
*မင်းအောင်နှင့် မရဏခေါ်သံ*
မင်းအောင်နှင့်ပြည့်ဖြိုးတို့ဆရာတပည့်နှစ်ယောက်လည်း ဦးအုံးမောင်ကိစ္စအားဖြေရှင်းပြီးနောက် ရွှေလောင်းရွာမှထွက်လာ၍ ခရီးဆက်လာရာ ရွှေမှော်ရွာလေးသို့ပင်ရောက်လာခဲ့ကြသည်။ တန်ခူးကဆုန်မိုးသားစုံ ဆိုတဲ့စကားအတိုင်း ရွှေမှော်ရွာလေးရဲ့ကောင်းကင်ထက်၌ မိုးရိပ်မိုးငွေ့များဖြင့်အုံ့ဆိုင်းနေကာ မိုးစက်မိုးပေါက်များသည်လည်း ဝါဖန့်ဖန့်အရောင်ရှိသော မြေသားလမ်းမကြီးပေါ်သို့ ကျဆင်းလာလေသည်။ ၎င်းမြေသားလမ်းမကြီးပေါ်သို့ လွယ်အိတ်ကိုယ်စီလွယ်ထားသော အသက်လတ်ပိုင်းလူရွယ်နှစ်ဦးသည် သွက်လက်မြန်ဆန်သောခြေလှမ်းများဖြင့်လျှောက်လှမ်းလာလေသည်။
” မိုးက ပိုသည်းလာသလိုပဲဆရာ ” ” ဟုတ်တယ်ပြည့်ဖြိုးရေ… မိုးဖြူမစဲ`မိုးမဲမရွာဆိုသလို အခုမိုးကမိုးဖြူဆိုတော့ တော်တော်နဲ့စဲမှာမဟုတ်ဘူးကွ ” ဤသို့ဖြင့်လျှောက်လှမ်းလာရာ ခနအကြာတွင် ရွာအလယ်သို့ရောက်လာ၏။ ၎င်းရွာအလယ်၌ ဟောင်းနွမ်းနေသော ဇရပ်ငယ်လေးတစ်ခုရှိ၏။ ” ဆရာ.. ရှေ့ဇရပ်မှာမိုးဝင်ခိုရအောင် ” ” အေး ပြည့်ဖြိုး ” ကျွန်တော်နှင့်ပြည့်ဖြိုးလည်း မိုးခိုရန်အတွက်ဇရပ်ငယ်လေးအတွင်းသို့ ဝင်လိုက်ကြ၏။
ထို့ဇရပ်လေးရဲ့ ဘေးအကာများမှာပျက်စီးနေသော်လည်း အမိုးလုံ၍တော်သေး၏။ ဒီပြင့်ဆို ကျွန်တော်တို့ဆရာတပည့်နှစ်ယောက်မှာ ကြွက်စုတ်ဖြစ်ပေရော့မည်။ ထိုသို့ဇရပ်၌မိုးခိုနေစဉ် ရွာလမ်းမထက်၌ ဆယ်နှစ်အရွယ်ခန့်ရှိ ကလေးမလေးတစ်ယောက်သည် ” လာပါပြီ …. သမီးလာပါပြီရှင်… ” လို့အော်ပြောကာ အမောတကောပြေးလွှားလာလေသည်။ ” သမီးလေးရေ.. သမီး ..သမီးလေးမသွားနဲ့လေ ” ဟူသောအသံနှင့်အတူ ကလေးမလေးအားအော်ပြောကာ အမျိုးသမီးတစ်ဦးသည် ကလေးမလေးနောက်မှ အမောတကောပြေးလိုက်လာနေ၏။ ကျွန်တော်၏စိတ်ထဲ၌ ထူးဆန်းနေသလိုဖြစ်နေသဖြင့် “အမြင်စက်များပွင့်စေ” ဟု အထက်ဆရာသခင်များကိုတိုင်တယ်ကာ ကလေးမလေးအား ကြည့်လိုက်ရာ … ကလေးမလေး၏ဘေး၌ မဲမဲအကောင်ကြီးနှစ်ကောင်အား တွေ့လိုက်ရ၏။
သို့ဖြစ်ပါသောကြောင့် ကျွန်တော်လည်းအချိန်မဆိုင်းတော့ပဲ ” ထိုကလေးမလေးအား နှောက်ယှက်နေသော မိစ္ဆာများဖယ်ခွာစေ ” လို့ပြောလိုက်ကာ လက်ညှိုးဖြင့် လေထဲတွင် ` က ချပ် ယ ချပ် `စမပုံတော်အားဆွဲ၍ ကလေးမလေးထံသို့ ပြစ်လိုက်၏။ ၎င်းစမသည် ကလေးမလေးအနားသို့ရောက်သွားပြီး မိစ္ဆာများအားထိမှန်သွား၏။ ထိုအခါ ” အား ” ဆိုသောအသံနက်ကြီးဖြင့်အော်ကာ မဲမဲအကောင်ကြီးနှစ်ကောင်လည်း ထွက်ပြေးသွား၏။ ကလေးမူကားထိုနေရာ၌တင် သတိလစ်ကာလဲကျသွား၏။ လဲကျသွားသောကလေးမလေးအား ကျွန်တော်ပြေးပွေ့ထားလိုက်၏။ ထိုအချိန်၌…. ” သမီးလေး သမီးလေး ” ဟု အော်ခေါ်ကာ ကျွန်တော်ထွေးပွေ့ထားသော ကလေးမလေးကို အမျိုးသမီးတစ်ယောက် ဘေးကနေလှုပ်၍နှိုးနေ၏။
ထိုအမျိုးသမီးသည်ကား ကလေးမလေးနောက်က လိုက်လာသောအမျိုးသမီးပင်ဖြစ်သည်။ ” ဒီကငါ့မောင်တို့ရယ် အမသမီးလေးဘာဖြစ်သွားတာလဲမသိဘူး … ကူညီပါအုံးနော် ” ဟုပြောကာ ကျွန်တော်လက်မောင်းအား ဆုပ်ကိုင်ရာ ကျွန်တော်လည်း ” ဘာမှစိတ်မပူပါနဲ့အမရယ်… ကလေးကသတိလစ်သွားတာပါ “ လို့ ကျွန်တော်လည်းပြန်ပြောလိုက်ပြီး ကလေးမလေးကိုပွေ့ချီကာ ဇရပ်ပေါ်သို့ရွေ့ထားလိုက်၏။ ထို့နောက် ” ပြည့်ဖြိုးရေ ငါ့ကိုရေသန့်တစ်ခွက်လောက်ပေးစမ်းပါကွာ “ ” ဟုတ်ကဲ့ ဆရာ ” ဟုဆိုကာ ပြည့်ဖြိုးလည်း ဇရပ်ဘေးနားရှိ ဘန်ဒါပင်မှအရွက်အားခူးလိုက်ပြီး ကန်တော့ပုံသဏ္ဍာန်လုပ်၍ ဇရပ်တံစက်မြိတ်မှမိုးရေများကိုခံလိုက်ကာ ဆရာဖြစ်သူထံသို့ပေးလိုက်၏။ မင်းအောင်လည်း ပြည့်ဖြိုးပေးသော သစ်ရွက်ရေခွက်ကိုယူ၍မန်းလိုက်ကာ သတိလစ်မေ့မျောနေသော ကလေးမလေး၏မျက်နှာအား လက်ဖြင့်တောက်လိုက်ရာ ” ဟင် ” ဆိုသောအသံနှင့်အတူ သတိရလာ၏။
သတိရရချင်း သူစိမ်းဖြစ်သောကျွန်တော်တို့အား ” ဒီက ဦးဦးတို့ကဘယ်သူလဲဟင် “ ဟုမျက်လုံးလေးကလယ်ကလယ်ဖြင့် မေးလေရာ ” ဦးတို့က သမီးလေးကိုကူညီပေးတဲ့သူလေ “ လို့ကျွန်တော်လည်း ပြန်ပြောလိုက်၏။ ” သမီးလေးသတိရလာပြီ …သမီးလေး “ ဟု အော်ပြောကာ အမေဖြစ်ဟန်တူသောအမျိုးသမီးမှကလေးမလေးအားဖက်ထားလိုက်သည်။ ” မေမေ သမီးကိုမဲမဲအကောင်ကြီးတွေက လာခေါ်နေတာ သမီးကြောက်တယ် “ ” ဘာမှမကြောက်နဲ့သမီးလေး… မေမေရှိတယ်နော် “ ” သမီး အခုရောအဲဒီမဲမဲအကောင်တွေ ရှိသေးလား ” လို့ ကျွန်တော်လည်း ဝင်မေးလိုက်ရာ ” မရှိတော့ဘူး ဦးဦး “ ” ဒီကငါ့မောင်တို့က ဆရာတွေလားဟင် ” ဟု ထိုအမျိုးသမီးမှ ကျွန်တော်တို့အား မျှော်လင့်ချက်များပါသောအကြည့်ဖြင့်ကြည့်ကာ မေးလေ၏။
” ဟုတ်ပါတယ်အမ..ကျွန်တော်တို့က `လောကအလယ်မှာ သောကကြွယ်နေတဲ့` ရှစ်နေ့နာမ်ဖွား ခုနှစ်ရက်သားသမီးတွေရဲ့ အခက်အခဲတွေကိုတတ်နိုင်သလောက် ကူညီဖြေရှင်းပေးနေတဲ့ သူတွေဆိုပါတော့ဗျာ “ ” ဒါဆိုရင် အမတို့ကြုံနေရတဲ့ ဒုက္ခဝဲကယက်ကရုံးထွက်နိုင်အောင် ကူညီပေးကြပါလားဆရာလေးတို့ရယ် “ ” သံသရာတစ်ကွေ့ အဖန်ဖန်တွေ့နေရတဲ့ ဒုက္ခသည်အချင်းချင်း မကူညီစရာအကြောင်းမရှိပါဘူးဗျာ “ ” ဒါနဲ့ ဆရာလေးတို့အမည်က … “ ” ကျွန်တော်အမည်ကမင်းအောင်ပါ “ ” ကျွန်တော်က ပြည့်ဖြိုးပါ ” ဟုပြည့်ဖြိုးလည်း ဝင်မိတ်ဆက်လိုက်၏။ ” ဟုတ်ကဲ့ပါဆရာလေးတို့… ကျမနာမည်ကတော့ မစန္ဒာလို့ခေါ်ပါတယ်၊ ကျမသမီးလေးနာမည်ကတော့ ဝတ်မှုံလို့ခေါ်ပါတယ် “ ” ဟုတ်ကဲ့ပါ မစန္ဒာ “ ” ဆရာလေးတို့ ကျမအိမ်ကိုပင့်ပရစေ …အိမ်ကိုကြွခဲ့ပါနော် “ ” ကောင်းပါပြီမစန္ဒာ ကျွန်တော်တို့လိုက်ခဲ့ပါ့မယ် “ ကျွန်တော်နဲ့ပြည့်ဖြိုးလည်း မစန္ဒာနှင့်အတူ ရွာလမ်းမကြီးအတိုင်းလျှောက်လာလိုက်ရာ အတန်ကြာတော့ မစန္ဒာအိမ်ရှိရာသို့ရောက်လာခဲ့ကြ၏။ မစန္ဒာအိမ်က မကြီးမသေးသစ်သားအိမ်တစ်လုံးပင်ဖြစ်၏။
” ဆရာလေးတို့ အိမ်ထဲကိုကြွကြပါ “ ” ဟုတ်ကဲ့ မစန္ဒာ ” ဟုပြောကာ ကျွန်တော်တို့လည်းအိမ်ပေါ်သို့တက်လိုက်ကြသည်။ ” ဆရာလေးတို့အဝတ်တွေလဲဖို့ အမ ပုဆိုးတွေယူပေးပါ့မယ်၊ အမအမျိုးသားပုဆိုးအသစ်တွေရှိတယ် “ ” နေပါစေ မစန္ဒာ… ကျွန်တော်တို့လွယ်အိတ်ထဲမှာလဲဖို့အဝတ်တွေပါတယ်ဗျ “ ” ဟုတ်ကဲ့ ဆရာလေး… ဒါဆိုအမအဝတ်သွားလဲလိုက်အုံးမယ်နော် ခွင့်ပြုပါအုံး “ ” ကောင်းပါပြီဗျာ “ မစန္ဒာလည်းသမီးဖြစ်သူဝတ်မှုံလေးကိုခေါ်ကာ အဝတ်လဲရန်အတွက် အိမ်အတွင်းခန်းထဲသို့ဝင်သွား၏။ ကျွန်တော်နှင့်ပြည့်ဖြိုးလည်း မိမိလွယ်လာသောလွယ်အိတ်အားဖွင့်လိုက်ပြီး ပုဆိုးနှင့်အင်္ကင်္ျီအားယူ၍ လဲလိုက်ကြသည်။ ခနကြာသော် မစန္ဒာတစ်ယောက် အခန်းအတွင်းမှထွက်လာကာ ကျွန်တော်တို့ထိုင်ဖို့အတွက် ခေါင်းရင်းခန်း၌ ဖျာအား ခင်းပေးလေသည်။
ကျွန်တော်နှင့်ပြည့်ဖြိုးလည်း မစန္ဒာခင်းပေးသောဖျာ၌ ထိုင်လိုက်ကြ၏။ ထို့နောက် မစန္ဒာမှ … ” ဆရာလေးတို့သောက်ဖို့အတွက် အခါးရည်သွားကျိုလိုက်အုံးမယ်.. ခနနော်.. ” ဟုပြောကာ မီးဖိုခန်းထဲသို့ဝင်သွားလေတယ်။ ခနကြာသော် အခါးရည်အိုးအားယူ၍ထွက်လာပြီး။ ကျွန်တော်တို့အား အခါးရည်ဖြင့် ဧည့်ခံ၏။ ” သမီးလေးရေ… မီးဖိုချောင်ထဲကလက်ဖက်ပန်းကန်လေးယူခဲ့ပါအုံးကွယ် “ ” ဟုတ်ကဲ့မေမေ… ” ဆိုသောအသံနှင့်အတူ ဝတ်မှုံလေးလည်း မီးဖိုချောင်က လက်ဖက်ပန်းကန်အား ကျွန်တော်တို့ထံသို့ယူလာကာ တည်ခင်းဧည့်ခံလေ၏။ ကျွန်တော်လည်း လက်ဖက်အားစားလိုက်ပြီး အခါးရည်ပူပူလေးကို မှုတ်၍သောက်လိုက်ကာ ” လက်ဖက်က ကောင်းလှချီလားဗျ “ ” ကောင်းဆို ရှမ်းပြည်တောင်ပိုင်းက မိတ်ဆွေတစ်ဦးဆီက လက်ဆောင်ရထားတာလေ ဆရာလေးရ “ ဟု မစန္ဒာမှဝင်ပြော၏။
သြော် ဒါကြောင့်ဒီလောက်ကောင်းတာကို..ကျွန်တော်တို့အောက်ပြည်ကလက်ဖက်တွေဆို အရောအနှောတွေနဲ့ဗျ…ရှမ်းပြည်ကဆိုတော့ အညွှန့်လေးတွေပဲသီးသန့်လုပ်ထားတာလေ “ လို့ ကျွန်တော်လည်း မစန္ဒာချကျွေးသော လက်ဖက်အား ချီးမွမ်းခန်းဖွင့်လိုက်၏။ ” ဟုတ်တယ်ဆရာရေ အခါးရည်ဆိုလဲ လက်ဖက်ခြောက်အနံ့လေးကိုသင်းပြီး ခါးမြမြလေးဗျ “ ” အဲလို သိပ်အရသာရှိလို့ပဲ ရှေ့ဘုရင်များလက်ထက်တော်က နတ်သစ်စေ့ပင်လို့ခေါ်တာပေါ့ကွာ ” လို ့ ကျွန်တော်လည်း ပြည့်ဖြိုးကိုပြောလိုက်၏။
” နတ်သစ်စေ့ပင် ဟုတ်လားဆရာ “ ” ဟုတ်တယ်ပြည့်ဖြိုး နတ်သစ်စေ့ပင်ကို ပလောင်လူမျိုးတွေက စတင်စိုက်ပျိုးခဲ့တာကွ၊လက်နဲ့ဖဲ့ပြီးခူးရတာကြောင့် ကာလကြာတော့ နတ်သစ်စေ့ပင်ကနေ လက်ဖက်ပင်ရယ်လို့ခေါ်ကြတာ၊ နောက်ပြီး လက်ဖက်ကအပူနဲ့ပတ်သက်တဲ့ ရောဂါအတော်အများကို ပျောက်ကင်းစေတယ်၊ ရာသီအကူးအပြောင်းကြောင့် အပူတွေကန်ပြီးမျက်စိနာရင် လက်ဖက်နဲ့ဆနွင်းကိုရောထောင်းပြီး မျက်ခွံပေါ်ကနေ အုံပေးထားရင် မျက်စိနာပျောက်တယ်ကွ..” ” ဆရာ ဒါဆို လက်ဖက်ကအတော်အသုံးဝင်တာပဲနော် “ ” ဒါပေါ့ကွ … အသုံးဝင်လွန်းလို့ပဲ ရှေးအခါကနတ်သစ်စေ့ပင်လို့ ခေါ်တာပဲကြည့်လေ “ မစန္ဒာလည်း မင်းအောင်နှင့်ပြည့်ဖြိုးပြောနေသော လက်ဖက်အကြောင်းအား စိတ်ဝင်တစားနားထောင်နေရာမှ ” ဆရာလေးတို့ ဆေးလိပ်သောက်တတ်တယ်မဟုတ်လား “ ” သောက်တတ်ပါတယ် အမ ” လို့ ပြည့်ဖြိုးမှဝင်ပြောလိုက်လေရာ ” ဟုတ်ကဲ့ဆရာလေး “ ဆိုကာ မစန္ဒာလည်း ဆေးပေါ့လိပ်တစ်စည်းအားယူ၍ မင်းအောင်တို့ဆရာတပည့်နှစ်ယောက်ကို တည်ခင်းဧည့်ခံလိုက်၏။
ဟ ကျွန်တော်လည်း မစန္ဒာတည်ခင်းဧည့်ခံသော ဆေးပေါ့လိပ်အား သောက်ရန်အတွက် ဖက်စိမ်းဆေးလိပ်တစ်လိပ်ကို ယူလိုက်ပြီး မီးညှိကာဖွာရှိုက်လိုက်၏။ ဆေးလိပ်အစီခံအပတ်ကလေးကိုကြည့်လိုက်တော့ `လွမ်းမပြေ ဆေးပေါ့လိပ်`ဟုရေးထားသည်ကိုတွေ့လိုက်ရ၏။ ကျွန်တော်လည်း လွမ်းမပြေဆေးပေါ့လိပ်လေးကိုသောက်ရင်း … ” မစန္ဒာသမီးလေးမှာ နှောက်ယှက်နေတဲ့မိစ္ဆာတွရှိတယ်ဗျ… ကလေးအခုလိုတွေမဖြစ်ခင် ဘာတွေထူးခြားမှုရှိလဲဗျ “ ဟု မေးလိုက်ရာ ” ထူးခြားမှုရှိတယ်ဆရာလေးရဲ့ …သမီးလေးအခုလိုတွေမဖြစ်ခင် သုံးလလောက်ထဲက ညဘက်တွေမှာ အိမ်မက်ဆိုးတွေမက်ပြီး ထထအော်တတ်တယ် “ ” ဘယ်လိုအိမ်မက်ဆိုးတွေမက်တာလဲလို့ မစန္ဒာကလေးကိုမေးကြည့်သေးလား “ ” မေးကြည့်တာပေါ့ဆရာလေးရ… သမီးလေးပြောတာတော့ အိမ်မက်ထဲမှာ မဲမဲအကောင်ကြီးနှစ်ကောင်က သူ့ကိုလာလာခေါ်နေတာတဲ့ “ ” ဘယ်ကိုလာခေါ်တာလဲလို့ အမကလေးကို မမေးကြည့်ဘူးလားဗျ “ ဟု ပြည့်ဖြိုးမှဝင်မေးလိုက်၏။
” မေးကြည့်တယ်ဆရာလေး… သမီးလေးပြောပြတာကတော့ မြစ်ဆိပ်ကဝဲဆီကိုတဲ့ “ ” ဗျာ … ဝဲ ဟုတ်လား “ ” ဟုတ်ကယ်ဆရာလေး အမတို့ရွာမှာနဂိုကဝဲမရှိဘူး…လွန်ခဲ့တဲ့သုံးနှစ်ကမှ စပေါ်လာတာ၊ အဲဒီဝဲက စပေါ်ထဲကဒုက္ခပေးတော့တာပါပဲ ဆရာလေးတို့ရယ် “ ( ဝဲ ဆိုသည်မှာ မြစ်ရေမျက်နှာပြင်တွင် ကတော့ထိုးကာလည်နေသော အရာကိုခေါ်ခြင်းဖြစ်သည်။ ဝဲတွင် စုပ်ဝဲနှင့်မှုတ်ဝဲဟူ၍ နှစ်မျိုးရှိသည်။ ဝဲဖြစ်ပေါ်လာရခြင်းအကြောင်းရင်းမှာ မြစ်၏ကြမ်းပြင်အောက်တွင် တွင်းကြီးရှိသောကြောင့် ဖြစ်တတ်၏။) ” ဘယ်လိုတွေ ဒုက္ခပေးတာလဲဗျ.. ကျွန်တော်တို့ကို ပြောပြပါအုံး “ ဟု ကျွန်တော်လည်း မေးလိုက်တယ်။ထိုအခါ မစန္ဒာမှ ” ဖြစ်ပုံက ဒီလိုရှင့်….. ကောင်းကင်ထက်တွင် မိုးရိပ်မိုးငွေ့များဖြင့်အုံ့ဆိုင်းကာ မိုးပွားလေးများကျနေသော ရွှေမှော်ရွာ၏မြစ်ကမ်းစပ်၌ တာတီး၊အောင်ဖေ၊မျက်ပြူးတို့ သူငယ်ချင်းသုံးယောက်သည် ပျော်ရွှင်စွာဆော့ကစားနေ၏။
ထိုသို့ဆော့ကစားနေရာမှ ” ဟေ့ကောင် မျက်ပြူးနဲ့အောင်ဖေ ငါတို့ရေထဲကို နောက်ဂျွမ်းပြိုင်ထိုးကြမလား “ ” စိန်လိုက်လေ တာတီးရ “ ” ဒါဆိုရင် ငါအရင်ကမ်းစပ်ကနေရေထဲကို နောက်ဂျွမ်းထိုးပြမယ် မင်းတို့ကြည့်ထား “ ” အေးပါတာတီးရယ် မင်းသာအရင်နောက်ဂျွမ်းထိုးစမ်းပါ…မျက်ပြူးဆိုတဲ့ကောင်က စိန်ခေါ်ရင်တိမ်ပေါ်ထိတက်ပြီးသားကွ “ ဟု မျက်ပြူးမှတာတီးအား မခံချင်အောင်ပြောလိုက်၏။ တာတီးတစ်ယောက်လဲ မြစ်ကပါးပေါ်သို့တက်လိုက်ကာ.. ” ၁ .. ၂… ၃.. ” ဟုရေတွက်လိုက်ကာ “ဝှစ်…ဝုန်း “ ဆိုသောအသံနှင့်အတူ ရေထဲသို့နောက်ဂျွမ်းထိုးချလိုက်၏။ ထိုအချိန်ဤ ကောင်းကင်ထက်၌ တိမ်မဲများလိပ်တက်လာကာ ” ဂျိန်း…ဂျိန်းး …ဝုန်း “ ဆိုသောကျယ်လောင်သောအသံများနှင့်အတူ မိုးများချိန်းကာ မိုးကြိုးများပြစ်ချလေသည်။ ၎င်းမိုးချိန်းသံများကြောင့် ကုန်းပေါ်တွင်ကျန်ရှိနေသော မျက်ပြူးနဲ့အောင်ဖေတို့လဲ ကြောက်လန့်က လက်နှစ်ဖက်ဖြင့်နားကိုပိတ်ပြီး မြေပေါ်သို့ဆောင့်ကြောင့်ထိုင်ချလိုက်ကြ၏။ တာတီးသည် သတ္တိရှိသောကလေးပီပီ ရေထဲတွင်အေးဆေးရေကူးနေ၏။ မိုးချိန်းသံအား မမှုချေ။
ဤသို့ဖြင့်တာတီးရေကူးနေစဉ် ” ဝေါ.. ဝေါ…ဝေါ… ” အသံကြီးနှင့်အတူ တည်ငြိမ်နေသောမြစ်ရေပြင်မှ လှိုင်းထန်လာကာ ချာချာလည်နေသော ဝဲတစ်ခုပေါ်ပေါက်လာ၏။ တာတီးလည်း ရုတ်တရက်ပေါ်ပေါက်လာသော ဝဲကြောင့် ကြောက်လန့်သွားကာ ကြောင်အမ်းအမ်းဖြစ်သွား၏။ ထိုအချိန်၌ ” တာတီး ကုန်းပေါ်အမြန်တက် ကုန်းပေါ်အမြန်တက် ” ဟူသောအသံသည် မြစ်ကမ်းပါးပေါ်တွင်ကျန်ခဲ့သော မျက်ပြူးနှင့်အောင်ဖေတို့ဆီက ထွက်ပေါ်လာသည်။ တာတီးလည်း မျက်ပြူးတို့အသံကြားမှသတိရကာ ကမ်းစပ်ရှိရာဘက်သို့ ကူးလေသည်။ သို့ပေမဲ့ အရှေ့သို့ပင်မရောက်နိုင်ဘဲ ဝဲအတွင်းသို့သက်ဆင်းသွားကာ တာတီး၏ဘဝနိဂုံးချုပ်ရလေသည်။ တာတီး၏အသက်မဲ့သွားသောခန္တာကိုယ်သည် ဝဲအတွင်းသို့သက်ဆင်းသွားကာ မြစ်၏ကြမ်းပြင်အောက်သို့ ရောက်ရှိသွား၏။ ရေပေါ်ကနေ တာတီးပျောက်သွားသောအခါ မျက်ပြူးနှင့်အောင်ဖေတို့လည်း ” တာတီးတစ်ယောက် ရေထဲမြှုပ်သွားလို့ဗျို့… လာကယ်ကြပါအုံး …လာကယ်ကြပါအုံး ” ဟု အော်ပြောကာ ရွာထဲသို့ပြေးသွားပြီးအကူညီသွားတောင်းကြသည်။
မျက်ပြူးတို့ အကူညီတောင်းမှုကြောင့် ရွာသားများလည်း မြစ်ကမ်းစပ်သို့ရောက်လာကာ ” ဟာ… ဒီနေရာမှာဝဲကြီးပေါ်နေပါ့လား၊ နဂိုဒီနေရာမှာဝဲမရှိပါဘူး၊ အခုကဘယ်လိုဖြစ်ရတာလဲ “ ” ဒီဝဲထဲ တာတီးပါသွားတာဆိုရင် ဘယ်လိုဆင်းရှာလို့ရမှာလဲ ဒုက္ခပါပဲ ” ဟုဆိုကာ ” တာတီးရေ.. တာတီး.. တာတီး ” ဖြင့် တကြော်ကြော်အော်ခေါ်လေသည်။ ရွှေမှော်ရွာ၏မြစ်ကမ်းစပ်၌ ရွာသားများ၏အော်ခေါ်သံများဖြင့် ဆူညံပွံလောရိုက်သွားလေသည်။ ” အဲဒီထဲက ဝဲကစဖြစ်လာတာပါပဲ ဆရာလေးရယ် “ ဟု မစန္ဒာလည်း မင်းအောင်တို့ဆရာတပည့်နှစ်ယောက်အား ဝဲစဖြစ်လာပုံကို အသေးစိပ်ပြောပြလိုက်၏။ အခန်း၄ ” မစန္ဒာ … တာတီးဆိုတဲ့ကလေးရဲ့ အလောင်းရောပြန်ရလားဗျ “ လို့ ကျွန်တော်လည်းမေးလိုက်ရာ ” ပြန်မရပါဘူး ဆရာလေးရယ် “ ” အမတို့က ဆိုင်ရာပိုင်ရာတွေကို ပွဲမပေးဘူးလား “ ဟု ပြည့်ဖြိုးမှ ဝင်မေးလိုက်၏။
ထိုအခါ မစန္ဒာမှ ” ပေးတာပေါ့ရှင် ပွဲမှ သုံးပွဲတောင်ပေးတာ…ဒါပေမဲ့ တာတီးလေးရဲ့အလောင်းက ပြန်ကိုပေါ်မလာတော့တာပဲ “ ” ဗျာ ” မစန္ဒာစကားကြောင့် ပြည့်ဖြိုးတစ်ယောက်အံသြသွားကာ ” ဒီဝဲက အတော်ထူးဆန်းတာပဲနော် “ ” ဟုတ်တယ်ဆရာလေးရေ… နောက်ပိုင်းကပိုပြီးထူးဆန်းလာတယ် “ ” ဗျာ “ ဒီတစ်ခါအံသြသွားတာတော့ မင်းအောင်ကိုယ်တိုင်ပင်ဖြစ်၏။ ” မစန္ဒာပြောပြတဲ့အကြောင်းက အတော်စိတ်ဝင်စားစရာကောင်းနေပြီ၊ နောက်ရောဘာဖြစ်သေးလဲဆိုတာ ကျွန်တော်တို့ကိုပြောပြပါအုံး” ” ဟုတ်ကဲ့ဆရာလေး.. နောက်ပိုင်းဆက်ဖြစ်လာတာက… “ မစန္ဒာတစ်ယောက်လည်း ပြောဟန်ပြုပြီးမှ မင်းအောင်တို့ရှေ့၌ ချထားသောလက်ဖက်ပန်းကန်တွင် လက်ဖက်များကုန်နေပြီဖြစ်သဖြင့် ” ဆရာလေးတို့ …အမ လက်ဖက်သွားယူလိုက်အုံးမယ်နော်…” လို့ပြောကာ …ကုန်စင်သွားသောလက်ဖက်ပန်းကန်အားယူ၍ မီးဖိုချောင်ထဲသို့ ဝင်သွာ၏။
ကျွန်တော်လည်း လွမ်းမပြေဆေးပေါ့လိပ်ကိုဖွာရှိုက်ရင်း မစန္ဒာတစ်ယောက် မီးဖိုချောင်ထဲကပြန်ထွက်အလာကို စောင့်နေလိုက်၏။ ခနအကြာမှာတော့ မစန္ဒာတစ်ယောက် လက်ဖက်ပန်းကန်ကိုကိုင်ကာထွက်လာပြီး ကျွန်တော်တို့အား ” ဆရာလေးတို့ လက်ဖက်သုံးဆောင်ကြပါအုံး ” ဟုပြောကာ ကျွန်တော်တို့ရှေ့၌ လက်ဖက်ပန်းကန်အား ချပေး၏။ ကျွန်တော်လည်း ” မစန္ဒာ ခုနစကားဆက်ပါအုံးဗျ “ ဟု.. ဝဲအကြောင်းသိလိုသဖြင့် မေးလိုက်၏။ လက်ဖက်စားဖို့ပင် သတိမရတော့ပေ။ ” ဒီလိုဆရာလေးရေ…တာတီးလေးသေပြီး သုံးလလောက်ထိတော့ ဝဲကငြိမ်သွားတယ်လေ၊ အမတို့ရွာမှာ ကူးတို့ပို့တဲ့ ကိုလွန်းမောင်ဆိုတာရှိတယ်၊ တစ်နေ့တော့… ကိုလွန်းမောင်တစ်ယောက် တစ်ဖက်ရွာသူ မိနှင်းနဲ့ချိန်းတွေ့ပြီး စက်လှေလေးနဲ့အပြန် မြစ်ကမ်းကပ်ခါနီး … ” ဝေါ….ဝေါ…ဝေါ..” ဖြင့် တော်လဲသံကဲ့သို့ ကျယ်လောင်စွာထွက်ပေါ်လာ၏။ ၎င်းအသံသည် ရေထဲ၌ထွက်ပေါ်လာကာ တည်ငြိမ်နေသောမြစ်ရေပြင်သည် ပင်လယ်လှိုင်းထသကဲ့သို့ ရိုက်ခက်လာပြီး ဝဲကတော့ထိုးလာ၏။ ထိုဝဲကတော့ကြီးသည် လေဆင်နှာမောင်းသဖွယ်ကတော့ထိုးကာ ပြင်းထန်သောအရှိန်ဖြင့်လည်နေ၏။ လျှပ်တစ်ပြက်ပေါ်ပေါက်လာသော ဝဲကြီးအား ကိုလွန်းမောင်တစ်ယောက် မရှောင်ရှားနိုင်ပေ။
သေးငယ်လှသည့်စက်လှေလေးသည် ကြီးမားသောဝဲကြီး၏ ဝါးမျိုခြင်းအားခံလိုက်ရ၏။ စက်လှေလေးနဲ့အတူ ကိုလွန်းမောင်တစ်ယောက်လည်း မြစ်၏ကြမ်းပြင်အောက်သို့ အသက်မဲ့စွာဖြင့်ကျရောက်သွား၏။ ထိုအဖြစ်အပျက်များအား မိနှင်းတစ်ယောက်သိလိုက်ရသောအခါ ရူးမတက်ကြေကွဲဝမ်းနည်းလိုက်ရ၏။ ++++++++++++ ” သံသရာတစ်ကွေ့ …ဆုံကာတွေ့လို့ မခွဲရက်နိုင်သူ …ချစ်ရဆုံးလူက မရဏလမ်းကို …မြန်းကာသွားတော့ ကျန်ရစ်တဲ့သူ… ရင်တွေပူလို့ ပုသိမ်မြစ်ရေသောက်ခါ…သေပါရစေတော့ မောင်ရယ်… “ ဆိုသော စာချိုးလေးအား ဝမ်းနည်းကာတုန်ရီနေသောအသံဖြင့်ရွတ်ဆို၍ မိန်းကလေးတစ်ဦးသည် မြစ်ကမ်းဆိပ်သို့လျှောက်လှမ်းလာ၏။ ၎င်းမိန်းကလေးသည် မြစ်ကမ်းဆိပ်ကနေ… ” ဝုန်း…” ခနဲ ဆိုသောအသံနှင့်အတူ မြစ်ထဲသို့ခုန်ချသွားလေ၏။ ထိုမိန်းကလေးသည်ကား မိနှင်းပင်ဖြစ်လေသည်။ ++++++++++ “အဲဒီလိုနဲ့… မိနှင်းပါသေသွားတာပေါ့ ဆရာလေးရယ် “ ” သြော်… ဖြစ်မှဖြစ်ရလေဗျာ … ဒါနဲ့နောက်ရောဘာဆက်ဖြစ်သေးလဲဗျ” ဟု ကျွန်တော်လည်း မစန္ဒာအား ထပ်မေးလိုက်ရာ မစန္ဒာမှ ” ကိုလွန်းမောင်နဲ့မိနှင်းသေပြီး သိပ်မကြာခင်မှာပဲ ကိုတက်တိုးထပ်သေတာပဲ ဆရာလေးရေ “ ” ဘယ်လိုဖြစ်ပြီးသေတာလဲ အမရ “ ဟု ဘေးနားတွင်ထိုင်နေသော ပြည့်ဖြိုးမှမေးလိုက်၏။ ပြည့်ဖြိုး၏့အမေးအား မစန္ဒာမှ ” ဖြစ်ပုံက ဒီလိုရှင့်….. အခန်း ၅ ` ပူပြင်းနေသောသူရိယနေမင်းကြီး၏ အပူရှိန်တို့သည်ကား ရွှေမှော်ရွာလမ်းမကြီးထက်သို့ အတားဆီးမဲ့စွာကျရောက်လျက်ရှိ၏။
၎င်းမြေသားလမ်းမကြီးထက်တွင် လူတစ်ယောက်သည်ဓားမတစ်ချောင်းကိုကိုင်ကာ အမောတကောပြေးလွှားလာနေသည်။ ထိုသူသည်ကား ကိုတက်တိုးပင်ဖြစ်သည်။ ” ကိုတက်တိုး ဘယ်သွားမလို့လဲ “ တစ်ရွာထဲသားဖြစ်သူ လှထွန်း၏အမေးကြောင့် ကိုတက်တိုးလည်း ပြေးနေသောခြေလှမ်းများအား ခနရပ်တန့်လိုက်ပြီး ” မြစ်ဆိပ်သွားမလို့ကွ “ ” ခဗျား မြစ်ဆိပ်ဘာသွားလုပ်မလို့လဲ “ ” ငါ့ကို ခေါ်နေပြီကွ..ဟား…ဟား..ဟား.. “ ဟု ရယ်လိုက်ပြီး ဆက်လက်ပြေးနေ၏။ လှထွန်းလည်း တက်တိုးစကားကြောင့် အနည်းငယ်တွေဝေသွားကာ ခနအကြာစဉ်းစားလိုက်ပြီး အခြေအနေအားရိပ်စားမိကာ ” ဟိုက်.. ဧကန္တ မဟုတ်မှလွဲရော..ကိုတက်တိုးမြစ်ထဲခုန်ချမလို့လားမသိဘူး၊ မဖြစ်သေးပါဘူး ငါတားမှပဲ ” ဟု တစ်ယောက်ထဲ တီးတိုးစွာပြောလိုက်ပြီး ” ကိုတက်တိုး ခနရပ်အုံး…ကိုတက်တိုး.. ” ဟု အော်ခေါ်ကာ နောက်ကနေပြေးလိုက်သွား၏။ လှထွန်းအော်ခေါ်သံကြောင့် ရွာသားများပါထွက်လာကာ ” လှထွန်း ဘာတွေဖြစ်နေတာလဲ “ ” ကိုတက်တိုးကြီးတစ်ယောက် သူ့ကိုခေါ်နေတယ်ဆိုပြီး မြစ်ဘက်ကိုထွက်ပြေးသွားတယ်ဗျ ..ကျုပ်အထင် မြစ်ထဲခုန်မလို့ထင်တယ် “ လှထွန်းလည်းရွာသားများအား ထိုသို့ပြောလိုက်ရာ ” ဒါဆိုမဖြစ်ဘူး တက်တိုးနောက်အမြန်လိုက်ကြစို့ ” ဟု ကာလသားခေါင်းဆောင် သာရင်မှပြောလိုက်ပြီး ကိုသာရင်နှင့်လှထွန်းဦးဆောင်ကာ ရွာသားများနှင့်အတူ တက်တိုးနောက်သို့ပြေးလိုက်သွား၏။ တက်တိုးသည်ရွာတောင်ပိုင်းတွင်နေထိုင်ပြီး မြစ်သည် ရွာမြောက်ပိုင်းတွင်ရှိ၏။
တက်တိုးနေရာကနေ မြစ်ရှိရာသို့သွားလျှင် တစ်မိုင်ကျော်လောက်သွားရ၏။ ကိုသာရင်နှင့်လှထွန်းတို့သည်နေရာတစ်ခုသို့အရောက်… ” တက်တိုး မင်းဘာလုပ်မလို့လဲ “ ” ငါမြစ်ထဲခုန်ချမလို့ သူတို့တွေစောင့်နေကြတယ်ကွ ..ဟား…ဟာ..ဟာ…” ” ဟေ့ကောင်တက်တိုး မင်းရူးသွားပြီလား… လာ.. ဒီကိုပြန်လာခဲ့ ..” ဟု ပြောကာ ကိုသာရင်တစ်ယောက် မြစ်ကမ်းစပ်တွင်ခုန်ချလုဆဲဖြစ်နေသော တက်တိုးအနားသို့ အသာအယာချဉ်းကပ်သွား၏။ ထိုအချိန်၌.. ” သာရင် ငါ့အနားမလာနဲ့နော် …ငါ့ကိစ္စကိုလာမရှုပ်နဲ့ ၊ငါ့လက်ထဲကဓားမက လူမရွေးဘူးနော် ဟား..ဟား..ဟား..” ဟုပြောကာရယ်မောနေ၏။ ကိုသာရင်လည်း ထိုစကားကြောင့် တက်တိုးအနားသို့ပင် မကပ်ရဲတော့ပေ။ ထိုအချိန်၌ ပူပြင်းနေသောနေမင်းကြီးအား တိမ်စိုင်တိမ်ခဲများဖုံးအုပ်သွားကာ တနည်းအားဖြင့် နေကြပ်သလိုဖြစ်သွားပြီး ငြိမ်သက်နေသော မြစ်ရေပြင်ကြီးမှာ ” ဝေါ…ဝေါ….ဝေါ…” အသံများဖြင့်ဆူညံလာကာ ” ဟေး…ဟေး..” ဟူသောအချက်ပေးအသံသဘောမျိုး ပဲ့တင်သံများထွက်ပေါ်လာပြီးနောက် ပြင်းထန်သောရေလှိုင်းများဖြစ်ပေါ်လာကာ ကြီးမားသောဝဲကတော့ကြီးတစ်ခုပေါ်ပေါက်လာ၏။ ထိုအချိန်၌ ” ငါလာပြီ… ” ..ဝုန်း… ” ဟူသောအသံနှင့်အတူ ၎င်းဝဲကတော့ကြီးထဲသို့ ကိုတက်တိုးတစ်ယောက် ခုန်ချသွား၏။ ခနအကြာတွင် နေမင်းကြီးအားဖုံးအုပ်ထားသော တိမ်စိုင်တိမ်ခဲများမှာ လွှင့်စင်သွားပြီး နေ၏အလင်းရောင်ခြည်များ ပြန်လည်ထွက်ပေါ်လာ၏။
၎င်း နေအလင်းရောင်ခြည်များပြန်လည်ထွက်ပေါ်လာသည်နှင့်အတူ မြစ်ရေပြင်မှလှုပ်ရှားနေသော လှိုင်းများနှင့်ချာချာလည်နေသောဝဲကယက်ကြီးမှာလဲ ငြိမ်သက်သွားလေသည်။ အရာအားလုံး ပုံမှန်အတိုင်းဖြစ်သွားပေမဲ့ ကိုတက်တိုးတစ်ယောက်တော့ ပျောက်ကွယ်သွား၏။ အကြောင်းမှာ ဝဲ၏ဝါးမျိုခြင်းအားခံလိုက်ရသောကြောင့်ဖြစ်သည်။ ++++++++ ” အဲဒါပါပဲ ဆရာလေးရယ် “ ” ဒါနဲ့ … ကိုတက်တိုးအလောင်းရော ပြန်ရလားဗျ “ လို့ ကျွန်တော်လည်း မစန္ဒာကိုမေးလိုက်၏။ ” ပြန်မရပါဘူး ဆရာလေးရယ် “ ” အမ ကိုတက်တိုးရေထဲခုန်ချတဲ့အချိန်က နွရောသီကြီးလား “ လို့ ပြည့်ဖြိုးလဲ စိတ်ဝင်စားသဖြင့် ဝင်မေးလိုက်ရာ ” ဟုတ်တယ်ဆရာလေးရေ.. နွေရာသီကြီးကို ဝဲကထပေါ်တာ “ ” ဒီအတိုင်းဆို ဒီဝဲမှာမှီမြန်းနေတဲ့မိစ္ဆာက အတော်အားကြီးပုံရတယ်ဗျ “ ဟု ကျွန်တော်လည်းဝင်ပြောလိုက်၏။ ” မိစ္ဆာဟုတ်လား ဆရာလေး ” မစန္ဒာမှ နားမလည်သောအမူအရာဖြင့် မင်းအောင်အားမေးလိုက်၏။ ” ဟုတ်တယ်မစန္ဒာ နောက်တော့အဲဒီကိစ္စကိုကျွန်တော်ရှင်းပြပါ့မယ်… နောက်ဘာဆက်ဖြစ်သေးလဲဆိုတာပြောပြပါအုံး “ ” ဒီလိုဆရာလေးရဲ့.. ကိုတက်တိုးမြစ်ထဲခုန်ချသွားပြီးတဲ့နောက်ပိုင်း တစ်နှစ်လောက်ထိ ဝဲကငြိမ်သွားတယ်။
တစ်နေ့တော့..အညာမှာနေတဲ့ဘကြီးဦးစောရင်တို့မိသားစုက ရွာကိုအလယ်လာပါလေရော …… ဦးစောရင်လည်း အညာသူဒေါ်ရွှေမိနှင့်အိမ်ထောင်ကျထဲက အညာမှာနေလာတာဖြင့် နှစ်အတော်အတန်ကြာခဲ့ပြီဖြစ်သည် ။ မိမိဇာတိမြေဖြစ်သော မြစ်ဝကျွန်းပေါ်ဒေသဖြစ်သည့် ရွှေမှော်ရွာလေးအားလွမ်းမိ၏။ မတွေ့ရတာကြာပြီဖြစ်သော အကိုဖြစ်သူ ဦးစောလှအားလည်း အင်မတန်သတိရ၍ တွေ့ချင်မိ၏။ သို့ဖြစ်ပါသောကြောင့် ” မရွှေမိရေ ငါ ရွာကိုတအားလွမ်းတယ်ဟာ … တစ်ခေါက်လောက်အလည်သွားရအောင် “ ” တော့သဘောပဲလေ… သွားချင်သပဆိုလဲသွားကြတာပေါ့…နောက်ပြီး တို့ကလေးတွေလည်း အောက်ပြည်ကိုရောက်ဖူးတယ်ရှိတာပေါ့ “ ” ဒါဆိုလဲ တို့ကလေးတွေကိုပါပြောထားလိုက်အုံး… ခရီးသွားဖို့ကြိုတင်ပြင်ဆင်ထားလို့ရအောင် “ ” စိတ်ချပါရှင် … တော့သားသမီးတွေကိုကျုပ်ပြောထားလိုက်ပါ့မယ် ” ++++++++++++++ အခန်း ၆ ဤသို့ဖြင့်…. ကျယ်ပြောလှသည့်ရေပြင်ကျယ်ကြီးအား ထိုးခွင်းကာ မောင်းနှင်လာသောဗနန္ဂသဘောင်္ကြီးအတွင်း၌ လူ၂၅ယောက်ခန့်ပါလာ၏။
ထိုသူတို့သည်ကား ဦးစောရင်မိသားစုနှင့် ဒေါ်ရွှေမိရဲ့အမျိုးတစ်သိုက်ဖြစ်၏။ အကြောင်းမှာ ဒေါ်ရွှေမိ၏အမျိုးများမှာ အောက်မြန်မာပြည်ကိုရောက်ဖူးချင်သောကြောင့် ပါလာခြင်းဖြစ်သည်။ ၎င်းတို့စီးနှင်းလိုက်ပါလာသော ဗန္နဂသဘောင်္ကြီးသည်ပုသိမ်မြစ်ကြောင်းထဲသို့ဝင်လာကာ ရွှေမှော်ရွာဘက်သို့ဦးတည်လာ၏။ သိပ်မကြာခင်အတောအတွင်း၌ ရွှေမှော်ရွာ၏မြစ်ကမ်းနားသို့ ဆိုက်ရောက်လာ၏။ ထိုအချိန်၌ ” ဝေါ…ဝေါ…ဝေါ… ” ဆိုသောအသံကြီးမှာ မြစ်ရေပြင်ကနေ ကျယ်လောင်စွာထွက်ပေါ်လာသည်။ ထိုအသံကြီးနှင့်အတူ မြစ်ရေပြင်မှာလည်း ကတော့ထိုးလည်လာ၏။ ဦးစောရင်လည်း… ” ဟာ… ဒုက္ခပါပဲ… ဘယ်လိုဖြစ်ပြီးဝဲကပေါ်လာရတာလဲ “ ဟုဆိုကာ အခြေနေကိုရိပ်စားမိသဖြင့် စိုးရိမ်ထိတ်လန့်သွားကာ … ” ကိုထွန်းမောင်ရေ အရှေ့မှာဝဲဗျ… သဘောင်္ကိုစက်သတ်ထား …စက်သတ်ထားဟေ့” ဦးစောရင်၏သတိပေးချက်ကြောင့် သဘောင်္မောင်းသူ ဦးထွန်းမောင်လည်း စက်အားရပ်လိုက်၏။
သို့သော် စက်သည်ရပ်မရပေ။ ” ကိုစောရင် စက်ကရပ်မရဘူးဗျ “ ” ဟာ.. ဒုက္ခပါပဲရှင်.. ” လိုက်ပါစီးနင်းသူများလည်းအထိတ်တလန့်ဖြစ်သွားကြကုန်၏။ ဤသို့ဖြင့် ဦးစောရင်တို့လိုက်ပါစီးနှင်းလာသော ဗန္နဂသဘောင်္ကြီးသည်စက်ရပ်မရဘဲအရှိန်ဖြင့် ဝဲအတွင်းသို့သက်ဆင်းသွား၏။ လှိုင်းကယက်ထစွာဖြင့်လည်နေသောဝဲအတွင်းသို့ ဗန္နဂသဘောင်္ကြီးရောက်သွားစဉ် ၎င်းသဘောင်္သည်ချာချာလည်နေ၏။သင်္ဘောအတွင်းရှိလူများသည် ” ကယ်ကြပါအုံးရှင်… ကယ်ကြပါအုံးရှင် “ ဟု တကြော်ကြော်အော်ကာ အကူအညီတောင်းနေခိုက်… ” အားလုံးဆင်းလာခဲ့ကြ..ဟား..ဟားး.ဟားး “ ဟူသော မပြီပြင်ဝေဝါးသောအသံနက်ကြီးသည် လည်နေသောဝဲကယက်ကြီးထံမှ ထွက်ပေါ်လာ၏။ ၎င်းအသံကြားရသေခါသဘောင်္ပေါ်ရှိလူများသည် စိတ်ညို့ခံရသည့်ပုံစံမျိုးဖြစ်သွားပြီး တစ်စုံတစ်ခုအားပြိုင်တူလုပ်လိုက်ကြ၏။ ၎င်းတစ်စုံတစ်ခုမှာ လည်နေသောမြစ်ရေပြင်ဝဲကယက်အတွင်းသို့ ခုန်ဆင်းလိုက်ကြခြင်းပင်ဖြစ်၏။ လူအားလုံး၏ အသက်မဲ့သောခန္ဓာကိုယ်များသည်လည်း မြစ်ရေပြင်ကြမ်းပြင်အောက်သို့ ကျဆင်းသွားကုန်၏။
၎င်း ဝဲမှထွက်ပေါ်လာသောအသံသည် လူများ၏အသက်အားနှုတ်ယူသွားသော မရဏခေါ်သံပင်ပေလော။ ” ဦးစောရင်တို့အမျိုးတစ်သိုက်လဲ အဲဒီဝဲကြောင့်ပဲ မရဏလမ်းကိုမြန်းရတာပဲ ဆရာလေးရယ် “ ဟု မစန္ဒာမှရှင်းပြလိုက်၏။ စန္ဒာ၏မျက်နှာတွင်ကား ဝမ်းနည်းသောအရိပ်အငွေ့များဖြစ်ပေါ်နေပြီး စိတ်မကောင်းဟန်ဖြင့် ” ဦးစောရင်တို့ကိစ္စဖြစ်ပြီးသွားတော့ ဝဲကတစ်နှစ်ကျော်လောက်ထိငြိမ်သွားတယ်၊ ဒီမိုးတွင်းကြမှ ပြန်ပေါ်လာတာပဲဆရာလေးရေ ” ဟုပြောကာ အားငယ်သောမျက်နှာထားဖြင့် ကျွန်တော်တို့အား ဆက်လက်၍ရှင်းပြ၏။ကျွန်တော်လဲ မစန္ဒာရဲ့အခြေအနေကိုရိပ်စားမိသဖြင့်.. ” အဲဒီ ဝဲကိစ္စကို… ကျွန်တော်တို့အတတ်နိုင်ဆုံးဖြေရှင်းပေးပါ့မယ်ဗျာ “ ” ဟုတ်ကဲ့ပါဆရာလေးတို့ရယ် အခုလိုပြောတာနဲ့တင် ကျေနပ်နေပါပြီ “ ကျွန်တော်နှင့်မစန္ဒာစကားပြောနေခိုက်.. ” စန္ဒာရေ .. စန္ဒာ ” ဟုအော်ခေါ်ကာ အိမ်ပေါ်သို့အသက်လတ်ပိုင်း အမျိုးသားတစ်ယောက်တက်လာ၏။ ထိုအမျိုးသားအား မစန္ဒာတွေ့လိုက်ရသော် ” ရှင်..အကို “ ဟုပြောလိုက်ကာ ၎င်းအမျိုးသားနှင့်ကျွန်တော်တို့အား မိတ်ဆက်ပေးသည်။
ထိုအမျိုးသားသည် မစန္ဒာ၏ခင်ပွန်းဖြစ်သူ ကိုကျောက်ခဲပင်ဖြစ်၏။ မစန္ဒာတစ်ယောက်လည်း မင်းအောင်တို့ဆရာတပည့်နှစ်ယောက်က မိမိသမီးဖြစ်သူဝတ်မှုံလေးအား ကယ်ဆယ်ခဲ့ပုံအကြောင်း၊ ဝဲကလူစားနေသည့်ကိစ္စအား ဖြေရှင်းပေးမည်ဆိုသောအကြောင်းများကို လင်ယောက်ျားဖြစ်သူကိုကျောက်ခဲအား ဝမ်းသာအားရစွာဖြင့်ပြောပြလိုက်၏။ ” ဒါဆို …ဒီကဆရာလေးတွေက ကျွန်တော်တို့ကြုံနေရတဲ့ ဒုက္ခအခက်အခဲတွေကို ဖြေရှင်းပေးမှာပေါ့နော် “ ဟု မင်းအောင်တို့အား မေးလိုက်ရာ မင်းအောင်လည်း ချိုမြိန်သောအပြုံးတစ်ခုဖြင့် ပြုံးလိုက်ကာ ” ဟုတ်ပါတယ်ကိုကျောက်ခဲ အဲဒီဝဲကိစ္စကိုဖြေရှင်းပေးမှာပါ…ကျွန်တော်တို့ဟာ ပဋ္ဌမံပညာကိုယူပြီးသည့်အချိန်ထဲကစလို့ ခုနှစ်ရက်သားသမီးတွေရဲ့အခက်အခဲတွေမှန်သမျှကို တတ်နိုင်သမျှဖြေရှင်းပေးနေတာပါ “ ” ဟုတ်ကဲ့ပါဆရာလေး … ဒါနဲ့လေ ကျွန်တော်အိမ်ကိုပြန်လာတော့ မြစ်ဘက်ကနေ ဝဲကိုရှောင်ပြီးပြန်လာခဲ့တာ။
ဝဲကလေ ” တဝေါ.. ဝေါ.. “နဲ့ အော်နေတာဗျ… အဲဒီအသံကြားရင် ရွာထဲဘယ်သူသေမလည်းဆိုတဲ့စိတ်ကြီးနဲ့ ထိတ်လန့်နေရတာဗျ..အဲဒီဝဲအော်သံကြီးကြားရတာ မရဏခေါ်သံကြားနေရသလိုပါပဲဗျာ “ ” အဲဒီအတွက်တော့ ကိုကျောက်ခဲပူမနေပါနဲ့ဗျာ.. ပဋ္ဌမံပညာဘာလဲဆိုတာ မနက်ဖြန်ကြရင် ကိုကျောက်ခဲတို့တွေ့ကြရမှာပါ “ လို့ ကျွန်တော်လည်းပြောလိုက်ရာ ” ကျုပ်က အဲဒီလိုပွဲမျိုးကိုသိပ်ကြည့်ချင်တာဗျ “ ” ကြည့်ရမှာပေါ့ဗျာ… မနက်ဖြန်အတွက်ကျွန်တော့်ကို…. အဲဒီပစ္စည်းတွေရှာပေးနိုင်မလား “ ” ရှာပေးနိုင်ပါတယ်ဆရာလေး… စိတ်သာချ ဆရာလေးတို့ လိုအပ်တဲ့ပစ္စည်းတွေကိုမနက်မိုးလင်းတာနဲ့အကုန်စုံနေစေရမယ်ဗျာ “ ” ကောင်းပါပြီဗျာ.. ကျွန်တော်တို့လည်း ကိုကျောက်ခဲကိုပဲ အားကိုးရတော့မှာပဲဗျို့ “ လို့ ကျွန်တော်လည်းပြောလိုက်ရာ ကိုကျောက်ခဲမျက်နှာမှာ ဝင်းလက်သွား၏။ ကိုကျောက်ခဲရဲ့ အင်္ဂရုပ်အားကြည့်ကာ မင်းအောင်တစ်ယောက် နှစ်လိုဖွယ်ပြုံးလိုက်၏။ ထိုအပြုံးသည်ကား မည်သို့ကြောင့်နည်း….။ ဇာတ်သိမ်းပိုင်း ဤသို့ဖြင့် မနက်မိုးသောက်အလင်းရောက်သော် မင်းအောင်တို့ဆရာတပည့်နှစ်ယောက်သည်လည်း မြစ်ရှိရာဘက်သို့ ထွက်လာခဲ့လိုက်ပြီး မြစ်ကမ်းစမ်းအရောက် .. ” ဆရာလေးတို့ရောက်လာကြပြီကို “ ” ကိုကျောက်ခဲ ဘယ်အချိန်ထဲကဒီကိုရောက်နေတာလဲဗျ “ ” ကျွန်တော်အစောကြီးထဲကရောက်နေတာဗျ..ဆရာလေးတို့လိုချင်တဲ့ပစ္စည်းတွေ အကုန်စုံနေပြီဗျို့ “ ” ကောင်းတာပေါ့ဗျာ ” ဟု ကျွန်တော်လည်းပြောလိုက်ပြီးနောက် မြစ်ကမ်းပါးပေါ်၌ စားပွဲခုံတစ်လုံးချလိုက်၏။ ထို့နောက် ညာဘက်တွင်ပိတ်ဖြူငါးတောင်၊ဘယ်ဘက်တွင်ပိတ်နီငါးတောင်အားခင်းလိုက်ကာ အလယ်၌ ပွဲစေတီအားတည်လိုက်၏။
ထိုပစ္စည်းများသည် ကိုကျောက်ခဲရှာပေးထားသော ပစ္စည်းများဖြစ်၏။ ကျွန်တော်လည်းလိုအပ်သည်များကို ပြင်ဆင်၍ပြီးသောအခါ ပွဲမီးအားထွန်းငြှိလိုက်ပြီး ” ပဋ္ဌမံဆရာကြီးအဘအောင်နှင့်တကွ လက်ယာကိုးသိန်း၊လက်ဝဲကိုးသိန်း အဘဆရာသခင်များသည်လည်း သားတော်ကြာသပတေး၏ဦးခေါင်း၌တည်ပါစေသား….၊အဘဆရာသခင်များစုံလင်စွာကြွရောက်ပြီးပါက အဘဆရာများထံသို့ အုန်း၊ငှက်ပျော၊ဆီမီး၊နံသာစုံလင်စွာဖြင့် ပဋ္ဌမံဆေးပွဲအား အပ်နှံလှူဒါန်းပါ၏။ ထိုဆေးပွဲနှင့်အတူ ရွှေမှော်ရွာသူရွာသားများ၏ ရုပ်နှင့်နာမ် နှစ်ပါးသောအသက်နှင့်ခန္ခာအား အပ်နှံလှူဒါန်းပါ၏။ ၎င်း ရွှေမှော်ရွာတွင်ကြုံတွေ့နေရသော လူစားနေသောဝဲကိစ္စကို သားတော်ကြာသပတေးသားအား ဖြေရှင်းခွင့်ပြုတော်မူပါ။ ထိုဝဲ၌ မှီမြန်းနေသော ပုဂ္ဂိုလ်သည် ခုနှစ်ရက်သားသမီးတို့အား သတ်ဖြတ်စားသောက်ကာ ကြမ်းတမ်းရိုင်းစိုင်းနေသဖြင့် သားတော်ကြာသပတေးသားသည် ၎င်းပုဂ္ဂိုလ်အားနှိမ်နင်းရာ၌ အဘဆရာသခင်များကစုံလင်စွာကြွရောက်၍ ကူညီထောက်ပံကာ ပါရမီများဖြည့်ပေးသနားတော်မူပါ။
အဘဆရာသခင်များမှ သားတပည့်ဖြစ်သူ လူဆရာကြာသပတေးသားအား အကြားစက်၊အမြင်စက်များဖွင့်လှစ်ပေးသနားတော်မူပါ ” ဟု ကျွန်တော်လည်းတိုင်တည်ကာ ပွဲအပ်လိုက်ပြီး ” ကဲ ..ဤဝဲ၌မှီမြန်းကာ လူတွေကိုဒုက္ခပေးနေသောပုဂ္ဂိုလ်သည် ကျုပ်၏အရှေ့သို့ကိုယ်ထင်ပြစေ.. “ ဟု အမိန့်ပေးလိုက်ရာ ” ဝေါ. … ဝေါ….ဝေါ ” အသံသည် ရေထဲ၌ထွက်ပေါ်လာပြီး ငြိမ်သက်နေသောမြစ်ရေပြင်မှ ရေလှိုင်းများထန်လာ၏။ ဤသည်မှလွဲ၍ မည်သည်မှမထူးခြားပေ။ ကျွန်တော်လည်းအခြေနေကို ရိပ်စားမိလိုက်၏။ သို့ဖြစ်ပါသောကြောင့် ” ခဗျားတို့က မေတ္တာနဲ့ဆင့်ခေါ်တာကို မလာဘူးပေါ့… တွေ့ကြသေးတာပေါ့ဗျာ ” ဟု ကျွန်တော်လည်းပြောလိုက်ကာ စက္ကူတစ်ချပ်အားယူ၍ ၎င်းစက္ကူ၏အလယ်၌ စဓဗဝအက္ခရာများကို ရေးဆွဲလိုက်သည်၊၎င်း စဓဗဝ၏ဘေးတွင်တော့.က ဃ ဏ ဋ္ဌ အက္ခများကိုအစဉ်လိုက်ရေးဆွဲလိုက်ပြီး နဝင်းပါထည့်လိုက်ကာ ကျန်လိုအပ်သည့်အက္ခရာများကို ထည့်သွင်းကာရေးဆွဲလိုက်သည်။ ထိုစမသည်ကား နတ်မင်းကြီးလေးပါးစောင့်သော လေးကျွန်းစမပင်ဖြစ်သည်။
ထို့နောက် ကျွန်တော်လည်း ၎င်းလေးကျွန်းစမကို မြစ်ရေပြင်၌ လှိုင်းထန်နေသောနေရာသို့ ပြစ်ချလိုက်၏။ ထိုအချိန်၌ ” ဝုန်း ” ခနဲအသံထွက်ပေါ်လာပြီး မြစ်ရေပြင်သည်လည်း ကတော့ထိုးလာကာ ချာချာလည်လာသည်ကိုတွေ့လိုက်ရ၏။ ကျွန်တော်လည်း လှိုင်းထန်၍ ချာချာလည်နေသောရေပြင်အား အာရုံစူးစိုက်၍ကြည့်လိုက်ရာ ၎င်းရေပြင်၏အောက်ခြေတွင် ရေအောက်နန်းတော်ကြီးတစ်ခု ခမ်းနားစွာတည်ရှိနေသည်ကို တွေ့လိုက်ရ၏။ ၎င်းနန်းတော်ကြီးရဲ့အလယ်တွင်ရှိသော ပုလ္လင်ပေါ်၌ ပုဂ္ဂိုလ်တစ်ဦးထိုင်နေ၏။ ထိုပုဂ္ဂိုလ်၏အသွင်အပြင်သည်ကား ဦးခေါင်းသည် ရေဘဝဲဦးခေါင်းနှင့်တူပြီး ဆင်နှာမောင်းကဲ့သို့သော ရှည်လျှားသောနှာမောင်းရှိ၏။ ပါးစပ်၌ ကြီးမားသောအစွယ်ကြီးနှစ်ချောင်းလဲပါကာ ၎င်းပုဂ္ဂိုလ်သည် ကိုယ်ရောင်ကိုယ်ဝါတောက်ပနေလေ၏။ ထိုပုဂ္ဂိုလ်၏အရှေ့၌ မဲနက်နေသောအမွှေးအမျှင်များဖြင့်ဖုံးအုပ်နေသော အစွယ်ဖွေးဖွေး ပါးစပ်ပြဲပြဲ မိစ္ဆာနှစ်ဦးက ခစားနေသည်ကိုတွေ့လိုက်ရ၏။ ကျွန်တော်လည်း ထိုပုဂ္ဂိုလ်အား ” ဒီဝဲမှာမှီမြန်းနေထိုင်တဲ့ပုဂ္ဂိုလ် ကျုပ်ရှေ့သို့ရောက်စေ… မနာခံပါက နတ်မင်းကြီးများရဲ့ဒဏ်ခက်ခြင်းကိုခံရပါစေသား…” လို့ အမိန့်ပြန်လိုက်ရာ ကောင်းကင်ထက်၌ ပြိုးပြိုးပျက်ပျက်အရောင်များထွက်လာပြီး စတုမဟာရာဇ်နတ်မင်းကြီးလေးပါး ကြွလာကာ ဒေါင့်လေးထောင့်၌ ဝိုင်းထားကြ၏။ ထိုအချိန်၌ ရေအောက်ကနေ အပေါ်သို့လှန်ကာ ဝဲကတော့ထိုးလာပြီး ၎င်းဝဲကတော့အလယ်၌ ပုဂ္ဂိုလ်သုံးဦးပေါ်လာ၏။
မိစ္ဆာသုံးဦးဆိုလျှင်ပိုမှန်၏။ ထိုပုဂ္ဂိုလ်များအား ကျွန်တော်လည်း ” သင်တို့အမည်တွေက ဘယ်လိုခေါ်ကြလဲ “ ဟု မေးလိုက်လေရာ ရေဘဝဲခေါင်းနှင့်တူသော ပုဂ္ဂိုလ်မှ ” ငါကိုယ်တော်မြတ်အမည်က သတိုးတောက်ရှိန်လို့ခေါ်တယ်ကွဲ့… ငါကိုယ်တော်မြတ်ရဲ့ငယ်ကျွန်ကြီးတွေကတော့ တက်တိုးနဲ့လွန်းမောင်ပဲဖြစ်တယ်ကွဲ့ ” ဟု ဖြေလေသည်။ ကျွန်တော်လည်း သတိုးတောက်ရှိန်ဆိုသူကား ” သင်ဒီဘဝကိုရောက်တာကြာပြီလား ” လို့ ထပ်မံမေးလိုက်ရာ ” ကြာပြီပေါ့ကွယ် ဘိုးတော်ဘုရားဖြစ်သူအလောင်းမင်းတရားကြီး လက်ထက်တော်ထဲကနေ ဒီဘဝမျိုးကိုရောက်ရှိနေတာကွဲ့ “ ” သင်ဘာကြောင့် ဒီဝဲကိုဖန်တီးပြီးလူတွေကိုသတ်နေရတာလဲ “ ” ငါကိုယ်တော်မြတ် ဆာလောင်မွတ်သိပ်နေလို့ လူတွေကိုသတ်ပြီး အသွေးအသားကိုစားရတာပဲ… လူတွေရဲ့အသွေးအသားမှမစားရရင် ရင်တွေပူလို့ပါကွယ် “ ” ခဗျားရဲ့အတိတ်ဘဝက အကုသိုလ်ကံအကြောင်းတရားတွေကြောင့် အခုလိုဝေမာနိကပြိတ္တာဘုံမျိုးကိုရောက်နေတာလေ …အခုလိုအကုသိုလ်လုပ်ရပ်မျိုးကို .ထက်ပြီးလုပ်နေရင် ဒီထက်ဆိုးတဲ့ဘဝမျိုးကိုရလိမ့်မယ်ဗျ ခဗျားနားလည်လား “ ဟု ကျွန်တော်လည်းပြောလိုက်ရာ။
ထိုသတိုးတောက်ရှိန်ဆိုသောပုဂ္ဂိုလ်မှ ” ငါကိုယ်တော်မြတ်က လူ့အသွေးအသားမှမစားရရင်မနေနိုင်ဘူးကွဲ့… အဒီတော့ ဒီကလူဆရာတွေက ကိုယ့်အလုပ်ကိုလုပ်ပါ… ငါကိုယ်တော်မြတ်ရဲ့အလုပ်ကိုဝင်မရှုပ်ပါနဲ့ “ ” ကျုပ်တို့က ပဋ္ဌမံပညာရပ်ကိုစယူစဉ်ထဲက ခုနှစ်ရက်သားသမီးတွေကို ကယ်တင်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ယူခဲ့တာဗျ၊ အခုလိုခဗျားက လူတွေကိုဒုက္ခပေးနေတာကို ကျုပ်တို့ကဒီအတိုင်းထိုင်ကြည့်မနေနိုင်ဘူးဗျ၊ ခဗျားအနေနဲ့ လူ့အသက်တွေကိုမသတ်တော့ပါဘူးဆိုတဲ့ ကတိကိုပေးပါ …ကျုပ်တို့ဘက်က မေတ္တာရပ်ခံပါတယ် “ ” ကတိမပေးနိုင်ဘူး…ငါကိုယ်တော်မြတ်က လူ့အသွေးအသားတွေကိုစားနေအုံးမှာပဲ.. ဟား..ဟား. ဟား.. ငယ်ကျွန်ကြီးတွေ အဲဒီဆရာပေါက်စတွေရဲ့ အသွေးအသားတွေကို ငါကိုယ်တော်မြတ်ဆီယူလာခဲ့စမ်း” ဟု မာထန်သောအသံဖြင့်ပြောလိုက်ရာ အစွယ်ဖွေးဖွေး ပါးစပ်ပြဲပြဲ မဲမဲအကောင်နှစ်ကောင်မှာ ရန်ပြုဟန်ဖြင့် ကျွန်တော်တို့ထံသို့ပြေးအလာ. .. ကောင်းကင်ထက်ကနေ အလင်းရောင်တစ်ခုကျွန်တော်နားသို့ကျရောက်လာ၏။ ၎င်းအလင်းရောင်အတွင်း၌ နဂါးပတ်ကျော့ကွင်းသုံးခုပေါ်လာကာ မဲမဲအကောင်နှစ်ကောင်နှင့်အတူ သတိုးတောက်ရှိန်ဆိုသူကိုပါချုပ်နှောင်လိုက်၏။
ထို့နောက် ကောင်းကင်ထက်ကနေ စတုမဟာရာဇ်နတ်မင်းမင်းကြီးလေးပါးသည်လည်း မြေပြင်ထက်သို့ဆင်းလာကာ ကျွန်တော်ပြင်ထားသော ပွဲစေတီအားအရိုသေပြုလေ၏။ အဘယ့်ကြောင့်ဆိုသော် ၎င်းပွဲစေတီတွင် ပဋ္ဌမံဆရာကြီးအဘအောင်နှင့်တကွ အထက်ဝိဇ္ဇာများပါကြွရောက်နေသောကြောင့်ဖြစ်သည်။ ထို့နောက် ပဋ္ဌမံဆရာကြီးအဘအောင်နှင့်စတုမဟာရာဇ်နတ်မင်းကြီးများသည်လည်း ကျွန်တော်တို့နားမလည်သောဘာသာစကားများဖြင့် အပြန်အလှန်ပြောလေ၏။ ခနအကြာ၌ နတ်မင်းကြီးများသည်လည်း ချုပ်နှောင်ထားသော မိစ္ဆာများကိုခေါ်ဆောင်သွားကာ ကောင်းကင်ခရီးဖြင့် ပြန်လည်ကြွမြန်းသွားလေသည်။ ထိုအဖြစ်အပျက်များအား သာမန်လူသားများအဖို့ မမြင်နိုင်ပေ။ နတ်မင်းကြီးလေးပါးနှင့်အတူ မိစ္ဆါသုံးကောင် ပါသွားပြီးနောက် လှိုင်းထန်ကာလည်နေသောဝဲကယက်သည်လည်း ငြိမ်သက်သွား၏။ ဝဲကြီးငြိမ်သက်သွားသောအခါ ဘေးနားတွင်ကြည့်နေသော လူများမှ…. ” ဟာ ဝဲကြီးမရှိတော့ဘူးဟေ့…ဝဲကြီးမရှိတော့ဘူးဟေ့ “ ဟုအော်ပြောကာ ဝမ်းသာနေကြ၏။ ရွှေမှော်ရွာလေး၏မြစ်ကမ်းစပ်၌ ရွာသူရွာသားများသည်လည်း ဝဲကယက်ပျောက်ကွယ်သွားသဖြင့် ဝမ်းသာအားရစွာဖြင့်ပျော်ရွှင်နေကြကုန်၏။
ကျွန်တော်တို့လည်း လုပ်စရာကိစ္စများဆောင်ရွက်ပြီးစီးသောအခါ ကိုကျောက်ခနှင့်အတူ မစန္ဒာအိမ်သို့ပြန်လာခဲ့လိုက်ကြ၏။ အိမ်သို့ရောက်သော် ကိုကျောက်ခဲမှ… ” ဆရာလေးတို့ ကျွန်တော်တစ်ခုလောက်မေးချင်လို့ “ ” မေးလေ ကိုကျောက်ခဲရ “ ” ဆရာလေး မနက်ကရေထဲကို အပြားလေးတစ်ပြားပြစ်ထဲ့လိုက်တာလေ.. ရေထဲကနေ တဝေါဝေါမည်လာလာပြီး ဝဲကတော့ထိုးလာရောပဲဗျ.. အဲဒီအပြားလေးက ဘာလေးလဲဟင် “ ” ဒါက လေးကျွန်းစကြာစမလို့ ခေါ်တယ်ဗျ “ ဟုပြောလိုက်ကာ ကျွန်တော်လည်းကိုကျောက်ခဲအား ပညာရပ်နှင့်ပတ်သတ်သောအကြောင်းအရာများအား ရှင်းပြလိုက်၏။ ကိုကျောက်ခဲလည်း ပဋ္ဌမံပညာရပ်အား အတော်စိတ်ဝင်စားပြီးယုံကြည်သဖြင့် မင်းအောင်ထံမှပညာတောင်းခံလေ၏။ မင်းအောက်လည်း ကိုကျောက်ခဲအား ပဋ္ဌမံပညာကိုပေးလိုက်ပြီး ပဋ္ဌမံဂိုဏ်းဝင်အဖြစ် သွတ်သွင်းပေးလိုက်၏။ ထိုကိစ္စများပြီးစီးသွားသောအခါ၌ မင်းအောင်နှင့်ပြည့်ဖြိုးလည်း ရွှေမှော်ရွာလေးကနေထွက်လာခဲ့လိုက်ကြ၏။ # ပြီး # #သတ္တဝါတစ်ခုကံတစ်ခု # ပိုင်လေး (မအူပင်မြေ) ကျွန်တော်စာရေးသူ ပိုင်လေး(မအူပင်မြေ) မှ ဖြစ်ရပ်မှန်လေးအား အခြေခံကာ စာဖတ်သူများဖတ်လို့အဆင်ပြေအောင် ကိုးကားရေးသားထားသည်။ တစ်စုံတစ်ရာအမှားအယွင်းပါခဲ့ပါက စာရေးသူ၏ညံ့ဖျင်းမှုသာဖြစ်ပါသည်။ စာဖတ်သူများအားလုံး စိတ္တသုခ ကာယသုခများနှင့် ပြည့်စုံကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Leave a Reply