အလောင်းပြင်တဲ့ ည” (စ/ဆုံး)

” အလောင်းပြင်တဲ့ ည” (စ/ဆုံး)

ညကား မျိုသိပ်မှုတစ်မျိုးဖြင့် ရေငုံနှုတ်ပိတ် လျက် ရှိလေသည်။ အပြာဖျော့ဖျော့ကောင်းကင် သည် မိုးရာသီမကုန်သေးဟန်ုဖြင့် မိုးရိပ်မိုးငွေ့များကို မြင်နေရသေးသည်။ မှုန်ဝါးဝါးလရောင်သည် မိုးမှုန်များကို တိုးထွက်ကာ အစွမ်းကုန် သာလျက် ရှိသဖြင့် သစ်ရိပ်၊ ပတ်ဝန်းကျင်၊ ထန်းတောတွေကို မြင်နေရသေးသည်။ လရောင်မှုန်ဝါးဝါးဖြင့် မြင်နေရသေးသည် သည်ဒေသမှာ မြေလတ်ဒေသ၏ ထုံးစံအတိုင်း မိုးနည်းရပ်ဝန်းဒေသဖြစ်သည့် အလျောက် ရွာမလိုဟန်ပျိုးသည်မှာ ထုံးစံလိုဖြစ်နေသည်။ ဖားခံတွင်းချဉ်ရုံလောက်သာ ရွာသည့် မိုးကား စီးပွားမဖြစ်ပေ။ လရောင် မလင်းတလင်းအောက်တွင် ထန်းတော ညိုညိုကို မလှုပ်မယှက် မြင်နေရသည်။ အမှန်တော့ မျိုသိပ်မှုများဖြင့် ရေငုံနှုတ်ပိတ်ညဟု ဆိုရမည်ထက် ထိတ်လန့်ကြေကွဲဖွယ်ည ဆိုက ပို၍ မှန်ကန်ပေ လိမ့်မည်။ သောင်းဖေတစ်ယောက် ထန်းပင်ပေါ်မှ ပြုတ်ကျသေဆုံးသွားသည့်သတင်းဆိုးကြီးသည် ထနောင်းကုန်းရွာထဲတွင် နံနက်အရုဏ်တက်ခါစ ကပင် ပြန့်နှံ့သွားပြီး ဖြစ်သည်။ သောင်းဖေသည် သူပိုင်ခြံထဲရှိ ထန်းပင်တက်ရာမှ ဇောက်ထိုးပြုတ်ကျကာ ဇက်ကျိုးပြီး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခြင်းပင်တည်း။ နံနက်စောစော အမှောင်ပျိုးဆဲ ၊ ထန်းပင်ပေါ်တက်ရာ ခြေချော်လက်ချော် ပြုတ်ကျခြင်းဖြစ်သည်။

သူကြီးလည်း အလုပ်ရှုပ်သွားသည်။ မြို့ပေါ်သို့ လှည်းဖြင့် သွားကာ ဌာနအုပ်သို့ အကြောင်းကြားပြီး ပုလိပ်တွေကိုလည်း ခေါ်လာရသည်။ စစ်ချက်တွေ ယူရသည်။ သောင်းဖေ၏မိန်းမ မိညိုသည် သတိလစ်နေသဖြင့် ရွာထဲမှ မိန်းမတစ်သိုက်က ပြုစုနေရပေရာ တစ်နာရီလောက် ကြာမှ သတိရလာသည်။ ယောင်္ကျားအလောင်းကို ကြည့်ကာ အငိုမတိတ်တော့ပေ။ ဆွေမျိုးများ၏ ငိုသံလည်း ကျွက်ကျွက်ညံသွားလေသည်။ သည်လိုနှင့် သက်ဆိုင်ရာ၏ ခွင့်ပြုချက်ဖြင့် အလောင်းကို ပြင်ဆင်ကြရသည်။ တောဓလေ့ အတိုင်း ရွာထဲမှာ သေသဖြင့် ရွာပြင်မထုတ်ဘဲ သုံးရက်ထားပြီးမှ သင်္ဂြု ိဟ်ရန် ဆုံးဖြတ်ချက်ချပြီး အလောင်းကို တဲရှေ့ ထန်းပင်အောက်တွင် ယာယီချထားသည်။ ဇက်ကျိုးနေသော အလောင်းကို ဝါးကပ်ပေါ် တင်ကာ စောင်ပါးလွှမ်း၍ရပ်ဓလေ့ထုံးစံများနှင့် တင်ထားခြင်းဖြစ်သည်။ ရုတ်တရက် သေဆုံးသွားသော နာရေးဖြစ်သဖြင့် မိတ်ဆွေအပေါင်း အသင်းတွေက တဖွဲဖွဲ ရောက်လာသည်။

သောင်းဖေသည် ကဇော်သမား၊ ဖဲသမား ဖြစ်ရကား ဒုက္ခပေါင်းစုံ အပေါင်းအသင်းစုံလှသည်။ရင်းနှီးသည့် သူငယ်ချင်းတွေက သောက်ဖော်သောက်ဖက် ဆိုးဖော်ဆိုးဖက်ကြီး ရုတ်တရက် ကွယ်လွန် သွားသဖြင့် ယူကြုံးမရ ဖြစ်ကာ ငိုသူက ငိုသည်။ မိညိုသည် ငိုလျက် ပြောလိုက် တိုင်တည်လိုက်နှင့် ဧည့်ခံစကားပြောနေရ သည်။ ကွမ်း၊ ဆေးလိပ် တည်ခင်းရသေးသည်။ သည်လိုနှင့် နေစောင်းစပြုလာသည်။ ဧည့်သည်က ပိုများလာသည်။ ထိုအချိန်တွင် ခေါင်းပျဉ်စပ်သူ၊ စက္ကူပန်းဆင်သူတွေကလည်း မအားလပ်နိုင်တော့ပြီ။ ဧည့်သည်ဧည့်ခံသူ၊ ရေနွေးကျို ၊ ထန်းလျက်၊ ဆေးလိပ်၊ တည်ခင်း သူတွေ အလျှိုလျှိုပေါ်လာကြသည်။ ညီညွတ်သော တောဓလေ့ဟု ဆိုရမည်။ ခပ်လှမ်းလှမ်းထန်းပင်အောက်တွင်တော့ သောင်းဖေ၏ဝိညာဉ်မဲ့ခန္ဓာကြီးက ခန့်ခန့်ကြီးငြိမ်သက်နေသည်။ ကာလသားတစ်သိုက်ကား သည်လို ကာလမျိုးတွင် အခွင့်အရေးတစ်ရပ် အနေဖြင့် သောက်စားပျော်ပါးမူးယစ် ကြကုန်သည်။ ညဘက်ရောက်လျှင် ဖဲဝိုင်း၊ ကတ်ဝိုင်းက လာဦးမည်။ ထိုစဉ် အရက်ကလေးထွေထွေနှင့် သြဇာအာဏာရှိဟန်တူသော လူတစ်ဦး ရောက်လာသည်။

ပုဆိုးတိုတို အပေါ်အင်္ကျီဗလာ၊ အသားမည်းမည်း။ “ဟေ့ …ငါ့သူငယ်ချင်းသောင်းဖေကို ကွင်းစပ်မှာ ဒီအတိုင်း ပစ်ထားလို့ ရမလားကွ ပြင်ဆင်ပြီး ခေါင်းထဲထည့်ကြမယ် “ စကားဆုံးသည်နှင့် ရွာထဲမှ ရှေ့မီနောက်မီ အဘိုးကြီးတစ်ယောက် တုန်တုန်ချိချိဖြင့် ဝိုင်းအနီးသို့ ရောက်လာကာ… “မောင် …မောင် …အဝှာ…သာဒင်ရယ်၊ ဒီနယ်ဘက်မှာ ညနေစောင်းကြီး ခေါင်းမသွင်း ကောင်းပါဘူးကွယ်၊ မနက်မှ ပြင်ဆင်ကြပါ၊ ရွာနာသကွဲ့ …” သာဒင်သည် အဘိုးကြီးကို မျက်မှောင်တစ်ချက် ကြုတ်ကြည့်သည်။ ထွီခနဲ ကွမ်းသွေးတစ်ချက် ထွေးကာ လုံချည်ကို တဖြန်းဖြန်းခါပြင်ဝတ်ပြီး ရင်ခေါင်းပေါ် တက်ဝတ်လိုက်သည်။ နှုတ်ခမ်းကြီးကို အရုပ်ဆိုးစွာ တစ်ချက်တွန့်ပြီး… “ဘကြီးပေတုံးတို့က အဲဒါခက်တာပဲ။ ရပ်ဓလေ့ ရွာဓလေ့တွေ ဘေးချိတ်၊ ဒါ…ကျုပ်တို့ အချစ်ဆုံးသူငယ်ချင်းဗျ။ နောက်ဆုံးခရီးဗျ၊ ကျုပ်ကတော့ ဘယ်သူတားတား သောင်းဖေ အလောင်းကို ဒီနေ့ပြင်ဆင် ခေါင်းသွင်းမှာပဲ၊ တားတဲ့သူ ခေါင်းအပြတ်ပဲ၊ ဘာမှတ်လဲ…သာဒင်ကွ၊ ဟေ့ ဖိုးသံလုံးတို့ ဒီည ခေါင်းပြင်၊ ခေါင်းသွင်းမယ်ဟေ့” အသုဘလာ ပရိတ်သတ်သည် ရုတ်တရက် ငြိမ်သက်သွားကာ သာဒင်နှင့် ဘကြီးပေတုံးကို ကြည့်နေကြသည်။ မည်သူမျှ ဝင်ပြောဆိုခြင်း မရှိကြတော့ပေ။

“မဟုတ်သေးပါဘူးကွယ်။ ရပ်ဓလေ့ ရွာဓလေ့ …ပြီးတော့ ရုတ်တရက်ကြီး သေသွားတာလေကွယ်၊ ဆင်ခြင်ဖို့ ပြောပြတာပါ မောင်ရင်ရယ်” သာဒင်သည် ကွမ်းသွေးကို ထွီခနဲ ထွေးလိုက် ပြန်သည်။ “ကျုပ်က ဂျော့ဘုရင်လာ တားတာတောင် ဂရုမစိုက်ဘူး၊ ညဘက် အလောင်းကို အပြီး ပြင်မယ်။ ဘယ့်နှယ်ဗျာ…ကျုပ်သူငယ်ချင်းခမျာ ကွင်းခေါင်ခေါင်မှာ လေတဟူးဟူးနဲ့၊ မိုးရွာမှဖြင့် ရက်ရက်စက်စက်ဗျာ… ဘကြီးက ဂျော့ဘုရင်လား” ဘကြီးပေတုံးသည် ပြောမရဆိုမရ ဖြစ်နေသော သာဒင်ကို ခွန်းတုံ့ ပြန်ခြင်းမပြုတော့ဘဲ ငြိမ်သက် သွားလေသည်။ သာဒင်နှင့် အပေါင်းပါများ သည် မိုက်ရူးရဲလူရမ်းကားများ ဖြစ်သည်။ ရပ်ဓလေ့ ရွာဓလေ့ထုံးစံကိုလည်း အသိအာရုံထဲ ထည့်ထားပုံမရ။ သောက်စားပျော်ပါး ဆဲရေးတိုင်းထွာ နေကြသည်။ မိညိုမှာ မသာရှင်ဖြစ်သော်လည်း သာဒင်နှင့် ဆွေမျိုးများနီးစပ်တော်သည် သာမက ရွာလူမိုက် သာဒင်နှင့် လူရမ်းကား အုပ်စုကို လွန်ဆန်ရဲဟန် မရှိပေ။ လွန်ဆန်လျှင်လည်း အသုဘပျက်ရုံပင် ရှိသည်။ ကျီးနှင့် ဖုတ်ဖုတ်သာ ဖြစ်တော့မည် သူတို့ အုပ်စု ဦးဆောင်၍သာ ရွာထဲ သာရေးနာရေးက စည်ကားစမြဲ။ သည်လိုနှင့် နေဝင်ရီတရော မမှောင်တမှောင် အချိန်တွင် သာဒင်ဦးဆောင်သော လူငယ် လူလတ်ပိုင်းတစ်စုသည် အစိမ်းသေသောင်းဖေ၏ အလောင်းကို ခေါင်းသွင်းရန် ပြင်ဆင်ကြလေသည်။ လူငယ်နှစ်ယောက်က သောင်းဖေ၏ ခန္ဓာကိုယ်မှ အဝတ်အချို့ကို ဆွဲလှပ်ကာ မျက်နှာကို ဖော်လိုက်သည်။ ထိုအခါ သောင်းဖေ၏ နာကျင်ရှုံ့တွ၍ မချိမဆန့် မျက်နှာ ညိုပုပ်ပုပ်ကြီးက ပေါ်လာသည်။

ပေ ၃၀ ခန့် မြင့်မားသော ထန်းပင်ပေါ်မှ ဇောက်ထိုးပြုတ်ကျသော အလောင်းဖြစ်ရကား လည်ပင်းရိုးက ကျိုးကြေကာ ရင်ဘတ်နှင့် ကျောပြင်က ထိန်းချုပ်မရဘဲ ချာလည်လည် နေသည်။ ထို့ကြောင့် သာမန်သေဆုံးသော အလောင်းမဟုတ် ရကား အလောင်းကိုင်သူနှစ်ယောက်ပင် ရုတ်တရက် လန့်ဖျပ်သွားပြီး လက်တွန့် သွားကြလေသည်။ ” ဟ…ဟ …လည်ပင်းရိုးကျိုးပြီး လည်နေတာဟ” ထို့ကြောင့် တစ်ယောက်က ခေါင်းကို ထိန်း၊ ကျန်တစ်ယောက်က အေးစက်မာခဲနေသော ခန္ဓာကိုယ်အောက်ပိုင်းကို ထိန်းကိုင်ကာ အဝတ်သစ်တွေ လဲလှယ်ကြသည်။ ထိုစဉ် ရွာဦးကျောင်းမှ အောက်လင်းဓါတ်မီးနှစ်လုံး ကလည်း ထိန်ထိန်လင်းလင်း ရောက်လာပြန်ရာ အသုဘအိမ်သည် ပို၍မြိုင်ဆိုင်သွား၏။ သာဒင်သည် တဟဲဟဲရယ်ကာ… “ဟေ့…တို့သူငယ်ချင်းကို နောက်ဆုံး အနေနဲ့ လှလှပပပြုပြင်ကြရမှာကွ၊ ရွာလယ်က ဘွေးတုတ်တို့ ညီအစ်မ မြို့က ပြန်လာတာ နှုတ်ခမ်းနီနဲ့ မျက်နှာချေတွေ ပါလာတယ်ကွ၊ မျက်နှာချေ တစ်ဘူးနဲ့ နှုတ်ခမ်းနီ တစ်ဘူး သွားတောင်းကြကွာ၊ တစ်ယောက် သွားတောင်း၊ ဒီကောင့်ကို လှလှပပ ပြင်ရမယ်ဟေ့” ရွာထဲသို့ လူငယ်လေးတစ်ယောက် ထွက်သွားသည်။ အလောင်းကြီးကား ဝါးကပ်ပေါ်တွင် ဆန့်ဆန့်ကြီး လဲလျောင်းနေဆဲပင်။ သည်အချိန်တွင် ဖဲဝိုင်းအတွက် ပြင်ဆင်သူ တွေကလည်း တက်ညီလက်ညီပင်။ တစ်ယောက်က ဖဲထုပ်အသစ်စက်စက်ကို ဘူးမှ ထုတ်ယူကာ တရွှမ်းရွှမ်းမြည်အောင် ကုလားဖန် ထိုးလေ၏။ “ဝိုင်းတော့ ကောင်းပြီဟေ့၊ ဖဲမရိုက်ရတာ ကြာပြီ” ခဏကြာလျှင် မျက်နှာချေနှင့် နှုတ်ခမ်းနီ သွားယူသော လူငယ်လေး ပြန်ရောက်လာသည်။ ထိုအခါ သာဒင်နှင့် သူငယ်ချင်းသုံးဦးသည် သောင်းဖေ၏ရုပ်အလောင်းကို စတင်၍ ပြင်ဆင်ကြလေသည်။ အောက်လင်းဓါတ်မီး တစ်လုံးကို အလောင်းစင်ဆီသို့ ရွှေ့ယူ လာသဖြင့် ပို၍ လင်းထိန်သွား၏။ ထိုအခါ မျက်လုံးပြူး ရှုံ့တွနေသာ အလောင်း မျက်နှာပြင်ကို သာဒင်သည် မကြောက်မရွံ့ ပြုပြင်လေသည်။ ပြူးထွက်နေသော မျက်လုံးကြီးများကို အတင်းပိတ်စေသည်။

ပခုံးတစ်ဖက် နိမ့်ဝင်နေသည်ကို ဆွဲဆန့်သည်။ စောင်းရွဲ့နေသော ပါးတစ်ဖက်ကို ဆွဲလိမ်သည်။ တစ်ခြမ်းပိန်နေသော ခေါင်းကြီးကို တဖတ်ဖတ် ရိုက်ကာ တည့်မတ်ရသည်။ “သောင်းဖေ၊ စိတ်မဆိုးနဲ့ကွ၊ မင်း သေပန်း ပွင့်နေအောင် ငါ လုပ်ပေးနေတာ၊ မင်းကလည်း မြေပြင်ကို ရေပြင်မှတ်ပြီး ဒိုက်ဗင်ထိုးရတယ်လို့ကွာ၊ တော်တော်အသုံးမကျတာပဲကိုး” သာဒင်သည် လိမ်နေသော လည်ပင်းကို ခပ်ကြမ်းကြမ်းကိုင်၍ တည့်မတ်လိုက်ပေရာ အကြောကို သွားနှိပ်မိသည် မသိ။ အလောင်းကြီးက ရုတ်တရက် မျက်စိပွင့်သွားသည်။ အလောင်းပြင် အဖော်နှစ်ယောက်သည် ‘ဟာ’ခနဲ တ,ကာ နောက်သို့ ကြောက်လန့်တကြား ဆုတ်လိုက်လေသည်။ သာဒင်သည် မကြောက်မရွံ့ပင်… “အောင်မယ်…သောင်းဖေ၊ မင်းက တို့ကို စိတ်ဆိုးတာလား၊ မင်း လှလှပပဖြစ်အောင် လုပ်ပေးနေတာလေကွာ၊ ငြိမ်ငြိမ်နေမှပေါ့ကွ၊ မင်းကို မျက်နှာချေလိမ်ပြီး နှုတ်ခမ်းနီဆိုးပေးမယ်၊ ဒါမှ ဓါတ်ရှင်မင်းသား မောင်ညီပုနဲ့ ပိုလှသွားမှာကွ၊ ငြိမ်ငြိမ်နေ၊ ဓါတ်ရှင်မင်းသားလောက်တော့ စပျော့ပေါ့ …” သာဒင်သည် မျက်နှာချေဘူးထဲမှ ပန်းရောင် မျက်နှာချေများကို ကော်ယူကာ သောင်းဖေ၏ မျက်နှာကို မညီမညာ မလိမ်းတတ် လိမ်းခြင်း၊ နှုတ်ခမ်းနီဆိုးခြင်းတို့ကို ဆောင်ရွက်လေတော့ သည်။ နာရီဝက်မျှ ကြာသွားသည်။ သည်လိုနှင့် အလောင်းပြင်ပြီးသောအခါ အသင့်ချထားသော သစ်သားခေါင်းထဲသို့ ရွှေ့ထည့်ကြသည်။ ခေါင်းအဖုံးကိုတော့ မပိတ်ဘဲ ခပ်စေ့စေ့ ဟထားရသည်။ ညဉ့်ကား တဖြည်းဖြည်း နက်ရှိုင်းစပြုလာသည်။ လရောင်မှာ မှုန်ဝါးဝါးမျှသာ။

ဖဲဝိုင်းတွင်တော့ လူစည်ကားနေသည်။ သာဒင်က ဖဲဝိုင်းတွင် မပါဘဲ လူကြီးတစ်ယောက်နှင့် စကား လက်ဆုံကျနေသည်။ ထိုစဉ် လင်ကောင်ပိုးငှက်တစ်ကောင်၏ ဂီးခနဲ တစ်ချက်အော်သံနှင့် အတူ ထန်းတော အနောက်ဘက် သင်္ချိုင်းစပ်မှ’ဟေး’ခနဲ ‘ဟေး’ခနဲ အော်သံကြီးကို ကြားလိုက်ရကာ ဖဲဝိုင်းမှ လူများသည် တစ်ယောက်မျက်နှာ တစ်ယောက် ပြန်ကြည့်ကာ ကြောင် အအဖြစ်ကုန်ကြသည်။ ဟေးခနဲ အော်သံများက သင်္ချိုင်းဆီမှ တဖြည်းဖြည်း နီးကပ်လို့ လာလေပြီ။ ဖဲဝိုင်းမှ ထိုးသားများသည် လန့်ဖျပ်ကာ လှုပ်လှုပ်ရွရွ ဖြစ်လာသည်။ “ဘာသံကြီးလဲဟ၊ ကြောက်စရာကြီး” ထိုစဉ် ခပ်ဝေးဝေးမှ ပြင်ဆင်ထားသော ရုပ်အလောင်းကြီးဆီမှ ခေါင်းအဖုံးသည် ဒုန်းခနဲ မြည်ကာ ပြုတ်ကျသွားလေသည်။ အားလုံးလန့်ဖျပ်ကာ ထသူက ထ၊ ပိုက်ဆံသိမ်းသူက သိမ်း၊ အိမ်ပေါ် တက်ပြေးသူက ပြေးနှင့် ရုန်းရင်းဆန်ခတ် ဖြစ်နေစဉ် သောင်းဖေ၏ ရုပ်အလောင်းကြီးသည် မျက်နှာချေ အဖွေးသားနှင့် ရုတ်တရက် ထထိုင်လေသည်။ အလောင်းကြီးသည် မီးရောင်လာရာသို့ လှမ်းကြည့်နေလေသည်တကား။ “အောင်မလေးဗျ…၊ သရဲ သရဲ ဖုတ်ဝင်လာပြီ” ပြေးသူ ပြေးနှင့် ရှုပ်ယှက်ခတ်နေစဉ် ရုပ် အလောင်းကြီးသည် တစ်ဖက်က အော်သံကြီးကို ပြန်တုံ့ပြန်ကာ တဟေးဟေးဖြင့် ပြန်အော်လေသည်။

အော်သံအဆုံးတွင် ရုပ်အလောင်းကြီးသည် ကုန်းရုန်းထလိုက်ရာ လိမ်စောင်းနေသော လည်ပင်းကြီးက နောက်ကျောပြင်ထိ ရောက်သွားပြီး အသံသြရှရှကြီးဖြင့် … “အရက်ကိုတဲ့မှ …အားမနာ…အားမနာ မသောက်ရင် သီလစောင့်မယ်…ကိုကျောင်းဒကာ… သောက်တော်ဘူးရယ်နဲ့ …ကိုယ်မကွာ… ကိုယ်မကွာ…သောက်တော်ဘူးရယ်နဲ့… ကိုယ်မကွာ…ကိုယ်မကွာ…” နတ်သံဟစ်လေတော့သည်။ ဖဲဝိုင်းကား ထိန်းမရအောင် ပျက်လေပြီ။ ဝိုင်းသားများသည် တစ်ယောက်နှင့်တစ်ယောက် တွန်းထိုးကာ အချို့က သာဒင်ကို တက်နင်းပြီး ရွာထဲသို့ ဝင်ပြေးကြလေသည်။ သာဒင်သည် မူးနေကာ တော်တော်နှင့် မထနိုင်ပေ။ အလောင်းကောင်ကြီးသည် ‘ဟေး’ခနဲ အော်ကာ ထန်းတောကြား သင်္ချိုင်းဆီမှ အော်သံတွေ ကြားရာဆီသို့ ဒယိမ်းဒယိုင်ဖြင့် ပြေးထွက် သွားလေသည်။ အလောင်းကောင်ကြီး ဖုတ်ဝင်ထွက်ပြေးသွားရာ နောက်သို့ မည်သူမျှ လိုက်မရှာဝံ့ကြဘဲ မိုးလင်းမှ လူစုကာ ထွက်ပြေးသွားရာ သင်္ချိုင်းဆီသို့ သွားရောက်ရှာဖွေကြသည်။ ထိုအခါ သင်္ချိုင်းအဝတွင် ရွှံ့အလူးလူးဖြင့် ပက်လက်လန်လဲကျနေသော မျက်နှာချေ အဖွေးသား၊ နှုတ်ခမ်းနီအရဲသားနှင့် သောင်းဖေ၏ ရုပ်အလောင်းကြီးကို တွေ့လိုက်ကြရလေသည်။ အလောင်းကြီး၏ မျက်နှာပြင်ကား ထန်းပင်ပေါ်မှ လိမ့်ကျခါစနှင့် မတူဘဲ လောကကြီးကို ကျေနပ်ခွင့်လွှတ်သည့်ပမာ ပြုံးဖြီးဖြီးကြီး ဖြစ်နေသည်ကို တွေ့မြင် လိုက်ကြရလေတော့သည်။ ထိုအခါ ဘကြီးပေတုံးသည် မျက်နှာညှိုးငယ်စွာဖြင့်… စာ “ငါပြောသပေါ့ကွယ်…၊ ဓလေ့ထုံးစံကို မဖျက်ကောင်းဘူးလို့ ပြောပါသကော၊ မလုပ်သင့်တာလုပ်တော့ အပမှီပြီး သင်္ချိုင်းထဲက ဖုတ်တစ္ဆေတွေက ရွာစပ်ထိ ရောက်လာပြီး သူတို့အဖော်ကို ညာသံပေးပြီး ခေါ်တာပေါ့။ အုပ်လိုက် လာခေါ်တာ၊ သောင်းဖေက ဖုတ်ဝင်ပြီး သင်္ချိုင်းထိ လိုက်သွားတာပဲ၊ ရွာနာတာပေါ့ …၊ ဒီတော့ ရပ်ရွာသန့်သွား အောင် ပရိတ်တရားတွေ ရွတ်ကြ ဖတ်ကြတာပေါ့ကွယ်…” သာဒင်သည် မျက်နှာငယ်ကလေးနှင့် ရေငုံနှုတ်ပိတ် တိတ်ဆိတ်နေလေတော့သည်။ ။

ပြီးပါပြီ မူရင်းရေးသူ

ဆရာ မင်းဘုန်းသိင်္ခသူ

Leave a Reply

Your email address will not be published. Required fields are marked *