အိပ်နေကြပြီဗျ။ ပြီးပါပြီ





