မဖဲဝါကိုမုန်းတဲ့စုန်း (စ/ဆုံး)
မူရင်းရေးသားသူ – ဆရာတာတေ
အညာဆောင်းဗျ အေးချက်ကတော့ ကမ်းကုန်ရောဗျို့။တာတေတို့ အညာသားလေးတွေဆိုတာ ညရောက်ရင် မီးလှုံကြ ၊ ပြီးရင် အိပ်ရာဝင်တာနဲ့ ဂုန်နီအိတ်ကို ချုပ်ထားတဲ့ စောင်တစ်ထပ်အညာစောင်ထူထူတစ်ထပ်ခြုံပြီး ကွေးကြရတာပေါ့ဗျာ။ ဒီညနေထမင်းကလည်း စားကောင်းသဗျ။ ဖရဲကင်းလေးတွေအချိုချက်လို့၊ ချဉ်ပေါင်ဖက် ကို မြေပဲနဲ့ရောထောင်းပြီး ကြက်သွန်နီအကွင်း လိုက်လှီးထားတာလေးနဲ့ မြေပဲဆီမွှေးမွှေးလေး လောင်းပြီးသုတ်ထားတာလေးရယ် ၊ အမဲခြောက်ကို ရေနဲနဲစိမ်ပြီးဖုတ်ထားတာလေးရယ် ပါသဗျ။ ပဲဆီလေးနစ်နေအောင် ဆမ်းပြီးစိမ်ထားတော့ ကောင်းချက်ဗျာ။ ကျုပ်ဖြင့် ထမင်းဘယ်နှပန်းကန်ထည့်မိမှန်းတောင်မသိပါဘူးဗျာ။လကဖြင့် ပြာသိုတောင်ကုန်ခါနီးပေါ့။ အအေးကတော့ နည်းနည်းမှကိုမလျော့သေးပါ ဘူးဗျာ။ နေလုံးပျောက်ပြီး မိုးချုပ်တာနဲ့စိမ့်လာ တော့တာဗျို့။ ကျုပ်လည်းဝိုင်းထဲမှာ စောစော ပဲ မီးဖိုလိုက်တယ်။
အဘတို့ အမေတို့ကအသက် ကလေးတွေ ရကုန်ကြပြီလေဗျာ။ အအေးဒဏ်သိပ်မခံနိုင်ကြတော့ဘူးဗျ။ ကျုပ်မီးဖိုမီးစွဲတာနဲ့ထင်းရုံထဲက ထင်းတုံးကြီးကြီးတွေ ဆွဲလာပြီးမီးကူးအောင် လုပ်လိုက်တယ်။ “ဟဲ့ ဘာတုံးတာတေရဲ့” “လာ ကြ လာကြ အဘကိုပါ ခေါ်ခဲ့ ။ မီးဖိုပြီးပြီ စောစောလေးမီးလှုံ ကြ၊ ဒီညတော်တော်အေးမဲ့ ပုံပဲ ခုတောင်မှ စိမ့်လာပြီ” “သြော် အေးအေး လာပြီဟေ့၊ တော့် ကိုဥာဏ် တော့်သား တာတေ ခေါ်လို့ ၊ မီးဖို့ ပြီးပြီတဲ့” “အေး အေး လာပြီ လူလေးရေ” အဘက ကျုပ်ကြားအောင်လှမ်းပြောတယ်။ ခဏနေတော့ အမေနဲ့ အဘကအိမ်ပေါ်က ဆင်း လာကြတယ်ဗျ။ ကျုပ်ဖိုပေးတဲ့ မီးဖို့ဘေးမှာ ကျုပ်က တစ်ခါတည်း ဖျာကြမ်းလေးပါ ခင်းပေးထားတာဗျ. အဘက ရေနွေးကရားရော အကြမ်းပန်းကန် တွေပါ ယူလာတယ်။ ဒါလည်း ကျုပ်တို့ အညာသူအညာသားတွေရဲ့ စည်းစိမ် တမျိုးပေါ့ဗျာ။ “ကိုကြီးတာတေ မီးလှုံနေကြပြီလာ” ဟောဗျာ ကျောက်ခဲနဲ့ သံမဏိရောက်ချလာပြီ “ဟေ့ကောင်တွေ လာကွ၊ ဒီည အေးလို့ကွ။ အဘနဲ့ အမေ့ကို မီးလှုံပေးတာကွ” “ဟဲ့ ကျောက်ခဲနဲ့ သံမဏိ လာကြဟေ့။
လက်ဖက် စားပြီး ရေနွေးကြမ်းပူပူသောက်ကြ” အမေက ဒီကောင်နှစ်ကောင်ကို လွှတ်ခင်တာဗျ။ “မထိုင်တော့ဘူး အရီး၊ ကိုကြီးတာတေကို လာခေါ်တာဗျ။ ဘလေးချစ်ခိုင်တို့ဝိုင်းကိုသွား ကြမို့ဗျ” “ဟေ ဟုတ်လား ချစ်ခိုင်တို့ ဝိုင်းမှာ ဘာတွေလုပ်စားကြမလို့တုံး” “မလုပ်စားပါဘူး အရီးရဲ့ ။ မနက်ကသတင်းကို သွားပြီး မေးစမ်းကြမလို့ပါ” “ဟေ ဘာသတင်းတုံး ကျောက်ခဲရ ၊ ငါလည်း ဘာမှ မသိရပါလား” “ဟာ ကိုကြီးတာတေ ကလည်း ရွာရှေ့ပိုင်းက ဘလေးချစ်ခိုင်တို့ဝိုင်းမှာ မနက်အစောကြီး ကျီးကန်းတွေရောက်နေလို့ဗျ။ လင်းတကျောဖြူ ကြီးတစ်ကောင်လည်းပါတယ်တဲ့” “ဟာ ဒီကောင် ကျောက်ခဲ ငါကအဟုတ်မှတ်လို့ ဝိုင်းထဲက သစ်ပင်တွေမှာ ကျိးကန်းနားတာဘာဖြစ်တုံးကွ၊ ဒါများအထူးအဆန်းလုပ်လို့ကွာ လာ လာ ဒီမှာပဲ မီးလှုံကြ” “ဟာ ကိုကြီးတာတေ ကလည်း ကျုပ်စကား တောင် မဆုံးသေးဘူးဗျ” “ဟေ ဒါဆိုလည်း ဆက်ပြောကွာ” “ကျီးကန်းက ငါးကောင် ခြောက်ကောင် ရှိသတဲ့ဗျ။ အားလုံးတောကျီးကန်းတွေကြီးပဲတဲ့။အကောင်တွေကလည်းတော်တော်ကြီးသတဲ့ဗျ။
ဘလေးချစ်ခိုင်က ဝိုင်းထဲဆင်းအလာမှာ ကျီးကန်းတစ်ကောင်က “အာ အာ အာ” ဆိုပြီး အသံမာမာကြီးနဲ့ အော်လိုက်သတဲ့ဗျ။ ဘလေးချစ်က ဒီကျီးကန်းက အော်တာကြီးက တမျိုးပါလားဆိုပြီး သရက်ပင်ပေါ်မော့ကြည့် လိုက်တော့ ကျီးကန်းတွေက ဘလေးကို ဝိုင်းကြည့်နေကြတာတဲ့ဗျာ။ ဘလေးက “ရွှီး ရွှီး ”ဆိုပြီး လက်နဲ့ ဝေ့ပြီး မောင်းတာတောင်နဲနဲမှ မလှုပ်ဘူးတဲ့ဗျ။ ကျီးကန်းတွေကလည်းအကြီးကြီးတွေဆိုတော့ ဘလေးက နဲနဲစိုးရိမ်သွားပြီး အိမ်ပေါ်ပြန်တက်ခဲ့တယ်တဲ့ဗျာ။ ကိုကြီးတာတေ သိသားပဲဗျာ။ ဘလေးချစ်ခိုင်က ဒီရွာမှာလောက်လေးပစ်ပြိုင်ရင် အမြဲတမ်းနိုင်တဲ့မို့လားသူ့ရဲ့လောက်လေးကိုင်းမှာ လေးကြိုးချက်ချင်းတပ် လောက်စာလုံးယူုပီး ဝိုင်းထဲကို ပြန်ဆင်းလာခဲ့တယ်တဲ့ဗျို့။ ဝိုင်းထဲရောက်တော့ ကျိးကန်းကြီးတွေက ရှိနေတုန်းပဲတဲ့ဗျ။ အော်လည်းမအော်ဘူးတဲ့ ။ ဘလေးကိုပဲ စိုက်ကြည့်နေကြတာဆိုပဲကိုကြီးတာတေစဉ်းစားကြည့်လေ။
ကျီးကန်းဆိုတာ လောက်လေးတို့ လောက်လေးခွတို့မြင်ရင်ချက်ချင်းထပျံတာပဲမို့လား။ ဒီကျီးကန်းတွေကမပျံဘူးတဲ့ဗျာ။လှုပ်တောင်မလှုပ်ဘူးတဲ့ဗျို့။ဒီတော့ဘလေးက သူ့ရဲ့လက်စွဲတော် လောက်လေးကြီးနဲ့ ပစ်မလိုလုပ်ပြီးခြောက်လှန့် သတဲ့။ ဒါလည်းကျီးကန်းတွေက နဲနဲမှကို မကြောက်ဘူးတဲ့ဗျာ။ဒါနဲ့ ဘလေးက လောက်စာအိမ်မှာ လောက်စာလုံးထည့် ကျီးကန်းတစ်ကောင်ကို ပစ်လိုက်ရောတဲ့ဗျ။ ဘလေးရဲ့ လောက်လုံးကြီးဘလောက်ပြင်းတယ်ဆိုတာ ကိုကြီးတာတေသိတာပဲဟာ။ ဖုန်းကနဲထိပြီး ကျီးကန်းကြီးဘုံးကနဲ မြေကြီးပေါ်ကျလာရောတဲ့ဗျ။ ဒီတော့မှ ကျန်တဲ့ ကျီးကန်းတွေက ထပျံသွားကြတာတဲ့ဗျ။ ဒါတောင် အဝေးကို ပျံတာမဟုတ်ဘူးတဲ့။ ဝိုင်းအပေါ်မှာ ဝဲနေကြတာတဲ့ဗျ။ အော်လည်းမအော် ကြဘူးတဲ့ဗျ။
ကျီးကန်းဆိုတာသူတို့ ကျီးကန်းအုပ်ထဲက တစ်ကောင်ထိရင် ကျန်တဲ့အကောင်တွေက တအာအာနဲ့ ဝိုင်းအော် တဲ့အမျိုးဗျ။ ဒီကျီးကန်းကြီးတွေက တစ်ကောင်မှမအော်ဘူးတဲ့ဗျာ။ မြေကြီးပေါ်ကျလာတဲ့ကျီးကန်းကြီးက ဆန့်ငင်ဆန့်ငင် ဖြစ်နေတုန်းမှာတဲ့ဗျာ အုန်းပင်ပေါ်မှာ နားနေတဲ့ လင်းတကြီးတစ်ကောင် က ချက်ချင်းထိုးဆင်းလာသတဲ့။နဲတာကြီးမဟုတ်ဘူးတဲ့ဗျာ ကျောဖြူကြီးဆိုပဲ ။ တခါတည်း အဲ့လင်းတ ကျောဖြူကြီးက ဆန့်ငင် ဆန့်ငင် ဖြစ်နေတဲ့ ကျီးကန်းကြီးပေါ် ကားယားခွရပ်လိုက်ပြီး သူ့ကိုယ်လုံးနဲ့ ဝပ်ပေး လိုက်တာတဲ့ဗျ။ ဘလေးချစ်က အံ့သြပြီး ကြည့်နေတုန်း ရှိသေးသတဲ့လင်းတအောက်မှာဆန့်ငင် ဆန့်ငင် ဖြစ်နေတဲ့ ကျီးကန်းကြီးချက်ချင်း ကောင်းသွားပြီး လင်းတကြီးရောကျီးကန်းပါ ထပျံသွားကြသတဲ့ဗျို့” “ဟာ ဟုတ်လား ထူးဆန်း လှချေလားကွ၊ ဘလေးချစ်ခိုင်က သူ့လောက်လေးကြီးနဲ့ ထပ်မပစ်ဘူးလားကွ ကျောက်ခဲရ” “ဟာ ကိုကြီးတာတေ ကလည်း ဘလေးလည်း အံ့သြပြီး ကြည့်နေတော့ ဘယ်ပစ်မိမှာတုံးဗျာ” “အေးကွ ကျောက်ခဲရ ၊ ထူးတော့ ထူးဆန်းသား ကွ၊ ဒီလင်းတနဲ့ ဒီကျီးကန်းတွေက ဘယ်လို ပက်သက်နေလို့တုန်း” “ရှိသေးတယ်ဗျ။ ကိုကြီးတာတေရ” ဘာမှမပြောတဲ့ တုံဏှိဘာဝေ သံမဏိတောင် ဝင်ပြောတာဗျ။…
. “အေး ပြောပါဦးကွ သံမဏိရ” “အဲ့ဒီ့်လင်းတကြီးနဲ့ ကျီးကန်းတွေက ချက်ချင်း ပျံမသွားဘူးတဲ့ဗျ။ ဘလေးချစ်တို့ဝိုင်းပေါ်မှာ တော်တော်ကြာအောင်ဝိုင်းပတ်ပြီး ပျံနေကြတာ တဲ့။ ကျီးကန်းတွေကတော့ မအော်ဘူးတဲ့ဗျ။ လင်းတဖြူကြီးက “ဂီး ဂီး ဂီး” ဆိုပြီး အသံအကျယ် ကြီးနဲ့အော်သွားသတဲ့။ ဘလေး လည်း ငှက်တွေ ပျောက်သွားတော့မှ အိမ်ပေါ် တက်လာတာတဲ့ဗျ” “နေပါဦးကွ ၊ မင်းတို့အခုသိထားတာလည်း စုံနေမှပဲ ။ ဘလေးဆီကိုသွားပြီး ဘာကိုမေးဦး မှာတုံးကွ” “ဟာ ဒါက ရွာထဲက လူတွေ တစ်ယောက်နဲ့ တစ်ယောက် ပြောကြတာပဲ ရှိတာကိုကြီးတာတေရ ၊ ဘလေးချစ်ပြောမှ အမှန်ကိုသိရမှာမဟုတ်လားဗျ။ လူဆိုတာ တစ်စိတ်ကို တစ်အိတ်လုပ် ပြီးပြောကြတာဗျ။ အဲ့ဒီ့အထဲမှာ ကျုပ်တို့ ထနောင်းကုန်းသားတွေက သူများထက်တောင် ပိုကြသဗျ။ တစ်စိတ်ကို နှစ်အိတ်လောက်လုပ် ပြောချင်ကြတာ။ ကဲ လာပါဗျာ…။ ကိုကြီးတာတေ ကလည်း” ကျောက်ခဲက ကျုပ်ကို မရမကကပ်ခေါ်နေတာဗျ “တာတေရယ် ၊ လိုက်သွားလိုက်ပါဟယ် ၊ နင့်ညီတွေက လိုက်စေချင်လို့ တကူးတက လာခေါ်နေတဲ့ဟာ” နောက်ဆုံး တော့ ဘလေးချစ်ခိုင်တို့ ဝိုင်းထဲ ရောက်ခဲ့ရော ဆိုပါတော့ဗျာ။ ဟုတ်တော့ ဟုတ်သားဗျ။
ဘိုးညီလေးတို့ ဘိုးရှံတို့တောင် ရောက်နေလို့ဗျ။ “ဟာ တာတေတောင် ရောက်လာပါလားဟေ၊ ချစ်ခိုင်ရေ မင်းသတင်းကို တာတေကြားသွားလို့ ရှိမယ်ကွ” “အခုမှကြားတာ ဘလေးရဲ့၊ ဒိကောင်တွေကျောက်ခဲ တို့ လာပြောမှ သိရတာ။ဘယ်လို တုံးဘလေးရဲ့ ၊ ထူးဆန်းလိုက်တာဗျာ။ ဘလေးလောက်လေးချက် ထိသွားတဲ့ ငှက်ဟာ အသက်ရှင် တယ်ဆိုတာ ရှိဖူးလို့လား” ကျုပ်ကမေးလိုက်တော့ ဘလေးက သဘောကျ ပြီး ပြုံးနေတယ်ဗျ။ “ဘယ်လာပြီးရှိမှာတုံးကွာ တာတေရာ။ အခု မနက်က ငါပစ်လိုက်တာ ခါတိုင်းထက်တောင် အားစိုက်လိုက်သေးတာကွ၊ ဘာလို့တုံးဆိုတော့ ကျီးကန်းကြီးတွေကနှစ်ပေလောက်ကို ရှိတာ ဟေ့။ ဒီတော့ ငါအားကုန်ဆွဲ ပြီးပစ်လိုက်တာ။ လောက်လေးကိုင်းဆိုတာ မကျိုးရုံပဲ ရှိတာ။ ဒီပစ်ချက်မျိုးထိလို့ကတော့ဘလောက်ကြီးတဲ့ ငှက်ပဲ ဖြစ်ဖြစ် မသေဘဲမရှိနိုင်ပါဘူးကွာ” “နှစ်ပေဟုတ်လား ဘလေး ၊ တော်တော်ကိုကြီး တဲ့ ကျီးကန်းတွေပါလားဗျ” “ဒီလိုကွ တာတေရ ၊ ကျီးကန်းက နှစ်မျိုးရှိတယ်မြို့ကျီးကန်းနဲ့ တောကျီးကန်းကွ ၊ မြို့ကျီးကန်းက နှုတ်သီးကနေ အမြှီးဖျားထိ ဆယ့်ငါးလက်မလောက်ရှိတယ်။
အကောင်လည်းသေးတယ်။တောကျီးကန်းက နှုတ်သီးဖျားကနေ အမြှီးဖျားထိ လက်မ နှစ်ဆယ်၊ နှစ်ဆယ့်နှစ်လက်မလောက်ထိရှိတယ်ကွ၊ အခုကောင်ကြီးတွေကနှစ်ဆယ့်လေးလက်မလောက်ရှိတယ်ကွာ” “ဟာ ဘလေးတိုင်းဖူးတယ်ဟုတ်လား” ကျုပ်က တအံတသြနဲ့ ဘလေးချစ်ခိုင်ကို မေး လိုက်တာဗျ။ “ဟကောင်တာတေရ ၊ ငါ့ကို ဒီနယ်တကျောမှာ ငှက်မုဆိုးချစ်ခိုင်လို့ခေါ်ကြတာမင်းမသိဘူး လား ။ ဒီတဝိုက်မှာ ငါ့လောက်ငှက်ကျမ်းကြေတဲ့ငှက်နားလည်တဲ့သူ ဘယ်ရှိလို့တုံး” ဟုတ်သားဗျ။ ဘလေးကို ငှက်မုဆိုးလို့ခေါ် ကြတာ။ ဘလေးက ယုန်လည်းမပစ်ဘူး။ တခြားသားကောင်လည်းမလိုက်ဘူး။ ငှက်တမျုိးပဲ ပစ်တဲ့သူဗျ။ ဘလေးတို့ ပစ်လိုက်ရင်လည်း တစ်ချက်တစ်ကောင်ပဲဗျို့။ “နေဦးချစ်ခိုင်ရဲ့ ။ ဘိုးတွေးကြည့်တာတော့ အုန်းပင် ပေါ်နားနေတဲ့ လင်းတကျောဖြူ ကြီးနဲ့ ဒီကျီးကန်းတွေက အတူတူလာတာဖြစ်မယ်ကွ” ဘိုးညီလေးက ပြောသဗျ။ “ဟာ သေချာတာပေါ့ ဘိုးရာ ၊ ဒါ့ကြောင့်လင်းတကြီးက ချက်ချင်း ထိုးဆင်းလာပြီး ကျီးကန်းကိုအသက်ရှင်အောင်လုပ်ပေးလိုက်တာပေါ့။
ပြန်တော့လည်းအတူတူပျံသွားကြတာပဲလေ” “ထူးတော့အတော်ထူးတာပဲကွ၊ ငါတော့ တယ်ပြီးမသင်္ကာဘူး ချစ်ခိုင်ရာ” ဘိုးရုံကလည်းမျက်မှောင်ကြီး ကြုံ့ပြီးပြောတယ်ဗျ။ “ဘာကိုတုံး ကိုရုံရဲ့ ၊ ဘာကို မင်္သကာတာတုံး” ဘိုးညီလေးက ဘိုးရုံကို လှည့်မေးတယ်။ “ကျုပ်စိတ်ထင်တော့ ဒီကျီးကန်းတွေဟာ သာမာန်မဟုတ်ဘူး ထင်တယ် ဗျ။ တစ်ခုခု လုပ်ထားတဲ့ တိရစ္ဆာန် တွေဖြစ်မယ်ဗျ” “ဗျာ….ဘယ်လို တစ်ခုခု လုပ်ထားတာတုံး ဘိုးရုံရဲ့ ၊ ရှင်းအောင်ပြောစမ်းပါဗျာ” ဘလေးချစ်ခိုင်က ဘိုးရုံပြောတာကို နားမလည် လို့ ပြန်မေးလိုက်တယ်။ “ဘိုးပြောတာ ဒီလိုကွဲ့ မောင်ချစ်ခိုင်ရဲ့ ၊ ကဝေ တွေ စုန်းတွေနဲ့များ ပက်သက်နေသလားလို့ တွေးမိလို့ပါကွာ” ဘိုးရုံပြောတာကို အားလုံးက စိတ်ဝင်စားသွား ကြီးဗျ။ “နို့ အဲ့ဒီလို ဟာမျိုး ကိုရုံ မြင်ဖူးလား ၊ ကြားဖူး တာရှိလို့လား” ဘိုးညီလေးက ဘိုးရုံကိုပြန်မေးတယ်။ဒီတော့ ဘိုးရုံက ခေါင်းလေးညှိတ်ပြီးပြောသဗျ။ “ကျုပ်ငယ်ငယ်တုန်းက ကျုပ်တို့ ရွာမှာ မိန်းမ ကြီးတစ်ယောက်ရှိတယ်။ မမင်းယု လို့ ခေါ်တယ်ရွာထဲမှာ ဘာရောဂါဖြစ်ဖြစ် သူကုရင်ပျောက်တာပဲဗျ။ဟိုဆေးလိုလို ဒီဆေးလိုလိုနဲ့ တကယ်တော့ ဟုတ်ဟုတ်ငြားငြားဘာဆေးတစ်ခုမှတိုက်တာ မဟုတ်ဘူးဗျို့။ သူ့လက်နဲ့ ထိရုံ သပ်ရူံနဲ့ကို ပျောက်တာ” “ဟာ တော်တော်စွမ်းတဲ့ ဘွားတော် ကြီးပါလား”ကျောက်ခဲဗျ။ ကျောက်ခဲက တအံ့တသြနဲ့ ဝင်ပြောတာ ။
ဘိုးရုံကတော့ ဆက်ပြောတယ်။ “ကျုပ်ဘိုးက ကျုပ်ကို တိုးတိုးလေးကပ်ပြော တယ်ဗျ။ “လူလေး အဲ့ဒီမိန်းမကြီးကို လမ်းမှာ တွေ့ရင် မကြည့်မိစေနဲ့ ၊ ဘာသာပဲနေ ကြားလား ဒီမိန်းမကြီးက ဝမ်းတွင်းစုန်းမကြီးကွ၊ မောင်ရုံ ရဲ့ ” လို့ ပြောသဗျ။ “နေပါဦးဘိုးရဲ့ ၊ ဝမ်းတွင်းစုန်း ဆိုတာဘာကို ပြောတာတုံးဗျ” ကျောက်ခဲမေးပြန်ပြီဗျို့။ ဘိုးရုံက ဒီတစ်ခါ တော့ ကျောက်ခဲကိုလှမ်းကြည့်ပြီးပြောသဗျ။ “ဝမ်းတွင်းစုန်းဆိုတာ မွေးကတည်းက အလိုလို ပညာတတ်နေတာကွဲ့ ၊ ကလေးချင်းကစားနေ တုန်း သူများအရိပ်ကို ဖနောင့်နဲ့ ပေါက်လိုက်ရင် အပေါက်ခံရတဲ့ ကလေးဟာ ဖျားတော့တာ ပဲကွ၊ ဒီလောက်တော့ ငါ့မေးဖို့မလိုပါဘူး ကျောက်ခဲရာ မင်းဆရာ တာတေ ကိုမေးရင် သိပါတယ် ကွ” ဘိုးရုံကပြောတော့ အားလုံးက ကျုပ်ကိုကြည့်ပြီးပြုံးနေကြတယ်ဗျ။…. “ကျုပ် လည်း ဒီလောက်တော့ မသိပါဘူးဘိုးရဲ့”လို့ ကျုပ်ကပြောလိုက်တယ်။ ဘိုးရုံက စကားကိုဆက်ပြောတယ်။ “အဲ့ဒီ့မိန်းမကြီးက သူ့ဝိုင်းထဲမှာ တောကျီးကန်း ကြီးတစ်ကောင်ကို သူ့ပညာနဲ့ မွေးထားသတဲ့ဗျို့။ သူ့မှာ ပိုက်ဆံ အသုံးပြတ်တော့မယ်ဆိုရင် သူ့တောကျီးကန်းကို လွှတ်လိုက်တာပဲတဲ့။ ကိုယ့်ရွာမှာဖစ်ဖစ် အနီးအနားရွာတွေမှာဖြစ်ဖြစ် ပေါ့ဗျာ။
တောကျီးကန်း ကြီးက အိမ်ခေါင်မှာ နားပြီး” အာ အာ အာ မ ဝါ အာ ၊ မ…ဝါ” လို့ အော်သတဲ့ဗျိူ့။ ဒါဆိုရင်အဲ့ဒီအိမ်က လူတစ်ယောက် ဖျားရင်ဖျား ၊ ဗိုက်အောင့်ရင်အောင့် တစ်ခုခု ဖြစ်တော့တာပဲဗျို့။ ဟိုဆရာဒီဆရာ ကြိုက်တဲ့ဆရာနဲ့ကု ပျောက်ကိုမပျောက်ဘူးတဲ့ဗျ။ နောက်ဆုံးမယ်မင်းယုကြီး ပင့်ပြီးကုတော့မှ ပျောက်တာတဲ့ဗျို့။ သူက ဆေးကုခများများ မတောင်းဘူးတဲ့ဗျ။ ဆန်တပြည်နဲ့ငွေငါးမတ် တင်ရဆိုပဲ ၊ ဒါပေမဲ့ သူဆေးမကုရတဲ့နေ့ဆိုတာ မရှိဘူးဆိုပဲဗျ။ မိန်းမကြီးဆိုတာရွှေလက်ကောက်တွေဝတ်လို့ဗျ။ ရွှေဆွဲကြိုးတုတ်တုတ်ကြီးလည်းဆွဲလို့ပေါ့ဗျာ။ စုန်းလားကဝေလားတော့ မသိဘူးပေါ့ဗျာ။ ကျုပ်နဲနကြီးလာတော့ မယ်မင်းယုဝိုင်းနားရောက်ရင် သူမွေးထားတယ် ဆိုတဲ့ တောကျီးကန်း ကြီးကို လိုက်ရှာကြည့်တာပဲဗျ” “တွေ့ရောတွေ့လား မောင်ရုံရဲ့” “တွေ့တော့တွေ့တယ်ဗျ။ ဒါမဲ့ ကျုပ်ဘိုးပြောတဲ့ တောကျီးကန်း ဟုတ်လားမဟုတ်လားတော့ ကျုပ်မသိဘူးဗျ” “ကိုရုံဘိုးက သေသေချာချာသိလို့ ပြောတာရှိမှာ ပေါ့” ဘိုးညီလေးက ဘိုးရုံကိုပြောတယ်။ “ဟုတ်တယ် ဘိုးညီလေးရဲ့။ ကျုပ်ဘိုးက အားကြီးစကားနဲတာ ။ မဟုတ်တဲ့ စကားဆိုနဲနဲမှပြောတာမဟုတ်ဘူး။ မယ်မင်းယုကြီးအကြောင်းကိုတော့မဟုတ်ဘဲနဲ့ကျုပ်ဘိုးကမပြောပါဘူးဗျာ။ ကျုပ်တို့ဘက်ရွာတွေမှာ ဒီမိန်းမကြီးကို “ဆေးဝါးမစု၊မမင်းယု” လို့ပြောကြသဗျ။ မီးနေသည်ကလေးမွေးလို့ မရရင် သူ့သာသွားခေါ်လိုက် ၊ လျောလျောလျူလျူ မွေးနိုင်သဗျို့။ ဒါပေမဲ့အိမ်ကလူတွေ အပြင်ထွက်ပေးရသတဲ့ဗျ။
ညဘက်ဆိုရင်တစ်အိမ်လုံး မီးတွေမှုတ်ပေးရတယ်တဲ့ ၊ မှောင်ကြီးထဲမှာမှ သူကမွေးပေး တာဆိုပဲ။ အဲ့ဒိအချိန်က အိမ်ပေါ်က သူမွေးထား တဲ့ ကျီးကန်းက ” အာ အာ အာ မ ဝါ အာ ၊ မ…ဝါ”လို့ အော်နေသတဲ့ဗျ။ ဒါပေမဲ့လူတွေကတော့ ဘယ်သတိထားမိမှာတုံးဗျာ။ ကျုပ်ဘိုးကတော့ သတိထားမိတယ်ဗျ။ အဲ့ဒါကြောင့်ကျုပ်ကစိတ်ထဲ မသင်္ကာဘူး လို့ချစ်ခိုင်ကိုပြောတာပါ။ မနက်က မင်းပစ်လိုက်တဲ့ကျီးကန်းက တစ်ခုခု နဲ့များပက်သက်နေသလားလို့တွေးမိလို့ပါ” ဒီတော့ ဘလေးချစ်ခိုင်ကပြန်ပြောသဗျ။ “ဘိုးရုံပြောတာလည်း ဖြစ်တော့ဖြစ်နိုင်တာပဲဗျ။ ဒါမဲ့ ကျုပ်ကတော့ နောက်တခါတွေ့လို့ကတော့ ကျီးကန်းရော လင်းတရော အလွတ်ပေးမှာ မဟုတ်တော့ဘူးဗျ။ ကျုပ်လောက်လေးနဲ့ အသေကို ဆော်တော့မှဗျ” အဲ့ဒီလိုပြောရင်းနဲ့ ငှက်တွေအကြောင်းစကား ရောက်သွားပြီး ဘလေးချစ်ခိုင်ပြောတဲ့ ငှက်တွေ အကြောင်းကို နားထောင်ကြရတာပေါ့ဗျာ။ အဲ့ဒီ့ညက ဆယ်နာရီကျော်မှ ကျုပ်တို့ အိမ်ပြန် ကြရတာ။ကျုပ်အိမ်ရောက်တော့ အဘနဲ့အမေ တောင် အိပ်ပျော်နေကြပြီဗျ။ မနက်အိပ်ရာကနိုးတော့ အမေဘယ်အချိန်က ထပေါင်းထားမှန်းမသိတဲ့ ကောက်ညှင်းပေါင်းက အဆင်သင့်ကြိုနေလို့ဗျာ။ ပဲပေါင်းလဲဗျ။ ပဲလွန်းဖြူဖြူလေးတွေနဲ့ ပေါင်းထားတဲ့ ကောက်ညှင်းပဲပေါင်းလေးဗျာ။ နှမ်းလှော်ထောင်းကလေးနဲ့ အဘရယ် အမေရယ် ၊ ကျုပ်ရယ် ကောက်ညှင်းပူပူလေး ဖူးကနဲ မှုတ်ပြီး လက်ထဲမှာ ကျစ်အောင်ဆုပ် လိုက် ၊ နှမ်းထောင်းလေးစားလိုက်နဲ့ဗျ။ ကောက်ညှင်းပေါင်းစားရင်း အဘက ကျုပ်ကို မေးတယ်။
“လူလေး ညကချစ်ခိုင်တို့ဝိုင်းကိုသွားတာ ဘာသတင်းထူးတုံးကွ” အဘကမေးတော့ ကျုပ်ပြောရတော့တာပေါ့ဗျာ “အဘရေ မနေ့ညက ကျောက်ခဲနဲ့သံမဏိပြော တာ အမှန်ပဲဗျ။ မနက်စောစော သူ့ဝိုင်းထဲကို ရောက်နေတဲ့ တောကျီးကန်း ကြီးတွေကို ဘလေးချစ်ခိုင်က ခြောက်လန့်ပြီး မောင်းတာ နဲနဲမှကို မကြောက်ပဲ ဘလေးကို ပြူးပြီး ကြည့်နေကြတာတဲ့ဗျ။ ဒါနဲ့ ဘလေးက ဒေါသဖြစ်ပြီး အိမ်ပေါ်တက် ၊ သူ့လက်စွဲတော် လေးကြိုးတပ်ပြီး လောက်စာလုံးနဲ့ ကျီးကန်း တစ်ကောင်ကိုပစ်ချလိုက်တာ ဘုံးကနဲ ပြုတ် ကျရောတဲ့ဗျ။ အဲ့ဒိီကျီးကန်း ဆန့်ငင် ဆန့်ငင်ဖြစ်နေတဲ့ အချိန်မှာ ဘလေးတို့ဝိုင်းထဲက အုန်းပင် ကြီးပေါ်ကနေ လင်းတကျောဖြူကြီး တစ်ကောင် ထိုးဆင်းလာပြီး ပြုတ်ကျတဲ့ ကျီးကန်းအပေါ်မှာ ကားယားကြီးခွနေတယ်ဆို ပဲ။ ပြီးတော့ သူ့ကိုယ်လုံးနဲ့ အသက်ငင်နေတဲ့ ကျီးကန်းကို ဖိထားလိုက်တာ ဘလေးပစ်ထား တဲ့ ကျီးကန်းက အကောင်းပကတိဖြစ်သွားပြီး ထပျံသွားတော့တာပဲတဲ့။ အဲ့ဒီ့ကျီးကန်းနဲ့လင်းတတွေက ဘလေးတို့ဝိုင်းပေါ်မှာ တော်တော်ကြာအောင်ဝဲပြီး ပျံနေသေးတာဆိုပဲ ။
နောက်တော့မှ ပျံသွားကြတော့တာပဲတဲ့ အဘ ေရ” “အင်းချစ်ခိုင်ကလည်း ငှက်မုဆိုးပဲလေ။ တစ်သက်လုံးငှက်ပစ်လာတဲ့ကောင်ပဲ။ လက်ကလည်းတော်တော်တည့်တာကလား။ ချစ်ခိုင်သာ မိမိရရ ပစ်ရလို့ကတော့ လွဲသွား တယ်ဆိုတာ ရှိကိုမရှိတာကွ။ ဒီတော့လည်းငှက်တွေကလည်း သူ့ကိုမြင်ရင် မုန်းနေကြတယ်ထင်ပါရဲ့ လူလေးရယ် ။ မြွေသားစားတဲ့သူကိုမြွေတွေကသိသလိုပေါ့လေ။ ငှက်တွေကလည်းချစ်ခိုင်ကို ငှက်မုဆိုးဆိုတာ သိနေသလားမှမသိတာ” “ဒါပေမဲ့ အဘရဲ့။ ဒီတောကျီးကန်းကြီးတွေက နဲနဲတော့ထူးဆန်းတယ်လို့ ကျုပ်ထင်တယ်ဗျ။ အကောင်ကြီးတွေကလည်းအကြီးကြီးတွေဆိုပဲ” “အေးလေ ကျီးကန်း ပဲ။ ကျီးကန်းဘာသာ လာပေါ့။ ဘာလို့ လင်းတကျောဖြူ ကြီးနဲ့ပေါင်း ပြီး လာကြတာတုံး။ ပြီးတော့ သေတော့မဲ့ ကျီးကန်း ကို လင်းတကဆင်းပြီး ဆေးကုပေး သလို လုပ်တာတော့ အဘလည်းအံ့သြ တယ်ကွ။ ဒါမရိုးလောက်ဘူးထင်တယ်လူကလေးရဲ့” ကျုပ်ပြောရဦးမယ်ဗျို့။ ကျုပ်တို့အညာမှာက အသက်သိပ်မကွာတဲ့ ငယ်တဲ့လူကို ဦးလေးလို့ မခေါ်ဘူးဗျ။ ဘလေးလို့ခေါ်ကြတာ။ ကိုယ်နဲ့ အမျိုးတော်လို့ရယ် မဟုတ်ဘူး။ ပြီးတော့တစ်လက်စတည်း ပြောရဦးမယ် ၊ လောက်လေးဆိုတာ ခဗျားသိချင်မှ သိမှာဗျ။ လေးကိုင်းကိုဝါးနဲ့လုပ်ရတာ။ ဝါကောင်းကောင်းကိုရှာပြီးခုတ်ရတယ်။ ပြီးရင်လေးကိုင်းကိုရေနံသုတ်လိုက်။ ကျပ်တင်လိုက်လုပ်ရတယ်။ လေးကိုင်းရဲ့ ထိပ်နှစ်ဖက်မှာ လေးကြိုးတပ်ဖို့ အချိုင့်လေးထွင်းရတယ်။ ဒါမှ လေးကြိုး ပြုတ်မထွက်မှာပေါ့ဗျာ။ဘလေးချစ်ခိုင်မှာတော့ အသင့်လုပ်ပြီးသားလေးကိုင်းငါးခုလောက် ကို ရှိတာဗျ။ ပြီးရင် လက်ကိုင်နေရာမှာ လေးကိုင်းရဲ့ အလယ်တည့်တည့် ပေါ့ဗျာ။အဲ့ဒိ့နေရာမှာ လက်ကိုင်ကိုကြိမ်နဲ့ သေသေချာချာဖွတ်မြီးထိုး ထိုးရတာဗျ။ လေးကြိုးကိုနှစ်ချောင်းတွဲဗျ။ အလယ်တည့်တည့် မှာ ကြိမ်နဲ့ပဲ လောက်စာအိမ် ထိုးရတယ်။
ဒါက လောက်စာလုံးထည့်မဲ့နေရာပေါ့ဗျာ။ လေးကြိုးတပ်ပြီး ရင် လေးကိုင်းက ကွေးသွားတာပေါ့ဗျာ။ မြှားနဲ့ပစ်တဲ့လေးကိုင်း လို ကွေးသွားတာပေါ့။ ပစ်တော့ မယ်ဆိုရင်လောက်စာအိမ်မှာ လောက်စာလုံးထည့်ပြီး တစ်ဖက်က ကိုင်ထား ၊ နောက်လက်တစ်ဖက်က လေးကိုင်းကို ကိုင်ပြီးလေးကြိုးကို အဆုံးထိဆွဲ ပြီး လက်ကိုလွှဲပစ်ရတာဗျ။ မပစ်တတ်ရင် လေးကိုင်းကိုင်ထားတဲ့ လက်မကို လောက်စာလုံးက သွားထိပြီး လက်မ ကြီးယောင်လာရောဗျို့။အဘနဲ့ ကျုပ်စကားဆုံးရုံရှိသေးတယ်ဗျ။ “ကိုကြီးတာတေ ၊ ကိုကြီးတာတေ” “ဟ ကျောက်ခဲပါလား ၊ ဒီကောင်ပြာယီးပြာယာ နဲ့ ဘာဖြစ်လာတာတုံး ” ကျုပ်ကပြောလိုက်ပြီး ဝိုင်းဝကိုလှမ်းကြည့်လိုက် တယ်။ ဒီကောင်ကျောက်ခဲ ဝိုင်းထဲကို ဝင်လာတဲ့ပုံစံက မပြေးရုံတမယ်ပဲဗျ။ကိစ္စတော်တော်အရေးကြီးပုံရတယ်ဗျ။ “ကျောက်ခဲ ဘာဖြစ်တာတုံး ” အိမ်ပေါ်ကိုပြေးတက်လာတဲ့ ကျောက်ခဲကို ကျုပ်က ဆီးမေးလိုက်တာဗျ။ “ကိုကြီးတာတေ ဟောဟဲ ဟောဟဲ” ကျောက်ခဲ တော်တော်မောနေတာဗျ။ ဒီကောင် စကားတောင်ကောင်းကောင်းမပြောနိုင်ဘူးဗျ။
ကျုပ်ကရေအိုးစင်က ရေတခွက်ပြေးခပ်ပြီး ကျောက်ခဲကိုပေးလိုက်တယ်။ ဒီကောင် ရေကို ဖြေးဖြေးသောက်တယ်။ ဒီတော့မှ အမောပြေ သွားပြီး.. “ကိုကြီးတာတေ ဘလေးချစ်ခိုင်ဆုံးပြီဗျ…” “ဟေ” “ဟာ” “ဟာ”….. အမေနဲ့ အဖေပါ အံ့သြပြီး အော်မိတာဗျို့။ “ဘယ်လိုဖြစ်တာတုံး ကျောက်ခဲ ” “သူယာထဲမှာ သေတာတဲ့ဗျ။ ဘလေးက မနက် အစောကြီး ထပြီး သူယာခင်းထဲက မပဲခင်းကို သွားကြည့်တာတဲ့။ ဟိုတနေ့က ပဲခင်းကိုမြေသြဇာပက်ထားတာ အခြေအနေ ကြည့်ဖို့သွားတာတဲ့ဗျ။ သူ့ရဲ့ လက်စွဲတော်လောက်လေးကြီးကို ပခုံးမှာ လွယ်လို့ဗျ။ လောက်စာလုံးအိတ်ကို စလွယ်သိုင်း ထွက်သွား တာတဲ့ဗျ” “နေပါဦးကျောက်ခဲရဲ့ သေတာက ပိုးထိလို့လား လေတွေဘာတွေ ဖြစ်သွားတာလား” “ဟုတ်ဘူးဗျ ကျီးကန်းတွေဝိုင်းထိုးလို့သေတာတဲ့” “ဟေ ဟုတ်လား မင်းသွားကြည့်ပြီးပြီလား” “မရောက်သေးဘူး ဗျ ကျုပ်လည်းကြားကြား ချင်း ကိုကြီးတာတေ ကိုလာခေါ်တာဗျ။ရွာထဲကလူတွေရော သူကြီးရောဆယ်အိမ်ခေါင်းတွေရော သွားကြပြီဗျ” “ဟာ ဟုတ်လား လာကွာ ၊ တို့လည်း သွားကြည့်ရအောင်” “ချစ်ခိုင်နှယ် ဖြစ်ရလေဟယ်” ကျုပ်အမေက ဝမ်းနဲပမ်းနဲ ပြောလိုက်တာဗျ။ ဘလေးချစ်ခိုင်ကိုကျုပ်တို့ တစ်ရွာလုံးကလွှတ်ခင်ကြတာဗျ။
ဘလေးချစ်ခိုင်ဆိုတဲ့လူက ငှက်ပစ်ဝါသနာပါတာကလွဲရင် ဘယ်သူ့ကိုမှ ဒုက္ခပေးတဲ့လူမဟုတ်ဘူး။ ရပ်ရေးရွာရေး ဆို လည်းဘယ်တော့မှ လက်နှေးတဲ့သူမဟုတ်ဘူးဗျ။ သာရေးနာရေး ဆိုလည်းကျုပ်တို့လူငယ် တွေနဲ့ကို ဒူးတူဘောင်ဖက်လုပ်တဲ့လူပါဗျာ။ ဒီတော့လည်း တစ်ရွာလုံးက ဘလေးကို ခင်ကြတာပေါ့ဗျာ။ ဘလေးချစ်က သူစိုက်ထားတဲ့ ပဲခင်းဘေးမှာ သေနေတာဗျို့၊ တစ်ရွာလုံး ဝိုင်းအုံကြည့် နေတဲ့အထဲမှာ ကျုပ်နဲ့ ကျောက်ခဲလည်းဝင်တိုး ရတာပေါ့၊ ကျုပ်လာတာတွေ့တော့ တချို့က နဲနဲ ရှဲပေးကြသဗျ။ သူတို့စိတ်ထဲမှာ ဒီလိုထူးထူးဆန်းဆန်း ကိစ္စတွေဆို ကျုပ်နဲ့ဆိုင်တဲ့ကိစ္စလို့ ထင်နေကြပုံဗျ။ “ဟာ” ကျုပ်နဲ့ ကျောက်ခဲ ဘလေးအလောင်းကို တွေ့ကြပြီဗျ။ ကျုပ်ရော ကျောက်ခဲရော ပါးစပ်က ဟာ ကနဲ ပြိုင်တူအော်လိုက်မိကြတာ ဗျို့၊ “ဟာ ဒါဘယ်လိုဖြစ်တာတုံးဗျာ” ကျောက်ခဲက ကျုပ်ကိုမေးသလိုလို သူ့ဖာသာ ပြောသလိုလိုနဲ့ အလန့်တကြားပြောလိုက်တာဗျ။ ဟုတ်ပါ့ဗျာ။ ဘလေးအလောင်းက ပက်လက်ဗျ မျက်လုံး နှစ်လုံးစလုံးမရှိတော့ဘူးဗျ။မျက်လုံး နေရာမှာ ဟောက်ပက်ကြီးဖြစ်နေလို့ဗျ။
ပါးစပ် ကြီးကလည်း ဟပြီး အော် နေတဲ့ပုံပဲဗျ။ ဘလေးမသေခင်မချိမဆံ့ဝေဒနာ ခံစားပြီး မချိမဆန့်ဝေဒနာခံစားပြီး မချိမဆန့် အော်ဟစ်ပြီးမှ သေသွားတဲ့ပုံပါဗျာ။ တစ်ကိုယ်လုံးသွေးတွေကို ချင်းချင်းနီနေတာဗျို့။ “ဟာ” ကျုပ်ဖြင့် လန့်တောင်အော်မိတာဗျ။ သွေးတွေရွှဲနေလို့ စောစောက မသိတာ ဗျ။ သေသေချာချာ ကြည့် လိုက်တော့မှ ဘလေး ကိုယ်မှာ အသားတွေမှ မချိတော့တာ။ အရိုးတွေပေါ်နေတာဗျ။ မျက်နှာမှာလည်း အသားတွေမရှိတော့ဘူး။ ကျုပ် ရှေ့ကိုသွား လိုက်တယ်။ အလောင်းနားမှာ ကပ်ပြီး ရပ်ကြည့်နေတဲ့ သူကြီးနဲ့ ဆယ်အိမ်ခေါင်းတွေအနားကို ကပ်ပြီး ကြည့်လိုက်တယ်။ အို ဖြစ်မှဖြစ်ရလေ ဗျာ။ ဘလေးရဲ့ ရင်ဘတ်ခြမ်းတစ်ခုလုံးအသားဆိုလို့ ဘာမှ မရှိတော့တာ။ အရိုးတွေပေါ်နေတာဗျ။ ကျုပ်တို့စောစောက ကြည့် တဲ့နေရာက နဲနဲလှမ်းပြီး သေသေချာချာ မမြင်ရတာပဲ။ အို…ဗိုက်ထဲမှာလည်းဟောင်းလောင်းကြီးဗျ။ အူတွေ အသည်းတွေဘာမှကို မရှိတော့တာ။ ကျောကုန်းဘက်ကိုသာ လှန်မစားနိုင်လို့ အသားကျန်နေတာဗျ။ မျက်နှာမှာလည်း အသားတစ်စက်မှ မရှိတော့ ဘူးဗျာ။ ဟာ….ဘလေးရဲ့လျှာပါ မရှိတော့တာ ဗျ။ လျှာကိုပါ စားသွားတာပဲ။ “ဘယ်လိုဖြစ်ရတာတုံးသူကြီးရယ်” ဟင် ဘိုးညီလေးဗျ။
ဒီအဘိုးကြီးတောင်ဝှေး ကြီးထောက်ပြီး ဒီအထိလိုက်လာတာပဲ “ရွာမြောက်ပိုင်းက သာတင့်တွေ့တာ ဘိုးညီလေး ရဲ့။ သာတင့်က သူ့ယာထဲက ပဲခင်းကိုအသွား ဒီနားမှာ ကျီးတွေဝိုင်းအုံနေလို့ ဘာများလဲဆိုပြီး လာကြည့်တာတဲ့။ အပေါ်မှာဝဲနေတဲ့ ကျီးကတင် အကောင်တရာလောက်ရှိတာဆိုပဲ။ အောက်မှ ချစ်ခိုင်ကို ဝိုင်းထိုးဆိတ် စားသောက်နေတာ အကောင်ငါးရာလောက်တောင် ရှိမယ်လို့ သာတင့်ကပြောတယ်ဗျ။ ဒါနဲ့သူက မြေဆိုင်ခဲ ကြီးနဲ့ ဝိုင်းပစ်တော့မှ ကျီးတွေ ဝေါခနဲ ပျံသွား တာတဲ့။ ဒီတော့မှ သူလာကြည့်တော့ ချစ်ခိုင်အလောင်းကို တွေ့တာတဲ့။ ပထမတော့သာတင့်ကခွေးသေတွေ ဘာတွေကိုများဝိုင်းပြီးကျီးကန်း တွေသားနေသလားလို့ တွေးမိတာတဲ့လာကြည့်တော့မှ ချစ်ခိုင်အလောင်းပဲသိတာတဲ့သူအံ့သြပြီးကြည့်နေတုန်းမှာပဲ ကျီးကန်းတွေကသူ့ကိုဝိုင်းထိုးမယ်လုပ်လို့ မနဲလွတ်အောင်ပြေးရသေးတယ်တဲ့။ ကျုပ်ကိုလာပြောလို့ ကျုပ်တို့လူစုပြီး ဒီကိုရောက်တဲ့အချိန်မှာတော့ကျီးကန်း တွေကမရှိတော့ဘူးဗျ။ “ဪဖြစ်မှဖြစ်ရလေ ချစ်ခိုင်ရယ်” ဘိုးညီလေးက လည်ပင်းမှာပတ်ထားတဲ့ တပတ် ကလေးနဲ့မျက်ရည်သုတ်နေတယ်။ဘလေးချစ် ရဲ့ မလှမ်းမကမ်းမှာ သူ့လက်စွဲတော်လောက်လေးကြီးဗျ။ လောက်စာလုံးတွေလည်း မြေကြီးပေါ်မှာ ပြန့်ကျဲနေတယ်။ဘလေးနဲ့ တလံလောက် နှစ်လံအကွာမှာ ကျီးကန်းအသေ ငါးကောင် ခြောက်ကောင် လောက်တွေ့တယ်ဗျ။
သူမသေခင်တော့ ရသလောက်ပစ်သွားတာပဲလို့ ကျုပ်တွေးလိုက် မိသေးတယ်။ ဒါပေမဲ့ ကျီးကန်းအကောင် တစ်ထောင်လောက်ကိုတော့ ဘယ်လိုလုပ်ပစ် နိုင်မလဲဗျာအသားမရှိတော့တဲ့ အရိုးတွေပေါ်နေတဲ့ မျက်လုံးဟောက်ပက်ကြီးတွေနဲ့ ဘလေးချစ်ရဲ့အလောင်းကြီးက မျက်စိထဲက မထွက်ပါဘူးဗျာ။ ယာထဲမှာပဲ အလောင်းကိုခေါင်းသွင်းပြီး နေ့ချင်းပြီး သဂြိုလ်လိုက်ရတာပေါ့။ အလောင်းကိုရွာထဲအထိ ပြန်မယူတော့ဘူးဗျ။ အလောင်းကလည်းမြင်လို့ကိုမကောင်းတော့တာလေဗျာ။ တစ်ရွာလုံး တိတ်ကိုသွားတာဗျ။ လူတွေတော် တော်ကြောက်သွားကြတာ။ဟိုသစ်ပင်မော့ကြည့်ဒီသစ်ပင်မော့ကြည့်နဲ့ ကျီးကန်း တွေများရောက်မလားဆိုပြီး လန့်နေကြတာဗျ။ လူကြီးတွေကလည်းပြောကြရတာပေါ့ဗျာ။ “ဟဲ့ နင်တို့က ဘာအတွက် ဒီလောက်ကြောက် ကြတာတုံး ၊ ချစ်ခိုင်က ငှက်မုဆိုးမို့ငှက်သတ်တာခံရတာလေ။ နင်တို့မကြားဖူးဘူးလား။ အလမ္မာယ်ဆရာမြွေကိုက်သေရသတဲ့။အခု လည်းငှက်မုဆိုး ငှက်သတ်လို့သေရတာပဲလေ။ နင်တို့က ငှက်မုဆိုးမှ မဟုတ်တာ။ ငှက်တွေကို ဘာလို့ကြောက်ကြတာတုံး” ဘလေးချစ်ခိုင်ဆုံးပြီး တစ်လလောက်ကြတော့ ရွာထဲမှာ ကျွတ်စီကျွတ်စီနဲ့ဖြစ်ကြပြန်ရောဗျို့။…. ကျုပ်လည်း ဘာဖြစ်တာတုံးသိရအောင်ရွာထဲ ထွက်လာခဲ့တယ်။
“တာတေရေ ဒီလိုကြည့်နေလို့တော့ မဖြစ်တော့ ဘူးနော် တစ်ခုခုတော့လုပ်မှဖြစ်မှာဟေ့” ကျုပ်ဝိုင်းထဲက ထွက်တာနဲ့ မြောက်ပိုင်းက ဘိုးစိန်ညိုနဲ့တန်းတိုးတာဗျို့။ “အခုဘာဖြစ်လို့တုန်း ဘိုးရဲ့” “ဟ တို့မြောက်ပိုင်းက စိန်ဖေလေ။ ပဲခင်းထဲက ပြန်လာတာ တောကျီးကန်း တွေဝိုင်းလိုက်လို့ဟ တာတေရ ။ မနဲကို အသက်လုပြေးလာရတယ် ဆိုပဲ ။ ရွာထဲဝင်တော့မှ နောက်ပြန်လှည့်သွား ကြတာတဲ့။ ဒီနေ့ဆိုရင် ရွာပြင်ကို ဘယ်သူမှ တောင် မထွက်ရဲ ကြဘူးတဲ့ဟ” “ဟာ ဟုတ်လား ဘိုး ၊ ဒီကျီးကန်းတွေ ပြန်ရောက်လာကြပြန်ပြီပဲ။ ထူးတော့ တော်တော်ထူးနေပြီဘိုးရဲ့” “ဟုတ်တယ်ကွ တာတေရ ။ စိန်ဖေသာလွတ် အောင်မပြေးနိုင်ရင် ချစ်ခိုင်ပုံစံအတိုင်း ဖြစ်တော့မှာထင်တယ်။ တစ်ခုခုတော့လုပ်စမ်းပါ လူလေးရာ။ မင်းဆရာကြီးတွေပင့်သင့်ရင်လည်း သွားပင့်တော့ကွာ” “ကျုပ်ကြည့်ပါ့မယ် ဘိုးရာ” “အေးအေး မင်းကို အားကိုးပါတယ် တာတေရာ” ကျုပ်ရွာထဲမသွားတော့ပဲ ဝိုင်းထဲကိုပြန်ဝင်ခဲ့ တယ်။
အိမ်ပေါ်တက်တော့အဘနဲ့အမေက အကျိုးအကြောင်းမေးလို့ ကျုပ်ပြောပြရတာပေါ့ဗျာ။ တစ်နေ့လုံး ကျုပ်အလုပ်တွေလုပ်ရင်း ဒီအကြောင်းပဲစဉ်းစားနေတာဗျ။ ကျုပ်ဘာကိုမှ အဖြေထွက်အောင်မတွေးနိုင်ဘူး။ ညအိပ်ရာဝင် တော့ မဖဲဝါရဲ့ ကိုယ်ပွားအရုပ်ကလေးကို လက်ထဲမှာ ဆုပ်ထားပြီး မဖဲဝါကို ကျုပ်ပြော လိုက်တယ်။ “သင်္ချု ိင်းရှင်မ မဖဲဝါ ကျုပ်တို့ရွာမှာ ကျီးကန်းတွေသောင်းကျန်းနေလို့ဗျ။ လွန်ခဲ့တဲ့ တစ်လက ဘလေးချစ်ခိုင်ကို သတ်ပြီး စားပစ်ကြတယ်။ကျုပ်တို့က ဘလေးချစ်ခိုင်ကို ငှက်မုဆိုးမို့လို့ကျီးကန်းတွေ သတ်ပစ်တယ်လို့ ထင်တာ။ အခုတော့ ကိုစိန်ဖေကို သတ်ဖို့ဝိုင်းလိုက်ကြပြန်ပြီဗျ။ ဒီကျီးကန်းတွေက လူသားစားတဲ့ကျီးကန်းဆိုတာ သေချာပြီမဖဲဝါ။ ဒီကိစ္စကိုအိမ်မက်ပေး ပြီးပြောပြပါ။ ပြီးတော့ ဒီရန်ကို ဘယ်လိုနှိမ်နှင်း ရမလဲဆိုတာ ပြောပြပါဗျာ။ ကျုပ်တို့ရွာသားတွေ ယာထဲဆင်းပြီးအလုပ်လုပ်ရဲတော့မှာ မဟုတ်တော့ဘူးဗျ” ကျုပ်ကိူင်ထားတဲ့ မဖဲဝါကိုယ်ပွားရုပ်ကလေးက ဆတ်ကနဲ ဆတ်ကနဲ တုန်သွားတာကိုကျုပ်သိ လိုက်တယ်။ အရုပ်ကလေးကို ကျုပ်ခေါင်းအုံး အောက်မှာ ထားပြီး အိပ်လိုက်တယ်။
“တာတေ ငါဒီမှာ” ကျုပ်ကခါတိုင်းမြင်နေကြ ဆယ့်နှစ်ရာသီအပင် ကြီးအောက်မှာ မတွေ့တာနဲ့ ဟိုကြည့်ဒီကြည့် လုပ်နေတာဗျ။ မဖဲဝါက ဒါကိုသိလို့ ကျုပ်ကို လှမ်းခေါ်တာဗျို့။အသံကြားတဲ့ဘက်ကို ကျုပ်လှမ်းကြည့်တယ်။ မဖဲဝါက ခါတိုင်းလိုပဲ ကျုပ်နဲ့ရွယ်တူ ကောင်မလေးအရွယ်ဖန်ဆင်းထားတာဗျ။ “တာတေ နင်တို့ရွာတော့ စုန်းငြိုးတာခံနေရပြီ” “ဗျာ စုန်းငြိုးတာဟုတ်လား ၊ ကျုပ်တို့ရွာမှာ စုန်းမရှိပါဘူးဗျ” “ဟဲ့တာတေ ဒီစုန်းက နင်တို့ရွာကစုန်းမဟုတ် ဘူးဟဲ့။ တခြားမှာနေတဲ့စုန်း ။ သူ့ကိုကျီးကန်းမ လို့ခေါ်တယ်။ သူက ကမ္ဘာပတ်ပြီးသွားနေတာ။ ဒီဘက်မရောက်တာကြာပြီ။ အခုမှဘယ်ကဘယ်လို ရောက်လာတာတုံးမသိဘူး။ငါနဲ့လည်း မတည့်ဘူး။ ကျီးကန်းမက ငါ့ဆိုအားကြီးမုန်းတာ” “ဟာ ဟုတ်လား ကျီးကန်းမက မဖဲဝါကို ဘာကြောင့်မုန်းတာတုံးဗျ” “တစ်ခါက ငါပိုင်တဲ့ ရန်ကုန်က ကြံတော သင်္ချိုင်းကြီးထဲမှာ မဟုတ်က ဟုတ်ကအစီအရင် တွေ ဘာလုပ်လို့ ငါမောင်းထုတ်လိုက်ဖူးတယ်။ အဲ့ဒါကို ကျီးကန်းမက ငါ့ကိုအငြိုးထားတယ်။ တစ်နေ့နေ့ကျရင် နင်ကောင်းကောင်းဒုက္ခ ရောက်အောင်လုပ်မယ်လို့ ကြိမ်းဝါးသွားတယ် တာတေရဲ့ ။
အခုတော့ သူနဲ့ငါနဲ့ ပြန်တွေ့ကြ ရတော့မှာပေါ့လေ” “ဟင် မဖဲဝါ ကဘာလုပ်မလို့တုံး” “ဒီကျီးကန်းမက သူပုန်းတဲ့နေရာတိုင်းမှာ ဆေးတွေစီရင်ပြီး ကျီးကန်းတွေကို အစာကျွေး တာဟဲ့ တာတေရဲ့။ သူ့ဆေးမိသွားတဲ့ ကျီးကန်းအားလုံးဟာ သူ့အစေအပါးတွေဖြစ်ပြီး သူခိုင်းတိုင်းလုပ်ကြတော့တာပဲဟဲ့။ သူဒီနယ်ကိုဘယ်လို ရောက်လာလဲ ငါတို့မသိဘူး။ သူနဲ့အတူပါလာတဲ့ ကျီးကန်းတွေရော ဒီနယ်က သူဆေးကျွေးထားတဲ့ ကျီးကန်းတွေရော ပေါင်းလိုက်ရင် ကျီးကန်းတွေထောင်ချီပြီး ရှိနေ ပြီ။ အဲ့ဒီ့တောကျိးကန်းကြီးတွေက ကျီးကန်းမရဲ့အစေအပါးတွေပဲဟဲ့ ” “နေပါဦး မဖဲဝါ ရဲ့ ။
ဒီစုန်းမကြီးကို ဘာလို့ ကျီးကန်းမလို့ ခေါ်တာတုံးဗျ” “ဟဲ့တာတေ ဒီကောင်မကြီးက စုန်းပညာကို အမြင့်ဆုံးတတ်နေပြီဟဲ့။ အသက်ကလည်း ရာချီနေလောက်ပြီ။တခြားစုန်းတွေက ထဘီ ခြုံရင် လင်းတဖြစ်တယ်။သူက အဝတ်နက်ကြီး ခြုံလိုက်ရင်ကျီးကန်းကြီးဖြစ်သွားရောဟေ့။ အရွယ်က တောကျီးကန်း ငါးဆလောက်ကြီးတယ်။ဒါ့ကြောင့် ဒီစုန်းမကြီးကို ကျီးကန်းမ လို့ခေါ်တာ” “သြော် ဒီစုန်းမကြီးက ဗမာမကြီးပဲလား” “ဟာ မဟုတ်ဘူး။ ဒီကမဟုတ်ဘူး။ ဘယ်နိုင်ငံကစုန်းမကြီးမှန်းကို မသိတာ” “ဟာ ဒါဆိုရင် ကျုပ်တို့ရွာတော့ ဒီစုန်းမကြီး ြိငိုးတာကို ခံရရင် သေကုန်တော့မယ်ထင်တယ်” “နင် ဒီလောက်ကြောက်စရာမလိုဘူး တာတေ။ ဒီကောင်မကြီးပုန်းနေတဲ့ ဂူပေါက်ကိုငါသိတယ်။ အခုလာမယ့် လကွယ်ည ကိုးနာရီတိတိမှာ နင်ထနောင်းကုန်း အနောက်ဘက်တံခါးကနေ ထွက်ခဲ့ ပြိးရင် ညောင်ကျပ်ပင်ကြီးအောက်မှာ စောင့်နေ ။ နင့်ကိုနက်ကျော်လာပြီးခေါ်လိုက် မယ်။ နက်ကျော်ကို နင်မကြောက်နဲ့ တာတေ နက်ကျော်က နင့်ကိုသိတယ်။ သူနင့်ကို ခင်တယ် သူနဲ့သာလိုက်သွား။ သူက ကျီးကန်းမ ပုန်းနေတဲ့ ဂူပေါက်ကြီးကို လိုက်ပြလိမ့်မယ်။ အဲဒိီ့တောင်တစ်တောင်လုံးမှာ ကျီးကန်းမရဲ့ အစေအပါး ကျီးကန်းတွေရှိတယ်။
ဒါပေမဲ့ ဒီကောင်တွေက အစားကြူးတဲ့ကောင်တွေ ဆိုတော့ အိပ်တန်းတက်ပြီဆိုတာနဲ့ မနိုးတော့ ဘူး။ ပြီးတော့ သူတို့မျက်လုံးတွေက ညဘက်ဆို ကောင်းကောင်းမမြင်ရဘူး။ နင်ရဲရဲသာလိုက်သွားနင်ဂူထဲဝင်ပြီးလို့ နင့်ကိုစုန်းမကြီးက အာရုံ စိုက်နေတဲ့အချိန်မှာ ငါ ဂူထဲကိုကျီးကန်းမ မသိ အောင်ဝင်ခဲ့မယ်။ ငါ့ကိုကျီးကန်းမ တွေ့သွား တာနဲ့ နင့်ကို သူအာရုံစိုက်မှာ မဟုတ်တော့ဘူး။ သိလား။ ငါ့ကိုပဲ အသေအကြေတိုက်တော့မှာငါရှုံးမဲ့အရေ မြင်ရင် နင့်ဆရာကြီးတွေပေးထား တဲ့ အင်းတွေနဲ့ ဝင်ပြီးပစ်ပေတော့ ။ တကယ်လို့ စုန်းမကြီးက အဝတ်နက်ခြုံပြီး ကျီးကန်းဖြစ်ပြီ ဆိုရင် နင်နောက်ဆုတ်လိုက်တော့တာတေ နက်ကျော် ရင်ဆိုင်လိုက်မယ် ။ နောက်ဆုံးကျီးကန်းမကြီး ဂုထဲက ထွက်သွား ရင် နင်ဘာမှမလုပ်တော့နဲ့ ကြားလား ။ နင်သူ့ကို သတ်လို့ရမှာ မဟုတ်ဘူး။ ဒီနယ်ကနေ မောင်းထုတ်လို့ပဲ ရမှာ ။ ဒါပေမယ့် ကျီးကန်းမက သူရှုံးသွားရင် ဒီနယ်ကို ဘယ်တော့မှပြန်မလာတော့ ဘူးဟဲ့” “တာတေ တာတေ ထတော့လေ မိုးလင်းနေပြီ ဟဲ့” အမေနှိုးတော့မှ ကျုပ်နိုးသွားတာဗျ။
ကျုပ်ချက်ချင်းမဖဲဝါပေးတဲ့ အိမ်မက်ကို သတိရသွားပြီး အမေ့ကိုလှမ်းမေးလိုက်တယ် “အမေ လကွယ်ဖို့ ဘယ်နှရက်လိုသေးတုံးဗျ” “အောင်မယ်တာတေ နင်ကဘာများလုပ်မလို့ တုံးဟဲ့” “ကိစ္စ ရှိလို့ပါ အမေရ” “နောက်သုံးရက်လိုသေးတယ်ဟဲ့” ကျုပ်အမေ့ကို ဘာမှ ပြန်မပြောပဲ မျက်နှာသစ် ဖို့ဝိုင်းထဲ ထွက်ခဲ့တယ်။ တစ်နေ့ တစ်နေ့ ကျုပ်မှာ အင်းတွေရှာရ ၊ ဘုရားရှိခိုး ပုတီးစိပ်ရနဲ့ အားကိုမအားပါဘူးဗျာ ဒီရက်အတွင်း ကျုပ်ဝိုပြင်ကို လုံးဝမထွက်ဘူးဗျ။ အဘနဲ့အမေက ကျုပ်လုပ်နေတာတွေကို မသိမသာအကဲခတ်ပြီး ကြည့်နေကြတာဗျ။ ဘာမှတော့မမေးဘူး။ ကျုပ်ကအဖေရှင်တို့ဘိုးလူပေတို့ကို တိုင်တည်ပြီးအကြောင်းကြား လိုက်တယ်။ ဒီလိုနဲ့ ကျုပ်စောင့်နေတဲ့ လကွယ် ညကို ရောက်လာတော့တာပေါ့ဗျာ။….. မဖဲဝါပြောတဲ့အတိုင်း ညကိုးနာရီတိတိမှာ ကျုပ်ရွာနောက်ဘက်တံခါက ထွက်ပြီး ညောင်ကျပ်ပင်ကြီးအောက်ကို ရောက်နေပြီ။ ကျုပ်ရဲ့ အင်းတွေဆေးတွေ ထည့်ထားတဲ့ ဆေးလွယ်အိတ်ကို စလွယ်သိုင်းလွယ်ထားတယ်။ ကျုပ်သုံးဖို့ ရွေးထားတဲ့ အင်းတွေကတော့လွယ်အိတ်အပြင်ဘက်က အိတ်ကပ်ထဲမှာအစဉ်တိုင်းထပ်ထားပြီးသားဗျ။ “ဝူး ဝူး ဝူး အီ အီ အီ” ဟော နက်ကျော်ကြီးလာပြီဗျို့။ လကွယ်ည အမှောင်ထုကြီးထဲက ပေါ်လာတဲ့နက်ကျော် ကြီးအော်သံဗျ။ ကျုပ်ကမျက်ကွင်းဆေး ကွင်းလာခဲ့တာလေဗျာ။ နက်ကျော် ကြီးကို ကျုပ်မြင်နိုင်တယ်လေဗျာ “ဝူး ဝူး ဝူး ” နက်ကျော်ကြီးရဲလအသံတဖြေးဖြေးနီးလာပြီ ဗျို့။နက်ကျော်ကြီး ကျုပ်ဆီကို တန်းလာနေတာဗျ။
နည်းတဲ့အကောင်ကြီးလားဗျာ။ တကယ်ကို နွားမဒန်းလောက်ရှိတာဗျ။ နက်ကျော် ကြီးက ကျုပ်ကို သူ့အမြှီးကြီးလှုပ် ပြတယ်။ ကျုပ်ကခေါင်းညိတ်ပြပြီး ညောင်ကျပ်ပင်အောက်ကထွက်လာလိုက်တယ်။ ကျုပ်လည်း ထွက်လိုက်ရော နက်ကျော်က ချာခနဲ လှည့်ပြီး အလယ်ရိုးမဘက်ကို ဦးတည် ပြီးသွားရောဗျို့။ ကျုပ်လည်းနက်ကျော်ကြီးနောက်ကခပ်သုတ်သုတ်လိုက်ရတာပေါ့။မဖဲဝါရဲ့ ခွေးကြီးကရှေ့ကသွား ကျုပ်ကနောက်ကလိုက်နဲ့ တောင်ခြေကိုရောက်လာတယ်။ လရောင်မရှိပေမယ့် ကြယ်ရောင်လေးရှိလို့ တော် တော့တာပေါ့ဗျာ။နက်ကျော်ခေါ်တဲ့ လမ်းအတိုင်း ကျုပ်တောင်ပေါ်ကိုတက်ခဲ့တယ်။ ကျုပ်စိတ်ထင်ညဆယ့်တနာရီ လောက်ရှိတော့ နက်ကျော်က ရှေ့ဆက်မသွားပဲ ရပ်လိုက် ရောဗျပြီးတော့ ချုံပုတ်တွေထဲ တိုးဝင်ခိုင်းတယ်။ သူကရှေ့ကတိုးသွားတော့ ကျုပ်ကနောက်က လိုက်ရတာပေါ့ဗျာ။ ဒါပေမဲ့ အသံမမြည်အောင် ကျုပ်ကသတိထားပြီး တိုးရတာပေါ့ဗျာ။ ချုံပုတ်ကြီးတွေ ကိုတိုးပြီး ဟိုဘက်ကိုထွက်လိုက်တော့…. ဟာ တွေ့ပြီဗျို့။ တွေ့ပြီ ။ ကျီးကန်းမနေတဲ့ ဂူပေါက်ကြီးဗျ။
ဂူဝကို ချုံပုတ်ပြီး ပိတ်နေတာကိုဗျ။ ဂူထဲမှာ မိးလင်းနေတယ်ဗျ။ ကျုပ်အပေါက်ဝကို သေသေချာချာ ကပ်ပြီးကြည့်လိုက်တော့နံရံမှာ ကျောက်ဖယောင်းတိုင်တွေ ထွန်းထားတာဗျ။ ပြီးတော့ ဂူအလယ်မှာ မီးဖိုကြီးတစ်ဖိုနဲ့ကျောက်အိုးကြီးတစ်လုံးတည်ထားတာတွေ့တယ်ဗျ။ ဒါဆုံးမကြီး ဆေးကြိုထားတာပဲဖြစ်မယ် ဗျ။ ကျုပ်စုန်းမကြီးကို လိုက်ကြည့်တော့မတွေ့ဘူးဗျ။ ဂူထဲက ကျောက်ပန်းဆွဲကြီးနားမှာနားနေတဲ့ လင်းတကြီးနှစ်ကောင်ကိုတွေ့လိုက်တယ်။ တစ်ကောင် ကလင်းတ ထိပ်နီကြီးဗျ။ တစ်ကောင်က လင်းတကျောဖြူ ကြီးဗျ။ ဘလေးချစ်ခိုင်ပြောတဲ့ လင်းတကျောဖြူ ဆိုတာဒီကောင်ကြီးပဲ ဖြစ်မယ်ဗျ။ ဟော ဂူထောင့်က မဲမဲ မဲမဲနဲ့ထွက်လာတာ ဘာကြီးပါလိမ့် ။ ဟာ မျောက်ဝံကြီးဗျ။ နည်းတဲ့အကောင်ကြီးလားဗျာ။ ဟောဟော မျောက်ဝံ ကြီးက ဆေးကျိုထားတဲ့ ကျောက်အိုးကြီးနားကို လျောက်လာပြီး မီးဖိုထဲကို ထင်းချောင်းတွေ ထည့်လို့ဗျ။ ဟော ဟော ခါးကြီးကုန်းပြီး ဖူး ဖူး နဲ့ မီးတောင်မှုတ်နေလိုက်သေးရောဗျာ။ မီးဖိုက မီးတောက်သွားတာနဲ့ မျောက်ဝံကြီးက ကုန်းကုန်းနဲ့ ဂူထောင့်က မှောင်ထဲကိုဝင်သွား တယ်ဗျ။ ဒီတော့ မှ ကျုပ်လည်းဂူထဲကို သတိထားပြီးဝင် လိုက်တယ်။ နက်ကျော် ကျုပ်နောက်ခပ်လှမ်းလှမ်းကနေ ပါလာတယ်။ “ဂီး ဂီး ဂီး ဂီး ဂီး ဂစ် ဂစ်” ဟာ ကျုပ်ကို မြင်သွားပြီဗျ။ လင်းတထိပ်နီကြီးကအိပ်နေတာမှမဟုတ်တာ။ ကင်းစောင့်နေတာဗျ။
ဒီကောင်ကျုပ်ကိုတွေ့သွားပြီ။ “ဂီး ဂီး ဂီး ဂီး” ဟော လင်းတကျောဖြူ ကြီးကလည်း ကျုပ်ကို မြင်သွားပြီးအော်တော့တာပဲ။ “ဟဲ့ ထိပ်နီနဲ့ ထိပ်ဖြူ ဘာတွေဖြစ်နေကြတာတုံး” ဟာ ဒါကျီးကန်းမကြီးရဲ့ အသံပဲဗျ။ စောစောက မျောက်ဝံ ကြီးဝင်သွားတဲ့ မှောင်ရိပ် ထဲကနေ ထွက်လာတာဗျ။ ခါးကြီးတစ်ဆစ်ချိုးကုန်းပြီး ခေါင်းမှာ ပုဝါနီနီကြီးတစ်ထည်ကို ခေါင်းပေါင်းထားတယ်ဗျို့။ နှာခေါင်းက ရှည်ရှည် ချွန်ချွန်ကြီးဗျ။ လက်ထဲမှာ ကိုင်ထားတဲ့ တောင်ဝှေးကို တဒေါက်ဒေါက် ထောက်ပြီး ခါးကြီးကုန်းကုန်းကြီးနဲ့အလင်းရောင် အောက်ကို ထွက်လာပြီဗျို့။ ခါးမှာ ဝတ်ထားတာ ထဘီမဟုတ်ဘူးဗျ။ ဘောင်းဘီ ပွပွကြီးဝတ်ထားတာ။စုန်းမကြီးရဲ့ ပုံစံက နှာခေါင်းချွန်ချွန်ကြီးနဲ့ မည်းမည်းကြီး ဆိုတော့ ကျီးကန်းကြီးလမ်းလျောက်သလိုပဲဗျာ။….. လင်းတကြီးနှစ်ကောင်ကလည်းမနားတမ်းကို အော်ဟစ်နေတာဗျ။ “ဟဲ့ကောင်နှစ်ကောင် ဘာဖြစ်လို့တုံးလို့ငါမေး နေတယ်” “ဂီး ဂီး ဂီး ဂီး” “ဘာ ရန်သူဟုတ်လား၊ ဘယ်မှာတုံးရန်သူ” ကျီးကန်းမကြီးက လင်းတကြီးတွေပြောတဲ့ စကားကို နားလည်ပုံပဲဗျ။ ခါးကုန်းကုန်းကြီး နဲ့ ဂူထဲကိုလိုက်ကြည့်တယ်။ ကျုပ်ကကျောက်တုံးကြီးနောက်မှာပုံးနေတာ ဆိုတော့ ကျုပ်ကို ရုတ်တရက် မမြင်ဘူးနဲ့တူတယ်ဗျ။
ကျုပ်ကပုန်းနေတဲ့ ကျောက်တုံးကြီးနောက်ကနေ ထွက်လိုက်တယ်။ ဒီတော့မှ ကျီးကန်းမကြီးက ကျုပ်ကို မြင်သွားပြီး သူ့လက်ထဲကတောင်ဝှေးကိုဆောင့် လိုက်ပြီး.. “ဟဲ့ နင်ဘယ်သူတုံး” “ကျုပ်က တာတေပါ” “ဘာ တာတေဟုတ်လား ငါနေတဲ့နေရာကို ဘာလာလုပ်တာတုံး” မိန်းမကြီးက ဗမာမဟုတ်ဘူးလို့ထင်ရပေမဲ့ ဗမာစကားကိုကောင်းကောင်းပြောတတ်သားပဲ ဗျ။ “ကျုပ်ခွေးပျောက်သွားလို့လိုက်ရှာရင်း တော ထဲမှာ မျက်စိ လည်သွားလို့ဗျ” “နင့်ခွေးဟုတ်လား ၊ နင့်ခွေးကို ဆာလောင်နေတဲ့ ငါ့ကျီးကန်းတွေက စားပစ်လိုက်တာဖြစ်မှာပေါ့ ကောင်လေးရဲ့ ။ အခု ငါ့ကျီးကန်းက နင့်ခွေးကို တင်မဟုတ်ဘူး။ နင့်ကိုပါစားပစ်တော့မယ် သိလား တာတေ” “ကျုပ်ကို ခဗျားကျိးကန်းတွေက စားမယ်ဟုတ် လား ။ စားကြည့်လေ တာတေ့အကြောင်းသိသွားမှာပေါ့ဗျ” “အောင်မာ ဆောင့်ကြွားကြွားနဲ့ မလောက်လေး မလောက်စားကောင်ကများ ဟဲ့ ထိပ်နီနဲ့ ကျောဖြူဒီကောင့်ကိုသတ်ပြီးစားလိုက်ကြစမ်း” “ဂီး ဂီး ဂီး ဂစ် ဂစ်” လင်းတကြီးနှစ်ကောင်က တောင်ပံတွေ တဖျန်းဖျန်းခတ်ရင်း ကျုပ်ရှေ့တည့်တည့်ကနေ ပျံပြီးဝင်လာတာဗျို့။ ကျုပ်လည်း လက်ထဲမှာ အဆင်သင့်ကိုင်ထားတဲ့ အင်းချပ်နဲ့ ပစ်လိုက် တယ်ဗျ။ ကျုပ်ပစ်လိုက်တဲ့အင်းက “ဂဠုန်စက်” အင်းဗျ ။
လင်းတလောက်ကတော့ ဘယ်မှု မတုံးဗျာ။ “ဝုန်း ဝုန်း” ကျုပ်ပစ်လိုက်တဲ့အင်းကြောင့် လင်းတကြီး နှစ်ကောင် မီးတွေထတောက်ပြီး ဂူကြမ်းပြင် ပေါ်ကို ထိုးကျသွားရောဗျ။ ဒီတော့မှကျီးကန်းမ ကြီးက ကျုပ်ကိုမျက်လုံးပြူးကြီးနဲ့ကြည့်ပြီး.. “လက်စသတ်တော့ နင်ကဆရာကိုး ၊ ငါ့တစ်သက်မှာ ဒီလောက်ငယ်တဲ့ ဆရာမတွေ့ဘူးသေးတာ ၊ ကဲနင့်ကို ငါမသတ်မိခင် ဒီဂူထဲကနင်ထွက်သွားပေတော့” “ကျုပ်ဒီဂူထဲက ထွက်သွားဖို့လာခဲ့တာမဟုတ် ဘူးဗျ ။ ခဗျားကို ဒီဒေသက မောင်းထုတ်ဖို့ လာခဲ့တာဗျ ကျီးကန်းမကြီးရဲ့” “အောင်မယ် နင်ကငါ့နံမည်ကိုတောင်သိနေတာ ကိုး၊ နင်ကပေါ့သေးသေးကောင်တော့မဟုတ် ဘူးပဲ” “ဟုတ်တယ် ကျုပ်ကခဗျားကို ကြံတောသင်္ချိုင်း ထဲက မောင်းထုတ်ခဲ့တဲ့ မဖဲဝါရဲ့မိတ်ဆွေဗျ” “ဘာ နင်က ဟိုသရဲမရဲ့ မိတ်ဆွေဟုတ်လား။ ဒါဆိုရင် ဟန်ကျလိုက်တာ။ နင့်ကို ဓားစာခံ လုပ်ပြီး ဟိုသရဲမကို လက်စားချေရမယ်။ ကဲ နင့်ဟာမ သရဲမကို ခေါ်လိုက်စမ်း။မခေါ် ပေးနိုင်ရင်တော့ နင်သေဖို့သာပြင်ထား ဆရာပေါက်စန ကောင်စုတ်ကလေး ” “ဟားဟားဟားဟား ငါ့ကို ခေါ်စရာမလိုဘူး ငါဒီမှာရောက်နေပြီသားဟဲ့ ကျီးကန်းမရဲ့” ဟာ မဖဲဝါ ရောက်လာပြီဗျို့။ “ဝူး ဝူး ဝူး ဝူး” အို နက်ကျော် ကြီးကလည်း အူပြီးဂူကြမ်းပြင်ကိုလက်သည်းနဲ့ ကုတ်လို့ဗျ။ ဒီတုန်းမှာ ကျုပ်က မဖဲဝါကို ကြည့်လိုက်တယ်။မဖဲဝါက ကျုပ်ကို မျက်နှာရိပ်မျက်နှာကဲ ပြတယ်ဗျ။
ကျုပ်သိတာပေါ့။ ကျုပ်ကို အင်းပစ်ခိုင်းနေတာလေ။ကျီးကန်းမကို မဖဲဝါ ဒီအတိုင်းရင်ဆိုင်လို့ ဘယ်ရမတုံး။ကျုပ်ဆိုတဲ့ကောင်ကလည်း အဆင်သင့်ပြင်ပြီးသားပါဗျာ။ စောစောကအင်း တစ်ချပ်ကို ပစ်ပြီးကတည်းက လက်ထဲမှာ နောက်တချပ်က အဆင်သင့်ကိုင်ထားပြီးသား လေ။ ဒီတစ်ခါ ကျုပ်ပစ်မှာက “မှော်စက်ရောင်အင်း”ဗျ။စုန်းတွေရဲ့ စက်မျိုးစုံကို ဖျက်ပစ်မဲ့ အင်းဗျ။ ကျုပ်နောက်ကိုခြေလှမ်းမသိမသာ ဆုတ်လိုက်ပြီး ကျီးကန်းမကြီးတည့်တည့်ကို အင်းပစ်သွင်းလိုက်တယ်။ “ကဲ အဲ့ဒါ မှော်စက်ရောင်အင်း တဲ့ဟေ့ ။ခံနိုင်ရင် ခံတော့ဟ” “ဝုန်း” ဟာ ဝုန်းကနဲ မြည်ပြီး ဝင်းကနဲ လက်သွားတယ် ဗျို့။ ပြီးတော့ မိးခိုးတွေ မှောင်သွားတယ်။ အခိုးတွေပျယ်သွားတော့ ဂူကြမ်းပြင်မှာ ဒူးထောက်လျက်ကျနေတဲ့ စုန်းမကြီးကိုတွေ့ လိုက်ရတယ်။ ဟော ခုန်ပြီ မဖဲဝါခုန်ဝင်သွားပြီဗျို့။ “ဘုန်း ဘုန်း ဘုန်း ဘုန်း” မဖဲဝါရဲ့ လက်ဝါးကြီးလေထဲမြောက်သွားပြီး စုန်းမကြီးရဲ့ ကျောကုန်းကို ဆက်တိုက်ရိုက် လိုက်တယ်။ “ဝေါ့” ဟော ကျီးကန်း မကြီး သွေးတွေအန်ပြီဗျို့ ဟော ထပြီ ထပြီ။ ကျီးကန်းမကြီး ဒယီးဒယိုင် နဲ့ထပြီး ကျောက်ပန်းဆွဲ တခုအပေါ်မှာတင်ထားတဲ့ အဝတ်မည်းကြီးကို ယူလိုက်တယ်။ ပြီးတော့ အဝတ်မည်းကြီးကို သူ့ကိုယ်ပေါ် ခြုံလိုက်ပြီး… “နင့်ကို ငါကလျော့တွက်လိုက်မိတာငါ့အမှားပဲ။ နင့်မှာ ဒီလောက်အစွမ်းထက်တဲ့အင်းတွေ ရှိနေလိမ့်မယ်လို့ကို မထင်မိတာ အဲ့ဒါငါ့အမှားပဲ” စကားလည်းဆုံးရော ကျီးကန်းမကြီးက ကျီးကန်းကြီးဖြစ်သွားရောဗျို့။ “ဝုတ် ဝုတ် ဝုတ် ဝူး ဂရား ဂရား” ဟာ နက်ကျော်ကြီးပြေးဝင်သွားပြီဗျ။ ကျီးကန်း ကြီးက အပေါ်ကို ပျံတက်ပြီး ကျောက်ပန်းဆွဲ တစ်ခုမှာ နားနေတယ်။ “ဂရား ဂရား ဝုတ် ဝုတ်” နက်ကျော်ကြီးကအောက်ကနေ မော့ကြည့်ပြီး ဒေါသတကြီးနဲ့ ဟောင်ရောဗျို့။ ကျီးကန်းက မျက်လုံးပြူးပြူးကြီးနဲ့ ဟိုကြည့်ဒီကြည့် လုပ် တယ်။
ပြီးတော့ ဂူပေါက်ဝကိုတရှိန်ထိုးပျံ တက်သွားရောဗျို့။မဖဲဝါမှာတဲ့အတိုင်းဘာမှ မလုပ်ပဲ ဒီအတိုင်းကြည့်နေလိုက်တယ်။ “ဝုတ် ဝုတ် ဝုတ်” နက်ကျော်ကြီးကတော့ ဂူပေါက်ဝထိလိုက် ဟောင်နေတာဗျ။ “ဝေါ ဝေါ ဝေါ ” ဟာ ဘာသံတွေပါလိမ့် ။ကျုပ်ဂူပေါက်ဝကို ထွက်ပြီးကြည့်လိုက်တယ်။ဟာ ကျီးကန်းတွေ ဗျို့။ အကောင်နှစ်ထောင်လောက်တောင် ရှိသလားမသိပါဘူးဗျာ။ကျီးကန်းမကြီး ပျံတဲ့ နောက်ကို စုပြုံပြီး ပျံလိုက်သွားတာဗျ။ ကျုပ်ကမီးဖိုပေါ်က ကျောက်အိုးကြီးကို ခြေထောက်နဲ့ကန်ပြီး တွန်းလှဲ နိုင်တယ်။ကျောက်အိုးကြီးက ဖိုခနောက်ပေါ်ကနေ ပြုတ်ကျပြီးကွဲသွားတယ်။
အထဲက အရည်ပူတွေက ဂူထောင့်က မှောင်ရိပ် ထဲကို စီးသွားတယ်။စောစောက မျောက်ဝံကြီး စီးသွားတဲ့ဘက်လေဗျာ။ “ဂီး ဂီး ဂရား ဂီး” ဟာ အော်သံကြီးဗျာ။ မချိမဆန့် အော်တဲ့အော် သံကြီးဗျာ။ ဒါစောစောက မျောက်ဝံ ကြီးအော်တဲ့အသံလေဗျာ။ ဘယ်လိုအစွမ်းတွေရှိလဲတော့ ကျုပ်လည်း မသိဘူးဗျ။ မျောက်ဝံ ကြီးအော်သံ က တဖြေးဖြေးတိမ်ဝင်ပြီးနောက်ဆုံးငြိမ်သွားရောဗျို့။ ကျုပ်ဂူအပြင်ကိုပြေးထွက်ပြီး ချုံပုတ်ကြီး ထဲကို တိုးဝင်လိုက်တယ်။ချုံပုတ်ကြီးဟိုဘက် ကိုထွက်လိုက်တော့ ဟာ နက်ကျော်ကြီးဗျ။ ဒီကောင် ကျုပ်ကို စောင့်နေတာဗျို့။ အဲ့ဒီညကနက်ကျော်ကြီးက ကျုပ်ကိုရွာနားထိ ပြန်ပို့လေရဲ့။ ကျုပ်အိမ်ရောက်တော့ ဆရာတော်ကျောင်းက တုံးမောင်းတောင်ခေါက်နေပြီဗျို့။….. ပြီးပါပြီ။ မူရင်းရေးသားသူအား လေးစားစွာ Credit ပေးပါသည်။








