ခိုနားရာ(စ/ဆုံး)

ခိုနားရာ(စ/ဆုံး)

မောင်သာလိ၏မိဘများသည်၊ဝမ်းထမ်းများဖြစ်ကြပါသည်။ဖခင်ကနယ်စုံနေရာစုံ၊ဟိုပြည်နယ်ပြောင်းဒီတိုင်းပြောင်းနေရာစုံပြောင်းနေခဲ့ရသော၊ပြည်ထောင်စုသားတို့၏၊အထက်တန်းပြကျောင်းဆရာကြီး၊မိခင်မှာမောင်ခေါ်ရာလိုက်ခဲ့ရသော၊မှတ်ပုံတင်စကားနှင့်ပြောရလျှင်မှီခိုဖြစ်ပါ၏။ မွေးရပ်မြေရှိခဲ့လို့သာ၊အခြေချနေထိုင်နိုင်ပေမဲ့၊စီးပွားဥစ္စာ အဖတ်မတင်ပါ။ ပြောလိုသည်မှာ၊သားသမီးသုံးယောက်တော့မွေး၏။ ဥစ္စာမစုမိပါ။သို့သော်လည်း၊အမအလတ်ကိုဘွဲ့ရသည်အထိ၊ကျောင်းထားနိုင်ခဲ့ပြီး၊အကိုကြီးကိုဘတုတ်နှင့် အငယ်ဆုံးမောင်သာလိကိုတော့၊ဆယ်တန်းအောင်သည်အထိကျောင်းထားပေးနိုင်ခဲ့ပါသည်။ မောင်သာလိက၊ကိုယ်အားကိုယ်ကိုးပြီး၊ပြင်ပဝိဇ္ဇာ ဖြေခဲ့လို့ ဘွဲ့ရခဲ့ပါသည်။သို့သော်ဝန်ထမ်းတော့မဖြစ်ခဲ့ပါ။

ဘဝအခြေခံအစက၊ပန်းခင်းသောလမ်းမဟုတ်သည်တော့သေချာပါသည်။အရင်းအနှိးမရှိကိုယ်လက်ကိုယ်ခြေကိုသာအားကိုးပြီး ဘဝအခြေစခဲ့ရသည်။ သို့သော်အကိုကြီးက ကံကောင်းပါသည်။ လုပ်ငန်းရှင်၏၊သမီးကညာနှင်အိမ်ထောင်ကျပြီး၊ အခုဆိုရင်လုပ်ငန်းရှင်ဖြစ်၍၊တောင်ငူမြို့တွင်၊ မုန့်ဟင်းခါးအခြောက်လုပ်ငန်းလုပ်ကိုင်၊အောင်မြင်နေသူဖြစ်၍၊သူဌေးကိုဘတုတ် ဆိုလျင်မသိသူမရှိပါ။ အမလတ်၏အမျိုးသားက၊ရဲမှူးဖြစ်၍၊ဘွဲ့ရပညာတတ်ဖြစ်သောအမလတ်ပင်လျှင်၊မှီခိုဖြစ်၍၊ရဲမှူးသွားရာ တမြို့ပြီးတမြို့ပြောင်းရွှေ့နေထိုင်ရသဖြင့်အခြေမကျ၊ အိုးအိမ်အတည်တကျမရှိသေးပါ။ သားငယ်မောင်သာလိ၊ကျွန်တောကတော့ ပြင်ဦးလွင်မြို့တွင်ပန်းစိုက်ရင်း၊ရှမ်းမလေး နန်းထွေးခမ်းနှင့်အိမ်ထောင်ကျပြီး၊အခုဆိုလျှင်အငယ်ဆုံးသမီးလေးမှတပါး၊အကြီးနှစ်ယောက်တောင်အိမ်ထောင်ကျသွားပါပြီ။ ရွာပေါင်းတရာကျော်ဖြင့်ဖွဲ့စည်းထားသော ပြင်ဦးလွင်မြို့ကား၊ရွာတိုင်းလိုလို၊ယာနှင့်အိမ်တစပ်ထည်းရှိနေကြသည်။ဆိုလိုသည်မှာယာခင်းထဲတွင် အိမ်များဆောက်ထားကြပါသည်။ မောင်သာလိတို့အိမ်သည်လည်း၊ပြင်ဦးလွင်စတိုင်၊ အုတ်ပွဖြင့်တည်ဆောက်ထားသောခေါင်ပြန့်ပြန့်၊ တထပ်အိမ်ကလေးသာဖြစ်ပါသည်။သို့သော် ခန်းဝင်ကျယ်၍၊ဘုရားခန်း၊အိပ်ခန်း၊ဧည့်ခန်း၊မီးဖိုခန်း များဖြင့်သေသေသတ်သတ်နေရာတကျဖွဲ့စည်းထားပါသည်။ အကိုကြီးအမကြီးတို့လောက်စည်းပွားဥစ္စာမချမ်း သာသော်လည်း၊နေနိုင်ရုံမျှတော့ပြည့်စုံပါပေသည်။ ဖေဖေနှင့်မေမေတို့က၊ဖေဖေပင်စင်ယူပြီးကတဲက၊ သားသမီးများနှင့်ခွဲ၍နေထိုင်ပါသည်။

မည်သူအားမျှအပူမပေး၊စုဆောင်းထားသမျှပိုလျှံငွေနှင့်၊ပင်စင်ကိုအားပြုခါနေထိုင်ကြသည်။ သားသမီးများကအလျှင်းသင့်လို့ကန်တော့လျှင်တောင် များတယ်ဆိုပြီးပြန်ပေးတတ်သည်။ သည်နေ့သူအဖိုးအဖွားတွေနယ်မှာရောက်လာမည်ဟု ကြားသဖြင့်၊မိုးအေးလျှင်၊ဆောင်းဝင်လျှင်အလွန်ပင်ချမ်းတတ်သောပြင်ဦးလွင်တွင်၊သမီးအငယ်မကအဖိုးအဖွားတို့အတွက်၊နွေးထွေးသောအိပ်ယာများအားအမေနှင့်အတူဝိုင်းပြီးကြိုတင်စီစဉ်ပေးနေပါသည်။ ချမ်းလွန်းလျှင်မီးလှုံနိုင်ဖို့၊နံသာဖြူအကာ၊ ထင်းရုးအနှစ်တိုကိုလည်း၊သားအငယ်က၊အလုပ်မအားသည့်ကြားမှ လာရောက်ပို့သွားခဲ့ပါပြီ။ သားအကြီးက၊မိုးကုတ်လိုင်းတွင်ပြေးဆွဲနေသောသူ၏၊ကားဖြင့်အဖိုးအဖွားများအားသွားရောက်ကြိုနေပါပြီ။ ဟောပြောရင်းဆိုရင်းရောက်လာကြပါပြီ။ ဖေဖေနှင့်မေမေအား၊အပြေးအလွှားအိမ်သားတွေ ထွက်ကြိုကြသည်မှာသမီးငယ်ကထိပ်ဆုံး။ မတွေ့တာကြာပြီဖြစ်တဲ့သူအဖွားကိုအတင်းဖက်ထားသည်။ ညနေစောင်းလာပြီဖြစ်သဖြင့်၊ထွေးခမ်းက၊ရေနွေးပူဖြင့်စပ်ထားသောရေဖြင့်၊ဖေဖေနှင့်မေမေတို့အား၊ ရေလောင်းပြီးချိုးပေးသည်။ပြီးမှအနွေးထည်များကိုဝတ်စေပြီး၊နံသာဖြူနံ့သင်းသင်းမွေးသည့်၊မီးနွေးဖိုနှင့် မနီးမဝေးတွင်ထိုင်စေသည်။ သားအလတ်ကောင်ကလည်းအကြော်စုံအထုပ်များကိုလက်တွင်ဆွဲပြီး၊အဖိုးအဖွားများအားတွေ့ဆုံရန် အပြေးတပိုင်းရောက်လာသည်။ ဆွေစုံမျိုးစုံထမင်းတဝိုင်းတည်းစားရသဖြင့်၊ အဖိုးအဖွားတို့မျက်နှာများတွင်၊ပီတိတွေဖုံးလျက်ပြုံးနေသည်။ဟန်ဆောင်ပြုံးမဟုတ်သဖြင့်၊အပြုံးမျက်နှာ များအား၊ပြန်လည်ယုတ်သိမ်းလို့မရနိုင်ခဲ့ပါ။

အကောင်းကြီးမဟုတ်လှသော်လည်း၊အသားဟင်းတခွက် ဖြင့်ဟင်းသီးဟင်းရွက်စုံအောင်ချက်ကြွေးသဖြင့်စားလို့မိန်ပုံရပါသည်။ရှမ်းပဲပုတ်အစပ်ထောင်းကလေးကလည်း၊စားလို့အရသာတွေ့မည်ဖြစ်ပါသည်။ စားသောက်လို့အပြီး၊နွေးထွေးစွာမီးလှုံကြရင်း၊ အကိုအမတို့အိမ်မှ၊ပြန်ရောက်လာသော၊ဖေဖေ,မေမေ တို့အား၊အကိုအမတို့အကြောင်း၊မာကြောင်းသာကြောင်းကိုဝီုင်းပြီးမေးမိသည်။ အကိုကြီးစီးပွားရေးက၊သောက်သောက်လဲအောင် ကောင်းပါသတဲ့။အလုပ်ကတကယ်များတော့မိသားစုကိုထိမ်းသိမ်းဖို့၊လစ်ဟာပါသတဲ့။ အကိုကြီးဇနီးအမကြီးကလည်း၊ချမ်းသာတော့ အဆီအအိမ့်တွေစားလွန်းတော့၊ကိုယ့်ကိုယ်ကို မသယ်ချင်အောင်ဝပါသတဲ့၊ရောက်သည်မှပြန်လာတဲ့အထိ၊ချွေးမရဲ့လက်ရာ၊ချိုသလားခါးသလားမသိ၊ ဆိုင်ဟင်းဆိုင်ထမင်းကိုနေ့တိုင်းစားပြီး၊ပြန်ခဲ့ရပါသတဲ့။ သားသမီးနှစ်ယောက်ရှိပြီး၊သမီးအကြီးက၊လင်နှင့်ကွဲ ပြီး၊မိဘအိမ်ပြန်ရောက်နေပါသတဲ့။ အငယ်ကောင်ကလည်း၊ဘာမှန်းမသိ၊အိမ်ပြန်မလာလို့၊ သူ့အဖေလိုက်ရှာနေရတာ၊ဖေဖေ,မေမေတို့တောင်ကားဂိတ်လိုက်မပို့နိုင်ဖူးတဲ့၊ကိုယ့်အထုပ်ကိုယ်ဆွဲပြီး၊ ကားဂိတ်အရောက်ဆင်းခဲ့ရပါသတဲ့။ အဖိုးဖြေးဖြေးပြောပြလေ,ဟု သူအဖွားရင်ခွင်ထဲက အဖွားနွေးအောင်ဖက်ထားသော၊အငယ်မကပြောသောအခါ၊အကြီးကောင်ကရေနွေးကြမ်းတခွက်ကိုငှဲ့ပြီး သူအဖိုးလက်ထဲသို့ထည့်ပေးသည်။ အလတ်ကောင်က၊မီးဖိုထဲသို့ ထင်းခြောက်အနှစ်တုံး အတိုလေးများကိုထည့်ပေးနေသည်။ မောင်သာလိနှင့်နန်းထွေးခမ်းတို့က၊အကိုကြီးရဲ့ ချမ်းသာခြင်းအကြောင်းကို၊တအံတဩနားထောင်နေမိပါသည်။

ရေနွေးတခွက်သောက်ပြီးနောက်၊အမကြီးတို့မိသားစုအ ကြောင်းကို၊ဆက်ပြောပြပါသည်။ အမကြီးယောက်ျားကမြို့နယ်အဆင့်ရဲမှူး။ အစိုးရဝန်ထမ်းအိမ်ဆိုတော့၊အဖိုးအဖွားတို့တည်းခိုဖို့လွတ်လွတ်လပ်လပ်မရှိ။ဒါကြောင့်ပိုင်ဆိုင်ရာတည်းခိုရိပ်သာတွင်၊အဖိုးအဖွားတို့အားထားပေးသည်။ မှတ်မှတ်ရရအိမ်မှာထမင်းဖိတ်ကြွေးသောနေ့၊ ထမင်းစားဆဲရဲမှူးကိုစိုးငြိမ်း၊ ထမင်းမဝမှီအရေးပေါ်တာဝန်ထမ်းဆောင်ရသည်။ညအထိပြန်မရောက်လို့၊ တညလုံးဘုရားစာရွတ်ပြီး၊မိဘများထိုင်ပြီး စောင့်နေခဲ့ရပါတယ်။မနက်လင်းလို့ပြန်ရောက်မှဘဲ၊ သက်မချပြီးတည်းခိုတဲ့ရိပ်သာသို့ပြန်ပြီးအနားယူခဲ့ရပါတယ်။ တရက်ကလည်း၊သမက်ဖြစ်သူတို့အလုပ်ခန်းဖက်မယောင်မလယ်နှင့်သွားရောက်အကဲခတ်မိပါတယ်၊ လက်ပြတ်ခေါင်းကွဲ၊သွေးအလိမ်းလိမ်းနှင့်အချုပ်သားတွေက်ိုတွေ့မြင်ခဲ့ရတော့၊တရက်နှစ်ရက်၊ ထမင်းမစားချင်အောင်ဖြစ်ခဲ့ရပါတယ်။ မြေးလေတွေကလည်းငယ်လွန်းတော့၊ဘာမျှမသိရှာကြပါ။ သူတို့အလုပ်နှင့်သူတို့ပျော်မွေ့နေကြပေမဲ့၊ ဖေဖေမေမေတို့တော့တပတ်မပြည့်ခင်သူတိုနေရာပြည်နယ်မြို့ကလေးမှပြန်လာခဲ့ကြပါတယ်။ မြေးကလေးများနှင့်မိသားစုနွေးနွေးထွေးထွေး မနေခဲ့ရဘဲ၊တပတ်မပြည့်ခင်ပြန်လာခဲ့ရသည်ကို ဝမ်းနည်းနေခဲ့ဟန်ရှိပါတယ်။ ပြင်ဦးလွင်မြို့ကား၊ညခွန်နှစ်နာရီကိုပင်၊ဥာဉ်နက်လာသလိုခံစားရသည်။အကြီးကောင်နှင့်အလတ်ကောင် သူတို့အိမ်အသီးသီးသို့ပြန်သွားကြပြီ။ အဖွားငတ်နေတဲ့တက္ကသိုလ်ကျောင်းသူ၊သမီးအငယ်က အဖွားနှင့်အတူအဖွားပြောပြတဲ့ငယ်ငယ်က မောင်သာလိတို့အကြောင်းကိုနားထောင်ရင်း၊အိပ်ပျော်သွားကြပါပြီ။

ပြင်ဦးလွင်မြို့ကား၊နံနက်၈.၀၀ကျော်မှအိပ်ယာမှ ထဖို့ကောင်းသည်။သို့သော်သမီးဖူးဖူးတို့မြေး အဖိုးအဖွားသုံးယောက်က၊ထွက်ပြူစနေရောင်ခြည်အောက်တွင်စောစောထ၍လမ်းလျှောက်ကြသည်။ ပန်းခင်းထဲတွင်နှင်းမှုံမှုံကလေးများကျနေသည်။ တဖြူးဖြူးတိုက်ခတ်နေသောလေအဝှေ့တွင်၊ နေရောင်ခြည်အောက်တွင်၊နှင်းမှုံကလေးများက၊ ရောင်စုံပွင့်နေသောပန်းပွင့်ကလေးများသို့ထင်ရသည်။ ဆွတ်ပျံကြည်နူးဖွယ်ကောင်းလှပါ၏။ သမီးဖူးဖူးက ပန်းတခက်ကိုခူးပြီးအဖွားအားပြသည်။ အော…ဒီပန်းကလေးကလှလိုက်ထာ၊ ဘာပန်းလို့ခေါ်သလဲလို့အဖွားကမေးတော့၊ ဖူးဖူးကရှင်းပြပါတယ်၊ လီလီပန်းလို့ခေါ်တယ်ဖွားဖွားရဲ့၊အမျိုးပေါင်းတရာကျော်ရှိပါတယ်တဲ့။အနီ၊အဝါရွှေရောင်၊ပန်းရောင်၊ အနက်၊အဖြူရှိကြပါတယ်။ တချို့လည်းအပြောက်အစက်အမျိုးမျိုးပါတတ်ပြီး၊ အချို့လည်းအပွင့်အထပ်ထပ်အလွှာလွှာပါရှိပါတယ်။ သမီးတို့ပြင်ဦးလွင်မြို့က၊အဖြူရောင်နှစ်မျိုးသာ၊ မျိုးပွားပြီးရောင်းချနိုင်ပါတယ်။ ပန်းဥမှမျိုးပွားယူသလို၊ဥဖတ်အရင့်များမှလည်းအပင်ပွားယူလို့ရပါတယ်။ မျိုးထားပြီးမျိုးစေ့ကိုအပင်ဖောက်ပြီးမျိုးပွားယူလို့လာ်းရပါတယ်။

ဖေဖေကလီလီပန်းတို့ရဲ့သခင်ဖြစ်ပြီး၊ မေမေကဂန္ဓမာပန်းတို့ရဲ့သခင်ဖြစ်ပါတယ်လို့ ဖူးဖူးက ရှင်းပြတော့၊ ဥာဉ်းနှယ်အေ ကပ်သိကပ်သတ်ဟုပြောပြီး၊ မြေးအဖိုးအဖွားသုံးယောက်ရယ်မောခါ၊အိမ်ထဲသို့ ပြန်ပြီးဝင်လာကြသည်။ မြေးအဖိုးအဖွားသုံးယောက်အိမ်ထဲသို့မရောက်လာ မှီကပင်၊ထွေးခမ်းကနံနက်စာပြင်ဆင်ထားပြီးသည်၊ တဟားဟားဖြင့်၊မေးသူနှင့်ရှင်းသူ။ ရှင်းသူနှင့်မေးသူ။ ထပ်တူကျပါဘိ။စကားတွေပြောရင်းစအားပါးတရစားကြသည်မှာ၊ ကြော်ထားတဲ့ခေါပုတ်တခွက်နှင့်နွားနို့တအိုးတော့ပြောင်သွားပါပြီ။ အကြီးကောင်က၊အဖိုးအဖွားများအား၊ပြင်ဦးလွင်က ဘုရားစုံလိုက်ပို့ဖူးစေသည်။ အလတ်ကောင်ကရောက်တဲ့အရပ်ကသွားရေစာ သစ်သီးစုံပို့ပေးသည်။ အငယ်မကအဖိုးအဖွားတွေအတွက်အနီးကပ် ကိုက်လုပ်သည်။ အဖိုးအဖွားတို့ကလည်းမြေးကိုကျော်၍မြစ်တွေပါ ခေါ်ပြီးကန်တော်ကြီးဥယျာဉ်ထိသွားလယ်ကြသည်။ ပန်းခူးပန်းစိုက်အလုပ်များနေလို့၊မမောနိုင်အား၊ မြင်ရသူမောင်သာလိတို့ပါပျော်နေပါ၏။ သို့သော်ပျော်နေသူကိုကုန်လွယ်စေတဲ့အချိန်ကြောင့်၊ ၇ရက်တာလာပြီးလယ်တဲ့အဖိုးနှင်အဖွား၁၀ရက်ကြာတာတောင်ကုန်မှန်းမသိခဲ့။ အချိန်တန်တော့နေရပ်ပြန်ကြမည်။အားလုံးရှိခိုးကန်တော့ကြသည်။ မြေးမြစ်တို့ငိုကြ၏။အဖွားလည်းမျက်ရည်စို့၏။မပြန်ဖို့တားမရ။

အကြီးကောင်ကားဖြင့် အငယ်အမဖူးဖူးပါ၊ အဖိုးအဖွားတို့နေရာမြို့အထိလိုက်ပို့ကြသည်။ ကားပေါ်တွင်အသီးအနှံဟင်းသီးဟင်းရွက်အပြည့်။ ဘုရားပန်းအစုံတင်ပေးလိုက်သည်။ ကိုင်း၊ ဖိုးဖွားတို့မွေးထားတဲ့သားသမီးသုံးယောက်။ တစ်ယောက်ကသူဌေး။ အရာရှိဝန်ထမ်းလေးကတစ်ယောက်။ လူဆင်းရဲပေမဲ့၊ပန်းခြံထဲမှာပျော်နေတဲ့တစ်စု။ ဘယ်လိုဂရုမှာ၊သင်နေဖို့စိတ်သန်ပါသလဲဆိုရင်၊ စဉ်းစားပေးကြပါဗျာ။ မိတ်ဆွေအားလုံးလည်းတနေ့နေ့တချိန်ချိန်၊အသက်ကြီး လာကြမည်။ အိုမင်းလာကြမည်။ သားသမီးအမျိုးမျိုးနှင့်ဘဝအမျိုးမျိုးရှိနိုင်ပါသည်။ ထိုသူတို့အထဲတွင်၊မိမိတို့နှင့်လိုက်လျှောညီထွေဖြစ်မည့် ခိုနားရာ နေရာများအားကြိုတင်ပြင်ဆင်ထားသင့်သည်။ ကြိုတင်ရှာဖွေထားသင့်သည်။ မိမိတို့၏ခိုနားရာသည်၊မိမိတို့၏စရိုက်နှင့်ကိုက်ညီသောနေရာတော့ဖြစ်သင့်ပါသည်။ ဘယ်လိုလည်း၊ မိတ်ဆွေများ၊ရှာဖွေပြင်ဆင်ထားပြီးပြီလား။ မီးဆာကုန် ဆီးခမ်းတဲ့အချိန်များမှာ၊မချမ်းသာချင်နေပါ စိတ်အေးချမ်းစွာနေနိုင်ကြဖို့၊ကြိုတင်ပြင်ဆင်ထားဖို့တော့ လိုပါပြီ။နောက်မကျပါစေနဲ့ နှော်။

မောင်သာလိ ၁၁.၁၂.၂၁

Leave a Reply

Your email address will not be published. Required fields are marked *