Home / Ghost Stoey / ပဉ္ဇ္စလက်မှော် – ( စ / ဆုံး)

ပဉ္ဇ္စလက်မှော် – ( စ / ဆုံး)

ပဉ္ဇ္စလက်မှော် – ( စ / ဆုံး)

မူရင်းရေးသူ _ ဆရာတာတေ

ဘိုးလူပေ လာခေါ်လို့ ကျုပ်လိုက်ခဲ့တာဗျ။ မြစ်ဝကျွန်းပေါ်က မြို့ကလေးတစ်မြို့ကို ကျုပ်ဒို့ ရောက်လာခဲ့တယ်။ဧရာဝတီသင်္ဘောကြီးစီးပြီး ရန်ကုန်ကတစ်ဆင့် လာခဲ့တာဗျ။ ဘိုးလူပေကို လာပင့်တာက အဲဒီမြို့ကလေးမှာနေတဲ့ ဘိုးလူပေရဲ့ မိတ်ဆွေ ဦးဘဝင်းတဲ့ဗျ။ ဦးဘဝင်းကလည်း ဆရာပဲဗျ။ဘိုးလူပေကို မွေးစားတဲ့ ပထမံဆရာပွါးကြီး ထွက်ရပ်မကြွခင်တုန်းက ဆရာပွားကြီးဆီမှာ တပည့်ခံခဲ့တဲ့သူတဲ့ဗျ။ ဒီနယ်မှာတော့ ဆရာဦးဘဝင်းကလည်း လွှတ်ကျော်ကြားတဲ့ဆရာပဲဗျ။ဘိုးလူပေက ဆရာဦးဘဝင်းကို အစ်ကိုလို့ ခေါ်တာဗျ။ ဒါပေမယ့် အခုကြုံရတဲ့ ပြသာနာကို ဆရာဦးဘဝင်း ဘယ်လိုမှ မရှင်းနိုင်ဘူးတဲ့ဗျို့။ သူ့ဆရာ ပထမံ ဆရာပွါးကြီးကို ပွဲပေးပြီး လျှောက်ထားတော့ အိပ်မက်ထဲမှာ ဆရာပွါးကြီး ကြွလာသတဲ့ဗျ။

https://cultivationclassicalstarter.com/jhzugzkf?key=cd6690b717e62dde5db9c35d34345ebe

“မောင်ဘဝင်း ဒီကိစ္စကို မင်းမနိုင်ဘူး မင်းမလုပ်နိုင်နဲ့ ငါ့သားမောင်လူပေကို တွေ့အောင်ရှာပြီးပင့်ပေတော့” လို့ အမိန့်ရှိတာနဲ့ ဆရာဦးဘဝင်းက ဘိုးလူပေကို လိုက်ရှာပြီး ပင့်ရတာတဲ့ဗျာ။ဘိုးလူပေက ဆရာဦးဘဝင်းကို အကျိုးအကြောင်း မေးကြည့်ပြီး … “ဒီကိစ္စက သိပ်ပြီးလွယ်မယ် မထင်ဘူး အစ်ကိုဘဝင်း။ ကျုပ်တပည့် မောင်တာတေကို အကူအညီခေါ်မှ ဖြစ်မယ်ဗျ အစ်ကိုဘဝင်းတို့ ကျုပ်တို့ က ဆရာတွေဆိုတော့ မျက်ကွင်းဆေး ကွင်းဖို့ မရှိဘူးမို့လား တခြားအကူအညီလည်း လိုချင်လိုမှာဗျ” လို့ပြောပြီး ဘိုးလူပေ ကျုပ်ကို လာခေါ်တာတဲ့ဗျို့ ဆရာဦးဘဝင်းက ရန်ကုန်က စောင့်တယ်။

ကျုပ်တို့ ဆင်းလာတော့မှ ရန်ကုန်မှာဆုံပြီး ဧရာဝတီသင်္ဘောနဲ့ ခေါ်လာတာဗျ။ သင်္ဘောက ချောင်းကျယ်ကြီးထဲ ရောက်သွားလိုက် ချောင်းကျဉ်းထဲ ဝင်လိုက်နဲ့ တစ်ညလုံး မောင်းတာဗျို့။ သင်္ဘောပေါ်လည်း လူတွေပြည့်လို့ဗျ။ နှစ်ထပ်သင်္ဘောကြီးရဲ့ အပေါ်ထပ်ရော အောက်ထပ်ရောမှာ ခရီးသည်တွေက အိပ်ရာတွေခင်းပြီး အိပ်လို့ဗျ။ကျုပ်တို့ကတော့ ဆရာဦးဘဝင်းရဲ့အစီအစဉ်နဲ့ အပေါ်ထပ်က အထူးအခန်းမှာ နေရာရတယ်ဗျ။ ကုတင်လေးတွေနဲ့ အိပ်ရတယ်။အထူးခန်းမှာက သီးသန့်အိပ်သာပါတယ်။မနက်ဝေလီဝေလင်းမှာ မြို့ကလေးကို သင်္ဘောဆိုက်တယ်။ဒီမြို့လေးမှာက ကားမရှိဘူးဗျ။မြင်းလှည်းတွေ ဘာတွေလည်း မရှိဘူး။ ဆိုက်ကားပဲ ရှိတာ။ဆရာ ဦးဘဝင်းက ဘိုးလူပေကို ဆိုက်ကားနဲ့ပင့်တယ်။ဆရာဦးဘဝင်းရဲ့ အိမ်က နှစ်ထပ်အိမ်ဗျ။အောက်က တိုက်ခံ။အပေါ်က သစ်သားပေါ့ဗျာ။ ဆရာဦးဘဝင်းက အသက်ခြောက်ဆယ်လောက်ရှိပြီး သားသမီး မထွန်းကားခဲ့တော့ သူဇနီးနဲ့သူပဲ ရှိတာဗျ။ဆရာဦးဘဝင်းရဲ့ ဇနီးက ဒေါ်အုန်းမေတဲ့။ သူလည်း အသက်ခြောက်ဆယ်လောက်ပဲဗျ။

မြစ်ဝကျွန်းပေါ်က ငါး ပုဇွန် ပေါပြီး ငံပြာရည်လည်း အကောင်းစားထွက်တော့ မုန့်ဟင်းခါး လွှတ်ကောင်းတာဗျ။ မိုးလင်းတာနဲ့ ဆရာဦးဘဝင်းက ကြွေရည်သုတ် ချိုင့်တစ်လုံးဆွဲပြီး မုန့်ဟင်းခါး ထွက်ဝယ်ကျွေးတော့တာဗျို့။မုန့်ဟင်းခါးထဲမှာ ပဲကြော်ရော ငါးဖယ်ကြော်ရော ငါးသလောက်ဥကြော်ပါ ထည့်ကျွေးတာဗျာ။ကျုပ်ဆိုတာ နှစ်ပွဲကို စားပစ်လိုက်တာဗျို့။မုန့်ဟင်းခါးနှစ်ပွဲ စားပြီးတော့ နဂါးဆေးလိပ်ကလေး ထုတ်ပြီး မီးညှိလိုက်တယ်။ “မောင်တာတေက နဂါးဆေးပေါ့လိပ် ကြိုက်တယ်ထင်တယ်” “ဟုတ်တယ် ဆရာ ကျုပ်က နဂါးပဲ သောက်နေကျဆိုတော့ တခြားတံဆိပ် ပြောင်းသောက်လို့ မရဘူးဗျ” ဆရာဦးဘဝင်းက ကျုပ်ကို ပြုံးပြီမေးတာဗျ။ “ဟုတ်တယ် မောင်တာတေရဲ့ ဆေးလိပ်ဆိုတာကလည်း ကိုယ်သောက်နေကျ တံဆိပ်ပဲ သောက်လို့ရတာကွဲ့ ဆေးစပ်ပြောင်းလိုက်ရင် ချောင်းဆိုးရောကွဲ့ ကျုပ်လည်း အဘဆရာပွါးကြီးဆီမှာ ပညာယူတုန်းဆိုရင် နဂါးပဲ သောက်ခဲ့တာ။

ပခုက္ကူမှာက ဆေးလိပ်ကို စုံလို့ ဒါပေမယ့် ကျုပ်က နဂါးပဲ သောက်ခဲ့တာ” “အစ်ကို ဘဝင်းကို ပြောရဦးမယ် ဟောဒီမောင်တာတေက ကျုပ်နဲ့ မတွေ့ခင်ကတည်းကအစ်ကိုနွံဖနဲ့ တွေ့တာဗျ” “ဟေ…ဟုတ်လား မောင်တာတေ အစ်ကိုနွံဖဆိုတော့ ကျုပ်တို့ ဆရာတူ တပည့်တွေထဲမှာ အကြီးဆုံးကွဲ့ ကျုပ်တို့ အားလုံးရဲ့ အစ်ကိုကြီးလို နေလာတာ မောင်တာတေရဲ့ နို့ မောင်တာတေ ဆရာနွံဖနဲ့ ခုလိုပဲ လိုက်ဖူးတယ်ပေါ့” “ဟုတ်ကဲ့ ဆရာ ကျုပ်လိုက်ဖူးပါတယ် ဆရာနွံဖရဲ့ ဆရာကြီး ဒေါက်တာမင်းအောင်နဲ့တောင် လိုက်ဖူးပါတယ် ဆရာနွံဖလည်းပါတယ်ဆရာ” “ဟေ…ဒေါက်တာမင်းအောင် ဟုတ်လား ဟား ဟား ကျုပ်ကတော့ ကြားဖူးရုံပဲ ရှိတာပါ ကြည့်စမ်းကွယ် မောင်တာတေက ပါရမီခံကောင်းလိုက်တာ တကယ့်ဆရာကြီးတွေနဲ့ချည်း တွေ့ရတာပါလား” “ဟုတ်တယ် ဆရာရဲ့ ကျုပ်က ဆရာအိုတို့ ဆရာညိုတို့နဲ့လည်း လိုက်ခဲ့ဖူးတယ်” “အို…တယ်လည်း နှံ့စပ်တဲ့ သူငယ်ပေပဲကွယ်” ဆရာဦးဘဝင်းက ကျုပ်ကို အံ့သြချီးမွမ်းနေတာကို ဘိုးလူပေက ပြုံးပြီနားထောင်နေတာဗျ။ “နေပါဦးဗျ။ အစ်ကို ဘဝင်းရဲ့ ဟိုသူငယ်မကိစ္စ ပြောပါဦး” ဘိုးလူပေက လာရင်းကိစ္စဖြစ်တဲ့ ဆေးကုပေးရမယ့် လူနာအကြောင်းကို မေးတာဗျ။ “ဒီလိုဗျ ကိုလူပေရဲ့ ကလေးမလေးက ဒီရဲ့အနောက်ထဲမှာ နေတာ အေးရိပ်သာ ရပ်ကွက်လို့ ခေါ်တယ် သစ်ကြီးဝါးကြီးတွေ အများကြီးရှိလို့ မှိုင်းညို့တဲ့ အရပ်ဗျ။ဝိုင်းတွေကလည်း အကျယ်သားဗျ။

အဲဒီအေးရိပ်သာရပ်ကွက်ရဲ့ ဟိုဘက်အစွန့်ဆုံးမှာ တိုက်အိမ်ဟောင်းကြီးရှိတယ်။ထီးထီးကြီးဗျာ။ ဒီဘက်က အေးရိပ်သာရပ်ကွက်နဲ့ဆိုရင် တော်တော်လေး လှမ်းသေးတယ်။ကြားထဲမှာ လူနေအိမ် မရှိဘူး ချုံတွေ တောတွေပဲ ရှိတယ်။ ဝါးတောတွေ ရှိတယ် ။ အဲဒီတိုက်ဟောင်းကြီးက ခြံဝင်းအကျယ်ကြီးထဲမှာ ရှိတာဗျ။ ခြံဝင်းထဲမှာတော့ သီးပင် ပန်းပင်တွေမှ စုံလို့ဗျာ။ကံကော် ခရေ ပိတောက် သရဖီ သရက် မာလကာ မရမ်း ပိန္နဲ ကြက်မောက်ပင်တွေ စုံလို့ဗျ” “နို့ …အဲဒီမှာနေတဲ့ မိသားစုက ဘယ်သူတွေတုံးဗျ” “ဟာ…လူမနေဘူး ကိုလူပေရဲ့ တိုက်ကြီးက ဟောင်းနွမ်းပြီး မဲမဲကြုတ်ကြုတ်ကြီး ဖြစ်နေတာ” “အို ဒါဆိုရင် သစ်သီးဝလံတွေကို ခူးချင်တဲ့လူက ဝင်ခူးရောပေါ့ အစ်ကိုဘဝင်းရဲ့” “ဘယ်သူမှ မခူးဝံ့ပါဘူးဗျာ ခူးဖို့ နေနေသာသာ ခြံဝင်းကြီးထဲကို ဝင်ရဲ့တဲ့လူတောင် ဟောဒီမြို့မှာ တစ်ယောက်မှ မရှိဘူးဗျ” “ဟင်…ဘယ်လိုကြောင့်တုံး အစ်ကိုဘဝင်းရဲ့” “တစ်မြို့လုံးက လူတွေ ပြောတာကတော့ အဲဒီတိုက်ကြီးနဲ့ ခြံကြီးထဲမှာ သရဲရှိသလိုလို ဥစ္စာစောင့် ရှိသလိုလိုပေါ့ဗျာ။မယုံလို့ ခြံထဲဇွတ်ဝင်ပြီး ခူးတဲ့ဆွတ်တဲ့သူတွေဆိုရင်နေ့ခင်း ကြောင်တောင်မှာတောင် “ဖုန်း ဒိုင်း” နဲ့ အရိုက်ခံရလို့ အမောဆို့ မတတ် ပြေးကြရတာဗျ။

နောက်တော့လည်း ဘယ်သူမှ ချုံထဲ မဝင်ရဲတော့ပါဘူးဗျာ။ခုတော့ ချုံနွယ်ပိတ်ပေါင်း တွေနဲ့ တော်ရုံလူ အနားတော့ မကပ်ရဲတော့ပါဘူးဗျာ။ ခက်တာက အဲဒီတိုက်ဟောင်းကြီးရဲ့ ဟိုဘက်မှာက တောကြီးဗျ။ဒီမြို့ကလူတွေ ထင်းခွေ ဝါးခုတ် လျှော်ဆုတ်လုပ်ကြတဲ့ တောပေါ့ဗျာ။အဲဒီတောကြီးထဲ ဝင်ပြီး ထင်းခုတ်ကြ မြို့ထဲမှာ လိုက်ရောင်းကြပေါ့ဗျာ။ မိုးဦးကျချိန်ဆိုရင်တော့ မှိုနှုတ် မျှစ်ချိုး လုပ်ကြတယ်ဗျ။ သားကောင်ကြီးကြီးတော့ မရှိတော့ပါဘူးဗျာ။ ယုန်တော့ ရှိတယ်။တောကြောင်ရှိတယ်။တစ်ခါတစ်လေ တောဝက်ကလေး ဘာလေး ရတတ်တယ်။ မြို့ထဲက အမဲပစ်ဝါသနာပါတဲ့ သူတွေကလည်း အဲဒီတောထဲဝင်ပြီး ယုန်လေးဘာလေး ပစ်ကြတာပေါ့ဗျာ” “နေပါဦး အစ်ကိုဘဝင်းရဲ့ စောစောကပြောတဲ့ တိုက်ကြီးမှာ လူမနေတာ ကြာပြီလားဗျ” “ခုနှစ်နှစ် ရှစ်နှစ်လောက် ရှိပြီဗျ။အဲဒီ မတိုင်ခင်ကတော့ ရှမ်းလိုလို လူတစ်ယောက် နေတယ်။ဘယ်က ရောက်လာတဲ့ လူလဲ မသိဘူးဗျ။အဲဒီအိမ်ကြီးမှာ တက်နေတာပဲ။သူရှိတုန်းကတော့ ခြံဝင်းကို အမြဲ ရှင်းလင်းထားတာ။မြို့ထဲကလူတွေက အဲဒီကတည်းက ဒီခြံကြီးထဲကို မဝင်ရဲကြတော့တာဗျ” “ဟင်…ဘာဖြစ်လို့တုံး အစ်ကိုဘဝင်းရဲ့” “အဲဒီရှမ်းလိုလို လူကလည်း တစ်မြို့လုံးက လူတွေနဲ့ အသိအကျွမ်း မလုပ်ဘူး။ခြံတံခါးပိတ်ပြီး အိမ်ကြီးထဲမှာပဲ နေတာများတယ်။ပြီးတော့ ထူးဆန်းတာက ခြံထဲက အပင်တိုင်းမှာ မြွေကြီးတွေ ရစ်ပတ်နေတာတဲ့ဗျို့။

မြွေတွေမှ အများကြီးဆိုပဲ။ ဒီတော့ ခြံထဲဝင်ဖို့ နေနေသာသာ ခြံဝမှာတောင် ကြာကြာမရပ်ရဲဘူးဗျ။အဲဒီလူပျောက်သွားတာ ခုဆိုရင် ခုနှစ်နှစ် ရှစ်နှစ် ရှိပြီဗျ။ဒီလူပျောက်သွားတာနဲ့ ခြံထဲက မြွေတွေလည်း ပျောက်သွားရောဗျ။ ဒါပေမယ့် အခုဟာက မြွေထက်ဆိုးတဲ့ သရဲလား ဥစ္စာစောင့်လား မသိတဲ့ဟာက ခြံထဲဝင်ရင် ရိုက်ချည့်လွှတ်တာဗျ” “နို့ နေပါဦး အစ်ကိုဘဝင်းရဲ့ ကျုပ်ဆေးကုပေးရမယ့် သူငယ်မနဲ့ ဒီတိုက်ကြီးနဲ့က ဘယ်လိုပတ်သတ်လို့တုံး” “ဒီလိုဗျ ကိုလူပေရဲ့ ကလေးမလေးရဲ့ နာမည်က မစံပယ်လို့ ခေါ်တယ်ဗျ။အသက်က အစိတ်လောက်ပဲ ရှိသေးတယ်။ကလေးမလေးရဲ့ မိဘများက ဝါးထရံတွေ တောင်းတွေ ခြင်းတွေ ယက်တဲ့အလုပ် လုပ်ကြတယ်။ကလေးမလေးကတော့ အိမ်မှာပဲ အမေနဲ့ ကူညီ ချက်ပြုတ်ပေးပေါ့ဗျာ။

အားတဲ့အချိန်မှာ အဖေ အမေတွေနဲ့ ထရံတွေယက် တောင်းတွေယက်ပေါ့ဗျာ တစ်ခါတလေလည်း အမေနဲ့ ဟင်းရွက်ခူးတာတို့ ဘာတို့ လိုက်တတ်တယ်တဲ့ဗျ။အခု ဖြစ်နေတာက ဒီကလေးမလေးက တစ်ခါတစ်ခါ အိမ်ကနေ ပျောက်ပျောက်သွားတယ်တဲ့ဗျ။ပြန်လာလျှင် သရဖီပန်းတွေ ဝေနေအောင် ပန်လာတယ် ဆိုပဲဗျ” “ဟင်…သရဖီပန်း ပန်တာပဲ ဆန်းလို့လား အစ်ကိုဘဝင်းရဲ့” “ဟာ ဆန်းတယ်ကိုလူပေရဲ့ ဒီတစ်မြို့လုံးမှာ သရဖီပန်းပင်ရှိတာ။စောစောက တိုက်အိုကြီးရှိတဲ့ ခြံဝင်းထဲမှာပဲ ရှိတာဗျ” “နိ့ု …ဒီသူငယ်မကို မေးမကြည့်ကြဘူးလား” “မေးတာပေါ့ ကိုလူပေရဲ့ အဲဒီလို မေးရင် ကလေးမလေးက မဖြေဘူးတဲ့ဗျ။ဝေ့လည်ကြောင်ပတ်တွေ ပြောတာဗျို့။ဟိုလူပေးသလိုလို ဒီလူပေးသလိုလိုပေါ့ဗျာ ဟိုခြံကြီးထဲက သရဖီပင်မှာလည်း ပွင့်နေလိုက်မှ ဖွေးဖွေးကို လှုပ်နေတာတဲ့ဗျို့။ဒီတော့ လူတွေက မစံပယ်ဆိုတဲ့ ကလေးမဟာ ခြံကြီးထဲကို ဝင်သလား ဒါမှမဟုတ် ခြံကြီးထဲက ဥစ္စာစောင့်တွေနဲ့ ပတ်သတ်နေသလားပေါ့ဗျာ။

ဒီလိုတွေးနေ ပြောနေတုန်းမှာပဲ ဒီကလေးမက ပုံစံပြောင်း လာရောဗျ” “ဟင်…ဘယ်လို ပြောင်းတာတုံးဗျ” “ညရောက်ရင် မအိပ်တော့ဘူးတဲ့ဗျ။သူ့အိပ်ခန်းထဲမှာ တိုးတိုး တိုးတိုးနဲ့ စကားတွေ ပြောနေသတဲ့ တစ်ခါ တစ်ခါလည်း တစ်ယောက်တည်း ခိုးခိုးခစ်ခစ် ရယ်လို့တဲ့ဗျာ ။ ဒီတော့ ဒီကလေးမကို တိုက်အိုကြီးထဲက ဥစ္စာနဲ့ ကြိုက်နေတယ်လို့ ထင်ကုန်ကြတာပေါ့ဗျာ” “ဒီလိုဖြစ်တာ ကြာပြီလားဗျ အစ်ကိုဘဝင်းရဲ့ ” “သိပ်မကြာသေးဗျ သုံးလလောက်ပဲ ရှိဦးမယ်” “အင်း …နောက်ကော ထူးခြားတာတွေ ရှိသေးလား အစ်ကိုဘဝင်းရဲ့” “ထူးတယ်ဗျ ကိုလူပေရဲ့ မစံပယ်ဆိုတဲ့ကလေးမလေးက ရုပ်ရည်ရူပက တော်တော်ကို ချောတာဗျ။ သူလူလာဖြစ်တဲ့ မိဘရဲ့ အခြေအနေနဲ့တော့ တော်တော်ကို ကွာခြားနေတာဗျ။သူ့ရုပ်ရည်နဲ့ အလုံးအထည်က တကယ့်ကို မင်းကြိုက် စိုးကြိုက် ပုံစံဗ်” “ဒီကလေးမလေးမှာ ရည်းစားတွေ ဘာတွေရော ရှိလား အစ်ကိုဘဝင်းရဲ့” “ရည်းစားရယ်တော့ မရှိဘူးတဲ့ ကိုလူပေရဲ့ သူ့ကို ကြိုက်တဲ့ သူငယ်တွေတော့ ရှိတာပေါ့ဗျာ ဒီလောက်လှတဲ့ ကလေးမလေးပဲ ကိုလူပေရယ် ဒါပေမယ့် ကလေးမလေးကတော့ ဘယ်သူ့ကိုမှ ပြန်မကြိုက်ဘူးတဲ့ဗျ” “အိမ်ကို လာပြုလည်တဲ့ပတ်တဲ့ သူငယ်တွေရော ရှိသတဲ့လားဗျ” “ဟာ …ရှိတာပေါ့ ကိုလူပေရာ ရှိလို့ပဲ ဒီပြသာနာ ပေါ်တာပေါ့ဗျာ” “ဟင် …ဘယ်ပြသာနာတုံး အစ်ကိုဘဝင်းရဲ့” “ကလေးမလေးဆီကိုလာတဲ့ သူငယ်လေးတွေကို ရိုက်ပုတ်လို့လေဗျာ” “ဟာ …ဟုတ်လား ဘယ်သူက ရိုက်လွှတ်တာတုံးဗျ” “ဘယ်သူဘယ်ဝါလို့ကို မြင်ရတာ မဟုတ်ဘူးဗျ။

ဖုန်းကနဲ ဒိုင်းကနဲနေအောင် ရိုက်လွှတ်တာတဲ့ဗျ။ တချို့သူငယ်လေးတွေကတော့ တစ်ချိုးတည်း ပြေးရောတဲ့ဗျို့။တချို့ကျတော့လည်း မင်းက ဘာကောင်လဲ ငါက ဘာကောင်လဲ ထလုပ်တော့ တာပေါ့ဗျာ။ အဲဒါဆိုရင် ဝိုင်းထဲကနေ အပြင်ရောက်အောင် ဆွဲထုတ်တာဆိုပဲဗျ” “အို…တော်တော်ကို ဆိုးနေတာပဲ” “ဟုတ်တယ် အဲဒါကြောင့် ကျုပ်လည်း ကိုလူပေကို တွေ့အောင်လိုက်ရှာပြီး ပင့်ရတာဗျ” ဘိုးလူပေက ငြိမ်ပြီး စဉ်းစားနေတယ်ဗျို့။ တော်တော်ကြာတယ်ဗျ။ပြီးတော့မှ မေးတယ်။ “ကျုပ် ကုသပေးတာကို ကလေးမရဲ့ မိဘတွေက လက္ခံပါ့မလား” “ဟာ…လက်ခံပါတယ် ကိုလူပေ သူတို့ ကျုပ်ကို လာအပ်တာပါ။ သူတို့ သမီးလေး ရူးနေပြီ ထင်ကြတာဗျ။ကျုပ်က ဒီကိစ္စကို ကျုပ် မကုနိုင်ဘူး ကျုပ်ထက်တော်တဲ့ ဆရာကို ပင့်ပေးမယ်ဆိုတော့ ပင့်ပေးပါ ဆရာရယ်။လမ်းစရိတ် စားစရိတ် ကုန်ကျစရိတ်အားလုံး ပေးပါ့မယ်ဆိုပြီး ကျုပ်ကို ငွေတွေ ပေးလိုက်တာဗျ။အခု ကိုလူပေ ပါလာပြီဆိုတာကို ရောက်ရောက်ချင်းပဲ ကျုပ် အကြောင်းကြားလိုက်ပါပြီ။ ခဏနေရင် ကျုပ်ဒို့ သွားရုံပါပဲဗျာ။မိဘများက ကိုလူပေကို စောင့်နေကြည့်ပါပြီ” အေးရိပ်သာက မစံပယ်တို့အိမ်ကို ကျုပ်တို့ရောက်ခဲ့ကြတယ်။ ခြံဝင်းက ကျယ်သားဗျ။ခြံဝင်းထဲမှာ ဝါးခွဲတဲ့သူက ခွဲ။

ထရံယက်တဲ့သူကယက် တောင်းတွေ ။ ခြင်းတွေ ။ ဆန်ကော ။ ဆန်ကောတွေ ယက်တဲ့ သူကယက် ရောင်းတဲ့သူကရောင်းနဲ့ စီးပွားရေး အတော်လေး အဆင်ပြေပုံပဲဗျ။အိမ်ကတော့ တစ်ထပ်အိမ်ပါ။ တော်တော်လေး ကျယ်ကျယ်ဝန်းဝန်း ရှိတယ်ဗျ။ မစံပယ်ဆိုတဲ့ အမျိုးသမီးကို ဘုရားစင် ရှေ့မှာ ခေါ်ပြီး ဘိုးလူပေက စမ်းသပ်တယ် ပြီးတော့ မစံပယ်ရဲ့ အဖေနဲ့ အမေကို စမ်းသပ်တယ်။ဘိုးလူပေက ဘာမှ မပြောဘူးဗျ။ မစံပယ်ကိုတော့ လုပ်စရာရှိတာ သွားလုပ်တော့ဆိုပြီး လွှတ်လိုက်တယ်။မစံပယ် မရှိတော့မှ သူ့မိဘတွေကို ဘိုးလူပေက ပြောတယ်ဗျ။ “ကလေးမမှာ ဘာပယောဂမှာ မရှိဘူးဗျ။ ဒါပေမဲ့ အကြောင်းတစ်ခုခု ရှိနေတာတော့သေချာတယ်။ အဲဒါ ဘာတုံး ဆိုတာကိုတော့ ကျုပ်ဒို့ သေသေချာချာ လေ့လာမှ ဖြစ်မယ်။

ရမ်းပြောလို့တော့ မဖြစ်ဘူး။ ဒါထက် ဒီကလေးမက ညဘက် ဘယ်အချိန်လောက်မှာ စကားတွေ ပြောတတ်တုံးဗျ” “ညသန်းခေါင်ကျော်တာနဲ့ ပြောတာပဲ ဆရာကြီးရဲ့ ကျမလည်း ချောင်းကြည့်ပေမယ့် ဘာမှမတွေ့ရဘူး သူတစ်ယောက်တည်းပဲ တွေ့ရတယ် မနက်ရောက်လို့ သူ့ကိုမေးရင်လည်း အိပ်ပျော်ရင်း ယောင်တတ်ဖြစ်မှာပေါ့လို့ပဲ ပြောတာရှင့်” “အစ်ကိုဘဝင်းက ညဆယ့်တစ်နာရီလောက် မောင်တာတေကို ဒီအိမ် လိုက်ပို့ပေးဗျာ မောင်တာတေက ဟောဒီက ဘယ်သူ” “အဲ …ကျမနာမည်လား မအုန်းကျင်ပါ ကျမယောင်္ကျားက ကိုဘစိန်ပါရှင့်” “ဟုတ်ပြီး မအုန်းကျင် ချောင်းကြည့်တဲ့နေရာကနေ မောင်တာတေကို ချောင်းကြည့်ခိုင်းလိုက်ပါ သူမြင်ပါလိမ့် မယ်” ကျုပ်တို့လည်း အကျိုးအကြောင်းပြောပြီး ပြန်ခဲ့ကြတယ် ဆရာဦးဘဝင်းတို့ လမ်းထိပ်ရောက်တော့ လမ်းထဲကနေ အညိုရောင် ဝီလီဂျစ်တစ်စီး မောင်းထွက် လာတယ်ဗျ။လမ်းကကျဉ်းတော့ ကျုပ်တို့က လမ်းဘေးနားမှာ ရပ်ပေးလိုက်တယ်။ ဂျစ်ကားမောင်းလာတဲ့လူက ရုပ်ရည်သန့်သန့် အသားဖြူဖြူ အသက်လေးဆယ်လောက် ရှိမယ် ကားမောင်းရင်း အဲဒီလူက ဘိုးလူပေကို သေသေချာချာ စိုက်ကြည့်သွားတယ်ဗျ။ “ဆရာ ဦးဘဝင်း ပြောတော့ ဒီမြို့မှာ ကားမရှိဘူးဆို” “တစ်မြို့လုံးမှာ ဒီတစ်စီးပဲ ရှိတာ မောင်တာတေရဲ့။ အခုန ကားမောင်းသွားတာ ရွှေဇမ္ဗူ ဆန်စက်သူဋ္ဌေးလေး ကိုမိုးဆွေလေ။

လူပျိုကြီးကွဲ့ ။ခုထိ အိမ်ထောင်ရက်သား မပြုဘူး။သဘော အားကြီးကောင်းတဲ့လူ။ သူ့ဆန်စက်က မြို့တော်ဘက်က ချောင်းကမ်းပါးမှာလေ နေ့ရောညရော မနားတမ်းကို ကြိတ်ရတဲ့ စက်ပါဗျာ။ သူဋ္ဌေးကိုမိုးဆွေက တော်တော်ချမ်းသာတာဗျ။ ဒါပေမယ့် ခမျာ မာနမရှိရှာပါဘူးကွယ့်” “ဒီလူ စောစောက ဘိုးလူပေကို ကြည့်သွားပုံက တစ်မျိုးပဲဗျ။ဆရာ ဦးဘဝင်းရဲ့” ကျုပ်က ကျုပ်မြင်တဲ့အတိုင်း ပြောလိုက်တယ် “ဟာ …မဟုတ်ပါဘူးကွယ် မြို့လေးကသေးတော့ တခြားက လူစိမ်းရောက်ရင် ထူးခြားနေလို့ ကြည့်တာနေမှာပါ” ညဆယ့်တစ်နာရီထိုးတော့ ကျုပ်ကို ဆရာဦးဘဝင်းက ခေါ်လာပြီး ဦးဘစိန်တို့ ဒေါ်အုန်းကျင်တို့၏အိမ်ကို ပို့တယ် ဘိုးလူပေကတော့ အိမ်မှာနေခဲ့ပြီး ပုတီးစိပ်နေတယ်ဗျ ကျုပ်ဒို့ကို ဦးဘစိန်နဲ့ ဒေါ်အုန်းကျင်က မှောင်ရိပ်ထဲကနေ စောင့်နေကြတယ်။ပြီးတော့ ဒေါ်အုန်းကျင်က ကျုပ်ကို အိမ်ပေါ် ခေါ်လာပြီး မစံပယ်အိပ်တဲ့အခန်းနဲ့ ကပ်လျက်အခန်းထဲကို ပို့ပေးတယ်။အခန်းက ဝါးထရံကာထားတာဆိုတော့ တစ်ဖက်ခန်းက မှန်အိမ်ထွန်းထားတဲ့ အလင်းရောင်လေးကို ထရံပေါက်ကလေးကနေ မြင်နေရတယ်။ ဒေါ်အုန်းကျင်က ကျုပ်ကိုထားခဲ့ပြီး ပြန်ထွက်သွားတယ်ဗျ ကျုပ်က မျက်ကွင်းဆေး ကွင်းလာခဲ့တာလေဗျာ။

ရပ်ကွက်ကင်းတဲက ညဆယ့်နှစ်နာရီ သံချောင်းခေါက်သံ ကြားလိုက်ရတယ်။ “ခစ် ခစ် ခစ် ခစ် ခစ်” တစ်ဖက်ခန်းက ရယ်သံတိုးတိုးလေးကြားလိုက်ရတယ်ဗျ အသံခပ်အုပ်အုပ်နဲ့ စကားပြောသံတစ်ခုလည်း ကြားလိုက်ရတယ်။ကျုပ်ကွင်းတဲ့ မျက်ကွင်းဆေးက တစ်ခါတစ်လေကျရင် အသံပါ ကြားရတတ်တယ် မျက်ကွင်းဆေးဆိုပေမယ့် ပါရမီခံရှိတဲ့ ကျုပ်လိုလူအတွက် ဒိဗ္ဗသောတလို့ခေါ်တဲ့ အကြားကိုလည်း ပေးတယ်ဗျ မျက်စိကွင်းပြီးရင် ဆေးကျန်လေးကို နားနှစ်ဖက်ကိုပါ ပွတ်ရတာပေါ့ဗျာ။ မစံပယ် ပြန်ပြောတဲ့ အသံလည်း ကြားရတယ်။ ဘာတွေပြောနေမှန်းတော့ မသဲကွဲဘူးဗျ။ ဒါပေမယ့် မစံပယ် ယောင်္ကျားတစ်ယောက်နဲ့ စကားပြောနေတာတော့ သေချာတယ်။ အသံခပ်အုပ်အုပ်နဲ့ ရယ်လိုက် စကားပြောလိုက်နဲ့ဗျ။ ကျုပ်လည်း ထရံပေါက်ကလေးတစ်ပေါက်က ချောင်းကြည့်လိုက်တယ်။ “ဟာ’ ကျုပ်ပါးစပ်က အသံထွက်သွားတော့ မလို့ဗျာ။လက်နဲ့ အုပ်မိလိုက် မိပေလို့သာပေါ့ ။ကျုပ်မြင်နေရတယ်ဗျ။ မစံပယ် ယောင်္ကျားတစ်ယောက်နဲ့ ပွေ့ဖက်ပြီး စကားပြောနေတာဗျ။အဲဒီ လူက ဘယ်သူလို့ ထင်တုံး ကျုပ်တို့ ညနေက ဝီလီဂျစ်ပေါ်မှာ တွေ့လိုက်တဲ့ ဆန်စက်သူဋ္ဌေး ကိုမိုးဆွေ ဆိုတဲ့လူဗျ။ ကျုပ်ဖြင့် အံ့သြလိုက်တာဗျာ။

ကျုပ်မျက်လုံးကို ကျုပ်မယုံလို့ သေသေချာချာ ထပ်ကြည့်တယ် ဟုတ်ပါ့ဗျာ ။ ကိုမိုးဆွေမှ ကိုမိုးဆွေအစစ်ဗျ။ မှန်အိမ်မီးရောင်အောက်မှာ ဒီလူမျက်နှာကို ကျုပ် သေသေချာချာ တွေ့နေရတာဗျ။ ဒါပေမယ့် နေ့လယ်က ကားပေါ်မှာ တွေ့လိုက်တဲ့ပုံနဲ့ အခုပုံက နည်းနည်းပိုပြီး ပိန်နေသလိုပဲဗျ။ဒါကတော့ မှန်အိမ်မီးရောင်နဲ့ မို့လို့ ဖြစ်မယ်လို့ ကျုပ်တွေး လိုက်မိတယ်။ကျုပ်ထရံပေါက်နေ ချောင်းကြည့် နေရာက ထရပ်လိုက်တယ်။ ပြီးတော့ ကိုယ်ကိုဖော့ပြီး ခြေသံကို ဖွနင်းရင်း အိမ်ရှေ့ကို ထွက်ခဲ့တယ်။ “ဘာများထူးထူးခြားခြား မြင်ခဲ့တုံး မောင်တာတေ” လို့ မစံပယ်ရဲ့ အမေ ဒေါ်အုန်းကျင်က ကျုပ်ကိုလေသံ တိုးတိုးလေနဲ့ မေးတယ် ။ ကျုပ်မြင်တာကို ပြောလို့ ဘယ်ဖြစ်မှာတုံးဗျာ။ “အရီး စိတ်မပူနဲ့ လိုအပ်တာကို ဆရာကြီး လုပ်ကိုင်ပေးပါလိမ့်မယ် ကျုပ် ဆရာကြီး ဘိုးလူပေကိုပဲ ပြောရမှာမို့ အရီးကို ပြောမပြတာကို စိတ်မရှိပါနဲ့ဗျာ” လို့ တောင်းပန်ပြီး ဆရာဦးဘဝင်းနဲ့ ကျုပ်နဲ့ အိမ်ပြန်ခဲ့ကြတယ်။အိမ်ရောက်တော့ အကြမ်းသောက်ရင်း ကျုပ်ဒို့ကို စောင့်နေတဲ့ ဘိုးလူပေက မေးရောဗျ။

“ထူးတယ် မဟုတ်လား မောင်တာတေ” “ထူးတယ် ဆရာကြီး ထူးတယ်” “ကလေးမလေး ဘယ်သူနဲ့ စကားပြောနေတာတုံးကွဲ့ မောင်တာတေရဲ့ ” “နေ့လယ်က ဆရာကြီးတို့ရော ကျုပ်ရော မြင်လိုက်တဲ့ ဝီလီဂျစ်မောင်းသွားတဲ့ ဆန်စက်သူဋ္ဌေး ကိုမိုးဆွေပါ ဆရာကြီး။ နှစ်ယောက်သား ပွေ့ဖက်ပြီး နေကြတာဗျ” ဘိုးလူပေက ခေါင်းလေးညိတ်ပြီး နားထောင်နေတယ် ဘာမှတော့ မပြောဘူးဗျ။ “မောင်တာတေ မြင်တာ သေချာရဲ့လားကွယ်” ဆရာဦးဘဝင်းက မေးတာဗျ။သူကိုကြည့်ရတာ ဘာကိုမှ နားမလည်တော့တဲ့ ပုံစံမျိုးဗျို့။ ဆရာဦးဘဝင်းလိုပဲ ကျုပ်လည်း ဘာကိုမှ နားမလည်တော့ပါဘူးဗျာ။ “ဒါကြောင့် ဂျစ်ကားပေါ်ကလူက ကျုပ်ကို သေသေချာချာ ကြည့်သွားတာကိုး မောင်တာတေ ပြောတုန်းက ကျုပ် ဘာကိုမှ မတွေးမိဘူးကွဲ့” “ဘယ်လိုဖြစ်လို့တုံး ကိုလူပေရဲ့” ဆရာ ဦးဘဝင်းက မေးတာဗျ။ကျုပ်လည်း မေးချင်တာ။ ဆရာကြီးတွေရဲ့ အရာမို့လို့ မမေးရဲလို့သာဗျ။ “နောက်တော့ သိမှာပေါ့ အစ်ကို ဘဝင်းရာ ကဲ အိပ်ကြတော့ မနက်ဖြန်ညရောက်မှပဲ အလုပ် လုပ်ကြရမှာ” နောက်တစ်နေ့ရောက်တော့ ဆရာဦးဘဝင်းကို ဘိုးလူပေက ပြောစရာရှိတာတွေ တိုးတိုး တိုးတိုးနဲ့ပြောပြီး ဦးဘစိန်တို့ ဒေါ်အုန်းကျင်တို့အိမ်ကို လွှတ်လိုက်တယ် ကျုပ်ကိုတော့ ဘိုးလူပေက ပြောတယ်ဗျ။ “မောင်တာတေရေ ညရောက်ရင်တော့ အထူးအဆန်းတွေ တွေ့ရတော့မှာပေါ့ကွယ် မောင်တာတေ နည်းနည်းတော့ စွန့်စားရလိမ့်မယ် ဘယ်နှယ့်တုံး ဖြစ်ပါ့မလား” “ဟာ ဆရာကြီးရယ် တာတေဆိုတဲ့ကောင်က ထူးဆန်းလေ ကြိုက်လေပါဗျာ စွန့်စားရမယ်ဆိုရင်လည်း ဘယ်လောက် စွန့်စားရ စွန့်စားရပါ” နေ့လယ်ရောက်တော့ ဆရာဦးဘဝင်း ပြန်ရောက်လာတယ် “ဘယ်နှယ့်တုံး အစ်ကိုဘဝင်း နေရာကျခဲ့ရဲ့လား” “ကျတယ် ကိုလူပေရေ ကျုပ်စီစဉ်တဲ့အတိုင်း ကလေးမလေးကို သူ့အမေက ဥပါယ်တံမျဉ်နဲ့ စျေးခေါ်သွားတယ်။

ကျုပ်လည်း သူ့အဖေ ကိုဘစိန်ကိုခေါ် ကလေးမလေးအခန်းထဲဝင်ပြီး ထောင့်လေးထောင့်မှာ ကိုလူပေ ပေးလိုက်တဲ့ အင်းလေးချပ်ကိုရိုက်လာခဲ့တယ်။ ပြီးတော့ ညရောက်ရင် ကလေးမလေး တံခါး ဂျက်ထိုးလို့မရအောင် ကိုဘစိန်ကိုယ်တိုင် လုပ်ပေးထားတယ်ဗျ” “ဟာ …ဒါဆိုရင် ဟန်ကျပြီပေါ့ အစ်ကိုဘဝင်းရာ ညရောက်ရင် ကျုပ်တို့သွားပြီး ဆန်စက်သူဋ္ဌေးကို ဖမ်းရုံပဲ ကျန်တော့တာပေါ့ဗျာ” “ဟုတ်တော့ ဟုတ်ပါတယ် ကိုလူပေရယ် ဒါပေမယ့် ကျုပ်စိတ်ထဲမှာ မရှင်းတာက သူဋ္ဌေးကိုမိုးဆွေဆိုတာ ဒီတစ်မြို့လုံး ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပါဗျာ သူ့လိုလူနဲ့ ကြိုက်တဲ့ မိန်းခလေး တစ်ယောက်ကို ဘယ်မိဘကမှ သဘောမတူဘဲ မနေပါဘူးဗျာ။ ခုဟာက အတတ်ပညာတစ်မျိုးကိုသုံးပြီး အိမ်ထဲကို ခိုးဝင်။ ကလေးမလေးကို တိတ်တိတ်ပုန်း ပေါင်းသင်းတယ် ဆိုတာကတော့ ကျုပ် နားကို မလည်ပါဘူး ကိုလူပေရာ ။ ကိုမိုးဆွေဟာ ဒီလိုလူ မဟုတ်ဘူးဗျ” “အင်း…ညရောက်တော့ အဖြေပေါ်လိမ့်မပေါ့ အစ်ကိုဘဝင်းရာ” ဘိုးလူပေက ကျုပ်ကို အိပ်ရေးဝအောင် အိပ်ခိုင်းလို့ နေ့ခင်းဘက်မှာ ကျုပ် အိပ်နေရသေးတယ်ဗျ။

ညဆယ်တစ်နာရီကျော်,ကျော်မှာ ဘိုးလူပေရယ် ဆရာဦးဘဝင်းရယ် ကျုပ်ရယ် အိမ်က ထွက်ခဲ့ကြတယ် ဦးဘစိန်အိမ်ကိုရောက်တော့ ဆယ့်နှစ်နာရီထိုးကာနီးပေါ့ဗျာ။ “မောင်တာတေ မျက်ကွင်းဆေး ကွင်းခဲ့လား” “ဟုတ်ကဲ့ ကွင်းခဲ့ပါတယ် ဆရာကြီး” “ရော့ …ဟောဒီခြေမန်းကွင်းကို ယူထား။မနေ့ကညက မောင်တာတေ တွေ့တယ်ဆိုတဲ့ ဆန်စက်သူဋ္ဌေး ဆိုတာကို ဒီခြေမန်းကွင်းရအောင် စွပ်ရမယ် သိလား မင်းကိုတွေ့ရင် သူထွက်ပြေးလိမ့်မယ်ကွဲ့။ဒါပေမယ့် အခန်းထောင့်တွေမှာ အစ်ကိုဘဝင်းက အင်းတွေ ရိုက်ထားတာဆိုတော့ ဒီအခန်းထဲကို သူအဝင်ပဲ ရှိတယ် ။ အထွက် မရှိတော့ဘူး ။ အခန်းထဲက ထွက်လို့ မရရင် မောင်တာတေကို သူ ရန်မူမှာပဲ။ သူ့ရဲ့အင်အားဟာ သာမန်အင်အားမျိုး မဟုတ်ဘူးကွဲ့ ။ လူတစ်ယောက်ကို ပေ နှစ်ဆယ် လောက် လွင့်သွားအောင် တွန်းနိုင်တယ်။ ကန်နိုင်ကျောက်နိုင်တယ် ။ ဟောဒီမှာ ရော့ ဒီထုံးမန်းလုံးကို မျိုချလိုက် ။ ဒါ တစ်ပွဲတိုး ထုံးမန်း ခေါ်တယ်။ ကိုယ်ရင်ဆိုင်ရမယ့် ရန်သူရဲ့ အင်အား သုံးဆလောက် မင်းရလိမ့်မယ် မောင်တာတေရဲ့” ကျုပ်က ဘိုးလူပေပေးတဲ့ ထုံးမန်းကို မျိုချလိုက်တယ်။ ဒီအတိုင်း မျိုချတာဗျ။ရေနဲ့ မသောက်ရဘူးတဲ့။ ထုံးမန်းလုံးလေးက လည်ချောင်းမှာ တစ်နေသလိုပဲဗျ။

ကျုပ် အိမ်ထဲကို ဝင်ခဲ့ပြီ။ ဒီညတော့ ကျုပ်နဲ့လိုက်လာတာ မစံပယ်ရဲ့အမေ ဒေါ်အုန်းကျင် မဟုတ်ဘူးဗျ။ မစံပယ်ရဲ့ အဖေ ဦးဘစိန်ကိုယ်တိုင်ပဲ လိုက်ခဲ့တာ။ မနေ့က ညကလိုပဲ တစ်ဖက်ခန်းကနေ ကျုပ် ချောင်းကြည့်တယ်။ ဘိုးလူပေ ပေးလိုက်တဲ့ ချည်မန်းကွင်းကို ကျုပ်လည်ပင်းမှာ စွပ်ထားတယ်။ ဟော…ရယ်သံကြီးပြီဗျို့။တစ်ဖက်ခန်းက တစ်ခစ်ခစ်နဲ့ ရယ်တဲ့အသံ ကြားလိုက်ရတယ်။ပြီးတော့ ခပ်အုပ်အုပ် အသံနဲ့ စကားပြောတဲ့အသံ နှစ်သံကို ကြားရတယ်။ ဟိုလူ ရောက်ပြီ။ ကျုပ်ထရံပေါက်က ချောင်းကြည့် လိုက်တယ်။ ဟုတ်ပါ့ဗျာ နှစ်ယောက်သား ပွေ့လို့ဖက်လို့ပါဗျာ။ကျုပ် ခဏစောင့်နေလိုက်တယ်။ ဒီလူ စိတ်ချလက်ရှိ ရှိသွားအောင်ပေါ့ဗျာ။ ခဏနေတော့ ကျုပ်က မစံပယ်ရဲ့အဖေ ဦးဘစိန်ကို လက်ကုတ်လိုက်တယ်။ ဦးဘစိန်ကလည်း ချက်ချင်းထပြီး အခန်းအပြင်ကို ခြေဖော့ပြီး ထွက်တယ်။ပြီးတော့ တစ်ဖက်ခန်းကို သွားတယ်။မစံပယ်ရဲ့ အိမ်တံခါးကို အသံမကြားအောင် ဖွင့်ပေးလိုက်တယ်။ဦးဘစိန်က နေ့ခင်းကတည်းက ကြိုပြီး စီစဉ်ထားတာဆိုတော့ တံခါးက အသံမမြည်ဘဲ ပွင့်သွားတယ်။

ကျုပ်က ဦးဘစိန်ကို လက်ကုတ်လိုက်တော့ အိမ်ရှေ့ကို ထွက်သွားတယ်။ကျုပ် အခန်းထဲ ဝင်သွားပြီးဆိုတာကိုပြောပြီး ဘိုးလူပေနဲ့ ဆရာဦးဘဝင်းကို ခေါ်လာဖို့ပေါ့ဗျာ။ ကျုပ် မစံပယ်ရဲ့ အခန်းထဲကို ခြေဖော့ပြီး ဝင်လိုက်တယ်။ဒါပေမဲ့ မရဘူးဗျ။ဟိုလူ ကျုပ်ကို မြင်သွားပြီ။ ဟာ…ထပြေးပြီဗျို့။ကျုပ်ကို တစ်ချက် ဆောင့်တွန်းပြီး အခန်းတံခါးပေါက်ကို ပြေးထွက်တယ်။ “ဝုန်း” သူ့ကို တစ်ယောက်ယောက်က ဆောင့်တွန်းလိုက်သလိုကို ကြမ်းပြင်ပေါ် ပြုတ်ကျတာဗျ။ဟော…ဒီလူ ချက်ချင်းထပြီး နံရံကို ဖောက်ထွက်ဖို့ လုပ်ကြည့်တယ်။ “ဝုန်း” ဟော …ကြမ်းပြင်ပေါ်ကို နောက်တစ်ကြိမ် ကျပြန်ပြီဗျို့။ ဒီလူ ကျုပ်ကို တစ်ချက် လှမ်းကြည့်တယ်။ ပြီးတော့ ကြမ်းပြင်ပေါ်ကနေ လှစ်ကနဲ့ ထပြီး ကျုပ်ကို ပြေးထိုးတယ်။ကျုပ်ကလည်း သတိထားနေတာ ဆိုတော့ သူ့လက်သီးကို ကပ်ရှောင်လိုက်ပြီး ဒီလူအရှိုက်ကို ထောက်လက်သီးတစ်လုံး ထိုးသွင်း လိုက်တယ်။ “ဘုန်း” ဒီလူ ဒူးညွှတ်ကျသွားတယ်။ ဘိုးလူပေ ပြောတဲ့အတိုင်းပဲဗျ ကျုပ်ရဲ့ အင်အားတွေက တော်တော်ကို ကြီးနေတာကို ကျုပ် ကိုယ်တိုင် သတိထားလိုက်မိတယ်။ ရတဲ့အခွင့်အရေးကို တာတေဆိုတဲ့ ကျုပ်က ဘယ်လက်လွှတ်ပါ့မတုံးဗျာ။ “ခွပ် ” “ခွပ်” “ဘုန်း” ‘ဘုန်း” “အင့်” ဒီလူ့မေးရိုးကို နှစ်ဆင့်ထိုးပြီး အရှိုက်ကို တစ်ချက် ထပ်ထိုးလိုက်တယ်။’အင့်’ကနဲ မြည်ပြီး ကြမ်းပြင်ပေါ်ကို ဒူးထောက်ကျသွားရောဗျို့။

ကျုပ်လည်း ဘိုးလူပေ စွပ်ခိုင်းတဲ့ချည်မန်းကွင်းကို ချက်ချင်းစွပ်ချလိုက်တယ်။ ဟာ …ဒီလူရုပ်ကြီး ပေါ်လာပြီဗျို့။ “ဟင်…အစ်ကို အစ်ကို အစ်ကို့ကို မလုပ်ကြပါနဲ့ အစ်ကိုက လူကောင်းပါရှင်” မစံပယ်က စက်သူဋ္ဌေး ကိုမိုးဆွေကို ပြေးပြီး ပွေ့တယ်။ အခန်းဝမှာဆေးလွယ်အိတ်ကြီး လွယ်ပြီး ရပ်နေတဲ့ အခန်းထဲကို တစ်လှမ်းချင်း ဝင်လာပြီး ကိုမိုးဆွေ ဆိုတဲ့လူကို သေသေချာချာ ကြည့်နေတယ်။ “မောင်ရင် ဘယ်သူတုံး” လို့ ဘိုးလူပေက မေးလိုက်တယ်။ “ကျနော် စက်သူဋ္ဌေး မိုးဆွေပါဗျာ” “ဖြစ်မှ ဖြစ်ရလေ မောင်မိုးဆွေရယ် မင်းက တကယ့် လူနဲ့မှ သွားတွေ့တာကိုးကွဲ့” ဘိုးလူပေက ကိုမိုးဆွေကို သေသေချာချာ ကြည့်ပြီး ဂရုဏာသံအပြည့်နဲ့ ပြောတာဗျ။ “ကိုမိုးဆွေ ဒါ ဆရာကြီး ဘိုးလူပေဗျ” ကျုပ်ပြောတော့မှ ကိုမိုးဆွေက ပျာပျာသလဲနဲ့ ဆရာကြီးကို ကန်တော့တယ်။ မစံပယ်ကလည်း ရောရောင်ပြီး ကိုမိုးဆွေနဲ့ အတူတူ ဆရာကြီးကို ကန်တော့လို့ပေါ့ဗျာ။ ဦးဘစိန်နဲ့ဒေါ်အုန်းကျင်ကလည်း သူတို့သားမက်ဟာ ဆန်စက်သူဋ္ဌေး ကိုမိုးဆွေ ဖြစ်နေတော့ အံ့သြကြတာပေါ့ဗျာ။ကိုမိုးဆွေကို အရင်က မမြင်ဖူးတဲ့ မစံပယ်ကတော့ သူ့ရဲ့ချစ်သူဟာ စက်သူဋ္ဌေးဆိုတာကို သိလိုက်တော့ အံ့သြပြီး ကြည့်နေရှာတာဗျ။ “ကျနော်ကို ကယ်ပါ ဆရာကြီးရယ်” ကိုမိုးဆွေက မျက်ရည်တွေကျရင်း ပြောတာဗျ။

“ကယ်ရမှာပေါ့ မောင်မိုးဆွေ ဘာမှမစိုးရိမ်ပါနဲ့တော့ အခုနေတော့ ဟောဒီချည်မန်းကွင်း ချွတ်လိုက်ရင် မောင်မိုးဆွေပြန်ပြီး ပျောက်သွားဦးမှာကွဲ့။ ဒီချည်မန်းကွင်းကို ကြာကြာစွပ်ထားလို့ မရဘူးကွဲ့။ ပြီးရင် ချွတ်ပစ်ရမှာပဲ ကဲ ချည်မန်းကွင်း မချွတ်ခင် ပြောစမ်းပါဦးကွယ် မောင်မိုးဆွေ ဘာတွေဖြစ်ခဲ့တယ် ဆိုတာကို” ဘိုးလူပေ မေးလိုက်တော့ ကိုမိုးဆွေက ပြောတယ်ဗျ။ “လွန်ခဲ့တဲ့ ခုနှစ်နှစ်ကျော်က ဟောဒီအနောက်ဘက် တောထဲမှာ ကျနော်ရယ် ကျနော်တပည့် ကျော်မင်းရယ် ယုန်ပစ်ထွက်ခဲ့ကြတယ် ဆရာကြီးရဲ့၊ ကျနော် ပစ်လိုက်တဲ့ ယုန်ဖြူကြီးဟာ တောထဲကို ထွက်ပြေးတာနဲ့ သေနတ်လွယ်ပြီး လိုက်ခဲ့တာ။နောက်ဆုံးတော့ ယုန်က ဟောဒီ အေးရိပ်သာအစွန်က ခြံဝင်းကြီးထဲကို ဝင်ပြေးတာနဲ့ ကျနော်လည်း ခြံကြီးထဲဝင်ပြီး လိုက်ခဲ့တယ်ဗျာ။ဒီမှာတင် ဒေါသတအားထွက်နေတဲ့ ရှမ်းလိုလို လူတစ်ယောက် အိမ်ထဲက ထွက်လာတာ တွေ့လိုက်ရတယ်။ဒီလူက ကျနော် ပစ်လိုက်တဲ့ ယုန်ဖြူကြီးကို ပွေ့ထားပြီး မီးဝင်းဝင်း တောက်နေတဲ့ မျက်လုံးတွေနဲ့ ကျနော်ကို ကြည့်ပြီး ပြောတယ်ဗျ “ဟေ့ကောင် မင်း ဘာလုပ်လိုက်တာတုံး” လို့ ကျုပ်ကို အသံကျယ်ကြီးနဲ့အော်ပြီး မေးတယ် ဆရာကြီးရဲ့ ကျနော်ကလည်း “ယုန်ပစ်တာလေဗျာ တောထဲမှာ ယုန်ပစ်တာလေ ဘာဖြစ်လို့တုံး ဒီယုန်က ခင်ဗျားမွေးထားတဲ့ ယုန်လို့ ပြောချင်လို့လား” လို့ကျနော်က ဒီလူကို မေးလိုက်တော့ “တောက် …တော်တော် လူပါးဝတဲ့ကောင်ပဲ ဒါ ယုန် မဟုတ်ဘူးကွ ဒါ လူ လူ ငါ့နှမနန်းအုံကွ ငါ့ထက်စွမ်းတဲ့ မှော်ဆရာ တစ်ယောက်နဲ့ ပညာပြိုင်တဲ့ပွဲမှာ ငါရှုံးနေလို့ ငါနှမက ဝင်ပြီး ကူတာကို မှော်ဆရာက စိတ်ဆိုးပြီး ငါ့နှမကို ယုန်ဖြစ်အောင် လုပ်ခဲ့တာကွ ဒီကောင့်ကို ငါသတ်နိုင်မှ ငါ့နှမ လူပြန်ဖြစ်မှာမို့လို့ ငါ့ပညာကို မြင့်သထက်မြင့်အောင် လုပ်နေတာကွ။

အခုတော့ သွားပြီ။မင်းက ငါ့နှမကို သတ်လိုက်ပြီ မင်းတော့ကွာ ကဲကွာ ကဲကွာ” လို့ ဒေါသတကြီးနဲ့အော်ရင်း သူ့လက်က ထွက်လာတဲ့ အရောင်လင်းလင်းလက်တွေနဲ့ ကျနော်ကို ပစ်လိုက်တာ ကျနော်ရုပ်ကြီး ပျောက်သွားပြီး ကျနော်ကိုယ်တိုင် လူလား သရဲလား မသိတဲ့ ဘဝကို ရောက်ရတော့တာပါပဲဗျာ။အခုဆိုရင် ကျနော် ဒီဘဝကို ရောက်နေခဲ့တာ ခုနှစ် နှစ် ရှိသွားပါပြီဗျာ။ဒီလူခိုင်းတဲ့အတိုင်း ဒီခြံကြီးကို စောင့်နေရတာပါ။ ခြံထဲဝင်တဲ့ လူမှန်သမျှကို ရိုက်ထုတ်ပစ်ရတယ်။တစ်နေ့တော့ ခြံထဲကို သရဖီပန်းတွေ ဝင်ခူးတဲ့ စံပယ်က ထူးထူးခြားခြား ကျနော်ကို မြင်ရတော့ ကျနော်ဝမ်းသာလိုက်ရတာ မပြောပါနဲ့တော့ဗျာ။စံပယ်ကတော့ ကျနော်ဘယ်သူမှန်းလဲ မသိဘူး။ အဲဒီအိမ်ကြီးမှာနေတဲ့ လူလိုပဲထင်ပြီး တဖြည်းဖြည်းနဲ့ ချစ်သူတွေ ဘဝကို ရောက်ခဲ့ကြတာပါဗျာ” “နို့ နေပါဦး မောင်မိုးဆွေရဲ့ မင်းကို ရုပ်ပျောက်အောင် လုပ်ခဲ့တဲ့ လူကရော ဘယ်ရောက်သွားတုံးကွဲ့” “အဲဒီလူက သူ့ကိုယ်သူ ကျနော်ပုံစံနဲ့ ချွတ်စွတ်တူအောင် ချက်ချင်းပြောင်းလိုက်ပြီး ကျနော် ယုန်ပစ်တဲ့သေနတ်ကို ထမ်းပြီးတော့ ခြံထဲကနေ ထွက်သွားတယ်” “မောင်မိုးဆွေရဲ့ရုပ်ပျောက်သွားတယ်ဆိုတာကို မောင်မိုးဆွေက ဘယ်လိုများ သိတာတုံးကွဲ့” ဘိုးလူပေက ကိုမိုးဆွေကို ထပ်မေးပြန်တယ်။

“ကျနော် အိမ်ကြီးထဲဝင်ပြီး ကိုယ်လုံးပေါ်မှန်မှာ ကြည့်လိုက်တော့ ကျနော့်ပုံသဏ္ဌာန်ဟာ မှန်မှာ လုံးဝမပေါ်တော့ဘူး ဆရာကြီးရဲ့” “အင်း…မင်းရဲ့ ရုပ်က ပျက်သွားတာ မဟုတ်ပါဘူးကွယ် မှော်ပညာအစွမ်းနဲ့ လူတွေ မမြင်နိုင်အောင် ဖျောက်ထား တာပါ မင်းရဲ့ရုပ်က ဒီအတိုင်းပဲ ရှိနေပါတယ်။ ဘာမှ မစိုးရိမ်ပါနဲ့ မင်းကို လုပ်သွားတဲ့ မှော်ဆရာရဲ့ ပညာတွေ ပျယ်သွားရင် နဂိုအတိုင်း ပြန်ဖြစ်မှာပါ အဲဒါ ပဉ္စလက်မှော် ပညာလို့ခေါ်တယ်ကွဲ့ ။ဒီမောင်နှမကို ကျုပ် လိုက်ရှာ နေတာကြာပြီ ။ အခုမှပဲ တွေ့တော့တာပေါ့ကွယ် ဒီကောင်က ပဉ္စလက်ဘသိန်းဆိုတဲ့ အကောင်ပဲကွ။ ကဲ…ဒါဆိုရင် အချိန်မရှိဘူး ဘသိန်းဆီ သွားကြမှာပဲ မောင်တာတေ မောင်မိုးဆွေကို စွပ်ထားတဲ့ချည်မန်းကွင်း ပြန်ချွတ်လိုက် ခဏတော့ ပြန်ပျောက်သွားလိမ့်ဦးမယ်။ မောင်မိုးဆွေ မင်း ဘယ်မှ မသွားနဲ့တော့ မစံပယ်ဆီမှာပဲ နေခဲ့ပေတော့” သူဋ္ဌေးကိုမိုးဆွေပိုင်တဲ့ ရွှေဇမ္ဗူစက်ဝင်းကြီးထဲကို ဘိုးလူပေရယ် ဆရာဦးဘဝင်းရယ် ကျုပ်ရယ် ဝင်လိုက်တာနဲ့ ပဉ္စလက်ဘသိန်းဆိုတဲ့ မှော်ဆရာကြီးက ဆီးကြိုတိုက်တော့တာပဲဗျို့။

“မင်း ငါ့ဆီကို လိုက်လာမယ်ဆိုတာ သိလို့ အဆင့်သင့် စောင့်နေတာဟေ့ ငလူပေရဲ့” ဟော ပစ်ပြီဗျို့ ပစ်ပြီ ဘိုးလူပေကို သူကစပြီး ပစ်တာဗျာ ဘာတွေနဲ့ ပစ်တယ်လို့ထင်တုံး။မြွေတွေနဲ့ ပစ်တာဗျ။ ပဉ္စလက်ဘသိန်းရဲ့ တစ်ကိုယ်လုံးမှာ မြွေတွေ ပတ်ထားတာ အပြည့်ပဲဗျ။ဘိုးလူပေက သူ့တစ်ကိုယ်လုံးကနေ စက်ရောင်တွေ ချက်ချင်း ဖြာထွက်လိုက်ပြီဗျို့။ ဟာ ပဉ္စလက်ဘသိန်း ပစ်သမျှ မြွေတွေဟာ ဘိုးလူပေရဲ့ စက်ရောင်ထဲကို ဖြတ်ပြီး မဝင်နိုင်တော့ဘူးဗျ အားလုံး ကြမ်းပြင်ပေါ်ကို ကျပြီး တွန့်လိမ် တွန့်လိမ်နဲ့ ငြိမ်သွားကျရောဗျို့။ မြွေတွေ သေကုန်တာဗျ။ ရှိသမျှ မြွေတွေနဲ့ အကုန်ပစ်ပြီးတာနဲ့ ပဉ္စလက်ဘသိမ်းရဲ့ ရုပ်ဟာ ကိုမိုးဆွေနဲ့ ချွတ်စွပ်တူတဲ့ပုံစံကနေ ချက်ချင်းပြောင်းပြီး ရှမ်းလိုလိုပုံစံ ဖြစ်သွားရောဗျ။ ဟာ …ဘသိန်းကြီး နောက်ဂျွမ်းပစ်လိုက်ပြီဗျို့။ ဟာ ကျားကြီးဖြစ်သွားပြီဗျာ။ခါးကြီးနွဲ့နွဲ့ နွဲ့နွဲ့နဲ့ ကိုးတောင်ကျားကြီးက ဘိုးလူပေကို ခုန်အုပ်ဖို့ မာန်ဖီပြီး ချောင်းနေရောဗျို့။ “ဝေါင်း” ဟာ ကျားက ပါးစပ်ကြီးဟပြီး ဟိန်းလိုက်ပြီဗျို့။ ဒီအကွက်ကို စောင့်နေတဲ့ ဘိုးလူပေရဲ့ လက်ထဲက အနီရောင် အလင်းစက်ကလေး တစ်စက်က ဖျက်ကနဲ ထွက်လာပြီး ကျားရဲ့ဟနေတဲ့ ပါးစပ်ထဲကို ဝင်သွားရောဗျို့။ “ဘုန်း” ဟော လဲကျပြီးဗျို့။ ကျားကြီး ဘုန်းကနဲ လဲသွားပြီ။ ဟော ဟော မြေကြီးပေါ်မှာ လူးလှိမ့်ပြီး မာန်ဖီနေရောဗျို့ ဝေဒနာတစ်ခုကို မချိမဆံ့ ခံစားနေရတဲ့ပုံဗျ။

ဟော ငြိမ်သွားပြီ ငြိမ်သွားပြီ ကျားကြီး အသက်ရှိပုံ မပေါ်တော့ဘူးဗျ။ ဟော ဆန်စက်ထဲက လူတွေ ထွက်လာပြီဗျို့။ အပြင်မှာ ဘာဖြစ်သွားတယ် ဆိုတာကို ဒီလူတွေ နည်းနည်းမှ သိပုံမပေါ်ဘူးဗျ။ ဆန်စက်ကြီးကလည်း တဝုန်းဝုန်း လည်တာဆိုတော့ အပြင်က အသံတွေကိုလည်း သူဒို့ ဘယ်ကြားနိုင်မှာတုံးဗျာ။ “ဟာ ကျားသေကြီးပါလား ကျားက ဘယ်ကနေ ရောက်လာတာတုံး။ ဒါထက် သူဋ္ဌေးရော သူဋ္ဌေးရော စောစောက ဒီအပြင်ကို ထွက်သွားတာဗျ” အော်ကျယ် အော်ကျယ် ပြောနေတဲ့ အလုပ်သမားကို ဆရာဦးဘဝင်းက သေသေချာချာ ကြည့်လိုက်ပြီး… “ဟေ့ကောင် မောင်စိန် စက်ထဲကို မြန်မြန်ဝင်ပြီး ဓါတ်ဆီယူခဲ့ ဒီကျားကို ဓါတ်ဆီဖျန်းပြီး မီးမြန်မြန်ရှို့လိုက်စမ်း” “ဟာ …ဆရာဦးဘဝင်းပါလား ကျနော်က ဆရာပါလာမှန်း မသိလို့ပါ ဆရာ အခုပဲ မီးရှို့လိုက်ပါ့မယ်” ခဏအတွင်းမှာပဲ ကျားသေကြီး ပြာဖြစ်သွားတော့တာ ပေါ့ဗျာ။

“ကဲ …မောင်စိန် ငါတို့သွားပြီ ခဏနေရင် မင်းဒို့ သူဋ္ဌေး ကိုမိုးဆွေ လာလိမ့်မယ် မင်းဒို့ ဆရာကတော်လေးပါ ပါရင် ပါလာမှာကွ မောင်စိန်ရ” “ဟာ ဟုတ်လား ဆရာဦးဘဝင်း ဝမ်းသာလိုက်တာဗျာ သူဋ္ဌေး အိမ်ထောင်ပြုတော့မှာလား ဆရာ” “အေး ဟုတ်တယ်ကွ မောင်စိန်ရ” ကျုပ်ဒို့သုံးယောက်ရွှေဇမ္ဗူဆန်စက်ဝင်းကြီးထဲက အထွက်မှာ ဝင်းထဲကို ဝင်လာတဲ့ စက်သူဋ္ဌေး ကိုမိုးဆွေရယ် မစံပယ်ရယ် မစံပယ်ရဲ့အဖေ ဦးဘစိန်ရယ် မစံပယ်ရဲ့အမေ ဒေါ်အုန်းကျင်ကို တွေ့လိုက်ရတယ်ဗျ “ကျန်းမားကြပါစေ ချမ်းသာကြပါစေ ” လို့ ဘိုးလူပေ မေတ္တာပို့လိုက်တဲ့အသံကို ကျုပ် ကြားလိုက်တယ်။ ပြီးပါပြီ။ စာဖတ်ပရိတ်သတ်များအားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ ဤဝတ္တုလေးအား ကြိုက်နှစ်သက်တယ်ဆိုရင် like and share လေးနဲ့ အားပေးသွားပါအုံးဗျာ..

Leave a Reply

Your email address will not be published. Required fields are marked *