*ကွယ်လွန်သူနေထိုင်ရာ*📖📖📖(စ/ဆုံး)

*ကွယ်လွန်သူနေထိုင်ရာ*📖📖📖(စ/ဆုံး)

ကျွိ……….ဝုန်း………..အား…….. ” “ ဟဲ့ ဘာဖြစ်ကြတာတုန်း ဘာဖြစ်တာတုန်း ” “ ကားတိုက်တာတဲ့ဟေ့…… ” “ လူကိုတိုက်မိတာတဲ့… ” “ သေပြီလားမသိဘူး… ဝိုင်းပြီး ဆေးရုံပို့ကြပါဦး ” “ ကားသမားကို ဝိုင်းထားဟေ့… မပြေးစေနဲ့နော် ကားနံပါတ်ရော မှတ်ထားကြ…. ” “ ဟင်…အတိုက်ခံရတာ (…)ကျောင်းက ဆရာမ ခင်မာကြည်ပဲ…. ” “ ဟာ…ဟေ့… ဆရာမ ခင်မာကြည်တဲ့… သူ့အိမ်ကို ပြေးပြောကြပါစမ်းပါ….ကျုပ်တို့ ဆရာမကို ဆေးရုံပေါ် ပို့နှင့်မယ်…. ” “ ဆေးရုံမပို့နဲ့တော့ ဆရာမကိုလည်းသေချာကြည့်ဦး အသက်ရှိသေးရဲ့လားလို့… ခေါင်းတစ်ခြမ်းလုံးပွင့်ထွက်နေပြီးတော့ လမ်းမမှာလည်း ဦးနှောက်အပိုင်းအစတွေနဲ့ ၊ မျက်နာတစ်ခုလုံးလည်း လူရုပ်တောင်မပေါ်တော့ဘူး ၊ သူစီးနေကျ ဆိုင်ကယ်လေးရယ် ၊ ကိုယ်ဟန် ကျောင်းဆရာမ ဝတ်စုံရယ်ကြောင့်သာ ဆရာမ ခင်မာကြည်မှန်းသိတာ ” “ ကျွတ် ကျွတ် ကျွတ် …ဆရာမ ဖြစ်မှ ဖြစ်ရလေ… အဖြစ်ဆိုးလိုက်တာ …. သူ့မိသားစုတော့ ဘယ်လိုဖြေကြမလဲမသိတော့ပါဘူး… ” “ ရဲခေါ်ထားပြီးပြီလား ” “ ဟုတ်ကဲ့ လာနေပြီလို့ပြောတာပဲ…… ” “ သြော်….အနိဌာရုံတွေ တစ်ဘဝလုံး မမြင်ရ မကြားရပါစေနဲ့လား… မဆင်မခြင်မောင်းကြတဲ့ ယဉ်မောင်းတွေကြောင့် တိုင်းပြည်က ရတနာတွေ ဆုံးရှုံးနေရတာ မနည်းတော့ဘူးထင်တယ်…. ၊အခုလည်း …. တို့ ဆရာမ……ဆရာမ…. ဆရာမ ကောင်းရာသုဂတိလားပါစေ…. ”

မြန်မာနိုင်ငံ မြောက်ဖျားပိုင်းကအထင်ကရမြို့တစ်မြို့……….. ။ စာသင်ကျောင်းတစ်ခုတွင်…… “ ဒီနေ့ ဆရာမ ခင်မာကြည် နာရေး ရက်လည်မို့လား စောလွင် ရ ” နဝမတန်းက ကျောင်းသားလေးတစ်ယောက်စကားကို ဘေးမှာထိုင်နေတဲ့ ကျန် ကျောင်းသားတစ်ယောက်ကလည်းပြန်တုန့်ပြန်လိုက်တယ် “အေးလေအဲ့ဒါကြောင့် တို့အတန်းပိုင်တွေတောင် အတန်းမဝင်ကြဘူး…ဒီနေ့စာမသင်ရင်လည်း ကျောင်းမလာပါဘူး အိမ်မှာအိပ်နေတယ်…အစောကြီးထရတာ ပျင်းလိုက်တာ…. ” သူတို့နှစ်ယောက်စကားပြောနေတုန်း တစ်ခုံကျော်က သူငယ်ချင်းကောင်မလေးတစ်ယောက်က ကြားသွားပြီး ဝင်ပြောလိုက်သေးတယ် “ ဆရာမ ခင်မာကြည်တစ်ယောက် သနားပါတယ်နော် သူ့ခမျာ… မိသားစုကလည်း ပြည့်စုံ… ၊အရာရာအဆင်ပြေနေတုန်း ၊ အသက်ကလည်းအရွယ်တင်နုပျိုနေတဲ့အချိန်အခုလို မမျှော်လင့်တဲ့ အဖြစ်ဆိုးကြီး ကြုံလိုက်ရမယ်လို့ ထင်ထားမှာတောင်မဟုတ်ဘူး ၊ ဆိုးလိုက်တဲ့ ကားသမားတွေ ၊အတင်းလုမောင်းနေကျ အခုတော့ လူပါသေရပြီ ” “ ကားသမားတွေ ကြမ်းတာလည်းကြမ်းတာပေါ့ ဆရာမလည်း ဆိုင်ကယ်ဖြည်းဖြည်းမှ မစီးတာ… ပြီးတော့ ဦးထုပ်မပါ ဘာမပါဆိုတော့အကာအကွယ်မဲ့ပြီး ကားအောက်ထဲချိတ်ပါသွားရှာတာ…. ”

“ မင်းတို့တော့မသိဘူး အဲ့နေ့က ဆရာမ သေတဲ့နေရာမှာ ငါရှိနေတယ် ၊ ငါ့မျက်စိရှေ့တင်ပဲ ပွဲချင်းပြီးသွားတာကိုမှ ရုပ်ပျက်ဆင်းပျက်ပဲ…. ဆရာမကအစိမ်းသေဆိုတော့ သူ သေလို့သေမှန်းရော သိပါ့မလား ၊ မကျွတ်ဘဲနဲ့ ငါတို့ ကျောင်းမှာ လာခြောက်ရင် ပြသနာပဲ…. ” ထိုလူငယ်လေးစကားအဆုံး လူငယ်လေးကို ကျန် သူငယ်ချင်းတွေက ထုရိုက်ကြရင်း “ သြော်…ဒီကောင်ကလည်း အရေးထဲ တစ်မောက်…မင်းပဲ ကြီးလာရင် သရဲဝတ္တုရေး စာရေးဆရာလုပ်မယ်လေးဘာလေးနဲ့ ” လို့ ဝိုင်းပြောလိုက်တဲ့အခါ လူငယ်လေးက ပြန်ဖြေတယ် “အေးလေ…မင်းတို့သေချာမသိသေးပါဘူး သရဲစာရေးဆရာဆိုတာ သရဲကြောက်တတ်တဲ့သူတွေအများစုမှ ဖြစ်ကြတာ ၊ ဟုတ်တယ်လေ ကြောက်စိတ်ရဲ့အရသာ ခံစားချက်တွေကို သူတို့ ကောင်းကောင်းနားလည်နေလို့ ဒီလိုခံစားပြီး အနုပညာကို ပုံဖော်နေကြတာမဟုတ်လား… ၊ မင်းတို့နားလည်အောင်ပြောရရင် လူတစ်ယောက်က သံပုရာသီးတစ်လုံးကို ကိုယ်အရင် စားကြည့်ပြီးမှ အဲ့ဒီ သံပုရာသီးရဲ့အရသာက ချိုသလား ချဉ်သလားဆိုတာ သူများကို သေချာရှင်းပြနိုင်မှာလေ…ချဉ်တယ်ဆိုရင်လည်း ဘယ်လိုချဉ်တာလဲဆိုတာကအစပေါ့….. ” “အေးပါ သကောင့်သား စာရေးဆရာရူးရေ မင်းပြောတာလည်းထားပါလေ… ၊

ငါလည်း မင်းပြောမှ စိုးရိမ်မိတာ တစ်ခုရှိတယ် တို့ကျောင်းက ဆရာမ ခင်မာကြည် မကျွတ်ရင် ဘယ်လိုလုပ်မလဲ…. ” “ စိတ်မပူပါနဲ့ကွာ ၊ သူက စိတ်ကောင်းရှိတဲ့သူပဲ ကောင်းရာမွန်ရာ ရောက်မှာပါ ” အဲ့ဒီစကားကို မကျေနပ်သေးတဲ့ သူငယ်ချင်းတစ်ယောက်က ဝင်ထောက်တယ်… “အစိမ်းသေတွေက တော်ရုံနဲ့ မကျွတ်ဘူးလို့ ကြားဖူးတယ် ၊ သူတို့သေလို့သေမှန်းမသိတာရယ် ၊ သေခါနီးအစွဲကြောင့်ရယ် ကျွတ်မယ်လို့မထင်ဘူးနော် ” အတန်းထဲကအတန်းဖော် ၆ယောက်လောက် စကားဝိုင်းပြောနေတာကိုအစအဆုံးဝင်မပြောဘဲ နားထောင်နေတဲ့ မိန်းကလေးတစ်ယောက်ကအဆုံးကျမှ ဝင်ပြောလိုက်တာ စကားတစ်ခွန်းတည်း…ဒါပေမယ့်အဲ့စကားတစ်ခွန်းရဲ့ နောက်ကွယ်မှာအကြောက်တရားက ကပ်ပါလာခဲ့ပြီလေ သူပြောလိုက်တာက ရိုးရှင်းအေးစက်လွန်းပါတယ် ။ “ ဟင် ဒါဆို …ဆရာမ ခင်မာကြည်က အစိမ်းသရဲ တကယ် ဖြစ်သွားပြီလား………. ” ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ မြို့အထင်ကရ စေတီတော် တစ်ဆူနဲ့ ကပ်လျက်မှာရှိတဲ့ ဘုန်းကြီးကျောင်းဝန်းကြီးထဲက အဆောင်သစ်တစ်ခုကို ဆေးသုတ်နေကြတဲ့ အလုပ်သမားနှစ်ယောက်အလုပ်လုပ်ရင်း အပြန်အလှန် စကားပြောလို့……… “ ဒီအဆောက်အဦးက ဘာအတွက်လဲ ” “ မသိပါဘူး ဘုန်းကြီးတွေကတော့ ညအိပ်ညနေ ဧည့်သည်တွေအတွက် တည်းနိုင်ဖို့ ဇရပ် ၊ ဓမ္မာရုံအဖြစ် ထားမယ်လို့ ပြောကြတာပဲ ” “ ကျောင်းဝင်းကြီးက ကျယ်တော့ ဒီ နှစ်ထပ် ဆောင်အသစ်လေးနဲ့အတော်ဟန်ကျမှာပဲကွာ ”

“အဆောင်နာမည်ကိုလည်း ဖတ်လိုက်ဦး ဘာတဲ့……. ခင်မာကြည်အဆောင် ဆိုပါလား…… ” “အေးလေ …ခင်မာကြည်ကို မင်းမသိတာလည်းမဟုတ်ဘဲနဲ့ ” “ တကယ် မသိတာပါကွာ လုပ်စမ်းပါဦး ” “ တလောက ကားနဲ့ဆိုင်ကယ် ချိတ်ပါသွားပြီး ရုပ်ပျက်ဆင်းပျက် သေသွားတဲ့ ဆရာမ ဒေါ်ခင်မာကြည်အတွက် ရထားတဲ့ နစ်နာကြေး လျော်ကြေးငွေကို မိသားစုက တစ်ပြားမှ မယူဘဲနဲ့ ဆရာမ ခင်မာကြည် ကုသိုလ်ရအောင် ဒီအဆောင်အဦးလေး လုပ်ပေးထားတာလို့ သိရတယ်ကွ ” ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ခင်မာကြည်အဆောင် “ ဘုန်းဘုန်းဘုရား တပည့်တော် ညက ခင်မာကြည်အဆောင်အပေါ်ဘက်ဘုရားခန်းထပ်နားမှာ လူရိပ်တွေ့လို့သွားစစ်တာ ဘာမျှမတွေ့ဘူးဘုရား ၊ တစ်ခါတစ်လေလည်း မီးတွေက မှိတ်လိုက်လင်းလိုက် နဲ့ တစ်ခါတစ်လေ နှစ်ထပ်ဆောင်ဆိုတော့ လှေကားက လူတစ်ယောက်ဆင်းလာတဲ့ ခြေသံတွေကြားနေရတယ် ၊ တစ်ခါတစ်ခါ ငိုသံလိုလိုညည်းသံလိုလိုလည်းကြားရတယ် ဘုရား… ၊ ထူးဆန်းတာက ဒီအဆောင်ကြီးဆောက်ပြီးမှ ဖြစ်တာဘုရား ၊အရှင်ဘုရားတို့ရော ဘာမျှ ထူးထူးဆန်းဆန်း မကြုံရသေးဘူးလား ” ညစောင့် ကပ္ပိယလာလျှောက်တဲ့စကားကို ကျောင်းနေ သံဃာတစ်ပါးက “အိမ်း…ဦးဇင်းတို့တော့ နေနေတာ အခုထိ ဘာမျှထူးခြားတာ မတွေ့သေးဘူး တစ်ခါတစ်လေတော့ ခင်မာကြည်အဆောင်ဘက်က ဆိုးဆိုးရွားရွား ကြွက်သေကောင်ပုတ်နဲ့လိုလိုတော့ ရဖူးတယ်…. ” “အရှင်ဘုရား ဆရာမ ခင်မာကြည်များ မကျွတ်ဘူးလားမသိဘူး… အမျှအတန်းလည်း မရဘူးထင်တယ် ” “အေးကွယ်..တစ်ချို့က အမျှအတန်းမရကြတာ ၊ တစ်ချို့ကတော့ မယူကြတာကွဲ့ ခင်မာကြည်တစ်ယောက် ကောင်းရာမွန်ရာဘုံဘဝရောက်ပါစေလေ….

” ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ဘုရားဖူးအလည်အပတ် ဧည့်သည်တွေ များလွန်းတော့ ဘုန်းတော်ကြီးကျောင်လည်း လူအပြည့် ၊ မကြာသေးခင်ကဆောက်ထားတဲ့ ခင်မာကြည်အဆောင်လည်း လူအပြည့် ကိုယ်စီကိုယ်စီ ကျောတစ်ခင်းစာလေးတွေ နေရာယူထားကြတယ် ၊ နေရာကအဆောင်အပေါ်ထပ်နဲ့အောက်ထပ် အောက်မှာ လူ ဆယ်ယောက်ကျော်လောက် ကောင်းကောင်းနေလို့ရပြီးတော့အပေါ်မှာလည်း ဆယ်ယောက်ကျော်လောက်နေလို့ရတယ် ဆိုပေမယ့်လည်း ခရီးသွားသူတွေထဲက သုံး…လေးယောက်လောက်ကပဲ အပေါ်ဘက်မှာ တက်ပြီး တည်းကြတယ် ၊ ခင်မာကြည်အဆောင်ရဲ့ အပေါ်ဘက်ဟောခန်းကြီးမှာ ဘုရားခန်းကျယ်တစ်ခုရှိတယ် ဘုရားခန်းရဲ့ရှေ့ထောင့်ဘက်ခြမ်းမှာ ကုတင်အသေးစားလေးတစ်ခုလည်း ထားပေးထားတယ် … အပေါ်ထပ်က လူသုံးယောက်ထဲကနေ တစ်ယောက်က အဲ့ ခုတင်ကြီးပေါ်မှာအိပ်ပြီးအနားယူလိုက်တယ် ၊ အဲ့ဒီ့လူအနားယူအိပ်စက်နေရင်းက ညသန်းခေါင် ခွေးတွေကလည်း သံပြိုင်အူ…. ၊ လအလင်းရောင်မှိန်မှန်လေးအောက်မှာ လျှက်စစ်မီးတွေအကုန် ခဏပျက်သွားပြီး ကုတင်လေးပေါ်တက်အိပ်နေတဲ့ လူရဲ့ ခြေထောက်ကိုအေးစက်စက်မဲမဲအရာတစ်ခုက ဆက်ခနဲ့ ဆောင့်ဆွဲချတာကို ခံလိုက်ရတယ် ၊ ခံလိုက်ရတဲ့သူလည်း တစ်ချက်အံသြသွားပေမယ့်အိပ်မက်ယောင်တာပါလေဆိုတဲ့စိတ်နဲ့ ပြန်ပြီးကြိုးစားအိပ်လိုက်ပြန်တယ် …

၊အိပ်နေတုန်း မျက်နာပေါ် အေးစက်စက် ညှီနံ့ရတဲ့အရည်လေးတွေ တစ်ချက်ပြီးတစ်ချက် စီးကျလာသလို ခံစားလိုက်ရပြန်တော့ ကာယကံရှင်လည်း မနေသာပဲ မျက်လုံးလေးဖွင့်ကြည့်လိုက်တော့ သူမျက်နာတည့်တည့်မှာ ရုပ်ပျက်ဆင်းပျက် ဦးနှောက်တစ်ချက်မပါပဲ မျက်နာတစ်ခြမ်း စုတ်ပြတ်နေတဲ့ ဆံပင်အရှည်နဲ့အမျိုးသမီး တစ်ယောက်အသက်မပါနဲ့မျက်လုံးဖြူဖြူကြီးအကြည့်နဲ့ ဟပြဲနေတဲ့ ပါးစပ်……မျက်နာတစ်ခုလုံးသေချာ မြင်လိုက်ရတော့အိပ်မက်မဟုတ်မှန်းလည်းသိ…. လန့်လည်း လန့်သွားပြီး ငယ်သံပါအောင် ကုန်းအော်လိုက်မယ်တယ် “အား ………….!!!!!!!!!!!!!!!! ” ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ “ ခင်မာကြည်အဆောင်က သရဲခြောက်တယ်တဲ့ ဒီမှာ တလောက တည်းသွားတဲ့သူတွေ ကြုံလိုက်ရတယ်ပြောတယ် ၊ တစ်ခြားတည်းသွားတဲ့သူတွေ ၊ ညအိပ်ညနေ နေသွားတဲ့သူတွေလည်း ကြုံလိုက်တယ်ပြောတယ် ” ခရီရောက်မစိုက်ကြားလိုက်ရတဲ့ စကားကြောင့် ဦးချစ်ပို တစ်ယောက် မျက်လုံးပြူးအံ့သြမိပေမယ့် ဒီထက် ကြမ်းပါတယ်လို့နာမည်ကြီးနေတဲ့ သုသာန်တွေအထိ တရားကျင့်နေတတ်တဲ့ ပုဂ္ဂိုလ်မို့အများကြီး မတုန်လှုပ်ခဲ့ …. ၊ ဦးချစ်ပိုဆိုတာ သာသနာရေးဝန်ကြီးဌာနက ဝန်ထမ်းအရာရှိတစ်ယောက်ပဲ… ၊ တာဝန်တစ်ခုနဲ့ဒီမြို့လေးကိုရောက်နေတုန်း သူစိတ်ဝင်စားတဲ့ ပရလောကအကြောင်းလေးတွေ ဟိုမေးဒီမေးနဲ့…အခု သူတစ်ညတည်းရမယ့်နေရာမှာ သရဲခြောက်တယ်ဆိုတာကိုသိရလို့ စိတ်အားတတ်နေတဲ့ လူထူးဆန်းကြီးပေါ့…. ၊ လူထူးဆန်းကြီးနဲ့ ခင်မာကြည်အဆောင်နဲ့တော့ တွေ့ကြပြီ ။

ညလေးတစ်ညကအိပ်ဖို့ဟန်ပြင်နေတုန်း ဦးချစ်ပိုရဲ့ လှူပ်ရှားမှုတွေကြောင့်အိပ်ဖြစ်မယ့်ဟန်မရှိ ၊ ခင်မာကြည်အဆောင်ထဲကို တံခါးလေးအသာတွန်းဖွင့် ဝင်လိုက်ရင်း ပါးစပ်ကလည်း “ မူရင်း ဒီအဆောင်ကြီးပိုင်ရှင် သက်ဆိုင်ရာ ပိုင်ရှင်တွေ အသီးသီးကို ကျွန်တော် မေတ္တာပို့သပါတယ် … ကျန်းမာ၊ချမ်းသာကြပါစေ ကျွန်တော့်ကို ဒီနေရာလေးမှာ တစ်ညတာလောက်လေး အနားယူ တည်းခိုခွင့်ပြုဖို့လည်း တောင်းဆိုပါရစေ….. ၊ ကျွန်တော် ပြုခဲ့သမျှကုသိုလ်တွေကိုလည်းအမျှအတန်းပေးဝေမှာ ဖြစ်တဲ့အတွက်အားလုံးမရမရှိအကုန်ရကြပါစေသား ၊ အားလုံးကျန်းမာချမ်းသာကြပါစေ……….. ” မေတ္တာလေးတွေပို့ရင်း စိတ်ထဲက မေတ္တာသုတ်တော်ကို ဆက်တိုက်ရွတ်ဆိုဖြစ်ပြီး အဆောင်ကြီးရဲ့အပေါ်ထပ်ကို တက်လာခဲ့လိုက်တယ် ၊ အပေါ်ရောက်တော့ ထုံးစံအတိုင်းအိပ်ရမယ့်နေရာလေး ရှာဖွေရင်း ဘုရားခန်းနားက ခုတင်သေးလေးကိုသွားမြင်ပြီး အဲ့ဒီ့ခုတင်မှာ တစ်ညအိပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ် ဆုံးဖြတ်ချက်နဲ့အတူ ခုတင်ပေါ်ထိုင်ချလိုက်ရင်း ခုတင်ပိုင်ရှင်တွေကိုလည်း မေတ္တာပို့ပါလေရော…. အဲ့လို မေတ္တာပို့နေတုန်းမှာပဲ လူမရှိတဲ့ ဟောခန်းကြီးထဲက ခြေသံတွေကိုကြားလိုက်ရပြီး မကျေနပ်သလိုလို ညည်းညူသံကြီးတစ်ချက်ကိုလည်း ကြားလိုက်ရပြန်တယ် ၊အခြေအနေကို သိလိုက်တဲ့ ဦးချစ်ပိုကလည်း ပိုင်ရှင်မကြိုက်မှန်းသိလို့ ခုတင်ပေါ်ကနေ ဆင်း…. ၊ ခုတင်ခြေရင်း ကြမ်းခင်းလေးမှာ ခင်းကျင်းပြီး ဘုရားဝတ်ပြု ၊ တရားမှတ် တရားထိုင်ဖြစ်ခဲ့တယ် ၊ တရားထိုင်နေတုန်းမှာလည်း ဦးချစ်ပို မျက်လုံးဖွင့်မကြည့်ပေမယ့်အာ့ရုံထဲမှာ အမျိုးသမီးတစ်ယောက်ကို သေချာမြင်နေရတယ်…. အမျိုးသမီးပုံစံက တစ်ခုခုဆိုးဆိုးရွားရွားဖြစ်ထားလို့ ရုပ်ဆင်းပျက်ထားတဲ့ ပုံနဲ့ တရားထိုင်နေတဲ့ ဦးချစ်ပိုကို ပတ်ပတ်လည်က လိုက်ကြည့်နေတယ်ဆိုတာကို မသိစိတ်က မြင်နေရတယ်…. ၊ လွင့်သွားသမျှ ရှေ့စိတ်ကို နောက်စိတ်လေးနဲ့အမြန်လိုက်ထိန်းရင် စိတ်ငြိမ်ငြိမ်လေးနဲ့ တရားဆက်ထိုင်လိုက်ပြီးမှ ခြင်ထောင်လေးထောင် ၊

\အမျှအတန်းပေးဝေပြီး အိပ်ဖို့ကြမ်းခင်းမှာလှဲလိုက်မိတယ် ၊ လှဲလိုက်ပြီဆိုတာနဲ့ အေးစက်နေတဲ့အငွေ့အသက်တစ်ချို့စရလာတော့တယ် ၊ ဘေးနားက ခုတင်ကို တစ်ယောက်ယောက်က လက်သည်းတွေနဲ့ အားရပါးရ ကုတ်ခြစ်တဲ့အသံတွေလည်း ကြားနေရတယ် ၊ အဲ့လို ကြားနေရင်းကနေ မကြာဘူး ဦးချစ်ပို သူ့ဘေးနားက ခုတင်ကိုအိပ်နေရင်းကနေ တစ်ချက်လှမ်းကြည့်လိုက်တော့ ခုတင်ပေါ်မှာအမျိုးသမီးတစ်ယောက် လှဲနေတာကို သွားတွေ့လိုက်တယ် ၊ စိတ်ထဲမှာ ကြောက်စိတ်တစ်ချက်ဖြစ်လာခဲ့ပြီး စဉ်းစားမိလိုက်တယ် “ တစ်ဆောင်လုံးမှာ ငါတစ်ယောက်တည်းရှိနေတာပါ ၊ ဘယ်က မိန်းကလေးတစ်ယောက် ပေါ်လာရတာလဲ… သူက လူမှဟုတ်ရဲ့လား…… ” ကြောက်စိတ်နောက်က ကြက်သီးထလာရင်း ကိုယ့်စိတ်ကိုကိုယ်အားပြန်တင်းလိုက်တယ် …. “ ငါ သုသာန်တွေမှာတောင် တရားထိုင်ပြီး ဒီထက်ဆိုးတာကြုံဖူးထားတာပဲ သူလည်းသူ့ဘာသာသူနေတာ ၊ ငါလည်းငါ့ဘာသာ နေတာ ဘယ်သူမှ မထိခိုက်ရင် ပြီးတာပါပဲလေ ” ဆိုပြီး သရဲမနဲ့ ဘေးချင်ကပ် ခုတင်ပေါ် ခုတင်အောက် တစ်ညလုံး ကြိုးစားအိပ်ဖြစ်ခဲ့တယ် ၊အိပ်တယ်သာပြောတယ် စိတ်ထဲမှာတော့ ဘုရားဂုဏ်တော် ၉ပါးကို ဆက်တိုက် ထပ်ခါထပ်ခါ ရွတ်လိုက် ၊ သရဏဂုံရွတ်ဆိုလိုက်နဲ့ အိပ်ပျော်မှန်းမသိအိပ်ပျော်သွားခဲ့တယ်….. ။

လင်းကြက်တွန်လို့ နေထွက်တဲ့အချိန်…. ဦးချစ်ပိုတစ်ယောက် မျက်လုံးနှစ်လုံးပွင့်လာပြီး ညကအဖြစ်ကို တစ်ချက်တွေးလိုက်မိပြီး ဘေးနားက ခုတင်ကိုလှမ်း ကြည့်လိုက်မိတယ် ခုတင်ပေါ်မှာ ဘယ်သူမျှမရှိတော့ဘူး… မနက်ခင်းနေရောင်ခြည်ကပေးတဲ့ ခွန်အားသစ်တွေနဲ့အတူ ဦးချစ်ပို နိုးထလာပြီးတော့ ကိုယ်လက်သန့်စင်… ၊ ပြီးတော့အဝတ်အစားထုတ်လေးကိုဆွဲပြီး ခရီးဆက်ဖို့ ပြင်လိုက်တော့တယ် ၊ ဆရာတော်ကို ရှင့်ခိုးပြီး မပြန်ခင်လေးမှာ ….. သူညက တည်းခဲ့တဲ့အဆောင်လေးကို တစ်ချက်လှမ်းကြည့်လိုက်မိတယ် အဆောင်ကြီးရဲ့အပေါ်ထပ် ပြတင်းပေါက်မှာ မိန်းမတစ်ယောက် မတ်တပ်ရပ်နေသလိုအရိပ်ပုံလေးကိုတော့ မသဲမကွဲ မြင်လိုက်ရတယ် ..သူအလွတ်မှတ်မိနေတဲ့ အဆောင် နာမည်လေးကိုလည်း တိုးတိုးလေး ရေရွတ်လိုက်မိတော့တယ် ။ “ ခင်မာကြည်အဆောင် …….တဲ့ ” ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ အမှန်စင်စစ် ခင်မာကြည်အဆောင်ကြီးတကယ်ရှိနေဆဲပါ နာမည်လွဲရေးထားလို့အပြင်မှာတော့ ခင်မာကြည် မဟုတ်ပါ အခြားနာမည်တစ်ခုခုပေါ့ ၊ ဒီဇာတ်လမ်းလေးထဲမှာ ခင်မာကြည် မိသားစုဝင်တွေက ခင်မာကြည် ကောင်းမှုဆိုတဲ့ စာလေးတစ်ကြောင်းတောင် မထည့်ပဲ ခင်မာကြည်အဆောင်ဆိုပြီး ထူးထူးဆန်းဆန်းလှူသွားတာက သိလို့လား မသိလို့လား… ကွယ်လွန်သူ ခင်မာကြည် ကိုယ်တိုင်ကလည်း သူ့အဆောင်ဆိုတော့ သူပိုင်တဲ့နေရာဆိုတဲ့သဘော သက်ရောက်တဲ့အတွက် သူနေထိုင်နေတယ် ၊ ဘုန်းကြီးကျောင်းကိုလှူထားတဲ့ သူ့ခုတင်ကိုလည်း စွဲလမ်းစိတ်နဲ့ ဘယ်သူမှ တက်အိပ်မရအောင် ခြောက်လန့်တာတွေ ပြုလုပ်တယ် ၊ ဒါကိုကြည့်ပြီး သေခါနီးစိတ်က ဘယ်လောက်အရေးကြီးတယ်ဆိုတာရယ် အစွဲတွေကို တတ်နိုင်သမျှ ကြိုးစား ဖြတ်ရမယ်ဆိုတာရယ် သိနိုင်ပါတယ် …. ၊အပြင်မှာအဲ့ဒီမြို့ ၊အဲ့ဒီ ဘုန်းကြီးကျောင်းက အဲ့ဒီအဆောင်လေးမှာ မဖြစ်မနေ တည်းဖြစ်ခဲ့ရင်လည်း ဦး ချစ်ပိုလိုမျိုး မရှိတော့တဲ့ မမြင်အပ်မြင်အပ် မူရင်းပိုင်ရှင်တွေဆီ ခွင့်တောင်းပြီး မေတ္တာလေးနဲ့ ရင်းနှိးမှုကို ဖော်ဆောင်ရင်း ဘုရားတရားမမေ့ဖို့ တိုက်တွန်းပါရစေ… ၊ မဟုတ်ရင်တော့…… ။ ကြိုးစားပါဦးမည် … ~

မိုးစွေ ~ စာပြီးချိန် – 17.2.2019 ( 1 :47 Am )

Leave a Reply

Your email address will not be published. Required fields are marked *