ဖခင်တစ်ယောက်၏အတ္တ(စ/ဆုံး)

ဖခင်တစ်ယောက်၏အတ္တ(စ/ဆုံး)

“စံပြ အထွေထွေရောဂါကုဆေးရုံကြီး” စံပြဆေးရုံဝန်းအတွင်းသို့ ကျွန်တော်မဝင်ချင်ဝင်ချင်ဖြင့် ကားကိုဖြည်းဖြည်းမောင်းကာဝင်လာခဲ့လေသည်။ဖြစ်နိုင်လျှင် ကျွန်တော်ဒီဆေးရုံထဲသို့လာကိုမလာချင်ပေ။သို့သော်မလာ ရင်မဖြစ်သည့်အကြောင်းတရားကလည်းရှိနေပြန်လေသည်။ ကားရပ်ရမည့်နေရာမှာရပ်ထားခဲ့ပြီး ဆေးရုံအဆောက်အ ဦးထဲသို့မဝင်သေးပဲ ကျွန်တော့်သူငယ်ချင်းဒေါက်တာ ရဲမြင့်သိန်းအားဖုန်းလှမ်းဆက်လိုက်လေသည်။ “ဟဲလို ရဲကြီး အေးငါဆေးရုံအဝမှာရောနေပြီ ဘယ်ကိုလာရမှာလဲ” ရဲမြင့်သိန်းကသူလာခေါ်မည်ဆိုသဖြင့် ထိုနေရာမှာပင် စောင့်နေလိုက်လေသည်။တစ်အောင့်ကြာတော့ ရဲမြင့်သိန်း ရောက်လာပြီးသူ့အား “ထွန်းထွန်း မင်းတစ်ယောက်ထဲလား သမီးသီရီ ကိုခေါ်မလာဘူးလား” သူခေါင်းရမ်းပြလိုက်ပြီး “သမီးကိုငါဘာမှမပြောရသေးဘူး မပြောချင်တာလဲပါ တယ်ကွာ ငါတွေ့ကြည့်ပြီးမှပဲ ပြောသင့်မပြောသင့် စဉ်းစားမယ် လောလောဆယ်တော့သမီးကိုမပြောပြချင် သေးဘူး” သူ့စကားကြောင့်ရဲကြီးသက်ပြင်းချလိုက်ပြီး “သူကသမီးကိုအရမ်းတွေ့ချင်နေတာကွ သူ့အခြေအနေ ကဒီနေ့လား မနက်ဖြန်လားမသိဘူး ဖြစ်နိုင်ရင်သမီး ကိုခေါ်လာပေးလိုက်ပါကွာ နောက်ဆုံးအနေနဲ့သူ့သမီး မျက်နှာကိုမြင်သွားပါစေကွာ” သမီးကိုအရမ်းတွေ့ချင်နေတယ်ဆိုတဲ့ ရဲကြီးစကားကြောင့် သူ့မျက်နှာမဲ့လိုက်မိလေသည်။

ခုမှသမီးကိုတွေ့ချင်နေသ တဲ့လား။သမီးသည်ကျွန်တော့်သမီး သမီးကိုပေးတွေ့ဖို့ မပြောနှင့် သူရှိနေတယ်ဆိုတာတောင်ပေးမသိချင်တော့။ သမီးအနေနဲ့လည်းသူ့ကိုမတွေ့တာ အကောင်းဆုံးဖြစ် သည်ဟုကျွန်တော်ထင်လေသည်။ကျွန်တော်သည်ပင် ရဲကြီးအကြိမ်ကြိမ်ဖုန်းဆက်နေသဖြင့် မကောင်းတတ်လို့ လာရခြင်းဖြစ်လေသည်။ ရဲကြီးကသူ့နောက်မှလိုက်ခဲ့ရန်ခေါ်သဖြင့် ရဲကြီးနောက် မှသူလိုက်သွားခဲ့လေသည်။အရေးပေါ်လူနာများထားရှိသော အဆောင်၏သီးသန့်အခန်းရှေ့အရောက်တွင် ရဲကြီးခြေလှမ်း များရပ်သွားပြီး “ဒီထဲမှာသူရှိတယ်သူငယ်ချင်း မင်းပဲဝင်သွားလိုက် ငါအပြင်မှာစောင့်နေပေးမယ်” ရဲကြီးစကားကြောင့်အခန်းထဲသို့ တုံ့နှေးသည်ခြေလှမ်း များဖြင့်ဝင်လာခဲ့လေသည်။ကုတင်ပေါ်မှာပိန်လှီဖျော့တော့ ပြီးအရိုးများငေါထွက်ကာ ဆံပင်မှာလည်းကတုံးတုံးထား သည်ကိုပြန်ပေါက်နေသည့်ဆံပင်ကျိုးတို့ကျဲတဲ့ဖြင့် အသက်ကိုခက်ခက်ခဲခဲရှုရှိုက်နေရသော လူမမာတစ် ယောက်။ကမ္ဘာမှာကျွန်တော်မတွေ့ချင်ဆုံးလူသား။ အစွန်းဆုံးပြောရမယ်ဆိုရင်ကျွန်တော်အမုန်းဆုံးမိန်းမတစ် ယောက်။

ယခုဘဝမပြောနဲ့နောင်သံသရာအဆက်ဆက်တွင် ပါမတွေ့ချင်တော့တဲ့သူဆိုရင်လည်း ဟုတ်လေသည်။ ထိုမိန်းမအသက်မြန်မြန်ထွက်သွားပါစေဟု စိတ်ထဲမှဆုတောင်းနေမိလေသည်။ဖြစ်နိုင်လျှင်သူမမှာ တပ်ဆင်ထားသောအောက်ဆီဂျင်ပိုက်များကို ကျွန်တော့် လက်နှင့်ပင်ဆွဲဖြုတ်ပစ်လိုက်ချင်လေသည်။ဒါပေမယ့်ကျွန် တော်ထိုသို့လုပ်၍မဖြစ်ချေ။သမီးလေးကိုလူသတ်သမား၏ သမီးအဖြစ်သို့မရောက်စေချင်ပါ။ထို့ကြောင့်သူမအကြောင်း တွေသမီးလေးမသိခင် သူမမြန်မြန်သေသွားပါစေဟု ထပ်ပြီးဆုတောင်းလိုက်မိလေသည်။ခုတင်ထက်တွင် အသက်တောင်လုရှုနေရသောမိန်းမတစ်ယောက်ကို သန်သန်မာမာယောကျာ်းကြီးတစ်ယောက်က သနား ဂရုဏာမသက်နိုင်ပဲ သေစေချင်နေတာ သူများတွေ သိရင်တော့မေတ္တတရားခေါင်းပါးလိုက်တာဟု ထင်ကောင်း ထင်မိကြလေမည်။သို့သော်ဒါသည်ပင်သူမလုပ်ခဲ့သော အပြစ်တွေနှင့်ယှဉ်လျှင်နည်းသေးသည်ဟု ကျွန်တော် ထင်လေသည်။

သူမနာမည်ကအိရွှေစင်။ခုတင်ထက်တွင်လဲ လျောင်းနေသောသူမကိုကြည့်ပြီး သံဝေဂတော့ရမိ လေသည်။ဟိုအရင်အချိန်က သူတို့မြို့ရဲ့တက္ကသိုလ် ၏ကွင်းဖြစ်ခဲ့ရုံသာမက မြို့လေးရောပတ်ဝန်းကျင် မြို့များပါမကျန် ငယ်ငယ်ကြီးကြီးပုရိသယောကျာ်းများ ၏လိုချင်တပ်မက်ချစ်မြတ်နိုးခြင်းကိုခံရသူ သူမအတွက် သာဆိုသူငယ်ချင်းအချင်းချင်းလည်းသစ္စာဖောက်ဖို့ဝန်မ လေးသလို မိဘတွေကိုလည်းစွန့်ပစ်နိုင်လောက်အောင် သူမ၏အလှမှာငြိတွယ်ကျရှုံးခဲ့ကြရလေသည်။နတ်ပြည်မှ နတ်သမီးလေးလူ့ပြည်မှာလူဖြစ်လာသည်ဟုထင်ရလောက် အောင် အိရွှေစင်သည်လွန်စွာလှပလွန်းလေသည်။ အရပ်၅ပေခွဲရှည်သောသူမသည် ထိုခေတ်ကမိန်း ကလေးတွေထဲမှာတော့ အလွန်ရှားပါးသောအရပ်အမောင် ဖြစ်လေသည်။နက်မှောင်ရှည်လျားသောဆံပင်ရှည်ကြီး များနှင့် ကော့ညွတ်နေသည့်မျက်တောင်ရှည်ကြီးကို လည်းပိုင်ဆိုင်ထားလေသည်။ခန္ဓာကိုယ်အချိုးအစားမှာလည်း လှပပြေပြစ်ပြီး ရှိုက်ကြီးရှိုက်ငယ်အသွယ်သွယ်မှာ သူ့နေရာနှင့်သူ ကြည့်ကောင်းလှပေသည်။ ထိုစဉ်ကအဆိုတော်မရဇ္ဇ၏”ဆွဲအား”သီချင်းသည် ကျွန်တော်တို့လူငယ်များပါးစပ်ဖျားတွင် အိရွှေစင်အား စောင်းဆိုလေ့ရှိသောသီချင်းဖြစ်ခဲ့လေသည်။ “🎶ဆံပင်ရှည်ရှည်အရပ်မြင့်မြင့် ကိုယ့်ချစ်သူလေး ဂန္ဓဝင်မြောက်မင်းရဲ့အလှထူးခြား လွန်းလို့လေ ရင်ခုန်သံမမှန်နိုင်အောင် ကြွေပြီ🎶 ဆိုပြီးအိရွှေစင်ကိုသတိရတိုင်းတိုးတိုးလေးဆိုဖြစ်ခဲ့လေသည်။ အိရွှေစင်၏မျက်နှာအားခြုံပဲကြည့်ကြည့် နဖူး၊ နှာခေါင်း၊မျက်လုံးမျက်ခုံး၊နှုတ်ခမ်းစသည်တွေကို တစ်ခုချင်း ပဲကြည့်ကြည့်ဘယ်နေရာမှ အပြစ်ပြောစရာမရှိအောင် အလွန်တရာလှပပေသည်။မိန်းကလေးများတွင်အလှနှစ်မျိုး ရှိသည်ဟုကြားဖူးလေသည်။တစ်ချို့မိန်းကလေးများမှာ မြင်းတပြေးအလှဟုတင်စားကြပြီး အမှတ်မထင်ကြည့်မိ ရင်လှသလိုလိုနှင့် သေသေချာချာကြည့်ရင်မလှတော့ သောမိန်းကလေးများကိုတင်စားခြင်းဖြစ်လေသည်။ တစ်ချို့မိန်းကလေးများကတော့ ကွမ်းတရာအလှဟု တင်စားကြလေသည်။

ကွမ်းဝါးသလိုတစိမ့်စိမ့်ကြည့်လေလှ လေအလှမျိုးကိုဆိုလိုခြင်းဖြစ်လေသည်။ အိရွှေစင်မှာကားမြင်းတစ်ပြေးလိုဖျတ်ခနဲပဲ ကြည့်ကြည့် ကွမ်းတစ်ယာဝါးသလိုတစ်စိမ့်စိမ့်ပဲ ကြည့်ကြည့် အလွန်လှပြီးအကြည့်ခံသောမိန်းကလေး ဖြစ်လေသည်။ထိုအလှကြောင့်ပင် အိရွှေစင်သည် သူ့အလှကသူ့ဘဝကိုဖျက်စီးသွားခြင်းဖြစ်ပေသည်။ အလှမာန်တက်ခဲ့သည့် အိရွှေစင်တွင်အချစ်ဆိုတာမရှိ ခဲ့ပေ။သူ့အလှမှာနစ်မျောပြီး သူ့ကိုချစ်သည်ဆိုတဲ့ ယောကျာ်းတိုင်းကို ခိုင်းကောင်းသည့်နွား(သို့)သူဆော့ ကစားရာအရုပ်တစ်ရုပ်ဟုသာသဘောထားခဲ့လေသည်။ သူမကြောင့်ရူးသွားသူတွေ ဘဝပျက်သွားသူတွေကို လှောင်ရယ်နေခဲ့သည့်မိန်းမတစ်ယောက်ဖြစ်လေသည်။ ကျွန်တော်သည်လည်းအိရွှေစင်၏ခိုင်းချင်ရာခိုင်းလို့ရသည့် နွား၊ဆော့ကစားပြီးပစ်ထားခဲ့သည့်အရုပ်တစ်ရုပ်ဖြစ်ခဲ့ဖူး လေသည်။ ယခုတော့ခုတင်ပေါ်မှာလဲလျောင်းနေသောသူမ သည် ဟိုးအရင်ကပုံစံနှင့်ဘာမှမဆိုင်တော့ပေ။

နက်မှောင်ရှည်လျားသောဆံပင်အရှည်ကြီးနေရာမှာ ကတုံးဆံပင်ပေါက် ကျိုးတိုးကျဲတဲထိုးထိုးထောင်ထောင် တွေသာနေရာယူထားလေသည်။ဝိုင်းစက်နေသောမျက်လုံး ရွဲကြီးများမှာ မျက်တွင်းဟောက်ပတ်ဖြစ်နေလေသည်။ ရှိုကြီးရှိုက်ငယ်အသွယ်သွယ်နှင့် ရင်ခုန်စရာကောင်းလှ သောသူမခန္ဓကိုယ်မှာလည်း အသားတစ်စက်မှမရှိတော့ ပဲအရိုးပြိုင်းပြိုင်းဖြစ်နေလေသည်။ယောကျာ်းတကာကို အထင်သေးပြီး ဟားတိုက်ရယ်မောလေ့ရှိသောသူမမှာ ခုတော့မရယ်နိုင်ပဲ အသက်ကိုပင်ပန်းခက်ခဲစွာရှုနေရ လေသည်။ ဆေးအရှိန်ကြောင့်မှိန်းနေသောသူမကို သူစကား မပြောချင်ပါ။ကျွန်တော်ပြောလည်းသူမပြန်ပြောနိုင်မည့်ပုံ မပေါ်တော့ချေ။ဆေးရုံအနံ့တွေကြောင့်ရော သူမကို ကြည့်ရင်းနဲ့ပါ ငြီးငွေ့ပြီးခေါင်းနောက်လာသည်မို့ အခန်းပြင်သို့သူထွက်ခဲ့လေသည်။အပြင်သို့ထွက်လာသော ကျွန်တော့်ကို ရဲကြီးမှ “မင်းစောစောလာခဲ့သင့်တယ်ထွန်းထွန်း ငါပထမဆုံး မင်းကိုဖုန်းဆက်တုန်းကသူဒီလောက် အခြေအနေမဆိုး သေးဘူး” ဟုပြောလေသည်။ကျွန်တော်ရဲကြီးကိုဘာမှပြန်မပြောတော့ ပဲ နှုတ်ဆက်ကာဆေးရုံထဲမှထွက်လာခဲ့လေသည်။

ကုမ္ပဏီသို့လည်းသွားချင်စိတ်မရှိတော့သဖြင့် MDအား ဖုန်းဆက်တောင်းပန်ပြီးခွင့်ယူကာ အိမ်ပြန်လာခဲ့လေသည် အစောပိုင်းကတော့ ဆေးရုံမှအပြန်ကုမ္ပဏီသွားမည်ဟု ရည်ရွယ်ထားသော်လည်း အလုပ်လုပ်ရမှာစိတ်မပါတော့ ချေ။အိမ်ရောက်တော့ကုမ္ပဏီမှအစောကြီးပြန်လာသည့် သူ့အား သမီးလေးကအံ့ဩနေလေသည်။ “ဒယ်ဒီကုမ္ပဏီက အစောကြီးပြန်လာတယ် ဘာဖြစ်လို့လဲဟင် နေမကောင်းဘူးလား” ဟုစိုးရိမ်စွာမေးလေသည်။ “ဟုတ်တယ်သမီး ဒယ်ဒီခေါင်းမူးနေလို့ပြန်လာတာ” ဆေးရုံကပြန်လာတာကိုသမီးမသိစေပဲ ကုမ္ပဏီကပြန် လာသယောင်သူဖြေလိုက်လေသည်။ “အဲဒါဆိုခေါင်းကိုက်ပျောက်ဆေးသောက်မလား သမီး သွားယူလိုက်မယ်နော်” “နေ နေ သမီးလေး မကြည်ကိုသာသံပုရာရည် အေးအေးလေးတစ်ခွက်ယူလာခိုင်းလိုက် ဒယ်ဒီ အခန်းထဲမှာခဏနားလိုက်အုံးမယ်” သမီးကိုပြောပြီးအခန်းထဲသူဝင်လာခဲ့လေသည်။အတွေးထဲ အိရွှေစင်အကြောင်းရောက်လာတော့ သက်ပြင်းမောကို သူချလိုက်လေသည်။လိမ္မာပြီးချစ်စရာကောင်းသော သူ့သမီးလေးကို အိရွှေစင်အကြောင်းပေးမသိချင်ပါ။ သမီးလေးစိတ်ညစ်သွားမှာ အထူးသဖြင့်သူမအမေ အကြောင်းသိပြီးရှက်ရွံအားငယ်နေမှာ သမီးရဲ့ဘဝမှာ သူ့ကိုမွေးတဲ့မိခင်ကြောင့်လူတွေကဲ့ရဲ့ခံရမှာကိုသူမလို လားချေ။

“ဒေါက် ဒေါက် ဒေါက်” “မကြည် ဝင်လာခဲ့” တံခါးခေါက်သံကြောင့်မကြည်သံပရာရည် လာပို့တယ်ထင်ပေမယ့် တကယ်လာပို့သူကသမီးလေး။ အဖေ့အတွက်စိုးရိမ်ပြီး သူမကိုယ်တိုင်ဖျော်လာလေသည် သံပရာခွက်အားသူ့အားလှမ်းပေးပြီး “ရရဲ့လားဒယ်ဒီ သမီးဦးဦးရဲမြင့်လွင်ကိုဖုန်းဆက် ခေါ်လိုက်ရမလားဟင်” သမီးအပြောကြောင့်သူလန့်ဖျတ်သွားပြီး “နေ နေသမီး မခေါ်နဲ့” ဟုအကြောက်အကန်ငြင်းလိုက်မိသည်ကို ဘာမှမသိသော သမီးက “အဟင်း……ဟင်း……ခိခိခိ ဒယ်ဒီကလည်းလေ ဆရာဝန်ခေါ်မယ်ဆိုတာနဲ့ အကြောက်အကန်ငြင်းလိုက် တာ ကလေးကျနေတာပဲ ခစ်ခစ်” “မဟုတ် မဟုတ်ပါဘူးသမီးရဲ့ ဒီအချိန်ကရဲကြီးဆေးရုံ မှာရှိနေမှာဆိုတော့ အလုပ်ရှုပ်နေမှာစိုးလို့ပါ ဒယ်ဒီကလည်းခေါင်းမူးရုံလေးလေ မဖြစ်စလောက်လေး နဲ့သူ့ကိုခေါ်ရမှာအားနာလို့ပါ ဒီမှာသမီးဖျော်ပေးတဲ့ သံပရာရည်သောက်ပြီးအနားယူလိုက်ရင်ပျောက်သွားမှာပါ ဒယ်ဒီ့ကိုစိုးရိမ်ပေးလို့ ကျေးဇူးနော်သမီးလေး” သမီးမရိပ်မိအောင်ဖြေပြောအမြန်ပြောလိုက်ရလေသည် လောလောဆယ်တွင်ရဲကြီးကိုသမီးနှင့်မတွေ့စေချင်ပေ။ ရဲကြီးမှတစ်ဆင့်သူမအမေအကြောင်းကိုသိသွားနိုင်လေ သည်။ “ရပါတယ်ဒယ်ဒီရဲ့ ကိုယ့်သားအဖအချင်းချင်းကို ကျေးဇူးတင်နေပြန်ပြီ ကဲဒယ်ဒီနားလိုက်ဦးလေ သမီးမနှောင့်ယှက်တော့ဘူး” သမီးကကျွန်တော်သောက်ပြီးသားသံပရာရည်ခွက်ကို ယူပြီးပြန်ထွက်သွားလေသည်။သမီးထွက်သွားသည်နှင့် ခုတင်ပေါ်သို့ကျွန်တော်လှဲချလိုက်လေသည်။ထိုခဏ အတွင်း၌ကျွန်တော့ခေါင်းထဲသို့ အတိတ်ကအကြောင်း အရာတွေ အစီအရီရောက်ရှိလာခဲ့လေတော့သည်။ ကျွန်တော်တို့မြို့လေးရဲ့တက္ကသိုလ်၏ အလှဘုရင်မ။မြို့၏အလှပဂေးလေး အိရွှေစင်ဆိုလျှင် မြို့၌မသိသူမရှိပေ။

မိဘများမှာလည်းစီးပွားရေးအလုပ်အ ကိုင်ကောင်းပြီး ချမ်းသာလှသောကြောင့် အိရွှေစင်မှာ သူတို့မြို့တွင်တော့ ရုပ်ရည်ချောမောလှပသည့်သူဌေး သမီးတစ်ဦးဖြစ်ပြီး လိုချင်သူတွေဝိုင်းဝိုင်းလည်နေခဲ့လေ သည်။အိရွှေစင်ကလည်းဒါကိုပင်ကျေနပ်နေလေသည်။ သူမကိုယောကျာ်းလေးတွေကြိုက်ကြ ပိုးပန်းကြတာကို သဘောကျသဖြင့် ဘယ်သူ့ကိုမှအတည်တွဲရန်စိတ်မကူး ပဲ အပျော်သဘောဖြင့်သာတွဲရတာကိုပျော်နေလေသည်။ သူမကြောင့်ကျောင်းသားအချင်းချင်း ရန်ဖြစ်ပြီးကျောင်း ထွက်သွားရသူတွေရှိသလို သူမအသည်းခွဲလိုက်သဖြင့် ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားသူတွေပင်ရှိခဲ့လေသည်။ ထိုသူများကိုသနားခြင်း၊စိတ်မကောင်းဖြစ်ခြင်း တစ်စက်မရှိပဲ သူတို့အလို့၊သူတို့ဖာသာတဏှာရူးပြီး ဖြစ်တာနည်းတောင်နည်းသေးသည်ဟု သတ်မှတ်ထား လေသည်။ယောကျာ်းလေးတွေကလည်း အိရွှေစင် ရည်းစားများမှန်း ရက်စက်တတ်မှန်းသိသော်လည်း သူမကိုမချစ်ပဲမနေနိုင်ကြပေ။သူမအတွက်သာဆို မိုးကိုဒူးနဲ့တိုက်ရရ အသက်ပင်ပေးရပေးရ အိရွှေစင်မှ အိရွှေစင်သဲသဲလှုပ်ဖြစ်ခဲ့ကြလေသည်။ထိုသို့သောနွားကျသူ များထဲတွင် ကျွန်တော်လည်းထိပ်ဆုံးကပါဝင်ခဲ့လေ သည်။ အိရွှေစင်နှင့်ကျွန်တော်မှာ တစ်လမ်းထဲဖြစ်ရုံသာ မက ငယ်ငယ်ကတည်းကဆော့ဖော်ဆော့ဖက် အတန်းအတူတူတက်ခဲ့သည့်ငယ်သူငယ်ချင်းများဖြစ်ကြလေ သည်။အိရွှေစင်ကိုကျွန်တော်ငါးတန်းကတည်းက ရင်ခုန် ခဲ့လေသည်။

သူမကိုတကယ်ချစ်နေပြီဟုသိသောအချိန်မှာ ရှစ်တန်းကျောင်းသားအရွယ်သာရှိသေးသည်။သူမဘာလုပ် လုပ်ကျွန်တော့်မျက်စိမှာအပြစ်မမြင်နိုင်ခဲ့ပေ။အချစ်ကြောင့် စုံလုံးကန်းနေသည့်သူစာရင်းတွင် ကျွန်တော်ထိပ်ဆုံးက ပါဝင်ခဲ့လေသည်။အိရွှေစင်ကတော့ကျွန်တော့်ကို သူလို အပ်ရင်ခိုင်းဖို့ ခိုင်းလို့ကောင်းသည့်နွားသာသာဟုသာ သတ်မှတ်ပြီးဆက်ဆံခဲ့လေသည်။ ဒါကိုပင်ကျွန်တော့မှာသူမနားကပ်နေပြီး သူမကိုယ်သင်းနံ့ကိုရှုရှိုက်နေရသည်ကိုပင် ကျေနပ်နေ လေသည်။သူမရည်းစားဘယ်လောက်များများ စိတ်ထဲ ကသဝန်တိုသော်လည်း ပါးစပ်ကထုတ်ဖော်မပြောရဲ ပေ။သူမစိတ်ဆိုးပြီး အနားမကပ်ရမှာစိုးသောကြောင့် ဖြစ်လေသည်။သူမမုန့်လေးပဲဝယ်ခိုင်းခိုင်း ရည်းစားနှင့် လျှောက်လည်နေ၍ အတန်းမတက်နိုင်ပဲလွတ်သွား သည့်စာပဲကူးခိုင်းခိုင်း သူငါ့ကိုစကားပြောတယ်ဟုဆိုပြီ ကျေနပ်နေသူလည်းဖြစ်လေသည်။အိရွှေစင်သာခိုင်းပါက ဘဏ်ပဲဓါးပြတိုက်ရတိုက်ရ လူပဲသတ်ရသတ်ရ ထိုအချိန်ကမစိတ်မွှန်နေသဖြင့် လုပ်ပေးမည်သာအမှန်ပ ဖြစ်လေသည်။ လည်လွန်းသည့်ဘီးချီးသင့်သည်ဆိုသော စကားသည်အိရွှေစင်အတွက်မှန်နေလားမသိပေ။မြို့မှ ကြိုက်သူတွေတစ်ပုံတစ်ပင် ရှိသည့်အထဲမှာပင်အိရွှေစင် မှာနောက်ဆုံးနှစ်တွင် ရန်ကုန်မြို့မှ ကျွန်တော်တို့မြို့ သို့အရောင်အဝယ်နှင့်ခဏလာသော အသက်ခပ်ကြီးကြီး လူတစ်ဦး(အသက်ခပ်ကြီးကြီးဆိုသည်မှာ ထိုစဉ်အခါက ကျွန်တော်တို့မှာ တက္ကသိုလ်ကျောင်းသားသာရှိသေး၍ ထိုလူမှာအသက်လေးဆယ်ကျော်ဟု ခန့်မှန်းရသော ကြောင့် အသက်ခပ်ကြီးကြီးဟုဆိုလိုခြင်းဖြစ်လေသည်။)

နှင့်ကြိုက်နေပြီဟုသတင်းထွက်လာလေသည်။ကျွန်တော့် အတွက်ကားသူမရည်းစားထားတာ မဆန်းတော့သဖြင့် ရင်နာသော်လည်း သူမနားမှမခွာနိုင်ခဲ့ပဲ သူမလိုအပ် လို့ခိုင်းပါကခိုင်းသမျှလိုက်လုပ်ပေးခဲ့လေသည်။ တက္ကသိုလ်ထဲတွင် နောက်ပိုင်းကြားရ သည့်သတင်းများမှာ အိရွှေစင်အတွက်မကောင်းခဲ့ချေ။ သူမရည်းစားလူကြီးမိန်းမမှာ မြို့သို့လိုက်လာသည်ဟု သိရလေသည်။တည်းခိုခန်းတစ်ခုတွင် ထိုလူကြီးနှင့် အိရွှေစင်အား သူ့မိန်းမကအဖိဖမ်းလိုက်သဖြင့် အိရွှေစင်အရှက်ကွဲခဲ့ရသည်ဟုလည်းကြားရလေသည်။ ထိုသတင်းတွေကြားရပြီး ရင်ပူကာအိပ်မပျော်စားမဝင် ဖြစ်ရသူကကျွန်တော်ပင်။အိရွှေစင်ရှိရာသို့အပြေးအလွှား သွားကာ စိတ်ညစ်နေသောသူမကိုနှစ်သိမ့်အားပေးရ လေသည်။ဝမ်းနည်းပြီးငိုနေသော သူမကိုမျက်ရည် သုတ်ပေးရတာကိုပင် သိန်းဆုကြီးပေါက်သော မဟာကံထူးရှင်ကြီးလို ဘဝင်မြင့်ခဲ့သေးလေသည်။ သူမကမြို့ကခဏထွက်သွားချင်သည် သူမနှင့် အဖော်လိုက်ခဲ့ပေးပါဆိုသဖြင့် မန္တလေးသို့အဖော် လိုက်ခဲ့ပေးလေသည်။ကျွန်တော့်ဆိုင်ကယ်ဖြင်သူမကို မောင်းပြီးလိုက်ပို့ပေးခဲ့လေသည်။ထိုခရီးသည်ကျွန်တော့်ကို လှည်းကျိုးထမ်းခိုင်းရန်ခေါ်ခြင်းဖြစ်ကြောင်း နောင်အခါ တွင်မှသိရလေသည်။မန္တလေးရှိတည်းခိုခန်းသို့ရောက်ပြီး ည၇နာရီကျော်ကျော်တွင် ကျွန်တော့်အမေမူးလဲ၍အိမ်သို့ ပြန်လာရန် အမကြီးကဖုန်းလှမ်းဆက်လေသည်။ အိရွှေစင်ကပြန်ချင်ပြန် သူမတစ်ယောက်နေ ခဲ့မည်ပြောတာကို ကျွန်တော့်မှာစိတ်မချဖြစ်ပြီး အမေ့မှာကျွန်တော်မရှိလည်း အမတွေ၊အကိုတွေရှိသဖြ သူတို့ဆေးရုံပို့ပေးမည်ဖြစ်ပြီး အိရွှေစင်မှာက ကျွန်တော်မရှိရင်သူမတစ်ယောက်ထဲ အားငယ်နေလိမ့် မည်ဟုတွေးပြီးအိမ်သို့မပြန်ပဲ သူမနားတွင်သာနေပေးခဲ့ လေသည်။

အမကြီးဖုန်းထပ်ဆက်မှာစိုးသဖြင့် ဖုန်းပါ ပိတ်ထားလိုက်လေတော့သည်။အမေနေပြန်ကောင်းလာ၍ သာတော်သေးတော့သည်။အမေသာမူးလဲနေရာမှ ပြန်မကောင်းလာပဲကွယ်လွန်သွားပါက အမေ့အသက်တောင် မမီလိုက်သည့်သားမိုက်ဖြစ်နိုင်သည်အထိ မစိတ်မွှန်ပြီး မိုက်မဲခဲ့လေသည်။ ပထမပိုင်းပြီးပါပြီ။ “ဖခင်တစ်ယောက်၏အတ္တ” (ဒုတိယပိုင်းဇာတ်သိမ်း) #ယုယုငယ် ထိုညကသူမကိုနှစ်သိမ့်ရင်း ကျွန်တော်တို့ အချစ်ခရီးကိုစတင်ခဲ့လေသည်။ကျွန်တော်ထင်တာကသူမ ဝမ်းနည်းနေချိန်မှာ သူမကိုအဖော်ပြုပေးခဲ့သဖြင့်ဆုပြန် ပေးသည်ဟုထင်ခဲ့မိလေသည်။နုံအလိုက်သည့်ကျွန်တော်။ လက်ထပ်ပြီးသမီးလေးမွေးတော့မှ ဟိုလူကြီးနှင့်ရသော ကိုယ်ဝန်အား ကျွန်တော့်ကိုလှည်းကျိုးထမ်းခိုင်းခြင်းဖြစ် ကြောင်းသိခဲ့ရလေသည်။သမီးလေးမှာမွေးပြီး အသည်း ရောင်အသားဝါဖြစ်သဖြင့် သွေးစစ်၊ဘာစစ် စစ်တော့မှ ကျွန်တော့သမီးမဟုတ်မှန်းသိရလေသည်။ကျွန်တော်ကA သွေး၊အိရွှေစင်ကလည်းAသွေးဖြစ်ပြီး သမီးကBသွေး ဖြစ်နေလေသည်။ထိုကိစ္စနှင့်ပတ်သက်၍ အိရွှေစင်က ကျွန်တော့်ကိုတစ်စက်ကလေးမှ မတောင်းပန်ခဲ့ချေ။ ဒီလောက်အညာခံရတာတောင်အမှတ်မရှိသော ကျွန်တော်က ကလေးအဖေအဖြစ်ကျွန်တော့်ကို တာဝန်ယူခိုင်းတာကိုပင်သူမအား ကြံဖန်၍ကျေးဇူးတင် နေမိလေသည်။တစ်ခြားတစ်ယောက်ကိုသာ တာဝန်ယူ ခိုင်းပါက သူမနှင့်ဝေးရမည်မဟုတ်ပါလား။ထို့ကြောင့် ကျွန်တော့အနားမှာသူမရှိနေခြင်းကိုပင် ကျွန်တော့်မှာ ပျော်နေမိလေသည်။သမီးလေးကိုလည်းကိုယ့်သမီးလေးလို သဘောထားချစ်ခဲ့လေသည်။

သမီးလေးကသောကြာသမီး လေးဖြစ်ပြီး ရွှေစင့်နာမည်လည်းပါအောင်သိမ့်ရွှေစင် ဟုအမည်မှည့်ခဲ့လေသည်။သူမကထိုနှစ်ကကျောင်း ဆက်မတက်သည့်အတွက်ဘွဲ့မရခဲ့ပေ။ကျွန်တော်တစ် ယောက်တည်းသာဘွဲ့ရခဲ့လေသည်။ဘွဲ့ရပြီးသွား သည့်အတွက်မိဘတွေဖွင့်ထားသောဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဆိုင်ကို ခွဲယူပြီးဆိုင်ခွဲဖွင့်ခဲ့ကာ သူမနဲ့ ကလေးကိုရှာဖွေကျွေးမွေးခဲ့လေသည်။ သူမကလေးတစ်ဖက်နဲ့အိမ်အလုပ်ပင်ပန်းမှာစိုး၍ အိမ်အကူတစ်ယောက်ပင်ငှားထားပေးခဲ့လေသည်။ကျောင်း ပြန်တက်ချင်ရင်တောင် ဆက်တက်ခွင့်ပေးခဲ့သေးလေ သည်။ကျွန်တော်ချစ်လွန်းလို့ အလိုလိုက်ခဲ့သမျှ သူမအတွက်ကတော့ အမိုက်စော်ကားခဲ့လေသည်။ သမီးသုံးနှစ်သမီးအရွယ်တွင်ဗွေဖောက်လာလေသည်။ ကျွန်တော်လင်ကြီးငုတ်တုတ်ရှိပါလျက်နှင့် လင်ငယ် နေလေသည်။သူမကတစ်သားမွေးတစ်သွေးလှဆိုသလို သမီးမွေးပြီးမှ ပိုလှလာသည့်အတွက်ကြာကူလီလုပ်ချင် သူတွေကလည်းပေါပေါပင်။ ကျွန်တော်ဆိုင်မှာဝယ်သူတွေနဲ့ အလုပ်ရှုပ် နေတုန်းသူကအိမ်မှာဖောက်ပြန်နေလေသည်။သူမလင် ငယ်နေကြောင်းကိုဟိုလူသည်လူပြောသဖြင့် ကျွန်တော် အကြိမ်ကြိမ်ဆုံးမသော်လည်းနားမဝင်ပေ။နောက်ဆုံး ကျွန်တော်ဆိုင်မှအိမ်သို့တိတ်တိတ်လေးပြန်လာချောင်း တော့ လင်ငယ်နှင့်ပလူးနေတာပက်ပင်းတိုးလေသည်။ သမီးကတော့အိမ်မှာမရှိပေ။အိမ်အကူမကြည်အား သမီးကိုခေါ်ပြီးအပြင်သို့သွားနေစေလေသည်။

ကျွန်တော် ပြောတော့ ကျွန်တော့်ကွာရှင်းပေးရန်ပြောလေတော့ သည်။ “ကျွန်မရှင့်ကိုဘယ်တုန်းကမှမချစ်ခဲ့တာ ရှင်လည်းသိနေ တာပဲ သမီးအတွက်အဖေလိုလို့သာ ရှင့်ကိုယူလိုက်ရ တာ ကျွန်မရှင့်ကိုမပေါင်းချင်တော့ဘူး ကျွန်မကိုကွာ ပေးပါ” ကျွန်တော့အပေါ်မကောင်းတဲ့မိန်းမ။မကောင်းတာမှ တော်တော်မကောင်းမှန်းသိရက်နဲ့ စိတ်မနာနိုင်ပဲ “မကွာပေးနိုင်ဘူးရွှေစင် ကိုယ်တကယ်တောင်းပန်ပါ တယ် ရွှေစင့်ကိုကိုယ်အရမ်းချစ်တယ် သမီးကိုလည်း မခွဲနိုင်ဘူး ကိုယ်အားလုံးကိုခွင့်လွှတ်ပါ့မယ် ကွာဖို့မပြောပါနဲ့နော်” နွားဖြစ်ပြီးရင်းဖြစ်နေတဲ့ကျွန်တော်။လင်ငယ်နေပြီးအမှားလုပ် ထားတဲ့သူကမျက်နှာခပ်တင်းတင်းဖြင့် ကွာရှင့်ခွင့်တောင်း နေပြီး မကွာပေးနိုင်၍မျက်နှာငယ်ငယ်နှင့်တောင်းပန်နေ ရသူကကျွန်တော်။ကျွန်တော့်မှာသူမနှင့်ပတ်သက်လျှင် ယောကျာ်းမာနရော သိက္ခာတွေပါမရှိတော့တာသည် သူမကိုစချစ်ခဲ့မိသည့် ဆယ်ကျော်သက်အရွယ်ကတည်း ကဖြစ်လေသည်။ “ဟင့်အင်းရှင်ကွာပဲကွာပေး ရှင်နဲ့နေရတာမပျော်ဘူး ကျွန်မချစ်တဲ့သူနဲ့အတူတူနေချင်တယ် မရရအောင် ရှင်နဲ့ကွာမှာမို့ ရှင်ကွာပေးပါ” သူမဖြစ်ချင်တာတွေပြောပြီး အခန်းထဲဝင်ကာအခန်းတံခါး ပိတ်ထားသည်မို့ ယောကျာ်းတန်မဲ့ဝမ်းနည်းပက်လက် ငိုကြွေးခဲ့ရသည်အထိ ကျွန်တော်သူမနဲ့မဝေးချင်ခဲ့ပေ။ ကျွန်တော်မကွာပေးလျှင် သူမအတင်းအကြပ်ကွာခိုင်း လို့မရပေ။သူမအားယူပြီးကတည်းက ယောကျာ်းပီပီ သသရှာဖွေကျွေးမွေးခဲ့ပြီး စိတ်ဆင်းရဲကိုယ်ဆင်းရဲ ဖြစ်အောင်လည်းမကျူးလွန်ခဲ့သဖြင့် တရားရုံးမှာ ကွာရှင်းခွင့်တောင်းရင်တောင် ကျွန်တော်အနိုင်ပင်။ သူမထွက်မပြေးနိုင်အောင် လင်ငယ်နှင့်မဆက်သွယ် နိုင်အောင်သာစောင့်ကြည့်နေလိုက်လေသည်။ ဆိုင်ကိုလည်းသူများနှင့်ခဏလွှဲထားခဲ့လေသည်။

ထိုသို့လုပ်ပါကသူ့ကောင်နှင့် အဆက်အသွယ်မရတော့၍ ကြာရင်မေ့သွားပြီး ကျွန်တော့်အားကွာရှင်းတော့မှာ မဟုတ်ဟုတွေးထင်ခဲ့မိသော ကျွန်တော်မှာအရူးတစ် ယောက်သာဖြစ်နေလေတော့သည်။ဒီအတောအတွင်းမှာပင် သူ့အတွက်လက်ဆောင်ပစ္စည်းများဝယ်ပေးပြီး ကျွန် တော်တတ်စွမ်းသမျှ သူမကိုကျွန်တော့်ဘက်ပြန်ပါ လာအောင်ချော့မြူခဲ့လေသည်။တစ်လလုံးလုံးသူမနားမှာ ကပ်ပြီး ကျွန်တော့ဆီစိတ်ပြန်ရောက်အောင်လုပ်နေရ သဖြင့်ဆိုင်သို့လည်းမသွားနိုင်ချေ။ထိုနေ့ကညဘက်ဆိုင်မှ အရောင်းအဝယ်လချုပ်စာရင်းများလာပို့သွား၍ ကျွန်တော်စစ်ဆေးနေရသဖြင့် အိပ်ရာဝင်နောက်ကျခဲ့ လေသည်။ နေ့မြင့်မှနိုးလာသဖြင့်သူမကိုထွက်သွားပြီလား စိုးရိမ်စိတ်ဖြင့် လိုက်ရှာတော့သူမကမီးဖိုချောင်ထဲမှာ မနက်စာပြင်နေလေသည်။ ကျွန်တော့်ကိုမြင်တော့ “ကို နိုးလာပြီလား ဒီမှာကိုစားဖို့မနက်စာပြင်ပေးနေ တာ မကြည်ကစျေးသွားနေလို့လေ” အပြုံးဖြင့်ပြောနေသောသူမကိုကြည့်ပြီး ဝမ်းသာသွား လေသည်။မနက်ခင်းမှာအလှကြီးလှနေသောသူမအား နောက်ကနေသိုင်းဖက်ပြီး ပါးမို့မိုလေးအားအနမ်းခြွေ လိုက်တော့ သူမကလည်းကျွန်တော့်ဖက်ကိုလှည့်ပြီး ကျွန်တော့်ပါးကိုပြန်နမ်းတာကြောင့် ကျွန်တော့်မှာ ရင်ခုန်မိလေသည်။အိမ်ထောင်သက်လေးနှစ်ရှိနေတာ တောင်ကျွန်တော့်မှာ သူမနှင့်ဆိုဟိုးအရင်ကအတိုင်း ရင်ခုန်နေဆဲဖြစ်လေသည်။ “ဟင်း ချစ်လို့သာနမ်းရတာ မျက်နှာလည်းမသစ်ရ သေးမို့လား လူညစ်ပတ်ကြီး သွားမျက်နှာသွားသစ် ထမင်းကြော်ပြီး ကော်ဖီဖျော်ထားပေးမယ်” အိမ်ထောင်သက်လေးနှစ်အတွင်း သူမထံမှချစ်တယ် ဆိုတဲ့စကားမကြားဖူး၍ အထူးအဆန်းဖြစ်ပြီး သေချာအောင်ကျွန်တော်ထပ်မေးကြည့်လိုက်လေသည်။ “ရွှေစင် ရွှေစင် ခုနကကိုယ့်ကိုချစ်တယ်လို့ပြောလိုက် တာလား ဟင် ဖြေပါဦးရွှေစင်ရဲ့” “ကဲပါမျက်နှာသွားသစ်ပါဆို မချစ်ပဲမုန်းလိုက်တော့မှာ နော်ထပ်မေးရင်” “မုန်းတော့မမုန်းလိုက်ပါနဲ့ရွှေစင်ရယ် ကိုယ်မျက်နှာသွားသစ်ပါ့မယ်နော်” ရွှေစင်စိတ်ပြောင်းသွားမှာစိုးပြီး ကျွန်တော်မျက်နှာသွားသစ် ခဲ့လေသည်။မျက်နှာသစ်ပြီးထွက်လာတော့ သမီးအခန်း သို့ဝင်ကြည့်ရာသမီးလေးမှာ အခုချိန်ထိအိပ်မောကျနေဆဲ ဖြစ်လေသည်။

ထမင်းစားခန်းဝင်လာပြီးတော့ ရွှေစင် ပြင်ပေးသောထမင်းကြော်နှင့်ကော်ဖီကိုစားနေလေသည်။ စားရင်းနှင့်ကုန်ခါနီးလောက်မှာ ကျွန်တော့်ရင်တွေပူလာလေ သည်။ငံပြာရည်ကြော်နှင့်တွဲစားသောကြောင့် လို့ပထမထင် လိုက်မိသေးသည်။နောက်တော့ကျွန်တော့်ရင်ထဲအဆမတန်ပူ လောင်လာပြီး ထမင်းတွေပြန်အန်ထွက်လာလေသည်။ အန်လိုက်သောထမင်းထဲတွင် သွေးများပါသလိုလို ငံပြာရည်ကြော်ထဲကငရုတ်သီးအရောင်လိုလိုနှင့် ကျွန်တော့် မျက်လုံးများပြာလာပြီးမဝေခွဲနိုင်တော့ပေ။ ထိုင်ခုံပေါ်တွင်မထိုင်နိုင်တော့ပဲ အောက်သို့ ပြုတ်ကျသွားကာ မှောင်အတိကျသွားလေတော့သည်။ “ရွှေစင် ရွှေစင်” ကျွန်တော်တကြော်ကြော်ခေါ်ပြီးအနောက်ကပြေးလိုက်ပေ မယ့်ရွှေစင်ကကျွန်တော့်ကိုလှည့်မကြည့်ပဲ ရှေ့ကပြေးမြဲ ပြေးနေလေသည်။ကျွန်တော်နှင့်ရွှေစင်ကြားမှာချောက် ကြီးခြားနေမှန်းမသိပဲ စွတ်ပြီးပြေးလိုက်လာမိသော ကျွန်တော့်မှာချောက်အတွင်းသို့ပြုတ်ကျသွားလေတော့ သည်။ “အား………” “သား သားသတိရလာပြီလားဟင်” “ေ…..မ ေ……မ” ကျွန်တော်စကားမဆိုနိုင်။မောနေလေသည်။ ကျွန်တော့်ကိုကြည့်နေသူများ ထဲမှရွှေစင့်ကိုလိုက်ရှာမိသည်မတွေ့။ ဘာတွေဘယ်လိုဖြစ်ကုန်သလဲ ကျွန်တော်မသိ။ ကျွန်တော်ဘယ်နေရာရောက်နေလဲတောင် မသိတော့။ရေဆာလာသဖြင့် “ရေ……ရေ…… ပေး……..ပါ.” ကျွန်တော့်စကားသံတိုးလွန်းသဖြင့်အကိုက ကျွန်တော့် ပါးစပ်နှင့်သူ့နားကိုကပ်ပြီးနားထောင်သည်။မေမေကကျွန်တော့် ကိုကြည့်ပြီးငိုနေလေသည်။အမကြီးသွားခေါ်သဖြင့်ဆရာဝန် နှင့်နပ်စမတစ်ဦးဝင်လာပြီး ကျွန်တော်ကိုစမ်းသပ်လေသည်။ အကိုပြောလိုက်သဖြင့် နပ်စမလေးဂွမ်းကိုရေစွတ်ပြီး ကျွန်တော့်နှုတ်ခမ်းကိုရေဖြင့်ထိတွေ့ပေးလေသည်။ “အခြေအနေကတော့စိတ်ချရပါပြီလေ ပြန်နေကောင်း ဖို့တော့တစ်ပတ်လောက်ကြာဦးမယ် မနက်ဖြန်၊သဘက်ခါ အခြေအနေကြည့်ပြီးဆေးရုံဆင်းသင့်မဆင်းသင့် ပြောပေး ပါ့မယ်:” ဟုပြောပြီး ပြန်ထွက်သွားလေသည်။အခုအချိန်ထိ ဘာတွေဖြစ်နေမှန်းသူစဉ်းစားလို့မရသေးပေ။

နောက်တော့ နပ်စမလေးထိုးပေးသည့်ဆေးကြောင့် ကျွန်တော်ပြန်အိပ် ပျော်သွားလေသည်။နိုးလာတော့ကျွန်တော့်ဘေးတွင်အကို တစ်ယောက်ထဲသာရှိတော့လေသည်။အမေနှင့်အမကိုမ တွေ့ရတော့ချေ။ပထမတစ်ခေါက်ထက်စာရင်ကျွန်တော် ခံသာနေပြီမို့ ဘာတွေဖြစ်ခဲ့သလဲဆိုတာ အကို့ကို မေးရလေသည်။ “မင်းကိုရွှေစင်အစာထဲ အဆိပ်ခတ်တာ မင်းအဆိပ်မိပြီး ထမင်းတွေ၊သွေးတွေအန်ရင်းနဲ့လဲကျ နေတာကို စျေးကပြန်လာတဲ့မကြည်မြင်ပြီး ဘေးက လူတွေကိုအကူအညီတောင်းလို့ မင်းဆေးရုံရောက် လာတာ” “ဆေးရုံကိုရောက်လာတော့ အသက်မြော့မြော့ပဲရှိတော့ တယ် မင်းအသက်ကိုဆရာဝန်ကြီးတွေမနည်းကယ်ထား ရတာ မင်းသတိမေ့နေတာသုံးရက်တောင်ရှိသွားပြီ” “ရွှေစင်ကတော့မင်းကိုသတ်ပြီး အကောင်တစ်ကောင်နဲ့ နယ်စပ်ကိုထွက်ပြေးသွားတယ်ပြောတယ် ဖြစ်ဖြစ်ချင်း အကိုတို့လည်းမင်းအတွက်စိုးရိမ်နေရတာနဲ့ ရွှေစင့်ကို အရေးမလုပ်မိကြဘူး နောက်မှရဲစခန်းမှာတော့တိုင်ထား ကြတယ် ဒါပေမယ့်နယ်စပ်ရောက်သွားရင် ထိုင်းကို ရောက်ဖို့နီးသွားတော့ မိတော့မယ်မထင်ဘူး” အကို့စကားကြောင့်ကျွန်တော်ပြန်စဉ်းစားမိလေသည်။ ထိုနေ့ကရွှေစင်ကျွန်တော့်အပေါ်ကောင်းပြနေခြင်းမှာ ကျွန်တော်ကိုသတ်ရန်ရည်ရွယ်ထားသောကြောင့် မာယာသုံးခဲ့ခြင်းဖြစ် ကြောင်းကျွန်တော်သဘောပေါက်သွားလေသည်။ “သမီး သမီးလေးရော သူခေါ်သွားတာလား” “သမီးလေးသိမ့်ရွှေစင်ကတော့ အမေခေါ်ထားတယ် ခုအမေ့အိမ်မှာ မမကြီးလည်းရှိတယ်၊မကြည်လည်းအိမ် ခေါ်ထားတာမို့သမီးကိုစိတ်မပူပဲ မင်းကျန်းမာရေးသာ ဂရုစိုက်” အော်နောက်လင်နဲ့ပျော်ရဖို့ ကိုယ့်သမီးအရင်းကိုပင် ပစ်ထားခဲ့သည့်ရက်စက်လွန်းလှတဲ့အမေပါလား။ ရွှေစင်စဉ်းစားသင့်လေသည်။ကံကောင်း၍ကျွန်တော် မသေတာ ကျွန်တော်သာသေသွားရင် အမေကလည်း ပစ်သွားအဖေကလည်းသေနှင့် ဒီသမီးလေးဘယ်လိုကျန်ခဲ့ မလဲသူမတွေးချေ။

မတော်တဆတစ်ယောက်ယောက်ကများ ကျွန်တော့သွေးသားမဟုတ်မှန်းသိသွားရင် ကျွန်တော့် အမေကလည်း သူ့သားကိုသတ်သောမိန်းမ၏ကလေးအား ကြည်ဖြူပါ့မလား။သူပျော်ရရင်ပြီးရော တစ်ခြားသူဘာ ဖြစ်ဖြစ် ကိုယ်မွေးထားသောသမီးအပေါ်တောင်ငဲ့ညှာ မှုမရှိသောသူမကိုကျွန်တော်ရွံသွားလေပြီ။အိရွှေစင်သည် မိန်းမကောင်းမဟုတ်မှန်း ကျွန်တော်သိပါသည်။ဒါပေမယ့် အပြစ်မမြင်ပဲချစ်ခဲ့လေသည်။သူ့ကိုသိပ်ချစ်သဖြင့် သူဖောက်ပြန်တာကိုတောင်မှ ခွင့်လွှတ်ပေးခဲ့လေသည်။ သမီးအပေါ်ရက်စက်တာကိုတော့ခွင့်မလွှတ် နိုင်ပေ။ကျွန်တော့်ကိုအဆိပ်ခတ်ပြီး သတ်တာထက် သမီးအပေါ်မိခင်စိတ်မဲ့လွန်းတာကိုတော့ ဘယ်တော့မှ မကြေပါ။ထို့ကြောင့်ကျွန်တော်ဆေးရုံကဆင်းတော့ သမီးနှင့်မကြည်ကိုခေါ်ပြီး ရန်ကုန်သို့ပြောင်းလာခဲ့လေ သည်။သမီးနာမည်ကိုလည်း သိမ့်ရွှေစင်အစား သီရီထွန်းနိုင်ဟုပြောင်းပေးခဲ့လေသည်။ထွန်းထွန်နိုင်ရဲ့ သမီး ကျွန်တော်ရဲ့သမီးသီရီထွန်းနိုင်အဖြစ်သာ ကြီးပြင်းလာစေသည်။အိရွှေစင်အကြောင်းကိုသမီးကိုလုံးဝ မပြောရန်မကြည်အားမှာထားခဲ့လေသည်။မြို့မှလူများကို လည်းအဆက်အသွယ်မလုပ်ပဲ ရန်ကုန်တွင်ဇာတ် မြှုပ်နေထိုင်ခဲ့လေသည်။လူတိုင်းကသမီးကိုကျွန်တော့်သမီး အဖြစ်သာသိကြလေသည်။ကျွန်တော့်အမေပင်လျှင်သေသွား သည့်အချိန်ထိ သမီးကိုကျွန်တော့်သမီးဟုသာထင်သွား လေသည်။ ငယ်ငယ်ကတော့သမီးကသူ့အမေအကြောင်း မေးသေးသည်။

ကျွန်တော်ကဖေဖေရောမေမေရော မတည့်တဲ့အစာစားမိပြီး ဆေးရုံတက်ရတာသမီးမှတ်မိ တယ်မဟုတ်လားမေးတော့ သမီးကမျက်လုံးလေး ပေကလပ်ပေကလပ်လုပ်ပြီး ခေါင်းငြိမ့်ပြလေသည်။ အဲဒီတုန်ကသမီးမေမေသေသွားပြီး ဖေဖေတစ် ယောက်တည်းပြန်ကောင်းလာတာဟု ပြောထားသဖြင့် သမီးကသူ့အမေသေသွားပြီဟုထင်နေလေသည်။ လိမ္မာပြီးအကင်းပါးသောသမီးလေးက သူ့အမေအကြောင် မေးလျှင်ကျွန်တော်မကြိုက်မှန်းသိသောကြောင့် ကြီးလာ တော့သိပ်မမေးတော့ချေ။ သမီးစိတ်ထဲထင်နေသည်ကသူ့အမေအကြောင်း မေးရင်ကျွန်တော်စိတ်ထိခိုက်နေတယ်ထင်ပြီး ကျွန်တော် ခံစားရမှာစိုးရိမ်သောကြောင့်ဖြစ်လေသည်။ယခုဆိုသမီး အသက်၁၅နှစ်တောင်ဖြစ်နေလေပြီ။၁၂နှစ်နီးပါးအိရွှေစင် အကြောင်းမသိခဲ့ရပဲ ယခုရဲကြီးပြောမှဆေးရုံရောက် နေမှန်းသိရလေသည်။ရဲကြီးနှင့်ကျွန်တော်တို့ကတစ်မြို့ တည်းသားချင်းတွေဖြစ်ပြီး အိရွှေစင်နှင့်လည်းရင်းနှီး လေသည်။ရဲကြီးကဆယ်တန်းကိုဂုဏ်ထူးဖြင့်အောင်ပြီး ရန်ကုန်တွင်ဆေးကျောင်းသွားတက်နေရာမှမြို့သို့ပြန်မ လာတော့ပဲ ရန်ကုန်တွင်ပဲအခြေချနေထိုင်သူဖြစ် လေသည်။ကျွန်တော်ရန်ကုန်ရောက်တော့မှ ပြန်ဆုံ ကြခြင်းဖြစ်လေသည်၊ သူကငယ်ငယ်ကသံယောဇဉ်ဖြင့် ကျွန်တော့် ကိုခုထိခင်နေသော်လည်း ကျွန်တော်ကတော့မြို့က လူတွေဆိုသိပ်မပေါင်းချင်တော့ပေ။ရဲကြီးကရန်ကုန်မှာ နေသော်လည်းတစ်ဆင့်စကားဖြင့် ကျွန်တော်နှင့် အိရွှေစင်အကြောင်းသိနေလေသည်။အိရွှေစင်ဆေးရုံစ တက်ကတည်းက ဆွေမရှိမျိုးမရှိတစ်ကောင်ကြွက်ဘဝ ဖြင့် သူမနေသောဂေဟာကလူများလာပို့ပေးသွာတာ ဖြစ်ကြောင်းသိရလေသည်။နယ်မြို့လေးသို့လည်းမပြန်ရဲ ပဲဂေဟာမှာနေကြောင်းသိရလေသည်။ပြန်လည်းသူမအား မည်သူမှလက်ခံမည်မဟုတ်ချေ။နောက်လင်လိုချင်လို့ လင်ကြီးကိုအဆိပ်ကျွေးသတ်သည့် သူမသတင်းတွေ ကြောင့်အမျိုးတွေပါအရှက်ကွဲရသဖြင့် အိရွှေစင်မိသားစု တွေကသူမကိုသေခန်းပြတ်ဖြတ်ထားကြလေသည်။ အိရွှေစင်၏ရောဂါမှာAIDSရောဂါဖြစ်ပြီး သူမနေသောဂေဟာမှာလည်း အေ့စ်ရောဂါသည်များကို အခမဲ့စောင့်ရှောက်ပေးနေသောဂေဟာဖြစ်လေသည်။

ရဲကြီးဖုန်းခဏခဏဆက်ပြီးအိရွှေစင်အား လာကြည့်ရန် ခေါ်သော်လည်းကျွန်တော်မသွားခဲ့ချေ။ရဲကြီးမှကျွန်တော့ အကြောင်းအိရွှေစင်ကိုပြောလိုက်ဟန်တူလေသည်။ မသေခင်သမီးကိုတွေ့ချင်သည်ဖြစ်လာလေသည်။ လင်ငယ်နောက်လိုက်သွားတုန်းကတော့ သမီးကိုသတိမရ ပဲ ယခုမှသမီးကိုတွေ့ချင်သည်ဆိုတာတော့ တရားလွန် လေသည်။ ကျွန်တော်ကကောသမီးကသူမအမေသေပြီဟု ထင်နေတာကို ယခုမှမသေသေးဘူးဆိုတာဘယ်လို ပြောရပါ့မလဲ။ယောကျာ်းတကာနဲ့ဖောက်ပြန်သဖြင့် AIDSရောဂါရှိနေသူဟာသမီးအမေပါလို့ သမီးသိသွား ရင် သမီးစိတ်ထိခိုက်သွားလေမည်။ထို့ကြောင့်သမီးနဲ့ ပေးမတွေ့နိုင်ကြောင်းပြောဖို့ သူမကိုသွားတွေ့ခဲ့ခြင်းဖြစ် လေသည်။ “ဒေါက် ဒေါက် ဒေါက်” ကျွန်တော်ဘယ်လောက်တောင်အတွေးလွန်နေမှန်း မသိ ချေ။တံခါးခေါက်သံကြားမှအသိဝင်လာလေသည်။လှဲနေရာ မှထကာတံခါးဖွင့်ကြည့်တော့သမီးလေး။ “ဒယ်ဒီ သက်သာလားလို့လာမေးတာ” “ဒယ်ဒီအနားယူလိုက်လို့သက်သာသွားပါပြီ အလုပ်ပင်ပန်းလို့နဲ့တူပါတယ်ကွာ” “အဲ့ဒါကြောင့်အလုပ်လျှော့လုပ်ဖို့ သမီးအမြဲပြောနေတာ ပေါ့ဒယ်ဒီရဲ့ ဒယ်ဒီရေချိုးပြီးထွက်လာခဲ့လေ တအောင့်နေသမီးညစာစားတော့မှာ ဒယ်ဒီနဲ့အတူတူ မစားရတာကြာလို့ အတူတူစားမလို့” “အေးပါကွာတအောင့်နေကြရင် ဒယ်ဒီထမင်းစားခန်းထဲ လာခဲ့ပါ့မယ် ဟုတ်ပြီလား” “ဟုတ်” ဘာမှမသိပဲကျွန်တော်နှင့်ညစာအတူစားရမှာမို့ ပျော်နေ တဲ့သမီးကိုကြည့်ပြီးသက်ပြင်းချရလေသည်။ကျွန်တော် အခန်းထဲသို့ပြန်ဝင်လာတော့ ရဲမြင့်လွင်ဆီမှဖုန်းလာ လေသည်။

“အိရွှေစင်ဆုံးပြီထွန်းထွန်း မနက်ဖြန်မနက်ဆေးရုံကပဲ ပိုင်ရှင်မဲ့အလောင်းအနေနဲ့ သဂြိုလ်ပေးမယ် သူ့မိသားစုတွေဆီဖုန်းဆက်လည်း လာကြမှမဟုတ်တော့ အကြောင်းမကြားတော့ပဲ ပိုင်ရှင်မဲ့ပဲလုပ်လိုက်တော့ တယ် မင်းရောလာဦးမလား” “ဟင့်အင်း မလာတော့ဘူးရဲကြီး မင်းကိုငါတစ်ခုပဲတောင်းပန်ချင်ပါတယ်ကွာ ဒီအကြောင်းတွေကိုသမီးမသိပါစေနဲ့ သမီးကသူ့အမေကိုသူငယ်ငယ်ကတည်းကအဆိပ်မိပြီး သေသွားတယ်ပဲထင်နေတာ AIDSနဲ့သေသွားတယ် ဆိုတာထက် အစာအဆိပ်သင့်ပြီးသေသွားတယ်ဆိုတာ ကသမီးအတွက်ပိုကောင်းလို့ မင်းတစ်သက်ဒီလှို့ဝှက် ချက်ကိုထိန်းပေးပါလို့ ငါတောင်းဆိုပါရစေကွာ” “အေးပါထွန်းထွန်းရာ ငါကအိရွှေစင်သူ့သမီးကို တွေ့ချင်တယ်ဆိုလို့ သေခါနီးလူမမာရဲ့နောက်ဆုံးဆန္ဒ ပြည့်ပါစေဆိုပြီးခေါ်လာခိုင်းတာပါကွာ တကယ်တွေးကြည့်ရင် ဒီအကြောင်းကို သမီးသီရီသိရင်စိတ်မကောင်းရုံကလွဲပြီး ဘာမှထူးလာ မှာမှမဟုတ်တာ စိတ်ချပါကွာငါသမီးကိုရော တခြားလူတွေကိုပါ အိရွှေစင်အကြောင်းမပြောပါဘူးလို့ ကတိပေးပါတယ်” “ကျေးဇူးပါရဲကြီးရာ ကျေးဇူးပါပဲကွာ” “အေး အေး အဲဒါဆိုငါဖုန်းချလိုက်တော့မယ်နော် သူငယ်ချင်း” ရဲကြီးဖုန်းချသွားတော့ အိရွှေစင်အတွက် စိတ်မကောင်းဖြစ်ပေမယ့်လည်း သမီးအတွက်ဝမ်းသာ မိလေသည်။

အတ္တကြီးတယ်ပဲဆိုဆို အိရွှေစင်သေသွား တာသမီးအတွက်တော့ကောင်းလေသည်။နို့မို့ဆိုသမီးဟာ လူတွေအလည်မှာသူ့အမေကြောင့်ကဲ့ရဲ့ခံရပြီး စိတ် ဒဏ်ရာရနိုင်လေသည်။သမီးသည်ကျွန်တော်ထွန်းထွန်နိုင်၏ သမီးသီရီထွန်းနိုင်။သမီးရဲ့ဘဝမှာရှက်ရွံအားငယ်စရာတွေကို ကိုဖယ်ရှားပြီး ရဲရဲဝံ့ဝံ့နေထိုင်နိုင်ဖို့ လမ်းခင်းပေးရ မည်ဖြစ်လေသည်။ဒါကိုပင်အတ္တကြီးတယ်ဟုပြောလျှင် ကျွန်တော်ပြုံးပြုံးကြီးခံယူမည်ပဲဖြစ်လေသည်။ကျွန်တော် သည်သမီးအတွက်ဆိုရင် အတ္တကြီးသောဖေဖေ တစ်ယောက်သာဖြစ်လေတော့သည်။

ပြီးပါပြီ။

crd-ယုယုငယ် (5:05am) (26.5.2023)fri

Leave a Reply

Your email address will not be published. Required fields are marked *