ထဘီလေးတစ်ထည်
နံနက်ခင်း လေပြည်သည် အေးမြညင်သာစွာ တိုက်ခတ်နေသည်။ မီးဖိုမှ မီးညွန့်များသည် ရဲရဲနီကာ ဟုန်းဟုန်းတောက် လျက်ရှိသည်။ မိဒိုးသည် ထမင်းအိုးကို မနိုင့်တနိုင်မကာ မီးဖိုပေါ်တင်လိုက်၏။ ကျပ်ခိုးမှိူင်းများဖြင့် ညစ်ပေနေသော အိုးဖုံးကို ဆန်ဆေးရည်ဖြင့် ဆေးပြီး ဖုံးလိုက်သည်။ ညနေအတွက် ချန်ထားသော ဆန်ကို ပုဆိုးနှင့် ပြန်ထုပ်၏။ ရေအိုးနားမှ မန်ကျည်းရွက်ထုပ်ကို သွားယူကာ ကြမ်းပေါ် ဖင်ထိုင်အချလိုက် ဗြိကနဲမြည်ကာ ထဘီပြဲသွားပြီကို မိဒိုးသိလိုက်သည်။ ကပျာကယာ ထကာ ထဘီကို လှည့်ကြည့်လိုက်တော့ တစ်ထွာခန့်ရှိ အစုတ်ကြီး။
သွားပါပြီ၊ ကုန်ပါပြီ ။ သည်ထဘီက အမေထားခဲ့သော ထဘီသုံးထည်အနက်က နောက်ဆုံးထဘီ။ မိဒိုး ထဘီကို အသာလှည့်၀တ်ကာ ဖြည်းညင်းစွာ ထိုင်ချလိုက်ပြီးမှ မန်ကျည်းရွက်သင်၏။ နောက်နေ့မှ အရီးလေးတို့အိမ်က အပ်နှင့်အပ်ချည် ငှားပြီး သီရမည်။ မန်ကျည်းရွက်တွေက တမြန်နေ့ကတည်းက ခူးထားသည်မို့ နည်းနည်းနွမ်းနေကြပြီ။ မနက်ဖြန် အတွက် မန်ကျည်းရွက်ကိုချန်ပြီး ပြန်ထုပ်ထားလိုက်၏။ အိမ်ရှေ့တွင် ကစားနေကြသော မိဒိုး၏အောက် အငယ်မသုံးယောက်က မီးဖိုချောင်ဆီသို့ တကြည့်တည်းကြည့်နေကြသည်။ မန်ကျည်းရွက်အိုးထဲသို့ ငါးပိထုပ်ထဲမှ လက်ကျန်ငါးပိနည်းနည်းကို ပစ်ထည့်လိုက်၏။
ဆီပုလင်းကို လောင်းချသော်လည်း ကျလာသည်မှာ တစ်စက်နှစ်စက်။ မိဒိုးက ပုလင်းဖင်ကို လက်နဲ့ရိုက်ချ၏။ ဒီနေ့ညနေ အဖေ့ဆီက ပိုက်ဆံရမှ မနက်ဖြန်အတွက် အားလုံး၀ယ်ရမည်။ မန်ကျည်းရွက်ဟင်းအိုး တပွက်ပွက်ဆူချိန်တွင် အိမ်ရှေ့မှ ”ဆွမ်းတော်ဗျို့” ဟူသော အသံကို ကြားရ၏။ ထုံးစံအတိုင်း မိဒိုးက ”ကန်တော့ဆွမ်း”ဟု သွက်လက်စွာ အော်လိုက်သည်။ ဘုန်းကြီးကျောင်းသား အေးမောင်က ဆွမ်းဗျပ်ကို ရွက်ထားရင်းက မိဒိုးကို မျက်စောင်းထိုးလေသည်။ ”ထမင်းစားမယ်။ လာကြဟေ့” မိဒိုး ခေါ်သံအဆုံးတွင် အငယ်သုံးယောက် အပြေးအလွှား လာကြသည်။ ထမင်းရည် နီနီရဲရဲ တစ်ဇလုံနှင့် မန်ကျည်းရွက်ဟင်းကို အလယ်ထားလျက် ခေါင်းမဖော်နိုင်အောင် စားကြ၏။ ဆံပင်နီနီနှင့် ခေါင်းလေးလုံးသည် ထမင်းဝိုင်းကို မိုးနေသည်။
မိဒိုးတို့အားလုံး မြစ်ဆိပ်တွင် ရေငုပ်ကြလွန်းသဖြင့် ဆီနှင့်မတွေ့ရသော ဆံပင်များမှာ နီရဲနေကြလေ၏။ ”သမီး ရော့ဟေ့ ပိုက်ဆံ” အဖေက ပခုံးပေါ်မှ တက်နှစ်ချောင်းကို တဲခါးပန်းတွင် ထောင်ပြီးသည်နှင့် မိဒိုးကို ပိုက်ဆံပေး၏။ ကျပ်တန်ငါးရွက်။ အဖေ့မျက်နှာမှ ချွေးသီးချွေးပေါက်များကို မိဒိုး ငေးကြည့်နေရင်း ”အဖေ ငှက်ငှားခ သုံးကျပ် ပေးပြီးပြီလား” ဟု အလောသုံးဆယ် မေးလိုက်၏။ အဖေက မိဒိုးကို ကြည့်ရင်းပြုံး၏။ ”ပေးပြီပါပြီ သမီးရဲ့ ၊ ဟူး ဒီနေ့မစားသာဘူးဟေ့။ ရေနီကျပြီး ရေသိပ်စီးနေတယ်” မိဒိုးက အဖေပြောသမျှ ခေါင်းငြိမ့်နေရင်း ငွေငါးကျပ်နှင့် စျေး၀ယ်ရန် တွက်စပြု၏။ နက်ဖြန်အတွက် ဆန်တစ်ပြည်က လေးကျပ်။ ဒါနဲ့ကိုပဲ လေးကျပ်ရှိနေပြီ။ အသင်းဘုတ်အုပ်နဲ့ ထုတ်ရင် နှစ်ကျပ်ဆယ်ပြားပဲကျတာ။ အမေဆုံးတုန်းက ငါးဆယ်နှင့်ပေါင်ထားသော အသင်းဘုတ်အုပ်ကို ခုထိမရွေးနိုင်သေးတာ နာတာပဲ။ ထားပါလေ။ ဆီနှစ်ကျပ်ခွဲသားက ပြားရှစ်ဆယ်။
ပြားနှစ်ဆယ်ပဲ ကျန်တော့သည်။ မန်ကျည်းရွက်ချက်ဖို့ ငါးပိက မ၀ယ်လို့မဖြစ်။ တစ်မတ်ဖိုးကိုတောင် ရွာလည်စျေးက ဒေါ်ကြီးမှင်က သိပ်ရောင်းချင်တာမဟုတ်။ ပြားနှစ်ဆယ်ဖိုး ရောင်းပါ့မလားဟု မိဒိုးပူပန်မိ၏။ ” ဟဲ့ မိဒိုး မီးဖိုပေါ်ကအိုး ဝေကျနေပြီ၊ ဘာအိုးလဲ” ”ရပါတယ်အဖေရဲ့၊ အဝေရာရွက်ပြုတ်ထားတာပါ၊ ဒီနေ့ည အဝေရာသုပ်နဲ့ မန်ကျည်းရွက်ဟင်း” မီးဖိုပေါ်ကအိုးကို မိဒိုးသွားဖွင့်လိုက်သည်။ စိမ်းဝါ၀ါအရည်များက ပွက်ပွက်ဆူနေကြသည်။ အဝေရာရွက်တစ်ခက်ကို ဆတ်ခနဲ ဆိတ်ကြည့်လိုက်၏။ မနူးသေးပေ။ မီးဆွပေးလိုက်ပြီး မီးဖိုဘေးက ဝါးကျည်တောက်ဗူးလေးထဲသို့ ပိုက်ဆံကို ထည့်သိမ်းလိုက်၏။ ”ဟေ့…..ငါကခြောက်ဆင့်ရောက်ပြီနော်။ ခြောက်ဆင့်ခုန်ရမှာ” ဖန်ခုန်တမ်းကစားနေသောနေရာမှ အလတ်မ၏ အသံစူးစူးက ၀မ်းသာအားရ ထွက်လာသည်။ သူ့ညီမသုံးယောက် ဖန်ခုန်တမ်း ကစားနေသည်ကိုကြည့်ရင်း မိဒိုးရုတ်တရက် ကစားချင်စိတ်ပေါ်လာသည်။
မိဒိုးမကစားရသည်မှာ ကြာလှပြီ။ အမေရှိတုန်းကဆို ရွာလယ်ပိုင်းထိတောင် သွားကစားရ၏။ မြစ်ဆိပ် သောင်ပြင်ပေါ်တွင်လည်း သူငယ်ချင်းများနှင့် ဘိုအိမ်မဆောက်ရသည်မှာ ကြာလှပြီ။ မိဒိုးသည် ထဘီကို ခပ်တင်းတင်းပြင်၀တ်ပြီး တဲရှေ့သို့ပြေးသွားလျက် အလတ်မ ခုန်မည်ပြုနေသော ခြောက်ဆင့်ကို လွှားခနဲ ခုန်ကျော်လိုက်၏။ ပါးစပ်ကလည်း ” ငါခုန်တာတွေ့လားဟေ့” ဟု ၀မ်းသာအားရအော်၏။ အလတ်မ နှုတ်ခမ်းဆူ၏။ ” ငါ ခုန်နေတာ ဘာလုပ်နင် ၀င်ခုန်တာလဲ၊ သွားမပါရဘူး” ”အိုး …ပါမှာပေါ့၊ နင်မခုန်နိုင်တိုင်း…..နင်က အီးဘောသော” မိဒိုးက သူ့ညီမကို စ၏။ အလတ်မ ပိုပြီးစိတ်ဆိုးလာ၏။ ”နင်နော် နင်၊ အပျိုက အပျို လိုနေပါလား၊ အပျိုဆိုတာ ကလေးတွေထဲမပါရဘူး သွား” ”ဘာ…ကြည့်စမ်း၊ ဘာအပျိုလဲ…..ငါလည်း ကလေးပဲ” ကလေးစိတ်တစ်၀က်နှင့် မိဒိုးပြန်အော်သည်။ ”အမယ်….နင် ကလေးဆိုရင် နင်ဘာပြုလို့ ရေချိုးတုန်းက အဖေ့ရေလဲနဲ့ ချိုးလဲ၊ ငါတို့လို ချိုးပါလား ကဲ” မိဒိုးရှက်သွား၏။ အဖေ့ဆီကို မလုံမလဲ လှမ်းကြည့်ရင်း ရှက်ရှက်နှင့် အလတ်မခေါင်းကို ”ဒေါက်” ခနဲ နေအောင် ခေါက်လိုက်လေသည်။ × × × မန်ကျည်းရွက်ခူးတိုင်း မိဒိုးကောက်လာသော မန်ကျည်းကိုင်းများနှင့် ဆူးစည်းလုပ်နေသော အဖေ့ဘေးတွင် မိဒိုးတို့ ညီအစ်မတစ်တွေ ဝိုင်းနေကြသည်။ အဖေက အကိုင်းအခက်ရှုပ်နေသော မန်ကျည်းကိုင်းများကို စု၍ အရင်းမှ ကြိုးဖြင့် တင်းနေအောင် ချည်သည်။
”ပြီးပြီလား အဖေ၊ မြစ်ထဲကို အခု သွားချရအောင်နော် ” အငယ်ဆုံးမက စိတအားထက်သန်စွာ ပြောသည်။ မိဒိုးတို့ တစ်ရွာလုံးလိုလို ဆူးစည်းချလေ့ရှိသည်။ မန်ကျည်းကိုင်းနှင့်လုပ်သော ဆူးစည်းမှာ ငါးသိပ်မပါသော်လည်း နှစ်ရက်တစ်ခါ သုံးရက်တစ်ခါ ဖော်လျှင် တစ်ချက်စာလောက်တော့ ရတတ်သည်။ ဆူးစည်းကို ရေတိမ်တိမ်တွင် ချရသည်။ ရေတိမ်တွင် သွားနေတတ်သော ငါးသေးသေးလေးများမှာ မန်ကျည်းကိုင်းရှုပ်ရှုပ်တွင် ၀င်တိုးမိပြီး မထွက်နိုင်ကြတော့ပေ။ တချို့ နည်းနည်းတတ်နိုင်သူများက ငါးကြီးများရရန်အတွက် ရေနက်ပိုင်းကျသော မြစ်ရိုးတစ်လျှောက်လုံးလို ကြိုးတန်း အရှည်ကြီးများဖြင့် မျှားတန်းတန်းကြသည်။ ဆူးစည်းကို ထမ်းလျက်သွားသော အဖေ့နောက်မှ မိဒိုးတို့ ခုန်ပေါက်လိုက်လာကြသည်။ အဖေက ရေတိမ်တိမ်တွင် ဆူးစည်းကို မြုပ်အောင်ချပြီး စိုက်ထားသော ဝါးလုံးတိုင် ချည်နေ၏။ အငယ်သုံးယောက်လုံး ရေထဲတွင် တဝုန်းဝုန်း ကူးနေကြပြီ။
အလတ်မက သဲကြမ်းများနှင့် ချေးတွန်းရင်း မိဒိုးကို လှမ်းပြောင်ပြနေ၏။ ညီမအငယ်နှစ်ယောက်က ရေထဲတွင် ငုပ်လိုက်ဖော်လိုက်နှင့် ကူးခတ်နေကြ၏။ မိဒိုးသည် လက်မောင်းပိန်ပိန်လေးပေါ်သို့ မကြာခဏ လျောကျနေသော ရှင်မီးအင်္ကျီကြိုးကို ပခုံးပေါ် ဆွဲဆွဲတင်ရင်း ဟိုတုန်းကလို အ၀တ်အစားများ အမြန်ချွတ်ကာ ရေထဲပြေးဆင်းချင်စိတ် ဖြစ်ပေါ်လာသည်။ အဖေက ဝါးလုံးတိုင်မြဲအောင် အုတ်ခဲကျိုးနှင့် ထုနေရင်း မိဒိုးကို လှမ်းပြောသည်။ ” ဟဲ့….မိဒိုး ၊ရေချိုးမှာ ချိုးလေ၊ ဘာလုပ်နေတာလဲ” မိဒိုးသည် အဖေ၀တ်ထားသော ရေလဲပုဆိုးကို မသိမသာကြည့်ရင်း ခပ်တိုးတိုး ပြန်ပြောလိုက်သည်။
”တော်ပြီ အဖေ ၊ ဒီနေ့ ရေမချိုးတော့ဘူး” အေးစိမ့်စွာတိုက်ခတ်လာသော လေ၏ အထိအတွေ့ကြောင့် မိဒိုး ဖျတ်ခနဲ လန့်နိုးလာခဲ့သည်။ မိဒိုးက်ိုယ်ပေါ်တွင် စောင်မရှိတော့ပေ။ အငယ်သုံးယောက်သည် စောင်ကို သူတို့ဘက်ဆွဲယူသွားပြီး ပူးကပ်ခြုံကာ အိပ်ပျော်နေကြသည်။ မိုးလင်းတော့မည်။ အလင်းရောင် မှုန်ပျပျကို မြင်မနေရပြီ။ မိဒိုးက ထဘီကို အသာဆွဲခြုံကာ မျက်လုံးများကို ပြန်မှိတ်လိုက်သည်။ ဗိုက်ထဲတွင် ဟာနေသည်။ ဗိုက်ဆာသည် ဆိုခါမှ သည်နေ့မနက် ဟင်းချက်စရာမရှိ။ မန်ကျည်းရွက် ဖြစ်ဖြစ် ၊ အဝေရာရွက်ဖြစ်ဖြစ် သွားခူးရမည်။ ငါးပိနည်းနည်း ရှိသေးသည်။ ငါးပိနည်းနည်းကို ဒီနေ့အတွက် ခွဲချန်လိုက်သဖြင့် မနေ့ညက မန်ကျည်းရွက်ဟင်းမှာ ချဉ်လိုက်သည်မှာ စုတ်စုတ်လန်နေသည်။ အငယ်ဆုံးမက မျက်နှာရှုံမဲ့မဲ့နှင့် ”အဖေ ဆူးစည်းသွားမဖော်သေးဘူးလား” ဟု ထမင်းစားမပြီးမချင်း တတွတ်တွတ်မေးလေသည်။ မိဒိုးသည် အိပ်ရာမှ ကပျာကယာ ခုန်ထလိုက်သည်။ ဟုတ်သားပဲ။ ဆူးစည်းချထားတာ ဒီနေ့ဆို နှစ်ရက်တောင် ရှိသွားပြီ။ မိဒိုးသည် တဲအောက်သို့ ခုန်ဆင်းလိုက်၏။
အဖေ့ကို ကြည့်တော့ အိပ်မောကျနေတုန်းပင်။ မိဒိုးသည် မြစ်ဆိပ်သို့ ခပ်သွက်သွက် လျှောက်ခဲ့၏။ မြစ်ပြင်ကို ဖြတ်တိုက်လာသော အရုဏ်ဦးလေက အေးမြလှသည်။ မိဒိုးထဘီကို ဆွဲခြုံလိုက်သည်။ မြစ်ဆိပ်တွင် ဘယ်သူမှ မရှိသေးပေ။ မိဒိုးတို့ ဆူးစည်းမှာ တခြားဆူးစည်းများနှင့် တော်တော်လေး လှမ်းလေသည်။ သို့သော် မိဒိုးသည် ဆူးစည်းဖော်ဖို့ကိုသာ စိတ်စောနေသဖြင့် ကြောက်ရကောင်းမှန်း မသိပေ။ ထဘီကို ခပ်တိုတိုပြင်၀တ်ပြီး မိဒိုး ရေထဲသို့ ဆင်းလိုက်သည်။ ဆူးစည်းကို အသာမပြီး ကုန်းပေါ်သို့ချသည်။ ကျလာပါစေ ၊ ငါးတွေ အများကြီး အများကြီး ။ မိဒိုးသည် စိတ်အားထက်သန်စွာ ဆူးစည်းကို လှုပ်ခါလိုက်၏။ မိဒိုးမျက်နှာ ရှုံ့မဲ့သွား၏။ ငါးက တစ်ကောင်တစ်မြီးမှ ကျမလာပေ။ ဘာလို့ပါလိမ့်။ ရေနီကျနေလို့လား။ မိဒိုး စိတ်ပျက်လက်ပျက်ဖြင့် ဆူးစည်းကို ရေထဲပြန်ချပြီး နီရဲသော မြစ်ပြင်ကို လှမ်းကြည့်လိုက်၏။ အလို ။ မိဒိုး မျက်လုံးများ ၀င်းလက်သွား၏။ ရေနက်ပိုင်းတွင် တန်းထားသော မျှားတန်းတစ်နေရာသည် လှုပ်ရှားယိမ်းထိုးနေပေသည်။ ထောင်ထားသော ငါးအရှင်က သေလောက်ပြီ။
ရှင်နေလျှင်လည်း ဒါလောက် မလှုပ်ယမ်းနိုင်။ ဟုတ်ပြီ။ ငါးကြီးတစ်ကောင် မိနေတာပဲ ဖြစ်ရမည်။ မိဒိုး ဘာကိုမျှ စဉ်းစားမနေတော့။ ရေထဲသို့ အမြန်ဆင်းရင်း မျှားတန်းဆီသို့ ကူးသွားလိုက်သည်။ မိဒိုးသည် လှုပ်နေသောနေရာတွင် ကိုယ်ကို အသာဖော့ထားရင်း ကြိုးကို မကြည့်လိုက်သည်။ မိဒိုး ထင်သည့်အတိုင်းပင်၊ ငါးပတ်ကြီး။ နည်းတဲ့ အကောင်ကြီး မဟုတ်။ ၀မ်းသာလိုက်သည်မှာ ပြောစရာမရှိ။ မည်သူ့ မျှားတန်းပဲ ဖြစ်ဖြစ် ဖြုတ်မည်။ မိဒိုးသည် ခြေထောက်နှစ်ချောင်းကို အားပြုကာ ရေကို ယက်၍ ယက်၍ ကိုယ်ဖော့ရင်း လက်နှစ်ဖက်လုံးဖြင့် ငါးကိုဖြုတ်လေသည်။ ငါးပတ်ကြီးကား တဖြန်းဖြန်း ရုန်းကန်နေပေသည်။ ဖြုတ်ရသည်မှာ မိဒိုးထင်သလောက် မလွယ်။ အမှန်မှာ မျှားတန်းဖော်လျှင် လှေပေါ်မှနေ၍ အေးအေးဆေးဆေး ဖော်လေ့ရှိသည်။ ရေစီးသည် မိဒိုးအောက်ပိုင်းကို အရှိန်ဖြင့် တွန်းထိုးနေပေသည်။ရေစီးထဲတွင် ပါသွားမလိုဖြစ်နေသည်။ ခြေထောက်နှစ်ဖက်ကိုသာ အဆက်မပြတ်ကူးယက်ရင်း ငါးကိုသာ မဲဖြုတ်သည်။ ခုနေများ မျှားတန်းဖော်တဲ့လူ ရောက်လာမှဖြင့် ဟူသော အတွေးဖြင့် ဇောချွေးများပင်ပြန်လာသည်။ အားစိုက်ကာ မိဒိုးဆက်ဖြုတ်ပြန်သည်။ ငါးပတ်ကြီးမော၍ နည်းနည်းအငြိမ်တွင် တအားဆောင့်ဆွဲပစ်လိုက်သည်။
ရပြီ။ ငါးပတ်ကြီးကို မလွတ်စေရန် လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ ဆုပ်ရင်း ကမ်းစပ်သို့ ခြေထောက်ဖြင့်သာ အမြန်ကူးသည်။ ၀မ်းသာလိုက်သည်မှာ မိဒိုးတုန်ယင်၍တောင် နေသည်။ မိဒိုး ကုန်းပေါ်သို့ အမြန်ပြေးတတ်လိုက်သည်။ ”အို ……အမယ်လေး” မိဒိုး အလန့်တကြားအော်ရင်း မြေကြီးပေါ်သို့ ထိုင်ချလိုက်မိ၏။ မိဒိုးကိုယ်ပေါ်မှာ ထဘီလေး မရှိတော့ပြီ။ ရေစီးနှင့်အတူ မျောပါသွားခဲ့ပြီ။ ဇောနှင့် ငါးကိုသာ မဲဖြုတ်နေသည်မို့ မိဒိုး ထဘီကျွတ်ကျသွားမှန်းကိုပင် မသိနိုင်တော့။ မိဒိုး တစ်ကိုယ်လုံး ရှက်စိတ်ဖြင့် တုန်ယင်လာ၏။ သွားပြီ။ အမေထားခဲ့သော မိဒိုး၏ တစ်ထည်တည်းသော ထဘီလေး။ မျက်ရည်တွေ ဝဲလာ၏။ အိမ်ကို မည်သို့ပြန်ရမည်နည်း။ မိုးလင်းစပြုနေပြီ။ လူတွေနိုးနေကြပြီ။ ရွာလမ်းမကြီးကို မိဒိုး ဘယ်လိုဖြတ်ပြန်ရပါမလဲ။
မြေကြီးပေါ်တွင် ငါးပတ်ကြီးသည် ပါးဟပ်ကြီးကို ဟလျက် အသက်ရှူနေ၏။ မြစ်ညာဆီမှ ငှက်အချို့ စုန်ဆင်းလာကြပြီ။ မကြာမီ လူတွေလာကြတော့မည်။ ဘာလုပ်ရမလဲ။ ဘာလုပ်ရမလဲ။ အိမ်ကို ဘယ်လိုပြန်ရပါ့မလဲဟု တွေးရင်း ရုတ်တရက် ဗိုက်ထဲက ဆာလောင်လာပြန်သည်။ မိဒိုးသည် ငါးပတ်ကြီးကို ဆတ်ခနဲ ကောက်ယူလိုက်၏။ အံကို တင်းတင်းကြိတ်ကာ မျက်စိကို စုံမှိတ်ပြီး တအားကုန်ပြေးလေသည်။ ရွာလည်လမ်းမသို့ ရောက်တော့မည်။ ဘုရားရေ ။ လူတွေထွက်လာနေကြပြီ။ ရှက်စရာကောင်းလိုက်တဲ့ ဖြစ်ခြင်း။ မိဒိုး တအားပြေးရင်း မျက်ရည်များ စီးကျလာသည်။ ”အို…..ဟဲ့…..မိဒိုး” ”ဟဲ့ ကောင်မလေး ဘာဖြစ်လာ……” လူတွေ၏ အံ့သြစွာ အော်လိုက်သော အသံများကို မိဒိုးမကြားပေ။ အံကို တင်းတင်းကြိတ်ထားသော မိဒိုးသည် မျက်ရည်များ စီးကျလျက် ငါးပတ်ကြီးကို တင်းကျပ်စွာ ဆုပ်ရင်း အိမ်ဆီသို့ တအားပြေးနေလေသည်။
#နုနုရည်(အင်းဝ) #ထဘီလေးတစ်ထည်
(၁၉၈၄ ခှုနစ်၊ မတ်လ ၊ ပေဖူးလွှာမဂ္ဂဇင်း)





